Counseling with Craton
Licensed psychotherapist, alcohol & drug counselor, writer, mental health educator and advocate. Trained in EMDR, neurofeedback, CBT, DBT, ACT, and TREM.
06/03/2026
ကျွန်တော့်ကို လွတ်လပ်တိတ်ဆိတ်တဲ့ တောတောင်တွေထဲမှာပဲ ထားခဲ့ပါ ⛰️
“Assume good intentions first.” ဆိုတဲ့စကားကို ခုတလော ကျွန်တော် ခဏခဏပြောဖြစ်တယ်။ ကျွန်တော်ကိုယ်တိုင် သူငယ်ချင်းတစ်ယောက်နဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကို သတိပေးကျင့်သုံးနေရလို့ ဖြစ်တယ်။ လူတစ်ယောက်ရဲ့ အပြုအမူ၊ စကား၊ ခြေဟန်လက်ဟန် အနေအထား၊ အမူအကျင့် ဓလေ့စရိုက်တချို့ကို သတိထားမိပြီးရင် သူ မဖော်ပြတဲ့ အတွင်းစိတ်က “ဖုံးကွယ်ထားတဲ့အရာ၊ လျှို့ဝှက်ထားတဲ့ အကြံအစည်တစ်ခုခု” (bad intentions, ulterior motives တစ်ခုခု) ရှိနေမယ်လို့ စိတ်ထဲမှာ သတ်မှတ်ထားမိတာ။
အဲ့ဒါက ဘယ်ကလာသလဲဆိုတော့ ဒီလူရဲ့ အရင်က မကောင်းခဲ့တဲ့ အမူအကျင့်ဟောင်းတွေ၊ patterns တွေကနေပြီး သတိထားမိလာရာကနေ သတ်မှတ်ယုံကြည်သွားမိတာမျိုး ဖြစ်နိုင်သလို သူနဲ့မဆိုင်တဲ့ ကိုယ့်အတိတ်က ကိုယ်ပိုင် ထရာမာအတွေ့အကြုံတွေကြောင့် စိတ်ထဲမှာ ဒီလိုကြီး လူတိုင်းအပေါ် တစ်ထစ်ချ သတ်မှတ်နေမိတာမျိုးလည်း ဖြစ်နိုင်တယ်။ ကျွန်တော် အဲ့ဒီနှစ်ခုလုံး ဖြစ်ဖူးတယ်၊ ကြုံဖူးတယ်။
သူများက အမူအကျင့်နဲ့ ဆိုလိုရင်းတွေကို ချပြတဲ့အခါ ကိုယ့်ရှေ့မှာချပြနေတဲ့အရာတိုင်းကို သတိကြီးကြီးထားပြီး ချင့်ယုံနေတာမျိုး၊ သံသယရှိနေတာမျိုး၊ မကောင်းဘူးလို့ စိတ်ထဲထင်နေတာမျိုး၊ နှလုံးသားတံတိုင်းတစ်ခု ကာဆီးထားပြီး တွန်းထုတ်ပစ်တာမျိုးပေါ့။ ဒါကလည်း အရင်ကြုံဖူးတဲ့ထရာမာတွေကြောင့် ကိုယ့်ကိုယ်ကို မသိစိတ်ကနေ ကာကွယ်ထားတဲ့ နည်းဗျူဟာတစ်ခု ဖြစ်နိုင်ပါတယ်။ ရလာဒ်ကတော့ သူများ ဘာပြောပြော၊ ဘာလုပ်လုပ်၊ ဘာကိုပဲ ဆိုလိုဆိုလို မကောင်းတဲ့စိတ်ကိုအရင်းခံပြီး လုပ်နေ/ပြောနေတယ်ပဲ ကိုယ့်မှာ ထင်နေတော့တာ။ အဲ့ဒီအခါမှာ ဆက်ဆံရေးတွေခက်ခဲလာ၊ ယုံကြည်မှုတည်ဆောက်ရတာတွေ ခက်ခဲလာနိုင်သလို မကြာခဏ ပွတ်တိုက်မှုတွေဖြစ်လို့ အကြိမ်ကြိမ် လိုက်ဖြေရှင်းနေရတာနဲ့ပဲ လူက ပူလောင်မွန်းကြပ်လာတာ။ အတိတ်မှာပဲ ပိတ်မိနေတာ။
