Myanmar Tourism Federation

Myanmar Tourism Federation

Share

Myanmar Tourism Federation, a umbrella of tourism related associations.

25/05/2026

■ ရုရှားရိုက်ကူးရေးအဖွဲ့၏ မြန်မာနိုင်ငံခရီးစဉ်အတွက် MTF နှင့် ညီနောင်အသင်းများ ညှိနှိုင်းဆွေးနွေး
21 May 2026 _____ Hybrid Meeting
မေလ သို့မဟုတ် ဇွန်လအတွင်း မြန်မာနိုင်ငံသို့ လာရောက်မည့် ရုရှားရိုက်ကူးရေးအဖွဲ့၏ ၄ ညအိပ် ၅ ရက် ခရီးစဉ်နှင့်ပတ်သက်၍ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ အကူအညီတောင်းခံလာမှုအပေါ် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (MTF) နှင့် ညီနောင်အသင်းများက အွန်လိုင်းစနစ်ဖြင့်ကျင်းပရာ အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ အလုပ်အမှုဆောင်များ၊ ညီနောင်အသင်းများမှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ရိုက်ကူးရေးအဖွဲ့အတွက် တည်ခိုနေထိုင်ရေး၊ ကျွမ်းကျင်ဧည့်လမ်းညွှန်များ စီစဉ်ပေးနိုင်ရေးနှင့် ကမ်းခြေဒေသများသို့ သွားရောက်ရိုက်ကူးနိုင်ရေးအတွက် လိုအပ်ချက်များကို အဓိကထား ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် ၄ ညအိပ် ၅ ရက် ခရီးစဉ်မှာ ရုရှားရိုက်ကူးရေးအဖွဲ့အတွက် အချိန်တိုလွန်းနေသဖြင့် ခရီးစဉ်ကို ပိုမိုပြည့်စုံစေရန် ရက်တိုးမြှင့် စီစဉ်သင့်ကြောင်းကိုလည်း တက်ရောက်လာသူများက အကြံပြုဆွေးနွေးခဲ့ကြပြီး အစည်းအဝေးအား နံနက် (၁၁:၀၀) နာရီတွင် ရုပ်သိမ်းခဲ့သည်။ See more on https://shorturl.at/ZTeje

Photos from Myanmar Tourism Federation's post 22/05/2026

■ Food & Beverage နှင့် HoReCa Myanmar 2026 ပြပွဲများအတွက် Silver Sea International Ltd. နှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်တို့ MOU လက်မှတ်ရေးထိုး
20 May 2026 _____ Inya Lake Hotel
Silver Sea International Ltd. မှ ကြီးမှူးကျင်းပမည့် (၄) ကြိမ်မြောက် မြန်မာ့စားသောက်ကုန်ဆိုင်ရာပြပွဲ (Food & Beverage Myanmar 2026) နှင့် ဟိုတယ်၊ စားသောက်ဆိုင်နှင့် ကဖီးလုပ်ငန်းဆိုင်ရာပြပွဲ (HoReCa Myanmar 2026) တို့အတွက် Supporting Organization အဖြစ် ပါဝင်ဆောင်ရွက်မည့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးပွဲကို ယမန်နေ့က ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ Inya Lake Hotel ၏ Grand Ballroom တွင် မွန်းလွဲ ၁:၀၀ နာရီ၌ အောင်မြင်စွာ ကျင်းပခဲ့သည်။
အခမ်းအနားအစီအစဉ်အရ Silver Sea International Ltd. မှ ပြပွဲများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီးနောက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် MOU လက်မှတ်ရေးထိုးခဲ့ကြသည်။ ထို့နောက် အဖွဲ့ချုပ်၏ ဒုတိယဥက္ကဋ္ဌမှ ဂုဏ်ပြုအမှာစကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ See more on https://shorturl.at/8MPLI

