Cinema Button

Cinema Button

Share

I wanna share something, some moments in my life from these smoky flims 🎞

07/03/2026

Peaky Blinder နောက်လာမယ့် movie ပြသတော့မယ့်ရက်ပါ..။

It all comes to this. PEAKY BLINDERS: THE IMMORTAL MAN is now playing in select cinemas and on Netflix 20th March.

07/03/2026

PEAKY BLINDERS :THE IMMORTAL MAN.

21/01/2026
19/01/2026

Tom Hardy ကတော့ နောက်ထပ်လာမယ့် Venom ကားတွေမှာပါဝင်လာဖို့မရှိတော့ပါဘူး။ Goodbye Tom Hardy..

19/01/2026

"အငုံစိတ်ခံဘီလျံနာ (သို့) Mark Zuckerberg"

ဒီဆောင်းပါးကို ဒီလူပိုင်တဲ့ပလက်ဖောင်းပေါ်တက်ရေးရတာ သူ့အိမ်ပေါ်တက်နေပြီး သူ့နောက်ကျောကို ဓားနဲ့ထိုးသလိုများဖြစ်နေမလားတော့ ကျွန်တော်မပြောတတ်ပါဘူး။ ဒါပေမယ့် ဒီလူကိုယ်တိုင်လည်း ကမ္ဘာ့အကြီးဆုံးဆိုရှယ်မီဒီယာပလက်ဖောင်းပိုင်ရှင်၊ ကမ္ဘာ့အသက်အငယ်ဆုံးဘီလျံနာဆိုတဲ့ဂုဏ်ပုဒ်ကိုဖမ်းဆုပ်နိုင်ဖို့ နောက်ကျောတွေကို ဓားနဲ့ထိုးခဲ့တာပဲမဟုတ်လား။

နာမည်ကျော်ဇာတ်ညွှန်း‌‌ဆရာ Aaron Sorkins ရေးပြီး ဒါရိုက်တာ David Fincher ရိုက်ကူးထားတဲ့ The Social Network ရုပ်ရှင်ဟာ Mark Zuckerberg ဆိုတဲ့ အငုံစိတ်ခံ လူ့ဂွစာတစ်ယောက်ရဲ့ ဘီလျံနာခရီးလမ်းအကြောင်းဖြစ်တယ်။ သူတစ်ယောက်တည်းမှာပဲ အငုံစိတ်ရှိသလားဆိုတော့မဟုတ်ဘူး။ ဒီစိတ်က လူတိုင်းဆီမှာ အနည်းနဲ့အများ ကိန်းအောင်းနေကြတာချည်းပဲ။ ဒါပေမယ့် လူအတော်များများက Mark လောက် “ဇ” မရှိကြတာတော့ သေချာတယ်။

လူတွေ အားလုံးထက်တစ်မူးသာချင်တဲ့စိတ်က ​ရှိကြတာပါပဲ။ အပြင်သွားတဲ့အခါ လူတွေအားလုံးငေးမောကြည့်တာ ခံရတဲ့သူ ဖြစ်ချင်ကြတယ်။ စကားဝိုင်းတစ်ခုကိုရောက်တဲ့အခါ ကိုယ့်စကားနဲ့ ကိုယ့်အမြင်ကို အခရာဖြစ်စေချင်တယ်။ စင်ပေါ်မှာ ဆလိုက်မီးထိုးခံထားရတာ ကိုယ်ဖြစ်ချင်တယ်။ အချောဆုံး၊ အလှဆုံးလက်တွဲဖော်တွေနဲ့ ပျော်ပါးချင်ကြတယ်။ ကိုယ့်အတွက် သီးသန့်ဖန်တီးထားတဲ့အရာတွေကို ပိုင်ဆိုင်ချင်ကြတယ်။ တခြားလူတွေထက် အရာရာတပန်းသာချင်ကြတယ်။ ဒါဟာ လူတိုင်းရဲ့ ထုတ်မပြောတဲ့အိပ်မက်တစ်ခုပဲ။

Mark မှာလည်း အားလုံးနည်းတူ အဲ့ဒီအိပ်မက်ရှိခဲ့တာပေါ့။ ကျောင်းသားကလပ်တွေထဲမှာ အထူးသီးသန့်အဖြစ်ဆုံးကလပ်တွေကို သူဝင်ချင်ခဲ့တယ်။ ရည်းစားနဲ့စကားဝိုင်းမှာတောင် သူပြောနေတာကိုပဲ နားထောင်စေချင်ခဲ့တယ်။ လူတွေပါးစပ်ဖျားမှာ သူ့နာမည်ကို ရေရွတ်နေစေချင်တယ်။ အိမ်သာထဲမှာ မိန်းမချောတစ်ယောက်နဲ့ ချစ်ရည်လူးနေတာက သူဖြစ်ချင်တယ် စသဖြင့်။ တကယ်တော့ Mark ပုံစံက စာဂျပိုးရုပ်။ ကောလိပ်ကျောင်းသားတစ်ယောက်အတွက်တော့ သူ့ဖက်ရှင်က ပုံတုံးတုံး၊ လူကောင်က ခပ်ညှက်ညှက်။ စကားပြောတာမြန်လွန်းတာကိုကြည့်ရင် စိုးရိမ်ကြောင့်ကြစိတ်များပုံလည်းပေါ်တယ်။ အပေါင်းအသင်းကလည်း လက်တစ်ဖက်စာမပြည့်တဲ့အပြင် ဆက်ဆံရေးလည်းညံ့သေးတယ်။

ဒီတော့ သူ့ထက် ဉာဏ်အားဖြင့်မသာရင်တောင် အသွင်အပြင်ပိုင်းမှာသာတယ်လို့ (သူခံစားရတဲ့) လှေလှော်အသင်းသားတွေကို သူမကြည်ဘူး။ ပြတ်လုနီးနီးရည်းစားက ဝင်ရအလွယ်ဆုံးကျောင်းသားကလပ်ကစပြီး စဥ်းစားဖို့အကြံပေးတော့ သူဒေါသထွက်တယ်။ ဟားဗတ်လိုကျောင်းမျိုးမှာ သူများထက် ဉာဏ်ပိုကောင်းလို့ ဘာမှထူးခြားမသွားဘူးဆိုတာ သဘောပေါက်ထားတဲ့ Mark က သူ့အနေနဲ့ ကမ္ဘာကြီးကို ပြောင်းလဲပြမှ လူတွေသူ့ကိုသတိထားမိလာမယ်ဆိုတာ နားလည်ခဲ့တယ်။ ခက်တာက ဒီတစ်ကိုယ်ရည်ပန်းတိုင်နောက်ကို လိုက်ရင်း Mark ဟာ လူ့ဂွစာဖြစ်မှန်းမသိဖြစ်လာတာပဲ။ ဒါကိုသူကိုယ်တိုင်သိဟန်မပေါ်ဘူး။ ရည်းစားကို ဘောင်ကျော်ပြီးစကားကျွံမိတယ်။ ပြတ်သွားတဲ့အခါ တိရစ္ဆာန်နဲ့ခိုင်းနှိုင်းပြီး အင်တာနက်ပေါ်စာရေးတင်တယ်။ အခင်ဆုံးသူငယ်ချင်းက သူဂုဏ်ယူရတဲ့ကိစ္စတွေအကြောင်းပြောတဲ့အခါ Mark တစ်ယောက် ဟိုဖက်နားကဝင်ပြီး ဒီဖက်နားကထွက်သွားတယ်။ တခြားသူတွေရဲ့အမြင်တွေ၊ ခံစားချက်တွေကို ထည့်မစဥ်းစားတော့ဘူး။ သူ့ရဲ့အတ္တကိုသာ ရှေ့တန်းတင်လာတယ်။ ဒီလိုနဲ့ ကောလိပ်ကျောင်းသားဘဝရဲ့ တစ်ဦးတည်းသောသူငယ်ချင်းက Mark ကို ဒေါ်လာသန်း ၆၀၀ လျော်ကြေးတောင်းတရားစွဲတာခံရတဲ့အထိ ရောက်လာတယ်။

ဒီရုပ်ရှင်မှာ Mark ကလွဲရင် ကျန်တဲ့ဇာတ်ကောင်တွေအားလုံးဟာ အရုပ်တွေသာသာပဲ။ Mark ဇာတ်ကောင်ကသာ ကြွနေပြီး ကျန်ဇာတ်ကောင်တွေက အပြောင်းအလဲမရှိတာကိုမြင်ရတယ်။ ပုံမှန်ရုပ်ရှင်တွေမှာ ဇာတ်ပို့တွေ ဇာတ်ကောင်တိုးတက်ပြောင်းလဲမှုမရှိတာဟာ အားနည်းချက်တစ်ခုဖြစ်ပေမယ့် The Social Network မှာတော့ ဒီအချက်ကပဲ ရုပ်ရှင်ကို ချီးမွမ်းစရာဖြစ်စေခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ Mark အမြင်မှာ သူ့ဘေးနားကလူတွေဟာ သူ့လိုအင်ကိုဖြည့်ဆည်းပေးဖို့ လိုသုံးသာသာပဲ။ သူ့ပန်းတိုင်ကိုတက်နိုင်ဖို့ ကျောခင်းပေးရတဲ့ လူသားလှေကားထစ်တွေထက်မပိုဘူး။ Eduardo ဟာ သူအခင်ဆုံးသူငယ်ချင်းဖြစ်ကောင်းဖြစ်မယ်။ Sean Parker ဟာ သူသိပ်လေးစားရတဲ့ စွန့်ဦးတီထွင်သူတစ်ယောက်ဖြစ်ကောင်းဖြစ်မယ်။ Erica ကို သူအချစ်ဆုံးဖြစ်ကောင်းဖြစ်ခဲ့မယ်။ ဒါပေမယ့် ဒီအရာတွေက Mark တစ်ချိန်လုံး ဂရုတစိုက်နဲ့ကာကွယ်ထားတဲ့ ဒိုင်းကာကို ကျော်ဖြတ်ခွင့်ပေးဖို့တော့ မလုံလောက်ခဲ့ဘူး။

