EKA

EKA

Share

I feel it, and then I translate it for the other to feel.

Anand Neelakantan Asura : Tale of the Vanquished ကို ဧက မြန်မာဘာသာသို့ ပြန်ဆိုထားသော အသူရာ ကျွန်ုပ်၏ဇာတ်လမ်းမှာ ရှုံးနိမ့်သူတို့၏ အကြောင်းသာဖြစ်၏ စာအုပ် Apple Books တွင်ကြိုတင်အမှာ တင်လို့ရပါပြီ။ 

ရာမာယဏသည် ကမ္ဘာ့အကြီးကျယ်ဆုံး မဟာကဗျာရှည်ကြီးများထဲမှ တစ်ပုဒ်ဖြစ်သော်လည်း အိန္ဒိယ၏ ဒဏ္ဍာရီ ဇာတ်လမ်းတစ်ပုဒ် ဆိုသည်ထက် အဓိပ္ပာယ်ပိုသည်။ မြန်မာနိုင်ငံ၏ ရာမဇာတ်တော်၊ ထိုင်းနိုင်ငံ၏ ရာမကီအန် (Ramakien)၊ ကမ္ဘောဒီးယားနိုင်ငံ၏ အန်ကောဝပ် ကျောက်ဆစ်လက်ရာများ၊ လာအိုနိုင်ငံ၏ ဖရာလပ် ဖရာလမ် (Phra Lak Phra Ram) နှင့် အင်ဒိုနီးရှားနိုင်ငံ၏ အရိပ်ရုပ်သေး ပြဇာတ်များ စသည်ဖြင့် တောင်အာရှနှင့် အရှေ့တောင်အာရှ များတွင် ရာမာယဏ ဝိညာဉ်က ရှင်သန်နေဆဲပင်ဖြစ်သည်။ ၎င်းသည် ရာစုနှစ်ပေါင်းများစွာ လက်ဆင့်ကမ်း ပြောဆိုလာခဲ့ပြီး အနုပညာ၊ ပြဇာတ်နှင့် ကိုယ်ပိုင် လက္ခဏာကို ပုံဖော်ပေးခဲ့သည့် စုပေါင်း ယဉ်ကျေးမှု အမွေအနှစ် တစ်ခုဖြစ်သည်။ သို့သော် ကျွန်ုပ်တို့ အများစုနှင့်အတူ ကြီးပြင်းလာခဲ့ရသည့် ဇာတ်လမ်းမူကွဲများသည် အမှန်တရား၏ တစ်ဝက်သာ ရှိပြီး နှုတ်ဆိတ်နေခဲ့သူများ၏ အသံများမှာ မကြားရဘဲ ရှိနေသေးသည်။

Anand Neelakantan ၏ အသူရာ Asura: Tale of the Vanquished စာအုပ်မှာ ရာဝဏ၏ ရှုထောင့်မှ ဖွင့်ဆိုထားသည်။ ရာဝဏသည် အပေါ်ယံ အမြင်လောက်နှင့်သာ ကြည့်မြင်ရမည့် နတ်မိစ္ဆာတစ်ဦး မဟုတ်ဘဲ ဘုရင်တစ်ပါး၊ ဖခင်တစ်ဦး၊ စိတ်ကူးစိတ်သန်း ကြီးမားသူတစ်ဦး တစ်နည်းအားဖြင့် ချို့ယွင်းချက်ရှိသော လူသားတစ်ဦးသာ ဖြစ်သည်။ သူ၏ ရုန်းကန်မှုများနှင့် သာမန် အသူရာ တစ်ဦး၏ အသံမှတစ်ဆင့် မဟာကဗျာကြီးက နဂိုပုံစံ မပျက်ဘဲ နိုင်ငံရေးသဘော သက်ဝင်ကာ လူသား ဆန်လာခဲ့သည်။ ဤတွင် ရဲရဲဝံ့ဝံ့ မေးခွန်းထုတ်စရာများ ရှိလာခဲ့သည်။ အကယ်၍ မကောင်းဆိုးဝါးဟု အမည်တပ်ခံ ထားရသူမှာ အောင်နိုင်သူများက ရေးသားခဲ့သည့် သမိုင်း၏ သားကောင်တစ်ဦး ဖြစ်ခဲ့မည် ဆိုပါလျှင် မည်သို့ရှိမည်နည်း။ 18/08/2026

ကျွန်တော် ဘာသာပြန်ဆိုထားတဲ့ အသူရာ စာအုပ်ကို Apple Books မှာ ပရီအော်ဒါတင်ပြီး ဝယ်ယူ ရရှိနိုင်ပြီ ဖြစ်ပါကြောင်း။

"လူတို့၏ နှလုံးသားထဲ၌ ပုန်းအောင်းနေသည့် မဖြစ်နိုင်သော အိပ်မက်များထဲတွင် စကားလုံးများဖြင့် ဖော်ပြခြင်းငှာ မစွမ်းနိုင်သော အလှတရားရှိသည်။ ထိုအလှတရားကို ဘယ်မြင့်မြတ်သော ကျမ်းစာအုပ်ကမှ ဖျောက်ဖျက်မပစ်နိုင်၊ ဘယ်တားမြစ်ခြင်းကမှ ချည်နှောင်မထားနိုင်၊ ဘယ်ဘုရားရှင်ကမှ ယူဆောင်၍ မသွားနိုင်ပေ။ လူက သေဆုံးသွားမည် ဖြစ်သော်လည်း မျှော်လင့်ခြင်းက ရှင်သန်နေမည်သာ ဖြစ်၏။"


#အသူရာ
#ရာမာယဏ

Anand Neelakantan Asura : Tale of the Vanquished ကို ဧက မြန်မာဘာသာသို့ ပြန်ဆိုထားသော အသူရာ ကျွန်ုပ်၏ဇာတ်လမ်းမှာ ရှုံးနိမ့်သူတို့၏ အကြောင်းသာဖြစ်၏ စာအုပ် Apple Books တွင်ကြိုတင်အမှာ တင်လို့ရပါပြီ။ ရာမာယဏသည် ကမ္ဘာ့အကြီးကျယ်ဆုံး မဟာကဗျာရှည်ကြီးများထဲမှ တစ်ပုဒ်ဖြစ်သော်လည်း အိန္ဒိယ၏ ဒဏ္ဍာရီ ဇာတ်လမ်းတစ်ပုဒ် ဆိုသည်ထက် အဓိပ္ပာယ်ပိုသည်။ မြန်မာနိုင်ငံ၏ ရာမဇာတ်တော်၊ ထိုင်းနိုင်ငံ၏ ရာမကီအန် (Ramakien)၊ ကမ္ဘောဒီးယားနိုင်ငံ၏ အန်ကောဝပ် ကျောက်ဆစ်လက်ရာများ၊ လာအိုနိုင်ငံ၏ ဖရာလပ် ဖရာလမ် (Phra Lak Phra Ram) နှင့် အင်ဒိုနီးရှားနိုင်ငံ၏ အရိပ်ရုပ်သေး ပြဇာတ်များ စသည်ဖြင့် တောင်အာရှနှင့် အရှေ့တောင်အာရှ များတွင် ရာမာယဏ ဝိညာဉ်က ရှင်သန်နေဆဲပင်ဖြစ်သည်။ ၎င်းသည် ရာစုနှစ်ပေါင်းများစွာ လက်ဆင့်ကမ်း ပြောဆိုလာခဲ့ပြီး အနုပညာ၊ ပြဇာတ်နှင့် ကိုယ်ပိုင် လက္ခဏာကို ပုံဖော်ပေးခဲ့သည့် စုပေါင်း ယဉ်ကျေးမှု အမွေအနှစ် တစ်ခုဖြစ်သည်။ သို့သော် ကျွန်ုပ်တို့ အများစုနှင့်အတူ ကြီးပြင်းလာခဲ့ရသည့် ဇာတ်လမ်းမူကွဲများသည် အမှန်တရား၏ တစ်ဝက်သာ ရှိပြီး နှုတ်ဆိတ်နေခဲ့သူများ၏ အသံများမှာ မကြားရဘဲ ရှိနေသေးသည်။ Anand Neelakantan ၏ အသူရာ Asura: Tale of the Vanquished စာအုပ်မှာ ရာဝဏ၏ ရှုထောင့်မှ ဖွင့်ဆိုထားသည်။ ရာဝဏသည် အပေါ်ယံ အမြင်လောက်နှင့်သာ ကြည့်မြင်ရမည့် နတ်မိစ္ဆာတစ်ဦး မဟုတ်ဘဲ ဘုရင်တစ်ပါး၊ ဖခင်တစ်ဦး၊ စိတ်ကူးစိတ်သန်း ကြီးမားသူတစ်ဦး တစ်နည်းအားဖြင့် ချို့ယွင်းချက်ရှိသော လူသားတစ်ဦးသာ ဖြစ်သည်။ သူ၏ ရုန်းကန်မှုများနှင့် သာမန် အသူရာ တစ်ဦး၏ အသံမှတစ်ဆင့် မဟာကဗျာကြီးက နဂိုပုံစံ မပျက်ဘဲ နိုင်ငံရေးသဘော သက်ဝင်ကာ လူသား ဆန်လာခဲ့သည်။ ဤတွင် ရဲရဲဝံ့ဝံ့ မေးခွန်းထုတ်စရာများ ရှိလာခဲ့သည်။ အကယ်၍ မကောင်းဆိုးဝါးဟု အမည်တပ်ခံ ထားရသူမှာ အောင်နိုင်သူများက ရေးသားခဲ့သည့် သမိုင်း၏ သားကောင်တစ်ဦး ဖြစ်ခဲ့မည် ဆိုပါလျှင် မည်သို့ရှိမည်နည်း။

16/08/2026

ကျွန်တော်တို့က ကိုးကွယ်သည့် အခါတွင် စာရေးဆရာသည် သူ့ကိုယ်သူ အထင်ကြီးသွားပြီး ဘဝင်မြင့်ရောဂါ စွဲကပ်လာတတ်ပါသည်။ တစ်ခါတစ်ရံတွင်မူ စာရေးဆရာသည် လူကြည်ညိုခံရန်အတွက် အညတရ ဟန်‌ဆောင်တတ်ကြပါသည်။ သို့မဟုတ်လျှင်လည်း ခပ်ကြောင်ကြောင် ဟန်ဆောင်တတ်ကြပါသည်။ ယခုခေတ်တွင် စာရေးဆရာ၊ ကဗျာဆရာတို့သည် လူနားလည်အောင် လွယ်လွယ် မ‌ရေးကြတော့ပါ။ လွယ်လွယ်ရေးလျှင် လူတွေက မဖတ်ကြတော့သဖြင့် တမင် ခက်အောင် ရေးတတ်ကြသည်။

အမှန်အားဖြင့် စာရေးဆရာသည် (တော်သော စာရေးဆရာရော ရှော်သော စာရေးဆရာများပါ) အများအားဖြင့် သူလိုကိုယ်လို စာရေးခြင်းဖြင့် အသက်မွေးနေကြသူများသာ ဖြစ်ပါသည်။ သူတို့က ကျွန်တော်တို့ထက် သာသည်ဆိုလျှင် လွတ်လပ်မှု တစ်ခုသာ သာပြီး ကျန်သည့်နေရာများတွင်မူ သာမန်လူများပင် ဖြစ်ပါသည်။ သူတို့သည်လည်း မမှားနိုင်သည် မဟုတ်ပါ။ မှားနိုင်ကြပါသည်။ ထို့ကြောင့် လူကို မကြည့်ဘဲ စာကိုကြည့်ရန် လိုပါသည်။

မြသန်းတင့် မြန်မာပြန်
စာရေးဆရာနှင့် ပိုက်ဆံ အက်ဆေးမှ

06/08/2026

မိန်းမတွေဟာ ဒီကမ္ဘာမြေအတွက် ဘဝသစ်တွေကို နာကျင်မှုနဲ့ မွေးဖွားပေးကြတယ်။ ကျွန်တော့်ကို မွေးခဲ့တဲ့ အမေ့ကို သွား သတိရသွားမိတယ်။ အခု မီယာ ကြုံနေသလို အမေလည်း ကြုံခဲ့မှာ အမှန်ပဲ။ မိန်းမတွေဟာ ကိုးလလွယ်ပြီး မျှော်လင့် စောင့်စားနေခဲ့ရတဲ့ ကလေးငယ်အတွက် အသက်ကို စွန့်စားကြတယ်။ ကျွန်တော့်ရဲ့ အပြစ်တွေ အားလုံးကို ခွင့်လွှတ်ပေးပါ အမေ။ မွေးလာတဲ့ ဒီကလေးကို ကောင်းချီးပေးပါ။ မိခင်တွေ သေဆုံးရင် ကိုယ်ပိုင် နာမည်မရှိတဲ့ တစ္ဆေတွေ ဖြစ်သွားကြတယ်လို့ ပြောကြသူအားလုံး ကျိန်စာသင့်ကြပါစေ။ သူတို့ကို မွေးဖွားဖို့ အတွက် နာကျင်မှု ဝေဒနာကို ခံစားပြီး အသက်ကို စွန့်စားခဲ့ကြတဲ့ သူတို့ရဲ့ အမေတွေကို နားမလည်နိုင်ကြတဲ့ သူတွေဟာ တကယ်ကို နိမ့်ပါး ယုတ်ညံ့ကြသူတွေပါပဲ။ မီယာ။ ဒီ မွေးဖွားမှုကြောင့် မင်းရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတချို့ စုတ်ပြဲလိမ့်မယ်။ နှစ်ပေါင်းများစွာ ရှိခဲ့တဲ့ အပျိုစင် အလှတရားတွေကို ဆုံးရှုံးရလိမ့်မယ်။ ဝေဒနာ ချွေးစက်တွေ ကျရလိမ့်မယ်။ နာကျင်မှုကြောင့် ငိုကြွေးရလိမ့်မယ်။ အသက်မရှူနိုင်လောက်အောင် ဖြစ်လိမ့်မယ်။ ဒါတွေအားလုံးက မင်းရဲ့ ကလေးငယ် အတွက်ပဲလေ။ အို အလ္လာဟ်။ သူ့ကို ဘေးကင်းအောင် စောင့်ရှောက်ပါ။ သူ့ရဲ့ အပြစ်တွေ အားလုံးကို ခွင့်လွှတ်ပေးပါ။ သူ့ရဲ့ မထိုက်တန်တဲ့ အိပ်မက်တွေ၊ ကြီးကျယ် ခမ်းနားတဲ့ အိပ်မက်တွေ အားလုံးကို ခွင့်လွှတ်ပေးပါ၊ မိန်းမတွေ မရှိရင် လူသားတွေ ရှိမလာပါဘူး။ လူသားတွေ မရှိရင် အရှင့်ရဲ့ ဂုဏ်တော်ကို ချီးမွမ်းမယ့်သူ တစ်ယောက်မှ ရှိမှာ မဟုတ်ပါဘူး။ အရှင့်ထံ ရောက်ရှိလာတဲ့ ချီးမွမ်းမှု အားလုံးဟာ ခန္ဓာကိုယ် စုတ်ပြဲပြီး ဘဝသစ်တွေကို ကမ္ဘာမြေဆီ ယူဆောင်ပေးလာတဲ့ မိန်းမတွေရဲ့ အော်ဟစ်သံတွေနဲ့ သွေးချွေးတွေကြောင့်သာ ဖြစ်ပါတယ်။

Quoted from Footsteps

31/07/2026

ကုန်သွယ်ရေး ဆိုတာ လူ့အဖွဲ့အစည်း တစ်ခုရဲ့ အသက်ဝိညာဉ်ပဲ။ ဥပမာ အာရေးဘီးယားလိုမျိုး ခြောက်သယောင်းပြီး ဗလာကျင်းနေတဲ့ ကုန်းမြေတစ်ခု ဖြစ်နေစေဦးတော့ ကုန်သွယ်ရေးသာ ရှင်သန်မယ်ဆိုရင် တိုင်းသူပြည်သားတွေ ကြီးပွားကြမှာပဲ။ တိုင်းပြည်က ကြွယ်ဝပြီး မြေဩဇာတွေ ကောင်းနေစေဦးတော့ ကုန်သွယ်ရေးအင်အား ချည့်နဲ့ပြီး သေဆုံးမယ်ဆိုရင် အရာအားလုံး သေဆုံးမှာ ဖြစ်သလို တိုင်းသူပြည်သားတွေလည်း ဆင်းရဲနေကြမှာပဲ။ ကုန်သွယ်ရေးကြောင့် သေးငယ်တဲ့ တိုင်းပြည်လေးတွေက တိုင်းပြည်ကြီးတွေ ဖြစ်လာကြတယ်။ ကုန်သွယ်ရေး ကျဆုံးတဲ့အတွက်ကြောင့် တိုင်းပြည်ကြီးတွေ ပြိုလဲခဲ့ဖူးတယ်။

Quoted from Footsteps

22/07/2026

နှစ်လိုဖွယ်ကောင်းသော နာကျင်မှုဟူသည် အတိတ်က အဖြစ်အပျက်များကို ပြန်လည် တမ်းတခြင်း၌လည်း ရှိ၏။ ထာဝရ ပျောက်ဆုံးသွားသော အရာများကို တောင့်တခြင်း၌လည်း ရှိ၏။ ဖြစ်နိုင်ခဲ့သည့်တိုင် မဖြစ်ခဲ့ရသော အရာများအတွက် ဂါထာမန်းမှုတ် ပြုလုပ်လိုခြင်း၌လည်း ရှိ၏။ လူမသိသော မျှော်လင့်ချက်များနှင့် ချိုမြိန်သော ခံပြင်းဖွယ်ရာ တမ်းတမှုများကို ဖုန်ခါ အသက်သွင်းခြင်း၌လည်း ရှိ၏။

ရာဝဏ

#ဧက #အသူရာ #စာပေလောက

09/07/2026

ဦးစံရှားနှင့် တဖန်ပြန် တွေ့ဆုံခြင်း

ဘယ်စုံထောက် ဝတ္ထုတွေ ဖတ်ဖတ် ဆရာကြီး ရွှေဥဒေါင်းရဲ့ ဦးစံရှားလောက် ဘဝင်မခိုက်တာကို ကိုယ့်ကိုယ်ကိုယ် သတိထားမိတယ်။ ဆရာကြီးရဲ့ အရေးအသားကြောင့် ဖြစ်နိုင်သလို မူရင်းတွေ ကောင်းတာကြောင့်လည်း ဖြစ်နိုင်တယ်လို့ တွေးမိတယ်။ ဖတ်ခဲ့တဲ့ အပုဒ်ပေါင်း မနည်းလှဘူး။ ဒါပေသိ လေး ငါး ဆယ်ပုဒ် ဆက်တိုက် ဖတ်ပြန်ရင်လည်း အီသွားတတ်တယ်။ အဲဒါကြောင့် တစ်ပုဒ် နှစ်ပုဒ်လောက် ဖတ်ပြီးသွားရင် မေ့မေ့ပျောက်ပျောက် နေမှ တစ်ခါလောက် ပြန်ဖတ်တဲ့ အကျင့်ကို ဟိုးအရင် ကတည်းက လုပ်ယူခဲ့တယ်။ အခုနောက်ပိုင်း အလုပ်တွေများတာကြောင့် လုံးဝ မဖတ်ဖြစ်ဘဲ ရှိခဲ့တာ နှစ်ချီရော့မယ်။ ဒါနဲ့ ဒီည တစ်ပုဒ် ဖတ်လိုက်တာမှာ ကောင်းလွန်းလို့ သဘောတွေ ကျနေတော့တယ်။ အဟုတ်ကို မစားရတာကြာတဲ့ အကြိုက်ဆုံး အစားအစာ တစ်ခုကို ပြန်စားလိုက်ရသလိုပါပဲ။ ဆရာကြီး အရေးအသားတွေကို ကြည့်ပါဦး။

“ထိုစဉ်အခါက ကျွန်တော်နှင့် ဦးစံရှားမှာ ရန်ကုန်မြို့ လမ်း ၄၀ ရှိ ဒုတိယထပ် တိုက်ခန်းတစ်ခန်း၌ပင် နေထိုင်လျက် ရှိကြသေးသည့် အခိုက်ဖြစ်ရာ ဩဂုတ်လ ကုန်ခါနီး တစ်ညနေခင်း၌ ကျွန်တော်တို့သည် အိမ်ဦးခန်းတွင် ထိုင်လျက် ကုန်ပစ္စည်းများ နေ့ချင်းညချင်း စျေးတက်ခြင်းအတွက် တရုတ်နှင့် ကုလားကုန်သည်များသာ အကျိုးများ၍ ဝယ်ယူသုံးစွဲရသူ ကျွန်တော်တို့ မြန်မာလူမျိုးများ နစ်နာကြရသည့် ဖြစ်အင်ကို ညည်းတွားပြောဆိုလျက် ရှိကြသည်။

ကျွန်တော်သည် ဦးစံရှားပြောသော စကားကို ကောင်းစွာ မကြားရသည်နှင့် ကုလားထိုင်ကို သူ့ဘက်သို့ တစ်တောင်ခန့် ဆွဲယူကာ ထိုင်လိုက်ရသည်။
အကြောင်းမူကား တစ်ညနေလုံး ရွာသွန်းလျက်ရှိသော မိုးသည် ထိုအခိုက်တွင် လေပင့်၍ တိုက်ရှေ့ ပြတင်းပေါက်များသို့ အဟုန်ပြင်းစွာနှင့် ဆောင့်၍ဆောင့်၍ တိုးခြင်းကြောင့် ‌ဗြောင်းဗြောင်းမြည်သော အသံများ တစ်ဆက်တည်း ပေါ်ထွက်လျက် ရှိပေသောကြောင့်တည်း။

ရှား။ ။ “ရွာလိုက်တဲ့မိုး၊ တိုက်လိုက်တဲ့ လေဗျာ၊ ဒီရာသီကြီးမှာ ဝမ်းရေးအတွက် မနေသာလို့ လမ်းပေါ်မှာ တလှုပ်လှုပ် တရွရွ သွားရှာကြတဲ့ လူတွေတော့ ဒုက္ခမှဗျို့”

ကျွန်။ ။ “ဝမ်းရေးအတွက် အပြင်ထွက်ကြရတာတော့ ထားပါတော့၊ ဒီလို အခြေအနေမျိုးမှာ ဘိုင်စကုပ်ကြည့်ဖို့ ထွက်ဝံ့ကြတဲ့ လူများတော့ အံ့ဩပါရဲ့ဗျာ”

ရှား။ ။ “တချို့လူတွေအဖို့က ပျော်မှုပါးမှုဟာ ဝမ်းရေးမှုလောက် အရေးကြီးချင်လည်း ကြီးတတ်သေးတာကိုးဗျ၊ ဟော ကြားလား၊ လှေကားက တက်လာတဲ့ ခြေသံ၊ ဒီလူကတော့ဖြင့် ဝမ်းရေးလည်း မဟုတ်၊ ပျော်ပါးရေးလည်း မဟုတ်၊ အသက်ကလေး တစ်ချောင်း တည်မြဲရေးအတွက် ဒီလို ရာသီကြီးထဲမှာ သူ့အိမ်က စွန့်ခွာပြီး ကျုပ်တို့ဆီ လာရှာခြင်းနဲ့ တူရဲ့”

ပြောပြောဆိုဆိုနှင့် ဦးစံရှားသည် စားပွဲတင် စာကြည့် ဓာတ်မီးအိမ်မှ အလင်းရောင်ကို ကုလားထိုင်လွတ်ဘက်သို့ တည့်တည့် ကျရောက်စေရန် မီးအိမ်ကို အနည်းငယ် ရွှေ့ပြောင်း ပြုပြင်လိုက်သည်။

မကြာမီ အခန်းတံခါးကို ခေါက်သံကြားရ၍ ကျွန်တော်က ထဖွင့်ပေးရသည်။

တံခါးပေါက်မှ ဝင်လာသူမှာ အသက် ၂၀ ကျော်ရုံမျှရှိသည့် လူငယ်တစ်ယောက်ဖြစ်၍ သနားကမား ဆို‌လောက်သည့် ရုပ်ဆင်းသဏ္ဌာန်နှင့် စိုးရိမ်သောက ရောက်ပုံရသည့် ကြည့်ခြင်းမျိုး ရှိ၏။”

တိုက်ဆိုင်တယ် ဆိုရမှာက ဒီနေ့ နေ့လယ်မှာပဲ ကုန်ပစ္စည်းတွေ စျေးတက်တဲ့ အကြောင်းနဲ့ မိုးထဲရေထဲမှာ တစ်ဝမ်းတစ်ခါးအတွက် ရှာဖွေ စားသောက်ရတဲ့ လူတွေအကြောင်းကို ကျွန်တော် စဉ်းစားနေခဲ့မိတာပဲ။ အမြတ်ကြီး စားနေကြသူတွေနဲ့ နစ်နာနေကြသူတွေ အကြောင်းလည်း ပါရဲ့။ မိုး တအား သည်းနေတာကိုလည်း သတိထားနေခဲ့မိတယ်။ ဒါပေမဲ့ ဆရာကြီး ရေးသလို ‘ဆောင့်၍ဆောင့်၍ တိုးခြင်းကြောင့် ဗြောင်းဗြောင်းမြည်သော အသံများ’ လို့ အားပါပါနဲ့ မတွေးတတ်ခဲ့ဘူး။ ခွန်အားရှိ‌သော စာ။

ဒုက္ခရောက်နေကြသူတွေနဲ့ ဆက်စပ်ပြီး တွေးမိတာကတော့ သုံးစွဲ ပျော်ပါးနေကြသူတွေ အကြောင်းပေါ့လေ။ ရောက်တဲ့သူတွေသာ ရောက်နေကြတာ ပျော်တဲ့သူတွေ ပျော်နေကြတာပဲ။ အနည်းစု အများစုတော့ ကွာပါလိမ့်မယ်။ ဒါမျိုး အဖြစ်တွေဟာ ခေတ်အဆက်ဆက် ခေတ်အပျက်ပျက်မှာလည်း ရှိခဲ့ကြပုံပေါ်တယ်။ ထားတော့ ဒါတွေ မပြောတော့ပါဘူး။

အခု အပေါ်မှာ ရေးပြလိုက်တဲ့ ဆရာကြီး ရွှေဥဒေါင်းရဲ့ နိဒါန်းလေးကပဲ စာဖတ်သူကို ဆွဲဆောင်နေခဲ့ပြီ။ ဘာဆက်ဖြစ်မလဲ ဆိုတာကို သိချင်နေခဲ့ပြီ။ ဆက်မဖတ်ရရင် မနေနိုင်တော့ဘူး။ မိုးထဲ ရေထဲမှာ ဒုက္ခခံပြီး ရောက်လာရလောက်အောင် ဘယ်လောက် အရေးကြီးတဲ့ ကိစ္စမို့လဲ။ နားပါးတဲ့ စုံ‌ထောက်ကြီးဟာ လှေကားကနေ တက်လာနေတဲ့ ခြေသံကို ကြားနေရတယ်။ ဆက်ဖတ်ရင် ရောက်လာသူဟာ ဘယ်ကနေ လာတယ်၊ ဘာနဲ့ လာတယ်၊ အရင်က ဘာလုပ်ခဲ့တယ် စသဖြင့် အံ့ဩရလောက်အောင် ပြောတော့မယ် ဆိုတာကို ဖတ်ဖူးသူတိုင်း သိကြလိမ့်မယ်။ နိုင်ငံခြား စုံထောက်ဝတ္ထုတွေရဲ့ မာယာကို ဆရာကြီးက အတတ်ပညာနဲ့ မှီးပြီး ဖန်တီးလိုက်တော့ စာဖတ်သူဟာ အဲဒီ ကျော့ကွင်းမှာ ရုန်းထွက်မရ ဖြစ်သွားခဲ့တယ်လို့ ပြောချင်တာပါပဲ။ ကျွန်တော် အဲဒီ ကျော့ကွင်းမှာ အကြိမ်ကြိမ် မိခဲ့ဖူးတယ်။ အခုထိလည်း မိနေဆဲပဲ။ နောင်လည်း မိနေဦးမှာ သေချာတယ်။
ဘာရယ်မဟုတ်။ အတွေးတချို့နဲ့ တိုက်ဆိုင်နေတာရယ် သဘောကျတာရယ်ကြောင့် ချရေးလိုက်တာ။ ဦးစံရှား စုံထောက်ဝတ္ထုတိုတွေ တကယ် ကောင်းပါတယ်။

ဧက

Photos from EKA's post 18/06/2026

စာရေးဆရာ တင်မောင်မြင့်
၁၉၃၆ ~ ၂၀၂၆

စာဖတ်သူဟာ စာရေးဆရာကို အပြင်မှာ မြင်ခွင့်ရချင်မှ ရတတ်တယ်။ မြင်ခွင့်ရရင်လည်း သိချင်မှ သိကြတယ်။ သိခဲ့ရင်တောင် မရင်းနှီးလို့ စကား တစ်လုံးမှ မပြောဖြစ်ကြတာမျိုး ရှိတယ်။

ကျနော်က ကိုယ် နှစ်သက် သဘောကျတဲ့ စာရေးဆရာဆိုရင် မြင်ဖူးချင်လို့ တခုတ်တရ ရှာဖွေပြီး ကြည့်ရှုမှတ်သားခဲ့ဖူးတယ်။ အရင်ကတော့ စာအုပ်တွေရဲ့ စာရေးဆရာ ကိုယ်ရေးအကျဉ်းမှာပါတဲ့ ဓာတ်ပုံလောက်ပဲ မြင်ဖူးခဲ့ကြတာ။ နောက်ပိုင်းကျမှ အင်တာနက်တွေ၊ လူမှုကွန်ယက်တွေကနေ ဓာတ်ပုံအမျိုးမျိုးနဲ့ မြင်ခွင့်ရခဲ့ကြတယ်။

ကျနော်က စာဖတ်ဝါသနာ ပါပေမဲ့ စာပေအသိုင်းအဝိုင်း (စာရေးဆရာတွေ ထုတ်ဝေသူတွေ) နဲ့ ရင်းရင်းနှီးနှီး သိပ် မရှိခဲ့ဘူး။ ဟိုး လွန်ခဲ့တဲ့ နှစ်ပေါင်း အစိတ် နီးပါးလောက်ကတော့ ဦးကြီးက ခေါ်လို့ သွားကြည့်ခဲ့ဖူးတယ်။ ဦးကြီးက ‘ငါ့အိမ်ကို ဆရာကြီး ဒဂုန်တာရာ၊ ပါရဂူ၊ ကိုတာနဲ့ တခြား... တွေ ညနေစာ လာစားကြမယ်၊ မင်း ကြည့်ချင်ရင် လာခဲ့’ ဆိုလို့ အပြေးအလွှား သွားပြီး သူတို့ ညနေစာ စားနေကြတာကို အဝေးကနေ ကြည့်ခဲ့ဖူးတယ်။ ဪ ငါဖတ်နေတဲ့ စာတွေကို ရေးတဲ့ စာရေးဆရာတွေပါလားလို့ တွေးပြီး ပီတိ ဖြစ်ခဲ့တယ်။ ဆရာကြီး ဒဂုန်တာရာကို တောင်ဥက္ကလာအိမ် အစ်ကိုဝမ်းကွဲက ပြန်လိုက်ပို့ရတော့ ကျနော် လိုက်သွားခဲ့တယ်။ ဆရာကြီးနဲ့ ကားပေါ်မှာ စကားတစ်ခွန်း နှစ်ခွန်း ပြောခွင့်ရခဲ့တယ်။ ဒါပါပဲ။

ဆရာကြီး တင်မောင်မြင့်ရဲ့ ဘာသာပြန် စာအုပ်တွေကို တော်တော်လေး ဖတ်ခဲ့ဖူးပါတယ်။ ဓာတ်ပုံလည်း တွေ့ဖူးပါတယ်။ ဒါပေမဲ့ လူကိုယ်တိုင်ကတော့ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ကံ့ကော်ဝတ်ရည် စာအုပ်တိုက်ရဲ့ ထုတ်ဝေသူ အစ်မဝိုင်း ခေါ်သွားခဲ့ဖူးလို့ တွေ့ခွင့်ရခဲ့တယ်။ ထုံးစံအတိုင်း မတွေ့ခင်နဲ့ တွေ့ရချိန်မှာ ရင်တော့ ခုန်မိသေးတာပါပဲ။

