ACMV System

ACMV System

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ACMV System, Engineering service, Yangon.

24/09/2023

ကျွန်မတို့အိမ်မှာ ရေခဲသေတ္တာ တစ်လုံးရှိပါတယ်။ လွန်ခဲ့တဲ့ ရှစ်နှစ်ကျော် ကိုးနှစ်နီးပါးက ဝယ်ထားတာပါ။ ဒီအရင်က ရေခဲသေတ္တာ တစ်ခါမှ မသုံးဖူးပါဘူး။ ဝယ်ဖြစ်သွားတဲ့ ရေခဲသေတ္တာက ထိုင်းနိုင်ငံထုတ်ဖြစ်ပြီး အအေးဗူးတွေ၊ ရေခဲ မုန့်တွေ၊ ရေခဲချောင်းတွေထည့်တဲ့ ရေခဲကန်ကြီးဖြစ်သွားတယ်။ တခါမှလည်း မဝယ်ဖူး မသုံးဖူးတော့ ကျွန်မ အမေကို ရောင်းတဲ့သူက ဒီလိုမျိုးရေခဲသေတ္တာမှ ကောင်းတာ ဆိုပြီးရောင်းလိုက်တာ အမေကလည်း ဝယ်လာရောဆိုပါတော့။ ရေခဲသေတ္တာ သွားဝယ်တဲ့နေ့က ကျွန်မက ကိစ္စလေးတစ်ခုရှိနေတာနဲ့ လိုက်မသွားဖြစ်ဘူး။ ပစ္စည်းကြီး အိမ်ရောက် လာ၊ နေရာ အထိုင်ချပြီးမှ မှားဝယ်လာပြီဆိုပြီး ပြန်ပို့ဖို့ကလည်း မလွယ်တော့ ရေခဲသေတ္တာကြီး ကျွန်မတို့ အိမ်မှာ အ ခန့်သားနေရာယူပါလေရော။ မှတ်မှတ်ရရ ရေခဲသေတ္တာဝယ်ပြီးမှ မီးအားမပြည့်လို့ မီးအားမြှင့်စက်ဝယ်ဖို့လိုပြန်ရော။ ပိုက်ဆံက လတ်တလော အဆင်မပြေဆို​တော့ အိမ်မှာ ရေခဲ သေတ္တာကြီးရှိနေပြီး နှစ်ပတ်လောက်ကြာမှပဲ စပြီး သုံးဖြစ်တော့တယ်။

ရေခဲရေကို ကျွန်မတို့အိမ်က မသောက်ပါဘူး။ ရေခဲသေတ္တာဝယ်ဖြစ်တဲ့ အဓိက ရည်ရွယ်ချက်က ငါး၊ ပုဇွန်တွေ ဈေးပေါတဲ့နေ့ဆို များများလေးဝယ်ပြီး ထည့်သိမ်းဖို့၊ ဈေးနဲ့ဝေးတော့ ဈေးရောက်တဲ့ အချိန် ကြက်သား၊ ဝက်သား လေးဝယ်ရေခဲသေတ္တာထဲထည့်ဖို့၊ သံပုရာသီးပေါတဲ့အချိန် ဘူးထဲထည့်ပြီး ရေခဲသေတ္တာထဲထည့်ထားရင် မှိုမတက်ဘူး၊ လက် ဖက် ဝယ်ထားပြီး ထည့်ထား၊ ပုန်းရည်ကြီးထုပ်ဝယ်ထည့်ထားရင်လည်း မှိုမတက်တော့ ရေခဲသေတ္တာရှိတော့အဆင်ပြေတယ်လေ။

ပြီးခဲ့တဲ့နွေရာသီကတော့ ရေခဲသေတ္တာကြီး ပျက်သွားပါတယ်။ ကျွန်မလည်း အစစအရာရာ ဈေးကြီးနေချိန်ဖြစ်နေတော့ မပြင်သေးပဲ ထားလိုက်တယ်။
မိုးရာသီရောက်တာနဲ့ ကျွန်မတို့ရပ်ကွက်က ရေကြီးတာပဲ။တခါတလေဆို လမ်းမ ကြီးပေါ်အထိ ရေကရောက်တာ။ သွားလာရတာ သိပ်အဆင်မပြေတော့ဘူး။ လက်ထဲမှာလည်း ပိုက်ဆံလေးနည်းနည်းရှိတယ်။ ဆီဝယ်ထား၊ ဆန်ဝယ်ထားရင်ရပေမယ့် ရေခဲသေတ္တာပြင် ဖို့ပဲ ဆုံးဖြတ်လိုက်တယ်။

