Luna Logic Lab - LLL

Luna Logic Lab - LLL

Share

Welcome to Luna Logic Lab (LLL) — your space to grow QA, BA, and PO skills in the IT industry. ✨

09/02/2026

Happy Monday လေးပါ။
ခုခေတ်စားနေတဲ့ ကိုယ့်ရဲ့အလုပ်အကိုင်နဲ့ ပုံထုတ်ထားတာလေး။
ဒါကတော့ ကျွန်မပုံပါလို့ 😁
မထုတ်ရသေးတဲ့လူတွေ ဒီ prompt လေးနဲ့

👉 “Create a caricature of me and my job based on everything you know about me.”

ChatGPT မှာ လိုတာလေးတွေဖြည့်ပြီး ကိုယ့်ပုံလေးတွေထုတ်ကြည့်လို့ရတယ်နော်..👻

05/02/2026

PO ဆိုတာ Requirement ရေးရုံသက်သက်ပဲလား? 🤔

Scrum Team တစ်ခုမှာ Product Owner (PO) ဆိုတာ ဘာလုပ်ရတာလဲလို့ မေးရင် "Requirement ရေးတဲ့သူ" ဒါမှမဟုတ် "Backlog စီတဲ့သူ" လို့ပဲ အများစုက ထင်ကြပါတယ်။

အမှန်တကယ်တော့ PO ဆိုတာ Agile Scrum Framework ထဲမှာ အလွန်အရေးကြီးတဲ့ Role တစ်ခုပါ။ အလွယ်ဆုံးပြောရရင်တော့ သူဟာ Product တစ်ခုရဲ့ "အနာဂတ်ကို ပုံဖော်သူ" နဲ့ "Value (တန်ဖိုး) ကို စီမံခန့်ခွဲသူ" ဖြစ်ပါတယ်။

ပိုပြီး ရှင်းလင်းအောင် PO ရဲ့ အဓိကတာဝန် (၃) ချက်ကို ပြောပြပေးပါမယ်။

၁။ Value Maximizer 📈
PO တစ်ယောက်ရဲ့ အဓိကအလုပ်က "အလုပ်တွေ အများကြီး ပြီးအောင်လုပ်ဖို့" မဟုတ်ပါဘူး။ "အရေးကြီးဆုံး အလုပ်တွေကို အရင်ပြီးအောင်လုပ်ဖို့" ဖြစ်ပါတယ်။ ဥပမာ - Feature (၁၀) ခုလုံးကို တစ်ဝက်တစ်ပျက် လုပ်နေမယ့်အစား User အတွက် တကယ် အသုံးဝင်မယ့် (၂) ခုကို အရင်ဆုံး အချောသတ် ထွက်လာအောင် ဦးဆောင်ရပါတယ်။

၂။ The Bridge (ပေါင်းကူးတံတား) 🌉
PO ဟာ အပိုင်း (၂) ပိုင်းကြားမှာ တံတားအဖြစ် ရှိနေရသူပါ။
• Business Side: စျေးကွက်ရဲ့ လိုအပ်ချက်နဲ့ Stakeholders တွေရဲ့ မျှော်လင့်ချက်တွေကို နားထောင်ရပါတယ်။
• Tech Side (Developers): အဲ့ဒီ လိုအပ်ချက်တွေကို Tech အဖွဲ့က နားလည်အောင် User Stories တွေ၊ Requirements တွေအဖြစ် ပြောင်းလဲပြီး ရှင်းပြရပါတယ်။

၃။ Decision Maker & Backlog Owner 🎯
Product တစ်ခုမှာ လုပ်စရာတွေ အများကြီး ရှိပါတယ်။ အဲ့ဒီ အလုပ်စာရင်း (Product Backlog) ထဲမှာ ဘယ်အလုပ်က နံပါတ် (၁)၊ ဘယ်ဟာက နံပါတ် (၂) ဆိုပြီး ဦးစားပေး (Prioritize) သတ်မှတ်ရသူ ဖြစ်ပါတယ်။ "ဘာကို အရင်လုပ်မလဲ" ဆိုတာကို အပြတ်အသတ် ဆုံးဖြတ်ရသူပါ။

💡 PO တစ်ယောက်မှာ ဘယ်လိုအရည်အချင်းတွေ ရှိသင့်လဲ?
• Vision: Product က နောက် ၆ လ၊ ၁ နှစ်မှာ ဘယ်လိုဖြစ်လာရမယ်ဆိုတဲ့ အမြင်ရှိရမယ်။
• Communication: လူအမျိုးမျိုးနဲ့ ညှိနှိုင်းနိုင်စွမ်း ရှိရမယ်။
• Domain Knowledge: ကိုယ်လုပ်နေတဲ့ Product နဲ့ စျေးကွက်အကြောင်းကို နားလည်ရမယ်။

အရေးကြီးဆုံး အချက်က: PO ဆိုတာ Scrum Team ရဲ့ "Boss" မဟုတ်ပါဘူး။ သူဟာ Team နဲ့အတူတူ Product အောင်မြင်အောင် ပူးပေါင်းလုပ်ဆောင်ရသူ (Collaborator) သက်သက်သာ ဖြစ်ပါတယ်။

📝 PO တစ်ယောက်ရဲ့ အောင်မြင်မှုဟာ သူရေးတဲ့ Backlog items အရေအတွက်ပေါ်မှာ မူတည်တာမဟုတ်ဘဲ သူ "No" လို့ ငြင်းလိုက်နိုင်တဲ့ အသုံးမဝင်တဲ့ Feature တွေပေါ်မှာ မူတည်နေတတ်ပါတယ်!