လူတိုင်းမှာ ဒိုင်းကာတစ်ချပ်စီရှိကြတယ်။ ကိုယ့်ရဲ့ အကြောက်တရားတွေ၊ စိတ်မလုံခြုံမှုတွေ၊ အငုံစိတ်တွေ၊ ဆိုးညဥ်တွေကို အများအမြင်ကနေ ဖုံးကွယ်ထားပေးတဲ့ ဒိုင်းကာတွေလို့ပြောရမှာပေါ့။ Mark မှာလည်း Phoenix Club ထဲဝင်ခွင့်ရသွားတဲ့ Eduardo အပေါ်မနာလိုတဲ့စိတ်၊ Erica ကိုချစ်ရက်နဲ့ စကားကျွံသွားတာကို ဝန်မခံလိုတဲ့စိတ်၊ Winklevoss အမွှာရဲ့အိုင်ဒီယာကိုဆင့်ပွားပြီး The Facebook ဖန်တီးခဲ့တာကို ကိုယ့်ကိုယ်ကိုယ်သိနေတဲ့စိတ်တွေကို ဖုံးကွယ်ပေးထားတဲ့ဒိုင်းကာတစ်ချပ်ရှိနေခဲ့တယ်။ ရုပ်ရှင်တလျှောက်မှာ သူ့ရဲ့ဒိုင်းကာ ကွာကျလာချိန်ဟာ နောက်ဆုံးဇာတ်ဝင်ခန်းဖြစ်တဲ့ အစည်းအဝေးခန်းထဲမှာ သူတစ်ယောက်တည်း Facebook tab ကို refresh ထိုင်နှိပ်နေချိန်လေးပဲရှိခဲ့တယ်။ အခြားလူတွေရှေ့မှာတော့ Mark က သူ့ဒိုင်းကာကို လုံးဝအကွာမခံခဲ့ဘူး။

Mark ဘေးကလူတွေအတွက်ကတော့ ပြောင်းပြန်ဖြစ်ခဲ့တယ်။ Mark က သူ့ရဲ့အတ္တတွေ၊ အငုံစိတ်တွေနဲ့ တကိုယ်ရည်ပန်းတိုင်တွေကို သူများမမြင်နိုင်အောင် ဒိုင်းကာတစ်ခုနဲ့ ဖုံးကွယ်ထားပေမယ့် အခင်ဆုံးသူငယ်ချင်း Eduardo ကတော့ Mark နဲ့အတူစကားပြောချိန်၊ အလုပ်လုပ်ချိန်တွေမှာ သူ့ရဲ့ဒိုင်းကာကို ခွာချထားခဲ့တယ်။ ပိုက်ဆံလိုသလောက်ထုတ်ပေးခဲ့တယ်။ နယူးယောက်မှာ ၃ လလုံး မနားမနေ ကြော်ငြာရှင်ရှာပေးခဲ့တယ်။ Mark နဲ့ Erica ပြတ်သွားပြီဆိုတာတောင် သူသတင်းမေးခဲ့သေးတယ်မဟုတ်လား။ Erica ဟာလည်း Mark ကို ချစ်တဲ့စိတ်နဲ့ကြည့်ပြီး သင့်တော်မယ့်အကြံကို ပေးခဲ့တာပဲ။​ Sean Parker လို စီးပွားရေးအမျှော်အမြင်ရှိလှတဲ့သူ၊ စီးပွားရေးလောကမှာ မတရားတာမရှိဘူးဆိုတဲ့မူကို ကိုယ်တိုင်ကျင့်သုံးနေတဲ့သူတောင် Facebook သုံးစွဲသူ ၁ သန်းပြည့်သွားလို့ ပါတီပေးတဲ့အချိန် Facebook ဖန်တီးရှင် Mark က ဘာလို့အဲ့ဒီအိမ်မှာရှိမနေသလဲဆိုတာ မေးခွန်းထုတ်မိခဲ့လို့လား။

Mark ရဲ့အငုံစိတ်ကို တကယ်တော့ ဇာတ်ကောင်တွေအားလုံး အထင်းသားမြင်နေရတာပါပဲ။ သတိထားမကြည့်မိခဲ့ကြတာပဲရှိတယ်။ Facebook ဆိုတဲ့ထုတ်ကုန်ကြီးက Mark Zuckerberg ဆိုတဲ့ကောလိပ်ကျောင်းသားတစ်ယောက် ဟားဗတ်မှာ အများနည်းတူပိုင်ဆိုင်ခွင့်မရခဲ့တဲ့အရာတွေကနေ ပေါက်ဖွားလာတဲ့ အငုံစိတ်အပေါ် အခြေခံတည်ဆောက်ထားတာကိုး။ သူငယ်ချင်းဖြစ်ဖို့ ဘယ်ကလပ်ဝင်ထားလဲ၊ ဘယ်မေဂျာလဲ၊ အမှတ်ဘယ်နှမှတ်ရသလဲဆိုတာတွေ ပြောနေစရာမလိုဘဲ ခလုတ်တစ်ချက်ကလေးနဲ့ သူငယ်ချင်းဖြစ်ခွင့်ပို့လို့ရတယ်။ ကိုယ်စိတ်ထဲရှိရာကို စိတ်ကြိုက်ချရေးလို့ရတယ်။ ပြင်ပဘဝမှာ Mark အတွက် အံဝင်ခွင်ကျမဖြစ်တဲ့ လူစည်ကားရာ ဘားတွေ၊ နိုက်ကလပ်တွေကို သွားစရာမလိုဘဲ ကွန်ပြူတာပေါ်မှာတင် လူအများကြီးနဲ့ စကားပြောဆိုတုံ့ပြန်လို့ရတယ်။ ကိုယ်သဘောကျတယ်လို့ခံစားရတဲ့ ကောင်လေး၊ ကောင်မလေးတွေကို ငမ်းလို့ရတယ်။ ကိုယ်က ရည်းစားလိုချင်သလား၊ ရည်းစားရထားပြီလားဆိုတာကို ဖော်ပြလို့လည်းရတယ်။ Eduardo လိုလူမျိုးအတွက် ဒါတွေအားလုံးက ပါမွှားလေးဖြစ်ပေမယ့် Mark အတွက်တော့ Facebook ဆိုတဲ့ကြားခံနယ်တစ်ခုတည်ဆောက်လိုက်မှသာ Eduardo နီးပါး လူဂရုစိုက်ခံခဲ့ရတယ်။

Mark က Facebook ကို ဘီလီယံချီတန်တဲ့ထုတ်ကုန်ကြီးအဖြစ် ရည်ရွယ်ပြီးထုတ်ခဲ့တာမဟုတ်ဘူး။ Eduardo မတည်ပေးထားတဲ့ ဒေါ်လာ ၁၀၀၀ ကို အရင်းပြန်ရှာဖို့လည်း စိတ်ဝင်စားဟန်မပေါ်ဘူး။ သူစိတ်ဝင်စားတာဟာ သူ့အကြောင်းကို လူပြောများလာဖို့၊ Eduardo လို အထူးသီးသန့်ကလပ်တစ်ခုထဲဝင်ခွင့်ရတဲ့ အရသာကို ခံစားဖူးဖို့နဲ့ သူအမြင်ကတ်တဲ့ ဗလခပ်တောင့်တောင့်၊ ရုပ်ဖြောင့်ဖြောင့် လှေလှော်အသင်းသားတွေကို ကတုံးပေါ်ထိပ်ကွက်ဖို့ပဲ။ ဒါကြောင့်လည်း Eduardo ကြော်ငြာအပူတပြင်းရှာတော့ စိတ်ပါဝင်စားတဲ့ပုံ တစ်စက်မှမရှိခဲ့တာပေါ့။ ဒါပေမယ့် Sean Parker နဲ့တွေ့အပြီးမှာ Mark က သူ့ဖန်တီးမှုလက်ရာရဲ့ အလားအလာကို မြင်လာတယ်။ Eduardo ရဲ့ ပိုက်ဆံရှာမယ့်နည်းလမ်းတွေကို စိတ်မဝင်စားတာထက်ပိုလာပြီး အဟန့်အတားတစ်ခုလိုသဘောထားလာတယ်။ Eduardo တစ်ယောက် Facebook ကို ချဲ့ထွင်ဖို့ နယူးယောက်မှာ အလုပ်သင်တစ်ရက်ပဲဆင်းပြီး အလုပ်ထွက်၊​ ကြော်ငြာပတ်ရှာနေပေမယ့် Mark က Sean Parker နဲ့ပေါင်းပြီး Eduardo ကို ဘာမှအကြောင်းမကြားဘဲ ထင်ရာစိုင်းနေခဲ့တယ်။

ထင်ရာစိုင်းတယ်လို့ပြောတဲ့နေရာမှာ တစ်ခုတော့ရှိတာပေါ့။ Sean Parker က သမာရိုးကျစီးပွားရေးသမားမဟုတ်ဘူး။ တချိန်မှာ iTunes ဆိုတာကြီးဖြစ်လာစေမယ့် Napster ကို ၁၉ နှစ်အရွယ်မှာထောင်ခဲ့တဲ့သူ။ အမျှော်အမြင်ရှိတယ်၊ အဆက်အသွယ်ကောင်းတွေရှိတယ်။ Eduardo ကတော့ ဟားဗတ်က စီးပွားရေးကျောင်းသားဆိုတာထက်မပိုဘူး။ ​Eduardo က Facebook ပေါ်မှာ ကြော်ငြာထည့်မယ့်သူ ခက်ခက်ခဲခဲရှာနေရချိန် Sean Parker က Facebook အတွက် ဒေါ်လာသိန်းဂဏန်းရင်းနှီးမြုပ်နှံမယ့်သူ ချိတ်ပေးနိုင်နေပြီ။ ဒီတော့ Mark တစ်ယောက် ကိုယ့်သူငယ်ချင်းကို အသိမပေး၊ အဆက်အသွယ်မလုပ်ဘဲ ထင်ရာစိုင်းနေတဲ့လုပ်ရပ်က Facebook အမှတ်တံဆိပ်အတွက်ကောင်းဖို့လို့ လက်ခံရမလား။ ၃ လလုံးလုံး ရုန်းကန်ကြိုးစားနေရတဲ့ ကိုယ့်အခင်ဆုံးသူငယ်ချင်းအပေါ် မတရားရာကျနေမလား။ Mark ကတော့ ပထမအဖြေဖက်ကို ယိမ်းမယ်လို့ထင်တယ်။ သူ့ကိုအသိမပေးဘဲ ရင်းနှီးမြုပ်နှံသူရှာလိုက်တာကို မကျေနပ်တဲ့ Eduardo က သူ မ တည်ပေးခဲ့တဲ့စုစုပေါင်းဒေါ်လာ ၁၉၀၀၀ အကောင့်ကိုပိတ်လိုက်တော့ Mark က ဒေါသချောင်းချောင်းထွက်တာကိုပဲကြည့်လေ။ Eduardo ဘယ်လိုခံစားရမလဲဆိုတာ သူ စိုးစိလောက်တောင် ကိုယ်ချင်းစာကြည့်မိပါ့မလား။

အငုံစိတ်ခံနဲ့ လူတစ်ယောက်ဟာ အခွင့်အာဏာရလာရင် ဘယ်အတိုင်းအတာအထိ သူ့ရဲ့အငုံစိတ်ဇစ်မြစ်ကို တွန်းလှန်မလဲ။ Eduardo ရဲ့ဘဝကို အားကျခဲ့ရတဲ့ Mark ဟာ Facebook အမှတ်တံဆိပ်နဲ့အတူ လူသိများကျော်ကြားတဲ့သူဖြစ်လာသည့်တိုင် ဒီအမှတ်တံဆိပ်နောက်ကွယ်မှာ Eduardo Saverin ဆိုတဲ့နာမည်ပါနေသေးတာ၊ (သူမူလကတိပေးထားတဲ့ ၇၀/၃၀ အချိုးအရ) ရှယ်ယာ ၃၀ ရာခိုင်နှုန်းကျော်ပိုင်ဆိုင်နေသေးတာကို မကျေနပ်ခဲ့ဘူး။ Mark Facebook နဲ့ပတ်သက်လာရင် “ငါ့အောင်မြင်မှု” လို့ပြောခွင့်မရဘဲ “ငါနဲ့ Eduardo ရဲ့အောင်မြင်မှု” လို့သုံးနှုန်းနေရတာကို မုန်းဟန်ပေါ်တယ်။ ဒီတော့ Eduardo ဒိုင်းကာကွာကျချိန်ကို အသုံးချပြီး လက်တစ်လုံးခြားစာချုပ်တွေမှာ လက်မှတ်ထိုးခိုင်းတယ်။ သူငယ်ချင်းအပေါ် အကြွင်းမဲ့ယုံတဲ့ Eduardo ခမျာ စီးပွားရေးလောကရဲ့ နှလုံးသားမဲ့ရက်စက်မှုတွေ၊ Mark ဖုံးကွယ်ထားတဲ့ဒိုင်းကာနောက်ကွယ်က အငုံစိတ်နဲ့ မနာလိုမှုတွေကို မမြင်နိုင်ဘဲ ဝမ်းသာအားရ လက်မှတ်ထိုးပေးခဲ့တယ်။ အဲ့ဒီစာချုပ်တွေက Eduardo အတွက် ကိုယ့်သေတွင်းကိုယ်တူးသလိုဖြစ်လာမယ်ဆိုတာ သူမသိခဲ့ဘူး။

The Social Network ရုပ်ရှင်ပိုစတာမှာ ရေးထားတဲ့စကားက သိပ်လှတယ်။ “ရန်သူနည်းနည်းမမွေးဘဲနဲ့တော့ သူငယ်ချင်းပေါင်း သန်း ၅၀၀ ရမလာဘူး” တဲ့။ Eduardo ဟာ Mark အတွက် တစ်ဦးတည်းသောသူငယ်ချင်း။ Mark Zuckerberg ဆိုတဲ့နာမည်ကို တစ်ကမ္ဘာလုံးသိလာစေမယ့် Facebook ကိုဖန်တီးနိုင်ဖို့ ငွေကြေး မ တည်ပေးခဲ့တဲ့သူ။ Mark နဲ့ Erica ပြတ်စဲတဲ့အချိန်တုန်းက Mark ရဲ့ပေါက်ကွဲသံစဥ်တွေကိုဖတ်ပြီး စိတ်ပူခဲ့တဲ့သူ။ ဆိုးတူကောင်းဖက်အဖြစ် ရှိပေးခဲ့တဲ့သူ။ “ငါတို့” ဆိုတဲ့စကားကို တွင်တွင်သုံးပြီး အောင်မြင်မှုကို မျှဝေခံစားချင်ခဲ့သူ။ Mark ကတော့ အသုံးပြုသူပေါင်း (အွန်လိုင်းသူငယ်ချင်းပေါင်း) သန်း ၅၀၀ ပိုင်ဆိုင်ရပြီး Facebook ကို သူ့နာမည်တစ်လုံးနဲ့သာ တွဲမြင်ရေးအတွက် Eduardo လိုသူငယ်ချင်းမျိုးကို နောက်ကျောဓားနဲ့ထိုးပြီး ပြင်ပဘဝက တစ်ဦးတည်းသောသူငယ်ချင်းကို စွန့်လွှတ်ခဲ့တယ်။ ပိုက်ဆံကိုအာရုံမထားတဲ့ Mark အတွက် ကိုယ့်သူငယ်ချင်းကို ဒီလိုလုပ်ရက်တာဟာ ရှယ်ယာတွေအကုန်ပိုင်ဆိုင်ချင်ရုံကြောင့်တော့ မဖြစ်တန်ဘူး။ သူပိုင်တဲ့ရှယ်ယာတွေနဲ့တင် ဘီလျံနာဖြစ်နှင့်ပြီပဲကိုး။ ဒါဆို ဘာကြောင့်များပါလိမ့်။ ငါစွဲအတ္တများကြီးလွန်းသလား။ Eduardo အပေါ် မနာလိုစိတ်က ဘယ်အတိုင်းအတာအထိများရှိခဲ့သလဲ။ Eduardo ကို တကယ်ခင်ရောခင်ခဲ့ရဲ့လား။

Mark Zuckerberg က လူကောင်းတစ်ယောက်တော့မဟုတ်ဘူး။ သို့ပေမယ့် လူသားဆန်တဲ့လူတစ်ယောက်ဆိုတာတော့ မှန်နေလိမ့်မယ်။ ဇာတ်ကားတလျှောက်လုံး ဖုံးကွယ်လာတဲ့ ဒိုင်းကာကို ခွာချလိုက်ချိန် Erica ရဲ့ Facebook အကောင့်ကို friend request သွားပို့ပြီး လက်ခံနိုးနိုး refresh ထိုင်နှိပ်နေတာကိုကြည့်ရင် Mark တစ်ယောက် သူ့ရဲ့အအောင်မြင်ဆုံးလက်ရာကနေ တကယ်ပြန်လိုချင်ခဲ့တာဟာ ရှယ်ယာတွေ၊ ပိုက်ဆံတွေ၊ ကျော်ကြားမှုတွေ၊ စီးပွားမိတ်ဖက်တွေမဟုတ်ဘူး၊ တချိန်က သူပိုင်ဆိုင်ခဲ့တဲ့ နွေးထွေးတဲ့အချစ်မေတ္တာပဲ။ ကိုယ်တိုင်က အဲ့ဒီမေတ္တာတွေဆုံးရှုံးလိုက်ရချိန်မှာ တခြားလူတွေရနေတဲ့ မေတ္တာတွေ၊ ကျော်ကြားမှုတွေ၊ ကိုယ်ဝင်လို့မရခဲ့တဲ့ကလပ်တွေဟာ မနာလိုစရာဖြစ်လာတယ်။ အငုံစိတ်က ကြီးမားလာတယ်။ မကျေနပ်ချက်တွေ အလိုလိုများလာတယ်။ ဒီလိုနဲ့ အခွင့်အလမ်းပေါ်လာတော့ ကိုယ်မနာလိုခဲ့ရတဲ့လူတွေ၊ အဖွဲ့အစည်းတွေကို အသာစီးရယူဖို့ကြိုးစားရာကနေ အငုံစိတ်အခြေခံပြီး ဘီလျံနာဖြစ်တဲ့အထိ အောင်မြင်သွားတယ်။ တကယ်တမ်းတော့ ကျွန်တော်တို့တွေလည်း Mark Zuckerberg လိုသာ အခွင့်အရေးတစ်ခုရခဲ့မယ်၊ Eduardo လို လိုသုံးလုပ်လို့ရနေတဲ့ သူငယ်ချင်းတစ်ယောက်ရှိခဲ့မယ်၊ Sean Parker လို ကိုယ်ဖြစ်ချင်တာကို အကောင်အထည်ပေါ်အောင် လုပ်ပေးနိုင်မယ့်သူရှိခဲ့မယ်၊ ဒါတွေအားလုံးအပြင် Mark လိုလုပ်ရဲတဲ့အတ္တရှိခဲ့မယ်ဆိုရင် ကိုယ့်ရဲ့အငုံစိတ်ထဲက မကျေနပ်ချက်တွေကို ဘောင်ချာမစုတ်ဘူးလို့ ဘယ်ပြောနိုင်ပါ့မလဲ။

ဒါဖြင့် Mark Zuckerberg တစ်ယောက် အသက်အငယ်ဆုံးဘီလျံနာဖြစ်လာတာ သူတော်လို့၊ တတ်လို့မဟုတ်ဘူးပေါ့။ ဒီလိုပြောလို့လည်းမရပြန်ဘူး။ “ရှေးကုသိုလ်ကံ” ကြောင့်မဟုတ်တာတော့ သေချာပေမယ့် သူရင်းခဲ့ရတာတွေ ဘယ်နည်းမလဲ။ ဒီဂုဏ်ပုဒ်ကိုရဖို့ တော်ရုံလူမလျှောက်ရဲတဲ့လမ်းကို သူလျှောက်ခဲ့တယ်။ တော်ရုံလူမထိုးရဲတဲ့ဓားချက်တွေကို သူထိုးသွင်းခဲ့တယ်။ သူ့မှာရှိတဲ့ တစ်ဦးတည်းသောသူငယ်ချင်းကို စွန့်လွှတ်ခဲ့တယ်။ သူ့ကို ဘီလျံနာဖြစ်အောင် ဆွဲတင်ပေးခဲ့တဲ့ စီးပွားဖက်ကို ချောက်ချခဲ့တယ်။ သူမျက်မုန်းကျိုးတဲ့ လူ့အလွှာဆီက အိုင်ဒီယာတွေကို ဆွဲယူခဲ့တယ်။ ကျွန်တော်တို့ သူ့လောက် "ဇ" ရှိပါ့မလား။ သူ့လောက်အငုံစိတ်ပြင်းထန်ပါ့မလား။ သူ့လောက် အခြားလူတွေကို မျက်ကွယ်ပြုနိုင်ရဲ့လား။ Eduardo လိုသူငယ်ချင်းမျိုးကို ကျွန်တော်တို့စွန့်လွှတ်နိုင်ပါ့မလား။

"The Social Network" ရုပ်ရှင် အခြေခံထားတဲ့ ဝတ္ထုနာမည်က “မတော်တဆဘီလျံနာဖြစ်သွားသူများ” တဲ့။ Eduardo Saverin က Mark ကိုတရားစွဲဆိုမှုအပြီးမှာ လျော်ကြေး ဒေါ်လာသန်း ၆၀၀ အပြင် Facebook ရှယ်ယာ ၂% ပြန်ရပြီး ဘီလျံနာဖြစ်သွားတယ်။ Sean Parker က ဘိန်းပြဿနာကြောင့် Facebook ကနေ နှုတ်ထွက်သွားပေမယ့် သူပိုင်ဆိုင်တဲ့ရှယ်ယာတွေကြောင့် ဘီလျံနာဖြစ်နေဆဲပဲ။ Mark Zuckerberg ကိုတော့ “အငုံစိတ်ခံဘီလျံနာ” လို့ သုံးနှုန်းချင်တယ်။ အငုံစိတ်ကြောင့်သာမဟုတ်ရင် သူဟာ Facebook ပေါ်မှာ Erica Albright ဆိုတဲ့မိန်းကလေးရဲ့ timeline ကိုဝင်ကြည့်ရင်း refresh လုပ်နေမှာမဟုတ်သလို ကမ္ဘာ့အသက်အငယ်ဆုံးဘီလျံနာလည်းဖြစ်လာမှာမဟုတ်လို့ပဲ။

15/01/2026

"ရေတိမ်နစ်နေကြသော တစ်သက်တာဆက်ဆံရေးများ"

တခါတလေမှာ ကိုယ့်စိတ်ထဲရှိတဲ့အတိုင်း စိတ်လိုက်မာန်ပါ လုပ်ပစ်လိုက်ချင်စိတ်တွေ၊ အသံကုန်ခြစ်ပြီး အော်ဟစ်ပေါက်ကွဲပစ်လိုက်ချင်စိတ်တွေ ကျွန်တော်တို့မှာ ရှိဖူးကြတယ်ဟုတ်။ ဒါဟာ ကိုယ့်ကိုယ်ကိုယ် အလိုမကျလို့ဖြစ်ကောင်းဖြစ်မယ်၊ လူတစ်ယောက်အပေါ် မကျေနပ်လို့ဖြစ်ကောင်းဖြစ်မယ်၊ ဒေါသထွက်လွန်းလို့ဖြစ်ကောင်းဖြစ်မယ်၊ ပြဿနာတစ်ခုခုရှိလို့ဖြစ်ကောင်းဖြစ်မယ်။​ ဒါပေမယ့် စိတ်ထဲမှာ ဘယ်လောက်ပဲ ဗလောင်ဆူနေပါစေ အချိန်အများစုမှာ ကျွန်တော်တို့က စိတ်အလိုမလိုက်ဘဲ ကိုယ့်ကိုယ်ကိုယ် မြိုသိပ်ချုပ်တည်းပြီး ဖြတ်ကျော်ရတာပဲမဟုတ်လား။ အကယ်၍များ တစ်နေ့နေ့တစ်ချိန်ချိန်မှာ လူတစ်ယောက်က ကိုယ့်ကို ဘယ်လိုမှထိန်းချုပ်မရလောက်အောင် မွန်းကြပ်တဲ့အခြေအနေရောက်လာတဲ့အထိ တနည်းနည်းနဲ့ တွန်းပို့လာခဲ့ရင် ကျွန်တော်တို့ ဘာတွေလုပ်မိကြမလဲ။ ဘယ်လောက်အထိ လက်လွန်သွားမိနိုင်ကြမလဲ။ လူတစ်ယောက်က သူ့ကို ချောင်ပိတ်ထားတယ်လို့ ခံစားရတဲ့နေရာတစ်ခုမှာ ဘယ်လောက်ကြာကြာသည်းခံနေနိုင်မလဲ။ ကိုယ့်ကို ရေနှစ်နေရင် ကျွန်တော်တို့ ဘယ်အချိန်မှာ လူးလွန့်လာမလဲ။

We Need to Talk About Kevin, You Were Never Really Here အစရှိတဲ့ ကြည့်ရတာသက်တောင့်သက်သာမဖြစ်လှတဲ့ ရုပ်ရှင်တွေနဲ့ နာမည်ကျော်ကြားတဲ့ အမျိုးသမီးဒါရိုက်တာ Lynne Ramsey ရဲ့ Die, My Love ရုပ်ရှင်ဟာ ရိုးရှင်းပေမယ့် သိပ်ကိုအရိုင်းဆန်လှတယ်။ Jackson နဲ့ Grace တို့စုံတွဲဟာ နယူးယောက်မြို့ကြီးကနေ တလောကပဲကွယ်လွန်သွားတဲ့ Jackson ရဲ့ဦးလေးပိုင် တောရွာဖက်ကအိမ်လေးတစ်အိမ်ဆီ ပြောင်းလာခဲ့ကြတယ်။ အိမ်က ရှုပ်ပွပျက်စီးနေတယ်။​ အိမ်ပတ်လည်မှာ မြက်ခင်းပြင်ကြီးနဲ့ တောအုပ်ကလွဲလို့ ဘာမှမရှိဘူး။ ဒါပေမယ့် Jackson နဲ့ Grace တို့က အစပိုင်းမှာတော့ ဘဝသစ်တစ်ခုကို အတူစကြမယ့်အိပ်မက်နဲ့အတူ ကြမ်းပြင်ပေါ်မှာတင် ချစ်တင်းနှီးနှောကြတဲ့အထိ အူမြူးပျော်ရွှင်နေကြလေရဲ့။

ဒီလိုနဲ့ Grace တစ်ယောက် ကိုယ်ဝန်ရလာပြီး သားလေးတစ်ယောက်မွေးလာချိန်မှာတော့ အခြေအနေတွေက စတင်ပြောင်းလဲလာတယ်။ မီးဖွားပြီးစမိခင်တွေ ကြုံရလေ့ရှိတဲ့ မီးဖွားပြီးနောက် စိတ်ဓာတ်ကျတဲ့လက္ခဏာတွေ Grace မှာ စပေါ်လာတယ်။ မိခင်ဘဝ တစ်ဆစ်ချိုးပြောင်းလဲချိန်မှာ Grace တစ်ယောက် အဆင်မပြေတာတွေအများကြီးပဲ။ သူ့အလုပ်ဖြစ်တဲ့ စာရေးတာကို အာရုံစိုက်ပြီးမလုပ်နိုင်ဘူး။ ကလေးကိုတစ်ယောက်တည်း ထိန်းကျောင်းရတယ်။ Jackson က အလုပ်နဲ့ အဝေးကိုရောက်နေတာခပ်များများမို့ သူတစ်ယောက်တည်း အထီးကျန်လာတယ်။ ပြီးတော့ မီးဖွားပြီးနောက်ပိုင်း ချစ်သူက သူနဲ့အရင်လို မကြာခဏ ချစ်တင်းနှီးနှောတာမျိုးမရှိတော့ဘဲ Grace ဖက်က အရင်အစချီဖို့ ကြိုးစားရင်တောင် အင်တင်တင်ဖြစ်လာလို့ သူ့မှာ လိင်မှုကိစ္စနဲ့ပတ်သက်ပြီး စိတ်အလိုမကျရတာတွေများလာတယ်။ သူ့ကိုယ်သူ ယုံကြည်မှုလည်းနည်းလာပြီး Jackson က သူ့ကို လှတယ်လို့မမြင်တော့ဘူးလား၊ မချစ်တော့ဘူးလားဆိုတဲ့ အတွေးတွေ စဝင်လာတယ်။​

တစ်ဖက်မှာ Jackson က Grace ကိုချစ်ပုံပေါ်ပေမယ့် သူ့အတွက်ထည့်မစဥ်းစားပေးဘူး။ ကြောင်ပဲချစ်တတ်ပြီး နားငြီးတာမကြိုက်တဲ့အပြင် မွေးကင်းစကလေးလည်းရှိနေတဲ့ ချစ်သူဆီကို အဟောင်သန်တဲ့ ခွေးတစ်ကောင်ခေါ်ချလာတယ်။ ညဆိုလည်း ကလေးကူမထိန်းပေးတဲ့အပြင် ကလေးကို ညအထိမသိပ်ရကောင်းလားဆိုပြီး အပြစ်တင်တတ်သလို မနက်ဆိုလည်း နေဖင်ထိုးတဲ့အထိအိပ်တယ်။​ ခွေးဟောင်တဲ့အခါလည်း မထိန်းရကောင်းလားဆိုပြီး ပြဿနာရှာတယ်။ Grace အပေါ်လည်း အရင်တုန်းကလို လိုချင်တောင့်တတဲ့ပုံစံမျိုး မပြဘဲ အိပ်လိုက်၊ စားလိုက်၊ အလုပ်သွားလိုက်နဲ့သာ အချိန်ကုန်နေတတ်တယ်။ ဒီလိုနဲ့ ကတောက်ကဆဖြစ်ကြရင်း ရန်ဖြစ်ကြတဲ့အခါ Grace က မီးဖွားထားခါစလူဖြစ်တဲ့အလျောက် ဒေါသထွက်လွယ်တယ်။ ဒေါသထွက်ပြီး စိတ်လိုက်မာန်ပါထလုပ်တဲ့အခါ ပြဿနာတွေက ပိုပိုကြီးသွားကြတယ်။

တကယ်တော့ Grace ဟာ သူအခြေချနေရတဲ့ နေရာသစ်နဲ့မသက်ဆိုင်တဲ့ သူစိမ်းတစ်ယောက်လိုပဲ။ သူဟာ Jackson မျက်နှာတစ်ခုတည်းကြည့်ပြီး ဒီတောရွာကို အတူပြောင်းလာခဲ့တယ်။ ဒါပေမယ့် အိမ်ပတ်ဝန်းကျင်မှာ သူ့ဆွေမျိုးသားချင်းမရှိသလို အပေါင်းအသင်းလည်းမရှိဘူး။​ Jackson ကတော့ အိမ်နဲ့မလှမ်းမကမ်းမှာ သူ့မိဘတွေနေကြသလို သူ့အလုပ်မှာလည်း ငယ်သူငယ်ချင်း Greg နဲ့အမြဲဆုံဖြစ်တယ်လို့ သူ့စကားတွေအရ သိရတယ်။ ဒီတော့ Jackson ရဲ့ကမ္ဘာဟာ မပြောင်းလဲသွားဘဲ အရှိအတိုင်းလေးပဲ ဆက်ပြီးလည်ပတ်နေတဲ့သဘောပဲ။ Grace ကတော့ နေရာသစ်မှာ အသားမကျတဲ့အပြင် ကလေးတစ်ယောက်ပါ ရှိလာတော့ သူ့အတွက် ဖိအားပိုများလာတယ်။ Jackson အမျိုးတွေရဲ့ တစ်ယောက်တစ်ပေါက် စကားသံတွေ၊ သူတို့ရဲ့မိသားစုပြဿနာတွေကစလို့ ကုန်စုံဆိုင်က အရောင်းစာရေးရဲ့ မလိုအပ်တဲ့မေးခွန်းတွေအထိ သူ့အတွက် ဒီတောရွာတစ်ခုလုံးက မွန်းကြပ်စရာဖြစ်လာတယ်။ လိင်ကိစ္စကိုလည်း ကိုယ့်နည်းကိုယ်ဟန်နဲ့ပဲ ဖြေရှင်းနေရတော့ စိတ်အလိုမကျတာတွေလည်း ပိုများလာတာပေါ့။ ဒီလိုနဲ့ပဲ Grace တစ်ယောက် သူ့ကိုယ်သူ အိမ်ထဲမှာ ပိတ်လှောင်ခံထားရတဲ့ တိရစ္ဆာန်တစ်ကောင်လို စမြင်လာပြီး သူ့လုပ်ရပ်တွေဟာ တဖြေးဖြေးနဲ့ အခြားလူတွေအမြင်မှာ ပိုပြီးအရိုင်းဆန်လာတော့တယ်။

Die, My Love ဟာ အပေါ်မှာပြောခဲ့တဲံအတိုင်း သိပ်ကိုအရိုင်းဆန်လှပါတယ်။ ဝတ်လစ်စလစ်နဲ့ တိရစ္ဆာန်တစ်ကောင်လို မြက်ခင်းပြင်ကြီးထဲ လေးဖက်ထောက်သွားနေတာတွေ၊ အိမ်ထဲမှာ ခွေးတွေ ကြောင်တွေ အချင်းချင်းကုတ်ဖဲ့ပြီး ရန်ဖြစ်ကြသလို ရန်စောင်နေကြတဲ့ Grace တို့စုံတွဲရဲ့မြင်ကွင်းတွေ၊ ဓားတစ်ချောင်းကိုင်ပြီး စိတ်ရှိတိုင်းလုပ်ပစ်ချင်နေဟန်ပေါ်တဲ့ Grace ရဲ့အမူအရာတွေဟာ အပြင်လောကကြီးမှာ မြင်တွေ့ရမှာမဟုတ်တဲ့ ဇာတ်ဝင်ခန်းတွေပါပဲ။ ဒါပေမယ့် တကယ်တမ်းတော့ ကျွန်တော်တို့အားလုံးရဲ့ စိတ်ထဲမှာ Grace လိုမျိုး စိတ်ကိုလွှတ်ချပြီး ထင်ရာစိုင်းပစ်လိုက်ချင်တဲ့ အခိုက်အတန့်တွေ ကိုယ်စီရှိကြရက်နဲ့ Grace လို ပေါက်ကွဲထွက်မလာသေးလို့သာ မမြင်ရတာမဟုတ်လား။

ဇာတ်သိမ်းနားမှာ Grace က Jackson ကို ပြောတဲ့စကားတစ်ခွန်းရှိတယ်။ “နင်က ငါ့ကို မမြင်ဘူး” တဲ့။ “နင် ငါ့ကို မချစ်ပါဘူး” လို့ပြောတာမဟုတ်ပါဘူး။ “မမြင်ဘူး” လို့ သေချာကိုပြောခဲ့တာပါ။​ ကျွန်တော်တို့ဟာ လူတစ်ယောက်ကို ချစ်ရက်သားနဲ့ တစ်ဖက်သားရဲ့ ဆန္ဒတွေကို နားမထောင်ပေး၊ လိုအပ်ချက်တွေကို အလေးမထားပေးရင် တနည်းအားဖြင့် တစ်ဖက်သားကို မ “မြင်”​ပေးနိုင်ရင်၊​ တစ်ဖက်သားက သူ့ကို ဒီဆက်ဆံရေးမှာ မျက်ကွယ်ပြုထားတယ်လို့ ခံစားလာရရင် ကျွန်တော်တို့ဟာ အဲ့ဒီလူကို ရေတိမ်မှာ နှစ်နေတာနဲ့ အတူတူပါပဲ။ ဒါရိုက်တာ Lynne Ramsey ကလည်း Jackson ဟာ Grace ကို ချစ်ပေမယ့် သူ့ကိုအပြည့်အဝနားမလည်ဘူးလို့ ပြောခဲ့တယ်။ တကယ်လို့သာ Jackson က အဟောင်သန်တဲ့ခွေးခေါ်လာမယ့်အစား ကြောင်ချစ်တတ်တဲ့ Grace တစ်ယောက် အဖော်ရအောင် ကြောင်လေးတစ်ကောင်ခေါ်လာပေးခဲ့ရင်၊ အိမ်ပြန်လာတဲ့အခါ Grace တောင့်တတဲ့အနမ်းတွေ အချစ်တွေကို မငြီးမငြူဘဲပေးခဲ့ရင်၊ မီးဖွားပြီးစမှာ သူ့ကိုယ်သူ ယုံကြည်မှုလျော့နည်းပြီး စိတ်အားငယ်နေတဲ့ ချစ်သူကို အရင်ကအတိုင်း ယုယပေးခဲ့ရင်၊ ငါ့အပေါ် တောင့်တသေးပါလားလို့ ခံစားရအောင် ပုံမှန်ချစ်တင်းနှီးနှောပေးခဲ့ရင်၊ အလုပ်ကပြန်လာတဲ့အခါ ကလေးကူထိန်းပြီး အိမ်မှုကိစ္စတွေ ကူလုပ်ပေးခဲ့ရင်၊ မင်္ဂလာဆောင်မှာ သူဖြစ်စေချင်တဲ့အတိုင်း လူပုံအလယ်မှာ အချစ်ခံရကြောင်း မြင်သာအောင် နမ်းရှုတ်ပေးခဲ့ရင်၊ Grace ပြောတဲ့စကားတွေကို တခြားလူတွေရဲ့စကားထက် ပိုပြီးအလေးပေးခဲ့ရင် သူတစ်ခါမှမရောက်ဖူးတဲ့ တောရွာလေးထဲက အိမ်ငယ်လေးတစ်လုံးမှာ Grace တစ်ယောက် ဘယ်အထီးကျန်နေပါ့မလဲ။ ဓားတစ်ချောင်းကိုင်ပြီး ဘာထလုပ်မလဲ ခန့်မှန်းမရလောက်အောင် သွေးရူးသွေးတန်းဘယ်ဖြစ်နေပါ့မလဲ။ တောရိုင်းတိရစ္ဆာန်တစ်ကောင်လို ဘယ်အရိုင်းဆန်နေပါ့မလဲ။

Die, My Love ရုပ်ရှင်ဟာ ချိန်ခွင်လျှာမမျှတဲ့ဆက်ဆံရေးတစ်ခုမှာ ရေတိမ်နစ်ပြီး အသက်ရှုရခက်လို့ လူးလွန့်လာတဲ့ လူတစ်ယောက်အကြောင်း ပုံဖော်ထားတာပါပဲ။ ရုပ်ရှင်နာမည်ကိုက “ေ-သစမ်း ငါ့ချစ်သူ” တဲ့။ Jackson တစ်ယောက် ချစ်တယ်ပြောပြီး ရုပ်ရှင်တလျှောက်လုံး နှစ်နေခဲ့တာ Grace ကို “ေ-သအောင်” တွန်းပို့နေတာပဲမဟုတ်လား။ ဒီရုပ်ရှင်မှာ တဖြေးဖြေး အခြေအနေဆိုးလာတဲ့ Grace ရဲ့လုပ်ရပ်တွေကိုကြည့်ပြီး ကျွန်တော်တို့တွေက သူ့ကို “အရူး” တစ်ယောက်လို့ မြင်ကောင်းမြင်မိပါလိမ့်မယ်။ တချို့က အလုပ်လုပ်နေတဲ့ ယောကျ်ားကို နားမလည်ပေးတဲ့၊ အလိုက်မသိတဲ့မိန်းမလို့ အပြစ်တင်ကောင်းတင်ကြပါလိမ့်မယ်။​ တကယ်တော့ Grace ဟာ Jackson ကို လမင်းကြီးကို ယူဆောင်လာပေးဖို့ ပူဆာခဲ့တာမဟုတ်ပါဘူး။ ဝတ်ကောင်းစားလှတွေ ဆင်မြန်းပေးဖို့၊ အိမ်ကောင်းယာကောင်းတွေ ပြင်ဆင်ပေးဖို့ တောင်းဆိုခဲ့တာလည်းမဟုတ်ပါဘူး။ သူလိုချင်တာ အချိန်ဘယ်လောက်မှမပေးရတဲ့ အားစိုက်ထုတ်မှုလေးတွေနဲ့ အရင်ကအတိုင်းမပြောင်းလဲသွားတဲ့ အပြုအမူလေးတွေပါပဲ။ ဒါပေမယ့် အမှိုက်ကစ ပြဿဒ်မီးလောင်ဆိုတဲ့ စကားပုံအတိုင်း လူတစ်ယောက်ရဲ့အမြင်မှာ အသေးအဖွဲလို့ယူဆထားတဲ့အရာတွေဟာ တစ်ဖက်လူအတွက်တော့ သူ့ရဲ့ကမ္ဘာပျက်သုန်းသွားစေတဲ့ တွန်းအားတစ်ခုဖြစ်စေနိုင်တာပဲမဟုတ်လား။

ကျွန်တော်တို့သာ Grace လို ရေတိမ်နှစ်ခံရတဲ့ဆက်ဆံရေးကို ပိုင်ဆိုင်ထားခဲ့ရရင်ရော ဘယ်အတိုင်းအတာအထိ မြိုသိပ်ထားနိုင်ကြမလဲ။ ချစ်တော့ချစ်ပေမယ့် မမြင်တဲ့ဆက်ဆံရေးမှာ ဘယ်လောက်အထိ ရှင်သန်နိုင်ကြမလဲ။ ဘယ်အချိန်မှာ Grace လိုမျိုး လူမှုစည်းဘောင်တွေနဲ့ ကိုယ့်ကိုယ်ကိုယ် တားမြစ်ကန့်သတ်ကြတဲ့ ကျင့်ဝတ်ထုံးတမ်းတွေကို ကျော်လွန်ပြီး လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာက ပကတိလူသားဖြစ်တည်မှုအတိုင်း အရိုင်းဆန်တဲ့ သတ္တဝါအဖြစ်ကို ပြန်ရောက်ရှိသွားကြမလဲ။

10/01/2026

"ကိုယ့်ဘဝရဲ့အမှောင်မိုက်ဆုံးအချိန်မှာမှ မင်းကိုတွေ့ခဲ့ရတယ်လို့ အချစ်ရယ်"

Me Before You (2016)
Gene- Romance/Drama
IMDb 7.4 , Rotten Tomatoes 54%

ဘဝမှာ မည်သူမဆို ပြီးပြည့်စုံတဲ့ လက်တွဲဖော်ဆိုတာကိုတော့ စိတ်ကူးယဥ်ဖူးကြမှာပါ။ ကိုယ့်ရဲ့လက်တွဲဖော်က ရုပ်ချောရမယ်၊ စကားပြောကောင်းရမယ်၊ စာဖတ်ရမယ်၊ အတွေးအခေါ်ကောင်းရမယ်၊ ကိုယ့်အပေါ်နားလည်မှုရှိရမယ်၊ ကြင်နာရမယ်၊ဂရုစိုက်ပေးရမယ် စသည်ဖြင့်ပေါ့ တွေးဖူးကြမှာပါပဲ။ ဒါပေမယ့် တကယ့် တကယ်တမ်း ကိုယ်တကယ်ချစ်ရတဲ့သူနဲ့ တွေ့တဲ့အခါမှာ အဲ့တာတွေအားလုံးဟာ စိတ်ကူးယဥ်သက်သက်ပဲဆိုတာ သိလာရတယ်ဟုတ်။ ကိုယ်လိုချင်တဲ့ ပုံစံတွေကိုဂရုမစိုက်နိုင်တော့ဘဲ အရာအားလုံးကို နားလည်ပေးနိုင်ပြီး သူမို့လို့ ချစ်နေရတာဆိုပြီး ဖြစ်လာရတယ်မဟုတ်လား။ အဲ့တာက အချစ်မှာမျက်စိမပါတဲ့အတွက်လည်း ဖြစ်ကောင်းဖြစ်မယ်။ ဆင်ခြင်ထုံတရားဆိုတာက အချစ်နဲ့တွေ့တဲ့အခါ အလုပ်မလုပ်တော့တာကြောင့်လည်း ဖြစ်ကောင်းဖြစ်လိမ့်မယ်။ ဒါပေမယ့် ချွင်းချက်မရှိချစ်မိသွားတာကတော့ အမှန်ပဲဟုတ် ။ တချို့တချို့တွေကျပြန်တော့လည်း အကောင်းဆုံးဆိုတာတွေကို ရှာဖွေရင်းနဲ့ပဲ အကောင်းဆုံးတွေကို လက်လွှတ်ခဲ့ကြရတယ်။

William အနေနဲ့လည်း သူ့ဘဝရဲ့ အမှောင်မိုက်ဆုံးနဲ့ နိမ့်ကျနေတဲ့ အခြေအနေမှာ အချစ်တစ်ခုကို သူတွေ့ရှိခဲ့တယ်။ Lousia ဆိုတဲ့မိန်းကလေးဟာ သူ့ကို ပျော်ရွှင်အောင်လို့ လုပ်ပေးနိုင်ခဲ့သလို သူ့အတွက် အရင်ရည်းစားနဲ့မတူညီတဲ့ ခံစားချက်မျိုးပေးစွမ်းနိုင်ခဲ့တယ်။ သူလိုလားတောင်းတတဲ့ အရင်လိုစိတ်လှုပ်ရှားပျော်ရွှင်မှုမျိုးနဲ့လွတ်လပ်မှုမျိုး မဟုတ်ခဲ့ပေမယ့် သူ့ရဲ့စိတ်တွေတဖန်နိုးကြားပျော်ရွှင်လာအောင်လို့ Louisa ဟာ ပေးစွမ်းနိုင်ခဲ့တယ်။
လူကုံထံအသိုင်းအဝိုင်းရဲ့ လူ့မလိုင်လွှာမိသားစုကနေပေါက်ဖွားလာတဲ့ သူ့လိုပြည့်စုံတဲ့လူတစ်ယောက်မှာ အရာရာမလိုချင်မှမဆုံး အစစအရာရာ ပြီးပြည့်စုံတယ်။ ရုပ်ချောတယ်၊ငွေကြေးချမ်းသာတယ်၊ ခန္ဓာကိုယ်အမိုက်စားနဲ့ "ဣတ္ထိယ" အမျိုးသမီးအပေါင်းကိုဆွဲဆောင်နိုင်တဲ့ အရာရာပြည့်စုံတဲ့လူတစ်ယောက်ဖြစ်ခဲ့တယ်။
အဲ့သလို ပြီးပြည့်စုံတဲ့ဘဝကိုပိုင်ဆိုင်ခဲ့တဲ့ လူတစ်ယောက်က မမျှော်လင့်ထားတဲ့ မတော်တဆတစ်ခုကြောင့် ဒုက္ခိတဘဝကိုရောက်သွားတဲ့အခါမှာ အရာအားလုံးက ပြောင်းပြန်ဖြစ်သွားတယ်။ သူ့ဘေးနားမှာတစ်ချိန်လုံးတွဲခဲ့တဲ့ရည်းစားက အဆက်ဖြတ်သွားတယ်။နောက် သူငယ်ချင်းဆိုသူနဲ့ လက်ထပ်သွားတယ်။ အရင်ကပျော်ခဲ့ရတဲ့အရာတွေက ဒုက္ခိတဘဝရောက်လို့ စိတ်သွားတိုင်းကိုယ်မပါတဲ့အခါမှာ အရင်လောက် စိတ်လှုပ်ရှားဖို့မကောင်းတော့ဘူး။ သူ့ကိုပျော်ရွှင်မှုပေးနိုင်တဲ့အရာမရှိတော့လောက်အောင် တစ်ယောက်တည်းအထီးကျန်သွားတဲ့အခါမှာ Louisa ဆိုတဲ့မိန်းကလေးကသာ သူ့အတွက် စိတ်သက်သာရာတစ်ခု ဖြစ်လာခဲ့တာပေါ့။

သူလိုအပ်နေတဲ့ မေတ္တာကို Louisa ကပေးနိုင်ခဲ့တဲ့အပြငိ သူ့အတွက် မှန်ကန်တဲ့အချစ်စစ်မျိုးကို Louisa ဆီကနေတွေ့ရှိခဲ့တယ်လို့ပါ ခံစားလာရတဲ့အထိပဲ။ ဒါပေမယ့် တစ်ချိန်ထဲမှာပဲ ဆွစ်ဇလန်နိုင်ငံမှာ သူ့ကိုယ်ကို အဆုံးစီရင်ဖို့အတွက် သူကိုယ်တိုင်ဆုံးဖြတ်ထားပြီးသားဖြစ်နေတယ်။ သူကိုယ်တိုင်မပျော်နိုင်တော့တဲ့ ဒုက္ခိတဘဝနဲ့ သူဆက်ပြီး အသက်မရှူချင်စိတ်မရှိတော့ဘူး။ ကျွန်တော်တို့လည်း သူ့လို တစ်နည်းမဟုတ်တစ်နည်းကြုံဖူးကြလိမ့်မယ်။ ကိုယ်မပျော်ရတဲ့ပတ်ဝန်းကျင်နဲ့ ပျော်ဖို့မစွမ်းသာတဲ့ အခြေအနေတွေ အခိုက်အတန့်တွေမှာ ရှင်သန်ရဖို့ကို စိတ်ကုန်လာတဲ့အထိ အဆိပ်အတောက်တစ်ခုလိုမျိုး ခံစားလာရတာတဲ့အခါမှာ မျှော်လင့်ချက်ကင်းမဲ့လာတာမျိုး၊ရင်ဘတ်ထဲမှာ ဗလာနတ္ထိဖြစ်တဲ့အထိ လက်လျှော့ချင်စိတ်ဖြစ်လာတဲ့အခြေအနေမျိုးတွေကိုပေါ့။ William အနေနဲ့ကောင်းကောင်းကြီးသိတယ်။ ဒီဘဝဟာ သူလိုချင်တဲ့ ဘဝမဟုတ်ဘူးဆိုတာနဲ့ အရာရာပြည့်စုံခဲ့တဲ့သူ့ရဲ့ဘဝကို လူဖြစ်ရှုံးတယ်လို့ခံယူထားတဲ့ ဒုက္ခိတဘဝနဲ့အဆုံးမသတ်ချင်ခဲ့ဘူး။ သူ့ရဲ့လှပတဲ့အခိုက်အတန့်၊အမှတ်တရနဲ့ ပျော်ရွှင်မှုတွေကို နုပျိုကျန်းမာတဲ့ခန္ဓာကိုယ်နဲ့ တစ်ချိန်က တက်ကြွခဲ့တဲ့စိတ်အခြေအနေတွေထဲမှာပဲ ထာဝရသိမ်းထားချင်ခဲ့တယ်။ ပြန်ကောင်းလာဖို့ "ဇီးရိုး"ရာခိုင်နှုန်းလောက်ပဲရှိတဲ့သူ့ဘဝကို ပိုပျော်ရဖို့မသေချာဘဲ လောင်းကြေးထပ်ပြီး အသက်ဆက်မရှင်ချင်ခဲ့ဘူး။

Louisa နဲ့တွေ့ခဲ့ရတဲ့ ၆လတာအချိန်ကာလတစ်ခုက သူ့အတွက် အမှတ်တရကောင်းတစ်ခုဖြစ်ခဲ့ပေမယ့် အဆုံးစီရင်မယ့်ကိစ္စကို တားတားဆီးဖို့အတွက် မလုံလောက်ခဲ့တာကိုပဲကြည့်လေ။ နောက်ကျမှတွေ့ခဲ့ရတဲ့ အချစ်စစ်မို့လို့ သူပိုင်ဆိုင်ခဲ့ရတဲ့ဘဝလိုမျိုး Louisa ကိုပျော်စေချင်တယ်။ လွတ်လပ်စေချင်တယ်။ ပိုကောင်းတဲ့လူတစ်ယောက်နဲ့အတူ ကောင်းမွန်တဲ့ အနာဂတ်တစ်ခုကို ပိုင်ဆိုင်စေချင်တယ်။
ဒါပေမယ့် အဲ့တာက အစစ်အမှန် ဖြစ်ခဲ့ပါ့မလား ဆိုတာကတော့ မေးစရာရှိတယ်။ ဘာလို့မေးရတာလဲဆိုတော့ သူသာ ဒုက္ခိတဖြစ်မသွားခဲ့ရင် Lousia နဲ့လည်းတွေ့စရာမလိုသလို သူ့လိုအဆင့်အတန်းနဲ့ Louisa လိုကောင်မလေးတစ်ေယာက်ကို အရန်စာရင်းထဲတောင် ထည့်ပြီးစဥ်းစားမှာမဟုတ်ဘူးမို့လား။ တစ်ဖက်ကကြည့်ပြန်ရင်လည်း စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာတွေဆိုတာ အခက်အခဲတွေကြုံလာမှ ပိုပြီး အသက်ဝင်လာတာပဲလေ။ မိန်းမတစ်ယောက် ကောင်းမကောင်းသိချင်ရင် သူမရဲ့လက်တွဲဖော် အခက်အခဲတွေ့ကြုံနေရချိန်၊ဘဝအခြေအနေ နိမ့်ကျနေတဲ့အခါ သိလာရလိမ့်မယ်ဆိုတဲ့ စကားအရ Lousia က William နိမ့်ကျတဲ့အချိန်မှာ တွေ့ခဲ့ရတဲ့ အဲ့သလိုမိန်းမကောင်းတစ်ယောက်ဆိုရင်လည်း မမှားပြန်ပါဘူး။

ဂွကျပြီး ပုံတုံးနေတဲ့ဖက်ရှင်၊ပေါတောတောနေတတ်ပြီး မျက်နှာပေါ်ကနေ အပြုံးမခွာဘဲ တစ်ယောက်တည်းရယ်စရာတွေပြောပြီး ပျော်ရွှင်နေတဲ့ Lousia ရဲ့ဖြစ်တည်နေမှုလေးကိုကြည့်ရင်း Willian တစ်ယောက် အတိုင်းအတာတစ်ခုထိတော့ စိတ်ချမ်းသာနေခဲ့တယ်။ သူနေကောင်းတဲ့ အခြေအနေမှာ ဒီလိုမိန်းကလေးမျိုးနဲ့ တွေ့ခွင့်ရရင် ဘယ်လောက်ကောင်းလိမ့်မလဲလို့ တွေးနေမိခဲ့တယ်။ အဲ့လိုဆိုပေမယ့် ဘဝနောက်ခံအခြေအနေ မတူညီကြတဲ့အလျောက် Willain အနေနဲ့ နေပြန်ကောင်းလာခဲ့ရင်တောင် Lousia လို သာမန်မိသားစုအသိုင်းအဝိုင်းကမိန်းကလေးမျိုးကို သူ့လို လူ့မလိုင်လွှာအထက်တန်းကလူတစ်ယောက်အနေနဲ့ အချစ်စစ်နဲ့ တကယ်ချစ်နိုင်မှာတဲ့လား။ ဆက်ဆံရေးတစ်ခုကို တည်ဆောက်တဲ့အခါ အချစ်ဆိုတဲ့အရာတစ်ခုတည်းကိုပဲ ဦးစားပေးကြည့်တတ်တဲ့ ကျန်တာတွေကို ဥပေက္ခာပြုပေးနိုင်တဲ့လူဆိုတာ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာရသလိုမျိုး ရှားမှရှားပဲကိုး။ အဆင့်အတန်းဆိုတာတွေက William လို လူကုံထံကလူတစ်ယောက်အဖို့ စကား​ထဲ အရေးတယူထည့်ပြောဖို့လိုအပ်တဲ့အရာမဟုတ်လား။ ကျွန်တော်တို့လည်း William လိုမျိုး ကိုယ်ချစ်ရတဲ့သူတစ်ယောက်ကို အချိန်အခါနှောင်းမှ တွေ့ရတဲ့အခါ ကိုယ့်ရဲ့အတ္တကိုရှေ့တန်းတင်ပြီးတော့ပဲ ဆုံးဖြတ်ရဲကြမလား။ ချစ်တဲ့သူကို လွတ်လပ်ခွင့်ပေးပြီးတော့ တစ်ယောက်တည်း ပျော်စေနိုင်လိုက်ဖို့ ခွန်အားရှိကြပါ့မလား။ ပိုင်ဆိုင်ချင်တဲ့စိတ်နဲ့ လောကဓံကိုပဲ အံတုပြီးတော့ ရင်ဆိုင်ကြမလား။

တချို့ကတော့ William ရဲ့ ဆုံးဖြတ်ချက်ကို လက်မခံနိုင်ကြဘူး။ လောကကြီးကို အရှုံးပေးတဲ့သူ လူပျော့ ၊ Lousia အတွက် မတရားဘူးပေါ့။ သူ မသေခင်အချိန်ကလေး ဒီတိုင်းပျော်ချင်ရုံနဲ့ Lousia ကို သူလိုချင်တဲ့ပုံစံဖြစ်အောင်လို့ ပုံသွင်းခဲ့တာ၊ တကယ်ချစ်တာ မဖြစ်နိုင်ဘူး စသဖြင့် ပရိသတ်တွေကြားငြင်းခုံပြီး ပြောကြတာတွေလည်း ရှိပါသေးတယ်။

Me Before You ကိုကြည့်ပြီးတဲ့သူတွေအနေနဲ့ William ရဲ့ဆုံးဖြတ်ချက် မှန်သလား မှားသလား ဆိုတာနဲ့ Lousia ကို William တစ်ယောက် တကယ် ချစ်ခဲ့တာကော ဟုတ်ရဲ့လားဆိုတာကို ဆွေးနွေးသွားကြပါဦး။

Photos from Cinema Button's post 25/12/2025

IMAX camera တွေနဲ့ပဲ ရိုက်ကူးထားတဲ့ Christopher Nolan ရဲ့ "THE ODYSSEY" ရုပ်ရှင် Trailer မှာတွေ့ရတဲ့ look တွေပဲဖြစ်ပါတယ်။ ရုပ်ရှင်ကိုတော့ ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းလောက်မှာရုံတင်ပြသမှာဖြစ်ပါတယ်။

18/12/2025

◇ Oscar ဆုပေးပွဲတွေကို Digital Streaming Platform တစ်ခုဖြစ်တဲ့ YouTube ကနေ 2029 ခုနှစ်ကနေစပြီး ထုတ်လွှင့်သတော့မှာဖြစ်ပါတယ်။
အရင်လို TV ရုပ်သံချန်နယ်တွေမှာ ဝယ်ကြည့်စရာလိုတော့မှာမဟုတ်ဘဲ YouTube လို streaming platform မှာ တိုက်ရိုက်liveတွေကို free ကြည့်ရှုလို့ရတော့မှာပါ။

16/12/2025

□ Movie အဖြစ်ထွက်ရှိလာတော့မယ့် Peaky Blinders ဇာတ်လမ်းတွဲဟာ ဝတ္ထုတစ်ပုဒ်ရဲ့အဆုံးသတ်ကို ဖတ်ရှုနေရသလိုမျိုးခံစားရမယ်လို့ Peaky Blinders ထုတ်လုပ်သူတွေဘက်ကဆိုပါတယ်။ Peaky Blinders:The Immortal Man Issue ရုပ်ရှင်ဟာ၂၀၂၆ ခုနှစ်၊မတ်လ ၆ရက်နေ့မှာစတင်ရုံတင်မှာဖြစ်ပြီး ၂၀ရက်နေ့မှာတော့ Netflix မှာစဆင်ပြသမှာဖြစ်ပါတယ်။

06/12/2025

Netflix အနေနဲ့ Warner Bros ကို ရုပ်ရှင်နဲ့ ရုပ်မြင်သံကြားစီးပွားရေးကဏ္ဍတွေအတွက် ဒေါ်လာ ၇၂ ဘီလီယံနဲ့ဝယ်ယူလိုက်ပြီပဲဖြစ်ပါတယ်။ Netflix လက်အောက်မှာ Warner Bros ဆီကနေဘာတွေမျှော်လင့်လို့ရမှာလဲ စိတ်ဝင်စားစရာပါ။

28/11/2025

The Aviator [2004]
General - Adventure/Drama ‧ 2h 49m
IMDb 7.5/10 , Rotten Tomatoes 86%

OCD ရောဂါဆိုတာ Obsessive-Compulsive Disorder လို့အရှည်ကောက်အဓိပ္ပါယ်ရပြီး ဒီရောဂါရှိတဲ့သူတွေဟာ စည်းစနစ်ကျတယ်၊ အသန့်အပြန့်ကြိုက်ကြတယ်၊ ခေါင်းဆောင်နိုင်စွမ်းရှိတယ်လို့ လူသိများကြသလို တစ်ဆက်တည်းမှာပဲ ဆိုးတဲ့ဘက်တွေကတော့ ဇီဇာကြောင်တယ်၊ အစွဲအလမ်းကြီးတယ်၊ သူတို့တွေရဲ့စိတ်ထဲမှာ uncontrolled mind လို့ခေါ်တဲ့ ထိန်းချုပ်လို့မရတဲ့ မကောင်းတဲ့အတွေးတွေ အများကြီးရှိကြပါတယ်။ ရုပ်ရှင်ထဲက လီယိုနာဒိုဟာလည်း အဲ့ဒီ့အတိုင်းပါပဲ။ ဇီဇာကြောင်သလို အတွေးအခေါ်ကောင်းတယ်၊ ဦးဆောင်နိုင်စွမ်းမြင့်မားတဲ့ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်၊ တစ်ဆက်တည်းမှာလည်း အသန့်အပြန့်အလွန်ကြိုက်သလို သန့်စင်ခန်းသွားရင်တောင် ကိုယ်ပိုင်ဆပ်ပြာယူသွားတတ်တဲ့လူတစ်ယောက်၊ အလုပ်လုပ်တဲ့နေရာမှာ အင်မတန်စည်းစနစ်ကျသလို သူဝါသနာပါတဲ့အလုပ်ဖြစ်တဲ့ လေယာဥ်ပျံတည်ဆောက်ရေးလုပ်ငန်းအပေါ်မှာ OCD သမားတစ်ယောက်ပီပီ ငွေကြေးအရှုံးပေါ်တာကိုပါ ဂရုစိုက်မနေဘဲ ဘဝကိုပါရင်းနှီးမြှုပ်နှံထားတဲ့လူတစ်ယောက်။ လီယိုဟာ သူကိုယ်တိုင်ကလည်း ocd ရောဂါကိုခံစားနေရတာမလို့ သူပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင် ကာရိုက်တာ တော်တော်များများက Deep ဖြစ်တဲ့ ကာရိုက်တာတွေ များပြီး သူ့ရဲ့လက်တွေ့ဘဝကိုယ်ပိုင်ဟန်နဲ့ ကိုက်ညီတဲ့ role တွေသာများပါတယ်။ Director Martin Scorsese ရဲ့ဇာတ်ကားမလို့ အများကြီးလည်းပြောစရာလိုမယ်မထင်ပါဘူး။

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Address


Yangon