Phoenix Script

Phoenix Script

共有する

Software Engineer in Japan. I love writing about my experiences living and working here – from career insights to daily life adventures. Follow my journey! ✍️💻

Photos from Phoenix Script's post 10/09/2026

ဒီနေ့ YouTube မှာ Apple Event 2026 ကို ကြည့်နေရင်း ဒီတစ်ခါ Presentation လုပ်သွားတဲ့သူက Tim Cook မဟုတ်ဘဲ တခြားတစ်ယောက် ဖြစ်နေတာ သတိထားမိလိုက်တယ်။

“ဒီလူက ဘယ်သူပါလိမ့်?” ဆိုပြီး နည်းနည်းရှာကြည့်လိုက်တော့ Apple ရဲ့ CEO အသစ် John Ternus ဖြစ်နေတာ သိရတယ်။ အဲ့ဒီကနေ သူ့ရဲ့ Career Journey ကို ဆက်ပြီးဖတ်ကြည့်မိတော့ ပိုပြီး စိတ်ဝင်စားစရာကောင်းလာတယ်။

ဘာကြောင့်လဲဆိုတော့ John Ternus က Business Background ကနေ တိုက်ရိုက် CEO ဖြစ်လာတဲ့သူမဟုတ်ဘဲ “Engineer တစ်ယောက်အနေနဲ့ Career စခဲ့ပြီး Hardware Engineering နဲ့ Product Development ပိုင်းကနေ Apple ရဲ့ ထိပ်တန်း Leadership အထိ တဖြည်းဖြည်းတက်လာတဲ့သူ“ ဖြစ်လို့ပါ။

ဒါကြောင့် ဒီတစ်ခါတော့ John Ternus ရဲ့ Biography ကိုပဲ ပြောပြတာထက် “Engineer တစ်ယောက်က ဘယ်လိုနည်းနဲ့ ကမ္ဘာ့အကြီးဆုံး Technology Company တစ်ခုရဲ့ CEO အထိ ရောက်လာနိုင်သလဲ?“ ဆိုတဲ့ Career Journey အနေနဲ့ ပြန်လည်မျှဝေချင်ပါတယ်။

✨✨✨✨✨

Engineer တစ်ယောက်က ကမ္ဘာ့အကြီးဆုံး Technology Company တွေထဲက တစ်ခုရဲ့ CEO ဖြစ်လာဖို့ ဘာတွေလိုအပ်သလဲ?

Apple ရဲ့ CEO အသစ် John Ternus ရဲ့ Career Journey ကိုကြည့်ရင် ဒီမေးခွန်းအတွက် စိတ်ဝင်စားစရာအဖြေတစ်ခု ရပါတယ်။

သူက Business School ကနေ တိုက်ရိုက်တက်လာတဲ့ Executive မဟုတ်ပါဘူး။
သူက Mechanical Engineer တစ်ယောက်ပါ။

1997 ခုနှစ်မှာ University of Pennsylvania ကနေ Mechanical Engineering ဘွဲ့ရပြီးနောက် Virtual Research Systems မှာ Mechanical Engineer အဖြစ် အလုပ်စလုပ်ခဲ့ပါတယ်။ အဲဒီအချိန်က VR Technology က ဒီနေ့လို လူသိများတဲ့ Industry မဟုတ်သေးဘဲ VR Headset တွေကို ဖန်တီးတဲ့ Hardware Engineering အလုပ်တွေကို လုပ်ခဲ့ပါတယ်။

ပြီးတော့ 2001 ခုနှစ်မှာ Apple ရဲ့ Product Design Team ထဲကို ဝင်လာပါတယ်။ အရေးကြီးတာက Apple ဝင်လိုက်တာနဲ့ Executive ဖြစ်သွားတာ မဟုတ်ပါဘူး။ Product Development ရဲ့ အောက်ခြေ Engineering အလုပ်ကနေ စပြီး Hardware ကို တဖြည်းဖြည်းနားလည်လာခဲ့တာပါ။

Apple မှာ သူ့ရဲ့ Career က iPad, AirPods, iPhone, Mac, Apple Watch စတဲ့ Product တွေနဲ့ တဖြည်းဖြည်းချိတ်ဆက်လာခဲ့ပါတယ်။ 2013 မှာ Vice President of Hardware Engineering ဖြစ်လာပြီး 2021 မှာ Senior Vice President of Hardware Engineering အဖြစ် Apple ရဲ့ Executive Team ထဲ ဝင်လာခဲ့ပါတယ်။

ဒီနေရာမှာ စိတ်ဝင်စားစရာကောင်းတာတစ်ခုရှိပါတယ်။ John Ternus က Product တစ်ခုတည်းကိုပဲ ကျွမ်းကျင်တဲ့ Engineer မဟုတ်ဘဲ “Product Development တစ်ခုလုံးကို နားလည်လာတဲ့ Engineering Leader” ဖြစ်လာခဲ့တာပါ။

iPad ရဲ့ မျိုးဆက်အများစု၊ ပထမဆုံး AirPods၊ iPhone 12/12 Pro ရဲ့ Hardware Engineering နဲ့ Mac ကို Intel Processor ကနေ Apple Silicon ဘက် ပြောင်းလဲတဲ့လုပ်ငန်းစဉ်တွေမှာ သူ့ရဲ့ Hardware Leadership ပါဝင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ Apple ရဲ့ Reliability, Durability, Materials နဲ့ Repairability ပိုင်းတွေမှာလည်း အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။

2021 မှာ Hardware Engineering အဖွဲ့တစ်ခုလုံးကို ဦးဆောင်တဲ့ Senior Vice President ဖြစ်လာပြီးနောက် Apple ရဲ့ Hardware Development ကို iPhone, iPad, Mac, Apple Watch, AirPods, Vision Pro စတဲ့ Product Categories အများအပြားအထိ ကြီးကြပ်ခဲ့ပါတယ်။

ဒါကြောင့် Apple က Tim Cook ရဲ့ successor အဖြစ် သူ့ကိုရွေးချယ်ခဲ့တာ အံ့သြစရာတော့ မဟုတ်ပါဘူး။

2026 ဧပြီ 20 ရက်မှာ Apple Board က John Ternus ကို Tim Cook ရဲ့ successor အဖြစ် တရားဝင်ကြေညာခဲ့ပြီး “2026 စက်တင်ဘာ 1 ရက်မှာ CEO အဖြစ် တာဝန်ယူခဲ့ပါတယ်။” Tim Cook ကတော့ Executive Chairman ဖြစ်လာပါတယ်။ ဒါဟာ Media တွေရဲ့ speculation တစ်ခုမဟုတ်တော့ဘဲ Apple ကိုယ်တိုင် တရားဝင်ကြေညာထားတဲ့ succession ဖြစ်ပါတယ်။

ဒါပေမယ့် John Ternus နဲ့ Tim Cook ကြားမှာ Leadership Style ကွာခြားချက်တစ်ခု ရှိပါတယ်။

Tim Cook ရဲ့ Leadership ကို Operations, Supply Chain, Business Strategy နဲ့ Ex*****on ပိုင်းမှာ အားကောင်းတဲ့ပုံစံအဖြစ် လူသိများပါတယ်။

Ternus ကတော့ “Product နဲ့ Engineering ဘက်ကနေ တက်လာတဲ့ Leader” ဖြစ်ပါတယ်။ သတင်းရင်းမြစ်တွေမှာလည်း သူဟာ Product Detail တွေကို နက်နက်ရှိုင်းရှိုင်း သိတဲ့ Engineer တစ်ယောက်ဖြစ်သလို Hardware နဲ့ Software Team တွေကြား ပူးပေါင်းဆောင်ရွက်မှုကို အလေးထားတဲ့ Leader အဖြစ် ဖော်ပြထားပါတယ်။

ဒါကြောင့် သူ့ Career ကို IT Professional တစ်ယောက်အနေနဲ့ ကြည့်မယ်ဆိုရင် အရေးကြီးတဲ့ သင်ခန်းစာတစ်ခု ရှိပါတယ်။

“Technical Skill တစ်ခုတည်းနဲ့ Leadership ဖြစ်လာတာ မဟုတ်ပါဘူး။”

Software Engineer ဆိုရင် Code ရေးတတ်ရုံနဲ့ မလုံလောက်ပါဘူး။ Problem ဖြေရှင်းတတ်ရုံနဲ့ မလုံလောက်ပါဘူး။ System Engineer ဆိုရင် System သိရုံနဲ့ မလုံလောက်ပါဘူး။

Career တက်လာတာနဲ့အမျှ
Problem Solving → Product/Business
Understanding → Communication →
Cross-team Collaboration →
Decision Making → Leadership
ဆိုပြီး ကိုယ့်ရဲ့အမြင်ကို တဖြည်းဖြည်းကျယ်အောင် တည်ဆောက်ရပါတယ်။

John Ternus ရဲ့ Career ကလည်း ဒီအချက်ကို ပြသနေပါတယ်။

“Engineer တစ်ယောက်အနေနဲ့ စခဲ့ပေမယ့် Engineer အဖြစ်ပဲ ရပ်မနေခဲ့ဘူး။ Product ကိုနားလည်လာတယ်၊ Team တွေကို ဦးဆောင်လာတယ်၊ အဖွဲ့အစည်းအတွင်း ဆုံးဖြတ်ချက်ကြီးတွေမှာ ပါဝင်လာတယ်။ နောက်ဆုံးမှာ Company တစ်ခုလုံးကို ဦးဆောင်ရတဲ့အဆင့်အထိ ရောက်လာခဲ့တာပါ။”

ဒါကြောင့် ကိုယ့် Career ကို ပြန်ကြည့်တဲ့အခါ

“ငါ့ Technical Skill ဘယ်လောက်ကောင်းလဲ?” ဆိုတာတစ်ခုတည်း မမေးဘဲ

“ငါ့ရဲ့ Technical Knowledge ကို Business နဲ့ Product အတွက် ဘယ်လိုအသုံးချနိုင်လဲ?”

“တခြား Team တွေနဲ့ ဘယ်လောက်ကောင်းကောင်း ပူးပေါင်းနိုင်လဲ?”

“Problem တစ်ခုကို ဖြေရှင်းရုံမက ဘယ်လို Decision ချနိုင်တဲ့သူ ဖြစ်လာမလဲ?”

ဆိုတာတွေကိုပါ စဉ်းစားကြည့်သင့်ပါတယ်။

John Ternus ရဲ့ Career ကိုကြည့်ရင် “Technical Skill တစ်ခုတည်းထက် Problem Solving၊ Product Understanding၊ Communication နဲ့ Leadership ကို တဖြည်းဖြည်းတည်ဆောက်လာတာ” က ပိုစိတ်ဝင်စားစရာကောင်းပါတယ်။

ကိုယ်က အခု Developer, System Engineer, Software Engineer ဖြစ်နေရင်လည်း
“ဒီ Role ကနေ နောက်တစ်ဆင့် ဘာဖြစ်ချင်လဲ?” ဆိုတာထက် “ဒီနေ့လုပ်နေတဲ့ Technical အလုပ်ကနေ Leadership အတွက် လိုအပ်တဲ့ ဘာ Skill ကို တည်ဆောက်နေပြီလဲ?” ဆိုတာကို ပြန်မေးကြည့်ဖို့ John Ternus ရဲ့ Career က သတိပေးနေပါတယ်။

📚 References
1. Apple Newsroom — Tim Cook to become Apple Executive Chairman, John Ternus to become Apple CEO
2. Apple Newsroom — Johny Srouji named Apple’s Chief Hardware Officer
3. Reuters — Who is John Ternus, Apple’s new CEO?
4. Reuters — Cook hands Apple to Ternus: bigger and richer, but catching up in AI race
5. Financial Times — John Ternus, Apple’s new ‘wicked calm’ CEO
6. Associated Press — Apple’s new CEO, John Ternus, takes over from Tim Cook
7. The Verge — Apple’s John Ternus era begins
8. Reuters — Apple’s first product event under new CEO John Ternus

08/09/2026

ကိုယ်က ရုံးကဘာပွဲညာပွဲတွေ
အာလပသလာဘ အပေါ်ယံရွှီရှောင်တွေမို့
တတ်နိုင်သမျှ ရှောင်တယ်။ 🚫

အခုရုံးကလဲ ပွဲဆိုအတင်းကြီးလိုက်ပါလို့
မန်နေဂျာကအစ မခေါ်ဘူး။
IT Dept ထဲမှာဆိုလဲ လိုက်ချင်တဲ့သူလိုက်ဆိုပြီး
Google Form ဖြည့်ခိုင်းပြီး ခေါ်တာမျိုး။
ပိုပြီးကံကောင်းတာက အဖွဲ့ထဲလဲ
ကိုယ့်လို ပွဲမတက်တဲ့လူများတော့
ပိုပြီး အဆင်ပြေတယ်။ 🤭

ထားပါတော့ ပြောချင်တာ အခုမှလာမှာ…
ရုံးက တခြားအသင်းအဖွဲ့တွေနဲ့
တခြားရုံးမှာ company ၃၊ ၄ခုလောက်နဲ့
အတွေးအမြင် ဖလှယ်တဲ့ပွဲလုပ်မှာမို့
မဖြစ်မနေ သွားတက်ရမယ့်အခြေအနေမျိုး
ရောက်လာတယ်။

အဲ့ရုံးဘက်က တကယ့်နေ့မရောက်ခင်
rehearsal အနေနဲ့ ပြောဆိုစရာရှိလို့ဆိုပြီး
ရှေ့တစ်ပတ်က တစ်ရက်လာဖို့ ထပ်ခေါ်တယ်။
၂ရက်ထဲက ၁ရက်ရွေးခိုင်းတာ ကံမကောင်းစွာနဲ့ပဲ
ကိုယ်ရွေးလိုက်တဲ့ရက်ကိုခေါ်တော့
သွားရဖို့ ဖြစ်လာကော…