မဟာရံ တံတိုင်းကို ဖြတ်ကျော်ခြင်း၊ နွေကန္တာ၊ မြကတ္တီပါလမ်း၊ တောင်ပံမဲ့ သင်းကွဲ တေးဆိုငှက်၊ မဒမ်ကျူရီ၊ အင်နာကရနီးနား၊ ပြစ်မှုနဲ့ ပြစ်ဒဏ်၊ စကားလက်... အို အများကြီးမှ အများကြီး။ နာမည်တွေချည်း ရေးပြရရင်တောင် ကျနော် အကုန် မသိပါဘူး။ ဆရာကြီးဟာ အမျိုးသားစာ‌ပေ ဘာသာပြန်ဆုကို ငါးကြိမ် ရရှိခဲ့ပါတယ်။

ကျနော်တွေ့ခွင့်ရချိန်မှာ ဆရာကြီးက ၈၈ နှစ် အရွယ်လောက်။ ဒါပေမဲ့ အံ့ဩစရာ ကောင်းလောက်အောင် စာရေးနိုင်သေး၊ မှတ်မိနိုင်သေး၊ စာအုပ် အကြောင်းတွေ ပြောနိုင်သေး၊ စာရေးကြဖို့ တိုက်တွန်းနိုင်သေးတာ တွေ့လိုက်ရတယ်။ ဆရာကြီး ကြိုက်တတ်တဲ့ ဘီယာတွေ ဝယ်သွားတာ ရောက်တာနဲ့ ချက်ချင်း ဖောက်သောက်ပြီး စာအုပ်အကြောင်းတွေ ပြောနေတာ တကယ့် လူငယ် တစ်ယောက်လိုပါပဲ။ ချက်ကော့ ဝတ္ထုတွေ အများကြီး ရှိသေးလို့ လူငယ်စာရေးဆရာတွေကို ပြန်စေချင်ကြောင်း ပြောခဲ့တာ မှတ်မိတယ်။ ကျနော်နဲ့က အခုမှ စသိရလို့ သိချင်တာ တချို့ နည်းနည်းပါးပါးလောက်ပဲ မေးနိုင်ခဲ့တယ်။ တကယ်က မေးချင်၊ သိချင်တာ အများကြီး ရှိနေပါတယ်။ ဆရာကြီးက သူ့ မိတ်ဆွေ ဆရာမြတ်ငြိမ်း အကြောင်းတွေ ပြောပြတာလည်း မှတ်မိသေးတယ်။ ဆရာမြအကြောင်းတောင် နည်းနည်း ပါလိုက်သေး မှတ်တယ်။ အဲဒါတွေပြောနေရင်း ကျနော် ထပ်ဆင့် အံ့ဩမိတာက ဆရာကြီးဟာ အသက် ဒီလောက် ရနေတာတောင် အကုန် မှတ်မိနေတယ်ဆိုတဲ့ အချက်ပဲ။ ဒါပေမဲ့ ဆရာကြီးဟာ ဝေဒနာတချို့ကို ခံစားနေရကြောင်း သိခဲ့ရတယ်။

အခု ဆရာကြီး ဆုံးပါးသွားခဲ့ပြီ။ တကယ်ပဲ စိတ်မကောင်း ဖြစ်မိပါတယ်။ ဝါရင့် ဘာသာပြန် ဆရာကောင်း တစ်ယောက် ကျနော်တို့ ဆုံးရှုံးလိုက်ရပြီ။ ဒါပေမဲ့ ဆရာကြီး တာဝန်ကျေပါတယ်။ ပြန်ဆို‌ရေးသားခဲ့တဲ့ စာအုပ်တွေ နည်းမှ မနည်းတာ။ မလွန်ဆန်နိုင်တဲ့ လူ့သဘာဝဆိုတော့ မတတ်နိုင်ဘူးပေါ့လေ။ ဆရာကြီး ကောင်းရာမွန်ရာ ‌ရောက်ရှိပါစေ။

ဧက

Photos credit

14/06/2026

မရေးဖြစ်သော စာ၊ မပြောဖြစ်သော အကြောင်း

အမျိုးမျိုးသော အကြောင်းတရားတွေကြောင့် လူမှုကွန်ယက်ပေါ်မှာ ဘာမှ မရေး၊ မတင်ဖြစ်ခဲ့တာ တော်တော်ကို ကြာသွားခဲ့ပြီ။ အဓိက အကြောင်းရင်း တစ်ခုကတော့ အများစုနဲ့ တူပါလိမ့်မယ်။ ဖြစ်ပျက်လာတဲ့ အခြေအနေ အရပ်ရပ်က တစ်ခါတလေ ဘာမှ လုပ်ချင်စိတ် မရှိလောက်အောင် အထိပါပဲ။ ပရိယေသန အတွက်က မလုပ်မဖြစ် ဆိုတော့ လူတိုင်း ကြုံတွေ့နေရတဲ့ အခက်အခဲတွေကြားမှာ ကိုယ်လည်း ကြိုးစားနေရတာပေါ့လေ။

ဒါပေမဲ့ ဘာတွေ ဘယ်လိုဖြစ်ဖြစ် လူဟာ ဝါသနာကိုတော့ စွန့်လွှတ်ဖို့ ခက်လှတယ်။ ကျွန်တော်တို့ဟာ မအားတဲ့ကြားက စာတွေ ဖတ်နေကြတယ်။ စာအုပ်တွေ ဝယ်ကြတယ်။ စာပေ စကားဝိုင်းတွေ ရသလောက် လုပ်ကြတယ်။ ဒီလို အခါမျိုးမှာ ကျွန်တော် မကြာခဏ သွား သတိရတတ်တာက တိုင်တန်းနစ် သင်္ဘောကြီး မြုပ်နေချိန်မှာ တယောထိုး မပျက်ကြတဲ့ အနုပညာရှင်တွေပါပဲ။ အဲသလိုမျိုး စိတ်ပိုင်းဖြတ်မှုတွေနဲ့ ကြိုးစား အားထုတ် နေကြတဲ့ စာပေ ထုတ်ဝေသူ၊ စာရေးသူတွေကို (လူမှုကွန်ယက်ပေါ်မှာ) တွေ့ရတိုင်း ဝမ်းသာပီတိ ဖြစ်မိတယ်။ စာအုပ်ကောင်းတွေ ထွက်လာတာ တွေ့ရရင်လည်း အံ့ဩ ကျေနပ်မိတယ်။ ကိုယ်တိုင်လည်း စိတ်ဝင်စားတဲ့ စာအုပ်မှန်သမျှကို လမ်းလှမ်းမီသလောက် ဝယ်နေ ဖတ်နေခဲ့တယ်။ ကျွန်တော်တို့ဟာ ပင်ပန်းမှုတွေ ရှိကြပေမဲ့ စာဖတ်ရရင်တော့ အတိုင်းအတာ တစ်ခုထိ စိတ်ကျေနပ်မှုတွေ ရနေကြတာပါပဲ။

ကျွန်တော့်ကို စာပေ အသိမိတ်ဆွေ တချို့က ဘာတွေ ရေးနေလဲလို့ မေးတတ်ကြသလို အထွက်ကျဲတယ်နော် လို့လည်း ပြောကြတယ်။ ဝါသနာ တူသူတွေဆိုတော့ သိချင်ကြတာပေါ့လေ။ ကျွန်တော်လည်း စာပေ မိတ်ဆွေတွေနဲ့တွေ့ရင် အဲသလို မေးခွန်းတွေ မေးတာပါပဲ။ ဒါ့အပြင် ရေးစေချင်တဲ့ စာအုပ်တွေကိုပါ အကြံပြုလေ့ ရှိကြတယ်။ ကိုယ့်အရင် ရေးလာခဲ့တဲ့ စာရေးဆရာ မိတ်ဆွေတွေနဲ့ တွေ့တော့လည်း စာပေအကြောင်းတွေ သိသလောက် ပြောဖြစ်တယ်။ သူတို့ အတွေ့အကြုံတွေကို မှတ်သားဖြစ်တယ်။ ဒီအတွက်လည်း မိတ်ဆွေတွေကို ကျေးဇူးတင်ရတယ်။

ဟုတ်ကဲ့။ ကျွန်တော် အချိန်ရရင် ရသလို စာတွေ ရေးနေပါတယ်။ စာအုပ်ကောင်းတွေ ကြိုးစားပြီး ဘာသာ ပြန်ဆိုနေပါတယ်။ ဘာတွေ ရေးနေ (ပြန်ဆိုနေ) လဲ ဆိုတာကတော့ အချိန်တန်ရင် စာပေမိတ်ဆွေတွေ တွေ့ကြရမှာပါ။ ကိုယ်ကြိုက်မိတဲ့ အရာတွေက ပါးပါးလေးတွေ ဟုတ်မနေတော့ အချိန်တစ်ခု ကြာမှာကို သိနေခဲ့တယ်။ ဒီအတွက်လည်း စိတ်မပျက်မိဘူး။ အကောင်းဆုံး ဖြစ်‌အောင်ပဲ အားထုတ်နေခဲ့တယ်။ လက်ဖက်ကောင်းနဲ့ ပလောင် ပုံပမာပေါ့လေ။ အချိန်တန်ရင် ကြိုးစားထားတာတွေ အကောင်းဆုံး အသွင်အပြင်နဲ့ အရာထင်လာမယ်လို့ အကြွင်းမဲ့ ယုံကြည်တယ်။

ခင်မင်လျက်
ဧက

17/04/2026

၁၃၈၇-၈၈ ခုနှစ် နှစ်သစ် အခါသမယမှာ လူအများ စိတ်အေးချမ်းသာမှု ရရှိနိုင်ကြပါစေ။

05/01/2026

“လူတစ်ဦး တစ်ယောက်ရဲ့ လူသားဆန်မှုကို စော်ကား လာခဲ့မယ်ဆိုရင် ခံစားချက်ရှိတဲ့ လူသားတိုင်းဟာ လည်း ကိုယ့်ကို စော်ကားတယ်လို့ ခံစားတတ်ကြတယ်၊ အရူးတွေနဲ့ တကယ့် ရာဇဝတ်သားလို စိတ်အခြေအနေ ရှိသူတွေက လွဲရင်ပေါ့လေ၊ ဒါတောင် အဲဒီလူတွေက တက္ကသိုလ် ဘွဲ့ရ ပညာတတ်တွေ ဖြစ်ချင် ဖြစ်နေနိုင်တယ်”

Quoted from THE CHILD OF ALL NATIONS

Category

Website

Address


Yangon