Servier Myanmar
Servier is a pharmaceutical company, committed to therapeutic progress to serve patient needs. SERVIER was established in Myanmar since 1997.
Founded to serve health, SERVIER is a global group governed by a Foundation that aspires to have a meaningful social impact, both for patients and for a sustainable world. With its unique governance model, it can fully serve its vocation with a long-term vision: being committed to therapeutic progress to serve patient needs. Our primary focuses are on Diabetes, Hypertension, Cardiology, Venous Dis
17/06/2026
ကိုလက်စထရောသည် ပရိုတင်းများနဲ့အတူ သွေးအတွင်း သယ်ယူပို့ဆောင်ခြင်းခံရပြီး ထိုပရိုတင်းနဲ့ ကိုလက်စထရော ပေါင်းစပ်မှုကို လိုင်ပိုပရိုတင်း (Lipoprotein) လို့ ခေါ်ပါတယ်။ လိုင်ပိုပရိုတင်း သယ်ဆောင်လာမှုအပေါ်မူတည်ပြီး ကောင်းသော ကိုလက်စထရောနှင့် မကောင်းသော ကိုလက်စထရော (၂) မျိုး ရှိပါတယ်။
သိပ်သည်းဆမြင့်သော လိုင်ပိုပရိုတင်း (High-density Lipoprotein / HDL) သည် ကောင်းသော ကိုလက်စထရောဖြစ်ပြီး ပိုလျှံနေသော ကိုလက်စထရောများကို စုဆောင်းကာ အသည်းဆီသို့ ပြန်လည်ပို့ဆောင်ပေးပါတယ်။
သိပ်သည်းဆနိမ့်သော လိုင်ပိုပရိုတင်း (Low-density Lipoprotein / LDL) သည် မကောင်းသော ကိုလက်စထရော ဖြစ်ပြီး ကိုလက်စထရော အမှုန်အမွှားများကို ခန္ဓာကိုယ်အနှံ့သို့ သယ်ဆောင်ပေးပါတယ်။ LDL ကိုလက်စထရောများ သွေးလွှတ်ကြော နံရံတွင် စုပုံလာပါက သွေးကြောများ မာကျောလာကာ သွေးကြောကျဉ်းသွားနိုင်ပါတယ်။
ကိုလက်စထရော မြင့်မားခြင်းကြောင့် သွေးလွှတ်ကြော နံရံများပေါ်တွင် ကိုလက်စထရောနှင့် အခြားသော အနည်အနှစ်များ စုပုံလာခြင်းက အန္တရာယ်ရှိပြီး သွေးကြောကျဉ်းခြင်း (Atherosclerosis) ကို ခံစားရနိုင်ပါတယ်၊၊ စုပုံနေတဲ့ အနည်အနှစ်များ သို့မဟုတ် အလွှာများ (Plaques) သည် သွေးလွှတ်ကြောများအတွင်း သွေးစီးဆင်းမှုကို လျော့နည်းစေနိုင်ပြီး အောက်ပါနောက်ဆက်တွဲ ဆိုးကျိူးများကို ဖြစ်စေနိုင်ပါတယ်။
- ရင်ဘတ်အောင့်ခြင်း: နှလုံးသို့ သွေးထောက်ပံ့ပေးသော နှလုံးသွေးလွှတ်ကြောများတွင် ဖြစ်ပွားပါက နှလုံးကြောင့်ရင်ဘတ်စူးအောင့်ခြင်းရောဂါ (Angina) နှင့် အခြားသော နှလုံးသွေးကြောကျဉ်းရောဂါ လက္ခဏာများကို ခံစားရနိုင်ပါတယ်။
- နှလုံးရောဂါ (Heart attack): စုပုံနေသောအဆီအလွှာများ ပေါက်ပြဲသွားပါက ပေါက်ပြဲတဲ့နေရာတွင် သွေးခဲများ ဖြစ်ပေါ်လာနိုင်ပြီး သွေးစီးဆင်းမှု ပိတ်ဆို့ခြင်း သို့မဟုတ် သွေးခဲပြုတ်ထွက်သွားပြီး သွေးများဆက်လက်မစီးဆင်းနိုင်အောင် ပိတ်ဆို့ခြင်းကို ဖြစ်နိုင်ပါတယ်။ နှလုံးအစိတ်အပိုင်းများဆီသို့ သွေးစီးဆင်းမှု ရပ်တန့်သွားပါက နှလုံးရောဂါ (Heart attack) ဖြစ်စေနိုင်ပါတယ်။
- လေဖြတ်ခြင်း (Stroke): ဦးနှောက်၏ အစိတ်အပိုင်းတစ်ခုသို့ သွေးစီးဆင်းမှုကို သွေးခဲက ပိတ်ဆို့လိုက်တဲ့အခါ လေဖြတ်နိုင်ပါတယ်။
Ref: https://myhealth-partner.com/articles/what-you-need-to-know-about-the-causes-of-high-cholesterol
11/06/2026
သွေးပေါင်ချိန် ဘာကြောင့်ကျရသလဲ?
အောက်ပါကျန်းမာရေးအခြေအနေများမှာ သွေးပေါင်ချိန်ကျစေနိူင်သော အကြောင်းရင်းများ ဖြစ်ပါတယ် ။
ကိုယ်ဝန်ဆောင်ခြင်း: ကိုယ်ဝန်ဆောင်ချိန် သွေးပေါင်ကျခြင်း ဖြစ်လေ့ရှိပြီး ပုံမှန်အားဖြင့် စိုးရိမ်စရာမရှိပါ။ ကိုယ်ဝန်ဆောင်ရခြင်းကြောင့် သွေးကြောများကို လျင်မြန်စွာ ကျယ်လာစေပြီး သွေးပေါင်ကျခြင်း လက္ခဏာများကို ဖြစ်ပေါ်စေပါတယ်။ ကိုယ်ဝန်ဆောင် ပထမ (၂၄) ပတ်အတွင်း သွေးပေါင်ကျခြင်း အဖြစ်များပြီး ပုံမှန်အားဖြင့် ကလေးမွေးဖွားပြီးနောက် ကိုယ်ဝန်မဆောင်မီက သွေးပေါင်ချိန်သို့ ပြန်လည်ရောက်ရှိသွားပါတယ်။
နှလုံးနှင့် နှလုံးအဆို့ရှင် ကျန်းမာရေး: နှလုံးရပ်ခြင်း၊ နှလုံးညှစ်အားနည်းရောဂါ (Heart Failure)၊ နှလုံးအဆို့ရှင်ရောဂါနှင့် နှလုံးခုန်နှုန်း နှေးခြင်း (Bradycardia) တို့သည် သွေးပေါင်ကျခြင်း လက္ခဏာများကို ဖြစ်စေနိုင်ပါတယ်။
ဟော်မုန်းဆိုင်ရာ ရောဂါများ: သွေးပေါင်ချိန်ကို ထိန်းညှိပေးတဲ့ Cortisolကဲ့သို့ အဓိကဟော်မုန်းများကို ထုတ်လုပ်ပေးသည့် ဂလင်းများကို ထိခိုက်စေသည့် အက်ဒီဆင်ရောဂါ (Addison disease) ကဲ့သို့သော ရောဂါများတွင် ထိုဟော်မုန်းများကို လုံလောက်အောင် မထုတ်လုပ်နိုင်ပါက သွေးပေါင်ကျခြင်း လက္ခဏာများ ဖြစ်စေနိုင်ပါတယ်။
သွေးတွင်းသကြားဓာတ်နည်းခြင်း / ဆီးချိုရောဂါ: သွေးတွင်းသကြားဓာတ်နည်းခြင်း (Hypoglycemia) သည် သွေးပေါင်ချိန် ကျစေနိုင်ပါတယ်။ ဆီးချိုရောဂါကြောင့်လည်း သွေးပေါင်ကျနိူင်ပါတယ်၊၊
ရေဓာတ်ခမ်းခြောက်ခြင်း: ခန္ဓာကိုယ်မှာ ရေဓာတ် လုံလောက်မှုမရှိတဲ့အခါ ခန္ဓာကိုယ်အတွင်းရှိ သွေးပမာဏ လျော့နည်းသွားပြီး သွေးပေါင်ကျတဲ့ လက္ခဏာများ ဖြစ်စေနိုင်ပါတယ်။ ဖျားခြင်း၊ အန်ခြင်း၊ အပြင်းအထန် ဝမ်းလျှောခြင်း၊ ဆီးဆေးများ အလွန်အကျွံသောက်သုံးခြင်းနှင့် လေ့ကျင့်ခန်းအပြင်းအထန်ပြုလုပ်ခြင်းတို့ကြောင့် ရေဓာတ်ခမ်းခြောက်နိုင်ပါတယ်။
သွေးဆုံးရှုံးခြင်း: ဒဏ်ရာရရှိခြင်းကြောင့် သွေးအမြောက်အမြား ဆုံးရှုံးခြင်းနှင့် ကိုယ်တွင်းသွေးထွက်ခြင်းတို့သည်လည်း သွေးပမာဏကို လျော့နည်းစေပြီး သွေးပေါင်ချိန်ကို ပြင်းထန်စွာ ကျစေနိုင်ပါတယ်။
ပြင်းထန်စွာ ပိုးကူးစက်ခြင်း: ခန္ဓာကိုယ်အတွင်း ရောဂါပိုးဝင်ပြီးနောက် Septicemia လို့ခေါ်တဲ့ သွေးစီးကြောင်းထဲသို့ ပိုးမွှားများ ရောက်ရှိသွားသည့်အခါ Septic Shock လို့ခေါ်တဲ့ အသက်အန္တရာယ်ရှိသည့် သွေးပေါင်ချိန်ကျခြင်းကို ဖြစ်စေနိုင်ပါတယ်။
ပြင်းထန်သော ဓာတ်မတည့်မှု (Anaphylaxis): လက္ခဏာများတွင် သွေးဖိအား ရုတ်တရက် အလွန်အမင်း ကျဆင်းသွားခြင်း ပါဝင်ပါတယ်။
အာဟာရဓာတ် ချို့တဲ့ခြင်း: ဗီတာမင် B12၊ ဖောလိတ် (Folate) နှင့် သံဓာတ် နည်းပါးပါက ခန္ဓာကိုယ်မှ သွေးနီဥဆဲလ်များကို လုံလောက်အောင် မထုတ်လုပ်နိုင်သဖြင့် ကျန်းမာသော သွေးနီဥဆဲလ်များ ချို့တဲ့သည့် သွေးအားနည်းရောဂါ (Anemia) ဖြစ်စေပြီး သွေးပေါင်ကျသည့် လက္ခဏာများကို ဖြစ်စေပါတယ်။
သွေးပေါင်ကျစေနိုင်သော ဆေးဝါးများ
အချို့သောဆေးဝါးများကြောင့် သွေးပေါင်ကျခြင်း လက္ခဏာများကို ဖြစ်စေနိုင်ပါတယ်။
- နှလုံးနှင့် သွေးတိုးကျဆေးများ: ဆီးဆေးများ (Diuretics)၊ အယ်လ်ဖာဘလော့ကာ (Alpha-blockers) နှင့် ဘီတာဘလော့ကာ (Beta-blockers)။
- ပါကင်ဆန်ရောဂါ (Parkinson Disease) အတွက် ဆေးဝါးများ: ဥပမာ- ပါမီပက်ဇိုးလ် (Pramipexole) နှင့် လီဗိုဒိုပါ (Levodopa) ပါဝင်သော ဆေးဝါးများ။
- ထရိုင်ဆိုင်ကလစ် (Tricyclic Antidepressants) ဟုခေါ်သော စိတ်ကျရောဂါကုဆေးအချို့ (ဥပမာ)ဒေါ့ဆပ်ပင် (Doxepin) နှင့် အီမီပရာမင်း (Imipramine)။
- ပန်းသေပန်းညှိုးရောဂါအတွက် ဆေးဝါးများ: ဥပမာ- ဆေလ်ဒီနာဖေးလ် (Sildenafil) သို့မဟုတ် တာဒါလာဖေးလ် (Tadalafil)၊ အထူးသဖြင့် နှလုံးရောဂါဆေး နိုက်ထရိုဂလစ်ဆရင်း (Nitroglycerin) နှင့် တွဲဖက်သောက်သုံးသည့်အခါမျိုးတွင် သွေးပေါင်ချိန်ကျစေပါတယ်။
သွေးပေါင်ချိန်ကျရန် အလားအလာရှိသောအချက်များ
အသက်အရွယ်: အများအားဖြင့် အသက် (၆၅) နှစ်အထက် လူကြီးများတွင် မတ်တပ်ရပ်လိုက်သည့်အခါ သို့မဟုတ် အစားစားပြီးနောက်တွင် သွေးဖိအား ရုတ်တရက် ကျဆင်းခြင်း ဖြစ်ပွားလေ့ရှိပါတယ်။
အရက် သို့မဟုတ် တရားမဝင် မူးယစ်ဆေးဝါးများ: ၎င်းတို့ထဲမှ တစ်ခုခုကို အသုံးပြုခြင်းကြောင့် သွေးပေါင်ချိန်ကျနိုင်ခြေ များပါတယ်။
Ref: https://myhealth-partner.com/articles/recognizing-low-blood-pressure-symptoms-and-its-causes
05/06/2026
Servier သည် သွေးတိုးရောဂါနှင့် သွေးပြန်ကြောဆိုင်ရာရောဂါများတွင် ကမ္ဘာ့ထိပ်တန်းကုမ္ပဏီတစ်ခုအဖြစ်လည်းကောင်း၊ နှလုံးနှင့် ဇီဝကမ္မဖြစ်စဉ်ဆိုင်ရာများတွင် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်သူအဖြစ်လည်းကောင်း၊ နာတာရှည်ရောဂါခံစားနေရသော လူနာများကို ကူညီပံ့ပိုးပေးရန်နှင့် သူတို့၏ နေ့စဉ်ဘဝများကို မြှင့်တင်ပေးနိုင်ရန်အတွက် အသွင်ကူးပြောင်းရေးဆိုင်ရာ ဆန်းသစ်တီထွင်မှုများကို ဖော်ဆောင်လျက်ရှိပါတယ်။ ကမ္ဘာတစ်ဝှမ်းလုပ်ဆောင်နေသော ဦးစားပေးလုပ်ငန်းများတွင် လူနာများအတွက် ကျန်းမာရေးလမ်းညွှန်မှုများကို လိုက်နာခြင်းနှင့် ရောဂါထိန်းချုပ်နိုင်မှုကို လုပ်ဆောင်နိုင်ရန် အစီအစဉ်များလည်း ပါဝင်ပါတယ်။
ရည်မှန်းချက်နှင့်အညီ ကုသမှုများတွင် လူနာများ ကျန်းမာရေးလမ်းညွှန်မှုများကို ပိုမိုလိုက်နာစေရန် လိုအပ်သည့် အချက်အားလုံးကို မြှင့်တင်လုပ်ဆောင်သွားရန်လည်း ရည်ရွယ်ထားပါတယ်။
Servier သည် ဆေးဝါးထုတ်လုပ်ရေးကဏ္ဍတွင် သွေးတိုးရောဂါအတွက် ကမ္ဘာ့အဆင့် (၁) နှင့် နှလုံးရောဂါများအတွက် ကမ္ဘာ့အဆင့် (၅) ရှိသော ဦးဆောင်ဆေးဝါးကုမ္ပဏီ ဖြစ်ပါတယ်။
ရောဂါစစ်ဆေးအတည်ပြုခြင်း၊ နာတာရှည်ရောဂါများအကြောင်း ဗဟုသုတမျှဝေခြင်းနှင့် ကုသမှုဆိုင်ရာ ကျန်းမာရေးလမ်းညွှန်ချက်များ လိုက်နာမှုအတွက် ရည်ရွယ်သည့် ဆန်းသစ်သော ဒီဂျစ်တယ်ဝန်ဆောင်မှုများသာမက ဆေးဝါးများအတွက် ဆန်းသစ်တီထွင်မှုများ (ဥပမာ - ဆေးအမျိုးအစားများစွာကို ဆေးတစ်ခုတည်းအဖြစ် ပေါင်းစပ်ထားသော Single Pill Combinations) တို့ကိုလည်း ဖော်ဆောင်လျက်ရှိပါတယ်။
Servier ၏ ဆန်းသစ်တီထွင်မှုများသည် ရောဂါကုသမှုများကို မှန်ကန်စွာ မလိုက်နာနိုင်သော နာတာရှည်ရောဂါဝေဒနာရှင် (၅၀) ရာခိုင်နှုန်းခန့်အတွက် ကျန်းမာရေးလမ်းညွှန်ချက်များကို လိုက်နာမှုမရှိခြင်း ပြဿနာကို ဖြေရှင်းရန် ရည်ရွယ်ပါတယ်။ Servier အနေဖြင့် မိတ်ဖက်အဖွဲ့အစည်း (၁၄) ခုနှင့် ပူးပေါင်းကာ ပထမဆုံးသော "ကမ္ဘ့ာကျန်းမာရေး လမ်းညွှန်မှုလိုက်နာခြင်းနေ့" (World Adherence Day) ကိုလည်း ပံ့ပိုးကူညီခဲ့ပါတယ်။
Ref: https://www.facebook.com/share/r/18EkfCeBmA/
27/05/2026
ကိုယ်အလေးချိန် ထိန်းညှိခြင်းနှင့် သွေးပြန်ကြောများ ကျန်းမာစေရန် နည်းလမ်းကောင်းများ
> အစားအသောက် ညီညွတ်မျှတစွာစားသုံးပါ။
ကျန်းမာရေးနှင့် ညီညွတ်သောအစားအသောက်များကို ရွေးချယ်စားသုံးခြင်းသည် ကိုယ်အလေးချိန် ထိန်းခြင်းနှင့် နာတာရှည် ခြေထောက်သွေးပြန်ကြောအားနည်းရောဂါကို ကာကွယ်ရန် အခြေခံအုတ်မြစ်ပါပဲ။ ယင်းက ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ရရှိရန်နဲ့ ခန္ဓာကိုယ်အတွင်း ရောင်ရမ်းမှုများကိုလည်း လျှော့ချပေးရန်လည်း ကူညီပေးပါတယ်၊၊ဒါကြောင့် ပြုပြင်ထားတဲ့ အစားအစာများ၊ သကြားပါတဲ့ အဖျော်ယမကာများနဲ့ အဆီများတဲ့ အစားအစာများကို လျှော့ချစားသုံးပြီး အောက်ပါအစားအသောက်များကို အဓိကထား စားသုံးပါ ။
- သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များ: ဗီတာမင်၊ သတ္တုဓာတ်နှင့် Antioxidants များ ကြွယ်ဝတဲ့ အစားအစာတွေက ရောင်ရမ်းမှုကို လျှော့ချပေးပြီး သွေးပြန်ကြောနံရံတွေကို သန်မာစေခြင်းဖြင့် သွေးပြန်ကြောများကို ကျန်းမာစေပါတယ်။
- အဆီနည်းသော ပရိုတင်းများ: ကြက်သား၊ ငါး၊ ပဲမျိုးစုံနှင့် အစေ့အဆန်များသည် သွေးပြန်ကြော တစ်ရှူးများအပါအဝင် ခန္ဓာကိုယ်တစ်ရှူးများကို တည်ဆောက်ခြင်းနှင့် ပြုပြင်ခြင်းတို့တွင် ကူညီပေးပါတယ်။
- အစေ့အဆန်ကြမ်းများ: အုတ်ဂျုံ၊ ခင်းဝါ (Quinoa) နှင့် ဆန်လုံးညိုတို့သည် အမျှင်ဓာတ်ပါဝင်ပြီး ကိုယ်အလေးချိန်ကို ထိန်းညှိပေးတဲ့အပြင် သွေးပြန်ကြောဖိအားကို လျှော့ချပေးနိုင်ပါတယ်။
- ကျန်းမာရေးနှင့် ညီညွတ်သော အဆီများ: ထောပတ်သီး၊ အစေ့အဆန်များ၊ အဆန်များမှရရှိသော ဆီများ နှင့် သံလွင်ဆီ တို့သည် ခန္ဓာကိုယ်တစ်ခုလုံး၏ နှလုံးသွေးကြောကျန်းမာရေးကို အထောက်အကူပြုပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းရန် ကူညီပေးပါတယ်။
> ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ။
ကိုယ်လက်လှုပ်ရှားမှုသည် ကိုယ်အလေးချိန် လျှော့ချရာမှာ အလွန်အရေးကြီးပါတယ်။ တစ်ပတ်လျှင် အနည်းဆုံး မိနစ် (၁၅၀) ခန့် အသင့်အတင့် ပြင်းအားရှိသော အေရိုးဗစ် လေ့ကျင့်ခန်း သို့မဟုတ် (၇၅) မိနစ်ခန့် ပြင်းထန်သော အေရိုးဗစ် လေ့ကျင့်ခန်း လုပ်ဖြစ်ဖို့ ကြိုးစားပါ။ လေ့ကျင့်ခန်းလုပ်ခြင်းသည် သွေးစီးဆင်းမှုကို ကောင်းစေခြင်း၊ ကြွက်သားများကို သန်မာစေခြင်းနှင့် ကိုယ်အလေးချိန်ကို လျှော့ချပေးခြင်းတို့တွင် ကူညီပေးပြီး ဒီအချက်အားလုံးကပဲ သွေးပြန်ကြောများ ပိုမိုကျန်းမာစေရန် အထောက်အကူဖြစ်စေပါတယ်။ ခန္ဓာကိုယ်အတွက် အကျိုးရှိစေတဲ့ လေ့ကျင့်ခန်း အမျိုးအစားများတွင် အောက်ပါတို့ ပါဝင်ပါတယ် ။
- နှလုံးအားကောင်းစေသော လေ့ကျင့်ခန်းများ: လမ်းလျှောက်ခြင်း၊ အပြေးလေ့ကျင့်ခြင်း၊ ရေကူးခြင်းနှင့် စက်ဘီးစီးခြင်းကဲ့သို့သော လှုပ်ရှားမှုများသည် သွေးစီးဆင်းမှုကို ကောင်းမွန်စေပြီး နှလုံးသွေးကြောကျန်းမာရေးကို မြှင့်တင်ပေးပါတယ်။
- ကြွက်သားသန်မာစေသော လေ့ကျင့်ခန်းများ: အလေးမခြင်း သို့မဟုတ် ကိုယ်အလေးချိန်ကို အသုံးပြုသော လေ့ကျင့်ခန်းများမှတစ်ဆင့် ကြွက်သားတည်ဆောက်ခြင်းသည် သွေးပြန်ကြောများကို အထောက်ကူပြုပြီး တစ်ကိုယ်လုံး၏ သွေးလှည့်ပတ်မှုကို တိုးတက်စေပါတယ်။
- ပျော့ပျောင်းမှုနှင့် ဟန်ချက်ညီမှု လေ့ကျင့်ခန်းများ: ယောဂ နှင့် Pilates တို့သည် ပျော့ပျောင်းမှုနှင့် ဟန်ချက်ညီမှုကို မြှင့်တင်ပေးနိုင်ပြီး သွေးပြန်ကြောဆိုင်ရာ ပြဿနာများ ဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။
> စိတ်ဖိစီးမှုလျှော့ချပါ။
စိတ်ဖိစီးမှု ခံစားရသည့်အခါ ခန္ဓာကိုယ်က အစာစားချင်စိတ်ကို တိုးစေပြီး အထူးသဖြင့် ဝမ်းဗိုက်အဆီစုစေတဲ့ ဟော်မုန်းများကို ထွက်စေပါတယ်။ စိတ်ဖိစီးမှုကို ထိန်းချုပ်လျှော့ချရန်အတွက် -
- သတိပြုဆင်ခြင်ခြင်းနှင့် တရားမှတ်ခြင်း: စိတ်ဖိစီးမှုကို လျှော့ချရန်နှင့် တစ်ကိုယ်လုံးကျန်းမာမှုကို တိုးတက်စေပါတယ်။
- လုံလောက်သည့် အိပ်စက်မှု: ညစဉ် လုံလောက်နှစ်ခြိုက်စွာ အိပ်နိုင်ရန်ကြိုးစားပါ။ အိပ်စက်မှု မလုံလောက်ခြင်းက စိတ်ဖိစီးမှုကို တိုးစေနိုင်ပြီး ကိုယ်အလေးချိန် လျှော့ချခြင်းကို ထိခိုက်စေနိုင်ပါတယ်။
Ref link - myhealth-partner.com/articles/managing-your-weight-to-prevent-chronic-venous-disease
20/05/2026
နှလုံးညှစ်အားနည်းရောဂါ၏ အဆင့်များ
နှလုံးညှစ်အားနည်းရောဂါလက္ခဏာများအပေါ် မူတည်ပြီး နှလုံးညှစ်အားနည်းရောဂါအဆင့် (၄) ဆင့်ကို ဖော်ပြလိုက်ပါတယ်၊၊
အဆင့် (၁) - ရောဂါလက္ခဏာမပြခြင်း
နှလုံးသည် ပုံမှန်လုပ်ဆောင်သင့်သလောက် ကောင်းမွန်စွာ အလုပ်မလုပ်တော့သော်လည်း နေ့စဉ်လှုပ်ရှားမှုများတွင် လက္ခဏာများ မခံစားရသေးပါ။ လုပ်ငန်းဆောင်တာများကို ပုံမှန်အတိုင်း လုပ်ဆောင်နိုင်ပြီး တက်ကြွစွာ သွားလာလှုပ်ရှားနိုင်မှာဖြစ်ပါတယ်။ သို့သော် အခြေအနေ ပိုမိုဆိုးရွားမလာစေရန် ဆေးဝါး (သို့မဟုတ်) အခြားကုသမှုများ လိုအပ်နိုင်ပါတယ်။ အချို့တွင် ကုသရန် (သို့မဟုတ် )ထိန်းချုပ်ရန် လိုအပ်သော ရောဂါလက္ခဏာ (၁)ခု (သို့မဟုတ်) (၂) ခု ရှိနေတတ်ပါတယ်။
အဆင့် (၂) - အသင့်အတင့် လှုပ်ရှားရုံဖြင့် လက္ခဏာပြခြင်း
အနားယူနေချိန်မှာ ပုံမှန်အတိုင်း ခံစားရသော်လည်း ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်တဲ့အခါ လက္ခဏာများ ပေါ်လာတတ်ပါတယ်။ ဥပမာအားဖြင့် - ပန်းခြံထဲ အလုပ်လုပ်ခြင်း၊ ဈေးဝယ်ခြင်း၊ အိမ်အလုပ်များ လုပ်ဆောင်သည့်အခါ ပုံမှန်ထက် ပို၍မောပန်းခြင်းကို ခံစားရနိုင်ပါတယ်။
အဆင့် (၃) - အနည်းငယ် လှုပ်ရှားရုံဖြင့်လက္ခဏာပြခြင်း
အနားယူနေချိန်တွင် ပုံမှန်အတိုင်းခံစားရသော်လည်း ကိုယ်လက်လှုပ်ရှားမှု အနည်းငယ်ပြုလုပ်ရုံဖြင့် လက္ခဏာများ ပေါ်လာတတ်တာကြောင့် နေ့စဉ်ဘဝလုပ်ဆောင်မှုများမှာ အတော်လေး ကန့်သတ်ချက် ရှိသွားနိုင်ပါတယ်။ အနည်းငယ်လှုပ်ရှားလိုက်လျှင် အလွန်အမင်း ပင်ပန်းနွမ်းနယ်ခြင်းနှင့် ဆက်လက်လုပ်ဆောင်ရန် ခက်ခဲလောက်အောင် မောခြင်းတို့ ဖြစ်စေနိုင်ပါတယ်။
အဆင့် (၄) - နားနေချိန်တွင်ပင် လက္ခဏာပြခြင်း
ရောဂါလက္ခဏာများမပြဘဲ မည်သည့်ကိုယ်လက်လှုပ်ရှားမှုကိုမျှ မလုပ်ဆောင်သော်လည်း အနားယူနေချိန်မှာပင် မသက်မသာ ဖြစ်နေနိုင်ပါတယ်။ အိမ်အတွင်း လမ်းလျှောက်ခြင်း
Ref: https://myhealth-partner.com/articles/all-you-need-to-know-about-heart-failure
13/05/2026
လေ့ကျင့်ခန်းအားလုံးက အားကစားရုံ (Gym) မှာပဲ လုပ်နိုင်တာ မဟုတ်ဘူးဆိုတာ သင်သိပြီးပြီလား၊၊
---------------------------------------------------------------------------------------------
လစဉ်ကြေး အများကြီးပေးရတာနဲ့ အားကစားရုံကို တကူးတကသွားရမယ့်အစား နေရာနဲ့အချိန်ကိုရွေးစရာမလိုတဲ့ လေ့ကျင့်ခန်းတွေကိုလည်း လုပ်ကြည့်သင့်ပါတယ်။ သွေးပေါင်ချိန်ကို ဘယ်လိုလျှော့ချမလဲလို့ စဉ်းစားတဲ့အခါ အောက်မှာ ဖော်ပြထားတဲ့ လေ့ကျင့်ခန်းအချို့ကို လုပ်ဆောင်နိုင်ပါတယ်။
၁။လမ်းလျှောက်ခြင်း
လွယ်ကူပြီး ကုန်ကျစရိတ် သက်သာတဲ့ လမ်းလျှောက်ခြင်းဟာ နှလုံးအတွက် ကောင်းမွန်တဲ့ လှုပ်ရှားမှုတစ်ခု ဖြစ်ပါတယ်။ ပုံမှန်လမ်းလျှောက်ခြင်းဖြင့် နှလုံးသွေးကြောစနစ် (နှလုံး၊ အဆုတ်နဲ့ သွေးလည်ပတ်မှု) အတွက် ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်ပြီး တစ်ဦးတည်းဖြစ်စေ၊ သူငယ်ချင်းတွေနဲ့အတူဖြစ်စေ လုပ်ဆောင်နိုင်ပါတယ်။၄င်းဟာ တင်ပါး၊ ခြေထောက်နဲ့ ခါးအောက်ပိုင်း ကြွက်သားတွေရဲ့ ခံနိုင်ရည်အားကို တိုးစေတဲ့ အကျိုးကျေးဇူးတွေလည်း ရရှိနိုင်ပါတယ်။ တစ်နေ့ကို (၁၀) မိနစ်ခန့် လမ်းလျှောက်ပေးရုံနဲ့ ကျန်းမာရေးအတွက် သိသိသာသာ ထူးခြားကောင်းမွန်စေပါတယ်။
၂။ရေကူးခြင်း
ရေကူးခြင်းသည် ကြွက်သားတောင့်တင်းစေပြီး ခန္ဓာကိုယ်ကျစ်လစ်စေမယ့် လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ ရေကူးတဲ့အချိန်မှာ ပုံမှန်နှုန်းအတိုင်း ကူးခတ်ခြင်းက ကိုယ်အလေးချိန်ကို သိသိသာသာ လျော့ကျစေပါတယ်။
၃၊၊ကခုန်ခြင်း
ဟန်ချက်ညီမှုနဲ့ ခန္ဓာကိုယ် ပေါင်းစပ်လှုပ်ရှားမှုကို တိုးတက်စေတဲ့ အေရိုးဗစ် (aerobic) ကခုန်ခြင်းကလည်း ရွေးချယ်သင့်တဲ့ လှုပ်ရှားမှုတစ်ခုဖြစ်ပါတယ်၊၊
၄၊၊အနှေးပြေးခြင်း (Jogging) နှင့် အပြေးလေ့ကျင့်ခြင်း
သာမန်လမ်းလျှောက်ခြင်းထက် နှလုံးအားကောင်းစေမယ့် (Cardio) လေ့ကျင့်ခန်းတွေဖြစ်တဲ့ အနှေးပြေးခြင်းနဲ့ အပြေးလေ့ကျင့်ခြင်းတို့ကိုလည်း လုပ်ဆောင်နိုင်ပါတယ်၊၊ အတွေ့အကြုံမရှိသေးသူဆိုရင်တော့ အရှိန်နဲ့ ကြာချိန်ကို တဖြည်းဖြည်းချင်း တိုးမြှင့်သွားဖို့လိုအပ်ပါတယ်၊၊ အကယ်၍ နှလုံးရောဂါ အခံရှိနေရင် ဒီလိုပြင်းထန်တဲ့ လေ့ကျင့်ခန်း အမျိုးအစားတွေကို မစတင်မီ ဆရာဝန်နဲ့ သေချာစွာ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
Ref: https://myhealth-partner.com/articles/gym-free-exercises
06/05/2026
ရင်ဘတ်စူးအောင့်ခြင်းနှင့် စိတ်ဖိစီးမှု - အန္တရာယ်ရှိသော ဆက်နွယ်မှုများလား?
နှလုံးကြောင့်ရင်ဘတ်စူးအောင့်ခြင်းရောဂါ (Angina) ဆိုသည်မှာ နှလုံးသို့ သွေးစီးဆင်းမှု လျော့နည်းသွားတဲ့အခါ ရင်ဘတ်မှာ နာကျင်မှုခံစားရတဲ့ ဝေဒနာတစ်မျိုး ဖြစ်ပါတယ်။ ရင်ဘတ်အောင့်ခြင်းနှင့်အတူ လက်မောင်း၊ ဗိုက်၊ မေးရိုး သို့မဟုတ် ခန္ဓာကိုယ်ရဲ့ အခြားနေရာများတွင်လည်း နာကျင်ခြင်းကို ခံစားရနိုင်ပါတယ်။ နှလုံးကြောင့်ရင်ဘတ်စူးအောင့်ခြင်းသည် နှလုံးရောဂါနှင့် ဆက်စပ်မှုအရှိဆုံး ဖြစ်သလို တစ်ကမ္ဘာလုံးအတိုင်းအတာအနေဖြင့် သေဆုံးမှုနှုန်း မြင့်သောရောဂါဖြစ်ပါတယ်၊၊
ယင်းရောဂါဟာ စိတ်ဖိစီးမှုနဲ့ ဘယ်လိုဆက်စပ်နေသလဲ၊ ဘယ်လိုစီမံခန့်ခွဲရမလဲဆိုတာကို သိရှိထားရန် အလွန်အရေးကြီးပါတယ်။
စိတ်ဖိစီးမှု (Stress) ဟာ ခန္ဓာကိုယ်အတွင်းပိုင်း သို့မဟုတ် ပြင်ပပတ်ဝန်းကျင် အပြောင်းအလဲတစ်ခုကြောင့် ဖြစ်ပေါ်လာသည့် ဇီဝကမ္မဆိုင်ရာ တုံ့ပြန်မှုဖြစ်ပါတယ်။ စိတ်ဖိစီးမှုသည် စိတ်ထဲတွင် အရင်ဆုံး ဖြစ်ပေါ်လာပြီးနောက် နှလုံးနှင့် သွေးလှည့်ပတ်မှုစနစ် အပါအဝင် ခန္ဓာကိုယ်အနှံ့ ကိုပါ ထိခိုက်စေပါတယ်။ စိတ်ဖိစီးမှု အလွန်များခြင်းသည် သွေးဖိအားကို မြင့်တက်စေနိုင်ပြီး စိတ်ဖိစီးနေစဉ်အတွင်း ခန္ဓာကိုယ်မှ ထုတ်လွှတ်လိုက်တဲ့ ဟော်မုန်းများ အရှိန်အဟုန်ဖြင့် စီးဆင်းလာခြင်းကြောင့် သွေးလွှတ်ကြောများကို ကျဉ်းစေကာ ရင်ဘတ်စူးအောင့်ခြင်းဝေဒနာကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။ နေ့စဉ်ဘဝတွင် စိတ်ဖိစီးမှု အနည်းဆုံးဖြစ်အောင် ကြိုးစားနေထိုင်ခြင်းဖြင့် ရင်ဘတ်စူးအောင့်ခြင်းကြောင့် ခံစားရသောစိတ်ဖိစီးမှုကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။
Ref: https://myhealth-partner.com/articles/coronary-heart-disease-and-stress
01/05/2026
မေဒေး (သို့) အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့သည် ကမ္ဘာတဝှမ်းရှိအလုပ်သမားများက ပိုမိုကောင်းမွန်တဲ့လုပ်ငန်းခွင်အနေအထားရရှိအောင် အားထုတ်ခဲ့ကြတဲ့ သမိုင်းဝင်နေ့တစ်နေ့ဖြစ်ပါတယ်၊၊ ဒါကြောင့် နှစ်စဉ် မေလ (၁)ရက်နေ့ မှာ ကျရောက်သော "အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့" အား Servier Myanmar မိသားစုမှ လေးစားစွာ ဂုဏ်ပြုကြိုဆိုအပ်ပါသည်၊၊
# #အလုပ်သမားနေ့ #မေလ၁ရက်နေ့
29/04/2026
နှလုံးကြောင့်ရင်ဘတ်စူးအောင့်ခြင်းရောဂါ (Angina) ရောဂါရှိသူအများစုဟာ ရောဂါလက္ခဏာ ဖြစ်ရတဲ့ အကြောင်းရင်းများကို လေ့လာပြီးနောက် ဘယ်အချိန်မှာ အနားယူရမယ်၊ ဆေးသောက်ရမယ်ကို သိရှိခြင်းဖြင့် ရောဂါကို ထိန်းချုပ်ကုသနိုင်ပါတယ်။ သို့သော် တစ်ခါတရံတွင် ရင်ဘတ်အောင့်ခြင်းသည် နှလုံးရောဂါ (Heart Attack) ၏ လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။ ဘယ်အချိန်မှာ အရေးပေါ်အကူအညီလိုအပ်ပြီဆိုတာကို သိရှိခြင်းက အသက်ကို ကယ်တင်နိုင်မှာဖြစ်ပါတယ်။
နှလုံးကြောင့်ရင်ဘတ်စူးအောင့်ခြင်းရောဂါ (Angina) လက္ခဏာများနှင့် နှလုံးရောဂါ (Heart Attack) လက္ခဏာများကို ခွဲခြားရန် ခက်ခဲနိုင်ပါတယ်။
နှလုံးကြောင့်ရင်ဘတ်စူးအောင့်ခြင်းရောဂါနှင့် နှလုံးရောဂါ နှစ်မျိုးလုံးသည် နှလုံးသွေးကြောကျဉ်းရောဂါ (Coronary Artery Disease) ၏ နောက်ဆက်တွဲဆိုးကျိူးများ ဖြစ်ကြပါတယ်။ သို့သော် နှလုံးကြောင့်ရင်ဘတ်စူးအောင့်ခြင်းရောဂါ (Angina) သည် နှလုံးကို လုံးဝ ပျက်စီးသွားစေခြင်းမဟုတ်ဘဲ နှလုံးရောဂါ (Heart Attack) ကတော့ ပျက်စီးစေပါတယ်။ နှလုံးကြောင့်ရင်ဘတ်စူးအောင့်ခြင်းရောဂါ၏ လက္ခဏာများသည် နှလုံးသို့ သွေးစီးဆင်းမှု ခေတ္တခဏလျော့နည်းသွားခြင်းကြောင့်သာဖြစ်ပါတယ်။ နှလုံးရောဂါကတော့ နှလုံးသို့သွေးစီးဆင်းမှုနည်းသွားချိန် ပိုမိုကြာမြင့်ပြီး ဒီအချိန်အတွင်းမှာ နှလုံးကြွက်သား အစိတ်အပိုင်းအချို့ စတင်သေဆုံးသွားပါတယ်။
နာကျင်မှုကို ပျောက်ကင်းစေနိုင်တဲ့ အချက်တွေကတော့ အနားယူခြင်း သို့မဟုတ် ဆေးသောက်ခြင်းက နှလုံးကြောင့်ရင်ဘတ်စူးအောင့်ခြင်းရောဂါ အမျိုးအစားတစ်ခုဖြစ်တဲ့ Stable Angina ကို မိနစ်အနည်းငယ်အတွင်း ပျောက်ကင်းစေပါတယ်။ သို့သော် နှလုံးရောဂါ (Heart Attack) မှာတော့ အနားယူခြင်း၊ ဆေးသောက်ခြင်းတို့က ရောဂါလက္ခဏာတွေကို သက်သာစေမှာ မဟုတ်ပါဘူး။
ရင်ဘတ်အောင့်ဝေဒနာ လက္ခဏာများ ခံစားရပါက အောက်ဖော်ပြပါအတိုင်း တုံ့ပြန်ဆောင်ရွက်ပါ။
- နှလုံးကြောင့်ရင်ဘတ်စူးအောင့်ခြင်းရောဂါ (Angina) ရှိသူများဟာ အနားယူပြီးနောက် သို့မဟုတ် ဆေးသောက်ပြီးနောက် (၁၅) မိနစ်အတွင်း နာကျင်မှု သက်သာသွားပါက လုပ်လက်စအလုပ်ကို ပြန်လည်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
- အကယ်၍ နှလုံးကြောင့်ရင်ဘတ်စူးအောင့်ခြင်းရောဂါ (Angina) မရှိဘဲ မိနစ်အနည်းငယ် အနားယူပြီးနောက် သက်သာသွားတဲ့ ရင်ဘတ်အောင့်ခြင်းမျိုး ခံစားရပါက ဆရာဝန်နှင့် အရေးပေါ်ပြသရန် လိုအပ်ပါတယ်။
- အနားယူခြင်း သို့မဟုတ် ဆေးသောက်ခြင်းဖြင့် ပျောက်မသွားတဲ့ ရင်ဘတ်အောင့်ဝေဒနာ လက္ခဏာများကို ခံစားရပါက နှလုံးရောဂါ (Heart Attack) ဖြစ်နေနိုင်တာကြောင့် အရေးပေါ်အကူအညီ ချက်ချင်းခေါ်သင့်ပါတယ်။
- နှလုံးကြောင့်ရင်ဘတ်စူးအောင့်ခြင်းရောဂါ (Angina) ရှိသော်လည်း ပိုမိုဆိုးရွားလာခြင်း၊ ခဏခဏ ဖြစ်လာခြင်း သို့မဟုတ် ခံစားရပုံပြောင်းလဲသွားခြင်းမျိုး ရှိပါက ဆရာဝန်နဲ့ အမြန်ဆုံး ဆွေးနွေးရမှာဖြစ်ပါတယ်။
ရင်ဘတ်စူးအောင့်သည့်ဝေဒနာခံစားရသည့်အခါ လုပ်လက်စအရာများကို ရပ်တန့်ကာ ထိုင်ချလိုက်ပြီး သက်သောင့်သက်သာရှိအောင် နေပါ။ အကောင်းဆုံး ကိုယ်နေဟန်ထားကတော့ ကြမ်းပြင်ပေါ်တွင် ဒူးများကို ကွေးထားပြီး ဦးခေါင်းနှင့် ပခုံးတို့ကို မှီထားခြင်း ဖြစ်ပါတယ်။ နောက်ကျော သို့မဟုတ် ဒူးအောက်တွင် ခေါင်းအုံးများ ခုထားနိုင်ပါတယ်။
Ref: https://myhealth-partner.com/articles/recognizing-early-angina-symptoms
22/04/2026
နှလုံးခုန်နှုန်း (Heart Rate) ဆိုသည်မှာ တစ်မိနစ်အတွင်း နှလုံးမှ ခုန်သည့် အကြိမ်အရေအတွက် ဖြစ်ပါတယ်။ တစ်ဦးနှင့်တစ်ဦး ကွဲပြားနိုင်ပြီး အသက်အရွယ်၊ လှုပ်ရှားမှုပုံစံနှင့် စိတ်ခံစားမှု ကဲ့သို့သော အချက်များအပေါ် မူတည်၍ ပြောင်းလဲနိုင်ပါတယ်။
နှလုံးခုန်နှုန်းကို အနားယူနေပြီး စိတ်လက်ပေါ့ပါးနေချိန်တွင် တိုင်းတာရပါတယ်။ အနားယူနေချိန် ခန္ဓာကိုယ်အတွက် လိုအပ်သော အနည်းဆုံး သွေးပမာဏကိုသာ နှလုံးက ညှစ်ထုတ်ပေးနေသည့် အချိန်တွင်ရှိနေသော နှလုံးခုန်နှုန်းကို အနားယူနေစဉ်နှလုံးခုန်နှုန်း (Resting Heart Rate) လို့ခေါ်ပါတယ်။ လူကြီးတစ်ဦးအတွက် ပုံမှန်ကျန်းမာသော နှလုံးခုန်နှုန်းမှာ တစ်မိနစ်လျှင် (၆၀) မှ (၁၀၀) bpm ကြား ဖြစ်ပါတယ်။ အချို့သူများတွင် နှလုံးခုန်နှုန်းသည် အကြိမ် (၆၀) အောက် ရှိနိုင်သော်လည်း ပုံမှန်လို့ သတ်မှတ်နိုင်ပါတယ်။ ဥပမာအားဖြင့် အားကစားသမားများတွင် နှလုံးခုန်နှုန်း ပိုမိုနှေးကွေးနေတတ်ပြီး တစ်ခါတစ်ရံ အကြိမ် (၄၀) အထိ နည်းနေနိုင်ပါတယ်။ ထို့အပြင် Beta Blockers ကဲ့သို့သော ဆေးဝါးအချို့ကို သောက်သုံးနေသူများတွင်လည်း အနားယူနေစဉ်နှလုံးခုန်နှုန်း ပိုနှေးနေနိုင်ပါတယ်။
ကလေးငယ်များမှာ ၎င်းတို့၏ အသက်အရွယ်အပေါ် မူတည်၍ ကျန်းမာသော နှလုံးခုန်နှုန်းသည် လူကြီးများထက် ပိုမိုမြင့်မားနိုင်ပါတယ်။
နှလုံးခုန်နှုန်းကို သိရှိနိုင်ရန် လက်ကောက်ဝတ်၊ လည်ပင်းပေါ်တွင် လက်ချောင်းများတင်ကာ အကြိမ်ရေ စမ်းသပ်ခြင်းဖြင့်ဖြစ်စေ၊ နှလုံးခုန်နှုန်းတိုင်းစက်၊ စမတ်နာရီ (Smartwatch) များ အသုံးပြု၍ဖြစ်စေ တစ်မိနစ်အတွင်း နှလုံးခုန်သည့် အကြိမ်အရေအတွက်ကို တိုင်းတာစစ်ဆေးနိုင်ပါတယ်။ (၅) မိနစ်မှ (၁၀) မိနစ်ခန့် ထိုင်နေပြီး စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထားကာ တိုင်းတာခြင်းဖြင့် အနားယူနေစဉ်နှလုံးခုန်နှုန်း (Resting Heart Rate) ကို သိရှိနိုင်ပါတယ်။
Ref Link: https://myhealth-partner.com/articles/everything-you-need-to-know-about-a-healthy-resting-heart-rate
Click here to claim your Sponsored Listing.
Category
Website
Address
No. 62, U Wisara Road, Dagon Township
Yangon
11195
Opening Hours
| Monday | 09:00 - 17:30 |
| Tuesday | 09:00 - 17:30 |
| Wednesday | 09:00 - 17:30 |
| Thursday | 09:00 - 17:30 |
| Friday | 09:00 - 17:30 |