အဲ့မှာ သူတို့ရဲ့ rehearsal အစီအစဉ်က
meeting ၁နာရီပြီးရင် သွားသောက်ကြမယ်ဆိုတော့
ကိုယ်လဲ မလိုက်ချင်တာနဲ့
ကိုယ့်ရုံးအသင်းထဲက အကြီးကို
meeting ပဲတက်မယ်ဆိုပြီး
အကြောင်းကြားလိုက်တယ်။
သူကလဲ ရုံးရဲ့ထုံးစံအတိုင်း အတင်းမလုပ်ဘူး
OK တယ်ဆိုပြီး ပြန်ပြောတော့ ရတယ်ပေါ့ 😊

အဲ့လိုနဲ့ အဲ့နေ့က ဒီနေ့လိုပဲ မိုးရွာကြီးထဲ
တကူးတက အသွားအပြန်လုပ်ပြီး
meeting လုပ်ကြတယ်။
meeting ဆိုပေမယ့် ကိုယ်ကအငယ်ဆိုတော့
မျက်နှာပြရုံပဲ ဘာမှပြောရတာ မဟုတ်ဘူး။

ပြီးတော့ သူတို့ရုံးခန်းတွေ
လိုက်လံပြသတယ်ပေါ့လေ…
ကုမ္ပဏီကြီးဆိုတော့ ရုံးခန်းကတော့
အတော်လေး သေချာပြင်ဆင်ထားတာ တွေ့ရတယ်။

ITသမားဆိုတော့ အဲ့လိုအတွေ့အကြုံမျိုးက
သူများအတွက်တော့မသိဘူး ကိုယ့်အတွက်ကတော့
သိပ်မရှိလို့ ကောင်းမွန်တဲ့အတွေ့အကြုံတစ်ခုလို့
သဘောထားပါတယ်။ ကိုယ်တွေသာဆို
အဲ့၁နာရီလောက်ကို သွားမနေတော့ဘူး
web meeting နဲ့ပဲပြီးသွားမှာ 😬

ဒီနေ့မှ တကယ့်ပွဲ ပွဲမှာက အဆင်ပြေခဲ့တယ်
အဲ့ပွဲတက်ရလို့ သူများရုံးတွေနဲ့ အတွေးအမြင်
ဖလှယ်တဲ့ပွဲမို့ မျက်စိပွင့်နားပွင့်ခဲ့တယ်ပေါ့…

မနောပျက်ခဲ့တာကတော့ သောက်ပွဲမှာပဲ
အဲ့ရုံးရဲ့အကြီးဆုံးက ပွဲမစခင်
ရုံးမှာ စောရောက်နေတုန်းကလဲ
rehearsal နေ့က သောက်ပွဲမလိုက်တော့
ဒီနေ့တော့ လိုက်မှာပါနော်ဆိုပြီး လာနှုတ်ဆက်တော့
ကိုယ်လဲ သဘောရိုးနဲ့ ဒီနေ့ကလိုက်မှာဆိုပြီး
ပြန်ပြောလိုက်တာ စိတ်ထဲမှာတော့
ငါ့တကူးတက မှတ်မိနေတာလားပေါ့ဆိုပြီး

ဆိုင်လဲရောက်ကော အရည်လေးဝင်သွားတာနဲ့လေ
သိတယ်မဟုတ်လား
ပြောချင်တာ ပြောလို့ရတယ်ဆိုတဲ့
mood ကို on ပေးလိုက်သလိုပဲ
ဇာတိကပြလာတာ… 😏

ကိုယ်ထိုင်တဲ့စားပွဲကိုလာပြီး
rehearsal နေ့ကလေ မသောက်ဘဲနဲ့
ပြန်သွားတာဆိုပြီး အပြစ်ကြီးတစ်ခုလို
ထပ်ပြောပြန်ကော
အဲ့အချိန်တွေးလိုက်မိတယ် “ငါမလိုက်လိုက်တာ
အဲ့လောက် ပြောဆိုစရာဖြစ်သွားလားပေါ့”

rehearsal နေ့ကဆိုလဲ ပြန်စဉ်းစားကြည့်ရင်
meeting က ၁နာရီပဲလေ
သောက်စားနေကြတာ ၂နာရီမက ကြာမှာပဲ။
ပြီးတော့ အဲ့ပိုက်ဆံက ရုံးပိုက်ဆံ
ကိုယ်တော့ အဓိကနဲ့ သာမညနဲ့ မကွဲဘူး
မယောင်ရာ ဆီလူးနေတယ်လို့ပဲထင်တယ်။
ရုံးကလူတွေကို ပြန်ပြောရင်လဲ
ကိုယ်တစ်ယောက်တည်း “သင်းကွဲဌက်”
ဖြစ်ဦးမယ်။ 😕

နောက်များတော့ ဆောတီးပါ။
နောက်လဲ မလာဘူး။ လာလဲ မနောက်တော့ဘူး။

#飲み会嫌

31/08/2026

Why Al will never replace a great teacher
ဘာကြောင့် AI က ဆရာကောင်းတစ်ယောက်ကိုဘယ်တော့မှ အစားမထိုးနိုင်တာလဲ?

Matt Wu
TED2026 | April 2026

✨✨✨✨✨

ကျွန်တော်တို့ဟာ ပညာရေးသမိုင်းတစ်လျှောက်မှာ အံ့ဩစရာအကောင်းဆုံးအချိန်ကာလတစ်ခုထဲမှာ နေထိုင်နေကြပါတယ်။ အခုဆိုရင် AI က သင်္ချာရဲ့ Calculus ကို သင်ပေးနိုင်တယ်။ စာသင်နှစ်တစ်နှစ်စာ လေ့လာရေးအစီအစဉ်ကိုလည်း ကိုယ့်အတွက် သီးသန့်ရေးဆွဲပေးနိုင်ပါတယ်။

ကျွန်တော်တို့ရဲ့ ကျောင်းသားတစ်ယောက်ဆိုရင် AI ကို Computer Science သင်ပေးတဲ့အခါ Gordon Ramsay ရဲ့ “Kitchen Nightmares” အစီအစဉ်မှာ ပြောဆိုသင်ကြားတဲ့ပုံစံအတိုင်း သင်ပေးဖို့တောင် ညွှန်ကြားခဲ့ပါတယ်။

ဒါဟာ ဟာသတစ်ခုလို ထင်ရပေမယ့် AI က ပညာရေးလောကကို တကယ်ပဲ ပြောင်းလဲနေပါပြီ။
အသိပညာကို အရင်ကထက် ပိုမိုလွယ်ကူစွာ ရယူနိုင်လာတယ်။ ကိုယ့်လိုအပ်ချက်နဲ့ ကိုက်ညီအောင် ပိုမိုသီးသန့်သင်ယူနိုင်လာတယ်။ နားလည်ရလွယ်အောင်လည်း ကူညီပေးနိုင်လာပါတယ်။

ဒါပေမယ့် ကျောင်းသားတစ်ယောက်ကို သူ့ဘဝမှာ အထိရောက်ဆုံး ပြောင်းလဲပေးခဲ့တဲ့အရာက ဘာလဲလို့ မေးကြည့်မယ်ဆိုရင် နည်းပညာအကြောင်း ပြောကြမှာ မဟုတ်ပါဘူး။

လူတစ်ယောက်အကြောင်း ပြောကြပါလိမ့်မယ်။ သူ့ကိုယ်သူတောင် မယုံကြည်နိုင်သေးခင်မှာ သူ့အပေါ် ယုံကြည်ပေးခဲ့တဲ့ ဆရာတစ်ယောက်။ အခက်အခဲတွေ ကြုံလာတဲ့အချိန်မှာတောင် အနားကနေ ဆက်လက်အားပေးပေးခဲ့တဲ့ သူငယ်ချင်းတစ်ယောက်။ သူ့ကိုယ်သူ မမြင်နိုင်သေးခင်မှာ သူ့ရဲ့ အလားအလာကို မြင်ပေးခဲ့တဲ့ ဆရာကြီး၊ လမ်းညွှန်ပေးသူတစ်ယောက်။

ဒီနေ့ ကမ္ဘာတစ်ဝန်းရှိ ဖန်သားပြင်တိုင်းပေါ်မှာ အကောင်းဆုံး AI ကိရိယာတွေ ရရှိလာနိုင်အောင် ဒေါ်လာဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံနေကြပါတယ်။

ဒါပေမယ့် ဒီလောက်တောင် နည်းပညာတွေ လက်တစ်ကမ်းမှာ ရှိနေတဲ့အချိန်မှာ၊ ကျောင်းသားတိုင်း သူတို့ဘဝကို ပြောင်းလဲပေးနိုင်မယ့် လူတွေနဲ့ ဆက်သွယ်နိုင်ဖို့ကိုလည်း အလားတူ အရေးတကြီး ရင်းနှီးမြှုပ်နှံသင့်တယ် မဟုတ်ဘူးလား။

ဒီမေးခွန်းကို လွန်ခဲ့တဲ့ လေးနှစ်အတွင်း ကျွန်တော် အတော်လေး စဉ်းစားဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ “Peer Tutoring” လို့ခေါ်တဲ့ အစီအစဉ်တစ်ခုကို လုပ်ကိုင်နေခဲ့ပါတယ်။

အယူအဆက ရိုးရှင်းပါတယ်။
“ကျောင်းသားတွေက ကျောင်းသားအချင်းချင်း ပြန်လည်သင်ကြားပေးခြင်း” ဖြစ်ပါတယ်။

ကိုယ်တက်ခဲ့ဖူးတဲ့ စာသင်ခန်းတစ်ခန်းကို စဉ်းစားကြည့်ပါ။ ကျောင်းသား ၂၀ ယောက်ရှိပြီး အားလုံးက တူညီတဲ့အရာကို သင်ယူနေကြတယ်ဆိုပါစို့။
အယူအဆတစ်ခုကို ကျောင်းသားတစ်ယောက်က ချက်ချင်းနားလည်သွားနိုင်ပေမယ့် တခြားကျောင်းသားတစ်ယောက်အတွက်တော့ နားလည်ဖို့ ခက်ခဲနေနိုင်ပါတယ်။

အဲဒီကျောင်းသားနှစ်ယောက်ကို တွဲပေးလိုက်တဲ့အခါ စိတ်ဝင်စားစရာကောင်းတဲ့အရာတစ်ခု ဖြစ်လာပါတယ်။ တစ်ယောက်က တစ်ယောက်ကို ပြန်သင်ပေးတယ်။ သင်ပေးတဲ့ကျောင်းသားအတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုတိုးလာသလို ကိုယ်သင်ယူထားတဲ့အရာကိုလည်း ပိုမိုခိုင်မာစွာ နားလည်လာပါတယ်။

သင်ယူနေတဲ့ကျောင်းသားကတော့ မကြာသေးခင်ကမှ ကိုယ်တိုင်နားလည်သွားခဲ့တဲ့သူတစ်ယောက်ဆီက ကိုယ့်လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ အကူအညီကို ရရှိပါတယ်။ ဒီ Peer Tutoring အယူအဆဟာ ကျွန်တော် ဦးဆောင်နေတဲ့ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်း Schoolhouse ရဲ့ အခြေခံအုတ်မြစ် ဖြစ်လာပါတယ်။

Schoolhouse က ကမ္ဘာတစ်ဝန်းက အထက်တန်းကျောင်းသားတွေကို Zoom ကနေတစ်ဆင့် Peer Tutoring ပြုလုပ်နိုင်အောင် ချိတ်ဆက်ပေးနေပါတယ်။ အခုအချိန်အထိ ကျောင်းသားပေါင်း ၂၀၀,၀၀၀ နီးပါးဟာ စေတနာ့ဝန်ထမ်း Tutor ပေါင်း ၃၀,၀၀၀ ရဲ့ သင်ကြားပေးမှုကို ရရှိခဲ့ပြီး၊ စုစုပေါင်း သင်ယူခဲ့တဲ့အချိန်က မိနစ် သန်း ၁၀၀ ကျော်ရှိပါတယ်။

အရေးကြီးတာက အားလုံးကို အခမဲ့ ပေးထားတာပါ။ AI က ကျွန်တော်တို့ပတ်ဝန်းကျင်က ကမ္ဘာကြီးကို ပြောင်းလဲနေတဲ့အချိန်မှာပဲ လူသားအချင်းချင်း စစ်မှန်စွာ ဆက်သွယ်မှုရဲ့ လိုအပ်ချက်က အရင်ကထက် ပိုပြီး အရေးကြီးလာတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။

ပြီးတော့ ဒီလို လူသားဆက်သွယ်မှုကို တည်ဆောက်နိုင်တယ်၊ ပိုမိုကျယ်ပြန့်အောင် လုပ်နိုင်တယ်၊ လူတွေရဲ့ဘဝကိုလည်း ပြောင်းလဲပေးနိုင်တယ်ဆိုတာ မမျှော်လင့်ထားတဲ့နေရာတွေကနေ သက်သေပြချက်တွေကို ကျွန်တော် မြင်တွေ့ခဲ့ရပါတယ်။

⸝

🔸Algebra ကို ကြောက်တဲ့ Carl နဲ့ အသက် ၁၄ နှစ်အရွယ် Sachin

ဒီလူဟာ အထက်တန်းကျောင်းသားဘဝမှာပဲ သူ့အဖေကို ဆုံးရှုံးခဲ့ရပါတယ်။ မိသားစုကို ထောက်ပံ့ဖို့အတွက် ကျောင်းထွက်ခဲ့ရပါတယ်။ သူ့နာမည်က Carl ပါ။

အရွယ်ရောက်ပြီးတဲ့ ဘဝတစ်လျှောက်လုံး သူဟာ အထက်တန်းကျောင်း မပြီးဆုံးခဲ့ဖူးတာကို လူတွေမသိအောင် ဖုံးကွယ်ထားခဲ့ပါတယ်။ ဒါပေမယ့် အသက် ၅၂ နှစ်အရွယ်ရောက်တဲ့အချိန်မှာတော့ အထက်တန်းအောင်လက်မှတ် ရဖို့အတွက် ကျောင်းပြန်တက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါပေမယ့် Carl အတွက် အကူအညီလိုအပ်ခဲ့ပါတယ်။ အထူးသဖြင့် Algebra ကို သူအရမ်းကြောက်ပါတယ်။ ဒါကြောင့် Tutor တစ်ယောက်ရှာဖို့ Schoolhouse ကို အသုံးပြုခဲ့ပါတယ်။

တစ်ဖက်မှာတော့ California ပြည်နယ် Bay Area မှာနေတဲ့ အသက် ၁၄ နှစ်အရွယ် Sachin က သူ့အသက်အရွယ်နဲ့ နီးစပ်တဲ့ တခြားကလေးတွေကို ကူညီပေးဖို့ Schoolhouse မှာ စာရင်းသွင်းခဲ့ပါတယ်။

ဒါပေမယ့် သူ့ရဲ့ ပထမဆုံး Tutoring session မှာ သူ့ရှေ့ကို ရောက်လာမယ့် Carl က သူ့အသက်အရွယ်နဲ့ လုံးဝမတူတဲ့ အရွယ်ရောက်ပြီးသားသူတစ်ယောက် ဖြစ်မယ်လို့တော့ Sachin မမျှော်လင့်ထားခဲ့ပါဘူး။
ဒါပေမယ့် မကြာခင်မှာပဲ Carl ကို သူကူညီပေးနိုင်တယ်ဆိုတာ Sachin နားလည်သွားပါတယ်။

အဲဒီနောက် သူတို့နှစ်ယောက်ဟာ တနင်္ဂနွေနေ့တိုင်း တစ်နှစ်ကျော်ကြာအောင် စာသင်ဖို့ ပုံမှန်တွေ့ဆုံခဲ့ကြပါတယ်။ Mississippi မှာနေတဲ့ အရွယ်ရောက်ပြီးသား ကျောင်းသားတစ်ယောက်နဲ့ California မှာနေတဲ့ အသက် ၁၄ နှစ်အရွယ် ဆယ်ကျော်သက်တစ်ယောက်။

Carl က Algebra ကို သင်ယူနေတာမှန်ပေမယ့် အရေးကြီးဆုံးကတော့ သူ့ကိုယ်သူ ပြန်ယုံကြည်တတ်လာတာ ဖြစ်ပါတယ်။ စာမေးပွဲမဖြေခင် တစ်ပတ်အလိုမှာ သူတို့နှစ်ယောက် စာလုပ်နေတဲ့အချိန်ကို ကြည့်ကြရအောင်။

Sachin: “ဒါက P ကို ၂ နဲ့မြှောက်တာ မဟုတ်ဘူးလား?”

Carl: “ဟုတ်တယ်… အင်း၊ မဟုတ်ဘူး၊ မဟုတ်ဘူး။ P ကို ၂ နဲ့စားတာပါ။”

Sachin: “အိုကေ၊ ဒါဆို ကြည့်ရအောင်။ ဟုတ်ပြီ Carl၊ အရမ်းကောင်းတယ်။”

Carl: “အိုကေ Sach၊ ကျေးဇူးပဲ။”

Sachin: “အခု ဘယ်လိုခံစားနေရလဲ။ တကယ့်စာမေးပွဲမှာ ဘယ်လိုဖြေဆိုနိုင်မယ်လို့ ထင်လဲ?”

Carl: “ငါ့ရဲ့ ယုံကြည်မှုက တဖြည်းဖြည်း ပြန်ရလာပြီ။ အခု Algebra မှာတော့ လုံးဝ အားမလျော့တော့ဘူး။”

သူတို့နှစ်ယောက်ဟာ တကယ်ကို အံ့ဩစရာကောင်းတဲ့အတွဲပါ။

နောက်ဆုံးမှာ Carl က စာမေးပွဲဖြေခဲ့ပြီး တစ်ချိန်က သူအရမ်းကြောက်ခဲ့တဲ့ Algebra ဘာသာရပ်မှာ အမှတ်အများဆုံး ရရှိခဲ့ပါတယ်။

⸝

🔸Carl အတွက် Sachin တစ်ယောက် ရှိခဲ့ရင်…

ဒီဇာတ်လမ်းထဲက ကျွန်တော့်စိတ်ထဲမှာ အမြဲကျန်နေတဲ့အချက်တစ်ခု ရှိပါတယ်။ Carl ကျောင်းထွက်ခဲ့တဲ့အချိန်မှာ သူ့အသက်က ၁၄ နှစ်ပါ။ Sachin ရဲ့ အသက်နဲ့ အတိအကျတူပါတယ်။

အကယ်၍ Carl အသက် ၁၄ နှစ်တုန်းက Sachin လိုလူတစ်ယောက် ရှိခဲ့မယ်ဆိုရင် Carl ရဲ့ဘဝလမ်းကြောင်းက လုံးဝကွဲပြားသွားနိုင်ပါတယ်။
ကျောင်းသားတွေ လိုအပ်တဲ့ ကိရိယာနဲ့ နည်းပညာတွေကို ရရှိနိုင်ဖို့အကြောင်း ကျွန်တော်တို့ အများကြီးပြောကြပါတယ်။

ဒါပေမယ့် အဲဒီအပြင် ကျောင်းသားတိုင်း Sachin လိုလူတစ်ယောက်နဲ့လည်း ဆက်သွယ်နိုင်ဖို့ လိုအပ်ပါတယ်။ ကိုယ်တိုင်လူသားတစ်ယောက်အနေနဲ့ ပေးနိုင်တဲ့ ဆက်သွယ်မှုနဲ့ အားပေးလှုံ့ဆော်မှုကို ပေးနိုင်မယ့်သူတစ်ယောက်ပါ။

ဒီ Peer Tutoring အစီအစဉ်ကနေ နောက်ထပ်အရာတစ်ခုကိုလည်း ကျွန်တော်တို့ ရှာဖွေတွေ့ရှိခဲ့ပါတယ်။
Peer Tutoring က ကျောင်းသားတွေကို စာသင်ခန်းထဲက အယူအဆတွေကို နားလည်အောင် သင်ပေးရုံတင် မဟုတ်ပါဘူး။

“တစ်ဖက်လူရဲ့အမြင်ကို ပိုမိုနားလည်တတ်အောင်လည်း သင်ပေးနေပါတယ်။”
ဒီအတွေ့အကြုံကနေ “Dialogues” ဆိုတဲ့ အစီအစဉ်အသစ်တစ်ခုကို ဖန်တီးခဲ့ပါတယ်။

ဒီအစီအစဉ်မှာ ရှုပ်ထွေးပြီး အငြင်းပွားစရာဖြစ်လေ့ရှိတဲ့ အကြောင်းအရာတွေ ဥပမာ လူဝင်မှုကြီးကြပ်ရေး၊ သေနတ်ထိန်းချုပ်ရေး၊ ကိုယ်ဝန်ဖျက်ချခြင်း စတဲ့အကြောင်းအရာတွေမှာ အမြင်မတူတဲ့ ကျောင်းသားနှစ်ယောက်ကို တွဲပေးပါတယ်။

Moderator မရှိပါဘူး။ ကြိုတင်ရေးထားတဲ့ Script လည်း မရှိပါဘူး။ Zoom ပေါ်မှာ ကျောင်းသားနှစ်ယောက် တိုက်ရိုက်စကားပြောကြပါတယ်။
ရိုးရိုးသားသားပြောရရင် အစပိုင်းမှာ ကျွန်တော်ကိုယ်တိုင်လည်း ဒီအကြံကို အနည်းငယ် သံသယရှိခဲ့ပါတယ်။

ဥပမာ တရုတ်နိုင်ငံက Joseph နဲ့ အမေရိကန်နိုင်ငံက Bryan ကို “လွတ်လပ်စွာပြောဆိုခွင့်” နဲ့ “အမုန်းစကား” ကြားက ဆက်နွယ်မှုအကြောင်း ဆွေးနွေးဖို့ တွဲပေးခဲ့ပါတယ်။ “ဘာတွေများ မှားယွင်းသွားနိုင်မလဲ” လို့တောင် တွေးမိခဲ့ပါတယ်။ ကံကောင်းစွာနဲ့ သူတို့ရဲ့ ဆွေးနွေးမှုထဲက အချို့အပိုင်းတွေကို မျှဝေဖို့ ခွင့်ပြုချက်ရခဲ့ပါတယ်။

Joseph: “တရုတ်နိုင်ငံမှာ လွတ်လပ်စွာပြောဆိုခွင့်ဆိုတာ လူတွေ အများကြီး ပါဝင်ကျင့်သုံးကြတဲ့အရာ မဟုတ်ပါဘူး။”

Bryan: “နိုင်ငံရေးသမားတစ်ယောက်က အမုန်းစကားကို အသုံးပြုမယ်ဆိုရင် မဲပေးတဲ့အချိန်မှာ ပြည်သူတွေက သူတို့ရဲ့ သဘောထားကို ပြသပါလိမ့်မယ်။ ဒီနေ့ ကျွန်တော် အများကြီးသင်ယူခဲ့ရပါတယ်။ အရင်က ဘယ်တော့မှ မစဉ်းစားဖူးတဲ့အရာတွေကို စဉ်းစားရပါတယ်။”

Laya K: “ကျွန်မ နိုင်ငံရေးအကြောင်း မပြောတတ်ဘူးဆိုတာ သူငယ်ချင်းတွေ သိပါတယ်။”

Giselli R: “ဒီလိုအကြောင်းအရာတွေကို ဆွေးနွေးတဲ့အခါ ကိုယ့်မှာ နှိမ့်ချမှုရှိဖို့ အရမ်းအရေးကြီးတယ်လို့ ထင်ပါတယ်။ ကျွန်မ မှားနေနိုင်တယ်။ ဒါကြောင့် ကိုယ်တိုင် သုတေသနလုပ်ဖို့ လိုတယ်။”

Akshaj D: “ကျွန်တော် အိန္ဒိယမှာ မွေးခဲ့တာပါ။ အဲဒီမှာ ဝင်ငွေမညီမျှမှုက အရမ်းပြင်းထန်ပါတယ်။”

Wilson L: “သူတို့တည်ဆောက်ခဲ့တဲ့ လုပ်ငန်းကနေ ရလာတဲ့ ပိုင်ဆိုင်မှုတချို့ကို ကိုယ်နဲ့ သိပ်မရင်းနှီးတဲ့လူတစ်ယောက်ဆီ ပေးဖို့အတွက် အခွန်အနေနဲ့ ဖြတ်တောက်ခံရမယ်ဆိုရင် သူတို့ ဘယ်လိုခံစားရမလဲ?”

Amrita N: “ပြီးတော့ ရိုးရိုးသားသားပြောရရင် ခင်ဗျားက ကျွန်မရဲ့အမြင်ကို တကယ်ပြောင်းလဲပေးခဲ့ပါတယ်။”

Andrew L: “ဒါက တကယ်ကို အရမ်းကောင်းတဲ့ ဆွေးနွေးမှုပါ။ ခင်ဗျားက Science ကို အရမ်းစိတ်ဝင်စားတဲ့သူတစ်ယောက်အနေနဲ့ သိထားတာတွေကို အမြဲထည့်ပြောပေးခဲ့တယ်။”

⸝

🔸ပညာရေးဆိုတာ အသိပညာပေးရုံ မဟုတ်ပါဘူး

ဒီလိုဆွေးနွေးမှုတွေက ဘယ်လောက်အထိ စစ်မှန်လဲဆိုတာ ကျွန်တော့်အတွက် အရမ်းစိတ်ဝင်စားစရာကောင်းပါတယ်။ ကျောင်းသားတွေဟာ သူတို့ရဲ့ စိတ်အားထက်သန်မှုနဲ့ ယုံကြည်ချက်တွေအပြည့်နဲ့ လာကြပါတယ်။ ပြီးတော့ အရွယ်ရောက်ပြီးသား လူအများအပြား မေ့လျော့လာနေတဲ့အရာတစ်ခုကို သူတို့လုပ်ကြပါတယ်။

✨နားထောင်ခြင်းပါ။✨

Bryan ပြောခဲ့တဲ့စကားက ဒီအချက်ကို အကောင်းဆုံးဖော်ပြပေးပါတယ်။ သူဟာ အရင်က ဘယ်တော့မှ မစဉ်းစားဖူးတဲ့အရာတွေကို စဉ်းစားခဲ့ရပါတယ်။
ဒါဟာ ပညာရေးကို လူသားဆန်စေတဲ့အရာပါ။

ပညာရေးဆိုတာ အသိပညာကို တစ်ယောက်ကနေ တစ်ယောက်ဆီ လွှဲပြောင်းပေးရုံတင် မဟုတ်ပါဘူး။
တခြားလူတွေရဲ့ အမြင်ကို နားလည်နိုင်ဖို့၊ ပြီးတော့ အဲဒီနားလည်မှုကို အသုံးချပြီး ကိုယ့်ရဲ့အမြင်ကို ပြန်လည်တည်ဆောက်နိုင်ဖို့လည်း ဖြစ်ပါတယ်။

ဒီလိုအရာတွေဟာ တစ်ဖက်မှာ လူသားတစ်ယောက်ရှိနေတဲ့အခါမှသာ ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် ကျောင်းသားတိုင်း ကိုယ့်နဲ့မတူတဲ့အမြင်ရှိသူတွေနဲ့ အဓိပ္ပာယ်ရှိရှိ ဆက်သွယ်ဆွေးနွေးနိုင်ဖို့ အခွင့်အရေးပေးနိုင်အောင် ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်။

လူသားအချင်းချင်း ဆက်သွယ်မှုရဲ့ အကျိုးသက်ရောက်မှုကို ကျွန်တော် မြင်တွေ့ခဲ့ရပေမယ့် တချို့နေရာတွေမှာတော့ ဒီလိုအစီအစဉ်တွေကို အတိုင်းအတာကြီးကြီးနဲ့ ချဲ့ထွင်ဖို့ ခက်ခဲပါတယ်။

ကောလိပ်တက်နေစဉ်တုန်းက “Amphibious Achievement” ဆိုတဲ့ အစီအစဉ်မှာ Tutor အဖြစ် ပါဝင်ခဲ့ပါတယ်။ အဲဒီမှာ Boston Public School က ကျောင်းသားတွေကို လှေလှော်အားကစား သင်ပေးပြီး SAT အတွက်လည်း ပြင်ဆင်ပေးခဲ့ပါတယ်။
အပေါ်ယံကြည့်ရင် ကျွန်တော်တို့ လုပ်နေတဲ့အရာက ဒါပါပဲ။

ဒါပေမယ့် တကယ့်အဓိကရည်ရွယ်ချက်ကတော့ ကျောင်းသားတိုင်းမှာ “ကိုယ့်ကိုယ်ကို မဆုတ်မနစ် ယုံကြည်နိုင်တဲ့စိတ်” တည်ဆောက်ပေးဖို့ ဖြစ်ပါတယ်။

“ဘာကြောင့် ယုံကြည်မှုကို အဓိကထားတာလဲ” လို့ မေးနိုင်ပါတယ်။ ယုံကြည်မှုဆိုတာ ကျောင်းသားတိုင်းထဲမှာ ရှိပြီးသားအရာပါ။ ဒါပေမယ့် အဲဒီယုံကြည်မှုကို ထုတ်ဖော်ပေါ်လာအောင် လုပ်ဖို့ အများကြီးကြိုးစားရပါတယ်။

တစ်ခါ အဲဒီယုံကြည်မှု ပေါ်လာပြီဆိုရင်တော့ ကျောင်းသားတစ်ယောက်က ကိုယ်တိုင် ဘယ်အရာတွေအထိ လုပ်နိုင်တယ်လို့ ယုံကြည်သလဲဆိုတာကို လုံးဝပြောင်းလဲပေးနိုင်ပါတယ်။

ကျွန်တော့်အနေနဲ့ ကျောင်းသားတစ်ယောက်အပေါ် ယုံကြည်ပေးခဲ့တဲ့ ယုံကြည်မှုက တဖြည်းဖြည်း အဲဒီကျောင်းသားရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုအဖြစ် ပြောင်းလဲလာတာကို မြင်ခဲ့ရပါတယ်။ အစပိုင်းမှာ အဲဒီယုံကြည်မှုက လှေလှော်အားကစားမှာ ကိုယ့်ရဲ့အကောင်းဆုံးစံချိန်အသစ် ရရှိလာတာမျိုးနဲ့ ပေါ်လာပါတယ်။

နောက်ပိုင်းမှာတော့ ကောလိပ်က လက်ခံလိုက်ကြောင်း ပေးပို့လာတဲ့ စာတစ်စောင်အဖြစ် ပြောင်းလဲလာပါတယ်။ အဲဒီနောက်မှာတော့ အဲဒီကျောင်းသားရဲ့ ကိုယ်ရည်ကိုယ်သွေးတစ်ခုလုံး အသက်ဝင်လာတာကို တွေ့ရပါတယ်။

⸝

🔸လူသားဆက်သွယ်မှုက အနာဂတ်ရဲ့ ကျွမ်းကျင်မှုတစ်ခု ဖြစ်လာမယ်

ဒါပေမယ့် ဒီအစီအစဉ်ရဲ့ ကန့်သတ်ချက်တွေကိုလည်း ကျွန်တော် မြင်ခဲ့ရပါတယ်။ ကျွန်တော်တို့ ကူညီချင်တဲ့ ကျောင်းသားတွေ ရှိပေမယ့် အကွာအဝေး၊ အချိန်အခက်အခဲ ဒါမှမဟုတ် Tutor အရေအတွက် မလုံလောက်တာကြောင့် သူတို့ကို မကူညီနိုင်တဲ့အခြေအနေတွေ ရှိခဲ့ပါတယ်။
ဒါပေမယ့် Peer Model ရဲ့ ထူးခြားချက်ကတော့ “အတိုင်းအတာကြီးကြီးနဲ့ ချဲ့ထွင်နိုင်ခြင်း” ပါ။

ဖုန်းတစ်လုံး ဒါမှမဟုတ် Laptop တစ်လုံးဟာ ယုံကြည်စိတ်ချရတဲ့ လူသားတစ်ယောက်နဲ့ ဆက်သွယ်နိုင်တဲ့ တံခါးတစ်ခုပဲ ဖြစ်လာနိုင်ပါတယ်။
ကမ္ဘာတစ်ဝန်းက ကျောင်းသားတွေဟာ အချိန်မရွေး သင်ယူနိုင်ပါတယ်။

Tutor မလုံလောက်တဲ့ ပြဿနာအတွက် ဖြေရှင်းချက်က ကျွန်တော်တို့ မျက်စိရှေ့မှာ ရှိနေပြီးသားဆိုတာကိုလည်း အံ့ဩစရာအနေနဲ့ တွေ့ရှိခဲ့ရပါတယ်။ အဲဒီဖြေရှင်းချက်က ကျွန်တော်တို့ရဲ့ သင်ယူနေတဲ့ ကျောင်းသားတွေ ကိုယ်တိုင်ပါ။

ကျောင်းသားတစ်ယောက်က သင်ခန်းစာကို ကျွမ်းကျင်သွားပြီဆိုရင် အဲဒီအရာကို တခြားတစ်ယောက်ကို ပြန်လည်သင်ကြားပေးနိုင်ပါတယ်။
ဒီလိုအရာတွေကို အခုတောင် တွေ့နေရပါပြီ။

ဥပမာ ကျောင်းသားတစ်ယောက်က ကိုယ်တိုင်ပညာရေး Startup တစ်ခု တည်ထောင်ပြီး ကိုယ်ရခဲ့တဲ့အကူအညီကို တခြားသူတွေထံ ပြန်လည်မျှဝေပေးချင်တယ်လို့ ပြောခဲ့ပါတယ်။ လူတိုင်းက AI က ဘယ်လိုကျွမ်းကျင်မှုတွေကို အစားထိုးသွားမလဲဆိုတာ ပြောနေကြပါတယ်။

ဒါပေမယ့် Immanuel ပြသခဲ့တဲ့ ကျွမ်းကျင်မှုတွေကို ကြည့်ပါ။ “ဂရုစိုက်တတ်ခြင်း၊ ပူးပေါင်းလုပ်ဆောင်တတ်ခြင်း၊ ဆက်သွယ်ပြောဆိုတတ်ခြင်း”စတဲ့ အရည်အချင်းတွေပါ။

ဒါတွေဟာ လူသားတွေရဲ့ အလွန်အရေးကြီးတဲ့ အရည်အချင်းတွေ ဖြစ်ပါတယ်။ ဒီအရည်အချင်းတွေဟာ အရင်ကတည်းက အရေးကြီးခဲ့ပါတယ်။
ဒါပေမယ့် AI ခေတ်မှာတော့ ဒါတွေဟာ “အနာဂတ်အတွက် အရေးကြီးဆုံးကျွမ်းကျင်မှုတွေ” ဖြစ်လာပါလိမ့်မယ်။ ဒီအရာက ကောလိပ်ဝင်ခွင့်အထိပဲ ရပ်တန့်သွားမှာ မဟုတ်ပါဘူး။

အလုပ်ရှင်တွေဆီကနေတောင် အလားတူအကြောင်းအရာတွေကို ကျွန်တော်တို့ ကြားနေရပါတယ်။ သူတို့အလိုအပ်ဆုံး ကျွမ်းကျင်မှုတွေဟာ “အလိုအလျောက်စနစ်နဲ့ အစားထိုးဖို့ မလွယ်ကူတဲ့ ကျွမ်းကျင်မှုတွေ” ဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွေ အားလုံးက စစ်မှန်တဲ့ လူသားဆက်သွယ်မှုကို လူတိုင်းလက်လှမ်းမီအောင် ပြုလုပ်ပေးနိုင်တဲ့အခါ ဘာတွေဖြစ်လာနိုင်သလဲဆိုတာ သက်သေပြနေပါတယ်။

ဒါပေမယ့် နှစ်စဉ်နှစ်တိုင်း ကျောင်းသားအတန်းသစ်တစ်တန်း ဘွဲ့ရလာပါတယ်။ တစ်ချိန်တည်းမှာပဲ AI ကလည်း နှစ်စဉ် ပိုမိုမြန်ဆန်စွာ အစွမ်းထက်လာနေပါတယ်။ ရည်ရွယ်ချက်က “ထုတ်လုပ်နိုင်စွမ်းကို အမြင့်ဆုံးမြှင့်တင်ဖို့” ဆိုရင်တော့ AI က အနိုင်ရမှာပါ။

ဒါပေမယ့် “ပိုကောင်းတဲ့ လူ့အဖွဲ့အစည်းတစ်ခု တည်ဆောက်ချင်တယ်” ဆိုရင်တော့ ကျွန်တော်တို့ဟာ လူသားအချင်းချင်း ဆက်သွယ်မှုကို ပိုမိုလက်လှမ်းမီအောင် လုပ်ပေးရပါမယ်။

တစ်ချိန်တည်းမှာ လူငယ်တွေ အနာဂတ်မှာ ပိုမိုလိုအပ်လာမယ့် လူသားဆန်တဲ့ ကျွမ်းကျင်မှုတွေကိုလည်း ဖွံ့ဖြိုးပေးရပါမယ်။ AI ကြောင့် ပညာရေးလောက ပြောင်းလဲလာမှုကို ရင်ဆိုင်သွားရမယ့်နည်းလမ်းက ဒီလိုပါပဲ။

“ပိုမိုချိတ်ဆက်မှုရှိတဲ့ ကမ္ဘာတစ်ခု၊ ပိုမိုစွမ်းဆောင်နိုင်တဲ့ ကျောင်းသားတွေ၊ လူသားဆန်မှု ပိုမိုရှိတဲ့ အနာဂတ်တစ်ခုကို ဖန်တီးဖို့ ဖြစ်ပါတယ်။”

ကျေးဇူးတင်ပါတယ်။

✨✨✨✨✨

🔗 မူရင်းဆောင်းပါး၏ Ref Link ကို
Comment မှာ ထည့်ပေးထားပါတယ်။

Photos from Phoenix Script's post 30/08/2026

🇯🇵 Japan IT Job Hunting & CV Writing Series Part 9

自己PR (Self-PR / Personal Strengths) ကို ‘ကြိုးစားပါတယ်’ နဲ့ မပြီးပါနဲ့

🔸🔸🔸🔸🔸

“ကျွန်တော်က တာဝန်ယူတတ်ပါတယ်။”
“ကျွန်မက ကြိုးစားပါတယ်။”
“ကျွန်တော်က Communication ကောင်းပါတယ်။”

ဒီလိုစာတွေကို CV ထဲမှာ ရေးထားတာတွေ့ရင် Recruiter က ဘာစဉ်းစားမလဲ?

တစ်ခုတော့ရှိတယ်။
“အဲဒါတွေက ကိုယ်တိုင်ပြောတာပဲ ရှိသေးတယ်။”
ကိုယ်က တာဝန်ယူတတ်တယ်လို့ ပြောနိုင်သလို၊ လျှောက်ထားသူ ၁၀၀ ယောက်လုံးကလည်း အဲဒီလိုပဲ ရေးနိုင်ပါတယ်။

ဒါဆို Recruiter က ဘယ်လိုခွဲမလဲ?

ဒီနေရာမှာ 自己PR (Self-PR / Personal Strengths) ကို “စကားလုံးတွေနဲ့ ကိုယ့်ကိုယ်ကို ချီးကျူးတာထက် ကိုယ်တကယ် ဘယ်လိုအခြေအနေမှာ ဘာလုပ်ခဲ့လဲဆိုတာ ပြဖို့” လိုပါတယ်။

📌 “ကျွန်တော် တာဝန်ယူတတ်ပါတယ်” ဆိုတာနဲ့ မလုံလောက်ဘူး

ဥပမာ Software Development အလုပ်လျှောက်မယ့်သူတစ်ယောက်က
❌ 「責任感があります。」
“ကျွန်တော်က တာဝန်ယူတတ်ပါတယ်။” လို့ရေးထားတယ်ဆိုပါစို့။

ဒါကိုဖတ်တဲ့ Recruiter က
“ဘယ်အခြေအနေမှာ တာဝန်ယူခဲ့တာလဲ?”
“ဘာလုပ်ခဲ့တာလဲ?”
“ရလဒ်က ဘာလဲ?”
ဆိုတာ ဆက်သိချင်ပါလိမ့်မယ်။

အဲဒီအတွက် ကိုယ့်ရဲ့ အားသာချက်ကို ရေးတဲ့အခါ ဒီအစီအစဉ်နဲ့ စဉ်းစားကြည့်ပါ။

Claim → Situation → Action → Result → Relevance
ကိုယ့်အားသာချက် → ဘယ်အခြေအနေမှာ → ဘာလုပ်ခဲ့လဲ → ဘာရလဒ်ရခဲ့လဲ → Company အတွက် ဘယ်လိုအသုံးဝင်မလဲ

💻 Software Development
ဥပမာ Python နဲ့ Web Application တစ်ခုလုပ်ခဲ့တဲ့ Junior Developer တစ်ယောက်ဆိုပါစို့။

❌ “Python ကို ကောင်းကောင်းသိပါတယ်။ ပြဿနာဖြေရှင်းနိုင်ပါတယ်။ တာဝန်ယူတတ်ပါတယ်။”

ဒီမှာ ကိုယ်ဘာလုပ်နိုင်တယ်ဆိုတာ ပြောထားပေမယ့် “ဘယ်လိုလုပ်နိုင်တာလဲဆိုတာ မမြင်ရသေးပါဘူး။”

✅ “Python ကို အသုံးပြုထားတဲ့ Web Application Project မှာ အဓိကလုပ်ဆောင်ချက်တစ်ခုရဲ့ Development ကို တာဝန်ယူခဲ့ပါတယ်။ Development လုပ်နေစဉ် ဖြစ်ပေါ်လာတဲ့ Error တွေရဲ့ အကြောင်းရင်းရှာဖွေပြီး ပြင်ဆင်ခဲ့ကာ သတ်မှတ်ထားတဲ့အချိန်အတွင်း လုပ်ဆောင်ချက်ကို ပြီးစီးအောင် လုပ်နိုင်ခဲ့ပါတယ်။ ဒီအတွေ့အကြုံက Development လုပ်ငန်းစဉ်မှာ ပြဿနာတွေကို ကိုယ်တိုင်ရှာဖွေဖြေရှင်းပြီး တာဝန်ယူလုပ်ဆောင်နိုင်တဲ့ အားသာချက်ကို ပြသနိုင်ပါတယ်။”

ဒီလိုရေးလိုက်ရင် “တာဝန်ယူတတ်ပါတယ်” လို့ ပြောရုံမဟုတ်တော့ဘဲ တကယ်လုပ်ခဲ့တဲ့အရာကနေ အဲဒီအားသာချက်ကို Recruiter က မြင်နိုင်ပါတယ်။

🤖 AI ခေတ်မှာလည်း ဒီအချက်က ပိုအရေးကြီးလာတယ်

အခု Software Development မှာ AI ကို Code ရေးသားခြင်း၊ Code ပြန်လည်စစ်ဆေးခြင်း၊ Testing စတာတွေမှာ အသုံးပြုလာကြပါတယ်။

ဒါကြောင့် CV မှာ
❌ “AI Tool တွေ အသုံးပြုတတ်ပါတယ်။”

လို့ပဲ ရေးထားတာထက်

✅ “AI Tool ကို အသုံးပြုပြီး Code ရေးသားရာမှာ ထွက်လာတဲ့ Code ကို ကိုယ်တိုင်စစ်ဆေး၊ ပြင်ဆင်ကာ Application ရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီအောင် လုပ်ဆောင်ခဲ့ပါတယ်။”

ဆိုပြီး “ဘာလုပ်ခဲ့လဲ” ကို ပြနိုင်ရင် ကိုယ့်ရဲ့ လက်တွေ့လုပ်နိုင်စွမ်းကို ပိုရှင်းအောင် ဖော်ပြနိုင်ပါတယ်။

📌 ဒါဆို 自己PR (Self-PR / Personal Strengths) မှာ ဘာကိုမှတ်ထားရမလဲ?

① “ကျွန်တော်က ဘာကောင်းပါတယ်” နဲ့ မစပါနဲ့။
ကိုယ့်အားသာချက်ကို ပြောနိုင်ပေမယ့် အဲဒီအားသာချက်ကို ပြနိုင်တဲ့ အတွေ့အကြုံပါ ထည့်ပါ။

② လုပ်ခဲ့တာကို ရှင်းရှင်းရေးပါ။
ဘယ် Project မှာ၊ ဘာတာဝန်ယူပြီး ဘာလုပ်ခဲ့လဲဆိုတာ ဖော်ပြပါ။

③ ရလဒ်ရှိရင် ထည့်ပါ။
အချိန်လျှော့ချနိုင်တာ၊ Error လျော့သွားတာ၊ လုပ်ဆောင်ချက်တစ်ခု ပြီးစီးသွားတာ စတဲ့ ရလဒ်တွေ ရှိရင် ထည့်ရေးပါ။

④ နောက်ဆုံးမှာ Company နဲ့ ချိတ်ပါ။
“အဲဒီအတွေ့အကြုံကို ဒီအလုပ်မှာ ဘယ်လိုအသုံးချနိုင်မလဲ” ဆိုတာ ပြပါ။

တကယ်တော့ 自己PR (Self-PR / Personal Strengths) ဆိုတာ “ကိုယ့်ကိုယ်ကို ကောင်းကြောင်းပြောတဲ့နေရာ မဟုတ်ပါဘူး။”

“ဒီလိုအခြေအနေမှာ ဒီလိုလုပ်ခဲ့တယ်” ဆိုတဲ့ အတွေ့အကြုံတွေကနေ “ငါဘာလုပ်နိုင်တယ်” ဆိုတာ Recruiter ကို မြင်အောင်ပြတဲ့နေရာ ဖြစ်ပါတယ်။

ကိုယ့်အကြောင်းကို ကိုယ်ပြောတာထက်
“ကိုယ်လုပ်ခဲ့တာတွေကို ပြောပြနိုင်အောင် ရေးပါ။”

⸝

ပုံထဲမှာပြထားတဲ့ 自己PR မှာ ဘာကြောင့် ဘယ်လိုပြင်လိုက်လဲဆိုတာ မူရင်းနဲ့ ပြင်ပြီးသားကို ယှဉ်ပြီး တစ်ခုချင်းရှင်းပြပါမယ်။

① အစပိုင်း — အတွေ့အကြုံကို ပိုရှင်းအောင် ရေးထားတယ်

🔹 မူရင်း
これまでの14年間、プログラマー、ブリッジSE、ソフトウェアエンジニア、システムエンジニアとして多様なソフトウェア開発プロジェクトに携わってきました。

🔸 ပြင်ပြီး
14年以上にわたり、プログラマー、ブリッジSE、ソフトウェアエンジニア、システムエンジニアとして、さまざまなソフトウェア開発プロジェクトに携わってきました。

အဓိကအဓိပ္ပါယ် မပြောင်းပါဘူး။
14 နှစ် → 14 နှစ်ကျော် ဆိုတဲ့ပုံစံနဲ့ ပြင်ထားတာက အခုအချိန်နဲ့ တွက်တဲ့အခါ အတွေ့အကြုံက 14 နှစ်ထက်ပိုနေပြီဆိုရင် ပိုသင့်တော်လို့ပါ။

⸝

② “PHP၊ Python သိတယ်” ကို “ဘာလုပ်နိုင်တယ်” ဖြစ်အောင် ပြင်ထားတယ်

🔹 မူရင်း
現在、PHP、Pythonなどのプログラミング言語に対応可能で、Webアプリケーションの要件定義からテスト、リリース、保守・運用に至るまで、豊富な経験を積んでおります。

ဒီစာက မကောင်းတာမဟုတ်ပါဘူး။
ဒါပေမယ့် “PHP/Python သိတယ် + အလုပ် process အမျိုးမျိုးမှာ အတွေ့အကြုံရှိတယ်” ဆိုတာပဲ ထင်ရှားပါတယ်။

🔸 ဒါကြောင့် ပြင်ထားတာက
PHPやPythonなどを使用したWebアプリケーション開発において、要件定義から設計、開発、テスト、リリース、保守・運用まで、幅広い工程を経験しています。

“PHP၊ Python ကို အသုံးပြုပြီး ဘာလုပ်ခဲ့လဲ” ဆိုတာ ပိုရှင်းအောင် ရေးထားပါတယ်။

အထူးသဖြင့်
要件定義 → 設計 → 開発 → テスト → リリース → 保守・運用
ဆိုပြီး ကိုယ့်ရဲ့ Development Process တစ်လျှောက် ဘယ်လောက်အထိ လုပ်နိုင်လဲ ကို မြင်နိုင်လာပါတယ်။

⸝

③ “အတွေ့အကြုံရှိတယ်” ဆိုတာပဲ မရေးဘူး

ဒီအပိုင်းက အရေးကြီးဆုံးပါ။

🔹 မူရင်းမှာ
豊富な経験を積んでおります。
ဆိုပြီး “အတွေ့အကြုံများပါတယ်” လို့ ပြောထားပါတယ်။

ဒါပေမယ့် Recruiter က
“ဘယ်လိုအလုပ်မျိုး လုပ်ခဲ့တာလဲ?”
လို့ ဆက်မေးချင်စရာရှိပါတယ်။

ဒါကြောင့် အောက်ပါအတိုင်း ထပ်ထည့်ထားပါတယ်။
プロジェクトごとの要件や状況に応じて、開発メンバーと連携しながら業務を進め、問題が発生した際には原因を確認し、解決方法を検討して対応してきました。

Project တစ်ခုနဲ့တစ်ခု လိုအပ်ချက်မတူတဲ့အခါ
🔸Team Member တွေနဲ့ ပူးပေါင်းလုပ်တယ်
🔸ပြဿနာဖြစ်ရင် အကြောင်းရင်းရှာတယ်
🔸ဖြေရှင်းနည်း စဉ်းစားတယ်
🔸ပြီးရင် ဖြေရှင်းတယ်
ဆိုတဲ့ အလုပ်လုပ်ပုံ ကို ပြထားတာပါ။

ဒါက Part 9 မှာပြောခဲ့တဲ့ Claim → Situation → Action ဘက်ကို ပိုနီးလာပါတယ်။

⸝

④ “အသစ်တွေ သင်တယ်” ဆိုတာကို ပိုလက်တွေ့ကျအောင် ပြင်တယ်

🔹 မူရင်း
新しい技術の習得にも積極的に取り組んでおり、GCP、AWSなどのクラウド技術やAIに関するオンラインコースも修了しました。

ဒီမှာ“GCP၊ AWS၊ AI သင်ယူထားတယ်”
ဆိုတာ သိရပါတယ်။ ဒါပေမယ့် “သင်ထားတာကို ဘယ်လိုအသုံးချဖို့ ကြိုးစားနေလဲ” မသိရသေးပါဘူး။

ဒါကြောင့်
新しい技術についても積極的に学び、実際の開発に活用できるよう取り組んでいます。
ဆိုပြီး ထည့်ထားပါတယ်။

အဓိပ္ပါယ်က “သင်တန်းတက်ပြီး Certificate ရထားတယ်” ဆိုတာထက် “အသစ်တွေကို လေ့လာပြီး လက်တွေ့ Development မှာ အသုံးချနိုင်အောင် ကြိုးစားနေတယ်”ဆိုတဲ့ပုံစံ ရေးရပါတယ်။

⸝

⑤ AI ကို “သင်ထားတယ်” ကနေ “နောက်ထပ်ဘာလုပ်ချင်လဲ” နဲ့ ချိတ်တယ်

🔹မူရင်း
14年以上のソフトウェア開発経験を活かしながら、今後はAI関連のプロジェクトに挑戦したいと考えています。

ဒီအချက်က ကောင်းပါတယ်။

ဒါပေမယ့် AI အလုပ်လျှောက်တာမဟုတ်ရင်တောင် AI သိထားတယ်ဆိုတာကို အလွန်အကျွံ ရှေ့တန်းမတင်တာ ပိုကောင်းပါတယ်။

ဒါကြောင့်
これまで培ってきたソフトウェア開発の経験を活かしながら、新しい技術についても積極的に学び、実際の開発に活用できるよう取り組んでいます。

ပြီးတော့ နောက်ပိုင်းမှာ
今後は、これまでの14年以上のソフトウェア開発経験と、要件定義から保守・運用まで幅広い工程に対応してきた経験を活かし、AIなどの新しい技術を取り入れたプロジェクトにも挑戦したいと考えています。

ဆိုပြီး အရင်အတွေ့အကြုံ → လက်ရှိလေ့လာမှု → အနာဂတ်ရည်မှန်းချက် ဆိုပြီး ဆက်ထားပါတယ်။

⸝

⑥ နောက်ဆုံးမှာ “Company အတွက် ဘာလုပ်ပေးနိုင်လဲ” ကို ပိုရှင်းအောင်လုပ်တယ်

🔹 မူရင်း
私の技術力と経験を活かし、貴社のプロジェクトに貢献できることを楽しみにしています。

ဒီလိုရေးရင် “ကျွန်တော့် Skill နဲ့ Experience ကို အသုံးချပြီး Company ကို အကျိုးပြုချင်ပါတယ်” ဆိုတာ သိရပါတယ်။

ဒါပေမယ့် အနည်းငယ် Generic ဖြစ်ပါတယ်။

ဒါကြောင့် ပြင်ထားတာက
これまで培ってきた技術力と経験を活かし、貴社のプロジェクトに貢献できるよう努めてまいります。
ဆိုပြီး “ကိုယ့်ရဲ့ ဘယ် Experience တွေကို အသုံးချမယ်ဆိုတာ အပေါ်မှာ အရင်ပြထားပြီးမှ နောက်ဆုံး Company Contribution နဲ့ ပိတ်ထားတာ”ပါ။

⸝

အဓိကပြောင်းလဲမှုကို တစ်ကြောင်းနဲ့ပြောရရင်

မူရင်း 自己PR က
“ကျွန်တော် ဘာတွေသိတယ်၊ ဘာတွေသင်ထားတယ်၊ အတွေ့အကြုံဘယ်လောက်ရှိတယ်”
ဆိုတာကို အဓိကပြောထားပါတယ်။

ပြင်ထားတဲ့ 自己PR ကတော့
“ကျွန်တော် ဘာတွေလုပ်ခဲ့တယ် → ဘယ်လိုအလုပ်လုပ်နိုင်တယ် → ဘာတွေကို ဆက်လေ့လာနေတယ် → ဒီအတွေ့အကြုံကို Company မှာ ဘယ်လိုအသုံးချချင်တယ်”
ဆိုတဲ့ Flow ဖြစ်အောင် ပြင်ထားတာပါ။

ဒါက Part 9 ရဲ့ 自己PR ကို “ကြိုးစားပါတယ်၊ တာဝန်ယူပါတယ်” လို့ စကားလုံးနဲ့ပဲ မပြောဘဲ “လက်တွေ့အတွေ့အကြုံကနေ ကိုယ့်အားသာချက်ကို ပြရမယ်” ဆိုတဲ့အချက်နဲ့လည်း ကိုက်ညီပါတယ်။

⸝

🔜 Part 10 — “နောက်ဆုံး CV တစ်စောင်ကို အတူတူရေးကြည့်မယ်”

ဒီအထိပြောခဲ့တာတွေကို သိရုံနဲ့ မပြီးသေးပါဘူး။

နောက်ဆုံးအပိုင်းမှာ Japan မှာ Software Development အလုပ်ရှာနေတဲ့ Candidate တစ်ယောက်ကို ဖန်တီးပြီး

Job Description → Company က လိုချင်တာ → Candidate ရဲ့ အားသာချက် → 履歴書 (Resume) / 職務経歴書 (Work History / Career History)

ဆိုပြီး အစကနေ အဆုံးအထိ CV တစ်စောင်ကို ဘယ်လိုတည်ဆောက်မလဲ အတူတူရေးကြည့်ကြရအောင်။

🔸🔸🔸🔸🔸

29/08/2026

Is AI turning us all into the same person?
AI က ကျွန်မတို့အားလုံးကို တစ်ပုံစံတည်းဖြစ်အောင် ပြောင်းလဲနေပြီလား?

Sandra Matz
TED×NewEngland | October 2025

✨✨✨✨✨

🔸AI ကြောင့် ကျွန်မတို့ လူတိုင်းနဲ့ တူလာပြီး ကိုယ့်ရဲ့ ထူးခြားမှု၊ ကိုယ်ပိုင်အကြိုက်နဲ့ မတူညီတဲ့စရိုက်တွေ ပျောက်သွားမှာကို စိုးရိမ်မိတယ်။

AI ကို လူတွေ စိုးရိမ်ကြတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။

AI က လူတွေအကြား သဘောထားကွဲပြားစေတယ်။ သတင်းမှားတွေ ပျံ့နှံ့စေတယ်။ ကျွန်မတို့ရဲ့ အလုပ်အကိုင်တွေကိုပါ အစားထိုးလာနိုင်တယ်။

ဒီအချက်တွေက စိုးရိမ်ဖို့ လုံလောက်တဲ့ အကြောင်းရင်းတွေပါပဲ။

ဒါပေမယ့် ကျွန်မကို တကယ်အိပ်မပျော်စေတဲ့အရာကတော့ အဲဒါတွေ မဟုတ်ပါဘူး။

ကျွန်မတကယ်စိုးရိမ်တာက ကျွန်မတို့တစ်ဦးချင်းစီရဲ့ ဘဝနဲ့ လူသားဆန်မှုတွေကိုပါ လုယူလာနိုင်လို့ပါ။

🔸AI က ကျွန်မတို့ကို ပိုပြီး ပျင်းစရာကောင်းတဲ့ လူတွေ ဖြစ်လာစေမှာကို ကျွန်မ စိုးရိမ်တယ်။

သင်၊ ကျွန်မ၊ ကျွန်မတို့အားလုံး။

ဘာကြောင့်လဲဆိုတော့ ကျွန်မတို့ရဲ့ ဆုံးဖြတ်ချက်တွေကို AI ဆီ ပိုပိုပြီး အပ်နှံလာလေလေ၊ လူသားတွေရဲ့ အလွန်အရေးကြီးတဲ့ စွမ်းရည်တစ်ခုကို ပိုပိုပြီး လက်လွှတ်ရလာလေလေ ဖြစ်နိုင်လို့ပါ။

အဲဒါကတော့ မသိသေးတဲ့အရာတွေကို စူးစမ်းနိုင်ခြင်း၊ စွန့်စားနိုင်ခြင်း၊ မသေချာတဲ့နေရာထဲ ဝင်ကြည့်နိုင်ခြင်းနဲ့ တစ်ခါတလေ ကိုယ့်ကိုယ်ကိုတောင် အံ့အားသင့်သွားစေနိုင်ခြင်းတို့ပါ။

အသစ်အဆန်းတွေကို ရှာဖွေတွေ့ရှိနိုင်မယ့် အခွင့်အရေးတွေ မရှိတော့ဘူးဆိုရင် ကျွန်မတို့ဟာ ကိုယ်တိုင်ဖြစ်လာနိုင်တဲ့ ပုံစံထက် ပိုပြီးတစ်ဖက်သတ်ဆန်တဲ့ လူတွေအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။

ဒါဟာ တစ်ဦးချင်းလူသားတွေအတွက်သာ မဟုတ်ဘဲ လူသားမျိုးနွယ်တစ်ခုလုံးအတွက်ပါ စဉ်းစားစရာကောင်းတဲ့ အရာတစ်ခုပါ။

⸝

အခု ဒီအကြောင်းကို ပိုပြီး နားလည်လွယ်အောင်၊ ထင်ထားတာထက် ပိုရင်းနှီးတဲ့ အခြေအနေတစ်ခုကို သွားကြည့်ရအောင်။

Baskin-Robbins ဆိုင်ထဲကို ဝင်သွားတယ်လို့ စိတ်ကူးကြည့်ပါ။

အဲဒီမှာ ရေခဲမုန့်အရသာ ၃၁ မျိုး ရှိပါတယ်။

Chocolate chip၊ pistachio၊ almond၊ lemon sorbet နဲ့ အခြားအရသာတွေ အများကြီးပါ။

အခု သင်ဟာ ရွေးချယ်ရခက်တဲ့ အခြေအနေတစ်ခုနဲ့ ရင်ဆိုင်နေရပါပြီ။

အရင်ကတည်းက ကြိုက်နေတဲ့ chocolate လို အရသာကိုပဲ ရွေးမလား။

ဒါမှမဟုတ် တစ်ခါမှ မစမ်းဖူးတဲ့၊ နည်းနည်းထူးခြားတဲ့ wild and reckless sherbet လို အရသာအသစ်ကို စွန့်စားပြီး စမ်းကြည့်မလား။

ဟုတ်ပါတယ်။ အဲဒါ တကယ်ရှိတဲ့ အရသာပါ။

ဒီလိုရွေးချယ်ရတဲ့အခြေအနေကို သိပ္ပံပညာရှင်တွေက “exploitation-exploration trade-off” လို့ ခေါ်ကြပါတယ်။

တစ်နည်းပြောရရင် “ကိုယ်သိပြီးသား၊ ကိုယ်ကြိုက်ပြီးသားအရာကိုပဲ ဆက်ရွေးပြီး လုံခြုံတဲ့ဘက်မှာ နေမလား၊ ဒါမှမဟုတ် ပိုကောင်းတဲ့အရာတစ်ခုကို တွေ့နိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ အသစ်အဆန်းကို စွန့်စားပြီး ရှာဖွေမလား” ဆိုတဲ့ ရွေးချယ်မှုပါ။

ကျွန်မတို့ဘဝမှာလည်း ဒီလို ရွေးချယ်မှုတွေ အမြဲရှိနေပါတယ်။

အမြဲသွားနေကျ စားသောက်ဆိုင်ကိုပဲ ဆက်သွားမလား၊ လမ်းထောင့်က ဆိုင်အသစ်ကို စမ်းကြည့်မလား။

အမြဲညှပ်နေကျ ဆံပင်ပုံစံကိုပဲ ဆက်ထားမလား၊ အသစ်အဆန်းနဲ့ ထူးခြားတဲ့ပုံစံတစ်ခု စမ်းကြည့်မလား။

တည်ငြိမ်တဲ့အလုပ်ကိုပဲ ဆက်လုပ်မလား၊ နောက်ဆုံးတော့ pickleball ချန်ပီယံဖြစ်ဖို့ ကြိုးစားကြည့်မလား။

လူတိုင်းမှာ exploitation နဲ့ exploration အပေါ် စိတ်ဝင်စားမှု အတိုင်းအတာ မတူကြပါဘူး။

ဒါပေမယ့် လူသားတွေဟာ ဆင့်ကဲဖြစ်စဉ်ကတည်းက ဒီနှစ်ခုကြားမှာ သင့်တော်တဲ့ ဟန်ချက်တစ်ခုကို ရှာဖွေဖို့ သဘာဝအလျောက် တည်ဆောက်ထားကြပါတယ်။

အာဖရိကမြက်ခင်းပြင်တွေမှာ နေထိုင်ခဲ့တဲ့ ကျွန်မတို့ရဲ့ ဘိုးဘွားတွေအတွက်တော့ ဒီရွေးချယ်မှုဟာ ပိုပြီး ရိုးရှင်းပါတယ်။

လုံခြုံတယ်လို့ သိထားတဲ့နေရာမှာပဲ အလွန်အမင်း ကပ်နေမယ်ဆိုရင် အစားအစာအရင်းအမြစ် ကုန်သွားတဲ့အခါ အစာငတ်နိုင်ပါတယ်။

မသိသေးတဲ့နေရာထဲကို အလွန်ဝေးဝေးသွားမယ်ဆိုရင်တော့ အဆိပ်ရှိတဲ့အရာကို စားမိနိုင်သလို ခြင်္သေ့တွေ အစားခံရနိုင်ပါတယ်။

ကံကောင်းစွာနဲ့ပဲ ဒီနေ့ ကျွန်မတို့ ရင်ဆိုင်နေရတဲ့ ရွေးချယ်မှုတွေက အသက်ရှင်သန်ရေးနဲ့ တိုက်ရိုက်မသက်ဆိုင်တော့ပါဘူး။

ဒါပေမယ့် ကျွန်မတို့ရဲ့ ရွေးချယ်မှုတွေဟာ သတိထားမှုနဲ့ စူးစမ်းလိုစိတ်ကြား ဟန်ချက်ညီအောင်လုပ်တဲ့ ဒီသဘာဝအလေ့အထကနေ ဆက်ပြီး လွှမ်းမိုးခံနေရပါတယ်။

ဘဝတစ်လျှောက်လုံး လုံခြုံတာကိုပဲ ရွေးပြီး ကိုယ်သိပြီးသားအရာတွေကိုပဲ အသုံးချနေမယ်ဆိုရင် စိတ်ပျက်ရတာမျိုး မကြုံရနိုင်ပါဘူး။

ဒါပေမယ့် တိုးတက်ဖို့နဲ့ ကြီးထွားဖို့ အခွင့်အရေးလည်း ရှိမှာမဟုတ်ပါဘူး။

တစ်ဖက်မှာလည်း အသစ်အဆန်းတွေကိုပဲ အမြဲရှာဖွေနေမယ်ဆိုရင် အတွေ့အကြုံတွေ အများကြီးရလာနိုင်ပါတယ်။

ဒါပေမယ့် ကိုယ်သင်ယူထားတာတွေကို အကျိုးရှိအောင် ပြန်အသုံးချဖို့ အခွင့်အရေး မရနိုင်ပါဘူး။

ဒါကြောင့် ကျွန်မတို့ရဲ့ ကြီးထွားတိုးတက်မှုကို တွန်းအားပေးတာဟာ “exploitation နဲ့ exploration ကြားက ဟန်ချက်ညီမှု” ပဲ ဖြစ်ပါတယ်။

လူသားမျိုးနွယ်အနေနဲ့သာမက တစ်ဦးချင်းလူသားတွေအနေနဲ့ပါ ဖြစ်ပါတယ်။

⸝

ဒီနေရာမှာ ရှင်းရှင်းလင်းလင်း ပြောထားချင်တာတစ်ခုရှိပါတယ်။

🔸Exploitation ကို အသုံးချတာဟာ မူလကတည်းက မှားယွင်းတဲ့အရာ မဟုတ်ပါဘူး။

ကျွန်မဟာ လွန်ခဲ့တဲ့ ၁၅ နှစ်အတွင်း computational social scientist အဖြစ် psychology၊ computer science နဲ့ business တို့ကိုအသုံးပြုနေတဲ့နေရာမှာ အလုပ်လုပ်ခဲ့ပါတယ်။

ဒါကြောင့် AI ကို exploitation ဘက်မှာ အားကောင်းအောင် အသုံးချတာဟာ ဘယ်လောက်တန်ဖိုးရှိနိုင်တယ်ဆိုတာ သိပါတယ်။

Algorithm တွေက သင်ဘာကို နှစ်သက်နိုင်သလဲ၊ လက်ရှိ ဘာကိုရှာဖွေနေလဲဆိုတာ အလွန်ကောင်းကောင်း ခန့်မှန်းနိုင်လာတာဟာ exploitation ကို အဓိကထားလုပ်ဆောင်တာကြောင့်ပါ။

ဒါဟာ စီးပွားရေးအတွက်ပဲ ကောင်းတာမဟုတ်ပါဘူး။

စားသုံးသူတွေအနေနဲ့လည်း အကျိုးရှိပါတယ်။ တစ်ခါတလေမှာတော့ လိုအပ်တာထက်တောင် ပိုပါတယ်။

ကျွန်တော့်အတွက်ဆိုရင် Baskin-Robbins ရဲ့ အရသာ ၃၁ မျိုးထဲက တစ်မျိုးကို ရွေးရမယ်ဆိုတာကို စဉ်းစားရုံနဲ့တင် ခေါင်းမူးလာပါတယ်။

ဒါပေမယ့် နေ့စဉ်ဘဝမှာ ရင်ဆိုင်နေရတဲ့ ရွေးချယ်စရာတွေက အဲဒီထက် အများကြီးပိုရှုပ်ထွေးပါတယ်။

ဥပမာ Netflix မှာ ရွေးချယ်ကြည့်ရှုနိုင်တဲ့ ရုပ်ရှင်ပေါင်း ၅,၅၀၀ ကျော် ရှိပါတယ်။

Spotify မှာတော့ သီချင်းပေါင်း သန်း ၁၀၀ ကျော် ရှိပါတယ်။

ဒါကြောင့် အမှန်အတိုင်းပြောရရင် exploitation ကို အဓိကထားတဲ့ AI တွေရဲ့ အကူအညီ နည်းနည်းမပါဘဲ ဒီခေတ်ဘဝမှာ ရှိသမျှရွေးချယ်စရာတွေကို ကျွန်မတို့ကိုယ်တိုင် လိုက်ရှာဖို့ဆိုတာ မလွယ်ပါဘူး။

ဒါပေမယ့် ဒီလိုအကျိုးရှိမှုတွေရဲ့ နောက်ကွယ်မှာ ပိုမိုနက်နဲတဲ့ ကုန်ကျစရိတ်တစ်ခု ရှိနေနိုင်တယ် ဆိုတာကို ကျွန်မ ပိုပိုပြီး စိုးရိမ်လာပါတယ်။

ဒါကို နားလည်ဖို့ Baskin-Robbins ဆီ ပြန်သွားကြည့်ရအောင်။

⸝

AI က ဒီဟန်ချက်ညီမှုကို ရှုပ်ထွေးစေတဲ့အကြောင်းကတော့ “AI ဟာ အန္တရာယ်ကို မကြိုက်ပါဘူး။”

ဒါဟာ AI ရဲ့ algorithmic DNA ကြောင့် မဟုတ်ပါဘူး။

Spotify၊ Netflix၊ ChatGPT အပါအဝင် ကျွန်မတို့ဘဝကို လမ်းညွှန်ပေးနေတဲ့ စနစ်အများစုဟာ “exploitation ကို အကောင်းဆုံးလုပ်ဆောင်နိုင်ဖို့ “ အဓိကထားပြီး လေ့ကျင့်ထားကြတာကြောင့်ပါ။

ပိုတိတိကျကျပြောရရင် “ရေတိုအတွင်း သုံးစွဲသူရဲ့ ပါဝင်မှုနဲ့ ကျေနပ်မှု”ကို အမြင့်ဆုံးဖြစ်အောင် လုပ်ဆောင်ဖို့ပါ။

သင် link ကို နှိပ်ခဲ့သလား။
Video ကို ကြည့်ခဲ့သလား။
သီချင်းကို Like လုပ်ခဲ့သလား။
လုပ်ခဲ့ရင် AI က “လက်ခုပ်တီးပြီး” အားပေးပါတယ်။
မလုပ်ခဲ့ရင်တော့ “လက်ပုတ်ထုတ်ခံရသလို” အကျိုးဆက် ရှိပါတယ်။

“စွန့်စားမှု၊ အသစ်အဆန်းရှာဖွေမှုနဲ့ exploration” တွေကတော့ သူတို့ရဲ့ programming ထဲမှာ အဓိက မပါဝင်ပါဘူး။

Baskin-Robbins ကို ပြန်စဉ်းစားကြည့်ပါ။

လူ ၆၀ ရာခိုင်နှုန်းက “Pralines and Cream” ကို ကြိုက်တယ်ဆိုရင် AI က အဲဒီအရသာကိုပဲ အကြံပြုပါလိမ့်မယ်။

AI မှာ စိတ်ကူးဉာဏ်မရှိလို့ မဟုတ်ပါဘူး။

👉 စွန့်စားဖို့ တွန်းအားမရှိလို့ပါ။

လုံခြုံတဲ့ရွေးချယ်မှုက စိတ်ပျက်ရမှုကို လျှော့ချပေးပါတယ်။ အဲဒါကလည်း ဖောက်သည်တွေ ထွက်ခွာသွားတာကို လျှော့ချပေးနိုင်ပါတယ်။

ဒါကြောင့် လူတွေကို စွန့်စားပြီး အသစ်အဆန်းရှာဖွေစေမယ့် ရွေးချယ်မှုထက် ကုမ္ပဏီတွေဟာ AI စနစ်တွေကို လေ့ကျင့်တဲ့အခါ exploitation ဘက်ကို ပိုမိုဦးစားပေးတတ်ကြပါတယ်။

⸝

ဒီနေရာကို မလာခင် ကျွန်မ စမ်းသပ်မှုလေးတစ်ခု လုပ်ခဲ့ပါတယ်။

ChatGPT ကို Baskin-Robbins ရဲ့ ရေခဲမုန့်အရသာတစ်မျိုး အကြံပြုခိုင်းပါတယ်။

ဒါကို အကြိမ် ၁၀၀ လုပ်ခဲ့ပါတယ်။ တစ်ကြိမ်စီမှာလည်း ဖောက်သည်အသစ်တစ်ယောက်လို ဟန်ဆောင်ထားပါတယ်။

ရလဒ်ကတော့ ၉၆ ကြိမ်မှာ ChatGPT က လူကြိုက်အများဆုံး အရသာနှစ်မျိုးထဲက တစ်မျိုးကို အကြံပြုခဲ့ပါတယ်။

အဲဒါတွေကတော့ Pralines and Cream နဲ့ Mint Chocolate Chip ပါ။

ကျွန်မလည်း သိပါတယ်။ သင်လည်း သဘောတူမယ်လို့ ထင်ပါတယ်။

ဒါဟာ ရွေးချယ်စရာ အမျိုးမျိုးရှိတဲ့အထဲက အတော်လေး မတူကွဲပြားတဲ့ ရွေးချယ်မှုတော့ မဟုတ်ပါဘူး။

ဒီအခြေအနေက ဆက်ဖြစ်နေမယ်ဆိုရင် တစ်နေ့မှာ Baskin-Robbins ဆိုင်တွေမှာ အရသာနှစ်မျိုးပဲ ကျန်တော့တဲ့ကမ္ဘာကို ရောက်သွားနိုင်ပါတယ်။

အခြားအရသာ ၂၉ မျိုးကို ဘယ်သူမှ မရွေးတော့ဘူးဆိုရင် ဘာကြောင့် ဆက်ရောင်းနေမှာလဲ။

ဒီကိစ္စက အရေးမကြီးတဲ့ သာမန်ကိစ္စတစ်ခုလို ထင်ရနိုင်ပါတယ်။

ဒါပေမယ့် ဒီလို “လူသားတွေရဲ့ အတွေ့အကြုံတွေ တဖြည်းဖြည်း နည်းပါးသွားခြင်း” ဟာ ဘဝရဲ့ အခြားကဏ္ဍတိုင်းမှာပါ ဖြစ်လာနိုင်တယ်ဆိုတာ နားလည်လိုက်တဲ့အခါ အဓိပ္ပာယ်က လုံးဝပြောင်းသွားပါတယ်။

ကျွန်မရဲ့ ပူးပေါင်းလုပ်ဖော်ကိုင်ဖက်တွေနဲ့ ကျောင်းသားတွေနဲ့အတူ ပြုလုပ်ခဲ့တဲ့ လေ့လာမှုတွေမှာ AI ကို လမ်းညွှန်ချက်ရယူဖို့ အသုံးပြုတဲ့အခါ
လူတွေရဲ့ အကြိုက်တွေက ပိုပြီးကွဲပြားမှု လျော့နည်းလာတာ၊ သူတို့ဖန်တီးတဲ့အရာတွေက ထူးခြားမှု လျော့နည်းလာတာ၊ အရေးကြီးတဲ့ သိပ္ပံပညာရှင်တွေ၊ အားကစားသမားတွေ၊ သမိုင်းဝင်ပုဂ္ဂိုလ်တွေ ကို ရွေးချယ်တဲ့အခါလည်း လူတိုင်းနဲ့ တူညီတဲ့ရွေးချယ်မှုတွေ ဖြစ်လာတာကို တွေ့ရှိခဲ့ပါတယ်။

အတိုချုပ်ပြောရရင်
AI ဟာ လူသားတွေရဲ့ အဆုံးမရှိတဲ့ အမြင်တွေ၊ ယုံကြည်ချက်တွေ၊ အကြိုက်တွေကို စာရင်းအင်းအရ လုံခြုံတဲ့ တူညီမှုတစ်ခုအဖြစ် ပြောင်းလဲနေပါတယ်။

⸝

ဒါက ပြဿနာရဲ့ တစ်စိတ်တစ်ပိုင်းပဲ ရှိပါသေးတယ်။

AI က သင့်ရဲ့ ထူးခြားတဲ့အကြိုက်တွေကို သိလာခဲ့ရင်တောင် ဥပမာ သင်က Pralines and Cream ထက် nutty coconut ကို ပိုကြိုက်တယ်ဆိုတာ သိသွားခဲ့ရင်တောင် သင့်အကြိုက်အတွင်းမှာပဲ လုံခြုံတဲ့ဘက်ကို ရွေးပါလိမ့်မယ်။

အဓိပ္ပာယ်ကတော့ သင်အကြိုက်ဆုံးဖြစ်နိုင်ခြေ အမြင့်ဆုံးအရာကိုပဲ ဆက်ရွေးပေးမှာပါ။

ဒါကြောင့် ChatGPT ကို ဒုတိယအကြိမ် စမ်းသပ်ကြည့်ခဲ့ပါတယ်။

ဒီတစ်ခါမှာတော့ ကျွန်တော့်ရဲ့ ကိုယ်ပိုင်ရေခဲမုန့်အကြိုက်တွေကို ပြောပြလိုက်ပါတယ်။

“နောက်ဆုံး ၁၀၀ ကြိမ် လာခဲ့တဲ့အခါ nutty coconut ကို ၇၀ ရာခိုင်နှုန်း ရွေးခဲ့တယ်။ ကျန်တဲ့ ၃၀ ရာခိုင်နှုန်းကိုတော့ အခြားအကြိုက်ဆုံး သုံးမျိုးကြား ညီတူညီမျှ ခွဲရွေးခဲ့တယ်” လို့ ပြောလိုက်ပါတယ်။ ပြီးတော့ နောက်ထပ် အကြိမ် ၁၀၀ မှာ ကျွန်တော့်အစား ရွေးပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ခန့်မှန်းကြည့်ပါ။ nutty coconut ကို အကြိမ် ၁၀၀ လုံး ရွေးပေးခဲ့ပါတယ်။

တစ်ခါတလေ စားခဲ့တဲ့ chocolate fudge၊ cookie dough၊ mango တို့နဲ့ စွန့်စားစမ်းသပ်ခဲ့တဲ့ အတွေ့အကြုံတွေ အားလုံး ပျောက်ကွယ်သွားပါတယ်။ အဲဒီအချိန်မှာ ကျွန်မဟာ စာသားအတိုင်း “nutty coconut” တစ်မျိုးတည်းပဲ ဖြစ်သွားပါတယ်။

ဒါပေမယ့် ရေခဲမုန့်အကြောင်းကို ခဏမေ့ထားလိုက်ပါ။

ကျွန်မနဲ့ ကျွန်တော့်ကျောင်းသားတွေက လူတွေရဲ့ တကယ့်အကြိုက်တွေကို လေ့လာတဲ့အခါမှာလည်း ဒီလိုပုံစံတွေကို ထပ်ခါထပ်ခါ တွေ့ခဲ့ရပါတယ်။

AI က သင့်ရဲ့အကြိုက်တွေကို ကျဉ်းမြောင်းစေတယ်။
သင့်ရဲ့ ကိုယ်ပိုင်စရိုက်ကို ပျောက်ဆုံးစေတယ်။
သင့်ကို စိတ်ဝင်စားဖို့ကောင်းစေပြီး တက်ကြွနေစေတဲ့ ထူးခြားတဲ့အကျင့်စရိုက်တွေကို တဖြည်းဖြည်း ဖယ်ရှားပစ်တယ်။

ဒီအရာတွေရဲ့ အန္တရာယ်က ပိုပြီး သိသာထင်ရှားမနေဘဲ တဖြည်းဖြည်း ဖြစ်လာပါတယ်။ တစ်ညတည်းနဲ့ သိသိသာသာ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။

အဲဒီအစား algorithmic recommendation ပေါင်းထောင်ချီရဲ့ သေးငယ်တဲ့ရွေးချယ်မှုတွေက တဖြည်းဖြည်း ကျွန်မတို့ကို ပြောင်းလဲသွားစေတာ ဖြစ်ပါတယ်။

နည်းနည်းပိုလုံခြုံတဲ့ ရုပ်ရှင်တစ်ကား။
နည်းနည်းပိုလူကြိုက်များတဲ့ စာအုပ်တစ်အုပ်။
နည်းနည်းပိုပုံမှန်ဆန်တဲ့ အားလပ်ရက်ခရီးတစ်ခု။

ဒီလိုနဲ့ တစ်ကြိမ်ချင်းစီ ဖြစ်လာပါတယ်။
AI ဆီကို ဆုံးဖြတ်ချက်တစ်ခုစီ အပ်နှံလိုက်တိုင်း သင်ရဲ့ ရွေးချယ်မှုတွေက ပိုပြီးကျဉ်းမြောင်းလာပါတယ်။

ပြီးတော့ AI ကလည်း အဲဒီပိုမိုကျဉ်းမြောင်းလာတဲ့ သင့်ပုံစံကို ပြန်လည်လေ့လာပြီး နောက်ထပ်အကြံပြုချက်တွေကို ပိုပြီး ကျဉ်းမြောင်းလာစေပါတယ်။

The New York Times ရဲ့ သတင်းထောက် Kashmir Hill က သူမရဲ့ ဆောင်းပါးတစ်ပုဒ်မှာ ဒီပြဿနာကို အလွန်ကောင်းမွန်စွာ ဖော်ပြခဲ့ပါတယ်။

သူမရဲ့ ဆုံးဖြတ်ချက်တွေကို AI ဆီ တစ်ပတ်လောက် အပ်နှံပြီးတဲ့နောက် AI ရဲ့ ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက်က သူမကို “basic biťċħ(ထူးခြားမှုမရှိဘဲ လူအများနဲ့ တူသူ သာမန်ဆန်တဲ့သူ)” တစ်ယောက်ဖြစ်အောင် ပြောင်းလဲဖို့ ကြိုးစားနေတယ်လို့ ပြောခဲ့ပါတယ်။

ဒီနေရာမှာ ရယ်စရာကောင်းတာက “basic” ဆိုတဲ့ စကားလုံးကပဲ အကြီးမားဆုံး စော်ကားမှု ဖြစ်နေပါတယ်။

ဘာကြောင့်လဲဆိုတော့ basic ဖြစ်တယ်ဆိုတာ
မူရင်းမရှိတာ၊ ထူးခြားမှုမရှိတာ၊ စိတ်ဝင်စားဖို့မကောင်းတာကို ဆိုလိုလို့ပါ။

ဒါဟာ မအောင်မြင်ဘူးလို့ ဆိုလိုတာကြောင့် စော်ကားတာမဟုတ်ပါဘူး။ သာမန်ပဲဖြစ်ပြီး ရှုပ်ထွေးနက်နဲမှု မရှိတော့တာမို့လို့ စော်ကားတဲ့အဓိပ္ပါယ် ရောက်သွားတာပါ။

ဘယ်သူက ကိုယ့်ကိုယ်ကို ဒီလိုဖြစ်ချင်မှာလဲ။
ဘယ်သူမှ မဖြစ်ချင်ပါဘူး။

ကျွန်မတို့အားလုံးဟာ ကိုယ်တိုင်ထူးခြားတယ်၊ ကိုယ်တိုင်အရေးပါ တယ်၊ တစ်ခုတည်းသော ပုံစံထဲ အလွယ်တကူ ထည့်လို့မရဘူးဆိုတဲ့ ခံစားချက်ကို ကြိုက်ကြပါတယ်။

ကျွန်မကိုယ်တိုင်လည်း လူတိုင်းနဲ့ အတိအကျတူတဲ့လူတစ်ယောက် မဖြစ်ချင်ပါဘူး။

တစ်ချိန်တည်းမှာပဲ ကိုယ့်ကိုယ်ကိုယ်ရဲ့ တစ်မျိုးတည်းသော version တစ်ခုအဖြစ်လည်း မဖြစ်ချင်ပါဘူး။

ဒါဆို “destination basic” ကို မရောက်အောင် ဘယ်လိုပြန်လည်ထိန်းညှိနိုင်မလဲ။

⸝

AI ကို အစကနေ ပြန်စနိုင်တဲ့ reset ခလုတ်ကို ကျွန်မတို့ နှိပ်လို့မရပါဘူး။

ပြီးတော့ နှိပ်ဖို့လည်း မသင့်ပါဘူး။

အစောပိုင်းမှာ ပြောခဲ့သလို ဒီကိရိယာတွေဟာ ခေတ်သစ်ဘဝကို ဖြတ်သန်းဖို့ အလွန်တန်ဖိုးရှိပါတယ်။

နည်းလမ်းများစွာနဲ့ ကျွန်မတို့ဘဝကို ပိုကောင်းအောင်လည်း ကူညီပေးပါတယ်။

ဒါပေမယ့် စွန့်စားပြီး အသစ်အဆန်းတွေကို ရှာဖွေတွေ့ရှိနိုင်တဲ့ စွမ်းရည်ကိုတော့ ကျွန်မတို့ ပြန်လည်ရယူဖို့ လိုပါတယ်။

Exploitation နဲ့ exploration ကြားမှာ ဟန်ချက်ညီအောင် ပြန်လုပ်ဖို့ နည်းလမ်းရှာရပါမယ်။

စိတ်ဝင်စားစရာကောင်းတာက ဒီနေရာမှာ AI ကိုယ်တိုင်က ကျွန်မတို့ကို ကူညီပေးနိုင်ပါတယ်။

ဒါပေမယ့် မှန်ကန်တဲ့ မေးခွန်းကို မေးပြီး မှန်ကန်တဲ့လုပ်ဆောင်မှုအတွက် AI ကို အားပေးတဲ့အခါမှသာ ဖြစ်နိုင်ပါတယ်။

“ကျွန်မကြိုက်မယ့်အရာကို ရှာပေးပါ” လို့ မေးမယ့်အစား

“အသစ်တစ်ခုကို ရှာဖွေပေးပါ။ အရင်က မစမ်းဖူးပေမယ့် ကျွန်မ တကယ်နှစ်သက်နိုင်မယ့်အရာတစ်ခုကို ရှာပေးပါ”

လို့ စတင်မေးနိုင်ပါတယ်။

ဒီလိုမေးခွန်းကို ကိုယ်တိုင် ChatGPT ထဲ ရိုက်ထည့်ဖို့ကိုပဲ ဆိုလိုတာတော့ မဟုတ်ပါဘူး။ စမ်းကြည့်သင့်တာတော့ မှန်ပါတယ်။

ကျွန်မ ဆိုလိုတာက ကုမ္ပဏီတွေဟာ AI ရဲ့ အားသာချက်ကြီးတစ်ခုဖြစ်တဲ့ လူသားတွေရဲ့ အချက်အလက်အမြောက်အမြားထဲက ပုံစံတွေကို ရှာဖွေတွေ့ရှိနိုင်တဲ့ စွမ်းရည် ကို exploration အတွက် အသုံးချဖို့ပါ။

AI ဟာ လူတွေရဲ့ အကြိုက်အမျိုးမျိုးကို အလွန်ကျယ်ပြန့်စွာ သိထားပါတယ်။

သင်လက်ရှိ ဘာကိုကြိုက်တယ်ဆိုတာတင်မကဘဲ သင့်ရဲ့ပုံမှန်အကြိုက်တွေရဲ့ အပြင်ဘက်မှာ ဘာတွေရှိနေလဲဆိုတာကိုလည်း သိနိုင်ပါတယ်။

ဒါကြောင့် သင်စွန့်စားချင်တဲ့အချိန်မှာ အကြောင်းပြချက်ရှိရှိ စွန့်စားနိုင်အောင် AI က ကူညီပေးနိုင်ပါတယ်။

⸝

ဒါကို ဘယ်လိုလုပ်နိုင်မလဲဆိုတာ စိတ်ကူးကြည့်ရအောင်။

Netflix account ဒါမှမဟုတ် Google search bar မှာ dial တစ်ခု ရှိတယ်လို့ စဉ်းစားကြည့်ပါ။

အဲဒီ dial နဲ့ ကိုယ့်ရဲ့ ပုံမှန်အကြိုက်တွေနဲ့ ဘယ်လောက်အထိ ဝေးတဲ့အရာကို ရှာဖွေချင်တယ်ဆိုတာ ကိုယ်တိုင် သတ်မှတ်နိုင်မယ်။

ပုံမှန်နေ့တစ်နေ့မှာတော့ “spot on” ဆိုတဲ့နေရာနားမှာ dial ကို ထားထားမယ်။

အဲဒီအခါ ကိုယ်နဲ့ အလွန်သက်ဆိုင်တဲ့ ရလဒ်တွေကို ချက်ချင်းရနိုင်ပါတယ်။

ဒါပေမယ့် တစ်ချို့နေ့တွေမှာတော့ နည်းနည်းစွန့်စားချင်လာနိုင်ပါတယ်။

အဲဒီအခါ dial ကို “me with a twist” ဆိုတဲ့နေရာနားကို ရွှေ့နိုင်ပါတယ်။

ကိုယ့်ရဲ့ comfort zone အပြင်ဘက် နည်းနည်းရောက်ပေမယ့် ကိုယ်နဲ့ ဆက်စပ်နေသေးတဲ့ အကြောင်းအရာတွေကို ရှာပေးနိုင်ပါတယ်။

နောက်တစ်ချို့ ရှားရှားပါးပါးအချိန်တွေမှာတော့ ကမ္ဘာကြီးတစ်ခုလုံးကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေသလို ခံစားရနိုင်ပါတယ်။

အဲဒီအခါ dial ကို “wildcard” အထိ တင်လိုက်ပြီး လုံးဝအသစ်အဆန်းတစ်ခုကို ရှာဖွေတွေ့ရှိအောင် AI ကို အကူအညီတောင်းနိုင်ပါတယ်။

ကျွန်မကိုယ်တိုင်ဆိုရင် ဒီလို dial တစ်ခု ရှိစေချင်ပါတယ်။

ဘာကြောင့်လဲဆိုတော့ အဲဒါက ကျွန်တော့်ကို comfort zone ကနေ မဖြစ်မနေ ထွက်ခိုင်းတာ မဟုတ်ပါဘူး။

လိုအပ်ရင် “spot on” မှာပဲ ထားထားပြီး AI ရဲ့ အဆင်ပြေမှုကို ဆက်အသုံးချနိုင်ပါတယ်။

ဒါပေမယ့် တစ်ချိန်ချိန်မှာ ကိုယ့်ရဲ့ သေးငယ်တဲ့ကမ္ဘာလေးထဲကနေ ထွက်ချင်တဲ့အခါ၊ ဒါမှမဟုတ် ထွက်ဖို့လိုတယ်လို့ ခံစားလာတဲ့အခါ ကိုယ်တိုင်ရွေးချယ်ပြီး လုပ်ဆောင်နိုင်တဲ့ အခွင့်အရေး ကို ပေးထားပါတယ်။

⸝

ဒါပေမယ့် ပြဿနာတစ်ခု ရှိပါတယ်။

AI က exploitation နဲ့ exploration ကြားမှာ သူ့ရဲ့ စွမ်းရည်ကို ပြောင်းလဲအသုံးချနိုင်ဖို့ဆိုရင် အဲဒီလိုလုပ်ဆောင်ဖို့ AI ကို အားပေးတဲ့စနစ် လိုအပ်ပါတယ်။

“ပိုပြီး ဖန်တီးမှုရှိအောင် လုပ်ပါ” ဒါမှမဟုတ် “ကျွန်တော့်ကို ပိုစွန့်စားတတ်လာအောင် ကူညီပါ” လို့ ပြောရုံနဲ့ မလုံလောက်ပါဘူး။

အများစုမှာ AI ဟာ အရင်က အောင်မြင်ပြီးသား၊ စမ်းသပ်ပြီးသား ရလဒ်တွေဆီ ပြန်သွားပါလိမ့်မယ်။

ဘာကြောင့်လဲဆိုတော့ အဲဒီလိုလုပ်ရင် မှန်ကန်လို့ ထင်လို့ပါ။

ဒါကြောင့် AI က စွန့်စားပြီး မအောင်မြင်တိုင်း အပြစ်ပေးမယ့်အစား

စဉ်းစားပြီး စွန့်စားတဲ့အခါ၊ နည်းနည်းရဲရင့်တဲ့၊ နည်းနည်းထူးခြားတဲ့ ရွေးချယ်မှုတွေ ပြုလုပ်တဲ့အခါ အားပေးဖို့ လိုပါတယ်။

ဒါပေမယ့် အဲဒီရွေးချယ်မှုတွေဟာ ကျွန်မတို့အကြောင်း သူသိထားတဲ့အချက်တွေနဲ့ အခြေခံဆက်စပ်နေဖို့တော့ လိုပါတယ်။

AI ဟာ အမှောင်ထဲမှာ မျက်စိမှိတ်ပြီး မြားပစ်စရာ မလိုပါဘူး။

သိထားတဲ့အချက်အလက်တွေအပေါ် အခြေခံပြီး စွန့်စားနိုင်ပါတယ်။

ကျွန်မတို့ရဲ့ exploration ကို ပိုထိရောက်အောင်လည်း ကူညီပေးနိုင်ပါတယ်။

AI က ဒီလိုလုပ်နိုင်တဲ့အခါ အဲဒါကို အောင်မြင်မှု လို့ သတ်မှတ်သင့်ပါတယ်။ မအောင်မြင်ဘူးလို့ မသတ်မှတ်သင့်ပါဘူး။

⸝

ဒီအကြောင်းဟာ ရေခဲမုန့် ဒါမှမဟုတ် သီချင်းစာရင်းတွေအကြောင်းပဲ မဟုတ်ပါဘူး။

ကျွန်မတို့ကို တစ်ခြားသူတွေနဲ့ မတူဘဲ ထူးခြားနေစေတဲ့၊ ရှုပ်ထွေးနေတဲ့၊ တစ်ခါတလေ အလွန်အမင်း လူသားဆန်တဲ့အရာတွေကို ထိန်းသိမ်းထားနိုင်ဖို့အကြောင်းပါ။

သင့်ရဲ့ E.T. memorabilia တွေကို ထူးထူးခြားခြား စိတ်ဝင်စားတာ ဖြစ်နိုင်ပါတယ်။

Geocaching လုပ်ဖို့ ရုတ်တရက် လမ်းလွဲသွားတာ ဖြစ်နိုင်ပါတယ်။

ဒါမှမဟုတ် stick-shift ကားကိုပဲ မဖြစ်မနေ ကြိုက်နေတဲ့ သင့်ရဲ့ခိုင်မာတဲ့အကြိုက် ဖြစ်နိုင်ပါတယ်။

AI က အပြည့်အဝ ရှင်းပြလို့မရတဲ့ ကျွန်မတို့ရဲ့ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ စရိုက်တွေအားလုံးအကြောင်းပါ။

တစ်ခါတလေ နည်းနည်းထူးဆန်းနေတတ်တာ၊ နည်းနည်းမတူညီနေတတ်တာရဲ့ အလှတရားတစ်ခုပါ။

လူသားတွေရဲ့ ဒီလိုရှုပ်ထွေးကွဲပြားမှုတွေကို ထိန်းသိမ်းထားဖို့ တန်ဖိုးရှိတယ်လို့ ကျွန်မတို့ ယုံကြည်တယ်ဆိုရင် အခုကတည်းက စတင်လုပ်ဆောင်ဖို့ လိုပါတယ်။

ဘာကြောင့်လဲဆိုတော့ ကျွန်မတို့ဟာ အရေးကြီးတဲ့ အပြောင်းအလဲကာလတစ်ခုကို ရောက်နေပြီဖြစ်လို့ပါ။

AI ဟာ အကြံပြုရုံနဲ့ မပြီးတော့ပါဘူး။
ကျွန်မတို့ကိုယ်စား စတင်လုပ်ဆောင်လာနေပါပြီ။
အကြံပြုတာမဟုတ်တော့ဘဲ ရွေးချယ်လာနေပါတယ်။ အဲဒီအချိန်မှာပဲ ဒီကိစ္စရဲ့ အရေးပါမှုက တကယ်ကို နက်နဲလာပါတယ်။

ဒါကြောင့် နောက်တစ်ကြိမ် AI က သင့်ကို Pralines and Cream ပေးလာတဲ့အခါ ဒီတစ်ခါတော့ “မဟုတ်သေးဘူး” လို့ ပြောကြည့်ပါ။

ပြီးတော့ “ဒီတစ်ခါတော့ wild and reckless ဖြစ်တာတစ်ခုကို ရှာဖွေဖို့ ကူညီပေးပါ”လို့ ပြောကြည့်ပါ။

ကျေးဇူးတင်ပါတယ်။

✨✨✨✨✨

🔗 မူရင်းဆောင်းပါး၏ Ref Link ကို
Comment မှာ ထည့်ပေးထားပါတယ်။

あなたの公人をToshimaの公人のトップに掲載しませんか?
ここをクリックしてあなたのスポンサー付きリスティングを獲得。

カテゴリー

ウェブサイト

住所


Japan
Toshima, Tokyo
170-0004

アラート

Phoenix Scriptが新しいニュースやキャンペーンを投稿したら、いち早くメールでお知らせします。メールアドレスが他の目的に使われることはなく、いつでも配信を停止できます。

メール登録

Toshimaに新しい情報があればお知らせします。