Mental Note
ကဗျာတွေ၊ စာတွေ၊ နောက်ပြီးခံစားချက်တွေ...
ဒီတစ်ရက်ပြီးနောက်တစ်ရက်
ဒီတစ်မနက်ပြီး နောက်ထပ်မနက်
ဘယ်အချိန်ထိလဲဆို တည်ရှိနေသမျှလို့ဖြေရမယ်
ချစ်ခြင်းတရားဆိုတာလည်း
ဂရုတစိုက်ရေလောင်းပေါင်းသင်ပေးနေတဲ့ အပင်ငယ်လေးလို
တဖြည်းဖြည်းနဲ့ ကြီးထွားလာတာမျိုးမလား
ချစ်ခဲ့ပါတယ် ချစ်နေပါတယ် ဟုတ်ကဲ့ဆက်ချစ်ပါဦးမယ်။
နှစ်သစ်တစ်ခုအစပြုတဲ့အခါ
လူတိုင်း ပိုကောင်းလာချင်ကြတယ်၊ ပိုအဆင်ပြေချင်ကြတယ်
အကောင်းဆုံး အဆောင်လေးပေးရမယ်ဆို
ကိုယ့်ကိုယ်ကိုယ်ချစ်ပါ
ကိုယ့်ကိုချစ်တဲ့လူတွေကို ချစ်ပါ
ကိုယ်ဘက်ကချည်း စရတဲ့ဆက်ဆံရေးတွေကိုရှောင်ပါ ဒါပါပဲ။
အအေးဓာတ်များတဲ့ ဒီလိုအချိန်တွေမှာ
အနွေးဓာတ်ရမယ့်စကားလေးတွေ များများဆိုရတယ်အချစ်ရဲ့
တုန်ရီနေတဲ့လက်ကလေးတွေ ဆိုရင်တောင်
ထွေးပေးလိုက်ရင် အချမ်းပြေသွားတာမျိုးမဟုတ်လား
အပြင်မှာမြူတွေဖွေးနေတောင် စိတ်ကလေးကြည်အောင်
စိတ်ကသိကအောင့်ဖြစ်စေမယ့် ကိစ္စတွေရှောင်ကြမယ်ကွယ်
ဆောင်းလေ ခပ်အေးအေးလေး ဝေ့လာတဲ့အခါ
နှလုံးခုန်သံခပ်တိုးတိုးကြားရမယ့် ရင်ခွင်နွေးနွေးကို အပိုင်ပေးပါ့မယ်
အိမ်ပြန်ချိန် ညနေတွေမှာ သီချင်းလေးညည်းပြပြီး
နှင်းဝေတဲ့ မနက်တွေမှာ ကိုယ်တိုင်ဖျော်ထားတဲ့ ကော်ဖီပူလေးနဲ့ စိတ်ကလေးချမ်းမြေ့စေပါ့မယ်
အချိန်တိုင်းမှာ ပျော်နေစေချင်တာ အချစ်ရဲ့
နောက်ပြီး ကိုယ်တိုင်လည်း စိတ်လိုလက်ရ ပျော်လိုတာမို့ ချစ်သောက များများပြုံးပြဖို့ လိုအပ်ပါတယ်။
အခုကာလဟာ ဟေမာန်ဆိုပေမဲ့
ကိုယ်ကတော့ နွေဦးအကြောင်းပဲတွေးချင်တယ်
နွေဦးကိုပဲတောင်းတတယ်
ပူတာအိုက်တာကို သိပ်မကြိုက်တဲ့ကိုယ်ဟာ
နွေဦးပန်းလေးတွေ နွေဦးရနံ့လေးတွေကိုတော့
တမေ့တမောမြတ်နိုးတယ်
နွေဦးကံ့ကော်တွေ အကြောင်း
ဆောင်းအကုန်ကြွေကျမဲ့ ရွက်ဝါတွေအကြောင်း
အိုကုန်ကုန်ပြောရရင် ချစ်ခြင်းမေတ္တာစတင်ဖြစ်တည်ဖူးတဲ့
အချစ်ဦးနဲ့ ဆုံးဖူးတဲ့အကြောင်းတွေထိ
နွေဦးရဲ့ အတိတ်ဟာ တခမ်းတနားရှိခဲ့တာပဲလေ။
စာဖတ်သူတွေနည်းလာလည်း စာကရေးနေမှာပါ
တစ်ယောက်ပဲရှိလည်း အဲ့တစ်ယောက်အတွက်ရေးနေမှာ
တစ်ယောက်မှမရှိလည်း ဝါသနာအရရေးဖြစ်နေဦးမှယ
တကယ်ကြီး Vpnတွေ banတဲ့အခါ
telegram တို့ YouTube တို့မှာရှိနေပါ့မယ်
နောက်တစ်ခုက
မင်"နဲ့တိုက်ရိုက် discuss လုပ်ချင်တာရှိဆိုလည်း
လုပ်ရအောင် telegram gpလေးလည်းဖွဲ့ပေးဖို့ စဉ်းစားထားတယ်။
စကားပြောချင်တဲ့လူတွေ ရင်ဖွင့်စရာမရှိတဲ့လူတွေအတွက်ပေါ့။
16/12/2025
ဒီနှစ်ဆောင်းကုန်ရင် ရောက်လာမယ့်နွေဦးကိုတော့
အတော်လေး မျှော်လင့်ထားတယ်
ဒီနွေဦးရဲ့အလှကိုတော့ လက်မလွတ်မိအောင် သတိမူရမယ်
ပန်းကလေးတွေ၊ ငှက်ကလေးတွေ၊ ကောင်းကင်ပြာတွေ၊ တိမ်တိုက်ဖြူဖြူလေးတွေအရာအားလုံးကို တမေ့တမောငေးမယ်
မန္တလေး ကျုံးဘေးမှာနေထွက်ချိန်ကို စောင့်ကြည့်မယ်
မဟာမြတ်မုနိမှာ ငါးစာလည်းကျွေးပြီး ညနေခင်းကျ ဈေးချိုဘက်ကခိုလေးတွေလည်း အစာကျွေးမယ်
နာရီစင်နဲ့နေဝင်ချိန်ကိုလည်း မှတ်တမ်းတင်မယ်
ခင်ဖုန်းသက်ဝေကဗျာတွေ ခပ်တိုးတိုးငြီးရင်း studio ခေတ်သီချင်းတွေကို ထပ်တလဲလဲနားထောင်မယ်
ဒီလိုအချိန်ခါမှာ မြတ်နိုးရသူတစ်စုံတစ်ဦးသာအနားရှိရင်
အဲ့ဒီကာလအပိုင်းအခြားလေးဟာ အတော်လေးပြည့်စုံနေမယ့် စိတ်ကူးပန်းချီလေးဖြစ်နေဦးမှာပဲ
ကျွန်တော်တော့ လာမယ့်နွေဦးမှာ
သဘာဝအလှကို ရှာမယ် ချစ်ခြင်းမေတ္တာကိုရှာမယ် ကျွန်တော့်ကိုယ်ကျွန်တော်ပြန်ရှာမယ်။
14/12/2025
နိုးထလာတဲ့မနက်တွေမှာ ယောင်တောင်တောင်နဲ့ အဓိပ္ပါယ်မရှိတဲ့ နေ့ရက်တွေကို ရောက်တတ်ရာရာတွေးရင်း စိတ်ကိုပင်ပန်းစေမယ့်အစား လူပင်ပန်းခံပြီး ဘဝအတွက်အလုပ်လုပ်ပါ။
လောကမှာ ဘယ်အရာမှ အလကားဖြစ်သွားတယ်ဆိုတာမရှိဘူး။ တစ်ခုခုလုပ်ဆောင်ပြီဆိုတာနဲ့ တစ်စုံတရာကပြန်ရစမြဲပဲ ဘာမှအဖတ်မတင်ဘူးဆိုတဲ့အလုပ်ဟာ လောကမှာမရှိဘူး။
ထင်သာအောင်ပြောရရင် အရက်သောက်ရင် မူးယစ်မှုကျန်သလို၊ ကော်ဖီသောက်မိတဲ့အချိန်မှာ လန်းဆန်းမှုကျန်လိမ့်မယ်။ ဒီသဘောပါပဲ ကိုယ်လုပ်လိုက်တဲ့ action ပေါ်မှာ အကျိုးသက်ရောက်မှုက ကိုယ့်စီကိုပဲပြန်လာပါတယ်။
ကျွန်တော့်မှာ သူငယ်ချင်းငယ်ပေါင်း တစ်ယောက်ရှိတယ်။ covidကာလမှာ ကျွန်တော်တို့တတွေ စီးပွားရှာမရ၊အပြင်ထွက်မရဆိုတော့ လိုင်းပေါ်မှာ ဝေးလားဝါးလားလုပ်လိုက်၊ စိတ်ဓာတ်ကျလိုက်၊ ဇာတ်ကားကြည့်လိုက်နဲ့ အချိန်ဖြုန်းခဲ့မိပေမဲ့ သူကတော့ ဘာသာရပ်တစ်ခုကိုလေ့လာတယ်၊ scholarရအောင်လုပ်တယ်၊ ဟောအခုတိုင်းပြည်စုတ်ပြတ်သတ်နေတော့ သူကအေးဆေးပြည်ပမှာ ကျောင်းတက်ရင်းမိဘပြန်ထောက်ပံ့နေပြီ။
