Studio eainmon

Studio eainmon

Share

an art studio of artist wunna aung

Photos from Studio eainmon's post 04/04/2026

🔴 collected
Artist - Wunna Aung
‎Title - Everyday , from the eight sides of the village (2025)
‎Size - 11x14 inch x 8 panels
‎Medium - Acrylic n Aerosol on Canvas
‎ဒီလက်ရာကို မမျှော်လင့်ပဲရလာတယ်၊ ဒါမှမဟုတ် အချိန်အတော်ကြာ စောင့်ရင်း၊ developing လုပ်ရင်း ရလာတယ်ပဲ ဆိုရပါမယ်။
‎၂၀၂၄ ခုနှစ်အတွင်းမှာ ကိုယ်ဟာ village view လို့ အမည်ပေးခဲ့တဲ့ ပန်းချီကား ခပ်သေးသေးတစ်ခု ရေးဖြစ်ခဲ့တယ်။ ရေးဖြစ်ပုံကလည်း နေ့စဉ် တက်လာတဲ့ သတင်းတွေကိုဖတ်ရင်း၊ ကြည့်ရင်းက စပါတယ်။ ကိုယ်တို့ ချစ်ရတဲ့၊ နှလုံးညွတ်နူးဖွယ်ဖြစ်ရတဲ့ ကျေးလက်က ဇာတိ အရပ်ဒေသတွေရဲ့ မြင်ကွင်းတွေကို သတင်းတွေမှာ ဖတ်ရမြင်ရတာကြောင့်ပါပဲ။
‎ပန်းချီဆွဲကြတဲ့သူတွေဟာလေ အရင်ကရော အခုပါ ကျေးလက်ဓလေ့၊ မြင်ကွင်း၊ ဘုရားကျောင်းကန်၊ လှပတဲ့အရပ်တွေကို ဆွဲလေ့ရှိကြတယ်မဟုတ်လား။ စိတ်ထဲမှာ ဘာမှရေးစရာတွေးမရရင် အဲဒီအရပ်တွေကမြင်ကွင်းတွေကို သွားပြီးဓာတ်ပုံရိုက်လိုက်၊ ပုံပြန်ရေးလိုက်လုပ်ကြတယ်မဟုတ်လား။ အဲဒီလိုနဲ့အဆင်ပြေနေကြတာပဲလည်းမဟုတ်လား။ ဒါပေမယ့် အခုလက်ရှိမြင်ကွင်းတွေဟာရော အဲသလိုဟုတ်သေးရဲ့လား လို့ သတင်းတွေမှာတွေ့ရင်း စိတ်ထဲ ကြေကွဲမိပါတယ်။
‎အဲဒီလိုနဲ့ သတင်းထဲကဓာတ်ပုံတစ်ခုကိုအခြေခံပြီး ခုနကဆိုထားတဲ့ ကားသေးသေးတစ်ချပ်ကို စ ရေးဖြစ်တယ်။ ဘာမြင်ကွင်းမှသေသေချာချာရယ် မပါဘူး။ ဟုန်းဟုန်းတောက်ပူလောင်ကျွမ်းနေတဲ့ မြင်ကွင်းတစ်ခုသာပဲ။ အနီ၊ အဝါ၊ လိမ္မော်၊ အနက် အဲဒီအရောင်တွေနဲ့ brushwork သက်သက်နဲ့ပါပဲ။ ဘယ်လိုပုံရိပ်မှ တိတိကျကျ မပါဘူး။ ရေးပြီးတော့ ကိုယ့်ဘာသာကြည့်ရင်းခံစားနေခဲ့ရတာပဲ။ လက်မှတ်တောင် ခု ဒီစာရေးနေချိန်ထိ မထိုးရသေးဘူး။
‎အဲသလိုနဲ့ အတော်ကြာခဲ့တယ်။ တစ်နေ့တော့ မိတ်ဆွေတချို့က group show တစ်ခု လုပ်ရအောင်လို့ ကမ်းလှမ်းကြတယ်။ အဲချိန် ကိုယ့်မှာ ပြစရာအသင့်ရှိမနေဘူး။ ရှိတော့ရှိတာပေါ့၊ ဒါပေမယ့် ရှိတာတွေက အဲသလိုပြလိုက်ဖို့ ရည်ရွယ်ထားတာတွေဟုတ်မနေဘူး။ အဲဒီအချိန် ကိုယ်ကလည်း အသင့်ဖြစ်မနေဘူး။ ပြလည်းပြချင်တယ်။ ကိုယ့်ထုံးစံအတိုင်း လက်ရာတွဲ series အသစ်တစ်ခုကိုပြချင်မိတယ်။ ဘာလုပ်ရင်ကောင်းမလဲစဉ်းစားတော့ အဲဒီလက်ရာကလေးကို series သစ်တစ်ခုဖြစ်အောင်လုပ်မယ်လို့စဉ်းစားပြီး ခဏစောင့်ကြလို့ပြောရင်း အဲဒီလိုကားအတွဲတွေ အများကြီးလုပ်ဖို့ စိတ်ကူးတယ်၊ စပြီး အလုပ်လုပ်တယ်ပေါ့။ လက်ရာတွေကို ‌ပုံမှန် acrylic ကားတွေလို structure နဲ့ရေး၊ ဘောင်သွင်းတာတွေမလုပ်ပဲ canvas အရွက်ပေါ်မှာပဲ ရေဆေးကား စက္ကူပေါ်မှာရေးသလိုရေးမယ်၊ စက္ကူ mont နဲ့ပဲထားမယ်၊ အဲဒါတွေကို pannels အများကြီး အခု ၂၀ လောက်လုပ်ပြီး နံရံပေါ် အချပ်တွဲကြီးပြဖို့ စိတ်ကူးတယ်။ အဲသလိုနဲ့ အလုပ် စလုပ်တယ်။ ဒါပေမယ့် နှစ်ကား၊ သုံးကားလောက်ပြီးချိန်မှာပဲ စီစဉ်ထားတဲ့ပွဲက ဟိုလိုဒီလိုအေးလျှောကြီးဖြစ်သွားတယ်။ ဆိုရရင် မလုပ်ဖြစ်တော့ဘူး။ ကိုယ်လည်း ဆက်ရေးရမလို၊ မရေးရမလိုဖြစ်သွားတယ်။
‎ဒါပေမယ့် ကိုယ်တိုင်က အဲသလိုရေးရတာ အရှိန်တက်လက်တွေ့နေတယ်။ မှတ်မှတ်ရရ မတ်၊ ဧပြိလကြီး။ အပြင်မှာလည်း ပူလောင်အိုက်စပ်နေတယ်။ ကိုယ်လည်း ချွေးတလုံးလုံးနဲ့ပဲ။ current သတင်းတွေမှာလည်း လောင်ကျွမ်းတုန်းပဲ။
‎ပြပွဲကတော့ မပြဖြစ်တော့ဘူး။ ဒါပေမယ့် ဒီလက်ရာတွေကို ဆက်လုပ်နေမိတယ်။ ဆိုပေမယ့် မူလစိတ်ကူးအတိုင်းမဟုတ်ပဲ အနေတော်လောက် လက်ရာတစ်ခုလည်းဖြစ်လိုက်ချင်တယ်။
‎အများကြီး ကားနှစ်ဆယ်လောက်တော့ မလုပ်တော့ပဲနဲ့ ခပ်နည်းနည်းပဲရေးမယ်ဆိုတော့ ထပ်စဉ်းစားရတယ်။ အခုမြင်ကွင်းတွေဟာ နေရာတိုင်းမှာဖြစ်နေတာ၊ အရပ်ဒေသအစုံမှာဖြစ်နေတာလေ။ နေ့တိုင်းဖြစ်နေတာလေ။ အဲဒီမှာပဲ အရပ်ရှစ်မျက်နှာ၊ နေ့တိုင်းကို ကိုယ်စားပြုတဲ့ ကား ရှစ်ကား ‌ပဲရေးဖို့ဆုံးဖြတ်လိုက်တယ်။
‎အဲဒီလိုနဲ့ pannels ရှစ်ခု ရလာခဲ့တယ်။ ဒါပေမယ့် အဲဒီရှစ်ခုကို‌ ဘယ်လိုနေရာချမလဲ တွေးလို့မရသေးဘူး။ အရပ်ရှစ်မျက်နှာကိုတော့နေရာပေးလို့ ရနိုင်ပေမယ့် နေ့ရက်တိုင်းကိုတော့ ကိုယ်စားမပြုနေပြန်ဘူး။ အဲဒီအချိန် စိတ်ထဲမှာဝင်လာတာက နေ့နံရှစ်ခုပဲ။ မြန်မာ့ရိုးရာထုံးတမ်းစဉ်လာမှာက အဲဒီနေ့နံရှစ်ခုဟာ ဘယ်အရပ်မျက်နှာကို ကိုယ်စားပြုတယ်လို့ တိတိကျကျသတ်မှတ်ချက်ရှိနေတာကို သတိရသွားတယ်။ အရှင်းဆုံးမြင်ရရင် ဘုရားစေတီတွေမှာရှိတဲ့ ဂြိုဟ်တိုင်ရှစ်ခုပဲ။ ဘယ်နေ့နံဟာ ဘယ်အရပ်ရယ်လို့ တိတိကျကျရှိနေတယ်။ ဆိုတော့ အဲဒါကိုထပ်သုံးမယ်လို့တွေးတယ်။ ပထမတော့ နေ့နံတွေအတွက် ကိုယ်စားပြုအကောင်တွေပုံကို ရောသုံးဖို့ စဉ်းစားသေးတယ်။ ဒါပေမယ့် အဲဒီအကောင်တွေရဲ့ရုပ်ပုံတွေဟာ တစ်ခုနဲ့တစ်ခု ညီညာမျှတမနေဘူး။ နောက်တစ်ခုက အရုပ်တွေဟာ နောက်က ကိုယ်အဓိကထားတဲ့ ပုလောင်တဲ့မြင်ကွင်းတွေကို အနှောင့်အယှက်ဖြစ်နေလိမ့်မယ်၊ ကြည့်တဲ့သူကို အပိုခံစားချက်တွေဝင်ပေးနေလိမ့်မယ်လို့ တွေးမိတယ်။ အဲဒီမှာ အရုပ်တွေအစား သူတို့ရဲ့နာမည်တွေကိုပဲသုံးဖို့ဆုံးဖြတ်လိုက်တယ်။ ဒါဆို မူလမြင်ကွင်းတွေကိုအနှောင့်အယှက်ပေးတာလျှော့သွားလိမ့်မယ်လို့တွေးတယ်။ နောက်တစ်ခုက အဲသလိုမဖြစ်အောင် သူတို့ရဲ့နာမည်တွေ အရှည်အတို အရွယ်အစား မညီပေမယ့် ညီအောင်လုပ်ပစ်လို့ရတယ်လေ။ အဲဒါနဲ့ လိုချင်တဲ့အတိုင်းအထွာအတိုင်း font design ကို ကွန်ပျူတာနဲ့ mock up လုပ်ပြီး sticker paper နဲ့ print ထုတ်ပြီး stencil ဖောက်လိုက်တယ်။ ပြီးတော့ တစ်ပုံချင်းစီပေါ် spray မှုတ်လိုက်တယ်။ ပြီးတော့မှ နေ့နံအလိုက် ဘယ်နေ့က ဘယ်ထောင့်ဘယ်နေရာဆိုပြီး နေရာချလိုက်တယ်။
‎ဘုရားရင်ပြင်တော်က ဂြိုဟ်တိုင်တွေအတိုင်း ဗုဒ္ဓဟူးနေ့ ဆင် က အရှေ့၊ သောကြာနေ့ ပူး က အနောက်၊ ကြာသပတေး ကြွက်က တောင်၊ တနလ်ာနေ့ ကျား က မြောက်အရပ်၊ အဂ်ါ ခြသ့်ေ က အရှေ့မြောက်၊ စနေ နဂါးက အရှေ့တောင်၊ ဟိုင်းဆင် ရာဟုက အနောက်တောင်၊ တနဂ်နွေ ဂဠုန်က အနောက်မြောက် ဆိုပြီး နေရာချလိုက်တယ်။ အဲဒီအတိုင်းအတိအကျနေရာချလိုက်တဲ့အခါ လက်ရာလည်း အပြီးသတ်သွားပါတော့တယ်။ အလယ်ကောင်အကွက်တစ်ကွက် လွှတ်လျှက်သားနဲ့မှပဲ လက်ရာဟာပြည့်စုံသွားခဲ့ပါတယ်။
‎ပြီးတော့ "everyday, from the eight sides of the village" အမည်ပေးဖြစ်ခဲ့ပါတယ်။ မြင်ကွင်းတွေကတော့ ဟုန်းဟုန်းတောက်ပူလောင်ဆဲပါပဲ။

Photos from Studio eainmon's post 18/02/2026

‎The PIANO (2026)
‎linocut print illustrated story
‎13 print artworks ( 29.5x21 cm each) &
‎10 limited print books.
‎
‎၂၀၂၆ ခုနှစ်အတွက် ပထမဆုံးလက်ရာပါပဲ။ ဒီလက်ရာအတွက်တော့ အဆက်အစပ်၊ အမှတ်အသားတွေ များမယ်ထင်တယ်။
‎မူရင်းစာမူအကြောင်း၊ လက်ရာအတွက်ရွေးချယ်ခြင်းနဲ့ ဆောင်ရွက်ပုံအဆင့်ဆင့်တွေပဲဖြစ်ပါလိမ့်မယ်။ အဲဒီအစဉ်အတိုင်းပဲပြောပါရစေ။
‎
‎မူရင်းလက်ရာဖြစ်တဲ့ ပီယာနို လို့အမည်ပေးထားတဲ့အရေးအသားတစ်ခုကို ၂၀၀၄ ခုနှစ် ဇန်နဝါရီမှာ ရေးသားဖြစ်ခဲ့တယ်။ အဲဒီအချိန်တုန်းက ကိုယ်ဟာ နောက်ဆုံးနှစ် ဂီတအထူးပြုကျောင်းသားဖြစ်နေတုန်းပဲ။ ဆိုတော့ ဂီတနဲ့အပတ်အသက်ပိုများခဲ့သလို စိတ်ကူးတွေဟာ ဂီတနဲ့ ရသစာပေအရေးအသားအပေါ်မှာ ပိုမိုခဲ့တယ်။ ရေးပြီးပြီးချင်းပဲ ဟန်သစ်မဂ္ဂဇင်းကို ပို့ခဲ့တယ်။ ခြောက်လကျော်အကြာ ဟန်သစ်၊ နိုဝင်ဘာ၊ ၂၀၀၄ ထုတ်မှာ ပုံနှိပ်ဖော်ပြခံရတယ်။
‎အရေးအသားဟာ အဲဒီအချိန် ၂၀၀၄ ခုနှစ်က စာရေးသူရဲ့ ထင်မြင်ချက်၊ ယူဆချက်၊ တွေးခေါ်မှု၊ တုန့်ပြန်မှု၊ ဖန်တီးမှု တစ်ခုဖြစ်ခဲ့ပါတယ်။
‎
‎၂၀၂၆၊ gallery ohmar မှာ if we were in a parallel world of dystopia ပွဲအတွက် လုပ်မယ် တိုင်ပင်ကြတော့ ရုတ်တရက် ဘာလုပ်မယ်လို့ မဆုံးဖြတ်နိုင်ဘူး။ လုပ်ချင်တာတွေရှိပေမယ့် သေသေချာချာ ဘာကိုလုပ်မယ်ရယ်လို့ တွေးလို့မရဘူး။ စိတ်ထဲမှာတော့ နှစ်ရဲ့ရှေ့ပိုင်းကာလတွေကလုပ်ထားခဲ့တဲ့ print လက်ရာတွေမျိုး လုပ်ချင်ပေမယ့် artwork ရေရေရာရာတစ်ခုမဖြစ်ပဲ ပွကုန်မှာလည်း စိုးနေတယ်။ တိုက်တိုက်ဆိုင်ဆိုင် စာအုပ်စင်တွေရှင်းတဲ့ရက်က ပြန်တွေ့၊ ပြန်ဖတ်မိတဲ့ ပီယာနို ကို သတိရမိတယ်။ စိတ်ကူးမိပြီး စာမူကို နောက်ထပ်ပြန်ဖတ်တဲ့အခါ အခုလိုအခြေအနေ၊ အချိန်မှာ ဒီအရေးအသားကို ထပ်ပြောချင်လာပြန်တယ်။ ကိုယ်တိုင်လည်း ပြန်လည်နှစ်သက်မိတယ်။ နောက်တစ်ချက်က ကိုယ်တိုင် character မွေးထားတာ တစ်နှစ်ရှိပြီဖြစ်တဲ့ ကြောင်တစ်ကောင် ပုံကိုလည်း bold လုပ် ပွဲထုတ်လိုက်ချင်တယ်။ အဲဒီမှာ သရုပ်ဖော်ပုံတစ်ခုချင်းစီအတွက် ဇာတ်ညွှန်းအခန်းစဉ်ပြန်ဆွဲ၊ ပုံကြမ်းထုတ် လုပ်ခဲ့တယ်။ ပထမတော့ စာမျက်နှာတစ်မျက်နှာချင်းစီ၊ တစ်ပုံစီ ပြမယ်တွေးပေမယ့် စိတ်ထဲမှာ ကျောင်းသားဘဝက လုပ်ခဲ့တဲ့ လက်ရေးမဂ္ဂဇင်းတွေ၊ ကဗျာစာအုပ်တွေ ထုတ်ခဲ့၊ လုပ်ခဲ့သလိုမျိူ စိတ်ကူးရတာနဲ့ limited version တွေပါ ပုံနှိပ်ပစ်လိုက်ဖို့ စိတ်ကူးရလာတာပဲ။ ကိုယ့်အတွက်တော့ အနှစ်နှစ်ဆယ်လောက် ကာလကို လူးလာခေါက်တုံ့လုပ်ရခြင်းပဲ ထင်မိတယ်။ တော်တော်အလုပ်ရှုတ်မယ်၊ ပင်ပန်းမယ်လို့တော့ ကြိုတွေးထားမိပေမယ့် ရအောင်လုပ်မယ်လို့လည်း ကြို ဆုံးဖြတ်ထားခဲ့တယ်။
‎
‎အခန်းငယ် ၁၂ ခန်း ခွဲပြီး ခဲပုံကြမ်းတွေရေးတယ်။ မင်ပုံချောထပ်ရေးတယ်။ အဲဒီ မင်ပုံချောပေါ်မှာပဲ ပုံကူးစက္ကူနဲ့ negative image တွေရအောင် ပြန်ကူးတယ်။ အရောင်တစ်ခုချင်းစီအတွက် တစ်ပုံစီ ကူးရတယ်။ နောက်တစ်ခါ ပုံကူးစက္ကူပေါ်က negative ပုံတွေကို negative အတိုင်း ပုံထွင်းမယ့် lino sheet ပေါ်မှာ carbon paper နဲ့ positive ဘက်က ပြန်ကူးယူရပါတယ်။ အရောင်တစ်ရောင်ချင်းစီအတွက် lino plate တစ်ချပ်ချင်းစီကူးယူအပြီးမှာ lino ချပ်ပေါ်မှာ negative ပုံရိပ်တွေအတိုင်း အချိုင့်ထွင်းပါတယ်။ ရှုတ်ထွေးများမြောင်လှတဲ့ လုပ်ငန်းစဉ်တွေအပြီးမှ တကယ့်ပုံနှိပ်ခြင်းဆီ ရောက်ပါတော့တယ်။ ပုံနှိပ်စဉ်မှာတော့ နံရံမှာချိတ်ဆွဲပြသမယ့် ၁၃ ချပ်အတွက် faceing dummy တစ်မျိုးသုံးပြီး အနီနှင့်အနက်၊ 200 gsm acid free paper နဲ့ အရေအတွက် တစ်ချပ်တည်းစီသာ ပုံနှိပ်ထားပြီး မူပွားစာအုပ်တွေအတွက်တော့ flat dummy တစ်မျိုးနဲ့ အပြာနှင့်အနက်၊ 170 gsm boosner print paper ကိုသုံးပြီး စာအုပ် ၁၀ အုပ် ကန့်သတ်ပုံနှိပ်ခဲ့ပါတယ်။ ပုံနှိပ်စဉ်မှာတော့ အဓိက သရုပ်ဖော်ပုံတွေအားလုံးကို linocut plate တွေနဲ့ essdee lino ink ကိုသုံးပြီးပုံနှိပ်တယ်။ body text တွေနဲ့ စာမျက်နှာနံပါတ်တွေကို laser တံဆိပ်တုံး၊ day-date တံဆိပ်တုံးနဲ့ တံဆိပ်ရိုက်မင်တွေကိုသုံးပြီးပုံနှိပ်ပါတယ်။အဓိကကျတဲ့နေရာတစ်နေရာက ကူညီခဲ့သူလည်းရှိပါတယ်။ မြန်မာဘာသာနဲ့အရေးအသားကို အဂ်လိပ်ဘာသာသို့ပြန်ဆိုပေးသူ နိုင်ရဲကျော် ပါ။ နှစ်သက်ရတဲ့ ပြန်ဆိုမှုအတွက် ကျေးဇူးမှတ်တမ်းပြုပါတယ်။
‎
‎ကြိုတင်ထင်ထားတဲ့အတိုင်း လက်ရာကို ဖန်တီးရတာ ရှုတ်ထွေးပင်ပန်းပေမယ့် ဖြတ်ကျော်ပြီးတဲ့အခါ ကျေနပ်ရပါတယ်။ လက်ရာကိုပြုလုပ်မယ်လို့ ဆုံးဖြတ်ချိန်ကနေစပြီး တစ်လအတွင်း အချိန်လု အပြီးသတ်ခဲ့ရတယ်။တကယ်‌တော့ ဒီလက်ရာဟာ ကိုယ့်အတွက်တော့ ကြိုးကြိုးစားစား ဆော့ကစားခြင်းတစ်ခုလို့ဆိုရပါလိမ့်မယ်။ ခေတ်အလိုက် print နည်းပညာတိုးတက်မှုတွေထက် ရိုးရိုးရှင်းရှင်းနည်းနဲ့ အနီးအနားကအလွယ်တကူပစ္စည်းတွေနဲ့ ကိုယ်တစ်ယောက်တည်းနဲ့ တနိုင်တပိုင်မူပွားလို့ရနိုင်တာကို စမ်းသပ်ကြည့်ခြင်းပါပဲ။
‎ပြပွဲမှာတော့ နံရံချိတ်လက်ရာတွေ၊ ပုံနှိပ်စာအုပ်အပြင် မူရင်း lino plate တွေကိုပါ display တစ်ခုနဲ့ ပြဖြစ်ပါတယ်။ illustrated story print book တွေကို စုဆောင်းမှုတွေ အတွက်လည်း ကျေးဇူးတင်ရတယ်။ လုပ်နည်းကိုင်နည်းတွေအရမဟုတ်ပဲ မူရင်းဇာတ်လမ်းကျောရိုး အရေးအသားကို မူတည်ထားတဲ့ artist statement မှာတော့ အခုလို ရေးခဲ့ပါတယ်။
‎
‎"ခံစားမှုကို အမှန်အတိုင်း တစ်သဝေမတိမ်းထုတ်ဖေါ်ဖို့ရာဟာ ခက်ခဲလှတယ်။ ကျွန်ုပ်တို့ဟာ အဲဒီလိုထုတ်ဖေါ်ဖို့ ကြိုးစားတိုင်းလည်း ခက်ခဲစွာကြိုးပမ်းရတာချည်းဖြစ်သလို ရရှိမှုအကြိမ်တွေဟာလည်း ပါးရှားလှတယ်။ ဒါပေမယ့် အနုပညာရှင်ဟာ ထုတ်ဖေါ်ဖို့ ကြိုးစားတုန်းပဲ။
‎တစ်ကယ်တော့ ခံစားမှုဆိုတာဟာ အမြဲတမ်းအလှည့်အပြောင်းတွေနဲ့ ဖြစ်ပေါ်ပျောက်ကွယ်သွားတတ်တာမျိုးပဲ။ ပြောင်းလဲလှုပ်ရှားနေတဲ့ ခံစားချက်ကို အချိန်နဲ့အမျှ အမိအရဆုပ်ကိုင်ဖို့ ကြိုးစားနေရင်း ထုတ်ဖေါ်ပုံတွေဟာလည်း ရုတ်ချည်း ထွေပြားပြောင်းလဲသွားတတ်သေးတာပဲ။ လှပတဲ့အရာဆိုတာ အချိန်နဲ့အမျှ ရှုတ်ထွေးပြောင်းလဲမှုတွေကြားထဲက ကိုယ်တိုင်ပုံဖေါ်ယူရတဲ့ ဆန်းကြယ်တဲ့အရာပဲလို့ ထင်မိရဲ့။"
♥️
‎

