Z Generation Technology

Z Generation Technology

Share

Today is a great day to learn something new.

Photos from VLOG BY HSU's post 23/01/2023
Photos from Technoland ICT Institute's post 20/01/2023
20/01/2023

"မာနက လိပ်ပြာလုံစေတယ် "

သင့်တို့ရဲ့တစ်ခဏ အချိန်ပေးခြင်းက
များစွာသော အသိပညာ တိုးလာစေမှာ
မလွဲဧကန်ပါ ။။။

တစ်ခါတုန်းက မြို့စျေးတစ်ခုရဲ့ဘေးမှာ
ထီးကို ဝါးလုံးနဲ့ထောက်ထားပြီး
ထီးတွေ ဖိနပ်တွေ မီးခြစ် ဂက်စ် ထည့်တာတွေလုပ်တဲ့
လူကြီးတစ်ဦးရှိတယ်..

ဒါပေမယ့် သူ့မှာ ခြေထောက်တစ်ချောင်း
ဒူးဆစ်ကနေ ဖြတ်ထားရတယ်

သူကို အားလုံးက ပေါင်တို လို့ခေါ်ကြတယ်
ဒါပေမယ့် သူကိုအဲ့လိုခေါ်လို့လည်းအပြုံးမပျက်ဘူး
သူပြောနေကြစကားတစ်ခွန်းရှိတယ်..

" မာနက ဆာလောင်နေသော ဝမ်းကို မပြည့်စေဘူး...။
မာနက လိပ်ပြာလုံစေတယ်တဲ့."..။

အပေါ်စာကြောင်းကို လူတိုင်းနားလည်တယ်..
ဒုတိယ စာကြောင်းကို တော့ ဘယ်သူမှမသိကြဘူး..
ပေါင်တိုကြီးမေးလည်း ဒီလိုပါပဲကွာလို့သာဖြေတယ်..

အဲဒီပေါင်တိုကြီးမှာ ရှစ်တန်းအရွယ်တက် နေတဲ့
သားတစ်ယောက်ရှိတယ်
သူ့ သားက ကျောင်းပိတ်ရက်တွေဆို သူ့အဖေဆိုင်ကို
သူဖွင့်ရတယ် ရတဲ့ ပိုက်ဆံကို လိုအပ်တာဝယ်ဖြည့်ပြီး
ပိုတာကို တစ်ပါတ်စာ မုန့်ဖိုးအဖြစ်သုံးရတယ် ..။

တစ်နေ့ ကျောင်းမုန့်စားဆင်းချိန်မှာ
အမြဲတမ်း ထမင်းချိုင့် ကလွဲပြီးမုန့်တွေဘာတွေ
မပါလာတတ်တဲ့ ပေါင်တိုရဲ့သားကို
ဘေးက သူငယ်ချင်းတွေကစတယ်

ဟေ့ကောင် ပေါင်တိုလေး
မင်းကွာ မုန့်လေး ဘာလေးဝယ်စားပါဦးတစ်ခါတလေ
မင်း မဝယ်ချင်လည်းပြော ငါ့တို့အညောင်းခံ ဝယ်ပေးပါ့မယ်ကွ

ငါကျောင်းလာတတ်တာပါ
မုန့်စားဖို့လာတာမှ မဟုတ်တာ
မင်းတို့ စားချင်ရင်ပြောလေ ငါဝယ်ကျွေးပါ့မယ်
ဒီမှာ ပိုက်ဆံ ရော့
ဟေ့ကောင် များလှပါလားကွ
အင်း ငါစုထားတာမို့ပါ

မင်းကွာ အတော် ကပ်စီးနည်းတာပဲကွ
မင်းမှာ ပိုက်ဆံတွေ ရှိရက်သားနဲ့
တစ်ခါမှ အဲ့လိုဝယ်မစားဘူး

ငါ့ ပိုက်ဆံက သန့်ပါတယ် အဲ့ကြောင့်မသုံးရက်တာ
ဒါ မင်းတို့လို အိမ်က လက်ဖြန့်ထောင်းထားတာ မဟုတ်ဘူးကွာ

မင်းတို့သိချင်ရင် ကျောင်းပိတ်ရက် ငါ့ဆိုင်လာခဲ့လေ
ငါ မုန့်ကျွေးပါ့မယ် စျေးထိပ်နားမှာ ပေါင်တိုဆိုင်လို့မေးလာခဲ့..

ဟေ့ကောင် ပေါင်တိုလေး ငါ့တို့ရောက်ပြီ
သားငယ် မင်း သူငယ်ချင်းတွေကို တစ်ခုခုဧည့်ခံလိုက်လေ
ဟုတ်ကဲ့ အဖေ

ဦးကျင်နွမ်း ကျွန်တော်ကို ဆီချက်လေးပွဲ
လက်ဘက်ရည် လေးခွက်ပေးပါဦး
သူငယ်ချင်းတွေလာလို့

ဟေ့ကောင်တွေစားကြ
မောင်လေး ဖိနပ်ချုပ်ချင်လို့
အော် ဟုတ်ကဲ့

အစ်မ သဲကြိုးပါ လဲဦးမလား
ဘယ်လောက်ကျမလဲ
၇၀၀ ပါ
လဲပေးပါမောင်လေး ကန်တော့နော်

ရပါတယ်ဗျာ ကန်တော့လုပ်မနေနဲ့

ကောင်လေး အန်တီထီး ဘာဖြစ်တယ်မသိဘူး
ဒီကအချောင်းလေးထွက်လာပြီ ပြန်ထည့်မရလို့
၅၀၀ ကျမယ် အန်တီ ခဏစောင့်ရမယ်

ဟေ့ကောင်တွေစားလေ
ဘာလို့လဲ

မင်းငါတို့ကိုကျွေးတာ ဒီအလုပ် လုပ်ပြီးရတာနဲ့လား
ဘာဖြစ်လို့လဲကွ

မဟုတ်ပါဘူးကွာ
မင်းလုပ်နေတာကြည့်ပြီး မစားရက်လို့
သူများတွေ ခြေမှာနင်းတဲ့ဖိနပ်လည်းမရွံ့မရှာမင်းလက်နဲ့
ကိုင်ပြီးလုပ်ရ သူများတွေကို အရိပ်ပေးတဲ့ အရာတွေကို
ချုပ်ရ ရိုက်ရနဲ့ ကွာ..

ဒီလိုပါပဲကြာ
ဒါပေမယ့် ငါလိပ်ပြာသန့်တယ်လေ
ကိုယ့်ရဲ့လုပ်အား ကိုယ့်ရဲ့အတတ်ပညာနဲ့
ငါ အလုပ်လုပ်တယ် ကျောင်းတတ်တယ်
ငါအဖေက ခြေထောက်တစ်ချောင်းမရှိဘူး
ငါ့ကို ဖိနပ်ချုပ်ပြီးကျောင်းထားပေးတယ်

ဒီလိုနားလည်စေဖို့ အတွေးမမှားစေဖို့
အမေဆိုတာ ငါမှာရှိတယ်

ငါ့အဖေ က ငါဘဝကိုအားငယ်မှာစို့လို့
အမြဲပြောပြတာရှိတယ်..

သား လောကကြီးမှာ ခြေတွေလက်တွေသန်မာဖို့ထက်
စိတ်ဓာတ်တွေကြံ့ခိုင်ဖို့ ပိုအရေးကြီးတယ်..

လူဆိုတာ နှစ်မျိုးရှိတယ်
မှန်တာလုပ်တဲ့သူရယ်
အမှားကို လုပ်နေတဲ့သူရယ်

ငါမှန်တယ်လို့ ငါ့ကိုယ်ငါခံစားရတယ်
ငါရဲ့ ရိုးသားစွာရှာဖွေရရှိမှု့အတွက် လက္မထောင်နိုင်တဲ့ မာန ငါ့မှာရှိတယ်

မာန ဆိုတာ မကောင်းဘူးလို့ပြောကြတယ်
ငါ့အဖေရဲ့ မာန က ရှင်းရှင်းလေးပဲ

ငါ ရိုးသားစွာရှာဖွေပြီးရတဲ့ ငွေကြေးအပေါ်မှာ
လိပ်ပြာသန့်သန့်နဲ့ လက္မ ရဲရဲထောင်ပြီး
ပျော်အောင် အိပ်မယ်ဆိုတာမျိုးပဲ

မင်းတို့ပြောသလို ငါကပ်စီးနည်းတယ်ပေါ့ကွာ
ငါ ကပ်စီးနည်းတာမဟုတ်ပါဘူး
သုံးစရာ မလိုသေးလို့ပါ

ငါ့အဖေက ငါ့ ကျောင်းပိတ်ရက်တွေဆိုင်မှာ
အလုပ် လုပ်ခိုင်းပြီး ရသမျှကို တစ်ပါတ်စာမုန့်ဖို့အဖြစ်ပေးတာကွ

ငါအိမ်ကို ပိုက်ဆံပြန်ပေးတိုင်းအဖေကပြောတယ်..

