Hey Sis
Your local copywriter.
21/06/2025
မိုးနံနက်
မိုးနံနက်ခင်းဆိုတာ သာသာယာယာရှိရမှာ။ မထခင် အိပ်ရာထဲ ခဏလှဲ။ ထပြန်တော့လည်း ကော်ဖီတစ်ခွက်ဖြင့် နှပ်နေရမည့် နံနက်ခင်းမျိုးဖြစ်ရပါမည်။ သို့မှသာ မိုးနံနက်ခင်းမည်ပေမည်။
ယနေ့ မိုးနံနက်ခင်းကား ယင်းသို့မဟုတ်။ တစ်ညလုံး ရွာလိုက်သော ဝါဆိုလဆန်းမိုးသည် သွန်ပြီးတော့ကို သည်းလေသည်။ မနေ့ညက မိုး/ဇလမှ ပေးပို့သော မြန်မာနိုင်ငံတစ်ဝန်း မိုးကြီးနိုင်သည်ဟူသည့် စာတိုမက်ဆေ့ချ်ကို ရချိန်တွင် မိုးသည် အတော်ပင်သည်းစပြုနေပြီ။
တစ်ညလုံး မီးပျက်လိုက်၊ မိုးရွာလိုက်ဖြင့် အရုဏ်တက်လောက်ချိန်တွင်မူ သံမန်တလင်းကြမ်းတွင် ဖျာခင်းအိပ်နေသော ငမှန့်ကျောသို့ ရေလာစိုလေတော့သည်။
“ဟဲ့ ငမှန် ထ၊ ထ၊ ရေတွေဝင်လာပြီ ထစမ်း။”
အမေ့အသံကြောင့်ရော၊ ကျောရေစိုတာကြောင့်ရော ငမှန်အမြန်ထကာ ထုံးစံအတိုင်း ရေခပ်ထုတ်ရချေပြီ။ သို့သော် မိုးမှာမျက်နှာသာမပေး၊ ဆက်၍သာ သည်းလေသည်။ ငမှန်တို့ တစ်ခွက်ခပ်လျှင် ရေမှာ သုံးခွက်စာဝင်လာလေသောကြောင့် စိုနိုင်သည့်အရာမှန်သမျှကို အမြင့်ပေါ်တင်ကာ အဆောင်ရှေ့ငုပ်တုပ်ထိုင်နေရတော့သည်။
ကျန်အခန်းများလည်း ထိုနည်းတူပင် အခန်းအားလုံးရေမြုပ်ကာ အားလုံးအဆောင်ရှေ့မှာ ပျားပန်းခပ်လျက်။ ရုံးသမားတွေအမီ ထမင်းအိုးကို နည်းမျိုးစုံဖြင့်တည်သူကတည်၊ ဒူးခေါင်းလောက်ရှိသော ရေထဲတွင် ရေကူးသောကလေးက ကူးဖြင့် ဆူညံနေလေသည်။ နံနက်မိုးပင်မလင်းတတ်သေး။
ဘေးက တိုက်ကြီးမှာတော့ အသံတိတ်လို့။
ငမှန်တို့အဆောင်ပိုင်ရှင်တွေနေသော နှစ်ထပ်တိုက်သစ်ကြီး။ အဆောင်ရှင်အမျိုးသမီးတို့ လင်မယားက အသက်သုံးဆယ်ကျော်ခန့်မျှသာ ရှိသေးသည်။ အဖေသေလို့ အမွေရလိုက်သော အဆောင်ကို မစီမံတတ်။
ပေခြောက်ဆယ် မြေကွက်ပေါ် ဆောက်ထားသော ငမှန်တို့နေသည့် မော်လမြိုင်ခေါင် မြေစိုက်အဆောင် ၁၁ ခန်းတွဲကြီးကို အလယ်မှ ဖြတ်ကာ တစ်ခြမ်းတွင် သူတို့တိုက်ကိုဆောက်သည်။
ငမှန်တို့မြေစိုက်အဆောင်က အရပ်လက်သမားဆရာများဖြင့် ဆောက်ထားသော အုပ်ညှပ်ပျဥ်ကာ၊ သွပ်မိုးအဆောင်ဖြစ်ရကား၊ တစ်ခြမ်းဖြိုလိုက်သောအခါ အလယ်တိုင်တို့က သေချာမထမ်းနိုင်ဖြစ်ရသည်သာမက၊ ယခင် အလယ်တွင်ရှိခဲ့သော အုတ်နံရံမှာလည်း ရေမကာနိုင်ဖြစ်ရသည်။
ဟိုဘက်တိုက်ဆောက်ရန် မြေတူးသောအခါ သည်ဘက်က အဆောင်အခန်းအချို့၏ အခင်းတို့မှာလည်း အလယ်မှ ဟပ်တပ်ကွဲကာ ချိုင့်ဝင်သွားတော့သည်။
နှစ်ထပ်တိုက်အား တစ်နှစ်ကြာအောင်ဆောက်သော အင်ဂျင်နီယာတို့အားလည်း ငမှန် နားမလည်။ ဘယ်နှယ့်သည်လောက်တောင် ကြာရပါသနည်း။ မြို့ထဲမယ် ဟောတစ်တိုက်၊ ဟောတစ်တိုက်နှင့် ကန်ထရိုက်တိုက်များ အစီအရီ လစဥ်ပေါ်လာအောင် ဆောက်လို့ရနိုင်သည် မဟုတ်ပါလော။
ငမှန်ကြားသည်ကတော့ အိမ်ရှင်လင်မယား ပိုက်ဆံမနိုင်၍ နားနားဆောက်နေရသည် ဟူသတတ်။
သူတို့တွေကတော့ အိပ်လို့ကောင်းနေပေလိမ့်ဦးမည်။ နိုးလျှင်တော့ သည်ဘက်ခေါ်ကာ ငမှန်တို့အဖြစ်ကို ပြလိုက်ဦးမည်။ သူတို့ဘာများလုပ်ပေးနိုင်မည်နည်း။ မိုးဦးကျစ မိုးတစ်ခါသည်းတော့ အဆောင်ခန်းတွေထဲ ရေဝင်သောအခါ ကိုယ်ထူကိုယ်ထပင် အဆောင်ကြမ်းတွေကို မြှင့်ခဲ့ရသေးသည်။ ပြောလွန်းမကပြော၍သာ ပစ္စည်းဖိုးပေးသည့်သူများက ငမှန်တို့ကို ဘာများလုပ်ပေးနိုင်မည်နည်း။
မိုးသည်သာ အမြန်လင်းပါစေတော့။ ရေမြုပ်နေသဖြင့် ဝင်မရသည့် ခြင်ကိုက်လှသော တစ်လ ခြောက်သောင်းတန် ဆယ်ပေပတ်လည်အခန်းကျဥ်းထဲ မနေရလည်း ကိစ္စမရှိပါ။ မိုးလင်းဖို့သာ လိုသည်။ တစ်မိုးသောက်လျှင် တစ်နေ့တာကို ဖြတ်သန်းဖို့ တာဝန်ရှိသေးသည် မဟုတ်ပါလား။
06/05/2025
ရန်ကုန်အနောက်ခြမ်းရဲ့ နွေ
သနပ်ခါးနဲ့ နှုတ်ခမ်းနီ ရဲရဲ တွဲလျက်မြင်ရတဲ့ လှိုင်သာယာရဲ့ မနက်ခင်းက အခြားမြို့နယ်တွေထက် ပိုပြီးလှုပ်ရှားသက်ဝင်ပါတယ်။
နွေမှာ လှိုင်သာယာရဲ့အရောင်က အလင်းများပြီး ကျွမ်းသွားတဲ့ အဖြူဖွေးဖွေးဓာတ်ပုံတစ်ပုံလိုပဲ။ တိုက်အမြင့်ကြီးတွေမရှိတော့ မနက်ခင်း ၆ နာရီနေက လူတွေ၊ လမ်းတွေနဲ့ ပြတင်းပေါက်တွေထဲကို ခပ်တင်းတင်းထိုးကျနေတယ်။
မိုးခဏရွာတာနဲ့ လမ်းကနေ မြောင်းအဖြစ်ပြောင်းသွားတဲ့ ရေညစ်တွေက နေရောင်အောက်မှာ ငွေရောင်တောက်နေတယ်။ လှိုင်သာယာမှာတော့ လေထဲမှာ လွင့်နေတဲ့ ပလတ်စတစ်အိတ်ကလေးကအစ ဖွေးခနဲ လက်နေတာပါပဲ။ အမျိုးသမီးထုကြီးက အနည်းဆုံးလုပ်ခလစာအတွက် စက်ရုံဆီကို မနက်ခင်းနေရဲ့ Energy ကိုယူပြီး ချီတက်နေကြတယ်။ သူတို့ပါးပေါ်က သနပ်ခါး ဝါဝါပေါ်မှာလဲ နေရောင်က တစ်လက်လက်ပါပဲ။
တစ်ယောက်က ပြောဖူးတယ်၊ လှိုင်သာယာဟာ Mount Doom ရှိတဲ့နေရာလိုပဲ အာရုံထဲဘယ်တော့မြင်မြင် မှောင်မိုက်နေတယ်တဲ့။ မိုးရာသီမှာတော့ လှိုင်သာယာအရောင်က တိမ်မှောင်မှောင် မီးခိုးပုပ်ရောင်ဆိုတာ အမှန်ပါပဲ။ မုတ်သုန်မိုးက လှိုင်သာယာကနေ ရန်ကုန်တစ်မြို့လုံးဆီ ပြန့်နှံ့သွားတတ်သလိုမျိုး။ လင်းချင်လဲ သူ့ပြင်မရှိ၊ မှောင်ချင်လဲ သူ့ပြင်မရှိ။
လှိုင်သာယာက မျက်နှာတော့များတယ်။ ပဒေသာပင်တွေ ပေါက်တဲ့နေရာရှိသလို၊ ပေါက်ဖော်တွေ ဆုံတဲ့နေရာလဲရှိတယ်။
ဒါပေမဲ့ နေရောင်ကတော့ ပါးကွက်ကြားနဲ့နှုတ်ခမ်းနီမလေးတွေရဲ့ ခွန်အားဘက်ခြမ်းကိုပဲ သာသာထိုးထိုးမီးမောင်းထိုးပြနေပါတယ်။
သနပ်ခါးတို့အားကို ပိုပေါ်စေဖို့လား သနပ်ခါးတို့ပါးကို ပိုပူစေဖို့လားတော့ ကိုယ်တိုင်လဲ ဝေဝေဝါးဝါးပါပဲ။
18/02/2025
ဘဝမှာ ဦးဆုံးပိုင်ဆိုင်ဖူးတဲ့ အခန်းလေး ရောင်းဖို့ဖြစ်လာပြီ …
နှစ်သက်စရာ အမှတ်တရတွေ ပွေ့ဖက်ရင်းနဲ့ပဲ နောက်ဆုံးထိ ဆွဲကိုင်ထားချင်နေမိသေးတယ်။ အဲ့ဒါနဲ့ပဲ ဘယ်ပွဲစားဆီမှလဲ တကူးတက မသွားဖြစ်သေးဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဘယ်သူမှန်း မသိသေးတဲ့ ပိုင်ရှင်အသစ်ရဲ့ အချစ်တွေ လက်ခံရပါစေလို့ မျှော်လင့်မိပါတယ် အိမ်ကလေးရေ 🧡
01/07/2024
နှစ်ဝက်ကျိုးလို့ နောက်နှစ်ဝက်ထဲတောင် ခြေလှမ်းချနေရပြီ ဆိုပေမဲ့ ၂၀၂၄ က မနေ့တစ်နေ့ကမှ နှစ်ကူးသွားသလိုပါပဲ။
ရင်မောနေရတာနဲ့ပဲ ရက်တွေ၊ လတွေ၊ နှစ်တွေက တအိအိပြိုဆင်းနေတာ သတိတောင် မရမိတော့ပါဘူး။
ဇူလိုင်ဟာလဲ ကောင်းကင်ညိုညိုနဲ့ နောက်တစ်ဖန်တောင် ပြန်ရောက်လာမှကိုး… တစ်ဝါဝင်ပြန်ဦးတော့မယ်။
စိတ်တွေက ဖွတ်ဖွတ်ညက်ညက်ကြေပြီး သူတော်ကောင်းတရားကိုပါ ငြိုငြင်မိမလိုတွေ ဖြစ်နေပြီ။
ဘာကိုမဆို အပြစ်မြင်၊ အငုံစိတ်တွေနဲ့ တုံ့ပြန်၊ ဒေါသနဲ့ ဆက်ဆံရင်း တဖြည်းဖြည်းနိမ့်ဆင်းလာတဲ့ ၁မျိုးသားလုံးစိတ်ဓာတ်။ သေလမ်းလျှောက်နေရတာချင်းတူတူ လမ်းခင်းသူနဲ့ လမ်းဖျက်သူ ကွာသေးတယ်လေ။ တစ်မူးပိုရှူဖို့ ခေါင်းတစ်လုံးမြင့်အောင် မော့မော့ကြည့်ရင်း ကျီးပေါင်းလဲတက်၊ ဇက်လဲခိုင်၊ လူလဲယိုင်နေပြီ။
ဇူလိုင်ငိုရင် လိုက်ငိုဖို့ပဲ ပြင်ထားလိုက်တော့တယ်။ မိုးပြိုတာ ဘာနဲ့ကာမလဲ။
ဇူလိုင် (၁) အတွေးညိုညို
12/05/2024
ဈေးသည်က ဟင်းနုနွယ်တစ်စည်း ၅၀၀ ဆိုတော့ ခရမ်းသီးပဲ နှပ်တော့မယ်ကြံပြီး လှမ်း … သူလဲ ၅၀၀ ပဲတဲ့။ ထောပတ် ခရမ်းသီး အသေးလေးတစ်လုံး ၅၀၀ … ကန်စွန်းရွက်ကတော့ တစ်စည်း ၇၀၀ မို့ အရိုးပွပွ အရွက်ဖားဖားနဲ့ ခပ်ချေချေ အပုံလိုက်ကြီးရယ် .. ဘယ်သူမှမဝယ်။
ကလေး ၃ ယောက်၊ ရောဂါသည် အဖေနဲ့ သွားမကောင်းတဲ့ အမေ၊ ပြီးတော့ ကိုယ်တွေလင်မယား။ တစ်ရက်ကို ၇ ယောက်စာ တိုင်းထွာပြီး ဈေးဝယ်ရတယ်။
ဘယ်ဟင်းရွက် ၅၀၀ ဖိုးက ၇ ယောက်စာ ည မနက် ကို တွက်ချေကိုက်စေမလဲ။ ဘယ် အသား ၅ ထောင်ဖိုးက ဝမ်းမီးကောင်းတဲ့ ကြီးကောင်ဝင်စအရွယ် ကလေး ၃ ယောက်ကို ဗိုက်ဝစေမလဲ။ စားနေကျ ရက် ၉၀ ဆန်ကလဲ တစ်ပြည် ၅၂၀၀ ဖြစ်နေပြီ။ တစ်ရက်ကို ချက်ရတာက ည-မနက် ၁ ပြည်။ ဆွမ်းတန်းတောင် မလောင်းနိုင်တာကြာပြီ။
ယောကျ်ား လစာ ၁၀ သိန်းနဲ့ ကလေးတွေ ကျောင်းစရိတ်နဲ့၊ ဈေးဖိုးနဲ့ ဆေးဖိုးနဲ့… ဒါတောင် အမေ့အိမ်မှာနေလို့ အိမ်လခ မပေးရလို့သာ တော်တော့တယ်။
အိမ်ရှင်မတွေပေါတဲ့ “စား-ချက် ဂရု” မှာ သွားညည်းမိတာ ကွန်းမန့်တွေမှာ “ပိုရှာ” ဆိုတာချည်းပဲ။ စိတ်ဓာတ်ကျတာနဲ့ ပို့စ်ကို ပြန်ဖျက်လိုက်ရတယ်။ အရင်က ကျမ အွန်လိုင်းကနေ အစားအသောက်ရောင်းတယ်။ ဒါပေမဲ့ ဒီကုန်ဈေးနှုန်းနဲ့ ဆက်မရင်းနိုင်တော့ဘူး။ လူတွေလဲ ဝယ်မစားကြတော့ဘူး။
အခုတော့ ဈေးဝယ် ဟင်းချက် အဝတ်လျှော် ကလေးကြိုပို့ ရင်းနဲ့ပဲ အားတဲ့ချိန်ပြေးပြီး စံပယ်ပန်းလေး သီတယ်။ တစ်ကုံးဘယ်လောက်မှ မရပေမဲ့ ကလေးတွေ ချိုချိုချဉ်ချဉ်စားဖို့ မုန့်ဖိုးလေး ကာမိပါစေတော့ဆိုပြီး ဖိသီရတာပဲ။
ကလေးတွေ ပညာရေးကလဲ လမ်းခရီးတစ်ခု ကျန်သေးတယ်။ ဒီကုန်ဈေးနှုန်း၊ ဒီလစာငွေနဲ့ ဘယ် ခရီးထိ ဆက်လှမ်းနိုင်မယ်ကတော့ စောင့်ကြည့်ရတာပေါ့။
ဒီနေ့ကတော့ ငရုပ်သီး ငါးပိချက်နဲ့ ငါးပုတ်သင် ၃၅ ကျပ်သား ၃၅၀၀ ဖိုး။ တစ်ကောင် ၅ ကျပ်သားအရွယ် ငါးပုတ်သင်လေးတွေကို ၃ ပိုင်းပိုင်းပြီး ရေချိုလေး ချက်လိုက်ဦးမယ်ရှင်။
နွေးခိုက်
ဈေးအတွေး
မေဆယ့်နှစ် နှစ်လေး
Such a beautiful campaign 🩸
ရာသီသွေး = အသက်သွေး
ဆုတောင်း
၂၀၂၄ ကို အတွေးရှင်းရှင်း၊ စိတ်ရှင်းရှင်းနဲ့ ဖြတ်သန်းချင်တယ်။
ကိုယ့်အပေါ် မတည်နိုင်ခဲ့တဲ့ ကတိတွေအတွက် ကိစ္စမရှိဘူး။ ကိုယ့်အပေါ် မှားခဲ့ရင်လည်း၊ ရတယ်။ စိတ်ဆိုးနေတယ်ဆိုလည်း မင်းဘက်က စိတ်ပြေနိုင်ပါစေ။
တို့တွေစကားမပြောကြဘူးမလား.. ဒါ ဘာမှမဖြစ်ဘူး။ မင်း အဆင်ပြေပြေရှိနေဖို့ပဲ လိုတယ်။ မင်းအပေါ် မှားခဲ့တယ်ဆိုလည်း တောင်းပန်တယ်... မရည်ရွယ်ခဲ့တာတော့ အမှန်ပဲ။
ဒီနှစ်အတွင်း ရခဲ့တဲ့ အတွေ့အကြုံနဲ့ ခံစားချက်အားလုံးကို အသိအမှတ်ပြုတယ်။ အမှတ်တရရှိတယ်။ ကျေးဇူးတင်တယ်။ ခံစားချက်တွေကို မြိုသိပ်ထားဖို့၊ သဘောထား သေးသိမ်နေဖို့၊ စိတ်ဖိစီးမှုနဲ့ ဝန်ထုပ်ဝန်ပိုးတွေ၊ နာကြင်စရာတွေကို ဖက်တွယ်ထားဖို့ ဘဝက သိပ်တိုတောင်းလွန်းပါတယ်။
ခွင့်လွှတ်လိုက်တာဟာ ကိုယ့်အတွက်ပါပဲ။ ခံစားလိုက်ပါ၊ ခွင့်လွှတ်လိုက်ပါ၊ ဒါတွေဟာ စိတ်ကျန်းမာပျော်ရွှင်ဖို့အတွက် သော့ချက်တွေပါပဲ။ ၂၀၂၄ ကို အကောင်းမြင်ခြင်းတွေနဲ့ပဲ စတင်ကြမယ်။
09/12/2023
လက်မှုပစ္စည်းတွေလုပ်တဲ့ သူ့လက်က သူဖန်တီးတဲ့ အနုပညာလိုတော့ နုဖက်ပြီး လှပ မနေဘူး။
အဲ့ Pop up store လေးမှာလေ ရှမ်းစက္ကူမှာ ပွင့်ဖက်တွေကြဲလို့ ပုံဖော်ထားတဲ့ လက်မှုပစ္စည်းလေးတွေ အများကြီးပဲ။ အမြင်ဆန်းအောင် ရှမ်းစက္ကူကို ရောင်စုံဆေးဆိုးထားတဲ့ မီးပုံးနီဝါလေးတွေနဲ့ ယပ်တောင်လှလှလေးတွေကြောင့် ဖြစ်မယ် … ဖန်တီးသူအနုပညာရှင် ဓနုသားကြီးလက်သည်းတွေက အရောင်တွေနဲ့ မဲညစ်လို့။ လာဝယ်သူတွေ၊ ကြည့်သူတွေကို စိတ်ရှည်လက်ရှည် တစ်ခုချင်းခင်းပြီး အမယ်စုံအောင် ရှင်းပြတယ်။
“ကျွန်တော်က အရင်က ဒီလိုမျိုး ကြိမ်နဲ့ရက်ပြီး ရှမ်းစက္ကူကပ်တဲ့ ထီးတွေလုပ်တာလေ။ နောက်ပိုင်းတောင်ပေါ်မှာ ဒီထီးတွေ မသုံးကြတော့ဘူး၊ မိုးစိုလည်း မခံလို့လေ”
ဘေးမှာထောင်ထားတဲ့ စက္ကူထီးလှလှလေးတွေကို လက်ညှိုးထိုးပြီး ပြောပြနေသေးတယ်။ သူ့ထီးလေးတွေက အိမ်ကျယ်ကျယ်မှာ အလှထားဖို့ပဲကောင်းတယ်၊ ဆောင်းရက်စရာမရှိ … ပန်းပွင့်လွှာလေးတွေနဲ့။
မြန်မာ့လက်မှုပစ္စည်းနဲ့ local SME တွေ အသက်ရှည်ပါစေ။
12/08/2023
ခင်များရဲ့ စိတ်ထွက်ပေါက်က ဘာလဲ?
စိတ်က ထွက်ပေါက်ရှိရတယ်။ ရေစီးသလိုပဲ၊ တစ်ဖက်က ဝင်သမျှရေက စီးပေးရတယ်လေ။ မဟုတ်ရင် လျှံကျတာတွေ၊ ကန်သင်းရိုးကျိုးတာတွေဖြစ်မယ်။ ကိုယ်တိုင်ရော ဘေးကလူတွေပါ ရေတွေစိုကုန်၊ မြုပ်ကုန်နိုင်တယ်မလား။
လူဆိုတာနေ့စဉ် လှုပ်ရှားသွားလာ၊ ပြောဆိုဆက်ဆံနေရတော့ စိတ်ကိုလာလာငြိတဲ့ အထိတွေက ရှိမှာပဲ။ ရှောင်လို့မလွတ်နိုင်ဘူး။
ဒီတော့ကိုယ်တိုင်က စိတ်မြောင်းကိုရှင်းထားတာကောင်းမယ်။ သူများကို ပြင်ပေးဖို့ ဘယ်သောအခါမှ မကြိုးစားမိစေနဲ့ ကိုယ့်စိတ်ကိုယ်ပဲပြင်။ စိတ်ဆိုးတဲ့အခါ စိတ်ဆိုးတယ်ဆိုတာကို သိလိုက်၊ သိပ်သဘောကျတဲ့အခါ သဘောကျနေကြောင်းသိလိုက်။ ဒါဆို လွတ်မသွားတော့ဘူး၊ ရုပ်မပေါက်တော့ဘူး။
စိတ်ကိုရှင်းထားရင် တကူးတကကြီး ထွက်ပေါက်လည်း ပေးစရာမလိုဘူး။ ကျနော်အရင်ကဆို စိတ်တွေသိပ်ရှုပ်လာရင် အရက်သောက်တယ်။ စိတ်ထွက်ပေါက် ဆိုပြီးတော့ပေါ့။
တကယ်တော့ အဲ့လိုလုပ်တာကမှ စိတ်ပိုရှုပ်သွားစေတာ။ မူးလေရှုပ်လေပဲ။ အဲ့ဒါနဲ့ ကျနော် အရက်ကို သောက်ချင်လို့ပဲသောက်တယ်။ ဘာခေါင်းစဉ်မှ မတပ်ဘူး။
ခင်များစိတ်ထွက်ပေါက်က ရှင်းရဲ့လား။ ရှင်းထားဦး။
21/06/2023
ခဏနားရမလား၊ ဆက်သွားရမလား?
ခဏနားရမလား ဆက်သွားရမလားမသိရင် အချိန်တိုင်းကို ရေလိုက်ငါးလိုက်လေးပဲ နေလိုက်ပါ။
လုပ်ရမှာရှိရင် လုပ်လိုက်၊ မရှိရင် ရပ်လိုက်။ အလုပ်မရှိတဲ့အခါ ရှိလာမဲ့ အလုပ်တွေအကြောင်း မစဥ်းစားနဲ့။ အလုပ်လုပ်နေတဲ့အချိန်မှာ နားချင်တဲ့အကြောင်းလည်း မတွေးနဲ့။ မြန်မြန်လည်း မသွားနဲ့၊ ဖြေးဖြေးလည်း မသွားနဲ့။ အချိန်တွေကို မှန်မှန်ပဲ ကျော်ဖြတ်ကြည့်လိုက်ပါ။
ဒါက ကျမလုပ်နေကျပုံစံပေါ့။ ကျမအတွက်တော့ အလုပ်ဖြစ်ပါတယ်။
ပန်းကန်ဆေးနေရင် ပန်းကန်ဆေးတဲ့အကြောင်းပဲတွေးတယ်။ ရေအကြမ်းဆေးမယ်၊ ဆပ်ပြာတိုက်မယ်၊ ရေပြန်ဆေးချမယ်၊ ရေစစ်မယ်။ တစ်ဆင့်ပြီးတစ်ဆင့်ပဲ။
အလုပ်လုပ်နေလည်း အဲ့အလုပ်ကို အကောင်းဆုံးနဲ့ အမှန်ဆုံးဖြစ်အောင်လုပ်မယ်။ တစ်ဆင့်ပြီးတစ်ဆင့်။ မှန်မှန်လေးပဲ။ မြန်မြန်လေးလုပ်ဖို့ မလိုဘူး။
ဒါဟာအချိန်ဆွဲဖို့ မဟုတ်ဘူး။ အကောင်းဆုံးပြီးမြောက်ဖို့။
“လောရမဲ့ အလုပ်တွေကျ ဘယ်လိုလုပ်မလဲ” လို့ စောဒကတက်ချင်တယ်ဆိုရင်.. ဒီမယ် ကျမပြောပြမယ်။ ကျမက ကြော်ငြာအေဂျင်စီမှာ စာရေးတဲ့အလုပ်ကို လုပ်ပါတယ်။ ကြော်ငြာအေဂျင်စီမှာက အရာရာတိုင်းက လျင်လျင်မြန်မြန် ဖြစ်ပျက်နေလေ့ရှိပါတယ်။
ဒီလိုအခြေအနေမျိုးကို နေ့တိုင်းကျော်ဖြတ်ဖို့ အပေါ်မှာ ပြောခဲ့သလို ကိုယ့် Pace နဲ့ကိုယ် မှန်မှန်ကန်ကန် အလုပ်လုပ်ခြင်းက အဖြေပါပဲ။ အချိန်ဆွဲလို့တော့မရဘူး။ အခြားအတွေးတွေ ဝင်လို့မရဘူး။ ရေလိုက်ငါးလိုက် ပြင်လိုက်ဆင်လိုက်နဲ့ပေါ့။
နောက်ပြီး လမ်းပျောက်နေရင်လည်း ဆက်ပျောက်နေလိုက်ပါ။ ဒါပေမဲ့ လုပ်စရာရှိတာရှိရင်းတော့ ပျောက်ပေါ့နော်။ တစ်ခုခုတော့ လုပ်နေမှကိုဖြစ်မှာ။ အနည်းဆုံး အသက်ရှူတာကိုပဲ အာရုံစိုက်နေတာမျိုးပေါ့။
ဒါ့ကြောင့်လေ အခြားအတွေးတွေ မဝင်ဘဲ၊ နားရမလား ကစားရမလားမသိရင် ရေလိုက်ငါးလိုက်နေရင်း အသက်ပဲရှူနေလိုက်ပါလို့။
19/05/2023
“အချိန်က အရာရာကို ကုစားသွားလိမ့်မယ်” တဲ့။
ကျမတော့ အဲ့ဒါကို မယုံဘူး။ အချိန်က “အရာရာ” ကို မကုစားနိုင်ဘူး။ ကိုယ်ကိုယ်တိုင် လက်ခံခြင်းနဲ့ လိုအပ်တဲ့ချိန်တိုင်း ဝမ်းနည်းပစ်လိုက်ခြင်းကပဲ တဖြေးဖြေးကုစားနိုင်လိမ့်မယ်။
Click here to claim your Sponsored Listing.
Category
Website
Address
Yangon