Myanmar One Consulting
မြန်မာ့သမိုင်းတွင်ပထမဆုံး Business Consulting, Dig
09/10/2017
ခရီးသွားဟန်လွှဲ စားသုံးသူတွေနဲ့ ဒစ်ဂျစ်တယ်ခေတ်မားကက်တင်း
+++++++++++++++++++++++++++++++++++++++
ကုမ္ပဏီ တစ်ခုဟာ သူရဲ့အဓိက အသက် သွေးကြော တစ်ခုဖြစ်တဲ့ Marketing နဲ့ Advertising လုပ်ငန်း လုပ်တဲ့အခါ ဘာမက်ဆေ့ခ်ျ ပေးမလဲ ဆိုတာထက် ဘယ်လို ပေးမလဲ ဆိုတဲ့ အချက်က ဒီနေ့အချိန်မှာ ခေါင်းခဲစရာ တစ်ခုဖြစ်လာခဲ့ ပါတယ်။ အရင်ကတော့ ကုမ္ပဏီ တစ်ခုဟာ သူရဲ့ကုန်ပစ္စည်း၊ ဒါမှမဟုတ် အမှတ် တံဆိပ်ကို Above The Line ဆိုတဲ့ သတင်းစာတွေ၊ ဂျာနယ်တွေ၊ ဘေလ်ဘုတ် တွေ၊ တီဗီအစီအစဉ်တွေမှာ ကဏ္ဍတစ်ခု ယူကာ ကြော်ငြာကြသလို Blow The Line ဆိုတဲ့ စားသုံးသူတွေဆီကို အရောက်ဆင်းပြီး ဆိုင်တွေက တစ်ဆင့်၊ ဒါမှ မဟုတ် Road-Show တွေက တစ်ဆင့် မိမိကုန်ပစ္စည်း၊ အမှတ် တံဆိပ်၊ ဒါမှမဟုတ် ဝန်ဆောင်မှုအတွက် ဆွဲဆောင်ကြပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံကို ပြည်ပဆက်သွယ်ရေး အော်ပရေတာတွေ ဝင်လာအပြီး အွန်လိုင်း အသုံးပြုမှု နှုန်းဟာ ၂၀၁၃ ခုနှစ်မှာ တစ်သန်းသာ ရှိခဲ့ရာက ၂၀၁၆ ခုနှစ် မှာတော့ ၃၆ သန်း ထိ များလာခဲ့ပါတယ်။ ဒီလိုဒစ်ဂျစ်တယ် ပေါ်မှာ လူဦးရေ သန်းဆယ်ချီပြီး ရှိလာတဲ့အခါ လုပ်ငန်းရှင်တွေ အတွက် ဒစ်ဂျစ်တယ်က မဖြစ်မနေ ထည့်သွင်း စဉ်းစားရမယ့် Communication Media ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် မိမိအမှတ် တံဆိပ်တစ်ခုကို ဘယ်လို ဒစ်ဂျစ်တယ်မှု ပြုမလဲဆိုတဲ့ အချက် စတင်ဖြစ်ပေါ် လာခဲ့ပါတယ်။ Above the Line တို့လို ဝန်ဆောင်မှုပေး နေတဲ့ မားကက်တင်း ကုမ္ပဏီတွေ ကိုယ်တိုင် မိမိအမှတ် တံဆိပ်ကို ဘယ်လို ဒစ်ဂျစ်တယ်မှု ပြုမလဲဆိုတာ စဉ်းစားလာကြရသလို မားကက်တင်း လုပ်တဲ့ Marketer တွေ ကိုယ်တိုင် ဒစ်ဂျစ်တယ် နည်းပညာကို နားလည် တတ်မြောက်ဖို့ ကြိုးစား လာကြရပါတယ်။ ဒါ့ပြင် ဒစ်ဂျစ်တယ် မားကက်တင်း အတွက် သီးသန့် ဝန်ဆောင်မှု ပေးဖို့ ကြိုးစားလာကြတဲ့ အေဂျင်စီတွေလည်း ပေါ်ပေါက်လာ ခဲ့ပါတယ်။