ယောရောဘွန်းတို့ရော... ကိုယ့်ရဲ့ Scrum Team ထဲမှာ PO ရဲ့ Role ကို ဘယ်လို မြင်ပါသလဲ?
PO တစ်ယောက်ရဲ့ အခက်ခဲဆုံး အပိုင်းက ဘာဖြစ်မလဲ? အများစုကတော့ Stakeholders တွေရဲ့ "အကုန်လုံးကို အခုချက်ချင်း လိုချင်တယ်" ဆိုတဲ့ တောင်းဆိုချက်တွေကို "No" လို့ ငြင်းရတာ အခက်ဆုံးလို့ ဆိုကြပါတယ်။ Comment မှာ ဆွေးနွေးပေးသွားပါဦးနော်။ ✨

ကျွန်မကတော့ Ei Pyae Pyae Phoo (Luna) ပါ။
အကျိုးတစ်စုံတရာ ရှိသွားမယ်လို့ မျှော်လင့်ပါတယ်။ ကျေးဇူးပါရှင့်။ 🤗

29/01/2026

Topic အလိုက် link စုပေးထားတဲ့ post လေးပါ။ ဒီ post လေးမှာပဲ နောက်လဲဆက် update ပေးသွားပါမယ်။ ✅

1️⃣ Quality Assurance (QA)

📌 QA တွေဘာလုပ်ရလဲ နှင့် Software Testing Life Cycle (STLC)
🔗 https://www.facebook.com/share/p/17kCJ4ESyH/?mibextid=wwXIfr

📌 QA နဲ့ Dev ပွတ်တိုက်မှုမဖြစ်ပွါးအောင် ဘာတွေလုပ်ရမလဲ။
🔗 https://www.facebook.com/share/p/1BmrUuJfj3/?mibextid=wwXIfr

2️⃣ Business Analyst (BA)

📌 BA တွေဘာလုပ်ရလဲ နှင့် BA အမျိုးအစားများအကြောင်း။
🔗 https://www.facebook.com/share/p/1CgzXidSMx/?mibextid=wwXIfr

📌 ITBA တစ်ယောက်၏ တစ်နေ့တာ
🔗 https://www.facebook.com/share/v/18CovA2aZP/?mibextid=wwXIfr

📌 ITBA နဲ့ Dev ကြားက Relationship & Communication
🔗 https://www.facebook.com/share/p/1GvRvxVe6d/?mibextid=wwXIfr

3️⃣ Product Owner (PO)

📌 QA မှ PO သို့ (Quality Mindset)
🔗 https://www.facebook.com/share/p/1HfcH5ud9G/?mibextid=wwXIfr

📌 QA Mindset (shift to) PO Mindset
🔗 https://www.facebook.com/share/p/183vXRmo1f/?mibextid=wwXIfr

📌 What is a Product Owner (PO)?
🔗 https://www.facebook.com/share/p/1AS3nt7cDv/?mibextid=wwXIfr

4️⃣ Agile

📌 Agile မိတ်ဆက်
🔗 https://www.facebook.com/share/p/1824DsjuEm/?mibextid=wwXIfr

📌 Agile 4 Values & 12 Principles
🔗 https://www.facebook.com/share/p/188M4TFs9q/?mibextid=wwXIfr

5️⃣ Scrum

📌 Scrum ရဲ့ 3-5-3 ပုံသေနည်း
🔗 https://www.facebook.com/share/p/1ASN26oakG/?mibextid=wwXIfr

📌 ရှောင်ကြဉ်ရမည့် Scrum Anti-Patterns များ
🔗 https://www.facebook.com/share/p/1XLaoiQ1rb/?mibextid=wwXIfr

6️⃣ Logic Flow

📌 QA, BA, PO role တွေ coding ဘယ်လောက်ထိသိဖို့လိုလဲ နှင့် Logic Flow မိတ်ဆက်
🔗 https://www.facebook.com/share/p/1DtpW5zUzC/?mibextid=wwXIfr

📌 Logic Flow with real examples and useful tools
🔗 https://www.facebook.com/share/p/1JxcnCMKsy/?mibextid=wwXIfr

27/01/2026

Logic Flow: Code ထက် ပိုအရေးကြီးတဲ့ "စဉ်းစားပုံ စဉ်းစားနည်း" အကြောင်း 💭🧐

အရင် Post မှာ IT Role တွေအကြောင်း ပြောတုန်းက Code မရေးတတ်လည်း Logic Flow ကောင်းဖို့ လိုတယ်လို့ ATM နဲ့ဥပမာပေးပြီး ပြောခဲ့တယ်နော်။ ဒီနေ့မှာတော့ အဲ့ဒီ Logic Flow ဆိုတာကြီးက ဘာလဲဆိုတာအသေးစိတ် ရှင်းပြပေးချင်ပါတယ်။

တကယ်တော့ Logic Flow ဆိုတာ "အစီအစဉ်တကျ စဉ်းစားတဲ့ လမ်းကြောင်း" ပါပဲ။

🧩 Logic Flow ရဲ့ အဓိက (၃) ခု

Logic Flow တစ်ခု တည်ဆောက်တော့မယ်ဆိုရင် ဒီ Process အတိုင်း စဉ်းစားရပါတယ်။
1. Input (ဝင်ပေါက်): ဘယ်လို အချက်အလက်တွေ ဝင်လာမလဲ? (ဥပမာ- User က Login Button နှိပ်လိုက်တာ)
2. Process/Decision (စဉ်းစားခြင်း): အလယ်မှာ ဘာတွေ စစ်ဆေးမလဲ? (အကောင့် ရှိလား? Password မှန်လား? ဖုန်းထဲကို OTP ပို့ရမလား?)
3. Output (ထွက်ပေါက်): နောက်ဆုံး ရလဒ်က ဘာဖြစ်မလဲ? (Home Screen ထဲ ရောက်သွားတာ ဒါမှမဟုတ် Error Message ပြတာ)

💡 E-commerce Checkout လုပ်တဲ့ Case Study လေးနဲ့ ကြည့်ရအောင်။

ဥပမာ- App တစ်ခုမှာ ပစ္စည်းဝယ်တဲ့ "Checkout Process" ကို Logic Flow ချကြည့်မယ်ဆိုရင်-
• Step 1: User က "Buy Now" နှိပ်မယ်။
• Step 2 (Condition): User က Login ဝင်ထားပြီးသားလား?
• No -> Login Screen ကို သွားခိုင်းမယ်။
• Yes -> ပစ္စည်းလက်ကျန် (Stock) ရှိသေးလား စစ်မယ်။
• Step 3 (Condition): Stock ရှိလား?
• No -> "Sold Out" လို့ ပြမယ်။
• Yes -> Delivery Address တောင်းမယ်။
• Step 4 (Action): ငွေပေးချေမှု အောင်မြင်လား? စစ်မယ်။ အောင်မြင်ရင် Order တင်ပေးမယ်။

ဒီလို "If this, then that" (ဒါဖြစ်ရင် ဟိုဟာလုပ်မယ်) ဆိုတဲ့ လမ်းကြောင်းကို ကြိုတင် မြင်ယောင်နေဖို့ လိုပါတယ်။ ဒါကို Code ရေးတတ်စရာမလိုဘဲ စဉ်းစားလို့ ရပါတယ်။

🛠 Role အလိုက် Logic Flow က ဘယ်လို အရေးပါတာလဲ?