20/05/2026

■ ခရီးသွားကဏ္ဍ MSMEs လုပ်ငန်းများဆပ်ကော်မတီ၏ (၁/၂၀၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေး
19 May 2026 ____ Hybrid Meeting
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ခရီးသွားကဏ္ဍ MSMEs လုပ်ငန်းများဆပ်ကော်မတီ၏ (၁/၂၀၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် (၁၁) နာရီတွင် Hybrid စနစ်ဖြင့် ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ခရီးသွားလုပ်ငန်း MSMEs များအတွက် ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ် (Digital Payment) ကို ပိုမိုကျယ်ပြန့်စွာ အသုံးပြုနိုင်ရေး၊ ဘဏ်များမှတစ်ဆင့် ငွေကြေးထောက်ပံ့မှု (Financial Access) လွယ်ကူချောမွေ့စေရေးနှင့် လုပ်ငန်းလိုင်စင်ဆိုင်ရာ အခက်အခဲများကို လျော့ပါးဖြေရှင်းနိုင်ရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့ရေး မဟာဗျူဟာနှင့် MSME ဥပဒေသစ်များကို ချိတ်ဆက်အကောင်အထည်ဖော်နိုင်ရန် လုပ်ငန်းစဉ်များကိုလည်း ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအဖြစ် Innovation & Digitalization၊ Policy Coordination၊ Capacity Building နှင့် Stakeholder Engagement ဟူသည့် လုပ်ငန်းအဖွဲ့ (Working Groups) လေးခု ဖွဲ့စည်းသွားရန် အတည်ပြုခဲ့ကြပြီး ယင်းလုပ်ငန်းအဖွဲ့များမှတစ်ဆင့် ခရီးသွား MSMEs လုပ်ငန်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ မူဝါဒဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးနှင့် သက်ဆိုင်သူများအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် လာမည့် ဇွန်လ (၃) ရက်နေ့တွင် MTF ရုံး၌ “MSME Meet-up” စကားဝိုင်းကို ကျင်းပသွားရန် သတ်မှတ်ခဲ့ပြီး ယင်းစကားဝိုင်းမှတစ်ဆင့် လုပ်ငန်းရှင်များ၏ လိုအပ်ချက်များကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ချိတ်ဆက်ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ See more on https://shorturl.at/x5oPP

Photos from Myanmar Tourism Federation's post 18/05/2026

■ ပြိုင်ပွဲဝင် ၄၃၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ Yangon Heritage Night Run 2026 ကျင်းပ

ရန်ကုန်မြို့ရှိ ရှေးဟောင်းအမွေအနှစ် အဆောက်အအုံများကို မြှင့်တင်ရန်၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပြည်သူများအကြား ကျန်းမာရေးဆိုင်ရာ အားကစားလှုပ်ရှားမှုများ ပိုမိုတိုးတက်လာစေရန် ရည်ရွယ်၍ Yangon Heritage Night Run 2026 ပြိုင်ပွဲကို ၂၀၂၆ ခုနှစ် မေလ ၉ ရက်နေ့ ညနေ ၆ နာရီခွဲတွင် ရန်ကုန်မြို့တော်ခန်းမရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ Myanmar Tourism Federation၊ Elite11 နှင့် Youth Running Club Myanmar တို့ ပူးပေါင်းစီစဉ်ကျင်းပခြင်းဖြစ်သည်။

အခမ်းအနားသို့ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် အပြေးပြိုင်ပွဲဝင်များ တက်ရောက်ခဲ့ကြသည်။

ပြိုင်ပွဲတွင် ၁၅ ကီလိုမီတာနှင့် ၅ ကီလိုမီတာ ပွဲစဉ် နှစ်မျိုး ထည့်သွင်းကျင်းပခဲ့ပြီး ပြိုင်ပွဲဝင် စုစုပေါင်း ၄၃၅၀ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ထို့အပြင် နိုင်ငံခြားသား ပြိုင်ပွဲဝင် ၂၀၀ ခန့်လည်း ပါဝင်ခဲ့ကြောင်း သိရသည်။ အခမ်းအနားအတွင်း စင်တင်တေးဂီတဖျော်ဖြေမှုများလည်း ပါဝင်ခဲ့သည်။

