CJ Platform
We Are Freedom And Voices.
The Burma Citizen Journalist Platform Organization, known as “CJ Platform,” was founded on March 5, 2021, in response to the military coup in Myanmar, aiming to combat the suppression of news by the junta and provide crucial media education for Citizen Journalists. Based in Thailand, CJ Platform News operates as an independent news agency, offering step-by-step journalism training to a new generat
◼မနက်ဖြန် ဇွန် (၂) ရက် အင်္ဂါနေ့အတွက် မိုးလေဝသခန့်မှန်းချက်
◼မုတ်သုံမိုးဦး လျော့နည်းမယ်
CJ Platform
မနက်ဖြန် ဇွန်လ ၂ ရက်၊ အင်္ဂါနေ့အတွက် မိုးလေဝသ ခန့်မှန်းချက်တွေကို ပြောပြသွားပါတော့မယ်။အရင်ဦးဆုံး ဒီနေ့မှာတော့ "မုတ်သုံမိုးဦး လျော့နည်းနေမယ့် အခြေအနေနဲ့ ဘယ်အချိန် ပြန်ကောင်းလာမလဲ" ဆိုတာကို ရှင်းလင်း ပြောပြပေးချင်ပါတယ်။ ဥရောပ မိုးလေဝသ ခန့်မှန်းရေး မော်ဒယ် (ECMWF) နဲ့ သြစတြေးလျ မိုးလေဝသဗျူရို (BOM) တို့က ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ... မိုးတိမ်ဖြစ်ထွန်းမှုကို အားကောင်းစေတဲ့ (MJO) လှိုင်းဟာ ပစိဖိတ်သမုဒ္ဒရာ အနောက်ဘက်ပိုင်းဖြစ်တဲ့ (Phase 7) မှာ ရောက်ရှိနေတာကြောင့် အိန္ဒိယသမုဒ္ဒရာဘက်ခြမ်းမှာ မိုးတိမ်ဖြစ်ထွန်းမှုတွေ အားနည်းနေပြီး၊ ပစိဖိတ်သမုဒ္ဒရာအတွင်းမှာတော့ လေထု မငြိမ်မသက်မှုတွေ အားကောင်းနေပါတယ်။
#မိုးလေဝသ #မုတ်သုံမိုးဦး #မြစ်ရေအခြေအနေ
မင်းအောင်လှိုင်နဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီ တို့ ဘာအပေးအယူတွေ လုပ်ခဲ့သလဲ
CJ Platform
နယူးဒေလီမြို့ရှိ ဟိုက်ဒရာဘတ်အိမ်တော်မှာပြုလုပ်တဲ့ဆွေးနွေးပွဲဟာ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး ၅ နှစ်အကြာမှာ အိန္ဒိယနဲ့မြန်မာကြား အမြင့်ဆုံးအဆင့်ပြန်လည်ထိတွေ့ဆက်ဆံမှုဖြစ်ပါတယ်။ ဝန်ကြီးချုပ် မိုဒီနဲ့ အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်တို့ဟာ ကုန်သွယ်ရေး၊ ဆက်သွယ်ရေး၊ နည်းပညာနဲ့ ကာကွယ်ရေးကဏ္ဍတွေကို အကျယ်တဝင့်ဆွေးနွေးခဲ့ကြပါတယ်။
#မင်းအောင်လှိုင် #အိန္ဒိယဝန်ကြီးချုပ် #မိုဒီ #ဟိုက်ဒရာဘတ်အိမ်တော် #နယူးဒေလီမြို့
ဂျပန်-ဖိလစ်ပိုင် ရေပြင်နယ်နိမိတ် ဆွေးနွေးမှုအပေါ် တရုတ်အစိုးရ ကန့်ကွက်
CJ Platform
ဂျပန်နဲ့ ဖိလစ်ပိုင်တို့ကြားမှာ ရေပြင်နယ်နိမိတ် သတ်မှတ်ရေးအတွက် တရားဝင် ဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ ပြင်ဆင်နေတဲ့အပေါ် တရုတ်အစိုးရက ကန့်ကွက်လိုက်ပါတယ်။ တရုတ်ကမ်းခြေစောင့်တပ်ရဲ့ ဇွန်လ ၁ ရက် ထုတ်ပြန်ချက်အရ ထိုင်ဝမ်ကျွန်းရဲ့ အရှေ့ဘက်ရေပြင်မှာ စစ်သင်္ဘောအုပ်စု ၁ ခုကို စေလွှတ်ပြီး ကင်းလှည့်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
ဒီလုပ်ရပ်ဟာ ဂျပန်နဲ့ ဖိလစ်ပိုင်တို့က သူတို့ရဲ့ သီးသန့်စီးပွားရေးဇုန် (EEZ) နဲ့ ကုန်းတွင်းသောင်ပြင် နယ်နိမိတ်တွေကို သတ်မှတ်ဖို့ ဆွေးနွေးမယ်လို့ ကြေညာခဲ့တဲ့အပေါ် တရုတ်ဘက်က စစ်ရေးအရ တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။ ပေကျင်းအစိုးရကတော့ အဆိုပါ နယ်နိမိတ် ဆွေးနွေးပွဲတွေဟာ "တရားမဝင်သလို၊ လုံးဝ အတည်မဖြစ်ဘူး" လို့ သောကြာနေ့မှာကတည်းက သတိပေးခဲ့တာပါ။
ဂျပန်နဲ့ ဖိလစ်ပိုင်တို့ကတော့ နိုင်ငံတကာ ဥပဒေတွေနဲ့အညီ နှစ်နိုင်ငံကြား ရေပြင်နယ်နိမိတ်ကို တရားဝင် သတ်မှတ်ဖို့ ကြိုးပမ်းနေတာပါ။ ဂျပန်ဝန်ကြီးအဖွဲ့ အတွင်းရေးမှူးချုပ် မိနိုရု ကီဟာရာ (Minoru Kihara) က "ဒီသဘောတူညီချက်ဟာ တတိယနိုင်ငံတွေအပေါ်မှာ ဥပဒေကြောင်းအရ သက်ရောက်မှု မရှိတာကြောင့် နိုင်ငံတကာ ဥပဒေအရ ဘာပြဿနာမှ မရှိဘူး" လို့ တိုကျိုမြို့မှာ တုံ့ပြန်ခဲ့ပါတယ်။
ထိုင်ဝမ်ဘက်ကတော့ တရုတ်ရဲ့ အခုလို "ဥပဒေစိုးမိုးရေး" အမည်ခံ လှုပ်ရှားမှုတွေကို ရှုတ်ချလိုက်ပါတယ်။ ထိုင်ဝမ် ကမ်းခြေစောင့်တပ်ရဲ့ အဆိုအရ သူတို့ရဲ့ အရှေ့တောင်ဘက် အော်ကစ်ကျွန်း (Orchid Island) အနီးမှာ တရုတ်သင်္ဘော ၂ စင်းကို တွေ့ရှိခဲ့ပေမဲ့ ထိုင်ဝမ်ရဲ့ ကန့်သတ်ရေပြင်ထဲကိုတော့ ဝင်ရောက်လာခြင်း မရှိဘူးလို့ ဆိုပါတယ်။
#ဂျပန် #ဖိလစ်ပိုင် #တရုတ် #နယ်နိမိတ် #တောင်တရုတ်ပင်လယ်
ပုံတောင်နတ်ထိပ်ဒေသ တိုက်ပွဲတွေအတွင်း စစ်အုပ်စုဘက်က ၈၀ ကျော် သေဆုံးကြောင်း YA နဲ့ PLA ထုတ်ပြန်
CJ Platform
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ယောဒေသအတွင်းက မဟာဗျူဟာကျတဲ့ ပုံတောင်နတ်ထိပ်ဒေသမှာ အင်အားထောင်ချီရှိတဲ့ စစ်အုပ်စု စစ်ကြောင်းနဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေအကြား မေလအတွင်း ထိတွေ့တိုက်ပွဲပေါင်း အကြိမ် ၁၀၀ ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။ ယောတပ်တော် (YA) နဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တို့ရဲ့ မေလ ၃၁ ရက် ထုတ်ပြန်ချက်အရ ပေါက်မြို့နယ်၊ ပုံတောင်နတ်ထိပ်ဒေသမှာ မေလ ၁၃ ရက်ကစလို့ ဒီကနေ့အထိ တိုက်ပွဲတွေဟာ ရက်ဆက်ဆိုသလို ပြင်းထန်နေတာ ဖြစ်ပါတယ်။
စစ်အုပ်စုဟာ ပြီးခဲ့တဲ့ မေလ ၁၁ ရက်မှာ ပေါက်မြို့နယ် အခြေစိုက် ကပစ-၂၄ ကနေ အင်အား ၄၀၀ နဲ့ စတင်ထွက်ခွာလာခဲ့တာပါ။ အဲဒီနောက် မေလ ၂၂ ရက်မှာတော့ နောက်ထပ် အင်အား ၉၀၀ ဝန်းကျင်နဲ့ စစ်ယာဉ်တန်းတွေကို ထပ်မံဖြည့်တင်းပြီး အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာ ဖြစ်ပါတယ်။ ဒီစစ်ကြောင်းတွေကို တော်လှန်ရေး မဟာမိတ်တပ်ပေါင်းစုတွေက ပုံတောင်တောင်ကြော တစ်လျှောက် ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲပေါင်း ၁၀၀ ကျော်အထိ ဖြစ်ပွားခဲ့ပါတယ်။
မေလ ၁၃ ရက်ကနေ မေလ ၃၁ ရက်အထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်းမှာ စစ်အုပ်စုဘက်က ၈၀ ကျော် သေဆုံးခဲ့ပြီး ၁၀၀ ကျော် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ပါတယ်။ ဒါ့အပြင် တော်လှန်ရေး တပ်ဖွဲ့တွေဟာ စစ်အုပ်စုဆီက လက်နက်ခဲယမ်းတွေ၊ စစ်သုံးပစ္စည်းတွေနဲ့အတူ စစ်သုံ့ပန်း အချို့ကိုပါ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ မဟာမိတ် တပ်ပေါင်းစုဘက်ကလည်း ရဲဘော်အချို့ အသက်ပေးလှူခဲ့ရမှုတွေ ရှိခဲ့ပါတယ်။
တိုက်ပွဲကာလအတွင်းမှာ စစ်အုပ်စုဟာ အပြစ်မဲ့ အရပ်သားတွေကို လူသားဒိုင်းအဖြစ် အသုံးပြုတာ၊ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာနဲ့ ပြည်သူပိုင် ပစ္စည်းတွေကို လုယက်တာတွေကို လုပ်ဆောင်ခဲ့ပါတယ်။
#ပေါက်မြို့နယ် #ယောဒေသ #ပုံတောင်နတ်ထိပ် #တိုက်ပွဲသတင်း
01/06/2026
ဝေဘာဂီမြို့သစ်က အထက ၇ မှာ မိုးကြိုးပစ်ခံရပြီး ဆရာမနဲ့ ကျောင်းသား နှစ်ဦး ဒဏ်ရာရ
CJ Platform
ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီမြို့သစ်၊ အမှတ် ၅ ရပ်ကွက်၊ ဓမ္မသုခလမ်းမပေါ်မှာရှိတဲ့ အမှတ် ၇ အခြေခံပညာ အထက်တန်းကျောင်းမှာ ဒီကနေ့ နေ့လယ် ၂ နာရီခွဲက မိုးကြိုးပစ်ခံရပြီး ကျောင်းဆရာမနဲ့ ကလေး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ကျောင်းအနီး နေထိုင်သူတွေဆီက သိရပါတယ်။
ဒီကနေ့ နေ့လယ် ၂ နာရီခွဲက ကျောင်းဆင်းချိန်၊ ကျောင်းဝင်ပေါက်/ထွက်ပေါက်အနီးက ကုက္ကိုပင်ကို မိုးကြိုးပစ်ရာကနေ အနီးရှိ ဆရာမနဲ့ ကလေး နှစ်ဦးကို ထိခဲ့တာလို့ ကျောင်းအနီး နေထိုင်သူ တစ်ဦးက CJ Platform ကို ပြောပါတယ်။
"ကျောင်းဆင်းချိန် မိဘတွေ လာမကြိုသေးလို့ ကလေးတွေကို ဆရာမက စောင့်ပေးနေတဲ့အချိန် ကုက္ကိုပင်ကို မိုးကြိုးပစ်ရာကနေ စက်ကွင်းမလွတ်လို့ ထိသွားတာ။ ခြေထောက်တွေ၊ လက်တွေပဲ ဒဏ်ရာရတယ်။ ဒဏ်ရာရတာ Grade 1 က ဆရာမနဲ့ ကလေး နှစ်ယောက်ပါ" လို့ ပြောပါတယ်။
မိုးကြိုးပစ်ခံရပြီးနောက် လူမှုကူညီရေးအဖွဲ့တွေက ထိခိုက်ဒဏ်ရာရတဲ့ ဆရာမနဲ့ ကျောင်းသား နှစ်ဦးကို မြောက်ဥက္ကလာပမြို့နယ် ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး မီးသတ်၊ စစ်အုပ်စုတပ်နဲ့ ရဲတွေက ကျောင်းတစ်ဝိုက် လုံခြုံရေးယူထားတယ်လို့ ဓမ္မသုခလမ်းထဲမှာ နေထိုင်သူ တစ်ဦးက CJ Platform ကို ပြောပါတယ်။
"မိုးကြိုးပစ်ခံရလို့ ထိသွားတာက Grade 1 က အတန်းပိုင်ဆရာမ ဒေါ်ဖြိုးဇာဇာပါ။ ကလေး နှစ်ယောက်ကတော့ နာမည်မသိဘူး။ ဖြစ်တဲ့အချိန်ကဆိုရင် ရဲတွေရော၊ စစ်တပ်ရော လုံခြုံရေး အပြည့်ယူထားတာ၊ ဓာတ်ပုံတွေ ဘာတွေ ရိုက်လို့မရဘူး" လို့ ပြောပါတယ်။
မြောက်ဥက္ကလာပမြို့နယ် ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတဲ့ ဆရာမရော၊ ကလေး နှစ်ဦးပါ စိုးရိမ်ရတဲ့ အခြေအနေ မရှိဘူးလို့ သတင်းအရင်းအမြစ်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်ကလည်း ကျောင်းကုန်းမြို့နယ်၊ ဒူးချဲဆိပ်ကျေးရွာမှာ အမျိုးသား တစ်ဦး မိုးကြိုးပစ်ခံရပြီး သေဆုံးခဲ့တဲ့ ဖြစ်စဉ်လည်း ရှိပါတယ်။
ဓာတ်ပုံ - CJ Platform
#မြောက်ဥက္ကလာပ #မိုးကြိုးပစ် #ကျောင်းသား #ဆရာမ
Conflict Diary (1.6.2026)
CJ Platform
မေလ ၃၁ ရက်အတွက် နောက်ဆုံးရရှိထားတဲ့ မြန်မာနိုင်ငံ တစ်ဝန်းက စစ်ရေးလှုပ်ရှားမှုတွေနဲ့ အရပ်သား ထိခိုက်သေဆုံးမှု အခြေအနေတွေကို တင်ဆက်ပေးလိုက်ပါတယ်။
ပြီးခဲ့တဲ့ မေလ ၃၁ ရက်၊ တနင်္ဂနွေနေ့က နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း ၇ မြို့နယ်မှာ စစ်ရေးလှုပ်ရှားမှုနဲ့ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်မှု စုစုပေါင်း ၁၂ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။
ဒီအထဲမှာ စစ်ကြောင်းထိုးဝင်ရောက်မှု ၈ ကြိမ်၊ ထိတွေ့တိုက်ပွဲ ၃ ကြိမ်နဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှု ၁ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။
ဖြစ်စဉ် အဓိကဖြစ်ပွားခဲ့တဲ့ ဒေသကတော့ စစ်ကိုင်းတိုင်း ဖြစ်ပြီး၊ ဒုတိယအများဆုံးကတော့ မကွေးတိုင်း ဖြစ်ပါတယ်။
အရပ်သား ထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့ပြီး မေလ ၃၁ ရက် တစ်ရက်တည်းမှာတင် တိုက်ခိုက်မှုတွေအတွင်း အရပ်သား အနည်းဆုံး ၁၁ ဦး သေဆုံးခဲ့ပါတယ်။
#စစ်ရေးသတင်း #စစ်ကိုင်း #မကွေး
အမေရိကန်နဲ့ အီရန်ကြား အပြန်အလှန် ဗုံးကြဲတိုက်ခိုက်မှုတွေ ထပ်မံဖြစ်ပွား
CJ Platform
အီရန်စစ်ပွဲကို အဆုံးသတ်ဖို့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ရှိနေပေမဲ့ ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေ အားလပ်ရက်အတွင်းမှာ အမေရိကန်နဲ့ အီရန်တို့ဟာ အပြန်အလှန် စစ်ရေးအရ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ် (CENTCOM) ရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ အားလပ်ရက်အတွင်းမှာ အီရန်နိုင်ငံရဲ့ ပင်လယ်အော်ကမ်းရိုးတန်းက စစ်ရေးပစ်မှတ်တွေကို အမေရိကန်စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုဟာ နိုင်ငံတကာ ရေပြင်ပေါ်မှာ ပျံသန်းနေတဲ့ အမေရိကန်ရဲ့ MQ-1 ဒရုန်း တစ်စင်းကို အီရန်ဘက်က ပစ်ချလိုက်တဲ့အပေါ် လက်တုံ့ပြန်တာ ဖြစ်တယ်လို့ CENTCOM က ဆိုပါတယ်။ အမေရိကန် တိုက်လေယာဉ်တွေဟာ အီရန်ရဲ့ လေကြောင်း ကာကွယ်ရေးစနစ်တွေ၊ ဒရုန်းထိန်းချုပ်ရေးစခန်း ၁ ခုနဲ့ အသေခံဒရုန်း ၂ စင်းကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
တနင်္လာနေ့မှာတော့ အီရန်တော်လှန်ရေး အစောင့်တပ် (IRGC) က အမေရိကန်ရဲ့ တိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်စစ်တပ် အသုံးပြုနေတဲ့ လေတပ်အခြေစိုက်စခန်း ၁ ခုကို ဒုံးကျည်တွေနဲ့ ပစ်မှတ်ထားခဲ့တယ်လို့ ကြေညာလိုက်ပါတယ်။ တစ်ပြိုင်နက်တည်းမှာပဲ အမေရိကန် အခြေစိုက်စခန်းရှိရာ ကူဝိတ်နိုင်ငံအတွင်းမှာ ဒုံးကျည်နဲ့ ဒရုန်းသတိပေး ဥသြသံတွေ တစ်နိုင်ငံလုံးအနှံ့ မြည်ဟည်းခဲ့ပြီး ကူဝိတ် လေကြောင်းကာကွယ်ရေးတပ်တွေက ကြားဖြတ်ပစ်ချမှုတွေ လုပ်ဆောင်ခဲ့ရပါတယ်။
စစ်ရေး တင်းမာမှုတွေ ရှိနေပေမဲ့ သမ္မတ ဒေါ်နယ်ထရန့်ကတော့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ ဝေဖန်သူတွေကို ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ "အီရန်ဟာ တကယ်ပဲ သဘောတူညီချက်ရဖို့ လိုလားနေတာပါ။ အားလုံးပဲ အေးအေးဆေးဆေး ထိုင်ကြည့်နေကြပါ၊ အဆုံးသတ်မှာ အားလုံး အဆင်ပြေသွားမှာပါ" လို့ ထရန့်က ဆိုပါတယ်။ ဒါပေမဲ့ လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲ နီးလာချိန်မှာ ရေနံဈေးနှုန်းတွေ မြင့်တက်နေတာကြောင့် ထရန့်အပေါ်မှာ ပြည်တွင်း နိုင်ငံရေးဖိအားတွေ ကြီးထွားနေပါတယ်။
တစ်ဖက်မှာလည်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဟစ်ဇ်ဘိုလာတွေကို တိုက်ခိုက်ဖို့အတွက် လေဘနွန်နိုင်ငံ အတွင်းပိုင်းအထိ တပ်ဖွဲ့ဝင်တွေကို ပိုမိုတိုးမြှင့် စေလွှတ်ဖို့ တနင်္ဂနွေနေ့မှာ အမိန့်ပေးလိုက်ပါတယ်။ ဒါဟာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို (Marco Rubio) တင်ပြထားတဲ့ "အဆင့်လိုက် စစ်ရှိန်လျှော့ချရေးစီမံချက်" (Gradual de-escalation plan) အတွက် ကြီးမားတဲ့ အဟန့်အတား ၁ ခု ဖြစ်နေပါတယ်။
#အမေရိကန် #အီရန် #စစ်ရေးတင်းမာမှု #ဒေါ်နယ်ထရန့် #အစ္စရေး
လူ ၅၅ ဦး သေဆုံးခဲ့ရတဲ့ နမ့်ခမ်းမြို့နယ်က ပေါက်ကွဲမှု အကြောင်းရင်းမှန် ဖော်ထုတ်ဖို့နဲ့ တာဝန်ခံမှုရှိဖို့ တအာင်းပြည်ကောင်စီ တိုက်တွန်း
CJ Platform
ပြီးခဲ့တဲ့ မေလ ၃၁ ရက် မွန်းတည့် ၁၂ နာရီဝန်းကျင်မှာ တအာင်းပြည်၊ နမ့်ခမ်းခရိုင်၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာအတွင်းမှာ အလွန်ပြင်းထန်တဲ့ ပေါက်ကွဲမှုကြီး တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဒီပေါက်ကွဲမှုဟာ ကျေးရွာအတွင်းမှာရှိတဲ့ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွေမှာ အသုံးပြုဖို့ သိမ်းဆည်းထားတဲ့ ယမ်းသိုလှောင်ရုံကနေ စတင်ခဲ့တာလို့ TNLA က သတင်းထုတ်ပြန်ပါတယ်။ ပေါက်ကွဲမှုအရှိန်ကြောင့် ကောင်းတပ်ကျေးရွာအတွင်းက ဘုန်းကြီးကျောင်းအပါအဝင် လူနေအိမ် အဆောက်အအုံ အများအပြား ပြာကျပျက်စီးသွားခဲ့ရပါတယ်။
နောက်ဆုံးရရှိထားတဲ့ အချက်အလက်တွေအရ ဒီဖြစ်စဉ်ကြောင့် ဒေသခံပြည်သူ ၅၅ ဦး သေဆုံးခဲ့ပြီး၊ အခြား ၇၀ ကျော်မှာလည်း ပြင်းထန်တဲ့ ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ ဒါဟာ မတော်တဆဖြစ်စဉ် တစ်ခုအတွင်း အရပ်သား ထိခိုက်သေဆုံးမှု များပြားတဲ့ ဖြစ်ရပ်တစ်ခုလည်း ဖြစ်ပါတယ်။
တအာင်းပြည်ကောင်စီ (TLC) က ဇွန်လ ၁ ရက်မှာ ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ယမ်းသိုလှောင်ရုံပိုင်ရှင်ဖြစ်တဲ့ PSLF/TNLA အနေနဲ့ ပေါက်ကွဲမှုဖြစ်စဉ် အကြောင်းရင်းမှန်ကို အသေးစိတ် စုံစမ်းစစ်ဆေးဖို့ တောင်းဆိုလိုက်ပါတယ်။ ဒါ့အပြင် ပါဝင်ပတ်သက်သူတွေကို ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူဖို့နဲ့ နစ်နာခဲ့ရတဲ့ မိသားစုတွေအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို အမြန်ဆုံး ဆောင်ရွက်ပေးဖို့ တိုက်တွန်းထားပါတယ်။
PSLF/TNLA ဘက်ကလည်း ဒီယမ်းတွေဟာ သူတို့ရဲ့ စီးပွားရေးဌာနက မိုင်းတွင်းလုပ်ငန်းတွေမှာ သုံးဖို့ သိုလှောင်ထားတာဖြစ်ကြောင်း ဝန်ခံထားပြီး ဖြစ်စဉ်အပေါ် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေကို သက်ဆိုင်ရာ ဌာနတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေကြောင်း ထုတ်ပြန်ထားပါတယ်။
တအာင်းပြည်ကောင်စီ (TLC) အနေနဲ့ ပြည်တွင်းပြည်ပမှာရှိတဲ့ တအာင်းပြည်သူတွေအနေနဲ့ ကောင်းတပ်ရွာက မိဘပြည်သူတွေ အမြန်ဆုံး ပြန်လည်ထူထောင်နိုင်ဖို့အတွက် တတ်စွမ်းသမျှ ဝိုင်းဝန်းကူညီ ဖေးမကြဖို့လည်း နှိုးဆော်ထားပါတယ်။
#နမ့်ခမ်း #ယမ်းသိုလှောင်ရုံပေါက်ကွဲမှု #ကောင်းတပ်ကျေးရွာ
01/06/2026
ရမည်းသင်းမှာ လိုင်းကြေးမပေးဘဲ ခဲမဖြူ၊ သတ္တုတူးတဲ့ အရပ်သား ခုနစ်ဦး ဖမ်းဆီးခံရ
CJ Platform
မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ ဝါးတဲစုကျေးရွာမှာ သစ်တောမြေအတွင်း လိုင်းကြေးမပေးဘဲ တစ်ပိုင်တစ်နိုင် ခဲမဖြူ၊ သတ္တုတူးဖော်တဲ့ အရပ်သား ခုနစ်ဦးကို စစ်အုပ်စု လက်အောက်ခံ ရဲတွေက ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မေလ ၃၁ ရက်နဲ့ မေလ ၂၇ ရက်တို့မှာ ငါးတဲစုကျေးရွာ တောင်ဘက်သစ်တောမြေအတွင်းမှာ လိုင်းကြေးမပေးဘဲ သတ္တုတူးဖော်နေတဲ့ အရပ်သား ခုနစ်ဦးကို ခွင့်ပြုချက်မရှိဘဲ တူးဖော်တယ်လို့ ဆိုကာ စစ်အုပ်စု လက်အောက်ခံ ရဲတွေက ဖမ်းဆီးခဲ့တာလို့ မြို့ခံ တစ်ဦးက CJ Platform ကို ပြောပါတယ်။
"တရားမဝင်တူးလို့ ဖမ်းတာ မဟုတ်ဘူးဗျ၊ လိုင်းကြေးမရလို့ အရပ်သား ခုနစ်ယောက်ကို တူးကုန်းနယ်မြေ ရဲစခန်းက ဖမ်းတာ။ သူလိုကိုယ်လို လိုင်းကြေးပေးပြီး တူးနေကြတာ တစ်ပုံကြီး၊ အခု ဖမ်းခံရတာက လိုင်းကြေးပေးပြီး တူးတဲ့သူတွေက တိုင်လို့ ရဲက ဖမ်းတာ" လို့ ရှင်းပြပါတယ်။
မေလ ၃၁ ရက်မှာ ရမည်းသင်းမြို့ပေါ် ရပ်ကွက်ကနေ ဝါးတဲစုတောင်ဘက်မှာ သတ္တုခဲမဖြူ လာတူးတဲ့ ကိုစိုးမင်းဝင်းနဲ့ ကိုအောင်ဆန်းလှိုင်ကို ဖမ်းဆီးပြီး နယ်မြေရဲစခန်းကို ခေါ်သွားတယ်လို့ သတင်းအရင်းအမြစ်က ပြောပါတယ်။ အလားတူပဲ မေလ ၂၇ ရက်မှာ ရမည်းသင်းမြို့နယ်၊ ညောင်အိုင်ကျေးရွာနေ ကိုကိုနိုင်၊ ကိုဝေတိုး၊ ငါးတဲစုကျေးရွာနေ ကိုဆန်းမင်း၊ ကိုအောင်ကိုဦးနဲ့ တပ်ကုန်းမြို့နယ်၊ ချင်းစုကျေးရွာနေ ကိုဆန်းရှင် တို့ကို တူးကုန်းနယ်မြေ ရဲစခန်းက ဖမ်းဆီးခဲ့ပါတယ်။
ရမည်းသင်းမြို့နယ်မှာ စစ်တပ်နဲ့ စစ်အုပ်စုလက်အောက်ခံ ရဲတွေကို လိုင်းကြေးပေးပြီး ခဲမဖြူ၊ သတ္တုနဲ့ ရွှေတူးဖော်နေတဲ့ အဖွဲ့ပေါင်း ၅၀၀ ကျော်ရှိပြီး စစ်အုပ်စု လက်အောက်ခံ ရဲတွေက လိုင်းကြေးမပေးတဲ့ အရပ်သားတွေကိုပဲ ဖမ်းဆီးတာလို့ မြို့ပေါ် လုပ်ငန်းရှင် တစ်ဦးက CJ Platform ကို ပြောပါတယ်။
"သစ်တောနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးလို့ ဖမ်းတာဆိုရင် ကွက်ကြားမိုးမရွာနဲ့၊ အကုန်လုံးကို ဖမ်း။ ရမည်းသင်းမှာ ခဲမဖြူသတ္တုနဲ့ ရွှေတူးတဲ့ အဖွဲ့ပေါင်း ၅၀၀ ကျော်ရှိတယ်၊ အချို့ဆို စက်ကြီးတွေနဲ့ပါ တူးတာ။ အဲဒီလူတွေကျတော့ လိုင်းကြေးပေးလို့လား။ မိသားစုအတွက် တစ်ပိုင်တစ်နိုင် တူးတဲ့သူတွေကျတော့ လိုင်းကြေးမပေးလို့ ဖမ်းတာလား" လို့ ပြောပါတယ်။
ဖမ်းဆီးခံရသူ ခုနစ်ဦးကို ရမည်းသင်းမြို့မရဲစခန်း (ပ) ၁၃၀/၂၀၂၆၊ သစ်တောဥပဒေ ပုဒ်မ ၄၀(က)(၃) နဲ့ အမှုဖွင့်ထားတယ်လို့ စစ်အုပ်စု လက်အောက်ခံ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဓာတ်ပုံ - Pro/SAC
#ရမည်းသင်း #သတ္တုတူးဖော်မှု #လိုင်းကြေး #ဖမ်းဆီးမှု
01/06/2026
အုတ်ဖိုမြို့နယ်မှာ ခြောက်ဘီးယာဉ် တစ်စီးမှောက်၊ တစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရ
CJ Platform
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ရန်ကုန်-ပြည် ကားလမ်း၊ ထောက်ကြန့်ကွင်းကျေးရွာ၊ မိုင်တိုင်အမှတ် ၁၀၈/၁ မှာ မေလ ၃၁ ရက် ညနေ ၆ နာရီက ၆ ဘီးယာဉ် တစ်စီး စလစ်ဖြစ်ကာ တိမ်းမှောက်ခဲ့ပြီး ယာဉ်မောင်း သေဆုံးကာ ယာဉ်ပေါ်ပါလာသူ နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။
မနေ့က ညနေ ၆ နာရီက လက်ပံတန်းမြို့နယ်ဘက်ကနေ အုတ်ဖိုမြို့နယ်ဘက်ကို မောင်းလာတဲ့ ခြောက်ဘီးယာဉ် တစ်စီးဟာ ထောက်ကြန့်ကွင်းကျေးရွာ၊ ရန်ကုန်-ပြည်သွား ကားလမ်း မိုင်တိုင်အမှတ် ၁၀၈/၁ အရောက်မှာ မိုးရွာပြီး စလစ်ဖြစ်ရာကနေ တိမ်းမှောက်သွားတာလို့ လူမှုကူညီရေးအသင်း အဖွဲ့ဝင်တစ်ဦးက CJ Platform ကို ပြောပါတယ်။
"မိုးရွာပြီးချိန် အရှိန်နဲ့ မောင်းလာတော့ ကားက စလစ်ဖြစ်ပြီး မှောက်သွားတာ။ ယာဉ်မောင်းက အခင်းဖြစ်တဲ့နေရာမှာတင် ပွဲချင်းပြီး သေတယ်။ ယာဉ်ပေါ်ပါလာတဲ့သူ နှစ်ယောက်က မစိုးရိမ်ရဘူး" လို့ ပြောပါတယ်။
ယာဉ်တိုက်မှုကို သွားရောက်ကူညီပေးတဲ့ သဒ္ဓါဖြူ လူမှုကူညီရေးအသင်း (အေးမြသာယာ) နဲ့ ဓမ္မဝိဇယ သာရေးနာရေးကူညီမှုအသင်း (အုတ်ဖိုမြို့) တို့က သေဆုံးသူရဲ့ ရုပ်အလောင်းနဲ့ ထိခိုက်ဒဏ်ရာရသူ နှစ်ဦးကို လူနာတင်ယာဉ်တွေနဲ့ အေးမြသာယာဆေးရုံကို ပို့ဆောင်ပေးခဲ့ကြတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ ရက်ကလည်း အုတ်ဖိုမြို့နယ်၊ ရန်ကုန်-ပြည် ကားလမ်း၊ မိုင်တိုင် ၁၀၉ အနီးမှာ ယာဉ် တစ်စီးမှောက်ခဲ့ပြီး အမျိုးသား တစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
ဓာတ်ပုံ - လူမှုကူညီရေးအသင်း
#အုတ်ဖို #ယာဉ်တိုက်မှု #ခြောက်ဘီးယာဉ်
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เบอร์โทรศัพท์
เว็บไซต์
ที่อยู่
Bangkok
10150