01/01/2026

‎Artist - Wunna Aung
‎Title - Stand with me Under Pressure (2018)
‎Size - 36x54 inch
‎Medium - Acrylic on Canvas
‎ဒီပုံဟာ ၂၀၁၈ မန္တလေး Upside Down ပွဲတုန်းက လက်ရာပါ။ တကယ်တော့ ဒီ sketch ကို ရခဲ့တာက တကယ် canvas ပေါ်ရေးတာထက် တစ်နှစ်နီးပါးလောက်စောတယ်။ စိတ်ကူး စရတာက ကိုယ့်အိမ်အနားဝန်းကျင်မှာဖြတ်သွားလာတိုင်း တွေ့မိနေကျ တယ်လီဖုန်းဆာဗာ ပုံးတစ်ခုကို မျက်စိကျလက်ယားနေတာက စတယ်။ ဖြတ်ဖြတ်သွားတိုင်း အဲဒီပုံးရဲ့ အချိူးက Lifesize လူတစ်ယောက်ရပ်နေတဲ့ပုံဆွဲဖို့ ကွက်တိပဲ။ ကိုယ်ကတော့ နည်းနည်းနေရာထွက်အောင် ကလေးတစ်ယောက်ပုံရေးဖို့တွေးရင်း ဒီ sketch ကို ရတာပဲ။ အဲဒီကာလတွေကဆို လူတွေဟာ တစ်ခုခုဆို stand with me ဆိုတာ အရမ်းသုံးကြချိန်ပေါ့။ အန္တရာယ်မများတဲ့ ကာလတွေမှာဆိုတော့ အလွယ်တကူရပ်တည်ပေးရဲကြတယ်ပေါ့။ ဒါပေမယ့် ကလေးတွေဘက်ကရပ်တည်ကြည့်ဖို့ဆိုတာတော့ ပါးရှားချိန်ပေါ့။ တကယ်တော့ ကလေးငယ်တွေဟာ ‌အချိန်ပြည့် မေးခွန်းတွေရဲ့ဒါဏ်ကို ခံနေကြရရှာသူတွေပါ။ လူ့လောကထဲမှာ ရင်ဆိုင်တွေ့ကြုံကြရမယ့်အရေးတွေအတွက် အတွေ့အကြုံပေါင်းများစွာဆီကတဆင့် ကိုယ်တိုင်မေးတဲ့ မေးခွန်းပေါင်းများစွာရဲ့ဖိစီးမှုကို ကိုယ်တိုင်ခံစားနေကြသူတွေလို့မြင်မိတယ်။ ကလေးတိုင်းလိုလို ငယ်ငယ်က အကြိမ်ပေါင်းများစွာ ကြုံဖူးကြမှာဖြစ်တဲ့ "သားသားကြီးရင် ဘာလုပ်မလဲ" ဆိုတဲ့ မိဘတွေရဲ့ ကြုံကြွားကြွယ်‌ မေးခွန်းကဏ္ဍကို သတိတရနာကျင်ရင်းနဲ့ ဒီပုံ ရလာတာပဲ။
‎အဲသလိုနဲ့ ပြောပြထားတဲ့နေရာမှာ stencil နဲ့ကျွေးဖို့ ပုံကြမ်းကောက်၊ လှီးဖြတ်ဘာညာလုပ်ပြီးမှ ရုတ်တရက်အာရုံပြတ်သွားတယ်။ နေရာက အရင်လို လူသိပ်မလစ်တော့တာကြောင့် ရွှေ့ထားပြီးနေရင်း ဒီပွဲမပြခင် ၃၊ ၄ လလောက်အလိုမှာ gallery date ယူရင်း၊ location scout လုပ်ရင်း MDY ကိုလာတော့ အဲဒီဖြတ်ပြီးသား stencil ကြီးယူလာတယ်။ ပြီးတော့ MDY မှာပဲ bomb ဖြစ်ခဲ့တယ်။ မန္တလေးဆိုတာပါအောင်တောင် ငန်းရုပ်လှည်းကလေးထပ်ဖြည့်ခဲ့သေးတယ်။
‎‌ပြပွဲကျတော့ အဲဒီ sketch ကိုအခြေခံပြီး ဒီလက်ရာကို ဖန်တီးဖြစ်ပါတယ်။ text တွေ ထပ်ပေါင်းပါတယ်။ ဒီလက်ရာကိုပဲ 2019 SEA focus မှာ ထပ်ပြဖြစ်ပါသေးတယ်။

13/06/2025

Artist - Wunna Aung
Title - Zebra Lives Matter! (2024)
Size - 14x18 inch
Medium - Acrylic on Canvas
ဒီပုံကို ၂၀၂၄ ခုနှစ်မှာရေးခဲ့တယ်။ မှတ်မှတ်ရရ ဇန်နဝါရီလထဲမှာပဲ။ coordinates ပွဲအတွက် လက်ရာအားလုံးအပြီးသတ်အပြီးမှာ စိတ်လက်ပေါ့ပါးစွာနဲ့ရေးဖြစ်တဲ့ လက်ရာပါ။ ရန်ကုန်က studio ကို ပြင်ဦးလွင်ကို‌ေရွှ့ဖို့မသိမ်းဆည်းခင် ပေါ့။ ဒီအကြောင်းအရာ၊ ဒီပုံကိုရေးမယ်လို့ စိတ်ကူးထားတာက နည်းနည်းကြာပြီ။ ဖြူတော့ဘာဖြစ်လဲ မဲတော့ဘာဖြစ်လဲဆိုတဲ့အသံတွေ ဆူဆူငြံငြံ ကြားရတဲ့အချိန်လောက်မှာပဲ စိတ်ကူးရခဲ့တယ်။ စိတ်ကူးပြီး တစ်နှစ်အကျော်လောက်မှ တကယ် ချရေးဖြစ်တယ်။ မည်းမည်းဖြူဖြူ ဘာအရေးလဲ၊ မြင်းကျားဖြစ်နေတော့ရော ဘယ်သူ့ဂရုစိုက်ရမှာလဲဆိုပြီး 🤪 ရေးပြီးချိန် ကိုယ့်ဘာသာ ပြန်ကြည့်တော့ ပျော်မိတယ်။

26/04/2025

Title - A Man in front of the Looking Glass (2017)
Artist - Wunna Aung
Medium - Sculpture Installation (mosaic looking glass n painted readymade statue)
Dimension - Life-Size
ဒီလက်ရာဟာ ၂၀၁၇ ခုနှစ်၊ gallery 65 မှာလုပ်တဲ့ Metamorphosis ပွဲမှာ ပြဖြစ်ခဲ့တယ်။ အဲဒီပွဲဟာ ကိုယ့်အတွက် painting လက်ရာ လုံးဝမပြုလုပ်၊ မပြသတဲ့ ပွဲအဖြစ် အမှတ်တရရှိတဲ့ ပွဲနဲ့ လက်ရာတွေလည်း ဖြစ်တယ်။ အဲဒီပွဲမှာ Sculpture Installation လက်ရာ နှစ်ခု ပြဖြစ်တယ်။ တစ်ခုက ဒါပါ။
အဲဒီကာလက ကိုယ့်အတွက် ငှက်တွေနဲ့ မှန်ကူကွက်လက်ရာတွေကို စိတ်ပါ ရေးဆွဲနေချိန်လည်းဖြစ်တယ်။ အဲဒီလိုရေးပုံကို ပြင်ညီပေါ်မဟုတ်ပဲ ရုပ်လုံးကြွတွေပေါ်ကိုလည်း ကူးပြောင်းဖို့စိတ်သန်နေချိန်လည်း ဖြစ်တယ်။ အဲဒီလိုစိတ်အခြေခံကနေ ဒီလက်ရာအတွက် inspiration စ ရလာခဲ့တယ်။ စိတ်ထဲမှာ ကိုယ့်အသားပေါ်ကိုယ် အဲသလို patterns တွေ ခြယ်ရရင်ဘယ်လိုနေမလဲတွေးရာကနေ အစပြုပါတယ်။ ဖက်ရှင်ဆိုင်တွေမှာ display ပြတဲ့ ယော်ကျားရုပ်လုံးကြွတစ်ခုကို ဆေးရောင်ခြယ်နိုင်ဖို့ တစ်ကိုယ်လုံး မိုင်းကိုင်စက္ကူ‌အပိုင်းအစတွေ ကပ်တယ်။ အဲဒီအပေါ်က patterns တွေ ရေးတယ်။
ပြီးတော့ သူနဲ့ မျက်နှာချင်းဆိုင်ထားမယ့် ကိုယ်လုံးပေါ်မှန်တစ်ချပ်ကို လုပ်တယ်။ ထောက်တိုင်၊ ဘောင် အပါအဝင်။ ဒါပေမယ့် အလယ်က မှန်နေရာကိုတော့ ကိုယ်နဲ့ အရပ်အမောင်းတူအတိုင်း တစ်ခြမ်းဖောင်း plaster ရုပ်တစ်ခုကို ပြုလုပ်ပြီး အဲဒီအပေါ်မှာ ပုံသဏ္ဍာန်မျိုးစုံ တစ်စစီကွဲကြေနေတဲ့ ရောင်ပြန်မှန်အပိုင်းအစတွေကို ရုပ်ကြွအတိုင်း ပြန်ကပ်ထားခဲ့တယ်။ ပြီးတော့ သူတို့နှစ်ခုကို မျက်နှာချင်းဆိုင် နေရာချထားခဲ့တယ်။
ပြပွဲတုန်းက ကပ်ထားတဲ့ artist statement မှာတော့ အခုလိုရေးခဲ့တယ်။
" ဖြတ်သန်းလာခဲ့တဲ့ များစွာသောအချိန်တွေမှာ ကိုယ့်ရုပ်သွင်ကို ကိုယ် မှန်ရှေ့မှာ ရပ်ကြည့်ဖူးကြတယ်။ အချိန်ကာလတွေကို တိုက်စားခဲ့ပြီးနောက် ကိုယ့်ရှေ့ကမှန်ပေါ်မှာ ဘယ်လိုအသွင်အပြင်တွေ ပေါ်ထွန်းလာခဲ့သလဲ။ ဘယ်လိုအရောင်အသွေးတွေ စွန်းထင်းပေကျံပြီး ကာလယန္တရားကို ဖြတ်သန်းလာခဲ့သလဲ။ လူတစ်ယောက်ဟာ မိမိကိုယ်ကိုယ် ပြန်လည်ဆင်ခြင်ခြင်းဆိုတဲ့ ကြည့်မှန်တစ်ချပ်ရှေ့မှာ ဆန်းစစ်ကြည့်မိတယ်။ ဘဝရဲ့ စုံလင်တဲ့အရောင်အသွေးတွေဟာ ရောင်စုံမှန်ချပ်စီပန်းချီကားတစ်ချပ်လို လှပ၊ ဆန်းကြယ်၊ ထိတ်လန့်၊ အံ့ဩ၊ နှစ်သက်၊ မြတ်နိုး၊ ရွံရှာစက်ဆုတ်၊ ပီတိဖြစ်ဖွယ် စသည်ဖြင့် စုံလင်ရ။ ဒါပေမယ့် အဲဒါတွေအားလုံးဟာ တဖန်ပြန်လည်ပီပြင်ပါသေးရဲ့လား။ ကိုယ်လုံးပေါ်မှန်တစ်ချပ်ရှေ့မှာ ရပ်ကြည့်စမ်းပါ့။ ဟိုတစ်ကွက်၊ သည်တစ်ကွက် အပိုင်းပိုင်းအစစ။ ခင်ဗျားလည်း အပြည့်အစုံမမြင်နိုင်၊ ကျနော်လည်း အပြည့်အဝ မစုံလင်။ ထူးကဲအာရုံစိုက်မိတဲ့ နှစ်သက်ရာအပိုင်းအစ တစ်ခုစီမှာသာ စိတ်ဟာ ကျက်စားရ။ အပိုင်းအစငယ်လေးတွေကိုသာ ပြန်လည်တွဲစပ်ရ၊ ခန့်မှန်းတွက်ဆမြင်ယောင်ရ။ သေချာတာကတော့ ကြည့်မှန်ထဲကအရာဟာ ကြည့်သူပဲ။ သို့သော် ... တစ်စစီ။ "

22/04/2025

📌 collected
Artist - Wunna Aung
Title - Blow it Away, UR Dream will Follow (2018)
Size - 36x54 inch
Medium - Acrylic on Canvas
ဒီပုံကလည်း ၂၀၁၈ မန္တလေး dream land gallery မှာလုပ်တဲ့ Upside Down ပွဲတုန်းက လက်ရာပါ။ visual အရတော့ ကလေးတွေရဲ့ ရိုးသားသန့်စင်တဲ့ ငယ်ဘဝက ကစားနည်းလေးတစ်ခုကိုသရုပ်ဖော်ခြင်းပါပဲ။ ဆပ်ပြာပူပေါင်းတွေမှုတ်ပြီးကစားနည်းပေါ့။ အဖိုးအနည်းဆုံး၊ ကိုယ့်လက်တစ်ကမ်းမှာ အနီးဆုံး၊ ပြုလုပ်ရတာအလွယ်ဆုံးနဲ့ ကလေးငယ်ဘဝမှာ ပျော်ရွှင်မှုအရဆုံး ကစားနည်းပါပဲ။ ကလေးဘဝမှာတော့ ဆပ်ပြာပူပေါင်းတွေဟာ အလှပဆုံး မျှော်လင့်ချက်တွေပါပဲ။ ရောင်စုံလွင့်ပျံ။ ဒါပေမယ့်လေ ဆပ်ပြာပူပေါင်းတွေဟာ ခဏလေးနဲ့ လွင့်ပျံပေါက်ကွဲ။ မျှော်လင့်ချက်လှလှတွေဟာလည်း ဆပ်ပြာပူဖေါင်းတွေပါပဲ။ စိတ်ကူးထဲမှာတော့ အရာရာကိုမျှော်လင့်ထားလို့ ရပါတယ်။ စိတ်ကူးထဲမှာ ချိုးငှက်ကလေးဖြစ်ချင်ရင်လည်း ရပါတယ်။ တေးဆိုငှက်ကလေးဖြစ်ချင်ရင်လည်း ရနိုင်ပါတယ်။ ဒါပေမယ့် ဆပ်ပြာပူဖောင်းရဲ့ သက်တမ်းအတိုင်းပေါ့လေ၊ ခုမြင် ခုပျောက်။ သောကတွေ၊ အခက်အခဲတွေကြားကနေ သက်ပြင်းတွေချလိုက်ရင်လည်း ဆပ်ပြာပူဖေါင်းတွေကိုမှုတ်ထုတ်လိုက်သလိုပါပဲ။ ဒီပုံထဲက ကလေးငယ်ကတော့ ဆပ်ပြာပူဖေါင်းတွေကို ဆက်မှုတ်ထုတ်နေတုန်းပဲ။ ချိုးငှက်ကလေးတွေအဖြစ်။ ဒါပေမယ့် ဆပ်ပြာရည်တွေထည့်ထားတဲ့ ခွက်ကတော့ ဟန်းကောချိုင့် (hankou weapon lunch box) ဖြစ်နေတာလေးတစ်ခုပါပဲ။ တွင်းဆုံးကျ ဒုက္ခတွေကြားက တိုးထွက်လာရတဲ့ ဆပ်ပြာပူပေါင်းချိုးငှက်လေးပါ။
ဒီလက်ရာကို ၂၀၁၉ singapore မှာလုပ်တဲ့ S.E.A focus မှာ ထပ်ပြဖြစ်တယ်။ collector တစ်ဦးက စုဆောင်းသွားပါတယ်။

17/03/2025

making Jackie! (2019)
to complete artwork n artist note \\ https://www.facebook.com/share/p/12HWx9ucxF2/

12/02/2025

🔴 collected
title - BARma (2023)
artist - Wunna Aung
dimension - 29x41cm
medium - gouache on paper
အနယ်နယ်အရပ်ရပ်မှာ ဆိုးဆိုးဝါးဝါးအဖြစ်တွေကြုံအပြီးကာလအတွင်း ဒီလက်ရာကိုဖန်တီးဖြစ်ခဲ့တယ်။ မိတ်ဆွေတို့လည်း သိနေ ကြားနေ မြင်နေကြမှာပါပဲ။ နေသာလို့မရတဲ့အရပ်ကသူတွေရှိနေသလို နေသာနေသေးကြတဲ့သူတွေကလည်း အများကြီးပဲ။ လူဆိုတာ ကိုယ့်လက်ထဲက မီးခဲသာလျှင် အပူဆုံးလို့ပြောတတ်ကြတာကိုး။ ကိုယ်ကတော့ တစ်ဖက်ခြံမှာနာရေးရှိရင် ကိုယ့်ဖက်ခြံက လေချွန်သံတောင်မထွက်စေသင့်ဘူးလို့ မြင်ပါတယ်။ တစ်ဖက်က မြူးကြွတေးသံ၊ တစ်ဖက်က ဗျိုင်းတောင်ဆိုတာမျိုးကို ကြုံတွေ့ဖန်များတဲ့အခါ ဒီလက်ရာကိုဖန်တီးဖြစ်ခဲ့တာပဲ။ အတွေးကို ပုံဖေါ်ဖြစ်တဲ့အခါ အနီးစပ်ဆုံးတိုက်ရိုက်ထိမယ့်ပုံရိပ်၊ အရိုးဆုံး သရုပ်ဖေါ်ချက်တို့ကိုပဲ ရွေးချယ်ခဲ့တယ်။ title ကိုလည်း စကားလုံးတွေကို ကုလားဖန်ထိုးခဲ့တယ်။ အရွယ်ကလည်းခပ်သေးသေးပဲဆိုတော့ ပေါ့ပေါ့ပါးပါး gouache နဲ့ပဲရေးဖြစ်တယ်။ ပုံကတော့ ရယ်ရွှင်ဖွယ်ပါပဲ။ နာကြင်မှုအပြည့်နဲ့ ရယ်ရွှင်ဖွယ်ပဲပေါ့။ cheer!

Photos from Studio eainmon's post 16/01/2025

📌 ALERT
📌 SALE
📢 လိုရင်းကိုပဲ အရင်ပြောပါရစေ မိတ်ဆွေများ
print တွေ ရောင်းမလို့ပါ။ 😁
title _ three tails cat
artist_ wunna aung
8.3x11.7 inch, linocut print on paper, 2025.
ဒီလက်ရာကို ၂၀၂၄ ဒီဇင်ဘာထဲမှာ စ လုပ်ဖြစ်တယ်။ lino ချပ်တွေနဲ့ ဆော့ရင်း စိတ်ကူးပေါက်လာလို့ပါပဲ။ တစ်နှစ်လုံး အချိန်သိပ်မရခဲ့တာရယ်၊ ဘာညာနဲ့ လှည့်ပတ်နေရင်း ရေးဖြစ်တာတွေကလည်းတစ်စုတစ်စည်းတည်းမဟုတ်ပဲ ပွထနေတော့ ပြပွဲတစ်ခုစာ ရမနေဘူးဖြစ်နေတယ်။
ဆိုတော့ နှစ်တိုင်း ဇန်နဝါရီဆိုပွဲတစ်ခုခုလုပ်နေကျကို အချိန်မမီတော့ဘူး။ ဒါပေမယ့်လည်း တစ်ခုခုလို လုပ်ချင်လို့ ဒီလက်ရာလေးတွေကို limited print လုပ်ပြီး ရောင်းပါမယ်။
စုစုပေါင်း ၂၁ ချပ် ကိုယ်တိုင် ရိုက်ပါတယ်။ 1 #21 မှ 21 #21 အထိပါ။ ထုံးစံအတိုင်း 1 #21 က ကျွန်တော့် collection ပါ။ 2 #21 မှ 21 #21 အထိ အစဉ်အတိုင်း အခု ၂၀ ကို နှစ်သက်သူများ စုဆောင်းနိုင်ပါတယ်။
လက်ရာအားလုံးကို clairefontaine acid free paper 250/gsm ပေါ်မှာ ပုံနှိပ်ထားပြီး fiber frame တပ်ဆင်ပြီးဖြစ်ပါမယ်။ print လက်ရာပေါ်မှာ artist sign နဲ့ print version number အမှတ်အသား ကိုယ်စီရေးထိုးထားမှာဖြစ်ပါတယ်။ ပထမတော့ မိတ်ဆွေ ၂၀ ကို လက်ဆောင်ပေးမလို့ပဲ။ 😁 ဒါပေမယ့် တခါတလေ ဒီလိုလက်ရာလေးတွေ ပေါ့ပေါ့ပါးပါး ထပ်လုပ်ဖို့လည်း စိတ်ကူးထားလို့ ပေါ့ပေါ့ပါးပါးပဲ ရောင်းပါမယ်။ အလုပ်ရှုတ်ခံပြီး အပျော်ပေါ့။ 😁
📌 PRICE
အရေအတွက်ကန့်သတ်မူပွားပုံနှိပ်လက်ရာ တစ်ခုလျှင် 50000 MMK (ကျပ် ငါးသောင်း)ပါ။
ဒီအစီအစဉ်ရဲ့ ရလဒ်အပေါ်မူတည်ပြီး နောင် တခါတလေ အဲလို limited ပျော်စရာလက်ရာလေးတွေ ထပ်လုပ်ဖို့ စိတ်ကူးထားကြောင်းလည်း ရိုးရိုးပဲ ကြိုအသိပေးထားပါရစေ။ 😘
တကယ်ရောင်းတာပါ၊ ဒါပေမယ့် အပျော်ပေါ့ ♥️

03/01/2025

Title - Have Fun in Civil War (2023)
Artist - Wunna Aung
Size - 60x80 cm
Medium - Acrylic on Canvas
ဒီလက်ရာကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂ရက်နေ့မှာ အပြီးသတ်ဖန်တီးဖြစ်ခဲ့တာ မှတ်မိနေသေးတယ်။ ယခုလက်ရာအတွက် စိတ်ကူးပုံကြမ်းမှ လက်ရာအပြီးသတ်သည်အထိ ပြင်ဆင်ပေါင်းနှုတ် အချက်အလက်စု အချိန်ကိုက်စောင့်ပြီး‌ တည်ဆောက်ဖြစ်တဲ့ကာလ အချိန် ၂ နှစ်ကျော်လောက်ရှိခဲ့တာကိုလည်း အထူးသတိရနေမိတယ်။ တစ်ဦးနဲ့တစ်ဦး တိုက်ပွဲကြားမှာ ပျော်ပါစေ လို့ ဆက်လက်ဆုတောင်းကြပါဦး။ တံဆိပ်ခေါင်းတန်ဖိုးကျသင့်ငွေက နှစ်ဆယ့်ငါးပြား (တစ်မတ်စေ့ တစ်စေ့) သာပါ။ 🥺

17/10/2024

🟢 available for collect
- 51°19'45.8"N, 12°20'47.7"E
- Wunna Aung
- 60 cm x 80 cm, acrylic on canvas, 2022
ဒီနေရာဟာ Leipzig မှာ နောက်ဆုံးရေးဖြစ်တဲ့ sketch ကို ပြန်ရေးတာပဲ။ အထူးတလည်တော့ဘာအကြောင်းမှမရှိဘူး။ မနက်ဖြန်မနက် ပြန်တော့မယ်ဆိုတော့ အဲဒီည‌နေတစ်ခင်းလုံး စက်ဘီးတစ်စီးနဲ့ ဟိုရောက်ဒီရောက်လျှောက်သွားရင်း ဟာ ဒီနေရာလေး လှတယ်၊ ပုံရေးဦးမှပဲလို့ စိတ်ကူးပီးရေးခဲ့တာ။ စိတ်ထဲမှတ်မိတာတစ်ခုတော့ရှိတယ်၊ အဲဒီဒေသက တူးမြောင်းတွေ၊ တံတားတွေ များလွန်းတော့ အဲဒီတုန်းက sketch book ထဲမှာ အဲဒီလိုပုံတွေ သိသိသာသာများခဲ့တယ်ဆိုတာ။ ဒီနေရာလေးက Leipzig က ချစ်စရာနေရာလေးတစ်ခု Konneritzbrucke တံတား နေရာပါ။

Photos from Studio eainmon's post 04/10/2024

Artist - Wunna Aung
Title - Lost in Exchange (2019)
Size - 18 inch diameter (each) x 10 pieces
Medium - College n Acrylic on traditional
Bamboo Tray
ယခုလက်ရာကို ၂၀၁၉ ခုနှစ်၊ ပြည်မြို့ youth center မှာပြုလုပ်တဲ့ The Erosion ပွဲမှာ ပြသခဲ့ပါတယ်။
ကျနော်တို့ဟာ သမိုင်းဦးပေါ်စကတည်းက ကုန်ပစ္စည်းတွေကိုလဲလှယ်အသုံးပြုခဲ့ကြတယ်။ ကုန်စည်ချင်းလဲလှယ်ရာကနေ တန်ဖိုးအစားထိုးပစ္စည်းတွေ၊ အဲဒီကတဆင့်ငွေကြေးတန်ဖိုးသတ်မှတ်ချက်တွေကိုသုံးစွဲလာခဲ့ကြတယ်။ ကျနော်တို့ဟာ ကိုယ်စီ တစ်ခုခုကိုထုတ်လုပ်ပြီး တန်ဖိုးတစ်ခုခုနဲ့အသွင်ပြောင်းလဲလှယ်လိုက်ကြတယ်။ ကုန်ပစ္စည်းတွေကို တန်ဖိုးတွေအဖြစ်ဖလှယ်လိုက်ကြတယ်။ အဲဒီအခါတွေတိုင်းမှာ မူလကုန်ပစ္စည်းတွေရဲ့ အနက်အဓိပ္ပာယ်တွေဟာလည်း ပြောင်းလဲသွားကြရမှာမှာပါပဲ။ ကိုယ်တွေအရပ်မှာလည်း ဒီလို ကုန်စည်ဖလှယ်မှုမှာကြားခံအဖြစ် AD ၂ ရာစုလောက်က စလို့ ပျူဒဂ်ါး‌ေတွနဲ့ စတင်ခဲ့ဖူးတယ်။ နောက် ကိုယ့်ထီးကိုယ့်နန်းခေတ်ကရတနာပုံဒေါင်းဒဂ်ါး၊ လွတ်လပ်ရေးရအပြီးဆိုရှယ်လစ်ခေတ်၊ မဆလ လမ်းစဉ်ပါတီခေတ်၊ နဝတခေတ်အထိ အဲဒီလိုဒဂ်ါး၊ အကြွေစေ့တွေနဲ့ ဖလှယ်ခဲ့ကြရတယ်။ လက်တွေ့လည်းဖလှယ်သုံးစွဲနိုင်ခဲ့ကြတယ်။
ဒီလက်ရာအတွက် ရိုးရာဝါးဈေးဗန်းတွေကိုအဓိကသုံးထားတယ်။ အဲဒီအပေါ်ကမှ ကျနော်တို့ရဲ့လက်တကမ်းဈေးဆိုင်လေးတွေမှာ အလွယ်တကူဝယ်ယူရရှိနိုင်တဲ့ ကုန်စည်တွေရဲ့ ထုပ်ပိုးခွံ packaging paper တွေ college လုပ်ပြီးမှ acrylic နဲ့ထပ်မံဖန်တီးခဲ့တာဖြစ်တယ်။
လက်ရာအတွက် ခေတ်ကာလ ၅ ခုကိုပိုင်းခြားပြီး color theme ၅ခုခွဲခြားသတ်မှတ်ခဲ့တယ်။
အဲဒီ နဝတခေတ် အကြွေစေ့တွေနောက်ပိုင်းမှာတော့ အကြွေစေ့တွေဟာ မြန်မာ့ငွေကြေးစနစ်မှာ လက်တွေ့ အသုံးမဝင်ကြတော့ပါ။

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon