Blog By K

Blog By K

Share

Hi, I'm Khun! I'm excited to share everything I love, from hidden gems to cultural experiences.

Whether you're planning a visit or just curious about life here, there's something for everyone.

02/05/2026

ဗီယက်နမ်မြောက်ပိုင်းက ဗီယက်နမ်ရဲ့မြို့တော် ဟနွိုင်း 🇻🇳

ဒီတစ်ခါတော့ ခွန်း က သမိုင်းကြောင်းတွေ၊ ယဉ်ကျေးမှုတွေနဲ့ သဘာဝအလှတရားတွေ စုဝေးနေတဲ့ ဗီယက်နမ်နိုင်ငံမြောက်ပိုင်းကို အလည်အပတ်သွားမယ့်သူတွေအတွက် အနည်းငယ်ပြောပြပေးချင်ပါတယ်...ဗီယက်နမ်ဟာ မြောက်ပိုင်း၊ အလယ်ပိုင်းနဲ့ တောင်ပိုင်းဆိုပြီး လည်စရာအဓိက Region 3ခုရှိပါတယ်။

ဗီယက်နမ် ဟနွိုင်းမြို့ဆိုတာ ...
ဗီယက်နမ်မြောက်ပိုင်းဟာ နှစ်ထောင်ချီတဲ့ သမိုင်းကြောင်းတွေ၊ ပြင်သစ်ကိုလိုနီခေတ် လက်ရာအဆောက်အအုံတွေနဲ့ ဗီယက်နမ် ရိုးရာယဉ်ကျေးမှုတွေ ပေါင်းစပ်ရှင်သန်နေတဲ့ နေရာပါ။ ဒါ့အပြင် ကမ္ဘာ့အမွေအနှစ် နေရာတွေနဲ့ တောင်တန်းတွေရဲ့ ရင်သပ်ရှုမောဖွယ် အလှတရားတွေကြောင့် လက်ရှိအချိန်မှာ ကမ္ဘာတစ်ဝှမ်းက ခရီးသွားတွေ အများဆုံး လာရောက်လည်ပတ်ကြတာ ဖြစ်ပါတယ်။

မြောက်ပိုင်းဒေသကြီး တစ်ခုလုံးဟာ မြောက်ဘက်မှာ တရုတ်နိုင်ငံ၊ အနောက်ဘက်မှာ လာအိုနိုင်ငံတို့နဲ့ နယ်နိမိတ် ထိစပ်နေပြီး ဆောင်းရာသီဆိုအရမ်းအေးတဲ့နေရာဒေသဖြစ်ပါတယ်။

ဘယ်မြို့တွေသွားသင့်လဲ? (ဘယ်နှစ်ရက်နေသင့်လဲ)
၁။ Hanoi (ဟနွိုင်းမြို့) 🇻🇳 - (၂ ရက်ခွဲခန့်)
ဗီယက်နမ်ရဲ့ မြို့တော်ဖြစ်တဲ့ ဟနွိုင်းဟာ အလယ်ပိုင်း၊ တောင်ပိုင်း မြို့ကြီးတွေနဲ့ အရမ်းကွာခြားပါတယ်။ ခေတ်မီမိုးမျှော်တိုက်တွေချည်းပဲရှိတဲ့ မြို့ပြပုံစံထက် ရှေးဟောင်းအငွေ့အသက်တွေနဲ့ ရိုးရာယဉ်ကျေးမှုတွေကို ပိုပြီး ခံစားရမယ့် မြို့ပါ။ မြို့ဟောင်း (Old Quarter) လမ်းမတွေ၊ Hoan Kiem ရေကန်၊ Temple of Literature (စာပေဗိမာန်), ဟိုချီမင်းဂူဗိမာန်၊ Ho Tay (West Lake) နဲ့ နာမည်ကြီး Train Street တို့ကို မဖြစ်မနေ သွားလည်သင့်ပါတယ်။ တခြားနေရာတွေလည်းရှိပါသေးတယ်။

ဟနွိုင်းက လူတွေဟာ ကျန်းမာရေးကို အရမ်းလိုက်စားကြပြီး ပန်းခြံတွေမှာ လေ့ကျင့်ခန်းလုပ်သူတွေနဲ့ အမြဲစည်ကားနေတတ်ပါတယ်။ အစားအသောက်တွေကလည်း အသီးအရွက် လတ်လတ်ဆတ်ဆတ်တွေကို အဓိကထားတဲ့ Healthy Food တွေဖြစ်လို့ ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။ Halal-friendly အတွက် Vegan ဆိုင်တွေလည်းပေါပါတယ်။

လမ်းတွေပေါ်မှာ ဆိုင်ကယ်တွေ အလွန်ပေါများလွန်းတာကလည်း ဟနွိုင်းရဲ့ ထူးခြားတဲ့ မြင်ကွင်းတစ်ခုပါ။ ရိုးရာယဉ်ကျေးမှု အစစ်အမှန်နဲ့ ဒေသခံ အစားအသောက်တွေကို အဓိက ထိတွေ့ခံစားချင်တယ်ဆိုရင်တော့ ဟနွိုင်းက အကောင်းဆုံး ရွေးချယ်မှုပါပဲ။

၂။ Sapa (ဆာပါ) - (၂ ရက် မှ ၃ ရက်)

ဟနွိုင်းကနေ ညဘက် Sleeper Bus စီးပြီးအေးအေးလူလူအိပ်ပြီးလိုက်သွားရင် မနက်အစော ၅-၆ နာရီဆိုရင် ဆာပါမြို့လေးကိုရောက်ပါပြီ။

ဆာပါဆိုတာ အေးချမ်းလှပတဲ့ တောင်ပေါ်မြို့လေးရဲ့ အလှတရားတွေကို ခံစားဖို့ အကောင်းဆုံးနေရာပါ။ Indochina ကျွန်းဆွယ်မှာ အမြင့်ဆုံးတောင်ထိပ်ဖြစ်တဲ့ Fansipan (ဖန်ဆီပန်) ကို Cable Car စီးပြီး သွားရောက်နိုင်ပါတယ်။ ဒါ့အပြင် တိုင်းရင်းသားတွေရဲ့ ရိုးရာယဉ်ကျေးမှုနဲ့ ရေတံခွန်လည်းရှိတဲ့ Cat Cat Village ကိုလည်း မဖြစ်မနေ သွားလည်သင့်ပါတယ်။ ဆာပါမြို့လေးထဲမှာ လမ်းလျှောက်ရင်း တိမ်ပင်လယ်ကို ငေးကြည့်လို့ရတဲ့ View လှလှ ကော်ဖီဆိုင် (Cafe) လေးတွေ အများကြီးရှိလို့ ကော်ဖီလေးသောက်ရင်း အေးအေးဆေးဆေး အနားယူလို့ အရမ်းကောင်းပါတယ်။ ကောင်းကောင်းအနားယူချင်သူတွေအတွက်ဆို Resort ကောင်းလေးတွေလည်းအများကြီးပါပဲ။ ဒါ့အပြင်အချိန်ရခဲ့ရင် Glass Bridge လည်းသွားနိုင်ပါသေးတယ်။

၃။ Halong Bay (ဟာလောင်းဘေး) - (Day Trip)
World Wonder 7 စာရင်းဝင်သလို၊ UNESCO ကမ္ဘာ့အမွေအနှစ်နေရာလည်း ဖြစ်ပါတယ်။ ဟနွိုင်းကနေ မနက်သွား ညနေပြန် Day Trip သွားဖို့ အရမ်းသင့်တော်ပါတယ်။ ထုံးကျောက်တောင်တွေကြား Cruise သင်္ဘောစီးရင်း အနားယူမယ်၊ (Kayaking) လှော်မယ်ဆိုရင် အကောင်းဆုံးပါပဲ။ Day trip မှာဆို Ticket ဝယ်ရုံနဲ့ အသွားအပြန်ပို့ဆောင်ရေးအပြင် နေ့လည်စာ Buffet ပါ ပါပါသေးတယ်။ မနက် ၇ လောက်သွားပြီး ည ၈ခွဲလောက်ဆို ဟနွိုင်းကိုပြန်ရောက်ပါပြီ။

၄။ Ninh Binh (နင်ဘင်) - (Day Trip)
ကုန်းတွင်းပိုင်း ဟာလောင်းဘေးလို့ တင်စားကြတဲ့ နင်ဘင်ဟာလည်း UNESCO ဝင်ထားတဲ့ နေရာတစ်ခုပါ။ ဟနွိုင်းကနေ Day Trip အနေနဲ့ သွားဖို့ အရမ်းအဆင်ပြေပါတယ်။ လှေငယ်လေးတွေစီးပြီး ဂူတွေ၊ ဘုရားကျောင်းတွေနဲ့ သဘာဝအလှတရားတွေကြား ဖြတ်သန်းသွားလာရမှာပါ။

ရာသီဥတုနဲ့ သွားလည်သင့်တဲ့အချိန် (Best Time to Visit) 🇻🇳
ဗီယက်နမ်မြောက်ပိုင်းရဲ့ ရာသီဥတုက အလယ်ပိုင်း တောင်ပိုင်းနဲ့မတူဘဲ နွေ၊ မိုး၊ ဆောင်း၊ နွေဦး ဆိုပြီး ရာသီဥတု (၄) မျိုး ကွဲပြားပါတယ်။ ဆောင်းရာသီ (ဒီဇင်ဘာ-မတ်လခန့်) မှာ တော်တော်လေး အေးမြပြီး ဆာပါမှာဆိုအရမ်းအေးတတ်ပါတယ်။ ဆောင်းတွင်းဆို 10-20C လောက်ထိရှိပြီး SaPa ဆို 3-10C လောက်ထိရှိတတ်ပါတယ်....

နွေရာသီကတော့ ပူပြီး မိုးရွာတတ်ပါတယ်။ ဒါကြောင့် အကောင်းဆုံး သွားရောက်လည်ပတ်သင့်တဲ့ အချိန်တွေကတော့ ရာသီဥတု သာယာတဲ့ နွေဦးရာသီ မတ်လမှ မေလ (Mar - May)နဲ့ ဆောင်းဦးရာသီ စက်တင်ဘာလမှ နိုဝင်ဘာလ (Sep - Nov)အတွင်း ဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါး အဝတ်အစားတွေ၊ လမ်းလျှောက်ရ အဆင်ပြေမယ့် ဖိနပ်နဲ့ ကင်မရာတစ်လုံး ပါဖို့တော့ လိုမယ်နော်။ ဆောင်းတွင်းဆို ဓါတ်ဖမ်းဖို့အနွေးထည်ထူထူတွေလက်အိတ်တွေ လိုပါတယ်နော်။ နောက်တစ်ခုက မိုးတွင်းနဲ့ဆောင်းမတိုင်ခင်မှာ မုန်တိုင်းခဏခဏရှိတတ်တာမို့ ရာသီဥတုအမြဲစစ်ဖို့လိုပါတယ်နော်...

ဘာတွေ စားသင့်လဲ?
မြောက်ပိုင်းအစားအစာတွေက အရသာပိုမို ရှင်းလင်းပြီး ဆန်ခေါက်ဆွဲကို အခြေခံတာများပါတယ်။
Phở (ဖာ)- နာမည်ကြီး ဗီယက်နမ် ရိုးရာခေါက်ဆွဲ
Bún chả (ဘွန်ချာ)- ဝက်သားကင်နဲ့ စားရတဲ့ ခေါက်ဆွဲ
Bánh mì (ဘန်မီ) - ဗီယက်နမ် အသားပေါင်မုန့်ညှပ်
Coffee (ကော်ဖီ) - ဗီယက်နမ်ကော်ဖီက ကမ္ဘာကျော်ပါတယ်။ အထူးသဖြင့် ဟနွိုင်းမှာ နာမည်ကြီးတဲ့ ကြက်ဥကော်ဖီ (Egg Coffee)၊ အုန်းသီးကော်ဖီ (Coconut Coffee)၊ Yogurt Coffee နဲ့ Salty Coffee တွေကို ကော်ဖီဆိုင်လေးတွေမှာ ထိုင်ရင်း မဖြစ်မနေ မြည်းစမ်းကြည့်သင့်ပါတယ်။ ခလုတ်တိုက်ရင်တောင် Coffee ဆိုင်တွေ့တဲ့မြို့ပါ...

ဗီယက်နမ်အစားအစာတွေက ပေါ့ပြီးဆီမများပါဘူး ဒါကြောင့်မြန်မာတွေပါးစပ်နဲ့ဆို အရသာမရှိဘူး၊ မစားတတ်ကြဘူးဖြစ်တတ်ပါတယ်။ မပူပါနဲ့ တစ်ခုခုစားရင် အချဉ် (သံပုရာသီး) နဲ့ ငရုတ်သီးတောင်းပါ၊ ဆိုင်တိုင်းမှာရှိတတ်ပါတယ်။ ဒါဆိုခေါက်ဆွဲစားရင်တောင် မြန်မာအကြိုက်ချဉ်ချဉ်စပ်စပ် စားလို့ရပါတယ်နော်။ တကယ်လို့ လုံးဝကိုမှမစားတတ်ရင်လည်း Shopping center တွေမှာ တခြားအစားအစာဆိုင် Japan, Thai, ကြက်ကြော် အစရှိသဖြင့်ရွေးချယ်စားသောက်လို့ရပါတယ်။ ဒါမယ့်ရောက်တုန်းရောက်ခိုက် Local food ပဲစားဖို့ တိုက်တွန်းချင်ပါတယ်ခင်ဗျာ....

သယ်ယူပို့ဆောင်ရေးနဲ့ ငွေကြေး 💴
အသုံးပြုရမယ့် ငွေကြေးကတော့ ဗီယက်နမ်ဒေါင် (VND) ဖြစ်ပါတယ်။ ငွေကြေးဖောင်းပွတာထက် ကိန်းဂဏန်းပမာဏအများကြီးကိုင်သုံးရပါတယ်။ ခန့်မှန်းခြေ မြန်မာငွေ 1ကျပ်ကို ဗီယက်နမ်ငွေ 6VND နဲ့ညီမျှပြီး ဗီယက်နမ်ရောက်ရင် မီလီယံနာဖြစ်နိုင်ပါတယ်နော် 😅 USD ဆိုရင်တော့ 100USD ကို 2,600,000 VND (2.6M) ဝန်းကျင်ရပါတယ်။

မြို့တွင်း သွားလာဖို့အတွက် လမ်းလျှောက်တာ၊ Grab ဆိုင်ကယ်/ကား, Private ကားငှားတာကို အလွယ်တကူ ငှားရမ်းအသုံးပြုနိုင်ပါတယ်။

🔴 တစ်ခုသတိထားရမှာက ဗီယက်နမ်အများစုက အင်္ဂလိပ်စာမကောင်းကြပါဘူး ခေတ်ပညာတတ်လူငယ်တွေကလွဲလို့ အသက်ကြီးပိုင်းအတော်များများက မပြောနိုင်ပါဘူး၊ ပြောရင်လည်း Broken လောက်ပြောမှနားလည်တတ်ပါတယ်။ Tourist destination spot နေရာတွေကတော့အများစုပြောနိုင်ကြပါတယ်။
🔴 ဗီယက်နမ်တွေက ရုပ်တည်ပြီး စကားပြောကျယ်တဲ့အတွက် စစချင်းမှာတော့ သဘောမကောင်းဘူး ရိုင်းတယ်ထင်ရပေမယ့် ဒါဟာသူတို့ရဲ့လူနေမှုပုံစံဖြစ်တဲ့အတွက် စိုးရိမ်စရာမလိုပါဘူး ရင်နှီးသွားရင် စိတ်ထားကောင်းကြတာ ခံစားမိမှာပါ ဒီအချက်လေးတွေကလွဲလို့ မြန်မာတွေအပေါ်မှာ ဗီယက်နမ်တွေက ပုံမှန်နိုင်ငံခြားသားတစ်ယောက်လို့သာ မြင်တာဖြစ်တဲ့အတွက် အတော်လေးအဆင်ပြေပါတယ်။ ခင်မင်ရင်းနှီးသွားရင်အရမ်းကိုမှ ကူညီရိုင်းပင်းတတ်ကြပါသေးတယ်။

ကဲ ဒါဆိုရင်တော့ အပေါ်မှာပြောပြခဲ့တဲ့ဒီအချက်အလက်လေးတွေက ဗီယက်နမ်မြောက်ပိုင်းကို သွားလည်မယ့်သူတွေအတွက် အများကြီး အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်။

မြောက်ပိုင်းလာချင်တဲ့သူတွေ အသေးစိတ် သိချင်တာလေးတွေ ရှိရင် အချိန်မရွေး ကူညီပေးဖို့ အသင့်ရှိပါတယ်ခင်ဗျာ။ Ticket တွေလည်းခွန်းကိုမေးလို့ရပါတယ်နော်....

30/04/2026

51st Reunification Day of Vietnam 🇻🇳
ဒီကနေ့ April 30 ရက်ကတော့ ၁၉၇၅ ခုနှစ်၊ ဧပြီ ၃၀ ရက်နေ့မှာ ဗီယက်နမ်စစ်ပွဲ ပြီးဆုံးပြီး တောင်နဲ့မြောက် တစ်နိုင်ငံတည်းအဖြစ် ပြန်လည်ပေါင်းစည်းနိုင်ခဲ့တဲ့ သမိုင်းဝင်နေ့ ဖြစ်ပါတယ်။

နိုင်ငံရဲ့ လွတ်လပ်ရေး၊ ငြိမ်းချမ်းရေးနဲ့ ကျဆုံးလေသူ သူရဲကောင်းတွေကို ဂုဏ်ပြုတဲ့နေ့ ဖြစ်ပြီး မေလ (၁) ရက် အလုပ်သမားနေ့နဲ့တွဲပြီး ရုံးပိတ်ရက်ရှည် သတ်မှတ်ထားပါတယ်။

တစ်နိုင်ငံလုံး အလံတွေလွှင့်ထူခြင်း၊ ခရီးထွက်ခြင်း၊ ပွဲလမ်းသဘင်များ ကျင်းပခြင်းနဲ့ မီးရှူးမီးပန်း ပစ်ဖောက်ခြင်းတို့ဖြင့် စည်ကားစွာ ကျင်းပတဲ့နေ့လေးတစ်နေ့ပဲဖြစ်ပါတယ်။

Photos from Blog By K's post 21/04/2026

Da Nang Beach 🌊

Da Nang Beach ရောက်လို့
ဒီ activity မလုပ်ရင် မပြည့်စုံဘူးနော် 😆✨

Sunrise moment ကတော့ 🌅
တကယ်ကို magic လို့ပဲပြောရမယ် 🥺💫

Vlog coming soon… stay tuned 💖🎥

Photos from Blog By K's post 15/04/2026

🇻🇳 ဗီယက်နမ်နိုင်ငံမြောက်ပိုင်းမှာရှိတဲ့ Ninh Binh မြို့လေးကတော့ သဘာဝအလှတရားကို မြတ်နိုးသူတွေအတွက် မြောက်ပိုင်းလာတဲ့အခါ 1Day trip သွားသင့်တဲ့မြို့လေးပါပဲ။ ဟနွိုင်းမြို့နဲ့ ၉၅ ကီလိုမီတာလောက်ပဲ ဝေးတာကြောင့် သွားရလာရတာလည်း အရမ်းအဆင်ပြေပါတယ်။

မနက် ၇နာရီလောက်သွားပြီး ည၈နာရီလောက်ဆို ဟနွိုင်းကိုပြန်ရောက်ပါပြီ။ 1Day trip ticket ထဲမှာ ဟိုတယ်အကြို Ninh Binh အသွား အပြန်၊ ဝင်ကြေးတွေနဲ့ နေ့လည်စာ Buffet ပါ ပါပြီးသားဖြစ်တဲ့အတွက် ကိုယ်တိုင်ခေါင်းရှုပ်ခံပြီး စီစဉ်နေစရာမလိုတော့ပါဘူး.... Day trip ဖြစ်တဲ့အတွက် ရွေးချယ်စရာ Tourists Spot လေးတွေလည်း Package အလိုက်ကွဲပြားသွားပါသေးတယ်...

Ninh Binh မြို့သမိုင်းလေးကတော့ စိတ်ဝင်စားဖွယ်အတော်ကောင်းပါတယ်...

🇻🇳 ဗီယက်နမ်ရဲ့ ပထမဆုံး မြို့တော် (Hoa Lu)

Ninh Binh မှာရှိတဲ့ Hoa Lu (ဟွာလူ) ဟာ အေဒီ ၁၀ ရာစု (၉၆၈ ခုနှစ် ကနေ ၁၀၁၀ ခုနှစ်အထိ) ဗီယက်နမ်ရဲ့ ပထမဆုံးသော လွတ်လပ်တဲ့ မြို့တော်ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်က ဗီယက်နမ်ကို Dinh (ဒင်း) မင်းဆက်နဲ့ Early Le (လေး) မင်းဆက်တို့က အုပ်ချုပ်ခဲ့တာပါ။

🇻🇳 ဘာကြောင့် Ninh Binh ကို ရွေးချယ်ခဲ့တာလဲ?
ရှေးဘုရင်တွေက Ninh Binh ကို မြို့တော်အဖြစ် ရွေးချယ်ခဲ့တဲ့ အကြောင်းရင်းကတော့ သူ့ရဲ့ သဘာဝခံတပ် ဖြစ်နေလို့ပါ။ မြင့်မားတဲ့ ထုံးကျောက်တောင်ကြီးတွေနဲ့ မြစ်တွေက မြို့တော်ကို သဘာဝအတိုင်း ဝိုင်းရံကာကွယ်ပေးထားပါတယ်။ ဒါကြောင့် တရုတ်ကျူးကျော်သူတွေ ရန်ကနေ ခုခံဖို့အတွက် အကောင်းဆုံးဗျူဟာမြောက်တဲ့ နေရာဖြစ်ခဲ့ပါတယ်။

🇻🇳 ဟနွိုင်းသို့ မြို့တော်ပြောင်းရွှေ့ခြင်း
အေဒီ ၁၀၁၀ မှာ Ly Thai To မင်းကြီး နန်းတက်လာတဲ့အခါ နိုင်ငံတော်ကို ပိုမိုဖွံ့ဖြိုးတိုးတက်စေဖို့အတွက် မြို့တော်ကို Ninh Binh ကနေ အခုခေတ် Hanoi (Thang Long) ကို ပြောင်းရွှေ့ခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး Ninh Binh ဟာ မြို့တော်အဆင့်ကနေ သမိုင်းဝင် ခံတပ်မြို့ဟောင်းကြီးအဖြစ် ကျန်ရစ်ခဲ့တာပါ။

🇻🇳 ယဉ်ကျေးမှုနှင့် ဘာသာရေး အမွေအနှစ်
Ninh Binh ဟာ ဗုဒ္ဓဘာသာ ထွန်းကားရာ နေရာလည်း ဖြစ်ပါတယ်။ Bai Dinh Pagoda လိုနေရာမျိုးတွေက ရှေးယခင်ကတည်းက ဘာသာရေးဆိုင်ရာ အရေးပါတဲ့ နေရာတွေဖြစ်ခဲ့ပြီး အခုခေတ်မှာတော့ အရှေ့တောင်အာရှမှာ အကြီးဆုံး ဗုဒ္ဓဘာသာ အဆောက်အအုံတစ်ခုအဖြစ် ပြန်လည်တည်ဆောက်ထားတာကို တွေ့နိုင်ပါတယ်။

🇻🇳 ကမ္ဘာ့အမွေအနှစ်အဖြစ် အသိအမှတ်ပြုခံရခြင်း
၂၀၁၄ ခုနှစ်မှာတော့ Ninh Binh ရဲ့ Trang An Scenic Landscape Complex ကို ၎င်းရဲ့ သမိုင်းဝင်တန်ဖိုးနဲ့ သဘာဝအလှတရားတွေကြောင့် UNESCO World Heritage Site အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒါဟာ ဗီယက်နမ်မှာ ပထမဆုံးနဲ့ တစ်ခုတည်းသော (သဘာဝရော ယဉ်ကျေးမှုပါ ပေါင်းစပ်ထားတဲ့) "Mixed Site" အဖြစ် ဂုဏ်ယူစရာ သမိုင်းဝင်သွားတာပါ။

အခုဆိုရင် Ninh Binh ဟာ ဗီယက်နမ်ရဲ့ ရှေးဟောင်းအငွေ့အသက်တွေကို ဖော်ပြနေတဲ့ရှေးဟောင်းမြို့လေးတမြို့ဖြစ်နေပြီး King Kaung Movie ရိုက်ခဲ့တဲ့ Trang An မှာဆိုလည်း လှေစီးရင်း သဘာဝအလှတွေကြည့်ရှုနိုင်ပါသေးတယ်။ ဗီယက်နမ်ကို ရောက်ရင် ဟနွိုင်းရဲ့ ခေတ်မီမှုတွေအပြင် Ninh Binh ရဲ့ ဒီလို ခန့်ညားတဲ့ သမိုင်းကြောင်းတွေကို သွားရောက်ခံစားကြည့်ဖို့ကို
လည်း ခွန်းက တိုက်တွန်းချင်ပါတယ်!

Photos from Blog By K's post 06/04/2026

ဗီယက်နမ်မြောက်ပိုင်း ဟနွိုင်းမြို့အနီးက ကပ်ကျော်မြို့လေး Tam Đảo 😁😍

ဒီတစ်ခေါက်တော့ ခွန်းက ဟနွိုင်းမြို့အနီးက Tam Đảo (မြန်မာတွေကတော့ အလွယ် တံဒေါင်/သံတောင်ပဲ ထွက်ကြပါတယ်) မြို့လေးကို
သွားခဲ့ပါတယ်😍

ဘာလို့ကပ်ကျော်မြို့လို့ပြောလည်းဆိုရင်တော့
လာတဲ့ဧည့်သည်အတော်များများ၊
ခွန်းအပါအဝင် Sapa, Halong, Ninh Binh တို့ကိုပဲသွားပြီး ဒီမြို့လေးကိုတော့ ကပ်ကပ်ပြီးကျော်ကျော်သွားလို့ပါပဲ။😁😁🥶🥶

အစပိုင်းမှာတော့ ခွန်းလည်း
သာမန် ကော်ဖီဆိုင်တွေနဲ့ လည်စရာရဲတိုက်လောက်ပဲရှိမယ်ထင်ပြီး စိတ်အားထက်သန်တာသိပ်မရှိခဲ့တာမို့ ခွန်းကိုယ်တိုင်ကပ်ကပ်ပြီးကျော်သွားပြီး မလည်ဖြစ်ခဲ့ပါဘူး 🥹

ဒီတခါတော့ ခွန်းလည်း လာလည်တဲ့သူတွေအတွက် နေရာအသစ်လေးမျှဝေပေးချင်တာနဲ့ သွားဖြစ်အောင်သွားခဲ့ရာကနေ အတော်ကြိုက်နှစ်သက်တဲ့မြို့လေးဖြစ်ခဲ့ပါတယ်။
ဟနွိုင်းကနေ ၂နာရီလောက်သွားရပြီး စိတ်ဝင်စားစရာလေးတွေလည်း ပြည့်နှက်နေတဲ့မြို့လေးတစ်မြို့လည်းဖြစ်ပါတယ်😍

Tourist တွေကြားမှာသိပ်နာမည်မကြီး ကပ်ပြီးကျော်သွားကြတဲ့ မြို့လေးဖြစ်တဲ့အတွက်
Sapa နဲ့နှိုင်းယှဉ်ကြည့်ရင်တော့
ဧည့်သည်အများစုက local ကလူတွေ
အလာများကြပါတယ်။ ပြီးတော့ နေ့ချင်းပြန်လာသူတွေလည်းများပါတယ်။

Mini Sapa မြို့လေးလို့လည်းတင်စားမယ်ဆိုရင်လည်းမမှားပါဘူး။ ဒါပေမယ့် မတူညီတာတွေလည်းအများကြီးရှိပါသေးတယ်။ ခွန်းလေ့လာရသလောက်ရှာဖွေရသလောက် ဒီမြို့လေးအကြောင်းလည်းပြောပြချင်ပါသေးတယ်။

Tam Đảo (တမ်ဒါအို) မြို့လေးရဲ့ သမိုင်းကြောင်း
အမည်ခေါ်တွင်ပုံ
"Tam Đảo" ဆိုတဲ့ စကားလုံးက ဗီယက်နမ်ဘာသာစကားနဲ့ "ကျွန်းသုံးကျွန်း" သို့မဟုတ် "တောင်ထွတ်သုံးခု" လို့ အဓိပ္ပာယ်ရပါတယ်။ Thach Ban၊ Thien Thi နဲ့ Phu Nghia ဆိုတဲ့ တောင်ထွတ်သုံးခုဟာ တိမ်ပင်လယ်ထဲမှာ ကျွန်းလေးတွေလို ပေါ်လွင်နေတဲ့အတွက် အခုလို နာမည်ပေးထားတာဖြစ်ပါတယ်။

ပြင်သစ်ခေတ် အစပိုင်း
၁၉ ရာစုနှောင်းပိုင်းနဲ့ ၂၀ ရာစုအစောပိုင်း (၁၉၀၄ - ၁၉၀၇ ခုနှစ်ဝန်းကျင်) လောက်မှာ ပြင်သစ်ကိုလိုနီနယ်ချဲ့တွေက ဒီဒေသကို စတင်တွေ့ရှိခဲ့ပါတယ်။
ဟနွိုင်းမြို့ရဲ့ ပူပြင်းတဲ့ရာသီဥတုကို ရှောင်လွှဲဖို့အတွက် ဒီတောင်ပေါ်ဒေသလေးကို နွေရာသီအပန်းဖြေစခန်းအဖြစ် ပြောင်းလဲတည်ဆောက်ခဲ့ကြပါတယ်။ 😍🌺

ဖွံ့ဖြိုးတိုးတက်မှု
အဲဒီအချိန်က ပြင်သစ်တွေဟာ ဒီနေရာမှာ ဗီလာအိမ်ကြီးတွေ၊ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေနဲ့ ကျောက်ခေတ်ဟောင်းပုံစံ ခရစ်ယာန်ဘုရားကျောင်း (Stone Church) တွေကို တည်ဆောက်ခဲ့ပါတယ်။

စစ်ပွဲများရဲ့ဒဏ်
ပထမအင်ဒိုချိုင်းနားစစ်ပွဲ အပါအဝင် စစ်ပွဲတွေရဲ့ဒဏ်ကြောင့် မူလပြင်သစ်အဆောက်အအုံ တော်တော်များများ ပျက်စီးခဲ့ရပါတယ်။ ဒါပေမယ့် ၁၉၃၇ ခုနှစ်က တည်ဆောက်ခဲ့တဲ့ ကျောက်သားဘုရားကျောင်း (Stone Church) လို အဆောက်အအုံတချို့ကတော့ အခုအချိန်အထိ မပျက်မစီး ကျန်ရစ်နေဆဲပါ။ ယနေ့ခေတ်မှာတော့ သဘာဝပတ်ဝန်းကျင်နဲ့ အေးချမ်းတဲ့ရာသီဥတုကြောင့် ဗီယက်နမ်ရဲ့ နာမည်ကြီး ခရီးသွားဒေသတစ်ခု ဖြစ်နေပါပြီ။

Tam Dao Castle (Château De Tamdao)/မြို့အထင်ကရ ရဲတိုက်ပုံစံကြီး ရဲ့ သမိုင်းကြောင်း
နောက်ခံသမိုင်းအခုမြင်တွေ့နေရတဲ့
Tam Dao Castle ကြီးဟာ ရှေးခေတ်ကတည်းက ရှိခဲ့တဲ့ ရဲတိုက်အဟောင်းကြီးတော့ မဟုတ်ပါဘူး။
ဒါပေမယ့် သူ့ရဲ့တည်နေရာဟာ အရင် ပြင်သစ်ကိုလိုနီခေတ်က ပြင်သစ်ဘုရင်ခံချုပ်ရဲ့ အိမ်တော် (Villa du Gouverneur Général) ရှိခဲ့တဲ့ သမိုင်းဝင်နေရာဟောင်းပေါ်မှာ အခြေခံကာ နောက်ပိုင်းမှသာ ပြန်လည် တည်ဆောက်ထားတာ ဖြစ်ပါတယ်😊

ဗိသုကာလက်ရာ
ဒီရဲတိုက်ကြီးကို Neo-Gothic နဲ့ Renaissance ဗိသုကာဟန်တွေ ပေါင်းစပ်ပြီး ဥရောပက ဂျာမနီနဲ့ ရိုမေးနီးယားနိုင်ငံတွေက နာမည်ကြီးရဲတိုက်ကြီးတွေကို အတုယူ တည်ဆောက်ထားတာပါ။

ယနေ့ခေတ်
အဓိက ဆောက်လုပ်ရေးလုပ်ငန်းတွေကို ၂၀၁၀ ခုနှစ်နောက်ပိုင်းမှာ အကောင်အထည်ဖော်ခဲ့ပြီး၊ အခုဆိုရင် တမ်ဒါအိုမြို့ရဲ့ အထင်ကရ သင်္ကေတတစ်ခုဖြစ်နေပါပြီ။ တိမ်တွေကြားထဲမှာ ထီးထီးကြီးရှိနေတဲ့ ဒီဥရောပဆန်ဆန် ရဲတိုက်ကြီးဟာ ဓာတ်ပုံလာရောက်ရိုက်ကူးရာ၊ အပန်းဖြေရာ ဇိမ်ခံဟိုတယ်နေရာတစ်ခုအနေနဲ့ လူသိများထင်ရှားပါတယ် 😍🥰

ဒါကြောင့်မလို့ ဗီယက်နမ်မြောက်ပိုင်းကိုလာလည်ဖြစ်ခဲ့ရင် local တွေကြားထဲခေတ်စားတဲ့ ဒီမြို့လေးဆီကို ၁ညအိပ်၂ရက်ခရီးလောက်ဖြစ်ဖြစ် သွားလည်သင့်တဲ့နေရာလေးလို့ ခွန်းကတော့အကြံပြုချင်ပါတယ်။ အသေးစိတ်ကိုတော့ ခွန်း Blog လေးသီးသန့်တင်ပေးပါမယ်။

(ဖော်ပြပါ သမိုင်းအချက်များဟာ အင်တာနက်မှရှာဖွေထားတာဖြစ်တဲ့အတွက် အနည်းငယ်မှားယွင်းတာမျိုးရှိနိုင်ကြောင်း စာကြွင်းအရမေတ္တာရပ်ခံချင်ပါတယ်ခင်ဗျာ 😍🥹🙏)

02/04/2026

🥰 နိုင်ငံတွေ လူမျိုးတွေ မတူပေမယ့်
ချစ်တာတစ်ခုထဲနဲ့တင် အရာရာ ပြည့်စုံပြီး
ချစ်စရာအရမ်းကောင်းတဲ့အတွဲလေးကို
Sapa မြို့ရဲ့ Moana Cafe လေးမှာ
Sunset နဲ့ ရိုက်ပေးဖြစ်တာလေး 🥹🥰😍❤️💕

30/03/2026

Vietnam နိုင်ငံ Sapa မြို့လေးမှာရှိတဲ့
Fansipan Mountain သို့
ချစ်စရာအတွဲလေးကိုလိုက်ပို့ပေးရင်း
အရမ်းပျော်ခဲ့ရ 😍😍🥰🥰

18/03/2026

Vietnam ရောက်လို့ ဖာ ( Phở ရိုးရာခေါက်ဆွဲ)
စားတာမကောင်းဘူးပြောတဲ့ သူတွေ
ခွန်းလိုလေးစားကြည့်နော်

Send a message to learn more

Photos from Blog By K's post 16/02/2026

🥰❤️🍀
ပိတ်ရက်လေးမှာ ကိုယ့်အတွက်
ဘာအကျိုးရှိတာတွေ လုပ်ပြီးကြပြီလဲခင်ဗျာ

ခွန်းကတော့ အိပ်လိုက် စားလိုက် ဝယ်လိုက်နဲ့
နားရက်တွေကိုဖြတ်သန်းလို့ပြီးတော့
ဒီညကစလို့ ခရီးတွေပြန်ထွက်နေရပါပြီခင်ဗျာ 🥴😁

အဲ့တော့ ခွန်းကိုချစ်ပေးကြတဲ့သူများအားလုံး
စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိလို့
ငွေတွေအများကြီးဝင်ကာ💵💶💴
ခရီးအများကြီး ထွက်နိုင်ကြပါစေခင်ဗျာ❤️😍🙏

Want your public figure to be the top-listed Public Figure in Hanoi?
Click here to claim your Sponsored Listing.

Website

Address


Hanoi