Seven Cycles Management

Seven Cycles Management

Share

Time, Cost, Quality, Safety, Productivity, Predictability and Profitability@ Seven Cycles Management!

Photos from Seven Cycles Management's post 13/10/2019

❌❎Non-Conformance Report (NCR)

NCR ဆိုတာ ဆောက်လုပ်ရေးလုပ်ငန်းတွေ မှာ Contractor တွေရဲ့လုပ်ဆောင်ချက် ၊ လုပ်ငန်းတွေက Contract မှာ သတ်မှတ်ထားတဲ့ဖော်ပြချက်တွေနဲ့မကိုက်ညီ (Non-Conformance) ခဲ့ရင် အလုပ်စစ်ဆေးသူက Contractor ဆီကို ထုတ်ပြန်ရတဲ့ Quality နဲ့ပတ်သတ်တဲ့document တစ်ခုဖြစ်ပါတယ်။

🎯ဘာလိုအရာတွေကြောင့် Non-Conformance ဖြစ်နိုင်လဲ?
ဥပမာ
+လုပ်ငန်းကို approved ဖြစ်ထားတဲ့ Construction Drawings တွေအတိုင်း မဆောက်ထားတာ၊ လွဲနေတာ။
+အလုပ်က Project specification မှာသတ်မှတ်ထားတဲ့tolerance ထဲမဝင်တာ၊ လက်ခံလို့ရတာထက် ပိုလွဲ နေတာ။
+အလုပ်ကို လက်မခံထားတဲ့apporved မဖြစ်ထားတဲ့နည်းလမ်းတွေနဲ့လုပ်ဆောင်တာ။
+သတ်မှတ်ထားတဲ့စစ်ဆေးမှုတွေ အတိုင်းမလိုက်နာတာ။
+စစ်ဆေးလို့ထွက်လာတဲ့result က သတ်မှတ်ထားတဲ့အရည်အသွေးမပြည့်မီတာ။
+သုံးထားတဲ့ပစ္စည်း အရည်အသွေးညံ့တာ၊ approved လုပ်ထားတဲ့material အစား အခြားအစားထိုး material တွေသုံးစွဲတာ။
အစရှိတဲ့ဟာတွေ အပြင် အခြား Contract မှာဖော်ပြထားတဲ့Drawing, Specification, work method တွေနဲ့မကိုက်ညီတဲ့ အရာတွေအားလုံးဟာ (Non-conformance) ပါ။

🗒NCR မှာဘာတွေဖော်ပြလေ့ရှိသလဲ?
Company တစ်ခုနဲ့တစ်ခု NCR နဲ့ပတ်သတ်ပြီး format တွေ၊ လိုအပ်ချက်တွေ အနည်းနဲ့အများဆိုသလို ကွဲ ပြားနိုင်ပေမယ့် အောက်မှာဖော်ပြမယ့်အချက်တွေတော့ အနဲဆုံးပါသင့်ပါတယ်။
+ NCR ဖြစ်ရတဲ့အကြောင်းအရင်း
(Non-conformance ဖြစ်တဲ့ အကြောင်းအရာကို အကျဉ်းချုံုး ဖော်ပြရမှာပါ။ ဓါတ်ပုံ attach ပါတွဲထည့်ရင် ပို မြင်သာထင်သာရှိပါတယ်)
+ဘာကြောင့် သတ်မှတ်ထားတဲ့spec တွေ၊ drawing တွေ၊ material တွေ၊ method တွေနဲ့မကိုက်ညီရတာလဲဆိုတာဖော်ပြရပါမယ်။
+ဖြစ်ခဲ့တဲ့NCR ကို ဘယ်လို ပြန်ကုစားမလဲ၊ ဘယ်လို ပြန်ပြင်မလဲ ဆိုတာကို အသေးစိတ်ရှင်းလင်းချက်ပါ။
(ဖြစ်တဲ့ defect အကြီးအသေးပေါ်လိုက်ပြီး လိုအပ်ရင် structural calculation တွေအထိပါတွဲတင်ပေးရပါမယ်။ တစ်ချို့လုပ်ငန်းတွေ အစအဆုံး ပြန်ဖြိ ုရတာတွေလဲ ရှိတတ်ပါတယ်)
+ဒီလို တူညီတဲ့ပြဿနာမျို ုးနောက်တစ်ကြိမ် မဖြစ်အောင် ဘယ်လို ကြိ ုတင်ကာကွယ်မလဲ ဆိုတာ ကို ဖော်ပြပေးရမယ်။
(ဒီပြဿနာချည်းပဲထပ်ခါတလဲလဲမဖြစ်အောင် ခံဝန်ကတိပေးတဲ့သဘောမျိ ုးဆောင်ပါတယ်။)

အပေါ်ဆုံး နှစ်ချက်က NCR ထုတ်တဲ့သူက NCR ထုတ်ရခြင်း အကြောင်းအရင်းကို ဖော်ပြရတာဖြစ်ပြီး အောက်ဆုံးနှစ်ချက်ကတော့ NCR လက်ခံရရှိသူက ဖြေရှင်းချက်ပေးရတာဖြစ်ပါတယ်။

🔥NCR ကပြဿနာရှိနိုင်လား?
NCR ဟာ quality နဲ့ပတ်သတ်တဲ့document တစ်ခုဖြစ်သလို Contractor ရဲ့ poor performance ကို ဖော်ပြရာရောက်တာလဲဖြစ်လို့ဘယ် Contractor ကမှ NCR တွေအများကြီးကို မကြိ ုဆိုပါဘူး။
တချို ု့ကိစ္စတွေမှာ NCR ကြောင့် Claims တွေ၊ အချိန် နှောင့်နှေးကြန့်ကြာတာတွေပါရှိနိုင်တဲ့အပြင် Contractor ရဲ့နောက်ရရှိနိုင်မဲ့ project အခွင့်အလမ်းတွေ အတွက်ပါ အတားအဆီးဖြစ်နိုင်လို့ NCR ကို Contractor တွေအနေနဲ့အလေးထားကိုင်တွယ်ဖြေရှင်းဖို့လိုပါတယ်။

Let's develop and grow together!
S.C-Thant

Photos credit to all rightful owners!

Photos from Seven Cycles Management's post 12/10/2019

🏆Tender အကြောင်းတစေ့တစောင်း🏆
ဈေးပြိုင်တင်ဒါခေါ်မှာလား၊ တစ်ယောက်တည်းနဲ့ပဲညှိမှာလား
(Competitive Bid and Negotiated Bid)

🙋‍♂️🙋‍♀️Competitive Bid ဆိုတာ
Competitive Bid လို့ခေါ်တဲ့ဈေးပြိုင်စနစ်နဲ့တင်ဒါ ခေါ်တယ်ဆိုတာ အားလုံးသိကြတဲ့အတိုင်း ပထမအဆင့်အနေနဲ့ တင်ဒါတင်မယ့် Contractor တွေကို Client ဖက်က ကြိုတင် ရေးဆွဲထားတဲ့ Draiwng တွေ၊ သတ်မှတ်ထားတဲ့ Specification တွေ (Bidding documents တွေလို့ခေါ်ပါတယ်) ပေးပြီး project ကိုလုပ်နိုင်မယ့် ဈေးတင် ခိုင်းတာပါ။ Contractor တွေတင်တဲ့ ဈေးတွေကို တင်ဒါ စီစစ်ရေးအဖွဲ့ကစစ်ဆေးပါတယ်။ ပုံမှန်အားဖြင့်တော့ ဈေးအနည်းဆုံးတင်တဲ့ Contractor ကပဲ တင်ဒါအောင်ပါတယ်။ပြီးတာနဲ့အဲ့ဒီ့တင်ဒါအောင်တဲ့ Contractor နဲ ့စာချုပ်ချုပ်ဆိုပြီး Project စပါတယ်။

👥Negotiated bid ဆိုတာ
Negotiated bid ကတော့ Client က Contractor တစ်ဦးတည်းကို ပဲ ဖိတ်ခေါ်ပြီး နှစ်ဦးနှစ်ဖက် အဆင်ပြေမယ့် ဈေးကိုညှိုပြီး အဆင်ပြေရင် အဲ့ဒီ့Contractor နဲ့ပဲစာချုပ်ပါတယ်။ ဒီစနစ်မှာတော့ Contractor အနေနဲ့အခြားပြိုင်ဖက်တွေ မရှိတဲ့အတွက် ဈေးအနည်းဆုံးဖြစ်အောင် ထားစရာမလိုတာကြောင့် Client အနေနဲ့ဈေးပိုပေးရမယ့် အနေအထားဖြစ်ပါတယ်။
အဲ့တော့ပုံမှန်အားဖြင့်ဆိုရင်တော့ Client တွေအနေနဲ့ ဈေးအသက်သာဆုံးသာပေးရမယ့် Competitive Bid ကိုပဲ ရွေးချယ်ပြီး တင်ဒါ ခေါ်ဖို့ဆုံးဖြတ် လေ့ရှိပါတယ်။

🤓ဒါဆိုရင်ဘာလို့ Negotiated Bid တွေကရှိနေသေးရတာလဲ?
ဘာလို့တစ်ချို Client တွေက Negotiated Bid ကိုပိုအကြိုက်တွေ့နေရသေးတာလဲ?