• BA (Business Analyst) အတွက်: Client ဆီက Requirement တွေ ယူတဲ့အခါ "Logic Gap" တွေကို လိုက်ရှာရပါတယ်။ (ဥပမာ- User က ပစ္စည်းဝယ်နေတုန်း ဖုန်းလိုင်းပြတ်သွားရင် System က ဘာလုပ်မှာလဲ?) ဆိုတဲ့ လမ်းပျောက်နေတဲ့ Logic လေးတွေကို ဖြည့်ပေးရတာပါ။

• QA (Quality Assurance) အတွက်: "Happy Path" (အဆင်ပြေပြေ သွားတဲ့လမ်း) တင်မကဘဲ "Edge Cases" (လွဲနိုင်ချေရှိတဲ့ လမ်းကြောင်းတွေ) ကို Logic Flow သုံးပြီး ကြိုတင် Test Case ထုတ်ရပါတယ်။

• PO (Product Owner) အတွက်: Logic Flow ကို ကြည့်ပြီး "ဒီ Step ကို ဖြုတ်လိုက်ရင် User တွေအတွက် ပိုမြန်သွားမလား?" ဆိုတဲ့ Experience ပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်တွေ ချရပါတယ်။

Logic Flow ကောင်းအောင် ဘယ်လိုလေ့ကျင့်မလဲ?

1. Flowchart ဆွဲပါ: စာနဲ့ ရေးတာထက် Diagram ဆွဲတာက Logic ကို ပိုမြင်သာစေပါတယ်။ (Lucidchart ဒါမှမဟုတ် Draw.io လို Tool တွေ သုံးကြည့်ပါ)။
2. Break it Down: ပြဿနာ အကြီးကြီးကို အသေးဆုံး အစိတ်အပိုင်းလေးတွေ ဖြစ်အောင် ခွဲလိုက်ပါ။
3. Think like a Machine: စက်တစ်လုံးမှာ ခံစားချက်မရှိဘူး။ သူက တစ်ဆင့်ချင်းပဲ သွားတတ်တာ။ "စက်ဆိုရင် ဒါကို နားလည်ပါ့မလား" လို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ပါ။

ကျွန်မတို့ Code ကို ကိုယ်တိုင်မရေးရင်တောင် Algorithm တစ်ခုရဲ့ အလုပ်လုပ်ပုံကို စာရွက်ပေါ်မှာ မြှားလေးတွေနဲ့ ဆွဲကြည့်တာမျိုး (Flowchart ဆွဲတာမျိုး) လုပ်ပေးလို့ ရပါတယ်။ "ဒီလိုဖြစ်ရင် ဘာဆက်ဖြစ်မလဲ" ဆိုတဲ့ မေးခွန်းကို အမြဲမေးကြည့်ပါ။

အနှစ်ချုပ်ပြောရရင် Code ဆိုတာက စကားပြောတဲ့ ဘာသာစကား ဆိုရင်၊ Logic Flow ကတော့ ပြောမယ့်အကြောင်းအရာ ပါ။ ကိုယ်ပြောချင်တဲ့ အကြောင်းအရာက ခိုင်လုံပြီး စနစ်ကျနေရင် ဘာစကားနဲ့ပြောပြော လူတွေ နားလည်ကြမှာပါပဲ။

ဒီတော့ Code တွေကြားထဲမှာ ခေါင်းမစားခင်၊ ကိုယ့်ရဲ့ Logical Thinking ကို အရင် ထက်မြက်အောင် လုပ်ထားဖို့ အကြံပေးချင်ပါတယ်။

ယောရောဘွန်းတို့အနေနဲ့ Logic Flow နဲ့ ပတ်သက်ပြီး ဘာတွေ သိချင်သေးလဲ? ကိုယ့်အလုပ်မှာရော Logic လွဲခဲ့တာမျိုး ရှိလား? Comment မှာဆွေးနွေးပေးခဲ့ကြဦးနော်။

ကျွန်မကတော့ Ei Pyae Pyae Phoo (Luna) ပါ။
အကျိုးတစ်စုံတရာ ရှိသွားမယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးပါရှင့်။ 🤗

22/01/2026

🐞Bug မရှိရုံနဲ့ Product တစ်ခုက အောင်မြင်ပြီလား? QA Mindset မှ PO Mindset သို့။✨

Product Development တစ်ခုမှာ QA (Quality Assurance) နဲ့ PO (Product Owner) ရဲ့ Role တွေဟာ တစ်ခုနဲ့တစ်ခု အပြန်အလှန် အထောက်အကူပြုနေတာ မှန်ပေမဲ့၊ သူတို့ရဲ့ Objective (ရည်မှန်းချက်) ကွာခြားချက်က Product တစ်ခုရဲ့ အောင်မြင်မှု ဒါမှမဟုတ် ရှုံးနိမ့်မှုကို ဆုံးဖြတ်သွားလေ့ရှိပါတယ်။

ကျွန်မ QA ဘဝကနေ PO တစ်ယောက်အဖြစ် ပြောင်းလဲလာတဲ့ ခရီးစဉ်မှာ သင်ယူခဲ့ရတဲ့ Mindset Gap အကြောင်းကို အဓိက အချက် (၄) ချက်နဲ့ ဝေမျှပေးချင်ပါတယ် -

၁။ Doing Things Right vs. Doing the Right Things
QA တစ်ယောက်ရဲ့ အဓိကတာဝန်က "မှန်ကန်စွာ အကောင်အထည်ဖော်ဖို့ (Verification)" ဖြစ်ပါတယ်။ Requirement အတိုင်း Error ကင်းကင်းနဲ့ အလုပ်လုပ်ဖို့ စစ်ဆေးရပါတယ်။ ဒါပေမဲ့ PO တစ်ယောက်အမြင်မှာတော့ "ဒီ Feature က တကယ်ရော လိုအပ်ရဲ့လား? (Validation)" ဆိုတာကို အရင်စဉ်းစားရပါတယ်။ Requirement အတိုင်း ၁၀၀% မှန်နေပေမဲ့ User မသုံးတဲ့ Feature တစ်ခုကို တည်ဆောက်နေမိတာဟာ လုပ်ငန်းတစ်ခုအတွက်တော့ အကြီးမားဆုံးသော Waste (အလေအလွင့်) ပါပဲ။

၂။ Consistency vs. Strategy
QA ရဲ့ Role က Product ရဲ့ တည်ငြိမ်မှု (Consistency) ကို ထိန်းကျောင်းပေးရတာပါ။ ဒါပေမဲ့ PO ကတော့ Product ရဲ့ Strategy ကို ဦးဆောင်ရပါတယ်။ ကျွန်မ လေ့လာခဲ့တဲ့ PMI-PBA (Professional in Business Analysis) အရ Business Value ဆိုတာ အမှားမရှိရုံနဲ့ ရလာတာ မဟုတ်ဘဲ၊ စနစ်တကျ တွက်ချက်ထားတဲ့ Risk တွေနဲ့ ဈေးကွက်လိုအပ်ချက်ကို မှန်ကန်စွာ ဆုံးဖြတ်နိုင်မှသာ ရရှိနိုင်တာဖြစ်ပါတယ်။

၃။ Severity vs. Business Impact
QA တစ်ယောက်အတွက် Bug တစ်ခုရဲ့ Severity က အရေးကြီးသလို၊ PO တစ်ယောက်အတွက်ကတော့ အဲ့ဒီ Bug ကြောင့်ဖြစ်လာမယ့် 'Business Impact' ကို ပိုကြည့်ရပါတယ်။ တစ်ခါတလေ Technical Error မဟုတ်ပေမဲ့ User Experience (UX) အရ ရှုပ်ထွေးနေတာမျိုးဟာ Product ရဲ့ Retention ကို ကျဆင်းစေနိုင်တဲ့အတွက် PO တစ်ယောက်အတွက်တော့ အကြီးမားဆုံး Bug တစ်ခုပါပဲ။

၄။ From Problem Finder to Solution Provider
Professional တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ Role ထဲမှာပဲ ပိတ်မိမနေဖို့ အရေးကြီးပါတယ်။ အပေါ်ယံ အမှားရှာတဲ့ အဆင့်ကနေ Business Value ကို နားလည်ပြီး အဖြေထုတ်ပေးနိုင်တဲ့ (Solution-oriented) အဆင့်ကို တက်လှမ်းဖို့ Continuous Learning က မရှိမဖြစ် လိုအပ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ -
အရည်အချင်းရှိတဲ့ QA တစ်ယောက်ဟာ Product ရဲ့ Quality ကို ကာကွယ်ပေးနိုင်သလို၊ မျှော်မှန်းချက်ရှိတဲ့ PO တစ်ယောက်ကတော့ Product ကို အောင်မြင်မှုဆီ လမ်းပြခေါ်ဆောင်သွားနိုင်ပါတယ်။

သင်ရော... အမှားလိုက်ရှာရတဲ့ အလုပ်ထဲမှာပဲ အချိန်ကုန်နေမလား? ဒါမှမဟုတ် Value အသစ်တွေကို ဖန်တီးပေးနိုင်တဲ့ Strategy အဆင့်ကို တက်လှမ်းဖို့ ပြင်ဆင်မလား?

ကျွန်မကတော့ Ei Pyae Pyae Phoo (Luna) ပါ။ မတူညီတဲ့ Role တွေကြားက Experience တွေကို Luna Logic Lab - LLL မှာ အမြဲ ဝေမျှပေးသွားပါမယ်။ 🤗

20/01/2026

QA ဘဝကနေ PO ဖြစ်လာတဲ့အထိ... ကျွန်မ ဘာတွေ သင်ယူခဲ့ရလဲ?
"အသေးစိတ်လေးတွေကို သတိထားမိတာက တစ်ခါတလေကျရင် Project တစ်ခုလုံးကို ကယ်တင်လိုက်နိုင်တာမျိုး ရှိတယ်..."

အခု PO အနေနဲ့ အလုပ်တွေလုပ်နေရင်း QA ဘဝတုန်းက အမှတ်တရလေးတစ်ခုကို ပြန်သတိရမိတယ်။ အဲ့ဒါကတော့ Boss တောင် မမြင်ဘဲ ကျော်သွားခဲ့တဲ့ Requirement Document ထဲက Logical Error တစ်ခုကို ကျွန်မ ထောက်ပြခဲ့တာပါ။ အဲ့ဒီတုန်းက Boss ကတောင် "အင်း... ဒါကို ငါတောင် မသတိထားမိဘူးပဲ" လို့ ပြောခဲ့တဲ့အထိပါပဲ။

အဲ့ဒီနေ့ကစပြီး ကျွန်မ နားလည်သွားတာတစ်ခုက 'အမှားရှာတာထက် အမှားမပါအောင် ဘယ်လို တည်ဆောက်မလဲ' ဆိုတဲ့ Quality Mindset ဟာ ဘယ်လောက်အရေးကြီးလဲဆိုတာပါပဲ။ QA ဘဝမှာ Bug တွေကို လိုက်ဖမ်းခဲ့ရတဲ့ အကျင့်က အခု Product Owner တစ်ယောက်အနေနဲ့ 'Risk' တွေကို ကြိုမြင်စေတဲ့ အားသာချက် ဖြစ်လာပါတယ်။

QA ကနေ PO အထိ ဒီခရီးကို လျှောက်လာရင်း ကျွန်မ သင်ယူခဲ့ရတဲ့ အချက် ၅ ချက် ရှိတယ် -

၁။ Eye for Detail: အရာရာကို အပေါ်ယံမကြည့်ဘဲ "ဒီလိုဖြစ်ခဲ့ရင်ရော (What if?)" ဆိုတဲ့ Logic နဲ့ ခွဲခြမ်းစိတ်ဖြာတတ်လာတာ။

၂။ Protecting Value: Product တစ်ခုရဲ့ Quality ကို ထိန်းသိမ်းရတာဟာ User ရဲ့ ယုံကြည်မှုကို ကာကွယ်တာနဲ့ အတူတူပါပဲ။ မကောင်းတဲ့အရာတွေကို စောစောစီးစီး ထောက်ပြဖယ်ရှားနိုင်မှသာ အကောင်းဆုံး Product တစ်ခု ထွက်လာနိုင်တာပါ။

၃။ From Bug Hunting to Problem Solving: အမှားကိုပဲ ရှာတာမဟုတ်ဘဲ အဖြေ (Solution) ကိုပါ ထုတ်ပေးနိုင်တဲ့ Mindset ကို ရလာတာပါ။ အခုဆို Business Process ထဲက အားနည်းချက်တွေကို မြင်တာနဲ့ အဲ့ဒါကို ဘယ်လို Fix လုပ်မလဲဆိုတဲ့ အပိုင်းကိုပါ တွဲမြင်တတ်လာပါတယ်။

၄။ Prioritization as a Strategy: QA မှာ ဘယ် Bug က အရေးကြီးဆုံးလဲ (Severity) ရွေးရသလိုမျိုး၊ PO ဘဝမှာလည်း ဘယ် Feature က User အတွက် Value အများဆုံးလဲဆိုတာကို မှန်မှန်ကန်ကန် ဆုံးဖြတ်တတ်လာတာပါ။

၅။ Learning is Endless: လေ့လာမှုတွေက ရပ်တန့်နေလို့မရပါဘူး။ အဲ့ဒါကြောင့်လည်း ကျွန်မ PSPO II နဲ့ PMI-PBA တွေကို ကြိုးစားယူခဲ့တာပါ။ ကိုယ်က သင်ယူလေ့လာထားလေလေ၊ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်တွေက ပိုခိုင်မာလေလေပါပဲ။

အခုပြန်ကြည့်ရင် အတိတ်က အတွေ့အကြုံတိုင်းက ကျွန်မအတွက် အားအရှိဆုံးသော လှေကားထစ်တွေပါပဲ။ မလိုအပ်တဲ့ အမှားတွေကို ရဲရဲဝံ့ဝံ့ ထောက်ပြနိုင်ဖို့ရော၊ ကိုယ့်အတွက် အကောင်းဆုံး Quality ကို ရွေးချယ်နိုင်ဖို့ပါ Detail-oriented ဖြစ်ဖို့ လိုအပ်ပါတယ်။ ✨

သင်ရော Career မှာ Detail-oriented ဖြစ်လို့ Project တစ်ခုခုကို ကယ်တင်ခဲ့ဖူးလား? ဒါမှမဟုတ် QA ကနေ BA/PO ပြောင်းချင်တဲ့သူတွေ ရှိလား? Comment မှာ ဆွေးနွေးပေးခဲ့ဦးနော်။

ကျွန်မကတော့ Ei Pyae Pyae Phoo (Luna) ပါ။
အကျိုးတစ်စုံတရာ ရှိသွားမယ်လို့ မျှော်လင့်ပါတယ်။ ကျေးဇူးပါရှင့်။ 🤗

07/01/2026

"Code မရေးတတ်ရင် IT နယ်ပယ်ထဲ ဝင်လို့မရဘူးလား? 🤔💻"

"IT လို့ပြောရင် Code ရေးမှ" ဆိုတဲ့ ခေတ်က ကုန်သွားပါပြီ။ Developer တင်မဟုတ်ဘဲ Project တစ်ခုလုံး အသက်ဝင်လာအောင် လုပ်ဆောင်ပေးရတဲ့ အဓိက Role တွေ အများကြီးရှိပါတယ်။

ဒီနေ့မှာတော့ QA, BA နဲ့ PO ဆိုတဲ့ Role တွေမှာ Code အကြောင်း ဘယ်လောက်အထိ သိထားဖို့ လိုမလဲဆိုတာ အသေးစိတ် ပြောပြပေးသွားပါမယ်။

1️⃣ QA (Quality Assurance) - "အမှားရှာတဲ့ စုံထောက်များ" 🔍

QA မှာ Manual နဲ့ Automation ဆိုပြီး (၂) မျိုး ရှိပါတယ်။

• Manual QA: Code ကို ကျွမ်းကျင်စွာ ရေးတတ်ဖို့ မလိုပါဘူး။ ဒါပေမဲ့ System တစ်ခုရဲ့ Structure ဖြစ်တဲ့ HTML/CSS နဲ့ API တွေရဲ့ အလုပ်လုပ်ပုံ (JSON/XML) ကိုတော့ နားလည်ထားရင် အလုပ်လုပ်ရတာ ပိုချောမွေ့ပါတယ်။

• Automation QA: ဒါကတော့ Developer တစ်ယောက်နီးပါး Programming (Java, Python စသဖြင့်) ကို သိဖို့ လိုပါတယ်။ Script တွေ ရေးပြီး စစ်ရတာမျိုးမလို့ပါ။

📌 QA တစ်ယောက်အတွက် Code ဆိုတာ "မျက်မှန်" လိုပါပဲ။ တပ်ထားရင် ပိုမြင်ရတယ်၊ ပိုစစ်လို့ ကောင်းပါတယ်။

2️⃣ ITBA (Business Analyst) - "စကားပြန် ပေါင်းကူးတံတားများ" 🌉

BA တွေက Client ဆီက Requirement ကိုယူပြီး Developer တွေ နားလည်အောင် ပြန်ရှင်းပြရသူတွေပါ။

• Code ကို ကိုယ်တိုင်ရေးဖို့ မလိုပေမဲ့ Logic Flow ကိုတော့ နှံ့နေအောင် သိရပါမယ်။ "If...Then...Else" logic တွေ၊ Loop တွေကို နားလည်မှသာ Requirement တွေက တိကျမှာဖြစ်ပါတယ်။

• အရေးကြီးဆုံးတစ်ခုကတော့ SQL ပါ။ Database ထဲက Data တွေကို ကိုယ်တိုင် ဆွဲထုတ်ကြည့်တတ်ရင် အလုပ်မှာ အရမ်းအဆင်ပြေပါတယ်။

📌 BA အတွက် Code ဆိုတာ "စကားပြန်" လိုပါပဲ။ တတ်ထားရင် Developer တွေနဲ့ စကားပြောရတာ အရမ်းချောမွေ့သွားမှာဖြစ်ပါတယ်။

3️⃣ PO (Product Owner) - "လမ်းပြ ဦးဆောင်သူများ" 👑

PO ကတော့ Business Value ကိုပဲ အဓိက ကြည့်ရသူပါ။

• Code အကြောင်း အသေးစိတ် သိစရာ မလိုပါဘူး။ ဒါပေမဲ့ Technical Terms တွေဖြစ်တဲ့ Frontend, Backend, API, Deployment စတာတွေကိုတော့ နားလည်ထားရပါမယ်။

• ဒါမှသာ "ဒီ Feature ထည့်ဖို့ ဘယ်လောက်ကြာမလဲ?" လို့ မေးတဲ့အခါ Developer ရဲ့ ခန့်မှန်းချက်ကို နားလည်ပြီး ဆုံးဖြတ်ချက် မှန်ကန်မှာ ဖြစ်ပါတယ်။

📌 PO အတွက် Code ဆိုတာ "မြေပုံ" လိုပါပဲ။ ဘယ်နားမှာ ဘာရှိလဲ အကြမ်းဖျဉ်း သိထားရင် လမ်းမမှားတော့ပါဘူး။

💡 Code ထက် ပိုအရေးကြီးတဲ့ "Logic Flow" ဆိုတာ ဘာလဲ?

တကယ်တော့ Role တိုင်းအတွက် အခြေခံအကျဆုံး လိုအပ်တာက "Logical Thinking" ပါ။ စက်တစ်ခုက နောက်ကွယ်မှာ ဘယ်လိုအဆင့်ဆင့် အလုပ်လုပ်သလဲဆိုတာကို စဉ်းစားတတ်ဖို့ဖြစ်ပါတယ်။

ဥပမာ - ATM စက်ကနေ ပိုက်ဆံထုတ်တာကို ကြည့်ကြရအောင်။

1. Trigger: ကတ်ထည့်လိုက်မယ်။
2. Condition: ကတ်က အစစ်လား? (မှန်ရင် ရှေ့ဆက်၊ မှားရင် ကတ်ပြန်ထုတ်)
3. Condition: PIN နံပါတ် မှန်သလား? (၃ ကြိမ်မှားရင် ကတ်သိမ်းမယ်)
4. Action: လက်ကျန်ငွေ လောက်ရင် ပိုက်ဆံထုတ်ပေးမယ်။

ဒီလို အစီအစဉ်တကျ စဉ်းစားတတ်ရင် IT နယ်ပယ်ထဲဝင်ဖို့ ၅၀ ရာခိုင်နှုန်း အဆင်သင့် ဖြစ်နေပါပြီ။ ကျန်တာက အဲဒီ Logic ကို Code ဆိုတဲ့ Tool သုံးပြီး အကောင်အထည်ဖော်ဖို့ပဲ ရှိပါတယ်။

ယောရောဘွန်းတို့ရော... ဒီ role ၃ ခုထဲက ဘယ် Role နဲ့ ပိုကိုက်ညီမယ် ထင်လဲ? Logic flow နဲ့ ပတ်သက်ပြီးရော ကိုယ့်အမြင်ကို Comment မှာ ပြောသွားပါဦးနော်။

ကျွန်မကတော့ Ei Pyae Pyae Phoo (Luna) ပါ။
အကျိုးတစ်စုံတရာ ရှိသွားမယ်လို့ မျှော်လင့်ပါတယ်။ ကျေးဇူးပါရှင့်။ 🤗

05/01/2026

Scrum လုပ်နေပေမယ့် "အသက်မပါသလို" ဖြစ်နေလား? 🧐 (ရှောင်ကြဉ်ရမယ့် Scrum Anti-Patterns များ)

ရှေ့က Post မှာ Scrum ရဲ့ 3-5-3 ပုံသေနည်းအကြောင်း ပြောပြခဲ့တယ်ဆိုတော့... အခုက အဲ့ဒီပုံသေနည်းကို သုံးတဲ့အခါမှာ မသိလိုက်မသိဘာသာ မှားတတ်တဲ့ အလေ့အကျင့်လေးတွေ (Anti-Patterns) အကြောင်း ပြောပြပေးချင်ပါတယ်။

Framework ကြီးကိုတော့ သုံးနေပါရဲ့၊ ဒါပေမယ့် Agile ရဲ့ အနှစ်သာရ ပျောက်နေရင် အလုပ်တွေက ထင်သလောက် ခရီးမရောက်ဘဲ စက်ရုပ်ဆန်ဆန် ဖြစ်နေတတ်ပါတယ်။
ဒီနေ့မှာတော့ လက်တွေ့အလုပ်ခွင်မှာ အဖြစ်အများဆုံး အမှား ၃ ခုကို ပြန်ဆန်းစစ်ကြည့်ရင်း Do and Don’t လေးတွေခွဲခြားကြည့်ရအောင်။ ✨

၁။ Daily Scrum က "Report တင်တဲ့ပွဲ" ဖြစ်နေခြင်း 🗣️
Daily Scrum ရဲ့ ရည်ရွယ်ချက်က Team အချင်းချင်း အချိတ်အဆက်မိဖို့ပါ။

•🙅🏻‍♀️: အဖွဲ့သားတွေက တစ်ယောက်ချင်းစီ ဘာလုပ်ခဲ့လဲဆိုတာကို Scrum Master ရဲ့ မျက်နှာကိုပဲ ကြည့်ပြီး ပြောနေတာမျိုးမဖြစ်သင့်ပါဘူး။

• ✅: Daily meeting ဟာ Report တင်တာမဟုတ်ဘဲ Team members အချင်းချင်း စကားပြောတာပါ။ "Sprint Goal ရောက်ဖို့ ငါတို့ ဘယ်လို ပူးပေါင်းလုပ်ကြမလဲ" ဆိုတာကိုပဲ အဓိကထား ဆွေးနွေးသင့်ပါတယ်။

၂။ "Zombie Scrum" 🧟‍♂️
Scrum Event တွေ အကုန်လုပ်ပါရဲ့၊ ဒါပေမယ့် ဘာရလဒ်မှ မပြောင်းလဲတာမျိုးပါ။

•🙅🏻‍♀️: Sprint Review လုပ်ပေမယ့် Customer ဆီက Feedback မရတာ၊ Retrospective လုပ်ပေမယ့် အပြစ်တင်တာနဲ့ပဲ အချိန်ကုန်ပြီး နောက်တစ်ခါမှာ ဘာတွေ ပြင်မလဲဆိုတဲ့ Action Point မထွက်လာတာမျိုး မဖြစ်သင့်ပါဘူး။

•✅: Event တိုင်းမှာ အနှစ်သာရရှိရပါမယ်။ Feedback မရတဲ့ Review နဲ့ တိုးတက်ပြောင်းလဲမှုမရှိတဲ့ Retrospective ဟာ အချိန်ဖြုန်းတာနဲ့ အတူတူပါပဲ။

၃။ Product Owner က "အမိန့်ပေးသူ" ဖြစ်နေခြင်း 👑

•🙅🏻‍♀️: Product Owner က Developer တွေကို "ဒါကို ဒီလိုပဲ လုပ်လိုက်" လို့ နည်းပညာပိုင်းအထိ ဝင်ပြောတာ၊ ဒါမှမဟုတ် Team ရဲ့ အခြေအနေကို ထည့်မတွက်ဘဲ အလုပ်တွေ အတင်းဖိခိုင်းတာမျိုး မဖြစ်သင့်ပါဘူး။

•✅: PO က "ဘာလုပ်ရမလဲ (What)" ကိုပဲ ဆုံးဖြတ်ပြီး၊ "ဘယ်လိုလုပ်မလဲ (How)" ကိုတော့ Developer တွေကို ယုံကြည်မှုအပြည့်နဲ့ လွှတ်ပေးထားရပါမယ်။

Scrum ဆိုတာ စာအုပ်ကြီးအတိုင်း ကွက်တိလိုက်လုပ်ရုံတင်မဟုတ်ဘဲ အဖွဲ့သားအချင်းချင်း ယုံကြည်မှု (Trust) နဲ့ ပွင့်လင်းမှု (Openness) ရှိဖို့က ပိုအရေးကြီးပါတယ်။

ယောရောဘွန်းတို့ အဖွဲ့ထဲမှာရော ဒီလို အလေ့အကျင့်အမှားလေးတွေ ကြုံနေရလား? ဒါမှမဟုတ် တခြား ဘယ်လို အခက်အခဲတွေ ရှိလဲဆိုတာ Comment မှာ ပြောပြသွားကြပါဦးနော်။ 🥰

ကျွန်မကတော့ Ei Pyae Pyae Phoo (Luna) ပါ။
အကျိုးတစ်စုံတရာ ရှိသွားမယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးပါရှင့်။ 🤗

30/12/2025

ဒီလိုမျိုး message လေးတွေ လက်ခံရရှိတာ အစ်မအတွက် တကယ်ကို အားဆေးဖြစ်ရုံတင်မကဘဲ ပိုပြီးတော့လည်း တာဝန်ကြီးတယ်လို့ ခံစားရပါတယ်။ ❤️

ကျွန်မရဲ့ page က QA, BA, PO နဲ့ Agile knowledge တွေကို အဓိကထား မျှဝေနေတာဖြစ်ပေမဲ့ နည်းပညာလောကမှာ System Architecture ဆိုတာကလည်း မရှိမဖြစ် ချိတ်ဆက်နေတဲ့ အစိတ်အပိုင်းတစ်ခုပါ။

Product တစ်ခု အောင်မြင်ဖို့ဆိုတာ Requirements တွေတင်မကဘဲ နောက်ကွယ်က System တည်ဆောက်ပုံ ခိုင်မာဖို့ကလည်း အရမ်းအရေးကြီးပါတယ်။

ဒါကြောင့် ရှေ့လျှောက်မှာ Product People တွေ (PO/BA) နဲ့ QA တွေအတွက် အထောက်အကူဖြစ်စေမယ့် "System Architecture for Non-Technical People" အကြောင်းအရာတွေကိုလည်း အစ်မ တတ်နိုင်သလောက် ရိုးရိုးရှင်းရှင်းလေးဖြစ်အောင် ပြင်ဆင်ပြီး မျှဝေပေးသွားပါ့မယ်။

ကိုယ်တိုင်လည်း လေ့လာရင်း၊ သိထားတာလေးတွေကိုလည်း ပြန်မျှဝေရင်းနဲ့ အားလုံးတူတူ တိုးတက်ကြရအောင်နော်။ စောင့်မျှော်ပေးကြပါဦး! 🙏✨

28/12/2025

Agile Mindset ရှိပြီဆိုရင် လက်တွေ့ဘယ်လို စလုပ်ကြမလဲ? 🤔 (Scrum ရဲ့ 3-5-3 ပုံသေနည်း)

Agile ဆိုတာ "လိုက်လျောညီထွေရှိတဲ့ Mindset" ဆိုတာကို ရှေ့က Post တွေမှာ ပြောပြခဲ့ပြီးပြီဆိုတော့...

အဲ့ဒီ Mindset ကို လက်တွေ့အလုပ်ခွင်မှာ ဘယ်လို Framework နဲ့ အသက်သွင်းကြမလဲ?

ဒီနေ့မှာတော့ Agile အောက်မှာ လူသုံးအများဆုံးဖြစ်တဲ့ Scrum Framework ကို အလွယ်ဆုံးမှတ်လို့ရမယ့် "3-5-3" ပုံသေနည်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။✨

၁။ ပထမ "3" - Roles (တာဝန်ယူရမယ့်သူ ၃ ဦး) 👥
Scrum မှာ Roles ၃ ခုပဲ ရှိပြီး တစ်ယောက်ချင်းစီမှာ တိကျတဲ့ တာဝန်တွေ ရှိပါတယ်။
• Product Owner: "ဘာတွေလုပ်မလဲ (What)" ဆိုတာကို ဆုံးဖြတ်သူ။ Customer အတွက် တန်ဖိုးအရှိဆုံး အလုပ်တွေကို ဦးစားပေးရွေးချယ်ပေးရပါတယ်။
• Scrum Master: အဖွဲ့သားတွေ Scrum နည်းလမ်းအတိုင်း အဆင်ပြေပြေ အလုပ်လုပ်နိုင်အောင် အတားအဆီးတွေကို ဖယ်ရှားပေးတဲ့ လမ်းပြသူ (Facilitator) ပါ။
• Developers: အလုပ်ကို နည်းပညာပိုင်းအရ လက်တွေ့ အကောင်အထည်ဖော် တည်ဆောက်သူတွေဖြစ်ပါတယ်။

၂။ အလယ်က "5" - Events (လုပ်ငန်းစဉ် ၅ ခု) 🔄
ဒါကတော့ Sprint တစ်ခုရဲ့ လည်ပတ်ပုံ Sprint Life Cycle ဖြစ်ပါတယ်။

1. The Sprint: အလုပ်လုပ်မယ့် သတ်မှတ်ကာလ (ပုံမှန်အားဖြင့် ၁ ပတ် ကနေ ၄ ပတ်အထိ) သတ်မှတ်ပါတယ်။

2. Sprint Planning: Product Backlog လို့ခေါ်တဲ့ အလုပ်စာရင်းကြီးထဲကမှ အရေးကြီးဆုံးနဲ့ အခုချက်ချင်းလုပ်ရင် Customer အတွက် တန်ဖိုးအရှိဆုံး ဖြစ်မယ့်အရာတွေကို ရွေးထုတ်လိုက်ပါတယ်။ ပြီးရင်အကောင်အထည်ဖော်ဖို့ Plan ဆွဲကြပါတယ်။

3. Daily Scrum: Sprint ထဲမှာ အလုပ်လုပ်နေတုန်း နေ့တိုင်း ၁၅ မိနစ်လောက် အချိန်ယူပြီး Team တစ်ခုလုံး စကားပြောကြပါတယ်။ "မနေ့က ဘာပြီးလဲ၊ ဒီနေ့ ဘာလုပ်မလဲ၊ ဘာတွေ အခက်အခဲရှိလဲ" ဆိုတာကို တိုင်ပင်တာပါ။

4. Sprint Review: Sprint အဆုံးမှာ ပြီးသွားတဲ့ အလုပ်တွေကို Customer ကို ပြသပါတယ်။ ရှေ့ Post မှာ ပြောခဲ့တဲ့ "Customer Collaboration" ဆိုတာ ဒါပါပဲ။ Customer ဆီက Feedback ကို ယူပြီး မကြိုက်တာရှိရင် နောက်တစ်ခါမှာ ပြန်ပြင်ဖို့ မှတ်သားထားလိုက်ပါတယ်။

5. Sprint Retrospective: ဒါကတော့ အလုပ်အကြောင်း မဟုတ်ဘဲ "ငါတို့ ဘယ်လို အလုပ်လုပ်ခဲ့ကြလဲ" ဆိုတာကို ပြန်ဆန်းစစ်တာပါ။ Team အချင်းချင်း ပိုအဆင်ပြေအောင်၊ အလုပ်ပိုမြန်အောင် ဘာတွေပြင်မလဲဆိုတာ ဆွေးနွေးပြီး နောက် Sprint မှာ ပိုကောင်းအောင် ပြင်ဆင်ကြပါတယ်။

၃။ နောက်ဆုံး "3" - Artifacts (အလုပ်ရလဒ် ၃ မျိုး) 📝
1. Product Backlog: လုပ်ရမယ့် အလုပ်စာရင်းကြီး (Master List)။
2. Sprint Backlog: ဒီ Sprint ထဲမှာ လုပ်ဖို့ ရွေးထားတဲ့ Tasks အသေးလေးတွေ။
3. Increment: Sprint အပြီးမှာ ထွက်လာတဲ့ "အမှန်တကယ် သုံးလို့ရတဲ့" Product အစိတ်အပိုင်း တို့ဖြစ်ပါတယ်။

ဒီလောက်ဆိုရင်တော့ Scrum Framework ရဲ့ Role 3 ခု၊ Event 5 မျိုးနဲ့ Artifact 3 မျိုးတို့အကြောင်း လေ့လာမိသွားပြီ ထင်ပါတယ်။

Scrum ရဲ့ ဒီ 3-5-3 နည်းလမ်းဟာ အလုပ်တွေကို ပွင့်လင်းမြင်သာရှိစေတယ် (Transparency)၊ အမြဲတမ်း စစ်ဆေးနေစေတယ် (Inspection) နဲ့ လိုအပ်သလို ပြုပြင်ပြောင်းလဲနိုင်စေတယ် (Adaptation) ဆိုတဲ့ Agile ရဲ့ အနှစ်သာရတွေကို လက်တွေ့အသုံးချတာဖြစ်ပါတယ်။

Project တစ်ခုကို စနစ်တကျနဲ့ Value ထွက်အောင် စီမံချင်တယ်ဆိုရင် ဒီ 3-5-3 ကို စမ်းသုံးကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

Scrumရဲ့ ဒီ ၃ အုပ်စုထဲမှာ ကိုယ့်အတွက် ဘယ်အချက်က ပိုပြီး စိတ်ဝင်စားဖို့ကောင်းလဲ? ဒါမှမဟုတ် ဘယ်အချက်က အလုပ်ခွင်မှာ ကျင့်သုံးဖို့ အခက်ခဲဆုံးလဲ? Comment မှာ ဆွေးနွေးခဲ့ကြပါဦးနော်။ ✨

ကျွန်မကတော့ Ei Pyae Pyae Phoo (Luna) ပါ။
အကျိုးတစ်စုံတရာ ရှိသွားမယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးပါရှင့်။ 🤗

18/12/2025

✨ Exciting news! ✨

I’m thrilled to share that I’ve been promoted to the Product Owner role at NexStack! This is a brand-new position in our company, and I was given the opportunity to take a test to qualify for it. I’m grateful to my boss for trusting me with this new responsibility.

Although I’m a bit nervous since I don’t have prior real-world PO experience or a senior to guide me, I’m eager to apply what I’ve learned from my PSPO certification and try my best.

This is an important step toward my future career goals, and I’m really looking forward to growing and learning in this role! 🚀

17/12/2025

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yankin Township
Yangon