January 11
Automotive service & Knowledge sharing
20/06/2023
➡️4WD မှာပါတဲ့ L ၊ H နဲ့ C ဆိုတဲ့ အက္ခရာတွေက ဘာတွေကိုကိုယ်စားပြုတာလဲ
➡️2H ၊ 4H ၊ 4HLC ၊ 4LLC ဆိုပြီးတော့ပါတဲ့ 4WD ကားတွေမှာဆိုရင်……
✅2H ဆိုတာ နောက်ဘီးနှစ်ဘီးယက်စနစ်ဖြစ်ပါတယ်။ သူက ပုံမှန်လမ်းတွေမှာ ပုံမှန် သွားစေပါတယ်။
✅4 H ဆိုတာကတော့ ရှေ့ဘီး နောက်ဘီး နှစ်မျိုးလုံး စက်အားဖြင့် တွန်းစေတာပါ။ ရာသီဥတုဆိုးဝါးချိန်မှာ ဆွဲအားညီမျှစေဖို့သုံးတာဖြစ်ပါတယ်။
✅4HLC ဆိုတာကတော့ center differential ကို lock လုပ်လိုက်တာပါ။ပြောရရင် ရှေ့နောက်ဘီးတွေရဲ့
လိမ်အားကို ၅၀% စီမျှတအောင် လုပ်ဆောင်စေတာ
ဖြစ်ပါတယ်။
❇အထူးသတိပေးချင်တာက ကားရပ်ပြီးမှ ဒီMode ကို ချိန်းပေးရတာပါ။ ရွှံ့နွံ လမ်းကြမ်းတွေမှာသုံးတာပါ။
✅4LLC ကတော့ Low range Gear lock center ဖြစ်စေတာပါ။ သူ့ကိုသုံးရင်လဲ ကားရပ်ပြီးမှာ Gear modeကို ချိန်းပေးရမှာပါ။တောတွေ တောင်ကုန်းငယ်တွေ
တက်တဲ့အခါမှာ သုံးနိုင်ပါတယ်။
❇နောက် ပုံမှန်ဂီယာမှာ
P ဆိုတာ Parking (ပါကင်)ရပ်ထားတာပါ။
R ဆိုတာ Reverse နောက်ဆုတ်ခြင်းပါ။
N ဆိုတာ NEUTRAL ဂီယာပါ။
D ဆိုတာ DRIVE ရှေ့သို့မောင်းနှင်ခြင်းပါ။
+/- (သို့) M +/- ဆိုတာ အော်တိုမှ မန်နြူရယ် ချိန်းပြီး ကိုယ်တိုင် ဂီယာ (အတိုး/အလျော့) လုပ်တာပါ။
💥ဗဟုသုတရရှိစေရန် ပြန်လည်မျှဝေခြင်းသာ
ဖြစ်ပါတယ်ခင်ဗျာ။
Credit
မူရင်းရေးသားသူကို ကျေးဇူးအထူးတင်ရှိပါတယ်
January 11
Please Like & Share
15/06/2023
ဂီယာဝိုင်ကို ဘယ်အချိန်တွေမှာ လဲပေးသင့်လဲ❓
~~~~~~~~~~~~~~~~~~~~~~~~~~~
ကားတစ်စီး ပုံမှန်မောင်းနေသူတို့က များသောအားဖြင့် အင်ဂျင်ဝိုင်ကို ပုံမှန်လဲပေးလေ့ရှိသည့်အပြင် လူအများစု အင်ဂျင်ဝိုင် လဲသင့်တဲ့အကြောင်းကိုသာ အပြောများကြသည်။ သို့ပေမယ့် ဂီယာဝိုင်ကို ဘယ်အချိန်မှ လဲပေး သင့်တယ်ဆိုတာကိုတော့ သိသူနည်းပါလိမ့်မယ်။
အခုဖော်ပြမည့် အကြောင်းက ဂီယာဝိုင်ကို ဘယ်လိုအချိန်မျိုးမှာ လဲပေးသင့်တယ်ဆိုတာပါပဲ။ ယာဉ်မောင်းတိုင်း ကလည်း သိထားသင့်တာကြောင့် ဘယ်လိုအချိန်အခါမျိုး၊ ဘယ်လောက်အကြာမှာ ဂီယာဝိုင်ကို ပုံမှန်လဲပေး သင့်တယ်ဆိုတာကို ရေး သားဖော်ပြလိုက်ရပါတယ်။
ဂီယာဝိုင်ကတော့ အရည်ပျစ်တဲ့ ချောဆီတစ်မျိုးပဲ ဖြစ်ပါတယ်။ ဂီယာဝိုင်ကို ကားတော်တော်များများမှာ manual transmission ၊ front axles (differentials) တွေမှာ ထည့်ပါတယ်။
ကိုယ့်ကားထဲမှာ ဘယ်ကားအစိတ်အပိုင်းက ဂီယာဝိုင်ကို အသုံးပြုလဲ သိချင်ရင်တော့ Owner’s manual မှာ ကြည့်လို့ရပါတယ်။ တစ်ကားနဲ့တစ်ကား မတူပါဘူး။ ဒါပေမယ့် ဂီယာဝိုင်ကလည်း ပုံမှန်လဲပေးသင့်တဲ့ လိုအပ် ထောက်ပံ့ပစ္စည်းအဖြစ် ရှိနေပါတယ်။
မော်တော်ယာဉ်တွေမှာ များသောအားဖြင့် ဂီယာဝိုင်ကို သုံးတဲ့ ကားအစိတ်အပိုင်း(၂)ခု ရှိပါတယ်။ Transfer case နဲ့ rear differential တို့ပါ။ ထို့အတွက်ကြောင့်လည်း ဂီယာဝိုင်ပုံမှန်လဲပေးဖို့ ဂရုစိုက်သင့်သည်။ မလဲ ပေးခဲ့သည်ရှိသော သင့်ကားလိုရာ ရောက်ဖို့ မဖြစ်နိုင်တော့ပါဘူး။
ကားကို အကြမ်းပတမ်းမောင်းတဲ့သူတွေဆို မိုင် ၃၀၀၀၀ နဲ့ မိုင် ၅၀၀၀၀ ကြားရောက်တဲ့အခါ လဲသင့်ပါတယ်။ ပုံမှန်မောင်းရင်တော့ မိုင် ၆၀၀၀၀ ကနေ မိုင် ၈၀၀၀၀ ကြားနဲ့ မသန့်ရှင်းတော့တဲ့အခါမှာ ဂီယာဝိုင်လဲသင့်တယ် လို့ ကားထုတ်လုပ်တဲ့ ကုမ္ပဏီတွေက ညွှန်းဆိုမှုတွေပြုထားပါတယ်။ ဒါဟာ ကားထုတ်လုပ်ရေး ကုမ္ပဏီတိုင်း လိုလို ညွှန်ကြားထားခြင်းမျိုး ဖြစ်တာကြောင့် ကားကိုမိုင်ငါးသောင်းလောက် ခရီးနှင်ပြီးပြီးဆိုရင် အကောင်းဆုံး ကတော့ ဂီယာဝိုင်ကို ဖောက်ပြီးလဲလိုက်တာ အကောင်းဆုံးပါ။
နောက်ပြီး အသုံးမပြုဘဲ အချိန်ကြာမြင့်စွာ ပစ်ထားတဲ့ ကားတွေကိုလည်း လမ်းပေါ်တွင် ထုတ်စီးတော့မယ် ဆိုရင်လည်း အင်ဂျင်ဝိုင်းအပြင် ဂီယာဝိုင်ကိုပါ တစ်ပါတည်း လဲပေးသင့်ပါတယ်။
ဂီယာဝိုင်မှာလည်း စေးပစ်တဲ့ အရည်တစ်မျိုး ဖြစ်သည့်အတွက် အသုံးပြုမှု မရှိတော့လျှင် အစွမ်းသတ္တိ လျော့နည်းလာတတ်သည့် သဘော တွင် ရှိသည်။ ထို့အပြင် ဂီယာဝိုင်ထည့်ရတဲ့ ကားအစိတ်အပိုင်းအချို့ ရေထဲကျ သွားခဲ့ရင်သော်လည်းကောင်း ဂီယာဝိုင် ယိုစိမ့်မှုတွေရှိခဲ့ရင်သော် လည်းကောင်း Gearbox seal တွေကို ချက်ချင်းပြင်ပေးပြီး ဂီယာဝိုင်လဲပေးဖို့ လိုအပ်ပါတယ်။ အဆိုပါ အချက်တွေဟာ မဖြစ်မနေလုပ်ပေးရမယ့် အရာတွေပါပဲ။
အတိကျဆုံး Recommendation ကတော့ သင့်ကားရဲ့ maintenance schedule ကိုပုံမှန်စစ်ဆေးပေးတာပါပဲ။ အကယ်၍ ဂီယာဝိုင်နောက်ဆုံးလဲခဲ့တဲ့အချိန်ကို မမှတ်မိတော့ရင်လဲ သင်ပြနေကျ servicing မှာ ဂီယာဝိုင် level နဲ့ အခြေအနေတွေကို စစ်ဆေးပြီး ပုံမှန်လဲပေးတာက သင့်ကားကို ပုံမှန်စောင့်ရှောက်တာနဲ့ အတူတူပါပဲ။
အဝေးပြေးလမ်းပေါ်မောင်းနှင်တော့မယ်ဆိုရင်
~~~~~~~~~~~~~~~~~~~~~~~~~~~
ခရီးသွားရာသီဖြစ်တာကြောင့် မကြာမီ အဝေးပြေးလမ်းမတွေပေါ် မှာ မောင်းနှင်နေတဲ့ ကားအရေအတွက် များပြားလာတော့မှာပါ။ ထို့အတွက် Highway လမ်းပေါ်မှာ လုံခြုံစိတ်ချစွာ မောင်းနှင်နိုင်ဖို့ရာ အဓိက အရေးကြီးတဲ့ အချက်တွကို ဖော်ပြပေးပါ့မယ်။ ရှေ့ကား နဲ့ သတ်မှတ်အကွာအဝေးမှ မောင်းနှင်ခြင်းယာဉ်တိုက်မှုဖြစ်ခြင်း ရဲ့ ၄ ပုံ ၁ ပုံက ရှေ့ကားကို နောက်ကဝင်တိုက် တဲ့ဖြစ်ရပ်မျိုး (rear end collision) ပါ။ ဒီလိုဖြစ်ပြီဆို နောက်ကားမောင်း သူက အမှားပါပဲ။ ဒီလိုမဖြစ် ရအောင် ရှေ့ကားနဲ့ ၂စီး ၃စီးစာလောက် ခြားပြီးမှ သွားတာအကောင်း ဆုံးပါ။ တကယ်လို့ ရှေ့ကား ဘရိတ်စောင့်နင်းခဲ့သည်ရှိသော အကွာ အဝေး တစ်ခုတွင် ရှိနေ ခြင်းကြောင့် ယာဉ်အန္တရာယ် ကို ကောင်း စွာရှောင်လွှဲနိုင်သည်။
3second rule ကို အသုံးပြုပြီး မောင်းနှင်ခြင်း
~~~~~~~~~~~~~~~~~~~~~~~~~~~
3 second rule ဆို တာကတော့ ယာဉ်မောင်း အတော်များများ သိရှိပြီးသားဖြစ်ပါလိမ့်မယ်။ ယာဉ်မောင်း သင်တန်းကျောင်း တော်တော်များများကလည်း သင်ကြားပေးလေ့ ရှိခြင်းကြောင့် ရင်းနှီးပြီးသား ဖြစ်ပါလိမ့်မယ်။ 3 Second rule ဆိုသည်မှာ ရှေ့တည့်တည့်ကသွားနေတဲ့ကားနဲ့ ကိုယ့်ကားနဲ့ ၃ စက္ကန့်စာ အကွာအဝေး ခြားပြီးမှ သွားတာကို ပြောတာပါ။ အကွာအဝေရဆို လျှင်တော့ 50 meter လို့ ယေဘုယျ သတ်မှတ် နိုင်ပါတယ်။ ရာသီဥတုဆိုးရွားနေတဲ့ အခါမျိုးတွေ၊ မိုးရာသီလမ်းချော်နေတဲ့အခါမျိုးတွေ မှာတော့ 8 second ကနေ 10 second စာ ခြားပြီးမှ ကားမောင်းတာဟာ အသင့်တော်ဆုံးပါ။ လမ်းချော်မှု၊ မိုးရွာနေစဉ် ဖြစ်ပေါ်လာနိုင်သည့် ပတ်ဝန်းကျင်အနေ အထားကြောင့် ရှေ့ကားကို ခွာနိုင်သလောက် ခွာထားတာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။
နောက်ပြီး မိုးရွာနေစဉ်မှာ အဝေးပြေးလမ်းပေါ် မောင်းနှင်တဲ့ ယာဉ်မောင်းတွေအနေနဲ့ အများစု ကီလို ၈၀ စွန်းစွန်းသာ မောင်း သင့်ပါတယ်။ ဖြစ်နိုင်လျှင်တော့ မြင်နိုင်စွမ်းအားရှိသည့် ကီလိုပမာဏ ကို မောင်းနှင်တာ အကောင်းဆုံးပဲ ဖြစ်ပါလိမ့်မယ်။
လက် တလော မြန်မာနိုင်ငံရဲ့ သတ်မှတ်ထားတဲ့ မူအရ အဝေးပြေး လမ်းမှာ နောက်ကားကျော်တက်စေလိုလျှင် ညာဘက်မီးသာ အချက်ပြ ရမည်ဆိုတာကိုလည်း မမေ့မလျော့ လိုက်နာရန် လိုအပ် ပါကြောင်း ရေးသားလိုက်ရပါသည်။
Credit
မူရင်းရေးသားသူကို ကျေးဇူးအထူးတင်ရှိပါတယ် ခင်ဗျ
January 11
Please Like & Share
07/06/2023
ကားမှာထည်.နေတဲ့ Octane ဆီဆိုတာဘာလဲ ❓ 9️⃣2️⃣ , 9️⃣5️⃣ ဆိုတာ ဘာတွေလဲ ❓
ပရီမီယမ် ဓာတ်ဆီ ၊ ပရီမီယမ် ဒီဇယ်ဆီဆိုတာဘာလဲ ?❓
ဓာတ်ဆီဆိုင်တွေ တော်တော်များများမှာ ရောင်းနေတဲ့ အောက်တိန်းဆီ ( Octane ) ၊ 92 , 95 ဆီဆိုတာလေးနည်းနည်းရှင်းပြချင်လို.ပါ ။
Octane ဆိုတာ 💦
_________________
တော်တော်များများခေါ်ဝေါ်ပြောဆိုနေကြတဲ့ အောက်တိန်းဆိုတာ ရေနံနဲ.သဘာ၀ ဓာတ်ငွေ.ကနေလာတဲ့ (Hydrocarbon) ဓာတ်ပေါင်းစုတွေထဲက နာမည်တခုပါ ။
အခု ကားတွေမှာထည်.တဲ့ ဓာတ်ဆီတွေကို ဘာကြောင့် အောက်တိန်းဆီလို. ခေါ်ကြတာလဲဆိုရင် ဓာတ်ဆီ ( Gasoline) ရဲ. အကောင်းဆုံးသော အရည်အသွေးပြည်.မှီ /မမှီကို အဲ့ဒီဓာတ်ဆီထဲမှာ အောက်တိန်းအရေအတွက်ဘယ်လောက်ပါ၀င်သလဲဆိုတာနဲ.တိုင်းတာယူလို.ပါပဲ ။ Octane Rating Method လို.လဲခေါ်သလို ၊
Research Octane Number (RON) လို.လည်းခေါ်ကြပါတယ် ။ ကားတော်တော်များများမှာလည်း 92 RON , 95 RON ဆိုပြီးကပ်ထားတာလည်း မြင်တွေ.နိုင်ပါတယ် ။
Octane Number က ကားအင်ဂျင်ရဲ.စွမ်းအားနဲ. ဘယ်လိုဆက်နွယ်နေသလဲ ❓
ဓာတ်ဆီရဲ. အောက်တိန်း အရည်အသွေးအနိမ့်အမြင့်တွေဟာ ဓာတ်ဆီအင်ဂျင်တခုရဲ. Compression Ratio (ဖိသိပ်မှုအချိုး ) နဲ.တိုက်ရိုက်ဆက်သွယ်နေပါတယ် ။
ဖိသိပ်မှုအားကောင်းတဲ့အင်ဂျင်တခုထဲကို အောက်တိန်းနံပါတ်နိမ့်တဲ့ (တနည်း) ဆီအရည်အသွေးနိမ့်တဲ့ ဓာတ်ဆီထည်.လိုက်မိတယ်ဆိုရင် (Engine Knocking and
Pre-Ignition) ဆိုတဲ့ အင်ဂျင်မီးခေါက်တဲ့ပြသနာတွေကြုံတွေလာရပါတယ် ။ ဘာကြောင့် ဆီအရည်အသွေးနိမ့်ရင် အင်ဂျင်မီးခေါက်ရသလဲဆိုတော့ ဓာတ်ဆီအင်ဂျင်တွေမှာ
လည်း လေနဲ.ဆီကို ရောနှောပြီး Piston ကနေဖိသိပ်ပြီးမှ ပလပ်ကနေ မီးပွားခတ်ပြီးမီးလောင်ရပါတယ် ။ အဲ့လိုနေရာမှာ အောက်တိန်းအရည်အသွေးနိမ့်တဲ့ ဆီကိုအသုံးပြု မိလိုက်တယ်ဆို ပလပ်က မီးပွားမခတ်ခင် Piston ကနေဖိသိပ်လိုက်တယ်ဆိုရင်ပဲ အရည်အသွေးနိမ့်တဲ့ ဓာတ်ဆီဟာ ( Self-Ignition ) အလိုအလျောက်သူ.ဘာသာမီးထလောင်ကျွမ်းပါတယ် ။အဲ့အတွက် Engine Timing တွေအောက်ကုန်ပြီး အင်ဂျင်မီးခေါက်သံတွေကြားရပါတယ် ။ကာလကြာရှည်လာရင် အင်ဂျင်ကို အတိုင်းအတာတခု
အထိ ထိခိုက်စေနိုင်ပါတယ် ။
Octane Number မြင့်လေလေ Piston ကနေဖိသိပ်တဲ့ Compression Ratio (ဖိသိပ်မှုအချိုး ) ကို ပိုခံနိုင်လေလေ ဖြစ်ပြီး ညင်သာချောမွေတဲ့ အင်ဂျင်မီးလောင်ပေါက်ကွဲမှုကို ဖြစ်စေပါတယ် ။ Research Octane Number (RON) တွေကို တိုင်းတာတဲ့နေရာမှာ 90 ကနေ 92 RON ပတ်၀န်းကျင် ကို Regular ပုံမှန် ဓာတ်ဆီလို.ခေါ်ပြီး ။
95 RON ကနေစလို. 96 ၊ 97 ကနေ 100 RON တွေကိုတော့ (Premium) ပရီမီယံ ဓာတ်ဆီလို.သတ်မှတ်ထားပါတယ် ။ ကျနော်တို. မြန်မာနိုင်ငံမှာတော့ အောက်တိန်းအရည်အသွေး 95 RON တွေကိုအများဆုံးရောင်းချနေပြီး အခြားဖွံ.ဖြိုးပြီးနိုင်ငံတွေမှာတော့ 95 အထက် အောက်တိန်းနံပါတ်မြင့်တဲ့ ဆီအမျိုးအစားတွေကို အသုံးပြုကြပါတယ် ။
မှတ်ချက်အနေနဲ.ကတော့ အင်ဂျင်ရဲ. ဖိသိပ်မှုအရည်အသွေး တနည်းအင်ဂျင်ပါဝါမြင့်တဲ့ကားတွေမှာ ပရီမီယံအဆင့် အောက်တိန်းနံပါတ်အမြင့် ဓာတ်ဆီတွေကိုအသုံးပြုသင့်ပြီး ၊
အင်ဂျင်ပါဝါကျနေတဲ့ကားတွေမှာတော့ အောက်တိန်းနံပါတ်အမြင့် ပရီမီယံဂရိတ်ဓာတ်ဆီကိုအသုံးပြုရင်တောင် အကျိုးကျေးဇူးအနည်းငယ်ပဲရရှိမှာဖြစ်ပါတယ် ။
ဒါက Octane ဆီခေါ် ပရီမီယံ ဓာတ်ဆီအကြောင်းပါ ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ပရီမီယံ ဒီဇယ်ဆိုတာ 💦
_______________________
ဓာတ်ဆီအရည်အသွေးကို အောက်တိန်းနံပါတ်နဲ.တိုင်းတာလို. ( Octane ) ဆီဆိုပြီး မြန်မာနိုင်ငံက လူတွေတော်တော်များများသိကြပါတယ် ။ အဲ့ဒီလိုပဲ ဒီဇယ်ရဲ.အဆင့်အရည်အသွေး ကိုတိုင်းတာတဲ့ ယူနစ်တခုရှိပါတယ် ။အဲ့ဒါကိုတော့ ဆီတိန်းနံပါတ် ( Cetane Number ) လို.ခေါ်ပါတယ် ။ ကျနော်မြင်ဖူးသလောက် ဆီဆိုင်တော်တော်များများမှာ ဆီတိန်းနံပါတ်ဆိုပြီး ဖော်ပြထားတာမတွေ.ရပါဘူး ။ ဒီဇယ်ကိုတော့ အခြေခံအားဖြင့် ဓာတ်ဆီလိုပဲ ဆီတိန်းနံပါတ်ဘယ်လောက်ပါ၀င်သလဲဆိုတာနဲ.တိုင်းတာပြီး ဆီထဲမှာ အခြား Energy ဘယ်လောက်ပါသလဲ စေးပျစ်နှုန်းဘယ်လောက်ရှိသလဲ ၊ ချောဆီအဆင့်ဘယ်လောက်ရှိသလဲ ၊ ဆာလဖာ ပါ၀င်မှုနှုန်းအနည်းအများဘယ်လောက်ရှိသလဲဆိုတာတွေပါ တိုင်းတာပြီး ပုံမှန် ဒီဇယ် ၊ပရီမီယံဒီဇယ်ဆိုတဲ့ စံနှုန်းတွေသတ်မှတ်ပါတယ် ။
အင်ဂျင်အပေါ် ပရီမီယံဒီဇယ်ရဲ. သက်ရောက်မှုကတော့ အပေါ်က ဓာတ်ဆီအင်ဂျင်မှာ အောက်တိန်းအရည်အသွေးအနိမ့်အမြင့်ပေါ်မူတည်ပြီးသက်ရောက်သလိုပါပဲ ။
ပုံမှန်အရည်အသွေး ဒီဇယ်တွေမှာ ဆီတိန်း (Cetane Number ) 40 -45 လောက်ရှိပြီး ၊ 53-55 ကနေပြီး ဆီတိန်းနံပါတ်အမြင့် ဆီတွေကိုတော့ (Premium Diesel ) ပရီမီယံ ဂရိတ်ဒီဇယ်ဆိုပြီး
စံနှုန်းသတ်မှတ်ထားပါတယ် ။
ဒါကတော့ ပရီမီယံဒီဇယ်အကြောင်းပါ ။
အချုပ်ပြောရရင် ဓာတ်ဆီအရည်အသွေးအနိမ့်အမြင့်ကို (Octane Number )နဲ.တိုင်းတာပြီး ၊ ဒီဇယ်အရည်အသွေးအနိမ့်အမြင့်ကို ( Cetane Number ) နဲ.တိုင်းပါတယ်ခမျာ ။
စာဖတ်သူမိတ်ဆွေညီကိုမောင်နှမအားလုံး နည်းပညာဗဟုသုတ ကြွယ်ဝကြပါစေ။
Credit
မူရင်းရေးသားသူကို ကျေးဇူးအထူးတင်ရှိပါတယ် ခင်ဗျ
January 11
Please Like & Share
28/05/2023
💦ဓာတ်ဆီနဲ. ဒီဇယ် လောင်စာဆီမှားပြီး သင့်ကားမှာထည်.မိရင် ဘာဖြစ်နိုင်သလဲ ❓
သင်ဟာ ဓာတ်ဆီအင်ဂျင်ကားတစီးကို မောင်းနေတဲ့ ယာဉ်မောင်းသူတယောက်ဖြစ်ရင်ဖြစ်မယ် ၊ ဒီဇယ်အင်ဂျင်ကားကို မောင်းနေတဲ့ ယာဉ်မောင်းတစ်ယောက်ဖြစ်ရင်ဖြစ်ပါမယ် ။ သင့်ကား ဆီဖြည့်စဉ်မှာ ဆီဆိုင်က ဓာတ်ဆီကားကို ဒီဇယ်
မှားထည်.လိုက်မိတယ် ၊ ဒီဇယ်ကားကို ဓာတ်ဆီမှားထည်.လိုက်မိတယ်ဆိုပါစို. ၊( ဖြစ်ခဲပေမယ့် ဖြစ်တော့ဖြစ်တတ်ပါတယ် ) ၊ သင်ကလည်း အမှုမဲ့ အမှတ်မဲ့ ဆီမှားထည်.လိုက်တာမသိဘဲ ကားစက်နှိုးလိုက်မိတယ်ဆို သင်ကားအင်ဂျင်
ဘာတွေဖြစ်သွားနိုင်မလဲဆိုတာကို သိပ္ပံနည်းကျ လက်တွေ.ကျကျ ဆွေးနွေးတင်ပြချင်ပါတယ် ။
ဆီမှားထည်.တဲ့ ပြသနာဘာတွေဖြစ်နိုင်တယ်ဆိုတာကို မသိခင် ဓာတ်ဆီအင်ဂျင်နဲ. ဓာတ်ဆီအင်ဂျင်တို.ရဲ. မတူကွဲပြားတဲ့ အင်ဂျင်တည်ဆောက်ပုံ မီးလောင်ပုံလေးတွေကို သိထားရင်ပိုကောင်းပါတယ် ။နောက်ပိုင်းမှာ သီးသန့် Postတစ်ခု့အနေနဲ့ ပြန်ရှင်းပြပေးပါမယ်။
အခုတင်ပြချင်တာက ဓာတ်ဆီနဲ. ဒီဇယ်ဆီတို.ရဲ. မတူကွဲပြားတဲ့ ဂုဏ်သတ္တိတွေကိုပါ ။
ဓာတ်ဆီ၏ ဂုဏ်သတ္တိများ
_________________________
အငွေ.ပျံလွယ်သည် ၊ ပုံမှန်အပူချိန်တွင် လွယ်ကူစွာ အငွေ.ပျံသည် ။
အရောင်မရှိ ၊ ထွင်းဖောက်မြင်နိုင်သည် ၊ အနံ.အနည်းငယ်သင်းပျံ.သည် ။
မီးစတင်လောင်ကျွမ်းရန် အနိမ့်ဆုံးသော အပူချိန်လိုအပ်ချက် ( Flash Point ) = -10 to -15 ' C (or) 14 to 15 ' F
နိပ်သောသိပ်သည်းဆ (0.60 to 0.78)
ဆီနှင့်ရာဘာထဲသို. စိမ့်၀င်နိုင်သည် ။
အပူချိန်ပမာဏ ( 9500 to 10500 Kcal / Kg 0r 4300 to 4800 Kcal / lb )
အေးနေသော အင်ဂျင်ကို စတင်နိုးချိန်တွင် လေနှင့်ဆီရောနှောမှုလွယ်ကူစေရန် လွယ်ကူသော အငွေ.ပျံစွမ်းရည်ရှိသည် ။
ဒီဇယ်၏ ဂုဏ်သတ္တိများ
______________________
ဒီဇယ်ကို ရေနံစိမ်းမှ အပူချိန် 200 ' C -300 ' C (104 to 212 ' F ) ရှိသည် ။
ဒီဇယ်သည် ရေနံဆီ ဓာတ်ဆီတို.ထက် နောက်ကျပေါင်းခံထားသော လောင်စာဆီဖြစ်သည် ။
အဝါရောင်သန်းသည် ၊ သင်းပျံ.သောရနံ.ရှိသည် ။
မီးစတင်လောင်ကျွမ်းရန် အနိမ့်ဆုံးသော အပူချိန်လိုအပ်ချက် ( Flash Point ) မြင့်မားပြီး 40 to 100 ' C (or) 104 to 212 '
သိပ်သည်းဆ ( 0.82 to 0.86 )
အပူချိန်ပမာဏ အနီးစပ်ဆုံး ( 10500 ' Kcal / Kg or 4800 Kcal / lb )
နိမ့်သောအပူချိန်တွင် အရည်အဖြစ်တည်ရှိနေရမည် ။
ဒီဇယ်သည် အင်ဂျက်ရှင်းပန်. ( Injection Pump ) နှင့် နော်ဇယ် (Nozzle ) များအတွင်းချောဆီအဖြစ်ဆောက်ရွက်ရသဖြင့် စေးပျစ်ပြီး ချောဆီဂုဏ်သတ္တိရှိရမည် ။
ဆီနှစ်ခုရဲ. မတူညီတဲ့ ဂုဏ်သတ္တိနှစ်ခုကို သိပြီဆိုရင် အခု ဓာတ်ဆီအင်ဂျင်ထဲကို ဒီဇယ်ဆီမှားထည်.ကြည်.ပါမယ် ။
ဓာတ်ဆီအင်ဂျင်ထဲကို ဒီဇယ်ဆီထည်.ပြီး စက်နိုးလိုက်ရင် ဘာဖြစ်မလဲ ?
အဖြေကတော့ ဘာမှမဖြစ်ပါဘူး ။ သင့်ကားအင်ဂျင် စက်နှိုးလာမှာမဟုတ်ပါဘူးခမျာ ။ စနစ်တကျပြန်ရှင်းပြပါမယ် ။
ဓာတ်ဆီအင်ဂျင်မီးလောင်ပေါက်ကွဲပုံက ဓာတ်ဆီနှင့်လေ အရောအနှောတွေကို အင်ဂျင်ထဲထည်. ဖိသိပ်ပြီး ပလက်ကနေမီးပေါက်ပေးပြီး မီးလောင်ပေါက်ကွဲမှုဖြစ်စေတာပါ ။ ဒီလိုအင်ဂျင်လည်ပတ်မှုဖြစ်စဉ်ဖြစ်စေဖို.
ဓာတ်ဆီကိုက သူ.ဂုဏ်သတ္တိအရ လေနဲ.ရောနှောရင် အဆင်ပြေစေဖို. အငွေ.ပျံလွယ်တဲ့စွမ်းရည်သတ္တိရှိပါတယ် ။ ဒီလိုအင်ဂျင်ထဲကို အငွေ.မပျံလွယ်တဲ့ ဒီဇယ်ထည်.လိုက်တဲ့အခါ ဒီဇယ်
ဟာ အငွေ.မပျံဘဲ အရေတွေအဖြစ်နဲ.ပဲတည်ရှိနေလို. လေနဲ.အရောအနှောမှာ ပေါက်ကွဲမီး
လောင်စေဖို. ဘယ်လိုမှမလွယ်ကူစေပါဘူး ။ နောက်တချက်က ဓာတ်ဆီရဲ. မီးလောင်လွယ်နိုင်စွမ်းပမာဏက မြင့်မားပြီးသားမို. အင်ဂျင်တည်ဆောက်ပုံကိုက အပူချိန်များစေတဲ့ တမင်ဖိနှိပ်မှုများတွေမပါ၀င်ပါဘူး ။
ဒီတော့ ဒီလိုအင်ဂျင်ထဲမှာ မီးလောင်မလွယ်နိုင်တဲ့ ဒီဇယ်ဆီဟာ မီးလောင်ဖို.လိုအပ်တဲ့အပူချိန်မရရှိလို. မီးလောင်ကျွမ်းဖို.မဖြစ်နိုင်ပါဘူး ။
ဒီတော့ ဓာတ်ဆီအင်ဂျင်ထဲ ဒီဇယ်ထည်.မိပြီး စက်နှိုးလိုက်ရင် ဘာမှမဖြစ်နိုင်ပါဘူးခမျာ ။ ဓာတ်ဆီကားမောင်းသူတွေကံကောင်းပါတယ် ။ မတော်မှားထည်.မိရင် စက်နှိုးမရတာကလွဲလို. အင်ဂျင်မထိခိုက်ဘဲ
ဆီတိုင်ကီ ထဲက ၊ ပိုက်လိုင်းတွေထဲက မှားထည်.မိတဲ့ ဒီဇယ်တွေကို ကုန်အောင်ထုတ် ဓာတ်ဆီပြန်ထည်.မောင်းလို.ရပါတယ် ။ ကဲဓာတ်ဆီအင်ဂျင်ပြီးတော့ ဒီဇယ်အင်ဂျင်အလှည့်ပေါ့ ။
ဒီဇယ်အင်ဂျင်ထဲကို ဓာတ်ဆီမှားထည်.ပြီး စက်နှိုးမောင်းမိရင် ဘာဖြစ်မလဲ ?
အဖြေက ခေတ်စကားနဲ.ပြောရရင် မြွေခြောက်ကိုက်သလိုပါပဲဗျာ ။ အင်ဂျင်ရယ် ဆက်စပ်ပစ္စည်းတွေ အကုန်ဂန်.သွားနိုင်ပါတယ် ။ စနစ်တကျပြန်ရှင်းပြပါမယ် ။
ဒီဇယ်အင်ဂျင်မီးလောင်ပေါက်ကွဲမှု ဖြစ်စဉ်က ဒီဇယ်အင်ဂျင်ထဲကို လေတမျိုးထဲကိုသာ Inlet ကနေ သွင်း ၊ အဲ့လိုကိုပဲ အပူချိန်အများကြီးရအောင် Piston ဖိအားတွေနဲ. အတင်းဖိသိပ် ၊ တော်ရုံမီးမလောင်နိုင်တဲ့ ဒီဇယ်ဆီတွေ
မီးလောင်လောက်တဲ့ အပူချိန်ရောက်ပြီဆိုမှ ဒီဇယ်ဆီတွေကို နော်ဇယ်ကနေ သတ်မှတ်အတိုင်းအတာအဖြစ် အမှုန်အမွှားလေးတွေဖြန်းပေးခြင်းဖြင့်မီးလောင်တာပါ ။ အဲ့လိုအင်ဂျင်ထဲကို မီးလောင်လွယ်လွန်းတဲ့ ဓာတ်ဆီထည်.ပါပြီတဲ့
ဗျာ ။ အပူချိန် အနှုတ်ဒီဂရီမှာတောင်မီးလောင်နိုင်တဲ့ ဓာတ်ဆီဟာ မလောင်လောင်အောင် အပူချိန်နဲ.ဖိအားတွေပေးထာတဲ့ အင်ဂျင်ထဲမှာ စည်းမဲ့ကမ်းမဲ့ အထိန်းအကွပ်မဲ့ မီးလောင်ကျွမ်းမှု
( Uncontrolled Combustion ) ဖြစ်ပါတော့တယ် ။ အဲ့လိုဖြစ်တဲ့အတွက် အင်ဂျင်သံမီးလောင်မှုကို နားမထောင်တဲ့ ယာဉ်မောင်းနဲ.ဆိုရင် သတိမမူမိဘဲ အချိန်အတော်ကြာမောင်းလိုက်မယ်ဆိုရင်ပဲ
အင်ဂျင်အတွင်းက မီးလောင်ခန်းသုံး ပစ္စည်းတွေဖြစ်တဲ့ Piston , Valve , Cylinder Head , Cam Shaft အစရှိတဲ့ ဆက်စပ်ပစ္စည်းတွေအကုန်ပျက်စီးပါမယ် ၊ ၀ပ်ရှော့ပို.ပြီး အင်ဂျင်ချရမယ် ။ အတွင်းပစ္စည်းတွေအကုန်ပြုပြင်လဲလည်ရ
နိုင်ပါတယ် ။ ဒါတွင်ပဲလားဆို မဟုတ်သေးပါဘူး ။ ဒီဇယ်အင်ဂျင်မှာ သုံးနေတဲ့ နော်ဇယ်တွေ အင်ဂျက်ရှင်းပန်.တွေဟာ ဒီဇယ်ရဲ. စေးပျစ်မှု ချောဆီသဘောကို မှီခိုပြီးရပ်တည်နေပါတယ် ။ အဲ့လိုပစ္စည်းတွေထဲကို စေးပျစ်မှုမရှိတဲ့ ဓာတ်ဆီ
ထည်.လည်ပတ်လိုက်တဲ့အတွက် ချောဆီစနစ်ပျက်စီးပြီး နော်ဇယ်တွေ အင်ဂျက်ရှင်းတွေပါ အပိုလိုက်ဂန်.ပါမယ် ၊ တခြား ရာဘာစီးတွေမှာလည်း ဓာတ်ဆီဟာပျော်၀င်ကုန်တာမို. အင်ဂျင်တခုလုံးပျက်စီးမှုမျိုးစုံကြုံတွေ.ရပါမယ် ။
ဒီဇယ်အင်ဂျင်ယာဉ်မောင်းဆရာတွေ သတိပြုကြစေလိုပါတယ် ။ ဓာတ်ဆီမှားမထည်.မိဖို.ရယ် မှားထည်.မိရင်တောင် စက်နှိုးပြီးပြီးချင်သိပြီး အချိန်မှီ အခြေအနေမဆိုးခင်ရပ်တန်.ဖို.ရယ်ပါ ။
ဒီလောက်ဆို ဆီမှားထည်.တဲ့ ပြသနာကနေ အင်ဂျင်တွေဘာဖြစ်နိုင်တယ်ဆိုတာ ကွဲကွဲပြားပြားသိလောက်ပါပြီ ။
နောက်ဆုံး သတိပေးချင်တာက ဒီဇယ်အင်ဂျင်ထဲ ဓာတ်ဆီ လုံး၀ (လုံး၀)ထည်.မောင်းလို.မရပါခမျာ ။
စာဖတ်သူမိတ်ဆွေများအားလုံးနည်းပညာဗဟုသုတ ဖွံဖြိုးတိုးတက်ကြပါစေ။၊
Credit
မူရင်းရေးသားသူအား ကျေးဇူးအထူးတင်ပါတယ် ခင်ဗျ
January 11
Please Like & Share
26/05/2023
ကား ဒက်ဘုတ် (Dashboard) ပေါ်ပစ္စည်းတင်ထားသင့်သလား
ကားဒက်ဘုတ်ပေါ်မှာ အရုပ်တွေတင်တာ ၊ ဘုရားဆင်းတုတော်တွေ တင်ကိုးကွယ်တာ ၊ အမွှေးနံ. ပုလင်းတွေတင်တာ ၊ ဖုန်းတင်တဲ့ စင်တွေတင်တာ ၊ ပန်းအိုးလေးတွေတင်တာ ၊ ဖန်စ်ီပစ္စည်းအလှအပတွေ ဆင်တာ ၊ အပေါ်ကနေ အခြားအစွပ် အအုပ်တွေအုပ်တာ တွေ တော်တော်လေးတွေ.လာရပါတယ် ၊ ဟိုးတလောလေးကဆို နတ်ရုပ်တွေ ပန်းတွေ ၊ ဘုရားဆင်းတုတော်တွေ ကို ကားဒက်ဘုတ်အပြည့် တင်ပြီး ကိုးကွယ်ထားတာတွေ.လိုက်ရပြီးနောက် ဒီဆောင်းပါးလေး ရေးဖြစ်ပါတယ် ။
ကား ဒက်ဘုတ် (Dashboard) ပေါ်မှာ ပစ္စည်းတွေတင်ထားသင့်သလား ဆိုရင်တော့ လုံး၀(လုံး၀)ကိုတင်မထားသင့်ပါဘူး ၊ ကား ဒက်ဘုတ် (Dashboard) ပေါ်မှာ ပစ္စည်းတွေတင်တယ်ဆိုတာ တကယ်တော့ အရမ်းအန္တရာယ်များပါတယ် ။ ဘာဖြစ်လို. ကား ဒက်ဘုတ် (Dashboard) ပေါ်ပစ္စည်းတွေမတင်သင့်လဲ ၊ တင်ထားရင် ဘာဖြစ်နိုင်လဲဆိုတာ ကျနော်ရှင်းပြချင်ပါတယ် ။
ဘာကြောင့် ကား ဒက်ဘုတ် (Dashboard) ပေါ်ပစ္စည်းတွေ မတင်သင့်လဲဆိုရင်တော့ ကားမှာပါ၀င်တဲ့ SRS AirBag (Supplemental Restraint System ) ဆိုတဲ့ အသက်ကယ်လေအိတ်တွေကြောင့်ပါပဲ ။
အခုနောက်ပိုင်းပေါ်မော်ဒယ်မြင့်ကားတွေမှာ Airbag (လေအိတ်)တွေက အနည်းဆုံး ၂ လုံးကနေ ၄ လုံး ၆ လုံး ၈ လုံးအစရှိသဖြင့် ပါ၀င်ပါတယ် ။ အခုခေတ် ဘယ်ကားမှာမဆို ကားရှေ.မှာ ထိုင်နေတဲ့ Driver နဲ. Passenger အတွက် ကား ဒက်ဘုတ် (Dashboard) ပေါ်မှာ Airbag ၂ ခုတော့ အနည်းဆုံးတပ်ဆင်ထားပါတယ် ။
ဒီလိုတပ်ဆင်ထားတဲ့ Airbag တွေနဲ. ကားဒက်ဘုတ်ပေါ်တင်ထားတဲ့ ပစ္စည်းတွေ ဘယ်လိုမဆီလျှော် မသင့်တော်ဘူးလဲဆိုတာသိဖို. ၊ ကားမှာ ပါ၀င်တဲ့ SRS airbag စနစ်တွေအကြောင်းရှင်းပြချင်ပါတယ် ။
SRS Airbag တွေ ဘယ်ချိန်စတင်ပေါ်ပေါက်လာသလဲ ? ဘာကိုဆိုလိုသလဲ ?
Airbag တွေကို 1980 ခုနှစ်နဲ. 1990 ခုနှစ် အစောပိုင်းကားတွေမှာ စတင်သုံးစွဲခဲ့ပါတယ် ။
လေ့လာမိသလောက်ဆိုရင်တော့ Driver Side Airbag ကို 1989 ခုနှစ်လောက်မှာ စတင်တပ်ဆင်သုံးစွဲပါတယ် ၊ Passenger Side Airbag ကိုတော့ 1992 လောက်မှာ စတင်သုံးစွဲခဲ့ပါတယ် ၊ Side Airbag (ရှေ.ထိုင်ခုံနဲ. နောက်ထိုင်ခုံကြား) ကိုတော့ 1996 လောက်မှာစတင်သုံးစွဲခဲ့ပြီး ၊ Side Curtain Airbag ( ရှေ.ထိုင်ခုံနဲ. နောက်ထိုင်ခုံကြား အပေါ်ဖက် ) ကိုတော့ 1998 လောက်မှာ စတင်သုံးစွဲခဲ့ပြီး ၊ Knee Airbag ( ရှေ.ဒက်ဘုတ် အောက်ခြေ) ကိုတော့ 2002 ခုနှစ်လောက်မှာမှ စတင်သုံးစွဲခဲ့ပါတယ် ။ အခုနောက်ပိုင်းမှာတော့ Rear Central Airbag System ဆိုပြီးလည်း ပိုမိုလုံခြုံစိတ်ချရနိုင်တဲ့ စနစ်တွေကိုလည်း အသုံးပြုနေပါပြီ ။
SRS AirBag (Supplemental Restraint System) ဆိုတဲ့ အဓိပ္ပါယ်က ထပ်မံဖြည့်စွက်ထားတဲ့ အတားအဆီး အကာအကွယ် စနစ်ဆိုတာမျိုးပါ ၊ ဘာကြောင့် ထပ်မံဖြည့်စွက်ထားတယ်လို.ဆိုရတာလဲဆိုရင် ကား Accident ဖြစ်ရင် ယာဉ်တိုက်မှုဖြစ်ရင် အဓိက အနေနဲ. အန္တရာယ်ကို ကာကွယ်ပေးတာက လေအိတ်တွေမဟုတ်ပါဘူး ၊ အဓိက အန္တရာယ်ကိုကာကွယ်ပေးတာက ထိုင်ခုံက ခါးပတ်တွေပါ ၊ ခါးပတ်ပတ်ထားသည့်တိုင်အောင် အခြားထိခိုက်မှုတွေ နည်းနိုင်သမျှနည်းတောင် ထပ်မံဖြည့်စွက်ချက်အနေနဲ. လေအိတ်စနစ်တွေကို ထပ်မံဖြည့်စွက်ထားတာမို. (SRS) Airbag ဆိုပြီး ခေါ်တာပါ ။
SRS Airbag စနစ်မှာပါ၀င်တဲ့ အဓိက ပစ္စည်း ၆ မျိုး
1. Crash Sensors
Airbag system မှာ လေအိတ်တွေပွင့်သင့် မပွင့်သင့်ကို အဓိက လုပ်ဆောင်ပေးတဲ့ အရာက ဒီ Crash Sensors ပါပဲ ။ ဒီကောင်လေးက ကားမောင်းနေတဲ့ အရှိန်အတွင်းမှာ ကားဟာ ဘယ်လောက် တုံဆိုင်းသွားလည်း ၊ ရပ်သွားသလဲဆိုတာမျိုးကို အာရုံခံနေတဲ့ ပစ္စည်းပါ ။ယေဘူယျအားဖြင့် ကားဟာ 15 miles/h ကနေ စပြီး အဲ့ဒီထပ်ကျော်တဲ့ ဘယ်အရှိန်နဲ.မဆို သွားနေတဲ့ အချိန်အတွင်းမှာ အရာ၀တ္တုတခုခုကို တိုက်လိုက်မိတယ်ဆိုတာနဲ. ဒီ Crash Sensors လေးကနေ ယာဉ်တိုက်မှုဖြစ်တယ်ဆိုတာ အချက်ပြပြီး လေအိတ်တွေကိုပွင့်စေမှာပဲဖြစ်ပါတယ် ။
2. Airbag inflator
Airbag Inflator ဆိုတာ Airbag ဆိုတဲ့ လေအိတ်ထဲကို လေတွေရောက်လာစေတဲ့ပစ္စည်းပါပဲ ။ အုန်းသီးထဲ အုန်းရေဘယ်သူထည့်သလဲ ကြံကြံဖန်ဖန်စဉ်းစားသလို ၊ ယာဉ်တိုက်မှု ဖြစ်လာတဲ့ အခါမှာလည်း ဒီလေအိတ်ထဲကို လေတွေဘယ်လို ရောက်လာသလဲ ၊ အရင်ကတည်းက ထိုးထည့်ထားတာလားဆိုပြီး စဉ်းစားစရာပါ ။ တကယ်တော့ လေအိတ်ပွင့်သွားတယ် ၊ လေအိတ်ဖောင်းလာတယ်ဆိုတာ အဲ့ထဲကို လေတွေထိုးထည့်လိုက်တာမဟုတ်ပါဘူး ၊ အဲ့လိုဖောင်းသွားအောင် ဓာတုဗေဒပေါက်ကွဲခြင်း ဖြစ်စဉ်တွေဖြစ်စေပြီး လေအိတ်ဖောင်းသွားအောင်လုပ်လိုက်တာပါ ။ ထပ်ရှင်းအောင်ပြောရရင် အဲဒီ လေအိတ်ထဲမှာ Potassium Nitrate နဲ. Sodium Azide ဆိုတဲ့ Chemical ပစ္စည်းတွေ ထည့်ထားပြီး ယာဉ်တိုက်မှုဖြစ်တာနဲ. လေအိတ်ပွင့်သင့်တယ်လို. အချက်ပေးလိုက်တာနဲ. အဲ့ဒီ ဓာတုဗေဒပစ္စည်းတွေဟာ ရောနှောသွားပြီး Nitrogen Gas တွေအဖြစ်ပြောင်းလဲကာ လေအိတ်တွေကို အရမ်း လျှင်မြန်တဲ့ အချိန်အတွင်း ဖောင်းကားလာစေတာပဲ ။ အဲ့အချိန်လေးက ဘယ်လောက်မြန်သလဲဆိုရင် တချို. သိပ္ပံစမ်းသပ်ချက်တွေအရ ၊ 0.03 seconds လောက်ဆိုတဲ့ အချိန်လေးအတွင်းမှာ ဖြစ်ပွားပါတယ်တဲ့ ၊ ထင်သာမြင်သာရှိအောင် ပြောရရင် လူတယောက် မျက်တောင် တချက်ခတ်လိုက်တဲ့ ကြာချိန်က 0.1 ကနေ 0.3 Seconds အတွင်းလောက်ကြာပါတယ်တဲ့ ။ မျက်တောင်တချက်ခတ်တဲ့ ကြာချိန်ထက်ကို အဆပေါင်းများစွာ လျှင်လျှင်မြန်မြန်ကြီးကို လေအိတ်ပွင့်စေတယ်ဆိုတာ သတိထားရမှာပါ ။
3. Airbag Control Unit
ဒီကောင်လေးက ကားတွေမှာအဓိကပါတဲ့ ECU ဆိုတဲ့ ကွန်ပျူတာ ဘောက်လိုပါပဲ ၊ ဒါပေမယ့် ဒီကောင်လေးကတော့ Airbag System အတွက် သီးသန်.ထိန်းချုပ်ပေးတဲ့ ပစ္စည်းလေးပါ ။ မိတ်ဆွေတို. ကားသော့ဖွင့်လိုက်မယ်ဆိုတာနဲ. ဒီစနစ်က အသက်၀င်လာပြီး ကားမှာရှိတဲ့ လေအိတ်စနစ်တွေ ကောင်းမွန်ရဲ.လား ၊ အချိန်မီပွင့်ဖို. အဆင်သင့်ဖြစ်လားဆိုတာကို စစ်ဆေးပေးတဲ့ စနစ်ပါပဲ ။ ဥပမာ မတော်တဆ ကားတိုက်မှုဖြစ်သွားတယ် ၊ လေအိတ်တွေကလည်း ပွင့်သွားတယ်ဆိုရင်တော့ ဒီကား Airbag Control Unit တွေကို အသစ်လဲပေးရမှာဖြစ်ပြီး ၊ မလဲပေးဘူးဆိုရင်တော့ ဒီကောင်လေးကနေ airbag System ချို.ယွင်းနေတယ်ဆိုတာကို သတိပေးအချက်ပြနေမှာဖြစ်ပါတယ် ။
4. Airbag Warning Light
ဒီအချက်ပြမီးလေးကိုတော့ ကားရဲ. ဒိုင်ခွက်ထဲမှာ မြင်တွေ.ရမှာဖြစ်ပြီး ၊ ကားသော့ on လိုက်ပြီး စက္ကန်.ပိုင်းလေးအတွင်းမှာ ပြန်ပျောက်သွားရမှာဖြစ်ပါတယ် ၊ အဲ့လိုမဟုတ်ဘဲ သော့ဖွင့် စက်နှိုးပြီးသည့်တိုင် ဆက်လက်လင်းနေတယ်ဆိုရင်တော့ ကားရဲ. လေအိတ်စနစ်တခုခုချို.ယွင်းနေပြီဆိုတဲ့ အဓိပ္ပါယ်ပါပဲ ၊ ဒီလိုဆိုရင်တော့ Diagnostics စက်တွေနဲ. ပြစ်ချက်ရှာဖွေပြီး အချိန်မီပြုပြင်ရမှာဖြစ်ပါတယ် ၊ အဲ့လိုမှ မဟုတ်ရင် ယာဉ်တိုက်မှုဖြစ်ပွားတဲ့ အခါမှာ Airbag System တွေ အသက်၀င်လာမှာမဟုတ်ပါဘူး ။
5. Airbag Squib (or) Clock Spring (or) Spiral Cable
ဒီပစ္စည်းလေးကိုတော့ ဒီက ကားလောကမှာ Airbag ခွေလို.အခေါ်များကြပါတယ် ၊ ကားစတီယာတိုင်ခွေရဲ. အောက်မှာတည်ရှိပြီး ၊ ဝါယာကြိုးတွေကို အပြားလိုက်ခွေထားပြီး နာရီလက်တံတွေကို ဘယ်ညာ လိုက်ပါရွေ.လျားနိုင်အောင်လုပ်ထားပါတယ် ။ ဒီကောင်လေးတွေကလည်း Driver’s Side Airbag နဲ. Control Unit တွေကြားချိတ်ဆက်ပေးထားတဲ့ ပစ္စည်းလေးတွေဖြစ်ပြီး အပျက်အများဆုံး ပစ္စည်းလေးတွေပါ ၊ ကား Steering Gun ဖြုတ်ပြီး ပြုပြင်လဲလှယ်တဲ့ အချိန် Steering ကို Lock လုပ်မထားရင် စတီယာရင် လည်ထွက်သွားပြီး ဒီကောင်လေးတွေ ပြတ်သွားတတ်ပါတယ် ၊ နောက် စတီယာတင်ဖြုတ်တဲ့အခါမှာလည်း ဒီကောင်လေးကို ဖြုတ်ရတာမို. ပြန်လည်တပ်ဆင်တဲ့အခါ သူ.မှာ ပါ၀င်တဲ့ အပတ်ရေ အတိုင်းမှန်ကန်စွာ ပြန်လည်မတတ်ဆင်တတ်ရင်လည်း ပြတ်တတ်ပါတယ် ။ ဒီကောင်လေးပျက်သွားရင် အသိသာဆုံးအချက်က ကားဟွန်းတီးမရတာမျိုးဖြစ်တတ်ပါတယ် ၊ ကားအောက်ပိုင်းတွေဖြုတ်ပြုပြင်ပြီး ကားဟွန်းတီးမရတာမျိုးဖြစ်သွားရင် အမှုမှတ်မဲ့မနေနဲဘဲ သေချာပြန်လည် စစ်ဆေးသင့်ပါတယ် ။
6. Airbag
ကျနော်တို. ကားအချင်းချင်း တိုက်မှုဖြစ်သွားတယ် ၊ ဒါမှ မဟုတ် အခြားအရာ၀တ္တုတခုခုကို ပြင်းထန်စွာ တိုက်မိလိုက်တယ်ဆိုတာနဲ.ကားဒက်ဘုတ်ကို ခွဲပြီး ပွင့်ထွက်လာတတ်တဲ့ ဖြူဖြူဖွေးဖွေး လေအိတ်ကြီးတွေပါ ၊ အဲဒီကောင်တွေကိုတော့ ပုံမှန်အားဖြင့် Nylon fabric ဆိုတာနဲ. ပြုလုပ်ထားပြီး ၊ အပူဒဏ်ခံနိုင်ရည်ရှိတဲ့ ပစ္စည်းတွေကို ကာဗာအနေနဲ.သုတ်လိမ်းထားပါသေးတယ် ။ ဒီကောင်တွေကလည်း ထုတ်လုပ်တဲ့ ကားအမျိုးအစား ကုမ္ပဏီတွေရဲ. သတ်မှတ်ချက်အရ သက်တမ်းတခုရှိပြီး သက်တမ်းလွန်သွားရင်တော့ Factory ကနေ သတ်မှတ်ထားတဲ့ အမျိုးအစားအလိုက် ပြန်လည် လဲလည် အသစ်တပ်ဆင်ပေးရမှာဖြစ်ပါတယ် ။ မဟုတ်ရင် ပေါက်ထွက်လာတဲ့အခါမှာ ဆွေးမြေ.ယို.ယွင်းနေတာမို. အန္တရာယ်ဖြစ်လာနိုင်ချေများပါတယ် ။
Airbag System ဘယ်လို အလုပ်လုပ်သလဲ ?
Airbag System တခုဘယ်လိုအလုပ်လုပ်သလဲဆိုရင် အပေါ်မှာ ပြောခဲ့တဲ့ ပစ္စည်း အစိတ်အပိုင်းတွေ အကုန်စုပေါင်းအလုပ်လုပ်ပါတယ် ၊ ပထမဆုံး Crash Sensor က ယာဉ်တိုက်မှုဖြစ်တဲ့အခါ တိုက်မှုဖြစ်သွားတဲ့ အရှိန်နဲ.ပြင်းထန်မှုတွေကိုတွက်ဆပြီး Airbag Control Unit ကို သတင်းပို.ပါတယ် ၊ အဲ့ကနေမှတဆင့် Airbag အတွင်းပိုင်းက Chemical ပစ္စည်းတွေကို Reaction တခု သက်ရောက်စေပြီး လေအိတ်တွေကို ဖောင်းကားပွင့်ထွက်စေပါတယ် ။
ပုံမှန်အားဖြင့် Crash Sensor တွေကို Mass-Type Sensor နဲ. Roller -Type Sensor တွေကို အသုံးများကြပြီး ကားရဲ. အရှေ.ဘန်ဘာတန်းနဲ. ကားအင်ဂျင်တွေရဲ. ကြားထဲမှာတပ်ဆင်ထားလေ့ရှိပါတယ် ။
ဒီလောက်ဆိုရင် ကား Airbag System တခု ဘယ်လို အလုပ်လုပ်သလဲဆိုတာ အကြမ်းမျဉ်နားလည်သွားမယ်ထင်ပါတယ် ၊ ဒီလိုနားလည်သွားမယ်ဆိုရင် ကားဒက်ဘုတ်ပေါ်မှာ ဘာကြောင့် ပစ္စည်းတွေ မတင်သင့်လဲဆိုတာ အလိုလိုနားလည်သွားလောက်ပါပြီ ၊ ကားလေအိတ်တွေပွင့်ထွက်လာတယ်ဆိုတာ အများထင်သလို လေအိတ်ထဲ လေတွေအေးအေးဆေးဆေး၀င်လာတာမျိုး မဟုတ်ပါဘူး ၊ အန္တရာယ် ဖြစ်တဲ့ အချိန် အကာအကွယ်ရဖို.အတွက် လေအိတ်ရဲ.အတွင်းပိုင်းမှာ အရမ်းကို လျှင်မြန်တဲ့ အရှိန်နဲ.ဓာတုဗေဒပေါက်ကွဲမှုတွေဖြစ်စဉ်တွေဖြစ်ပြီး လေအိတ်ဖောင်းကားပွင့်ထွက်လာတာမို. ၊ကားဒက်ဘုတ်ပေါ်မှာတင်ထားတဲ့ပစ္စည်းတွေဟာ လေအိတ်နဲ.အတူလွင့်စင်ထွက်ပြီး ကားအတွင်းပိုင်းမှာရှိတဲ့ လူတွေကို အသက်အန္တရာယ်ထိခိုက်သည်အထိ အန္တရာယ်ပေးနိုင်ပါတယ် ။ ဒီပစ္စည်းတွေက လူတွေကို မထိခိုက်မိဘူးဆိုရင်တောင် လေအိတ်ပွင့်တဲ့ ဖြစ်စဉ်ကို အနှောက်အယှက်ပေးနိုင်တာမို. ယာဉ်တိုက်မှုဖြစ်စဉ်မှာ ကားအတွင်းပိုင်းက လူတွေအတွက် အကာအကွယ်တွေ လျော့နည်းသွားနိုင်ပါတယ် ။ ဒါကြောင့် ကားဒက်ဘုတ်ပေါ်မှာ အမျိုးမျိုးသော ပစ္စည်းတွေတင်အသုံးပြုတာဟာ အလွန်မှားယွင်းပြီး အန္တရာယ်များလှတဲ့ အပြုအမူတခုပါ ။
နောက်တချက် အထူးသတိပေးမှုအနေနဲ. ပြောချင်တာက ကား Seat Belt ဆိုတဲ့ ထိုင်ခုံခါးပတ်ပါ ၊ ယာဉ်တိုက်မှုဖြစ်စဉ်မှာ အဓိက အကာကွယ်ပေးတာက ထိုင်ခုံခါးပတ်ဖြစ်ပါတယ် ၊ကားမှာပါတဲ့ လေအိတ်မဟုတ်ပါဘူး ၊ ကျနော်အပေါ်မှာလည်းရှင်းပြထားသလို. Airbag System ကို SRS airbag လို.ခေါ်ရတဲ့ အကြောင်းကလည်း အဲ့ဒါပါပဲ ၊ အသက်ကယ်အစီအစဉ်ရဲ. အဓိက တာ၀န်ကို ထမ်းဆောင်တာ Airbag မဟုတ်ပါဘူး ၊ ဒီကောင်ကအရံအနေနဲ. တာ၀န်ထမ်းဆောင်တာပါ ။
ကားထိုင်ခုံ ခါးပတ်မပတ်ဘဲ ၊ ကားတိုက်မှုဖြစ်လို. လေအိတ်တွေပွင့်တယ်ဆိုရင် ကားရဲ.ရွေ.လျားနေတဲ့ အရှိန်နဲ. လိုက်ပါနေတဲ့ လူကို ရုတ်တရက် ဖမ်းထိန်းချုပ် ထားမယ့် ခါးပတ်မရှိတဲ့ အတွက် အရှိန်ထိန်းမထားနိုင်ဘဲပြင်းထန်စွာ ပွင့်ထွက်လာတဲ့ လေအိတ်တွေနဲ. စောင့်မိပြီး ဇက်ကျိုးတာ ၊ နံရိုးတွေကျိုးတာတွေ ဖြစ်နိုင်ပါတယ် ။ ကျနော့် အသိမိတ်ဆွေတယောက်ဆိုရင်လည်း အမြန်လမ်းမှာ ကားမှောက်တာ လေအိတ်တွေပွင့်ပါလျှက် ထိုင်ခုံခါးပတ် မပတ်မိလို. သူ.ကားယာဉ်မောင်းရော ၊ သူကိုယ်တိုင်ပါ အသက်ဆုံးရှုံးမှုဖြစ်ခဲ့ဖူးပါတယ် ။
ဒါကြောင့် စာဖတ်သူမိတ်ဆွေတွေအနေနဲ. ကားမောင်းမယ် ၊ ကားစီးမယ်ဆိုရင်
၁ ။ ထိုင်ခုံခါးပတ်ပတ်ကြပါ ။
၂ ။ ကားဒက်ဘုတ်ပေါ်မှာ ပစ္စည်းတွေတင်တဲ့ အကျင့်ကို စွန်.လွှတ်ကြပါ
၃ ။ အရှိန်တင် အလွန်အကျွံမောင်းနှင်တာမျိုးမလုပ်ဘဲ သတိနဲ.မောင်းနှင်ကြပါလို. စေတနာထား တင်ပြလိုက်ရပါတယ် ။
စာဖတ်သူ မိတ်ဆွေ ညီကို မောင်နှမအားလုံး ယာဉ်အန္တရာယ်ကင်းရှင်းပြီး လိုရာခရီးပန်းတိုင်ကို အဆင်ပြေပြေချောချောမွေ.မွေ.ရောက်နိုင်ပါစေခမျာ ။
ကားနဲ့ပတ်သတ်သော နည်းပညာပေါင်းများစွာ ဒီပေ့စ်မှာ လာရောက်လေ့လာနိုင်ပါတယ် ။
Credit
မူရင်းရေးသားသူကို ကျေးဇူးအထူးတင်ရှိပါတယ် ခင်ဗျ
January 11
21/05/2023
Auto Gear ပေါ်က စာလုံးလေးတွေအကြောင်း
(P R N D 3 2 L (or) P R N D S L)
ဟိုးယခင်ကတော့ ကားတစ်စီးရဲ့ Transmission ဟာ Manual လို့ခေါ်တဲ့ ဂီယာဘောက်စ်နဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ကိုယ်ပြောင်းချင်တဲ့ ဂီယာကို ကိုယ့်ဘာသာ ကလပ်နင်းပြီးထိုးခဲ့ရပါတယ်။
ယနေ့ခေတ်မှာတော့ အိမ်စီးကားတော်တော်များများမှာ manual gear ကိုသိပ်မသုံးကြတော့ဘဲ Automatic Transmisson ကိုတွင်ကျယ်စွာအသုံးပြုလာကြပါတယ်။ အဲ့ဒီတော့ Auto Gear ပေါ်မှာပါတဲ့စာလုံးလေးတွေကို သိထားဖို့လိုအပ်လာပါပြီ။
Auto Gear မှာမှ AT နဲ့ CVT ဆိုပြီး ၂ မျိုးထပ်ကွဲသွားပါတယ်။
Auto Gear ၂ခုဖြစ်တဲ့ AT မှာကော CVTမှာပါ တူညီတာက
P - Park
R - Reverse
N - Neutral
D - Drive
ဆိုတဲ့ စာလုံးလေး ၄ လုံးဖြစ်ပါတယ်။
အဲ့ဒီနောက်မှာမှ အကြမ်းဖျင်းအားဖြင့်တော့ AT မှာဆိုရင်
3
2
L - Low
CVT မှာဆိုရင်တော့
S - Sport Mode
L - Low Gear
စသည်ဖြင့်ပါတတ်ကြပါတယ်။
P-Park
_______
ဒါကတော့ရိုးရှင်းပါတယ်။ ကားကိုရပ်ချင်တဲ့အခါမှာသုံးပါတယ်။ P ကိုထိုးလိုက်တဲ့အချိန်မှာ အကြမ်းဖျင်းအားဖြင့် Transmission system
တစ်ခုလုံးကို lock ချလိုက်သလိုပါပဲ။ အဲ့ဒီတော့ ကားမောင်းနေစဉ်မှာ ကားရွေ့နေစဉ်မှာ P ကိုထိုးမိခဲ့ရင် ပြေးနေတဲ့မြင်းကို ခြေထိုးခံလိုက်သလိုဖြစ်ပြီး
Gear box ကြီးပျက်စီးသွားမှာပါ။ ဒါပေမဲ့စိတ်မပူပါနဲ့ ကားထုတ်တဲ့စက်ရုံကအဲ့တာတွေကြိုသိလို့ ကားမောင်းနေတုန်းမှာ P ကိုထိုးလို့မရအောင်ကာကွယ်ပေးထားပါတယ် (မယုံလို့ စမ်းတော့မကြည့်နဲ့ပေါ့ 🙂 )
ကားလုံး၀ရပ်သွားပြီဆိုမှသာ P ကိုထိုးလို့ရပါတယ်။
R-Reverse
___________
ကားကိုအနောက်ဆုတ်ချင်တဲ့အခါမှာ R ကိုသုံးပါတယ်။
N-Neutral
__________
စ
N ဆိုတာကတော့ ကျွန်တော်တို့ manual gear မှာဆိုရင် free ထားလိုက်သလိုပါပဲ။ Neutralဆိုတဲ့အတိုင်း ဘယ်ဂီယာမှ မဝင်နေတာကိုဆိုလိုတာပါ။
ဘယ်နေရာတွေမှာသုံးလဲဆိုရင် ကားပျက်သွားလို့ဆွဲတဲ့အခါ တွန်းတဲ့အခါတွေမှာသုံးပါတယ်။
D-Drive
_______
Drive ဆိုမှတော့ ကားကိုရှေ့တည့်တည့်မောင်းချင်တဲ့အခါမှာသုံးတာပေါ့ဗျာ။ D နဲ့မောင်းမယ်ဆိုရင် ကိုယ့်ကားမှာဂီယာ ၅ ချက်ရှိမယ်ဆိုရင်
အဲ့ဒီ ၅ ချက်စလုံးကုန်တဲ့အထိ အစဉ်လိုက်ချိန်းပေးသွားမှာပါ။
3,2
___
AT Gearbox သုံးတဲ့ကားတွေ ဥပမာ Mark II တွေမှာတွေ့ရတယ်။ ကားရဲ့ Automatic Transmission System မှာ 5-speed ဂီယာ ၅ ချက်ရှိတယ်ပဲဆိုပါစို့။
3 နေရာမှာထားလိုက်တာဟာ နောက်ဆုံးက ဂီယာ ၄ နဲ့ ၅ ကို ချိန်းမပေးနဲ့တော့ ငါ့ကို ၁ ကနေ ၃ အတွင်းသာ ဂီယာချိန်းပေးလို့ခိုင်းလိုက်တာပါပဲ။ 2 မှာ ထား
မယ်ဆိုရင်တော့ ဂီယာ ၃၊ ၄ နှင့် ၅ ကိုမချိန်းနဲ့တော့ ၁ နဲ့ ၂ ဂီယာပဲချိန်းမယ်လို့ပြောလိုက်တာပဲ။ တောင်အတက်တွေ တောင်အဆင်းတွေမှာသုံးပါတယ်။
တောင်အဆင်းမှာဆို ၂ လောက်နဲ့ဆင်းရင် ဘရိတ်ကိုသိပ်မသုံးရတော့ ဘရိတ်အပူသက်သာပြီး ပိုပြီးလဲ အန္တရာယ်ကင်းပါတယ်။ ကိုယ်က D နဲ့မောင်းနေရင်း ရုတ်တရက် အရှိန်ရှော့ချင်ရင်ပဲဖြစ်ဖြစ် အကွေ့တွေမှာအရှိန်သတ်ချင်တာပဲဖြစ်ဖြစ် 3 နှင့် 2 ကိုသုံးလို့ရပါတယ်။
S-Sport Mode
______________
သူရဲ့အဓိကလုပ်ဆောင်ချက်ကတော့ Lower Gear ကိုကြာကြာထိန်းထားပြီး Power ပိုထုတ်ပေးတာပါ။
ဥပမာ- D နဲ့မောင်းလို့ 40 Km/h ကိုရောက်ပြီး ၃ စက္ကန့်အကြာမှာ ဂီယာ ၂ ကနေ ၃ ကိုချိန်းပေးတယ်ဆိုပါစို့။ S နဲ့ဆိုရင် 40km/h ကိုရောက်ပြီး ၆ စက္ကန့် ၇ စက္ကန့်လောက်မှပြောင်းပါလိမ့်မယ်။ အဲ့ဒီတော့ Lower gear မှာ အချိန်ကြာကြာနေပြီး
power ပိုထုတ်ပေးပါတယ်။ အကွေ့အကောက်များတဲ့လမ်းတွေမှာသုံးပါတယ်။ ဆီတော့ပိုစားပါတယ်။ ဘာလို့လဲဆိုတော့
lower gear မှာကြာကြာနေတာကိုး။ အကွေ့တွေဆို ထိန်းလို့သိမ်းလို့ပိုကောင်းပါတယ်။ RPM ကိုလည်းမကျစေပဲ ထိန်းပေးပါတယ်။
L-Low Gear
____________
သူကတော့ အနိမ့်ဆုံးဂီယာဖြစ်တဲ့ ဂီယာ နံပါတ်၁ ပါ။ Manual မှာ Gear 1 ထိုးလိုက်တာနဲ့အတူတူပါပဲ။ ကျန်တဲ့ဂီယာတွေကိုလုံး၀မချိန်းပဲ တောက်လျှောက် 1 နဲ့ပဲသွားမှာပါ။ တောင်အမတ်ကြီးတွေတက်တဲ့နေရာ အဆင်းအကြီးကြီးတွေဆင်းတဲ့နေရာမှာသုံးပါတယ်။
အားလုံးပဲ ဘေးရန်ကင်းစွာနဲ့ခရီးနှင်နိုင်ကြပါစေ။
(ဗဟုသုတ အနေဖြင့်ပြန်လည်မျှဝေခြင်းသာ ဖြစ်ပါသည်)
မူရင်းရေးသားမျှဝေသူအား ကျေးဇူးအထူးတင်ပါတယ် ခင်ဗျ
January 11
Automotive service & knowledge sharing
Click here to claim your Sponsored Listing.