Competitive Bid မှာ Client တွေအနေနဲ့ တင်ဒါပြိုင်တဲ့ Contractor တွေအများကြီးထဲကမှ ဈေးအနည်းဆုံးဖြစ်တဲ့ တင်ဒါ ကိုရွေးချယ်ခွင့်ရှိတာမှန်ပေမယ့် ဈေးအနည်းဆုံး တင်ဒါ တိုင်းဟာ Quality အကောင်းဆုံးဖြစ်နေဖို့သိပ်မသေချာလို့ပါပဲ။ ကျွန်တော်တို့အားလုံးကြားဖူးကြတဲ့
“သင်ပေးသလောက်သာ သင်ပြန်ရလိမ့်မယ်” ဆိုတဲ့ ဆိုရိုးစကားလိုပေါ့။ အဲ့တာကြောင့် Competitive Bid ကို အသုံးပြုဖို့ရွေးချယ်ခဲ့မယ်ဆိုရင် Client အနေနဲ့ ဈေးအနည်းဆုံး တင်ဒါတွေမှာ ကိုယ်လိုချင်တဲ့ quality, ကိုယ်ပြီးချင်တဲ့ အချိန် နဲ့ကိုယ်လုပ်ရမယ့် Scope တွေကို လျော့မပေးလိုက်ရဖို့သေသေချာချာ တင်ဒါကိုစိစစ်ဖို့လို့ပါတယ်။

✉️📩Two Envelopes စနစ်
အခုနောက်ပိုင်းတော့ အဲ့လို Technical ပိုင်းနဲ့ပတ်သတ်တဲ့ ပြဿနာတွေ မကြုံရဖို့ Two Envelopes (တင်ဒါစာအိတ် နှစ်အိတ်) စနစ်ကခေတ်စားလာပါတယ်။ တင်ဒါတင်တဲ့ Contractor တွေအနေနဲ့ Technical Proposal ကို စာအိတ်တစ်အိတ်၊ Financial Proposal ကို စာအိတ်တစ်အိတ် ထဲထည့်ပြီး စုစုပေါင်း စာအိတ်နှစ်အိတ် တင်ရပါတယ်။ တင်ဒါစိစစ်ရေးအဖွဲ့က Technical Proposal ထည့်ထားတဲ့ စာအိတ်ကို အရင်ဖွင့်ဖောက်စိစစ်ပြီး တင်ဒါ လိုအပ်ချက် တွေနဲ့ကိုက်ညီ မှု ရှိမရှိ၊ အရည်အသွေးပြည့်မီမှု ရှိမရှို အရင်ဆုံးစိစစ်သုံးသပ်ပါတယ်။ အရည်အသွေးမပြည့်မီတဲ့ တင်ဒါ proposal တွေကိုပယ်ချပြီး တင်ဒါလိုအပ်ချက်တွေကို ကိုက်ညီတဲ့ Technical proposal တွေကို တင်နိုင်တဲ့ Contractor တွေရဲ့financial proposal တွေကို ဆက်ပြီးဖွင့်ဖောက်စစ်ဆေးပါတယ်။
ဒီအဆင့်မှာ အရည်အသွေးပြည့်မီတဲ့ Tender Proposal ကတစ်ခုတည်းပဲရှိခဲ့ရင်တော့ သေချာပေါက် သူ့ Financial Proposal မှာပါတဲ့ ဈေးကိုပဲ ပေးရမှာပါ။ အကယ်၍ တစ်ခုထက်ပိုခဲ့ရင်တော့ Financial proposal တွေထဲကမှ ဈေးအနည်းဆုံး proposal ကိုပဲရွေးချယ်ကြရမှာပါ။ ဒီစနစ်မှာတော့ ဈေးအနည်းဆုံးကို ရွေးချယ်တယ်ဆိုပေမယ့် Technical ပိုင်းအတွက် စိတ်ချထားပြီးသားဖြစ်လို့အစောပိုင်းမှာပြောခဲ့တဲ့ quality လျော့တဲ့ ကိစ္စတွေ၊ schedule အချိန်မီမပြီးမှာစိုးရိမ်ရတာ တွေမရှိတော့ပါဘူး

🏆Negotiated Bid ကိုရွေးရတဲ့အဖြေ
Negotiated Bid မှာတော့ ပုံမှန်အားဖြင့် Client တွေအနေနဲ့သူ့တို့သုံးလိုက်ရတဲ့ငွေနဲ့ထိုက်တန်တဲ့ quality work တစ်ခုကိုပြန်ရလေ့ရှိပါတယ်။ နောက်တစ်ခုက Competitive Bid မှာဆိုရင် Contractor တွေအနေနဲ့ Client က ချပေးတဲ့ Design ပေါ်မှာ အခြေခံပြီး ဈေးပြိုင်စနစ်နဲ့တင်ဒါတင်ရတာမို့လို့ တခါတလေ Client ရဲ့ Design မှားနေတာတို့၊ မလိုအပ်ဘဲ over design ဖြစ်နေတာတို့ကို Contractor က တင်ဒါ အဆင့်မှာ တွေ့နေရင်တောင် competitive Bid ဖြစ်တဲ့အတွက် ထောက်ပြလို့မရဘဲ ရရှိလာတဲ့ Design အတိုင်း ဈေးတင်ရလေ့ရှိပါတယ်။ ဒါပေမယ့် Negotiated Bid မှာတော့ Contractor တွေအနေနဲ့ Project မစခင်ကတည်းက Client ကို ပိုကောင်းမယ့် ၊ ပိုသင့်တော်မယ့် Design နဲ့ဈေးကို ဆွေးနွေးညှိုနှိုင်းခွင့်ရှိလို့ Client တွေအနေနဲ့ မလိုအပ်ဘဲ ပိုက်ဆံအပိုသုံးရတဲ့ပြဿနာက ကင်းဝေးမှာဖြစ်ပါတယ်။ ဒါ့အပြင် Project မစခင် ကတည်းက project အတွင်းမှာဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာတွေ၊ ဖြေရှင်းဖို့နည်းလမ်းတွေကိုပါ ကြိုတင်သဘောတူဆွေးနွေးခဲ့ကြတာမို့ Client တွေအနေနဲ့ ငွေကြေးရော အချိန်ပါ သက်သာစေနိုင်မှာဖြစ်ပါတယ်။ အစကတည်းက သေချာညှို နှိုင်းခဲ့ကြတဲ့အတွက် Competitive Bid နဲ့ရွေးခဲ့တဲ့ Project တွေမှာအများဆုံးကြုံရတဲ့ Project လုပ်နေရင်းနဲ့မှ အပြောင်းအလဲ ဖြစ်ရတာတွေ၊ Change order တွေ၊ Variation order တွေ ထုတ်ရတဲ့ကိစ္စလဲ သိပ်ကြုံရတော့မှာ မဟုတ်တဲ့အတွက် အငြင်းပွားစရာ ကိစ္စတွေ လျော့နည်းသွားမှာဖြစ်ပါတယ်။

Let’s develop and grow together!
S.C-Thant
P.S. Competitive နဲ့ Negotiated ဘယ်ဟာကပိုကောင်းလဲလို့မေးရင် ယခုထက်ထိ တိကျတဲ့အဖြေ မရှိသေးပါဘူး။ Project ရဲ့သဘောသဘာဝပေါ်မူတည်ပြီး အဆင်ပြေသလို အသုံးပြုကြရမှာဖြစ်ပါတယ်။

27/09/2019

⚒External Risk in Construction Project⚒

Project တစ်ခုမှာ အဓိကအားဖြင့် Technical Risk, Management Risk, Commercial Risk နဲ့External Risk တို့ရှိတဲ့အထဲက External Risk ကို ကျွန်တော်တို့အနေနဲ့ဘယ်လိုမှ ထိန်းချုပ်လို့မရဘူးဆိုတာကို အရင်ဆုံးသတိချပ်သင့်ပါတယ်။ Project မစခင်ထဲမှာ ကိုယ့် project ကိုလွှမ်းမို့လာနိုင်တဲ့ External Risk တွေကို သေသေချာချာ သိထားမှသာလျှင် External Risk ကို Manage လုပ်ဖို့လွယ်ကူမှာဖြစ်ပါတယ်။ အဲ့ဒီတော့ External Risk တွေကဘာတွေဖြစ်နိုင်သလဲဆိုတာ ဆွေးနွေးကြည့်ကြရအောင်ပါ။

💰ငွေလဲလှယ်နှုန်းပြောင်းလဲတာ
Construction material တွေ အများစုက နိုင်ငံခြားကနေပဲတင်သွင်းရတာမို့ Exchange rate အတက်အကျကလဲ Project Cost ကိုအများဆုံးလွှမ်းမိုးနေတယ်ဆိုတာ အားလုံးအသိပါပဲ။

🖖Site ကိုချက်ချင်း၀င်ပြီးလုပ်ငန်းစလို့မရတာ
တခါတလေ Project စဖို့လိုအပ်တဲ့ resources တွေဖြစ်တဲ့လူအင်အား၊ ပစ္စည်းအင်အား နဲ့ စက်ယန္တရား တွေချိတ်ဆက်ပြီး စုဆောင်းပြီးပေမယ့် site ကို physically occupy လုပ်လို့မရတာတွေရှိပါတယ်။ ဥပမာ ဘေးပတ်၀န်းကျင် (သို့မဟုတ်) ဒေသခံတွေကကန့်ကွက်လို့လုပ်ငန်းမစနိုင်တာတို့၊ အစိုးရ Permit တွေကြန့်ကြာလို့အလုပ်စခွင့်မရသေးတာတို့ပါ။ စဖို့အချိန်နောက်ကျတာနဲ့အမျှ resources တွေရဲ့စရိတ်က တရိပ်ရိပ်တက်နေမှာပါ။

⛈ရာသီဥတု၊ သဘာ၀ပတ်၀န်းကျင်
ရာသီဥတုကလဲ ဘယ်လိုမှထိန်းချုပ်လို့မရတဲ့Risk တစ်ခုပါ။ ဒါအပြင် မမျှော်လင့်ထားတဲ့ Environmental issue တွေလဲ project လုပ်နေရင်းနဲ့မှ ပေါ်လာတတ်ပါတယ်။ ဒီဖက်ခေတ်မှာ Environmental အတွက်တက်ကြွတဲ့အဖွဲ့အစည်းတွေများလာနေလို့မမျှော်လင့်ဘဲ risk ကကြီး ထွားနိုင်ပါတယ်။

📑ဥပဒေအပြောင်းအလဲဖြစ်တာ
သူကတော့ External Risk ရဲ့မင်းသားကြီးပါ။ Construction မှာအများဆုံးကြုံတွေ့ရတာက import material တွေနဲ့ပတ်သတ်တဲ့ အခွန်အခတွေပါ။ ဒါ့အပြင် import duty ကင်းလွတ်ခွင့် ရတဲ့ material တွေကလဲ project တစ်ခုနဲ့တစ်ခုမတူညီပါဘူး။

🏃‍♀️၀န်ထမ်းတွေ Company ပြောင်းတာ
Company တိုင်းအတွက် အတော်အတန်ခေါင်းစားပြီး ထိန်းချုပ်ရခက်တဲ့Risk ပါပဲ။ ဒီဖက်ခေတ်မှာ ၀န်ထမ်းတော်တော်များများက လက်ရှိလုပ်နေတဲ့ Company ထက် အခွင့်အလမ်းရော၊ လစာပါသာတဲ့ အခြား company ကကမ်းလှမ်းလာရင် ပြောင်းဖို့၀န်မလေးတော့တာ Company Management တွေအတွက် ၀မ်းနည်းစရာကောင်းတဲ့ အမှန်တရားပါ။ Project လုပ်နေရင်းနဲ့ပြောင်းသွားတာမျိုး က လက်ရှိ project ကို run နေတဲ့ အဖွဲ့အစည်း အတွက်အများကြီးအထိနာစေပါတယ်။

🎲နိင်ငံရေး
အစိုးအရအပြောင်းအလဲက project တွေအပေါ်မှာ ဘယ်လောက်အထိ သက်ရောက်မှုကြီးသလဲဆိုတာ ခရိုနီတွေ လို့သတ်မှတ်ထားတဲ့ သူတွေ တည်ထောင်ထားတဲ့ construction company တွေ လုပ်နေတဲ့သူတွေအသိဆုံးပါ။

🕵️‍♂️ပြည်သူ့ဘက်တော်သားအဖွဲ့အစည်းတွေ
နိင်ငံရေးအရ၊ သဘာ၀ ပတ်၀န်းကျင် (Environmental) အရ၊ လူမှုပတ်၀န်းကျင် (social) အရထိခိုက်နစ်နာမှုတွေရှိနေလို့ဆိုတဲ့ခေါင်းစဉ်တွေ အောက်မှာ ရပ်ဆိုင်းလိုက်ရတဲ့ project တွေ၊ စဖို့အားလုံးစီစဉ်ပြီးတော့မှ ဖျက်လိုက်ရတဲ့ project တွေ အများအပြားရှိပါတယ်။ မြစ်ဆုံ project တို့၊ Dagon City project တို့ကတော့ ထင်ရှားတဲ့သက်သေတွေပါ။ တစ်ချို့project တွေဆက်လုပ်ဖြစ်ကြပေမယ့် ကြိုမတွက်ထားတဲ့ငွေကြေးဆုံး ရှုံး မှု တွေ ကအများကြီးရှိပါတယ်။ အဲ့လို ကိစ္စတွေအရဲ့ အခြေခံအစကတော့ တက်ကြွစွာလှုပ်ရှားကြတဲ့အဖွဲ့အစည်းတွေပါပဲ။ ကိုယ့်ဖက်ကရည်ရွယ်ချက်မရှိဘဲ သတိလွတ်ပြီး political, environmental, နဲ့social နဲ့ဆိုင်တဲ့ကိစ္စရပ်တွေကို project မစခင်ကတည်းက မရှင်းလင်းထားခဲ့ရင် အဆိုပါ အဖွဲ့အစည်းတွေကအစပြုလို့ social media တွေကတဆင့်လူထုတစ်ရပ်လုံးအထိပါစိမ့်၀င်စီးဆင်းကာ ကိုယ့် project အတွက်တော့ ကြီမားတဲ့ External Risk ကြီးတစ်ခုအဖြစ်အသွင်ပြောင်းသွားနိုင်ပါတယ်။

Let’s develop and grow together!
S.C-Thant.

Find out:
Technical Risk in Construction Project:
https://www.facebook.com/110988770269892/posts/122079995827436/

Management Risk in Construction Project:
https://www.facebook.com/110988770269892/posts/125410465494389/

Photos credit to all rightful owners.

Photos from Seven Cycles Management's post 23/09/2019

🏅Site ထဲမှာမကြာခဏကြားနေရတဲ့စကားလုံးတစ်ခု (သို့မဟုတ်) Change🏅

ကျွန်တော်တို့ Construction Industry မှာ အပြောင်းအလဲ (Change) ဆိုတဲ့ စကားလုံးဟာ ဘယ်လိုမှ ရှောင်လွှဲလို့မရဘဲ မကြာခဏ တွေ့နေရတဲ့ စကားလုံးပဲဖြစ်ပါတယ်။ Change Order, Field Change, Variation Order, Design Change, Schedule Change အစရှိသည်ဖြင့် တစ် change ထဲ change နေကြတာပါ။ တစ်ပတ်ကို change ဆိုတဲ့စကားလုံးကို အနည်းဆုံးတစ်ခါ ကြားနေရတဲ့့project တွေလဲ အမြောက်အများရှိပါတယ်။ ယေဘုယျအားဖြင့် မူလကနေ အပြောင်းအလဲပြုလုပ်ပီဆိုကတည်းက ပိုကောင်းအောင်ရည်ရွယ်ပြီး ပြောင်း လဲကြတာတွေချည်းပါပဲ။ ဒါပေမယ့် Site ထဲမှာ လက်တွေ့တည်ဆောက်နေရတဲ့ Engineer တွေအတွက်တော့ Change ဆိုတဲ့စကားလုံးဟာ စာရွက်ပေါ်မှာ၊ ပါးစပ်ထဲမှာ ပြောရတာလွယ်သလောက် လက်တွေ့မှာ လိုက်ပြောင်းပေးရတာထင်သလောက်မလွယ်ကြောင်း အားလုံးအသိပါပဲ။ (ဘာအလုပ်မှမစခင် တော့ ကြိုက်သလောက်ပြောင်းပေါ့လေ)။
တစ်ချို့ project တွေမှာ ထုနဲ့ထည်နဲ့ဆောက်ပြီးကာမှ အပြောင်းအလဲလေးတစ်ခုကြောင့် ဆောက်ပြီးသား အချို့အစိတ်အပိုင်းတွေ ပြန်ဖျက်ရတာတွေလဲကြုံဖူးကြပါလိမ့်မယ်။ ဒီ post လေးမှာတော့ အဲ့ဒီ့အပြောင်းအလဲတွေ မြစ်ဖျားခံအစပြုရာ အချက်အချို့ ကို ဆွေးနွေးသွားပါမယ်။ Change တွေကို ဖြစ်ပေါ်စေတဲ့အကြောင်းအရင်းတွေကတော့

📑Construction Drawing တွေမပြည့်စုံတာ
Construction Drawing တွေမပြည့်စုံတာတွေ ၊ ပါရမယ့် information တွေပါမလာတာတွေကြောင့် Site ထဲမှာ ကိုယ့်အယူအဆနဲ့ကိုယ် ( အရင်လုပ်ခဲ့ဖူးတဲ့အတွေ့အကြုံတွေအတိုင်း) ဆောက်ပြီးကာမှ information အသစ်တွေလာပေးတဲ့အခါ ကိုယ့်အယူအဆနဲ့လွဲမှားနေတာတွေကြုံဖူးကြပါလိမ့်မယ်။ Construction Drawing ကိုပဲ revision A,B,C,D တွေမဆုံးနိင်အောင် ထွက်နေတဲ့ project တွေလဲအများအပြားပါ။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးထွက်တဲ့ revision အတိုင်းသာ ဖြစ်ရမှာမို့Change တာကတော့ Change နေ ရ ဦး မှာပါပဲ။

🚧Site Condition မတူညီတာတွေ
တစ်ခါတစ်လေ Drawing တို့ Client က provide လုပ်တဲ့ Site Data တွေနဲ ့Actual Site Condition နဲ့ကွဲလွဲနေတာတွေ ရှိတတ်ပါတယ်။
ဥပမာ Drawing ထဲမှာ BM တွေနှစ်ခု၊ သုံးခုပြထားပေမယ့် အပြင်မှာ BM တွေပျက်စီးနေတာ၊ settlement ဖြစ်နေတာတွေ ကြောင့် BM တွေ အသစ်ပြန်လုပ်ဖို့ မူလ scope ထဲမှာမပါတဲ့ Survey Work တွေထပ်တိုးလိုက်ရတာလိုမျိုးပါ။ မြေကြီးလုပ်ငန်းတွေမှာလဲ underground services လိုင်းတွေ ကိုတူးနေရင်းနဲ့မှတွေ့လာရတတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် တွေ့လာတဲ့အခြေအနေ၊ အတိုင်းအတာ ပမာဏပေါ်မူတည်ပြီး အပြောင်းအလဲ လိုက်လုပ်ရပါတယ်။

‼️အစိုးရမူဝါဒတွေ၊ ဥပဒေတွေပြောင်းလဲတာ
Project လုပ်နေစဉ်ကာလတစ်လျောက်မှာ အစိုးရရဲ ့policy တွေ၊ နည်းဥပဒေတွေ အပြောင်းအလဲဖြစ်လို့ Site ထဲမှာ လိုက်ပြောင်းပေးလိုက်ရတာတွေရှိပါတယ်။့ဥပမာတစ်ခုအနေနဲ့ ဆိပ်ကမ်း project တွေမှာ Project မစခင်ကဆိပ်ကမ်းလုံခြုံရေးအတွက် ခြံစည်ရိုး အမြင့်ကို ၇ ပေခတ်ရမယ်လို့သတ်မှတ်ထားပေမယ့် Project လုပ်နေရင်းနဲ့ နိုင်ငံတကာဆိပ်ကမ်း စံနှုန်းများနဲ့ညီအောင် ခြံစည်ရိုးကို ၉ ပေ (3m) ပြောင်းလဲခတ်ရမယ်လို့guideline အသစ်ထက်ထွက်လာတာမျိုးတွေပါ။

👨‍💼အလုပ်ရှင်ရဲ့လိုအပ်ချက်ပြောင်းလဲတာ
ကျွန်တော်တို့တွေ အမြဲတမ်းရှောင်လွဲလို့မရတဲ့ ခေါင်းစဉ်ဖြစ်လို့ဥပမာတောင်ပေးဖို့လိုမယ်မထင်ပါဘူး။ အလုပ်ရှင်ကပြောင်းလဲတဲ့အထဲမှာ scope တွေ addition လုပ်တာ နဲ့ omission လုပ်တာတွေပါ၀င်ပါတယ်။ ဒါအပြင့် Design ကိုလုံး၀ change လိုက်တာမျိုးလဲ ကြုံတွေ့နိုင်ပါတယ်။ တခါတလေ အလုပ်ရှင်က provide လုပ်ပေးမယ်လို့ပြောထားတဲ့စက်ပစ္စည်းတွေ model ပြောင်းတာ၊ အမျိုးအစားပြောင်းတာတွေ ဖြစ်တဲ့အခါ အဲ့ဒီ့equipment တွေအတွက် ကြိုလုပ်ပေးထားရမယ့် ဆက်စပ်တဲ့ civil work တွေပါလိုက်ပြောင်းပေးရမှာပါ။

⏰Schedule delay/ revision ဖြစ်လို့အပြောင်းအလဲဖြစ်တာ
တခါတလေ Schedule နောက်ကျနေတဲ့အခါ acceleration/ catch-up plan အသစ်တွေနဲ့ပြန်လုပ်ရတဲ့အခါ မူလကသွားနေတဲ့ method တွေ၊ material တွေ၊ sequence တွေ အစရှိသဖြင့် ပြောင်းလိုက်ရတာတွေကြုံဖူးကြပါလိမ့်မယ်။ Schedule ကလဲ Change ကိုဖြစ်စေတဲ့အကြောင်းအရင်းတစ်ခုပါပဲ။

ဒါ့အပြင် ရာသီဥတုဆိုးရွားလွန်းတာတွေနဲ့အခြားကြိုတင်မခန့်မှန်းနိုင်တဲ့၊ ဖြစ်ဖို့ရာခိုင်နှုန်း အလွန့်အလွန် နည်းတဲ့ကိစ္စရပ်တွေ ထင်မှတ်မထားဘဲဖြစ်လာတဲ့အခါမျိုးတွေကလဲ Change ကို ဖြစ်စေပါတယ်။
အပြောင်းအလဲ (Change) တစ်ခုဖြစ်လာရင် အရေးအကြီးဆုံးက documentation/ record ပါပဲ။ ဘယ်သူကပြောင်းခဲ့တယ်။ ဘယ်တုန်းကပြောင်းတယ်။ ဘာစာရွက်စာတမ်းတွေ၊ change order တွေထုတ်ပြီးပြောင်းခဲ့တယ်၊ မပြောင်းခင် original (သို့မဟုတ်) နောက်ဆုံး revision တွေကိုလဲ အမြဲတမ်း record ထားကိုထားရပါမယ်။ ဒါမှသာ အငြင်းပွားစရာ တစ်စုံတစ်ခုဖြစ်လာတဲ့အခါ ကိုယ့်ဖက်က စာရွက်စာတမ်းအခိုင်အမာနဲ့ပြောဆို ရှင်းလင်းနိုင်မှာဖြစ်ပါတယ်။

Let’s develop and grow together!
S.C-Thant

Photos credit to all rightful owners

Photos from Seven Cycles Management's post 21/09/2019

👷‍♀️ သင့်ကို PM က safety toolbox talk ပြောခိုင်းတဲ့အခါ - ၂ 👷

အရင်တစ်ပတ်က safety toolbox talk နဲ့ ပတ်သက်ပြီး အကြောင်းအရာ ၅ ခု ကို ဆွေးနွေးခဲ့ပါတယ်။ အခု post မှာလည်း နောက်ထပ်အရေးကြီးတဲ့ အကြောင်းအရာတွေကို ဆက်လက်ဆွေးနွေးသွားပါမယ်။

6. Alcohol

အလုပ်ထဲမှာ အရက်သေစာသောက်စားထားတဲ့ လုပ်ဖော်ကိုင်ဖက်များနဲ့ ကြုံတွေ့ရတက်ကြောင်း ပြောပြပေးပါ။ အရက်သေစာသောက်စားထားတဲ့ အလုပ်သမားတွေနဲ့ ပြောဆိုဆက်ဆံရတဲ့အခါ ဘယ်လိုအန္တရာယ်များကြောင်း၊ ဘယ်မှာအကူအညီတောင်းသင့်ကြောင်းပြောပြပေးပါ။
ဒီခေါင်းစဉ်ကတော့ အလုပ်သမားတိုင်းကိုပြောဖို့သင့်လျော်ပါတယ်။

7. COSHH (Control of Substances Hazardous to Health)

အလုပ်ခွင် အားလုံးလိုလိုမှာ ဓာတုပစ္စည်းတွေ ရှင်းလင်းရင်း ဖုန်များ၊ ဓာတ်ငွေ့များ စသည့် ကျန်းမာရေးထိခိုက်စေသောအရာများ ဖြစ်ပေါ်လာနိုင်ကြောင်း ပြောပြပါ။ ထိုအရာတွေကို ဘယ်လို control လုပ်ရကြောင်းရှင်းပြပေးပါ။

အလုပ်သမား ထောင်ပေါင်းများစွာဟာ ကျန်းမာရေးထိခိုက်စေသော အရာတွေနဲ့ ထိတွေ့ရာမှတဆင့် နှစ်စဉ် ဖျားနာမှုတွေ ဖြစ်နေကြကြောင်းပြောပြပါ။

ဒီခေါင်းစဉ်ကတော့ အလုပ်ခွင်မှာအလုပ်လုပ်နေတဲ့သူတိုင်းအတွက် သင့်တော်ပါတယ်။

8. Confined Spaces

ပိတ်လှောင်ခြင်းခံရတဲ့လေထု နဲ့ access တွေ လုံလုံလောက်လောက်မရှိခြင်းတို့ကြောင့် confined spaces တွေဟာ အန္တရာယ်များကြောင်း ပြောပြပေးပါ။
Confined space တွေမှာ အလုပ်လုပ်ရသူတွေအတွက် အလုပ်ခွင်မဝင်မီ လိုအပ်သော အသက်ရှူကိရိယာတွေ၊ အထောက်အပံ့တွေ ကြိုတင်ပြင်ဆင်သွားဖို့ လိုအပ်ကြောင်း ပြောပြပေးပါ။
ဒီခေါင်းစဉ်ကတော့ confined space တွေမှာ အလုပ်လုပ်ရသူတွေအတွက် သင့်တော်ပါတယ်။

9. Dust

ဖုန်မှုန့်တွေဟာ အနှောင့်အယှက် ဖြစ်စေသလို ကျန်းမာရေးအတွက်လည်း အန္တရာယ်ရှိကြောင်း ပြောပြပါ။ ဖုန်တွေ၊ အမှုန်တွေကို ရှူမိခြင်း၊ မျက်လုံး၊ ခန္တာကိုယ်
တို့နဲ့ ထိတွေ့မိခြင်း တွေဟာ အလုပ်သမားတွေအတွက် အန္တရာယ်ရှိကြောင်း ပြောပြပေးပါ။
ဒီခေါင်းစဉ်ကတော့ ဖုန်တွေ၊ အမှုန်တွေကြားထဲ အလုပ်လုပ်နေရသူတိုင်းအတွက် သင့်တော်ပါတယ်။

ကျန်ရှိနေသေးတဲ့ tool box talk နဲ့ပတ်သက်တဲ့ ခေါင်းစဉ်တွေကိုလည်း ဆက်လက်ဆွေးနွေးပေးသွားမှာဖြစ်တဲ့အတွက် စိတ်ဝင်စားသူများ SCM page ကို see first လုပ်ထားပေးဖို့လည်း အကြံပြုချင်ပါတယ်။

ပထမဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေကို လေ့လာဆွေးနွေးချင်တယ်ဆိုရင်တော့
အောက်ပါ link မှာ ၀င်ရောက်ဆွေးနွေးနိုင်ပါတယ်။

https://www.facebook.com/110988770269892/posts/128481195187316/

Let's Build A Bright Future Together!
S.C - Soe Myat

Photos credit to all rightful owners

Photos from Seven Cycles Management's post 19/09/2019

👷‍♀️ သင့်ကို PM က safety toolbox talk ပြောခိုင်းတဲ့အခါ...👷

မြန်မာနိုင်ငံမှာ ရှိတဲ့ Project တိုင်းမှာ Safety First ဆိုတဲ့ စကားလုံးကိုထင်ထင်ရှားရှားတွေ့နိုင်ပေမယ့် Project တော်တော်များများမှာတော့ Safety Officer ရယ်လို့ သီးသီးသန့်သန့် ခန့်အပ်ပြီးတာဝန်ပေးတာ သိပ်မတွေ့ရပါဘူး။

အဲ့တော့ Safety အပိုင်းဟာလည်း Site တစ်ခုလုံးကို ဦးဆောင်နေရတဲ့ Engineer တွေပေါ်ပဲ ကျရောက်လာတာပါပဲ။

ကျွန်တော်တို့တွေထဲမှာ မနက်တိုင်းအလုပ်သမားတွေရှေ့ထွက်ပြီး toolbox talk ပြောကြရတဲ့ အင်ဂျင်နီယာတွေအများအပြားပါပဲ။

တစ်ခါတစ်လေ toolbox talk မှာ ပြောပြီးတာတွေထပ်နေလို့ ပြောစရာရှာမရတာလည်း ကြုံဖူးကြပါလိမ့်မယ်။

အဲ့လို ပြဿနာတွေကို အဖြေရှာဖို့ toolbox talk မှာအလုပ်သမားတွေကိုပြောသင့်တဲ့၊ ပြောရမယ့် အကြောင်းအရာလေးတွေကို ဝေမျှချင်ပါတယ်။

Toolbox talk ရဲ့ထုံးစံအတိုင်း short conversation ဆို လုံလောက်ပါပြီ။

Toolbox talk အတွက်ခေါင်းစဉ်တွေအများကြီးထဲကမှ ဒီ post မှာတော့ ၅ ခုကိုဆွေးနွေးသွားပါမယ်။

1. Accident Costs

Accident တစ်ခုဖြစ်ခဲ့ရင် ကုန်ကျစရိတ်တွေများတဲ့အကြောင်း၊ Accident ကြောင့်စီးပွားရေးတစ်ခုထဲတင်မကဘဲ ပါ၀င်တဲ့သူတွေအားလုံးကိုပါထိခိုက်နစ်နာစေတဲ့အကြောင်းတွေပြောပါ။ ကုန်ကျစရိတ်တွေအကြောင်းပြောပြီး accident မဖြစ်အောင်လှုံ့ဆော်ပေးပါ။
ဒီခေါင်းစဉ်ကတော့ လူတိုင်းအတွက်သင့်လျော်ပါတယ်။

2. Accident Prevention

မတော်တဆထိခိုက်မှုကို ကာကွယ်ဖို့ပြောတဲ့အခါ ဘေးကင်းလုံခြုံမှု ဆိုတာ
မတော်တဆဖြစ်ပေါ်လာတာမဟုတ်ဘဲ စနစ်တကျကြိုတင်ပြင်ဆင်ထားမှုကြောင့် ရရှိလာတာဖြစ်ကြောင်းရှင်းပြပါ။
မတော်တဆမှုတွေ ဘာကြောင့်ဖြစ်တတ်ကြောင်း၊ မတော်တဆမှုတွေမဖြစ်အောင် အကောင်းဆုံးဘယ်လိုကာကွယ်နိုင်ကြောင်း ပြောပြပေးပါ။
ဒီခေါင်းစဉ်ကတော့ အလုပ်သမားတိုင်းကိုပြောဖို့သင့်လျော်ပါတယ်။

3. Accident Reporting

Accident ကို Report လုပ်တာဟာ အရေးပါသော လိုအပ်ချက်တစ်ခုဖြစ်တဲ့အတွက် သင့်ရဲ့အဖွဲ့အစည်းကို မတော်တဆမှုတစ်ခုဖြစ်လာတဲ့အခါ အစီအစဉ်တကျ တင်ပြပေးဖို့လိုအပ်ကြောင်း ပြောပြပေးပါ။
ဒီခေါင်းစဉ်ကတော့ အလုပ်သမားတိုင်းကိုပြောဖို့သင့်လျော်ပါတယ်။

4. CDM Regulations

The Construction (Design and Management) Regulations (CDM) ကို construction work အားလုံးမှာ အသုံးပြုနေကြောင်းပြောပြပါ။ ဘယ်နေရာမှာပဲ construction လုပ်လုပ်၊ ဘယ်လောက်ပဲကြာကြာ CDM Regulations နဲ့အညီ ပြုလုပ်ရကြောင်းပြောပြပေးပါ။
ဒီအချက်ကတော့ industry မှာ အလုပ်လုပ်နေတဲ့ လူတိုင်းသိထားသင့်ပါတယ်။ Construction work မှာအလုပ်လုပ်နေသူအားလုံးအတွက်သင့်တော်ပါတယ်။

5. Eye Protection

Eye protection ရှိခြင်းဟာ အနာဂတ်အတွက် အမြင်အာရုံကို safe ဖြစ်စေကြောင်းပြောပြပါ။ ဖုန်တွေ၊ အခိုးအငွေ့တွေ၊ အရည်တွေ နဲ့ လွင့်စင်လာတဲ့ အစအနတွေကို မျက်စိ နှစ်လုံးစလုံး safe ဖြစ်အောင် ကာကွယ်ထားသင့်ကြောင်း ပြောပြပေးပါ။
ဒီခေါင်းစဉ်ကတော့ အလုပ်ခွင်ထဲမှာ eye protection လိုအပ်သူတိုင်းအတွက် ဖြစ်ပါတယ်။

ကျန်ရှိနေသေးတဲ့ tool box talk နဲ့ပတ်သက်တဲ့ ခေါင်းစဉ်တွေကိုလည်း ဆက်လက်ဆွေးနွေးပေးသွားမှာဖြစ်တဲ့အတွက် စိတ်ဝင်စားသူများ SCM page ကို see first လုပ်ထားပေးဖို့လည်း အကြံပြုချင်ပါတယ်။

Let's Build A Bright Future Together!
S.C - Soe Myat

Photos credit to all rightful owners!

Photos from Seven Cycles Management's post 18/09/2019

🎖QC (Quality Control) မိတ်ဆက်🎖

အဆောက်အဦး တစ်ခုကို ဆောက်လုပ်ပြီးမှ Inspection စစ်တာထက်စာရင် မဆောက်လုပ်ခင်ထဲက Quality ကို သေချာစီမံ ခန့်ခွှဲပြီး ထိန်းချုပ်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ ပြီးပြည့်စုံတဲ့ Building တစ်ခု ကို ရလာနိုင်ပါတယ်။
(ကြိုတင်ကာကွယ်ခြင်းဟာ ကုသခြင်းထက်ကောင်းတယ်ဆိုတဲ့ ဆောင်ပုဒ်လေးအတိုင်းပေါ့ဗျာ) ။

ကျွန်တော်တို့ Construction မှာ Quality control လုပ်ဖို့အတွက် အချက် ၅ ချက်ကို အဓိက ထားပြီး လုပ်ဆောင်နိုင်ပါတယ် ။

အဲ့ဒါတွေကတော့
(၁) Submittals
(၂) Mock Up
(၃) Shop Drawings
(၄) Testing နဲ့
(၅) Inspection တို့ဖြစ်ပါတယ် ။
တစ်ခုချင်းစီကို အသေးစိတ်ထပ်ဆွေးနွေးပါရစေ။

📑SUBMITTALS
စာချုပ်ထဲမှာချုပ်ထားတဲ့အချက်နဲ့ကိုက်ညီတဲ့ Material, Equipment သုံးထားလားဆိုတာ စစ်ဆေးဖို့ Contractor က Architect/Engineer ကို Document Form နမူနာ တစ်ခုပေးရပါတယ်။ ဒါက Quailty Control ရဲ့ ပထမအဆင့်ဖြစ်ပါတယ်။ အဲ့ဒီ့ Documents (Brochures ဒါမှမဟုတ် Cut Sheet လို့ ခေါ်ကြပါတယ်) မှာ Model Number, အရွယ်အစား, အရောင်, Weight နဲ့ Product တိုင်းရဲ့ Detail တွေ တိတိကျကျဖော်ပြထားပါတယ်။ အဲ့ဒီ့မှာ Architect/Engineer က Approved ဖြစ်မလား၊ Reject လုပ်ရမလားဆိုတာ ဆုံးဖြတ်ပါတယ်။
Architect/Engineer က Approved ဖြစ်တာနဲ့ ပစ္စည်းတွေကို စတင်မှာပါတယ်။ ဒါပေမယ့် အဲ့လိုမှာယုံနဲ့ မပြီးသေးပါဘူး။ ပစ္စည်းတွေရောက်လာပြီဆိုတာနဲ့ ပြန်စစ်ပါတယ်။ မှာထားတဲ့ အော်ဒါနဲ့ ပစ္စည်းတွေနဲ့ ကိုက်ညီမှု့ရှိမရှိဆိုတာကို။တကယ်လို့ မှာထားတဲ့ ပစ္စည်း အမျိုးအစား လွဲချော်ခဲ့ပြီး ရောက်လာခဲ့မယ်ဆိုလို့ရှိရင် အကုန်လုံးကို Reject လုပ်ပြီး သူတို့ Suppiler ဆီပြန်ပို့လိုက်ပါတယ်။

⛪️MOCK-UP
ပြီးရင် ဒုတိယအချက်ကတော့ Mock Up လုပ်ပါတယ်။ ကျွန်တော်တို့ အိမ်ဆောက်မယ်ဆိုလို့ရှိရင် ချက်ချင်းကြီးတိုက်ရိုက်ဆောက်ချလိုက်လို့မရပါဘူး။ အရင်ဆုံး Mock Up အနေနဲ့ ပုံစံနေရာ ချထားပြီးတော့မှ ဘယ်ပစ္စည်းကို ဘယ်နားမှာ ဘယ်လိုချထားမယ်ဆိုပြီး အထားအသိုလုပ် ပြီးတော့မှသာ ဆက်ပြီးလုပ်ပါတယ်။ထို့ကြောင့် ဒီနားမှာအလွယ်ရွေးလိုက်တယ်။ ပြီးတော့မှ မကြိုက်ဘူးဆိုပြီး ပြန်ဖျက်လို့မရပါဘူး။ အဲ့ဒါကြောင့်မို့လို့ Mock Up ကလဲ အရေးကြီးပါတယ်။ (မြန်မာနိုင်ငံမှာတော့ အခုနောက်ပိုင်းလုပ်လာကြပါပီ)

📐SHOP DRAWINGS
Shop Drawings ကတော့ Construction မှာ Plan တော့ချပြီးသွားပြီ ဒါပေမယ့် အသေးစိတ်ဖော်ပြချက်တွေတော့မပါသေးပါဘူး။ဥပမာအားဖြင့် ဒီ Shop Drawing မှာ Steel Girders ကို ဘယ်ပစ္စည်းနဲ့ ဘာအမျိုးအစား သုံးမယ်၊ Jointဆက်တွေကို ဘယ်လိုဆက်မယ်ဆိုတာ အသေးစိတ်ရေးပြထားလို့ပါပဲ။
ဒီအဆင့်ဟာ Sub Contractor (သို့) ပစ္စည်း Suppiler ကနေ စတင်ပြီး နောက်ဆုံးမှာ Architect /Engineer လက်ထဲရောက်ပြီး Final Approval လုပ်ဖို့ ရောက်ပါတယ်။ Shop Drawing Confirm ဖြစ်သွားတာနဲ့ တပ်ဆင်ခြင်းကို စပြီး လုပ်ကိုင်ပါတယ်။ ဒီနေရာမှာ အရေးကြီးတာက တပ်ဆင်ပြီးသွားတဲ့ ပစ္စည်းကို Quailty Control စစ်တဲ့ Inspector က စစ်ပါတယ်။ Shop Drawing နဲ့ ကိုက်ညီမှု့ မရှိတဲ့ ပစ္စည်းတွေအကုန်လုံးက အပယ်ခံရမှာပါ။ တပ်ဆင်တာမှားသွားတာနဲ့ Construction Schedule ကြီးတခုလုံး နောက်ကျသွားနိုင်ပါတယ်။

👨‍🔧TESTING
ထွက်လာတဲ့ ထုတ်ကုန်တွေပေါ်မူတည်ပြီး ဘယ်အမျိုးအစားအတွက် Quailty စံနှုန်းကို Project အနေအထားပေါ် မူတည်ပြီး ဘယ်ပစ္စည်း အမျိုးအစားကိုတော့ဖြင့် ဘယ်လိုစံနှုန်း ထားပြီးစစ်တယ်ဆိုပြီး အဆင့်ဆင့်သတ်မှတ်ထားပါတယ်။ Engineer လောကမှာ အသုံးအများဆုံးကတော့ ကမ္ဘာအနှံ့အသုံးပြုနေတဲ့ ASTM standard တို့ ACI standard တို့ ကို စံထားပြီး သုံးကြပါတယ်။ ASTM/ ACI က ထုတ်လုပ်တဲ့ စံချိန်စံညွှန်း. Procedure တွေအတိုင်း လိုက်နာကျင့်သုံးပြီး ပစ္စည်းတွေကို စစ်ပေးရပါတယ်။

👨‍⚕️INSPECTION
ယခုနောက်ပိုင်း ကျယ်ပြန့်လာတာတွေကတော့ ဆောက်လုပ်ရေးပစ္စည်းတွေကို စစ်ဆေးပေးတဲ့ Testing Agency တွေ၊ Engineer Firm (မြန်မာနိုင်ငံမှာတော့ Third Party QC) တွေ ပေါ်ပေါက်လာတာပါ။ အဲ့ဒီ့ Agency တွေက သေချာလေ့ကျင့်ပေးထားတဲ့ Engineer တွေက ဆောက်လုပ်ရေးလုပ်ငန်းခွှင်ထဲကို လာရောက်ပြီး စံချိန်စံညွှန်းနဲ့ ကိုက်ညီမညီ စစ်ဆေးပေးပါတယ်။ အခြား ကွန်ကရစ်အရည်အသွေးနဲ့ ခံနိုင်ရည်အားတွေကိုတော့ ကို Sample တွေနမူနာယူသွားပြီး Laboratory မှာ စစ်ဆေးကြပါတယ်။

များသောအားဖြင့် လုပ်ငန်းခွှင်ထဲမှာ စစ်ဆေးလေ့ရှိတာတွေကတော့
(၁) မြေကြီး သိပ်သည်းမှု့ကို စစ်ဆေးခြင်း (မြေကြီးလုပ်ငန်းအတွက်)
(၂) ကွန်ကရစ် Slump နဲ့ ခံနိုင်ရည်အား စစ်ဆေးခြင်း (ကွန်ကရစ်လုပ်ငန်းအတွက်)
(၃) Steel တွေရဲ့ ဝရိန်ဆော်ထားခြင်း၊ Bolt တွေရဲ့ ချိတ်ဆက်မှု့ကို စစ်ဆေးခြင်း။ (Structural Steel လုပ်ငန်းတွေအတွက်)
(၄) ကတ္တရာအရောအစပ် မှန်မမှန်နှင့် ခံနိုင်ရည်အား စစ်ဆေးခြင်း (လမ်းခင်းတဲ့လုပ်ငန်းတွေအတွက်)
(၅) Aggregate မှ ဖွှဲ့စည်းမှု့ မှန်မမှန်၊ ကောင်းမကောင်း စစ်ဆေးခြင်း စသည်တို့ဖြစ်ပါတယ်။ (ကွန်ကရစ်လုပ်ငန်းနဲ့လမ်းခင်းတဲ့လုပ်ငန်းတွေအတွက်)
(၆) သံချောင်းရဲ့ tensile strength, elongation (သံကူကွန်ကရစ်လုပ်ငန်းတွေအတွက်)
အစရှိသည်ဖြင့်ပါ။

စစ်ဆေးမှု့ရလဒ် (Test Report) တွေ ထွက်လာပြီဆိုရင် Owner (သို့ )Contractor ဆီကို ပို့ပေးရပါတယ်။ ရလဒ်တွေကိုစံနှုန်းနဲ့မကိုက်ညီလျှင်ပယ်ချပြီး အသစ်ပြန်လည်ပြုလုပ် ရပါတယ်။ ကွန်ကရစ်တစ်ခုပယ်ချခံလိုက်ရလျှင်အချိန်ကုန်ငွေကုန် ဖြစ်မှာစိုးသည့်အတွက် လုပ်ငန်းလုပ်ဆောင် နေစဉ် ကာလအတွင်း Engineer ရဲ့ အနီးကပ် သေချာစွာကြီးကြပ်မှု့ကလဲ အရေးပါပါတယ်။
အဆောက်အဦးဆောက်လုပ်ဆဲ ကာလတွင်လည်း အဆောက်အအုံ ခိုင်ခံ့မှု့ စစ်ဆေးမှု့လဲ လုပ်ကြရပါတယ်။ လုပ်ငန်းစစ်ဆေးစဉ် ကာလအတွင်း ခိုင်ခံံ့မှု့ တစုံတရာ လွဲချော်မှု့တွေ့ရှိခဲ့လျှင် ထိုအဆောက်အအုံကို ဆောက်လုပ်ခွှင့် ရပ်နားနိုင်သည်အထိ လုပ်နိုင်ပါသည်။ ထိုသို့ ပြဿနာများ မပေါ်ပေါက်လာနိုင်အောင် Quality Control ကို သေချာစွာ လုပ်ဆောင်ကြရခြင်း ဖြစ်ပါတယ်ခင်ဗျာ။

Quality ဟာနေရာတိုင်း အချိန်တိုင်းမှာလိုအပ်ပြီးအရေးကြီးတဲ့ကိစ္စရပ်တစ်ခုဖြစ်လို့ ဆွေးနွေးစရာများရှိရင် comment မှာဆက်လက်ဆွေးနွေးနိုင်ကြပါတယ်။ နောက်ပိုင်းမှာလဲ Quality နှင့် ပတ်သတ်သည့် အကြောင်းအရာများကို ဆွေးနွေး သွားပါ့မယ်။

The arms of our brothers always hold together !
S.C – Robert

Photos from Seven Cycles Management's post 15/09/2019

💣Construction ကို အရှုံးပေါ်စေနိုင်တဲ့ အကြောင်းအရင်းတစ်ခု (သို့မဟုတ်) Price Escalation💣

Price escalation ဆိုတာ Construction လုပ်နေစဉ်ကာလတွေမှာ နိင်ငံ ရဲ့ငွေကြေးဖောင်းပွလို့ပဲဖြစ်ဖြစ်၊ စီးပွားရေးကျနေလို့ပဲဖြစ်ဖြစ် အလုပ်သမားခတွေ၊ ဆောက်လုပ်ရေး ပစ္စည်းတွေ နဲ့အခြား Resources တွေ စျေးနှုန်းတက်ခြင်းပဲဖြစ်ပါတယ်။ စျေးနှုန်းတွေတက်လာတဲ့အတွက် မူလကတွက်ထားတဲ့့ စျေးနဲ့မကိုက်တော့ဘဲ နောက်ဆုံး လုပ်ငန်း အရှုံးပေါ်ခြင်းတွေဖြစ်ပေါ်စေနိုင်ပါတယ်။

Escalation ဖြစ်စေတဲ့အကြောင်းအရင်းတွေကတော့့အားလုံး သိကြတဲ့ အတိုင်း
+သဘာဝဘေးအန္တရယ်
(မိုးတွေအရမ်းရွာ ရေကြီးရေလျှံ လို့လမ်းပန်းဆက်သွယ်ရေးတွေပြတ်တောက်ပြီး သယ်ယူပို့ဆောင်ရေးစရိတ်တွေထိုးတက်ကုန်တာ)

+ငွေလဲလှယ်နှုန်း
(နိုင်ငံခြားကနေတင်သွင်းရတဲ့ဆောက်လုပ်ရေးပစ္စည်းတွေ ဒေါ်လာစျေးတက်လို့လိုက်တက်ကုန်တာ။ (ဆောက်လုပ်ရေးပစ္စည်းတော်တော်များများ က နိုင်ငံခြားကပဲသွင်းကြတာများပါတယ်)

+အစိုးရရဲ့စည်းမျဉ်းဥပဒေတွေအပြောင်းအလဲဖြစ်တာ
(နိုင်ငံခြားကတင်ပို့တဲ ့ တစ်ချို့ပစ္စည်းတွေအပေါ် အခွန်းစည်းကြပ်နှုန်းပြောင်းလဲလို့စျေနှုန်းတွေ ပြောင်းကုန်တာ)

+Supplier/ manufacture ကလုံလောက်တဲ့ supply မပေးနိုင်တော့တဲ့အခါ
(အကြောင်းအမျို ုးမျို ုးကြောင့် supplier တွေ manufacture တွေက ပစ္စည်းတွေ အလုံအလောက်မထုတ်ပေးနိုင်တဲ့တော့တဲ့အခါစျေးကွက်မှာ ပစ္စည်းပြတ်သွားပြီး စျေးတက်သွားတာ)

+အလုပ်သမား shortages ဖြစ်တာ
(Construction လုပ်ငန်းတွေ အရမ်း booming ဖြစ်လာပြီး လုပ်ငန်းနဲ့ကျွမ်းကျင်လုပ်သားမမျှတော့တဲ့အခါ ကျွမ်းကျင်လုပ်သားတွေကို စျေးပို ပေးပြီး ခေါ်ရတာ)
အစရှိသည်တို့ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံ ရဲ့စီးပွားရေးတို့၊ကမ္ဘာ့စီးပွားရေး အပြောင်းအလဲဖြစ်တာတို့ပေါ်မှာလဲ မူတည်နိုင်ပါသေးတယ်။

🙅‍♂️နစ်နာသူမဖြစ်ရလေအောင်
Contractor တွေအနေနဲ့ Tender စတင်ကတည်း က escalation risk ကို ကာမိအောင် စျေးနှုန်းမှာ ကြိုတင်ပြီး ထည့်တွက်ခဲ့ရမှာဖြစ်ပါတယ်။ ဒါပေမယ့် project duration ကြာလို့risk များများ cover ဖြစ်အောင် စျေးနှုန်းပို ထည့်ခဲ့မိရင်လဲ Tender တင်ရတဲ့ Project မျိုးမှာဆို ကိုယ့် tender စျေးဟာ ပြိ ုင်ဖက်တွေထက် များသွားပြီး tender မအောင်တာမျိုး ဖြစ်သွားတတ်ပါတယ်။ Contractor တွေ အနေနဲ့ဒီလို အခြေအနေမျိုးကို သတိကြီးကြီးထာပြီး ကိုင်တွယ်တတ်ရမှာဖြစ်ပါတယ်။

Let’s develop and grow together!
S.C-Thant

Photos from Seven Cycles Management's post 13/09/2019

🎖Construction Project တွေမှာ ကြုံတွေ့ရမယ့် Management Risk ( ၇ ) မျိုး🎖

Technical Risk in Construction Project အကြောင်းကို ရှေ့အပတ်က ဆွေးနွေးခဲ့သလို အခုတော့ နောက်ထပ် သတိထားရမယ့် Management Risk အကြောင်းကို ဆက်လက်ဆွေးနွေးချင်ပါတယ်။ Technical Risk ကိုပြန်လည်ဖတ်ရှုချင်ရင်တော့ အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။

https://www.facebook.com/110988770269892/posts/122079995827436/

Project တွေမှာ Technical Risk တွေ တင်မကဘဲ Management နဲ့ပတ်သတ်တဲ့ Risk တွေလဲရှိနေပါသေးတယ်။ အဲ့ဒါတွေကတော့

၁။ Programme Management
သူကတော့ Project တွေအများကြီး တစ်ချိန်တည်းမှာ လုပ်နေတဲ့ company တွေနဲ့သက်ဆိုင်တဲ့ တဲ့ risk တစ်ခု ဖြစ်ပါတယ်။ တစ်ခါတစ်လေ company က project တွေများတဲ့အခါ ကိုယ့် project ကိုချပေးရမယ့် resources တွေကိုမပေးနိုင်တာတွေ၊ အခြား Project တွေမှာ ငွေသုံးလွန်နေလို့ကိုယ့် project အတွက် ငွေမချပေးနိုင်တဲ့အခါတွေရှိပါတယ်။ company က ကိုယ့် project ကို ဦးစားပေးဘယ်အဆင့်မှာ ထားမလဲဆိုတာနဲ့အများကြီးသက်ဆိုင်ပါတယ်။ မမျှော်လင့်ဘဲနဲ့ထိခိုက်မှုကြီးနိုင်တဲ့ Risk တစ်ခုလဲဖြစ်ပါတယ်။

၂။ Resource Management
Project အတွက် အဓိကအရေးပါတဲ့ Material တွေ Equipment တွေလိုအပ်တဲ့အချိန် မှာ အကြောင်းအမျိုးမျိုး ကြောင့် အလွယ်တကူမရနိုင်တာတွေကြုံရနိုင်ပါတယ်။ Human Resource အနေနဲ့လဲ special skill တွေလိုအပ်တဲ့နေရာမျိုးမှာ ကျွမ်းကျင်လုပ်သားရှာမရတာမျိုးတွေလဲကြုံရတတ်ပါတယ်။

၃။ Communication Risk
တစ်ခါတလေ Client ဖက်ကပြောလိုက်တာတစ်ခုကို အဓိပ္ပါယ်ကောက်လွဲပြီး လိုက်လုပ်ပြီးတော့မှ သူလိုချင်တာမဟုတ်မှန်းနောက်မှသိလိုက်ရတဲ့အခါမျိုးတွေလဲ Site ထဲမှာ မကြာခဏကြုံဖူးကြပါလိမ့်မယ်။ တခါတရံအဲ့လိုအလွဲလေးတွေဖြစ်တတ်လို့သူ့ကိုလဲ Risk ထဲမှာထည့်ထားရပါလိမ့်မယ်။

၄။ Information Risk
တခါတလေ Client ဖက်က information/ approval/ confirmation ရမှရှေ့ဆက်လို့ရမယ့်လုပ်ငန်းတွေလဲ အများကြီး ကြုံရတတ်ပါတယ်။ အဲလိုအခါမျိုးမှာ Client ဆီကရတဲ့ information တွေနောက်ကျတာပဲဖြစ်ဖြစ်၊ ပေးပေမယ့် မလုံလောက်တာပဲဖြစ်ဖြစ်ကြုံခဲ့ရင် progress delay ဖြစ်ပြီး မလိုအပ်တဲ့ Cost တွေတက်လာတတ်ပါတယ်။ စာချုပ်မှာ information ပေးတာ နောက်ကျတာနဲ့ပတ်သတ်ပြီး clause တွေဘယ်လောက်ထည့်ထားထည့်တား Client နဲ့ဆက်ဆံရေးမပျက်ချင်လို့ လေး၊ ငါး ရက်လောက်သည်းခံပြီးစောင့်ပေးရတာပဲများပါတယ်။ စောင့်ရတဲ့ကြာရင်ကြသလို ဒုက္ခပေးနိုင်တဲ့ Risk ပါ။

၅။ HSE Risk
အရေးအကြီးဆုံးပါပဲ။ Site တော်တော်များများလဲ အထူးဂရုစိုက်ကြပါတယ်။ ဘယ်အချိန်ထဖြစ်မလဲ မသိတဲ့ accident/ incident တွေအတွက်ကြိုတင်ကာကွယ်မှုတွေ အများကြီးလုပ်မှရပါတယ်။ ဖြစ်လာရင်လဲ Site ရပ်နားရတဲ့အထိ ပြဿနာပေးနိုင်တဲ့ Manage လုပ်ရခက်တဲ့ Risk အကြီးစားတစ်ခုပါပဲ။

၆။ Organization Management
Project တစ်ခုအောင်မြင်ဖို့အတွက် organization ကအရေးအကြီးဆုံးဆိုတာအားလုံးအသိပါပဲ။ Project မစခင်က Organization Structure တွေဆွဲပြီး အလုပ်စခဲ့ကြပေမယ့် တကယ်လုပ်တဲ့အခါ Organization မှာ ပါ၀င် တဲ့လူတစ်ချို့ဟာ ကိုယ့် Project နဲ့မကိုက်ညီတာတွေတွေ့လာရတတ်ပါတယ်။ ဒါမှမဟုတ် Organization ထဲ ကလူတစ်ချို့ အလုပ်ပြောင်းသွားတာ၊ အခြား Project အတွက်လူလိုလို့ပေးလိုက်ရတာ အစရှိတာတွေလဲကြုံရနိုင်ပါတယ်။ ကြိုမမြင်နိုင်တဲ့ Risk တစ်ခုပါပဲ။

၇။ Quality Risk
Project မစခင်တော့ Engineer တိုင်း က Quality အကောင်းဆုံးဖြစ်အောင်လုပ်မယ်လို့စိတ်ကူးမိတတ်ကြတာပါပဲ။ တစ်ကယ်လုပ်ကြည့်တော့ မှ အကြောင်းအမျိုးမျိုးကြောင့် မျှော်မှန်းထားတဲ့ quality မပြည့်မီတာတွေကြုံလာတတ်ပါတယ်။ အဲ့ဒီ့အခါ ကိုယ်သတ်မှတ်ထာတဲ့ quality မှီအောင် ပြန်ပြင်ရတာတွေ၊ အသေးစားတွေဆိုလဲပြန်ဖျက်ပြီး အသစ်ပြန်လုပ်ရတာတွေရှိပါတယ်။ အဲ့လို ပြန်ပြင်တဲ့cost တွေ၊ ဖျက်ပြီးပြန်လုပ်ရတဲ့ cost တွေကို များသောအားဖြင့် ဘယ်သူမှထည့်တွက်လေ့မရှိပါဘူး။ Quality Management အားနည်းရင်နည်းသလောက် ပြဿနာရှိတဲ့ Risk ပါပဲ။

Let’s develop and grow together!
S.C-Thant.
P.S ရှေ့တစ်ပတ်မှာတော့ ကျန်ရှိနေသေးတဲ့ Risk တွေအကြောင်းဆက်လက်ဆွေးနွေးပေးသွားပါမယ်။ အဲ့တာတွေပြီးရင်တော့ Risk တွေကို ဘယ်လို manage လုပ်တဲ့ tools တွေ techniques တွေအကြောင်းကို ဆက်ဝေမျှပါ့မယ်။

Photos credit to all rightful owners.

11/09/2019

🏡 Spatial Planning အကြောင်း တစေ့တစောင်း 🏠

ကျွန်တော်တို့ Seven Cycle အနေနဲ့ ဒီတပတ်အတွက် Construction Management မှာ အလွန် အရေးပါတဲ့ အခန်းဂဏ္ဏ တစ်ရပ်အဖြစ် ပါဝင်နေတဲ့ Spatial Planning နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

Spatial Planning ဟာ ကျွန်တော်တို့နေထိုင်သွားလာနေတဲ့ လူမှု့ဘဝတခုလုံးကို မသိမသာ လွှမ်းမိုးထားနေပါတယ်။ တိုးတက်ပြီးသား နိုင်ငံတွေမှာ စက်ရုံ၊ အလုပ်ရုံ၊ လမ်းတံတား၊ ရေမြောင်းအဆုံး စတာတွေကို မှန်ကန်စွာနေရာချထားနိုင်ခြင်းကြောင့် လူထုမှာကောင်းမွန်တဲ့ အကျိုးသက်ရောက်မှု့တွေ ဖြစ်ပေါ်လာတာကို တွေ့မြင်နိုင်ပါတယ်။
ဥပမာအားဖြင့် ကျွန်တော်တို့နိုင်ငံ ရန်ကုန်မြို့မှာဖြစ်ပျက်နေတဲ့ ကားရပ်ရန်နေရာမရှိမှု့တွေ၊ ကားကြပ်မှု့တွေဟာ Spatial Planning အလွန်အားနည်းနေတယ်ဆိုတာကို အထင်းသားကြီး မျက်ဝါးထင်ထင် မြင်အောင်ပြသနေပါသည်။
Spatial Planning တခုမှာ အဆင့်များစွာပါဝင်ပါသည်။ အထူးသဖြင့် Urban Planning (မြို့များ၊ ရပ်ကွက်များနေရာချထားမှု့) ၊ Regional Planning (တိုင်းဒေသများနေရာချထားမှု့) ကနေပြီး နောက်ဆုံး သင့်ရဲ့ အိပ်ခန်းထဲက အသုံးအဆောင်ပစ္စည်းများ နေရာချထားသည်အထိ အဆင့်မျိုးစုံ ရှိပါတယ် ။
ဆက်လက်ပြီးတော့ Spatial Planning ရဲ့ အရေးပါမှု့ ၄ မျိုးကို ဖော်ပြပါ့မယ် အဲ့ဒါတွေကတော့

၁။ Reduce Traffic Congestion ( ယာဉ်ကျော ကြပ်မှု့များအား လျော့ချပေးခြင်း )
လွန်ခဲ့သော နှစ်အနည်းငယ်မှစ၍ ယာဉ်ကြောပိတ်ဆို့မှုများမှာ ပိုမိုဆိုးရွားရွား လာခဲ့ပါတယ်။ အဓိက အကြောင်းရင်းကို ကြည့်မယ်ဆိုလျှင် ယာဉ်ရပ်နားရန် နေရာများကို စနစ်တကျ နေရာချထားမှုမရှိခြင်း ၊ စက်ရုံတွေ ၊ Shopping Center တွေ ၊ ကျောင်းတွေဟာ ( Mass Transportation) နဲ့ ဝေးတဲ့နေရမှာ ရောက်နေကြပြီး Mass Transport ဖြစ်တဲ့ရထားပို့ဆောင်မှုဟာလည်း လွန်စွာအားနည်းနေတာကို တွေ့ရှိရပါတယ်။

Spatial Planning အနေနဲ့ ကျောင်းတွေ ၊ Shopping Mall တွေ ၊ ရုံးတွေ ၊ အပန်းဖြေ နေရာတွေကို Mass Transportation နှင့် နီးတဲ့နေရာတွေမှာ နေရာချထားပေးခြင်းအားဖြင့် မလိုအပ်တဲ့ ယာဉ် သုံးစွဲမှုတွေကို လျော့ချပေးနိုင်ပါတယ် ။

၂။ Create Quality of Life. ( ပြည်သူလူထု တွေရဲ့ ဘဝကို မြှင့်တင်ပေးခြင်း )
သင့်တော်မှန်ကန်တဲ့နေရာများမှာ လူကူးတံတားများထားခြင်း ၊ ယာဉ်ရပ်နားရုံများဆောက်ခြင်း ၊ မသန်စွမ်းသူများ သွားလာနိုင်ရန် Access များထားပေးခြင်း ၊ အပန်းဖြေနေရာများ ထားခြင်း ၊ ရေမြောင်း System များ ထားရှိခြင်းတို့ ဖြစ်ပါတယ် ။

၃။ Safeguards Against Natural Hazards ( သဘာဝအန္တရယ်များမှ ကာကွယ်ပေးခြင်း )
ဒါကတော့ ရေကြီးနိုင်တဲ့နေရာတွေ၊ မြေပြိုနိုင်တဲ့နေရာတွေကို ရှောင်ပြီး လုံခြုံစိတ်ချရတဲ့နေရာကို ရွေးခြယ်ပြီးမှသာ တည်ဆောက်မှု့လုပ်ခြင်းပဲဖြစ်ပါတယ်။ အန္တရာယ်အဖြစ်သတ်မှတ်ထားတဲ့နေရာများ၊ သဘာဝဘေးအန္တရယ်ကြုံနိုင်သောနေရာများကို ရှောင်ရှားပြီးမှသာ အဆောက်အအုံသစ်မြို့ပြသစ်တွေ ဆောက်လုပ်ခြင်းဖြစ်ပါတယ်။

၄။ Saves Resources (သယံဇာတများအား ထိမ်းသိမ်းခြင်း)
ယနေ့မှာတော့အများသိတဲ့အတိုင်း၊ မြေ(land)ဆိုတာကအလွန့်အလွန်ကြီး တန်ဖိုးရှိနေတဲ့ နေရာတခု ဖြစ်ပါတယ်။ တချို့နေရာ 1 sq - ft ကို သိန်းနဲ့ချီပြီး ရှိနေကြတာလည်း အားလုံးအသိပါ။ ဒီနေရာမှာ Spatial Planningက အလွန်အရေးကြီးလာပါပြီ။မလိုအပ်တဲ့နေရာတွေမှာ မလိုအပ်တဲ့ အဆောက်အဦး တွေဆောက်ပြီး မြေတွေကို မဖြုန်းသင့်ပါဘူး။

Compacted Development ဖြစ်ဖို့အရေးကြီးပါတယ်။ ဆိုလိုတာက အချက်အချာကျတဲ့နေရာမှာ Multi - Storage Building တွေ လိုအပ်တဲ့အဆောက်အအုံတွေကို တစုတစည်းထဲ ဆောက်လုပ်ထားခြင်းဖြစ်ပါတယ်။ ဟိုဘက်နားမြို့သစ်၊ ဒီဘက်နားမြို့သစ်လုပ်ပြီး ဟိုဘက်ကျဲ၊ ဒီဘက်ကျဲဖြစ်နေလျှင်တော့ Land Consumption သာဖြစ်ကြောင်း ပြောကြားရင်းနဲ့ ဒီတပတ် ဆွေးနွေးမှုလေးကို အဆုံးသတ်လိုက်ပါတယ် ခင်ဗျာ ။

The arms of our brothers always hold together!
S.C- Robert

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yadanar Housing (South Okkalapa)
Yangon