AD project management

AD project management

Share

A knowledge-sharing platform for project management by a certified PMP, PRINCE2 ​and MSP. Knowledge and tools for the project managers

09/12/2023

*** Project Life Cycle, Process - 1 ***

စီမံကိန်းတိုင်းစီမံကိန်းတိုင်းမှာ ဘယ်စီမံခန့်ခွဲမှုနည်းစနစ်ကိုပဲ သုံးသည်ဖြစ်စေ သတ်မှတ်ထားတဲ့ စီမံကိန်းအဆင့်တွေ၊ လုပ်ငန်းတွေ ရှိကြပါတယ်။ အခေါ်အဝေါ်တွေကတော့ အမျိုးမျိုးရှိပါတယ်။ Logframe approach ကိုသုံးတဲ့ NGO/INGO တွေက Project Cycle၊ PMBOKမှာကျ Project life cycle and process groups၊ PRINCE2 မှာကျတော့ Process၊ PMDProမှာကျတော့ Phases စသည်ဖြင့် အမျိုးမျိုးခေါ်ကြပါတယ်။

Logframe approach ကိုသုံးတဲ့ Project Cycle ကတော့ ရိုးရှင်းပါတယ်။ သူက Waterfall approach, Predictive approach မို့ ဒါပြီးရင် ဒါလုပ်၊ ဒါဖြစ်ရင် ဒါလုပ် ဆိုပြီး ဘောင်ထဲကနေ လုပ်ရတာပါ။ ဘာလုပ်မလဲ ဆိုတဲ့ စီမံကိန်းကို ရွေး (Project Identification)၊ ပြီးတော့ ဘယ်လိုလုပ်ကြမယ် ဆိုတာကို ပြင် (Design)၊ ပြီး တော့ စီမံကိန်းအကောင်အထည်ဖော် (Implementation)၊ အကောင်အထည်ဖော်နေစဉ်အတွင်း မှာ စောင့်ကြည့် (Monitoring)၊ အကဲဖြတ် (Evaluation)၊ လေ့လာသင်ယူ (Lessons Learned)၊ ပြီးတော့ လိုတာ ပြုပြင် (Adapt/improve/modify)ပြီးဆက်လက် အကောင်အထည်ဖော်၊ နောက်ဆုံး ပိတ်သိမ်း (Closure)ပါပဲ။

နောက်မှ PMBOKနဲ့ PRINCE2 life cycle တွေ Process တွေနဲ့ ပတ်သက်ပြီး မျှဝေပါ့မယ်၊

09/12/2023

*** Soft Skills for Project Managers - 2: Self-awareness ***

စီမံကိန်းမန်နေဂျာကောင်းတစ်ယောက်အတွက် မရှိမဖြစ်အလိုအပ်ဆုံး ကိုယ်ရည်ကိုယ်သွေးနဲ့ အရည်အချင်းတစ်ရပ်ကတော့ self awareness ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ်သိခြင်း ပါပဲ။

ကိုယ့်ကိုယ်ကိုယ်သိခြင်းလို့ ပြောလိုက်ရင် “ဟ… ငါ့ကိုယ်ငါ ငါသိတာပေါ့” ဆိုပြီး ထင်မိကြမှာပါ။ ဒီနေရာမှာ ပြောချင်တဲ့ “ကိုယ့်ကိုယ်ကိုယ် သိခြင်း” ဆိုတာက ကိုယ့်သိစိတ်ထဲမှာရှိနေတဲ့အသိ၊ မသိစိတ်ထဲမှာရှိနေတဲ့/ဖြစ်ချင်နေတဲ့ အသိတွေ၊ ခံစားချက်၊ ခံယူချက်တွေကို သိရှိနားလည်၊ လက်ခံကျင့်သုံးခြင်းကို ဆိုလိုတာပါ။ လူအများကို ပေါင်းသင်းဆက်ဆံ စီမံအုပ်ချုပ်ရမယ့် လူတစ်ယောက်အတွက်က သူများနဲ့ မပေါင်းခင်မှာ ကိုယ့်ကိုယ်ကိုယ် အရင်သိဖို့၊ နားလည်ထားဖို့ လိုပါတယ်။

ကိုယ်က ဘယ်နေရာမှာ အားနည်းတယ်၊ အားသာတယ်၊ တော်တယ် လိုချင်တာကဘာ၊ မသိစိတ်ထဲမှာ ဖြစ်ချင်၊ ရချင်၊ လိုချင်နေတာကဘာ၊ ကိုယ့်အပေါ်ကိုယ်ထားတဲ့ တန်ဖိုး စတာတွေကို ကောင်းကောင်းမသိဘဲ တခြားသူတွေကို သွားပြီးဆက်ဆံရင်၊ ပေါင်းသင်းရင် ထိရောက်တဲ့ ပေါင်းသင်းဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်ဖို့ မလွယ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ်မှာ မစီမံ၊ မခန့်ခွဲနိုင်ရင်၊ ကိုယ်ပေါင်းသင်းဆက်ဆံရတဲ့လူတွေကို ဘယ်လိုမှ စီမံခန့်ခွဲနိုင်မှာ မဟုတ်ပါဘူး။ Self awareness နည်းတဲ့ သူတွေက သူများပြောစကားအတိုင်းနားယောင်၊ သူများကို မထိန်းချုပ်နိုင်ဘဲ သူများဖြစ်စေချင်တဲ့အတိုင်းပဲ လိုက်လုပ်နေကြတာမို့ (ကပ်ဖားပြီးနေရာရအောင်နေကြရတာမို့) မန်နေဂျာကောင်းတစ်ယောက် မဖြစ်နိုင်ပါဘူး။

အချုပ်ပြန်ပြောရရင် .. Self awareness ကိုယ့်ကိုယ်ကိုယ်သိခြင်း ဆိုတာ
(၁) ကိုယ့်သိစိတ်ကိုယ်ရော၊ မသိစိတ်ကိုယ်ရော သေချာသိရှိနားလည်နိုင်ခြင်း။ Knowing your ownself and emotions
(၂) အဲဒီ သိစိတ်၊ မသိစိတ်နဲ့ ခံစားချက်တွေကို သေချာ စမ်းစစ်ပြီး စီမံခန့်ခွဲနိုင်ခြင်း Analysing, understanding and managing the emotions
(၃) ကိုယ့်ရဲ့အားသာချက်၊ အားနည်းချက်နဲ့ လုပ်ရပ်တွေကို ပြန်သုံးသပ်ပြီး ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ကွပ်ကဲနိုင်ခြင်း။ Self reflection and self regulation

အဲဒီ self awarenessမြင့်အောင် ဘယ်လိုလုပ်ရမလဲ။
(၁) ကိုယ့်ကိုယ်ကိုယ် သေသေချာချာ သိအောင်လုပ်ပါ။ ကောင်းကွက်၊ ဆိုးကွက်၊ အမှားတွေ အမှန်တွေကို မြင်အောင်ကြည့်ပါ။
(၂) ကိုယ့်မိတ်ဆွေအပေါင်းအသင်းပေါင်းစုံ၊ ရင်းရင်းနှီးနှီးပေါင်းသူကော အပေါ်ယံပေါင်းသူကော အပါအဝင် အားလုံးက ကိုယ့်ကိုယ် ဘယ်လိုထင်လဲ၊ ဘယ်လိုသုံးသပ်လဲ ဆိုတာ အမှန်အတိုင်း ပွင့်ပွင့်လင်းလင်း သိအောင်လုပ်ပါ။
(၃) ကိုယ်ဘာဖြစ်ချင်တာလဲ၊ ဘာကိုရချင်တာလဲ၊ ဘယ်ကိုသွားချင်တာလဲဆိုတာကိုလဲ သေချာသိအောင်လုပ်ပါ။
(၄) အထက်က သုံးချက်လုံးကို အတော်များများသိပြီး ကိုယ့်အပေါ် ရိုးရိုးသားသားဝေဖန်ပေး၊ နည်းပေးလမ်းပြလုပ်ပေးနိုင်မယ့်သူ Mentor တစ်ယောက်ရှာပြီး အကြံဉာဏ်ရယူပါ။

ကိုယ့်ကိုယ်ကိုယ်မှ သေချာမသိရင်တော့ သူများကို စီမံခန့်ခွဲဖို့မပြောနဲ့ သူများက ပြန်ပြီး စီမံခန့်ခွဲသွားတာပဲ ခံလိုက်ရမှာပါ။ Self awareness ကောင်းရင်တော့ ကိုယ့်ဆရာ၊ ကိုယ့်အလုပ်ရှင်ကိုတောင် Influence လုပ်ပြီး ပြန်ထိန်း၊ ပြန်ခိုင်းသွားလို့ရနိုင်တာမို့ Self Awareness သည် မန်နေဂျာတစ်ယောက်မှာ အရှိသင့်ဆုံး skillset တစ်ခုပါ။

PMBOK7 - 2.2.4.4၊ PMDPro 1.2.6

29/11/2023

*** Does PM need to be certified? ***

စီမံကိန်း မန်နေဂျာကောင်းတစ်ယောက် ဖြစ်ဖို့ အသိအမှတ်ပြုလက်မှတ်တစ်ခုခု ရှိထားဖို့လိုသလား မေးရင်တော့ အရိုးသားဆုံးဖြေရရင် လက်မှတ်ထက် အရည်အချင်းနဲ့ အတွေ့အကြုံရှိဖို့ ပိုလိုပါတယ်လို့ ဖြေရမှာပါ။ သို့သော် …

အဲဒီ သို့သော်ဆိုတာရဲ့နောက်မှာ ပြောစရာတွေက အများကြီးပါ။ ကျွန်တော်တို့ဖျားတဲ့ နာတဲ့အခါမှာ ဆေးကုဖို့ ဆရာဝန်ရွေးကြပြီ ဆိုပါစို့။ အရေးပေါ် သေရေးရှင်ရေးအခြေအနေဆိုရင် ဘယ်ဆေးခန်း၊ ဘယ်ဆရာဝန်၊ ဘယ်ကျန်းမာရေးမှူး၊ ဘယ်သူနာပြု၊ ဘာလက်မှတ်ရရယ်လို့ တွေးလေ့ မရှိပါဘူး။ ရွေးချယ်ခွင့်မှ မရှိတာကိုး။ အဆင်ပြေသလိုကုလိုက်ရတာပါပဲ၊ ဒါပေမယ့် အချိန်ရရင်၊ ရောဂါကလည်း အရေးပေါ်မဟုတ်ရင် လူနာရှင်အသိုင်းအဝိုင်းက ပညာတတ်ရင်တတ်သလောက်၊ ပိုက်ဆံရှိရင်ရှိသလောက်၊ အသိုင်းဝိုင်းကောင်းရင် ကောင်းသလောက် ဆရာဝန်ကောင်း ရှာတတ်ကြတာပါပဲ။ ဒီဆရာဝန်က လုပ်သက်ဘယ်လောက်ရှိပြီ၊ ဘယ်နိုင်ငံကနေ ဘာဘွဲ့ယူထားတာ၊ ဘယ်ဆေးရုံမှာ ထိုင်တာ၊ သူက ဘယ်နာမည်ကျော်တွေကို ကုပေးနေတယ် ဆိုတာတွေကစလို့ ဘယ်နိုင်ငံဆေးရုံကို သွားတက်ပါလား ဆိုတဲ့အထိ စဉ်းစားကြပါပြီ။

စီမံကိန်းမန်နေဂျာလောကမှာလည်း အတူတူပါပဲ။ မန်နေဂျာအတွေ့အကြုံရှိတဲ့ လူနှစ်ယောက် အလုပ်လျှောက်တဲ့အခါ၊ လုပ်သက်ကလည်း တူ၊ အရည်အချင်းကလည်း သူမသာ ကိုယ်မသာဆိုရင်တော့ ကြည့်ပါပြီ။ ဘာလက်မှတ်တွေရထားလဲ၊ ဘာတွေ certified ဖြစ်ထားလဲ။ သူလက်မှတ်ယူထားတဲ့ ကျောင်းနဲ့ အဖွဲ့အစည်းက စီမံကိန်းစီမံခန့်ခွဲမှုနယ်ပယ်မှာ နာမည်ရတဲ့ အဖွဲ့အစည်းမျိုး၊ ကျောင်းမျိုး ဟုတ်ရဲ့လား ဆိုတာတွေ ကြည့်ပါပြီ။ ဆိုတော့ အချုပ်ပြောရရင် လက်မှတ်လိုသလားဆိုတော့ မဖြစ်မနေရှိထားရမယ်ဆိုတဲ့ အခြေအနေမျိုး မဟုတ်ပါဘူး။ ဒါပေမယ့် ရှိထားရင် သူများနဲ့ယှဉ်တဲ့အခါ ကိုယ့်ဖက်က တစ်ပန်းသာပါလိမ့်မယ်။ ဒီ certification exam တွေအတွက် လေ့လာရတဲ့ အချိန်၊ ကုန်ရတဲ့ငွေ၊ စိုက်ထုတ်ရတဲ့ အားတွေက အကျိုးပြုပါလိမ့်မယ်။ ဒီ certification exam တွေ နိုင်ငံတကာက အသိအမှတ်ပြုနေတာဟာ သူတို့ရဲ့ ပညာရပ်ဆိုင်ရာ ဂုဏ်တွေ၊ ကျွမ်းကျင်မှုတွေကြောင့် ဆိုတော့ သူတို့တန်ဖိုးကလည်း မသေးပါဘူး။

ဘယ်လို Certification Exam တွေလည်း ဆိုရင် Waterfall, Hybrid နဲ့ Agile methods တွေအတွက်ဆို Project Management Institute ရဲ့ PMP, PgMP, PMI-ACP ရှိမယ်၊ Axelos ရဲ့ PRINCE2, PRINCE2 Agile, MSP, P3O ရှိမယ်။ Development and Humanitarian project တွေအတွက် အခြေခံ certificate တွေဆိုရင် PM4NGO ရဲ့ PMDPro ရှိပါမယ်။ အခုပြောထားတဲ့ ဟာတွေက စီမံကိန်းစီမံခန့်ခွဲမှုနဲ့ ဆိုင်တဲ့ UNအပါအဝင်အဖွဲ့အစည်းအများစု၊ စင်္ကာပူ၊ အမေရိကန်၊ ယူကေနဲ့ အီးယူနိုင်ငံ အများစုက ကုမ္ပဏီတွေက လက်ခံထားကြတဲ့ အသိအမှတ်ပြုလက်မှတ်ရ စာမေးပွဲတွေကိုပဲ ရွေးထုတ်ပြီး ပြောတာပါ။ တခြား certification exam တွေလည်း အများကြီး ရှိမှာပါ။

နောက် အလျဉ်းသင့်သလို အချိန်ယူပြီးတော့ စာမေးပွဲတစ်ခုချင်းစီနဲ့ ပြင်ဆင်ပုံ၊ လေ့လာပုံအကြောင်းကို မျှဝေသွားပါ့မယ်။

29/11/2023

*** Soft Skills for Project Managers - 1 ***

Soft skills ကို အမျိုးမျိုး မြန်မာမှုပြုပြီး ဘာသာပြန်ကြပါတယ်။ ကျစ်ကျစ်လစ်လစ်နဲ့ ထိရောက်တဲ့ အနီးစပ်ဆုံး မြန်မာဝေါဟာရကို ပြပါဆိုရင်တော့ “လူမှုဆက်ဆံရေး စွမ်းရည်” လို့ သုံးလို့ရမလားပဲ။

စီမံကိန်းတစ်ခုကို စီမံခန့်ခွဲနေတဲ့ စီမံကိန်းမန်နေဂျာကောင်းတစ်ယောက်ဖြစ်မဖြစ်၊ စီမံကိန်းကို အောင်မြင်ထိရောက်အောင်လုပ်နိုင်မလုပ်နိုင်ဆိုတာက ဒီမန်နေဂျာမှာ လူမှုဆက်ဆံရေးစွမ်းရည် ဘယ်လောက်ကောင်းမကောင်း ဆိုတာနဲ့ အတော်လေး ဆက်စပ်ပါတယ်။

လူမှုဆက်ဆံရေးစွမ်းရည်ကောင်းဖို့ဆိုတာကလည်း အတော့်ကို မလွယ်တဲ့ ကိစ္စပါ။ ပက်စီကုမ္ပဏီ CEO ရော်ဂျာပြောဖူးသလိုပါပဲ။ “The soft stuff is always harder than the hard stuff” “ပျော့ပြောင်းရတာက မာရတာထက်ခက်တယ်” တဲ့။ မန်နေဂျာတစ်ယောက် တော်တယ် တတ်တယ် လုပ်ငန်းကျွမ်းကျင်တယ်ဆိုတာက သူ့ရဲ့ ဆောက်လုပ်ရေး၊ ကွန်ပျူတာ၊ စိုက်ပျိုးရေး စတဲ့ နည်းပညာကျွမ်းကျင်မှုတွေ အပြင်၊ သူ့ကိုယ်ရည်ကိုယ်သွေး (Personality)၊ အကျင့်စရိုက် (Behavior) လူကဲခတ်နိုင်စွမ်းနဲ့ စိတ်ခံစားမှုကိုထိန်းချုပ်နိုင်စွမ်း (Emotional Intelligence) စတဲ့ Self awareness ရှိမှုတွေနဲ့အတူ ပေါင်းသင်းဆက်ဆံရေးစွမ်းရည် (Communication)၊ ဦးဆောင်နိုင်စွမ်း (Leadership)၊ အသင်းအဖွဲ့နဲ့ လုပ်နိုင်စွမ်း (Team building)၊ ဩဇာသက်ရောက်နိုင်စွမ်း (Influencing)၊ ဆုံးဖြတ်ချက်ချနိုင်စွမ်း (Decision making)၊ ယုံကြည်မှုတည်ဆောင်နိုင်စွမ်း (Trust building)၊ အရှုတ်တွေကိုရှင်းနိုင်စွမ်း (Conflict management)၊ ညှိနှိုင်းအဖြေရှာနိုင်စွမ်း (Negotiation)၊ အရိပ်သုံးပါးနဲ့ ပတ်ဝန်းကျင်ကို နားလည်နိုင်စွမ်း (Political and cultural awareness)၊ မိတ်ဖက်တွေနဲ့ ချိတ်ဆက်နိုင်စွမ်း (Networking) နဲ့ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေကို လိုသလို နည်းပေးလမ်းပြလုပ်ပေးနိုင်စွမ်း (Coaching and supervision) စတဲ့ လူမှုဆက်ဆံရေး စွမ်းဆောင်ရည်တွေ အထိုက်အလျောက် ပြည့်ဝနေမှ စီမံကိန်းမန်နေဂျာကောင်းတစ်ယောက် ဖြစ်မှာပါ၊

ဆိုတော့ စီမံကိန်းမန်နေဂျာ၊ စီမံကိန်းတစ်ခုခုရဲ့ အလည်အလတ်နဲ့ အကြီးတန်းဝန်ထမ်းရာထူးတွေအတွက် အလုပ်လျှောက်တဲ့ အခါတွေမှာ ကိုယ့်ကိုယ်ရေးရာဇဝင်မှာ လုပ်ငန်းအတွေ့အကြုံတွေရေးတဲ့အခါမျိုးများမှာ ဖြစ်ဖြစ်၊ အင်တာဗျူးဖြေတဲ့အခါ ဖြစ်ဖြစ် ကိုယ့် personalityနဲ့ behaviorကောင်းတွေပေါ်အောင် ကိုယ့်မှာရှိတဲ့ Emotional intelligence, leadership, communication, team building, influencing, decision making, trust building, conflict management, negotiation, political and cultural awareness, coaching and supervision စတဲ့ Soft skills တွေပေါ်အောင် ရေးပြနိုင်၊ ပြောပြနိုင်ကြဖို့လည်း အရေးကြီးပါတယ်။

28/11/2023

*** Adapting Methodologies for NGOs ***

Waterfall, Agile, Hybrid စသည်ဖြင့် စီမံကိန်းစီမံခန့်ခွဲမှုနည်းလမ်းတွေ ရှိတဲ့အနက်မှ ဘယ်နည်းက NGOတွေ ဖွံ့ဖြိုးရေးစီမံကိန်းတွေအတွက် အသုံးတည့်မလဲ မေးရင် အဖြေအတိအကျ မရှိပါဘူး။ နည်းလမ်းအားလုံးသုံးလို့ရပါတယ်၊ သင့်တော်ပါတယ်ပဲ ဖြေရမှာပါ။

ဒီအဖွဲ့အစည်းအများစု အသုံးပြုနေကြတဲ့နည်းက လမ်းရိုးဟောင်း Waterfall စနစ်ပါ။ သူ့စနစ်က ဘာပြီးရင်ဘာလုပ်မယ်ဆိုတဲ့ လုပ်ငန်းအဆင့်ဆင့်ကို ကြိုတင်သတ်မှတ်ပြီး စီမံကိန်းမစခင်ကတည်းက ဒီဇိုင်းချထားကြတာပါ။ သူ့ Logical frameworkနဲ့ Project Charter/Project Document တွေအရပဲ target ရောက်အောင် အကောင်အထည်ဖော်သွားကြလေ့ရှိတာပါ။ ဒါကြောင့် Agile နည်းလို တစ်ခုလုပ်လိုက်၊ ပြန်စစ်လိုက်၊ ပြန်ပြင်လိုက်၊ နောက်တစ်ခုထပ်လုပ်လိုက်နဲ့ ပတ်ဝန်းကျင်လိုအပ်ချက်အရ ပြင်လိုက်နဲ့ သွားတဲ့ စီမံခန့်ခွဲမှုနည်းလမ်းကို NGOတွေ ဖွံ့ဖြိုးရေးစီမံကိန်းတွေမှာ သုံးလေ့သိပ်မရှိပါဘူး။

သို့သော် ဖွံဖြိုးရေးလုပ်ငန်းတွေ၊ လူသားချင်းစာနာကယ်ဆယ်ရေးလုပ်ငန်းတွေမှာ မမြင်ရနိုင်တဲ့ အခက်အခဲ အတားဆီးတွေရှိတတ်တာမို့၊ အထူးသဖြင့် မတည်ငြိမ်တဲ့ နိုင်ငံရေး၊ စီးပွားရေး လူမှုရေးအခြေအနေတွေမှာ ဒီရလဒ်ရအောင်၊ ဒီ targetရောက်အောင် ဒါပြီးရင်ဒါလုပ်ဆိုတဲ့ waterfallစနစ်က စီမံခန့်ခွဲရခက်တာမို့ ပြုလွယ်ပြင်လွယ်ရှိတဲ့ Change driven ဖြစ်တဲ့ Risk Management ကိုလည်း သေချာလုပ်နိုင်မယ့် Hybrid approach က ပိုပြီး သင့်တော်မယ်ထင်ပါတယ်။

အရေးအကြီးဆုံးကတော့ ဘယ်စနစ်ကိုပဲ သုံးသုံး local contextနဲ့ local knowledge အရ localize အရင်လုပ်၊ adapt အရင်လုပ်ပြီးမှ သုံးဖို့ပါပဲ။

NGO ​တွေသုံးနိုင်တဲ့ စီမံခန့်ခွဲမှုနည်း​တွေကို PMDPro အဖွဲ့က​နေ ပြုစု​ပေးထားတာလည်း ရှိပါတယ်။ မြန်မာဘာသာနဲ့ PMDPro စီမံကိန်းစီမံခန့်ခွဲမှု စာအုပ်ကိုလည်း ကိုးကားနိုင်ပါတယ်။https://pm4ngos.org/download/132/myanmar/19367142/project-dpro-guide-myanmar-language.pdf

28/11/2023

*** PM frameworks ***

စီမံကိန်းဆိုတာက ရလဒ်တစ်ခုကို သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ အလုပ်အပ်တဲ့သူစိတ်တိုင်းကျ ပြီးစီးအောင်နဲ့ သူ့သတ်မှတ်ချက်နဲ့ ညီအောင်လုပ်ပေးနိုင်ရင် ရတာမို့ စီမံကိန်းစီမံခန့်ခွဲတဲ့ နည်းတွေကအမျိုးမျိုးပါ။

ကြက်သားကာလသားချက် ချက်တဲ့ စီမံကိန်းကိုပဲ နမူနာအနေနဲ့ သုံးရရင် လမ်းဟောင်းကြီးအတိုင်းပဲ ဈေးသွား၊ ပစ္စည်းဝယ်၊ ချက်၊ ကျွေးမွေး၊ ကောင်းမကောင်း ကြိုက်မကြိက်မေးတဲ့ (Waterfall / Predictive / Plan driven)နည်းနဲ့ ခေတ်ပေါ်နည်းတစ်မျိုးဖြစ်တဲ့ ကာလသားချက်စားချင်တဲ့သူကို ချက်ဖို့စိတ်ကူးကတည်းက ဗမာကြက်နဲ့စားချင်တာလား၊ CPလား၊ ဗူးသီးများများလား နဲနဲလား၊ ပင်စိမ်းလေးထည့်ဦးမလား၊ ဝိလေး ထည့်ချင်သေးလား၊ ညနေစာတင်လား၊ ညမနက် ချက်ရမလား၊ စသည်ဖြင့် သေချာမေးပြီးတော့မှ ဈေးသွား ဝယ်ခြမ်း။ ချက်နေတုန်းမှာလည်း ယောက်ျားရေ အပေါ့အငန်လေးမြည်းကြည့်ပါဦး၊ ရေထည့်တာ များသွားပလား ကြည့်ပါဦး၊ ကြက်သားနူးမနူး မြည်းပါဦးနဲ့ သူ့စိတ်ကြိုက် ကိုယ့်စိတ်ကြိုက် ညှိနှိုင်းပြီး လိုတိုးပိုလျော့လုပ်၊ အနှစ်ကလေးကို တစ်ဆင့်ချက်ပြီး ဟင်းအနံ့လေးကို မွှေးခိုင်းကြည့်၊ အသားလေးနှပ်ပြီး၊ နူးမနူးမြည်းခိုင်း၊ အပေါ့အငံမြည်းခိုင်းကြည့်၊ ဗူးသီးတုံးထားတာလေးတွေက အနေတော်မတော် ကြည့်ခိုင်း စသည်ဖြင့် ယောက်ျားကို အချိန်နဲ့အညီ သတင်းပို့ပြီး အစစအရာ သူ့စိတ်ကြိုက် တစ်ဆင့်ချင်း ချက်ကြွေးတဲ့ သူချစ်ခင်ဟင်းချက်နည်း (Agile) နဲ့ အဲဒီနှစ်နည်းကြားကနေ နှစ်ခုလုံးရောမွှေပြီးသုံးတဲ့ (Hybrid)နည်း ဆိုပြီး အလွယ်ဆုံးအနေနဲ့ သုံးမျိုးခွဲလို့ရပါတယ်။

လမ်းရိုး Waterfallနည်းရဲ့ အားသာချက်က ဟင်းတစ်ခွက်ချက်တာကို ကိုယ့်စိတ်ကူးနဲ့ကိုယ် တစ်ဆင့်ချင်းလုပ်သွားတာမို့ ချက်နေတုန်းမှာ ယောက်ျားကို အချိန်ပြည့် တိုင်ပင်နေစရာမလိုဘူးပေါ့။ ပြီးမှ မင့်ကြက်သားကြီးက နူးလည်းမနူးဘူး၊ အရသာလည်းမရှိဘူး ငါအပြင်ထွက်စားတော့မယ် ဆိုရင်လည်း ခံပေါ့။ ခေတ်ပေါ် Agile နည်းမှာတော့ တစ်ဆင့်ပြီးတစ်ဆင့် ယောက်ျားစိတ်ကြိုက်တိုင်ပင်၊ သူသဘောကျမှ လုပ်တာမို့ သူမကြိုက်တာတွေ့ရင် ချက်ချင်းပြင်နိုင်တော့ အမှားနည်းတာပေါ့။ သူ့စိတ်ကြိုက် ဖြစ်တာပေါ့။ ချက်နေတုန်း မီးပျက်ပြီး မီးသွေးမရှိရင်လည်း၊ ယောက်ျားရေ အခုလို မနူးမနပ်လေးပဲ အရင်စားလိုက်ရအောင်နော် ကျန်တာနောက်မှ စားတာပေါ့လို့ ပြောပြီး ကျက်သလောက်လေး အရင်ချော့ကျွေးလို့ရတာပေါ့။ နှစ်နည်းလုံးက သူ့အားသာချက် အားနည်းချက်နဲ့သူပါ။

ဆောက်လုပ်ရေးလုပ်ငန်းတွေ အားလုံးနည်းပါးက Waterfallလို့ခေါ်ပြီး plan driven လို့လည်း ခေါ်ကြတဲ့ နည်းကို သုံးကြပါတယ်။ အစိုးရစီမံကိန်း၊ ဖွံ့ဖြိုးရေးစီမံကိန်းအများစုလည်း waterfall နည်းပါပဲ။ Agile ကိုတော့ Computer softwareတွေ၊ Appတွေနဲ့ တခြား IT လုပ်ငန်းတွေ, product base, work package base နဲ့သွားလို့ရတဲ့ လုပ်ငန်းတွေ၊ မြန်မာနိုင်ငံလို မသေချာ၊ မရေရာမှုတွေများပြီး Risk အရမ်းများတဲ့ နေရာမျိုးတွေမှာလည်း မီးစင်ကြည့်ပြီး ကလို့ရအောင် Agile ဖြစ်ဖြစ် Hybrid ဖြစ်ဖြစ် တစ်နည်းနည်းနဲ့ သုံးတတ်ကြလေ့ ရှိပါတယ်။

28/11/2023

*** The PM ***

စီမံချက်၊ စီမံကိန်း … စီမံကိန်းမန်နေဂျာ စတဲ့ စကားလုံးတွေက ကြားနေကြ နားယဉ်ပြီးသားစကားလုံးတွေပါ။ တကယ်တော့ အဲဒီစီမံချက်၊ စီမံကိန်း တွေဆိုတာတွေကလည်း ရင်းနှီးပြီးသားတွေပါ။ မွေးကတည်းကနေ သေတဲ့ အထိ လူတိုင်းလုပ်နေကြတဲ့ အလုပ်တွေပါပဲ။

“ဒီနေ့ အိမ်ကဟာကြီးက ကြက်သားကာလသားချက်စားချင်လို့ ဈေးသွားပြီး ကြက်သားနဲ့ ဗူးသီးဝယ်၊ သေချာလေးချက်ကျွေးလိုက်ပါဦးမယ်”(Objective)ဆိုတဲ့ အိမ်ရှင်မတစ်ယောက်က “ကြက်သားကာလသားချက်ချက်ရေး”ဆိုတဲ့ စီမံကိန်းကြီးရဲ့ စီမံကိန်းမန်နေဂျာတစ်ယောက်ပါပဲ။ သူ့ မဟာစီမံကိန်းကြီး ဘယ်ကနေ စဖြစ်လည်းဆိုတော့ အိမ်ကဟာကြီးဆိုတဲ့ Customer / Client / Stakeholderကနေ ဒီနေ့ (Time) ကြက်သားကာလသားချက်လေး (Project Scope) စားချင်ပါတယ်ဆိုပြီး တောင်းဆိုလို့ ဈေးသွားပြီး ဘာဝယ်မယ် ညာဝယ်မယ် ဘယ်လိုချက်လိုက်မယ် ဆိုပြီး Plan ချ၊ အိမ်ကာဟာကြီးအပ်ထားတဲ့ ငွေလက်ကျန်လေးနဲ့ လောက်မလောက်ချိန် (Budget) ဈေးသွားပြီး လိုတာလေးတွေ (Tools)ကို လတ်မလတ်၊ ကောင်းမကောင်းရွေး (Quality)ပြီးဝယ် (Procurement)။ အိမ်ပြန်ရောက်တော့ အိမ်ရှင်မရဲ့အမေက သင်ပေးထားတဲ့ ချက်နည်း (Knowledge and skill)နဲ့ မြည်းလိုက်၊ လိုတိုးပိုလျှော့လုပ်လိုက် (Test)နဲ့ ချက်တော့ ကျက်သလိုလိုတော့ ရှိသွားတာပ။ ချက်နေတုန်းလည်း မီးပျက်ခဲ့သည်ရှိသော် ညနေစာမီ မနပ်မှာစိုးလို့ မီးသွေးအိတ်ကလေးကိုလည်း မျက်စောင်းကထိုးထားရသေး (Risk analysis and management) ဟိုလူကြီးကိုလည်း သူကြိုက်တာချက်နေတယ်နော် အပြင်ထွက်စားမယ်မကြံနဲ့လို့က လှမ်းဟောက်ရသေး (Stakeholder Management, Communication and Reporting)။ သူ့စိတ်ကြိုက် ချက်ကျွေးပြီးပြန်တော့လည်း သူစားဝင်မဝင်၊ ကောင်းမကောင်းက မေးရသေး (Satisfaction)၊ သူ့ဆီက “မိန်းမလက်ရာလေးက မိုက်တယ်ဟ”ဆိုတဲ့ feedback လေးလည်းကြားရော PM မကြီးလည်း ပီတိတွေနဲ့ အိုးဆေးခွက်ဆေးပြီး Project Closure လုပ်၊ နောက်နေ့ ဘာချက်ရမလဲဆိုပြီး စီမံကိန်းအသစ်တွေ စိတ်ကူးပါလေရော …

အဲဒါပါပဲ စီမံကိန်းနဲ့ စီမံကိန်းမန်နေဂျာဆိုတာ။ သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ ရတဲ့ပစ္စည်း၊ အချိန်၊ အကြံဉာဏ်၊ ငွေ၊ နည်းပညာတွေသုံးပြီး အလုပ်အပ်တဲ့သူ စိတ်တိုင်းကျအောင် သေချာလုပ်ပေး၊ သေချာပြောဆိုရှင်းပြဆက်ဆံပေးရတဲ့ အလုပ်တစ်မျိုးပါပဲ။

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon

Opening Hours

Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00