အခုနောက်ဆုံး ကျွန်တော်ကိုယ်တိုင်ကြုံတွေ့ရတာဆိုရင် သူရော ကိုယ်ရောက အတိတ်က အဖြစ်အပျက်တွေကြောင့် နှစ်ယောက်လုံး တစ်ယောက်ကိုတစ်ယောက် အတင်းအကန် တွန်းကန်ပစ်နေကြတာမျိုး။ တစ်ဖက်လူက bad intentions and ulterior motives တွေနဲ့ပဲ ဆက်ဆံနေတယ်လို့ မသိစိတ်က ထင်နေတာမျိုး။ ပွတ်တိုက်မှုတွေကလည်း မကြာခဏဖြစ်တာ။ ဒါနဲ့ နောက်ပိုင်းကျတော့ “မဖြစ်တော့ဘူး၊ ငါတို့ တစ်ခုခုလုပ်မှရမယ်” ဆိုပြီး သေချာစကားပြော၊ ဆွေးနွေးကြတာ။ ၂လ၊ ၃လလောက်ကို ကြာသွားတယ်။ အကြာကြီးပြောပြီး တဖြည်းဖြည်း ဆွေးနွေးယူပြီး let our guards down and be honest with each other လုပ်လိုက်တဲ့အခါ ဒီ patterns တွေကိုမြင်ပြီး တစ်ယောက်ကိုတစ်ယောက် စိတ်ပိုရှည်ဖို့နဲ့ သူငယ်ချင်းအချင်းချင်း သတိလေးထားပြီး ပိုကြင်နာစွာဆက်ဆံဖို့ နောက်ဆုံး သဘောတူညီမှု ရသွားတယ်။ အဆင်ပြေသွားကြတယ်။
အဲ့လိုမျိုးဖြစ်တာ ကျွန်တော့် clients အချို့ဆီမှာလည်း ကြားဖူးပါတယ်။ သူတို့ပြောပြချက်တွေအရ details of the story သာ ကွာချင်ကွာသွားမယ်၊ core conceptualization ကတော့ အခြေခံအတူတူပဲ။ ဒါကိုဖြတ်ကျော်ချင်ရင် ကိုယ့်ကိုယ်ကို အရင်ဆုံး ကုစားပြောင်းလဲရမယ်။ ပြီးရင် တစ်ဖက်လူပြောတာကို ယုံကြည်ဖို့ကြိုးစားရင်း နှလုံးသားစိတ်တံခါးကို ပြန်ဖွင့်ပေးရမယ်။
အရင်အတွေ့အကြုံတွေက ကိုယ့်ကို သင်ခန်းစာရအောင်သင်ပေးခဲ့လို့ ဒီအမှားမျိုးထပ်မဖြစ်ဖို့ ကြိုးစားရမယ်ဆိုတာမှန်ပေမဲ့ အတိတ်ကဒဏ်ရာကြောင့် ပစ္စုပ္ပန်နဲ့ အနာဂတ်ကို ဝင်ခွင့်မပေးတော့တာ၊ သစ်ဆန်းပြောင်းလဲပြီး ကြိုးစားနေထိုင်ခွင့် မပေးတော့တာကတော့ မဖြစ်သင့်ဘူး မဟုတ်လား။ ထပ်နာကျင်ရမှာကြောက်လို့ ပုန်းကွယ်/တွန်းဖယ်ရင်းနဲ့ ကိုယ်တိုင်ရော ကိုယ့်ဘေးကသူရော နာကျင်နေရတာကိုရော သတိထားမိရဲ့လား။ “Assume the best intentions in people first.”
Counseling with Craton
05/25/2026
ဒီနေ့ အနားယူရက်မို့ သဘာဝနဲ့ ခဏသွားထိတွေ့၊ နေပူဆာလှုံ၊ တောတောင်သဘာဝလေကို ဝဝသွားရှူလာတယ်။ တောပန်းတွေရဲ့ ရောင်စုံဖြာမှုနဲ့ အဝေးက ရေခဲတောင်နှစ်လုံးမြင်ကွင်းကြောင့် စိတ်ရောကိုယ်ရော ငြိမ်းချမ်းခဲ့တယ်။
05/21/2026
Group supervision and counseling courses ဆီးရီးရဲ့ တတိယမြောက်အတန်းဖြစ်တဲ့ ဒီအတန်းကိုတော့ ဇွန်နဲ့ ဇူလိုင်မှာ သင်မှာဖြစ်ပါတယ်။ ဒီထရိန်နင်သင်တန်းမှာတော့ စိတ်ဝေဒနာအချို့အကြောင်းကို ထဲထဲဝင်ဝင် သင်ကြားပေးမှာဖြစ်ပြီး holistic approach ကိုသုံးပြီး ဘယ်လိုစိတ်ကုထုံးလုပ်ရမလဲဆိုတာရယ်နဲ့ Counseling လုပ်တဲ့အခါ အရမ်းအရေးကြီးတဲ့ မှတ်တမ်းတင်ပုံ၊ progress notes တွေရေးပုံ၊ documentation လုပ်ပုံ စတာတွေကို စနစ်တကျ သင်ပေးမှာပါ။ လက်ရှိမှာ Counselor လုပ်နေသူတွေအတွက် group supervision ကိုလည်း ဒီသင်တန်းမှာ ထည့်သွင်းသွားမှာဖြစ်ပါတယ်။ လက်ရှိ counselor အဖြစ် လုပ်ကိုင်နေသူ၊ counseling အတွေ့အကြုံ အထိုက်အလျောက်ရှိသူတွေအတွက်သာ ရည်ရွယ်တဲ့သင်တန်းဖြစ်ပါတယ်။ ကျွန်တော်နဲ့ counseling supervision ယူချင်တယ်ဆိုရင် ဒီသင်တန်းကို join နိုင်ပါတယ်။ သင်တန်းတက်ဖို့ qualify ဖြစ်တယ်/မဖြစ်ဘူးကိုတော့ Caltha Wellness မှာ စုံစမ်းနိုင်သလို ကျွန်တော့်ကိုလည်း Messenger ကနေ တိုက်ရိုက်မေးပြီး စုံစမ်းနိုင်ပါတယ်။ သင်တန်း နောက်ဆုံးအပ်ရမယ့်နေ့က မေ ၃၁ ပါ။
🌿✨ Group Supervision & Counseling Courses Program Course 3 🌿✨
Topic: Psychopathology, Holistic Approaches and Documentation in Counseling
🌼Counseling လုပ်တဲ့အခါမှာ မရှိမဖြစ်လိုအပ်တဲ့ note taking, documentation, secure data storage, data sorting and analysis စတာတွေကို counseling ethics တွေနဲ့အညီ ဒီသင်တန်းမှာ သင်ယူကြရမှာဖြစ်ပါတယ်။ ထို့အပြင် counseling လုပ်တဲ့အခါ အတွေ့ရများတဲ့ စိတ်ဝေဒနာအချို့ရဲ့ symptoms, သဘောသဘာဝနဲ့ complex case တွေကို explore လုပ်ကြရမယ့်အပြင် Treatment နည်းတွေကိုလည်း အခြေခံနားလည်အောင် သင်ကြားပေးမှာဖြစ်သလို ဒီ treatment နည်းတွေထဲကမှ holistic ကျတဲ့ approachတွေကို သင်တန်းသားတွေအနေနဲ့ လေ့ကျင့်သင်ယူကြရမှာပါ။
🌼 သင်တန်းတက်ရန်အတွက် အခြေခံလိုအပ်ချက် (prerequisites) အနေနဲ့ ဆရာ Craton Highways ရဲ့ အရှေ့က courses ၂ခုဖြစ်တဲ့ Course 1 and 2 ခုကို တက်ထားပြီးသူ (သို့မဟုတ်) လိုင်စင်ရ counselor/psychotherapist တစ်ယောက်ယောက်ရဲ့ supervision အောက်မှာ counseling hours, direct client hours အနည်းဆုံး နာရီ(၁၀၀)ရရှိထားပြီးသူ ဖြစ်ရပါမယ်။
📚 Course 3 Dates:
June 14, 2026
June 28 2026
July 19 2026
July 26 2026
⌛ Time: 9:30am-11:30am (Myanmar Standard Time)
Platform: Zoom
👥 Paticipants: Minimum 4 to maximum 10 participants (Small Group)
Course Fees : 500,000 MMK ( installment အနေဖြင့် 250,000 MMK per month ပေးသွင်းနိုင်ပါသည်။)
💢မှတ်ချက်။ Course ကို အစမှအဆုံး တက်ရောက်နိုင်သူဖြစ်ရပါမယ်။
📩 တက်ရောက်လိုသူများအနေဖြင့် Caltha ရဲ့ page Messenger နှင့် Viber/Telegram no. ဖြစ်တဲ့ 09-940940191 ဆီသို့ စာရင်းပေးနိုင်ပါတယ်ရှင်။
05/18/2026
ဘန်ကောက်နဲ့ ဟနွိုင်းကို သွားလိုက်တာ ကျွန်တော့်အတွက် အင်မတန် မျက်စိရှုပ်၊ နားရှုပ်နဲ့ အရမ်းကို overstimulated and overwhelmed ဖြစ်ခဲ့တယ်။ ထိုင်းနိုင်ငံ Krabi မြို့လို ကမ်းခြေမြို့သေးသေးလေးရောက်တော့မှ နည်းနည်း နေသာထိုင်သာ ပြန်ရှိသွားတော့တယ်။ ဖူးခက်တို့၊ ပတ္တရားတို့တောင် ကျွန်တော့်အတွက် အတော်မျက်စိနောက်နေပြီ။
ကျွန်တော်က ခမ်းခမ်းနားနား ထည်ထည်ဝါဝါ ဆူညံရှုပ်ထွေးနေတဲ့ မြို့ကြီးပြကြီးတွေနား မနေထိုင်တော့တာ ၁၅နှစ်လောက်ရှိပြီမို့ မျက်စိအေးနားအေး slow life နဲ့ အသားကျနေပါပြီ။ ဘန်ကောက်က ပူလွန်းတာရော၊ လူတွေနဲ့ traffic တွေ တအားများတာရောကြောင့် ၂နာရီ၃နာရီလောက် အပြင်ထွက်ပြီးရင် ကျွန်တော်တည်းတဲ့ ဟိုတယ်အခန်းထဲပဲပြန်ပြေးပြီး တိတ်တိတ်ဆိတ်ဆိတ် အေးအေးလူလူ ခဏပြန်နားရတယ်။ ရေမိုးချိုးခဏပြန်နားပြီးမှ သွားစရာရှိတာ ထပ်သွားနိုင်တယ်။ ဆက်တိုက်မသွားနိုင်ဘူး။ မဖြစ်မနေသွားရတဲ့နေ့ဆို ကျွန်တော် လူရောစိတ်ရော အိုက်ပြီး တော်တော်ခံရတယ်။ အဲ့လိုမျိုး life နဲ့ အသားကျနေသူတွေကိုတော့ သဘောကျမိပါတယ်။ ကျွန်တော်ကတော့ မနေချင်၊ မနေနိုင်ဘူး။
ဘန်ကောက်ရော၊ ဟနွိုင်းရောမှာ လူတွေဟာ လမ်းစည်းကမ်းဥပဒေကို မလိုက်နာကြတာ တွေ့ရတယ်။ မီးနီကိုလည်း ဖြတ်မောင်းချင်မောင်းပြီး ကိုယ့်လမ်း(lane)နဲ့ကိုယ်လည်း မမောင်းကြဘဲ အဆင်ပြေသလို၊ နှစ်သက်သလို၊ သက်သာသလို လိုရာရောက်ဖို့ မောင်းကြတယ်။ အန္တရာယ်အတော်များတာပဲ။ မနေ့ကပဲ ဘန်ကောက်မြို့ထဲမှာ ရထားက ဘတ်စ်ကားကို ဝင်တိုက်တယ်ကြားတယ်။ ယာဉ်တိုက်မှုတွေဟာလည်း အရှေ့တောင်အာရှက တခြားမြို့တွေထက် အတော်မြင့်တယ်။
ကျွန်တော် Grab motorcycle စီးတော့ ဘုရားတွေတပြီး ရင်တမမနဲ့စီးခဲ့ရတာ။ ဆိုင်ကယ်ဦးထုပ်တောင် တောင်းမှပေးတယ်။ ဒါတောင် တချို့က ပါမလာဘူး။ တချို့ဆိုင်ကယ်တွေ ကိုင်စရာလည်းမရှိဘူး။ ကားတွေကြားထဲက ကွာဟနေတဲ့ space သေးသေးလေးထဲမှာ lane တွေပေါ် ရွှတ်ခနဲ ရွှတ်ခနဲ ခွမောင်းပြီး ဥဒဟိုပြေးနေကြတာ။ အဲ့လိုမှမစီးရင်လည်း ကားငှါးတာတို့၊ ဘတ်စ်စီးတာတို့က အကြာကြီးစီးရတယ်။ Traffic ပိတ်နေတာနဲ့ လမ်းမှာတင် အသက်ကြီးမယ်။ ရထားကျတော့လည်း နေရာတိုင်းကို မရောက်ဘူး။ အဆင့်ဆင့် အခါခါ ပြောင်းစီးရတယ်။ ဒါ သူတို့ lifestyle ကို အပြစ်ပြောတာမဟုတ်ပါဘူး။ ကျွန်တော်နဲ့ အံဝင်ခွင်ကျ မဖြစ်နေ၊ အသားမကျနေတာကို ပြောပြတာပါ။
ဟနွိုင်းမှာဆို ပိုဆိုးတယ်။ ဆိုင်ကယ်တွေပိုများ၊ လမ်းတွေက ကျဉ်း၊ အားပါးပါး… ရှုပ်ယှက်ခတ်ပြီး ခေါင်းပါမူးသွားတယ်။ ကားလမ်းတစ်ခါဖြတ်ကူးပြီးရင် ရှူဆေးတစ်ခါရှူရတယ် (ဒါကတော့ ကျွန်တော် နည်းနည်းချဲ့ကားပြီးပြောတာပါ)။
ကောင်းတဲ့အချက်ကတော့ လိုချင်တာ အကုန်ရတာပဲ။ ဘာလေးလိုချင်ချင် မိနစ်ပိုင်းအတွင်း အကုန်ရတယ်။ အစားအသောက် လူသုံးကုန်ပစ္စည်း အကုန်ရှိတယ်။ မြေနေရာကျဉ်းကျဉ်းလေးပေါ်မှာ ပစ္စည်းတွေ လူတွေဆိုတာ အလျှံပယ်နဲ့ very abundant ပဲနော်။ ဆိုင်တွေကလည်း ပေါလိုက်တာဆိုတာ။ ဆိုင်ပေါသလောက် လူတွေကလည်း ဆိုင်တွေမှာအပြည့်။ ကျွန်တော့်အတွက်တော့ တကယ့် busy and chaotic မြင်ကွင်းတွေပဲ။ နှစ်ပတ်နေခဲ့တာ အတော်စိတ်ရှုပ်ပေမဲ့ အကုန်ရ၊ အစုံစားရလို့ ပျော်ခဲ့ပါတယ်။ ချစ်သူခင်သူတွေနဲ့ တွေ့ရတာကတော့ အပျော်ဆုံးပေါ့။
ထိုင်းနိုင်ငံ Krabi, Phi Phi islands လို အရမ်းလှပတဲ့နေရာတွေ ကျွန်းတွေနဲ့၊ ဗီယက်နမ်မြောက်ပိုင်း Halong Bay လို သမိုင်းဝင်သဘာဝအလှတရားတွေဆီ သွားလည်ရတာ ဘဝမှာ အမှတ်ရစရာတွေပါပဲ။ ခရီးတလျှောက် သိကျွမ်းခင်မင်ခဲ့ရသူအသစ်တွေနဲ့လည်း ပျော်ပါတယ်။ Luxury vibe, vacation vibe အပြည့်ရခဲ့ပြီး သဘာဝနဲ့တောပျော်သူလေးမို့ အဲ့နေရာတွေကျမှ ကျွန်တော့် central nervous system က အပြည့်အဝ calm down လုပ်လို့ရခဲ့တယ်။ အနားယူ အပန်းဖြေနေတယ်လို့ ခံစားလို့ရတော့တယ်။ ဘန်ကောက်နဲ့ ဟနွိုင်းမှာ အဲ့လိုမနားရဘူး။ ခုတော့ jet lagged က ဖြစ်နေဆဲ။ ညဘက်ကို နိုးနေပြီး နေ့ခင်းဘက် အိပ်ချင်နေတာ။ ခရီးကပုံလေးတွေ ဗီဒီယိုလေးတွေပြန်ကြည့်ရင်း ဘဝရဲ့အနှစ်သာရတွေထဲက တချို့ကို ကြည်နူးနှစ်ခြိုက်စွာ ပြန်ခံစားဖြစ်နေတယ်။
အော်တစ်ဇင် နှင့် Stimming
Stimming ဆိုတာ ဘာလဲ
အော်တစ်ဇင် (ASD) ရှိသူအတော်များများတွင် တွေ့မြင်ရသော စည်းချက်ကျကျ ခန္ဓာကိုယ်လှုပ်ရှားမှုများ (ဥပမာ - ခန္ဓာကိုယ်ကို ရှေ့တိုးနောက်ဆုတ်/ဘေးတိုက် လှုပ်ရှားခြင်း (rocking motion)၊ လက်ဝါးချင်းထိကပ်ခြင်း၊ လက်ခုပ်တီးခြင်း၊ လက်ကို အတောင်ပံခတ်သလို flapping လုပ်ခြင်း၊ ခန္ဓာကိုယ်ကို လှည့်ပတ်နေခြင်း (spinning) စသည်) ကို Stimming သို့မဟုတ် Self-Stimulatory Behavior ဟုခေါ်သည်။ ၎င်းသည် ASD တစ်ခုတည်းတွင်သာ မဟုတ်ဘဲ အချို့သော neurotypical လူများတွင်ပါ တွေ့နိုင်သော်လည်း ASD ရှိသူများတွင် ပို၍ ထင်ရှားသည်။
စိတ်ပညာအရ ရှင်းပြချက် (၄) ခု
၁။ Sensory Regulation Theory
Sensory Processing ကွဲပြားမှုကြောင့် ASD ရှိသော neurodivergent ဦးနှောက်သည် အာရုံခံမှုများကို neurotypical လူများကဲ့သို့ ထပ်တူညီစွာ စီမံနိုင်ခြင်းမရှိပါ။
✅ Hyposensitivity (အာရုံနည်းသောအခါ) ကိုယ်ကို လှုပ်ခြင်းဖြင့် proprioceptive input ကို ကိုယ်တိုင် ဖြည့်တင်းသည်
✅Hypersensitivity (အာရုံများသောအခါ) တူညီသောလှုပ်ရှားမှုကို ထပ်ခါတလဲ ပြုလုပ်ခြင်းဖြင့် အာရုံများကို filter လုပ်သည်
✅ Vestibular system (တည်ငြိမ်မှုအာရုံ) ကို လှုပ်ရှားမှုမှ တိုက်ရိုက် ထိတွေ့ဆောင်ရွက်သည်
၂။ Emotional Regulation & Anxiety Reduction
Rocking motion သည် autonomic nervous system ကို တိုက်ရိုက် သက်ရောက်သည်။
✅ Rhythmic movement သည် vagus nerve ကို လှုံ့ဆော်၍ parasympathetic တုံ့ပြန်မှုကို ဖွင့်ပေးသည်
✅ Cortisol (stress hormone) ကျဆင်းစေ၍ anxiety ကို လျှော့ချသည်
✅ Overwhelm ဖြစ်ချိန်တွင် self-soothing mechanism (ကိုယ့်ကိုယ်ကို နှစ်သိမ့်အားပေးသော စနစ်တစ်ခု) အဖြစ် အလုပ်လုပ်သည်
၃။ Dopaminergic Reward System
Stimming သည် ဦးနှောက်တွင် dopamine ထုတ်လွှတ်မှုကို ဖြစ်ပေါ်စေသည်။
✅ ဦးနှောက်၏ Basal ganglia တွင် repetitive motor loop ကို ဖွင့်ပေး၍ pleasure/comfort ခံစားချက်ကို ဖြစ်ပေါ်သည်
✅ ၄င်းကြောင့် stimming သည် reinforcing behavior ဖြစ်လာ၍ မကြာမကြာ ထပ်ပြုလုပ်ခြင်း ဖြစ်သည်
✅ ASD ဦးနှောက်များတွင် dopamine pathway မတူညီကြောင်း neuroimaging မှ တွေ့ရှိနိုင်သည်
၄။ Predictability & Cognitive Control Theory
ASD ရှိသူအများစုသည် မသေချာမှု/ကြိုတင်မခန့်မှန်းနိုင်မှု uncertainty ကို ထူးကဲစွာ ခံနိုင်ရည်နည်းသည်။
✅ Repetitive action သည် predictable sensory outcome ပေးသောကြောင့် ဦးနှောက်ကို လုံခြုံမှု ခံစားချက်ပေးသည်
✅ ပတ်ဝန်းကျင်ကို မထိန်းချုပ်နိုင်ချိန်တွင် ကိုယ်ကိုယ်တိုင် ထိန်းချုပ်နိုင်မှု (sense of control) ကို ဖြည့်တင်းသည်
✅ Intolerance of Uncertainty (IU) မော်ဒယ်နှင့် ကိုက်ညီသည်
ဦးနှောက်နှင့် ဇီဝဗေဒ အကျဉ်းချုပ်
ပတ်ဝန်းကျင် အာရုံများလျှင်
↓
Sensory Overload / Under-stimulation
↓
Amygdala → Threat Response ဖြစ်သည်
↓
Basal Ganglia → Repetitive Motor Loop စတင်သည်
↓
Vestibular + Proprioceptive Input ဖြည့်တင်းသည်
↓
Dopamine ထုတ်လွှတ်မှု → ငြိမ်သက်မှုရသည်
တချို့ hand flapping လုပ်တာကို ASD ရှိသူတွေ စိတ်လှုပ်ရှားတဲ့၊ ပျော်ရွှင်တဲ့အခါမျိုးမှာလည်း တွေ့မြင်ရတတ်ပါတယ်။
Stimming ကို မှားယွင်းသော/ဆိုးသော အမူအကျင့်တစ်ခုအဖြစ် မမြင်ရပါ။ Stimming လုပ်ခြင်းဟာ Nervous system ရဲ့တုံ့ပြန်မှုတစ်ခုသာဖြစ်တယ်လို့ မှတ်ထားရပါမည်။ Stimming မလုပ်ရဘူးလို့ မတားမြစ်သင့်ပါ။ တခြား သူ cope လုပ်နိုင်မယ့်နည်းလမ်းမျိုးတွေဖြစ်စေ၊ stimming လုပ်ခြင်းကို ခွင့်ပြုအားပေး normalize လုပ်၍ဖြစ်စေ အော်တစ်ဇင်ရှိသူတစ်ယောက်ကို ကူညီရာ၊ support ပေးရာရောက်ပါသည်။ Stimming ဟာ ဉာဏ်ရည်နည်းမှုလက္ခဏာ တစ်ခုရယ်လို့ မှားယွင်းစွာမမြင်ဘဲ Neurological regulation နည်းလမ်းသပ်သပ်တစ်ခုသာဖြစ်တယ်လို့ မြင်ရပါမည်။
Stimming ကို အတင်းတားမြစ်ခြင်းသည် anxiety ကိုသာ ပိုတိုးစေ၍ ပိုဆိုးသောအကျိုးဆက်များ ဖြစ်နိုင်သည်ဟု ကျွမ်းကျင်သူများက သတိပေးကြသည်။ (Kapp et al., 2019, Autism journal)
Stimming သည် "ချို့ယွင်းမှု"မဟုတ်ဘဲ ASD ရှိသူများ၏ ဦးနှောက်နှင့် ပတ်ဝန်းကျင်ကြား ညှိနှိုင်းမှုနည်းလမ်း တစ်ခုဖြစ်သည်ဟု ခေတ်မီ neurodiversity perspective မှ မြင်ကြသည်။
ညကပဲ အိမ်ပြန်ရောက်ပြီ။ အရှေ့တောင်အာရှမှာ ခဏတာ အပန်းပြေခဲ့ရတယ်။ ချစ်ရတဲ့သူတွေနဲ့တွေ့၊ စားချင်တာတွေ အကုန်လျှောက်စား၊ လုပ်ချင်တာတွေ အကုန်လုပ်ခဲ့တယ်။ ခုတော့ အလုပ်တွေပြန်လုပ်ဖို့ နေ့စဉ်
ဘဝထဲ အားအင်သစ်နဲ့ တဖန်ပြန်လာပြီပေါ့လေ။
05/10/2026
ကျွန်တော့်ရဲ့ ထိုင်း၊ ဗီယက်နမ် ခရီးစဉ် အမှတ်တရလေးတွေ။ လောလောဆယ်တော့ ထိုင်းနိုင်ငံ၊ Krabi မှာ။ မနက်ဖြန် ဘန်ကောက်သွားပြီး နောက်ထပ် ၆ရက်လောက် နေဦးမယ်ဗျာ။ ပိတောက်ပန်းတွေ တွေ့ခဲ့ရပြီး နမ်းခဲ့ရတာတော့ တော်တော်အမှတ်တရပါပဲ။ snorkeling လည်း လုပ်ခဲ့ပါတယ်။
05/03/2026
ဘန်ကောက်က လှပကြွရွစွာ သက်ဝင်လှုပ်ရှားနေ
Relationship တစ်ခု အဆင်ပြေနေတယ်၊ လက်ထပ်ထိမ်းမြား မင်္ဂလာဆောင်ပြီးပြီဆိုတိုင်းလည်း ဒါဟာ ရေရှည်မှာ healthy ဖြစ်ပြီး အောင်မြင်ပျော်ရွှင်နေမှာလို့ ပြောလို့မရဘူး။ အဲ့လိုပဲ စေ့စပ်လက်စွပ်၊ လက်ထပ်လက်စွပ်က စိန်ရွှေပတ္တမြားတွေ ဘယ်လောက်ကြီးတာ၊ ဘယ်လောက်တန်တာနဲ့ အိမ်ထောင်တစ်ခုရဲ့ health and wellbeing ကို ကြိုတိုင်းတာခန့်မှန်းလို့ မရဘူး။ ဒါတွေက ခဏတာသာ တပ်မက်ကြည့်ရှုလို့ကောင်းတဲ့ အပေါ်ယံအရာ material တွေပဲ။ တကယ်တမ်း အချိန်တစ်ခုကြာတဲ့အခါမှာ ကိုယ့်ပါတနာက ကိုယ့်ကို ဘယ်လိုဆက်ဆံသလဲ၊ ဘယ်လောက် သည်းခံနားလည်မှု ပေးနိုင်သလဲ၊ ခွင့်လွှတ်စာနာမှု ရှိလား/မရှိဘူးလား၊ ကိုယ်ချင်းစာစိတ် ရှိလား/မရှိဘူးလား၊ ဘယ်သူမှ ကိုယ့်ဘက်က မရပ်တည်ချိန်မှာ သူကိုယ့်ဘက်က ရပ်တည်သလား/မရပ်တည်ဘူးလား၊ ကိုယ့်ကို သူများတွေ မကြင်မနာ ရိုင်းရိုင်းပျပျ ဆက်ဆံနေတဲ့အခါ ကိုယ့်ကို ကာကွယ်ပေးသလား/မကာကွယ်ပေးဘူးလား၊ တစ်ခုခုဆို အတူတူ ညှိနှိုင်းဆွေးနွေးနိုင်စွမ်း, မျှမျှတတ တွေးခေါ်ပေးနိုင်စွမ်း ရှိလား/မရှိဘူးလား ဆိုတာတွေကပဲ အဖြေပေးသွားမှာ။ ဒါတွေကပဲ relationship တစ်ခုရဲ့ health and success ကို အဆုံးအဖြတ်ပေးသွားတာ။ အမေရိကမှာတော့ စစ်တမ်းတွေအရ လက်ထပ်ပြီးသူ ၄၀% ကနေ ၄၅% ဟာ ကွဲကြတာပဲတဲ့။ ဆိုတော့ လက်ထပ်ပြီးညားသွားတာ၊ မင်္ဂလာအကြီးအကျယ်ဆောင်နိုင်တာ၊ ဘာတွေနဲ့တင်တောင်းတာတွေထက် ဒီ relationship မှာ နှစ်ဦးစလုံးရဲ့ စိတ်ချမ်းသာမှုနဲ့ ပျော်ရွှင်ကျေနပ်မှုဟာ ဘယ်လောက်၊ ဘယ်အချိန်ထိရှိနေမလဲဆိုတာက ပိုအရေးကြီးတယ်။
Counseling with Craton
Click here to claim your Sponsored Listing.
Category
Website
Address
Portland, OR