ငါ့သား မာန က ဆာလောင်နေသော ဝမ်းကိုမပြည့်စေဘူး
မာန က လိပ်ပြာလုံစေတယ်တဲ့..

ငါ အလုပ်မှာ မာနဆိုတာမရှိဘူး
အတတ်ပညာနဲ့ ပြောဆိုဆက်ဆံမှု့ပဲလိုတယ်

မာနက လိပ်ပြာလုံစေတယ်
ရိုးသားစွာ လုပ်ကိုင်ပြီးရတဲ့ အရာမှန်သမျှ
ကိုယ့်ဘာသာ ဖြုန်းသည်ဖြစ်စေ သုံးသည်ဖြစ်စေ
လိပ်ပြာလုံစွာ သုံးပစ်နိုင်တယ် စွန့်ကြဲနိုင်တယ်ဆိုတာ..။

အတွေး တစ်ခုခုရကြပါစေ။

Credit:
ကောင်းကင်ထက်က ကြယ်စင် {ကလေး}

11/01/2023

ဂနိုင်ကျောင်းမှ ခေါင်းလောင်းသံ
------------------------------
“ကလက် … ကလက် … ကလက်”

ခေါင်းလောင်းတို့မည်သည် ကလောင် … ကလင်ဟုသာ မြည်ရိုးထုံးစံရှိ၏။ သို့သော် ဂနိုင်ကျောင်းက ထိုးလိုက်သော ခေါင်းလောင်းသံကား ကလက်ဟု ထွက်လေသည်။ အဘယ်ကြောင့်နည်း

ခေါင်းလောင်းကြီး ကျကွဲထားသည်ကို ဘတ်ဂျက်ထုတ်မပေးသောကြောင့် အသစ်မဝယ်နိုင်၍ဖြစ်သည်။

“ကလက် … ကလက် … ကလက်”

ယနေ့သည်ကား တော၏ဘုရင်ဟု အထင်ရောက်နေသောခြင်္သေ့မင်းက ကျောင်းဖွင့်မည်ဟု ကြေညာထားသော နေ့ဖြစ်သည်။

“ငါ၏တောတွင်း တိရစ္ဆာန်အားလုံး စာတတ်ရမည် … အမိန့်တော်”

အမေရိကန်ပြည်ကြီးတွင် ကလေးတစ်ယောက်မကျန် စာတတ်မြောက်ရမည်ဟု ထုတ်ပြန်ချက်ကို ကြားဟန် တူလေ၏။ ခြင်္သေ့မင်းကလည်း အားကျမခံ ပညာရေးကြေညာချက်တွေထုတ်ကာ ကျောင်းဖွင့်ရန် ပြင်လေ သည်။

တောဘုရင် ခြင်္သေ့သည် မိမိကျောင်းကို အဆင့်မြင့်ရန်ဆိုကာ စိတ်သစ်လူသစ် တိရစ္ဆာန်ဆရာအသစ်တွေကို မွေးထုတ်ထားသည်။ ဂနိုင်ကျောင်းတွင် မျောက်ဆရာများသာ ကြီးစိုးလေသည်။

သို့သော်ကျောင်းကို လာတက်သူ ကျောင်းသားများမှာ ဆင်၊ ခြင်္သေ့၊ မျောက်၊ ငါး၊ ယုန်၊ လိပ်နှင့် သစ်ကုလားအုပ် တို့သာရှိသည်။

ဤသို့ဖြင့် ပထမအစမ်း စာမေးပွဲကြီး စစ်ချိန်ရောက်လာသည်။ စာမေးပွဲစစ်ပြီးသည့်အခါတွင် မျောက်က ပထမရသည်။ ဆင်က စာမေးပွဲကျသည်။

ဆင်ဘာကြောင့် စာမေးပွဲကျရသနည်း။ ကွန်ပလိန်းတက်လာသည်။

“ဆင်စာမေးပွဲကျရသည်မှာ သစ်ပင်တက်ခြင်းစစ်ဆေးရာ၌ မတက်တတ်သောကြောင့်ဖြစ်သည်”

သူ့ဖြေရှင်းချက်နှင့် သူတော့ဟုတ်နေသည်။ သစ်ပင်တက်ခြင်း စာမေးပွဲ၌ မျောက်က ပထမရသည်မှာ ဘာဆန်းသနည်း။ ဤသို့ဆိုလျှင် ဆင်စာမေးပွဲကျသည်မှာလည်း သင်ကြားသူ ညံ့ဖျင်းသောကြောင့်မဟုတ်။ သင်ကြားတာချင်း အတူတူ၊ ဆရာအတူတူ မစွမ်းနိုင်သဖြင့် ကျသင့်ကျထိုက်သောကြောင့်သာဖြစ်သည်ဟူ၏။

ဆင်မကြီးက သူ့သားဆင်လေးကို ပထမရစေချင်သည်။ သို့ဖြစ်ရာ သစ်ပင်တက်နည်း ကျူရှင်ကို တိတ်တိတ်လေး သွားတက်ခိုင်းသည်။ သစ်ပင်တက်နည်း သင်တန်းကို တိတ်တိတ်လေး ကျူရှင် လာတက်နေသူများမှာ ဆင်အပြင် သစ်ကုလားအုပ်လည်းပါသည်။

ဒုတိယအစမ်း စာမေးပွဲစစ်ချိန်ရောက်လာသည်။ ထိုစာမေးပွဲတွင်လည်း သစ်ပင်တက်ခြင်းကို စစ်ဆေးရာ ဆင်ရော သစ်ကုလားအုပ်ပါကျပြန်သည်။

ဒုတိယအစမ်းစာမေးပွဲတွင်လည်း မျောက်ကသာ ပထမချိတ်သည်။ သို့ဖြစ်ရာ ခြင်္သေ့မင်းကခေါ်ပြီး ဆုချသည်။

မျောက်က ပျော်လွန်းသောကြောင့် ဆုတံဆိပ်ကို လည်ပင်းတွင်ချိတ်ကာ ဟိုပင်၊ သည်ပင်ကူးပြီး ကြွားသည်။ မျောက်လုပ်ရပ်ကိုကြည့်ပြီး ဆင်နှင့် သစ်ကုလားအုပ်မိခင်များ ဆွေ့ဆွေ့ခုန်နေတော့သည်။ ထို့နောက် သူတို့ ကလေးတွေကိုလည်း ဆူတော့သည်

“အသုံးမကျတဲ့ကောင်တွေ … ကျူရှင်ကောင်းကောင်းမှာလည်း ငွေကုန်ခံပြီး ထားရသေးတယ် … မင်းတို့ ကျူရှင်မှာ သစ်ပင်တက်တာကို ကောင်းကောင်း မလေ့ကျင့်ခဲ့ဘူးလား” ဟုလည်း ဆူကြသည်။

ထိုအချိန်တွင် ငါးမကြီးကလည်း သူကလေးငါးကို ဆွဲခေါ်ပြီးရောက်လာသည်။

“လိုက်ခဲ့ မပြေးနဲ့” ဟုဆိုသည်။

ငါးသားလေးက ရုန်းသည်

“ဟဲ့ ဘာဖြစ်နေတာလဲ”

“သား ဒီကျောင်းမတက်ချင်ဘူးမေမေ”

“ဘာဖြစ်လို့လဲ”

“ဒီကျောင်းဖွင့်တာ ကုန်းပေါ်မှာ သားအသက်ရှူလို့မဝဘူး … ရေထဲကကျောင်းပဲတက်မယ်”

“ဟဲ့ သောက်ကလေး … ဒီကျောင်းက တောဘုရင်ကြီး ဖွင့်တဲ့ကျောင်းကွယ့် … ဘာမှတ်လို့လဲ … ဒီတော မှာတော့ အကောင်းဆုံးပဲ … ငါ့သားလေးကို ကျောင်းကောင်းကောင်းမှာ တက်စေချင်လို့”

ထိုအချိန်တွင် သစ်ကုလားအုပ်မကြီးက သူ့သားကို ရိုက်တော့သည်

“ကျူရှင်လည်း ပို့ရသေး … အောင်လည်းမအောင်ဘူး … သေဟ … သေဟ”

ညောင်ပင်ကြီးက မိမိအောက်တွင် ဖြစ်ပျက်နေသည်ကို မကြည့်ရက်သောကြောင့်

“ဟဲ့ ကလေးကို ဘာဖြစ်လို့ ဒီလောက်တောင် ရိုက်နေတာလဲ” ဟု အော်သည်။

“ဘာဖြစ်ရမှာလဲ စာမေးပွဲကျလို့” သစ်ကုလားအုပ်မကြီးကဖြေသည်။

“ဘာဖြစ်လို့ကျတာလဲ”

“သစ်ပင်မတက်တတ်လို့”

ညောင်ပင်ကြီးက ဆိုသည်

“အလိုကွယ် … သစ်ကုလားအုပ်မျိုးဆိုတာ သစ်ပင်တက်တတ်ဖို့ လိုသလား … သစ်ပင်ကိုကျော်ပြီး တော့တောင် လည်ပင်းကရှည်ထွက်နေသေးတာ။ သဘာဝက သစ်ပင်တက်စရာမှ မလိုတာ။ ဒါကို ဘာကြောင့် သစ်ပင်တက်စာမေးပွဲစစ်ရတာလဲ”

“ကျွန်မသားလည်း သစ်ပင်မတက်တတ်လို့ စာမေးပွဲကျတယ်ရှင့်” ဆင်မကြီးကပြောပြန်သည်

“ဟယ်ကွယ် … ဆင်ကလည်း နှာမောင်းကိုဆန့်လိုက်ရင် သစ်ပင်ကို မီနေတာပဲ … ဘာဖြစ်လို့ သစ်ပင် တက်ရမှာလဲ”

“ဒါကတော့ ခြင်္သေ့မင်းက သူ့တော၊ သူ့ကျောင်းမှာ သူ့ဘာသာသူ ရေးဆွဲထားတဲ့ သင်ရိုးပဲရှင့် … လိုက်နာ ရမှာပေါ့”

“ဒါဆိုရင်တော့ အဲဒီသင်ရိုးက မှားနေတာပဲ … ဒီသင်ရိုးက တိရစ္ဆာန်တိုင်းအတွက် မဟုတ်ဘူး … မျောက်အတွက် သီးခြားရေးထားသလိုဖြစ်နေတာ” ဟု ညောင်ပင်ကြီးကပြောသည်။

ထိုအချိန်တွင် စာမေးပွဲကျသူများ စုဝေးလာကြသည်

“အေးကွယ် မင်းတို့ ဒီကျောင်းကို လာထားတာကိုက မှားနေတာပဲ။ မျောက်တွေအတွက် သီးခြား ပစားပေးထားတဲ့ သင်ရိုးမှာ ငါးလည်း စာမေးပွဲကျမှာပဲ၊ ယုန်လည်းကျမှာပဲ၊ လိပ်လည်းကျမှာပဲ။ မင်းတို့က သစ်ပင်မှ မတက်နိုင်တာလေ။ စာမေးပွဲကလည်း သစ်ပင်တက်ခိုင်းတဲ့ စစ်ဆေးတာပဲ လုပ်မှာ … ဒီတော့ စာမေးပွဲတိုင်းမှာ မျောက်တွေပဲ ပထမရမှာပဲ”

ငါးသားလေးက ဆိုသည်

“သားက ရေထဲကျောင်းတုန်းက ရေကူးပြိုင်ပွဲမှာ ပထမရခဲ့တာ”

“ဟုတ်တာပေါ့ … ရေထဲမှာတော့ သားက ပထမလေ … ကုန်းပေါ်ကို ကျောင်းလာထားတဲ့ သားတို့ မိခင်တွေ ကိုက မှားနေတာ … ခြင်္သေ့က နင်တို့ကိုစေတနာရှိလို့ ကျောင်းဖွင့်ထားတာမှ မဟုတ်တာ။ သူ့ကျောင်းမှာ တိရစ္ဆာန်တွေ အများကြီးလာတက်တယ်ဆိုတာ ဂုဏ်ယူချင်တာ”

“အဲဒီတော့ ညောင်ပင်ကြီးရယ် ဘယ်လိုလုပ်ရမလဲ”

“သစ်ပင်တက်နည်းပဲ သင်တဲ့ကျောင်းမှာ သစ်ပင်တက်စရာ မလိုတဲ့သူတွေ လာတက်စရာ မလိုဘူးကွ … ဆင်က ခွန်အားကိုဖြစ်စေတဲ့ သစ်ပင်လှဲတာကို ကျွမ်းကျင်အောင် လေ့ကျင့်ပေးတဲ့ကျောင်းကိုသွား … သစ်ကုလားအုပ်က အပြေးမြန်အောင် လေ့ကျင့်ပေးတဲ့ကျောင်းကိုသွား … ငါးရယ် … လိပ်ရယ်ကလည်း ရေထဲမှာ စိုးမိုးနိုင်အောင် လေ့ကျင့်ပေးတဲ့ ကျောင်းကိုသွားကြ”

ထိုအချိန်တွင် ဂနိုင်ကျောင်းအုပ်ကြီးက ခေါင်းလောင်းကွဲကို ဆက်ခေါက်သည်

“ကလက် … ကလက် … ကလက်”

“ကျောင်းတက်ပြီဟေ့ … ကျောင်းထဲကို လာကြလော့”

စာမေးပွဲကျသည့် ကလေးတွေက ထွက်ပြေး၊ သူတို့မိခင်တွေကလိုက်ဖမ်း၊ တစ်တောလုံး ဗြောင်းဆန်နေတော့သည်။

(Jungle School ကို ကိုးကား၍ မြန်မာမှုပြုပါသည်)

တင်ညွန့်

၁၁.၁.၂၀၂၂

06/01/2023

“ပညာရေး စိတ်ပညာ” Educational Psychology." (အပိုင်း-၁)

▪️ပညာရေး မိတ်ဆက် ” Introduction to Education▪️

“ပညာရေးစိတ်ပညာ(Educational Psychology) ”သည် “ပညာရေး”ဟုခေါ်သော “လူမှုဖြစ်စဉ်” နှင့် “စိတ်ပညာ” ဟု ခေါ်ဆိုသော “အပြုအမူဆိုင်ရာ သိပ္ပံတို့ကို” ပေါင်းစပ်ထားခြင်းဟု ယျေဘုယျအားဖြင့် နားလည်နိုင်ပါသည်။ လူသားတို့၏ သင်ယူမှု၊သင်ကြားမှု ဖြစ်စဉ်ဆိုင်ရာ အမူအကျင့်များကို သိပ္ပံနည်ကျ လေ့လာသော ပညာရပ်တစ်ခုဟု ဆိုနိုင်သည်။

ပညာရေးစိတ်ပညာ၏ သဘောသဘာဝကို ပြည့်စုံစွာမလေ့လာမီ “ပညာရေး” ၏အဓိပ္ပါယ်နှင့် “စိတ်ပညာ” ၏အဓိပ္ပါယ်ကို ဦးစွာဆန်းစစ်ရန်လိုအပ်၏။ “ပညာရေး”၏ အဓိပ္ပါယ်ကို ခေတ်အဆက်ဆက်အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုခဲ့ကြသည်။

=ပညာရေး Education ဟူသည်=

​ပညာရေး Education သည် လက်တင်ဘာသာစကာဖြစ်သည့် “Educare” မှ ဆင်းသက်လာခြင်းဖြစ်သည်။ ဦးဆောင်ဦးရွက်ပြုခြင်း ဟုအဓိပ္ပါယ်ရသည်။ (၁၆) ရာစုအရောက်တွင် မူရင်းလက်တင်ဘာသာစကားဖြစ်သည့် “Educare” နှင့် အင်္ဂလိပ်ဘာသာစကားဖြစ်သည့် “Educate” တို့ကိုပေါင်း၍ “Education” ဟုဖြစ်လာခြင်းဖြစ်သည်ဟု ဘာသာစကားပညာရှင်တို့၏ သုတေသနပြုချက်များအရသိရသည်။

“စစ်မှန်သောပညာရေးဟူသည် ဦးနှောက်နှင့် နှလုံးသားကို လေ့ကျင့်ပျိုးထောင်ပေးခြင်းဖြစ်သည် “ A True Education is Training of both heart and head. ဟု ရိုးရှင်းစွာ နားလည်နိုင်ပါသည်။ စစ်မှန်သော ပညာရေးကသာ လူတို့၏ အပြောအဆို၊အနေအထိုင်၊ အမူအကျင့် စသည်တို့ကို တိုးတက်ကောင်းမွန်လာအောင် ဦးနှောက်နှင့် နှလုံးသား Heart နဲ့ Head ကို ဟန်ချက်ညီစွာ လေ့ကျင့်ပြုပြင်သင်ကြားပေးခြင်းမျိုးဖြစ်သည်။

​တနည်းဆိုရလျှင်ကား သင်ယူမှုကို လွယ်ကူထိရောက်စေရန် ပံ့ပိုးပေးသော လုပ်ငန်းစဉ် (သို့မဟုတ်) အသိပညာ ဗဟုသုတများ၊ တွေးခေါ်ခြင်ဆင်နိုင်စွမ် းများ၊ စွမ်းရည်များ၊ စံ တန်ဖိုးများ၊ ယုံကြည်မှုများ၊ အလေ့အကျင့်ကောင်းများ ၊ ကိုယ်ကျင့်တရားများ ရရှိတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သည့် လုပ်ငန်းစဉ်ပင်ဖြစ်ပါသည်။

ဗုဒ္ဓဘာသာရှုဒေါင့်အရ ပညာသာအလွန်အရေးပါ၏။ ပညာကိုသာ အထွဋ်အထိပ်ထား၏။ “လောက၌ ပညာနှင့်တူသော အရောင်အလင်းမရှိ” ဟုပင် မိန့်ဆိုထား၏။ ဘဝတစ်သက်တာတွင် သွားလာလှုပ်ရားရာ၌ ပညာတည်းဟူသော အရောင်အလင်းမရှိလျှင် ညအမှောင်လမ်းလျှောက်ရသကဲ့သို့ ခရီးလည်းမတွင်၊ ခရီးလည်း ဖြောက်တန်းမည်မဟုတ်ပေ။ ပညာ၏ တန်ဖိုးကြီးပုံ အားကြီးပုံများကို ပြဆို ထားသည့် ဒေသနာကျမ်းစာများ လည်း မြောက်မြားစွာရှိ၏။

အဖရိကအမျိုးသားခေါင်းဆောင်ကြီး နယ်ဆင်မင်ဒဲလား Neson Mandela က ပညာရေးဆိုသည်မှာ ကမ္ဘာကြီးတစ်ခုလုံးကို ပြောင်းလဲပစ်နိုင်သည်အထိ အစွမ်းထက်သော လက်နက်တစ်ခု ဖြစ်သည်။ Education is the most powerful which you can use to change the world. ဟု ဆိုခဲ့သည်။

မှန်ပါ၏။ ပညာဖြင့်သာ မိမိကိုယ်ကိုယ်နှင့် မိမိပတ်ဝန်ကျင် မိမိရပ်ရွာ၊ မိမိကမ္ဘာကို အကောင်းဘက်ရော က်အောင် ပြောင်းလဲနိုင်မည်ဖြစ်ပါသည်။ အခြားနည်းကား မရှိပါပေ။ အခြားနည်းဖြင့် ပြောင်းလည်းလို့ရလျှင်လည်း မူမမှန်သော ပြောင်းလဲခြင်းမျိုး၊ အကောင်းဘက်ကို ဦးမတည်သော၊ တာရှည်မခံသော ပြောင်းလဲခြင်းမျိုးသာဖြစ်မည် ဖြစ်ပါသည်။

​ပညာတရား၏ ကျေးဇူးကြောင့် ဘဝနှင့် ကမ္ဘာကြီးတိုးတက် ပြောင်းလဲရေးအတွက် အရေးပါသည့် အောက်ပါ အကျိုးကျေးဇူး(၁၀) ချက်ကိုလည်း ရရှိနိုင်ပါသည်။

​၁။ ဆင်းရဲမွဲတေမှုကို လျော့ချနိုင်ခြင်း။ (Poverty reduction)

​၂။ ဝင်ငွေတိုးတက်လာခြင်း။ (Higher income)

​၃။ ဆင်းရဲ၊ချမ်းသာ စသည့်တန်းတူညီမျှမှုကို အထောက်အကူဖြစ်စေခြင်း။ (Promotes equality)

​၄။ ကျန်းမာရေးအသိရှိစေပြီး အကျိုးဖြစ်ထွန်းစေခြင်း။ ( Health benefits)

​၅။ စီးပွားရေတိုတက်းလာခြင်း။ (Economic growth)

​၆။ မှုခင်းများ ကျဆင်းစေခြင်း။ (Discourages crime)

​၇။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရမှန်း သိမြင်လာခြင်း။ (Environmental benefits)

​၈။ ကျား၊မ ဆိုင်ရာ အကြမ်းဖက်မှုများကို လျော့ချနိုင်ခြင်း။ (Reduces gender- based violence.

​၉။ အရွယ်မတိုင်မီ လက်ထပ်ခြင်းကို လျော့ချနိုင်ခြင်း။ (Reduces child marriage)

​၁၀။ မိခင်နှင့် ကလေးသေဆုံးနှုန်းကို လျော့ချနိုင်ခြင်း။ (Reduces maternal death rates)

အဘက်ဘက်က တိုးတက်စေရန်အတွက် ပညာရေးသည် -

​“တန်ဖိုးထားမှုကို အခြေခံသည့် ပညာရေး” Values- based education ဖြစ်ရန်နှင့် “လူမှုကျင့်ဝတ် ကိုယ်ကျင့်တရားကို အခြေခံသည့် ပညာ ” Moral Based Education. “သတိတရားကို အခြေခံသည့် ပညာရေး” Mindful Based Education တို့သည် အထူးလိုအပ်ပါသည်။

ထိုပညာရေး ဖြစ်ရန်အတွက် ကျင့်ဝတ်၊စည်းကမ်းများ၊စာရိတ္တနီတိများ၊ ကိုယ်ချင်းစာတရားများ၊ သတိတရားများ၊ နားလည်မှုများ တိုးတက်ရရှိအောင် သင်ကြားပေးရမှာဖြစ်ပါသည်။

​ထို့အပြင် “အရည်အသွေးကို အခြေခံသည့် ပညာရေး ” Competency – based education ဖြစ်ရန်နှင့် “ကျွမ်းကျင်မှုကို အခြေခံသည့် ပညာရေး ” Skill based education ဖြစ်ရန်လည်း အထူးလိုအပ်လှပါသည်။

​ထိုအရည်အသွေးနှင့် ကျွမ်းကျင်မှုများရရှိရန်အတွက် “တွေးခေါ်ဆင်ခြင်နိုင်မှုနှင့် ပြဿနာဖြေရှင်းနိုင်မှုစွမ်းရည်” Critical Thinking & Problem Solving Skills ဖန်တီးတီထွင် ကြံဆနိုင်မှုစွမ်းရည် “Creativity and Innovation Skills” နှင့် “ပူးပေါင်းဆောင်ရွက်နိုင်မှုစွမ်းရည်များ” Collaboration Skills . “ဆက်ဆံပြောဆိုမှုဆိုင်ရာဆွမ်းရည်” Communication Skills များ တိုးတက်ရရှိအောင် သင်ကြားလေ့ကျင့်ပေးရမှာဖြစ်ပါသည်။ နောက်အခန်းများတွင် ထိုစွမ်းရည်များ တိုးတက်အောင် မည်သို့ သင်ကြားပေးရမည်ကို အကျယ်ရေးသားပေးမည် ဖြစ်ပါသည်။

စိတ်ပညာရှုဒေါင့်အရ ပညာရေးဆိုသည်မှာ “လူတို့၏ အပြုအမူ ပြောင်းလဲသည့် ဖြစ်စဉ် ”Process of changing Human Behaviour လူမှုဖြစ်စဉ်ဟု အဓိပ္ပါယ်သက်ရောက်သည်။
ပညာရေးကို “လူမှုဖြစ်စဉ်” ဟု ယူဆသည်ဟုဆိုရာ၌ လူသားတစ်ဦးသည် လူမှုဆက်ဆံရေးနယ်ပယ်တွင် ဝင်ဆန့်စေခြင်းနှင့် ယဉ်ကျေးမှု၊ဓလေ့ထုံးစံများ၊ ဥပဒေများ၊ ဘာသာရေး ယုံကြည်ချက်များ၊ ဘာသာစကားများနှင့် လူမှုဆက်ဆံရေး ဓလေ့ထုံးစံများကို လူူ့ဘောင်လောက၏ မျိုးဆက်တစ်ဆက်မှ တစ်ဆက်သို့ ဆက်နွယ်ချိတ်ဆက်ပေးခြင်းတို့ ပါဝင်သည်။

ပညာသင်ယူသူတစ်ဦးသည် ပညာသင်ယူခြင်းမပြုမီက မရရှိခဲ့သော အတွေး အခေါ်များ၊ လုပ်ကိုင်ဆောင်ရွက်မှုများ၊ အလေ့အကျင့်များ၊ စိတ်ဝင်စားမှုများ၊ ပြဿနာဖြေရှင်းနည်းများ၊ သုံးသတ်ဆင်ခြင်နည်းများ၊ ကျွမ်းကျင်မှုများကို ပညာသင်ယူပြီးသည့်အခါ ရရှိမည်ဖြစ်သည်။

ဤသို့ ရရှိခြင်းကိုပင် “အပြုအမူ ပြောင်းလဲသည့်ဖြစ်စဉ်” ဟုု သတ်မှတ်ခြင်းဖြစ်၏။ အပြုအမူကို ယေဘုယျအားဖြင့် နယ်ပယ်(၃)ရပ်ဖြင့် ခွဲခြားသတ်မှတ်ထားလေ့ရှိသည်။

ယင်းတို့ကား-

​၁။ သိမှုနယ်ပယ် Congitive Domain.

​၂။ ခံစားမှုနယ်ပယ် Affective Domain.

​၃။ ကျွမ်းကျင်မှုနယ်ပယ် Psychomotor Domain. တို့ဖြစ်သည်။

လူ့အပြုအမူဆိုရာ၌ မြင်စေ့ဖြင့် တွေ့မြင်နိုင်သည့် လှုပ်ရှားမှုများ၊ အပြုအမူများသာ မကဘဲ စိတ်နှင့် ကိုယ်တွင်းလှုံ့ဆော်မှုများကြော င့်
သော်လည်းကောင်း ၊ ပြင်ပ ပတ်ဝန်းကျင်မှ လှုံ့ဆော်မှုများကြောင့်သော်လည်းကောင်း ဖြစ်ပေါ်လေ့ရှိသည့် အပြုအမူများကိုပါ ဆိုလိုခြင်းဖြစ်သည်။


"ဓမ္မဝီရ ဒေါက်တာအရှင်တေဇနိယ"

➖ခုခိတာဟောထ၊ ဒုက္ခာ မုစ္စထ - ချမ်းသာဟူသမျှ ပြည့်စုံကြပါစေ၊ ဆင်းရဲမှန်သမျှ ကင်းဝေးကြပါစေ➖

31/12/2022

မြန်မာပြည်သူပြည်သားများ 🤟🤟🤟
မျှော်မှန်းထားသောဆန္ဒနှင့် 🌈🌈🌈
ထပ်တူထပ်မျှ ကျစေသော
နှစ် တစ်နှစ်ဖြစ်ပါစေကြောင်း
ဆုမွန်ကောင်းတောင်းလိုက်ပါသည်။🙏🙏🙏🙏

28/12/2022

ပညာရေးလို့ပြောလိုက်တာနဲ့ ဘွဲ့ ဆိုတဲ့အရာကြီးနဲ့ တွဲမြင်နေတဲ့ အယူအဆ အမှားကြီးတွေကို ဖျောက်ပစ်ရမယ်။

အထူးသဖြင့် ကျွန်တော်တို့မြန်မာနိုင်ငံမှာဆို ဒီယဥ်ကျေးမှုကြီးက ​အတော်လေး လွှမ်းမိုးမှုရှိတယ်။

ဘွဲ့ရမှ ပညာတတ်ဆိုတဲ့ အယူအဆအမှားကြီးကို internet ရှိရင် ကြိုက်သလို လေ့လာလို့ရနေတဲ့ ခေတ်ကြီးမှာ လက်ခံဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တော့ဘူး။

အမှတ်မမှီလို့ဆိုပြီး ကိုယ်ငယ်ငယ်ကတည်းက မက်ခဲ့ရတဲ့ အိမ်မက်တွေကလည်း internet တွေရဲ့အကူညီကြောင့်အလှမ်းမဝေးတော့ဘူး။

​ဒါ​ကြောင့် ပညာရေးကို ပြောင်းလဲရမယ်ဆိုပြီး ထိုင်အော်နေမနေပါနဲ့ ပြောင်းလဲဖို့က အဝေးကြီးလိုပါ​သေးတယ်။

ပညာသင်ခြင်းရဲ့ ရည်ရွယ်ချက်အစစ်အမှန်ကို သေချာသိအောင် လုပ်သင့်တယ်။

ဘွဲ့တွေယူ လက်မှတ်တွေယူ ပြီး လက်တွေ့မှာကိုယ်က တစ်ခုမှ အသုံးမပြုဘူးဆို အိမ်မှာစက္ကူတွေပိုလာတာပဲ အဖတ်တင်လိမ့်မယ်။

ဒါကြောင့် ပညာရေးကို ကျောင်းတွေတက်ပြီး " ဘွဲ့ " တွေရတာလို့ မြင်တဲ့အမြင်တွေ တစ်ဦး​တစ်ယောက်ချင်းအနေနဲ့ ပြောင်းလဲသင့်တယ်။

ဘွဲ့ရပြီးပညာမတတ်တဲ့ သူတွေများတော့ ဘာထူးမှာလဲ..?
အခုထူးနေပြီလေ..........

လောကမှာ ဘယ်ပညာရပ်မဆို နေရာဒေသလိုအပ်ချက် အပေါ်မူတည်ပြီး သူ့တန်ဖိုးနဲ့သူရှိပြီးသားပါ။ ပညာရပ်တိုင်းကို တန်ဖိုးထားတတ်တဲ့ စိတ်ရှိရမယ်။

ဟိုပညာရပ်ကမကောင်းဘူး ဒါကကောင်းတယ် ဘောင်ခက်နေလို့မရပါဘူး။

တိုင်းပြည်တစ်ခုရဲ့ အနာဂတ်က ကောင်းမွန်တဲ့ ပညာရေးစနစ်ကနေ မွေးထုတ်ပေးလိုက်တဲ့ ပညာတတ်တွေပဲ။

စနစ်က အားကိုးလို့မရတော့ ဘာဖြစ်တာမှတ်လို့ ကိုယ့်မှာ
စဥ်းစားတွေးခေါ်တတ်တဲ့ ဉာဏ်ရှိနေတာပဲ ။ ကိုယ်ရဲ့ အနာဂတ်အတွက် ကိုယ်တိုင် စနစ် တစ်ခုချထား လို့တောင်ရသေးတယ်။

အခုနောက်ပိုင်း ​တွင်တွင်ကျယ်ကျယ်သုံးလာတဲ့ Self Education ဆိုတာမျိုးတွေပေါ့......

Nelson Mandela ပြောခဲ့သလို-
ပညာရေးဆိုတာ ကမ္ဘာကြီးကိုပြောင်းလဲဖို့ အကောင်းဆုံးလက်နက် တစ်ခုပါတဲ့။ ပညာရေးကို တန်ဖိုးထားတတ်စေချင်မိတယ်.......

Htet
တိမ်မြုပ်နေတဲ့ ဦးနှောက်စွမ်းပကားကို လှုပ်နှိုးလိုက်ပါ

28/12/2022

Update: The maximum number of participants for this conversation class has been reached and registration is now closed.

သတ်မှတ်ထားသောလူဦးရေ ပြည့်သွားပြီ ဖြစ်သောကြောင့် လျှောက်လွှာများ ပိတ်လိုက်ပြီဖြစ်ပါသည်။

# # #

ဟဲလို... ဒီတစ်ပတ်ရဲ့ conversation class ကို တက်ရောက်ဖို့ အဆင်သင့်ဖြစ်ပြီလား။

ဤအတန်းမှာတော့ ခေါင်းဆောင်မှု အရည်အချင်း စွမ်းရည်တွေအကြောင်း ပြောဆိုဆွေးနွေးကြရင်းနဲ့ 'relative pronouns' တွေကို လေ့လာကြရမှာဖြစ်ပါတယ်။

Zoom အပလီကေးရှင်းမှတစ်ဆင့် ပြုလုပ်မှာဖြစ်ပြီး လာမယ့် သောကြာနေ့ ဒီဇင်ဘာလ (၃၀)ရက် နေ့ မနက် ၁၀နာရီခွဲမှ ၁၂နာရီထိ တစ်ချိန်၊ နေ့လည် ၁နာရီခွဲမှ ၃နာရီထိ တစ်ချိန် စုစုပေါင်း အတန်းချိန် ၂ချိန်ရှိမှာဖြစ်ပါတယ်။ သင်တန်းတစ်ချိန်ကို အ‌ယောက် ၅၀ ပဲတက်ရောက်ခွင့်ရမှာဖြစ်လို့ သတ်မှတ်လူဦး‌ရေ မပြည့်ခင် စာရင်းပေးသ္ငင်းဖို့တော့လိုမယ်နော်။

မနက်အတန်းအတွက် စာရင်းပေးရန်: https://bit.ly/3FSV1vc

နေ့လည်အတန်းအတွက် စာရင်းပေးရန်: https://bit.ly/3Wi7eAi

စာရင်းပေးသွင်းခဲ့ပြီး ကြာသပတေးနေ့ညနေအထိ အကြောင်းကြားသည့်အီးမေးလ် နှင့်အတူ Zoom link ကိုပြန်လည်မရရှိခဲ့ဘူးဆိုရင် အီးမေးလ် Spam folder ကိုလည်း ဝင်ရောက်စစ်ဆေးပေးဖို့မမေ့နဲ့ဦးနော်။ အခက်ခဲတစ်စုံတစ်ရာရှိပါက AEM-Parami ရဲ့ အီးလ်မေး [email protected] နှင့် ဖုန်းနံပါတ် ၀၉-၇၈၇၉၈၈၇၄၀ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

အင်္ဂလိပ်ဘာသာစကား နားလည်မှုစွမ်းရည် အပြောစွမ်းရည်တွေကို ပိုမိုတိုးတက်လာစေဖို့၊ စကားလုံးအသစ်တွေကို သင်ယူနိုင်ဖို့အတွက် AEM-Parami မှ အခမဲ့ စီစဉ်ပေးထားသော ဤ conversations classes များသည် အရွယ်ရောက်ပြီးသော ဘာသာစကားလေ့လာသူများအတွက် ရည်ရွယ်ပါသည်။
....

Are you ready to register for this week's conversation class?

The topic for this Friday is “Leadership + Relative Pronouns.” The class will be this Friday, December 30, via Zoom. There will be two sessions for each class, 10:30 a.m. to 12:00 p.m. and 1:30 p.m. to 3:00 p.m. We offer only 50 slots for participants per session. Please register before seats run out.

Register for the morning session here: https://bit.ly/3FSV1vc

Register for the afternoon session here: https://bit.ly/3Wi7eAi

If you have registered and haven’t received an email with the zoom link by Thursday evening, please don’t forget to check the spam folder in your email inbox. If you have any questions, please contact admissions by email at [email protected] or by phone at 09787988740 during office hours.

(AEM-Parami ELI program is holding weekly free conversation classes for our students who want to use and improve their speaking and listening skills, and these classes are designed for adult language learners and are not ideal for those under 16 years old.)

28/12/2022

ပညာရေးဆိုတာ ရပ်မနေပါ
-------------------------
တစ်ကမ္ဘာလုံး ကပ်ဘေးကြောင့် ပညာရေး နောက်ကျနေပြီဆိုပြီး ထိုင်ညည်းနေကြမှာလား၊ အဖြေရှာကြမှာလား။

ကမ္ဘာ့ပညာရေးက အွန်လိုင်းပေါ် ရောက်သွားပြီ။ အိန္ဒိယနိုင်ငံက ပိုက်ဆံရှိတဲ့မိဘတွေက သူတို့ သားသမီးတွေ အတွက် အွန်လိုင်းကနေ ပညာသင်ပေးနိုင်မယ့် ဆရာတွေကို ရှာနေကြတယ်ဆိုတဲ့သတင်း LiveMint မှာ ဖတ်လိုက် ရတယ်။ ပိုက်ဆံရှိသူတွေ စုပြီးတော့ အွန်လိုင်းကနေ နိုင်ငံတကာက ပညာရှင်တွေကို ဖိတ်ခေါ်ကာ ၁၀ ယောက် သင်တန်း၊ ၁၅ ယောက်သင်တန်းလေးတွေနဲ့ လုပ်နေကြတာတဲ့။

စင်ကာပူကလည်း အွန်လိုင်းပညာရေးဈေးကွက်ထဲကို ထဲထဲဝင်ဝင် ရောက်လာတယ်။ ပညာငတ်နေတဲ့ ကျောင်းသားတွေနဲ့ ပိုက်ဆံပေါနေတဲ့ မိဘတွေအတွက် အထူးပညာရေးသင်တန်းတွေကို အွန်လိုင်းကနေ ကမ္ဘာကျော် ပါမောက္ခကြီးတွေနဲ့ ပို့ချနိုင်အောင် ကြားခံဆက်သွယ်ပေးကာ စီးပွားရှာနေပြီ။

“ပညာရေးက ကျောင်းတွေ ဘယ်အချိန်ဖွင့်မလဲဆိုတာကို စောင့်နေရမှာ မဟုတ်တော့ဘူး။ ကိုယ်လိုချင်တဲ့ ပညာကို ကိုယ်ကြိုက်တဲ့အချိန်မှာ သင်ကြားနိုင်တဲ့ အနေအထားတစ်ခုကို ရွေးချယ်နိုင်ဖို့ အချိန်ရောက်လာပြီ။ ကပ်ရောဂါဘေးက ဘယ်အချိန်အထိ ဖြစ်နေမယ်ဆိုတာ မသိနိုင်ဘူး။ အွန်လိုင်းကနေ ကလေးတွေကို သင်ခိုင်း၊ လေ့လာခိုင်းရတာ နိုင်ငံခြားမှာ ကျောင်းသွားထားရတာထက်တောင် သက်သာနေသေးတယ်။ ဒါကြောင့် အိမ်က သားကို အွန်လိုင်းကပဲ ကျောင်းတက်ခိုင်းနေတာ ၆ လတောင်ရှိနေပြီ” လို့ အိန္ဒိယနိုင်ငံက လုပ်ငန်းရှင် ဖခင်တစ်ဦးက ပြောတယ်။

အွန်လိုင်းပေါ်ကနေ အင်ဂျင်နီယာ၊ ဘာသာစကား၊ နည်းပညာတွေကို လေ့လာလိုက်စားနေကြသူတွေထဲမှာ တရုတ် လေးတွေလည်း အကဲဆုံးပဲလို့ သိရတယ်။ အိန္ဒိယနဲ့ တရုတ် အင်အားကြီး နိုင်ငံကြီး နှစ်နိုင်ငံမှာ နေထိုင်ကြတဲ့ ကလေးတွေဟာ သူတို့ဘဝအတွက် ပညာသည်သာ အားကိုးရာအဖြစ် ခံယူထားကြတာများတယ်။

အိန္ဒိယက ကလေးတွေဆိုရင် ဆင်းရဲတွင်းက လွတ်ကင်းအောင် ပညာတတ်အောင် ကြိုးစားရမယ်ဆိုတာ ဘဝပေး ခံယူချက်လို နားလည်ထားကြတယ်။ အိန္ဒိယသားတွေ ကမ္ဘာပတ်ပြီး နည်းပညာနဲ့ အင်ဂျင်နီယာလုပ်ငန်းတွေမှာ တွင်ကျယ်နေကြတာ မျက်မြင်လက်တွေ့ဖြစ်နေကြတာပဲ။

ကမ္ဘာက အဖြေရှာနေတဲ့ပညာရေးကတော့

A.I (Artificial Intelligence)

A.R (Augmented Reality) တွေပါပဲ

A.I ဆိုမှတော့ ကွန်ပျူတာ ပါလာပြီ။ ကွန်ပျူတာတွေနဲ့ အရာရာကို၊ လုပ်ငန်းတိုင်းကို၊ နေရာတိုင်းကို ထိန်းချုပ်နိုင်မယ့် နည်းပညာပေါ့။ ခေတ်က ကွန်ပျူတာခေတ်လို့တောင် ပြောလို့မရတော့ဘူး။ ခေတ်နောက်ကျ ကျန်ခဲ့ပြီ။ အင်တာနက်ခေတ်လို့ ပြောရမှာ။ ဒါကြောင့် ကွန်ပျူတာတွေ၊ အင်တာနက်တွေကို မယုံကြည်ရင် ပညာရေးအကြောင်း လာမပြောနဲ့တော့လို့ ပြောရမယ့်ခေတ်ဖြစ်နေပြီ။

ပညာရေးမှာ A.R ကိုထည့်သွင်းပြီး သင်ကြားဖို့ဆိုတာတော့ သူများနိုင်ငံတွေမှာ လှုပ်ရှားတာ ကြာပါပြီ။ ကလေးတွေကို စာတွေ့ထက်၊ လက်တွေ့ကျကျ သင်ပြနိုင်အောင် ကြိုးစားတဲ့ပညာပေါ့။ ရုပ်တွေ၊ အသံတွေကို အစစ်အမှန်အတိုင်း မြင်နိုင်၊ ကြားနိုင်၊ ရောက်နိုင်အောင် သင်နေတာကိုပြောတာ။

ကလေးတစ်ယောက်ဟာ ကွန်ပျူတာတွေ အင်တာနက်တွေနဲ့ ရင်းနှီးသွားပြီဆိုရင် A.I တို့ A.R တို့ဆိုတာတွေဟာ သိပ်ပြီးတော့ အခက်အခဲမရှိတော့ပါဘူး။

အင်တာနက်ဆိုတာ ကိုယ်လိုချင်တဲ့ပညာကို ရှာဖွေနိုင်ဖို့ အကောင်းဆုံးနေရာဆိုတာ သိအောင်၊ မြင်အောင် သင်ပေး၊ လမ်းညွှန်ပေးနိုင်တဲ့ ပညာရေးစနစ်မျိုးတွေဟာ အနာဂတ်မှာ ခေတ်စားလာတော့မှာ။

အတန်းပညာကို ကျောင်းတွေကသာ သတ်မှတ်ပေးရမည်ဆိုတဲ့ ဥပဒေတွေကို ဖြေလျှော့ပေးလိုက်မယ်

အစိုးရက ကြိုက်သလိုသတ်မှတ်တဲ့ စာမေးပွဲဆိုတာကို ကွန်ပျူတာပေါ်က ဖြေနိုင်မယ်

ကြိုက်တဲ့အချိန်၊ ကြိုက်တဲ့နေရာကနေ လှမ်းဖြေမယ်။ ကွန်ပျူတာတွေ စီစဉ်ပေးထားမယ်။ ဖြေပြီး နာရီပိုင်း သာစောင့် အောင်စာရင်းက ထွက်လာမယ်။ ကျရင် ပြန်လည်ကြိုးစားခွင့်ရှိတယ်

သင်ချင်တဲ့ဆရာနဲ့သင်၊ သင်ချင်တဲ့ နေရာမှာသင်၊ အိမ်မှာသင်သင်၊ အလုပ်မှာသင်သင် ပြဿနာမဟုတ်ဘူး။ တကယ်လက်တွေ့ နားလည်လာဖို့၊ တတ်လာဖို့၊ စစ်ဆေးမှုတွေကို ဖြေနိုင်ဖို့ပဲလိုတယ်။

အနာဂတ်ပညာရေးကို အစဉ်အလာ ကျောင်းသွား၊ အတန်းတက်ဆိုတာထက် ကျောင်းမသွားဘဲ ဖြေရှင်းနိုင်တဲ့ နည်းတွေကို ကြိုးစား ကြံဆနေကြတာတွေပါ။
ဒီနည်းတွေဟာ အသစ်အဆန်းတွေတော့ မဟုတ်ပါဘူး။ ရှိပြီးသားတွေပါ။ ရှိပြီးသားတွေကို အစဉ်အလာ ကျောင်း ပညာရေးတွေက လွှမ်းမိုးထားတော့ နေရာမရသေးတာ။

ဒါကြောင့် ကပ်ရောဂါဘေး ဖြစ်နေတဲ့ကာလတွေမှာ အေးအေးဆေးဆေးနဲ့ ကမ္ဘာ့ပညာရေးကို လက်လှမ်းမီအောင် ကြိုးစားပြီး အလုပ်အကိုင်အခွင့်အလမ်းတွေအတွက် အသင့်ဖြစ်နေသူတွေလည်း အများကြီးဆိုတာ သိထားကြ စေလိုပါတယ်။

ကပ်ရောဂါဘေးကြောင့် ပညာရေးကြီးက ရပ်တန့်နေပြီလို့ ပြောနေတာ မယုံကြပါနဲ့

သူ့သဘောနဲ့သူ လှုပ်ရှားနေကြတာတွေလည်း အများကြီးပါ

ပြောင်းလဲနေတဲ့ ခေတ်ကြီးကို အမီလိုက်နိုင်ဖို့ ကွန်ပျူတာတွေ အင်တာနက်တွေကို ငါတို့ မသိထားလို့ မဖြစ်တော့ဘူး ဆိုတာလည်း ဆရာ၊ ဆရာမတို့ သတိထားကြပါ။

(Ref: Investopedia, India Today)

Photo Credit : Thought Co.)

တင်ညွန့်

၂၈.၁၂.၂၀၂၀

28/12/2022

ကျောင်းဆရာဖြစ်ခြင်း အနုပညာ

၁။ ပညာရေးသဘောတရား
(Educational Theory)
သဘောတရားမပါတဲ့ ပညာရေးဟာ အကန်းနဲ့တူသတဲ့။ အကန်းဟာ သူထင်ရာ လျှောက်သွားတာပဲ။ လမ်းမှားနိုင်တယ်၊ ချောက်ထဲ ကျင်းထဲကျနိုင်တယ်၊ အန္တရာယ်များပါတယ်။ အဲဒီအကန်းက ခေါင်းဆောင်နေရာရောက်နေရင်တော့ နောက်လိုက်တဖွဲ့လုံးဟာ ဒုက္ခတွေ၊ အန္တရာယ်တွေ များတော့မှာပါ။

ပညာရေးသီအိုရီတွေ သိဖို့မလိုဘူး၊ အထူးထုတ်နဲ့မှတ်စုရှိရင် ကျောင်းဆရာလုပ်လို့ရပြီဆိုတဲ့သဘောထားမျိုးတွေ တချို့လူတွေဆီမှာ ရှိနေတာကို တွေ့ရပါတယ်။

စနစ်ဟောင်းပညာရေးမှာက ကလေးကို နာနာကျက်ခိုင်း၊ တွက်ခိုင်းနိုင်ရင်ပဲ စာမေးပွဲ အမှတ်ကောင်းဖို့က သေချာနေတာကိုး။ စာမေးပွဲတွေဟာ ကလေးရဲ့စဉ်းစားတီထွင်ဉာဏ်ထက် မှတ်ဉာဏ်သက်သက်ကိုသာ အလေးပေးလွန်းခဲ့ပါတယ်။ တချို့ဘာသာရပ်တွေမှာ ၃ခန်းအပိုင်ကျက်နိုင်ရင် ဂုဏ်ထူးထွက်ပြီဆိုတဲ့ထိ လွယ်ကူခဲ့ပါတယ်။ ယုတ်စွအဆုံး အဲဒီ ၃ခန်းကို ဆရာက ကလေးနားလည်အောင် ရှင်းမပြတတ်ရင်တောင်မှ ကလေးက ကျက်နိုင်၊ ပြန်ရေးနိုင်ရင် ဂုဏ်ထူးက ထွက်နေတော့တာပါ။

အဲဒီတော့ ကလေးကို စာသင်တာများ ဘာခက်လို့လဲ၊ လို့ ယူဆစရာ ဖြစ်သွားပါတယ်။ ပညာရေးသီအိုရီတွေ မသိလည်း ကလေး စာမေးပွဲအောင်အောင် ကျက်ခိုင်းလိုက်ရင် ရနေတာကိုး။ အဲဒီလိုစနစ်ဆိုးကြီးကြောင့် ဆရာအတတ်ပညာမရှိတဲ့သူတွေက ကျူရှင်တွေ တဒိုင်းဒိုင်းဖွင့်ပြီး ငွေတွေ ထောကုန်တာပဲ။

အဲဒီလိုပညာရေးရဲ့ထုတ်ကုန်တွေကိုလည်း ကြည့်လိုက်ပါဦး။ အများစုက ဘွဲ့ရ ပညာမတတ်ဆိုတဲ့လူတန်းစားတရပ်အဖြစ် ကြီးပြင်းလာကြပါရောလား။

ဘွဲ့သာရသွားတယ်၊ ပညာရေးဆိုတာကို နားမလည်ခဲ့ဘူး။ သီအိုရီ မပါတဲ့အသိတွေက မခိုင်ပါဘူး။ ဘွဲ့လက်မှတ်ကြီးက ကိုယ့်ကိုပြက်ရယ်ပြုနေသလိုပဲ။ ကိုယ်ဟာ တကယ်မှ မတတ်ဘဲကိုး။ အသေချာဆုံးကတော့ ကိုယ့်ကိုယ်ကို ပညာရှင်၊ ပညာတတ်တယောက်ရယ်လို့ ကိုယ်တိုင်က မယုံကြည်တာပါပဲ၊ ဆိုတဲ့အဖြစ်မျိုးတွေ ကြုံရတတ်ပါတယ်။

ဘယ်ပညာရပ် နယ်ပယ်မှာဖြစ်ဖြစ်
သီအိုရီမခိုင်ရင် ပညာရှင်လို့ မဆိုနိုင်ပါဘူး။

၂။ Educational Psychology
ပညာရေးစိတ်ပညာ

ကလေးတွေ ဘယ်လိုသင်ယူကြသလဲ။ ကလေးတို့ရဲ့ဉာဏ်ရည်၊ ကလေးတို့ရဲ့အရွယ် ၊စိတ်သ‌ဘာဝနဲ့ သင်ယူခြင်းက ဘယ်လိုပတ်သက်သလဲ။

အို၊ အဲဒါတွေ မသိလည်း ဘာဖြစ်လဲ။
ဒီမှာ သင်ရိုး၊ ဒီမှာကျက်စရာ၊ ဒါကို ဒီလိုကျက်၊ ဟိုဟာကို ဟိုလိုကျက်။ ဟဲ့ ဟဲ့၊ မငေးနဲ့ ၊ မငိုက်နဲ့ ။ ကျက်မှရမယ် ကျက် ကျက်။ အယ်မလေးဟဲ့၊ နင်တို့အတွက် ပြောနေရတာ။ မောလိုက်တာ၊ အသက်တောင် ထွက်တော့မယ်။

အံ့ဩစရာတော့ မရှိဘူးဗျ။
ပညာရေးက ကလေးရဲ့စိတ်ခံစားချက်၊ စိတ်သဘာဝတွေကိုမှ သိပ်အလေးမထားဘဲ။ အထူးသဖြင့် ကလေးတွေ ဘယ်လိုသင်ယူကြသလဲဆိုတာကို အလေးထားစဉ်းစားမှု အင်မတန် အားနည်းပါတယ်။ ကျက်တဲ့ကလေး ရမယ်၊ မကျက်တဲ့ကလေး မရဘူးဆိုတဲ့သဘောထားက အင်မတန်ဆိုးရွားပါတယ်။

ကလေးက သင်ယူခြင်းမှာ စိတ်မပါရင်၊ စိတ်မထက်သန်ရင်ပဲ ကလေးကိုသာ အပြစ်ဆိုတော့တာပါပဲ။ သင်ကြားသင်ယူမှုမှာ ကလေးစိတ်ပညာနဲ့ချိတ်ဆက်ပြီး အကျိုးများအောင်လုပ်တာမျိုး အတွေ့ရ နည်းပါတယ်။

၃။ Educational Methodology
ပညာရေး သင်ပြနည်း

ကလေး‌တွေက စာမသင်ချင်ဘူး၊ စာကို စိတ်မဝင်စားဘူးဆိုရင် အဲဒါဟာ ဆရာတွေရဲ့ သင်ကြားနည်းစနစ်တွေနဲ့လည်း သက်ဆိုင်တယ်ဆိုတာ ကျွန်တော်တို့ သိနိုင်ပါတယ်။

အချိန်တန် အတန်းထဲဝင်၊ အတန်းရှေ့ မတ်တပ်ရပ်။ ကလေးတွေကို စာမျက်နှာတခုကို လှန်ခိုင်း၊ ပြီး ဖတ်ပြ ရှင်းပြ။ အဲဒီလို သမရိုးကျနည်းတွေကိုသာ အသုံးများနေပြီဆိုရင် ကလေးတွေက ငြီးငွေ့လာကြမှာပါပဲ။

သင်ထောက်ကူပစ္စည်း အသုံးနည်းခြင်း၊ သိပ္ပံလက်တွေ့ခန်း မရှိခြင်းနဲ့ စာမေးပွဲမှာ စာအလွတ်ကျက်ဖြေခြင်းကိုသာ အလေးထားခြင်းတွေကလည်း ဆရာတွေရဲ့သင်ပြနည်း ဆန်းသစ်မှုအတွက် အခက်အခဲတွေ ဖြစ်ရသလို၊ အားမပေးရာလည်း ရောက်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ်
ကလေးတို့သင်ယူခြင်းမှာ တက်ကြွစွာပါဝင်လာဖို့၊ သင်ယူခြင်းရလဒ်တွေကောင်းမွန်ဖို့ဆိုရင် သင်ကြားနည်းစနစ်တွေ ထိရောက်ကောင်းမွန်ဖို့ရာ အင်မတန်အရေးကြီးပါတယ်။

၄။ ကျောင်းကျန်းမာရေး (School Health)

ပညာရေးဆိုတာ စာတခုတည်း ထူးချွန်ဖို့ မဟုတ်ပါ။ ပညာရေးဟာ ကလေးတွေကို ဉာဏပိုင်းသာမက ကာယပိုင်းလည်း ကျန်းမာကြံ့ခိုင်တဲ့လူငယ်တွေဖြစ်အောင် ကျောင်းကျန်းမာရေးဘာသာရပ်ကတဆင့် သင်ကြားပေးပါတယ်။

ဒါ့အပြင် ကျောင်းသားလူငယ်တွေအနေနဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဘဝနေထိုင်မှုပုံစံ Lifestyle အတိုင်း နေထိုင်ပြုမူတတ်အောင်လည်း လမ်းညွှန်ပေးပါတယ်။ တကယ်တော့ ကျန်းမာမှသာ ပညာရေးကို အဆင်ပြေပြေသင်ယူနိုင်တာ၊ အလေးထားနိုင်တာလည်း ဖြစ်ပါတယ်။

ဒါ့ကြောင့်မို့ ကျောင်းကျန်းမာရေး (School Health)
ဘာသာရပ်ဟာလည်း ဆရာ ဆရာမတိုင်း လေ့လာထား၊ သိထားသင့်ပါတယ်။

ကျွန်မက ကျောင်းဆရာမတယောက် ဖြစ်ချင်ပါတယ်။ ဘာတွေကို လေ့လာရမလဲ၊ သိသင့်ပါသလဲရှင့် လို့ နှမလေးတယောက်က ကျွန်တော့်ကို မေးလို့ အခုစာကို သူ့အတွက် အထူးရည်ရွယ်လျက် ရေးသားလိုက်တာပါ။

အကျဉ်းချုံ့ ပြောရပါရင်
တော်တဲ့ ထက်မြက်တဲ့ကျောင်းဆရာတယောက်ဖြစ်ဖိုအတွက် ဘာသာရပ်ကျွမ်းကျင်မှုအပြင် ဆရာအတတ်ပညာပါ လိုအပ်ပါတယ်လို့ ပြောလိုရင်းပါ။ ။

မေတ္တာဖြင့်
မောင်မိုးအိမ်

24/12/2022

ခရစ်စမတ်အခါသမယနှင့်အတူ .....
တနင်္သာရီတိုင်းဒေသကြီးနှင့် မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူပြည်သားအပေါင်း ဘေးအန္တရာယ် ကင်းဝေးကြပါစေကြောင်း ကျွန်ုပ်တို့ Z-Generation-Technology မှ ဆုမွန်ကောင်းတောင်းလိုက်ပါသည်။🙏🙏🙏🙏🙏🙏

Want your school to be the top-listed School/college in Dawei?
Click here to claim your Sponsored Listing.

Telephone

Website

Address


Dawei
14011