မြန်မာပြည်မှာ အွန်လိုင်း အသုံးပြုမှုနှုန်းက များတယ်ဆိုပေမဲ့ အများစုဟာ ဖေ့စ်ဘွတ်ခ်၊ ဗိုက်ဘာ၊ မက်စင်ဂျာတို့လို ဆိုရှယ်မီဒီယာ အပေါ်မှာပဲ ရှိနေကြတာ ဖြစ်ပါတယ်။ မြန်မာ နိုင်ငံမှာ အွန်လိုင်း အသုံးပြုမှု လူတစ်ဦးဟာ ပျှမ်းမျှတစ်ရက်မှာ ၂.၄ နာရီထိရှိပြီး အများစုဟာ ဖေ့စ်ဘွတ်ခ် ပေါ်မှာပဲ အချိန်ကုန်ကြတယ် လို့ စစ်တမ်းတချို့က ဆိုထားပါတယ်။ တခြား ဝက်ဘ်ပေ့ခ်ျ တစ်ခုရဲ့ လိပ်စာကို ကလစ် လုပ်လိုက်မိလို့ ဖေ့စ်ဘွတ်ခ်ရဲ့ အပြင်ဘက် ရောက်သွားမယ် ဆိုရင်တောင် ချက်ချင်း ပိတ်ပြီး ဖေ့စ်ဘွတ်ခ် ပေါ်ကိုပဲ ပြန်ဝင်လာကြတဲ့ အနေအထားဖြစ်ပါ တယ်။ အသုံးပြုသူဦးရေ ၁၇ သန်းနဲ့ သုံးစွဲမှု အများဆုံးဆိုတဲ့ အချက် ကလည်း ဖေ့စ်ဘွတ်ခ်က လုပ်ငန်းရှင်တွေရဲ့ အဓိက ပစ်မှတ် ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် ဖေ့စ်ဘွတ်ခ်ကနေ မိမိတို့ ကုန်ပစ္စည်း အမည်၊ အရည်သွေးနှင့် ဝန်ဆောင်မှု စတဲ့ အချက် တွေကို စားသုံးသူတွေ၊ ဒါမှမဟုတ် အခြားစီးပွားရေး ကုမ္ပဏီတွေ သိအောင်၊ ဒါမှမဟုတ် မိမိရဲ့ Activities တွေ CSR လုပ်ငန်းတွေ လူတွေ သိအောင် ကြိုးစား လာကြပါတယ်။
ဒီလိုကိုယ့်ရဲ့ အမှတ်တံဆိပ်၊ ဝန်ဆောင်မှုကို လူအများသိဖို့ ကြိုးစားတဲ့နေရာမှာ သတင်းစာ၊ ဂျာနယ် ပရိသတ်တွေဟာ စာစောင်တစ်ခုကို အချိန်ပေးပြီး ဖတ်ကြ သလို ဂျာနယ်ပရိသတ် အနေနဲ့လည်း တီဗီမှာလာတဲ့ အစီအစဉ် တစ်ခုကို အချိန်ပေးနိုင် ကြပေမဲ့ ဒစ်ဂျစ်တယ် မှာတော့ အမှတ်တံဆိပ် တစ်ခုအပေါ် အာရုံစူး စိုက် နိုင်မှုက အင်မတန် တိုတောင်းလှ တယ်လို့ မားကက်တင်း အသိုက်အဝန်းက ထောက်ပြကြပါတယ်။ ဥပမာ- တီဗီကြော်ငြာ တစ်ခုကို စက္ကန့် ၃၀ ကနေ တစ် မိနစ်၊ တစ်မိနစ်ခွဲထိ ဆွဲဆန့်လို့ရ နိုင်ပေမဲ့ ဒစ်ဂျစ်တယ် ခေတ်မှာတော့ စားသုံး သူတွေရဲ့ အမှတ်တံဆိပ်အပေါ် အာရုံစူး စိုက်နိုင်မှုက ငါးစက္ကန့် ကနေ ဆယ် စက္ကန့် အတွင်းမှာပဲ ရှိတယ်လို့ ဆိုပါတယ်။ ဒီလိုခရီးသွား ဟန်လွှဲဖြစ်လာတဲ့ စားသုံး သူတွေကို ကိုယ့်ရဲ့အမှတ် တံဆိပ်ရှေ့မှာ အချိန်ဘယ်လောက်ကြာကြာ ရှိနေမလဲ ဆိုတာက စိန်ခေါ်မှုတစ်ခု ဖြစ်လာခဲ့ပါတယ်။
"တီဗီဆိုရင် Mass Market ကိုသွားတယ်။ သူ့မှာရှိတဲ့ လုပ်ထုံးလုပ်နည်း တွေ ကတော့ ကျပ်တယ်။ ဆင်ဆာတင်ရတာ ရှိတယ်။ ဒါပေမဲ့ သူကအချိန် ယူနိုင် တယ်။ ဒစ်ဂျစ်တယ်က ဘာဖြစ်လဲဆိုတော့ ဒစ်ဂျစ်တယ်က မြန်ကိုမြန်ရမယ် မျိုး ဖြစ် လာတယ်" လို့ ဒေါ်လင်းလင်း တင်ထွန်းက ပြောပါတယ်။ ဒေါ်လင်းလင်းတင် ထွန်းဟာ မားကက်တင်းနဲ့ ပတ်သက်တဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေကို လုပ်ကိုင် လာတာ ဆယ်နှစ်ကြာပြီ ဖြစ်သလို Mango Marketing Service ရဲ့ မန်နေဂျင်း ဒါရိုက်တာ ဖြစ်ပါတယ်။ သူရဲ့ ဆယ်နှစ်တာ အတွေ့ အကြုံအရ မြန်ကိုမြန်ရမယ် ဆိုတဲ့ ဒစ်ဂျစ်တယ် ခေတ်မှာ အရင်ကရှိခဲ့တဲ့ စားသုံးသူတွေကို ဘာမက်ဆေ့ခ်ျ ပေး မလဲဆိုတဲ့ အချက်အပြင် ဒီမက်ဆေ့ခ်ျကို ဘယ်လိုပေးမလဲ ဆိုတဲ့ အချက်ကိုပါ မဖြစ်မနေ ထည့်သွင်း စဉ်းစားရမယ့် အချက် ဖြစ်ပေါ်လာတယ်လို့ ဆိုပါတယ်။ နိုင်ငံတကာမှာတော့ ဒစ်ဂျစ်တယ် မားကက်တင်းရဲ့ Activities အနေနဲ့ Content Automation ၊ Social Media Marketing ၊ E-mail direct marketing၊ Display Advertising ၊ Search Engine Optimization (SEO)၊ Search Engine Marketing (SEM) ၊ Influencer Marketing အစရှိသဖြင့် ရှိကြပါ တယ်။ ဒါ့ပြင် SMS (Short Message Service)? MMS (Multimedia Messaging Service) ၊Callback ၊On-hold mobile ring tones စတဲ့ အွန်လိုင်းနဲ့ ဆက်နွှယ်မှုမရှိတဲ့ ဒစ်ဂျစ်တယ် မားကက်တင်း ချန်နယ်တွေ လည်း ရှိပါတယ်။
မြန်မာနိုင်ငံ မှာတော့ ဒစ်ဂျစ်တယ် မားကက်တင်းကို ဆိုရှယ် မီဒီယာ မားကက် တင်းနဲ့ အဓိကလုပ် ဆောင်ကြပြီး အသုံးအများဆုံး ဆိုရှယ်မီဒီယာ ချန်နယ် ကတော့ ဖေ့စ်ဘွတ်ခ် ဖြစ်ပါတယ်။ ခုနောက်ပိုင်းမှာတော့ ဖေ့စ်ဘွတ်ခ်မှာပဲ ကိုယ့် ပေ့ခ်ျကနေ မဟုတ်ဘဲ Influencer တွေကတစ်ဆင့် ထိုးဖောက်တာ၊ နောက် Google Ad Words သုံးပြီး ဝက်ဘ်ဆိုက် အမျိုးမျိုးမှာ ကြော်ငြာထည့်တာ၊ Search Engine Optimisation (SEO)/Search Engine Marketing (SEM) တွေ သုံးကြတာတွေလည်း ရှိလာသလို အွန်လိုင်းအတွက် သီးသန့် ဗီဒီယိုလုပ်ပြီး ကြော်ငြာလာကြတာမျိုးလည်းများတယ်လို့ Amara Digital Marketing Agency တည်ထောင်သူ မချမ်းမြေ့ခိုင်က ထောက်ပြပါတယ်။ "မြန်မာပြည်မှာတော့ ရိုးပြီး အီသွားတဲ့အထိ ဖေ့စ်ဘွတ်ခ်ကိုပဲ အားပြုပြီးသုံး နေရတယ်။ အမြန်ဆုံးနဲ့ အထိ ရောက်ဆုံးကတော့ လောလောဆယ်ဆို Facebook နဲ့ Influencer နည်း လမ်း တွေပေါ့" လို့ မချမ်းမြေ့ခိုင်ပြောပါ တယ်။ အွန်လိုင်းယဉ်ကျေးမှုက ဖွံ့ဖြိုးစ မြန်မာ နိုင်ငံမှာတော့ နာမည်ကြီး Influencer တွေရဲ့ ဖေ့စ်ဘွတ်ခ်မှာ တင်လိုက်တဲ့ပို့စ် တစ်ခုက ပျမ်းမျှ Like ကထောင်သောင်းချီတယ်။ Click Through Rate လို့ခေါ် တဲ့ CTR ကလည်း အရင်နှစ်တွေထက် ကျလာတယ် ဆိုရင်တောင် ၆ ရာခိုင်နှုန်းကနေ ၁၄ ရာခိုင်နှုန်း ဝန်းကျင် ရှိသေးတော့ ဒီနေရာတွေ ပိုအားသာနေ ပါသေး တယ်။ ဆိုလိုတာက လူတစ်ရာမှာ အနည်းဆုံး ခြောက်ယောက် လောက်တော့ ကြော်ငြာကို ကလစ်လုပ်ကြည့် ကြပါတယ်။
"လက်ဝှေ့ ကလပ်ကို စကြော်ငြာတဲ့ အချိန်မှာဆိုရင် ရာနှုန်းပြည့်နီးပါး ဒစ်ဂျစ်တယ်မားကက် တင်းပဲ သုံးဖြစ်တယ်။ တခြား မားကက်တင်းတွေဖြစ်တဲ့ ဘေလ်ဘုတ် မထောင်ဘူး။ မဂ္ဂဇင်း တွေမှာလည်း မထည့်ဘူး။ နောက်ဆုံး ရန်ကုန် လမ်းညွှန်တို့၊ မန္တလေး လမ်းညွှန် တို့တောင် မထည့်ဘူး။ ဖေ့စ်ဘွတ်ခ် ပဲသုံးပါတယ်" လို့ Phoenix Lethwei Gym ရဲ့ ပူးတွဲတည် ထောင်သူ တစ်ဦးဖြစ်သူ ဒေါက်တာဖြိုး ကိုကိုနိုင်က ပြောပါတယ်။ ဖေ့စ်ဘွတ်ခ်မှာက မိမိ အမှတ်တံဆိပ်၊ ဒါမှမဟုတ် ဝန်ဆောင်မှုကို စားသုံးသူ အတော်အများရှေ့ကို ရောက်အောင် ပို့ပေးနိုင်သလို မိမိရည်ရွယ် ထားတဲ့ ပစ်မှတ်တွေ ရောက်အောင် Boost လုပ်လို့လည်းရတဲ့ အခွင့်အရေးတွေလည်း ရှိနေပါတယ်။ ကုန်ကျစရိတ်ကလည်း တစ်လမှာ အမေရိကန် ဒေါ်လာ ၅၀ လောက်သာ ကုန်ကျတဲ့အတွက် အလွန်သက်သာ တယ်လို့ပြောနိုင်ပါတယ်။ ဗိုက်ဘာမှာ မားကက်တင်း လုပ်တာလည်း ရှိပေမဲ့ စတစ်ကာ နဲ့သာ မားကက်တင်းလုပ်ရပြီး အကန့်အသတ် ဖြစ်နေတဲ့ အတွက်ကြောင့်လည်း သိပ်မဖြစ်ထွန်းပါဘူး။ ဒါ့ပြင် စားသောက် ဆိုင် လုပ်ငန်းတို့လို၊ ဖက်ရှင်နဲ့  ပတ်သက်တဲ့ လုပ်ငန်းတွေကလည်း အင်စတာ ဂရမ်လို နေရာမျိုးမှာ ကိုယ့်အမှတ် တံဆိပ်ကို တည် ဆောက်ဖို့ ကြိုးစားလာကြ တာတွေလည်း ရှိတယ်လို့ ထောက်ပြကြပါတယ်။ "အင်စတာဂရမ်ကိုလည်း လူသုံး များလာကြတယ်။ ဒါပေမဲ့ သုံးတာက လူငယ်တွေများနေသေးတယ်။
စားသောက် ဆိုင်တို့၊ ဖက်ရှင်ပိုင်းကကျ အင်စတာဂရမ်မှာ အကောင့်တွေ ဖွင့်လာတာ တွေရှိတယ်။ တဖြည်းဖြည်း နဲ့ ဖေ့စ်ဘွတ်ခ်ကနေ အင်စတာ ဂရမ်ကိုတော့ ကူး နေတယ်" လို့ Myanmar Web Solution က Head of Marketing Director မဆွေဆွေအောင် ပြောပါတယ်။ ဒစ်ဂျစ်တယ် ခေတ်မှာ ဒစ်ဂျစ်တယ် ပလက်ဖောင်းဟာ လုပ်ငန်းတိုင်းရဲ့ မဖြစ်မနေ ထည့်သွင်း စဉ်းစား ရမယ့် အချက်ဖြစ်လာပြီး ဒီထဲမှာ ဒစ်ဂျစ်တယ် မားကက်တင်း အတွက် ဖောဖောသီသီ အသုံးနိုင်ဆုံးနဲ့ ဒစ်ဂျစ်တယ် မားကက်တင်းကို အားအကိုးဆုံး ကတော့ Telecommunication ကုမ္ပဏီတွေ၊ ဖုန်းအမှတ် တံဆိပ်တွေ၊ အလှကုန်နဲ့ ပတ် သက်တဲ့ အမှတ်တံဆိပ်တွေနဲ့ FMCG (Fast Moving Consumer Goods) အမှတ် တံဆိပ်တွေ ဖြစ်ကြတယ်လို့ ဆိုကြပါတယ်။ စိတ်ဝင်စားစရာ ကောင်းတာက FMCG အမှတ်တံဆိပ် တစ်ခုက ဘယ်လောက်ပဲ အသစ်ဖြစ်ဖြစ် မားကက်တင်းနဲ့ ကြော်ငြာ အားကောင်းကောင်း သုံးပြီး ထိုးဖောက် နိုင်ရင် ဈေး ကွက်ဝေစု အထိုက်အလျောက်ရတယ်။ စားသုံးသူတွေ ကလည်း အွန်လိုင်းမှာ အသစ်တစ်ခုခုတွေ့ရင် စမ်းစားကြည့်၊ စမ်းသုံးကြည့် ချင်ကြတယ်" လို့ မချမ်းမြေ့ ခိုင်က ပြောပါတယ်။
ခရီးသွားနဲ့ဆိုင်တဲ့ လေကြောင်းလိုင်း တွေလည်း ဒစ်ဂျစ်တယ်နည်းနဲ့ ကိုယ့် အမှတ်တံဆိပ် တည်ဆောက်ဖို့ ကြိုးစား လာတာလည်း များလာခဲ့ပါတယ်။ အစပိုင်းမှာ ဒစ်ဂျစ်တယ် ပလက် ဖောင်းပေါ်ကို မရမက ဆွဲခေါ်ရတဲ့ အခြေအနေ တွေ ကနေ လက်ရှိအချိန်မှာတော့ လုပ်ငန်း ရှင် တွေ ကိုယ်တိုင်က မလုပ်မဖြစ် ဆောင် ရွက်ရမယ့် အချက်ဆိုတာ နားလည်လာကြပါ တယ်။ ဒါပေမဲ့ လုပ်ငန်းတိုင်းက ဒစ်ဂျစ်တယ် ပလက်ဖောင်းပေါ်ကိုပဲ လုံးဝယုံကြည်ပြီး လက်ခံ ထားကြတာတော့ မဟုတ်ပါဘူး။ နိုင်ငံတကာ အမှတ်တံဆိပ် အများစုကပဲ စနစ် တကျ လုပ်နေကြတာ များနေသေးပြီး ပြည်တွင်း အမှတ်တံဆိပ် တွေ ကတော့ ဒစ်ဂျစ် တယ် ပလက်ဖောင်းအတွက် ငွေသုံးရမှာ လက်တွန့်နေတာတွေလည်း ရှိပါတယ်။ ဒစ် ဂျစ်တယ် မားကက်တင်း အမည်ခံတချို့က သိပ်မထိရောက်တဲ့ နည်းလမ်း အလွဲ တွေ နမူနာပြထား တာ သိပ်ပြီး ထိထိရောက်ရောက် မလုပ်နိုင်သေးတဲ့ အပေါ် ယုံ ကြည်မှု နည်းနေတာရယ် စနစ်တကျ လုပ်တတ်တဲ့ အေဂျင်စီတွေ ကလည်း ပြည် တွင်း လုပ်ငန်းဆို သိပ်တွဲမလုပ်ချင် ကြတာတွေ လည်းရှိတယ်လို့ Marketer တချို့က ထောက်ပြပါတယ်။
ဒါ့ပြင် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတို့လိုမှာ ကြော်ငြာလိုက်ရင်၊ မားကက်တင်း လုပ်လိုက် ရင် မိမိအမှတ်တံဆိပ်ကို ကျောက်ထက်အက္ခရာ တင်သလို၊ ခိုင်မာ တယ်လို့ ယုံကြည်သူ ရှိသလို ပိုမိုကြီးမားတဲ့ အမှတ်တံဆိပ်ကို တည်ဆောက် လိုက်နိုင်တယ်ဆိုတဲ့ အယူ အဆလေး တွေလည်း ရှိကြပါသေးတယ်။ ဒါပေမဲ့ ဒစ်ဂျစ်တယ် မားကက်တင်းကို ချန်နယ် တစ်ခု အနေနဲ့တော့ စဉ်းစားကြပါတယ်။ "တီဗီက ဒစ်ဂျစ်တယ်ကို Support လုပ်တယ်။ ဒစ်ဂျစ်တယ်က တီဗီကြည့် အောင် Support လုပ်တယ် ဆိုတော့ ကိုယ့်ရဲ့ Audience က နှစ်ဖက်လုံးကို မလွတ် တော့ဘူး။ တစ်နေရာရာ ကိုတော့ သွားမှာပဲ ဆိုတာမျိုး စဉ်းစားလာရ တယ်" လို့ ဒေါ်လင်းလင်း တင်ထွန်းက ပြောပါတယ်။ ဒစ်ဂျစ်တယ်နည်းနဲ့ မား ကက်တင်း လုပ်တာဟာ ကုန်ကျစရိတ် နည်းပါးပြီး ထိရောက်မှု ရှိတယ်ဆိုပေမဲ့ တစ်ဖက်မှာလည်း မြန်မာနိုင်ငံမှာ Personal Data Assistant (PDA) မမြင် လိုက်ရဘဲ၊ ကွန်ပျူတာကို တွင်တွင် ကျယ်ကျယ် အသုံးမပြုလိုက်ရဘဲ လက်ထဲကို မိုဘိုင်းဖုန်းတွေ တန်း ရောက်လာတဲ့ အခါ နည်းပညာပိုင်းဆိုင်ရာမှာ Leapfrog ဖြစ်လွန်းခဲ့တယ်လို့ ပညာရှင်တွေက ထောက်ပြ ကြပါတယ်။ "A ကနေ Z ဆိုပြီး ဖြည်းဖြည်းချင်း တက်လာတာမဟုတ်တော့ ယှဉ်ပြိုင်မှု တွေက များတယ်။ ဖေ့စ် ဘွတ်ခ်မှာလည်း Content တွေက အများကြီးပဲ။ ကိုယ့်ရဲ့ Campaign ၊ ကိုယ့်ရဲ့ Content က ဘယ်လောက်ထိ လူတွေ စိတ်ဝင်စားပြီး တော့ သတင်းအချက် အလက် ပေးလဲ၊ ဖျော်ဖြေမှုတွေ ဖြစ်လဲဆိုတာ အရေးကြီးလာတယ်" လို့ ဒေါ်လင်းလင်းတင်ထွန်း ကပြောပါတယ်။
ဒီလိုစမတ် ဖုန်းပေါ် ရောက်လာတဲ့ သန်းဆယ်နဲ့ချီတဲ့ အသုံးပြုသူတွေအတွက် အင်တာနက် ဆိုတာ အရမ်းဘောင်ကျဉ်း သွားသလို တစ်ဖက်မှာလည်း Digital Marketer တွေ အတွက် က ဒီလိုအခြေ အနေမျိုးတွေမှာ စားသုံးသူတွေကို ဆွဲ ဆောင် နိုင်အောင် နည်းလမ်းတွေ ရှာကြံရတာ မျိုးတွေလည်း ရှိလာပါတယ်။ ဒီဟာတွေက နိုင်ငံတကာက ဒစ်ဂျစ်တယ် မား ကက်တင်း စာအုပ်တွေထဲလည်း မပါဘူး။ နိုင်ငံခြားသားတွေလည်း လာမသင်ပေး တတ် ဘူး။ ဒါမျိုးကို ထဲထဲဝင်ဝင် လုပ်လာတဲ့ သူတွေပဲ အတွေ့အကြုံက တစ်ဆင့် သင်ရတာ မျိုးပေါ့။ ဒီလိုအခက် အခဲတွေ ရှိပါတယ်" လို့ မချမ်းမြေ့ခိုင်က ပြောပါတယ်။ အများစုက ဖေ့စ်ဘွတ်ခ် ပေါ်မှာပဲ တည်မှီနေတာ ကြော်ငြာခ သက်သာနေတာတွေက အားသာချက်ဖြစ် သလို တစ်ဖက်မှာလည်း ကြော်ငြာခတွေ သက်သာလာတဲ့အတွက် ဖေ့စ်ဘွတ်ခ် ပေါ်မှာ ကြော်ငြာတွေ စုပြုံလာတဲ့အခါ Organic Reach တွေထိ ခိုက်လာနိုင် တယ်လို့ ထောက်ပြ ကြပါတယ်။ နည်းပညာအရရော၊ စီးပွားရေးအရရော ဖွံ့ဖြိုးပြီး နိုင်ငံစာရင်းမှာ ရပ်တည် နေတဲ့ စင်ကာပူလို နိုင်ငံမျိုးမှာတော့ တော်ရုံအွန်လိုင်း ကြော်ငြာ တွေကို ဂရုမစိုက်ကြ တော့ ဘူးလို့ မချမ်းမြေ့ခိုင်က သူလေ့လာမိ သလောက် ပြောပြပါတယ်။ သူတို့ဆီမှာ နာမည် အကြီးဆုံး Blogger က Facebook Post တစ်ခုကို ပျမ်းမျှ Like ငါးရာကနေ ခြောက်ရာပဲ ရတော့တဲ့ အခြေအနေထိဖြစ် ပါတယ်။ CTR ကလည်း ၁ ရာခိုင်နှုန်းနဲ့ အောက်ပဲရှိ တော့ လူတစ်ရာမှာ တစ်ယောက်နီးနီးပဲ ကြော်ငြာကို ကလစ်လုပ်ကြည့်တဲ့ သဘော ဖြစ်နေတယ် လို့ မချမ်းမြေ့ခိုင်က ပြောပါတယ်။
မြန်မာနိုင်ငံမှာလည်း တစ်နေ့ထက်တစ်နေ့ အွန်လိုင်းနဲ့ ပိုရင်းနှီးလာလို့ ကြော်ငြာ ခတွေ လက်ရှိထက် ဈေးကြီးလာ မယ်ဆိုရင် ဘယ်လိုရင်ဆိုင် မလဲဆိုတာ ပြင်ဆင် ထားသင့် တယ်လို့ ထောက်ပြကြပါ တယ်။ ဒါ့ပြင် ဖေ့စ်ဘွတ်ခ်ဆိုတဲ့ ပလက် ဖောင်း တစ်ခုပေါ်မှာပဲ မှီခိုနေရတာဟာ အဆိုပါ ပလက်ဖောင်းက လွဲလို့ ကြော်ငြာရှင် တွေရော၊ ကြော်ငြာ ထည့် ပေးတဲ့ သူတွေရော၊ အသုံးပြုသူတွေရော သုံးဖက်စလုံး အတွက် မကောင်း ဘူးလို့ ဆိုပါ တယ်။ "ကြော်ငြာ မထည့်ရင် Organic Reach မရသလောက် ဖြစ်သွားမယ့် အနေ အထား ကို အမှတ်တံ ဆိပ်တွေ အနေနဲ့ ခုကတည်းက ကြိုစဉ်းစား ထားသင့်တယ်။ နောက် တစ်ခါ လူတွေကို ဖေ့စ်ဘွတ်ခ်အပြင် ဘယ်လိုထုတ်မလဲ ဆိုတာ ရောပေါ့" လို့ မချမ်းမြေ့ ခိုင်ကပြော ပါတယ်။ မြန်မာနိုင်ငံမှာ အင်တာနက် အသုံးပြုခတွေက ဈေးပေါ လာပြီ ဆိုပေမဲ့ တခြားနိုင်ငံ တွေနဲ့ စာရင် အတော်အများ ဈေးကြီးနေသေးတယ်။ မိုဘိုင်း ဒေတာတွေတင် မဟုတ်ဘဲ အကန့်အသတ်မရှိ သုံးလို့ရတဲ့ အိမ်သုံး အင်တာနက် အသုံးပြုခတွေ ဈေးကျလာပြီး ပိုမြန် လာရင်တော့ စားသုံးသူတွေ အနေနဲ့ ကုန်ကျစရိတ် အတွက် ပူပင်စရာ မလိုဘဲ ဝက်ဘ် ဆိုက် တွေ၊ Youtube တွေ လိုက်ကြည့်တာမျိုး လုပ်လာကြမယ်ဆိုရင်တော့ ဒစ်ဂျစ်တယ် မားကက် တင်းက အခြေအနေတစ်မျိုး ဖြစ်သွားနိုင်တယ်လို့ မချမ်းမြေ့ခိုင်က မှတ်ချက်ပြု ပါတယ်။
"အဲဒီလိုအခြေအနေ ရောက်လာရင်တော့ ဒစ်ဂျစ်တယ် မားကက်တင်း အနေနဲ့လည်း ပိုပြီးဝေဝေဆာဆာ လုပ်နိုင်လာကြမယ် ထင်ပါတယ်။"
ရေးသူ - ညီသစ်
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon-Insein Road
Yangon