နောက်သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူ့ကောင်လေးရောသူရောက ကုမ္ပဏီဝန်ထမ်းတွေ သာမန်ဝန်ထမ်းဆိုတော့အလွန်ဆုံးရ သုံးလေးသိန်းပေါ့။ အိမ်တွေကလည်း ပုံမှန်ဆိုတော့ လက်ထပ်ဖို့ကို သူတို့ကိုယ်တိုင်ကြိုးစားယူရမှာဖြစ်နေတယ်။ အဲ့တော့ကောင်လေးကို အလုပ်ထွက်ခိုင်းလိုက်တယ် နောက်ပြီးနှစ်ယောက် ရှိသမျှပိုက်ဆံနဲ့ အိုးဝေလေးဝယ်ပြီး ကောင်လေးကcarryဆွဲတယ်။ ရတဲ့ပိုက်ဆံထဲကဆီဖိုးထမင်းဖိုးဖယ်ပြီး အကုန်စုကြတယ်။ မနှစ်ကပဲ အတော်လေးပြည့်စုံတဲ့ မင်္ဂလာပွဲလေးသူတို့ဝင်ငွေနဲ့ ကျင်းပနိုင်ခဲ့တယ်။
အခုချိန်ဘာဖြစ်နေသလဲဆိုတာ အရင်နှစ်တွေကဘာလုပ်ခဲ့သလဲဆိုတဲ့အရာပေါ်မှာမူတည်ပြီး နောင်တစ်ချိန်ဘာကောင်ဖြစ်မလဲဆိုတာတော့ အခုမင်းဘာလုပ်နေသလဲနဲ့ တိုက်ရိုက်သက်ဆိုင်နေလိမ့်မယ်။
ဘဝကစိတ်ညစ်စရာတွေ သောကတွေအများကြီးပါ။အလုပ်လုပ်ရင် ရတဲ့ စိတ်ပင်ပန်းမှုကို ဘာမှမလုပ်လည်း ကြုံနိုင်တာပဲ။ ဘာကွာသလဲဆိုတော့ တကယ်လုပ်နေတဲ့လူက ဖြေရှင်းတတ်ပြီး အတွေးနဲ့ပဲ depression ဝင်တဲ့လူကျ တကယ်ကြုံတဲ့အခါ ငိုဖို့နဲ့ထွက်ပြေးဖို့ပဲတတ်ပါတယ်။
ဒီဘက်ခေတ်လူငယ်တွေကိုပြောချင်တာက ငွေ နဲ့ပညာကို အဓိကထားရှာပါ။ ကျွန်တော်ပြောတာ အတန်းပညာမဟုတ်ဘူးနော် အတက်ပညာ။ စက်ချုပ်တဲ့မိခင်က သားသမီးတွေ အကုန်ကျော့နေအောင်ထားနိုင်သလို၊ ဝက်ရှော့ဆရာဖခင်က သူ့ကလေးလိုချင်တာ ချက်ချင်းအကောင်ထည်ဖော်နိုင်ပေမဲ့ ဘွဲ့ရသားသမီးကတော့ တစ်လ ကိုယ့်ဘာသာတောင်မချောင်လည်တာ ဘာလို့လဲဆိုတော့ အတန်းပညာပဲ ကျွန်တော်တို့တတွေ တက်ခဲ့လို့လေ။
ဘာကအဓိက ဘာကသာမည ခွဲနိုင်ပြီး တန်ဖိုးရှိတဲ့အချိန်တွေကို အလကားမကုန်စေချင်တာမို့ ဆယ်ကျော်သက် နှစ်ဆယ်ဝန်းကျင် လူငယ်တွေဖို့ ရေးတဲ့စာပါ။ အဆုံးထိဖတ်မိမယ်ဆို စိတ်လေတဲ့နေ့တွေကရုန်းထွက်ပြီး ပညာနဲ့ငွေတစ်ခုခုကို အသေချာရှာပါ့မယ်ဆိုတဲ့ ကတိကျွန်တော့်ကိုပေးပါ။
၂၀၂၅မှာ ကိုယ့်ကိုယ်ကိုယ်အတော်လေး ပစ်ထားမိတာမို့
၂၀၂၆ကျ ကိုယ့်ကိုယ်ကိုယ်ပိုချစ်ပေးဖို့သာ အလေးထားတွေးပါ့မယ်
မနက်စာသေချာစားဖို့
ကော်ဖီတွေလျော့သောက်ဖို့
ရေပုံမှန်သောက်ဖို့ စတဲ့အသေးဖွဲလေးတွေကစ
လုပ်သင့်တာတွေလုပ်နေရင်း ဝါသနာကိုမေ့မပြစ်ဖို့
အနားကလူတွေကို ပျော်အောင်ထားဖို့နဲ့
ပျော်နေတဲ့လူတွေသာ အနားမှာထားဖို့ စတဲ့စိတ်ကလေးအေးချမ်းစေမဲ့ ကိစ္စရပ်တွေအပြင်
တစ်ဖက်သတ်မေတ္တာတွေ မထားမိစေဖို့
မလိုအပ်တဲ့စေတနာတွေ မပိုမိစေဖို့
မေတ္တာရှိတဲ့လူတွေအပေါ် စိတ်ရင်းနဲ့ဆက်ဆံမိစေဖို့ စတဲ့နောင်တရနိုင်တဲ့ အကြောင်းတရားတွေအဆုံးပေါ့
စိတ်ကုန်သွားတယ်ဆိုတာက
ဘယ်လိုတောင်းပန်မှုမျိုး ဘယ်လိုချော့မြှူမှုမျိုးနဲ့မှ
စိတ်ကလေး ပြန်မလည်စေတော့တာ
ချစ်ခြင်း မုန်းခြင်းတွေမပါဘဲ
သံသရာမှာပါ ပြန်မဆုံချင်တော့တာမျိုးပေါ့။
09/12/2025
ဒီရာသီမှာ လိုအပ်တဲ့အနွေးဓာတ်ဆိုတာမျိုးက
စောင်တွေ၊ အနွေးထည်တွေစတဲ့ ရုပ်ဝတ္ထုပစ္စည်းတွေထံမှဖြစ်လာတဲ့ နွေးထွေးမှုတင်မဟုတ်ဘူးနော်
ချစ်ရတဲ့တန်ဖိုးထားရတဲ့ တစ်ယောက်ယောက်ဆီမှ
မေတ္တာစာလေးကလည်း အနွေးဓာတ်ပဲ
နေကောင်းကျန်းမာစေဖို့ ဂရုတစိုက်မှာတတ်တဲ့
စာတိုကလေးတွေကလည်း အနွေးဓာတ်ပဲ
နေဝင်စောတဲ့ အိမ်ပြန်ချိန်တွေမှာ အချိန်မှန်မရောက်တဲ့အခါ
ဝင်လာတတ်တဲ့ Phone Ringtone သံကလေးကလည်း အနွေးဓာတ်ပဲ
မနက်ခင်းနှင်းတွေကြားကနေ အေးမသွားအောင်
အသေအချာယူလာတတ်တဲ့ ကော်ဖီတစ်ခွက်ကလည်းအနွေးဓာတ်ပဲ
နည်းမျိုးစုံနဲ့ကျွန်တော်တို့ထံရောက်လာတတ်တဲ့
ချစ်ခြင်းမေတ္တာရဲ့ အပြုအမူအသေးဖွဲလေးတိုင်းဟာ ဒီရာသီအတွက်လိုအပ်တဲ့ အနွေးဓာတ်ပါပဲ။
အရာအားလုံးလိုအပ်တာမို့ လိုချင်ပါတယ် တကယ်။
ကျွန်တော်တို့ ချစ်တဲ့သူတွေက
ပြန်မချစ်ခြင်းဟာ ပြဿနာ
မချစ်တဲ့သူတွေကို ငြင်းဆန်တဲ့အခါ
အားနာရခြင်းဟာလည်း ပြဿနာ
ခြုံပြောရရင် မေတ္တာတွေထပ်တူမကျခြင်းဟာ တကယ့်ပြဿနာ
03/12/2025
လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအကျော်က မှတ်မှတ်ရရပဲဆိုရမယ် ကျွန်တော့်မွေးနေ့ အခုလို ဒီဇင်ဘာနှင်းတွေကြားမှ ချစ်ခြင်းမေတ္တာဓာတ်လေး တစ်ခု စတင်တည်ဆောက်ခဲ့တယ်။
မူလတန်းအရွယ်ထဲကခင်မင်ခဲ့တာမို့ သူမနဲ့ကျွန်တော်ဟာ တစ်ယောက်အကြောင်း တစ်ယောက် ကကြီးကနေအထိ သိတယ်ဆိုတာအပိုမပြောဘူးရယ်။ ဖြူစင်တဲ့ငယ်ရွယ်စဉ်ကာလကစ ရင်ခုန်တတ်ချိန် ဆယ်ကျော်သက်အရွယ်တွေအထိ ကျွန်တော်တို့အတူကုန်ဆုံးခဲ့ကြတယ်။
ကျွန်တော်တို့အများကြီးပျော်ခဲ့သလို တောင်တန်းတွေဆီကစလို့ ပင်လယ်တွေထံထိ သူမလက်ကိုဆွဲခရီးနှင်ခဲ့ဖူးတယ်။ ကြယ်တွေကြွေတာလည်း အတူငေးဖူးသလို ဘုရားတွေမှာလည်းအတူတောင်းဆုပြုဖူးတယ်။ ကျွန်တော့်ဘဝရဲ့ပျော်စရာရယ်စရာနေ့ရက်တွေကစ ငိုကြွေးရတဲ့အဆိုးဆုံးကာလတွေမှာတောင် သူမဟာအနားမှာရှိနေခဲ့တဲ့တစ်ဦးတည်းသောပါပဲ။
ဒါပေမဲ့လေ ဒါပေမဲ့ပေါ့ ဒီလောက်ကြာရှည်စွာအမြစ်တွယ်ခဲ့တဲ့ နှောင်ကြိုးတွေဟာလည်း အဆုံးသတ်ဆိုတာရှိနေခဲ့ပြန်ပါတယ်။ ဒီနိုင်ငံကြီး မငြိမ်းအေးတဲ့ အဲ့ဒီကာလတွေကစမယ်ထင်တယ်။ ကျွန်တော်တို့တွေ တစ်ယောက်တစ်နေရာစီဝေးခဲ့ရတော့ အတူမက်ထားတဲ့ အိပ်မက်တွေဟာမှေးမှိန်စပြုလာတယ်။
အနေဝေးခြင်းဟာ သွေးအေးတတ်တယ်ဆိုတဲ့စကားကို လက်မခံချင်လည်း ကျွန်တော်တို့လက်ခံလိုက်ရတယ်။ ချစ်သူသက်တမ်းဆယ်စုနှစ်ကျော်လာတာကြောင့်ပဲလားတော့မသေချာ ကျွန်တော်တို့တွေတဖြည်းဖြည်း ပြောစရာစကားနည်းလာတယ်။ ကြည်နူးစရာတွေ၊ ရင်ခုန်စိတ်လှုပ်ရှားစရာတွေ မရှိတော့သလောက်ဖြစ်လာတယ်။
ကျွန်တော်တို့နှစ်ယောက်ရဲ့ လမ်းခွဲခဲ့ခြင်းဟာ တစ်ယောက်ကိုတစ်ယောက် အသေချာလေးထားခဲ့ကြခြင်းမျိုးဖြစ်လိမ့်မယ်။ ရန်ဖြစ်ခြင်း၊ ချစ်ခြင်း၊ မုန်းခြင်းတွေ ဘာဆိုဘာမှမရှိတော့ပါဘဲ အေးချမ်းစွာဝေးကွာသွားကြတယ်ဆိုရမယ်။
သေချာတာတော့ ကျွန်တော့်နေ့တွေမှာ သူမဟာမပါဝင်တော့တာမို့ ၁၂နှစ်ကြာ အတူရှိခဲ့တဲ့ December ဟာလည်း ကျွန်တော့်အတွက်ခြောက်ကပ်ကပ်ပါပဲ။ သတိရတိုင်း သူမ အဆင်ပြေစေဖို့၊ နေကောင်းကျန်းမာဖို့နဲ့ နေ့ရက်တိုင်းကို ကောင်းကောင်းမွန်မွန်ရှိနေဖို့သာ ဆုတောင်းမိတယ်။ သူစိမ်းတွေဟာ သူစိမ်းပြန်ဖြစ်သွားကြတယ်ဆိုရင်တောင် ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက် အကြာကြီးရင်းနှီးခဲ့ကြတယ်မဟုတ်လား။
ဆရာမ ဂျူး ရဲ့စာတစ်ပုဒ်လိုပါပဲ
ကိုယ်ချစ်ရတဲ့သူတွေကို ပျော်နေစေချင်တယ်
စိတ်ချမ်းသာနေစေချင်တယ် သူ့တို့ပျော်ဖို့အတွက်ဆိုရင်
ကျန်ခဲ့တာပဲ ဖြစ်ဖြစ် ၊ထွက်သွားပေးရတာပဲ ဖြစ်ဖြစ်ပေါ့တဲ့။
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เบอร์โทรศัพท์
ที่อยู่
Bang Kapi