PDF Insight

PDF Insight

Share

လက်နက်ကိုင်တော်လှန်ရေး၏ စစ်ရေး ဖြစ်ပေါ်တိုးတက်မှုများကို သိရှိရန် PDF Insight စာမျက်နှာကို ဖတ်ပါ။

06/08/2026

“ ကိုယ်ကျိုးမရှာမှု၊ ဇွဲကောင်းမှု၊ စံပြ ဦးဆောင်မှု နဲ့ တပ်မှူး တာဝန်”

တော်လှန်ရေးတစ်ရပ်ရဲ့ အောင်မြင်မှုကို လက်နက်အင်အား၊ လူအင်အား၊ ရန်ပုံငွေ အင်အားတွေနဲ့သာ တွက်ချက် တိုင်းတာလို့ မရပါဘူး။ အဲဒီအင်အားတွေကို တစ်စုတစ်စည်းတည်းဖြစ်အောင် ချိတ်ဆက်ပေးနိုင်တဲ့ “ယုံကြည်မှု” ကသာ အဖွဲ့အစည်းတစ်ခုကို ရေရှည်ရပ်တည်စေတဲ့ အခြေခံအင်အား ဖြစ်ပါတယ်။ အဲဒီယုံကြည်မှုကို တည်ဆောက်ပေးနိုင်တာက စံပြဦးဆောင်မှုဖြစ်ပြီး၊ စံပြဦးဆောင်မှုရဲ့ အခြေခံကတော့ ကျင့်ဝတ်၊ စည်းရုံးရေး၊ စောင့်ရှောက်မှုနဲ့ ဇွဲရှိမှု တို့ပဲ ဖြစ်ပါတယ်။

တပ်မှူးတစ်ဦးရဲ့ အာဏာဟာ အမိန့်ပေးနိုင်တဲ့ အခွင့်အာဏာကြောင့် မဟုတ်ဘဲ ရဲဘော်တွေရဲ့ ယုံကြည်လေးစားမှုကြောင့်သာ ခိုင်မာလာတာ ဖြစ်ပါတယ်။ ယုံကြည်မှုဆိုတာ တောင်းယူလို့ မရသလို ရာထူးနဲ့လည်း မရနိုင်ပါဘူး။ နေ့စဉ်ကျင့်ကြံနေထိုင်မှုကသာ တည်ဆောက်ပေးနိုင်တာ ဖြစ်ပါတယ်။ ကျင့်ဝတ်ရဲ့ အကြီးမားဆုံး စမ်းသပ်မှုကတော့ ကိုယ်ကျိုးနဲ့ အများအကျိုး ယှဉ်လာတဲ့အချိန်မှာ ဘာကို ရွေးချယ်သလဲဆိုတာပါပဲ။ တပ်မှူးတစ်ဦးဟာ ကိုယ်ကျိုးထက် တပ်ရဲ့အကျိုး၊ ပြည်သူ့အကျိုးနဲ့ ရဲဘော်တွေရဲ့ အကျိုးကို ဦးစားပေးနိုင်မှသာ သူ့ရဲ့ အမိန့်ဟာ ရဲဘော်တွေရဲ့ ရင်ထဲကို ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။ ကိုယ်ကျိုးရှာနေတဲ့ တပ်မှူး တဦးဟာ လက်အောက် ငယ်သား ရဲဘော်တွေ ရဲ့ ယုံကြည်မှု မရနိုင်ပါဘူး။ တပ်တည်ဆောက်ရေး၊ စစ်တိုက်ရေးကို ပြည့်ဝအောင် လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။ အဲဒီတော့ တပ်မှူးတွေ အနေနဲ့ အသက်စွန့် ကြိုးပမ်းဖို့လိုသလို ကိုယ်ကျိုးစွန့်ဖို့လဲ လိုပါတယ်။ အသက်စွန့်၊ ကိုယ်ကျိုးစွန့် ဦးဆောင်ပြမှပဲ ရဲဘော်တွေရဲ့ ယုံကြည်မှု၊ လေးစားမှုကို ရရှိမှာ ဖြစ်ပါတယ်။

စစ်ဆင်ရေးဆိုတာ တိုက်ပွဲကို အနိုင်ယူဖို့ စီမံကွပ်ကဲခြင်းသာ မဟုတ်ပါဘူး။ ရဲဘော်တိုင်းကို အကောင်းဆုံးပြင်ဆင်ပေးပြီး၊ ဆုံးရှုံးမှုကို လျှော့ချနိုင်ဖို့ တာဝန်ယူခြင်းလည်း ဖြစ်ပါတယ်။ ဆုံးဖြတ်ချက်တိုင်းဟာ ရဲဘော်တွေရဲ့ အသက်အန္တရာယ်၊ ပြည်သူတွေရဲ့ လုံခြုံရေးနဲ့ အဖွဲ့အစည်းရဲ့ အနာဂတ်ကို သက်ရောက်နိုင်တာကြောင့် တပ်မှူးတစ်ဦးရဲ့ စဉ်းစားဆုံးဖြတ်မှုဟာ သတ္တိတစ်ခုတည်းနဲ့ မလုံလောက်ဘဲ အသိပညာ၊ စည်းကမ်းနဲ့ တာဝန်ယူမှုတို့ပါ ပေါင်းစပ်ထားဖို့ လိုပါတယ်။

စည်းရုံးရေးဆိုတာ လူအများကို စကားလုံးနဲ့ လှုံ့ဆော်တာ မဟုတ်ပါဘူး။ ယုံကြည်မှုကို တည်ဆောက်တဲ့ လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်။ ပြည်သူရဲ့ ယုံကြည်မှုရရှိတဲ့ တပ်ဟာ ရေရှည်ရပ်တည်နိုင်သလို၊ ရဲဘော်တွေရဲ့ ယုံကြည်မှုရရှိတဲ့ ခေါင်းဆောင်ဟာလည်း အခက်အခဲတွေကြားထဲမှာပင် အဖွဲ့အစည်းကို ဆက်လက်ဦးဆောင်နိုင်ပါတယ်။ ဒါကြောင့် စည်းရုံးရေးဟာ စကားပြောကျွမ်းကျင်မှုထက် နေထိုင်ကျင့်ကြံမှုနဲ့ ပိုပြီး သက်ဆိုင်ပါတယ်။

“မိပစ်ဖပစ်၊ အိမ်ပစ်ရာပစ်” တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်တွေဟာ ကိန်းဂဏန်းတွေ မဟုတ်ကြပါဘူး။ သူတို့မှာ မိသားစုရှိတယ်၊ စိုးရိမ်ပူပန်မှုတွေရှိတယ်၊ မျှော်လင့်ချက်တွေလည်း ရှိကြပါတယ်။ ဒါကြောင့် တပ်မှူးတစ်ဦးရဲ့ တာဝန်ဟာ စစ်ဆင်ရေးကွပ်ကဲရုံနဲ့ မပြီးဆုံးဘဲ ရဲဘော်တွေနဲ့ မိသားစုတွေရဲ့ စားဝတ်နေရေး၊ ကျန်းမာရေးနဲ့ လူမှုရေးအခက်အခဲတွေကို တတ်နိုင်သမျှ စောင့်ရှောက်ပေးဖို့လည်း လိုအပ်ပါတယ်။ စောင့်ရှောက်မှုဆိုတာ သနားကရုဏာ မဟုတ်ဘဲ အဖွဲ့အစည်းအပေါ် ယုံကြည်မှုကို ခိုင်မာစေတဲ့ ခေါင်းဆောင်မှုရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။

တော်လှန်ရေးကာလ ကြာရှည်လာတာနဲ့အမျှ ပင်ပန်းနွမ်းနယ်မှုတွေ၊ ဖိအားတွေ၊ ဆုံးရှုံးမှုတွေ ကြုံလာနိုင်ပါတယ်။ ဒါပေမဲ့ မိမိရဲဘော်တွေ စိတ်ဓာတ်ကျနေချိန်မှာ တပ်မှူးက အတူလိုက်ပြီး စိတ်ဓာတ်ကျနေလို့ မရပါဘူး။ အဲဒီအချိန်ဟာ ရှေ့ကနေ မျှော်လင့်ချက်ပေးပြီး၊ ဇွဲ၊ သတ္တိ၊ အသိပညာတို့နဲ့ ဦးဆောင်ပြသရမယ့် အချိန်ဖြစ်ပါတယ်။ ခေါင်းဆောင်တစ်ဦးရဲ့ ဇွဲရှိမှုဟာ အဖွဲ့အစည်းတစ်ခုလုံးရဲ့ စိတ်ဓာတ်ကို အဆုံးအဖြတ်ပေးနိုင်ပါတယ်။ အခက်အခဲကြုံတာ နဲ့ လွယ်လွယ်လက်မလျော့ဘဲ ဇွဲ ကောင်းကောင်း နဲ့ ဦးဆောင် ကြိုးပမ်းဖို့၊ တိုက်ပွဲဝင်ဖို့လိုပါတယ်။

အချုပ်အားဖြင့် စစ်ဆင်ရေး၊ စည်းရုံးရေးနဲ့ စံပြဦးဆောင်မှုတို့ဟာ သီးခြားစီ ရပ်တည်နေတဲ့ အရာတွေ မဟုတ်ပါဘူး။ ကျင့်ဝတ်က ယုံကြည်မှုကို တည်ဆောက်ပေးတယ်။ ယုံကြည်မှုက စည်းရုံးရေးကို အားကောင်းစေတယ်။ စည်းရုံးရေးက စည်းလုံးညီညွတ်တဲ့ အဖွဲ့အစည်းကို ဖြစ်ပေါ်စေတယ်။ အဲဒီအဖွဲ့အစည်းကို အောင်မြင်မှုဆီ ဦးဆောင်ပို့ဆောင်ပေးနိုင်တာကတော့ စံပြဦးဆောင်မှု ဖြစ်ပါတယ်။ တပ်တစ်တပ်ရဲ့ အင်အားအစစ်ဟာ လက်နက်မှာ မဟုတ်ဘဲ ယုံကြည်မှုကို တည်ဆောက်နိုင်တဲ့ ခေါင်းဆောင်မှုမှာသာ တည်ရှိနေတာဖြစ်ပါတယ်။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

05/08/2026

"စစ်တပ်ကို အဆုံးသတ် ဘယ်လို အောင်ပွဲခံမလဲ"

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

04/08/2026

“အမေစုကို မိမိတို့လက်နဲ့သာ ကယ်ထုတ်ရမှာပါ”

မနေ့က အမေစုနဲ့ပတ်သက်လို့ သတင်းကောင်း တွေ့ရတယ်၊ အားလုံးသိပြီး ဖြစ်ကြတဲ့အတိုင်း မနေ့က ဆိုရှယ်မီဒီယာမှာ စစ်တပ်က ထုတ်ပြန်တဲ့ အမေစုပုံတွေပဲ ရှယ်နေကြတာ တွေ့နေရတာပါ၊ ICRC ကိုယ်တိုင်က ကြေညာချက်ထုတ်ပြန်လိုက်တော့ သတင်းက ခိုင်မာသွားပါတယ်၊ မဟုတ်ရင်တော့ စစ်တပ်ရဲ့ အလိမ်အညာတွေ တ‌လျှောက်လုံး တွေ့လာရတဲ့ ပြည်သူတွေအဖို့ စစ်တပ်ထုတ်ပြန်ချက် သက်သက်ဆိုရင် ယုံဖို့ အင်မတန်ခက်တာပါ၊ တဘက်ကပြောရင် စစ်တပ်ရဲ့ သူတို့ ဘယ်လိုမှ ကျော်လို့မရတဲ့ အမေစုအပေါ် ခါးခါးသီးသီး မုန်းတီးနေတာ၊ အာဃာတတရား ကြီးမားစွာရှိနေတာကို ပြည်သူတွေ သိထားတာကြောင့်လည်း မယုံကြည်ကြတာဖြစ်တယ်၊ နောက်တဘက်က စစ်ခေါင်းဆောင်တွေဟာ သူတို့ လိုရင်လိုသလို မလိုရင်မလိုသလို အင်မတန်ကလေးဆန်စွာ၊ အောက်တန်းကျစွာ ပြုမူတတ်တာလည်း ပြည်သူတွေက သိနေတာဖြစ်တယ်၊ သူတို့စိုးမိုးခဲ့တဲ့ နှစ်ပေါင် ၇၀ လောက်အတွင်း ပြည်သူစိတ်ချမ်းသာအောင်၊ ပြည်သူအတွက် ကောင်းကျိုးလေး တခုတလေတောင် မလုပ်ခဲ့တာလည်း ပြည်သူကသိနေပြီးဖြစ်တယ်၊ ဒီလိုအကြောင်းပေါင်းများစွာကြောင့် စစ်တပ်ကထုတ်လာတဲ့ သတင်းမှန်သမျှ သုံးခွက်တခွက်တင်ကြို ၊ အနှစ်တိုက် ပြာချပြီးမှ ကျန်တာလေးလောက်ကိုသာ အမှန်တရားအဖြစ် ယူဆတာက ပြည်သူတွေအတွက် အရိုးစွဲနေတဲ့ အကျင့်ပါပဲ။

ဒီသတင်းကတော့ ပြည်တွင်းပြည်ပ နာမည်ကြီးသတင်းဌာနပေါင်းစုံက အလေးထားဖော်ပြကြလို့ ကမ္ဘာကျော်သတင်းဖြစ်သွားပါပြီ၊ ဝါရှင်တန်ပို့စ်လို သတင်းစာကြီးကတောင် ဆောင်းပါးတစောင် တခုတ်တရဖော်ပြကြောင်း ဆရာဦးဂျိမ်းစ်ရွှေရဲ့ ပို့စ်မှာ တင်တာတွေ့ရတယ်၊ ဘယ်ဖော်ပြချက်မှာပဲဖတ်ကြည့် ဖတ်ကြည့် စစ်တပ်ရဲ့လုပ်ဆောင်မှုကို တော်လှချည့် ကောင်းလှချည့် ၊ အခြေနေတွေကောင်းလာတော့မယ်၊ စသဖြင့် ချီးကျူးကြတာတော့ တခုမှမတွေ့ပါဘူး၊ သတိနဲ့ကြိုဆိုကြတာ၊ မင်းအောင်လှိုင်အကျိုးအတွက် ဝှက်ဖဲကို ထုတ်သုံးလာတာ လို့ပဲရေးကြတာတွေ့ရပါတယ်၊ တကယ်တော့ ဒီလိုပြန်ပေးဂိုဏ်းလို လုပ်နေတာက ဘယ်သူမှ လက်ခံမှာတော့ မဟုတ်ပါဘူး။

အများအမြင်နဲ့ သုံးသပ်ချက်တွေကို ခြုံကြည့်ရင် ဒီလိုပြောနိုင်ပါတယ်၊ စစ်တပ်က အမေစုကို ICRC နဲ့ တွေ့ခွင့်ပြုခြင်းဟာ ပြည်တွင်းကရော နိုင်ငံတကာကပါဖိအားတွေများလာတာကို ယာယီသက်သာရာရဖို့အတွက် ပေးတွေ့တာဖြစ်တယ်၊ ဒါပေမဲ့ နိုင်ငံရေးသဘော မသက်ရောက်အောင် ICRC နဲ့သာပေးတွေ့တာဖြစ်တယ်၊ (တကမ္ဘာလုံးက နိုင်ငံရေးအရ ဖမ်းဆီးထားမှန်း သိသိကြီးနဲ့ ယာယီအားဖြင့် ဒီအဆင့်ကို လက်ခံကြရတာပဲဖြစ်တယ်)၊ ဒီလိုတွေ့ဆုံခြင်းရဲ့ အကျိုးကတော့ ၆ ရက်နေ့မှာ ထိုင်းကိုသွားမယ့်ခရီးစဉ်အတွက် မျက်နှာပန်းလှစေဖို့ဖြစ်တယ်၊ (မအလကိုအင်မတန် အသိအမှတ်ပြုချင်နေတဲ့ ထိုင်းနိုင်ငံအတွက်လည်း ဝေဖန်မှုတွေက သက်သာစေမယ်)၊ နောက်တခုက မြန်မာကိုလာဖို့ရှိတဲ့ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး လာဇရိုကို အမေစုနဲ့ ပေးမတွေ့ဖို့ အကြောင်းပြချက် ရသွားတာဖြစ်တယ်၊ ဝန်ကြီး လာဇရိုနဲ့သာတွေ့ရင် အပြန်အလှန် ပြောဆိုမှုတွေကို ICRC နဲ့လို ရေငုံနှုတ်ပိတ်နေဖို့ လုပ်လို့မရဘူး၊ အမေစုအမြင်တွေ ကမ္ဘာသိ ဖြစ်လာတော့မှာ၊ မအလ အကြောက်ဆုံးက အမေစုထံက ထွက်လာမယ့် စကားသံပဲဆိုတော့ အဲဒါကိုကြိုကာထားဖို့ ICRC နဲ့ အရင်ပေးတွေ့လိုက်တာပါပဲ၊ အမေစု သက်ရှိထင်ရှားရှိကြောင်း ထုတ်ပြလိုက်တာနဲ့ သူ့အတွက်နိုင်ငံရေးအမြတ်တွေ ပိုရမယ်လို့ မအလဘက်က တွက်မှာပါပဲ၊ ဒါပေမဲ့ သူထင်သလိုဖြစ်မှာ မဟုတ်ပါဘူး၊ ဝါရှင်တန်ပို့စ်က ဆောင်းပါးကို ကြည့်တာနဲ့ ကမ္ဘာကြီးက သူတို့ထက်ပို အကွက်မြင်နေတယ်ဆိုတာ သိသာပါတယ်၊ NUG နိုင်ငံခြားရေးဝန်ကြီးကလည်း နိုင်ငံရေး၊ သံတမန်ရေး၊ စစ်ရေး ဟန်ချက်ညီညီ ဆက်ပြီးဖိအားပေးကြဖို့၊ အန်တီ့ ရုပ်ပုံလွှာက ပေးတဲ့ ခွန်အားတွေနဲ့ ရှေ့ဆက်ချီတက်ကြဖို့ ပြောထားတာတွေ့ရပါတယ်။

ဝန်ကြီးလာဇရိုက နောက်ဆုံး အာဆီယံအစည်းအဝေးအပြီးမှာ စစ်တပ်ကိုပြန်လက်ခံဖို့ ဝေးသေးကြောင်းပြောထားတာပါ၊ မအလဘက်ကလည်း အမျိုးသားရေးယောင်ယောင် ငကြောင်ဘူးလက်တို့ နောက်ကလိုက်ပြီး အာဆီယံမူ ၅ ချက်ဆိုတာ အများသဘောတူ ဆုံးဖြတ်ချက်မဟုတ်ပဲ အစည်းအဝေးပြီးမှ အိမ်ရှင်နိုင်ငံက ထုတ်ပြန်လိုက်တာဖြစ်ကြောင်း ခပ်မာမာ ထုတ်ပြောလာတာဖြစ်တယ်၊ တကယ်တော့ အစည်းအဝေးမှာ ပြောတာတွေကို သူဘာမှ နားမလည်ပဲ ခေါင်းငြိမ့်ခဲ့တာ မေ့သွားပုံရတယ်၊ (အရင်က RFA ကအဒေါ်ကြီး ဒေါ်ငြိမ်းရွှေ ပြောတာသတိရမိတယ်၊ စစ်ဗိုလ်ချုပ်တွေဟာ နိုင်ငံတကာအစည်းအဝေးတွေ ဘာမှနားမလည်တော့ မိုက်ရုပ်နဲ့ ဂိုက်ထုတ်ပြီး တက်နေကြတယ် ဆိုတာလေးပါ)၊ ကြေညာချက်ဆိုတာ အစည်းအဝေးပြီးမှ အများသဘောတူထားတာကို အိမ်ရှင်က ကြေညာချက်ထုတ်ပေးရတာလောက်ကိုတောင် အင်မတန်သူသိသူတတ် ဘဝင်ရူး မအလက မသိဘူးဆိုတာ ဝန်ခံလိုက်တာပါပဲ။ မအလဘက်က မာလာတယ်ဆိုတာက အကြောင်းရှိပါတယ်၊ လက်ရှိကမ္ဘာကြီးမှာ အာဏာလွန်ဆွဲပွဲတွေကများ၊ အနောက်အုပ်စုထဲမှာကို principle တွေကနောက်တန်းကို ရောက်နေချိန်ဖြစ်တော့ သူ့ကို ဘယ်သူကမှ တိုက်ရိုက်ထိရောက်စွာ ကိုင်တွယ်ဦးမှာ မဟုတ်တာကို သူသိနေတာဖြစ်တယ်၊ ဒါကြောင့် တရုတ်၊ ရုရှားအားကိုးနဲ့ ဟန်ကိုယ့်ဖို့လောက်တော့ လုပ်နေဦးမှာပါ။

တဘက်မှာ ခင်ရီ၊ ဘူးလက် လွှတ်တော်က အာဆီယံက ထွက်ဖို့အထိတောင် ပြောကြတာဖြစ်တယ်၊ စစ်သားနိုင်ငံရေးကစားပုံက ရယ်ရပါတယ်၊ တင်းလိုက်လျော့လိုက် လုပ်ကြည့်တာပေါ့လေ၊ ဒါပေမယ့် သူတို့ပြောတာက သူတို့ဆရာကြီး ဝမ်ယိရဲ့ စည်းသုံးစည်းနဲ့တောင် ငြိနေတာပါ၊ အာဆီယံထဲမှာ သူ့ကိုလက်ခံနိုင်တဲ့ နိုင်ငံ သုံးနိုင်ငံလောက်တော့ ရှိပုံရတယ်၊ အဲဒီနိုင်ငံတွေအားကိုးနဲ့ အာဆီယံ ကွဲချင်ကွဲသွားပါစေ၊ ကုလားအုပ်ခေါင်းဝင်သလို ဝင်ရဖို့က သူ့အတွက် သေရေးရှင်ရေးပါ၊ မအလဟာ ဘဝင်ရူး ကြောင်ချီးဖြစ်ပေမယ့် လျှော့တော့ မတွက်ကြနဲ့၊ သူဟာ ရာဇပလ္လင်နဲ့ ကြိုးစင်ဂိမ်းကို ကစားနေတာ သူသိပါတယ်၊ အဲဒါကြောင့် ကြိုးစင်မရောက်ရေး ရှိသမျှဉာဏ်စွမ်း အကုန်ထုတ်သုံးမှာပါ၊ တဘက်က စစ်ရေးကိုလျှော့မှာမဟုတ်သလို တရားဝင်ဖြစ်ရေး အတွက် အမေစုကတ်ကို ဆက်သုံးနေအုံးမှာပါ၊ သူတို့အစိုးရသာ တရားဝင်ဖြစ်သွားရင် အမေစုကို ရာသက်ပန်ထောင်ချထားမှာ ရှင်းနေပါတယ်၊ အဲဒါကြောင့် ကိုယ့်ဘက်က နိုင်ငံရေးနဲ့ သံတမန်ရေးကစားကွက်တွေ မှန်ကန်ဖို့လိုသလို စစ်ရေးအရ ကွက်ပြည့်နင်း မဟာဗျူဟာနဲ့ အပြင်းအထန် ဖိအားပေးဖို့လိုပါတယ်၊ အမေစုကို မိမိတို့လက်နဲ့သာ ကယ်ထုတ်နိုင်မှာ ဖြစ်ပါတယ်၊ ပြည်သူတရပ်လုံး လွတ်မြောက်ရေးကို မိမိတို့လက်နဲ့သာ စွမ်းဆောင်ရမှာ ဖြစ်ကြောင်းပါ။ ။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

03/08/2026

“ရက် ၁၀၀ အလွန် မအလ အုပ်စုအတွက် စီရင်ချက်”

မင်းအောင်လှိုင် ရွေးတုအစိုးရရဲ့ ရက် ၁၀၀ စီမံကိန်းကတော့ ရက်စေ့သွားပါပြီ၊ ဒီကာလအတွင်း ဘာတွေများအောင်မြင်ခဲ့သလဲ၊ ဘာတွေအဆင်ပြေ တိုးတက်ခဲ့သလဲဆိုတာကတော့ အထူးပြောဖို့ မလိုပါဘူး၊ အများပြည်သူအားလုံး မျက်မြင်ပါပဲ၊ တိုင်းပြည်က ဘုံးဘုံးလဲပြီး မပျက်စီးသွားရုံ တမယ်ပဲရှိပါတယ်။ တကယ်တော့ ရက် ၁၀၀ ဆိုတာလည်း ဘာမှန်းညာမှန်းသိလို့ လုပ်တာတော့ မဟုတ်ဖူး၊ ဒေါ်စု လုပ်ခဲ့လို့ လိုက်လုပ်တာပါပဲ၊ စစ်တပ်ရဲ့ ပင်ကိုယ်သဘာဝအရ ဘာကိုမှ သိမြင်နေတာတော့ မဟုတ်ဘူး၊ သူများလုပ်တာ လိုက်လုပ်၊ မလုပ်တတ်တော့ လုပ်တတ်မယ်ထင်သူတွေကို ဆရာတင်ပြီး လုပ်တာပါပဲ၊ ၆၀ ခုနှစ်မတိုင်ခင်ကာလတွေက ဆိုရှယ်လစ်ခေတ်စားတော့ သူကလည်း လိုက်ပြီးဆိုရှယ်လစ်တော့တာ၊ ၉၀ အလွန်မှာ တကမ္ဘာလုံး ဒီမိုကရေစီ ဖြစ်လာတော့ စစ်တပ်ကလည်း ဒီမိုကရေစီ ဖက်ဒရယ်ဖြစ်ပြန်ရော၊ ဒါပေမဲ့ အားလုံးက စစ်တပ်အောက်က လုပ်ရမယ့်အရာတွေ ဆိုတော့ ဘယ်ဟာမှ မအောင်မြင်၊ တကယ်တန်းကျတော့ ဘာမှ လုပ်တတ်တာမှမဟုတ်တာ၊ နဝတခေတ်က ဒေါ်စုဆန့်ကျင်တဲ့ဆောင်းပါးတွေနဲ့ အခြားနိုင်ငံရေးယောင်ယောင်စာတွေ ရေးခဲ့ကြတဲ့ ပေါက်စတို့ ဖေကံကောင်းတို့ စသဖြင့်ပုဂ္ဂိုလ်တွေတောင် စစ်တပ်က မဟုတ်ဖူး၊ နိုင်ငံရေး ကလေကဝတွေနဲ့ အလံနီပျက်လိုလူတွေက ရေးပေးနေတာ၊ အဲဒါကြောင့် သတင်းစာတွေမှာအင်မတန် အောက်တန်းကျတဲ့ အောက်လုံးထိုး တိုက်ခိုက်မှုတွေချည်းပဲ ဖြစ်နေတာ၊ အဲဒီအချိန်က မင်းအောင်လှိုင်ဆိုတဲ့ ဗိုလ်ပေါက်စနဲ့ အခြားရွယ်တူ စစ်ဗိုလ်တွေက အဲဒီ နိုင်ငံရေးကလေကဝတွေ ရေးတဲ့စာတွေနဲ့ ကြီးပြင်းလာကြတာဖြစ်တော့ သူတို့ နိုင်ငံရေးရေချိန် ဒီလောက်ပဲရှိနေတာလဲ အံ့သြစရာတော့ မဟုတ်ပေဘူး။

ရက် ၁၀၀ မိန့်ခွန်းမှာကြည့်လိုက် အများစုက ဒေါ်စုအစိုးရလက်ထက်က လုပ်ခဲ့တာတွေကို အခုမှ သူလုပ်နေသယောင် ထည့်ပြောသွားတာ တွေ့ရမှာပါ၊ ရဲလိုင်းခန်းတွေဆောက်တာ၊ ရဲတွေကို သင်တန်းပေးတာ၊ အိန္ဒိယ-မြန်မာလမ်းမကြီးဖောက်တာ၊ ရေအရင်းအမြစ်စီမံခန့်ခွဲဖို့ ကမ္ဘာ့ဘဏ်အကူအညီ ရယူခဲ့တာ၊ ဆိုလာစီမံကိန်းကြီးတွေလုပ်တာ၊ ပညာရေးမှာ KG+12 စနစ်ကို ဦးတည်ပြီး သင်ရိုးတွေပြောင်းခဲ့တာ၊ အာကာသ အိပ်မက်ဆိုပြီးလာလိုက်သေးတယ်၊ ဒေါ်စုလက်ထက်က မြန်မာပိုင်ဂြိုဟ်တုကို ၂၀၂၀ မှာတည်ဆောက်ပြီး လွှတ်တင်ခဲ့တာ၊ တရုတ်အကူအညီနဲ့ မွေးရာပါ နှလုံးရောဂါ ခံစားနေရတဲ့ ကလေးငယ် ၅၄ ဦးကို ပေကျင်းအထိခေါ်ပြီး ခွဲစိတ်ပေးခဲ့တာ စသဖြင့် စုံလို့ပါပဲ၊ အများစုကတော့ အာဏာသိမ်းလိုက်လို့ ရပ်ဆိုင်းကုန်တာဖြစ်တယ်၊ အခုမှ မအလက ပြန်စဖို့ လုပ်နေရတာ၊ စစ်ဗိုလ်တသိုက်က စိတ်ကြီးဝင် ဘဝင်ရူးရောဂါသာရနေတာ လက်တွေ့ ဘယ်နယ်ပယ်မှာမှ သေချာသိမြင်နေတာ မဟုတ်တော့ အဲလိုအယောင်ယောင် အမှားမှားတွေပဲဖြစ်နေတာ၊ မိန့်ခွန်းရေးတဲ့သူက ဘာမှပြစရာမရှိလို့ ဒေါ်စုလုပ်ခဲ့တာတွေ သူတို့လုပ်နေသယောင် ရေးပေးတာကို ဒီအရူးက တိုင်းသိပြည်သိ ဖတ်ပြနေတာပဲ ဖြစ်မှာပါ။

တိုင်းပြည်က တကယ်လက်တွေ့ ဘာတွေဖြစ်နေတာလဲ၊ စကော်လာ တဦးစုစည်းပေးထားတာလေး ဖော်ပြပေးပါမယ်၊ မြန်မာမှာ လက်ရှိဖြစ်နေတဲ့ ပဋိပက္ခဟာ ကမ္ဘာပေါ်မှာ ဒုတိယမြောက် အပြင်းထန်ဆုံး အသည်းထန်ဆုံးပဋိပက္ခလို့ ACLED ကသတ်မှတ်ပါတယ်၊ အာရှမှာ လက်ရှိဖြစ်နေတဲ့ပဋိပက္ခတွေထဲမှာ အသေအပျောက်အများဆုံးပါပဲ၊ သေဆုံးမှုက တသိန်းကျော်ပြီ၊ အဲဒီထဲက ၇၁% က နိုင်ငံတော် ကိုယ်စားပြုဆိုတဲ့ စစ်တပ်ကသတ်တာ၊ အရပ်သားပြည်သူတွေအတွက် အန္တရာယ်အရှိဆုံး တိုင်းပြည်စာရင်းမှာ အဆင့် ၁၊ စာရင်းဇယားတွေကို ကြည့်ရင် ပြည်တွင်းပဋိပက္ခကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးသူ ၃.၈ သန်းရှိနေပြီ၊ တိုင်းပြည်လူဦးရေရဲ့ သုံးပုံတပုံ (လူ ၁၅ သန်း) ဟာ အစားအစာမဖူလုံမှုကို အကြီးအကျယ် ခံစားနေရတာဖြစ်တယ်၊ Organized Crime Index ကထုတ်ပြန်ထားတဲ့ တကမ္ဘာလုံး ရာဇဝတ်မှုအညွှန်းကိန်းမှာလည်း မြန်မာက နံပါတ်တစ်ပါ၊ အဲဒီအစီရင်ခံစာမှာ စစ်တပ်ကိုယ်တိုင်က ရာဇဝတ်မှုတွေမှာ ပါဝင်ပတ်သက် အကျိုးခံစားနေရတယ်လို့ပါဝင်ပါတယ်၊ UNOCD ရဲ့ ထုတ်ပြန်ချက်အရ ဘိန်းဖြူထုတ်လုပ်မှုမှာ အာဖဂန်ကို ကျော်ဖြတ်ပြီး မြန်မာက နံပါတ်တစ်ပါ၊ စိတ်ကြွဆေးပြားထုတ်လုပ်မှုမှာလည်း နံပါတ်တစ်ပါပဲ၊ ကျားဖြန့်ရာဇဝတ်မှုကျတော့ ကမ္ဘောဒီးယားနဲ့ တွဲပြီး ပူးတွဲချန်ပီယံ၊ Basel AML_index ရဲ့ငွေကြေးခဝါချမှု အန္တရာယ်အရှိဆုံး တိုင်းပြည်နေရာမှာလည်း နံပါတ်တစ်နဲ့ ထိပ်ကပြေးနေတာဖြစ်တယ်။

နောက်အများကြီးရှိသေးတယ်၊ World Justice Project ရဲ့ တရားဥပဒေစိုးမိုးရေးညွှန်းကိန်းမှာဆို နိုင်ငံပေါင်း ၁၄၂ နိုင်ငံမှာ အဆင့် ၁၃၈ ။ အကျင့်ပျက်ချစားမှုအညွှန်းကိန်းမှာ ကမ္ဘာ့နိုင်ငံပေါင်း ၁၈၂ နိုင်ငံမှာ အဆင့် ၁၆၉။ အရှေ့တောင်အာရှမှာဆိုရင် အကျင့်ပျက်ခြစားမှုက နံပါတ်တစ်ပါ၊ BTI ကထုတ်ပြန်တဲ့ စီမံအုပ်ချုပ်ရေးဆိုင်ရာ အညွှန်းကိန်းမှာဆိုလည်း နိုင်ငံ ၁၃၇ နိုင်ငံမှာ အဆင့် ၁၃၄။

သဘာဝဘေးအန္တရာယ် အခံရဆုံး နိုင်ငံစာရင်းမှာလည်း ကမ္ဘာမှာ ဒုတိယနေရာ ယူထားပါသေးတယ်၊ သဘာဝဘေးအန္တရာယ် အရှိဆုံးနိုင်ငံ စာရင်းမှာ နိုင်ငံပေါင်း ၁၈၀မှာ အဆင့် ၆။ လူသားချင်းစာနာမှု အကျပ်အတည်း ကြုံတွေ့ရတဲ့ တိုင်းပြည်တွေစာရင်းမှာ ဆိုရင်လည်း အန္တရာယ်အရှိဆုံး (High Risk) စာရင်းဝင်၊ Fund of Peace ရဲ့ ကွဲကြေပျက်စီးလွယ်တဲ့ တိုင်းပြည် (fragile index) စာရင်းမှာလည်း နိုင်ငံပေါင်း ၁၇၉ နိုင်ငံမှာ အဆင့် ၁၁၊ အရှေ့တောင်အာရှမှာဆိုရင် အဆင့် ၁ ပါ။

ကဲ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ မှာ တကယ်ဖြစ်နေတာတွေက ဒါတွေပါပဲ၊ တိုင်းပြည်ဟာ ၂၀၁၆ မှ ၂၀၂၀ အတွင်း နေရာစုံမှာ အလားအလာကောင်းတွေရှိနေရာက အဘက်ဘက်က ဇောက်ထိုးဆင်းသွားတာ ဘယ်လိုမှ လိမ်ညာလို့မရပါဘူး၊ ဒါတွေပြန်ကောင်းချင်ရင် စစ်တပ်ခေါင်းဆောင်မှုနဲ့သာ ဆိုလို့ကတော့ ရက်တထောင် ရက်တသောင်း ရက်တသိန်းပဲ လုပ်လုပ် ဘယ်တော့မှ မရနိုင်ပါဘူး၊ ဒါတွေက ဦးနေဝင်း ၂၆ နှစ်၊ ဦးသန်းရွှေ ၂၂ နှစ်အတွေ့အကြုံတွေ ရှိပြီးသားပါ၊ ဘဝင်ရူး မင်းအောင်လှိုင်လက်ထက် ၅ နှစ်ကတော့ အနော်ရထာလက်ထက်က စတွက်ရင်တောင် ဒီလောက်ဆိုးတာ ရှိမယ်မထင်ပါဘူး။

ဒါတွေကိုကြည့်ရင် တော်လှန်ရေးကို အဆိုးမြင်နဲ့ အရမ်းဝေဖန်နေတဲ့ လူတချို့လည်း အမြင်မှန်ရသင့်ပါတယ်၊ မအလ လော်ဘီကိုတော့ ထည့်မပြောပါဘူး၊ လောလောဆယ် တော်လှန်ရေးဘက်မှာ မှန်ကန်တဲ့ စုဖွဲ့မှု ရရှိထားပါတယ်၊ အဲဒါက SCEF ပါ၊ တော်လှန်ရေးက တခုတည်းသော ဗဟို တခုတည်းသော အမိန့်စီးဆင်းမှုနဲ့ သွားဖို့အတွက်ကျန်တဲ့ ERO အင်အားကြီးတွေ (တရုတ်နယ်စပ် အဖွဲ့များကိုတော့ ထည့်မပြောပါ) ပါဝင် ပူးပေါင်းကြဖို့ လိုပါတယ်၊ စစ်တပ်ကို နိုင်ငံရေး အုပ်ချုပ်ရေးတွေအားလုံးက ဖယ်ထုတ်နိုင်ရင် ကျန်တဲ့ပြဿနာအားလုံး ဖြေရှင်းဖို့ အရမ်းလွယ်ကူသွားမယ်ဆိုတာ တွေ့လာရပါလိမ့်မယ်။ ဒါက ဝါရင့်အတွေ့အကြုံ ရှိသူများအတွက် စိတ်ကူးနဲ့တွေးကြည့်လိုက်ရင်တောင် မြင်နိုင်တဲ့ ကိစ္စပါ၊ နိုင်ငံတကာမှာ အာဆီယံထောက်ခံမှုရဖို့နဲ့ အိမ်နီးချင်းအင်အားကြီးများရဲ့ အနှောက်အယှက် နည်းအောင်လုပ်ဖို့က အရေးကြီးတာပါ၊ ဒါက SCEF အနေနဲ့သာ ချဥ်းကပ် လုပ်ဆောင်သင့်တဲ့ အရာပါ၊ တိုင်းပြည်ရဲ့ အမှောင်မိုက်ဆုံး အချိန်တွေ ကျော်လွန်သွားဖို့ ဆိုရင်တော့ တာဝန်က တော်လှန်ရေးအဖွဲ့ကြီး အဖွဲ့သေး အားလုံးမှာ ရှိနေကြောင်းပါ၊ မအလနဲ့ ထိပ်ပိုင်းတစုအတွက် ပေါ်လစီကတော့ တွေ့ရာသင်္ချိုင်း ဓါးမဆိုင်းပဲ ဖြစ်ရမှာပါ၊ ရာစုနှစ်မဟုတ် ထောင်စုနှစ်တခုအတွင်း တိုင်းပြည်ကို အဆိုးဆုံးအခြေအနေ ရောက်အောင် လုပ်ခဲ့သူတွေအတွက် ဒီပြစ်ဒဏ်က ထိုက်တန်တဲ့ ပြစ်ဒဏ်ပဲ ဖြစ်ပါတယ်။ ။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

01/08/2026

"ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့ ပကဖများရဲ့ မေ၊ ဇွန်နဲ့ ဇူလိုင်လအတွင်း စစ်ရေးလှုပ်ရှားမှု မှတ်တမ်းများ"

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

31/07/2026

“ညောင်ဦးလေဆိပ်ကို တိုက်ခိုက်ခြင်း၊ အတွင်းပိုင်း ဒေသထိရောက်လာတဲ့ တိုက်ခိုက်မှု”
………………………………

ပုဂံယဉ်ကျေးမှုနယ်မြေ ညောင်ဦးလေဆိပ်မှာ တပ်စွဲပြီး အပစ်မဲ့ အရပ်သားတွေကို ဗုံးကြဲ သတ်ဖြတ်လျက်ရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ စစ်လေယာဉ်နဲ့ စစ်ရဟတ်ယာဉ်တွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ BWM (Brave Warriors for Myanmar) အဖွဲ့က ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။ တိုက်ခိုက်မှုအတွင်း ၁၀၇ မမ ရှော့တိုက်ဒုံး ၈ လုံး အသုံးပြုပြီး ၅ လုံး အောင်ခဲ့တယ်လို့ ပါရှိပါတယ်။ အဆိုပါ တိုက်ခိုက်မှုကို BWM အဖွဲ့ရဲ့ ဦးဆောင် စီမံမှုနဲ့ No More Dictatorship (NMD-PDF)၊ Infinity (အညာ) အဖွဲ့တို့ဟာ Justice Brohters Force, ဆားတောင်မိုးကြိုးအဖွဲ့၊ တောင်သာပလဖအဖွဲ့၊ ညောင်ဦးခရိုင်တပ်ရင်း ၅ တို့ရဲ့ အကူအညီနဲ့ တိုက်ခိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုကို ကြည့်ရင် နိုင်ငံအလယ်ပိုင်း ဒေသက အရေးကြီး ယဉ်ကျေးမှု နယ်မြေဖြစ်တဲ့ ညောင်ဦးလေဆိပ်ကိုပါ လုံခြုံအောင် စစ်တပ်က ကာကွယ်နိုင်ခြင်းမရှိဘူးဆိုတာကို ပြသလျက်ရှိပါတယ်။ မဟာဗျူဟာနေရာဖြစ်တဲ့ လေဆိပ်တွေရဲ့ အနီးပတ်ခြာလည် ၁၀ မိုင်လောက်ထိ လုံခြုံအောင် မလုပ်နိုင်ဘူးဆိုတာကိုလည်း ပြသလျက်ရှိပါတယ်။ ဒါ့အပြင် တော်လှန်ရေးအဖွဲ့တွေရဲ့ နယ်မြေစိုးမိုးမှု အခြေအနေကို ပြသလျက်ရှိပါတယ်။ အကြမ်းဖက်စစ်တပ် အနေနဲ့ အဓမ္မ စစ်သားစုဆောင်းမှုနဲ့ အင်အားဖြည့်တင်းပြီး တချို့နေရာတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေပေမယ့်လည်း နိုင်ငံအလယ်ပိုင်း ဒေသမှာ ဟာကွက်တွေ ဖြစ်နေတယ်၊ အားနည်းချက်တွေ ရှိနေတယ်ဆိုတာကို စစ်လေယာဉ်တွေ တပ်စွဲထားတဲ့ ညောင်ဦးလေဆိပ်ကို ပစ်ခတ်တိုက်ခိုက်မှုက ညွှန်ပြနေပါတယ်။ နိုင်ငံအလယ်ပိုင်းဒေသတွေမှာ မကွေးလေတပ်စခန်း၊ မိတ္ထီလာ လေတပ်စခန်း၊ တောင်ငူလေတပ်စခန်းတွေ ရှိပြီး မကြာခင်မှာလည်း အဲဒီစခန်းတွေ အနီးအနား ဒေသတွေအပေါ် စစ်အုပ်စု စိုးမိုးမှု ပိုမိုလျော့ကျလာတာကို တွေ့လာရနိုင်ပါတယ်။ နိုင်ငံအတွင်းပိုင်း နတ်မောက်၊ တောင်တွင်းကြီး၊ ညောင်ဦး၊ သရက်၊ ကျောက်ပန်းတောင်း၊ နေပြည်တော် အနီးမှာ ဖြစ်ပွားတဲ့ စခန်းသိမ်းတိုက်ခိုက်မှုတွေ၊ လေတပ်စခန်းတိုက်ခိုက်မှုတွေ၊ စစ်ကြောင်းကြားဖြတ်တိုက်မှုတွေ၊ စစ်ယာဉ်တန်း တိုက်ခိုက်မှုတွေဟာ အတွင်းပိုင်း ဒေသတွေထိပါ တော်လှန်ရေး အင်အားစုတွေရဲ့ ထိုးဖောက်တိုက်ခိုက်မှု အားကောင်းလာတာကို ညွှန်ပြနေပါတယ်။

30/07/2026

"ဇူလိုင်လအတွင်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နှင့် တော်လှန်ရေးအင်အားစုများတွေ့ဆုံမှုမှတ်တမ်း"

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

28/07/2026

စစ်တပ်ကို အဆုံးသတ် ဘယ်လို အောင်ပွဲခံမလဲ
…………………………………………………………….

အကြမ်းဖက်စစ်တပ်ကို အဆုံးသတ် အောင်ပွဲခံမယ့် ပုံစံက ဘယ်လိုမျိုး ဖြစ်မလဲ။ စစ်တပ်ဟာ ဘယ် အခြေအနေ မှာ စစ်ရှုံးသွားမလဲ။ တော်လှန်ရေးအင်အားစုတွေ ဘက်က ဘယ်လိုမျိုး ပြင်ဆင်ရင် စစ်တပ်ကို အလဲထိုးရေး မြန်မြန်ဆန်ဆန်ပေါ်ပေါက်လာမလဲ။ အတိတ်၊ အနာဂတ်နဲ့ ပစ္စုပ္ပန် အခြေအနေတွေကို ကြည့်ရအောင်။ လက်နက်ကိုင်တော်လှန်ရေး တရပ်ဟာ လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် အောင်ပွဲခံနိုင်မှုမျိုးက ရှားပါတယ်။ အထူးသဖြင့် အရှေ့တိုင်း တော်လှန်ရေးတွေဟာ ကာလတခု ကြာမြင့်ပါတယ်။ လက်တလော လားရာကို ကြည့်ရင် လက်နက်ကိုင်တော်လှန်ရေးတွေမှာ တော်လှန်ရေး အင်အားစုတွေ ဘက်က အသာစီးရနေတာ၊ အင်အားပိုနည်းတဲ့ဘက်က အသာစီးရနေတာ၊ အချိုးမညီ စစ်တွေမှာ အင်အားနည်းတဲ့ဘက်က အသာစီးရနေတာမျိုးတွေ ပိုတွေ့လာရတာကလည်း သတင်းကောင်းတခုပါ။ သတင်းကောင်းကို လက်တွေ့မြေပြင်အောင်ပွဲ အဖြစ် ပြောင်းလဲရမှာ ဖြစ်ပါတယ်။ မြန်မာ့နွေဦးတော်လှန်ရေးဟာ လက်နက်ကိုင် တော်လှန်ရေးဖြစ်တာကို လက်ခံထားဖို့ဖြစ်ပါတယ်။ နောက်တချက်က တော်လှန်ရေးဖြစ်ပါတယ်။ လူမှုရေးစံနှုန်းတချို့၊ နိုင်ငံရေးအစဉ်အလာတွေ၊ စစ်ရေးအစဉ်အလာတွေကို ပြောင်းလဲလိုကြတာ တော်လှန်ရေးမှာပါဝင်တဲ့ လူငယ်အများစု ရင်ထဲမှာ၊ ယုံကြည်ချက်ထဲမှာ ရှိတယ်ဆိုတာ မေ့လို့မရပါဘူး။ ဒါတွေကို ဘာလို့ပြောနေရလဲဆိုတာ မူရင်း ဖြစ်ပေါ်လာရာ ဗီဇနဲ့ ရည်မှန်းချက်ပေါ်မူတည်ပြီး ကိုင်စွဲရမယ့် နည်းလမ်းတွေ ကွာခြားလို့ဖြစ်ပါတယ်။ လက်နက်ကိုင်တော်လှန်ရေးကို စစ်ရေးနည်းလမ်းနဲ့ အနိုင်ယူရမယ်ဆိုတာကိုလည်း ခိုင်ခိုင်မာမာ ယုံကြည်လက်ခံထားဖို့လိုပါတယ်။ ဒါပေမဲ့ ဒီစစ်ရေးနည်းလမ်းဟာ ချွန်းအုပ်မထားတဲ့ စစ်ရေးသီးသန့်ဝါဒ၊ နိုင်ငံရေးအတွေးအခေါ်ရဲ့ လမ်းညွှန်မှု မပါတဲ့ နည်းလမ်း ဖြစ်လို့မရပါဘူး။ အဲဒါဆိုရင် မူလ တော်လှန်ရေးရဲ့ ရည်မှန်းချက်တွေကနေ လျောကျသွားပြီး သာမန်လက်နက်ကိုင်တိုက်ခိုက်မှု အဆင့်ကို ရောက်သွားပါလိမ့်မယ်။

စစ်ရေးပိုင်းက ကြည့်ရင် နွေဦးတော်လှန်ရေးရဲ့ မူလ ရည်မှန်းချက်တွေနဲ့ လားရာ ဗီဇကို အခြေခံတဲ့ စစ်ရေး နည်းလမ်းမျိုး ဖြစ်ဖို့လိုပါတယ်။ အဲလိုမှ မဟုတ်ရင်တော့ မူလ ရည်မှန်းချက်က သွေဖည်လာရင် ထောက်ခံမှု၊ ပူးပေါင်းမှု နည်းပါးလာမှာ ဖြစ်ပါတယ်။ နိုင်ငံရေးအတွေးအခေါ်၊ လူထုထောက်ခံမှု ရရှိထားတဲ့ လက်နက်ကိုင်တော်လှန်ရေး တရပ်ဟာ အနှေးနဲ့ အမြန်အောင်ပွဲရမှာပဲ ဖြစ်ပါတယ်။ ကမ္ဘာ့ လက်တလော ဥပမာတွေကို ကြည့်ရင် ဆီးရီးယားနိုင်ငံတွေမှာ တော်လှန်ရေး အင်အားစုတွေက အာဏာရှင်ကို ဖြုတ်ချပြီး အောင်ပွဲရရှိထားပါတယ်။ အာဖဂန် နိုင်ငံမှာလည်း အင်အားကြီး အမေရိကန် နိုင်ငံကို အချိုးမညီ စစ်ပွဲ နည်းလမ်းတွေ အသုံးပြုပြီး တာလီဘန်တွေက အနိုင်ရထားပါတယ်။ ယူကရိန်း စစ်ပွဲမှာလည်း အင်အားပိုကြီးတဲ့ ရုရှားကို ယူကရိန်းဘက်က အသာစီးရအောင် ပြန်လည် ခုခံတိုက်ခိုက်နိုင်နေပါတယ်။ အရှေ့အလယ်ပိုင်း တိုက်ခိုက်မှုတွေကိုကြည့်ရင် လက်ဘနွမ် ဟစ်ဇဘိုလာ၊ ဂါဇာ ဟားမတ်စ်၊ ဟီမင် ဟူသီ ရှီးယား စစ်သွေးကြွတွေဟာ ကိုယ့်အခြေအနေနဲ့ ကိုက်ညီတဲ့ နည်းလမ်းတွေ အသုံးပြုပြီး အင်အားပိုမိုကြီးမားတဲ့ တဘက်အင်အားစုကို ခုခံတိုက်ခိုက်နိုင်လျက်ရှိပါတယ်။ အီရန်နဲ့ အမေရိကန် စစ်ပွဲကို ကြည့်ရင် နည်းပညာနဲ့ အင်အား ပိုနည်းတဲ့ အီရန်ဘက်က အမေရိကန်ကို သရေရအောင် ခုခံတိုက်ခိုက်နိုင်နေပါတယ်။ စစ်ရေးပိုင်းသီးသန့်ကို ကြည့်ရင် အထက်ဖော်ပြပါ တော်လှန်ရေးအဖွဲ့တွေ၊ စစ်သွေးကြွ အဖွဲ့တွေဟာ အင်အားပိုကြီးတဲ့ တဘက်ပြိုင်ဘက်ကို အနိုင်ရတာ၊ အောင်မြင်စွာ ခုခံနိုင်တာ တွေ့ရပါတယ်။ အဲဒီ အဖွဲ့တွေကို ကြည့်ရင် တူညီတာ (၂) ခု တွေ့ရပါတယ်။ စစ်ရေးအရ ကိုယ်နဲ့ကိုက်ညီတဲ့ ဖွဲ့စည်းပုံ၊ လက်နက်တပ်ဆင်မှု၊ တိုက်ပွဲဆင်နွှဲမှု ဖြစ်ပြီး နိုင်ငံရေးအရဆိုရင် စိုးမိုးနယ်မြေမှာ ကိုယ့် ပြည်သူတွေကို ပြည်သူ့ဝန်ဆောင်မှု တတ်နိုင်သမျှ ပေးအပ်ပြီး လူထု ထောက်ခံမှုကို စုစည်းထားနိုင်ခြင်း ဖြစ်ပါတယ်။ စစ်ရေးနည်းအရဆိုရင် ဟစ်ဇဘိုလာတွေဟာ ဖွဲ့စည်းခါစက အင်အားရာချီတဲ့ စုဖွဲ့ထားတဲ့ တပ်ဖွဲ့ကြီးတွေကို အသုံးပြုခဲ့ပါတယ်။ အဲလို ကြီးမားတဲ့ ဖွဲ့စည်းမှုတွေဟာ ရန်သူ အလွယ်တကူ ခြေရာခံ ချေမှုန်းခံရတာကို တွေ့ပြီးတဲ့နောက်မှာ ဖွဲ့စည်းပုံ အငယ်စားတွေအဖြစ် ပြောင်းလဲလိုက်ပါတယ်။ ဗဟိုရုံးချုပ်နဲ့ တပ်ဖွဲ့ငယ်တွေကြား ကွပ်ကဲမှု အဆက်မပြတ်ရေး၊ အထွေထွေလမ်းညွှန်ချက် ပေးထားရေး၊ ဗဟိုချုပ်ကိုင်မှုကို တတ်နိုင်သမျှ လျှော့ထားရေးတွေ လုပ်ဆောင်ခဲ့ရပါတယ်။ ဆီးရီးယား တော်လှန်ရေးတပ်တွေမှာလည်း အလားတူပါပဲ နိုင်ငံရေးရည်မှန်းချက်၊ မူဝါဒ တသားတည်း လိုင်းကျအောင် စည်းရုံးခဲ့သလို ဗဟိုကွပ်ကဲမှု စနစ်၊ စုဖွဲ့ တိုက်ခိုက်မှု ယန္တရား တခုကို စနစ်တကျ တည်ဆောက်ခဲ့ကြပါတယ်။ အီရန် မှာဆိုရင်လည်း သမရိုးကျပုံစံ မဟုတ်ဘဲ စုဖွဲ့ထားတဲ့ အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့က အမေရိကန်ကို အဓိက ခုခံတိုက်ခိုက်သွားတာပါ။ သမရိုးကျ အီရန် လေတပ်၊ တင့်ကားတပ်တွေ၊ ရေတပ်စစ်သင်္ဘောတွေဟာ အမေရိကန်ရဲ့ အလွယ်တကူ ချေမှုန်းခံရပြီး ကိုယ့်အခြေအနေနဲ့ ကိုက်ညီအောင် ထုတ်လုပ်ထားတဲ့ ဒရုန်းတွေ၊ ဒုံးကျည်တွေကသာ စစ်ပွဲ အဖြေကိုပြောင်းလဲ ပေးနိုင်ခဲ့ပါတယ်။ ယူကရိန်းစစ်ပွဲ ကိုကြည့်ရင်လည်း တင့်ကားတွေ စုပြုံ ထိုးဖောက်တာဟာ အလုပ်မဖြစ်တဲ့အခါ ဆိုင်ကယ်စီး တပ်စိတ်လေးတွေနဲ့ ထိုးဖောက်တဲ့ပုံစံကို ပြောင်းလဲ ကျင့်သုံးလာကြပါတယ်။ တနိုင်ငံနဲ့ တနိုင်ငံ အခြေအနေ တူမှာ မဟုတ်ပေမယ့် အနှစ်သာရကတော့ ကိုယ့်မှာရှိတဲ့ ရင်းမြစ်၊ ရင်ဆိုင်ရတဲ့ ရန်သူ့ အခြေအနေ၊ တိုက်ခိုက်ရတဲ့ တိုက်ပွဲ ပုံစံတွေနဲ့ ညီတဲ့ စုဖွဲ့ပြင်ဆင်မှု လုပ်ဆောင်ကြတာတွေ့ရပါတယ်။ ဥပမာအနေနဲ့ ပြောရရင် အကြမ်းဖက် စစ်တပ်ဟာ လူအင်အား အလုံးအရင်း သုံးမယ်၊ လူသေဆုံးမှုကို ဂရုစိုက်မှာ မဟုတ်ဘူး၊ လေကြောင်းနဲ့ လက်နက်ကြီးကို အသားပေး အသုံးပြုမယ်၊ နိုင်ငံတကာ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံ တချို့ရဲ့ ထောက်ခံမှုနဲ့ ထောက်ပံ့မှုကို ရရှိလိမ့်မယ်၊ သမရိုးကျနဲ့ တောတွင်း စစ်ဆင်ရေးတွေကို အကျွမ်းတဝင် ရှိလိမ့်မယ် ဆိုတဲ့ အချက်တွေ ဖြစ်တယ်။ တော်လှန်ရေး အင်အားစုတွေဘက်က လက်နက်ခဲယမ်း ရရှိမှု နည်းမယ်၊ လေ့ကျင့်မှုနဲ့ ကွပ်ကဲမှုပိုင်း အတွေ့အကြုံ နည်းလိမ့်မယ်၊ လူအင်အားအရ တော်လှန်ရေးအစမှာ တစုံတရာမှာ များပြားလိမ့်မယ်၊ တနိုင်ငံလုံးမှာ စစ်ဆင် တိုက်ခိုက်နိုင်စွမ်းရှိလိမ့်မယ်၊ ခံယူချက်ကောင်းမွန်လိမ့်မယ်ဆိုတဲ့ အချက်တွေ ဖြစ်ပါတယ်။ အလားအလာတွေ တွက်ကြည့်ရင် အင်အားအများအပြား နဲ့ စုဖွဲ့ထားတဲ့ တော်လှန်ရေး အဖွဲ့တွေ၊ အခိုင်အမာ ခံစစ်ဆင်တဲ့ နေရာတွေကို ရန်သူက အလွယ်တကူ လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်ချေမှုန်းခံရနိုင်လိမ့်မယ်။ ကာလတခုကြာလာရင် ပြည်သူ့ထောက်ခံမှု တစုံတရာ ကျဆင်းလာလိမ့်မယ်၊ ပင်ပန်းလာလိမ့်မယ်ဆိုတဲ့ အချက်တွေ ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးရဲ့ ထူးခြားချက် ဖြစ်တဲ့ လက်နက်ကိုင်အင်အားစုငယ်တွေ စတင် ပေါ်ထွန်းခြင်း နဲ့ အစိုးရ အစိုးရ အဖွဲ့ကို ယင်းနောက်မှ ဖွဲ့စည်းခြင်းဆိုတဲ့ အချက်ကိုလဲ လက်ခံထားဖိုလိုပါတယ်။ အဲဒီ နောက်မှ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ငယ်များစွာ ပေါ်ပေါက်လျက်ရှိပါတယ်။ ဒါပေမယ့်လည်း အင်အားကြီးများတဲ့ အကြမ်းဖက်စစ်အုပ်စုကို ချေမှုန်းအနိုင်ယူဖို့ အဖွဲ့ငယ်တွေအဖြစ် ကွဲပြားနေလို့မရပါဘူး။ အဖွဲ့တွေ အားလုံးဟာ အမိန့်ပေး ကွပ်ကဲမှု စနစ်တခု အောက်မှာရှိနေဖို့လိုပါတယ်။ ဒါမှ မဟုတ် တခုတည်းသော စစ်မဟာဗျူဟာ အောက်မှာ ဟန်ချက်ညီ တိုက်ခိုက်နိုင်ဖို့လိုပါတယ်။ နိုင်ငံရေးမှာ အတိုင်းအတာတခုထိ ကွဲပြားမှာ ဖြစ်ပေမယ့် စစ်ရေးမှာ ကွဲပြားနေလို့မရပါဘူး။ တခုတည်းသော စစ်မဟာဗျူဟာနဲ့ စစ်ရေး လမ်းညွှန်မှုအောက်မှာ တိုက်ပွဲ ဝင်ဖို့လိုပါတယ်။ တော်လှန်ရေးဟာ တဆင့်တက်သွားပြီးတဲ့နောက်မှာ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့တွေကြား ပေါင်းစည်းမှု၊ ညှိနှိုင်းလုပ်ဆောင်မှုဟာလဲ အဆင့်တခုကို တက်လှမ်းဖို့လိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အနေနဲ့ဆိုရင်လည်း ပြည်သူ့စစ်မဟာဗျူဟာကို ချမှတ်ကျင့်သုံးလျက်ရှိသလို ကွက်ပြည့်ခင်းရေး ဆိုတဲ့ မဟာဗျူဟာကို ချမှတ်ထားပါတယ်။ ဒါဟာ လက်ရှိ တော်လှန်ရေး လိုအပ်ချက်နဲ့ လွန်စွာ ကိုက်ညီတဲ့ စစ်မဟာဗျူဟာတွေ ဖြစ်ပါတယ်။ ပြည်သူ ပါဝင်တဲ့ ပြည်သူ့စစ်မဟာဗျူဟာကသာ ရန်သူကို အနိုင်ရမှာဖြစ်ပါတယ်။ ပြည်သူ့စစ်မဟာဗျူဟာ ထိရောက်စွာ ကျင့်သုံးနိုင်ဖို့ဆိုရင် ပြည်သူ့စည်းရုံးရေး၊ လူထု လက်မခံတဲ့ ကိစ္စတွေကို မလုပ်ဆောင်မိစေဖို့၊ လုပ်ဆောင်မိပါကလည်း ထိထိရောက်ရောက် အရေးယူဖို့ လွန်စွာ အရေးကြီးပါတယ်။ ပြည်သူပါဝင်မှပဲ တပ်သားရေသောက်မြစ် ရရှိမှု၊ ရန်ပုံငွေ ရရှိမှု၊ ရန်သူ့သတင်း ရရှိမှုတွေ ရလာမှာ ဖြစ်ပါတယ်။ ပြည်သူတွေ ကျယ်ပြန့်စွာ ပါဝင်ခြင်းမရှိဘဲ မိုင်းစစ်ဆင်ရေးကို ထိရောက်စွာ လုပ်နိုင်မှာ မဟုတ်ပါဘူး။ ပြည်သူ့ထောက်ခံမှု မရဘဲ တပ်သားသစ် စုဆောင်းလို့ရနိုင်မှာ မဟုတ်ပါဘူး။ ကွက်ပြည့်ခင်းရေး မဟာဗျူဟာ ဆိုတာကလည်း ပြည်သူ့ ထောက်ခံမှု ရရှိထားလို့ ဖြစ်ပါတယ်။ တော်လှန်ရေး အဖွဲ့တွေထဲမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ ပကဖတွေပဲ တနိုင်ငံလုံး အတိုင်းအတာ ကျယ်ပြန့်စွာ စစ်ဆင်တိုက်ခိုက်နိုင်စွမ်းရှိပါတယ်။ ရန်ကုန်လို မြို့ကြီး၊ နေပြည်တော်လို ရန်သူ့ မြို့တော် စစ်ကိုင်းတိုင်း ကျေးလက်ဒေသ၊ ပဲခူးရိုးမ တောင်ပေါ်ဒေသတွေမှာ စစ်ဆင်တိုက်ခိုက်နိုင်စွမ်းဟာ ပြည်သူ့ထောက်ခံမှု ရှိခြင်းကြောင့် ရလာတဲ့ စစ်ရေးစွမ်းရည်ဖြစ်ပါတယ်။ ကွက်ပြည့်ခင်း တိုက်ခိုက်လာတဲ့ တနိုင်ငံလုံး အတိုင်းအတာ တိုက်ခိုက်မှုကို အကြမ်းဖက်စစ်တပ်ဟာ ဘယ်လိုမှ တန်ပြန်နိုင်မှာမဟုတ်ပါဘူး။ သူတို့ စုဆောင်းထားတဲ့ ပစတွေနဲ့ လက်နက်ကြီးတွေဟာ တနိုင်ငံလုံး ကျယ်ပြန့်စွာ ပေါ်လာတဲ့ တိုက်ခိုက်မှုတွေကို ဟန့်တားရေး အသုံးဝင်မှာ မဟုတ်ပါဘူး။ ခံစစ်သေ နေရာတွေကို တိုက်ရေးမှာပဲ ထိရောက်မှာ ဖြစ်ပါတယ်။ ကွက်ပြည့်ခင်းရေး မဟာဗျူဟာအရ ရာနှုန်းပြည့် ကွက်ပြည့်ဖို့ ဒေသတွေ ကျန်နေသေးပါတယ်။ မန္တလေးတိုင်း အောက်ပိုင်း၊ မကွေးတိုင်းအောက်ပိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနဲ့ နေပြည်တော်တို့ဟာ ကွက်ပြည့်တိုက်ခိုက်နိုင်ရေး ကျန်ရှိနေသေးတဲ့ ဒေသတွေ ဖြစ်ပါတယ်။ အဲဒီ ဒေသတွေမှာ ကွက်ပြည့်ခင်းပြီး ရန်သူကို ပြင်းပြင်းထန်ထန် ပြောက်ကျားတိုက်ခိုက်နိုင်ရင် ခုခံတွန်းလှန်စစ်ဟာ နောက်တဆင့်ကို တက်လှမ်းနိုင်လာပြီလို့ ပြောနိုင်ပါတယ်။ ဒီ စစ်မဟာဗျူဟာကို အကောင်အထည်ဖော်နိုင်ရေးမှာ တပ်မှူးငယ်တွေရဲ့ အခန်းကဏ္ဍလွန်စွာ ကြီးမားပါတယ်။ ဒီလောက်ကျယ်ပြန့်တဲ့ နယ်မြေတွေမှာ စစ်ရေးဖော်ဆောင်ဖို့၊ ပြောက်ကျားတပ်ဖွဲ့ငယ်တွေနဲ့ လှုပ်ရှားဖို့ဆိုတာ တပ်ခေါင်းဆောင်ငယ်တွေရဲ့ လုပ်နိုင်စွမ်းက လွန်စွာ အရေးကြီးပါတယ်။ အချိန်နဲ့အမျှ ပြောင်းလဲနေတဲ့ စစ်ရေးအခြေအနေတွေကို ကိုင်တွယ်ရေး စစ်ရေး စွမ်းရည်ထက်မြတ်နေရမှာ ဖြစ်သလို ကျယ်ပြန့်တဲ့ ပြောက်ကျားနယ်မြေတွေ ဖော်ဆောင်တိုက်ပွဲဝင်ဖို့ အတွက် လူထုစည်းရုံးရေး လွန်စွာ ကောင်းဖို့လိုပါတယ်။ စစ်ရေးအရ ပြောက်ကျားလှုပ်ရှားမှုနဲ့ သင့်တော်တဲ့ လေ့ကျင့်မှု၊ လက်နက်တပ်ဆင်မှု၊ ကွပ်ကဲစုဖွဲ့မှု၊ အထက်ကွပ်ကဲမှုနဲ့ ဆက်သွယ်ရေး မပြတ်စေရေး လုပ်ဆောင်ပေးဖို့လိုပါတယ်။ ပြောက်ကျားစစ်ဆင်နိုင်ရေး တနိုင်ငံလုံး ကွက်ပြည့်လှုပ်ရှားနိုင်ရေး အတွက် ဒီဇိုင်းရေးဆွဲထားတဲ့ စစ်ဘက်ဆိုင်ရာ ထောက်ပို့လမ်းကြောင်းနဲ့ ထောက်ပို့စနစ်တခုလည်း လိုအပ်မှာဖြစ်ပါတယ်။ စစ်တပ်ဟာ စခန်းသိမ်း၊ မြို့သိမ်း တပ်တွေကို ရင်ဆိုင်ကိုင်တွယ်ရတာ လွန်ကူပေမယ့် လူထုထောက်ခံမှုရှိတဲ့ တပ်ဖွဲ့ငယ်တွေ စိမ့်ဝင်ထိုးဖောက်ပြီး ကျယ်ပြန့်စွာ ပြောက်ကျားတိုက်ခိုက်မှာ အလျင်အမြန်ပြန်လည် ဆုတ်ခွာသွားမဲ့ပုံစံကို ကိုင်တွယ်ဖို့ အသင့်မဖြစ်ပါဘူး။ လက်ရှိ စစ်အုပ်စုရဲ့ ဖွဲ့စည်း စုဖွဲ့ပုံအရလည်း အဲဒီပုံစံကို ကိုင်တွယ်ရေး ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး။ တနိုင်ငံလုံးမှာရှိတဲ့ တိုင်းနဲ့ ပြည်နယ်၊ မြို့တော်တွေ၊ ခရိုင် မြို့တော်တွေ အားလုံးရဲ့ အနီးမှာ ပြောက်ကျားလှုပ်ရှားနယ်တွေ ဖော်ပြီးရင် တော်လှန်ရေး အောင်ပွဲဟာ (၈၀) ရာခိုင်နှုန်း ပြီးမြောက်သွားပြီလို့ ပြောနိုင်ပါတယ်။ မြစ်ကြီးနား၊ ဟားခါး၊ မုံရွာ၊ မန္တလေး ၊ ရှမ်း တောင်ကြီး၊ လားရှိုး၊ ကျိုင်းတုံ၊ မကွေး၊ တောင်ငူ၊ နေပြည်တော်၊ ရန်ကုန်၊ ပုသိမ်၊ ဘားအံ၊ မော်လမြိုင်၊ ထားဝယ် စတဲ့ မြို့တွေမှာ ဘယ်မြို့တွေနားမှာပဲ လှုပ်ရှားနိုင်ပြီး ဘယ်မြို့တွေနားမှာ မလှုပ်ရှားနိုင်ဘူးလဲ ဆိုတာ တွက်ကြည့်နိုင်ပါတယ်။ မုံရွာ၊ မန္တလေး၊ မကွေး၊ တောင်ငူတို့မှာတော့ အခြေအနေ ကောင်းတွေ ရရှိထားပါတယ်။ ရန်သူကို မြို့ကြီးထဲမှာပဲ စိုးမိုးစေပြီး ကျေးလတ် ဒေသ အားလုံးကို တော်လှန်ရေး အင်အားစုတွေဘက်က အပြည့်အဝ စိုးမိုးနိုင်ဖို့လိုပါတယ်။ တနိုင်ငံလုံး ကို ကွက်ပြည့် စိုးမိုးလှုပ်ရှားပြီး တနိုင်ငံလုံး အတိုင်းအတာ ထိုးစစ်နဲ့ ရန်သူကို အပြီးသတ် စစ်ဆင်တိုက်ခိုက်ပြီး စစ်အုပ်စုကို အနိုင်ယူသွားမှာ ဖြစ်ပါတယ်။ လက်ရှိမှာလဲ နိုင်ငံရေးစုဖွဲ့မှုကြီးတွေ စနစ်တကျ ပေါ်ပေါက်လျက်ရှိပြီး မကြာခင်ပေါ်ပေါက်လာတော့မယ့် စစ်ရေးလှုပ်ရှားမှုကြီးတွေအတွက် လိုအပ်တဲ့ နိုင်ငံရေးအုတ်မြစ်တွေ ချပေးလျက်ရှိပါတယ်။ အပြီးသတ်ထိုးစစ် အောက်မှာ စစ်တပ် ချေမှုန်းခံရဖို့မဝေးတော့ပါဘူး။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

27/07/2026

"အဓမ္မ စစ်မှုထမ်းဥပဒေနဲ့ ပြိုလဲနေတဲ့ စစ်ကောင်စီတပ်တွင်း ယန္တရား"

စစ်ကောင်စီဟာ ပရော်ဖက်ရှင်နယ် စစ်သည်အင်အား မရှိတော့ဘဲ စစ်ကြောင်းတစ်ခုရဲ့ ၇၅% (၄ ပုံ ၃ ပုံ) မကကို အဓမ္မဖမ်းဆီးထားတဲ့ တပ်သားသစ်များနဲ့ အင်အားဖြည့်နေရတာဖြစ်ပါတယ်။ ဒါက တပ်ရင်းတွေအနေနဲ့ စက္ကူပေါ်မှာပဲ စာရင်းရှိပြီး မြေပြင်မှာ အင်အားလုံးဝ ပြုန်းတီးနေတာကို ပြသနေပါတယ်။ စစ်မြေပြင်မှာ အကျအဆုံးများပြီး စစ်သည်အင်အား ပြုန်းတီးမှုကို အဖတ်ဆည်နိုင်ဖို့အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကို အကြောင်းပြပြီး လူငယ်တွေကို အဓမ္မ ဖမ်းဆီးစစ်ထဲသွင်းတဲ့ နည်းလမ်းကို အရှိန်ဟုန်မြှင့် ကျင့်သုံးလာခဲ့ပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ လအနည်းငယ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ မြေပြင်ဖြစ်စဉ် အသီးသီးကဖော်ပြနေတဲ့ အချက်အလက် တွေအရ အဲဒီဥပဒေဟာ စစ်တပ်အတွက် အင်အား မဖြည့်ဆည်းနိုင်တဲ့အပြင် တပ်အတွင်း စည်းကမ်း၊ လုံခြုံရေးနှင့် သစ္စာစောင့်သိမှု စတဲ့ အဓိကမဏ္ဍိုင်တွေကိုပါ အစိတ်စိတ်အမွှာမွှာ ပြိုလဲစေမဲ့ အဓိက အကြောင်းအရင်း ဖြစ်လာနေကြောင်း ဖော်ပြနေပါတယ်။

အခုအခါ စစ်မှုထမ်းခေါ်ယူခြင်းဟာ တရားဝင် ဆင့်ခေါ်စာ ပေးပို့ခြင်းထက် မြို့ကြီးများမှာ အိမ်စီးကားတွေနဲ့ ပေါ်တာဆွဲခြင်း၊ လမ်းကြိုလမ်းကြားနဲ့ ကွန်ဒိုများအထိ ဝင်ရောက်ဖမ်းဆီးခြင်း အသွင်အထိ ပြောင်းလဲလာပါတယ်။ ရန်ကုန်၊ ကလေးနဲ့ မော်လမြိုင် စတဲ့ မြို့ကြီးတွေမှာ လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးနေရုံမျှမက အင်းစိန် တညင်းကုန်း စစ်သားစုဆောင်းရေးတပ်ကို သားဖြစ်သူ သတင်း သွားရောက်စုံစမ်းတဲ့ ဖခင်ဖြစ်သူပါ ထပ်မံဖမ်းဆီးခံရတဲ့ ဖြစ်စဉ်များအထိ ရှိလာခဲ့တာဖြစ်ပါတယ်။

“အရင်တုန်းက မယုံဘူးလေ။ ကောလာဟလလို့ ထင်တာ။ ဒီနောက်ပိုင်းမှ လမ်းပေါ်မှာ တကယ် လိုက်ဆွဲနေတယ်ဆိုတာ ယုံတယ်။ ယုံတော့ စိတ်ပင်ပန်းရတော့တာပေါ့။ အိမ်ကယောကျာ်းကို အမြဲ ဖုန်းဆက်နေရတယ်။ အိမ်ပြန်မရောက်မချင်း ပူနေရတယ်”ဟု လှိုင်မြို့နယ်၊၂ရပ်ကွက်နေ အိမ်ရှင်မ တစ်ဦးက ပြောပါတယ်။

“ရန်ကုန်လမ်းမများပေါ် ပေါ်တာဆွဲနေတဲ့ဖြစ်ရပ်ကို ၂၀၂၅ခုနှစ်ကတည်းက သိရှိယုံကြည်ခဲ့ပြီး ယခုနှစ်အတွင်း လူပျောက်ကြော်ငြာတွေ မကြာခဏ တွေ့ရှိရတဲ့အတွက် သားဖြစ်သူ အလုပ်သွားတိုင်း စိုး ရိမ်နေရကြောင်း အင်းစိန်၊ ပေါက်တောဝနေ မိခင်တစ်ဦးက ပြောပါတယ်။”

ဒါအပြင် စစ်မှုထမ်း ရှောင်လွှဲလိုသူတွေအတွက် တစ်ဦးလျှင် ကျပ်သိန်း ၈၀ မှ သိန်း ၁၅၀ အထိ ပေါက်စျေးရှိတဲ့ လူစားထိုးစျေးကွက်နဲ့ ကွန်ဒိုတွေမှာနေထိုင်သူတွေစီက လစဉ်ကြေး ကောက်ခံမှုတွေ ပေါ်ပေါက်လာတာဟာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား စနစ်တစ်ခုလုံးရဲ့ အတွင်းလှိုက်စားမှုနဲ့ ယိုယွင်းပျက်စီး မှုကို မီးမောင်းထိုးပြနေတာဖြစ်ပါတယ်။

အဓမ္မ ဖမ်းဆီးခံရတဲ့ လူငယ်တွေဟာ လုံလောက်တဲ့ စစ်ရေးလေ့ကျင့်မှု မရှိဘဲ ရှေ့တန်းကို ပို့ဆောင်ခံနေရတာဖြစ်ပြီး ကရင်ပြည်နယ်၊ လေးကေ့ကော် ထိုးစစ်စတဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီ စစ်ကြောင်းရဲ့ ၄ ပုံ ၃ ပုံခန့်ဟာ ပြည်သူ့စစ်မှုထမ်း (ပစ) တပ်သားသစ်များ ဖြစ်နေပြီး သူတို့ဟာ ရှေ့ဆုံးမှ အထုပ်ထမ်းရခြင်းနဲ့ "လူသားဒိုင်း" သို့မဟုတ် "အသေခံ လူလှိုင်းစစ်ဆင်ရေး" များအတွက် အသုံးချခံနေကြရတာဖြစ်ပါတယ်။ တိုက်ပွဲဝင်လိုစိတ် (Morale) မရှိသူများကို အတင်းအကျပ် ရှေ့တန်းပို့ထားရတဲ့အတွက် တိုက်ခိုက်လိုစိတ်နဲ့ တိုက်ရည်ခိုက်ရည် လုံးဝမရှိဘဲ လက်နက်အဓိက (ဒရုန်း/လက်နက်ကြီး) ကိုပဲ အားကိုးနေကြရတာကို တွေ့ရပါတယ်။

စစ်မှုထမ်း ၂ နှစ်ပြည့်ပေမဲ့ အိမ်ပြန်ခွင့်မပေးဘဲ ရှေ့တန်းကို ဆက်လက်ပို့ဆောင်ခြင်း၊ တပ်မှ ထွက်ပြေးပါက နဖူးနှင့် ပါးပြင်တွင် "စစ်ပြေး" ဟု တက်တူးထိုးခြင်း၊ သေတွင်းကို ကိုယ်တိုင်တူးခိုင်းပြီး ရက်စက်စွာ သတ်ဖြတ်ခြင်း စတဲ့ ရာဇဝတ်မှုများကို ကျူးလွန်ကာ စစ်တပ်ဟာ အကြောက်တရားနဲ့သာ တပ်သားသစ်တွေကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေရတာဖြစ်ပါတယ်။

ကြောက်ရွံ့မှု ဖိနှိပ်မှုများနဲ့ ထိန်းချုပ်တဲ့ စနစ်ဟာ တပ်အတွင်း ပြန်လည် ရိုက်ခတ်မှု (Backfire Effect) ဖြစ်ပေါ်နေခဲ့ပြီဖြစ်ပါတယ်။ အဓမ္မ စုဆောင်းခံထားရသူတွေဟာ ရင်ဆိုင်ရမဲ့သူထက် မိမိအထက်အရာရှိကို ပိုမိုမုန်းတီးကြပါတယ်။ ဖာပွန် ခလရ (၁၉) မှာ အဓမ္မ စုဆောင်းခံရတဲ့ အသက် ၃၃ နှစ်အရွယ် လူငယ်တစ်ဦးက တပ်ရင်းမှူးကို အနီးကပ် လုပ်ကြံသတ်ဖြတ်ကာ လက်နက်များယူဆောင်ပြီး KNU ထံ အလင်းဝင်ရောက်ခဲ့တဲ့ ဖြစ်စဉ်၊ တနင်္သာရီနှင့် မော်လမြိုင်တို့မှာ အစုလိုက် အလင်းဝင်ရောက်မှုတွေ ဆက်တိုက် ဖြစ်ပေါ်လာခြင်းတို့ဟာ စစ်တပ်ရဲ့ Command & Control (ကွပ်ကဲအုပ်ချုပ်မှု) နဲ့ ပြည်တွင်း လုံခြုံရေးစနစ် ပျက်စီးသွားပြီဖြစ်ကြောင်း သက်သေပြနေပါတယ်။

ဒီအဖြစ်အပျက်တွေကို ခြုံငုံသုံးသပ်ကြည့်ရင် စစ်ကောင်စီရဲ့ စစ်မှုထမ်းစနစ်ဟာ စစ်ရေးအရ အမြတ်မထွက်ဘဲ "လမ်းပေါ်မှ ဖမ်း - ရှေ့တန်း ပို့ - ပြေးပါက သတ်/တက်တူးထိုး - မခံမရပ်နိုင်ဖြစ်၍ ပြန်လည် လုပ်ကြံ/အလင်းဝင်" ဆိုတဲ့ ပြိုလဲနေတဲ့ သံသရာပတ်လမ်းအတွင်း ရောက်ရှိနေပြီဖြစ်ပါတယ်။

အနာဂတ်မှာလည်း တပ်သားကို အရာရှိများက မယုံကြည်ရတဲ့ စိတ်ဓာတ်ရေးရာနဲ့ စိတ်ပိုင်းဆိုင်ရာ ထိတ်လန့်မှုများ ပိုမိုကြီးမားလာမှာဖြစ်ပြီး၊ ရှေ့တန်းမှာ လူသားဒိုင်းအဖြစ် အသုံးပြုခံရတဲ့ တပ်သားသစ်တွေဟာ တော်လှန်ရေး အဖွဲ့အစည်းများနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားချိန်မှာ ခုခံတိုက်ခိုက်ခြင်းထက် လက်နက်စွန့် ပုန်းအောင်းခြင်း သို့မဟုတ် ရှေ့တန်းမှ အစုလိုက် တော်လှန်ရေးအဖွဲ့များထံ ကူးပြောင်း အလင်းဝင်ရောက်မှုများနဲ့ တပ်အတွင်း အာဏာဖီဆန်မှုများ ပိုမို အရှိန်မြင့်လာပြီး အဖွဲ့အစည်းတစ်ခုလုံး စစ်ရေးအရ အစိတ်စိတ်အမွှာမွှာ ပြိုလဲတဲ့ အခြေအနေကို ဦးတည်နေပြီဖြစ်ကြောင်း သုံးသပ်ရရှိပါတယ်။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

Want your public figure to be the top-listed Public Figure in Sagaing?
Click here to claim your Sponsored Listing.

Address


Sagaing