Burmapunk
“Burmapunk” magazine presents Science Fiction contents and stories for SF enthusiasts.
29/01/2026
Burmapunk ကနေ လကုန်မှာ ပြသမယ့် the last zawgyi ရုပ်ရှင်နဲ့ ပတ်သတ်ပြီး Yangon inaction မှ ဒါရိုက်တာ အောင်မျိုးမင်းကို ဒုတိယအကြိမ် interview မိပါတယ်။
ဖီယို ။ ။ မင်္ဂလာပါ။ ကို အောင်မျိုးမင်း။ Burmapunk ကနေ ဒုတိယ အကြိမ် ကြိုဆိုလိုက်ပါတယ်။
အောင်မျိုးမင်း ။ ။ ဟုတ်ကဲ့ မင်္ဂလာပါ။
ဖီ။ ။ ဆိုတော့ ရှေ့တစ်ခေါက်က မြန်မာနိုင်ငံနဲ့ စိတ်ကူးယဉ် သိပ္ပံ အကြောင်းတွေ ဆွေးနွေးခဲ့ကြတာပေါ့။ ဒီတစ်ခေါက်ကတော့ ကို အောင်မျိုးမင်း ဖန်တီးထားတဲ့ The last zawgyi ရုပ်ရှင်လေးနဲ့ ပတ်သတ်ပြီး ဆွေးနွေးသွားပါမယ်။
အောင်။ ။ ဟုတ်ပါတယ်၊
ဖီ။ ။ အဲ့တော့ ဒီ the last zawgyi ကို 2019လောက်ထဲက zeragon နာမည်နဲ့ trailer လေး ထုတ်ခဲ့တယ်ပေါ့နော်။
အောင် ။ ။ announcement က 2020လောက်မှာပါ။ pre production ကတော့ 2019ထဲကပေါ့။ 2020မှာ shooting စတယ်။ ရိုက်ဖြစ်တယ်။ announce တယ်ပေါ့။
ဖီ။ ။ ဒီ project က 2019-2020ထဲက လုပ်ဖြစ်တဲ့ project လို့ ပြောရမှာပဲ။ ဒီလောက်ကြာပြီးမှ ဘာလို့ 2025-2026ထဲရောက်မှ တစ်ဖန် အသက်ဝင်လာစေခဲ့တာလဲ။ ကြားထဲမှာ ဘယ်လို အခက်အခဲတွေများ ရှိခဲ့လို့လဲ။
အောင်။ ။ အဓိက ကတော့ Covid 19က စပြီး မမျှော်လင့်ထားတွေ ဖြစ်ခဲ့တဲ့ အတွက်ပေါ့နော်။အစကတော့ ကျွန်တော်တို့ ဒီဟာလေးကို ရုပ်ရှင်ဝါသနာရှင်တွေ အနေနဲ့ စုပြီး လုပ်ဖြစ်ကြတာပေါ့နော်။ တစ်ဖက်တစ်လှမ်းကနေ လုပ်နိုင်တစ်လောက်လေး လုပ်မယ် ရိုက်မယ် ပေါ့နော်။ အဓိက ကတော့ ကိုယ်တွေဘက်မှာ …. ဘယ်လိုပြောရမလဲ…မခိုင်ဘူးပေါ့။ အကုန်လုံးက ဝါသနာ အရ ဖြစ်နေတော့ passion project ပေမယ့် Covid 19 နဲ့ အခြားဟာတွေ ဝင်လာတဲ့အခါ သေချာ မဆွဲကိုင်နိုင်ဘူးပေါ့နော်။ အဲ့လိုနဲ့ပဲ ကျွန်တော်တို့ project ကို နားလိုက်ရတယ်။ ဒါပေမယ့်လည်း ပြန်ပြီးတော့ လက် မလျော့ ချင်တော့ဗျာ…ဒါကို ဘယ်လို ဆက်လုပ်ရမလဲ စဉ်းစားပြီး ၂၀၂၄အကုန်လောက်မှ ပြန်ပြီးတော့ စဖြစ်တဋပေါ့နော်။ ဒီကောင့်ကို အဲ့ထဲက လုပ်တာကနေ အခုထိ ကြာသွားတာပေါ့။ ဟုတ်ကဲ့ပါ။
ဖီ။ ။ ဟုတ်။ ဒါ ၂၀၁၉ ကနေ ၂၆ ထိ ဆိုတော့ ၇နှစ်နီးနီးတောင် ရှိမယ် ထင်တယ်ပေါ့နော်။
အောင် ။ ။ တကယ်တမ်း အချိန်ပေး ဖြစ်တာတော့ နှစ်နှစ်လောက်ပဲ ရှိမယ်။ကြားထဲမှာ နားတာလေးတွေရှိတော့ပေါ့နော်။ ဒါပေမယ့် နားတယ် ဆ်ုပေမယ့် ဘယ်လိုမျိုး ဆက်လုပ်ရမလဲကို ထိုင်စဉ်းစားနေတဲ့ အတွက်ကြောင့် extra project လေးတွေ ထွက်လာတာလည်း ရှိတယ်။ ဥပမာ အခုဆို ကောမစ် ပြင်ဆင်နေတယ်ပေါ့။ နောက်ထပ် to be announced တခြား project လေးတွေလည်း ရှိပါတယ်။
ဖီ။ ။ ဟုတ်ကဲ့။ ပြောရရင် 2019-20လောက်ထဲက လုပ်ထားတဲ့ project ကို 24မှ ပြန် resume တော့ ကြားထဲ ပြောင်းလဲမှုတွေ reshoot တွေလည်း ရှိမယ် ထင်တယ်။ ဆိုတော့ 2019လောက်ကနဲ့ အခု လက်ရှိမှာ ဘယ်လိုမျိုး ပြောင်းလဲသွားတာတွေ၊ improve သွားတာတွေ ရှိလဲပေါ့။ duration တွေ ပိုသွားလား။ scene အသစ်တွေ ပါလာလား။ အရင်တုန်းက scene တွေကိုပဲ ပြန်ရိုက်တာမျိုး ရှိလားပေါ့။
အောင်။ ။ script က အစထဲက confirm ပြီးသားပေါ့နော်။အဲ့ဒါကိုမှ Covid ဖြစ်တော့ ရိုက်ဖို့ ကျန်နေခဲ့တာလေးတွေ ရှိတာပေါ့။ အဲ့ scene တွေကို 2024ရောက်မှ ပြန်ရိုက်လိုက်တယ်ပေါ့။ ဒါပေမယ့် အဲ့မှာ ကျွန်တော်တို့ လိုတိုးပိုလျော့လေးတွေ လုပ်တာရှိတယ်။ အဲ့လိုရှိတော့ အရင်က script ထက် နည်းနည်း ပိုပြီး ကျယ်ပြန့်သွားတာမျိုးတွေတော့ ရှိပါတယ်။ အချို့ 2020တုန်းက အားမရတဲ့ scene တွေကို replace လိုက်တာမျိုးတွေရှိတယ်။ အခြား actor တွေဆို cut ခံလိုက်ရတာတွေလည်း ရှိတယ်။ အခြေအနေအရ ပြန်မပါနိုင်တော့တာတွေရယ်၊ ကျွန်တော်တို့ ရုပ်ရှင်နဲ့ ကောမစ်မှာ ချိတ်ဆက်ဖို့ လုပ်လိုက်တဲ့အတွက် ဖြုတ်လိုက်ရတဲ့ character တွေလည်း ရှိတာပေါ့နော်။ ကျွန်တော်တို့ စုစုပေါင်း runtime 45 မိနစ်မှာ တစ်ဝက်လောက်က 2020မှာ ရိုက်တယ်။ ကျန်တစ်ဝက်ကျော်လောက်ကို 2024မှာ ရိုက်တယ်ပေါ့။
ဖီ။ ။ half and half ပေါ့နော်။ ဒါနဲ့ 45မိနစ်ဆိုတော့ ဒါ ရုပ်ရှင်အနေနဲ့ တိုတယ်ပေါ့။ တစ်ချိန်တည်းမှာပဲ short film အနေနဲ့ကျ ရှည်နေပြန်ရော။ announcement မှာလည်း ဒါ mid length film လို့ ပြောထားတယ်ပေါ့။ အဲ့တော့ ဒီ ရုပ်ရှင်ဟာ audience တွေအတွက် ဘယ်လိုမျိုး ဖြစ်မလဲ။ အစားအစာ term နဲ့ဆို အစာပြေ appetizer လည်း မဟုတ်ဘူး ဒါပေမယ့် main dish လည်း မဟုတ်ဘူး။ ဘယ်နားလောက် သွားကျမလဲပေါ့။ ဒါ ရုပ်ရှင်တစ်ခုရဲ့ pilot ဖြစ်မလား။ ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်မလား။ ရုပ်ရှင်ကို ပျိုးတဲ့ ဇာတ်ဝင်ခန်းရှည်တစ်ခု ဖြစ်မလားပေါ့။
အောင်။ ။ အကောင်းဆုံး ခေါင်းစဉ်တပ်ရရင် ဒါကလေ concept လို့ပဲ ခေါင်းစဉ် တပ်ရမယ် ထင်တယ်။ prologue …concept ပေါ့။ ရုပ်ရှင်ကားကြီး တစ်ကားလို့လဲ မခံစားရဘူး။ short film လို့လဲ မခံစားရဘူး။ Pilot ဖြစ်ရဖို့လဲ လာမယ့် စီးရီးအပိုင်းတွေ announce ထားတာမျိုး မရှိတော့…ဘယ်လိုပြောရမလဲ..proof of concept လို သဘောလေး ဖြစ်သွားတယ်ပေါ့။ character တွေ မိတ်ဆက်မယ်။ world building တွေ ပြမယ်။ အဲလိုမျိုး ခံစားရမယ်တော့ ထင်ပါတယ်။
ဖီ။ ။ ဒါဆို ကျွန်တော်တို့ character တွေ အကြောင်းသွားရအောင်။
ကျွန်တော်တို့ Burmese mytho မှာဆို နဂါးတွေ၊ဂဠုန်တွေ၊ ဘီလူးတွေ စတာတွေ ရှိတယ်ပေါ့။ အဲ့ထဲက ဘာဖြစ်လို့ ဇော်ဂျီ character ကိုမှ ရွေးပြီး explore မိတာလဲ။
အောင်။ ။ The Last Zawgyi ဆိုတဲ့ ရုပ်ရှင်တော့ နာမည်မှာ ဇော်ဂျီ ပါပေမယ့် တကယ်က ဇော်ဂျီ ရုပ်ရှင်တော့ မဟုတ်ဘူးပေါ့နော်။ ဇော်ဂျီနဲ့တော့ ပတ်သတ်တာပေါ့။ ဘာလို့လဲဆိုတော့ spoiler ဖြစ်မှာဆိုးလို့ ထွက်တော့မှ ကြည့်ကြည့်ပေါ့နော်။
Story ကို အကောင်းဆုံး describe ရမယ် ဆိုရင် ဇော်ဂျီတွေရဲ့ ဖြစ်တည်မှုကြောင့် ဖြစ်ပေါ်လာတဲ့ conflict တွေကို ပြထားတဲ့ ဇာတ်လမ်းမျိုးပေါ့။
ကျွန်တော်တို့ ဒီ ရုပ်ရှင်ရဲ့ အဓိက ဇာတ်ကောင် Zeragon ဆိုတဲ့ ဇာတ်ကောင်ကို ဖန်တီးတုန်းက ဇော်ဂျီနဲ့ ချိတ်ဆက်မိမယ် မတွေးထားဘူး။ ကျွန်တော်တို့ လုပ်ချင်တာက superhero ..superhero ဆိုတာထက် Zeragon ကတော့ anti hero ဘက်ကို ပိုရောက်မယ်ထင်တာပေါ့။ Superhero ကားတွေကို ကြည့်လိုက်ရင် power တွေများပြီးတော့ .. game စကားအရ ပြောရင် tank ဆန်တာ carry ဆန်တဲ့ character တွေများတာပေါ့။ ninja တို့လို agility character တွေလည်း ရှိမယ်ဗျာ။ ဒါပေမယ့် healer character က ရှားတယ်ပေါ့။ superhero genre ထဲမှာ ။ အဲ့ဒါမို့ ကျွန်တော်တို့က healer character role ကို explore ချင်တာပေါ့။
ပြီးတော့ 2019လောက်က Unicode နဲ့ ဇော်ဂျီ ကိစ္စကလည်း ခေတ်ထနေတော့။ ကိုယ်ပိုင် original ဇာတ်ကောင် ဖန်တီးမယ်ဆိုတော့ မြန်မာမှုလည်း ပါအောင်ဆိုတာကနေ ဇော်ဂျီနဲ့ ဆက်စပ်မိသွားတာပါ။
ဖီ။ ။ ဒါဆို Unicode က လူဆိုးပေါ့။
အောင်။ဟားဟား။ ဟုတ်။ Unicode က နောက်ဆုံး လူဆိုးဖြစ်မယ်ဗျ။
ဖီ။ ။ အရင်က Zeragon the last zawgyi လို့ ပေးခဲ့တယ်ပေါ့။ အဲ့တော့ ကျွန်တော်တို့ ထင်တာက Zeragon ဆိုတာ last zawgyi လားပေါ့။ အခုက title မှာ Zeragon ကို ဖြုတ်လိုက်တာ ဘာကြောင့်လဲ။ Zeragon နဲ့ Zawgyi ကရော ဘာဆက်နွယ်မှုရှိလဲဆိုတာလေး ပြောပြချင်လား။
အောင်။ ။ Zeragon က ဘာလဲ။ Zawgyi က ဘာလဲဆိုတာတော့ ကျွန်တော်တို့ ပြောတာထက် ရုပ်ရှင်ထဲမှာ ကြည့်လိုက်တာ ပိုရှင်းသွားမယ်ထင်တယ်ပေါ့။ ဘယ်လို ပြောရမလဲ။ idea အရ အဲ့ concept တွေက နည်းနည်းလေး ပိုမြင်သွားမယ် ထင်တယ်ပေါ့နော်။
ဖီ။ ။ ဒါဆို ဇာတ်လမ်းဇာတ်အိမ်တည် တဲ့ အကြောင်းလေး ပြောရအောင်။ ဒီ ရုပ်ရှင်က folklore တွေနဲ့ ဆိုင်ပေမယ့် ဘာလို့ ခေတ်ဟောင်း သို့ မျက်မှောက်ခေတ်ကို အခြေမခံဘဲ အနာဂတ်ကာလတစ်ခုမှာ အခြေခံထားတာလဲပေါ့။
အောင်။ ။ ဘာကြောင့်လဲဆိုရင်…ကျွန်တော်တို့ စောစောက ပြောခဲ့သလိုပေါ့။ ဇော်ဂျီနဲ့ဆိုင်တာ လုပ်တော့မယ်ဆိုရင် တော်တော်များများ တွေးမိတာက ရှေးခေတ်ပေါ့။ ကျွန်တော်တို့က live action ရိုက်တာဆိုတော့ animation မဟုတ်တော့ အရင်ခေတ် ပုဂံခေတ် တောင်ငူခေတ် အင်းဝခေတ် စတာတွေကို ပုံဖော်ရတာ ပိုပြီး ခက်ခဲတာပေါ့။ ဖြစ်နိုင်ရင် မျက်မှောက်ခေတ် ပတ်ဝန်းကျင်တွေ၊ CGI တွေ VFX တွေနဲ့ Neo ခေတ်ကာလကို ပုံဖော်ရတာ ပိုပြီး အဆင်ပြေတာပေါ့။နောက်တစ်ခုက ဇော်ဂျီကို ဒီဘက်ခေတ် ခေတ်သစ်မှာ မြင်ရတာက ထူးထူးခြားခြား ဖြစ်မယ် ခံစားရတာကြောင့်ပါ။ နောက်ပြီး ပရိသတ်ကို ပိုပြီး relate ဖြစ်စေချင်တယ်။ Original IP တစ်ခု ကို မိတ်ဆက်တဲ့အခါ နန်းတွင်းခေတ်မှာ တည်ထားတယ် ဒါမှမဟုတ် ဟိုးးး ခေတ်လွန်ခေတ်မှာ တည်ထားတယ်ထက် ဒီဘက်ခေတ် ပတ်ဝန်းကျင်ကို အခြေခံပြီးတည်လိုက်တာက ပရိသတ် ပိုပြီးrelate လို့ရမယ် ထင်တယ်ပေါ့။
ဖီ ။ ။ Zeragon လုပ်နေတဲ့ 2019 ကနေ အခုထိ ဖန်တီးစဉ်ကာလ တစ်ခုလုံးမှာ ဘယ်လို ရသ မီဒီယာတွေက inspiration ဖြစ်စေခဲ့လဲ။
အောင်။ ။ The last zawgyi အတွက်ကို inspire ဖြစ်တာတော့ ပွင့်ပွင့်လင်းလင်း ပြောရရင် Superhero movie တွေ မဟုတ်ဘူးပေါ့နော်။ Superhero genre တွေဆို Marvel ရှိတယ်။ DC ရှိတယ်။ The Boys တို့ Invincibleတို့လို စီးရီးတွေရှိမယ်။ The last zawgyi ကို ဖန်တီးတော့ အဲ့ဒီလို superhero universe ကြီး တည်ဆောက်မယ်လို့ စဉ်းစားထားတာ မဟုတ်ဘူးပေါ့နော်။ အနီးစပ်ဆုံး inspiration ဖြစ်တာ ပြောရရင် Star Wars ပေါ့။ Star Wars လို ပုံစံမျိုး ဖြစ်စေချင်တာ။ ဒါပေမယ့် Star Wars လို character တွေ အများကြီး မပြနိုင်လို့ ဇာတ်ကောင် တစ်ယောက်ထဲကိုပဲ ပြနိုင်တာနဲ့ character standalone ဖြစ်သွားရတာပေါ့။ အဲ့တာကြောင့်လည်း genre အရ superhero ဘက်ကို ရောက်သွားတာပေါ့။ အဲ့တော့ အဓိက inspiration ကတော့ Star Wars လို့ ပြောရမှာပါပဲ။
ဖီ။ ။ ဒီ ရုပ်ရှင်မှာ sci fi element တွေလည်း ပါမယ်။ ပြီးတော့ folklore တွေ၊ fantasy element တွေလည်း ပါမယ်။ ဆိုတော့ sci fi element နဲ့ fantasy element ကို ဒီရုပ်ရှင်မှာ ဘယ်လို balance လုပ်ထားလဲပေါ့။
အောင်။ ။ ဒီရုပ်ရှင်က sci fi ဆိုတာက aestheticအရပဲ Sci fi တာပေါ့။တကယ်တိုင်း trace လိုက်ရင်တော့ fantasy ကို ပြန်ရောက်သွားတာပေါ့။ ဒါပေမယ့် ကျွန်တော်တို့ ဒီstory မှာ world building အရပေါ့။ သတ်မှတ်ထားတဲ့ အရာတစ်ခုရှိတယ်ပေါ့။ “Magic is science we don’t understand “
magic ဆိုတာ ရှင်းပြလို့မရတဲ့ သိပ္ပံတစ်ခုပဲပေါ့။
ဒီကားထဲက Zeragon ကို ကြည့်လိုက်ရင် ancient ဆန်တယ်။ fantasy ဘက် ရောက်တယ်ပေါ့။ တစ်ဖက်က သူရဲ့ ရန်ဘက် Apotech corporation ကို ကြည့်ရင်တော့ သိပ္ပံဆန်တယ်။ သူတို့ရဲ့ စစ်သားတွေ၊ သူတို့ပုံစံတွေက အရမ်း sci fi ဖြစ်တယ်ပေါ့။ ပြောချင်တာက fantasy နဲ့ sci fi ရဲ့ conflict ဖြစ်နေတာမျိုးလေး မြင်ရမှာပေါ့။ ဒါပေမယ့် ဒီ sci fi တွေ fantasy တွေဆိုတာကို ချုံ့လိုက်ရင် အကုန်လုံးက ဆက်စပ်နေတယ်၊ဆက်နွယ်နေတယ်ပေါ့။
ဖီ ။ ။ ဟုတ်။ ပြောရရင် fantasy genre..sci fi genre ဆိုတာ မြန်မာ ပရိသတ်နဲ့က နီးရက်နဲ့ဝေး.. စိမ်းလည်းမစိမ်းဘူး။ စိမ်းလည်း စိမ်းတယ် ဖြစ်နေတာပေါ့။ ဥပမာ ဘာ fantasy ကား ကြိုက်လဲဆို lord of the ring တို့ game of throne တို့ ပြောကြမယ်။ မြန်မာ fantasy ရုပ်ရှင်ကွ ဆိုရင်တော မရှိဘူး ဖြစ်နေတာမျိုးပေါ့။
ဖီ ။ ။ ဆိုတော့ အခုက Burmese mythology ထဲက zawgyi ကို အခြေပြုပြီး ဖန်တီးထားတယ်ပေါ့၊ Burmese mytho ကို အခြေခံပြီး အခြားသော ဖန်တီးနေတဲ့ သူတွေကိုရော ဘယ်လို အကြံပေးချင်လဲ။
အောင်။ ။ ဟုတ်ကဲ့။ ကျွန်တော်အတွက်က mythology ..Burmese mythology ကို ယူပြီး တစ်ခုခု လုပ်မယ်ဆို အဲ့ဟာကြီးကို accurate ပြန်ရိုက်ရမျိုးကို သိပ်မကြိုက်ဘူးပေါ့။ ဒီ mythology ကို အခြေခံပြီး ကိုယ်ပိုင် character၊ lore တစ်ခုခု ဖန်တီးတာမျိုးကို အားပေးတာပေါ့။ The last zawgyiကို ကြည့်လိုက်ရင်တော့ ကျွန်တော် ပြောတဲ့ ဆိုလိုရင်းကို ပိုမြင်နိုင်မှာပေါ့။
ခေါင်းစဉ်ကြီး ကြည့်ပြီးတော့ ဇော်ဂျီ character က မြေလျှိုးမိုးပျံ ပြမယ် မမျှော်လင့် သင့်ဘူးပေါ့။ ဒီဟာက ဇော်ဂျီကို မှီငြမ်းထားပေမယ့် ကျွန်တော်တို့ သိပြီးသား ဇော်ဂျီရဲ့ စွမ်းအားတွေကို ပြောမယ့်အစား original ဇာတ်ကောင်ကိုပဲ မိတ်ဆက်ချင်တာပေါ့။
ဖီ။ ။ ဆိုတော့ အဆုံးသတ်ကို ဘာနဲ့ အဆုံးသတ်ပေးရမလဲ။ မျိုးမင်းအောင်ကို သိလား။ the first zawgyi ရိုက်တဲ့ တစ်ယောက်လေ။
အောင်။ ။ ဟုတ်လား။ မသိဘူးဗျ။
ဖီ။ ။ စတာပါ။ the last zawgyi ရုပ်ရှင်ကို YouTube မှာ အခမဲ့ ကြည့်ရှုနိုင်မှာပေါ့။ ဒါပြီးရင် Yangon in action က ဘာတွေ ပြသဖို့ ရှိသေးလဲ။ ပရိသတ်တွေက ဘာတွေ မျှော်နိုင်သေးလဲ။
အောင်။ ။ ဟုတ်ကဲ့။ လကုန်ကျရင် ၄၅မိနစ်စာ ရုပ်ရှင် ထွက်လာမှာပေါ့။ပြီးရင် လက်ထဲမှာ သေချာပေါက် confirm ဖြစ်တာတော့ ရုပ်ပြ လာမယ်ပေါ့။ Zeragon ဆိုတဲ့ ဇာတ်ကောင်ကို ပိုပြီး explore လုပ်ဖို့ရှိမယ်ပေါ့။ ရုပ်ရှင်ကြည့်ပြီး မေးခွန်းတွေ ကျန်ခဲ့ရင် ရုပ်ပြကို မျှော်ပြီး အဲ့မှာ အဖြေတွေရှိနိုင်ပါလိမ့်မယ်။
ဖီ ။ ။ ဟုတ်ကဲ့။ အခုလို အချိန်ပေး ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အားလုံးလည်း မျှော်နေကြပြီ ထင်ပါတယ်။
အောင် ။ ။ ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်ဗျ။
15/01/2026
Yangon in Action ကနေ ထွက်ရှိမယ့် The Last Zawgyi နဲ့ ပတ်သတ်ပြီး exclusive interview လေးတစ်ခုလာဖို့ရှိပါတယ်။ မျှော်ပေးကြပါဦး။အခုတော့ အပျင်းပြေ ဒီအင်တာဗျူးလေးကို တစ်ဖန်ဖတ်ရှုနိုင်ပါတယ်။
26/03/2025
Art by Aung
စာရေးသူ စိတ်ကူးယဉ် သိပ္ပံ နိုင်ငံရေး အပိုင်း ၀၂ ကို ဆက်လက် တင်ပြပါမယ်။ အစက အပိုင်း ၀၃ အထိ ဖော်ပြချင်ပေမယ့် ကျန်နေသေးတဲ့ စာစုလေးတွေကို ခေါင်းစဉ် သက်သက်နဲ့ပဲ ဖော်ပြပေးသွားပါမယ်။
စိတ်ကူးယဉ် သိပ္ပံ အုပ်ချုပ်ရေး ယန္တရား
စိတ်ကူးယဉ် သိပ္ပံ ကမ္ဘာတွေကို လေ့လာကြည့်မယ်ဆိုလျှင် များသောအားဖြင့် သက်ဦးဆိုင်ပိုင် စနစ် သို့မဟုတ် အာဏာရှင် စနစ်/စစ်တပ် ဗဟိုပြု စနစ်တွေ များတာကို တွေ့ရပါလိမ့်မယ်။ ဒါဟာလည်း ဇာတ်လမ်းဖန်တီးရာမှာ ကမ္ဘာတည်ဆောက်ပုံ အပေါ် များစွာ သက်ရောက်ပါလိမ့်မယ်။
မြေရှင် ပဒေသရာဇ် စနစ်
စာရေးဆရာကြီး Fran Herbert က မြေရှင် ပဒေသရာဇ် စနစ် Feudalism ဆိုတာဟာ လူတွေရဲ့ အသွေးအသားထဲမှာ တည်ရှိနေတယ် လို့ဆိုတယ်။ ဒါကြောင့်လည်း သူရဲ့ Dune ကမ္ဘာကြီးကို ပဒေသရာဇ် စနစ်ကိုပဲ အခြေခံပြီး ဖန်တီးထားတာ တွေ့ရတယ်။ Dune မတိုင်ခင် ကို ကြည့်မယ်ဆိုလည်း Space Opera ရဲ့ ဖခင်လို့ ဆိုလို့ရတဲ့ The Foundation series မှာလည်း ပဒေသရာဇ် အုပ်ချုပ်ရေးစနစ်ကို တွေ့မြင်ရပါလိမ့်မယ်။ တကယ်တော့ ပဒေသရာဇ် စနစ်/မြေရှင်စနစ်တွေဟာ ခေတ်အလွန်ဟောင်းနေပြီ ဖြစ်တဲ့ အာဏာရှင် စနစ်များသာ ဖြစ်တယ်။ ဒါပေမယ့် သမိုင်းဟာ တစ်ပတ်ပြန်လည်တတ်တာ ကြောင့် အနာဂတ်တစ်ခုမှာ ထိုစနစ်ကြီးဟာလည်း ပြန်လည် အသက်ဝင်လာ နိုင်ပါတယ်။
အာဏာရှင် အုပ်ချုပ်ရေး စနစ်
၂၀ရာစုက စပြီး ခေတ်သစ်နိုင်ငံရေး အတွေးအခေါ်များစွာ ပေါ်ပေါက်ခဲ့ပါတယ်။၎င်းတို့ရဲ့ တူညီချက်တစ်ခုက အခွင့်ထူးခံ တော်ဝင်မျိုးနွယ်ကို ဖြုတ်ချရေး၊ အရပ်သား ပြည်သူတွေသာလျှင် အာဏာရရှိရေးကို ဦးတည်ကြတယ်။ ဒါပေမယ့် လူဆိုသည်မှာ ပါဝါအာဏာ မက်တဲ့အလျှောက် ပဒေသရာဇ် စနစ်မှ အာဏာရှင် စနစ်ဆီသို့ အသွင်ပြောင်းလာကြတယ်။ ထိုသို့ အာဏာရှင် စနစ် totalitarian authoritarian အကြောင်းတွေကို Sci Fi မီဒီယာ တော်တော်များများမှာ အကျယ်တဝန်း ဖော်ပြလေ့ရှိပါတယ်။
Yevgeny Zamyatin ရဲ့ We ဟာ အာဏာရှင်စနစ်ကို ဝေဖန်တဲ့ sci fi စာပေတွေရဲ့ blueprint ပြယုဒ်တစ်ဖွယ် ဖြစ်ပါတယ်။ ၎င်းကစတင်ပြီးတော့ Aldous Huxleyရဲ့ Brave New World၊ George Owell ရဲ့ နာမည်ကြီး 1984၊
V for Vendetta ရုပ်ပြ၊ Hunger Game စပြီးတော့ အာဏာရှင်ကို ဖီဆန်ကြတဲ့ စာအုပ်တွေ ပေါ်ပေါက်လို့လာတယ်။
စစ်တပ် ဗဟိုပြု အုပ်ချုပ်ရေး စနစ်
စစ်မက်ဖြစ်ပွါးနေတဲ့ ဇာတ်အိမ်မျိုးတွေမှာ စစ်တပ်ဗဟိုပြု အုပ်ချုပ်ရေး အဖွဲ့အစည်းတွေကို ဖော်ပြလေ့ရှိပါတယ်။ ဒါကို ဖန်တီးသူက အဆိုးဘက်မှ ဖြစ်စေ၊အကောင်းဘက်မှ ဖြစ်စေ၊ အဆိုးအကောင်း ဒွန်တွဲဖော်ပြ၍ ဖြစ်စေ၊ သရော်သည့် သဘောနဲ့ ဖြစ်စေ ဖော်ပြလေ့ရှိတယ်။
Robert A Heinlein က Starship Trooper ဝတ္ထုတွင် ဆိုဗီယက်တို့ ကျူးကျာ်စစ် အန္တရာယ်ကို အကြောင်းပြုကာ စစ်တပ်ရဲ့ အရေးပါပုံ၊ စစ်အတွင်း စစ်တပ်ဗဟိုပြု အုပ်ချုပ်ရေးသည် အရပ်သား အုပ်ချုပ်ရေးထက် ပိုပြီး ထိရောက်မှုတွေကို ဖော်ပြထားတယ်။ တစ်ဖက်မှာ ထို ဝတ္ထုကိုပဲ မှီငြမ်းပြီး ရုပ်ရှင်ဖန်တီးတဲ့အခါ စစ်တပ် အုပ်ချုပ်ရေးကို သရော်သည့် သဘောနဲ့ တင်ဆက်တာကို တွေ့ရလိမ့်မယ်။ နောက်ထပ် နာမည်ကြီး sci fi မီဒီယာတွေ ဖြစ်တဲ့ War Hammer၊ Halo၊ Gear of Warsတို့ မှာလည်း စစ်တပ်အုပ်ချုပ်ရေးကို တွေ့မြင်ရမယ်။
ကော်ပိုရေရှင်း ဗဟိုပြု အုပ်ချုပ်ရေး
အရင်းရှင် စနစ် အားကောင်းလာတာနဲ့ အမျှ ကော်ပိုရေရှင်းတွေဟာလည်း တစနဲ့တစ အင်အားကြီးလာက ကမ္ဘာကြီးကို ချုပ်ကိုင်လာတာဟာ မျက်မြင် ကိုယ်တွေ့ပါပဲ။ လူတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ၊ ဒေတာတွေက စပြီး စီးပွါးရေးကိစ္စရပ်များ၊ နိုင်ငံရေး ကိစ္စရပ်များကိုပါ ကော်ပိုရေးရှင်းတွေက လက်ဝါးကြီး အုပ်လာကြတယ်။ စစ်ရေးဆိုင်ရာမှာလည်း ကျင်လည်နေတဲ့ ကော်ပိုရိတ် တွေ ရှိနေသလို “လုံခြုံရေး” ခေါင်းစဉ်တပ်ပြီး ကိုယ်ပိုင်စစ်တပ်တွေတောင် ရှိလာနိုင်ပါတယ်။ အရင်းရှင်စနစ် အလွန် အားကောင်းတဲ့ ၂၀ရာစု အနှောင်းပိုင်းကာလတွေမှာ ထို ကော်ပိုရိတ် ဗဟိုပြုတဲ့ အုပ်ချုပ်ရေးကို သတိပေးတဲ့ sci fi မီဒီယာတွေ နဲ့အတူ
Cyberpunk genre ကို မွေးဖွားလာပါတယ်။ ယခု မျက်မှောက်ခေတ် နဲ့ မဝေးတော့တဲ့ အနာဂတ်မှာ ကော်ပိုရိတ် ဗဟိုပြု တဲ့ နိုင်ငံရေးဆီကို ဦးတည်လာတယ်ဆိုတာ စိုးရိမ်စရာပါပဲ။
ဒီမိုကရေစီ စနစ်
ဒီမိုကရေစီဟာ ယနေ့ခေတ်ရဲ့ စံပြ စနစ် တစ်ခုဖြစ်တာမို့ အနာဂတ်မှာလည်း ထိုစနစ်ကိုပဲ ဗဟျုပြု သွားမယ်လို့ ယုံကြည်ကြပါတယ်။ ဒါကြောင့်မို့ ဒီမိုကရေစီ ဗဟိုပြုတဲ့ စိတ်ကူးယဉ် သိပ္ပံ မီဒီယာများစွာ ရှိပြီး ၎င်းတို့က ဒီမိုကရေစီရဲ့ ကောင်းကွက်၊ဆိုးကွက်တွေကို ဖော်ပြသုံးသပ်ထားတာကို တွေ့ရပါလိမ့်မယ်။
မြေရှင် ပဒေသရာဇ် စနစ်မှ မှ ဖက်ဆစ် စနစ်သို့၊ထိုမှ တစ်ဖန် ဒီမိုကရေစီ စနစ်သို့ ရောက်လာတဲ့ ဂျပန်တွေဟာ “ပြန်လည်ထူထောင်ရေး ကာလ” မှာ sci fi genre ကနေ တစ်ဆင့် ၎င်းတို့ရဲ့ အတွေးအမြင်တွေကို ဖော်ပြကြတယ်။ ထိုထဲမှာမှ တော်တော်များများက “အာဏာရှင် စနစ်” နဲ့ ဒီမိုကရေစီ စနစ်တို့ရဲ့ အားပြိုင်မှုကို အကျယ်တဝန်း ဖော်ပြခဲ့ကြတယ်။ ဂျပန်ပြည်တွင်းမှာ နာမည်ကြီး space opera စာပေ တစ်ခု ဖြစ်တဲ့ Legend of the Galatic hero မှာ “ကောင်းမွန်တဲ့ အာဏာရှင် စနစ်” နဲ့ “ယိုယွင်းနေတဲ့ ဒီမိုကရေစီ
စနစ်” တို့ကို သုံးသပ်ထားတာ တွေ့ရတယ်။( ၎င်းဟာ စနစ် နှစ်ခုလုံးကို အချိုးကျကျ သုံးသပ်ထားတာမို့ နောက်မှ သက်သက် article တစ်ခု အနေနဲ့ ဖော်ပြပေးပါမယ်။)
ထို သုံးသပ်ချက်မျိုးကို Battlestar Galatica စီးရီးမှာလည်း တွေ့မြင်ရပါလိမ့်မယ်။
ဒီမိုကရေစီ စနစ်ဟာ အားနည်းချက်များစွာ ရှိပေမယ့်လည်း တခြားသော စနစ်များနဲ့ ယှဉ်လျှင် လက်တွေ့ကျတဲ့ စနစ်တစ်ခု အနေနဲ့တော့ ရှိနေမှာ ဖြစ်ပါတယ်။
ကွန်မြူနစ်/ဆိုရှယ်လစ် စနစ်
ကွန်မြူနစ်/ဆိုရှယ်လစ် စနစ်ဟာ စာရွက်ပေါ်မှာတော့ ထိရောက်ပြီး အားကောင်းတဲ့ စနစ်ဟု ခေါ်ဆိုလို့ရပါတယ်။ နိဗ္ဗာန် ဘုံ Utopia ကမ္ဘာကြီးဆီ ဦးတည်ဖို့ လူသားတွေဟာ လောဘကို ချုပ်ထိန်းပြီး တစ်သီးပုဂ္ဂလ ထက် အများအကျိုးကို ဗဟိုပြုတဲ့ အုပ်ချုပ်ရေးမျိုး လိုအပ်တယ်လို့ ယုံကြည်ကြပါတယ်။ ဒါကြောင့် ၂၀ရာစု စိတ်ကူးယဉ် သိပ္ပံ စာရေးဆရာ အချို့က လက်ဝဲအုပ်ချုပ်ရေးများက အနာဂတ်ဖြစ်မယ်လို့ ယုံကြည်ခဲ့ကြတယ်။ ဒါပေမယ့် လက်တွေ့ကို ရောက်လာတဲ့အခါ လူ့သဘာဝ ဗီဇက ပြလာတဲ့အတွက် ထင်ထားသလို အလုပ်မဖြစ်ခဲ့ပါဘူး။ ကွန်မြူနစ် ဝါဒီကို လက်ကိုင်အထားဆုံး ဆိုဗီယက် ပြည်ထောင်အတွင်းမှာ အကောင်းထက် ပြဿနာတွေက ပိုများတာဟာ ဥပမာတစ်ခုပါပဲ။ ဒါကြောင့်မို့ ဆိုဗီယက် ပြည်ထောင်အတွင်းက sci fi စာရေးဆရာများဟာ မူလက Communism/socialism utopia ဇာတ်လမ်းတွေရေးခဲ့တာကနေ dystopian အသွင်တွေ ပြောင်းလဲ ရေးလာကြတယ်။ အချို့ကလည်း state က ဖိအားပေမှုနဲ့ အကောင်းဘက်ကို အသားပေးတဲ့ ဝါဒဖြန့်စာပေ တွေကို ရေးရတာလည်း ရှိပြန်တယ်။
တစ်ဖက်မှာလည်း ဆိုဗီယက်တို့ရဲ့ အရေခြုံ ကွန်မြူနစ် မဟုတ်ဘဲ “အမှန်စစ်စစ် လက်ဝဲ အုပ်ချုပ်ရေး” လူအဖွဲ့အစည်းတွေကို ဖော်ပြတဲ့ sci fi မီဒီယာများလည်း ရှိလာတယ်။
စိတ်ကူးယဉ် သိပ္ပံ နှင့် သမိုင်း ရောင်ပြန်ဟပ်မှု
သမိုင်းဆိုတာ တစ်ပတ်လည်မြဲပါ။ မိမိကိုယ်တိုင်တောင် အမှားတစ်ခုကို သိသိရက်နဲ့ ကြိမ်ဖန်များစွာ လုပ်မိကြသေးတာပဲ။ ဒီလိုပဲ အရင်က ဖြစ်ခဲ့ဖူးတဲ့ အကြောင်းအရာများနဲ့ ဖြစ်စဉ်တူတဲ့ ဖြစ်ရပ်တွေဟာလည်း ထပ်တလဲလဲ ဖြစ်နေဆဲပါ။ အဝေးကြီး မကြည့်ပါနဲ့။ အခု လက်ရှိ ဖြစ်နေတဲ့ ကမ္ဘာ့နိုင်ငံရေးကြီးကိုပဲ ကြည့်ပါ။ ထိုကဲ့သို့ “သမိုင်းတစ်ပတ်လည်ခြင်း” နဲ့ ပတ်သတ်ပြီးတဲ့ အရာတွေကို စိတ်ကူးယဉ် သိပ္ပံ မီဒီယာတွေမှာ တွေ့မြင်ရတတ်ပါတယ်။ ဒါပေမယ့် ဖန်တီးသူရဲ့ စိတ်ကူးဉာဏ်ကွန့်မြူးမှုကြောင့် ရုတ်တရက် ဆိုလျှင် အနာဂတ်ကို နမိတ်ဖတ်နေသလား ယောင်ယောင်တွေ ဖြစ်လေ့ရှိပါတယ်။ အပိုင်း ၀၁ မှာ ပြောခဲ့တဲ့အတိုင်း စိတ်ကူးယဉ် သိပ္ပံ စာပေ တော်တော်များများဟာ နိုင်ငံရေး အရေခြုံလေ့ရှိပါတယ်။ ဖန်တီးသူ/စာရေးသူတို့က သူတို့ခေတ်ကာလမှာ ဖြစ်ပျက်နေတဲ့ ဒါမှမဟုတ် သူတို့ ငယ်စဉ်က တွေ့ကြုံဖူးတဲ့ နိုင်ငံရေး အခြေအနေတွေကို ဝေဖန် သုံးသပ်ရင်း ဖန်တီးလေ့ရှိသည်။
၁၉၇၇မှာ ထွက်ရှိတဲ့ Star Wars မှာဆိုလျှင် George Lucas တစ်ယောက် လွန်ခဲ့တဲ့ နှစ်နှစ်ခန့်ကမှ ပြီးတဲ့ ဗီယက်နမ်စစ်ပွဲရဲ့ အငွေ့အသက်တွေ၊ သူငယ်စဉ်က လူကြီးတွေ ပြောခဲ့တဲ့ ဒုတိယကမ္ဘာစစ် အငွေ့အသက်တွေကို ထင်ထင်ရှားရှား တွေ့ရပါလိမ့်မယ်။ Robert A Heinlein ရဲ့ နာမည်ကြီး Starship Trooper ဝတ္ထုမှာဆိုလျှင် ဆိုဗီယက် နဲ့ အမေရိကန်တို့ ကြား တင်းမာတဲ့ နိုင်ငံရေး အခြေအနေနဲ့ ဆိုဗီယက်တို့ရဲ့ ပြည်ပကျူးကျော်စစ်ရန် အန္တရာယ်တို့ကို ချကောင် ဂြိုလ်သားကြီးများနဲ့ နှိုင်းစေပါတယ်။ ထို့နောက် အမေရိကန်တို့ဟာ ဆုံးဖြတ်ချက် ပြတ်သားပြီး စစ်တပ်ဗဟိုပြု လူအဖွဲ့အစည်းဖြစ်မှသာလျှင် ထိုပြည်ပအန္တရာယ်တွေကို ကာကွယ်နိုင်မယ်လို့ ယုံကြည်ပြီး ရေးသားထာရခြင်းဖြစ်တယ်။ ထို ဝတ္ထုနဲ့ ခေတ်ပြိုင် The Forever War ဝတ္ထုမှာကတော့ စာရေးသူ ဗီယက်နမ်စစ်ပြန်ကြီး Joe Halderman က သူ့ရဲ့ စစ်ပွဲအတွေ့အကြုံတွေနဲ့ စစ်ရဲ့ အနိဌာရုံတွေကို မီးမောင်းထိုးပြတဲ့ အနေနဲ့ ဖန်တီးခဲ့ပါတယ်။
1980နောက်ပိုင်း နည်းပညာခေတ် ရောက်လာတာနဲ့ အမျှ consumerism စားသုံးသူ အသားပေး ထုတ်ကုန်များ၊ အရင်းရှင်စနစ်ဟာ တစ်ဦးတစ်ယောက် ပိုင်ဆိုင်ခြင်းမှ corporate စီးပွါးရေးအဖြစ် တွင်တွင်ကျယ်ကျယ် ပြောင်းလဲလာတဲ့ခေတ်မှာတော့ Dystopian Cyberpunk genre ဝတ္ထုများ ဟာ ခေတ်စားလာပါတယ်။
ဖန်တီးသူတွေဟာ ၎င်းတို့တွေ့ကြုံရသောခေတ်များ၏ နိုင်ငံရေးအခြေအနေသာမက အရင်ခေတ်မှသည် ယနေ့အထိ ဖြစ်ပျက်စမြဲ ဖြစ်တဲ့ သံယံဇာတ စစ်ပွဲများ၊ လူမျိုးခွဲခြားမှုများ၊ ကျား/မ ခွဲခြားမှုများ မှစပြီး အနုပညာ ဆင်ဆာဖြတ်ခြင်း ဆုံးသည့်တိုင် အကြောင်းအရာမျိုးစုံကို မှီငြမ်းပြီး စိတ်ကူးယဉ် သိပ္ပံ ဝတ္ထုများကို တင်ပြလေ့ရှိပါတယ်။
အခုလည်း မြန်မာပြည်မှာရော ကမ္ဘာတစ်ဝှမ်းလုံးရော နိုင်ငံရေး မတည်မငြိမ် ဖြစ်မှုတွေ၊ AI ရဲ့ နောက်ဆက်တွဲ အန္တရာယ်တွေကြောင့် စိတ်ကူးယဉ် သိပ္ပံ ဇာတ်လမ်း အသစ်တွေ ဖန်တီးဖို့၊မီးမောင်းထိုးဖို့ ကုန်ကြမ်းတွေသဖွယ် ဖြစ်နေဦးမှာပါပဲ။
။
25/03/2025
လူငယ်တွေကို မြေတောင်မြှောက်ပေးခြင်း သို့ လူငယ်များ အိပ်မမက်ကို တောင်ပံတပ်ပေးခြင်း သို့ Royal space force ဖန်တီးပုံအကြောင်း
(ကျွန်တော် မနေ့က အလုပ်တွေရှုပ်နေတော့ စာအသစ် သေချာ မရေးမိတာနဲ့ အရင် မဂ္ဂဇင်းထဲက စာလေး တစ်ပုဒ်ကိုပဲ တင်ပါရစေ။ ဒီစာလေးက sci fi ဆိုတာထက် ကျွန်တော်တို့ ဖန်တီးသူ နယ်ပယ်ထဲက သူတွေကို ရည်ရွယ်ပါတယ်။)
24/03/2025
စိတ်ကူးယဉ်သိပ္ပံ နိုင်ငံရေး အပိုင်း၀၁
အရင်က တင်ဖူးပေမယ့် တစ်ဖန်ပြန်တင်ပါရစေ။ဘာလို့ဆို အပိုင်း ၀၂ ဆက်ရန် ရှိသေးတာကြောင့် ဖြစ်ပါတယ်။
Sci fi genre ရသဖန်တီးမှုတွေဟာဆိုရင် နိုင်ငံရေး၊လူမှုရေး၊ဘာသာရေး ဟူသော ကြီးသုံးကြီးကို အကုန်လုံး မဟုတ်စေကား တစ်ခုမဟုတ် တစ်ခုကိုတော့ အမြဲ ထည့်သွင်းတတ်ကြပါတယ်။ ၎င်းထဲကမှ ဤဆောင်းပါးမှာ Sci fi နဲ့ နိုင်ငံရေး အပ်စပ်ပုံအပိုင်းကို အဓိက ရှင်းပြသွားပါမယ်။ ဤဆောင်းပါးကို အပိုင်း နှစ်ပိုင်း ခွဲထားပြီး ပထမ အပိုင်း(၁)တွင် အနုပညာ ဖန်တီးမှုနဲ့ နိုင်ငံရေး အပ်စပ်ပုံ နဲ့ Political fiction နိုင်ငံရေး စာပေတို့မှ စိတ်ကူးယဉ်သိပ္ပံစာပေများ အဖြစ် အသွငါပြောင်းလဲသွားပုံ စတာတွေကို ဆွေးနွေးဖော်ပြသွားပါမယ်။
အနုပညာ ဖန်တီးမှု နှင့် နိုင်ငံရေးအပေါ် သက်ရောက်မှု
လူတော်တော်များများ အထူးသဖြင့် လူကြီးတွေ ပြောနေတဲ့ စကားရှိပါတယ်။ အနုပညာအလုပ်ဆိုရင် အနုပညာ အလုပ်ပဲလုပ်။ နိုင်ငံရေး မပါနဲ့ဆိုပြီးပေါ့။ ဒါပေမယ့် တကယ်က အနုပညာ ဖန်တီးမှုဆိုတာကိုက ဖန်တီးသူ ဖော်ပြချင်တဲ့ အတွေးအခေါ်၊နိုင်ငံရေး၊လူမှုရေး၊ယဉ်ကျေးမှု စတာတွေကို ဖော်ပြတဲ့ medium ပါပဲ။ ဒီ အနုပညာ ရသ ဖန်တီးမှုတွေရဲ့ အစောဆုံးတွေ ဖြစ်တဲ့ စာပေတွေ၊ပြဇာတ်တွေ၊ပန်းချီကားချပ်တွေမှာတောင် ထိုခေတ်ထိုခါက social commentaryအကြောင်းအရာတွေ၊နိုင်ငံရေး၊ဘာသာရေး ထင်မြင်ချက်တွေ ပြည့်နှပ်နေပါတယ်။
စကားချပ် အနေနဲ့ အနုပညာဟာ အလွန်ကြောက်ဖို့ကောင်းတဲ့ နိုင်ငံရေး လက်နက်တစ်ခုပါပဲ။၎င်းဟာ နိုင်ငံရေး အမြင်တွေကို သုံးသပ်မီးမောင်းထိုးပြတဲ့ ကိရိယာ တစ်ခုဖြစ်နိုင်သလို နိုင်ငံရေးဝါဒ မှိုင်းတိုက်တဲ့ propaganda လက်နက်တစ်လက်လည်း ဖြစ်နိုင်ပါတယ်။
ကဲ ဆိုတော့ ထို အနုပညာ ရသ ဆီကနေ ရသ အမျိုးအစား genre တွေဆီ ဆက်ရသော် စိတ်ကူးယဉ် သိပ္ပံ sci fi ဖန်တီးမှုဟာ လုံခြုံမှုအရှိဆုံးနဲ့ unbiased ဘက်မလိုက်ဆုံးသော genre လို့ ပြောလို့ရပါတယ်။ တစ်ခါတစ်ရံ ယနေ့ခေတ် ပြဿနာတွေ ရှေးတုန်းက ပြဿနာတွေကို fantasy genre နဲ့ ပြသလို့ရပေမယ့်
ပစ္ဆုပန်ကို ရှေးရှုပြီး အနာဂတ်က ပြဿနာတွေကိုကျ science fiction genre ဟာ အကောင်းဆုံး သော ကိရိယာ ပါပဲ။ ထိုခေတ်အခါက နိုင်ငံရေးကို ခြုံကြည့်ပါက အာဏာပိုင်များနှင့် အုပ်ချုပ်ခံ ပြည်သူ ပဒေသရာဇ်ဆန်ဆန်၊အာဏာရှင် ဆန်ဆန် အုပ်ချုပ်ရေးတွေပဲမို့ စာရေးဆရာများ၊နိုင်ငံရေး သုံးသပ်ချင်သူများက sci fi စာပေများအသွင်ယူပြီး သွယ်ဝုက်ရေးကြရပါတယ်။ တကယ်တော့ ပွင့်လင်းမြင်သာတယ် ပြောလို့ရသော ၂၀ရာစု အလယ်မှ ယနေ့၂၁ရာစုထိတိုင် အချို့သော နိုင်ငံများမှာ နိုင်ငံရေး သုံးသပ်ချက်တွေကို လွတ်လွတ်လပ်လပ် ဆွေးနွေးခွင့် မရရှာပါဘူး။
Sci fi သားရေ ခြုံထားသော နိုင်ငံရေး စာပေများ
စိတ်ကူးယဉ် သိပ္ပံ sci fi သမိုင်းစာမျက်နှာတွေကို လှန်ကြည့်မည်ဆိုပါက ရှေးဟောင်း စိတ်ကူးယဉ် သိပ္ပံလို့ တင်စားလို့ရသလို ပထမဆုံး sci fi အဖြစ် အချို့က သတ်မှတ်ထားကြတဲ့ 2ရာစုက ရေးသားခဲ့သော Lucian ရဲ့ A true story ဝတ္ထုက သက်သေပါပဲ။(၎င်းရဲ့ အကြောင်းကို စာရေးသူ ရှေးဟောင်း စိတ်ကူးယဉ် သိပ္ပံဆောင်းပါးမှာ ဖော်ပြလို့ပြီးပါပြီ) ထိုဝတ္ထုကနေတစ်ဆင့် ထိုခေတ်အခါက “လူတွေရဲ့ အယုံလွယ်မှု၊နိုင်ငံရေးသမားတွေရဲ့ လိမ်ညာလှည့်ဖျားမှု” တွေကို စာဖတ်သူတို့ သိရပါလိမ့်မယ်။ သို့သော် ထိုခေတ်အခါက နိုင်ငံရေး အယူဝါဒတွေဟာ တွင်တွင်ကျယ်ကျယ် မဖြစ်သေးတာကြောင့် ယေဘုယ general အနေနဲ့ပဲ မြင်တွေ့ရနိုင်ပါတယ်။ နောက်တော့ sci fi genre မှာ Utopia (သုခနိဗ္ဗာန် ဘုံ) နှင့် Dystopia (ဒုက္ခငရဲ ဘုံ) နဲ့ ပတ်သက်ပြီး စိတ်ကူးယဉ် သုံးသပ်ချက်တွေ ရှိလာပါတယ်။
Utopia (သုခနိဗ္ဗာန်ဘုံ) နဲ့ပတ်သက်ပြီး ရေးသားထားတဲ့ အစောဆုံးစာပေကို 17ရာစုက ရေးသားသော The City of the Sun (၎င်းကိုလည်း ရှေးဟောင်းစိတ်ကူးယဉ် သိပ္ပံ ဆောင်းပါးမှာ ဖော်ပြပြီးပါပြီ) မှာ မြင်တွေ့ရပြီးပါပြီ။၎င်းဟာ Plato ရဲ့ Republic အတွေးအေခါ်၊Theocracy နိုင်ငံရေးအမြင်၊နယ်မြေအသစ်
ရှာဖွေခြင်း (Conquest of New world)၊ထိုခေတ် စပိန်ဘုရင်များနှင့် ပုတ်ရဟန်းမင်းကြီးတို့ ကြား မဟာမိတ် ဆက်ဆံရေးတို့ကို inspire ထားတာ တွေ့ရပါလိမ့်မယ်။
၎င်းရဲ့ ဆန့်ကျင်ဘက် Dystopian (ဒုက္ခငရဲ ဘုံ) နဲ့ ပတ်သက်ပြီးတော့ စာပေတွေလည်း ရှိလို့နေပါတယ်။ Dystopian လူ့အဖွဲ့အစည်းနဲ့ ပတ်သက်ပြီး တင်ပြတဲ့ အစောဆုံးစာပေတစ်ခုကတော့ Jonathan Swift ရဲ့ Gulliver Travels (1726)ပဲ ဖြစ်ပါလိမ့်မယ်။ ၎င်းဟာ စာဖတ်သူတွေအနေနဲ့လည်း ရင်းနှီးပြီးသား ဖြစ်တာကြောင့် အထူးတလည်တော့ ပြောပြနေစရာ မလိုပါဘူး။ ၎င်းဟာ ထိုခေတ် ဥရောပ အစိုးရတွေနဲ့ အတူ ဖိနိုပ်သူ နှင့် ဖိနိုပ်ခံရသူ၊ လူတွေဟာ အာဏာရလာသောအခါ ပြောင်းလဲတတ်ပုံ စတာတွေကို သရော်စာပေ သဖွယ်ရေးသားထားပါတယ်။
ထို့အပြင် နောက်ပိုင်း sci fi ဝတ္ထုများဟာ Utopia အသွင်ဆောင် Dystopia ဇာတ်အိမ်များကိုလည်း တည်လေ့ရှိတယ်။ H.G Wells ရဲ့ Time Machine (1895)ဟာဆိုရင် Utopia နဲ့ Dystopia နှစ်ခုလုံးကို ဒွန်တွဲဖော်ပြရင်း စာရေးသူကို သူ့ရဲ့ နိုင်ငံရေး အမြင်ကို ဖော်ပြစေတယ်။ H.G Wells တစ်ယောက် Victorian စက်မှုတော်လှန်ရေး ကာလမှာ ပေါက်ဖွားသူ တစ်ဦး ဖြစ်တဲ့အညီ ထိုခေတ်အခါ လူတန်းစား ခြားနားမှု၊အရင်းရှင် တွေရဲ့ လက်ဝါးကြီး အုပ်မှုတွေအပြင် ၎င်းရဲ့ ဆိုရှယ်လစ်ဝါဒ အယူကိုလည်း ၎င်းမှာ အကျယ်တဝန်း မြင်နေပါတယ်။ Wells တစ်ယောက် ထိုခေတ် နိုင်ငံရေး စာပေတွေ ဖြစ်တဲ့ Theodore Hoppenရဲ့ Mid Victorian generation တို့ Karl Maxနဲ့ Engles ရဲ့ Communist Manifestoတို့က အတွေးအခေါ်တွေရဲ့ လွှမ်းမိုးမှုလည်း ရှိပုံရတယ်။ သို့သော် သူရဲ့ Time Machine ဝတ္ထုမှာတော့ ရှေ့ကဆိုခဲ့သလို Utopia အရေခြုံ Dystopia ကမ္ဘာကြီးကို တွေ့ရမှာပါ။ ထို ဝတ္ထုကို ဆရာကြီး ရွှေဥဒေါင်းက ကာလယန္တာရား အမည်ဖြင့် ဘာသာပြန်ဆိုထားပါသေးတယ်။ Wells က Communist Utopia ဟာဆိုရင် အမှန်တကယ်တော့ Dystopia Capitalist အရေခြုံစသာဖြစ်တယ်လို့ ဆိုတယ်။ ဒါကလည်း ထိုခေတ်အခါက လူဂုဏ်တိုင်တို့ရဲ့ အပူအပင် မရှိတဲ့ ဘဝကြောင့် “ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အဝေအမျှတည့်စွာ နေနိုင်ကြပေမယ့် အောက်ခြေလူတန်းစားများကမူ ဘဝကို ရုန်းကန်လှုပ်ရှားရတာကြောင့် ပစ္စည်းဥစ္စာကို မက်မောတောင်းတာတဲ့ အပေါ်ကို စိတ်ကူးယဉ် လူ့အဖွဲ့အစည်းတစ်ခုနှင့် ဥပမာပေးပြီး ပုံဖော်လို့ထားပါတယ်။
(ဆားပုလင်းကြီး) George Owell ကြီးရဲ့ 1984 (1949)ကလည်း အနာဂတ် နိုင်ငံရေးစနစ်တစ်ခုကို ပုံဖော်တဲ့နေရာမှာ အရေးပါတဲ့ စာပေတစ်ခုဖြစ်သလို အခုခေတ် နိုင်ငံရေးမူ အချို့ကိုပါ ကြိုတင်ခန့်မှန်းလို့ထားတာ တွေ့ရတယ်။ ၎င်းဝတ္ထုမှ အာဏာရှင် နိုင်ငံရေး အစိုးရတို့၏ လုပ်ရိုးလုပ်စဉ် များဖြစ်သော သမိုင်းပြင်ရေးခြင်း၊ လူထုကို စောင့်ကြည့်ခြင်း၊ 2+2=5 ဝါဒဖြန့် မှိုင်းတိုက်မှုတွေကို တွေ့မြင်နိုင်ပါတယ်။
ကမ္ဘာစစ်တွေ၊တော်လှန်ရေးတွေ၊ ပြည်တွင်းစစ်တွေ အလွန် အနာဂတ်1984 ကမ္ဘာကြီးတွင် အဓိက တိုက်ကြီး သုံးတိုက်ရှိတယ်။ ၎င်းတို့မှာ Oceania၊Eurasia နဲ့ Eastasia တို့ဖြစ်တယ်။ ထိုထဲကမှ Oceania တိုက်ကို Party က ချုပ်ကိုင်ပြီး ပြည်သူလူထုရဲ့ အတွေးအခေါ် အယူအဆများကို ထိန်းချုပ်ထားတယ်။ ထို Oceania ဟာ တကယ်တော့ အရင်းရှင် တိုက်ဖျက်ရေး တော်လှန်ရေးအပြီး ဖြစ်ပေါ်လာတာ ဖြစ်တယ်။ အစပိုင်းမှာ လုပ်သားပြည်သူရဲ့ လွတ်လပ်မှုကို အသားပေး ရာကနေ စောင့်ကြည့်ရေးအစိုးရ အသွင် ပြောင်းလဲလာတယ်။ Oceania ရဲ့ နိုင်ငံရေးဝါဒကို Ingsoc ( English Socialism )ဟု ခေါ်ပြီးတော့ လူထုကို ထိန်းချုပ်ဖို့ Big Brother အမည် ခေါင်းဆောင်တစ်ဦးကို ထားရှိတယ်။ လွတ်လပ်ခြင်းကို အသားပေးသော နိုင်ငံရေးမှသည် အာဏာရှင် စနစ်အသွင် ပြောင်းလဲလာပုံကို ထောက်ပြထားတာ တွေ့ရတယ်။ ဒါကို ကွက်ကွက်ကွင်းကွင်း ဥပမာပေးရရင် အမေရိကန် နိုင်ငံပင်။ 9/11အပြီး အမေရိကန်နိုင်ငံဟာ နေရာတိုင်းမှာ စောင့်ကြည့်ရေးကင်မရာတွေ အမြောက်အမြားရှိလာပြီး ပြည်သူလူထုကို နည်းအမျိုးမျိုးနှင့် စောင့်ကြည့်ပါတယ်။ ဒါ့အပြင် 1984 ဝတ္ထုထဲက အတိုင်း စကားလုံးများကို ဆင်ဆာဖျက်ခြင်း၊သမိုင်းပြင်ဆင်ခြင်း များရှိတယ်။ 1984 ဝတ္ထုနှင့် အမေရိကန် နိုင်ငံရေးကို မှီငြမ်းပြီးတော့ စောင့်ကြည့်ရေး အစိုးရ နှင့် နိုင်ငံရေး အယူအဆတွေကို Metal Gear Solid game series နဲ့ Genocidal Organ ဝတ္ထုတို့၊ Person of Interest ရုပ်ရှင် စီးရီးတို့မှာလည်း တွေ့မြင်နိုင်လောက်တယ်။
ထိုကဲ့သို့ 2ရာစုမှသည် ၁၈ရာစု၊၂၀ရာစု၊လက်ရှိ ၂၁ရာစုတိုင် ဖြစ်ပြီးခဲ့သော နိုင်ငံရေး အကြောင်းအရာများ၊ဖြစ်နေခဲ့သော နိုင်ငံရေး အခြေအနေများ၊ဖြစ်လာနိုင်သည့် နိုင်ငံရေး သုံးသပ်ချက်များကို ထိုခေတ် စိတ်ကူးယဉ် သိပ္ပံ sci fi ရသတွေကနေ အကျယ်တဝန်း သိရှိနိုင်ပါပေတယ်။
(အပိုင်း ၂ တွင် သမိုင်းတစ်ပတ်လည်ပုံ၊sci fi genre ထဲမှ ပုံဖော်ထားသော နိုင်ငံရေး ယန္တရားများ အကြောင်း၊တော်လှန်ရေးများ အကြောင်း အစရှိတာတွေကို ဆက်လက် ဆွေးနွေးသွားပါမယ်။)
(
24/03/2025
Burmapunk ပြန်လာပြီ။
ကျွန်တော် Burmapunk ကနေ စာတွေ မတင်တာ မနှစ် ဇွန် ထဲကဆိုတော့ ၉လ လောက်ကို ရှိပါတယ်။ လူကျန်းမာရေးတော့ ကောင်းပေမယ့် စိတ်ကျန်းမာရေး ချူချာနေတာရော၊ တခြား အလုပ်ကိစ္စလေးတွေ ရှုပ်နေတာရော (ပျင်းတာရောကြောင့်) တော်တော် ကြာကြာ ပစ်ထားမိတာပါ။ ဒီနှစ် မတ်လမှာ ကျွန်တော် အလုပ်ကြွေးတွေ အကုန်ဖြတ်ရင်းနဲ့ ဧပြီလလောက်မှာတော့ Burmapunk လေးကို ပြန်ပြီးတော့ run ချင်ပါတယ်။
အရင်ကလိုပဲ “စိတ်ကူးယဉ် သိပ္ပံ” နဲ့ ပတ်သတ်ပြီး စိတ်ကူးပေါက်ရာ စာစုလေးတွေ၊ ဗဟုသုတလေးတွေကို တင်ဆက်ပေးမယ့်အပြင် ဝတ္ထုတို၊ဇာတ်လမ်းတိုလေးတွေကိုလည်း ဖော်ပြပေးချင်ပါတယ်။(ရေးထားတဲ့ အတိုအထွာလေးတွေ ရှိပါတယ်။) ဒါကြောင့်မို့ Burmapunk ကို မေ့နေပြီဖြစ်တဲ့ follower တွေကို ပြန်လာပြီဆိုတာလေး အသိပေးချင်တာရော၊ နောက် အားပေးမယ့် ပရိသတ်အသစ်တွေကိုလည်း စောင့်မျှော်နေလျက်ပါ။
26/06/2024
Issue 00 မဂ္ဂဇင်းအတွက်ပဲ သီးသန့်အနေနဲ့ ရေးထားတဲ့ “အနောက်တိုင်း စိတ်ကူးယဉ် သိပ္ပံတွေထဲက အရှေ့တိုင်း အတွေးအခေါ်များ” စာစုလေးကို ဖတ်ရှုလှည့်ပါဦး။ ဒီစာစုမှာတော့ အနောက်တိုင်းသားတွေရဲ့ အရှေ့တိုင်းယဉ်ကျေးမှုတွေ၊ဘာသာရေးတွေ၊အတွေးအခေါ်တွေအပေါ် သူတို့အမြင်၊သူတို့အတွေးနဲ့ ပြန်လည်ပုံဖော်ကြတဲ့ အကြောင်းကို ဖော်ပြထားပါတယ်။
25/06/2024
Yangon in Action ရဲ့ Founder ကို အောင်မျိုးမင်းနဲ့ မြန်မာ့စိတ်ကူးယဉ် အနာဂတ်နဲ့ ပတ်သတ်ပြီး ဆွေးနွေးထားတာကို ဆောင်းပါးလေး အနေနဲ့ Burmapunk မဂ္ဂဇင်း issue 00မှာ ဖော်ပြထားပါတယ်။ အဲ့ထဲက ထုတ်နုတ်ထားတဲ့ ဒီဆောင်းပါးလေးကို အချိန်အားရင် ဖတ်လှည့်ပါဦး။
PDF file နဲ့ အထာကျကျ ဖတ်ချင်ရင်တော့ Burmapunk Telegram Channel လေးမှာ သွားပြီး ဖတ်လို့ရတယ်နော်။
https://t.me/burmapunk/5
24/06/2024
စာရေးသူ တစ်လလောက် ပျောက်နေပေမယ့် စာလေးတွေ content လေးတွေ ပြန်လုပ်နေပါပြီ။ ရှေ့က issue 0လေးကို အားပေးကျတဲ့ သူတွေကိုလည်း ကျေးဇူးတငိပါတယ်။ အခု issue 01လေးကိုလည်း ဇွန်လကုန်လောက် ထွက်ဖို့ ကြိုးစားနေပါတယ်။ စာရေးသူ တကယ်လုပ်နေပါကြောင်း issue 01 မဂ္ဂဇင်းကာဗာလေးနဲ့ လာရောက် တင်ပြကြောင်းပါ။ ဒီတစ်ခေါက် theme လေးကတော့ Space Opera အကြောင်းလေး ဖြစ်ပါတယ်။ ကာဗာဒီဇိုင်းလေးသာမက အာကာယာဉ်ပျံကြီး ဒီဇိုင်းကို စိတ်ရှည်ရှည်နဲ့ ဖန်တီးရေးဆွဲပေးသော ကိုHan Zaw HZ ကိုရော၊ နောက်ခံလေးနဲ့ retouching ပိုင်းလေး ကူညီးပေးတဲ့ ကို Duwun ရောကို ကျေးဇူးတင်ပါတယ်။ စကားမစပ်ကိုHan Zaw နဲ့ Collaboration လေးတစ်ခုရှိတာမို့ စောင့်မျှော်ပေးပါဦး။
(စကားမစပ်: post ပေါ်မှာ made with AI label ကြီး ပေါ်ကောင်းပေါ်နေပါလိမ့်မယ်။ ဒါပေမယ့် AI တစ်ခုမှ မပါဘဲ တကယ် talented ဖြစ်တဲ့ သူများနဲ့သာ ဖန်တီးထားပါတယ်။)
04/06/2024
Burmapunk Now On Telegram!!
စခက Facebook သာမက VPN တွေကိုပါ သုံးလို့မရအောင် လုပ်နေတာ အားလုံးအသိပါပဲ။ စာရေးသူကတော့ ပြည်ပရောက်နေတာမို့ FB page ကို ဆက်ပြီး runလို့ရပေမယ့် ပြည်တွင်းက စာဖတ်ပရိသတ်တွေကို ရည်ရွယ်ရင်း Telegram channel လေး ဖန်တီး ဖြစ်သွားတာပါ။ ဆိုတော့ အကယ်၍ Facebook ဝင်လို့မရ၊VPN တွေလည်း သုံးလို့မရ ပေမယ့် Burmapunk က Content တွေ ဖတ်ချင်သပ ဆိုရင်တော့ လက်ရှိ Telegram channel လေးကနေ ဖတ်ရှုနိုင်ပါတယ်။ နောက်ပိုင်း Telegram ပါ သုံးလို့မရအောင် လုပ်လာရင်တော့ အခြားသော နည်းလေးတွေနဲ့ စီစဉ်ပေးပါဦးမယ်။
ကျေးဇူးပါ။
ဒီ Link လေးကနေ subscribe ထားလို့ရပါတယ်နော်။
https://t.me/burmapunk
Click here to claim your Sponsored Listing.
Category
Website
Address
Yangon