ဆုကြေးငွေအဖြစ် ပထမဆုကို ကျပ်သိန်း ၃၀၊ ဒုတိယဆုကို ကျပ်သိန်း ၂၀ နှင့် တတိယဆုကို ကျပ်သိန်း ၁၀ ချီးမြှင့်ခဲ့ပြီး အမျိုးသား ၁၅ ဦးနှင့် အမျိုးသမီး ၁၅ ဦးတို့အား ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။ See more on https://shorturl.at/BKxRr

Photos from Myanmar Tourism Federation's post 12/05/2026

■ မြန်မာ့ခရီးသွားလုပ်ငန်းကို အိန္ဒိယစျေးကွက်တွင် မြှင့်တင်ရန် Aerionyx Global နှင့် MTF တို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး
8 May 2026 ______ Pan Pacific Yangon
မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကို အိန္ဒိယစျေးကွက်အတွင်း ပိုမိုကျယ်ပြန့်စွာ မြှင့်တင်နိုင်ရေးနှင့် မြန်မာနိုင်ငံအား အိန္ဒိယခရီးသွားများ စိတ်ဝင်စားသည့် ခရီးစဉ်ဒေသတစ်ခုအဖြစ် ဖော်ဆောင်နိုင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (MTF) နှင့် Aerionyx Global Representations တို့အကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ (MOU) ကို ၂၀၂၆ ခုနှစ်၊ မေလ ၈ ရက်နေ့တွင် Pan Pacific Yangon ဟိုတယ်ရှိ Ballroom 2 ၌ လက်မှတ်ရေးထိုးခဲ့ကြသည်။
အဆိုပါ MOU သည် နှစ်နှစ်သက်တမ်းရှိပြီး မြန်မာ့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်သွားမည့် သဘောတူညီချက်တစ်ရပ်ဖြစ်သည်။
သဘောတူညီချက်အရ Aerionyx Global သည် အိန္ဒိယစျေးကွက်အတွင်း MTF ၏ တရားဝင်ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး ခရီးသွားစျေးကွက်ဆိုင်ရာ သတင်းအချက်အလက်များနှင့် အလားအလာများကို ပံ့ပိုးပေးသွားမည်ဖြစ်သည်။ ထို့ပြင် တစ်နှစ်လျှင် အိန္ဒိယနိုင်ငံ၏ အဓိကမြို့ကြီး ၃ မြို့မှ ၅ မြို့အထိ Road Show များ ကျင်းပကာ မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများကို မိတ်ဆက်သွားမည်ဖြစ်သည်။
ထို့အပြင် ဒစ်ဂျစ်တယ်စျေးကွက်မြှင့်တင်ရေးလုပ်ငန်းများ၊ PR လုပ်ငန်းများ၊ ကျွမ်းကျင်မှုမြှင့်တင်ရေး သင်တန်းများနှင့် B2B တွေ့ဆုံပွဲများကိုလည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ MTF အနေဖြင့်လည်း ခရီးသွားဆိုင်ရာ အချက်အလက်များ၊ Branding လမ်းညွှန်ချက်များနှင့် မူဝါဒအပြောင်းအလဲများကို အချိန်နှင့်တစ်ပြေးညီ ပံ့ပိုးပေးသွားမည်ဖြစ်သည်။
ယခု ပူးပေါင်းဆောင်ရွက်မှုသည် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကို အိန္ဒိယစျေးကွက်တွင် ပိုမိုထင်ရှားလာစေရန်နှင့် ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် MOU လက်မှတ်ရေးထိုးပွဲအပြီးတွင် မြန်မာနှင့် အိန္ဒိယ ခရီးသွားလုပ်ငန်းရှင်များအကြား Business Matching အစီအစဉ်ကို ဆက်လက်ကျင်းပခဲ့ပြီး ခရီးသွားလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ၊ စျေးကွက်ချဲ့ထွင်ရေးနှင့် လုပ်ငန်းချိတ်ဆက်မှုများအပေါ် ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း သိရသည်။ See more on https://shorturl.at/S4SXr

Photos from Myanmar Tourism Federation's post 11/05/2026

■ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများ တက်ရောက်
9 May 2026 ____ Inya Lake Hotel, Yangon
အခမ်းအနားအစီအစဉ်အရ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌက ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်ပေါင်းများစွာ လက်တွဲဆောင်ရွက်ခဲ့ကြသည့် ပြည်ထောင်စုဝန်ကြီးအငြိမ်းစားများ၊ ဒုတိယဝန်ကြီးအငြိမ်းစားများနှင့် ညွှန်ကြားရေးမှူးချုပ်အငြိမ်းစားများအား ယနေ့ကဲ့သို့ တွေ့ဆုံရခြင်းမှာ အင်မတန်ကျက်သရေရှိသော နေ့တစ်နေ့ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာကြိုးပမ်းဆောင်ရွက်ခဲ့ကြသော်လည်း မျှော်မှန်းထားသလောက် တိုးတက်မှုမရရှိသေးကြောင်း၊ ယခင်က ခရီးသွားလုပ်ငန်းအတွက် ဦးဆောင်ကြိုးပမ်းခဲ့ကြသူများနှင့် ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးကာ အကြံဉာဏ်များ ရယူနိုင်ခြင်းအတွက် အလွန်ဝမ်းသာမိပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အာဆီယံနိုင်ငံများကဲ့သို့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်သည့် “Myanmar Tourism Master Plan (2023–2030)” ကို ခရီးသွားလုပ်ငန်း တတ်သိပညာရှင်များနှင့် ပူးပေါင်း၍ အချိန်မီ ရေးဆွဲတင်ပြခဲ့ပါကြောင်း၊ အာဆီယံနိုင်ငံများတွင် ခရီးသွားလုပ်ငန်းရန်ပုံငွေ ရရှိရေးအတွက် ဆောင်ရွက်နေကြသကဲ့သို့ မိမိနိုင်ငံတွင်လည်း ဆောင်ရွက်နိုင်ရေး အကြံပြုတင်ပြလိုပါကြောင်း၊ ထို့အပြင် ဝန်ကြီးဌာနဦးဆောင်မှုနှင့် ပုဂ္ဂလိကကဏ္ဍတို့ ထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် Tourism Board of Myanmar (TBM) ပေါ်ပေါက်လာစေရန် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ပေးစေလိုပါကြောင်း တင်ပြခဲ့သည်။
ဆက်လက်၍ ညီနောင်အသင်းအဖွဲ့များမှ တာဝန်ရှိသူများက ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများ၊ အသင်းအဖွဲ့လိုက် ဆောင်ရွက်နေမှုအခြေအနေများ၊ တွေ့ကြုံနေရသည့် အခက်အခဲများ၊ ကော်မတီများ ဖွဲ့စည်းဆောင်ရွက်နေမှုများ၊ ပြည်ပနိုင်ငံများမှ ခရီးသွားဈေးကွက်ရရှိရေးအတွက် ဈေးကွက်မြှင့်တင် ဆောင်ရွက်နေမှုများနှင့် ဆောင်ရွက်ပေးစေလိုသည့် ကိစ္စရပ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီး ရှင်းလင်းတင်ပြခဲ့ကြသည်။
ယင်းရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး အစည်းအဝေးကို မွန်းလွဲ ၁၂:၃၀ နာရီတွင် ရုပ်သိမ်းခဲ့သည်။ See more on https://shorturl.at/eK1qp

12/04/2026

၂၀၂၆ ခုနှစ်၊ နှစ်သစ်ကူး အခါသမယတွင် စိတ်ချမ်းသာ ကိုယ်ကျန်းမာ၍ လိုအင်ဆန္ဒများ ပြည့်ဝပါစေကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ဆုမွန်ကောင်းများ တောင်းအပ်ပါသည်။

Photos from Myanmar Tourism Federation's post 30/03/2026

■ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် စတုတ္ထအကြိမ် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေး ကျင်းပ
၂၈ မတ် ၂၀၂၆ —— Melia Yangon
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ စတုတ္ထအကြိမ် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ မတ်လ (၂၈) ရက်နေ့တွင် Melia Yangon ၌ ကျင်းပခဲ့ရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ရန်ကုန်တိုင်းတာဝန်ခံ ညွှန်ကြားရေးမှူး ဦးနန္ဒအောင်၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ၊ အစည်းအဝေးသဘာပတိဖြစ်သည့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ၊ အသင်းသားများနှင့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားအစီအစဉ်အရ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ရန်ကုန်တိုင်းတာဝန်ခံ ညွှန်ကြားရေးမှူး ဦးနန္ဒအောင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌမှလည်း အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် အစည်းအဝေးသဘာပတိဖြစ်သည့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌမှ အမှာစကား ပြောကြားရာတွင်—
အဖွဲ့ချုပ်အနေဖြင့် ၁၅ နှစ်သက်တမ်းအတွင်း ကိုဗစ်-၁၉ အပါအဝင် စိန်ခေါ်မှုများစွာ ကြုံတွေ့ခဲ့ရသော်လည်း ဌာနဆိုင်ရာများ၊ ညီနောင်အသင်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့မှုကြောင့် ယခုအခါ ခရီးသွားဧည့်သည် ဝင်ရောက်မှုအခြေအနေ ပြန်လည်တိုးတက်လာပြီဖြစ်ကြောင်း၊
မြန်မာနိုင်ငံကို နိုင်ငံတကာတွင် ပိုမိုသိရှိလာစေရန် ခရီးသွားပြပွဲများတွင် တက်ကြွစွာ ပါဝင်ခြင်း၊ အွန်လိုင်း Webinar များဖြင့် ဗဟုသုတမျှဝေခြင်းနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်တန်းများ စနစ်တကျ ဖွင့်လှစ်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း၊
လူမှုအကျိုးပြုလုပ်ငန်းများအနေဖြင့် မုန်တိုင်းဒဏ်သင့်ကျေးရွာများတွင် အိမ်ခြေ (၂၂) လုံး ပြန်လည်တည်ဆောက်ပေးခဲ့ပြီး၊ ငလျင်ဘေးသင့်ပြည်သူများအတွက် ကျပ်သိန်း (၅၀၀) ကျော် လှူဒါန်းနိုင်ခဲ့ကြောင်း၊
ယနေ့အစည်းအဝေး၏ အရေးကြီးသည့် အချက်တစ်ရပ်မှာ အသင်းသားများ၏ အခန်းကဏ္ဍကို ပိုမိုကျယ်ပြန့်စေရန် ၂၀၂၆ ခုနှစ် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း (မူကြမ်း) ကို အတည်ပြုခြင်းနှင့် “မြန်မာနိုင်ငံခရီးသွားလုပ်ငန်းမြှင့်တင်ရေးအဖွဲ့ (Tourism Board of Myanmar – TBM)” ကို အမြန်ဆုံး ဖွဲ့စည်းနိုင်ရန် အလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊
ထို့ပြင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ပင်မစီမံကိန်း (၂၀၂၆–၂၀၃၀) ကို အချောသတ်ရေးဆွဲသွားမည်ဖြစ်ပြီး ဒစ်ဂျစ်တယ်နည်းပညာများ အသုံးပြုကာ ဈေးကွက်မြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အထွေထွေအတွင်းရေးမှူးမှ ၂၀၂၅–၂၀၂၆ နှစ်ပတ်လည်အစီရင်ခံစာအား ဖတ်ကြားတင်ပြခဲ့ပြီး၊ ၎င်းနောက် ဧည့်သည်တော်များ၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် အသင်းသားများက အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
ဆက်လက်၍ ပြင်ပစာရင်းစစ် Royal Partners Audit Firm မှ စာရင်းစစ်အစီရင်ခံစာကို ဖတ်ကြားတင်သွင်းခဲ့ပြီး၊ ၂၀၂၅–၂၀၂၆ နှစ်ပတ်လည်အစီရင်ခံစာနှင့် ၂၀၂၄–၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် နှစ်ချုပ်ငွေစာရင်းရှင်းတမ်းကို အတည်ပြုခဲ့သည်။ ထို့အပြင် ၂၀၂၆ ခုနှစ် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း (မူကြမ်း) ကိုလည်း အတည်ပြုခဲ့ကြသည်။
အခမ်းအနားကို အဖွဲ့ချုပ်ဥက္ကဋ္ဌ၏ နိဂုံးချုပ်အမှာစကားဖြင့် ပိတ်သိမ်းခဲ့ပြီး၊ တက်ရောက်လာကြသူများအား နေ့လည်စာဖြင့် တည်ခင်းဧည့်ခံကာ အခမ်းအနားကို ပြီးဆုံးစေခဲ့သည်။ See more on https://shorturl.at/jRYzu

Photos from Myanmar Tourism Federation's post 21/03/2026

■ အဖွဲ့ချုပ်သို့ မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအသင်း (MHPA) ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ လာရောက်တွေ့ဆုံခြင်း
20 March 2026 ______ Hybrid Meeting
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (MTF) နှင့် မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအသင်း (MHPA) တို့ တွေ့ဆုံရာတွင် ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးလာစေရန်နှင့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်နိုင်ရန် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်မည်ဟု သဘောတူညီခဲ့ကြသည်။
တွေ့ဆုံပွဲတွင် MHPA အမှုဆောင်အဖွဲ့သစ်ကို မိတ်ဆက်ပြီး ရှေ့ဆက်လုပ်ငန်းစဉ်များ၊ တရားဝင်မှတ်ပုံတင်ရေးနှင့် လိုအပ်သည့် အကူအညီများကို ဆွေးနွေးခဲ့သည်။ MTF ဥက္ကဋ္ဌမှလည်း ခရီးသွားလုပ်ငန်း ပြန်လည်တည်ငြိမ်လာရေး၊ “Tourism Board” ဖွဲ့စည်းနိုင်ရေးနှင့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းမှု အားကောင်းစေရေးကို အလေးထားပြောကြားခဲ့သည်။
ထို့အပြင် မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍသည် GDP တွင် အလွန်နည်းပါးနေပြီး ထိုင်း၊ မလေးရှားတို့နှင့် နှိုင်းယှဉ်ပါက ခရီးသွားမြှင့်တင်ရေးဘတ်ဂျက် နည်းပါးနေသည့် အခက်အခဲကိုလည်း ထောက်ပြခဲ့သည်။
MHPA သည် အဖွဲ့ဝင် ၁၃၀ ကျော်ရှိသော အဖွဲ့အစည်းဖြစ်ပြီး လက်ရှိတွင် တရားဝင်မှတ်ပုံတင်ရေး ဆောင်ရွက်နေကာ အဖွဲ့ချုပ်ထံမှ ထောက်ခံချက်နှင့် ပံ့ပိုးမှု ကူအညီများ ရယူရန် ဆွေးနွေးခဲ့ကြပြီး မှတ်ပုံတင်ရေးတွင် ကြုံတွေ့ရသော အခက်အခဲများကိုလည်း အတွေ့အကြုံ ဖလှယ်ခဲ့ကြသည်။ အဆိုပါအစည်းအဝေးသို့ အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ တက်ရောက်ခဲ့ကြပြီး နိဂုံးချုပ်အားဖြင့် အဖွဲ့ချုပ် ဥက္ကဋ္ဌမှ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ညီနောင်အသင်းများ အားလုံး ပူးပေါင်းကြိုးပမ်းရန် တိုက်တွန်းခဲ့သည်။ See more on https://shorturl.at/jCMBI

18/03/2026

■ ဂေဟစနစ် ခရီးသွားလုပ်ငန်းအဖွဲ့ (Ecotourism Working Group) ၏ (၁/၂၀၂၆) ‌ လုပ်ငန်းညှိနှိုင်းအစည်းအဝေး
17 March 2026____ Virtual Meeting
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (MTF)၊ ဂေဟစနစ် ခရီးသွားလုပ်ငန်းအဖွဲ့၏ (၁/၂၀၂၆) အွန်လိုင်းအစည်းအဝေးကို မတ်လ ၁၇ ရက်၊ မွန်းလွဲ (၂း၃၀)တွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပပြီး မြန်မာ့ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဟာဗျူဟာနှင့် လက်တွေ့စီမံကိန်းများကို ဆွေးနွေးခဲ့သည်။ အစည်းအဝေးတွင် (၂၀၂၆–၂၀၃၀) ပင်မစီမံကိန်းနှင့်အညီ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဒေသခံများ အကျိုးခံစားနိုင်မည့် ခရီးသွားပုံစံများ ဖော်ဆောင်ရန် ရည်ရွယ်ထားကြောင်း တင်ပြခဲ့ပြီး မြန်မာနိုင်ငံကို အာဆီယံဒေသတွင်း သဘာဝအခြေခံခရီးသွားလုပ်ငန်း၏ စံပြနိုင်ငံအဖြစ် တိုးတက်စေရန် ရည်မှန်းထားသည်။ ထို့ပြင် သီအိုရီထက် လက်တွေ့ကျသော လုပ်ငန်းစဉ်များကို ဦးစားပေး ဆောင်ရွက်မည်ဖြစ်ပြီး အဖွဲ့ဝင်များသည် မိမိတို့ကျွမ်းကျင်ရာကဏ္ဍအလိုက် တာဝန်ယူ ဆောင်ရွက်ရန် သဘောတူခဲ့ကြသည်။
အဓိက ဆွေးနွေးခဲ့ကြသည့် ပင်လယ်ရေကြောင်း သဘာဝအခြေခံခရီးသွားလုပ်ငန်း (Marine Ecotourism)၊ ဒေသခံအခြေပြု ခရီးသွားလုပ်ငန်း (Community-based Tourism – CBT)၊ ဘေးမဲ့တောများနှင့် ထိန်းသိမ်းရေး နယ်မြေများရှိ ခရီးသွားလုပ်ငန်းများ ပါဝင်သည်။ ထို့ပြင် ရန်ကုန်မြို့နှင့် နီးကပ်သော တွံတေးဒေသသို့ လေ့လာရေး ခရီးစဉ်များ ဆောင်ရွက်ရန်နှင့် အင်းလေးဒေသတွင် Rotary အဖွဲ့နှင့် ပူးပေါင်း၍ လူထုအခြေပြု ခရီးသွားလုပ်ငန်း ဖော်ဆောင်ရန် အဖွဲ့ဝင်များက အကြံပြုခဲ့ကြသည်။ ငွေဆောင်ကမ်းခြေ သန့်ရှင်းရေး (Beach Clean-up) ကဲ့သို့သော လက်ရှိ ဆောင်ရွက်နေသည့် လုပ်ငန်းများကိုလည်း ပိုမို ထိရောက်စွာ ပူးပေါင်း ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြသည်။
လုပ်ငန်းအဖွဲ့သည် အစိုးရဌာနများ၊ ပုဂ္ဂလိက ကဏ္ဍများနှင့် ဒေသခံများအကြား ပူးပေါင်းဆောင်ရွက်မှု (Public-Private-People Partnership) ကို တည်ဆောက်သွားမည်ဖြစ်ပြီး၊ ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်း မော်ဒယ်များကို ရေးဆွဲခြင်း (Mapping) နှင့် စမ်းသပ်ဆောင်ရွက်ခြင်း (Piloting) များ ပြုလုပ်သွားမည်ဖြစ်သည်။ အစည်းအဝေးကို အဖွဲ့ဝင်များ စုံလင်စွာ တက်ရောက်ခဲ့ကြပြီး၊ နောက်ထပ် ညှိနှိုင်းအစည်းအဝေးကို မတ်လ ၃၁ ရက်နေ့တွင် ထပ်မံ ကျင်းပရန် လျာထားကြောင်း သိရသည်။ See more on https://shorturl.at/Qa1AB

Want your organization to be the top-listed Non Profit Organization in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


Corner Of Merchant Road & Sandaku Road
Yangon
11161

Opening Hours

Monday 09:30 - 17:00
Tuesday 09:30 - 17:00
Wednesday 09:30 - 17:00
Thursday 09:30 - 17:00
Friday 09:30 - 17:00
Saturday 09:30 - 14:00