The Ginger
The forefront of everything that's making the headlines in Burma There’s a humorous side to every situation and our duty is to help you find it.
(Please see English translation below) ဂျင်းမီဒီယာကို ၂၀၁၅ ဂျွန်လတွင် တည်ထောင်ခဲ့ပြီး သရော်စာများကို ရေးသားထုတ်ဝေသော အွန်လိုင်းမီဒီယာသတင်းစာဖြစ်သည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး၊ အားကစား၊ အနုပညာနှင့် ဂီတအနုသုခုမပညာတို့တွင်လက်ရှိဖြစ်ပေါ်နေသည့် မြန်မာ့သတင်းနှင့် ကမ္ဘာ့သတင်းများအပေါ်တွင် အခြေခံ၍အများသူငါများကို ဟဒယရွှင်ဆေးတိုက်ကျွေးရန်အလို့ငှာ သရော်စာများကို ရေးသားထုတ်ဝေနေပါသည်။ အဖြစ်အပျက်တိ
16/10/2020
မြန်မာ့ရေပိုင်နက်များကို ကာကွယ်ရန် Lada-class ရေငုပ်သင်္ဘောသစ်များ တည်ဆောက်မည်
ဒေါ်လာ သန်းပေါင်းမြောက်မြားစွာ အကြွေးတင်ခံပြီးနောက် ဂုဏ်ယူဖွယ်ရာ ရေငုပ်သင်္ဘောအဟောင်းကြီးတစင်းကို ပိုင်ဆိုင်နိုင်ခဲ့ကြပြီဖြစ်သည်။ လွန်ခဲ့သည့် အနှစ်လေးဆယ်ခန့်က ဆိုဗီယက်တို့ တည်ဆောက်ခဲ့သည့် ရေငုပ်သင်္ဘောဟောင်းကြီးသည် အိမ်နီးချင်းနိုင်ငံ၏ ရေတပ်သို့ ရောင်းချခံခဲ့ရပြီး သက်တမ်းကုန်ဆုံးချိန်တွင် ပြည်တွင်းသို့ ဝင်ရောက်လာနိုင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဝယ်ယူမှုနှင့် စပ်လျဉ်း၍ တာဝန်ရှိသူ တစ်ဦးက ' ဒီကောင်ကြီး ရလာရင် သူများအောက် မကျတော့ဘူး ... သူတို့ သင်္ဘောတွေအောက်မှာ ကိုယ့်ကောင်ကြီး ရောက်နေနိုင်တယ်လေ ' ဟု ဂုဏ်ယူဝင့်ကြွားစွာ အတည်ပြုခဲ့ပါသည် ။ အဆိုပါ Kilo Class ရေငုပ်သင်္ဘောသည် ဈေးနှုန်းကြီးမြင့်လင့်ကစား ဟောင်းနွမ်းနေပြီဖြစ်၍ ပိုမိုခေတ်မီသည့် Lada-class ရေငုပ်သင်္ဘောကိုလည်း မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် ထုတ်လုပ်သွားဦးမည်ဟု ကြားသိရသည်။
' ရေငုပ်သင်္ဘောတိုင်းမှာ အခြေခံလုပ်ဆောင်ချက် နှစ်ခု သုံးခုပဲရှိတယ်။ ရေအောက်ထဲကို ငုပ်ပြီး ဆင်းသွားတဲ့အပိုင်း၊ ရှာလို့မရအောင် ကိုယ်ယောင်ဖျောက်တဲ့အပိုင်းတွေမှာ မြန်မာ့နည်းပညာက ရှိပြီးသားပါ။ ရေအောက်မှာ လျှောက်သွားနိုင်ရင်၊ မျက်နှာပြင်ပေါ် ပြန်တက်လာနိုင်ရင် အောင်မြင်ပါပြီ' ဟု ရှင်းပြသည်။
ရေအောက်သို့ ငုပ်လျှိုးဆင်းသက်မည့်အပိုင်း၊ ကိုယ်ယောင်ဖျောက်မည့်အပိုင်းများကို လျှို့ဝှက်နာမည် ပရောဂျက် ဓမ္မစေတီဟု ပေးထားခဲ့ပြီး အောင်မြင်မှု ၁၀၀% ရရှိထားပြီဟုဆိုသည်။ ကူးခတ်မောင်းနှင်ခြင်းနှင့် ရေပေါ်ပြန်လည်တက်ရောက်မည့်အပိုင်းကို ပရောဂျက် ဆလုံဟု ပေးထားပြီး စမ်းသပ်ဆဲ အဆင့်ဟု သိရသည်။
ယေဘုယျအားဖြင့် ကြေးသွန်းခေါင်းလောင်း နှစ်လုံးဆက်ထားသည့်ပုံစံရှိမည့် ရေငုပ်သင်္ဘောဒီဇိုင်းကို ရန်ကုန်မြို့ ကြက်တန်းမှ ဦးလောဟိ + ဒေါ်တင်မာ မိသားစုပိုင် Lockheed Tinmar တွင်ခုံလုပ်ငန်းမှ တင်ဒါအောင်မြင်ထားခြင်းဖြစ်ပြီး၊ လုံခြုံစိတ်ချရမှုအတွက် ဂျပန်စစ်ရေးနည်းပညာကုမ္ပဏီ Unagi-Shinji Corporation နှင့် ဖက်စပ် လုပ်ဆောင်မည်ဖြစ်သည်။ U. Shinji ကုမ္ပဏီမှ သတ်မှတ်ထားသည့် စံချိန်စံနှုန်းအားလုံးကို ပြည့်မီနိုင်ရန် ကြိုးစားမည်ဟုသိရသည်။ ” အူးရှင်ဂျီးဘက်က မီးစိမ်းပြတဲ့အထိ ကြိုးစားတည်ဆောက်သွားမှာပါ ” ဟု အတည်ပြု ပြောကြားသွားခဲ့ပါသည် ။
ယခုကဲ့သို့ ရေငုပ်သင်္ဘောများ တည်ဆောက်နိုင်ခဲ့မှုနှင့် စပ်လျဉ်း၍ တာဝန်ရှိသူများက ဆယ်စုနှစ်ပေါင်းများစွာက ခက်ခက်ခဲခဲ ကြံစည်ခဲ့သည့် ရေငုပ်သင်္ဘောအိပ်မက်တစ်ခုကို အကောင်အထည်ဖော်နိုင်ခဲ့ပြီဖြစ်ကြောင်း ကြွေးကြော်ခဲ့သည်။
“ရေငုပ်သင်္ဘောရရှိရေးအတွက် လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာကတည်းက တို့တွေ ကြံစည်ခဲ့တယ်၊ စိတ်ကူးခဲ့တယ် ကြိုးစားခဲ့တယ်လို့ ပြောချင်တယ်၊ ဒီအိပ်မက်တစ်ခုကို အကောင်အထည်ဖော်ဖို့အတွက် လွယ်တာ မဟုတ်ဘူး၊ တော်တော်ကို ခက်ခက်ခဲခဲ လုပ်ရတာဖြစ်ပါတယ်၊ အခုတော့ ရေငုပ်သင်္ဘောတပ်ဖွဲ့ဖြစ်ပေါ်နိုင်ဖို့အတွက် အင်္ဂါရပ်ပြည့်စုံလာခဲ့ပြီ ၊ အခုလို ဖြစ်ပေါ်လာအောင် ကူညီခဲ့တဲ့ ရန်ကုန်မြို့ကြက်တန်းက အနှဲတို့ကို ကျေးဇူးတင်ပါတယ် ' ဟု ကျေးဇူးတင်စကား ဆိုသွားခဲ့ပါသည် ။
25/07/2020
နိုင်ငံကျော် အဆိုတော် သရုပ်ဆောင် စာရေးဆရာ စောင်းစောင်းသည် ရှိသမျှ အနုပညာအကုန်လုပ်ပြီး တစ်ခုမှ အနုပညာမမြောက်သော်လည်း ဆန်းကြယ်စွာ အောင်မြင်လျက်ရှိသော စံချိန်ကို ထိန်းသိမ်းလျက် မြန်မာ့ရုပ်ရှင်တွင် စံချိန်သစ်တစ်ခုထပ်တင်ကာ သမိုင်းသစ်ရေးထိုးလိုက်ပြန်ကြောင်း
စောင်းစောင်း ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်ထားသော ' အင်ဂျင်း ကတဲ့ဂီတ ' ဇာတ်ကားသည် မြန်မာ့ရုပ်ရှင်သမိုင်းတစ်လျောက် သမ္မတရုံတွင် အကြာဆုံး ဆိုင်းဘုတ်တင်နိုင်သော ဇာတ်ကားအဖြစ် စံချိန်သစ် ရေးထိုးလိုက်ပြီဖြစ်ကြောင်း သိရပါသည် ။ အဆိုပါ ' အင်ဂျင်း ကတဲ့ဂီတ ' ဇာတ်ကားကို မတ်လ ၅ ရက်နေ့က စတင်ပြီး သမ္မတရုံတွင် ရုံတင်ခဲ့ရာ တင်ပြီးမကြာသေးခင်မှာပင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် ရုပ်ရှင်ရုံများ ပိတ်လိုက်ရသဖြင့် ယခုထက်ထိ ၅ လခန့်ကြာသည့်တိုင်အောင် သမ္မတရုံတွင် အဆိုပါဇာတ်ကားကို ဆိုင်းဘုတ်တင်ထားရသောကြောင့် အထက်ဖော်ပြပါ စံချိန်ကို တင်နိုင်ခဲ့ခြင်းဖြစ်သည် ။
ယခုကဲ့သို့ စံချိန်သစ်တင်နိုင်ခဲ့ခြင်းနှင့် ပတ်သက်၍ စောင်းစောင်းအား ဂင်္ဂါသတင်းဌာနမှ ဆက်သွယ်မေးမြန်းခဲ့ရာ ” အဓိကကတော့ ကြိုးစားမှုပေါ့နော် ၊ ကျွန်တော့်ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ ' ကြိုးစားအားထုတ်မှုကောင်း ၊ အရည်အသွေး ညံ့ ' ဆိုတာကို လက်ကိုင်ထားပြီး ကြိုးစားခဲ့လို့ အခုလို စံချိန်သစ် တင်နိုင်ခဲ့တာပါ ။ ကျွန်တော်သရုပ်ဆောင်တာ လိုအပ်ချက်တွေ များတယ်ဆိုတဲ့ ဝေဖန်ချက်တွေကို ကျော်လွှားနိုင်ဖို့အတွက် ကြိုးစားခဲ့လို့သာ အခုလို စံချိန်သစ် တင်နိုင်ခဲ့တာပါဗျာ ။ စောင်းစောင်းဟာ အနုပညာမမျောက်ဘူး ဆိုတဲ့ အသံတွေမှားကြောင်း သက်သေပြနိုင်ခဲ့ပါပြီ ၊ အခုဆိုရင် စောင်းစောင်းဟာ အနုပညာ မျောက်မှမျောက်ဆိုတာကို လက်မခံချင်လို့ မရတော့ဘူးပေါ့ဗျာ ၊ အခုတင်ထားတဲ့ စံချိန်သစ်ကိုလည်း ' အင်ဂျင်းကတဲ့ ဂီတ ' ဇာတ်ကားက နောက်ထပ် ရက်သတ္တပတ် ၄၀ လောက် ဆက်ထိန်းနိုင်ဖို့ မျှော်လင့်ထားပါတယ် ” ဟု ဖြေကြားသွားခဲ့ပါသည် ။ ထို့အပြင် ၎င်းနှင့် ရွယ်တူများကို ဒုက္ခပေး ခြိမ်းခြောက်သော ဗိုင်းရပ်စ်ပိုးသည် မိမိအား ဤသို့ အောင်မြင်မှုမျိုးကို ဆောင်ကြဥ်းပေးလာသည့်အပေါ် ဝမ်းသာဝမ်းနည်း ဖြစ်ရကြောင်းလည်း ဆိုသည်။
09/04/2020
မြန်မာ့ရိုးရာနည်းပညာအစစ်ဖြင့် အသက်ရှူစက်များ ထုတ်လုပ်တော့မည်ဟုဆို
-----------------------------
ကိုဗစ်ကပ်ရောဂါကူးစက်ခံရသည့်လူနာအချို့တွင် အဆုတ်ရောင်လာနိုင်သဖြင့် (လိုအပ်ခဲ့ပါက) ကုသပေးနိုင်ရန် အောက်ဆီဂျင်ပို့လွှတ်သည့် အသက်ရှူစက်များအသုံးပြုကြရသည်။ အဆိုပါစက်များအတွက် ဝယ်လိုအားသည် နိုင်ငံတကာဈေးကွက်တွင် အလွန်အမင်းမြင့်တက်လာခဲ့၍ ပိုက်ဆံရှိလျှင်ပင် ပြည်တွင်းသို့ ထပ်မံတင်သွင်းစရာ စက်ပစ္စည်းများ ရှားပါးပြတ်လပ်နိုင်ခြေနှင့် ရင်ဆိုင်လာရဖွယ်ရှိသည်။
ဤအခြေအနေတွင် ထိုပြဿနာကို မြန်မာ့ရိုးရာနည်းပညာဖြင့် ငွေကုန်ကြေးကျသက်သာစွာ ဖြေရှင်းရန် ဖြစ်နိုင်ကြောင်း မန္တလေးမြို့အခြေစိုက် UG (underground group) မှ ပြောဆိုလိုက်သည်။ ထိုအသက်ရှူစက်များ၏ အခြေခံရည်ရွယ်ချက်မှာ လေ ပေးရန်သာဖြစ်သဖြင့် လေမှုတ်သွင်းပေးနိုင်လျှင် အဆင်ပြေနိုင်ကြောင်း UG group မှ ဆရာဦးအဂ္ဂက ရှင်းပြသည်။ ထိုအတွက် လိုအပ်သည့် အဓိက အစိတ်အပိုင်းသည် အဂ္ဂိရတ် ဖိုထိုးရာတွင်သုံးစွဲသည့် ဖားဖိုသာဖြစ်ကြောင်း သိရသည်။
အဂ္ဂိရတ်သုံး ဖားဖိုများသည် ပုံမှန်အားဖြင့် မီးဖိုကို လေမှုတ်ရန် ခြေဖြင့်နင်းပြီး အသုံးပြုရသည့် လေအိတ်များဖြစ်သည်။ ထို ဖားဖိုများကို ပလတ်စတစ်ပိုက်ပျော့ အရှည်ဖြင့် ဆက်သွယ်ပြီး လူနာအခန်း၏ နံဘေးအခန်းမှနေ၍ လေ ပို့လွှတ်ပေးနိုင်မည်ဖြစ်သည်။
"မရှူနိုင် မကယ်နိုင် ဆိုတဲ့ အခြေအနေရောက်နေတဲ့ လူနာတွေကို ကယ်တင်ရတာ သိပ် မွန်မြတ်ပါတယ်။ အခုလို ကုသိုလ်ယူဖို့ဆိုတာ တော်ရုံရနိုင်တဲ့ အခွင့်အရေးမျိုးမှ မဟုတ်တာ။ ဒီတော့ မြန်မာပြည် တနံတလျားက အဂ္ဂိရတ်သမားတွေကလည်း နေ့ရော ညပါ ဖားဖို လာနင်းပေးကြပါလိမ့်မယ်။ အဘတို့အကုန် အဓိဋ္ဌာန်နဲ့ကို ဝိုင်းကူညီကြမှာ" ဟု ဦးအဂ္ဂက လက်ခမောင်းခတ် ပြောဆိုသည်။
"ဇီဝိတဒါန လုပ်ဆောင်နေတုန်း တချိန်တည်းမှာ ဓာတ်လုံးထိုးချင်လည်း ထိုးလို့ ရမယ်။ အဘတို့ အကုန်စီစဉ်ပေးသွားမယ်။ ဓာတ်လုံးထိုးဖို့ မီးဖိုထားပြီဆိုရင် လူနာကိုပေးမဲ့ လေပိုက်ကိုလည်း အပူပေးဖို့ ဘာမှ မခက်တော့ဘူး။ အေးစက်စက် လေကို ရှူစေမှာ မဟုတ်ဘူး။ နွေးအောင်အရင် လုပ်ပေးနိုင်တယ်။ ဘယ်လောက် အဆင်ပြေသလဲ။ သူတို့ အဲဒီလို လာထိုးတဲ့ ဓာတ်လုံးတွေဟာလည်း အင်မတန်သိဒ္ဓိမြောက်ပြီး အစွမ်းထက် အောင်မြင်ကြဖို့ရှိတယ်။ အဲဒီအခါမှာ သတ္တဝါတွေ ထပ်ပြီး ချမ်းသာကြဦးမယ်။ တချက်ခုတ် ဘယ်နှချက်ပြတ်တုန်း။" ဟု အားတက်သရော ရှင်းပြသည်။
ဆေးရုံသုံး စက်များသည် လူနာ၏ အသက်ရှူနှုန်း၊ သွေးထဲရှိ အောက်ဆီဂျင်ပမာဏ စသည်များကို စဉ်ဆက်မပြတ်တိုင်းတာပြီး အသုံးပြုသင့်သည့် လေဖိအားနှင့် ပို့လွှတ်ရမည့်
အောက်ဆီဂျင်ထုထည်ကို လိုအပ်သလို တွက်ချက်ထိန်းညှိပေးရသည်။ ထို့အတွက် sensor များနှင့် ကွန်ပျူတာများကို ချိတ်ဆက်ထားရသည်။ အလိုအလျောက် ပြုပြင်ပေးရန်မဖြစ်နိုင်ပါက ကျွမ်းကျင် သူနာပြု ဆရာဝန်များကို အချက်ပေးမည့်စနစ်များလည်း ပါဝင်ရသည်။
အခြေခံ လေပို့လွှတ်သည့် လုပ်ငန်းစဉ်သည် အလွန်အမင်း မခဲယဉ်းသော်လည်း လူနာ၏ အခြေအနေကို စဉ်ဆက်မပြတ်စောင့်ကြည့်ပေးမည့် စနစ်မျိုး မပါဝင်ပါက အန္တရာယ်များသည့်ကိစ္စဖြစ်ကြောင်း ကျန်းမာရေးပညာရှင်များက စိုးရိမ်နေကြသည်။ ထို့အပြင် အချိန်နှင့်အမျှ လည်ပတ်နိုင်မည့် အားထားရသည့် စက်မျိုးဖြစ်ရန်လည်း အထူးလိုအပ်သည်။ အမှားအယွင်းမရှိရန်၊ စက်ပိုင်းဆိုင်ရာ ချို့ယွင်းခြင်းမရှိရန်အတွက် နှစ်ပေါင်းများစွာ စောင့်ကြည့် စမ်းသပ်ပြီး အကြိမ်ကြိမ် စမ်းသပ်မွမ်းမံထားရသည့် စက်များဖြစ်၍ အချိန်တိုနှင့် လိုက်လံထုတ်လုပ်ရန်မှာ အလွန်ခက်ခဲကြောင်း ထောက်ပြကြသည်။
သို့သော် UG underground group ဘက်မှမူ ၎င်းတို့၏ စနစ်အတွက် စိတ်ပူစရာမရှိကြောင်း ပြောပြသည်။ သမထ အားကောင်းသည့် ဝါရင့်ပုဂ္ဂိုလ်များကို ပင့်ဖိတ်၍ အာရုံခံ ကြီးကြပ်ပေးမည်ဖြစ်သဖြင့် အလွန် စိတ်ချရသည်ဟုဆိုသည်။ အမှားမခံသည့်ကိစ္စဖြစ်၍လည်း စိတ်ချသထက် စိတ်ချရအောင် ၎င်းတို့အားလုံး သက်သတ်လွတ် အဓိဋ္ဌာန်ဝင်ကြဦးမည်ဟု အာမခံသည်။
"ဝင်လေထွက်လေနဲ့ ဖောင်း/ပိန် စတာတွေကို ရှုမှတ်နေကျ ပုဂ္ဂိုလ်တွေ အဘတို့တိုင်းပြည်မှာ အများကြီးရှိပါတယ်။ အသက်ရှူတယ်ဆိုတာ အာနာပါန၊ သမထ နဲ့ ဝိပဿနာကျင့်ဖူးတဲ့လူတွေအတွက် ထမင်းစားရေသောက်အလုပ်ပဲဖြစ်တယ်။ ဒီအတွက် အဘတို့ မြန်မာတွေကရော ဘာပြုလို့ ဇီဝိတဒါန အသက်ကယ်စက်မျိုး မတီထွင်နိုင်ရမလဲ။ အဘတို့ဟာ မွေးကတည်းက တသက်လုံး အသက်ရှူလာတဲ့လူမျိုးဖြစ်တယ်နော်" ဟုလည်း ဦးအဂ္ဂက ထောက်ပြသည်။
ထို့အပြင် တိုင်းတပါးသားအများစုသည် အသက်ရှူစက်ကိုသာ တီထွင်နိုင်ပြီး၊ အသက်ရှူရင်း နိဗ္ဗာန်ရောက်နိုင်သည့် တရားမှတ်ခြင်းနည်းစနစ်ကို စိုးစဉ်းမျှ မသိကြသူများဖြစ်သည်ဟု ဦးအဂ္ဂက သုံးသပ်သည်။
ထိုအတွက် အသက်ရှူသည့်အပိုင်းတွင် မြန်မာတို့က သာနိုင်သည်ဟုလည်း အဆိုပြုသည်။ ၎င်းတို့၏ ဖားဖိုသည်လည်း
ခေတ်ရှေ့ပြေးသည့်နည်းပညာမဖြစ်လျှင်သာရှိမည်၊ ရှေ့ပြေးပုံစံများကိုမူ စမ်းသပ်အောင်မြင်ထားပြီဟု ၎င်းက အားကြိုးမာန်တက် ရှင်းပြခဲ့သည်။
28/01/2020
ပြည်တွင်းသို့ ဝင်လာနိုင်ခြေပြနေသော ဝူဟန်ဗိုင်းရပ်စ်အား ပင်တိုင်ခံပုဂ္ဂိုလ် ပြင်းပြင်းထန်ထန်ဝေဖန်
---------------------------------
နေပြည်တော် ဇန်နဝါရီ ၂၈
တရားဝင်နည်းလမ်းမဟုတ်သည့် လမ်းကြောင်းများမှတဆင့် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ရန် ဟန်ပြင်နေသော ဝူဟန်ပြင် ဗိုင်းရပ်စ်အား ပင်တိုင်ခံပုဂ္ဂိုလ်က ပြင်းထန်စွာ ဝေဖန်လိုက်သည်။ မြန်မာပြည်သူများအား စိုးရွံ့ထိတ်လန့်နေအောင် ခြောက်လှန့်နေခြင်းသည် အချည်းနှီးသာဖြစ်ကြောင်း ကြေငြာလိုက်ခြင်းဖြစ်သည်။
"ဗိုင်းရပ်စ်ဆိုတာ အမောက်ထောင်ပြရတာမဟုတ်ဘူး။ အေးဆေးဝင်လာဖို့ ညှိနှိုင်းတတ်ဖို့ပဲ။ အပြင်ဘက်မှာလေ အမောက်ထောင်ပြနေလို့ အလကားပဲ။ ဝူဟန်ပိုးမွှားကို မျက်လုံးနဲ့ မြင်ကို မမြင်ရဘူး။ ဒီတော့ ဘာမှ ဒါက ထိရောက်မှုရှိတာမဟုတ်ဘူး။" ဟု ပြောဆိုလိုက်သည်။ ဆက်လက်၍ ၎င်းက ကျင့်ဝတ်သိက္ခာကို မချိုးဖောက်ရန် ဝူဟန်ဗိုင်းရပ်စ်အား သတိပေးလိုက်ခြင်းလည်းဖြစ်သည်။
"နောက်ပြီးတော့လည်း ဒီလို ကျမတို့နိုင်ငံသားတွေကို ပိုးအတွက် ပိုးမွှားအုပ်စုအတွက် ကိုယ့်ဗိုင်းရပ်စ်တမျိုးတည်းရဲ့အတွက် အသုံးမချပါနဲ့။ ဒါက လုံးဝ ဖြစ်သင့်တဲ့ကိစ္စ
မဟုတ်ပါဘူး။ ပိုးတိုင်း ပိုးတိုင်းမှာ အခွင့်အရေးရှိသလို တာဝန်ရှိတယ်ဆိုတာလည်း သိရမှာဖြစ်ပါတယ်။ စည်းကမ်းဆိုတာကလည်း ကိုယ့်စည်းကို ကိုယ် ထိန်းရပါမယ်။" ဟု
သြဝါဒ ပေးခဲ့သည်။
"အပြင်ဘက်ကနေပြီး ဘယ်လိုပဲစွာပြ စွာပြ ဒီဘက်က ရောဂါပိုးကိုလည်း မမြင်ရဘူး။ မမြင်ရတော့ ဘာမှထူးမှာလည်း မဟုတ်ဘူး။ ဝင်လာချင်တယ်ဆိုရင်လည်း ပွင့်ပွင့်လင်းလင်း ကိုယ့်ရဲ့ လက္ခဏာတွေကိုပြပြီးတော့ ဝင်လာနိုင်ပါတယ်။"ဟု တိုက်တွန်းလိုက်သည်။ ထို့အပြင် ပြည်တွင်းဗိုင်းရပ်စ်လောကတွင် နှစ်ပေါင်းများစွာ ကြီးစိုးထားခဲ့ပြီး ဆက်လက်မင်းမူနေဆဲဖြစ်သော ခွေးရူးပိုး (rabies virus) ကို အတုယူသင့်ကြောင်းဖြင့် ၎င်း၏ အနာဂတ်ကို နားလည်လက်ခံပြီး လိမ္မာရန် ဆုံးမခဲ့သေးသည်။
ခွေးရူးပိုးသည် နည်းမှန်လမ်းမှန် ပျံ့ပွားခြင်းကြောင့် နှိမ်နင်းမည့်သူမပေါ်နိုင်ပဲ ဤမျှအထိ အောင်မြင်နေရခြင်းဖြစ်သည်ဟု ပင်တိုင်ခံပုဂ္ဂိုလ်က ရှင်းပြသည်။
"ဝူဟန်ဗိုင်းရပ်စ်အဖို့ မြန်မာပြည်ကို ဝင်လာချင်လို့ရှိရင် ဝင်ရောက်နိုင်တဲ့အခွင့်အလမ်းတွေ အများကြီးရှိတယ်။ ဝင်ရောက်နိုင်တဲ့ ပုံစံတွေရှိတယ်။ သတ်မှတ်ပေးထားတဲ့ ဂိတ်တွေရှိပါတယ်။ သတ်မှတ်ပေးထားတဲ့ ဂိတ်က နေ ပဲ ပွင့်ပွင့်လင်းလင်း လာခဲ့ပါ။ ဗိုင်းရပ်စ်ကြီးသား မပီသတာတွေ မလုပ်ဖို့ပါပဲ။ ဒါကြောင့် ပွင့်ပွင့်လင်းလင်း ကိုယ့်လက္ခဏာ ကိုယ်ပြပြီးတော့ ကိုယ့်ရဲ့ ရောဂါကို ဖြန့်ဖြူးနိုင်ပါတယ်။ ဒီလို ခရီးသွားတွေကို အလွဲသုံးစားမလုပ်ပါနဲ့။ ပိုးတိုင်း ပိုးတိုင်းဟာ ကိုယ့်စည်းကိုယ်စောင့်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ကျမ ခဏခဏ ပြောပါတယ်။ အခွင့်အရေးရှိသလို ကိုယ့်မှာ တာဝန်ရှိပါတယ်။" ဟု ထပ်လောင်း ပြောကြားသွားခဲ့သည်။
02/12/2019
လစာယူပြီးအလုပ်မလုပ်သူများ အရိုက်ခံရသဖြင့် အစိုးရယန္တရားရပ်တန့်လုနီးပါးဖြစ်ခဲ့ရ
အချိန်တန်လျှင် ပုံမှန်လစာထုတ်ယူပြီး အလုပ်မလုပ်သူများအား စိတ်ဆိုးဒေါသဖြင့် ရိုက်နှက်ခဲ့ကြသဖြင့် အစိုးရယန္တရားတစ်ခုလုံး ရပ်ဆိုင်းလုနီးပါး ဖြစ်ခဲ့ရသည်ဟုဆိုသည်။
အရပ်ဘက် စစ်ဘက် ဌာနဆိုင်ရာ အမှုထမ်း အရာထမ်းများအပြင် လွှတ်တော်အမတ်များပါ အရိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
အစိုးရဝန်ထမ်းတစ်ဦးလျှင် လစဉ် ကျပ်၁၅၀၀၀၀မှ ၅၀၀၀၀၀ ခန့်အထိနှင့်၊ အမတ်တဦးလျှင် လစာငွေ ကျပ်ဆယ်သိန်းအထိ ခံစားနေကြခြင်းဖြစ်သည်။
"ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်တို့ရဲ့ လခ တစ်လခဟာ ကျားဖောင်လုပ်သားတစ်ယောက်ရဲ့ ကိုးလဆယ်လကြာ တစ်ရာသီစာ ဝင်ငွေထက်များနေပါတယ်။ ကြိုက်ကြိုက် မကြိုက်ကြိုက်ဗျာ။ အချိန်တန်ရင် ပြည်သူတွေဘက်က အခွန်ဆောင်ထားရပြီ။ ဒီပြည်သူ့ဘဏ္ဍာတွေနဲ့ ခန့်ထားတဲ့ ဝန်ထမ်းတွေကိုလဲ အလုပ်လုပ်နေတာကို မြင်ချင်ကြမှာပဲ။ နောက်ပြီး ကျွန်တော်တို့ တိုင်းပြည်မှာလဲ ရည်မှန်းချက် မျှော်မှန်းချက်တွေရှိတယ်ဗျာ။ ဆိုပါတော့ နောက်ထပ် ဆယ့်ရှစ်နှစ်လောက်ဆိုရင်ကို စင်္ကာပူနိုင်ငံကို ကျော်ချင်တယ်မို့လား။ ဒီတော့ အမတ်တွေအားလုံး ဝန်ထမ်းတွေအားလုံး အလုပ်လုပ်ဖို့ လိုပါတယ်။ ပိုက်ဆံကျယူထားပြီး ပျင်းနေတယ်၊ အိပ်ပဲနေတယ်ဆို ဒေါသထွက်လာကြမှာပဲ။ မျှော်မှန်းချက်ပြည့်မီအောင် အလုပ်မလုပ်ကြတဲ့အခါမှာ စိတ်ဆိုး ဒေါသထွက်လာပြီး ရိုက်ချင် နှက်ချင်တွေ ဖြစ်လာတတ်တာဟာ လူ့သဘာဝပါပဲ။" ဟု လူ့အခွင့်အရေးကော်မရှင်မှ ဦးအန္ဓက ရှင်းပြသည်။ "ဒီကိစ္စ လူ့အခွင့်အရေးကော်မရှင်ကို အားမကိုးပါနဲ့။ ကျွန်တော်တို့ကိုယ်တိုင် အခွင့်အရေး ဆုံးရှုံးနေပါတယ်။ ဒီမှာလုပ်တာ ၈ နှစ်ကြာပြီ၊ အခုထိ လစာ နဲ့ အောက်ဆိုဒ် ကလွဲလို့ ကော်မရှင်ဆိုလို့ အပို တပြားတချပ်မှ မရဖူးပါဘူး။ ဒီနိုင်ငံမှာလဲ လူ့အခွင့်အရေးပြည့်ဝမှပဲ ကျနော်တို့ ကော်မရှင်ရတော့မယ် ထင်ပါတယ်ဗျာ .. ဟူးးး " ဟု ဦးအန္ဓက ရှင်းပြသည်။ ၄င်းသည် ကော်မရှင်ကြေးရမည်အမှတ်ဖြင့် ဤရာထူးကို ရယူခဲ့သူဖြစ်သည်။
အရေအတွက်များပြားလှသော လွှတ်တော်အမတ်နှင့် စစ်ဘက် အရပ်ဘက်အရာရှိကြီးများကို လိုက်လံရိုက်နှက်ရန်မှာ လွယ်ကူသောကိစ္စမဟုတ်သဖြင့် ရှေးဦးစွာ ထောင်ထွက်လူမိုက်များကို ပိုက်ဆံပေးငှားရမ်းခိုင်းစေခဲ့ကြသည်ဟု ဆိုသည်။
"တပြည်လုံးအတိုင်းအတာနဲ့ဆို ရိုက်ရမဲ့လူကလဲ အရမ်းကို များတယ်။ တယောက်ကိုရိုက်ပေးရင် ဘယ်လောက်ဆိုပြီးလဲ မပေးနိုင်ကြဘူး။ ဒီတော့ လိုက်ရိုက်ဖို့ကို လခ သဘောမျိုးပေးခန့်ပြီး ခိုင်းရတယ်ဗျာ။"
သို့သော် လူမိုက်များမှလည်း အခ ကြေးငွေကိုသာလက်ခံပြီး ၄င်းတို့အား အမှန်တကယ် ရိုက်နှက်ခြင်းမလုပ်ခဲ့ကြသဖြင့် အနည်းငယ် သက်သာခဲ့ရသည်ဟု သိရသည်။ နောက်ပိုင်းတွင် တာဝန်သိပြည်သူအချို့မှ ကိုယ့်ထမင်းကိုယ်စား၍ လိုက်လံရိုက်နှက်ခဲ့ရခြင်းဟု ဆိုသည်။
"လူဆိုးလူမိုက်ဆိုတာမျိုးကလဲ များသောအားဖြင့် စကတည်းက ထမင်းတလုတ်ကို ကောင်းကောင်းမွန်မွန်ရှာစားချင်တတ်တာမှမဟုတ်ပဲ။ ပိုက်ဆံလက်ခံထားပြီး တကယ် မရိုက်ဘူးပေါ့။ ဝတ်ကျေတန်းကျေ တအား ကြုံမှ တယောက်နှစ်ယောက်ကို တချက်တလေပဲ ရိုက်ပေးတယ်။"
ထိုသို့ဖြင့်လူမိုက်အချို့လည်း ပြည်သူ့ အရိုက်အနှက်ခံရပြီး နေပြည်တော် ကုတင်တစ်ထောင် ဆေးရုံသို့ ရောက်နေကြကာ တာဝန်ပျက်ကွက်ကြသည့် ကုတင်နီးချင်းများအကြား ခင်မင်နေသူများပင်ရှိသည်။
ယခုတလော အဖြစ်အပျက် များကြောင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ ရိုက်နှက်မခံရစေရန် လုံခြုံရေးတင်းကျပ်ထားပြီး သူတို့၏ လုံခြုံရေးတာဝန်ယူထားသော သူများပေါ့လျော့ပါက လုံခြုံရေးတပ်ဖွဲ့ဝင်များကိုပါ ရိုက်နှက်ဒဏ်ပေးမည်ဖြစ်ကြောင်း သတိပေးချက် ထုတ်ပြန်ထားသည်ဟု သိရပါသည် ။
(ဂင်္ဂါ အယ်ဒီတာအဖွဲ့၏ မှတ်ချက် - အင်တာဗျူး ဖြေဆိုသူ ဦးအန္ဓတွင် သွားအချို့ကျိုးပြီး ဖူးရောင်ဒဏ်ရာများရရှိထားသဖြင့် ၄င်း၏ ဖြေဆိုမှုများကို တတ်နိုင်သမျှ နီးစပ်မှန်ကန်ရန် ကြိုးစား ဖော်ပြထားသည့်ကြားမှ အမှားအယွင်းအချို့ ပါရှိနိုင်ပါသည်။)
28/11/2019
နိုဝင်ဘာ ၃၁ ၂၀၁၉
ဂျီနိုဆိုက်စွပ်စွဲမှုများကြောင့် အနောက်ဥရောပသို့ ခရီးသွားလာသူ ကျဆင်း ... မြန်မာအစိုးရခေါင်းဆောင်ပိုင်းထဲမှ အနောက်ဥရောပသို့ ခရီးသွားသူမှာ နိုင်ငံတော်ပင်တိုင်ခံပုဂ္ဂိုလ် တစ်ဦးထဲသာရှိ
လက်ရှိအချိန်တွင် မြန်မာ နိုင်ငံကို ဂျီနိုဆိုက်ကျူးလွန်ခဲ့သည်ဟု စွပ်စွဲမှုများကြောင့် အနောက်ဥရောပရှိ ခရီးသွားလာရေး လုပ်ငန်းများ ထိခိုက်နေကြကြောင်း သိရသည် ။ နယ်သာလန် နိုင်ငံရှိ ICJ ခေါ် အပြည်ပြည်ဆိုင်ရာ တရားရုံး တည်ရှိရာ The Hague မြို့မှ ဟိုတယ်လုပ်ငန်းရှင်တစ်ဦးဖြစ်သော Mr. Hebzucht က သူ့အမြင်ကို အောက်ပါ အတိုင်းပြောပြခဲ့ပါသည် ။
' တကယ်တမ်းဆိုရင်ဗျာ သူတို့ လူမျိုးတွေက ခိုးဖွက်ထားတဲ့ ပိုက်ဆံနဲ့ စည်းစိမ်ခံတာကို အရမ်းမက်မောတာဗျ ၊ အရင် မြန်မာ အစိုးရ အဆက်ဆက်ကလဲ သူတို့ဆွေမျိုး မိသားစုတွေ ၊ ခရိုနီတွေ မယားငယ်တွေ ကျွန်တော်တို့ အနောက်ဥရောပကို အပန်းဖြေ ခရီးထွက်ကြတာ ခဏခဏပါပဲ ။ အဲ့တုန်းကတော့ The Hague မြို့က ကြယ် ၅ ပွင့် ဟိုတယ်ကြီးတွေဆိုတာ ကြက်ပျံမကျစည်ကား ခဲ့တာပေါ့ ။ သူတို့လူမျိုးတွေ ကိုယ်တိုင်ကလဲ ပကာသန သိပ်မက်မောတာဆိုတော့ အတိုင်းထက်အလွန်ပေါ့ဗျာ ၊ တိုင်းပြည်ပိုက်ဆံ ကိုယ့်ပိုက်ဆံလို့ သဘောထားပြီး လည်ပတ်ခဲ့ကြတော့ ကျွန်တော်တို့ The Hague မြို့မှာ ခရီးသွားလုပ်ငန်းတွေ အတော် အဆင်ပြေခဲ့ပါတယ် ။
ဒါပေမယ့် အခုတော့ မကြာသေးခင်က ဂျီနိုဆိုက်စွပ်စွဲချက်တွေ ထွက်ပေါ်လာတာကြောင့် မြန်မာပြည်က လာတဲ့ ခရီးသွားတွေက မရှိသလောက်ကို နည်းသွားပါပြီ ၊ ကျွန်တော်တို့ ဟိုတယ်မှာဆိုရင် နောက်လထဲမယ် ဘိုကင်တင်ထားတာ မြန်မာက နိုင်ငံတော်ပင်တိုင်ခံ ပုဂ္ဂိုလ်တစ်ယောက်ပဲ ရှိပါတယ် ။ သူ့ကို လိုက်ပါဝန်းရံပြီး We stand with ကြမယ့် သာမန်ပြည်သူ ပြည်သားတွေ တော့ရှိတယ်ပြောတယ် ၊ ဒါပေမယ့် သူတို့က ဟိုခရိုနီတွေ သူခိုးတွေလို မသုံးနိုင်ဘူးလေ ၊ ဘုန်းကြီးကျောင်းမှာပဲ တည်းကြမယ်လို့ သတင်းကြားတယ် ။
ဟိုဘက်က တရားစွဲဖို့လာတဲ့ ဂမ်ဘီယာရှေ့နေတွေနဲ့ ဝန်းရံသူတွေကလဲ မစွံပါဘူး ၊ သူတို့ တိုင်းပြည်က နဂိုထဲက ဆင်းရဲတာကိုး ၊ OIC ဆီက ရတဲ့တရားစွဲကြေးနဲ့မှ စားလောက်ယုံရှိတာရယ် ၊ သူတို့ အဖွဲ့က ဘယ်လောက်မွဲသလဲဆိုရင် သံရုံးထဲမှာ အဖီထိုးနေပြီး ဟာလာ ခေါက်ဆွဲပြုတ်ပဲ သောက်ကြမယ်လို့ သိရပါတယ် ။ ဒါတောင်မှပဲ ဂမ်ဘီယာက ခရီးသွားကုမ္ပဏီ တစ်ခုက သူတို့လိုက်နိုင်အောင် စျေးသက်သာတဲ့ လူပိန်းကြိုက် tour package တစ်ခု စီစဥ်ပေးလို့ The Hague ထိ လိုက်လာနိုင်တာလို့ ပြောတယ် ။ ဘယ့်နှယ်ဗျာ နယ်သာလန်မှာ လည်စရာနေရာတွေ အများကြီးရှိတာကို ICJ ရှေ့မှာ ဒို့အရေး ၃ ရက်အော်ပြီး ပြန်ကြမလို့တဲ့ ၊ အတော်လဲ ခွက်ကျတဲ့ ကောင်တွေပါဗျာ ။
အဲ့ဒီတော့ ကျွန်တော်တို့ ဒေသခံလုပ်ငန်းရှင်တွေ အလုပ်သမားတွေ အထိနာတာပေါ့ဗျာ ။ ဒီလို ၃ရက်နေ ၊ ဒို့အရေးအော် ၊ သံရုံးထဲ အဖီဆွဲပြီး ဟာလာခေါက်ဆွဲပြုတ်သောက်မယ့် ကောင်တွေဆီကတော့ ကျွန်တော်တို့ တစ်ပြားမှ ရနိုင်မယ် မထင်ဘူး ။ ကျွန်တော့် သဘောပြောရရင်တော့ မြန်မာအစိုးရအနေနဲ့ တစ်ဖက်နိုင်ငံကို ထွက်ပြေးခဲ့ရတဲ့ ဒုက္ခသည်စခန်းထဲက ဒုက္ခသည်တွေကိုပါ The Hague ကို အကုန်အကျခံခေါ်လာပြီး We Stand with နိုင်ငံတော်ပင်တိုင်ခံပုဂ္ဂိုလ် လုပ်ခိုင်းသင့်တယ် ထင်တာပဲ ၊ အကုန်အကျ သိပ်မများအောင် ဒုက္ခသည်တွေကို ဘုန်းကြီးကျောင်းတွေထဲ ဆန့်သလောက်တည်းခိုင်း ၊ ကျန်တာကို စျေးသက်သာတဲ့ အဆောင်တွေ တည်းခိုခန်းတွေမှာ တည်းခိုင်းလို့ရတာပဲ ၊ သူတို့ ဒုက္ခသည် စခန်းထက်တော့ အများကြီး သာမှာပါ ။ ဒါဆိုရင် သူတို့လဲ နိုင်ငံတကာမှာ မျက်နှာပန်းလှမယ် ၊ ဂျီနိုဆိုက် စွပ်စွဲချက်ကိုလဲ ခြေဖျက်ပြီးသား ဖြစ်မယ် ၊ ကျွန်တော်တို့ရဲ့ ခရီးသွားလုပ်ငန်းလဲ ပြန်ဦးမော့လာမယ် ၊ win-win-win ပေါ့ဗျာ ။ ဒီလို အရေးကြီးတဲ့အချိန်မှာ ကျွန်တော်တို့ အားလုံး သွေးစည်းသင့်ပြီလို့ပဲ ထင်ပါတယ် ' ဟု Mr.Hebzucht က အကြံပြု ဖြေကြားခဲ့ပါတယ် ။
02/09/2019
ရခိုင်လူငယ်များအား ထိုင်းတို့ သတ်ဖြတ်ရန်မလိုကြောင်း ကချုပ်ပြောကြား
---------------------------------
နေပြည်တော် ပန်တျာခန်းမ စက်တင်ဘာ ၂
ထိုင်းနိုင်ငံတွင် အယူခံရှုံးနိမ့်ခဲ့သည့် ရခိုင်လူငယ်နှစ်ဦးအား ထိုင်းတို့သတ်ဖြတ်ရန်မလိုကြောင်း ယနေ့အသစ်ပြန်လည်ဖွဲ့စည်းသည့် ကကလှမ်း(ပန်တျာ)ကျောင်းအသစ်ဖွင့်ပွဲ မိန့်ခွန်း၌ ကချုပ်က ထည့်သွင်းပြောကြားလိုက်သည်။
"ဒီကလေးတွေဟာ ရခိုင်တွေဖြစ်တယ်။ မိမိတို့တိုင်းရင်းသားတွေဖြစ်တယ်။ မိမိတို့ရဲ့တိုင်းရင်းသားတွေကို ဘယ်နိုင်ငံခြားသားမှ သေဒဏ်ပေးစရာမလိုဘူး။ သေဒဏ်ပေးတယ်ဆိုတာဟာလည်း နည်းနည်းမှ အနုပညာမဆန်တဲ့လုပ်ရပ်မျိုးဖြစ်တယ်" ဟု ဝေဖန်လိုက်သည်။
ဆက်လက်၍ ၎င်းက "သူတို့ကို အမြန်ဆုံးလွှတ်ပေးသင့်တယ်။ ရခိုင်ကို ပြန်ပို့သင့်တယ်။ ဒီကနေ့ရခိုင်ပြည်နယ်လို စစ်ဖြစ်နေတဲ့ နယ်မြေမှာ ကိုယ်ကျင့်တရားကောင်းမွန်တဲ့လူတွေတောင် သေကြေနေကြရတယ်။ သူတို့မှာသာ အပြစ်ရှိရိုးမှန်ရင် အကုသိုလ်ကံ အမြန်ဆုံး အကျိုးပေးလိမ့်မှာပဲလေ။" ဟု ကျိုးကြောင်းပြ ငြင်းခုန်ခဲ့သည်။
အကယ်၍ ထိုင်းဘုရင်ကသာ ရခိုင်လူငယ်နှစ်ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဆိုပါက သစ္စာတရားကြောင့် အသက်ဘေးမှချမ်းသာရသည့် သုဝဏ္ဏသာမ ဇာတ်ထုပ်ကို မိမိကိုယ်တိုင်ဦးစီးကပြသည့်အခါ တက်ရောက်ကြည့်ရှုရန် ဖိတ်ကြားသွားမည်ဟုလည်း ကမ်းလှမ်းလိုက်သည်။
သင်တန်းကျောင်းဖွင့်ပွဲ နေ့လည်စာကို ဝက်မျှစ်ချဉ်ဟင်း ငါးပိရည် တို့စရာ မျှစ်ပြုတ်တို့နှင့် စီစဉ်ထားကြောင်း၊ မျှစ်ဆိုသည်မှာ ဝါးရင်းတုတ်ပေါက်စများဖြစ်၍ ယင်းတို့ကို စောစောစီးစီးပြုတ်စားခြင်းသည် မျှစ်စကိုတိုစေ၊ ချစ်စကိုရှည်စေရန် ရည်ရွယ်ကြောင်း၊ ရန်မီးမပွားလိုကြောင်းနှင့် နောက်နောင် အပြုတ်တိုက်ရမည်ဆိုပါကလည်း ယနေ့ကဲ့သို့ မျှစ်ပြုတ်ကိုသာ တိုက်ကျွေးလိုပါကြောင်း ရှင်းပြသွားခဲ့သည်။
နေ့လည်စာအပြီးတွင် တက်ရောက်လာကြသူများကို ကကလှမ်း ကျောင်းသားသစ်များက ဝါးညှပ်အကများဖြင့် ဖျော်ဖြေခဲ့ကြသည်။
24/06/2019
အသစ်ဖွင့်လှစ်မည့် Food Box များအား လက်နက်ကိုင် အစောင့်အကြပ်များချထားမည်ဟုဆို
------------------------------------------------
စည်းကမ်းပြည့်ဝ၍ နည်းလမ်းရှေ့ကျသော Food Box များအား မြန်မာနိုင်ငံအနှံ့အပြား ဖွင့်လှစ်ပေးသွားမည်ဟု ပဒေသာပင် ဖောင်ဒေးရှင်းက ကြေငြာလိုက်သည်။
ယင်း ပဒေသာပင် Food Box များသည် အခြားအခြားသောမြို့များ၏ စိတ်ကူးစိတ်သန်းကို ပုံတူကူးချခြင်းမျိုးမဟုတ်ဘဲ ပါဠိကျမ်းဂန်များ၌လာသည့် ဥတ္တရကုရုခေါ် မြောက်ကျွန်းတွင်ပေါက်ရောက်သည့် ပဒေသာပင်ကို မှီငြမ်း အခြေခံထားခြင်းသာဖြစ်သည်ဟုဆိုသည်။ ကျမ်းဂန်များအရ မြောက်ကျွန်းသူ မြောက်ကျွန်းသားများသည် အလိုရှိရာကို ပဒေသာပင်မှ ဆွတ်ယူသုံးဆောင်၍ ချမ်းသာစွာနေထိုင်နိုင်ကြသည်ဟု ဖော်ပြထားသည်။
မေတ္တာဖြင့်လှူဒါန်းသော မုန့်နှင့် ရေဘူးများ အချိုရည်များကို ရယူလိုသူတို့သည် အဝင်လမ်း၌ ကိုက်နှစ်ဆယ်ကျယ်သည့် ရွှံ့နွံကန်ကို လေးဘက်ထောက် ဖြတ်သန်းနိုင်ပြီး၊ အပြန်လမ်းတွင် သံဆူးကြိုးသုံးထပ်အောက်မှ မိကျောင်းတွား တွား၍ ထွက်ခွာနိုင်ကြရန် စီစဉ်ပေးထားသည်။
လာရောက်ယူငင်မည့်ပုဂ္ဂိုလ်များသည် မြောက်ကျွန်းမှ မဟုတ်ကြသဖြင့် စည်းကမ်းကောင်းမွန်ရန် ထိန်းသိမ်းပေးရန်လိုအပ်သည်ဟု ဖောင်ဒေးရှင်းဥက္ကဌ ဦးနေအုန်းက ပြောပြသည်။
"အဓိကကတော့ စိတ်ထားပေါ့ဗျာ။ ဒီ Food Box တွေကို အချောင်ရတယ်လို့ သဘောမထားပဲနဲ့ ကိုယ့်ရပ်ရွာကို အပြင်လူတွေ ကြည်ညိုစရာ စံပြဖြစ်စေဖို့လည်း ရည်ရွယ်ပါတယ်။ ဘုရားဌာပနာတိုက်တွေလိုပေါ့ဗျာ၊ အလှူရှင်တွေက လှူထားပြီးတာမှန်ပေမဲ့ ဘယ်သူကမှ စိတ်နဲ့တောင် မပြစ်မှားရဲကြဘူးမို့လား။" ဟု ရှင်းပြသည်။
ထိုဥပဒေသကို အောက်မေ့ အမှတ်ရကြစိမ့်သောငှာ ဌာပနာမုန့်များကို ထားရှိပေးသွားမည်ဟု သိရသည်။
အယုတ်အလတ်အမြတ်မ ရွေး လက်ခံမည်ဖြစ်ပြီး၊ ဂိတ်ဝတွင် ကိုယ်အလေးချိန် ချိန်မည်ဖြစ်သည်။ ပေါင်ချိန်နည်းသူများအနေဖြင့်အချိုရည်၊ မုန့်၊ ရေဘူး စသဖြင့် နှစ်သက်ရာ တခုကို ရယူနိုင်သော်လည်း ပေါင်ချိန်ပြည့်သူများကို ရေဘူးတမျိုးကိုသာ ယူဆောင်ခွင့်ပေးမည်ဟုဆိုသည်။ ကိုယ်အလေးချိန်ချိန်ကာ လက်ဗွေနှိပ်ပြီးသည်နှင့် Food Box ရှိရာဆီသို့ ဝင်ရောက်နိုင်မည်ဖြစ်သည်။
ထွက်လာသူများကိုလည်း စီစစ်မည်ဖြစ်ပြီး၊ စည်းကမ်းအတိုင်း တခုသာယူလာပါက ရွေးကောက်ပွဲကာလသုံး မှင်ဖြင့် နဖူးကို ဂုဏ်ပြုတံဆိပ်တုံး ခတ်နှိပ်ပေးမည်ဟုသိရသည်။ ထိုသူများအား မှင်တံဆိပ်ပျက်ပြယ်သည်နှင့် နောက်တကြိမ် ထပ်မံ လာရောက်ရန် ခွင့်ပြုသွားမည်ဖြစ်သော်လည်း တမျိုးထက် ပိုယူလာသူများကို သံပူဖြင့် တံဆိပ်ခတ် ဆုံးမမည်ဟု ဆိုသည်။
မကြာမီရက်ပိုင်းအတွင်းစတင်မည့် Food Box များအတွက် တတ်နိုင်သူများအနေဖြင့် ပါဝင်လှူဒါန်းကြရန် ပန်ကြားထားပြီး၊ ကျန်သူများအားလည်း သာဓုခေါ်ဆိုကြရန် ဖိတ်ကြားထားသည်။
09/05/2019
မြောက်ဥက္ကလာ ဆေးရုံကြီးနှင့် ရန်ကုန်ဆေးရုံကြီးမှ လူနာများအားလုံးကို ပိုမိုကောင်းမွန်သော ဆေးကုသမှု ရရှိအောင် ဘန်ကောက်ရှိ Bumungrad ဆေးရုံသို့ ပြောင်းရွှေ့မည်
မေ ၉ ရန်ကုန်
ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုတိုးတက်အောင် မြှင့်တင်ပေးရန် ကြိုးစားသည့်အနေဖြင့် အချိန်အတိုဆုံးအတွင်း အမြန်ဆုံးမြှင့်တင်ရန် ကြိုးစားနေကြောင်းသိရသည် ။ အဆိုပါ ကြိုးပမ်းမှု၏ ကနဦးအဆင့် အနေဖြင့် ယခု အစီအစဉ်ကို အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း သိရပြီး ဝံကြီးချုပ် ဦးဖြိုးဖြိုးလေး၏ လမ်းညွှန်မှုက အဓိကနေရာမှ ပါဝင်ခဲ့ကြောင်း သိရသည် ။ အဆိုပါ ကိစ္စနှင့် စပ်လျဉ်း၍ Ginger News မှ တာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းခဲ့ရာတွင် ၎င်းတို့က အောက်ပါအတိုင်း ရှင်းလင်းပြောကြားခဲ့ပါသည် ။
' ဒါကတော့ ကျွန်တော်တို့ ဝံကြီးချပ်ရဲ့ အိုင်ဒီယာပေါ့နော် ၊ သူက စဉ်းစားတာက ကျွန်တော်တို့ နိုင်ငံမှာကျန်းမာရေးစနစ် အဆင့်မြှင့်မယ် ပြောနေတာကြာလှပြီ ၊ လက်တွေ့မှာ ပြည်သူလူထုကလည်း ထူးထူးခြားခြား ကျေနပ်မှု ရှိမလာဘူး ၊ ကျန်းမာရေးဝန်ထမ်းတွေလည်း အလုပ်နဲ့လူအင်အားက မမျှတော့ မကျေနပ်ကြဘူးပေါ့ ။ ဒီကိစ္စကြီး တစ်ခုလုံးကို အဆင်ပြေအောင် ရှင်းမယ်ဆိုရင် အနှစ် ၃၀လောက် အချိန်ပေးရမယ် ၊ အဲ့လောက်ထိတော့ မစောင့်ချင်ဘူး ၊ အဲ့ဒီမှာ ဘာကိုသွားတွေ့လဲဆိုတော့ လူတွေက ဘန်ကောက်မှာ ဆေးသွားကုကြတယ်ပေါ့နော် ၊ အဲ့ဒီတော့ ဆေးရုံကလူနာတွေကိုသာ ဘန်ကောက်ကို အကုန်ပို့လိုက်ရင် လူနာတွေလည်း ချက်ချင်းကျေနပ်မယ် ၊ ကျန်းမာရေးဝန်ထမ်းတွေလည်း သက်သာသွားမယ်ပေါ့ ။ ဒီလို ၂ဦး၂ဖက် အဆင်ပြေအောင်လို့ အခုလို စီစဉ်ရတာဖြစ်ပါတယ် ။ အခု ကနဦးအနေနဲ့ ရန်ကုန်မှာ ရှိတဲ့ အကြီးဆုံးဆေးရုံကြီး ၂ခုက လူနာတွေကို ပို့တာဖြစ်ပါတယ် ၊ အခြေအနေပေါ်မူတည်ပြီး တစ်နိုင်ငံလုံးမှာ ရှိတဲ့လူနာတွေကိုပါ ပို့နိုင်အောင် ဆောင်ရွက်သွားမှာပါ ။ ဒီလိုကုသဖို့အတွက် လိုအပ်တဲ့ ကုန်ကျစရိတ်ကတော့ များပါတယ် ၊ ဒီကုန်ကျ စရိတ်တွေအတွက် အဆင်ပြေစေဖို့ အခုပဲ ဝံကြီးချုပ်က ဆူးလေဘိုးဘိုးကြီးဆီမှာ ကန်တော့ပွဲပေးပြီး ဆုတောင်းနေပါပြီ ။ ကျန်းမာရေးစနစ်ကို ဒါမျိုးပြောင်းလဲဖို့ စဉ်းစားမိတာ ကမ္ဘာမှာ ဝံကြီးချုပ်က ပထမဆုံးပါပဲ ၊ သူလိုလူမျိုး ရှားပါတယ် ' ဟု ပြောကြားသွားခဲ့ပါသည် ။
အဆိုပါ အစီအစဉ်ကို ကန့်ကွက်သူများလည်း ရှိနေပြီး ၊ အထူးကုဆရာဝန်ကြီးများမှ အချို့လူနာများသည် လေယာဉ်စီးရန် မသင့်တော်ကြောင်းဝေဖန်ခဲ့ပြီး နှင့် တချို့လူနာများမှလည်း လေယာဉ်စီးရန် ငြင်းဆန်ခဲ့ကြောင်း သိရသည် ။ သို့သော်လည်း ယခု အစီအစဉ်ကို မဖြစ်မနေအကောင်အထည် ဖော်သွားမည်ဖြစ်ပြီး ၊ ကွင်းဆင်းလေ့လာမှု အဖြစ် ဝံကြီးချုပ်ကိုယ်တိုင် အစိုးရဆေးရုံကြီးများသို့ လှည့်လည်ကြည့်ရှုခဲ့ရာတွင် ဝံကြီးချုပ်နှင့်အတူ လိုက်ပါလာသော ဓာတ်ပုံဆရာများမှ ခွဲစိတ်ခန်းထဲအထိ ဓာတ်ပုံဝင်ရိုက်ခဲ့သောကြောင့် ကျန်းမာရေးဝန်ထမ်းများနှင့် ကတောက်ကဆဖြစ်ခဲ့ကြောင်း သိရသည် ။ ဝံကြီးချုပ် ရုံးမှ သတင်းထုတ်ပြန်ချက်အရ ထိုသို့ ခွဲစိတ်ခန်းထဲအထိ ဓာတ်ပုံဝင်ရိုက်ရခြင်းမှာ ဘန်ကောက်သွားရန်အတွက် နိုင်ငံကူးလက်မှတ်မရှိသော လူနာများကို နိုင်ငံကူးလက်မှတ် လုပ်ပေးရန်အတွက် ပတ်စပို့ဓာတ်ပုံရိုက်ကူးခြင်းသာ ဖြစ်ကြောင်း နှင့် ဝံကြီးချုပ်ကိုယ်တိုင်ပင် ဓာတ်မှန်ဌာနသို့ အရောက်တွင် လူနာများအား ဓာတ်မှန်မရိုက်ကူးရသေးခင် ဓာတ်မှန်ရိုက်စက်ကို အသုံးပြုကာ selfie နှင့် သတင်းဓာတ်ပုံများ ရိုက်ကူးခဲ့သည့်အပြင် "ဒီလိုနေရာမှာ ဘာမှမရှိဘူး ၊ စက်လည်းမပြည့်စုံ ၊ နေရာကလည်းစုတ် ၊ ဘာ facility မှ မရှိ ၊ သည်လူတွေအကုန် အခုပဲ Bumungrad ဆေးရုံကြီးကိုရွှေ့ အခုရွှေ့" ဟု လမ်းညွန်မှုပေးခဲ့ကြောင်း ထုတ်ပြန်ထားပါသည် ။ ယခုအစီအစဉ်ကို ဘန်ကောက်ရှိ Bumungrad ဆေးရုံဘက်က လက်ခံမည်လားဆိုသည်မှာ မရေရာသေးပဲ ၊ အဆိုပါဆေးရုံရှိ ပရော်ဖက်ဆာဒေါက်တာထုံချိုင်းမှ ' ငါတို့ဆီ ဒီလူနာတွေလွှဲရအောင် ၊ ဒီဝံကြီးချုပ်က ဘာအဆင့်ရှိလို့လဲ 'ဟု လူမှုကွန်ယက်တွင် မေးခွန်းထုတ်ခဲ့ပါသည် ။
04/05/2019
လျှပ်စစ်ဓာတ်အား သုံးစွဲမှု လျော့ချခြင်းဖြင့် ကမ္ဘာကြီးစိမ်းလန်းအောင် မြန်မာကူညီမည်
မေ ၄ နေပြည်တော်
မြန်မာနိုင်ငံသည် ကမ္ဘာကြီးပူနွေးလာမှုကို တစ်ဖက်တစ်လမ်းမှ တိုက်ဖျက်ရန်အတွက် လျှပ်စစ်သုံးစွဲမှုကို လျော့ချပြီး ပူးပေါင်းပါဝင်ရန် ဆုံးဖြတ်ထားကြောင်း သိရသည် ။ ယခုအခါ နိုင်ငံအဝှမ်း လျှပ်စစ်မီးပြတ်တောက်နေမှုများနှင့် စပ်လျဉ်း၍ The Ginger News မှ နိုင်ငံတော် ပင်တိုင်ခံရုံးကို ဆက်သွယ်မေးမြန်းခဲ့ရာတွင် အောက်ပါအတိုင်း အတည်ပြုခဲ့ခြင်းဖြစ်သည် ။ ' ကမ္ဘာကြီးပူနွေးမှု လျော့ချဖို့ လူတစ်ဦးချင်း စွမ်းအင်သုံးစွဲမှုကို လျော့သွားအောင် ကမ္ဘာ့နိုင်ငံတွေက နည်းပေါင်းစုံနဲ့ ကြိုးစားနေကြပါတယ် ။ ဥပမာ - ကိုယ်ပိုင်ကားအစား အများပြည်သူသယ်ယူပို့ဆောင်ရေးကို အားပေးတာတို့ ၊ တစ်ခါသုံး ပစ္စည်းတွေအစား အခါခါပြန်သုံးလို့ရတဲ့ ပစ္စည်းတွေကို ရွေးချယ်စေတာတို့ ၊ စွမ်းအင်သုံးစွဲမှုများတဲ့ နေထိုင်မှုစနစ်ကနေ စွမ်းအင်သုံးစွဲမှုနည်းတဲ့ လူနေမှုစနစ်ကို ကူးပြောင်းဖို့ ကြိုးစားနေကြပါတယ် ။ အောင်မြင်တဲ့ တိုင်းပြည်တွေ ရှိသလို ၊ ထင်သလို မဖြစ်လာတဲ့ တိုင်းပြည်တွေလည်း ရှိတယ် ။ ကျွန်မတို့ကတော့ ဒီကိစ္စကို လူတစ်ဦးချင်းအဆင့်မှာ ဖြေရှင်းတာအစား တစ်နိုင်ငံလုံးအဆင့်ကနေ ဖြေရှင်းတာက ပိုထိရောက်မယ်လို့ တွက်ချက်ထားပါတယ် ။ စွမ်းအင်များများ မသုံးစေချင်တာများ လျှပ်စစ်မီးပေးတာ လျော့လိုက်ပေါ့ရှင် ၊ အဲ့လောက်ထိရောက်တဲ့နည်း ရှိနေတာကို ကျန်တဲ့ သွယ်ဝိုက်တဲ့နည်းတွေသုံးနေကြတဲ့ တခြားနိုင်ငံတွေကို ကျွန်မဖြင့်နားမလည်နိုင်ဘူး ။ ဒါဆိုရင် စွမ်းအင် သုံးစွဲမှုလျော့သွားမယ့်အပြင် မနေနိုင်တဲ့လူတွေက မီးစက်နှိုးတဲ့အခါ ထွက်လာတဲ့ CO2 ကြောင့် သစ်ပင်တွေတောင် ပိုစိမ်းလန်းလာဦးမယ် ။ တစ်ချက်ခုတ် ၂ချက်ပြတ်ပေါ့ ။ အခု ဒီစီမံကိန်းကို ကျွန်မတို့က ' လျှပ်စစ်ကင်းစင် မြန်ပြည်တခွင် ' လို့ နာမည်ပေးထားတယ် ။ အခုမှ စီမံကိန်းရဲ့ ကနဦးအဆင့်ပဲ ရှိပါသေးတယ် ။ ၂၀၃၀ ခုနှစ်မှာ မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်ကင်းစင်ဖို့ ရည်မှန်းပြီး လုပ်ဆောင်သွားမှာပါ ။ ကျွန်မတို့ရဲ့ ဘိုးဘေးဘီဘင်တွေဟာ နှစ်ပေါင်းများစွာ လျှပ်စစ်ဓာတ်မရှိပဲ နေလာခဲ့ကြတာပါ ။ လျှပ်စစ်ဓာတ်သာ မရှိမဖြစ်လိုအပ်တယ်ဆိုရင် သူတို့ရှင်သန်ဖို့ ဘယ်လိုမှ ဖြစ်နိုင်ခဲ့မှာ မဟုတ်ပါဘူး ။ အဲ့ဒါကို အခုမှ မီးလေးနည်းနည်းပျက်တာကို နောင်လာနောက်သားတွေ အကျိုးမျှော်ကိုးပြီး သည်းခံပေးကြဖို့နဲ့ ၊ အခုမှ အစမို့ အနေခက်နေတာ ဖြစ်ပြီး ၊ ပျက်တာကြာလာတဲ့အခါ ကျင့်သားရသွားမှာဖြစ်ကြောင်း ၊ မီးစက်သုံးနိုင်တဲ့သူက ၅ရာခိုင်နှုန်းထက် မပိုတဲ့အတွက် ဒီစီမံကိန်းအောင်မြင်ရင် စွမ်းအင်သုံးစွဲမှုကို ၉၅ ရာခိုင်နှုန်းလျော့ချနိုင်မှာ ဖြစ်တဲ့အကြောင်း စကားလက်ဆောင် ပါးချင်ပါတယ် ဟု ဖြေကြားသွားခဲ့ပါတယ် ။ လက်ရှိစီမံကိန်းသာ အောင်မြင်ပါက မြန်မာပြည်သည် ကာဗွန်ထုတ်လွှတ်မှု လျော့ချနိုင်စွမ်းတွင် ဥရောပသမဂ္ဂကို ကျော်တက်ကာ ကမ္ဘာ့စံပြနိုင်ငံတစ်ခု ဖြစ်လာမည့်အပြင် ဓာတ်လိုက်သေဆုံးမှုပါ ၁၀၀ရာခိုင်နှုန်း ကင်းစင်သွားမည် ဖြစ်ကြောင်း သိရပါသည် ။
အဆိုပါ ကိစ္စနှင့် စပ်လျဉ်း၍ ဖေ့ဘုတ်ပေါ်တွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သော ဦးနီပေါက ' အဲ့ဒါကြောင့် ကျွန်တော်တို့အမြဲပြောခဲ့ပါတယ် ။ ဒီအစိုးရလက်ထက် မီးပျက်တာက အရင်အစိုးရလက်ထက်တွေ မီးပျက်တာနဲ့ အနှစ်သာရပိုင်းမှာ ကွာခြားပါတယ် ။ ဒါကြောင့် မီးပျက်တာတူနေရင်တောင် အရင်အစိုးရတွေလို အဝေဖန်မခံရတာပါ ။ ကျွန်တော်တို့ အနေနဲ့ကတော့ နိုင်ငံတော်ရဲ့ စေတနာကို နားလည်သဘောပေါက်ပြီမို့ ' မြေကမ္ဘာသည်သာ ပဓာန ၊ လျှပ်စစ်အသုံး တိုက်ဖျက်ကြ 'ဆိုတဲ့ ဆောင်ပုဒ်အတိုင်း အစိုးရကို ထောက်ခံသွားမှာပါဟု ပြောကြားသွားခဲ့ပါတယ် ။
21/04/2019
သမ္မတ ဖင်ကျင့်ချင်အား ပန်ကြားပေးလျော်ရန် ကောက်ခံမည့်ငွေသည် လူခွန် လုံးဝ (လုံးဝ) မဟုတ်ဟုဆို
===================================================
"ဧရာဝတီကို ရွေးယူရန်" မြန်မာနိုင်ငံသားတိုင်းထံမှ လစဉ် ကောက်ခံသွားမည့် ငွေကြေးသည် လူခွန် လုံးဝမဟုတ်ဟု ငွေကောက်ခံရေး အကြံပြုတင်ပြသည့်
"လှူလော့ လျော်လော့" (လလလလ)အဖွဲ့က ဖြေရှင်းပြောဆိုလိုက်သည်။
လူခွန်ဆိုသည်မှာ ကိုလိုနီခေတ်က မြန်မာပြည်သူတို့ အလွန်ခါးသီးစွာ ငြင်းဆိုဆန့်ကျင်ခဲ့သည့် အခွန်တရပ်ဖြစ်ကြောင်း သိရသည်။ လူခွန်၏ သဘောသဘာဝမှာ
လူဦးရေတရပ်လုံးအပေါ် လူအရေအတွက်အတိအကျဖြင့် စည်းကြပ်ကောက်ခံခဲ့ခြင်းကြောင့် မြန်မာပြည်တွင် လူဖြစ်နေရုံသက်သက်ဖြင့် ပေးဆောင်ခဲ့ရခြင်းမျိုး ဖြစ်နေပြီး ဆင်းရဲကြပ်တည်းမှုကြား ရုန်းကန်နေရသော အပြစ်မဲ့ပြည်သူတို့အပေါ် ဝန်ပိလေးလံစေခဲ့သည်။
ကိုလိုနီခေတ် လူခွန်ကောက်ခံခဲ့မှုကြောင့် ဖြစ်ကြရသော ဆင်းရဲဒုက္ခများကို ထိုခေတ်စာရေးဆရာများက ရေးသားဖော်ပြကြဖူးရာ သိပ္ပံမောင်ဝ၏ "ကင်းစောင့်" အမည်ရှိ ဝတ္ထုဆောင်းပါးတိုကို လူသိများသည်။ ထို့ပြင် အဆိုပါ ကိုလိုနီခေတ် လူခွန်သည် နိုင်ငံခြားတိုင်းပြည်တပြည်ထံသို့ ပေးဆောင်ခဲ့ရခြင်းဖြစ်ပြီး မြန်မာပြည်သူတို့အတွက် အကျိုးတစုံတရာ ပြန်လည်မရရှိခဲ့၍ မိမိတို့အဆိုပြုနေသည်နှင့် အလွန့်အလွန် ကွာခြားလှကြောင်း လလလလအဖွဲ့က အခိုင်အမာငြင်းခုန်သည်။
အထက်ပါ လူခွန်ကို ပုန်ကန်ဆန့်ကျင်သူများထဲတွင် ဂဠုန်ဆရာစံနှင့် အလုပ်သမား လယ်သမားခေါင်းဆောင်များစွာ ပါဝင်ခဲ့သည်။
ကိုလိုနီခေတ် လူခွန်ကို လူတိုင်း ပေးဆောင်ခဲ့ကြရခြင်း၊ တိုင်းတပါး အစိုးရထံသို့သာရောက်ရှိသွားခြင်း စသည့်အကြောင်းများကြောင့်၊ မိမိတို့အဆိုပြုထားသည့် ပြည်သူတရပ်လုံးအား ထည့်ဝင်စေမည့် ရန်ပုံငွေသည် လူခွန် လုံးဝ လုံးဝ မဟုတ်ကြောင်း ရှင်းပြသည်။
လူခွန်မဟုတ်သော ထိုငွေများကို လက်ခံပေးရန်အတွက်လည်း သမ္မတ ဖင်ကျင့်ချင်ထံ ဟောင်းလောင်းဖွင့်ပေးစာတစောင် ရေးသားပေးပို့မည်ဟု သိရသည်။
မြန်မာပြည်သူတို့အား အစဉ်သဖြင့် ထောက် ထားခဲ့ဖူးသည်နှင့်မခြား၊ သမ္မတကြီး ဖင်ကျင့်ချင်အား ယခုတကြိမ်တွင်လည်း နိုင်ငံတော်အစိုးရနှင့် ပင်တိုင်ခံပုဂ္ဂိုလ်တို့၏ မျက်နှာများကို ထပ်မံ ထောက် ထားပါရန် ပန်ကြားခဲ့ကြသည်။ လလလလအဖွဲ့က ဟောင်းလောင်းဖွင့်စာ မိတ္တူကို တဘက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ပတ်ကျုံးလို ထံသို့လည်း ပေးပို့ထားသည်။ ၎င်းတို့တိုင်းပြည်မှ ဆောက်လုပ်ရေးဝန်ကြီး မစ္စတာ ချုံရှင်းကိုင် အနေဖြင့်လည်း စီမံကိန်း၏ အကျိုးအပြစ်များကို ပြန်လည် ဝေဖန်သုံးသပ်ပေးရန် မေတ္တာရပ်ခံသူများလည်း ရှိသည်။
ယခုအခါ ထို လလလလ ရန်ပုံငွေကို ကောက်ခံစုဆောင်းရန် လူတန်းစားအလွှာအသီးသီးမှ စိတ်အားထက်သန်နေကြသည်။ ကိုယ်ပိုင်ဝင်ငွေမရှိသော ဘုရားဂေါပကနှင့် သာသနာရေးဝန်ထမ်းများကပင် ယခုထက် ဆထက်ထမ်းပိုး တိုးတက် အလှူခံပြီး ထည့်ဝင်ပေးဆောင်ပါမည်ဟု ကျုံးဝါးနေကြသည်။
ယခုစာရေးချိန်အထိ တဘက် သံအမတ်ကြီး ကော့ဆော်ရန်က ဧရာဝတီကိုရွေးယူရန်အတွက် မြန်မာနိုင်ငံသားတို့အနေဖြင့် အိတ်စိုက်၍ ငွေကုန်ကြေးကျခံဖို့မလိုကြောင်း၊ ထို့အပြင် မြစ်ဆုံဒေသတွင် လျှပ်စစ်ထုတ်လုပ်ရန် ဧရာမဆည်ကြီးတလုံးကို ၎င်းတို့၏ကုန်ကျစရိတ်ဖြင့် တည်ဆောက်ပေးသွားဦးမည်ဖြစ်ကြောင်း အကြောင်းပြန်ကြားထားသည်။ ထိုဆည်ကြီး အပြီးသတ်ပါက မြန်မာနိုင်ငံဘက်သို့ လျှပ်စစ်ဓာတ်အား ငါးရာခိုင်နှုန်းကို အခကြေးငွေမယူပဲ မျှပေးသွားမည်ဟုလဲ ကတိပြုခဲ့သည်။
Click here to claim your Sponsored Listing.
Category
Website
Address
Newi
09374