Know Your Ride
We're here to help you to know your ride better! Remember to hit that like button and share!
28/04/2026
Moto GP ဆိုတာ ဘာလဲ? (Part-1)
Moto GP လို့ အတိုချုပ်ခေါ်တဲ့ Grand Prix Motorcycle ပြိုင်ပွဲဟာ အပြည်ပြည်ဆိုင်ရာ ဆိုင်ကယ်စီးနင်းသူများ အဖွဲ့ချုပ် (FIM) မှ အမြင့်ဆုံးအဆင့် မော်တော်ဆိုင်ကယ်ပြိုင်ပွဲအဖြစ် သတ်မှတ်ထားတဲ့ ပြိုင်ပွဲဖြစ်ပါတယ်။
၁၉၄၉ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး မော်တော်ဆိုင်ကယ်အားကစားလောကမှာ သက်တမ်းအရင့်ဆုံး World Championship ပြိုင်ပွဲတစ်ခုလည်း ဖြစ်ပါတယ်။ တရားဝင်ကျင်းပတဲ့ ပြိုင်ပွဲတွေထဲမှာ နံပါတ်တစ် သက်တမ်း အရင့်ဆုံးကတော့ Isle of Man TT ပြိုင်ပွဲတွေပါ။
Moto GP ကို ခြုံငုံအဓိပ္ပါယ်ဖွင့်ရင် ရှေ့ပြေးပုံတည်ဆောက်မှု (Prototype Engineering)၊ လူသားခန္ဓာရဲ့ လွန်ကဲတဲ့ ဇီဝကမ္မဗေဒ (Extreme human physiology) နဲ့ ကမ္ဘာ့တိုက်ကြီးအားလုံးနီးပါးကို အလွှာအဆင့်ဆင့် ဖြန့်ကျက်ထားတဲ့ စီးပွားရေးဂေဟစနစ်ကို ကိုယ်စားပြုတဲ့ ပြိုင်ပွဲလို့ ပြောနိုင်ပါတယ်။
ပြိုင်ပွဲစီမံခန့်ခွဲရေးပိုင်း
ပြိုင်ပွဲကျင်းပရေးအစီအစဉ်တွေဟာ FIM, MSEG (ယခင် Dorna Sport), IRTA, MSMA စတဲ့ အဖွဲ့အစည်းတွေပါဝင်တဲ့ ခေတ်မီစီမံအုပ်ချုပ်ရေးဖွဲ့စည်းပုံအတိုင်း ကျင်းပတာပါ။ စုပေါင်းအုပ်ချုပ်တဲ့ အဖွဲ့အစည်းတွေများသလို နောက်ကွယ်မှာလည်း ရှုပ်ထွေးမှုတွေ ခဏခဏဖြစ်ပါတယ်။ လက်ရှိမှာတော့ အကြမ်းဖျင်းအားဖြင့် FIM က နိုင်ငံတကာပြိုင်ပွဲစံနှုန်းနဲ့ စည်းမျဉ်းစည်းကမ်းတွေကို Moto GP World Championship ဂုဏ်ပုဒ်နဲ့ အညီချိန်ညှိပေးပြီး MSEG (Dorna Sports) က ဆက်စပ်စီးပွားရေးမူပိုင်ခွင့်တွေနဲ့ ရုပ်သံမူပိုင်ခွင့်တွေကို စီမံထိန်းချုပ်ပါတယ်။
ပြိုင်ပွဲနဲ့ ပတ်သတ်တဲ့ ဆုံးဖြတ်ချက်တိုင်းကိုတော့ အဖွဲ့အစည်း ၄ ခုလုံးက ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ Grand Prix Commission က ဆုံးဖြတ်ပါတယ်။ ဒီ Commission က ပြိုင်ပွဲတွင်း အားကစားပိုင်းရော နည်းပညာပိုင်းဆိုင်ရာမှာပါ သတ်မှတ်ချက်စည်းမျဉ်းတွေကို ချမှတ်ပေးတာပါ။ ပြိုင်ပွဲအပတ်စဉ်တိုင်းမှာတော့ ဝါရင့်ပြိုင်ပွဲညွှန်ကြားရေးမှူး တစ်ယောက် ဦးဆောင်တဲ့ ပြိုင်ပွဲညွှန်ကြားရေးအဖွဲ့က ဘေးကင်းလုံခြုံရေးနဲ့ စည်းကမ်းထိန်းသိမ်းရေးအတွက် စောင့်ကြပ်ကြည့်ရှုပါတယ်။ ပြိုင်ပွဲညွှန်ကြားရေးအဖွဲ့က စည်းကမ်းချိုးဖောက်မှုတွေကို FIM MotoGP ကြီးကြပ်ရေးအဖွဲ့ကို တင်ပြရပါတယ်။ ဒီကြီးကြပ်ရေးအဖွဲ့က စည်းကမ်းချိုးဖောက်မှုအလိုက် သတိပေးရုံကနေ မောင်းရမဲ့အပတ်ရေ Lap ပိုတိုးစေတာတို့ ရာသီအလိုက် ပြိုင်ပွဲဝင်ခွင့်ပိတ်တာတို့ ရာသက်ပန် Ban တာတို့အထိ စီရင်ဆုံးဖြတ်ပါတယ်။ ကြီးကြပ်ရေးအဖွဲ့က Tyre Pressure ရှိရမဲ့ကန့်သတ်ချက်နဲ့ မညီတာ၊ ဆီတိုင်ကီဝင်ဆံ့မှု ကန့်သတ်ချက်နဲ့ မညီတာလိုမျိုး အစရှိတဲ့ နည်းပညာပိုင်းဆိုင်ရာ စည်းကမ်းချိုးဖောက်မှုတွေအတွက်လည်း ပြစ်ဒဏ်ကို စီရင်ဆုံးဖြတ်ပါတယ်။
ပြိုင်ပွဲအမျိုးအစားတွေ?
Moto GP ပြိုင်ပွဲတွေကို နှစ်စဉ် ဖေဖော်ဝါရီလဝန်းကျင်ကစတင်လေ့ရှိပါတယ်။ တိုက်ကြီး ၅ တိုက်ထဲက နိုင်ငံပေါင်း ၁၈ နိုင်ငံမှာ ကျင်းပလေ့ရှိပြီး Final ပြိုင်ပွဲကိုတော့ နိုဝင်ဘာလဝန်းကျင်ခန့်မှာ ရိုးရာမပျက် စပိန်နိုင်ငံ Valecia မှာ ကျင်းပပြီး Season ကို အဆုံးသတ်ပါတယ်။
MotoGP, Moto2, Moto3 ဆိုပြီး Primary Class 3 မျိုးခွဲထားပါတယ်။ အခု 2026 Season မှာတော့ Harley-Davidson Bagger World Cup ဆိုတဲ့ Class တစ်ခုတိုးလာပါတယ်။ (ခင်ဗျားတို့တော့ မသိဘူး ကျွန်တော်ကတော့ MotoGP ထက် ဒီပွဲကိုပိုကြိုက်တယ်) MotoE လို့ ခေါ်တဲ့ လျှပ်စစ်ဆိုင်ကယ်သီးသန့် Class ကတော့ 2025 Season ပြီးကတည်းက အချိန်အကန့်အသတ်မရှိ ရပ်နားထားပါတယ်။ ဒါ့အပြင် Brand တွေနဲ့ Collaboration လုပ်တဲ့ Red Bull MotoGP Rookies Cup လို ပြိုင်ပွဲတွေ၊ Asia Talent Cup တို့၊ FIM MiniGP World Series တို့လို FIM က စီစဉ်တဲ့ Road to MotoGP Program ပြိုင်ပွဲတွေလည်း ကမ္ဘာအနှံ့မှာ ကျင်းပကြပါသေးတယ်။
MotoGP က ခေတ်ရှေ့ပြေးနည်းပညာဆန်းသစ်မှုနဲ့အတူ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ဦးစားပေးတဲ့ ပြိုင်ပွဲ ဖြစ်တာနဲ့အညီ Class အားလုံးမှာ Four-Stroke အင်ဂျင်တွေကိုသာ အသုံးပြုခွင့်ပေးထားပါတယ်။
MiniGP ပြိုင်ပွဲက ဝါသနာရှင်ပေါက်စကလေးတွေကို MotoGP ပြေးလမ်းပေါ်ကဘဝက ဘယ်လိုဆိုတာ စပုံသွင်းပေးတဲ့ ပြိုင်ပွဲပါပဲ။ အသက် ၁၀ နှစ်က ၁၆ နှစ်အထိ ကလေးတွေ ပါဝင်ယှဉ်ပြိုင်ကြပြီး သတ်မှတ်ထားတဲ့ Ohvale GP-0 ဆိုင်ကယ်အမျိုးအစား တစ်မျိုးတည်းကိုသာ အားလုံးကမောင်းနှင်ရပါတယ်၊ ဆိုင်ကယ်အင်ဂျင်တွေကတော့ ပြိုင်ပွဲဝင်တွေရဲ့ အသက်အရွယ်တန်းအလိုက် 160cc နဲ့ 190cc အင်ဂျင်တွေကို အသုံးပြုပါတယ်။
ဆိုတော့ Primary Class 3 မျိုးအကြောင်းပဲ ပြောရအောင်...
Moto3, Moto2 class တွေကတော့ MotoGP Class အတွက် Rider တွေကို ကြိုတင်လေ့ကျင့်ပေးတဲ့ ပြိုင်ပွဲတွေလို့ပြောလို့ရတာမို့ နည်းပညာကန့်သတ်ချက်တွေဟာ MotoGP လိုမဟုတ်ဘဲ ဆိုင်ကယ်အားလုံးရဲ့ HP တွေ Torque တွေက တပြေးတည်းနီးပါး ဖြစ်ရေးကိုအသားပေးထားပြီး Rider ရဲ့ Skill ကိုသာ MotoGP Class တန်းဝင် အဆင့်ရောက်အောင် အတွေ့အကြုံပေး၊ သွေးပေးတဲ့ နေရာဖြစ်ပါတယ်။ အသက် ၁၈ နှစ်ပြည့်ပြီးတဲ့အပြင် အရှေ့မှာ ပြိုင်ပွဲအတွေ့အကြုံရှိပြီးမှသာ ဝင်ရောက်ယှဉ်ပြိုင်နိုင်မှာပါ
Moto3 (Lightweight Class) ပြိုင်ပွဲက အငယ်တန်း အတွေ့အကြုံရှိ ဆိုင်ကယ်သမားတွေအတွက် ရည်ရွယ်ပြီး အင်ဂျင်ပါဝါ 250cc နဲ့ အမြင့်ဆုံး မြင်းကောင်ရေ 60hp အထိပဲ ခွင့်ပြုပါတယ်။ Moto3 ဟာ ဆိုင်ကယ်တွေကြား ကွာဟချက်အနည်းဆုံးဖြစ်ပြီး အင်ဂျင်အသေးတွေမို့ အကွေ့တွေမှာ တစ်စက္ကန့်နောက်ကျတာနဲ့ ကျော်တက်ခံရပြီး အရှိန်ပြန်တင်လိုက်ဖို့မလွယ်ပါဘူး၊ ဒါကြောင့်လည်း စိတ်လှုပ်ရှားစရာ အင်မတန်ကောင်းတဲ့ ပြိုင်ပွဲဖြစ်ပါတယ်။
နောက်တစ်ချက်က Moto3 ဟာ ဈေးကွက်ထဲက Mass-production ဆိုင်ကယ်တွေနဲ့ MotoGP ပြိုင်ကွင်းထဲက ဆိုင်ကယ်တွေ ဘယ်လောက်ကွာခြားလဲဆိုတာ အမြင်သာဆုံးပြိုင်ပွဲပါပဲ။ ဈေးကွက်ထဲက 250cc ဆိုင်ကယ်တွေက 200km/hr အထိမောင်းနှင်နိုင်ဖို့ဆိုတာ 2 stroke အင်ဂျင်မှ မဟုတ်ရင် မဖြစ်နိုင်ပါဘူး ဒါတောင် လီဗာအဆုံးဆွဲမှ 200km ရောက်ရုံ၊ ကျော်ရုံလေးပါ။
(Stock Version တွေပြောတာနော်၊ ဘယ်ဆိုင်ကယ်က ဘယ်လောက်တက်တယ် လာငြင်းရင် အာရုံနောက်လို့၊ စက်ဘီးတောင် Chassis ရှယ်ကောင်းတဲ့ဘီးကို ဖင်မှာဒုံးပျံတပ်ပေးလိုက်ရင် 300km ကျော်အထိ ရောက်ပါတယ်နော်ဗျာ)
Moto3 ပြိုင်ပွဲဝင်ဆိုင်ကယ်တွေကတော့ အစီးတိုင်းကို 200km ကျော်ထိ တည်တည်ငြိမ်ငြိမ် အသာအယာ မောင်းနှင်နိုင်ပါတယ်။ ဆိုင်ကယ်တွေဟာ Fully Prototype ဖြစ်ကြပါတယ် MotoGP ရဲ့ နည်းပညာကန့်သတ်မှုအောက်မှာ MotoGP Class နဲ့ Moto3 Class တွေကသာ Chassis ကိုရော Engine ကိုရော ဆိုင်ကယ်ရဲ့ဘယ်အစိတ်အပိုင်းကိုမဆို စည်းကမ်းနဲ့အညီ နည်းပညာအသစ်တွေ တပ်ဆင်နိုင်တာဖြစ်ပါတယ်။
ဒီလောက်ဆို ဘယ်လောက်ကွာလဲ မြင်သာပါတယ်။
Moto2 (Intermediate Class) ပြိုင်ပွဲကတော့ အလယ်လတ်အဆင့် အတွေ့အကြုံရင့် ဆိုင်ကယ်သမားတွေအတွက် ရည်ရွယ်ပြီး အင်ဂျင်ပါဝါ 765cc နဲ့ အမြင့်ဆုံး မြင်းကောင်ရေ 140hp အထိပဲ ခွင့်ပြုထားပါတယ်၊ 2025 ခုနှစ်မှာ Moto2 ဆိုင်ကယ်တွေရဲ့ Gearbox ဒီဇိုင်းနဲ့ပတ်သတ်ပြီး စည်းမျဉ်းအပြောင်းအလဲ အနည်းငယ်လုပ်ခဲ့တာမို့ ပြိုင်ပွဲတွင်း Performance ပိုတက်လာနိုင်သလို ဒီဆိုင်ကယ်တွေကို မောင်းနှင်ဖို့ လက်ရှိ MotoGP Class ရှေ့ပြေးနည်းပညာသုံးဆိုင်ကယ်တွေနီးနီး Handling Technique တွေ လိုအပ်လာနိုင်ပါတယ်။
Moto2 ရဲ့ ထူးခြားတဲ့အချက်က ပြိုင်ပွဲဝင်ဆိုင်ကယ်တွေကို MotoGP သတ်မှတ်ထားတဲ့ အင်ဂျင်အမျိုးအစား တစ်မျိုးတည်းကိုသာ အသုံးပြုခွင့်ရှိပြီး Chassis ကိုသာ စိတ်ကြိုက်ခေတ်ရှေ့ပြေးနည်းပညာတွေ သတ်မှတ်စည်းမျဉ်းနဲ့အညီ အသုံးပြုခွင့်ရှိပါတယ်။ လက်ရှိမှာ တပြေးညီအသုံးပြုဖို့ သတ်မှတ်ထားတဲ့ အင်ဂျင်ကတော့ Triumph Street Triple RS 765 ရဲ့ 765cc, liquid-cooled, 12-valve, DOHC, inline 3-cylinder အင်ဂျင်ကို ပြိုင်ပွဲသီးသန့်အသုံးပြုဖို့ ပြန်ချိန်ညှိထားတဲ့အင်ဂျင်ဖြစ်ပါတယ်။ သူ့မတိုင်ခင် 2018 အထိကတော့ Honda CBR600RR ရဲ့ အင်ဂျင်ကို အသုံးပြုခဲ့ကြတာပါ။ Triumph ဟာ Moto2 ရဲ့ Exclusive Engine Supplier အဖြစ် 2029 season အထိ စာချုပ်ချုပ်ဆိုထားပါတယ်။
ခေတ်ရှေ့ပြေးနည်းပညာများ၏ ပြိုင်ကွင်း (သို့မဟုတ်) MotoGP
MotoGP (The Premium Class) ဟာ အခြားဆိုင်ကယ်ပြိုင်ပွဲတွေနဲ့မတူတဲ့အချက်ကတော့ ဒါဟာ ရိုးရိုးပြိုင်ပွဲမဟုတ်ဘဲ ခေတ်ရှေ့ပြေး Prototype နည်းပညာတွေ ပြိုင်ဆိုင်တဲ့ ပြိုင်ကွင်းဖြစ်နေတာပါပဲ။ ဈေးကွက်ဝင် Production ဆိုင်ကယ်တွေကို အခြေခံပြီး နည်းပညာပြုပြင်မှုအကန့်အသတ်နဲ့ ထည့်ပြိုင်ရတဲ့ World Superbike Championship (WSBK) လိုမဟုတ်ဘဲ MotoGP ပြိုင်ပွဲဝင်ဆိုင်ကယ်တွေကတော့ အသေးစိတ်ထုဆစ်ထားပြီး ပြိုင်ပွဲဝင်ဖို့ ရည်ရွယ်ချက်တစ်ခုတည်းအတွက် မီလီမီတာတစ်ခုချင်းစီအထိ တိကျမှုနဲ့ တည်ဆောက်ထားတဲ့ တစ်စီးဆိုတစ်စီး Unique ဖြစ်တဲ့ဆိုင်ကယ်တွေပါ။ ဒီနည်းပညာမြင့် ခေတ်ရှေ့ပြေး Prototype Motorcycle တွေကို ထိန်းချုပ်မောင်းနှင်ဖို့ဆိုတာကလည်း ဆိုင်ကယ်မောင်းနှင်ခြင်းကို တစ်ဖက်ကမ်းခတ် ကျွမ်းကျင်တဲ့ ဝါရင့် Professional Rider တွေမှသာ ဖြစ်နိုင်မှာပါ။ ဒီ Rider တွေဟာ အင်မတန်မြန်ဆန်တဲ့ ဆိုင်ကယ်တွေကို မောင်းနှင်ရတာမို့ တုံ့ပြန်မှုမြန်ဆန်ဖို့အပြင် Braking, Cornering, Acceleration တွေမှာ ခံစားရမဲ့ မတူညီတဲ့ G-Force တွေကိုလည်း ခံနိုင်ရည်ရှိရမှာပါ။ ဒါကြောင့်လည်း MotoGP ဟာ Road to MotoGP လို အစီအစဉ်တွေလုပ်တာ၊ ကြုံရာကျပန်း ပြိုင်ပွဲဝင်တွေကို လက်မခံဘဲ အတွေ့အကြုံခိုင်မာကြောင်း နောက်ကြောင်းသေချာစစ်ပြီး စမ်းသပ်ပြီးမှ ပြိုင်ခွင့်ပေး/မပေး ဆုံးဖြတ်ကြတာပါ။
Moto3, Moto2 Class တွေက ဆိုင်ကယ်တွေကို ဆိုင်ကယ်အဖွဲ့အချင်းချင်း ပြိုင်ပွဲဝင်ဖို့ ပြန်ရောင်းတာတွေ၊ ချမ်းသာတဲ့ ဝါသနာရှင်တွေက Collect လုပ်တာတွေ၊ Tuning ပြန်လုပ်ပြီး စီးကြတာတွေ မကြာခဏတွေ့နိုင်ပေမဲ့ MotoGP Class က ဒီဆိုင်ကယ်တွေကိုတော့ Race Track တွေရဲ့ ပြင်ပမှာ လုံးဝစီးနင်းခွင့်မရှိပါဘူး၊ ပိုက်ဆံတွေထားစရာမရှိအောင် ချမ်းသာနေရင်တောင် အားမထုတ်ဘဲ အလွယ်တကူ ပိုက်ဆံပေးဝယ်လို့ရတဲ့ ဆိုင်ကယ်တွေ မဟုတ်ပါဘူး။ သူတို့ကို ဆိုင်ကယ်လောကရဲ့ Ferrari တွေလို့ ပြောလို့ရပါတယ်။ လက်တွေ့စီးဖို့ဆိုတာကလည်း ဒီဆိုင်ကယ်တွေဟာ ရေရှည်ခံမှုထက် သတ်မှတ်စီးနင်းမှုအကြိမ်ရေပြည့်တာနဲ့ အလုံးလိုက်အသစ်လဲရမဲ့ အင်ဂျင်မျိုးတွေ တပ်ဆင်ထားတဲ့ Performance အထူးပြုဆိုင်ကယ်တွေ ဖြစ်ပါတယ်။
လက်ရှိမှာ MotoGP ဆိုင်ကယ်တွေရဲ့ အင်ဂျင်ကို 1000cc သတ်မှတ်ထားပြီး အမြင့်ဆုံးမြင်းကောင်ရေ 250hp သတ်မှတ်ပေးထားပါတယ်၊ ထုတ်လုပ်သူတွေဟာ ဒီကန့်သတ်ချက်အောက်မှာ V-4, Inline-4 စသဖြင့် မတူညီတဲ့ အင်ဂျင်တည်ဆောက်ပုံတွေကို စိတ်ကြိုက်ချိန်ညှိအသုံးပြုနိုင်ပါတယ်။
2027 MotoGP ကတော့ အပြောင်းအလဲအကြီးကြီးတစ်ခုဖြစ်ဖို့ ရှိပါတယ်။
Engine Displacement 1000cc ကန့်သတ်ချက်ကို 850cc ထိလျှော့ချသွားမှာဖြစ်ပြီး ဆီတိုင်ကီဝင်ဆံ့မှုကို 22 Liters ကနေပြီး 20 Liters အထိ ကန့်သတ်သွားမှာပါ။ လက်ရှိမှာ လောင်စာကို 40% ကို Non-fossil fuel mixture ပါတဲ့ လောင်စာ အသုံးပြုခွင့်ပေးထားပေမဲ့ 2027 ခုနှစ်မှာဆိုရင် 100% Non-fossil fuel တွေပဲ သုံးခိုင်းမယ်လို့ ဆိုထားပါတယ်။ Season တစ်လျှောက်လုံးမှာ အင်ဂျင်လဲလှယ်ခွင့်ကိုလည်း လက်ရှိ 7 ကြိမ်လဲလှယ်ခွင့် သတ်မှတ်ချက်အောက် လျှော့ချသွားဦးမယ်လို့ သိရပါတယ်။
(Non-fossil fuel က ဘာလဲဆိုရင် ဓာတ်ဆီ၊ ဒီဇယ်၊ ရေနံ စတဲ့ ဒိုင်နိုဆောရုပ်ကြွင်းတွေကရတဲ့ အရည်တွေ မပါတဲ့ ဆီကို ဆိုလိုချင်တာပါ၊ ဒီဆီတွေရဲ့လောင်ကျွမ်းမှုက ထွက်လာတဲ့ ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချချင်တဲ့ ရည်ရွယ်ချက်ရယ် Brand အသီးသီးက ပြိုင်ပွဲဝင်ဆိုင်ကယ်တွေရဲ့ Top Speed အပြိုင်အဆိုင် မြင့်တက်လာမှုတွေကို ထိန်းချုပ်ဖို့ရယ်ကြောင့်ပါ)
မြင်သာသော နည်းပညာကွာခြားချက်အချို့
MotoGP ဆိုင်ကယ်တွေနဲ့ ဈေးကွက်တင် Street-legal ဆိုင်ကယ်တွေကြားမှာ သိသာမြင်သာတဲ့ ကွာခြားချက်တွေကတော့ Aerodynamic ပိုင်း၊ Electronics ပိုင်း၊ Brake ပိုင်းတွေမှာပဲ ဖြစ်ပါတယ်။
Aero ပိုင်းမှာဆိုရင် MotoGP ဆိုင်ကယ်တွေဟာ လေခွင်းအားကောင်းစေဖို့ Aggressive ဖြစ်တဲ့ Body Design တွေ၊ ဆိုင်ကယ်ဦးခေါင်းကို မြေမှာဝပ်နေစေဖို့ အထူးပြုလုပ်ထားတဲ့ ဆိုင်ကယ်ဦးခေါင်းပိုင်းက အတောင်ပံပုံစံ Anti-wheelie Winglet တွေ၊ ဘယ်ညာ Fairing အောက်ပိုင်းတွေမှာ အရှေ့ကနေ လေဝင်ပြီး ဘေးဘက်က ပြန်ခွင်းထွက်သွားတဲ့ Side Pod တွေ၊ Hole Shot တွေ Ride Height Device တွေ၊ အမှီးပိုင်းမှာ တပ်ဆင်တဲ့ Stegosaurus Fins တွေ စတာတွေ တပ်ဆင်ကြပြီး ဒါတွေဟာ တာထွက်မှာ အရှိန်မြန်မြန်ထွက်နိုင်ဖို့နဲ့ လမ်းအကွေ့တွေကို အရှိန်ပြင်းပြင်းနဲ့ဝင်ရောက်ပြီး အမြန်အရှိန်တင်ကာ ပြန်ထွက်ချိန်တွေမှာ ဆိုင်ကယ်ကို တည်ငြိမ်မှုပိုကောင်းစေဖို့ လုပ်တဲ့ နည်းပညာတွေဖြစ်ပါတယ်။ ယခင်က MotoGP ပုံစံ Street Legal Version ထုတ်ပေးတဲ့ Racing Replica ဆိုင်ကယ်တွေမှာ ဒီလို Body Design မျိုးတွေ၊ Accessories တွေ ပါဝင်လေ့ရှိပါတယ်၊ နည်းပညာပိုင်းဆိုင်ရာအရတော့ MotoGP ဆိုင်ကယ်တွေမှာလောက် အသုံးဝင်မှု မရှိကြပါဘူး၊ အချို့ဆို ပုံစံတူအလှဆင်ပစ္စည်းသာသာပဲ ရှိပါတယ်။ အခုနောက်ပိုင်းမှာတော့ Racing Replica တင်မဟုတ်ဘဲ အချို့ ဈေးကွက်တင် ဆိုင်ကယ်တွေမှာပါ Aerodynamic Design Winglet တွေပါလာတာ တွေ့ရပါတယ်၊ အလုပ်ဖြစ်မဖြစ်ကတော့ တကူးတကစမ်းကြည့်မှပဲ သိပါမယ်။
Electronics ပိုင်းမှာဆိုရင် MotoGP ဆိုင်ကယ်တွေအားလုံးရဲ့ Electronics Package တွေကို Traction Control, Wheelie Control, Engine Braking Management, Launch Control စတာတွေ စီမံပေးဖို့ စံသတ်မှတ်ထားတဲ့ ECU ကို အသုံးပြုပြီး ထိန်းချုပ်ပါတယ်။ ဒါဟာ ပြိုင်ပွဲဝင်ထုတ်လုပ်သူတွေအနေနဲ့ Software Development အသုံးချပြီး အားသာချက်မရယူနိုင်အောင် ထိန်းချုပ်ထားတာပါ။ ဒါပေမဲ့လည်း ဒီစနစ်တွေတစ်ခုချင်းဆီကို အသေးစိပ်အထိ ချိန်ညှိမှုက အဓိကကျတဲ့ ပြိုင်ပွဲအဆုံးအဖြတ်လည်း ဖြစ်နိုင်ပါတယ်။ သာမန် ဈေးကွက်ဝင်ဆိုင်ကယ်တွေမှာတော့ Stock အတိုင်းပါလာတဲ့စနစ်တွေကို ကိုယ်တိုင်တစ်ခုချင်း သီးသန့်အသေးစိပ် ချိန်ညှိစရာမလိုပါဘူး Factory Setting သတ်မှတ်ချက်အတိုင်း 1, 2, 3, off စသဖြင့် Odometer display ကြည့်ကာ Level ရွေးချယ်သတ်မှတ်နိုင်ပါတယ်။
Brake အပိုင်းမှာဆိုရင်တော့ MotoGP ဆိုင်ကယ်တွေဟာ Carbon fiber Discs brake တွေ သုံးကြပါတယ်၊ ဒါတွေဟာ လုံလောက်အောင်မြင့်တဲ့အပူချိန်ကို ရောက်မှ ကောင်းကောင်းအလုပ်လုပ်တဲ့ Brake တွေပါ၊ အကောင်းဆုံး အရှိန်လျှော့ချနိုင်စွမ်းကိုလည်းပေးပါတယ်။ ဆိုတော့ ဈေးကွက်တင် ဆိုင်ကယ်တွေမှာ လုံးဝတပ်လို့အဆင်မပြေတဲ့ Brake မျိုးတွေပေါ့၊ ဒါပေမဲ့လည်း မိုးရွာတဲ့အခြေအနေ၊ စိုစွတ်တဲ့ရာသီဥတုတွေမှာဆိုရင်တော့ MotoGP Bike တွေလည်း Steel Disc တွေကို ပြောင်းလဲတပ်ဆင်ပြီး သုံးရပါတယ်။
ဒါကတော့ Moto GP အကြောင်း Part-1 ပါ။
Part-2 မှာ Moto GP Premium Class ကို ဘယ်လိုကျင်းပလဲ? ဝင်ပြိုင်ဖို့ ဘာတွေလိုအပ်လဲ? ဆိုတာတွေ Sharing လုပ်ပေးသွားမှာ ဖြစ်ပါတယ်။
(စာကြွင်း)
လက်ရှိမှာ မြန်မာနိုင်ငံကနေ ပထမဆုံးအကြိမ် MotoGP Premium Class ကို ပြိုင်နိုင်ဖို့ကြိုးစားနေတဲ့ Senior Rider အစ်ကိုတွေရဲ့ အဖွဲ့တစ်ဖွဲ့ ရှိပါတယ်၊ တကယ့်ဆိုင်ကယ်ရူးတွေဆို သိကြပါလိမ့်မယ်။
ဒါဟာ ဂုဏ်ယူစရာကောင်းတဲ့ အစပြုမှုပါပဲ.... Shot out to them!
ပုံကတော့ တစ်ခါမှ Moto GP ထဲ ဘောင်မဝင်ခဲ့တဲ့ Hayabusa ပါ :-3 :-3 :-3
26/05/2024
The Most Iconic Bikes of All Time - Part (1)
ဂန္တဝင်မြောက်ဆိုင်ကယ်များ - အပိုင်း (၁)
-------------------------------------------------
BMW ရဲ့ ဘဝတစ်ဆစ်ချိုး (သို့မဟုတ်) BMW R32
-------------------------------------------------
ဂျာမန်ဆိုင်ကယ်ထုတ်လုပ်သူတွေကြားထဲမှာမှ BMW ဟာ တစ်ကမ္ဘာလုံးက ဆိုင်ကယ်သမားတွေရဲ့အသည်းကို
ကိုင်လှုပ်ပြီး စိတ်လှုပ်ရှားအောင် စွမ်းဆောင်နိုင်တဲ့ဆိုင်ကယ်ဘရန်း တစ်ခုလို့ပြောရင် မှားမယ်မထင်ပါဘူး။
ဒီနေ့ခေတ် ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်း ဆိုင်ကယ်သမားအများစု စိတ်ကူးယဉ်ကြတဲ့ အိမ်မက်တွေထဲမှာ
BMW ဆိုင်ကယ်တွေထဲက တစ်စီးမဟုတ် တစ်စီးတော့ ပါကိုပါနေမှာ ၈၀ ရာခိုင်နှုန်းလောက် သေချာပါတယ်။
ဒီလောက်ထိအောင်မြင်နေတဲ့ BMW ဆိုတာ ဘယ်လိုများစဖြစ်လာခဲ့သလဲ?
ယနေ့ ၂၁ ရာစုမှာတော့ BMW ကို ဇိမ်ခံကားတွေနှင့်် မော်တော်ဆိုင်ကယ်တွေ ထုတ်လုပ်ပြီး
နိုင်ငံတကာမှာ နာမည်ဂုဏ်သတင်းကြီးနေတဲ့ ကုမ္ပဏီကြီးတစ်ခု အဖြစ်မြင်တွေ့နိုင်ပါတယ်။
BMW, Mini, Rolls-Royce နဲ့ BMW Motorrad တို့ဟာ လက်ရှိ BMW Group အောက်က ဘရန်းတွေပဲဖြစ်ပါတယ်။
အဲ့ထဲကမှ BMW Motorrad ကတော့ ကျွန်တော်တို့အသည်းစွဲ ဆိုင်ကယ်တွေထုတ်လုပ်တဲ့ ဘရန်းပါ။
BMW Motorrad ဘယ်လိုဖြစ်လာသလဲ မပြောခင်မှာ BMW ရဲ့ သမိုင်းကြောင်းလေးကို
ဗဟုသုတအနေနဲ့ Sharing လုပ်ပေးချင်ပါတယ်။
BMW History
---------------
၁၉၁၃ ခုနှစ်၊ BMW ကုမ္ပဏီကိုစတည်ထောင်စဉ်က Rapp Motorenwerke ဆိုတဲ့ အမည်နဲ့ တည်ထောင်ခဲ့ပြီး
ပထမကမ္ဘာစစ်မှာ အသုံးပြုမဲ့ ဂျာမန်လေယာဉ်တွေအတွက် အင်ဂျင်တွေထုတ်လုပ်ပေးခဲ့ပါတယ်။
၁၉၁၆ မှာ Rapp Motorenwerke အနေနဲ့ ဒေဝါလီခံလိုက်ရပြီး BFW ဆိုတဲ့ လေယာဉ်အင်ဂျင်ထုတ်လုပ်တဲ့ စက်ရုံတည်ထောင်ခဲ့ပါတယ်။
၁၉၁၈ ခုနှစ်၊ ပထမကမ္ဘာစစ်အပြီးမှာ The Treaty of Versailles စာချုပ်အရ ဂျာမန်ကို လေယာဉ်ပစ္စည်းထုတ်လုပ်ခွင့်ပိတ်ခဲ့တာမို့
Railway Breaks တွေ Built-in Motor တွေ ထုတ်လုပ်ရေးကို အာရုံစိုက်ခဲ့ပြီး BFW ကနေ BMW လို့ စတင်လူသိများလာပါတယ်။
၁၉၂၂ ခုနှစ်မှသာ BMW ဆိုပြီး နာမည်အတိအလင်းသတ်မှတ်ခဲ့ပြီး အခြားသော ကား၊ဆိုင်ကယ် ထုတ်လုပ်သူတွေအတွက် အင်ဂျင်တွေ စတင်ထုတ်လုပ်ပေးခဲ့တာပါ။
(BMW ဟာ BFW ရဲ့ အမွေကိုဆက်ခံခဲ့တဲ့လုပ်ငန်းဖြစ်တာနဲ့အညီ BMW ရဲ့ တည်ထောင်တဲ့ရက်စွဲကိုလည်း
BFW တည်ထောင်တဲ့ရက်စွဲဖြစ်တဲ့ မတ်လ ၇ ရက်၊ ၁၉၁၆ ခုနှစ်လို့ပဲ သတ်မှတ်ခဲ့ပါတယ်)
BMW ရဲ့ အရှည်ကောက်ကတော့ Bayerische Motoren Werke GmbH ဖြစ်ပြီး ကုမ္ပဏီအခြေစိုက်ရာ Bavarian ပြည်နယ်ကို အစွဲပြုပြီး Bavarian Motor Works (ဘဗေးရီးယန်း မော်တာလုပ်ငန်းများ) ဆိုတဲ့ အဓိပ္ပါယ်နဲ့ အမည်ပေးခဲ့တာပါ။
BMW Motorrad ဖြစ်ပေါ်လာပုံ
-------------------------------
လေယာဉ်အင်ဂျင်တွေရဲ့နယ်ပယ်ကို စွန့်ခွာလိုက်ရတဲ့ BMW ဟာ ကားအင်ဂျင်၊ ဆိုင်ကယ်အင်ဂျင်တွေ
ထုတ်လုပ်တဲ့ဈေးကွက်မှာ ပြိုင်ဘက်တွေနဲ့ရင်ဘောင်တန်းနိုင်ဖို့အရေး BFW ရဲ့ ကန်ထရိုက်ခွဲအနေနဲ့ Helios လို့ အမည်တပ်ထားတဲ့ ဆိုင်ကယ်အကြီးတွေ ထုတ်လုပ်နိုင်ဖို့အတွက် Four-stroke အင်ဂျင်တွေကို တည်ဆောက်နေခဲ့ပါတယ်။
အဲ့ဒီ့ရလဒ်အနေနဲ့ M2B15 ဆိုတဲ့ 486cc Boxer Twin အင်ဂျင်ကို ထုတ်လုပ်နိုင်ခဲ့ပါတယ်။
သို့ပေမဲ့ BMW ဟာ ဒီလောက်နဲ့ရပ်တန့်မနေပါဘူး။ သူတို့အနေနဲ့ စီးပွားနယ်ပယ်အသစ်တစ်ခုချဲ့ထွင်ဖို့ ခြေလှမ်းစခဲ့ကြပါတယ်။
BMW ရယ်လို့စဖြစ်လာကတည်းက အင်ဂျင်နီယာဌာနမှာ အလုပ်လုပ်နေတဲ့ အင်ဂျင်နီယာ Max Friz ဆိုသူက
လေယာဉ်တွေနဲ့ပတ်သတ်တာကလွဲရင် ဘာကိုမှ စိတ်မဝင်စားတဲ့သူပါ။
ဆိုင်ကယ်တွေ ကားတွေဆိုတာ လက်တွေ့မကျတဲ့ သယ်ယူပို့ဆောင်ရေးပစ္စည်းတွေလို့တောင် တွေးထားတဲ့သူမျိုးပါ။
ဒါပေမဲ့ BMW ရဲ့ တည်ထောင်သူ Franz Josef Popp ဟာ ပိုကောင်းတဲ့ Boxer Engine နဲ့အတူ
လက်ရှိခေတ်ထက်သာလွန်တဲ့ ဆိုင်ကယ်တစ်စီးကို တည်ဆောက်ဖို့အတွက် Friz ကို နားချခဲ့ပါတယ်။
အဲ့ဒီ့ရဲ့ ရလဒ်ကတော့ ၁၉၂၃ ခုနှစ် ပဲရစ်မော်တော်ဆိုင်ကယ်ဆလွန်းမှာ စတင်မိတ်ဆက်ခဲ့တဲ့
BMW R32 ဆိုတဲ့ မော်တော်ဆိုင်ကယ်ပဲ ဖြစ်ပါတယ်။
ဒီဆိုင်ကယ်ဟာ BMW Motorrad ကိုရဲရဲကြီး တည်ထောင်ပစ်လိုက်နိုင်တဲ့အထိ
အောင်မြင်မှုတွေသိမ်းပိုက်ပေးနိုင်ခဲ့သလို BMW ရဲ့ ပထမဦးဆုံး ထုတ်လုပ်ခဲ့တဲ့ ဆိုင်ကယ်လည်း ဖြစ်ပါတယ်။
ဒါ့အပြင် ဒီဆိုင်ကယ်ဟာ ယနေ့ကျွန်တော်တို့ မြင်တွေ့နေရတဲ့ BMW Logo ကို ပထမဆုံးအသုံးပြုခဲ့တဲ့ မော်တော်ဆိုင်ကယ်လည်း ဖြစ်ပါတယ်။
သူ့ခေတ်အခါက ဆိုင်ကယ်တွေအားလုံးကြားမှာမှ ဆိုင်ကယ်စစ်စစ်လို့ ဆိုရမဲ့ဆိုင်ကယ်တစ်စီးပါပဲ။
BMW R32 အကြောင်း
----------------------
အခြားဆိုင်ကယ်တွေနဲ့မတူခဲ့ဘဲ M2B15 engine ကို အဆင့်မြှင့်ထားတဲ့
တမူထူးခြားတဲ့ M2B33 အင်ဂျင်ကို Boxer လို့အမည်တပ်ပြီး အသုံးပြုထားခဲ့ပါတယ်။
ဟုတ်ပါတယ်၊ ယနေ့ခေတ် BMW ဆိုင်ကယ်တွေရဲ့ Signature Boxer Engine တွေရယ်လို့ ဖြစ်လာမဲ့ ရှေ့ပြေးအင်ဂျင်ပါပဲ။
Engine တည်ဆောက်ပုံက Piston နှစ်ခုကို 180 Degree ရေပြင်ညီအတိုင်း တပြေးတည်း ထားရှိပါတယ်။
အဲ့လို Cylinder head တွေက ဘေးနှစ်ဘက်ကို ကားထွက်နေတာမို့ သူ့မတိုင်ခင်က ထွက်ခဲ့သမျှ ဆိုင်ကယ်တွေထက် Cooling ပိုင်းက ပိုအားသာနေခဲ့ပါတယ်။
အင်ဂျင်ချောဆီ(အင်ဂျင်ဝိုင်)လည်ပတ်တဲ့အပိုင်းဟာလည်း ရှေ့ကထွက်ခဲ့တဲ့ဆိုင်ကယ်တွေလို Total-loss Oiling System မဟုတ်တော့ဘဲ Wet Sump Oiling System ဖြစ်လာပါတယ်။
(Total-loss Oiling System ဆိုတာ ယနေ့ခေတ်မှာဆို Two-stroke Engine တွေမှာသာ တွေ့ရတော့တဲ့ ချောဆီကို ဗူးတစ်ခုသပ်သပ်ထားပြီး အင်ဂျင်ထဲစီးဝင်ရောနှော ပေါက်ကွဲစေတဲ့စနစ်ပါ။
Wet Sump နဲ့ Dry Sump Oiling System တွေကတော့ အင်ဂျင်ဝိုင်ဗူး သပ်သပ်ထားစရာမလိုဘဲ အင်ဂျင်အတွင်းမှာ အင်ဂျင်ဝိုင်ကို သူ့နည်းနဲ့သူ လှည့်ပတ်ပေးတဲ့ စနစ်တွေပါ။)
494cc ရှိတဲ့ ဒီ Flat-twin Boxer အင်ဂျင်ဟာ R32 ကို Top Speed 95 km/h (59mph) အထိ မောင်းနှင်နိုင်စေပါတယ်။
ဒီဘက်ခေတ်အနေအထားနဲ့ဆို 110cc ဆိုင်ကယ်တောင် အဲ့လောက်မောင်းလို့ရတယ် တွေးမိပါလိမ့်မယ်။
ဒါပေမဲ့ ၁၉၂၀/၁၉၃၀ ဝန်းကျင်တွေမှာတော့ ဒီမြန်နှုန်းဟာ ပြိုင်ဘီးကောင်းတစ်စီးဖြစ်ဖို့ လိုတာထက်ပိုခဲ့ပါတယ်။
ဖရိန်ကို Steel ဖရိန်ကိုမှ Double Cradle ပုံစံသုံးထားပြီး ဖောက်တွေကိုတော့ Indian မော်တော်ဆိုင်ကယ်တွေမှာ သုံးတဲ့ပုံစံနဲ့အနီးစပ်ဆုံး ပြုလုပ်တပ်ဆင်ထားပါတယ်။
BMW ဆိုင်ကယ်အတော်များများမှာတွေ့ရတဲ့ နောက်ထပ် ထူးခြားချက်တစ်ခုကလည်း ဒီဆိုင်ကယ်မှာကတည်းက ရှေ့ပြေးအဖြစ်ပါနေခဲ့ပါတယ်။
အဲ့ဒါကတော့ Shaft Drive System ပါပဲ။ ပုံမှန်အားဖြင့် Chain Drive တွေပဲ သုံးနေကြတဲ့
Motorcycle Industry မှာ ကားတွေမှာပဲမြင်ရတဲ့ Shaft Drive System ကို တပ်ဆင်လိုက်တာကလည်း
BMW R32 ကို လူစိတ်ဝင်စားမှုပိုမြင့်တက်သွားစေတဲ့အချက်တစ်ချက် ဖြစ်ပါတယ်။
Friz ဦးဆောင်ပြီး လေယာဉ်အင်ဂျင်ပဲထုတ်လုပ်ဖူးတဲ့ အင်ဂျင်နီယာတစ်စုက ဆိုင်ကယ်လောကကို
စတင်ဝင်ရောက်ရောက်ချင်းမှာပဲ ပထမဆုံးဆိုင်ကယ်နဲ့အတူ BMW ဆိုတဲ့နာမည်ကို
ဆိုင်ကယ်သမားတွေရင်ထဲမှာ ကမ္ဗည်းထိုးမှတ်ကျောက်တင်နိုင်ခဲ့ပါတယ်။
ဒီလို ဂန္တဝင်မြောက်လက်ရာဆိုင်ကယ်တွေအကြောင်းဟာ အသေးစိပ်ပြောရင်
အမှားပါသွားလို့ မကောင်းတာမို့ စကားစဖြတ်ပါရစေ။
နိဂုံးချုပ်အနေနဲ့ဆိုရင်တော့ BMW R32 ဟာ ၁၉၂၀ ပြည့်နှစ်တွေအတွက် Flagship ဆိုင်ကယ်တစ်စီး
ဖြစ်ခဲ့တယ်ဆိုတာတော့ ငြင်းဖွယ်ရာလုံးဝမရှိပါဘူး။
BMW ရဲ့ဘဝတစ်ဆစ်ချိုးမှာ BMW Motorrad ဆိုတဲ့ ကုမ္ပဏီတစ်ခုကို စတင်အသက်ဝင်စေခဲ့ပြီး
ယနေ့ခေတ် ကျွန်တော်တို့ အိမ်မက်မက်ရတဲ့ BMW ဆိုင်ကယ်ကြီးတွေကို မွေးထုတ်ပေးခဲ့တာမို့
တကယ့်ကို သူမတူတဲ့ Iconic Bike တစ်စီးဖြစ်တယ်လို့ ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။
(Note – BMW R32 ဟာ လက်ရှိမှာ Collector တွေကြား ရေပန်းအစားဆုံး ဆိုင်ကယ်စာရင်းထဲပါပါတယ်၊ မိတ်ဆွေက စိတ်ပါလို့ ဝယ်ချင်တယ်ဆိုရင် သန့်သန့်ပြန့်ပြန့်အနေအထားတစ်စီးကို ကြမ်းခင်းဈေး $100,000 ဝန်းကျင်လောက်အထိ ဈေးရှိနိုင်ပါတယ်။)
21/05/2024
အဖြေမှန်ကတော့ BMW R32 ပါ 🥳🥳🥳
ဒီတစ်ပတ် Sunday မှာ BMW R32 အကြောင်းလေး
Knowledge Sharing အနေနဲ့ တင်ပေးပါမယ်ဗျ 💖
Post က Reach မရောက်တော့ အဖြေမှန်သွားတာ
တစ်ယောက်တည်းမို့ ဖုန်းဘေ ၃၀၀၀ ထည့်ပေးပါမယ်ဗျ ❣️
20/05/2024
Hello Guys!!!
ခဏလေးဖတ်ကြည့်ပြီး ကံဝင်စမ်းဦးဗျို့ 🍀😁
ပျောက်နေတာလည်း ကြာပြီ 😶🌫️
အလုပ်ကမအား Social ဖိအားတွေကလည်း များနဲ့
ကျွန်တော်မောင် Sam ခဏအနားယူရင်း စာချည်းလှိမ့်ဖတ်နေတာဗျို့
နောက်ရက်တွေကျ တစ်ပတ်တစ်ခါပုံမှန်
Motorcycle Knowledge Sharing လေးတွေနဲ့
ပြန်လာခဲ့ပါမယ်ဗျာ 🙏
ဒီတစ်ပတ် Sunday မှာတော့
The Most Iconic Bikes ဆိုတဲ့ ခေါင်းစဉ်နဲ့
ဆိုင်ကယ်သမိုင်းတစ်လျှောက်မှာ
အပြောင်းအလဲကြီးတွေ ဖြစ်စေခဲ့တဲ့
ဆိုင်ကယ်တွေအကြောင်း အပိုင်း (၁) လာပါမယ်နော့်
ပထမဆုံးဆိုင်ကယ်က BMW ထဲကပါ
ဘာဆိုင်ကယ်လဲ Comment မှာ မန့်ခဲ့ပေးပါ 🤗
ပထမဆုံး အဖြေမှန်သူ သုံးဦးကို ဖုန်းဘေတစ်ထောင်စီ ထည့်ပေးပါမယ်
နည်းနည်းလေးပေမဲ့ အပျော်ပေါ့ဗျာ 🥳
(Edit : Comment မှာ အရိပ်အမြွက်လည်း ပြောပြထားတယ်နော့်
အဖြေမှန်သူတွေကို ဒီနေ့ည ရွေးချယ်ပေးပါမယ် 💖)
25/04/2024
သင့်ရဲ့ ပထမဆုံးဆိုင်ကယ်ကို ဘယ်လိုရွေးချယ်မလဲ???
မိတ်ဆွေက ကလပ်ဘီးတွေ စစီးတတ်ပြီ၊
ကိုယ်ပိုင်ဆိုင်ကယ်ဘီးကြီးတစ်စီး စဝယ်ချင်နေပြီဆိုရင်
ဒီ Post လေးကို ခေတ္တအချိန်ပေးပြီး ဖတ်ကြည့်ပါ
တစ်စုံတစ်ခုတော့ အကျိုးရှိသွားပါလိမ့်မယ်...🍀🍀🍀။
(ကျွန်တော့်အတွေးအမြင်သပ်သပ်သာဖြစ်လို့ လိုအပ်ချက်ရှိခဲ့ပါက
Senior Rider များအနေဖြင့် ဖြည့်စွက်အကြံပြုလိုသည်များကို
Comment တွင် ဝင်ရောက်ဆွေးနွေးပေးသွားဖို့ မေတ္တာရပ်ခံပါတယ်ခင်ဗျ)
ဆိုင်ကယ်တစ်စီး ဝယ်ယူတော့မယ်ဆိုရင်
ရွေးချယ်စရာ Category တွေက အများကြီးပါ၊ 🤓
Sportbike, Naked Bike, Adventure Bike စသဖြင့်ပေါ့
အဲ့လို Category တစ်ခုချင်းစီမှာ ဆိုင်ကယ်တွေကလည်း အများကြီးပါ၊
အဲ့ဒီ့ဆိုင်ကယ်အများကြီးကလည်း တစ်စီးနဲ့တစ်စီး
သဘောသဘာဝတွေ ကွဲကြပါတယ်။
ဆိုတော့ ဒီလိုမျိုးရွေးချယ်စရာတွေ များလွန်းတဲ့အတွက်
Rider အများစုက ကိုယ်နဲ့မလိုက်ဖက်တဲ့ဆိုင်ကယ်ကို
ရွေးချယ်မိတတ်ကြပါတယ်
အဲ့ဒီ့ရွေးချယ်မှုဟာ အခန့်မသင့်ခဲ့ရင်
အသက်ပေးရတဲ့အထိ ဖြစ်နိုင်တယ်ဆိုတာကိုတော့
အမှုမဲ့အမှတ်မဲ့ဖြစ်စေ၊ ယုံကြည်မှုလွန်ကဲပြီးဖြစ်စေ
သတိမထားမိတတ်ကြပါဘူး။
(ကျွန်တော့်ရဲ့ နေရပ်မှာတင်ပဲ ဒီလိုအမှားကြောင့်
အသက်ပေးသွားရတဲ့ လူငယ် Rider အချို့ရှိခဲ့ပါတယ် 😔)
အသက်မပေးရဘူး၊ မတော်တဆမဖြစ်ဘူးဆိုရင်တောင်
ဆိုင်ကယ်လောကကို စွန့်ခွာသွားတဲ့အထိ
စိတ်ပျက်သွားတဲ့သူတွေလည်း ရှိပါတယ်။
အဲ့တော့ ဒီလိုအမှားမျိုးမဖြစ်ရအောင် ဆိုင်ကယ်တစ်စီးကို
ဝယ်ယူတဲ့အခါမှာ ဘယ်လိုအချက်တွေနဲ့ ရွေးချယ်သင့်လဲ?
၁။ Purpose (ရည်ရွယ်ချက်)
၂။ Budget (ငွေကြေး)
၃။ Maneuverability (ထိန်းချုပ်နိုင်စွမ်း)
၄။ Comfortability (သက်တောင့်သက်သာရှိမှု)
၅။ Service & Maintenance (ပြုပြင်ထိန်းသိမ်းမှု)
ကျွန်တော့်ရဲ့အတွေ့အကြုံအရ ဒီ (၅) ချက်နဲ့ အဓိကချိန်ညှိပြီး ဝယ်သင့်ပါတယ်။
၁။ Purpose (ရည်ရွယ်ချက်)
---------------------------
အစကပြောခဲ့သလိုပဲ ဆိုင်ကယ် Category တွေရှိပါတယ်။
Category တစ်ခုချင်းစီက မတူညီတဲ့ရည်ရွယ်ချက်တွေ ရှိပါတယ်။
အခြေခံအားဖြင့် -
Sport Type ဖြစ်တဲ့ Racing Bike တွေ(ပြိုင်ဘီးတွေ)က
လမ်းကြမ်းသွားဖို့မဟုတ်ဘဲ မြို့တွင်းစီးဖို့၊ Track တွေမှာ
မြန်နှုန်းမြင့်မောင်းဖို့ ရည်ရွယ်ပါတယ်။
(R1, CBR100R, ZX10R, GSX100R, H2, etc.,)
Naked Type ဆိုင်ကယ်တွေက Daily Commuting လုပ်ဖို့၊
ထသွားထလာစီးဖို့၊ ရုန်းအားအပြည့်နဲ့ မောင်းနှင်ဖို့ ရည်ရွယ်တာ များပါတယ်။
(CB1000R, FZ1N, MT-10, Streetfighter V4, etc.,)
Adventure Bike တွေကတော့ လမ်းကောင်းရော၊ လမ်းကြမ်းရောပါတဲ့
ခရီးရှည်တွေမှာ ယုံကြည်ချက်ရှိရှိ မောင်းနှင်နိုင်ဖို့ ရည်ရွယ်ပါတယ်။
(GS1250R, Africa Twin 1100, Tiger 1200, KTM 1290 ADV R, etc.,)
Touring Bike တွေနဲ့ Cruiser Bike တွေကတော့
မိုင်တိုင်အများကြီးသွားရမဲ့ ခရီးရှည်ကြီးတွေမှာ
လူသက်တောင့်သက်သာနဲ့ အဆင်ပြေပြေသွားနိုင်ဖို့ ရည်ရွယ်ပါတယ်။
(HD Softail, GL1800 Gold Wing, FJR1300, Shadow 1100, etc.,)
Dirt Bike ဆိုင်ကယ်တွေကတော့ ရွှံ့ထဲဗွက်ထဲတွေ၊ လမ်းကြမ်းတွေမှာ
ခုန်ပေါက်မောင်းနှင်ဖို့၊ စတန့်ကစားဖို့ စသဖြင့် ရည်ရွည်ကြပါတယ်။
(DRZ400SM, DT Series, XR 400, KTM 350 EXC-F, etc.,)
ဒါတွေကတော့ Main Category တွေပါ၊
Classic, Sport Touring, Supermoto, Dual-sport
စသဖြင့်အခြား Category တွေလည်း အများကြီးရှိပါသေးတယ်။
(ဒီမှာ မြင်သာအောင်လို့သာ အင်ဂျင်ပါဝါအကြီးနဲ့ဆိုင်ကယ်တွေကို
ဥပမာအဖြစ် ဖော်ပြထားတာပါ၊
ဒါတွေက Beginner တွေအတွက် ရည်ရွယ်တဲ့ဆိုင်ကယ်တွေ မဟုတ်ပါဘူး။
Experienced Rider ဆိုတာထက် Advanced Rider တွေကို
ရည်ရွယ်တဲ့ဆိုင်ကယ်တွေက များပါတယ်။)
ဆိုတော့ Category တစ်စုဆီက ဆိုင်ကယ်တွေက
ရည်ရွည်ချက်တစ်ခုစီနဲ့ ဖွဲ့စည်းတည်ဆောက်ထားတာပါ။
ဒါကြောင့် မိတ်ဆွေအနေနဲ့ ကိုယ့်ရဲ့ရည်ရွယ်ချက်ကိုလည်း ရှာဖွေရပါမယ်။
Gold Wing ကြီးနဲ့ တောတိုးချင်လို့ အဆင်မပြေသလို
R1 ကြီးနဲ့ လယ်ထဲမောင်းချင်လို့လည်း မကောင်းပါဘူး။
(မဖြစ်နိုင်ဘူးလို့တော့ မပြောဘူးနော်
ဘီးနှစ်ဘီးပါတာချင်းအတူတူ စီးချင်သလိုစီးလို့ရတယ်ဆိုတဲ့
လူစွန့်စားတွေ ရှိတတ်တာမို့
ဒါပေမဲ့ အားသာချက်၊ အားနည်းချက်တွေအရ ပြန်ခံစားရမဲ့
အကျိုးဆက်တွေ ကိုယ်စီရှိတယ်ဆိုတာတော့ သိထားရပါမယ်)
အဲ့တော့ နေ့စဉ်စီးချင်တာလား၊ ခရီးသွားချင်တာလား
အမြန်မောင်းချင်တာလား၊ ဇိမ်နဲ့စီးချင်တာလား
ကိုယ့်ရဲ့ ရည်ရွယ်ချက်ကိုရှာဖွေပါ ✅။
လုပ်ချင်တဲ့ဆန္ဒနဲ့ ဝယ်မိတဲ့ဆိုင်ကယ်နဲ့ မကိုက်ညီရင် ကိုယ်ပဲစိတ်ညစ်ရပါမယ်။
၂။ Budget (ငွေကြေး)
----------------------
ကိုယ်က ဘာလုပ်ချင်လို့ ဘာဆိုင်ကယ်ကိုလိုချင်တယ်ဆိုတာ သိပြီးရင်
ငွေကြေးတတ်နိုင်တဲ့သူတွေအတွက်တော့ ကိစ္စမရှိပေမဲ့
ချွေတာရမဲ့သူတွေအတွက်ကတော့ ကြိုက်တဲ့ဆိုင်ကယ် ပြေးဝယ်လို့မရပါဘူး။
လိုချင်တဲ့ဆိုင်ကယ်ရှိရင် ဈေးတန်းတူဆိုင်ကယ်တွေနဲ့ နှိုင်းယှဉ်ကြည့်ပါ။
ဖြစ်နိုင်ရင် Brand အစွဲ မထားပါနဲ့။ အသစ်ဆိုပြီး အစွဲမထားပါနဲ့။
Performance ကိုပဲ သေချာလေ့လာပါ။
ဆိုင်ကယ်ကျွမ်းကျင်တဲ့သူကို စစ်ဆေးခိုင်းပါ၊ အကြံပြုချက်ရယူပါ။
မဟုတ်ဘဲ ကိုယ်တတ်နိုင်တဲ့ Budget ထက်ပိုပြီး လိုချင်တာကိုဝယ်မိတဲ့အခါ
ဈေးသက်သာတဲ့အခြားဆိုင်ကယ်က ကိုယ့်ကို ဖြဲသွားရင် ခံစားရခက်ပါလိမ့်မယ်။
(စတာပါ.... ဖြဲတာမကောင်းဘူးနော် ညီကိုတွေ Peace ✌️✌️)
ဘာလို့ Budget ကိုချိန်ခိုင်းလဲဆိုတော့
ဆိုင်ကယ်ကလည်း သူ့ဈေးတန်းမှာ ပေးရတာနဲ့တန်တဲ့
Performance ကိုပြန်ရဖို့လိုသလို
ဆိုင်ကယ်စီးတဲ့အခါမှာ မဖြစ်မနေဝတ်ရမဲ့ Riding Gear တွေ
ဝယ်ဖို့ကိုလည်း Budget လုံလောက်ဖို့လိုပါတယ်။
Riding Gear တွေကလည်း စံနှုန်းပြည့်မှီတာဝယ်ဖို့ဆိုရင်
ကုန်ကျစရိတ်အတော်အသင့် များပါတယ်။
Riding Gear တွေက ဘာလို့အရေးကြီးလဲဆိုတာကို
Senior Rider တွေ အများကြီးကလည်း ရှင်းပြထားပြီးသားပါ၊
ရှာဖွေလေ့လာနိုင်ပါတယ်။
နောက်ပြီး အသစ်ဝယ်သည်ဖြစ်စေ၊ Used Bike ဝယ်သည်ဖြစ်စေ
ပြုပြင်ထိန်းသိမ်းမှုစရိတ်ကိုလည်း သီးသန့် Budget ချန်ထားဖို့ လိုအပ်ပါတယ်။
စက်ပစ္စည်းဖြစ်တဲ့အလျှောက် မစီးဘဲသိမ်းထားရင်တောင်
သူ့အချိန်တန်ရင် လိုအပ်တဲ့ ထိန်းသိမ်းမှုက လုပ်ရမှာပါပဲ။
နောက်တစ်ချက်က ကိုယ်က ဆိုင်ကယ်ကို Fancy တွေ အလှဆင်ရတာ၊
Custom Tuning တွေ လုပ်ရတာ စသဖြင့် ဝါသနာပါတဲ့သူဆို
အဲ့ဒီ့အတွက် Budget ကို သပ်သပ်ချန်ရပါဦးမယ်။
နောက်ဆုံးတစ်ချက်ကတော့ ဆိုင်ကယ်ကြီးဝယ်ထားပြီး
ဆီဖိုးမတတ်နိုင်တဲ့သူတော့ မဖြစ်ပါစေနဲ့... LOL 🥴
(အပြင်မှာ တကယ်ရှိတယ်နော် အချို့အချို့တွေ he he 😆😆...)
ဒါတွေကြောင့်ပဲ မိတ်ဆွေဟာ မချမ်းသာဘူးဆိုရင်
Budget ကို မဖြစ်မနေချိန်ညှိထားသင့်ပါတယ်။
၃။ Maneuverability (ထိန်းချုပ်နိုင်စွမ်း)
--------------------------------------
ဒီနေရာမှာ မိတ်ဆွေရဲ့ Skill က စကားပြောပါတယ်။
ကိုယ့်အရည်အချင်းကို သေချာဆန်းစစ်ရပါမယ်၊
ယုံကြည်မှုမလွန်ကဲဖို့ အထူးဂရုစိုက်ပါ။
(ဒါကအရေးကြီးပါတယ်၊ အသက်ပေးရနိုင်တဲ့အမှားက ဒီနေရာမှာပါပဲ
မနေ့ကမှ ဆိုင်ကယ်ဝယ်၊ ဒီနေ့ Accident ဖြစ်ဆိုတာမျိုးတွေ ဒုနဲ့ဒေး ပါ။)
ပထမအချက် -
ကိုယ့်ရဲ့အရည်အချင်းကို ဆန်းစစ်ပါ 🧔♂️✅။
ကိုယ်ဟာ ဘယ်လိုဆိုင်ကယ်တွေကို စီးခဲ့ဖူးပြီလဲ?
ဘယ်လိုဆိုင်ကယ်အမျိုးအစားကို စီးရတာ ကျွမ်းကျင်နေပြီလဲ?
အင်ဂျင်ပါဝါ ဘယ်လောက်အထိကို ကျွမ်းကျင်ပိုင်နိုင်စွာ စီးတတ်ပြီလဲ?
Slow Maneuver Technique တွေ လေ့ကျင့်ထားလား?
Lean Angle တွေရဲ့ သဘောတရားကို နားလည်လား?
အရေးပေါ် Brake ဖမ်းနည်းတွေကို လေ့ကျင့်ထားလား?
ဆိုင်ကယ်တစ်စီးရဲ့ Balance Point ကို ရှာတတ်ပြီလား?
စသဖြင့် သေသေချာချာ ဆန်းစစ်ရပါမယ်။
ဒုတိယအချက် -
ဆိုင်ကယ်ကို ဆန်းစစ်ရပါမယ် 🏍🏍🏍✅။
ဆိုင်ကယ်တစ်စီးချင်းစီရဲ့ ဖွဲ့စည်းပုံနဲ့ သဘောသဘာဝတွေက မတူကြပါဘူး။
ကိုယ့်အရည်အချင်းနဲ့ ကိုက်ညီလိုက်ဖက်တဲ့ဆိုင်ကယ်ကို သေချာရွေးရပါမယ်။
ဆိုင်ကယ်ကို ကြည့်တဲ့အခါ
ကိုယ်က Handle Bar ကျယ်တာနဲ့ ကျဉ်းတာ ဘယ်ဟာကို ပိုင်နိင်လဲ?
ဆိုင်ကယ်ရဲ့ ကွေ့နိုင်တဲ့ Turning Radius က ဘယ်လောက်ရှိလဲ?
အင်ဂျင်ရဲ့ Torque အားနဲ့ Horsepower က
ကိုယ်ထိန်းသိမ်းနိုင်မဲ့ Range အတွင်းမှာ ရှိရဲ့လား?
တာယာတွေက ဘယ်လောက် Size တွေလဲ?
ဘယ် Degree အထိ အိပ်ကွေ့လို့ရမလဲ?
ကိုယ့်ရဲ့ Body Position က ဆိုင်ကယ်ပေါ်မှာ ဘယ်လိုဖြစ်နေမလဲ?
ဖင်ထိုင်ခုံအမြင့်က ကိုယ့်အရပ်နဲ့ အံဝင်ခွင်ကျ ဖြစ်ရဲ့လား?
ဆိုင်ကယ်ရဲ့ Ground Clearance ဘယ်လောက်ရှိလဲ?
သူ့ရဲ့ ဘရိတ်တွေနဲ့ ကလပ်က ဘယ်လိုအလုပ်လုပ်သလဲ?
ထိန်းချုပ်စနစ်တွေက ဘယ်လိုလာသလဲ?
ဖောက်တွေရဲ့ Suspension Travel က ဘယ်လောက်ရှိလဲ?
နောက်ဆုံး ဒီဆိုင်ကယ်နဲ့ Skill အသစ်တွေ
သင်ယူလေ့ကျင့်ရင်း ကိုယ့်အရည်အချင်း တိုးတက်လာနိုင်သလား?
(ဥပမာ -Bashan လိုဘီးမျိုးထက် MSX ကို ရွေးချယ်လိုက်တာက
သင့်အတွက် အခြေခံကောင်းတစ်ခု ရလာစေမှာပါ)
စသဖြင့် မေးခွန်းများစွာကို ဆန်းစစ်ရပါမယ်။
ဒါတွေက Specification တွေဖတ်ရုံနဲ့ ဆန်းစစ်လို့ရပါတယ်။
အဲ့လိုဆန်းစစ်ပြီး ဆိုင်ကယ်တစ်စီးကို ဦးတည်ရွေးချယ်လိုက်ပြီဆိုရင်တော့
ဒီဆိုင်ကယ်ကို ငါကောင်းကောင်းထိန်းချုပ်ပြီး မောင်းနှင်နိုင်လား ဆိုတဲ့
မေးခွန်းရဲ့ အဖြေကို ရရှိတဲ့အထိ သေချာအောင် ဆန်းစစ်ရပါမယ်။
အကောင်းဆုံး ဆန်းစစ်ဖို့ကတော့ အားရကျေနပ်လောက်တဲ့အထိ စမ်းစီးကြည့်ဖို့ပါပဲ။
(စမ်းစီးတဲ့အခါ အသစ်ဖြစ်ဖြစ်၊ Used ဖြစ်ဖြစ်
ကိုယ့်ဆိုင်ကယ်မဟုတ်သေးတဲ့အတွက်
Ethic လေးတော့ ရှိပေးပါ၊
လီဗာဇွတ်ဖြဲတာတွေ၊ မတန်မရာ စတန့်ထွင်တာတွေ မလုပ်ပါနဲ့)
ဆိုတော့ ကိုယ့်ရဲ့ ကျွမ်းကျင်မှုနဲ့ ဆိုင်ကယ်ရဲ့ ထိန်းချုပ်လို့ရနိုင်စွမ်းက
မတိမ်းမယိမ်းဖြစ်နေပြီဆိုရင် အဲ့ဆိုင်ကယ်ကို ရွေးချယ်ဖို့ သင့်ပါတယ်။
၄။ Comfortability (သက်တောင့်သက်သာရှိမှု)
---------------------------------------------
အပေါ်ကအချက်တွေနဲ့ မိတ်ဆွေလိုချင်တဲ့ ဆိုင်ကယ်နဲ့က ကိုက်ညီခဲ့ပြီဆိုရင်တောင်
ထည့်စဉ်းစားဖို့လိုတာက စီးနင်းသူ သက်တောင့်သက်သာရှိမှု ပါပဲ။
ဒီအပိုင်းကတော့ မိတ်ဆွေရဲ့ ခန္ဓာကိုယ်အချိုးအစား၊
ကျန်းမာရေးအခြေအနေနဲ့ စီးနင်းတဲ့ပုံစံပေါ်မူတည်ပြီး ဆုံးဖြတ်ရမှာပါ။
အချို့ဆိုင်ကယ်တွေက စီးလို့ကောင်းပေမဲ့
နည်းနည်းလေးစီးတာကြာရင်
ဖင်နာတဲ့ဆိုင်ကယ်ရှိတယ်။
(ဥပမာ - Suzuki Big Boy 250 😝)
လက်ကောက်ဝတ်တွေနာတဲ့ ဆိုင်ကယ်ရှိတယ်။
(ဥပမာ - Ducati Streetfighters)
ခါးနာတဲ့ ဆိုင်ကယ်တွေရှိတယ်။
(ဥပမာ - Honda CBR600RR)
နှေးနှေးစီးရင် ခဏလေးနဲ့ Heat တက်တဲ့ ဆိုင်ကယ်တွေရှိတယ်။
(ဥပမာ - Yamaha R6)
တစ်စီးနဲ့တစ်စီး မတူကြဘူးပေါ့။
Rider ရဲ့ Body Condition,
Health Condition နဲ့
Riding Style ပေါ်မူတည်ပြီး
တစ်ယောက်နဲ့တစ်ယောက် သက်ရောက်မှုလည်း မတူကြပါဘူး။
ဒါပေမဲ့ Cruiser တွေနဲ့ Touring တွေမှာတောင်
အချို့ဆိုင်ကယ်တွေမှာ အဲ့လိုမျိုးလေးတွေ ဖြစ်တတ်ကြပါတယ်။
ဒါကို သေချာသိဖို့ကတော့ ကိုယ်က အကြာကြီးစီးကြည့်မှပဲ သိနိုင်မှာပေါ့။
ဒါပေမဲ့ ယနေ့ခေတ်က အင်တာနက်ခေတ်ကြီးပါ။
ဝါသနာတူသူတွေနဲ့ အလွယ်တကူမိတ်ဖွဲ့ပြီး မေးမြန်းလို့ရတယ်။
ဆိုင်ကယ်ရဲ့ Ergonomic အပိုင်းတွေနဲ့ပတ်သတ်လို့
Review တွေကြည့်လို့ရတယ်။
ကိုယ်တိုင် Research လုပ်ပါ။ ကိုယ်နဲ့အဆင်ပြေမပြေကို ဆန်းစစ်ပါ။
ဒီလိုမှပဲ ဆိုင်ကယ်စီးရတဲ့ အနှစ်သာရကို စိတ်အေးလက်အေး ခံစားလို့ရမှာပါ။
(အဲ့လို ကြိုတင်မဆန်းစစ်လို့ ဆိုင်ကယ်ဝယ်ပြီး ခရီးရှည်တစ်ခုလောက်
သွားပြီးတဲ့အခါမှာ ပင်ပန်းလို့ မစီးတော့ဘူးဆိုတဲ့ ညီကိုတွေလည်း ရှိပါတယ်။
ဆိုတော့ ပြောချင်တာက လိပ်ခေါင်းရှိရင် Big Boy မစီးနဲ့ဆိုတာမျိုးပေါ့ ဟဲဟဲ)
၅။ Service & Maintenance (ပြုပြင်ထိန်းသိမ်းမှု)
------------------------------------
ဒါက အရေးကြီးဆုံးအချက်တွေထဲက တစ်ခုပါပဲ။
Service ပုံမှန်ဝင်ပြီး Maintenance ကောင်းကောင်းလုပ်ထားတဲ့
ဆိုင်ကယ်က မတော်တဆဖြစ်ခဲ့ရင်တောင်
သင့်အတွက် ဘေးကင်းဖို့ရာခိုင်နှုန်း ပိုများစေမှာပါ။
(လမ်းမှာ ထဖောက်ပြီး သူများကား ဝင်တိုးတာမျိုး၊
ဘရိတ်အုပ်မရဘဲ ချောက်ထဲကျတာမျိုးတွေလည်း
ဖြစ်နိုင်ခြေ မရှိသလောက် နည်းသွားတာပေါ့)
အဲ့တော့ ဒီအပိုင်းမှာ ဆိုင်ကယ်မဝယ်ယူခင်မှာ နှစ်ချက်၊
ဝယ်ယူပြီးနောက် တစ်ချက် ပြင်ဆင်ရပါမယ်။
ပထမအချက်ကတော့ -
အပေါ်မှာပြောခဲ့တဲ့ Budget ပေါ့။
ကိုယ်က ဒီဆိုင်ကယ်ဝယ်မှာမှန်ပြီ၊
ဒါဆို သူ့ကို Service ဝင်ရမဲ့ ကုန်ကျစရိတ်၊
Engie Oil လဲရမဲ့ ကုန်ကျစရိတ်
အစိတ်အပိုင်းတွေရဲ့ ကုန်ကျစရိတ်တန်ဖိုးတွေ၊
ဒါတွေကို ကြိုတွေးထားသင့်ပါတယ်။
အချို့ဆိုင်ကယ်တွေက လမ်းဘေးကြုံရာဆိုင် ဝင်ပြင်နိုင်ပေမဲ့
အချို့ဆိုင်ကယ်တွေကျ ကျွမ်းကျင်ပိုင်နိုင်သူကို Professional ကြေးနဲ့
အပ်မှသာ အဆင်ပြေချောမွေ့တာမျိုးတွေ ရှိပါတယ်။
အချို့ဆိုင်ကယ်တွေဆို တာယာလဲတာတင်
(၁၀)သိန်းအထက်လောက် ကုန်ကျနိုင်ပါတယ်။
ကိုယ်ဝယ်မဲ့ဆိုင်ကယ်နဲ့ပတ်သတ်ပြီး ဒါတွေအတွက်ကိုတော့
မဖြစ်မနေ Budget လုံလောက်နေဖို့ လိုပါတယ်။
မဟုတ်ရင် တစ်ခါပြင် ၅ လလောက်ကြာပြီး
မစီးရဘဲ ထိုးထားရတာ များနေပါလိမ့်မယ်။
ဒုတိယအချက်ကတော့ -
ကိုယ်က အသုံးပြုပြီးသားဆိုင်ကယ်ကို ဝယ်တာဆိုရင်
Maintenance Manual တောင်းရပါမယ်။
ဆိုင်ကယ်ရဲ့ ပြုပြင်ထိန်းသိမ်းမှု မှတ်တမ်းကို တောင်းကြည့်ရပါမယ်။
မှတ်တမ်းမှတ်ရာ မရှိဘူးဆိုရင်
နားလည်တတ်ကျွမ်းတဲ့ စက်ဆရာနဲ့
ဆိုင်ကယ်ရဲ့ အခြေအနေကို သေချာစစ်ဆေးရပါမယ်။
ဒီလိုလုပ်မှပဲ ပေးရတဲ့ဈေးနဲ့ တန်၏၊ မတန်၏ သိရမှာဖြစ်ပြီး
ဝယ်ယူပြီးတဲ့အခါမှာလည်း ကိုယ့်လက်ထဲမှာ
ဘယ်ဟာတွေကို ပြန်လည်ပြုပြင်ရမယ်ဆိုတာ သေချာသိမှာပါ။
တတိယအချက်ကတော့ ဆိုင်ကယ်ဝယ်ပြီးနောက်ပိုင်းအတွက် -
စက်ပြင်ပညာကို တီးမိခေါက်မိရှိလောက်အောင်
ကိုယ်တိုင်လေ့လာသင်ယူထားရပါမယ်။
အရေးပေါ်အခြေအနေတွေအတွက်
အင်ဂျင်ဝိုင်လဲနည်း၊ ဘီးဖာနည်း၊
Air Cleaner ဆေးနည်း၊
ကလပ်ကြိုး၊ ဘရိတ်ကြိုး လဲနည်း၊
ဘရိတ်အုံ ပြုပြင်နည်း၊ စလိုးချိန်နည်း၊
ဆီစုပ်နည်း၊ ဆီမှုတ်နည်း၊
Alignment ချိန်နည်း၊
ဘရိတ်ဆီဖြည့်နည်း၊ Fuel Injector ဆေးနည်း၊
ဘတ္တရီထောက်နှိုးနည်း၊ ရေစိမ်းလဲနည်း စသဖြင့်
ကိုယ်တိုင်လုပ်နိုင်မည့် ပြုပြင်နည်းအားလုံးကို သင်ယူထားသင့်ပါတယ်။
သို့မှသာ ကုန်ကျစရိတ်အနည်းငယ်သက်သာမှာ ဖြစ်သလို
ကိုယ်တိုင်လည်း ဆိုင်ကယ်နှင့်ရင်းနှီးမှုပိုရပြီး အမှားရှာရလွယ်မှာ ဖြစ်ပါတယ်။
ထို့အပြင် သက်ဆိုင်ရာ အသိပညာများကိုလည်း ကြိုမှတ်သားထားသင့်ပါသေးတယ်။
ဥပမာ - အင်ဂျင်ပေါ်မူတည်၍ ထည့်ရမည့် အင်ဂျင်ဝိုင်ဂရိတ်၊ သုံးရမည့် လောင်စာအမျိုးအစား စသဖြင့်။
-------------------------------------------------------------
ဆိုတော့ နိဂုံးချုပ်ရရင်
အထက်ပါ အချက် (၅) ချက်ကို သေချာချင့်ချိန်ပြင်ဆင်ပြီးတော့မှ
ဆိုင်ကယ်ကို ရွေးချယ်ဝယ်ယူမယ်ဆိုရင်တော့ မိတ်ဆွေအတွက်
စိတ်ကျေနပ်စရာကောင်းတဲ့ ဆိုင်ကယ်တစ်စီးကို ပိုင်ဆိုင်ရဖို့၊
ဆိုင်ကယ်စီးရတဲ့ အရသာကို အပြည့်အဝခံစားရဖို့
ရာနှုန်းပြည့်နီးပါးလောက် ဖြစ်နိုင်သွားပါပြီ။
လုံးဝအပြည့်အဝ ခံစားပစ်ချင်တယ်ဆိုရင်တော့
နောက်ကတင်သွားဖို့ ကောင်မလေးသာ ရှာလိုက်ပါတော့ဗျို့ ...
(Single Seat ကြိုက်တဲ့ ညိုကီတွေမပါ 😂😂)
ကဲ ဒီတစ်ပတ်တော့ ဒီလောက်ပါပဲ။
Post လေးကို ဖတ်ရှုပြီးလို့ ကြိုက်နှစ်သက်တယ်ဆိုရင်တော့
အခြားသူတွေလည်း တွေးစရာတစ်ခုတိုးအောင်
ပြန် Share ပေးလိုက်ကြပါနော့်...
Click here to claim your Sponsored Listing.
Category
Address
Nyaung Hnik Pin Street, Pyay Road, Hmawbi Township
Yangon
11121