Migrant Rights Promotion Working Group - MRPWG

Migrant Rights Promotion  Working Group -  MRPWG

แชร์

ရွှေ့ပြောင်းအလုပ်သမားများအတွက် သတင်းအချက်အလက်စုစည်းရာ

18/06/2026

MRPWG ကွန်ယက်၏ နှစ်စဉ်အစီရင်ခံစာ ၂၀၂၅ ထွက်ရှိလို့လာပါပြီ။

ပြီးခဲ့တဲ့နှစ်အတွင်း MRPWG ကွန်ယက်၏လုပ်ဆောင်ချက်များ၊ အောင်မြင်မှုများနှင့် ရှေ့ဆက်လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များကို အောက်ပါ လင့်တွေမှာ အသေးစိတ် လေ့လာဖတ်ရှုနိုင်ပါပြီး။

မြန်မာဘာသာဖြင့်

https://drive.google.com/file/d/1Zz0Vbe2jxuYRPuWZBQNaXUYee1cenIIs/view?usp=sharing

အင်္ဂလိပ်ဘာသာဖြင့်
https://drive.google.com/file/d/1lMAGKUzwpOdKw9w-b3lpuVm0fkK_zZT1/view?usp=sharing

Photos from Migrant Rights Promotion  Working Group -  MRPWG's post 19/05/2026

၂၀၂၆ခုနှစ် မေလ ( ၁၉) ရက်နေ့တွင် ကဘီဘန်းကျေးရွာတွင်ရှိသော Social Action for Women(SAW)Foundation ၏ ရုံး ၌ MRPWG ကွန်ယက် ၏ လပတ်အစည်းအဝေး တစ်ခုကိုပြုလုပ်ခဲ့ပါသည်။

ထိုအစည်းအဝေးတွင် MRPWG ၏ ကွန်ယက်အဖွဲ့ဝင် အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ပြီး ကွန်ယက်မှ မေလ (၁) ရက်နေ့ တွင် ကျင်းပပြီးစီးခဲ့သည့် ကမ္ဘာ့အလုပ်သမားများနေ့ အခမ်းအနား၏ အားသာချက် ၊ အားနည်းချက်များဆွေးနွေးခြင်း၊ ကွန်ယက်အဖွဲ့ဝင်ကြားတွင် မဲဆောက်ဒေသတွင်းရှိ ရွှေ့ပြောင်းအလုပ်သမားများနှင့် သက်ဆိုင်သည့်အခြေအနေများကိုဆွေးနွေးဖလှယ်ခြင်း ၊ ကွန်ယက်အဖွဲ့ဝင်အချင်းချင်းကြားတွင် ရှေ့ဆက်လုပ်ဆောင်မည့်လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြခဲ့ကြပါသည်။

MRPWG ကွန်ယက်သည် မဲဆောက်ဒေသအတွင်းရှိ မဲဆောက်အခြေစိုက် လူထုအခြေပြုအဖွဲ့အစည်းအသီးသီးဖြင့်ဖွဲ့စည်းထားသော ကွန်ယက်တစ်ခုဖြစ်ပါသည်။

MRPWG ကွန်ယက်အနေဖြင့် မဲဆောက်ဒေသတွင်းရှိ ရွှေ့ပြောင်းအလုပ်သမားများ၏ အကျိုးစီးပွားနှင့် အခွင့်အရေးများအတွက် အဖွဲ့ဝင် လူထုအခြေပြုအဖွဲ့အစည်းများနှင့်အတူ ဆက်လက်ပြီး လက်တွဲလုပ်ဆောင်သွားမည် ဖြစ်ပါသည်။

Photos from Migrant Rights Promotion  Working Group -  MRPWG's post 01/05/2026

၂၀၂၆ ခုနှစ်၊ မေလ (၁) ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာကမ္ဘာ့အလုပ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် MRPWG ကွန်ယက် နှင့် ရွှေ့ပြောင်းအလုပ်သမားများ စုပေါင်း၍ ထူးခြားသည့် လှုပ်ရှားမှုတစ်ရပ်ကို ပြုလုပ်ခဲ့ကြသည်။

ယနေ့ ကျရောက်သည့် (၁၃၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့အလုပ်သမားနေ့ (May Day) အထိမ်းအမှတ်အဖြစ် MRPWG (Migrant Rights Promotion Working Group) ကွန်ယက် ဦးဆောင်မှုဖြင့် ရွှေ့ပြောင်းအလုပ်သမား ရာပေါင်းများစွာသည် မယ်တောင်မိုင်ကျေးရွာတွင် စုပေါင်း၍ အလုပ်သမားအခွင့်အရေး လှုပ်ရှားမှုတစ်ရပ်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။ အခမ်းအနားတွင် မေဒေးသမိုင်းကြောင်း၊ MRPWG ကွန်ယက်အကြောင်းမိတ်ဆက်ခြင်း၊ သံချပ်များဖြင့် ဖျော်ဖြေခြင်း၊ ၁၃၆ ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ ထုတ်ပြန်ကြေညာချက်ဖတ်ကြားခြင်း၊
Burmese Women’s Union(BWU) မှ Panel discussion ပြုလုပ်ခြင်း၊ အလုပ်ရှင်၊ အလုပ်သမားနှင့် သက်ဆိုင်သည့် ပဟေဠိ မေးခွန်း နှင့် အဖြေများပြုလုပ်ခြင်းနှင့် ရခိုင်တိုင်းရင်းသား အကများဖြင့် ဖျော်ဖြေခဲ့ကြပါသည်။

အခမ်းအနား၏ အဓိကရည်ရွယ်ချက်များ

ဒီနေ့ လှုပ်ရှားမှုဟာ ရိုးရိုးပွဲတော်တစ်ခုထက်မကဘဲ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ဘဝလုံခြုံရေးနဲ့ တန်းတူညီမျှမှုကို ဖော်ဆောင်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။ အဓိကအားဖြင့် -

• အခွင့်အရေးတောင်းဆိုခြင်း: လုပ်ငန်းခွင်အတွင်း ဘေးကင်းလုံခြုံမှုနှင့် ထိုက်တန်သည့် လုပ်ခလစာ ရရှိရေး။

• စည်းလုံးညီညွတ်မှု: ရွှေ့ပြောင်းအလုပ်သမားအချင်းချင်းကြား ရိုင်းပင်းကူညီမှု ကွန်ယက် ပိုမိုခိုင်မာလာစေရေး။

• အသိပညာပေးခြင်း: ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ ဥပဒေများနှင့် မိမိတို့ ခံစားခွင့်ရှိသည့် အခွင့်အရေးများကို မျှဝေခြင်း။

၁၃၆ ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ ထုတ်ပြန်ကြေညာချက်
ရက်စွဲ။ ။ ၂၀၂၆ ခုနှစ်၊ မေလ (၁) ရက် ကြေညာချက် အမှတ်။ ။ (၁/၂၀၂၆)

ကမ္ဘာ့သမိုင်းတွင် နိုင်ငံတကာအလုပ်သမားထုသည် အလုပ်သမားများ၏ အခြေခံရပိုင်ခွင့်အတွက် အသက်၊ ချွေး၊ သွေးနှင့် တိုက်ပွဲဝင်လာခဲ့ရင်း တနေ့အလုပ်ချိန် ၈ နာရီ သတ်မှတ်ရေး တိုက်ပွဲကို ဂုဏ်ပြုလျက် ကမ္ဘာ့အလုပ်သမားနေ့ သတ်မှတ် ကျင်းပခဲ့ကြသည်မှာ ၁၃၆ ကြိမ်မြောက်သို့ ရောက်ရှိပြီဖြစ်သည်။ သို့ရာတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ အပါအဝင် အလုပ်သမားထုကြီးမှာ တနေ့အလုပ်ချိန် ၈ နာရီအပါအဝင် အခြေခံအခွင့်အရေးများ အပြည့်အဝရရှိရေးမှာ အလုပ်သမားအများစုအတွက် အလှမ်းဝေးနေဆဲဖြစ်သည်။

နိုင်ငံခြားသားအလုပ်သမား (သို့) ရွှေ့ပြောင်းအလုပ်သမားများကို လက်ခံအလုပ်လုပ်ကိုင်စေသည့် နိုင်ငံများ၏ လုပ်ငန်းခွင်များတွင် ဥပဒေနှင့်အညီ ပေးဆောင်ရန် သတ်မှတ်ထားသည့် အခြေခံလုပ်အားခကိုပင် ပြည့်ပြည့်ဝဝ မရရှိခြင်း၊ အလုပ်ကြမ်းများဖြစ်သည့် ညစ်ပတ်သည့်အလုပ်၊ အသက်အန္တရာယ်ရှိသည့်အလုပ်နှင့် လုပ်ငန်းခွင် ခက်ခဲသည့်အလုပ်များကိုသာ အများစု လုပ်ကိုင်နေကြရခြင်း၊ လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေးနှင့် လုပ်ငန်းခွင် အာမခံမှုများမှာလည်း သေချာရေရာမှုမရှိသည့်အတွက် ကြိုတင်အကြောင်းမကြားဘဲ အကြောင်းမဲ့ အလုပ်ရပ်စဲခံရခြင်း၊ လုပ်အားခ မပေးဘဲ အလုပ်ထုတ်ပယ်ခံရခြင်းနှင့် လုပ်ငန်းခွင် ပိတ်သိမ်းပြီး တာဝန်ယူမှု တာဝန်ခံမှုမရှိဘဲ လုပ်ငန်းရှင်ဘက်က တိမ်းရှောင်သွားသည့် ဖြစ်ရပ်များကိုလည်း အလုပ်သမားများ ကြုံတွေ့နေရဆဲဖြစ်သည်။

ထို့ပြင် အလုပ်ရှင်အလုပ်သမား လုပ်ငန်းခွင်သဘောတူညီချက်ဆိုရာတွင် လုပ်ငန်းရှင်ဘက်က သူတို့နိုင်ငံ ဘာသာစကားဖြင့် ကြိုတင်ရေးဆွဲထားသည့် အချက်များကိုသာ အလုပ်သမားက (နားလည်သိရှိ ရှင်းလင်းမှုမရှိဘဲ) လက်မှတ်ရေးထိုးစေခြင်းမျိုးဖြစ်ပြီး အဆိုပါ လုပ်ဆောင်မှုသည် အလုပ်သမားများ၏ အားနည်းချက်ကို အလွဲသုံးစားလုပ်ခြင်းဖြစ်ပြီး နောက်ဆက်တွဲအနေဖြင့် လုပ်ငန်းရှင်ဘက်က လုပ်ငန်းခွင် သဘောတူညီချက်ပါ အချက်များကို အလုပ်သမားက ချိုးဖောက်သည်ဟု စွပ်စွဲပြီး အလုပ်က ထုတ်ပယ်ခြင်း၊ လုပ်အားခ မပေးဆောင်ဘဲ အလုပ်မှရပ်စဲခြင်းနှင့် အလုပ်သမားများကို ကုန်ထုတ်လုပ်မှုအရည်အသွေး ပြည့်မီစေရန်ဟုဆိုကာ အတင်းအကြပ် အချိန်ပို... နေဆိုင်း၊ ညဆိုင်းများ ခွဲကာ လုပ်ကိုင်စေခြင်း၊ အလုပ်ချိန် တိုးမြှင့်ခိုင်းစေခြင်း၊ ဖိအားပေး ခိုင်းစေခြင်း၊ အလုပ်သမားများ၏ ကိုယ်ပိုင် အထောက်အထားလက်မှတ်များကို လုပ်ငန်းခွင်တာဝန်ရှိသူများက သိမ်းဆည်းထားခြင်းနှင့် အလုပ်သမားများ သွားလာလှုပ်ရှားမှုကို ကန့်သတ်ထားခြင်းများကိုလည်း ရွှေ့ပြောင်းအလုပ်သမား အများစု ရင်ဆိုင်နေကြရသည်။
လက်ရှိအချိန်တွင် ရွှေ့ပြောင်းအလုပ်သမားများ ရင်ဆိုင်နေရသည့် အခက်အခဲမှာ တရားဝင်မှုဆိုင်ရာ အထောက်အထားလက်မှတ်နှင့် work permit ကိစ္စရပ်များမှာလည်း ထိုင်းနိုင်ငံ၏ ပေါ်လစီနှင့် ပြဋ္ဌာန်းချက်ဆိုင်ရာ အပြောင်းအလဲများ၊ ကန့်သတ်ချက်များ၊ ရှုပ်ထွေးသည့် အစီအစဉ်များကြောင့် ပွဲစားများအပေါ် မှီခိုလာကြရကာ အဆမတန် ဈေးကြီးမြင့်မှုတို့ကြောင့် တရားဝင်အစီအစဉ် ရှိနေသည့် ရွှေ့ပြောင်းအလုပ်သမားများကနေ တရားမဝင်ဖြစ်ရသည့် အခြေအနေများလည်း ရှိနေသည်။

တရားဝင်မှုဆိုင်ရာ အထောက်အထားလက်မှတ် မရှိသည့်အခါ လူမှုဖူလုံရေးထည့်ဝင်မှုနှင့် ခံစားခွင့်ဆိုင်ရာများ ဆုံးရှုံးနစ်နာရသလို ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးကိစ္စရပ်များ၊ အလုပ်အကိုင်အခွင့်အလမ်း ကိစ္စရပ်များ၊ မိသားစုဆိုင်ရာ စီစဉ်ဆောင်ရွက်ရသည့် ကိစ္စရပ်များ အားလုံးအတွက်ပါ သွားရေး လာရေး အခက်တွေ့ကာ အားလုံး လက်လှမ်းမမီ ဖြစ်ကြရသည့်အပြင် ရွှေ့ပြောင်းအလုပ်သမားများအတွက် ဘဏ်စာအုပ်လုပ်ခြင်း၊ ယာဉ်မောင်းလိုင်စင်လုပ်ခြင်း စသည့် အခွင့်အရေးများ ဆုံးရှုံးကြရသည်။ နောက်ဆက်တွဲအနေဖြင့် အာဏာပိုင်များ၏ နေထိုင်ခွင့်၊ အလုပ်လုပ်ကိုင်ခွင့်ဆိုင်ရာ အထောက်အထားလက်မှတ် စစ်ဆေးမှုများနှင့် ရင်ဆိုင်ရသည့်အခါ ဖမ်းဆီး အရေးယူမှုများကို အကျိုးဆက်အဖြစ် ခံစားကြရသည်။

အထက်ပါ ရွှေ့ပြောင်းအလုပ်သမားများ ကြုံတွေ့နေရသည့် အခက်အခဲများ ဖြစ်ရသည့် အကြောင်းအရင်းခံမှာ ရွှေ့ပြောင်းအလုပ်သမားများကို လက်ခံ အလုပ်လုပ်ကိုင်စေသည့် အိမ်ရှင်နိုင်ငံနှင့် မိမိတို့နိုင်ငံ၏ နိုင်ငံရေးအခြေအနေကြောင့်သာ ဖြစ်နေရခြင်း ဖြစ်ကြောင်း သုံးသပ်တွေ့ရှိရသည်။ သို့ပါ၍ အဆိုပါ အခက်အခဲများကို ကျော်လွှားနိုင်ရန်မှာ မေဒေးစိတ်ဓါတ်ဖြင့် အလုပ်သမားထု သွေးစည်းညီညွတ်စွာ နိုးထ ရုန်းကန်ရန်နှင့် အမိမြန်မာနိုင်ငံရေး အပြောင်းအလဲများတွင် မဖြစ်မနေ တထောင့်တနေရာက ပါဝင်လှုပ်ရှားကြရန် အထူးပင်လိုအပ်ပါသည်။

မေဒေးစိတ်ဓါတ်ဖြင့် ရုန်းထကြ အလုပ်သမားအခွင့်အရေး လူ့အခွင့်အရေး နိုင်ငံတကာအလုပ်သမားထု သွေးစည်းညီညွတ်ကြ . . . . ။

MRPWG ကွန်ယက်

Photos from Migrant Rights Promotion  Working Group -  MRPWG's post 23/04/2026

၂၀၂၆ခုနှစ် ဧပြီလ ( ၂၄) ရက်နေ့တွင် မယ်တောင်မိုင်ကျေးရွာတွင်ရှိသော Arakan Workers Organization(AWO) ၏ ရုံး ၌ MRPWG ကွန်ယက် ၏ လပတ်အစည်းအဝေး တစ်ခုကိုပြုလုပ်ခဲ့ပါသည်။

ထိုအစည်းအဝေးတွင် MRPWG ၏ ကွန်ယက်အဖွဲ့ဝင် အဖွဲ့အစည်း
အသီးသီးမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ပြီး ကွန်ယက်မှ လာမည့် မေလ (၁) ရက်နေ့ တွင် ကျင်းပမည့် ကမ္ဘာ့အလုပ်သမားများနေ့ အခမ်းအနားကျင်းပရန်အတွက် ဆွေးနွေးခြင်း၊ ကွန်ယက်အဖွဲ့ဝင်ကြားတွင် မဲဆောက်ဒေသတွင်းရှိ ရွှေ့ပြောင်းအလုပ်သမားများနှင့် သက်ဆိုင်သည့်အခြေအနေများကိုဆွေးနွေးဖလှယ်ခြင်း ၊ ကွန်ယက်အဖွဲ့ဝင်အချင်းချင်းကြားတွင် ရှေ့ဆက်လုပ်ဆောင်မည့်လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြခဲ့ကြပါသည်။

MRPWG ကွန်ယက်သည် မဲဆောက်ဒေသအတွင်းရှိ မဲဆောက်အခြေစိုက် လူထုအခြေပြုအဖွဲ့အစည်းအသီးသီးဖြင့်ဖွဲ့စည်းထားသော ကွန်ယက်တစ်ခုဖြစ်ပါသည်။

22/04/2026

အသက်အရွယ်မရွေး ၊ လူမျိုးမရွေး ပြည်သူများအားလုံး ( ထိုင်းနိုင်ငံသားနှင့် နိုင်ငံခြားသားများအားလုံး ကာကွယ်ဆေးထိုးနှံသည့် ဝန်ဆောင်မှု ရယူနိုင်ပါသည်။

(အသေးစိတ်ကို ပုံတွင်ဖတ်ပေးကြရန် မေတ္တာရပ်ခံအပ်ပါသည်)

source :https://www.facebook.com/photo?fbid=1532610032202385&set=a.747545990708797

crd : photo

01/04/2026

ထိုင်းနိုင်ငံယာဉ်ထိန်းရဲတပ်ဖွဲ့က ဧပြီလ ၁ ရက်နေ့မှစတင်ပြီးလမ်းမတော်တဆမှုများကို ဖြစ်စေသော အဓိကပြစ်မှု ၁၀ ခုအပေါ် ဥပဒေများကို တင်းကြပ်စွာ ပြဋ္ဌာန်းတော့မည်ဖြစ်သည်။

အဓိက ယာဉ်စည်းကမ်းချိုးဖောက်မှု ၁၀ ခုအတွက် ပြစ်ဒဏ်များနှင့် ငွေဒဏ်များမှာ

၁။ မြန်နှုန်းမြင့်မောင်းနှင်မှု- အများဆုံးဒဏ်ငွေ ၄၀၀၀ ဘတ် (ယခင် ၁၀၀၀ ဘတ်)

၂။ မီးပွိုင့်များကို ချိုးဖောက်ခြင်း- အများဆုံးဒဏ်ငွေ ၄၀၀၀ ဘတ် (ယခင် ၁၀၀၀ ဘတ်)

၃။ လမ်းဖြတ်ကူးရာတွင် လမ်းသွားလမ်းလာများအတွက် ရပ်တန့်ပေးရန်ပျက်ကွက်ခြင်း- အများဆုံးဒဏ်ငွေ ၄၀၀၀ ဘတ်

၄။ မောင်းနှင်နေစဉ် မိုဘိုင်းဖုန်းအသုံးပြုခြင်း (လက်မဲ့ကိရိယာမပါဘဲ)- အများဆုံးဒဏ်ငွေ ၄၀၀၀ ဘတ်

၅။ ယာဉ်ကြောပိတ်ဆို့မှုကို ဆန့်ကျင်မောင်းနှင်ခြင်း- အများဆုံးဒဏ်ငွေ ၂၀၀၀ ဘတ် (ယခင် ၅၀၀ ဘတ်)

၆။ ဦးထုပ်မဆောင်းခြင်း (ယာဉ်မောင်းနှင့် ခရီးသည် နှစ်ဦးစလုံး) - အများဆုံးဒဏ်ငွေ ၂၀၀၀ ဘတ်။

၇။ ထိုင်ခုံခါးပတ်မပတ်ခြင်း (ယာဉ်မောင်းနှင့် ခရီးသည် နှစ်ဦးစလုံး) - အများဆုံးဒဏ်ငွေ ၂၀၀၀ ဘတ်။

၈။ ယာဉ်မောင်းလိုင်စင်မကိုင်ဆောင်ခြင်း - ဒဏ်ငွေ ၁၀၀၀ ဘတ်အထိ (ထောင်ဒဏ် ၁ လအထိ) ချမှတ်နိုင်သည်။

၉။ အရက်သေစာသောက်စားပြီး မောင်းနှင်ခြင်း - ဒဏ်ငွေ ၅၀၀၀ မှ ၂၀၀၀၀ ဘတ်အထိ နှင့် ထောင်ဒဏ် ၁ နှစ်အထိ ချမှတ်နိုင်သည်။

၁၀။ ဘေးကင်းရေးကို လျစ်လျူရှု၍ မောင်းနှင်ခြင်း - ဒဏ်ငွေ ၅၀၀၀ မှ ၂၀၀၀၀ ဘတ်အထိ နှင့် ထောင်ဒဏ် ၁ နှစ်အထိ ချမှတ်နိုင်သည်။

#ဒဏ်ငွေ
#ယာဉ်အသွားအလာစည်းမျဉ်းများ
#အဓိက
#ယာဉ်စည်းကမ်းချိုးဖောက်မှု ၁၀ ခု

30/03/2026

သတိပေးချက်ပါဗျို့!
"အခမဲ့ဆင်းကတ်" ရဲ့ နောက်ကွယ်က ကြောက်စရာကောင်းတဲ့ လက်ဆောင်
မသိလိုက်ဘဲ ထောင်ကျသွားနိုင်ပါတယ်။
မင်္ဂလာပါ သူငယ်ချင်းတို့နဲ့ မိဘပြည်သူအပေါင်းတို့...
ဒီနေ့တော့ စေတနာရှေ့ထားပြီး အရေးကြီးတဲ့သတင်းတစ်ခု သတိပေးချင်လို့ပါ။ အခုတလော "ဆင်းကတ်အလကားပေးတယ်" ဆိုပြီး လိမ်လည်နေတဲ့ သတင်းတွေ အများကြီးကြားနေရပါတယ်။
"အလကားရတယ်" ဆိုတဲ့ စကားလုံးနောက်ကို အလောတကြီး မလိုက်သွားပါနဲ့ဦး။ ဘာလို့လဲဆိုတော့ သူ့ရဲ့နောက်ကွယ်က အကျိုးဆက်က ထင်ထားတာထက် ပိုကြောက်ဖို့ကောင်းလို့ပါ။
⚠️ လူလိမ်တွေသုံးတဲ့ လှည့်ကွက်
သူတို့က လူစည်ကားတဲ့ နေရာတွေမှာ အရောင်းကောင်တာ (Booth) လေးတွေဖွင့်ပြီး စေတနာရှင်တွေလိုလိုနဲ့ ဆင်းကတ်တွေ အလကားဝေပါတယ်။ ဒါပေမဲ့ ကတ်ရဖို့အတွက် "မှတ်ပုံတင်ကို ဓာတ်ပုံရိုက်ခိုင်းတာ" နဲ့ "မျက်နှာကို Scan ဖတ်ခိုင်းတာ" စတဲ့ အချက်အလက်တွေကို အခွင့်အရေးရယူဖို့အတွက် ကိုယ်ရေးကိုယ်တာ အတည်ပြုရမယ်ဆိုပြီး အကြောင်းပြ တောင်းဆိုပါလိမ့်မယ်။
🚨 ကျွန်ုပ်တို့ကို "တရားခံ" ဖြစ်သွားစေမယ့် ထောင်ချောက်
လူလိမ်တွေက ကျွန်တော်တို့ရဲ့ အချက်အလက်တွေကို ရသွားပြီဆိုရင် သင့်နာမည်နဲ့ ဖုန်းနံပါတ်ပေါင်း ဆယ်ချီ၊ ရာချီပြီး ထုတ်ပါလိမ့်မယ် (ဒါကို Sim Mule လို့ ခေါ်ပါတယ်)။ ပြီးရင် အောက်ပါ မကောင်းတဲ့ကိစ္စတွေမှာ အသုံးပြုပါတယ် ။
• Call Center ဂိုဏ်းတွေအဖြစ် တခြားသူတွေကို ဖုန်းဆက်လိမ်လည်တာ။
• Online ငွေစာရင်း (Banking) တွေဖွင့်ပြီး ငွေလိမ်တာ။
• နောက်ဆုံးမှာတော့ ရဲကစုံစမ်းတဲ့အခါ ဆင်းကတ်ပိုင်ရှင်က "သင့်နာမည်" ဖြစ်နေတဲ့အတွက် အပြစ်ဒဏ်ခံရမယ့်သူက သင်ကိုယ်တိုင် ဖြစ်သွားပါလိမ့်မယ်။
⚖️ ပြစ်ဒဏ်ကြီးလေးပါတယ်၊ မလုပ်မိပါစေနဲ့!
ထိုင်းနိုင်ငံရဲ့ နည်းပညာဆိုင်ရာ ရာဇဝတ်မှုကာကွယ်နှိမ်နင်းရေး အမိန့်ဒီကရီ (၂၀၂၃) အသစ်အရ သူတပါးကို သင့်နာမည်နဲ့ ဆင်းကတ်အသုံးပြုခွင့်ပေးတာ (Sim Mule) ဟာ အောက်ပါအတိုင်း အပြစ်ဒဏ်ခံရနိုင်ပါတယ်။
• ထောင်ဒဏ် ၁ နှစ်မှ ၃ နှစ်အထိ။
• ဒဏ်ငွေ အများဆုံး ဘတ် ၃ သိန်းအထိ။
• သို့မဟုတ် ဒဏ်နှစ်ရပ်လုံး ခံရနိုင်ပြီး ရာဇဝတ်မှုမှတ်တမ်း (Criminial Record) ဝင်သွားတဲ့အတွက် အနာဂတ်ပျက်စီးသွားနိုင်ပါတယ်။
✅ ဘေးကင်းအောင် ဘယ်လိုနေမလဲ
1. လောကမှာ အလကားရတာ မရှိဘူး: အထူးသဖြင့် ကိုယ်ရေးကိုယ်တာ အချက်အလက်တွေနဲ့ မျက်နှာ Scan ပေးရမယ်ဆိုရင် သတိထားပါ။
2. ချက်ချင်း ငြင်းဆိုပါ: တရားဝင် ဝန်ဆောင်မှုစင်တာ (Service Center) မဟုတ်ရင် ဘယ်သူ့ကိုမှ သင့်မှတ်ပုံတင်ကို ဓာတ်ပုံရိုက်ခွင့် သို့မဟုတ် မျက်နှာ Scan ဖတ်ခွင့် လုံးဝမပေးပါနဲ့။
3. သေချာအောင် စစ်ဆေးပါ: သင့်နာမည်နဲ့ ထူးဆန်းတဲ့ ဖုန်းနံပါတ်တွေ ပွင့်နေသလားဆိုတာကို ဖုန်းအော်ပရေတာ စင်တာတွေမှာဖြစ်ဖြစ်၊ NBTC ရဲ့ "3-Layer" App မှာဖြစ်ဖြစ် စစ်ဆေးနိုင်ပါတယ်။
🆘 အကယ်၍ သံသယဖြစ်ဖွယ် အခြေအနေနဲ့ ကြုံရရင် ဒါမှမဟုတ် မှားလုပ်မိသွားပြီဆိုရင် AOC Hotline 1441 ကို ၂၄ နာရီပတ်လုံး ဖုန်းဆက်တိုင်ပင်နိုင်ပါတယ်။
မိမိတို့ရဲ့ သူငယ်ချင်းတွေနဲ့ မိသားစုဝင်တွေကိုလည်း ဒီပို့စ်လေး Share ပေးပြီး သတိပေးပေးကြပါဦး။ ဆင်းကတ်တစ်ခုတည်းနဲ့ ဘဝမပျက်ပါစေနဲ့။
#ထိုင်းနိုင်ငံပြန်ကြားရေးဌာန
#အွန်လိုင်းဘေးအန္တရာယ်သတိပေးချက်
#ဆင်းကတ်လိမ်လည်မှု


#လိမ်လည်
မူရင်းလင့်
https://www.facebook.com/photo/?fbid=1393336032821815&set=a.307599311395498

Photos from Migrant Rights Promotion  Working Group -  MRPWG's post 30/03/2026

၂၀၂၆ခုနှစ် မတ်လ ( ၃၀) ရက်နေ့တွင် မယ်တောင်တိုက်တွင်ရှိသည့် လူထုအခြေပြုအဖွဲ့ ၏ ရုံး ၌ MRPWG ကွန်ယက် ၏ လပတ်အစည်းအဝေး တစ်ခုကိုပြုလုပ်ခဲ့ပါသည်။

ထိုအစည်းအဝေးတွင် MRPWG ၏ ကွန်ယက်အဖွဲ့ဝင် အဖွဲ့အစည်း
အသီးသီးမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ပြီး ကွန်ယက်မှ မဲဆောက်ဒေသတွင်းရှိ ရွှေ့ပြောင်းအလုပ်သမားများနှင့် သက်ဆိုင်သည့် ရှေ့ဆက်လုပ်ဆောင်မည့်လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြခဲ့ကြပါသည်။

MRPWG ကွန်ယက်သည် မဲဆောက်ဒေသအတွင်းရှိ မဲဆောက်အခြေစိုက် လူထုအခြေပြုအဖွဲ့အစည်းအသီးသီးဖြင့်ဖွဲ့စည်းထားသော ကွန်ယက်တစ်ခုဖြစ်ပါသည်။

25/03/2026

မဲဆောက်ဆေးရုံကြီးမှ ထုတ်ပြန်ချက်

မူရင်းလင့်
https://www.facebook.com/photo?fbid=1398260095671949&set=pcb.1398267152337910

19/03/2026

အလုပ်ခွင် ဓာတ်မတည့်ရောဂါ (Office Allergy) – အလုပ်လုပ်ကိုင်သူတိုင်း သတိထားရမည့် အဖြစ်များသောရောဂါ

ယခုတလော အလုပ်ခွင်သို့ ရောက်ရှိချိန်၌ ဖျားနာရလွယ်ကူခြင်း၊ နှာစေးခြင်း၊ ဖျားခြင်း၊ ခန္ဓာကိုယ်အနှံ့ နာကျင်ကိုက်ခဲခြင်း စသည့် လက္ခဏာများကို ခံစားရပါက၊ ယင်းသည် အလုပ်ခွင် ဓာတ်မတည့်ရောဂါ (Office Allergy) ၏ လက္ခဏာများ ဖြစ်နိုင်ပါသည်။ ဤရောဂါသည် အလုပ်လုပ်ကိုင်သူတိုင်း သတိထားရမည့် အဖြစ်များသောရောဂါဖြစ်ပြီး၊ ကာကွယ်ရန် အကြံပြုချက်များကို လိုက်နာခြင်းဖြင့် မိမိ၏ ကျန်းမာရေးကို အကာအကွယ်ပေးနိုင်ပါသည်။

အလုပ်ခွင် ဓာတ်မတည့်ရောဂါ (Sick Building Syndrome) ဖြစ်ပွားရသည့် အကြောင်းရင်းများ

ညစ်ညမ်းသောပတ်ဝန်းကျင်ရှိသည့် အဆောက်အဦးအတွင်း အမြဲတမ်း နေထိုင်ရခြင်း: အလုပ်ခွင်အတွင်း လေအရည်အသွေး မကောင်းခြင်း၊ ဖုန်မှုန့်နှင့် အမှုန်အမွှားများ ပျံ့လွင့်နေခြင်း၊ ဓာတုပစ္စည်းများ အသုံးပြုခြင်း စသည့် အကြောင်းရင်းများကြောင့် ရောဂါဖြစ်ပွားနိုင်ပါသည်။

ညစ်ပတ်ပြီး အချိန်ကြာမြင့်စွာ မသန့်ရှင်းရသေးသော အေးစက်စက် လေအေးပေးစက်: လေအေးပေးစက်အတွင်း ပိုးမွှားများနှင့် ဖုန်မှုန့်များ စုဆောင်းနေခြင်းကြောင့် လေအရည်အသွေး ညစ်ညမ်းစေပြီး ရောဂါဖြစ်ပွားနိုင်ပါသည်။

အလင်းရောင် နည်းပါးခြင်းနှင့် လေဝင်လေထွက် မကောင်းသောနေရာ: အလင်းရောင် နည်းပါးခြင်းကြောင့် မျက်လုံးပင်ပန်းမှုကို ဖြစ်စေပြီး၊ လေဝင်လေထွက် မကောင်းခြင်းကြောင့် လေအရည်အသွေး ညစ်ညမ်းစေပြီး ရောဂါဖြစ်ပွားနိုင်ပါသည်။

အလုပ်ခွင် ဓာတ်မတည့်ရောဂါ၏ လက္ခဏာများ
ဦးခေါင်းနှင့် အာရုံကြော: ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ အာရုံစူးစိုက်မှုမရှိခြင်း

မျက်လုံးနှင့် နှာခေါင်း: မျက်လုံး/နှာခေါင်း ခြောက်သွေ့ခြင်း၊ မျက်လုံးပူခြင်း၊ နှာပိတ်ခြင်း၊ နှာရည်ယိုခြင်း၊ အရေပြားခြောက်သွေ့ခြင်း

အသက်ရှူလမ်းကြောင်း: ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ ပန်းနာရင်ကျပ်ရောဂါနှင့်တူသော လက္ခဏာများ

ခန္ဓာကိုယ်: ခန္ဓာကိုယ်အနှံ့ နာကျင်ကိုက်ခဲခြင်း၊ ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ နေထိုင်မကောင်းခြင်း

ကာကွယ်ရန် အကြံပြုချက် ၃ ချက်
၁။ အလုပ်ခွင် ပတ်ဝန်းကျင်ကို သန့်ရှင်းလတ်ဆတ်စေရန်
အလုပ်စားပွဲကို သန့်ရှင်းရေးလုပ်ပါ: ပိုးမွှားနှင့် ဖုန်မှုန့်များ ကင်းစင်အောင် နေ့စဉ် သန့်ရှင်းရေးလုပ်ပါ။

လေသန့်စင်ရန် သစ်ပင်များ စိုက်ပါ: အလုပ်ခွင်အတွင်း လေသန့်စင်မှု ကောင်းမွန်စေရန် သဘာဝသစ်ပင်များကို အသုံးပြုပါ။

လုံလောက်သော အလင်းရောင်ရအောင် စီစဉ်ပါ: မျက်လုံးပင်ပန်းမှုကို လျော့ချရန်နှင့် စိတ်ဖိစီးမှုကို လျော့ချရန် သဘာဝအလင်းရောင်ကို အသုံးပြုပါ။

၂။ အလုပ်ခွင်အတွင်း လေအရည်အသွေးကို ဂရုစိုက်ပါ
လေအေးပေးစက်ကို ပုံမှန်ဆေးကြောပါ: လေသန့်စင်မှု ကောင်းမွန်စေရန် အေးစက်စက် လေအေးပေးစက်ကို ၃-၆ လတစ်ကြိမ် ဆေးကြောပါ။

လေဝင်လေထွက်ကောင်းစေရန် ပြတင်းပေါက်များကို ဖွင့်ပါ: နေ့စဉ် အနည်းဆုံး ၁၅-၂၀ မိနစ် ပြတင်းပေါက်များကို ဖွင့်၍ လေဝင်လေထွက် ကောင်းမွန်အောင်လုပ်ပါ။

ဓာတုပစ္စည်းများ အသုံးပြုခြင်းကို ရှောင်ကြဉ်ပါ: အလုပ်ခွင်အတွင်း ဓာတုပစ္စည်းများ၊ ဖျန်းဆေးများနှင့် ပိုးသတ်ဆေးများကို အသုံးပြုခြင်းကို ရှောင်ကြဉ်ပါ။

၃။ မိမိ၏ ကျန်းမာရေးနှင့် လူနေမှုဘဝကို ဂရုစိုက်ပါ
လုံလောက်စွာ အိပ်စက်အနားယူပါ: ခန္ဓာကိုယ်၏ ခုခံအားစနစ် ကောင်းမွန်စေရန် နေ့စဉ် ၇-၈ နာရီ အိပ်စက်ပါ။

ရေများများသောက်ပါ: အရေပြားခြောက်သွေ့ခြင်းကို ကာကွယ်ရန်နှင့် ခန္ဓာကိုယ်ကို ရေဓာတ်ပြည့်ဝစေရန် နေ့စဉ် ရေများများသောက်ပါ။

အပြင်ထွက်ပြီး လတ်ဆတ်သောလေကို ရှူရှိုက်ပါ: အသက်ရှူလမ်းကြောင်း ကောင်းမွန်စေရန်နှင့် စိတ်ဖိစီးမှုကို လျော့ချရန် အပြင်ထွက်ပြီး လတ်ဆတ်သောလေကို ရှူရှိုက်ပါ။

ရင်းမြစ်: အလုပ်ခွင်နှင့် ပတ်ဝန်းကျင်ဆိုင်ရာ ရောဂါထိန်းချုပ်ရေးဗဟိုဌာန၊ ရောဂါထိန်းချုပ်ရေးဦးစီးဌာန

မူရင်းလင့်
https://www.facebook.com/photo/?fbid=1346333367538621&set=a.448108010694499

ต้องการให้ธุรกิจของคุณ องค์กร ขึ้นเป็นอันดับหนึ่ง องค์กรไม่แสวงหาผลกำไร ใน Mae Sot?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่


Mae Sot