Nobody Knows

Nobody Knows

Share

Let it all go. See what stays.

17/03/2026

အရာရာဟာ သူ့အရှိန်လေးနဲ့သူသွားနေမှ

ရပ်ပစ်လိုက်ပြီးရင် ပြန်စဖို့မလွယ်…

16/03/2026

သမီးလေးနေကောင်းရဲ့လား
ဘေဘီလေးပျော်ပျော်နေနော်
အဆင်ပြေရဲ့လား
မမ အစစအရာရာဂရုစိုက်နော်
သူငယ်ချင်း ဘာဖြစ်လို့လဲ ငါ့ကိုပြောပြလေ
စတာ စတာတွေ အားလုံးဟာ
မြင်အောင်ကြည့်ကြည့်
ချစ်ခြင်းမေတ္တာတွေပါပဲ

ကျွန်တော်တို့အားလုံးဟာ
ကိုယ်ချစ်တဲ့သူကိုဆို
ခလုတ်မထိစေချင်ဘူး
ဆူးမငြိစေချင်ဘူး
အဆင်ပြေစေချင်တယ်
အောင်မြင်စေချင်တယ်
လုပ်ပေးချင်တာတွေရှိပေမယ့်
မလုပ်ပေးနိုင်တာတွေကိုလည်း
အပြစ်မမြင်ပါဘူး
စကားတစ်ခွန်း စာတစ်ကြောင်းလေးကနေ
အချစ်တွေကို သိရတာနဲ့တင်
ကိုယ့်အတွက်တော့ ဒီဘဝက
နေရတာ တန်နေပြီလေ

16/03/2026

“သတိရတယ်
ပြန်တွေ့ချင်တယ်” တဲ့လား

ဒီလိုလုပ်ရင် ကိုယ့်ကိုထပ်မတွေ့ရတော့ဘူးနော်
ဒီလုပ်ရပ်ကို ဆက်မလုပ်ပါနဲ့ လို့
တားခဲ့တုန်းက
မင်းဘာတွေတွေးနေခဲ့သလဲ
အချစ်ရေ

ကိုယ်တို့အချိတ်အဆက်မမိခဲ့တာ
အဲ့နေ့ကတည်းကလေကွယ်…

16/03/2026

အရင်လူဆီပဲပြန်သွားသွား
နောက်လူဆီပဲရောက်သွားသွား
ဖောက်ပြန်တာက ဖောက်ပြန်တာပဲပေါ့
အချစ်ရဲ့
ဘာလို့ခွင့်လွှတ်ရမှာလဲ…

16/03/2026

#လက်ထပ်ခြင်းကဘဝရဲ့အစ

#ဇာတ်သိမ်းပိုင်း
ပထမပိုင်းကိုဒီlinkကနေ ဖတ်နိုင်ပါတယ်
https://www.facebook.com/share/p/1FJWaELvY1/?mibextid=wwXIfr

ဒုတိယပိုင်းကိုဒီlinkကနေ ဖတ်နိုင်ပါတယ်
https://www.facebook.com/share/p/18LefVwXuT/?mibextid=wwXIfr

ဒီနေ့ကကျွန်တော်တို့ရဲ့ ပလီပလာတီတီတာတာ ချစ်စရာသမီးလေးရဲ့ ၃နှစ်ပြည့်မွေးနေ့လေးပေါ့
နှစ်ဘက်စလုံးက ဖိုးဖိုးဖွားဖွားတွေရော
ဆွေမျိုး ညီအစ်ကိုမောင်နှမအားလုံးရောရဲ့ အသည်းကျော်ပဲလှော်လေးပေါ့
ကျွန်တော်ကတော့ ကျွန်တော့်မိန်းမကို အချစ်ဆုံးပေါ့ဗျာ
ဟဲဟဲ…သမီးလေးမသိစေနဲ့နော်
နှုတ်ခမ်းပါးပါး အသားဖြူဖြူဖွေးဖွေးဥဥလေးကတော့
ကျွန်တော့ အမျိုးသမီးနဲ့တူတယ်
တအားချစ်ဖို့ကောင်းတယ်ဗျာ
မွေးခါနီး တော်တော်နဲ့မထွက်လာဘဲ မအေကို ငိုအောင်လုပ်တဲ့ အကြောတင်းလေးဆိုပေမယ့်
ထွက်လည်းထွက်လာပြီးရော မအေကို အိပ်ရေးလည်းမပျက်စေသလို ဂျီကျပြီးငိုယိုနေတာလည်း မရှိတဲ့ သမီးအလိမ္မာလေးပေါ့
ဒါကြောင့် နာမည်ကိုတောင် ‘အလိမ္မာ’ လို့မှည့်ထားတယ်
သမီးလေးကို ကိုယ်ဝန်စရတဲ့အချိန်ကစပြီး ကျွန်တော်အလုပ်တော်တော်ကောင်းကောင်းမှာရခဲ့ပြီး သမီးလေးကိုမွေးပြီးတဲ့အချိန် ကိုယ်ပိုင်တိုက်ခန်းလေးရတဲ့အထိ အဆင်ပြေလာခဲ့တယ်
သမီးလေးအတွက် အခန်းလေးကိုလည်း ကျွန်တော့်အမျိုးသမီးစိတ်တိုင်းကျ ပြင်ဆင်ပေးခဲ့တယ်
သမီးလေးရဲ့ မွေးနေ့ဟာ ကျွန်တော်တို့ရဲ့ ချစ်သူစဖြစ်တဲ့နေ့ဟာ ထပ်တူကျနေတယ်
ကျွန်တော်တို့ ချစ်သူသက်တမ်း ၁၀နှစ်
အိမ်ထောင်သက်ကတော့ ၅နှစ်ထဲရောက်ပြီပေါ့ဗျာ
သမီးလေးအတွက် မွေးနေ့ပွဲလေးလုပ်ပေးဖို့
ပြင်ဆင်ပေးနေတဲ့ ကျွန်တော့်မဟေသီလေးကို
ကြည့်ရင်း ဒီလိုမျိုးအဖိုးတန်လေးကို ပိုင်ဆိုင်နိုင်ဖို့
ဘယ်လိုခက်ခက်ခဲခဲ ကြိုးစားခဲ့ရတဲ့အကြောင်းတွေ
ပြန်တွေးခဲ့မိတယ်

‘မောင်’
အိမ့်မွန်ရဲ့ ပထမဆုံး ထုတ်သုံးတဲ့ ကျွန်တော်အခေါ်ခံချင်ဆုံးနာမ်စား
‘မောင်တဲ့လား ကလေးရယ်’
ကျွန်တော့်မှာ ယောကျာ်းတန်မဲ့ စပ်စလူးနတ်ပူးသလို
ဖျက်ဖျက်လူးပြီး အသည်းတွေယား သဘောတွေကျကာ
‘ကလေးလေး ထပ်ခေါ်ပါဦး’
‘တော်ပြီ တစ်ခါပဲ ဒီနေ့အတွက်က’
‘ဟွန်း…ဒါမဲ့ ရတယ် ရတယ် နောက်နေ့တွေလည်းထပ်ခေါ်ပေးဦးနော်’
‘အင်း’
‘တသက်လုံးနော်’
‘အင်း’

ကျွန်တော်အလုပ်ဆင်းတိုင်း အိမ်အရင်မပြန်ဘဲ အိမ့်မွန်ကိုအရင်သွားတွေ့တတ်တယ် အိမ့်မွန်ကလည်း ကျွန်တော်သွားတွေ့မယ့်အချိန်တိုင်း အချိန်လေးတစ်ခုဖယ်ပေးထားပြီး ထွက်တွေ့တယ်
အမှတ်တရနေ့တွေတိုင်း အများကြီးမလုပ်ပေးနိုင်တောင်
ပန်းလေးတွေပေးတယ် သူလိုချင်တာလေးတွေ ဝယ်ပေးတယ် surprise လေးတွေလုပ်ပေးတယ်
ကြီးကြီးမားမားတွေလုပ်ပေးချင်လို့ ပိုက်ဆံစုပြီး
လုပ်ပေးတဲ့အချိန်တိုင်း စိတ်ဆိုးတတ်ပြီး အသေးမွှားလေးတွေတိုင်းမှာ မျက်ရည်ဝဲတဲ့ထိ ပျော်နေတတ်တယ်
သိပ်ချစ်ဖို့ကောင်းတဲ့ ကျွန်တော့်ကလေးလေးပါ

‘မောင်’
‘ဗျာ’
‘မောင့်ကိုပြောစရာရှိတယ်’
‘အွန်း ကလေးလေးပြော’
‘အိမ့်ကို အိမ့်ရဲ့အတိတ်တွေထဲကနေ ဆွဲထုတ်ပေးခဲ့တာရော ဘယ်လိုအကြောင်းတွေပဲရှိရှိ ဒီလိုနှစ်တွေအကြာကြီးထိ မပြောင်းလဲဘဲ ချစ်ပေးခဲ့လို့ တကယ်ကျေးဇူးတင်ပါတယ် မောင် လက်ထပ်ခွင့်တောင်းတဲ့အချိန်တိုင်း အိမ့်စဉ်းစားပါရစေဦးဆိုပြီး ခဏခဏတွေဝေခဲ့တာတွေကိုလည်း စိတ်ရှည်ရှည်နဲ့ စောင့်ပေးခဲ့လို့လည်း ထပ်ပြီးတော့ကျေးဇူးတင်ပါတယ်’
‘ကလေးလေး မောင့်ကိုအဲ့လိုတွေမပြောနဲ့ မောင်ကြောက်တယ်’
‘ဟင် ဘာလို့လဲ’
‘လူတွေက ပုံမှန်တိုင်းသွားနေတာနဲ့ မတူတော့ရင် အပြောင်းအလဲ တခုခုကို စဉ်းစားနေတာတဲ့ ကောင်းတဲ့အပြောင်းအလဲမဟုတ်မှာ မောင်ကြောက်တယ်’
‘ဪ မောင်ရယ်… အပြောင်းအလဲတခုခုကို စဉ်းစားနေတာတော့ မှန်ပါတယ် ဒါမဲ့ မကောင်းတဲ့ဘက်ကိုမဟုတ်ပါဘူး’
‘ဟုတ်လား အဲ့ဒါဆို ရတယ် ပြောပြောပြော’
‘အိမ့်မောင့်ကို မတွဲခင်တုန်းက ပြောဖူးတယ်မလား လက်ထပ်ဖို့ကတော့ မဖြစ်နိုင်လောက်ဘူးလို့လေ’
‘အွန်း ဟုတ်တယ်’
’ခုထပ်ပြောရင်တော့ အိမ့်လက်ခံနိုင်လောက်မယ်ထင်တယ်’
‘တကယ်လား တကယ်ပြောတာလား ကလေးလေး’
‘အင်း’
‘မောင့်က်ို ကလေးလေးအမြဲပြောတယ်လေ လူနှစ်ယောက်လက်ထပ်တယ်ဆိုတာ လက်ထပ်လိုက်တာနဲ့ ပျော်ရွှင်စွာပေါင်းဖက်ကြလေသတည်းဆိုပြီး စာတန်းထိုးသလောက် မလွယ်ဘူး ဆိုပြီးလေ ကလေးလေးပြောသလို လက်ထပ်တာက ဘဝရဲ့အစဆိုရင် နောက်ဆက်ပြီးတွေ့ရမယ့် မောင်တို့နှစ်ယောက်ရဲ့ လောကဓံတွေတိုင်းမှာ
ကလေးလေးကို တသက်လုံးရယ်နေစေရမယ်လို့ ကတိမပေးနိုင်ရင်တောင် မောင့်ကြောင့်နဲ့ မငိုစေရဘူး တစ်စက္ကန့်လေးတောင် စိတ်မပင်ပန်းစေရဘူးလို့ အာမခံပါတယ် ကလေးလေးကို မောင်စောင့်ရှောက်ချင်တယ် မောင့်ကို လက်ထပ်ခွင့်ပြုပါနော်’
‘ဟုတ်ကဲ့ပါမောင် အိမ့်ခွင့်ပြုပါတယ်’

အတွေးတွေနယ်ချဲ့ပြီး ပြုံးပြုံးကြီးကြည်နူးနေစဉ်
‘မောင်ရေ သမီးလေးနိုးပြီထင်တယ် သွားခေါ်လိုက်ပါဦး’
ဆိုတဲ့ ကျွန်တော်တသက်လုံး မငြီးငွေ့လောက်အောက်အောင် သဘောကျရတဲ့ ကျွန်တော့်အမျိုးသမီးရဲ့အသံ
‘အိုခေ မိန်းရေ မောင်သွားခေါ်လိုက်မယ်’
သမီးလေးကို မျက်နှာသစ် သွားတိုက်ပေးပြီး
‘မေမေ့ဆီသွားမယ် ယေ့ယေ့’
ကလေးကို ပွေ့ချီ မိန်းမဆီ သွားပြီး ကျွန်တော်နေ့တိုင်းပြောနေကျစကားလေးကို ဒီနေ့လည်း စိတ်ရင်းနဲ့ထပ်ပြောလိုက်တယ်

‘အများကြီးချစ်တယ် မိန်းရေ’

15/03/2026

လူတွေကလည်း မအေးချမ်းတော့ဘူး
ကမ္ဘာကလည်း မငြိမ်းချမ်းတော့ဘူး
ရှင်သန်ချင်စရာသိပ်တော့မကောင်းတဲ့
အချိန်ကာလဆိုပေမယ့်လည်း
အတတ်နိုင်ဆုံးတော့
ပျော်အောင်သာနေကြ
မနက်ဖြန်တွေက ဘာမှန်းမသိရတော့ဘူး…

15/03/2026

#လက်ထပ်ခြင်းကဘဝရဲ့အစ

#ဒုတိယပိုင်း

ပထမပိုင်းကို ဒီlinkကနေ ဖတ်နိုင်ပါတယ်
https://www.facebook.com/share/p/18KnzK9LD6/?mibextid=wwXIfr

‘မီးကြီးရေ နိုးပြီလား ဖွားဖွားထမင်းကြော်ထားတယ်
မီးကြိုက်တဲ့ ပဲပြုတ်လေးနဲ့ ကြက်ဥလေးပါ ကြော်ထားတယ် ကလေးထတော့’
ဒီလောက်ထိ သာယာလိမ့်မယ်မတွေးဖူးတဲ့ မေ့ရဲ့ အသံလေးနဲ့
‘ဟဲ့ မမကြီးအိပ်နေတယ်လေ ဘာလို့ဝုန်းဒိုင်းကြဲနေကြတာလဲ တိတ်တိတ်နေကြစမ်း’
သူအော်မှ လန့်နိုးလောက်မယ့် အသံနဲ့ ကုန်းအော်နေတဲ့
တီတီရဲ့ အသံ
တပြိုင်တည်းဆိုသလို အရမ်းလွမ်းနေရတဲ့ ဒီလူတွေ
ကိုယ့်ကိုအနားမှာထားချင်တာကို ကိုယ်ကတွန်းထုတ်ခဲ့တဲ့ ဒီလူတွေရဲ့ အသံကို ကိုယ်ပြန်ကြားရပြီ
အိမ်နားက ဘာအကြောင်းမှမရှိဘဲ ပြဲလန်နေအောင်
အော်ငိုနေတဲ့ ကလေးရဲ့အသံကလည်း စိတ်မရှုပ်စေသလို
ရပ်ကွက်ထဲက အိမ်နီးနားချင်းတွေရဲ့ ခေါ်ပြောနှုတ်ဆက်မှုတွေကလည်း ပိုပြီးနေလို့ထိုင်လို့ကောင်းနေတယ်
ဘာလို့များပါလိမ့်…

‘မေ သမီး ၁၀တန်း အပြင်ဖြေ ပြန်ဖြေချင်တယ်’
ညနေစောင်း လမ်းထွက်လျှောက်လိုက်ဦးမယ် ပြောပြီး
ထွက်သွားတဲ့အချိန် လမ်းမှာ
ငယ်ငယ်ကတည်းက သူမကိုမနာလို လိုက်ပြိုင်နေတဲ့
အတန်းဖော်နဲ့ ဆုံမိတဲ့အခါ
အတန်းဖော်ဆိုသူက သူမမေ့စေ့ကိုကိုင်ပြီး
‘ပိန်သွားလိုက်တာဟယ် ငါနင့်ကိုအိမ်လာတွေ့ဦးမယ်နော်’
ပြောပြီး ခနဲ့ပြုံးပြုံးသွားခဲ့တယ်
အရင်ကတည်းက မာနကခပ်ကြီးကြီးမိန်းမတစ်ယောက်
ကျရှုံးတယ်ဆိုတာကို လက်မခံနိုင်တဲ့ ဗီဇ
အချစ်ကိုကိုးကွယ်ခဲ့မိလို့ မျက်ကန်းဖြစ်ခဲ့ပေမယ့်
ထိုလူရဲ့ ခနဲ့ပြုံးမှာ သူမရဲ့ အရင်ကဗီဇဟာပြန်ပေါ်လာခဲ့သည်
မိခင်မှာ ဝမ်းသာမျက်ရည်ကျလာ
ကံကောင်းထောက်မစွာ
ဆရာတစ်ယောက်ရဲ့ ကျေးဇူးကြောင့်
ကျောင်းထွက်လက်မှတ်ဟာ မှင်နီတားမခံရဘဲရထားလို့
အပြင်ဖြေကိုလည်း ချောချောမွေ့မွေ့ ဖြေလို့ရနိုင်ခဲ့တယ်
ဥာဏ်ကောင်းသူ ဖင်ကျောက်ချစာလုပ်တတ်သူ သူမအတွက်တော့
စာတွေဟာ အရမ်းမခက်လှ
တစ်ခုပဲ
စာမေးပွဲမဖြေခင်မှာ ကွာရှင်းမယ့်ကိစ္စတွေကြောင့်
စိတ်အနည်းငယ်ရှုပ်ခဲ့ရပြီး ခန့်မှန်းထားသလောက်တော့
ဂုဏ်ထူးမပါခဲ့

‘အိမ့်ရေ ကန်တင်းသွားရအောင် ဒီနေ့ Gfatt လာမယ်တဲ့ရေဘေးရန်ပုံငွေအတွက်တဲ့’
ဒါကစုစုရဲ့အသံ
ငယ်သူငယ်ချင်းနဲ့ သွားတဲ့လမ်းကြောင်းမတူတော့တဲ့အတွက် ဝေးသွားပေမယ့်
ခုတော့ အတွင်းသိအကုန်ဖလှယ်ထားလို့ ရအောင်
ယုံရတဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်သူ

‘စုရယ် ငါနေလို့သိပ်မကောင်းလို့ ဒီနေ့တော့ မလိုက်တော့ဘူးနော် ဖယ်ရီပေါ်မှာပဲ သွားနားနေမလို့’
‘နင်မသွားရင် ငါလည်းမသွားတော့ဘူး ဖယ်ရီပေါ်တူတူသွားမယ် လာ’
အဲ့လိုနဲ့ နေပူကြဲတဲထဲမှာ သူငယ်ချင်းနှစ်ယောက်
လက်ချင်းချိတ်ပြီး ဖယ်ရီဆီလာခဲ့လိုက်တယ်
ဖယ်ရီနားအရောက်
‘ငါမရတော့ဘူး ဝေါ့…’
အစာမရှိတော့ လေတွေအန်ချ သူငယ်ချင်းဖြစ်သူမှာလည်း ဘာလုပ်ရမှန်းမသိ ခြေမကိုင်မိလက်မကိုင်မိ
အနားကဖြတ်သွားတဲ့ သူတွေကို အကူညီလှမ်းတောင်း
‘ရေလေးနည်းနည်းအာစွတ်ရုံလေးသောက်လိုက်ပါလား
ကျွန်တော့်မှာ ရှူဆေးလည်းပါတယ် ရှူမလား’
‘ရတယ် ရတယ် မလိုပါဘူး ကျွန်မအဆင်ပြေတယ် ကျေးဇူးပါ’
ပြောပြီး နေလို့မကောင်းတဲ့ကြားက ခပ်သုတ်သုတ်လေး
ထထွက်လာခဲ့တယ်
ကျောင်းရှေ့က ဆိုင်မှာ ရေနဲ့ ချိုချဉ်လေးဝယ်ပြီး
ဖယ်ရီပေါ်ကိုပြန်နား
‘အိမ့်ရယ် ဘာလို့ ယောကျာ်းဆိုတာနဲ့ ရှောင်နေရတာတုန်း အကူညီယူရုံလောက်နဲ့ ဘာမှဖြစ်လောက်ပါဘူး’
‘အကူညီယူပြီးရင် ပြန်ပေးနေရမှာလေ သေးသေးမွှားမွှားကအစ မပတ်သက်တာကောင်းတယ် စုရဲ့’

ထိုမာနခဲလေးကို သတိထားမိသွားပြီး ဖယ်ရီနဲ့ခပ်လှမ်းလှမ်းက ဆိုင်ကနေ ထိုင်ငေးကြည့်မိနေသူကတော့
‘ရှိန်း’

ဟေ့ရောင် သော်ဇင် ဖုန်းနံပါတ်ရခဲ့လား’
‘မလွယ်ဘူး ဟေ့ရောင်ရေ သူ့သူငယ်ချင်းက ကျန်တာသာ စကားများရင်များမယ် အိမ့်မွန်နဲ့ပတ်သက်တာတော့ ဘယ်လိုမှမေးလို့မရဘူး ဒါမဲ့စိတ်မပူနဲ့ ငါဒီလိုတွေးထားတယ်…’
သူငယ်ချင်းဖြစ်သူ သော်ဇင်ရဲ့ ကြိုးစားအားထုတ်ပေးမှုကြောင့် ရှိန်းတစ်ယောက် အိမ့်မွန်ရဲ့ဖုန်းနံပါတ် ရခဲ့ပါပြီ
သို့သော်…
‘မင်း အသည်းအသန်နဲ့ ဖုန်းနံပါတ်စုံစမ်းခိုင်းပြီး ခုဖုန်းနံပါတ်ရော Facebook account ထိပါ ရထားတာကို ခုထိဘာမှဇာတ်လမ်းမစရသေးဘူးလား’
‘သူ့ရဲ့အရှိန်အဝါက မသေးဘူး ဟေ့ရောင်ရ ငါဘယ်ကစပြောရမှန်းမသိဘူး’
‘…’

‘အန်တီ လက်ဖက်ထမင်းနဲ့ ကြက်ဥကြော်ပေးပါနော် ပြီးတော့ ဇီးဖျော်ရည်တစ်ခွက်ရယ်
‘စားပြီးခါနီးကျမှ ဇီးဖျော်ရည်လေး ချပေးမယ်နော် သဲလေး သံပုရာလေးညှစ်ပေးရမလား’
‘ဟုတ်ကဲ့’
အသံအက်ကွဲကွဲလေးနဲ့ အိမ့်မွန်ရဲ့အသံနဲ့ခပ်ဆင်ဆင် မိန်းကလေးအသံတစ်ခု ကြားမိလို့ နောက်ကျောဘက်က ဝိုင်းကို လှည့်ကြည့်မိတဲ့အခါ
‘ဟာ ဟေ့ရောင် လုပ်ဦး အိမ့်မွန် ငါ့အနောက်မှာရောက်နေတယ် ငါရင်တွေခုန်လာပြီ အားးးးးးး’
‘မင်းဘယ်လိုဖြစ်နေတာတုန်း မသိစေချင်ဘူးလည်းပြောသေးတယ်’
‘ဒါနဲ့ အသံဘာလို့အက်ကွဲကွဲလေး ဖြစ်နေတာလဲ နေမကောင်းပြန်ဘူးလားမသိဘူး’
‘ဟာ ချောင်းဆိုးနေတာပဲ ဘာလို့ အအေးတွေသောက်နေတာလဲမသိဘူး ဒီအဆိုးလေးကတော့’

‘အန်တီပိုက်ဆံရှင်းမယ်နော်’
‘သမီးရေ ခုနထသွားတဲ့ ကလေးက ရှင်းပေးခဲ့တယ်
စာရယ် ဆေးရယ်လည်း ပေးပေးပါဆိုပြီး ထားခဲ့တယ်ကွယ့်’
စာထဲတွင်
‘နေကောင်းအောင်နေပါ ကျွန်တော်စိတ်ပူလို့’
‘အန်တီ အလုပ်ရှုပ်ခံပြီး ယူထားပေးလို့ကျေးဇူးပါနော် ဒါမဲ့ သမီးစားတာ သမီးရှင်းပါ့မယ်
ရှင်းပေးခဲ့တဲ့လူ နောက်နေ့ပြန်လာရင် ပြန်ပေးလိုက်ပါ သူ့ပိုက်ဆံ’
‘ဪ အေးအေး သဲလေး’
ပိုက်ဆံရှင်းပြီး ကန်တင်းကနေ လမ်းလျှောက်ထွက်လာတဲ့ အိမ့်မွန်ကို သန့်စင်ခန်းအထွက်နားကနေ လှမ်းချောင်းကြည့်နေစဉ် သူပေးထားခဲ့တဲ့ ဆေးနဲ့ စာကို လုံးချေပြီး အမှိုက်ပုံးထဲ ပစ်လိုက်တာကို မြင်လိုက်ရတယ် ဒါလည်း သူ့အတွက် ဆွဲဆောင်မှုရှိပြီး သဘောကျစရာဖြစ်နေတုန်းပဲ
‘ထင်တဲ့အတိုင်း ငါ့ရဲ့ မာနခဲလေး ပီသပါပေတယ်’
‘မင်းကတော့ သွားပြီ ဆေးမမှီတော့ဘူးဟေ့’

‘တစ်ပတ်တောင်ရှိပြီ ငါ့ကလေးလေးကိုမတွေ့ရတာ တခုခုများဖြစ်နေလို့လားမသိဘူး ငါစိတ်ပူတယ်ကွာ’
ပြောနေရင်း အိမ့်မွန်ရဲ့ account ထဲဝင်ကြည့်မိတဲ့အခါ
‘ဖိုးဖိုးဆုံးသွားပါပြီ မြေချဖို့ -ရက်-လ-နှစ် -နာရီတွင်
# # #နေအိမ်မှ ကားများထွက်ခွါမှာမို့ မသိသေးသော ဆွေမျိုး မိတ်ဆွေများအား ညှိုးငယ်သော စိတ်ထားဖြင့် ဖိတ်ကြားအပ်ပါသည်’
‘တော်တော်စိတ်ပင်ပန်းနေရှာမှာပဲ သနားပါတယ်ကွာ’
အိမ်လိပ်စာသိလိုက်ရလို့ သွားကြည့်မိသည်
‘ငိုချင်တာငိုချလိုက်ပါလား ကလေးရယ် ဘာလို့တင်းထားရတာလဲကွယ်’

ကျောင်းပြန်တက်ပြီး ၁လအကြာ
အိမ့်မွန် သူငယ်ချင်းဖြစ်သူကို ရင်ဖွင့်မိသည်
‘စုရယ် ငါအမှန်တိုင်းပြောရရင် ငါချောင်းဆိုးနေတုန်းက
သူဆေးပေးခိုင်းတာရော ဖိုးဖိုးဆုံးတော့ သူအိမ်နားထိ လာကြည့်သွားတာရော ငါအတန်းပျက်တုန်းကစာတွေကူးပေးတာ စုမဟုတ်တာရော အကုန်ငါသိတယ်’
‘အယ်…အိမ့်ရယ် ဘာလို့မသိချင်ယောင်ဆောင်နေတာလဲ’
‘ငါ ကြောက်လို့ အချစ်လည်းမခံချင်တော့သလို ချစ်လည်းမချစ်ပေးချင်တော့ဘူး ငါထပ်ရင်မဆိုင်ရဲဘူးစုရယ် နင်အသိဆုံးပါ ငါ့ဘဝကို’
‘အိမ့်ရယ် ယောကျာ်းတိုင်းအဲ့လိုမဟုတ်ပါဘူး အရမ်းချစ်တတ်တဲ့ ယောကျာ်းတွေလည်း ရှိပါတယ် အရမ်းကိုယ့်ကိုယ်ကို မဖိနှိပ်ထားပါနဲ့ကွယ် အိမ့်ကဘာမှားခဲ့လို့လဲ အိမ့်လည်း အချစ်ခံထိုက်ပါတယ်’
‘မသိတော့ပါဘူးစုရယ်’

ဘယ်လိုပဲရှောင်ပါစေ
အမြဲမျက်စိရှေ့ကို လိုအပ်တဲ့အချိန်တိုင်းရောက်ရောက်လာတတ်တဲ့ ရှိန်းကို သဘောကျမိနေပါပြီ

ဒီလိုနဲ့ တတိယနှစ်ရောက်ခဲ့ပြီ
‘အိမ့်’
စိတ်ထဲရင်းနှီးနေတဲ့အသံကြောင့် လှည့်ကြည့်မိ
‘ရှိန်း’
အနီးကပ်မြင်ရတဲ့အချိန် ရင်ခုန်မိတာ ငြင်းမရ
သို့သော် မျက်နှာကြောကို ပြန်တင်းကာ
‘ဟုတ်ကဲ့ ပြောပါရှင့်’
‘ကျွန်တော် အခုပြောမယ့်စကားက အိမ့်ကိုအထင်သေးတာလည်း မဟုတ်သလို လွယ်တယ်လည်းမထင်ပါဘူးနော် ကျွန်တော် အိမ့်ကို သဘောကျမိနေပြီ မြတ်မြတ်နိုးနိုးနဲ့ကို သဘောကျနေပြီ’
သူမဆွံ့အသွားပြီ အနားကိုမရောက်ဖို့ အရမ်းကြိုးစားအားထုတ်ခဲ့ရတာ နာကျင်စရာအတိတ်တွေကနှစ်တွေဘယ်လောက်ကြာကြာ မနေ့တနေ့ကလိုဖြစ်နေတုန်းပဲ
အနှိပ်စက်ခံရတဲ့မြင်ကွင်းတွေက အိပ်မက်ထဲထိမြင်နေရတုန်းပဲ
‘ရှိန်း ကျွန်မတစ်ခုပြောမယ်နော်’
‘ဟုတ်ပြောပါ ကျွန်တော်တန်ဖိုးထားပြီး နားထောင်နေပါတယ်’
‘ကျွန်မအိမ်ထောင်ကျဖူးတယ် တစ်ခါအိမ်ထောင်ရေးကျရှုံးဖူးသူမို့ ထပ်ချစ်ဖို့လည်းခက်သလို အချစ်ခံရမယ်ဆိုတာကိုလည်း မမျှော်လင့်ရဲဘူး အဲ့ဒါကြောင့် အားနာပါတယ်’
အဲ့စကားကြားပြီး ဘာမှမဖြစ်ဘူးဆိုရင် လိမ်ရာကျမှာပေါ့ သူဘာဖြစ်ခဲ့သလဲဆို
ပိုသဘောကျခဲ့သည်
ကိုယ့်နောက်ကြောင်းကိုမဖုံးကွယ် ရဲရင့်ပြတ်သားတဲ့အပြောအဆို မာန်အပြည့်နဲ့မျက်နှာထား သို့သော် တကယ်ချစ်ပေးပါလို့ တောင်းဆိုနေတဲ့ မျက်ဝန်းကိုမြင်မိတဲ့အခါ ပိုသေချာခဲ့သည် ပိုချစ်ခဲ့သည်

ဖွင့်ပြောလိုက်ငြင်းလိုက် ဖွင့်ပြောလိုက်ငြင်းလိုက်နဲ့
၅ခါလောက် အငြင်းခံရပြီး ဖိုင်နယ်စာမေးပွဲပြီးတဲ့ရက်တွင်
‘စာမေးပွဲဖြေနိုင်လား မပြန်သေးရင် ကျောင်းထိပ်က ကော်ဖီဆိုင်ကိုခဏလာခဲ့ပါလား’
Message တစ်စောင်ဝင်လာသည်
Nickname လေးက ‘မောင့်မဟေသီ’ တဲ့

စာမေးပွဲတောင် ဒီလောက်ရင်မခုန်ဘူး ခုက နှလုံးသားတစ်ခုလုံး ပြုတ်ထွက်တော့မလိုပဲ
‘ခုလာပြီ ပြေးလာခဲ့မယ်’
စာကိုအမြန်ရိုက်ပို့ပြီး သူငယ်ချင်းတွေတောင် နှုတ်မဆက်နိုင် သုတ်ခြေတင်ပြီး ပြေးပါလေရော
‘အိမ့် ကျွန်တော်ကြာသွားလား တော်တော်စောင့်လိုက်ရလား အိမ့်ဘာသောက်မလဲ အပူလားအအေးလား ကျွန်တော်သွားမှာပေးမယ်လေ’
စိတ်လှုပ်ရှားပြီး တောက်လျှောက်ပြောနေတဲ့ ရှိန်းကို
‘နေပါဦး ထိုင်ဦးခဏ အမောဖြေဦး ရော့ ရေအရင်သောက်’
စကားကိုဖြတ်ပြီးမနည်းတားယူရတယ်
ရေတစ်စွတ်လောက်သောက်လည်းပြီးရော
‘ရပြီ အိမ့် ပြောလို့ရပြီ ဘာပြောမလို့လဲဟင်’
‘တခုခုမှာမယ်လေ’
‘အိမ့်သဘော အိမ့်ကြိုက်တာလေး မှာပေးမယ်နော်’
မှာထားတာတွေ ရောက်လာပြီးတဲ့အထိ အိမ့်က ဘာမှမပြောသေးဘဲ ငြိမ်နေသည်
အခြေအနေကို အကဲခတ်ပြီး စကားစပြောလို့ကောင်းမယ်ထင်တဲ့ မျက်နှာထားလေး မြင်ရချိန် အသည်းအသန်နဲ့
‘အိမ့် ဘာပြောမလို့လဲ ကျွန်တော်နားထောင်နေတယ်နော်’
‘ကျွန်မ တစ်ခုမေးမယ်နော်’
‘ဟုတ်’
‘ရှိန်း ကျွန်မကို ကျွန်မအတိတ်တွေကနေ လွတ်မြောက်အောင် ကူညီပေးနိုင်မှာလား’
‘ကူညီတယ်ဆိုတာထက် ကျွန်တော်က အိမ့်ကို တကယ်မြတ်မြတ်နိုးနိုးနဲ့ ချစ်တာလေ ကျွန်တော့်ကို ရွေးပါ ကျွန်တော်အိမ့်ဒဏ်ရာတွေကို သက်သာစေရပါ့မယ် အနာကျက်ပြီး အမာရွတ်ကျန်ခဲ့ရင်တောင် အမာရွတ်လေးတွေကို ဖွဖွနမ်းပါ့မယ်’
‘တကယ်လို့ ကျွန်မက တွဲပဲတွဲနိုင်ပြီး လက်မထပ်နိုင်ဘူးဆိုရင်ရော’
‘အိမ့် လက်ထပ်လာချင်အောင် ကျွန်တော်က ဆွဲဆောင်ပါ့မယ်’
‘…’

ဇာတ်သိမ်းပိုင်းဒီlinkကနေ ဖတ်နိုင်ပါပြီ
https://www.facebook.com/share/p/18uYPumyTS/?mibextid=wwXIfr

14/03/2026

ဘဝမှာ တခုခုကျရှုံးတိုင်း ဒီလူကို မှီခိုရတယ်
သူ့ရဲ့စကားတစ်ခွန်းက ဝမ်းနည်းတဲ့အချိန်မှာ
စိတ်သက်သာရာရစေသလို
စိတ်ဓာတ်ကျတဲ့အချိန်မှာ
အားပြန်တက်စေတယ်

တနေ့တမျိုး မရိုးရအောင်
တခုပြီးတခု ဆုံးရှုံးနေရတဲ့ ခေတ်ကြီးမှာ
ဒီလူသား ကိုယ့်အနားမှာ ကျန်နေသေးတာကိုပဲ
ကိုယ့်မှာ ကျေးဇူးတင်ရတယ်…

14/03/2026

#လက်ထပ်ခြင်းကဘဝရဲ့အစ

#ပထမပိုင်း

အိမ့်မွန်

မွေးချင်း၅ယောက်ထဲ အကြီးဆုံးသမီး
အေးအေးချမ်းချမ်းနေတတ်ပြီး စကားနည်းသူ
ချမ်းသာတဲ့အသိုင်းအဝိုင်းကမဟုတ်ပေမယ့်
မိဘဆွေမျိုးတွေက မြေးဦးသမီးဦးမို့ အချစ်ပိုကြသည်
အသားအနည်းငယ်ဖြူ ထူးခြားတဲ့ရုပ်ရည်သွင်ပြင်ရှိ
အရယ်အပြုံးနည်းသူ လမ်းသွားရင်
ဘေးဘီဝဲယာမကြည့်တတ်
လူတွေကိုခေါ်ပြောနှုတ်ဆက်ရမှာ စိတ်ရှုပ်လို့မကြိုက်သူ
သူမက ဘယ်သူ့အကြောင်းမှစိတ်မဝင်စားပေမယ့်
လူတွေကတော့ သိပ်စိတ်ဝင်စားကြသည်။
ကျောင်းမှာဆို ထိပ်ဆုံး၅ယောက်ထဲအမြဲပါ
ငယ်ငယ်ကတည်းက စာတော်ပေမယ့် ဆရာဆရာမတွေရဲ့အချစ်တော့မခံရ
ကျူရှင်မတက်လို့ အမြဲအမဲခံရတဲ့အထဲပါတယ်
အကြောကတော့ ခပ်တင်းတင်း မဲချင်မဲရဲချင်ရဲ
သူမကတော့ ပုံမှန်အတိုင်းနေမြဲနေဆဲ…

တနေ့…
‘ဘေးအိမ်ကို အိမ်ငှါးလူသစ်တွေပြောင်းလာတာထင်တယ် နယ်ဘက်ကဖြစ်မယ့်ပုံပဲ … …’
အလွန်စပ်စုတတ်တဲ့ အိမ့်မွန်ရဲ့ တီတီဖြစ်သူရဲ့အသံက
စာကျက်နေတဲ့အိမ့်မွန်အသံကို ဖုံးအောင် အာဘောင်အာရင်းသန်သန်နဲ့ ပြောနေတာကြားတော့
‘မီးကြီးစာမေးပွဲနီးနေပြီ စာကျက်နေတယ် နင့်အသံကိုလျှော့စမ်း’
ဖွားဖွားကလှမ်းဆူပါလေရော

ညီသာ

ညီအစ်ကို၂ယောက်တည်းသာရှိပြီး အငယ်ဆုံးသား
ရုပ်ရည်ခပ်ဖြောင့်ဖြောင့် ရယ်လိုက်ရင် သွားလေးတွေကညီပြီး ကြည့်ကောင်းတဲ့လူပုံသဏ္ဍန်
ပညာအရည်အချင်းကတော့ ၁၀တန်းအောင်
ကျားမ မရွေးဖော်ရွေတတ်သူ

‘ညီမလေး ကျောင်းသွားတော့မလို့လား’
‘အင်း ဘာလုပ်မလို့လဲ’
‘ဒီတိုင်းနှုတ်ဆက်တာပါ ဘာမှမလုပ်ပါဘူး’
‘…’
အိမ့်မွန်က ဘာမှပြန်မပြောဘဲထွက်သွားတော့
ရယ်ကြဲကြဲနဲ့ကျန်ခဲ့

ဒီလိုနဲ့
တစ်ရက်မပျက်နှုတ်ဆက်ခံရရင်း ကြာလာတော့
စိတ်ထဲကိုရောက်ရောက်လာပြီး နှုတ်မဆက်တဲ့ရက် မတွေ့မိတဲ့ရက်ဆို လမ်းသွားရင်ဘယ်မှမကြည့်တဲ့
မိန်းကလေးက မျက်စိတွေလျှောက်ကစားရင်း
ရှာနေမိတယ်

‘အိမ့်ရေ နင့်အဆင် ကျောင်းရှေ့မှာဟေ့’
ငယ်ငယ်ကတည်းက သူငယ်ချင်းနည်းတဲ့ သူအတွက်တော့ အနီးကပ်ဆုံးဖြစ်ခဲ့တယ်လို့ ပြောလို့ရတဲ့ သူငယ်ချင်း ‘သူဇာ’
‘အသံပြဲနဲ့ဘယ်လိုဖြစ်နေတာလဲ သူများတွေကြားကုန်ဦးမယ်’
ပြောရင်း ရှက်ပြုံးပြုံးပြီး ကျောင်းရှေ့ကိုပြေးတွေ့

ဒီလိုနဲ့ အနေနီးလာပြီး တရက်ထက်တရက် ပိုငြိတွယ်လာခဲ့ကြတဲ့အခါ
‘အိမ့်မွန်’
‘ဟုတ် အစ်ကို ပြောလေ’
‘အစ်ကို့ကို ချစ်လား’
‘ချစ်တာပေါ့ အစ်ကိုရယ်’
‘အစ်ကိုလည်း အရမ်းချစ်တယ်သိလား ယုံပေးနော်’

ဒီလိုနဲ့အချစ်နွံနစ်လာတဲ့ အိမ့်မွန်က
အကျင့်တွေပျက်လာပြီ
‘သမီး နင်ကျောင်းမသွားဘဲ ဘယ်သွားနေတာလဲ
ဆရာမက ကျောင်းမတက်ဘူးတဲ့ လာတိုင်သွားတယ်’
‘သမီးသူငယ်ချင်းနဲ့လျှောက်လည်မိတာပါ
နောက်မဖြစ်စေရပါဘူး မေမေ’
‘ဘေးအိမ်ကကောင်နဲ့ သွားတာမဟုတ်ဘူးလား
အဲ့ကောင်အချိုးမပြေဘူးနော်
ငါလုံးဝသဘောမတူဘူးနော် မီးကြီး ရပ်တန်းကရပ်
မဟုတ်ရင် နင့်အဖွားတွေရွာကို ပို့ပစ်မှာနော်’
အဖေရော အမေရော ဝိုင်းဆူတာ ခံနေရချိန်
ဘေးအိမ်က သူမရဲ့ အရမ်းချစ်တဲ့ချစ်သူကတော့
ကျောင်းဆင်းချိန် အိမ်ရှေ့က ဖြတ်လျှောက်သွားတဲ့
ကောင်မလေးတွေကို ငေးနေလေရဲ့

‘ဘေးအိမ်ကကောင်ကငရှုပ်နော် ဖွန်ကလည်းရှယ်ကြောင်တာ’
တီတီပြောနေတာ နားစွင့်ရင်း
‘အစ်ကိုကအဲ့လိုလူမဟုတ်ပါဘူး’ စိတ်ထဲကရေရွတ်နေမိတယ်
(ကျွန်မတို့မိန်းမတွေဟာ သိပ်ခက်တယ် ချစ်မိရင် အကန်းပဲ…စာရေးသူရဲ့ဖြည့်စွက်ရေးသားမှု)

ရုတ်တရက်
‘အိမ့် ကိုတို့နယ်ကို အိမ်ပြန်ပြောင်းတော့မယ်
ကိုတို့တော်တော်နဲ့ ပြန်တွေ့ရဦးမယ်မထင်ဘူး
အိမ့်မလိုက်နိုင်ရင် ကိုတို့လမ်းခွဲကြရအောင်’
ရူးမိုက်တဲ့မိန်းမသား ကိုယ့်ကိုလမ်းခွဲချင်မှန်းမသိဘဲ
ချမိတဲ့ဆုံးဖြတ်ချက်က

‘သမီးမရှိတော့ဘူး ခိုးရာလိုက်သွားပြီတဲ့ ဒီမှာစာ’
အဖေဖြစ်သူရဲ့နားထဲကို သံရည်ပူလောင်းလိုက်သလို
‘ဖေနဲ့မေ
အကိုတို့ နယ်ပြန်ပြောင်းမှာမို့
သမီး အစ်ကိုနဲ့မခွဲနိုင်လို့ အစ်ကို့နောက်လိုက်သွားပါပြီ
စိတ်ဆင်းရဲအောင်လုပ်မိရင် ကန်တော့ပြီးတောင်းပန်ပါတယ်
ခွင့်မလွှတ်ရင်လည်း လက်ခံပါ့မယ်’

‘သွားပါပြီ ကျွန်မတို့မျှော်လင့်ချက်လေး ကျွန်မတို့အချစ်ဆုံးလေး ၁၀တန်းတောင် မအောင်သေးဘဲ ဘယ်လိုရပ်တည်မှာလဲ လုပ်ကြပါဦး ကယ်ကြပါဦး’
ငိုကြီးချက်မ အမေဖြစ်သူမှာ အရူးမီးဝိုင်း
အဖေဖြစ်သူခမျှာမှာလည်း သူပွဲကြမ်းမိလို့ သူ့သမီးလေး
မိုက်ရူးရဲဆန်ဆန် ဆုံးဖြတ်သွားတာ ဆိုပြီး
ဝမ်းနည်း ယူကြုံးမရ ဖြစ်ကြရှာပြီ

‘ဟလို’
‘သမီးလေး အဆင်ပြေလား နေကောင်းရဲ့လား’
‘ပြေပါတယ် အစ်ကိုကလည်း မျက်စိအောက်ကအပျောက်မခံဘူး အစ်ကို့အမေကလည်း သမီးကို ချစ်ပါတယ်’
သူမအချစ်ခံနေရပုံကတော့ ဒီလို…
‘အိမ့်မွန် ညည်းအိမ်မှာ ဖူးဖူးမှုတ်ခံထားရတယ်ဆိုတိုင်း
ငါတို့အိမ်မှာ ဘာမှမလုပ်လို့မရဘူးနော်’
အိမ့်မွန်နဲ့ ယောက္ခမဖြစ်သူ ဒေါ်မိအေးရဲ့ ဆူသံက
မိုးလင်းတာနဲ့ကြားရပါပြီ

ဒေါ်မိအေး

နာမည်နဲ့လူနဲ့မလိုက်အောင် ပူလောင်လွန်းသူ
မလိုမုန်းထားစိတ်အပြည့်ရှိပြီး အရပ်တကာလှည့်အတင်းပြောတတ်သူ

‘အဝတ်တွေအဝတ်လျှော်စက်နဲ့မလျှော်နဲ့နော် ပျက်စီးမယ် လက်နဲ့သေချာပွတ်လျှော် ကြားလား’
သူ့သား၏ အပြင်တခါသွား တခါလဲတဲ့ ဂျင်းဘောင်းဘီအထူတွေကို အိမ့်မွန်ခမျာ လက်ဖဝါးနုနုတွေ ပေါက်ပြဲတဲ့အထိ ပွတ်တိုက်လျှော်ရရှာ ထမင်းစားချိန် လက်နဲ့မစားနိုင် ပွန်းပဲဒဏ်ရာတွေကြောင့် ဇွန်းနဲ့စားမယ်အလုပ်
‘ထမင်းဆိုတာ လက်နဲ့စားမှ အားရတာ
သေချာနယ်ဖက်စား ဇွန်းနဲ့ ဟိုနှောက်ဒီမွှေလုပ်မနေနဲ့’
‘ဟုတ်ကဲ့’
တမင်နှိပ်စက်နေလည်း ကြိတ်မှိတ်သည်းခံ
ကိုယ်မှားခဲ့တဲ့ ဆုံးဖြတ်ချက်ဆိုတော့လည်း ခံပေဦးပေါ့
အိမ်မွန်ရေ…
အစကတည်းက ထားခဲ့ဖို့ စီစဉ်ချင်ခဲ့တဲ့ ညီသာ
မိန်းမရတော့လည်း အချိုးမပြောင်း ပိုလို့သာဆိုးလာတယ်
အလုပ်မလုပ် ရေသာခို အလေလိုက် မိန်းမရှုပ်ပြီး
တနေကုန်တနေခမ်း အပြင်သွားလိုက် ပြန်လာလိုက် ပြန်ထွက်နဲ့ အချိန်ကုန်
မိန်းမကိုလည်း နင့်ဘာနင်လိုက်လာတာ ငါခေါ်တာမဟုတ်ဘူး ဆိုတဲ့အထာနဲ့ အမြဲနှိပ်ကွပ်
၁နှစ်ကြာ…
‘အစ်ကို အိမ့် အမေတို့ကို သတိရလို့ အိမ်ခဏပြန်လို့ရမလားဟင်’
မိန်းမတွေနဲ့ ရှုပ်ချင်တိုင်းရှုပ်နေတဲသူဆိုတော့
မရှိလေကောင်းလေပေါ့ ကားဂိတ်ထိတောင်
လိုက်ပို့လိုက်သေး
ထူးထူးဆန်းဆန်း မုန့်တွေဘာတွေတောင် ဝယ်ပေးနေတဲ့
အမျိုးသားဖြစ်သူကို ပြုံးကြည့်နေရင်း ရွံရှာစက်ဆုပ်မိ

ဒီလိုနဲ့ အိမ်ပြန်အရောက်
‘မေ’
အိမ်ရှေ့ တံမြက်စည်းလှည်းနေတဲ့ သူမရဲ့အမေကို
တွေ့တွေ့ချင်း အားတွေအလိုလိုရှိလာပြီး
ပြေးဖက်မိ
ဒီ၁နှစ်ဆိုတဲ့ကာလအတွင်းမှာ ဖုန်းနဲ့သာအဆက်အသွယ်လုပ်နိုင်ခဲ့တယ်
မိဘဆွေမျိုးတွေကိုရင်မဆိုင်ရဲ မှားခဲ့တဲ့အမှားအတွက်
နောင်တရနေပေမယ့် မိဘရင်ခွင် ပြန်ဝင်ဖို့ အားနာ
ကိုယ့်အောက်က အငယ်တွေကို မျက်နှာမပြရဲတော့
နှိပ်စက် အထုအထောင်းခံ အဆဲအဆိုခံပြီး
သည်းခံနေလာခဲ့ရာက သည်းမခံနိုင်တော့တဲ့အဆုံး
စကားအချိုသွေးပြီး အိမ်ပြန်လာခဲ့တယ်
အိမ်ပြန်ရောက်တော့မှ အိမ်ဟာအိမ်လို့ခံစားရ
ရောက်ရောက်ချင်းမှာပဲ သူမနှစ်နှစ်ခြိုက်ခြိုက်
အိပ်ပျော်သွားပြီး
အိပ်မက်ထဲမှာ မေက သူမလက်ကလေးကိုင်ပြီး
‘ငါ့သမီးလေး ပင်ပန်းခဲ့ရှာတာပဲ ကြည့်ပါဦး အရင်ဆိုဖြူဖွေးနုဖက်နေတဲ့ လက်ကလေးတွေက အသားမာတွေတောင် တက်နေပါရော့လား’
သူမမျက်ရည်တွေစီးကျလာတယ်
နိုးလာတော့ တစ်အိမ်သားလုံး ဝိုင်းထိုင်ကြည့်နေတာကို
မြင်ရတော့ ရုတ်တရက်လန့်ပြီး သူမအမေကိုင်ထားတဲ့
သူမလက်ကို ရုတ်ပြီး မျက်ရည်တွေသုတ်လိုက်မိတယ်
မေကမေးတယ်
‘သူတို့သမီးလေးကိုနှိပ်စက်ကြသေးလား’
‘…’
ဒီစကားလေးတစ်ခွန်းကြားတဲ့ချိန် သူမစိတ်ကိုမထိန်းနိုင်တော့ပါ အမေကိုဖက်ပြီး ရှိုက်ကြီးတငင် ငိုချလိုက်ပါပြီ
လူ့သဘောသဘာဝအလျောက် ကိုယ့်ကိုစာနာတဲ့တစ်ယောက်ယောက်ရှိနေကြောင်းသိရရင် ပိုဝမ်းနည်းတတ်ကြတယ်မဟုတ်လား
ခံစားခဲ့ရသမျှ မိဘတွေကိုရင်ဖွင့်ရင်း
‘ဖေနဲ့မေ သမီးကိုကယ်ပါ သမီးမပြန်ချင်တော့ဘူး သမီးကိုပြန်လက်ခံပေးပါနော်’
‘သေချာတာပေါ့သမီးရယ် သမီးလေးနေချင်နေလို့ရတာပေါ့ ဒါသမီးရဲ့အိမ်လေ’
‘ငါသာအမှုဖွင့်ဘာညာမချိန်းခြောက်ခဲ့ရင် ခုလိုနှိပ်စက်တာမျိုး မလုပ်လောက်ဘူးလားကွယ်’
ဖခင်မှာလည်း စိတ်မကောင်းစွာဖြင့်…

ဒုတိယပိုင်းကို ဒီlinkကနေ ဖတ်နိုင်ပါတယ်…
https://www.facebook.com/share/p/1C7dT8fmW2/?mibextid=wwXIfr

ဇာတ်သိမ်းပိုင်း ဒီlinkကနေဖတ်နိုင်ပါပြီ
https://www.facebook.com/share/p/18uYPumyTS/?mibextid=wwXIfr

13/03/2026

အကြောင်းတစ်ခုခုကြောင့်
ကိုယ့်ကို မချစ်နိုင်တော့ရင်များလေ
ပွင့်ပွင့်လင်းလင်းပြောပြီးသာ
ထားခဲ့ပါအချစ်ရေ…

မင်းကိုအပစ်လည်းမမြင်သလို
မကောင်းလည်းမပြောရက်ပါဘူး…

အနားမှာနေချင်လည်းရတယ်
အဝေးမှာပျော်ချင်လည်းရတယ်
ကိုယ်ဟာ မချုပ်ချယ်ခြင်းနဲ့
ချစ်ပေးထားတဲ့သူမို့…

မင်းကိုသာဆိုရင်လေ
ကိုယ်က
အကုန်ခွင့်လွှတ်တယ်…

13/03/2026

ကျွန်မတို့နှစ်ယောက် လက်ထပ်တဲ့အချိန်က
လက်ထပ်ခွင့်ပေးပါဆိုပြီး
မပြောဖြစ်ခဲ့ကြသလို
လက်ထပ်လက်စွပ်တွေလည်း
မလုပ်ကြဘူး
လူတွေအုံးအုံးဒိုင်းဒိုင်းနဲ့လည်း
မင်္ဂလာမဆောင်ဖြစ်ခဲ့ကြဘဲ
အေးအေးချမ်းချမ်း
လက်မှတ်လေးပဲထိုးခဲ့တယ်
နှစ်ယောက်အတူတိုင်ပင်ထားတဲ့ဘဝလေးကို
အေးအတူပူအမျှဖြတ်သန်းတယ်
ကိုယ်ချောင်းလေးဆိုးရင်တောင်
ချောင်းဆိုးပျောက်ပြီးနောက်ရက်တွေထိ
သက်သာရဲ့လား သူအမြဲမေးသလို
သူလက်စွယ်ငုတ်တာလားမသိဘူးပြောတုန်းက
ပြည်တည်ရင် ဘယ်အဆင့်ထိဖြစ်နိုင်လဲ
google မှာရှာပြီး
ဆရာဝန်တောင်စုံစမ်းပြီးပြီ
ကိုယ်မျက်နှာမှိုင်နေတဲ့ပုံပေါ်ရင်
သူ မရယ်ရယ်အောင်လိုက်စသလို
သူတခုခုကိုစိတ်မကြည်နေရင်
အလိုက်တသိနဲ့ငြိမ်နေပေးတယ်
ကိုယ့်တို့နှစ်ယောက်အတွက်တော့
ဒီလောက်ဆို
အချစ်ကပြည့်စုံပါပြီ

12/03/2026

ချစ်လို့ပြန်လာတယ် ဆိုတဲ့စကားကို
ကိုယ်လက်မခံနိုင်ဘူး
ကိုယ်လက်ခံထားတဲ့အချစ်က
ထွက်မသွားခြင်းမို့လို့
မင်းနဲ့ကိုယ် စကား​ပြောရတာ
သိပ်မ​ကောင်း​တော့ဘူး
ဒီမှာပဲ ရပ်လိုက်ကြတာ​ပေါ့
အခု​ပြော​နေတဲ့စကားကို​ရော
ကိုယ်တို့ဆက်ဆံ​ရေးကို​ရော...

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon