OMG
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from OMG, Media/News Company, Yangon.
12/12/2016
ကျွန်တော်ကားဆရာ
ဖိုးတူး
-------------
သော်ဇင်အုန်း
OMG မဂ္ဂဇင်းမှာကားမောင်းခဲ့တဲ့အတွေ့အကြုံလေးတွေ
ရေးဖြစ်နေခဲ့တာတော်တော်လေးကြာပြီပေါ့။ ကားတွေအကြောင်းဖော်ပြပေးနေတဲ့မဂ္ဂဇင်းဆိုတော့ ဒီနေ့ကားဈေးကွက်ရဲ့မငြိမ်သက်မှုအခြေအနေတွေက
ရိုက်ခတ်တဲ့ဒဏ်ကိုခံနေရတယ်လို့ထင်မိပါတယ်။ ဒါပေမယ့်
အရှိန်အဟုန်မပျက် ဆက်လက်ထုတ်ဝေနိုင်တာကချီးမွမ်းစရာပါ။ ကားလောကရဲ့ရိုက်ခတ်မှုတွေဟာပြည်သူအများနဲ့မဆိုင်ဘူး
ပြောလို့ရသလို သက်ဆိုင်တယ်လို့ပြောလို့လည်းရပါတယ်။
ကားဈေးမြင့်၊ ဓာတ်ဆီဒီဇယ်ဆီဈေးမြင့်တဲ့ကိစ္စဟာအားလုံးနဲ့
သက်ဆိုင်ပါတယ်။ ကားဈေးမြင့်ရင်လူအများကားဝယ်မစီးနိုင်ဘူး။ ဘတ်စ်ကားတွေတက္ကစီတွေနဲ့သွားရမယ်။ ဆီဈေးမြင့်တော့
ကားငှားစီးရတာဈေးပိုပေးရတယ်။ ဘတ်စ်ကားစီးရတဲ့ဒုက္ခတွေကတော့
အားလုံးသိပြီးသားပါ။ တစ်နယ်နဲ့တစ်နယ်ကူးလူး ယှက်နွယ်နေတဲ့ ကုန်စည်စီးဆင်းမှုတွေကလည်း သယ်ယူပို့ဆောင်စရိတ်ပိုတိုးလာပြီပေါ့။ ကုန်ဈေးနှုန်းတွေတက်ပြီပေါ့။ သံသရာလည်နေမှုဟာအားလုံးဆီမှာ . . . ။
တက္ကစီဂိတ်မှာသွားထိုင်တော့လည်း ကားဆရာတွေဆီကအဆင်မပြေတဲ့ အသံတွေပိုကြားရတယ်။ မီဒီယာတွေမှာ တွေ့မြင်ဖတ်ရှုနေရတာတွေ
ကလည်း စိတ်မချမ်းမြေ့စရာတွေ။ အငှားယာဉ်မောင်းတက္ကစီသမားတွေကို ခရီးသည်ကမယုံ။ ခရီးသည်တွေကိုလည်းကားဆရာကမယုံ။ လိုရာခရီးရောက်ဖို့ ပို့ဆောင်ပေးမှုဝန်ဆောင်စရိတ်ရဖို့လေးတွေကို ကိုးကွယ်ရာဘာသာရွတ်ဆိုမှုတွေနဲ့သွားလာနေကြရ။
ပစ္စည်းဥစ္စာတင်မက အသက်ကိုပါရန်ရှာနေတာတွေကလည်း မကြားချင်အဆုံး။ ယာဉ်မောင်းအချင်းချင်း ခိုက်ရန်ဒေါသဖြစ်ပွားမှုတွေ
ကလည်း နေ့တိုင်းဖြစ်နေကြတယ်။ လမ်းပေါ်မှာမောင်းနေကြသူချင်း
အတူတူ နည်းနည်းလေးမှသည်းညည်းးမခံကြဘူး။ ထစ်ကနဲဆိုရိုက်ကြပြီ။ နည်းနည်းလေးတောင်မှမစောင့်ဆိုင်းနိုင်ကြတော့ဘူး။
'ရိုက်ကွာချကွာ' နဲ့ . . . .။
'စိတ်ရှည်သည်းခံလမ်းကြောင်းမှန်မောင်းရန်မော်တော်ကား' ဆိုတဲ့စာသားလေးတောင် ဘယ်နေရာရောက်သွားလဲမသိတော့ဘူး။ ယာဉ်မောင်းချင်းချင်းရန်ပွဲတွေကမမြင်ချင်အဆုံး . . . ။
ရန်ပွဲတွေအကြောင်းစဉ်းစားရင်း တက္ကစီမောင်းခဲ့တုန်းက သူငယ်ချင်းတစ်ယောက်ကိုသတိရမိတယ်။ ကျွန်တော်တို့ အထိုင်ချတဲ့နေရာတက္ကစီဂိတ်က ဘားလမ်း (မဟာဗန္ဓုလပန်းခြံလမ်း) နဲ့ဘဏ်လမ်းဆုံတဲ့နေရာလေးမှာ။ ဟိုးတုန်းကဌာနဆိုင်ရာပေါင်းစုံရှိတဲ့နေရာ။ မြို့လည်ခေါင်။ ဟိုတုန်းကတည်းကကားအင်မတန်ကျပ်တဲ့နေရာ။ ကျွန်တော်တို့ကကိုယ့်ကားကွက်နဲ့ကိုယ့်ဖောက်သည်နဲ့ဆိုတော့ ဘယ်လောက်ကားကြပ်ကြပ်ဘယ်နေရာရောက်ရောက် အဲ့ဒီနေရာပဲပြန်လာဂိတ်ထိုးကြတယ်။ ကျွန်တော့်သူငယ်ချင်းကိုဖိုးတူး လို့ခေါ်တယ်။ နာမည်ရင်းမဟုတ်ပါဘူး။ သူ့ကားနံပါတ်ရဲ့
နောက်ဆုံးနှစ်လုံးက ၄၂ဖြစ်နေလို့သူ့ကိုဖိုးတူးလို့ခေါ်တာ။ လူပုံကတော့ခပ်ဖြောင့်ဖြောင့်ပဲ။ ချောတယ်လို့ပြောလို့ရတဲ့အဆင့်ထဲမှာ
ပါသပေါ့။ မောင်းတာကသူ့မိဘရဲ့ကား။ လူကအသားဖြူပြီးသန့်သလောက် စိတ်ကတော့လက်တစ်ဆစ်။ ရန်လိုက်ဖြစ်နေတာမဟုတ်ပါဘူး။ သူ့ကိုကြောတယ်ထင်ရင် သူ့ကိုမတရားလုပ်ရင်သူ့ရှေ့မှာ
သူမတရားဘူးလို့ ထင်တာတွေ့ရင် သူကလက်မြန်တယ်။
မလေးရှားမှာ အလုပ်သွားလုပ်ခဲ့တုန်းက မလေးတစ်အုပ်နဲ့
တစ်ယောက်ထဲ ချခဲ့တဲ့သူပေါ့။
တစ်နေ့ ...
နေ့လည်ခင်းကြီးအင်္ကျီတွပေကျံ၊ လူပုံပန်းကရန်ဖြစ်လာတဲ့အမူအရာနဲ့ ဂိတ်ရောက်လာတယ်။ ဘာဖြစ်တာလည်းဝိုင်းမေးတော့
လမ်းမှာကားတစ်စီးနဲ့ တိုက်မလိုဖြစ်သတဲ့။ တစ်ဖက်ကားက
မှားနေတော့ သူကမှားကြောင်းပြောတာလက်မခံဘဲ
ပြန်ရန်လုပ်သတဲ့။ လမ်းလည်ခေါင်ကြီးမှာဆိုတော့
ကားတွေပိတ်ကုန်ရော။ ဒါနဲ့သူက သတ္တိရှိရင်နှစ်ယောက်ချင်းထိုးမယ် စိန်ခေါ်လိုက်တော့ တစ်ဘက်လူကလည်းလက်ခံသတဲ့။ ဒါနဲ့ပုဇွန်တောင်ဘီအိုစီဝင်းနားမှာနှစ်ယောက်တည်း သွားထိုးကြသတဲ့။ သူထိုးကိုယ်ထိုးနဲ့ နှစ်ယောက်စလုံးဒဏ်ရာတွေနဲ့။
မောလွန်းတော့ နှစ်ဦးသဘောတူကျေနပ်လားမေး။
ရန်ပွဲရပ်ပြီးပြန်လာတာတဲ့။ အင်မတန်အံ့သြစရာရန်ဖြစ်တာပေါ့။
ဖြေရှင်းနည်းလမ်းသစ်ပေါ့။ ကျွန်တော်တို့တွေ သူ့ကိုကြည့်ရင်း
ခေါင်းတညိမ့်ညိမ့်နဲ့။ မှန်တာမှားတာအသာထား ကလေးတွေတုန်းကလိုဖြေရှင်းလိုက်တာပါ။ လမ်းပေါ်မှာ
ယာဉ်မောင်းတွေ စကားများနေတာ၊ ရန်ဖြစ်နေတာတွေ့တိုင်း ဖိုးတူးမျက်နှာကိုမြင်ယောင်မိတယ်။ ခုခေတ်အချိန်မှာ
ဖိုးတူးတစ်ယောက် အငြင်းပွားမှုတွေကို ဘယ်လိုများဖြေရှင်းနေသလဲဆိုတာ တွေ့ဖြစ်တဲ့အခါကျမှ
စိတ်ဝင်တစားမေးကြည့်ရဦးမယ် . . .။
10/12/2016
ကနေဒါမှာ အရင်လိုမဟုတ်တော့ပြီ
-------------------------------------
ဒဿ နရွှေရီ
ကျွန်မတို့ ရောက်စ ၁၉၉၄ တုန်းကပေါ့ …ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့ မှာ
ကားဟောင်းတွေ ဈေးတော်တော်ပေါတဲ့အပြင်
အလကားရတာလည်းရှိတယ်။ အရင်ကကားဟောင်းဆိုရင်
အာရှသားတွေ (တရုတ်၊ကုလား၊ဗီယက်နမ် ၊ထိုင်း) ၀ယ်စီးကြတာများတယ်။
ခုနောက်ပိုင်းတော့ အာရှသားတွေ ကားဟောင်းမစီးကြတော့ဘူး။ ကားသစ်ပဲ ၀ယ်စီးကြတာများတယ် ။
ကားဟောင်းတွေဆို New Immigrant တွေ ( ခုမှ ကနေဒါရောက်စလူတွေ)
ဝယ်စီးကြတာများတယ်။ ရောက်ကာစလူတွေ တစ်နှစ်အတွင်း ကားဟောင်းတစ်စီးကတော့ လွယ်လွယ်နဲ့ ဝယ်စီးနိုင်တာပဲ။ ကားဈေးပေါပေမယ့်  ကားအတွက်အာမခံ ( Car Insurance )
လစဉ်ပေးရမယ့်ကြေးကို တတ်နိုင်ဖို့ ပဲလိုတယ်။ လစဉ် ဈေးအသက်သာဆုံးတောင် တစ်လ ဒေါ်လာ ၁၀၀
အထက်မှာရှိတယ်။ ဓါတ်ဆီဖိုး လည်းရှိသေးတယ်။
ကားဟောင်းဆိုတော့ ကားပျက်ရင်ပြင်ရမယ့် စရိတ်ကလည်း
ရှိသေးတယ်။ ဒါတွေ ကိုအရင်စဉ်းစားပြီးမှ ကားဝယ်ဖို့ သင့်တယ် ။ ဒီနိုင်ငံမှာက ကားရှိတိုင်း လမ်းပေါ်မှာ
ရပ်ချင်တိုင်းရပ်လို့ မရဘူး၊ Insurance ၀ယ်ထားတဲ့ ကားမှ လမ်းမှာရပ်လို့ ရတာပါ ။ ဟိုးအရင်က ကားပျက်ရင် ကားကလိုတဲ့ အပိုင်းအစကို ကားပစ္စည်းဆိုင်တွေမှာ သွားဝယ်ကြရတယ်။ နောက်ပိုင်းကျတော့ ကားသင်္ချိင်းတွေက ကားဟောင်း တွေကနေ လိုတဲ့ပစ္စည်းကိုသွားရှာယူတဲ့
အဆင့် ရောက်ကုန်ကြတယ်။
အခုနောက်ပိုင်းဆို ကားသင်္ချိင်းက သူ့ဖာသာသူဖြုတ်တယ်။
ပစ္စည်းကို နည်းနည်းသပြီး စင်ပေါ်တင်ရောင်းကြတယ်။
အပြင်က ဈေးနဲ့ နည်းနည်းသက်သာတာပေါ့။ အာရှသားတွေကတော့ကားကလိုတဲ့ပစ္စည်း
ဈေးပေါပေါ သွားရှာဝယ်။ ပြီးရင် ကိုယ့်ဖာသာကိုယ်
ပြင်ကြတာများတယ်။ ဆိုင်တွေမှာက ကားတစ်ခါပြင်ရင်
ဈေးမသက်သာဘူး။ ဥပမာ ကားတာယာတစ်စုံ
အသစ်တပ်ရင် တာယာတန်ဖိုးက ဒေါ်လာ၁၂၀ ကျရင် ဆိုင်ကအလုပ်သမားခက တာယာတစ်လုံးကို
ဒေါ်လာ၃၀ လောက် ယူကြတာ ( ၂လုံးဒေါ်လာ၆၀ အနည်းဆုံးပဲ)
Tax လည်းပေးရတယ်။
ကနေဒါနိုင်ငံမှာ ဘယ်ကားဝပ်ရှော့ကမှ ကားတာယာတစ်လုံးတည်း လဲမပေးကြဘူး။ လဲချင်ရင် တစ်စုံလဲရပါတယ်။
ဒါက Car Insurance Company က ထုတ်ပြန်ထားတဲ့
ဥပဒေနဲ့ အညီပေါ့ ။ သူ့ ကားနဲ့ သူ့တာယာ
ဆိုဒ်ညီမှ ဆိုင်ကတပ်ပေးကြတာပါ။ အာရှသားတွေကတော့ ကိုယ့် ဖာသာကိုယ် တာယာတစ်လုံးမကောင်းရင် တစ်လုံးပဲ
လဲပစ်ကြတာပေါ့ ။ ဆိုင်ကိုမသွားတော့ဘူး။
အခုနောက်ပိုင်း ကားတာယာအဟောင်း
ဆိုင်တွေ တစ်ပုံကြီးပါဘဲ။ ကားသင်္ချိုင်းတွေလည်း အရမ်းကိုအလုပ်ဖြစ်ကြတယ် ။ ဒီကအဖြူတော်တော်များများလည်း ဒီဘက်ကို ရောက်လာကြတာများလာပြီ။
အာရှသားတွေဆီက တတ်လာတယ်လို့ ပြောရမယ်ထင်တာပဲ။ အရင်ကအဖြူတွေ ဆိုင်တွေမှာဝယ်ကြတာပဲ များတယ်။
ကားသင်္ချိုင်းသွားတာ သိပ်မရှိကြဘူး ။
အခုနောက်ပိုင်း ကားသချိုင်းတွေမှာ ဖြုတ်ပြီးသားအဆင်သင့်
ရောင်းသလို မိမိဖာသာဖြုတ်ရင် ဈေးတစ်ဈေးနဲ့ 
ဖြုတ်ပြီးဝယ်လို့ ရပါတယ်။ အချိန်ရရင် မိမိလိုချင်
တဲ့ကားပစ္စည်း ကားသင်္ချိုင်းမှာ အော်ဒါမှာထားလို့လည်း
ရပါတယ်။ ကားသချိုင်းကလည်း ကားမှာရှိသမျှ ဖြုတ်ပြီးရောင်းလို့ 
ရသမျှ အကုန်ရောင်းတယ်။ နောက်ဆုံး ဖြုတ်စရာ
မကျန်တော့ဘူး။ ကားဘော်ဒီအခွံပဲကျန်ပြီး ၀ယ်မဲ့သူမရှိတော့မှ သံရည်ကြိုစက်ဆီ ပို့ ကြတာပါ ။ ကျွန်မတို့ ရောက်ကာစ တချို့ အိမ်နောက်ဖေးတွေမှာ ကားဟောင်းတွေပစ်ဖို့ 
နေရာမရှိလို့ ရပ်ထားကြရတယ် ။ကားပစ်ခက ဈေးကြီးတယ်လေ။
အခုတော့ အဲဒီကားဟောင်းတွေ လက်ညှိုးထိုးပြီးလိုက်လျှောက်ဝယ်နေတဲ့ 
သူတွေတစ်ပုံကြီးပါပဲ။ ဖုန်းဆက်ခေါ်ပြီး ရောင်းလိုက်၊ အနည်းဆုံး
ဒေါ လာ ၃၀၀ ပေးဝယ်ကြတယ်။ ပိုက်ဆံပေးပြီးပစ်ဖို့ မလိုတော့ဘူး ။
ကားသစ်တွေပေါ်လို့ ဘယ်လောက်ပဲ ကားသစ်ဝယ်စီးနေနေ၊ ကားဟောင်းဝယ်စီးတဲ့ သူကလည်း ရှိနေသေးတာပဲ။ ၀င်ငွေနည်းတဲ့ မိသားစုတွေ၊ ကနေဒါနိုင်ငံကို မကြာသေးခင်ကမှ ရောက်လာတဲ့သူတွေ၊ သူတို့ ကတော့
သူ့အိုးနဲ့သူ့ဆန် သူတတ်နိုင်တာပဲ ၀ယ်စီးကြတာပေါ့။
ဒီလိုလူတွေ ရှိနေသေးသရွေ့ ကားဟောင်းတွေကလည်း တန်ဖိုးမဲ တော့ ဖြစ်မသွားနိုင်သေးသလို အသုံးတည့်နေဦးမှာပါပဲ။
ကနေဒါနိုင်ငံမှာ အရင်က ကားဟောင်းပစ္စည်းဆို သူများကားဟောင်းတွေထဲက တောင်းပြီးဖြုတ်ယူလို့တောင်
ရတယ်။ ခုနောက်ပိုင်းတော့ ကားထဲက သေးသေးမွှားမွှား
ပစ္စည်းကအစ ပိုက်ဆံပေးပြီးဝယ်နေရတာပါ။
ကနေဒါနိုင်ငံမှာ အရင်က ကားဟောင်းတစ်စီး ဒေါ်လာ၅၀၀ ( မြန်မာငွေ ၅သိန်း ) လောက်နဲ့ ရနိုင်သေးတယ်။
ခုတော့ ဒေါ်လာ တစ်ထောင်အထက်မှာ၊ အရင်ကလောက်တောင်
ကားက မလတ်တော့ဘူး။ အားလုံးဈေးတွေ
တက်ကုန်ပြီ ၊ အိမ်နောက်ဖေးခြံထဲတွေမှာ ပစ်ထားတဲ့ကားတွေလည်း အလကားမရနိုင်တော့၊ ဈေးပေးပြီးဝယ်တဲ့ခေတ်ကို ရောက်လာခဲ့ပြီ။
အရင်ကနဲ့ မတူတဲ့ကနေဒါနိုင်ငံ ဖြစ်နေပြီလေ ။
10/12/2016
OMG! Car & Business (December Issue) ထွက်ရှိပါပြီ။
04/12/2016
OMG Magazine, December Issue ထွက်ရှိပါပြီ။
ရန်ကုန်- TAB Book Centers , IT Tea Shop, Sein Gay Har (Heldan), Innwa Book Center, Mobile Shops,
မန္တလေး- Na Gar Ni Sar Pay
မုံရွာမြို့နဲ့
တောင်ကြီးမြို့တို့မှာ ၀ယ်ယူရရှိနိုင်ပါပြီ
07/11/2016
ီDoctor Strange (နိုင်ငံတကာရုပ်ရှင်)
-----------------------------------------
အမေရိကန်နိုင်ငံ၊ နယူးယော့ခ်မြို့တော်ကြီးတွင် နေထိုင်သော ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ကုဆရာဝန်တစ်ဦး။ သူ့နာမည်က Doctor Steven Strange။ ကမ္ဘာ့အထူးချွန်ဆုံးသော ဦးနှောက်ခွဲစိတ်ကု ဆရာဝန်တစ်ဦးဖြစ်သည့်ဒေါက်တာ Strange မှာ တစ်ရက်တွင် ကားမတော်တဆမှုဖြစ်ပြီး သေလုမျောပါးဖြစ်သွားခဲ့ရတော့သည်။ ဆက်လက်အသက်ရှင်သန်နိုင်မည့်နည်းလမ်းများကိုရှာဖွေစဉ်
Snicent One ဆိုသောဒဏ္ဍာရီထဲမှမှော်ပညာရှင် တစ်ဦးနှင့်တွေ့ဆုံခဲ့လေသည်။ ယင်းပုဂ္ဂိုလ်ထံမှ ထူးခြားသော ကျင့်စဉ်များ၊ သာမန်လူတို့၏အမြင်၊ ဥာဏ်စွမ်းဖြင့်နားလည်နိုင်စွမ်းမရှိသည့် သီးခြားကမ္ဘာမှမှော်ပညာရပ်များအကြောင်းကို သိရှိခွင့်ရခဲ့တော့သည်။ စိတ်စွမ်းအင်ဖြင့်ဆက်နွယ်နေသော ယင်းပညာရပ်များက ရုပ်ခန္ဓာသေလုမျောပါးဒဏ်ရာများကို ကျော်လွှားလွန်မြောက်နိုင်ကြောင်း
တွေ့ရှိရသောအခါ ဒေါက်တာ Strange သည်လည်း သူ၏
ဂုဏ်သိက္ခာနှင့်အတ္တမာနများကို ခွာချကာ Snicent One ၏
တပည့်တစ်ဦးအဖြစ်ခံယူသင်ကြားခဲ့တော့သည်။
ထိုအချိန်မှစ၍ နယူးယော့ခ်မြို့၊ ဂရင်းဝစ်ခ်ျဒေသမှ
ဒေါက်တာ Steven Strange ဆိုသော နာမည်ကျော်ဆရာဝန်တစ်ဦး လောကကြီးထဲမှ ပျောက်ကွယ်သွားခဲ့ပြီး စိတ်တန်ခိုးများနှင့်ဆန်းကြယ်သောစွမ်းအားများကို ပိုင်ဆိုင်ထားသည့်
Doctor Strange ဆိုသောမှော်ဆရာတစ်ဦးထွက်ပေါ်လာခဲ့တော့သည်။
Doctro Strange သည် Marvel Comics ၏ ရုပ်ပြဇာတ်ကောင်
Doctro Strange ကို Marvel Studio မှ ရုပ်ရှင်အဖြစ် ရိုက်ကူးထုတ်လုပ် ခဲ့သည့်သိပ္ပံစိတ်ကူးယာဉ်ဇာတ်ကားတစ်ကားဖြစ်သည်။ ဒါရိုက်တာစကော့ဒါရစ်ဆန်မှ တာဝန်ယူရိုက်ကူးပြီး အဓိကဇာတ်ကောင် Doctor Strange အဖြစ် ရှားလော့ခ်ဟုမ်ဇာတ်လမ်းတွဲများဖြင့် အောင်မြင်ထားသောမင်းသားကြီးဘင်နီဒစ်ကမ်ဘာဘက်ခ်ျက ပါဝင်သရုပ်ဆောင်ထားသည်။
ယခုနိုဝင်ဘာ ၄ ရက်နေ့မှစပြီး
ဝေါ့ဒစ္စနေးကုမ္ပဏီမှတဆင့်
နိုင်ငံတကာသို့ ဖြန့်ချိပြသနေပြီဖြစ်သည်။
14/09/2016
ကျွန်တော်ကားဆရာ (မှတ်သားဖမ်းဆီး)
---------------------------------------------
(သော်ဇင်အုန်း)
ရန်ကုန်မှာကားမောင်းတဲ့အခါယာဉ်ထိန်းရဲဆိုတာရှောင်လွှဲလို့
မရတဲ့အရာပါ။ တက္ကစီယာဉ်မောင်းတွေနဲ့ယာဉ်ထိန်းဆိုတာကရေအိုးနဲ့
ရေမှုတ်လိုပေါ့။ ခွဲခြားမရတဲ့အတူယှဉ်တွဲနေထိုင်ကြတဲ့
မတည့်အတူနေတွေပါ။ အတူလက်ဘက်ရည်သောက်ကြ၊ သတင်းတွေဖလှယ်ကြ၊ အတွေ့အကြုံတွေပြောကြ၊ရယ်မောပျော်ရွှင်ဖွယ်တွေနဲ့ အတူဒေါသဖြစ်စရာတွေလည်းရှိခဲ့ကြသပေါ့လေ… ကျွန်တော်တို့နဲ့အင်မတန်ရင်းနှီးတဲ့ယာဉ်ထိန်းရဲတစ်ယောက်ဆို သူ့ယာဉ်ထိန်းသက်တမ်းက ကျွန်တော့်အသက်ထက်တောင်မှကြီးသေးတာ။ လုပ်သက်နှစ်ပေါင်းများပေမယ့်တပ်ကြပ်ကြီးပဲ။ သူကလည်းတပ်ကြပ်ကြီးဘ၀ကိုအမြဲဂုဏ်ယူတယ်။ သူ့တာဝန်ကိုသူကျေပြွန်တယ်။ ကျွန်တော်တို့ကားသမားတွေကသူ့ကို ဆရာကြီးလို့ ခေါ်ကြတယ်။ ကျွန်တော်တို့ရှေ့မှာတော့ တစ်ခါမှမတရားလာဘ်ငွေကိုတောင်းယူတာမတွေ့ဖူးဘူး။ သူ့ကြည့်လိုက်ရင်ပြုံးပြုံးပြုံးပြုံးနဲ့ . . . ။ သူ့အတွေ့အကြုံတွေက တကယ့်ဒိတ်ဒိတ်ကျဲလမ်းကြောင်းတွေပေါ်ကအဖြစ်အပျက်တွေ။ သူကအရှိန်ပြင်းပြင်းမောင်းလာတဲ့ကားကိုတိကနဲရပ်အောင် တားနိုင်စွမ်းရှိတဲ့သူပေါ့။
“စဉ်းစားကြည့်လေ၊ကားမောင်းတဲ့လူဆိုတာသတိရယ် အကြည့်ရယ် တစ်ချက်လွတ်လို့ရတာမဟုတ်ဘူး။ အရှိန်ပြင်းပြင်းမောင်းလာတဲ့ကားကို ခရာသံလောက်နဲ့တားလို့မရဘူး။ ထွက်ရပ်လိုက်ရုံနဲ့လဲမပြီးဘူး။
ခရာလဲမှုတ်၊ ရပ်ဖို့ပြထားတဲ့လက်ကိုဟော့သလိုယာဉ်မောင်းရဲ့ မျက်နှာတည့်တည့်၊မျက်လုံးခြင်းဆုံအောင်ကြည့်ပြီး ထိုးချပစ်လိုက်ရတာ။ ဘယ်သူဖြစ်ဖြစ်သူ့နဲ့မျက်လုံးခြင်းဆုံပြီးလက်ညှိုးတည့်တည့်ထိုးမှတော့ ရုတ်တရက်လန့်ပြီးရပ်လိုက်မှာ။ ဘရိတ်နင်းလိုက်တာပေါ့ကွာ” သူကမတ်တပ်ရပ်ပြီးကားတားပုံကိုအမူအရာနဲ့ ကျကျနနရှင်းပြတာ။ သူရဲ့ပညာကအဲ့သလို…
သူကတော့ ကျွန်တော်တို့အခေါ်”ချလံ”စာအုပ်ဘယ်တော့မှ မကိုင်ဘူး။ ယာဉ်စည်းကမ်းဖောက်ဖျက်ရင်ယာဉ်မောင်းလိုင်စင်သိမ်းပြီး ၅၁လမ်းက ယာဉ်ထမ်းရုံးမှာဒဏ်ငွေသွားဆောင်ဖို့ပေးတဲ့ဖြတ်ပိုင်းစာအုပ်ကိုပြောတာပါ။ သူကလမ်းကြောင်းတွေရှင်းပေးတဲ့အလုပ်ပဲလုပ်နေသူပါ။ ကျွန်တော်တို့တက္ကစီမောင်းသမားတွေဟာစားဝတ်နေရေးကို လမ်းပေါ်ထွက်ရှာနေကြသူတွေဆိုတော့အချိန်တိုင်းတော့ လမ်းစည်းကမ်းကိုမလိုက်နာခဲ့ပါဘူး။ လစ်ရင်လစ်သလိုပေါ့၊တစ်ခါတလေဖောက်ဖျက်တတ်ပါတယ်။
တက္ကစီသမားနဲ့ ၅၁ လမ်းယာဉ်ထိန်းရုံးဆိုတာလဲရေအိုးနဲ့ရေမှုတ်လိုပါပဲ။ ချလံလေးတွေရလာခဲ့ရင်တော့ ဆရာကြီးကိုအပူကပ်တော့တာပေါ့။ သူထမင်းစားခဏနားတဲ့အချိန်သူ့ကိုကားနဲ့တင်ခေါ်ပြီးချလံကို လိုင်စင်နဲ့ပြန်လဲခဲ့ကြတာကအကြိမ်ကြိမ်ပါ။ ကုန်ကျငွေလည်း ပုံမှန်ထက်နည်းပြီးပိုမြန်တယ်လေ။ ကြာတော့ကြာခဲ့ပါပြီ။
ဒါပေမဲ့ ခုထိမှတ်မိနေသေးတာက ချလံမဟုတ်တဲ့ကားလိုင်စင်ဝင်မှကြုံရတဲ့ ဒဏ်ငွေပြသနာလေးပါ။ တစ်နှစ်တခါကားလိုင်စင်ဝင်ကာနီးမှာ
ရဲမှုခင်းရှိမရှိ အရင်သွားစစ်ကြပါတယ်။ ရှိနေရင်တခါတည်းဆောင်ပေါ့။ မရှိရင်တော့ လိုင်စင်ဝင်ရင်အလုပ်မရှုပ်တော့ဘူးပေါ့။
နို့မို့ဆိုလိုင်စင်အသစ်ရကာနီးမှရဲမှုရှိလို့ဆိုပြီးဟိုပြေးဒီပြေးနဲ့
အလုပ်များနေမှာ။ ရဲမှုခင်းဆိုတာကချက်ခြင်းဖမ်းဆီးခံရတာတွေ
မဟုတ်ပါဘူး။ ပြစ်မှုကျူးလွန်ခဲ့တဲ့အချိန်ကာလကယာဉ်ထိန်းရဲနဲ့ တိုက်ရိုက်မတွေ့တဲ့အခါမျိုးတွေမှာပေါ့။
ဥပမာ - မရပ်ရနေရာမှာရပ်ထားတာ(အဲ့ဒီအချိန်ကခုလိုကရိန်းကားနဲ့ မဆွဲသေးပါဘူး)။ မီးနီကိုဖြတ်တာ။ မီးဝါဖြတ်တာ။ ယာဉ်ထိန်းရဲတားတာကို ရပ်မပေးတာ။ ဘယ်သူမှမရှိဘူးဆိုပြီး ယာဉ်စည်းကမ်းဖောက်ဖျက်တာကို
တွေ့ရှိတဲ့ယာဉ်ထိန်းရဲက မှတ်တမ်းရေးသားပြီး အမှုဖွင့်ထားတာတွေကို
ပြောတာပါ။ ပြောချင်တာက ကျွန်တော်တို့တက္ကစီမောင်းသမားတွေထဲက
တစ်ယောက်ဖြစ်ခဲ့တာလေးကိုပါ။ သူ့ကားလိုင်စင်ဝင်ခါနီး ရဲမှုသွားစစ်တော့ အမှုတစ်ခုတွေ့ပါသတဲ့။ အဲ့ဒီအမှုကတော့သူဘယ်လိုမှမကျူးလွန်နိုင်တဲ့အမှု၊ မကျူးလွန်တဲ့အမှုပါ။ သူ့တက္ကစီက KE55 အနီရောင် . . . ။ နံပါတ်က”ဒ…” သူကျူးလွန်တယ်တဲ့အမှုက သူ့ကားနဲ့ဆိုဘယ်လိုမှမဖြစ်နိုင်တဲ့ကိစ္စ . . .။ ဆရာကြီးကိုပြောပြတော့မှားလို့နေမှာပေါ့ကွာ။ ဒီလိုပဲမှားတတ်တာပေါ့။ မှတ်သားဖမ်းဆီးသမားကပဲမျက်စိမှုန်သလား။ အမှုသွင်းတဲ့လူက မျက်စိရှမ်းတာလား။ တစ်ခုခုပေါ့ကွာလို့ပြောပြီး လိုက်ဖြေရှင်းပေးပါတယ်။ အဲ့ဒိအမှုအစားတခြားတစ်မှုနဲ့လဲလိုက်သတဲ့။
ပြောရဦးမယ် ...ကျူးလွန်ခဲ့တဲ့အမှုအမည်က နောက်တွယ်တင်…တဲ့။ ကားနောက်ကလူတွယ်စီးတဲ့အမှုပါတဲ့ဗျာ…
14/09/2016
Sully Movie (ဟတ်ဆန်မြစ်တွင်းမှ ဖြစ်ရပ်မှန်)
------------------------------------------------------
၂၀ဝ၉ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်နေ့။ သည်နေ့က ဆူလီဟုခေါ်သော လေယာဉ်မှူးချက်စလေဆူလင်ဘာဂျာ တာဝန်ယူမောင်းနှင်ရမည့်ခရီးစဉ်နေ့ဖြစ်သည်။ ၄င်းမောင်းနှင်မည့်
US Airways လေကြောင်းလိုင်းပိုင် အမှတ် 1549 A320 အမျိုးအစားခရီးသည်တင်လေယာဉ်ကြီးကလည်း နယူးယော့ခ်မြို့
မြောက်ပိုင်းရှိ လာဂွါဒီးယားလေဆိပ်မှ ထွက်ခွာရန် အသင့်ဖြစ်နေပြီ။
ခရီးသည် ၁၅၅ ဦးနှင့်လေယာဉ်အမှုထမ်းအချို့ကိုတင်ဆောင်ပြီး ဆူလီတစ်ယောက် လေယာဉ်ကို ပြေးလမ်း ၁ မှ ပျံသန်းထွက်ခွာခဲ့တော့သည်။ သို့သော် ဝေဟင်သို့ရောက်၍ ၃ မိနစ်သာရှိသေးချိန်တွင် ထိတ်လန့်တုန်လှုပ်ဖွယ်အခြင်းအရာများစတင်ပေါ်ပေါက်လာတော့သည်။ A320 လေယာဉ်ကြီး၏အင်ဂျင်စက် ၂ လုံးစလုံး စက်ချို့ယွင်းသွားခြင်းပင်။ စက်သေသွားသောလေယာဉ်ကြီးတစ်စီးနှင့် နယူးယော့ခ်မြို့
ကောင်းကင်ယံတွင်ရှိနေဆဲဖြစ်သော ပိုင်းလော့ဆူလီအဖို့
အသက်ပေါင်းများစွာ ကို ကယ်တင်ဖို့စဉ်းစားရပြီ။
လေယာဉ်အင်ဂျင်အလုပ်မလုပ်တော့။ အနီးအနားတွင် အရေးပေါ်ဆင်းစရာလေဆိပ်မရှိ။ ရှေ့တည့်တည့်တွင် ဟတ်ဆန်မြစ်ကြီးသာရှိနေသည်။ မတတ်သာသည့်အဆုံး ဆူလီတစ်ယောက် ရေခဲလုနီးပါးအေးခဲနေသောဟတ်ဆန်မြစ်၏
မျက်နှာပြင်ပေါ်သို့ လေယာဉ်ကို လျှောတိုက်၍ဆင်းသက်ခဲ့ရတော့သည်။ ၄င်း၏ကျွမ်းကျင်မှုကြောင့်ခရီးသည်အားလုံးနှင့် လေယာဉ်ဝန်ထမ်းများ၏
အသက်ကိုကယ်တင်နိုင်ခဲ့သည်။ သူကိုယ်တိုင်လည်း
သူရဲကောင်းတစ်ဦးသဖွယ် ချီးကျူးခံခဲ့ရသည်။ သို့သော် ခရီးသည်များ၏
ချီးကျူးမှုက ကြာကြာမခံခဲ့။ မြစ်တွင်း၌ အထိအခိုက်မရှိ
လေယာဉ်ဆင်းသက်နိုင်ခဲ့သောဆူလီ၏စွမ်းရည်ကို မယုံသင်္ကာဖြစ်လာသော သတင်းထောက်များနှင့် အစိုးရတာဝန်ရှိသူများ၏စစ်ကြောမေးမြန်ခြင်းများ ခံလာရပြီး အလုပ်အကိုင်၊ မိသားစုအရေးနှင့် ဂုဏ်သိက္ခာအတွက် တိုက်ပွဲဝင်ခဲရလေတော့သည်။
Sully သည် The Miracle on the Hudson (ဟတ်ဆန်မြစ်တွင်းမှ
ဖြစ်ရပ်မှန်) ဟုသိထားကြသော ဖြစ်ရပ်မှန်ဇာတ်လမ်းအပေါ် အခြေခံရိုက်ကူးထားသည့် ဒရာမာနှင့် အတ္ထုပတ္တိဇာတ်ကားတစ်
ကားဖြစ်သည်။ ၂၀ဝ၉ ခုနှစ်က ဖြစ်ပျက်ခဲ့သောယင်းဖြစ်ရပ်တွင် ပါဝင်ခဲ့သည့်ပိုင်းလော့ဆူလီဘာဂျာနှင့်ဂျက်ဖရေဇာစလိုတို့ပူးပေါင်း
ရေးသားခဲ့သည့် Highest Duty: My Search for What Really Matters စာအုပ်ကို အခြေခံရိုက်ကူးထားခြင်းဖြစ်သည်။
ဒါရိုက်တာကလင့်အိစဝုဒ်က တာဝန်ယူရိုက်ကူးပြီး ပိုင်းလော့ဆူလီအဖြစ် မင်းသားကြီးတွမ်ဟန့်က ပါဝင်သရုပ်ဆောင်ထားသည်။ လက်ရှိအချိန်တွင် နိုင်ငံတကာနှင့် မြန်မာပြည်တွင်းရှိ ရုပ်ရှင်ရုံများတွင် ဖြန့်ချိပြသနေပြီဖြစ်သည်။
30/07/2016
Southside with You (သမ္မတအိုဘားမား၏ အချစ်ညနေခင်းလေးတစ်ခု)
-----------------------------------------------------------------------------
၁၉၈၉ ခုနှစ်၊ နွေရာသီရက်တစ်ရက်တွင် သူတို့နှစ်ဦး၏အချစ်တွေ စတင်မွေးဖွားခဲ့ကြလေသည်။ ချီကာဂိုမြို့မှ ရှေ့နေမလေးမစ်ချယ်ရော်ဘင်ဆန်၏နှလုံးသားကို ဘားရက်အိုဘားမားဆိုသော လူငယ်ဥပဒေပညာရှင်လေးတစ်ယောက်က သိမ်းပိုက်နိုင်ခဲ့သည့်နေ့လည်းဖြစ်ခဲ့သည်။ ပထဆုံးချိန်းတွေ့ရခြင်းအတွက် မစ်ချယ်တစ်ယောက် ရှက်သွေးဖြာနေသလို အိုဘားမားတစ်ယောက်လည်း ချစ်ခွင့်ပန်ဖို့အရေး ရင်ခုန်သံကို အရင်ဆုံးကြိုးစားထိန်းချုပ်နေခဲ့ရသည်။ သည်လိုနှင့် ချီကာဂိုအနုပညာကျောင်းတော်ကြီးကို ဗဟိုပြု၍ အိုဘားမားနှင့်မစ်ချယ်တို့၏တစ်ရက်တာချိန်းတွေ့မှု အစပြုခဲ့တော့သည်။ ရွက်သစ်ဝေစပြုနေသာ သစ်ပင်တန်းများ ကြားတွင် တစ်ယောက်လက်ကို တစ်ယောက်တွဲပြီး လျှောက်လည်ခဲ့ကြသည်။ ညနေခင်းအရောက် ရေခဲမုန့်ဆိုင်တစ်ဆိုင်ပြင်ပမှာတော့ အိုဘားမားထံမှ ရင်ခုန်တိမ်းမူးဖွယ်ရာ ပထမဆုံးအနမ်းတစ်ပွင့်ကို မစ်ချယ်လက်ခံရရှိခဲ့တော့သည်။
Southside with You သည် လက်ရှိအမေရိကန်သမ္မတဘားရက်အိုဘားမား
နှင့်သမ္မတကတော်မစ်ချယ်အိုဘားမားတို့ စတင်ချစ်ကြိုက်ခဲ့သည့်တစ်ရက်တာ ချိန်းတွေ့မှုကို သရုပ်ဖော်ရိုက်ကူးထားသည့် အမေရိကန်ဒရာမာ၊ အထုပ္ပတ္တိဇာတ်ကားတစ်ကားဖြစ်သည်။ အိုဘားမားငယ်ရွယ်စဉ်ဇာတ်ရုပ်အဖြစ် Parker Sawyers က သရုပ်ဆောင်ထားပြီး မစ်ချယ်အဖြစ် Tika Sumpter က သရုပ် ဆောင်ထားသည်ကိုတွေ့ရသည်။ ထူးခြားသည်က အမေရိကန်သရုပ်ဆောင်၊ ဇာတ်ညွှန်းရေးဆရာနှင့် ရုပ်ရှင်ထုတ်လုပ်သူရစ်ချတ်တန်နီ ဒါရိုက်တာအဖြစ် ပွဲဦးထွက်စတင်ရိုက်ကူးခဲ့သောဇာတ်ကားလည်းဖြစ်နေခြင်းပင်။ ယခုသြဂုတ်လ ၂၆ ရက်နေ့တွင် ထွက်ရှိမည်ဖြစ်သည်။
18/06/2016
ကျွန်တော် ကားဆရာ
----------------------
သော်ဇင်အုန်း
ကျွန်တော်က ဝါသနာကိုပါတာ ...။ ငယ်ငယ်ကတည်းက ဆော့ရင်ကားမောင်းတမ်းဆော့တာပိုများတယ်။ ရွှံ့တွေနဲ့ကားရုပ်လုပ်တယ်။ ဓာတ်ခဲအဟောင်းတွေနဲ့ကားလုပ်တယ်။ အရုပ်ဆွဲ ရင်လည်း ကားပုံတွေပဲပေါ့။ ဒါပေမဲ့ဗျာ ... နယ်မြို့တွေမှာ ကားဆိုတာရှားပါးပစ္စည်းလေ။ မြန်မာ့ဆိုရှယ်လစ်ဆိုတဲ့ မဆလခေတ်ဆိုးကြီးထဲမှာ မော်တော်ကားဆိုတာ သာမန်အရပ်သားပြည်သူတွေအဖို့ ထီပေါက်မှစီးနိုင်မှာလေ။ အဖေက လည်းဝန်ထမ်းဆိုတော့ စဉ်းစာသာကြည့်ပေတော့ဗျာ။
ကျွန်တော်တို့ငယ်ငယ်က တစ်နှစ်တစ်ခါ လောက်တော့ ဘုရားဖူးထွက်ဖြစ်တယ်။ အဖေ့လခလေးကိုစုပြီး ကျောင်းပိတ်ရက်တွေမှာ သွားကြတာပေါ့။ မကွေး၊ မန္တလေး၊ ပုဂံ၊ ပုပ္ပါးဘက်တွေ သွားရင် အဲဒီတုန်းက အဝေးပြေးကားဆိုတာ ကပရ လို့ခေါ်တဲ့ကုန်းလမ်းပို့ဆောင်ရေးက ကားကြီးတွေနဲ့သွားရတာ။ ကုန်တွေနဲ့လူတွေက အတူတူစီးကြတာပေါ့။ ဘာပဲဖြစ်ဖြစ် ပျော်တာပေါ့။ ကလေးဘဝက ဒီလိုကားစီးပြီးသွားရတာ ပျော်စရာအကောင်းဆုံးလေ။
၈၈ အရေးအခင်းကြီးဖြစ်ပြီးတော့ ကျောင်း တွေကပိတ်၊ ဘာလုပ်ရမှန်းမသိ၊ လက်ဖက်ရည် ဆိုင်ထိုင်ရင်း အဖေ့သူငယ်ချင်းအကူအညီနဲ့ ပုသိမ်-ရေကြည်ပြေးတဲ့လိုင်းကားမှာ စပယ်ယာစလိုက်ဖြစ်တယ်။ ဒိုင်နာကားပေါ့။ မနက်ထွက်၊ ညနေပြန်ဝင်၊ လူစီးတာထက် ကုန်သယ်ရတာများပါတယ်။ အောက်ခြေသိမ်းကားပညာစသင်ခဲ့တာ ပေါ့။ ပင်ပန်းပေမယ့်ပျော်ပါတယ်။ ကိုယ်ဝါသနာပါတဲ့အလုပ်ဆိုတော့။
ပင်ပန်းတာပေါ့ဗျာ။ မိဘအိမ်မှာ ဘာမှမလုပ်ခဲ့တဲ့ကောင်လေး မိုးတွင်းရွှံ့ဗွက်တွေပေနေတဲ့ကားကိုပဲ ရေဆေးကြည့်လိုက်ဦး။ ကားပေါ်က ဆီတိုင်ကီချရင်းအရှိန်မထိန်းနိုင်လို့ ခြေထောက်ပေါ်ကျ ပြီး ခြေထောက်ကျိုးသွားတာကတော့ အမှတ်တရပေါ့။ ဒီလိုနဲ့အတွေ့အကြုံလေးတွေရ၊ ကားလောက ကိုလည်း တဖြည်းဖြည်းယဉ်ပါးလာတော့ ရေကြည်-ရန်ကုန်ပြေးနေတဲ့ ကုန်ကားတွေမှာ စပယ်ယာလိုက်တယ်။ အဲဒီအချိန်မှာတော့ ကား နည်းနည်းပါးပါးမောင်းတတ်နေပြီ။ ဒရိုင်ဘာအစ်ကိုတွေ၊ ဦးလေးတွေက သင်ပေးကြတယ်။ သူတို့က ကျွန်တော့်ရဲ့ကျးဇူးရှင်ဆရာတွေပါ။ ကားပညာတင်မဟုတ်ဘူး။ ကားလောကရဲ့ဆောင်ရန်၊ ရှောင်ရန်တွေ၊ လူတွေရဲ့အကြောင်းတွေစုံလို့ . . .။
ကျွန်တော်တို့ခေတ်တုန်းက ခုလိုဗိုလ်မြတ်ထွန်းတံတားကြီးလည်း မရှိသေးဘူး။ အောင်ဇေယျတံတား၊ ဘုရင့်နောင်တံတားတွေလည်းမရှိသေး ဘူး။ ဂဝံတွေခင်းထားတဲ့လမ်းတွေနဲ့ ဖုန်တထောင်းထောင်းထလို့။ စက္ကော့နဲ့ညောင်တုန်းကို ဇက်နဲ့ကူး ရတာ တစ်နာရီလောက်ကြာတယ်။ သာမန်အချိန် တွေမှာ တန်းစီပြီးကူးကြတယ်။ ဗီအိုင်ပီဆိုတဲ့ပုဂ္ဂိုလ်တွေ လမ်းကြောင်းလာရင် သေပြီဆရာ။ စက္ကော့မှာ အိပ်ရသူအိပ်ရ၊ ညောင်တုန်းမှာအိပ်ရသူအိပ်ရနဲ့။ တော်တာက ဇက်ကကားနေရာချတဲ့သူတွေဗျာ၊ လူလျှောက်လို့တာင်မရအောင် ကားတွေကိုစီတင်ထားတတ်လိုက်တာ။
ကုန်ကားလိုက်ရတာ စိတ်ညစ်တာတွေရော၊ ပျော်တာတွေရောပေါ့။ ကားသမားတွေစုံရင် သိတဲ့အတိုင်းပဲ။ ဝိုင်းပေါင်းစုံလို့လေ။ လမ်းမှာ ကားပျက်ရင်လည်း ဘာမှပူစရာမလိုပါဘူး။ တွေ့တဲ့ကားတိုင်းက လိုတာတွေကူညီပေးခဲ့ကြတာ ချည်းပဲ။ ဘုရင့်နောင်ပွဲရုံတန်းဆိုတာ ကျွန်တော့် ခြေရာတွေချည်းပဲပေါ့။ ကားသမားဘဝမှာ ကားဆရာတစ်ယောက် သင်ပေးခဲ့တာလေးကိုတော့ ဘဝတစ်သက်မှာမှတ် ထားလိုက်ပါတယ်။ အားလုံးနဲ့လည်းသက်ဆိုင်ပါတယ်။ သူပြောတာက . . .
''တခြားအလုပ်တွေက မှားရင်ပြန်လုပ် လို့ရတယ်။ ငါတို့ကားသမားတွေဆိုတာ မှားရင် ပြန်မောင်းမယ်လို့ ပြောလို့မရဘူးကွ'' ....တဲ့။
စက္ကန့်ပိုင်းအတွင်းမှာ ဘဝဟာချက်ချင်း ပြောင်းလဲသွားတယ်ဆိုတာ ကျွန်တော်တို့ကားသမားတွေပါပဲဗျာ။
16/06/2016
ဇွန်လထုတ် OMG! Car & Business မဂ္ဂဇင်းကို အခမဲ့ Download ရယူဖတ်ရှုနိုင်ပါပြီ။
https://www.mediafire.com/?yiokas9iqas5arv
07/06/2016
Independence Day: Resurgence (နိုင်ငံတကာ ရုပ်ရှင်မိတ်ဆက်)
----------------------------------------------------------------------------
ကမ္ဘာကြီးကို ဂြိုဟ်သားများကျူးကျော်ဝင်ရောက်ပြီး (Independence Day တွင်ရှု) နှစ်ပေါင်း ၂၀ ခန့်အကြာတွင်ဖြစ်သည်။ နိုင်ငံတကာအဖွဲ့အစည်းများ ယခင်ကထက်ပို၍ ပေါင်းစည်းဆောင်ရွက်မှုအားကောင်းလာခဲ့သလို ကုလသမဂ္ဂကလည်း ကမ္ဘာ့အာကာသနယ်မြေကာကွယ်ရေးအဖွဲ့ (ESD) ကို ဖွဲ့စည်းလည်ပတ်နိုင်ခဲ့သည်။ Earth Space Defense (ESD) ဆိုသည်မှာ ကမ္ဘာ့နိုင်ငံအသီးသီးမှပူးပေါင်းပါဝင်ဆောင်ရွက်ရသော ကာကွယ်ရေးပရိုဂရမ်ဖြစ်ပြီး ကမ္ဘာမြေသို့ကျရောက်လာနိုင်သည့်အန္တရာယ်၊ အဖျက်အမှောင့်များကို ကြိုတင်ရှာဖွေပြီး စောစီးစွာသတိပေးချက် ထုတ်ပြန်ရသည့်အဖွဲ့အစည်းလည်းဖြစ်သည်။ ESD ၏အာကာသ အခြေစိုက်စခန်းများကို လ၊ အင်္ဂါဂြိုဟ်နှင့် စနေဂြိုဟ်၏ဒုတိယအကြီးဆုံးဂြိုဟ်ရံလ Rhea တို့တွင် တည်ဆောက်ဖွင့်လှစ်ထားပြီး ပထမကျူးကျော်သူ ဂြိုဟ်သားများထံမှ ရရှိလိုက်သောနည်းပညာအြွကင်းအကျန်များကိုလည်း စမ်းသပ်အသုံးပြု လျက်ရှိနေကြသည်။ သို့သော် ပထမအကြိမ် ကမ္ဘာကိုဝင်ရောက်ကျူးကျော်စဉ် (Independence Day) တွင် ၄င်းတို့၏ပင်မယာဉ်ကြီးအား အနုမြူဗုံးဖြင့် ဖောက်ခွဲဖျက်စီးမခံရမီတွင် စကြဝဠာအတွင်းရှိ ဂြိုဟ်သားတပ်ရင်းထံသို့ အချက်ပြစနစ်ပို့လွှတ်နိုင်ခဲ့သည်ကို ကမ္ဘာသားသူရဲကောင်းများ မသိရှိခဲ့ကြပေ။ ထို့အပြင်ကျူးကျော်သူ ဂြိုဟ်သားများအနက် အချို့မှာလည်း ကမ္ဘာ့နေရာအသီးသီးတွင် ကိုယ်ယောင်ဖျောက်ပုန်းကွယ်နိုင်ခဲ့ကြလေသည်။ စကြဝဠာအတွင်းရှိ ဂြိုဟ်သားတပ်ရင်းက ကမ္ဘာတွင် ဖျက်ဆီးခံခဲ့ရသောဂြိုဟ်သားယာဉ်မှ အချက်ပြစနစ်ကိုဖမ်းယူရရှိခဲ့သောအခါ ပိုမိုများပြားပြီး အင်အားကြီးမားလှသောစစ်တပ်ဖြင့် ကမ္ဘာသို့ချီတက်လာလေရာ . . .။
Independence Day: Resurgence သည် ၁၉၉၆ ခုနှစ်က ထွက်ရှိခဲ့သော Independence Day ဇာတ်ကား၏အဆက်ဖြစ်ပြီး ဒါရိုက်တာရိုလန်အမ်မာရစ်ခ်ျ တာဝန်ယူရိုက်ကူးခဲ့သော သိပ္ပံစိတ်ကူးယဉ်စွန့်စားခန်းဇာတ်ကားဖြစ်သည်။ ပထမဇာတ်ကားတွင် ကပ္ပတိန်စတီဗင်ဟီလာအဖြစ် ပါဝင်ခဲ့သောဟောလိဝုဒ်မင်းသားကြီးဝီလ်စမစ် ပါဝင်လာတော့ခြင်းမရှိဘဲ မင်းသားချောလီယမ်ဟန့်စ်ဝါ့သ်ကသာ ESD ၏ပိုင်းလော့တစ်ဦးအဖြစ် အဓိကပါဝင်သရုပ်ဆောင်ထားသည်ကိုတွေ့ရသည်။ 20th Century Fox မှ ယခုဇွန်လ ၂၄ ရက်နေ့တွင် ဖြန့်ချိပြသ တော့ မည်ဖြစ်ကြောင်း OMG! ပရိသတ်များသို့ သတင်းကောင်းပါးလိုက်ရပါသည်။
27/05/2016
အေရီယာနာဂရန်ဒီ (Dangerous Woman)
Click here to claim your Sponsored Listing.
Category
Culinary Team
Attire
Telephone
Website
Address
Yangon