ပြင်ဆရာက ကျွန်မတို့ ဘေးလမ်းကပါ။ အိမ်ကို လာကြည့်ပြီး ရေခဲသေတ္တာ အမျိုးအစားကောင်းကြောင်း၊ အသစ်ဝယ်ရင် ဒီလိုအမျိုးအစားဆို ရှစ်သိန်းလောက်ရှိကြောင်း၊ second ဆိုရင် တောင် လေးသိန်းလောက်ရှိကြောင်း၊ ကိုယ်ထည်ကလည်း ဆွေးမနေသေးကြောင်းနဲ့ ကွန်ပရက်ဆာ ပျက်သွားလို့အသစ်လဲရမည်ဖြစ်ပြီး safeguard လည်း အသစ်လဲရမည်ဖြစ်ကြောင်း၊ သုံးလ အာမခံနဲ့ ပြင်ပေးမည်ဖြစ်ကြောင်း၊ ကျွန်မသိချင်တဲ့ ပြင်ပြီးရင် အနည်းဆုံး ဘယ်လောက်ကြာအောင် သုံးလို့ရနိုင်မလဲဆိုတဲ့ မေးခွန်းကိုတော့ သုံးနှစ်လို့ ဖြေပါတယ်။

ဈေးစကားပြောကြတော့ ပစ္စည်းဘိုး၊ လက်ခ တစ်သိန်းခွဲလို့ပြောပါတယ်။ပစ္စည်းက အသစ်သုံးမှာကြောင့်ပါတဲ့။ ကျွန်မမှန်းထားတာထက် များနေလို့ ဖုန်းနံပတ်တောင်းပြီး အကြောင်းပြန်မယ်ပြောလိုက်ပါတယ်။
ပြင်ဆရာ ပြန်သွားတော့ ဟိုဟိုဒီဒီ စုံစမ်း​ကြည့်လိုက်ပါတယ်။ ပစ္စည်းအဟောင်းဆိုရင် ပစ္စည်းဘိုး ရှစ်သောင်းလောက်ရှိတယ်ဆိုတာ သိရပါတယ်။ အဲဒါနဲ့ ကျွန်မလည်း တစ်သိန်းခွဲနဲ့ ပြင်ဖို့ဆုံဖြတ်ပြီး ပြင်ဆရာကို ဖုန်းဆက်လိုက်ပါတယ်။ကျွန်မတို့အိမ်နဲ့လည်း နီးတယ်လေ။
ကျွန်မက ကျွန်မအိမ်မှာပဲ ပြင်မယ်ထင်ထားပေမယ့် ပြင်ဆရာက ညနေမှာ သူ့အိမ်ကို ကားနဲ့ ရေခဲသေတ္တာကြီး သယ်သွားပါတယ်။.
တစ်ပတ်ကြာတဲ့အထိ ဖုန်းလည်း မဆက်သလို ပြင်ပြီးတဲ့ရေခဲသေတ္တာလည်း အိမ်ပြန်ရောက်မလာပါဘူး။ ဒါပေမယ့် ကျွန်မ စိတ်ရှည်လက်ရှည်ပဲ စောင့်ပေးပါတယ်။ ဆယ်ရက်လောက် ကြာတော့ ပစ္စည်းဝယ်မရသေးလို့ မပြင် ရသေးကြောင်း ပြင်ဆရာက လာပြောပါတယ်။ ရေခဲသေတ္တာယူသွားပြီး နှစ်ပတ်ကြာမှ ပြင်ပြီးသွားပြီဖြစ်ကြောင်း ရေခဲ သေတ္တာပြန်သယ်လာရင် ​ဘေးတွဲကယ်ရီဖိုး.သုံးထောင်ပေးဖို့ပြောပါတယ်။ ရေခဲသေတ္တာ ပြင်ပြီးပြီဆိုတာ သိရတော့ ကျွန်မ safeguard .သွားဝယ်ပါတယ်။နှစ်သောင်းသုံးထောင်ပေးရပါတယ်။ ပြင်ဆရာက ရေခဲသေတ္တာ ပြန်လာပေး၊ မီးဖွင့်ကြည့်၊ ခဏစောင့်ပြီး ကောင်းသွားပြီဆို ပြီး ပြန်သွားပါတယ်။

ရေခဲသေတ္တာပြင်ခရယ်၊ ကယ်ရီခရယ်၊ safeguard ဖိုးရယ် အားလုံးပေါင်း တစ်သိန်းခုနှစ်သောင်းခြောက်ထောင် ကုန် သွားပါတယ်။ ဒါပေမယ့် သုံးနှစ်ကြာသုံးရရင် တစ်နှစ်မှ ခြောက်သောင်းလောက်ပဲကျမယ်၊ တစ်လဆို ငါးထောင်လောက်နဲ့ အားလုံးအဆင်ပြေသွားတာပဲလို့ တွေးပြီး ကျေနပ်လိုက်ပါတယ်။

သုံးရက် အတိအကျပါ။ သုံးရက်နေတော့ ရေခဲသေတ္တာက လုံးဝမှ မအေးတော့ပါ။ အမှန်တော့ ပထမရက်တွေကတည်းက အေးရုံလေးပဲအေးလို့ ပြင်ဆရာဆီ ဖုန်း ဆက်ပြောတော့ စောင့် ကြည့် ပါအုံးဆိုလို့ စောင့်ကြည့်ရင်းပဲ မအေးတော့တာပါ။ ကျွန်မတို့ရေခဲသေတ္တာက ရေခဲမုန့်အရည်မပျော်အောင် အေးတဲ့ ရေခဲသေတ္တာ အမျိုးအစားပါ။ အခု ရေတောင် မအေးတော့ပါဘူး။ ကျွန်မလည်း စိတ်မကောင်းဖြစ်သွားတာနဲ့ ရေခဲ သေတ္တာ မီးဖွင့်ပြီးစောင့်ကြည့်ပါတယ်။ ကွန်ပရက်ဆာ အသစ်လဲထားတဲ့နေရာက ရေခဲသေတ္တာဖွင့်ပြီး ဆယ်မိနစ်လောက်အကြာမှာ အသံတိုးတိုးလေး ဗျစ် ဆိုတဲ့ အသံခဏ ကြားပါတယ်။တစ်ခါပဲကြားပြီး ရပ်သွားပါတယ်။ နောက် ငါးမိနစ်လောက်ကြာတော့ ပထမကြားသလိုပဲ အသံတိုးတိုးလေး ဗျစ် ဆို ပြီးကြားပါတယ်။ မြင်သလောက် ချောင်းကြည့်တော့ ဝါယာရှော့ဖြစ်သလို မီးလဲမရှိ၊ ညှော်နံ့လည်းမရပါဘူး။ ကျွန်မလည်း ဘာဖြစ်မှန်းလည်းမသိတော့ မီးပိတ်ထားလိုက်ပြီး ပြငိဆရာဆီ ဖုန်းဆက်ပါတယ်။ ဖုန်းမကိုင်ပါဘူး၊သုံးကြိမ်လောက်ခေါ်တာ ဖုန်းမကိုင်တာနဲ့ ကျွန်မ ပြင်ဆရာအိမ်လိုက်သွားမှ ဖုန်းခေါ်သံ မကြားလို့ပါ။ ခဏနေရင် လာ ကြည့်ပါ့မယ် ​ပြောလို့ အိမ်ပြန်ခဲ့ပါတယ်။

ညနေ ပြင်ဆရာရောက်လာပြီး သူပြင်ထားတဲ့နေရာကို ဖွင့်ကြည့်ပါတယ်။ ပြီးတော့ ပြင်ဆရာဆီက အဖြေသိရပါပြီ။
ဂတ်ပိုက်လိုင်းဆီသွားတဲ့ ဝိုင်ယာကြိုးနှစ်စကို ကြွက်ကိုက်တော့ ဝါယာကြိုးက ပြတ်မသွားပေမယ့်နှစ်စလုံး ပေါက်သွားပါတယ်တဲ့။ ပြီးတော့ရှော့ဖြစ်ပြီး ကွန်ပရက်ဆာလောင်သွားပြီတဲ့။ ကျွန်မတို့အိမ်မှာ ရေခဲသေတ္တာရှိတာ ကိုးနှစ်နီးပါးပါ။ ကြွက်က အထဲကိုဝင်ပြီးတခါမှ မကိုက်ဖူးပါဘူး။ ပထမဆုံးအကြိမ် ရေခဲ သေတ္တာပြင်ခြင်းပါ။
ဘာပဲဖြစ်ဖြစ်လေ။ ထားပါတော့။ အဲဒါဆို ဘယ်လိုဆက်လုပ်ရမလဲလို့မေးလိုက် ပါတယ်။ ကွန်ပရက်ဆာ ပြန်ပြင်ရမှာလားပေါ့။ ပြင်ဆရာက ကွန်ပရက်ဆာက ပြင်လို့မရတော့ဘူးတဲ့။ အသစ်ပြန် ထည့်ရမယ်တဲ့။
ဆိုတော့ ကုန်ကျစရိတ်မေးရပြီပေါ့။ သုံးလ အာမခံဆိုတာလည်း သတိပေးလိုက် ပါသေးတယ်။
ပြင်ဆရာက ပထမပြင်သလိုပဲ တစ်သိန်းခွဲကုန်မှာဖြစ်ပြီး ကြွက်ကိုက်တာဖြစ်လို့ သူနဲ့မဆိုင်တာကြောင့် သုံးလ အာမခံနဲ့ မဆိုင်ဘူးလို့ပြောပါတယ်။
ကျွန်မလည်း မတ်တပ်ရပ်ပြီးစကားပြောနေရာကနေ နောက်တစ်ကြိမ်ပြင်စရိတ်ကို ကြားလိုက်ရတော့ ထိုင်ခုံမှာ ထိုင်လိုက်ရပါတယ်။ ဒီလိုသာ ကုန်ကျစရိတ် ထပ်ကုန်ရင် ရေခဲသေတ္တာ အသေး အသစ်တစ်လုံးလောက် ဝယ်လို့ရနေပြီလေ။ ဘာဆက်လုပ်ရမှန်းတောင် မသိ တော့ပါဘူး။
စိတ်ညစ်ညစ်နဲ့ ပြင်ဆရာ ကို ဒီရေခဲသေတ္တာကို ပြန်ရောင်းရင် ဘယ်လောက်ပေးမလဲလို့ မေးလိုက်ပါတယ်။ စပြီး ပြင်ဆရာ လာကြည့်တုန်းက ကျွန်မတို့ ရေခဲ သေတ္တာကို second ဆိုရင်တောင် လေးသိန်း​ကျော်​လောက် တန်တယ်ပြောဖူးထားတော့ ပြန်ရောင်းလိုက်ရင် ပြင်ထားတဲ့စရိတ်လေးပြန်ရမယ်ဆိုတဲ့ အတွေးနဲ့ပါ။
ပြင်ဆရာက အကြာကြီးစဉ်းစားပြီး ကျွန်မတို့ ရေခဲတ္တာကို ငါးသောင်းပေးပါမယ်တဲ့။
ကျွန်မမှာ ပြောစရာစကားလည်းမရှိတောပါဘူး။
ရေခဲသေတ္တာပြင်တုန်းက ကျွန်မ သေချာစဉ်းစားပြီးမှ ပြင်သင့်တယ်ထင်လို့ ပြင်လိုက်တာပါ။
ကျွန်မ ရေခဲသေတ္တာပြင်တဲ့အချိန်တုန်းက စားအုန်းဆီက ဆယ်ပိသာတစ်ပုံးမှ ခြောက်သောင်းနှစ်ထောင်ပါ။ ဆန်ကြမ်း တစ်အိတ်မှ ခုနှစ်သောင်းပါ။ ကျွန်မမှာ ဆီလည်း မဝယ်ဖြစ်လိုက်သလို ဆန်လည်း မဝယ်ဖြစ်လိုက်ပါဘူး။ ရေခဲသေတ္တာလည်း ကောင်းမသွားပါဘူး။ စိတ်ကတော့ အတော်လေး ညစ်လိုက်ရပါတယ်။
ရေခဲသေတ္တာပြင်ချင်တဲ့ ကျွန်မပဲ မှားလား။ ပြင်ဆရာပဲ မှားလားဆိုတာ သေချာမသိပေမယ့် ကျိန်းသေတာကတော့ ကျွန်မ ငွေကုန်လူပန်းဖြစ်သွားတာတော့ အမှန်အကန်ပါပဲရှင်။

Credit:Sansunway
Photo:Credit

Want your business to be the top-listed Engineering Company in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon