F O R

F O R

Share

F O R is one of gospel singer group in Myanmar, combine with three boys, formed at 2005. F O R relea

05/04/2026

ခရစ်တော်သည် ထမြောက်တော်မမူလျှင်၊ ငါတို့ ဟောပြောခြင်း၌ အကျိုးမရှိ။ သင်တို့ယုံကြည်ခြင်း၌လည်း အကျိုးမရှိ။-
၁ ကောရိန္သု 15:14

29/01/2026

ဘဝဆို တေးသွားတစ်ခုပါပဲ။
အနိမ့်အမြင့်သံစဥ်တွေထဲမှာ
သီချင်းတစ်ပုဒ်
လှလှပပ ပျံသန်းနေသလို
ဘဝရဲ့အတတ်အကျတွေမှာ
ပျော်ရွင်မှုတွေကို ခံစားပြီး
အခက်အခဲတွေဆီက
သင်ယူပါ။

27/01/2026

အကြိုက်ဆုံး သီချင်းကို
နားထောင်နေသလို
သံစဥ်လှိုင်းလေးတွေအတိုင်း
စီးမျောလွင့်ပါပြီး
စာသားတစ်လုံးခြင်းကို
အလေးအနက်ခံစားပြီး
ဘဝရဲ့ စိန်ခေါ်သံတွေကို
ရင်ဆိုင် တိုက်ခိုက်ရင်း
တည်ငြိမ်စွာ ဖြတ်သန်းလိုက်ပါ။

#သီချင်းနဲ့ဘဝ #သံစဥ်လက်နက် #ဘဝကိုထက်မြက်စေနေသောသီချင်းများ #အကြိုက်ဆုံးသီချင်း

27/01/2026

"ခန္ဓာ၊ စိတ်၊ ဝိညာဉ် သုံးပါးလုံး ကျန်းမာဖို့ ဂရုစိုက်ပါ။"

ခန္ဓာကိုယ် မကျန်းမာရင် ဘုရားသခင် ပေးထားတဲ့ တာဝန်တွေကို ကောင်းကောင်း မထမ်းဆောင်နိုင်ပါဘူး။ စိတ် မကျန်းမာရင် (ဥပမာ- စိုးရိမ်ပူပန်မှု များနေရင်) ခန္ဓာကိုယ်ပါ အားနည်းလာပြီး ဝိညာဉ်ရေးရာမှာလည်း အာရုံစိုက်ဖို့ ခက်ခဲလာပါတယ်။ ဝိညာဉ် မကျန်းမာရင် ကိုယ့်ဘဝရဲ့အလင်းရှင်နဲ့ ဝေးသွားပြီး စာတန်ထောက်ချောက်ထဲ ကျရောက်ပြီး ဘဝရဲ့ အဓိပ္ပာယ်နဲ့ ရည်ရွယ်ချက် ပျောက်ဆုံးပြီး စိတ်ဓာတ်ကျလွယ်တတ်ပါတယ်။

၁။ ခန္ဓာကိုယ် ကျန်းမာရေးကောင်းစေဖို့

သမ္မာကျမ်းစာက ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ကို ဘုရားသခင်ကိန်းဝပ်ရာ ဗိမာန်တော်အဖြစ် တန်ဖိုးထားဖို့ သွန်သင်ပါတယ်။

၁ ကော ၆း၁၉ မှာ "သင်တို့ကိုယ်ခန္ဓာသည် ဘုရားသခင် ပေးသနားတော်မူသော ဝိညာဉ်တော်တည်းဟူသော၊ သင်တို့အထဲ၌ ကျိန်းဝပ်၍ သန့်ရှင်းသော ဝိညာဉ်တော်၏ ဗိမာန်ဖြစ်ကြောင်းကိုလည်းကောင်း၊ မိမိတို့ကို မိမိတို့ မပိုင်ကြောင်းကိုလည်းကောင်း၊ မသိကြသလော။" လို့ ပြောထားတာကြောင့် ခန္ဓာကိုယ်ကို ဘေးဥပဒ်ဖြစ်စေမယ့် အရာများမှ ရှောင်ကြဉ်ရမှာဖြစ်ပါတယ်။ ဗိမာန်တော်ကို သေချာထိန်းသိမ်းကြပါစို့။

ကိုယ်ခန္ဓာကျန်းမာရေးအတွက် အစားအသောက်ဆင်ခြင်ရပါမယ်။ အစားအသောက် အလွန်အကျွံ စားခြင်းကို ရှောင်ပြီး ဘုရားသခင်ရဲ့ ဘုန်းတော်အတွက် စားသောက်ရန် တိုက်တွန်းထားပါသည်။

ကျန်းမာတဲ့ခန္ဓာဖြသ်ဖို့ တည်တောက်တဲ့အခါ နေ့စဥ်လမ်းလျှောက်ပေးခြင်း လေ့ကျင်ခန်းလုပ်ခြင်းတွေ ပါဝင်ပါတယ်။ ကိုယ်ဝါသနာပါတဲ့အားကစားကိုလဲ ပုံမှန် အချိန်ပေးပြီး လုပ်ပေးသင့်ပါတယ်။

၂။ စိတ်နှလုံး ကျန်းမာရေးကောင်းစေဖို့

စိတ်၏ ကျန်းမာခြင်းသည် ရုပ်ပိုင်းဆိုင်ရာကိုပါ အကျိုးသက်ရောက်စေပါတယ်။

ဒါကြောင့်စိတ်ကို ရွင်လန်းအောင်ထားရပါမယ်။ "စိတ်ရွှင်လန်းခြင်းသည် ကျန်းမာစေတတ်၏။ စိတ်ပျက်ခြင်းမူကား၊ အရိုးတို့ကို သွေ့ခြောက်စေတတ်၏။ (သုတ္တံ 17:22)"

ပြီးတော့ စိုးရိမ်ခြင်းကို ဖယ်ရှားရပါမယ်။ "သင်တို့ကိုသတိနှင့် ကြည့်ရှုတော်မူသောကြောင့်၊ သင်တို့၌ စိုးရိမ်ခြင်းအမှုရှိသမျှတို့ကို ကိုယ်တော်၌ အပ်နှံကြလော့။ (၁ ရှင်ပေတရု 5:7)"

နောက်ဆုံးအနေနဲ့ အတွေးအခေါ်ကို ထိန်းချုပ်ထားပြီး ကောင်းတဲ့အရာ၊ ချီးမွမ်းစရာကောင်းတဲ့အရာ၊ သမ္မာတရားနဲ့ ဆိုင်တဲ့ အရာတွေကိုပဲ စိတ်ထဲမှာ ဆင်ခြင်ဖို့ လိုအပ်ပါတယ်။ (ဖိလိပ္ပိ ၄:၈)

စိတ်ချမ်းသာဖို့ ဘဝကို ပေါပေါ့ပါးပါးနေပါ။ ဒါပေမယ့် ပေါ့ပေါ့ဆဆတော့မနေမိပါစေနဲ့။

၃။ ဝိညာဉ်ရေးရာ ကျန်းမာရေးကောင်းစေဖို့

ဝိညာဉ်ရေးရာ ကျန်းမာမှ ဘဝရဲ့ အခြေခံအုတ်မြစ် ခိုင်မာပါလိမ့်မယ်။ ဝိညာဉ်ရေးရာ ကျန်းမာဖို့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို အမြဲ ဖတ်ရှုရပါမယ်။ "လူသည် မုန့်အားဖြင့်သာ အသက်ကို မွေးရသည်မဟုတ်။ ဘုရားသခင် မိန့်တော်မူသမျှသော စကားအားဖြင့် အသက်ကို မွေးရမည်" (မဿဲ ၄:၄)။

ဒီလိုပဲ ဆုတောင်းခြင်းကို လုံးဝမေ့ထားလို့မရပါဘူး။ ဘုရားသခင်နဲ့ အမြဲတမ်း ဆက်သွယ်နေခြင်းက ဝိညာဉ်ရေးရာ ခွန်အားကို ရရှိစေပါတယ်။ ဒါဆိုရင် ဝိညာဥ်ခွန်အားတိုးပွါးလာပြီး ယုံကြည်ခြင်းနဲ့ အသက်တာကို လျှောက်လှမ်းနိုင်လာပါလိမ့်မယ်။ကိုယ်တော်ရဲ့ လမ်းပြမှုကို ယုံကြည်ကိုးစားခြင်းက ဝိညာဉ်ကို ငြိမ်သက်ခြင်း ပေးပါတယ်။

ဝိညာဥ်ရေးကျန်းမာနေတဲ့သူတစ်ယောက်ဟာ ဘုရားအလိုတော်အတိုင်းပဲ ပြုမူအသက်ရှင်ပါတယ်။ ပျောက်ဆုံးဝိညာဥ်များအတွက် ကြီးမားတဲ့ ဝန်တာရှိပါတယ်။ သာသနာတော်အတွက် တတ်စွမ်းသမျှပါဝင်ပါတယ်။

မိတ်ဆွေ သင်နဲ့ကျွန်တော့်ကို ခရစ်တော်ရဲ့အသွေးနဲ့ရင်းပြီး တန်ဖိုးကြီးကြီးနဲ့ ဝယ်ထားလို့၊ ဘုရားသခင်ပိုင်တော်မူတဲ့ ကျွန်တော်တို့ရဲ့ ကိုယ်ခန္ဓာနဲ့ စိတ်ဝိညာဉ်အားဖြင့် ဘုရားသခင် ဂုဏ်တော်ကို ထင်ရှားစေကြပါစို့။ (၁ ကောရိန္သု ၆း၂၀)

ငြိမ်သက်ခြင်း၏အရှင် ဘုရားသခင် ကိုယ်တော်တိုင်လည်း၊ သင်တို့ကို အကုန်အစင် သန့်ရှင်းစေတော်မူ ပါစေသော။ ငါတို့ သခင်ယေရှုခရစ်ကြွလာတော်မူသောအခါ၊ သင်တို့၏ ကိုယ်ခန္ဓာ၊ စိတ်၊ ဝိညာဉ်အပေါင်းကို အပြစ်တင်ခွင့်နှင့် ကင်းလွတ်စေခြင်းငှာ စောင့်မတော်မူပါစေသော။- (၁ သက်သာလောနိတ် 5:23)

ခန္ဓာ၊ စိတ်၊ ဝိညာဉ် သုံးပါးလုံး ကျန်းမာကြပါစေ။

27/01/2026

ဆုတောင်းပေးခြင်းဟာ ငွေတစ်ပြားမှ မကုန်ပေမဲ့ ကောင်းကင်ဘုံက တန်ခိုးတွေကို မြေကြီးပေါ် ဆွဲချနိုင်တဲ့ အကြီးမားဆုံးသော အလုပ်ဖြစ်ပါတယ်။

သင်ဟာ ဖျားနာသူ၊ အားငယ်သူ ဒါမှမဟုတ် အမှုတော်ဆောင်တွေအတွက် ဆုတောင်းပေးတဲ့အခါ၊ ဝိညာဉ်ရေးရာမှာ အလွန်အဖိုးတန်တဲ့ "နောက်ကွယ်က ပံ့ပိုးသူ" ဖြစ်လာပါတယ်။

ဆုတောင်းခြင်းအမှုဟာ ငွေကြေးကုန်ကျမှုမရှိပေမယ့် ခန္ဓာကိုယ်ရဲ့ အင်အားအသုံးပြုရပါတယ်။ အသံထွက်ပြီးဆုတောင်းတဲ့အချိန်ရှိသလို၊ တခါတလေ အားရပါးရအော်ဟစ်ပြီး ဆုတောင်းတဲ့အချိန်လဲရှိပါတယ်။ တခါတလေခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်ပြီး မောလို့ တိတ်ဆိတ်စွာ စိတ်နှလုံးသွန်မှောက်ပြီး ဆုတောင်းရတာရှိပါတယ်။ ဒါတွေဟာ ပျင်းရိသောသူများ မလုပ်ဆောင်နိုင်တဲ့အရာဖြစ်ပါတယ်။

ပျင်းရိသောသူတွေဟာ ဆုတောင်းခြင်းမှာတောင် အားနည်းကြပါတယ်။ ကိုယ်လုပ်ဆောင်နိုင်တဲ့အပိုင်းကို ကြိုးစားပြီးလုပ်ဆောင်တာဟာ နည်းလမ်းကျပါတယ်။ ဒီအထဲမှာ ငွေသုံးစရာ မလိုတဲ့ ဆုတောင်းခြင်းကလဲ ပါဝင်ပါတယ်။ ငွေကြေးအသုံးမပြုလို့ တန်ဖိုးနည်းသွားတဲ့အထဲမှာ ဆုတောင်းပေးခြင်းမပါဝင်ပါဘူး။

ဒီလို အခမဲ့ရတဲ့အခွင့်အရေးဖြစ်ပေမယ့် ဝိညာဥ်ရေးနဲ့ဆိုင်တဲ့ ကောင်းကြီးမင်္ဂလာတွေသယ်ဆောင်ပေးတဲ့ ကြီးမြတ်တဲ့အရာတစ်ခုကို သင်ဟာ ပေါ့ဆစွာ လက်လွှတ်ဆုံးရှုံး ခံသင့်ပါရဲ့လား။ ဝိညာဥ်ရေးဟာ ထာဝရနဲ့ စပ်ဆိုင်တဲ့အရာဖြစ်ပါတယ်။

ကျန်းမာရေးအတွက်ဆုတောင်းပေးတဲ့အခါ လူနာက ကျန်းမာသွားတယ်ဆိုရင် သူဟာ လောကမှာအသက်ရှင်တဲ့အချိန် ခံစားရတဲ့အကျိုးကျေးဇူးကို ခံစားရတာဖြစ်ပေမယ့် သင့်အတွက်တော့ ဘုရားဘုန်းတော်ထင်ရှားစေတဲ့အမှုအရာလုပ်ဆောင်လိုက်တာဖြစ်တဲ့အတွက် ကောင်းကင်နိုင်ငံမှာ ရမယ့်ဆုလဒ်က သင့်ကို စောင့်ကြိုနေမှာဖြစ်ပါတယ်။ တနည်းအားဖြင့်ပြောရမယ်ဆိုရင် သင့်ဆုတောင်းပေးခြင်းက ဘုရားသခင်ရှေ့မှာ မှတ်တမ်းဝင်သွားပြီး ဒါဟာ ထာဝရနဲ့ စပ်ဆိုင်တဲ့အရာတစ်ခုဖြစ်သွားတာပါ။

လောကမှာ ဘုရားသခင်ဟာ လူတွေ အလိုအပ်ဆုံးဖြစ်လေလေ အခမဲ့ပေးထားလေလေပါပဲ။ ရှူရှိုက်ရတဲ့ လေဟာ အချိန်နဲ့အမျှလိုအပ်နေလို့ အခမဲ့ရရှိပါတယ်။ ထာဝရအတွက် ကယ်တင်ခြင်းကို မရှိမဖြစ်လိုအပ်လို့ အခမဲ့ပေးထားပါတယ်။ ဒီလိုပဲ ဆုတောင်းခွင့်ကိုလဲ လူတိုင်းအတွက် အခမဲ့ပေးထားတာဖြစ်ပါတယ်။

ဘုရားသခင်ပေးထားတဲ့ အခမဲ့ဆိုတဲ့အရာတွေကို ဆင်ခြင်ရင်း အရမ်းတန်ဖိုးရှိတဲ့အရာတွေဆိုတာ နားလည်သဘောပေါက်မယ်ဆိုရင် ဘုရားအတွက် နောက်ထပ် ငွေကုန်စရာမလိုပဲ လုပ်ဆောင်လို့ရတာတွေကို သင်တွေ့မြင်လာပါလိမ့်မယ်။

25/01/2026

"ကိုယ့်ကိုယ်ကိုယ်လည်း တန်ဖိုးထား၊ သူတစ်ပါးကိုလည်း စာနာ - ဒါပေမဲ့ ဘယ်သူ့ကိုမှ မထိခိုက်စေနဲ့။"

20/01/2026

ဘုရားသခင်ရဲ့ မေတ္တာကို "အမြဲဆင်ခြင်ခြင်း" ဟာ ခရစ်ယာန်အသက်တာရဲ့ အဓိက လျှို့ဝှက်ချက်ပါပဲ။

ကျွန်တော်တို့ရဲ့ စိတ်နှလုံးဟာ အိမ်တစ်လုံးလိုဖြစ်ပြီး အဲဒီအိမ်ထဲမှာ ဘုရားသခင်ရဲ့ မေတ္တာအကြောင်းတွေပဲ ပြည့်နေမယ်ဆိုရင် စိုးရိမ်ခြင်း၊ ကြောက်ရွံ့ခြင်းနဲ့ အပြစ်သွေးဆောင်ခြင်းတွေက နေရာရမှာ မဟုတ်တော့ပါဘူး။

ဒါကြောင့် ဘုရားသခင်ရဲ့ မေတ္တာကို အမြဲဆင်ခြင်ခြင်းအားဖြင့် ရရှိမယ့် အကျိုးကျေးဇူးတွေကို ကျမ်းချက်များနဲ့ ခွန်အားပေးချင်ပါတယ်။

၁။ မေတ္တာတော်ကို ဆင်ခြင်ခြင်းက ကြောက်ရွံ့ခြင်းကို မောင်းထုတ်သည် (၁ ယော ၄း၁၈)

ဘဝမှာ စိုးရိမ်ခြင်းနဲ့ ကြောက်ရွံ့ခြင်းတွေ ဝင်လာတဲ့အခါ ဘုရားသခင် ကျွန်ုပ်တို့ကို ဘယ်လောက်ချစ်လဲဆိုတာ ပြန်တွေးလိုက်ရင် အဲဒီကြောက်ရွံ့မှုတွေ ပျောက်ကွယ်သွားပါတယ်။

ကိုယ်တော် ငါ့ကို ချစ်နေတာပဲ၊ ငါ့အတွက် အကောင်းဆုံး ပြင်ဆင်ပေးမှာပဲလို့ တွေးလိုက်တာနဲ့ စိတ်ထဲမှာ ချက်ချင်း ငြိမ်သက်သွားပါတယ်။

၂။ ကိုယ်တော့်မေတ္တာ၏ အတိမ်အနက်ကို သိမြင်ခြင်း (ဧဖက် ၃း၁၈-၁၉)

ကျွန်တော်တို့ဟာ ဘုရားမေတ္တာကို တစ်ခါတည်းနဲ့ အကုန်နားမလည်နိုင်ပါဘူး။ နေ့တိုင်း ဆင်ခြင်မှသာ ထိုမေတ္တာရဲ့ ကြီးမားပုံကို တဖြည်းဖြည်း ပိုသိလာမှာ ဖြစ်ပါတယ်။

နေ့စဉ် ဆင်ခြင်တဲ့အခါမှသာ ကိုယ်တော် ငါ့ကို ဒီလောက်တောင် သည်းခံခဲ့တာလား၊ ဒီလောက်တောင် လမ်းပြခဲ့တာလားဆိုတာ သိမြင်လာပြီး အသက်တာမှာ အားအသစ် ရလာမှာပါ။

၃။ ညဉ့်အခါ၌ပင် ကိုယ်တော့်မေတ္တာကို အောက်မေ့ခြင်း (ဆာလံ ၆၃း၆-၇)

ဆာလံဆရာ ဒါဝိဒ်ဟာ သူ့ရဲ့ ခက်ခဲတဲ့အချိန်တွေမှာ ဘုရားသခင်ရဲ့ ကောင်းမြတ်ခြင်းနဲ့ မေတ္တာကို ဆင်ခြင်ခြင်းအားဖြင့် ခွန်အားယူခဲ့ပါတယ်။

တစ်နေ့တာ ကုန်ဆုံးလို့ အိပ်ခါနီးမှာဖြစ်ဖြစ်၊ စိတ်ညစ်နေချိန်မှာဖြစ်ဖြစ် ကိုယ်တော့်မေတ္တာကို ဆင်ခြင်ခြင်းက ဝိညာဉ်အတွက် အားဆေးတစ်ခွက်ပါပဲ။

ဘုရားသခင်ရဲ့ မေတ္တာကို တကယ်သိတဲ့သူဟာ "ငါဆိုးလည်း ချစ်တာပဲ" ဆိုပြီး အခွင့်ကောင်းမယူဘဲ၊ "ဒီလောက်ချစ်တဲ့ ဘုရားကို ငါဘယ်လို စိတ်နာအောင် လုပ်ရက်မှာလဲ" ဆိုတဲ့ တုံ့ပြန်မှုမျိုးနဲ့ အသက်ရှင်ကြပါတယ်။ ဒါကို ဝိညာဉ်ရေးရာမှာ "အသက်တာ ပြောင်းလဲခြင်း" လို့ ခေါ်ပါတယ်။

၁။ အခွင့်ကောင်းမယူဘဲ အပြစ်ကို စွန့်လွှတ်ခြင်း (ရောမ ၆း၁-၂၊ ၆း၁၅)

ဘုရားသခင်က ကျေးဇူးတော်ကြီးမားလို့ ငါတို့ အပြစ်လုပ်ချင်သလောက် လုပ်လို့ရတယ်ဆိုတဲ့ အတွေးကို ရှင်ပေါလုက ပြင်းပြင်းထန်ထန် သတိပေးထားပါတယ်။

၂။ မေတ္တာတော်က သွေးဆောင်ခြင်း (၂ ကော ၅း၁၄-၁၅)

ဘုရားသခင်ရဲ့ မေတ္တာကို တကယ်ခံစားရတဲ့အခါ ကိုယ့်ကိုယ်ကိုယ်အတွက် မဟုတ်ဘဲ၊ ကိုယ့်အတွက် အသေခံတဲ့ ကိုယ်တော့်အတွက်ပဲ အသက်ရှင်ချင်စိတ် ပေါ်လာပါတယ်။

၃။ မေတ္တာရှိလျှင် နာခံခြင်းသည် အလိုအလျောက် ဖြစ်လာခြင်း (ယောဟန် ၁၄း၁၅)

သခင်ယေရှုက ဘုရားသခင်ကို ချစ်ခြင်းရဲ့ အကြီးမားဆုံး သက်သေဟာ "နာခံခြင်း" ဖြစ်တယ်လို့ မိန့်ဆိုခဲ့ပါတယ်။ ဆိုလိုတာက... ကြောက်လို့ စောင့်ရှောက်တာမဟုတ်ဘဲ၊ ချစ်လွန်းလို့ ကိုယ်တော်နှစ်သက်တာကိုပဲ လုပ်ချင်တာ ဖြစ်ပါတယ်။

၄။ အလင်း၏ သားသမီးကဲ့သို့ ကျင့်ဆောင်ခြင်း (ဧဖက် ၅း၈)

ဘုရားသခင်က ကျွန်တော်တို့ကို မှောင်မိုက်ထဲကနေ ခေါ်ထုတ်ခဲ့တာဟာ အလင်းထဲမှာ လျှောက်လှမ်းဖို့အတွက် ဖြစ်ပါတယ်။

ဘုရားမေတ္တာကို ဆင်ခြင်တဲ့အခါ ရရှိမယ့် လက်တွေ့အကျိုးကျေးဇူး (၃) ချက်

နောင်တရခြင်း

"ငါ့ရဲ့ အပြစ်တွေကြောင့် ကိုယ်တော် ဒီလောက်တောင် နာကျင်ခဲ့ရတာလား" ဆိုတဲ့ စိတ်နဲ့ အပြစ်ကို ရွံမုန်းလာပါတယ်။

ကျေးဇူးတော်ကို တုံ့ပြန်ခြင်း

ဘုရားသခင်က ကျွန်တော်တို့ကို ငရဲကနေ ကယ်တင်ရုံတင်မကဘဲ အကောင်းဆုံးတွေ ပေးချင်တဲ့အတွက်၊ ကိုယ်တော့်ကို ဝမ်းမြောက်စေမယ့် အသက်တာမျိုးနဲ့ပဲ ပြန်လည် ပေးဆပ်ချင်လာပါတယ်။

အသစ်သော ဖန်ဆင်းခြင်း

"ခရစ်တော်၌ ရှိသောသူသည် အသစ်ပြုပြင်သော သတ္တဝါဖြစ်၏" (၂ ကော ၅:၁၇) ဆိုတဲ့အတိုင်း အကျင့်ဟောင်းတွေကို စွန့်ပြီး ဘုရားသခင်နဲ့ တူအောင် ကြိုးစားလာပါတယ်။

လုံခြုံမှု

"ငါ့ကို ချစ်တဲ့သူက ဒီစကြာဝဠာကို ဖန်ဆင်းတဲ့အရှင်ပဲ" လို့ တွေးမိတဲ့အခါ ဘယ်လိုအခြေအနေမျိုးမှာမဆို စိတ်ချမှု ရလာပါတယ်။

အပြစ်ကို နိုင်ခြင်း

"ကိုယ်တော် ငါ့ကို ဒီလောက်ချစ်တာ၊ ငါ ကိုယ်တော့်စိတ်ကို မနာစေချင်ဘူး" ဆိုတဲ့ မေတ္တာတုံ့ပြန်မှုက အပြစ်ကို တားဆီးပေးတဲ့ အကောင်းဆုံး အကာအကွယ် ဖြစ်လာပါတယ်။

အလိုတော်၌ ပျော်မွေ့ခြင်း

ဘုရားသခင်က အကောင်းဆုံးပေးချင်မှန်း သိနေတဲ့အတွက် ကိုယ်တော့်စကား နားထောင်ရတာ ဝန်ထုပ်ဝန်ပိုး မဟုတ်တော့ဘဲ ပျော်စရာကြီး ဖြစ်လာပါတယ်။

မနက်မိုးလင်းတာနဲ့ "ဒီနေ့လည်း ဘုရားသခင် ငါ့ကို ချစ်နေတယ်" ဆိုတဲ့ အသိနဲ့ နိုးထပါ။ ညအိပ်ရာဝင်ရင်လည်း "ဒီနေ့တစ်နေ့လုံး ကိုယ်တော် ငါ့ကို မေတ္တာနဲ့ ထိန်းကျောင်းခဲ့တယ်" လို့ ဆင်ခြင်ပါ။ ဒီလို တွေးတောဆင်ခြင်ခြင်းက သင့်အသက်တာကို အမြဲစိမ်းလန်းနေစေမှာပါ။

"ထာဝရဘုရား၏ ကရုဏာတော်သည် အစဉ်အမြဲ တည်၏။" (ဆာလံ ၁၃၆:၁)

20/01/2026

သုတ္တံကျမ်းထဲမှ စီးပွါးရေးအတွက် သွန်သင်ချက်

သုတ္တံကျမ်းတွင် စီးပွားရေးလုပ်ကိုင်သူများအတွက် ရိုးသားမှု၊ ဝီရိယရှိမှုနှင့် ရေရှည်မျှော်တွေးမှု တို့အပေါ် အခြေခံထားသော ပညာရှိစကားပုံများစွာ ရှိပါသည်။
စီးပွားရေးနှင့် ပတ်သက်သည့် အဓိက သွန်သင်ချက်များကို ကဏ္ဍအလိုက် စုစည်းဖော်ပြပေးလိုက်ပါတယ်

၁။ ဝီရိယရှိခြင်းနှင့် အောင်မြင်မှု

လုပ်ငန်းအပေါ် စေတနာထား၍ ကြိုးစားသူသည် မြင့်မြတ်သောနေရာသို့ ရောက်လိမ့်မည်ဟု သွန်သင်ထားသည်။
* သုတ္တံကျမ်း ၂၂:၂၉ – "မိမိအမှု၌ စေ့စပ်သေချာသောသူကို သင်မြင်ဖူးသလော။ ထိုသူသည် သာမန်လူတို့ရှေ့၌ မနေရ၊ ရှင်ဘုရင်တို့ရှေ့၌ နေရလိမ့်မည်။"
* သုတ္တံကျမ်း ၁၀:၄ – "ပျင်းရိသောလက်နှင့် လုပ်သောသူသည် ဆင်းရဲတတ်၏။ ကြိုးစားသောသူ၏ လက်မူကား၊ ကြွယ်ဝစေတတ်၏။"

မိမိလုပ်ငန်းအပေါ် ကျွမ်းကျင်စေ့စပ်ပါက မြင့်မြတ်သောနေရာသို့ ရောက်ရှိမည် ဖြစ်သည်။

၂။ ရိုးသားဖြောင့်မတ်ခြင်း

စီးပွားရေးတွင် ကောက်ကျစ်ခြင်းထက် ရိုးသားခြင်းက ရေရှည်တည်မြဲသော ကောင်းချီးကို ပေးသည်။
* သုတ္တံကျမ်း ၁၁:၁ – "စဉ်းလဲသော ချိန်သီးကို ထာဝရဘုရား စက်ဆုပ်တော်မူ၏။ မှန်ကန်သော အလေးကိုမူကား အားရနှစ်သက်တော်မူ၏။"
* သုတ္တံကျမ်း ၁၆:၈ – "မတရားသောနည်းဖြင့် ရသော စည်းစိမ်များခြင်းထက်၊ တရားသောနည်းဖြင့် ရသော စည်းစိမ်နည်းခြင်းသည် သာ၍ကောင်း၏။"
* သုတ္တံကျမ်း ၂၈:၂၀ – "သစ္စာရှိသောသူသည် အထူးသဖြင့် ကောင်းချီးမင်္ဂလာကို ခံရလိမ့်မည်။ ချမ်းသာခြင်းသို့ အလျင်အမြန် ရောက်လိုသောသူမူကား၊ အပြစ်မရှိဘဲမနေရ။"

ယနေ့ခေတ် စီးပွားရေးအရပြောရလျှင် ဝယ်ယူသူကို မလိမ်ညာရန်နှင့် တိကျမှန်ကန်စွာ ရောင်းဝယ်ရန် သတိပေးခြင်း ဖြစ်သည်။

၃။ ကြွေးမြီနှင့် အာမခံခြင်းဆိုင်ရာ သတိပေးချက်

ငွေကြေးစီမံခန့်ခွဲမှုတွင် ကြွေးမြီကင်းစင်ရေးနှင့် အဆင်ခြင်မဲ့ အာမခံခြင်းကို ရှောင်ကြဉ်ရန် သတိပေးထားသည်။
* သုတ္တံကျမ်း ၂၂:၇ – "ငွေရတတ်သောသူသည် ဆင်းရဲသောသူကို အုပ်စိုးတတ်၏။ ချေးငှားသောသူသည်လည်း ချေးပေးသောသူ၏ ကျွန်ဖြစ်၏။"
* သုတ္တံကျမ်း ၆:၁-၂ – "ငါ့သား၊ သင်သည် အိမ်နီးချင်းအတွက် အာမခံခြင်းကိုပြု၍၊ တပါးအမျိုးသားအတွက် လက်ချင်းရိုက်မိလျှင်၊ မိမိနှုတ်ထွက်စကားအားဖြင့် ကျော့ကွင်း၌ မိလျက်ရှိ၏။"

သူတစ်ပါးအတွက် အာမခံလက်မှတ်ထိုးခြင်း၊ အာမခံပေးခြင်းတို့ကို ဆင်ခြင်ရန် သတိပေးထားသည်။

၄။ စီမံကိန်းချမှတ်ခြင်းနှင့် တိုင်ပင်ခြင်း

စီးပွားရေးလုပ်ငန်းများတွင် တစ်ဦးတည်း ဆုံးဖြတ်ခြင်းထက် အကြံပေးပညာရှိများနှင့် တိုင်ပင်ခြင်းကို အားပေးသည်။
* သုတ္တံကျမ်း ၂၁:၅ – "ကြိုးစားသောသူ၏ အကြံအစည်တို့သည် ကြွယ်ဝခြင်းသို့သာ ပို့ဆောင်တတ်၏။ အဆင်ခြင်မဲ့၍ အလောတကြီးလုပ်သောသူမူကား၊ ဆင်းရဲခြင်းသို့သာ ရောက်တတ်၏။"
* သုတ္တံကျမ်း ၁၅:၂၂ – "တိုင်ပင်ခြင်းမရှိလျှင် အကြံပျက်တတ်၏။ တိုင်ပင်သောသူ များလျှင်မူကား၊ အကြံထမြောက်တတ်၏။"

စီးပွားရေးတွင် စနစ်တကျ အစီအစဉ်ချခြင်းသည် အလောတကြီး လုပ်ဆောင်ခြင်းထက် ပိုမိုအောင်မြင်စေသည်ဟု ဆိုလိုသည်။

၅။ ရက်ရောခြင်းနှင့် အမြတ်အစွန်း

ပြန်လည်ပေးကမ်းခြင်းသည် စီးပွားရေးကို ဆုတ်ယုတ်စေသည်မဟုတ်ဘဲ ပိုမိုတိုးပွားစေသည်ဟု ဆိုသည်။
* သုတ္တံကျမ်း ၁၁:၂၄ – "ကြဲဖြန့်သော်လည်း တိုးပွားတတ်သောသူရှိ၏။ အလွန်စုသိမ်းသော်လည်း ဆင်းရဲခြင်းသို့ ရောက်တတ်သောသူရှိ၏။"
* သုတ္တံကျမ်း ၁၁:၂၅ – "စွန့်ကြဲတတ်သောသူသည် ကြွယ်ဝတတ်၏။ သူတပါးကို ရေလောင်းသောသူသည် မိမိလည်း ရေလောင်းခြင်းကို ခံရလိမ့်မည်။"

စီးပွားရေး အောင်မြင်လာလျှင် ပြန်လည်ပေးကမ်းခြင်းက ပိုမိုကောင်းချီးမင်္ဂလာ ခံစားရစေကြောင်း ဖော်ပြခြင်း ဖြစ်သည်။

သမ္မာကျမ်းစာ၏ စီးပွားရေးအမြင်မှာ "ဖြတ်လမ်းနည်းဖြင့် မြန်မြန်ချမ်းသာရန်" ထက် "ဖြောင့်မတ်စွာနှင့် ကြိုးစားအားထုတ်ကာ တဖြည်းဖြည်း တည်ဆောက်သွားခြင်း" ကို ပိုမိုအားပေးထားပါသည်။ "တည်ကြည်ခြင်း (Credibility)" နှင့် "ဝီရိယ (Discipline)" တို့သည် မည်သည့်ခေတ်ကာလတွင်မဆို အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအတွက် အခြေခံအုတ်မြစ်များ ဖြစ်ပါသည်။

26/12/2025

"မင်္ဂလာပါ... ဒီနေ့မှာ ခွန်အားရဖို့ ကျမ်းချက်လေးတစ်ခု ဝေမျှချင်ပါတယ်။ သခင်ယေရှုရဲ့ ကယ်တင်ခြင်းမေတ္တာကို ခံယူရရှိထားတဲ့ ကျွန်တော်တို့ဟာ အဲဒီမေတ္တာကို ပြန်လည်မျှဝေဖို့ တာဝန်ရှိပါတယ်။ ယော ၃:၁၆ ကို နှလုံးသွင်းပြီး ၁ ယော ၃:၁၆ ကို လက်တွေ့လုပ်ဆောင်ရင်း ဘုရားသခင်ရဲ့ ဘုန်းတော်ကို ထင်ရှားစေတဲ့သူ ဖြစ်ပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်။"

18/10/2025

သီချင်းသစ်တွေထွက်ရင်
နားထောင်ပေးပါအုံးဗျ။

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon