Nebula Letter

Nebula Letter

Share

A Personal Diary

04/06/2025

မနက်ကျရင် ဆူညံသံတွေကြောင့် အစောကြီး နိုးနေရတယ်။ ကိုယ်ပိုင် အခန်းလေး တခန်းလောက်တော့ လိုချင်တယ်။ လူသံသူသံတွေ ဆိတ်ငြိမ်ကင်းမဲ့တဲ့ နေရာလေးတခု။ မနက်ကျရင် နေဖင်ထိုးတဲ့အထိ အိပ်လို့ရမယ့် နေရာတခု။ နေအလင်းရောင် မဖောက်တဲ့ မှန်ပြတင်းတွေ မရှိလည်း ဖြစ်တယ်၊ ခန်းစီးတွေမပါလည်း ရတယ်။ လေးဘက်လေးတန်လုံး ထောင်လို အလုံပိတ်ဆိုလည်း အဆင်ပြေတယ်။ မျှော်လင့်ချက်ရောင်ခြည်တွေ ပိုးစုန်းကြူးလောက် မလင်းပနိုင်တော့တဲ့ ပိန်းပိတ်တဲ့ ကမ္ဘာဆိုလည်း ရတယ်။ ကိုယ်ပဲ နားလည်နိုင်မယ့် ငါ့ခံစားချက်တွေရယ်၊ ကိုယ့်အတွေ့အကြုံတွေရယ်၊ ကိုယ့်ကိုယ်ကိုယ်ပဲ အဖော်ပြုသွားမယ့် နေ့ရက်တွေရယ်။

#သန်းတင့်စံ

24/05/2025

နေလုံးက ခေါင်းပေါ်တည့်တည့်ရောက်နေတဲ့ အချိန်ကျတော့မှ ထီးမပါဘဲ ကျွန်တော်ထွက်လာမိတယ်။ လွန်ခဲ့တဲ့ ရက်တွေက Vitamin D Deficient ဖြစ်နေတယ်လို့ ဝင်နေတဲ သံသယက ထီးမပါလို့ နေပူတဲ့ ခံစားချက်ကို နည်းနည်းတော့ ကုစားပေးတယ်။ အဆင်ပြေပါတယ်။

ဒီကနေ့ အမေ့ကို ဖုန်းဆက်တယ်။ သားအလုပ်ထွက်လိုက်ပြီ၊ အိမ်ပြန်လာပြီလို့ ပြောလိုက်တော့ သူ့အသံက ပျော်နေသယောင် ခံစားရတယ်။ အမေ ရွှေလည်း မလိုချင်ဘူး၊ ငွေလည်း မလိုချင်ဘူး ငါ့သားအိမ်မှာ ရှိနေတာပဲ လိုချင်တယ်ဆိုတဲ့ လေသံမျိုး။ ကျွန်တော် အမေနဲ့ အဘွားကို ချစ်ပါတယ်။ သို့သော်လည်း တဆက်တည်းမှာပဲ သူတို့နှစ်ယောက်ကို လောကကြီးမှာ မရှိတော့ရင် ကောင်းမယ်လို့လဲ တွေးမိတယ်။ ဒီစကားက ကျွန်တော့်ကို နှာခေါင်းရှုံ့ချင်စရာ ကောင်းပေမယ့် ဆင်းရဲတဲ့ဒဏ်ကို ဒီလောက်နဲ့ပဲ သူတို့ကို ခံစားစေချင်တာလေ။ ကျန်တာ ကိုယ်ပဲဆက်ယူသွားမယ်။ ဒီလိုမျိုး တွေးမိတာပဲ။ ကိုယ်အသားကျနေပြီဖြစ်တဲ့ လူနေမှုစတိုင်ကြီးကို ပစ်ချထားခဲ့ပြီး ကိုယ်နဲ့ အံမဝင်တဲ့ ရွှေရှိမှ အမျိုးတော်ကြမယ့် ရွှေမျိုးတွေကြားထဲ အောင့်အည်း သည်းညည်းခံထားရတဲ့ ကျွန်တော့် မျက်နှာကို ဒီနေ့ ပြရဦးမယ်။

လမ်းပေါ်မှာ ဆံပင်ကုပ်ဝဲ၊ မျက်လုံး၊ မျက်ခုံးကောင်းကောင်း၊ နှာတံပေါ်ပေါ်နဲ့ ခန္ဓာကိုယ် ဖွံ့ဖွံ့ထွားထွားရှိတဲ့ ကောင်မလေးကို မြင်တော့ သူ့ကိုသတိရသွားတယ်။ အင်း... အိမ်ပြန်ရောက်ရင်တော့ သူနဲ့ကုန်ဆုံးရမယ့် အချိန်တွေ နည်းသွားမှာ နှမြောစရာ။ ဘာရယ်မဟုတ်ဘူး သူနဲ့တွေ့တုန်းက သူအရမ်းကြိုက်တယ်ဆိုတဲ့ Acqua di Gio ရဲ့ Profumo အနံ့ကိုတောင် နေပူထဲမှာ ပြန်ရသလို ခံစားမိတယ်။ သူရှိတဲ့ မန္တလေးကို မဖြစ်ဖြစ်အောင် လာတွေ့မယ်လို့ ကတိပေးထားတာ တည်နိုင်ပါဦးမလား ကိုယ့်ကိုယ်ကိုယ် မေးမိတယ်။ နောက်ပြီး အလုပ်လက်မဲ့ ဖြစ်ပြီဆိုမှ လိုချင်လာတဲ့ ရေမွှေးနာမည်တွေက ခေါင်းထဲမှာ ကျလာ။ ဒီနှစ်ရဲ့ New Beginning ကတော့ ခပ်ကြမ်းကြမ်းနဲ့ ဆောင့်ဖွင့်လိုက်တာ တံခါးချက်တွေတောင် ယိုင်လို့။ လူလည်း ငိုင်လို့။

နေပူထဲ လမ်းလျှောက်ရင်း ဖတ်လက်စ L'Etranger ထဲက မားဆိုးလိုလို၊ The Catcher in the Rye ထဲက ကောင်လေးလိုလို ခံစားလာရတယ်။ ဘာမှတော့ မဆိုင်ပါဘူး။ စိတ်ဓာတ်ကျနေတဲ့အချိန်မှာ ဖြစ်တည်မှုပဋိပက္ခတွေနဲ့ ဇာတ်ကောင်တွေကို အတင်း Literally me လုပ်ချင်တဲ့ ရူးနှမ်းနှမ်း အတွေးမျိုးပါပဲ။ ကျွန်တော် Ryan Gosling ပါပေါ့။

တောင်စဉ်ရေမရတဲ့ အတွေးတွေနဲ့ လမ်းဆက်လျှောက်နေရင်း ရန်ကုန်နေက မျက်နှာတည့်တည့်ကို အပြင်းအထန် တိုက်ခိုက်တယ်။ ခြေလှမ်းတွေကတော့ တဖက်ကားလမ်းကို ကူးရင်း လမ်းလည်ခေါင် မျဉ်းဖြူပေါ်မှာ နေရာယူထားတယ်။ နေနဲ့ မျက်လုံးချင်းဆိုင်ရင် နှာချေချင်တဲ့ Photic Sneezing က ကားလမ်းကူးခါနီး နှာခေါင်းထဲမှာ မုန်တိုင်း ဝင်သလို သောင်းကျန်းလာတယ်။ မျက်ခုံးနှစ်ခုကြားမှာ တွဲလျောင်းခိုနေတဲ့ ချွေးစက်တွေက နေရောင်ခြည်ကြောင့် သိပ်ကျယ်ကျယ် မဖွင့်နိုင်ဘဲ မျက်မှောင်ကျုံ့နေတဲ့ မျက်လုံးထဲကို စီးကျတယ်။ အဲဒီအချိန်မှာပဲ နှာခေါင်းထဲက မုန်တိုင်းက ဦးနှောက်ထဲထိ ဖြတ်တိုက်သွားတယ်။ မျက်လုံးထဲပြာပြီး နားထဲ တစီစီ အသံတွေနဲ့။ မျက်ခွံနှစ်ခု မပိတ်သေးခင် နောက်ဆုံး မြင်လိုက်ရတာက ဟွန်းသံပေးရင်း တည့်တည့်ကြီး ဝင်လာတဲ့ အဖြူရောင် အိမ်စီးကားတစ်စီး။ ကားပေါ်မှာ အမေနဲ့ အဘွားရယ်၊ ဦးလေးလင်မယားရယ်။

#သန်းတင့်စံ

13/05/2025

လူသားဆန်မှုကို လူသားဆန်ဆန် ပျောက်ဆုံးနေကြတဲ့ ငါတို့ နိုင်ငံက လူသားတွေ။ မနက်ဖြန်ဆိုတာ မသေချာတဲ့ နာရီသံတွေကြားထဲ လက်ပစ်ကူးရင်း သေချင်းတရားနောက် စိတ်မပါလက်မပါနဲ့ ထလိုက်ခဲ့ရတယ်။ နောက်ဘဝဆိုတာ ရှိရင် ဒီကလေးငယ်တွေ ပညာအစုံကို မေတ္တာခြုံပြီး ပန်းအပြည့်နဲ့ အနမ်းတပွေ့ပိုက်ပြီး သင်နိုင်ပါစေလေ။

စံ

28/12/2024

Waiting On Rue Cler

သူမကပြောတယ်

အီဖယ်နဲ့ မနီးမဝေး၊ လု့ဗ်နဲ့ မနီးမဝေး
ပါခီမြို့ထဲမှာ အခြေချမယ်တဲ့။

မွောန်ထော်ဂါရီလမ်းပေါ်က ကဖေးတစ်ခုမှာ ပြင်သစ်က ခွါဆွန်းမုန့်တွေကို ဘယ်လောက်မုန်းတဲ့အကြောင်း အတင်းပြောသေးရဲ့။

ကျူးလစ်တွေကို အိပ်ဆောင်ဓားလို အိပ်ယာဘေးမှာ ထားအိပ်မယ့် ညတွေရယ်။ ဝင်သက်၊ ထွက်သက်တွေ မြန်ပြီး ကြာရှည်လွန်းမယ့် ညတွေရယ်။ ငါမရောက်သေးတဲ့ အနာဂတ်လှလှရယ်။

ပန်းပေါင်းစုံခတဲ့ ပိုးထည်တစ်စလို အိစက်နေတဲ့ ရင်သားတစ်စုံနဲ့ ရင်ခုန်သံကို ပေါက်ထွက်မတတ်ကြားနေရတဲ့ အနောက်အရပ်က ထွက်တဲ့လတွေက ရသေ့စိတ်ဖြေဖွယ်။

ဘယ်တော့မှ ပြန်မလာတော့မယ့် သူရယ်
ခလဲလမ်းမှာ စောင့်နေတဲ့ ကျွန်တော်ရယ်
ရူခလဲက လှောင်ပြုံးနေကြတဲ့ ပန်းပွင့်တွေရယ်

အို… စောင့်ခဲ့တယ်

#သန်းတင့်စံ

05/10/2024

“အထီးကျန်ခြင်းနဲ့ တူတူအထီးကျန်ခဲ့ရတဲ့ စနေနေ့များ”

Cosmo ပန်းတွေထဲ ဝတ်ရည်စုပ်ပေးမယ့် ပျားတွေ ဒီနေ့နားတယ်။ ပန်းတွေလည်း မကသလို တေးသီချင်းတွေလည်း အားလပ်ရက်ယူသွားတယ်။ ဘာလဲ… ငါတစ်ယောက်တည်းလား။

ချစ်ခြင်းတရားဟာ ရင်ဘတ်ထဲကနေ ဘက်ဂီယာထိုးပြီး နောက်ပြန်ဆုတ်ခွါသွားတဲ့ ရထားတစ်ဆင်းလိုပဲ ငါ့ကို တာ့တာပြနေတယ်။ ဟော ဒီမှာကြည့်လိုက်… ငါသွားတော့မယ်တဲ့။

နေ့ရက်တွေ… အဲ့ဒီနေ့ရက်တွေမှာ ငါမရောက်သေးတဲ့ အနာဂါတ်က ငါကြုံတွေ့လာရမယ့် မင်းမရှိတော့တဲ့ ငါ့ပတ်ဝန်းကျင်ကို ငါကြိုတွေးရင်း ငါအထီးကျန်နေခဲ့ရတယ်။

ငါ့ဘီးတွေဟာ သိပ်လေးလံနေတယ်။ Carrier မပါပေမယ့် စက်ဘီးပေါ်မှာ ငါ့အထီးကျန်ခြင်းတွေဟာ ကုပ်ဖတ်ပြီးလိုက်လာကြတယ်။ ငါ့အနာဂတ်လမ်းကြောင်းမှာ ငါမခေါ်ချင်တဲ့ စိတ်ဒဏ်ရာတွေနဲ့အထီးကျန်ဆန်မှုတွေက ငါ့ကိုအဖော်ပြုမလို့တဲ့။ ဪ… မလိုက်ခဲ့နဲ့လေ။ ငါလွတ်လပ်ပါရစေ။

ဒီစိတ်ကြီးနဲ့ ငါဘယ်လို ဆက်နင်းရမလဲ။

ဘယ်တော့မှ မင်းနဲ့တူတူမရောက်ဘူးတဲ့ နေရာတွေကို ငါရောက်တော့ ငါသိခဲ့ရတဲ့ The old you က တည်တည်ကြည်ကြည်နဲ့ ကြည့်နေတယ်။ အချစ်ကလေးရေ ဘာလို့ ကံကြမ္မာက တို့ကို ဆုံတွေ့ပေးခဲ့ရတာလဲ။

လောကကြီးကို အရောင်တွေနဲ့ စကားပြောခဲ့တဲ့ Van Gogh လိုပဲ ငါဟာ တိတ်ဆိတ်မှုတွေနဲ့ ငါ့ခံစားချက်တွေကို ထုတ်ပြခဲ့။ ဒါပေမယ့် ဝိရောဓိတွေဟာ မဖတ်ဖြစ်တော့မယ့် ကဗျာစာအုပ်အဟောင်းတစ်အုပ်လိုပဲ ချောင်ထဲရောက်သွားတယ်။

အရာရာပျက်စီးဆုံးရှုံးသွားရင်တောင် မင်းနဲ့အတူ နေဝင်ချိန်တွေမှာ အတူတူရှိချင်ခဲ့တဲ့စိတ်ဟာ ငါ့အတွက် သိပ်မှားခဲ့တယ်။

#သန်းတင့်စံ

03/09/2024

နောက်ပိုင်း ကဗျာကို လက်နဲ့ချရေးရတာလေး ကြိုက်လာလို့ပါဗျ

29/08/2024
15/08/2024

“အမှိုက်”

မောင်းခလုတ်ကို ဖြုတ်လိုက်တော့ ငါ့နားထင်ကို တေ့ထားတဲ့ သေနတ်ကနေ စကားလုံးတွေ ထွက်လာတယ်။ ငါ့ဦးနှောက် အခန်းကြီး အခန်းငယ် အကုန်လုံးကို ထိုးဖောက် မွှေနှောက်သွားတာ ရစရာကို မရှိဘူး။

ငါ့ခေါင်းပေါ်မှာ ပင့်ကူတစ်ကောင်ရှိသေးတယ်။ သူစားသုံးလိုက်သမျှ ငါ့ပျော်ရွှင်မှုတွေကို မစင်အဖြစ်နဲ့ ပြန်လည် လက်ခံရရှိနေရပေါ့။ မစင်တွေ တဖြည်းဖြည်းပြည့်လာတာ ငါ့ကိုယ်ငါတောင် မသယ်နိုင်တော့ဘူး။ တစ်ခါတစ်ခါ အဲ့ မစင်တွေက ဘုကန့်လန့်စကားတွေအဖြစ် လူတွေနဲ့ စကားပြောရင် အန်ထွက် လာမိသေးတယ်။

အဲ့မစင်တွေပြည့်နေတဲ့ ဦးနှောက်ကြီးနဲ့
အလုပ်ခုံပေါ်မှာ ထိုင်ချလိုက်ရင် အိကနဲ့ နစ်ဝင်သွားတဲ့ခုံက ငါ့ကို ကျိန်ဆဲတာမှ မိုးကိုမွှန်လို့။

လောကဓံဟာ အထာပြောင်းပြီး ပါးမဟုတ်ဘဲ နှလုံးသားကို ပိတ်ရိုက်ချလိုက်တာတဲ့။ ရိုက်ချက်အောက်မှာ မျက်ရည်နဲ့ မျက်ခွက်ကြီးပဲ။ ဒါကို တစ်ချို့က သနားစရာလို့ထင်နေတယ်။ မဟုတ်ဘူးဟ လီးထဲမှ။ အဲ့တာ ပျက်လုံးပဲ ရှိသေးတာ။ မင်းတို့ရီကြလေ... ရီကြ။

သစ္စာတရားတွေပေးဖို့ တောင်းဆိုရင်း ကိုယ်တိုင်သစ္စာပျက်ယွင်းကုန်တဲ့ လူတွေပျော်နေလိုက်ကြတာ။ ငါတော့ တစ်စက္ကန့်မှတောင် ပျော်ပြဖို့ လိပ်ပြာမလုံ။ ငါသာ အဲ့နေရာမှာဆိုရင် ရှက်လွန်းလို့ ကိုယ့်ကိုယ်ကိုယ် ဇီဝိန်ချုပ်လိုက်တာ ကြာပေါ့။

08/08/2024

“August လမှာ ပွင့်ခဲ့တဲ့ Erotic Orchids များ”

ဘဝဟာ သိပ်တိုလွန်းတော့ ချစ်တယ်ဆိုတာကို ဝန်ခံခဲ့ကြတယ်။ တုံ့ဆိုင်းမနေခဲ့ဘူး။

ငါတို့ဟာ ချစ်တယ်လို့မပြောဘဲ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌တွဲခဲ့ကြ။
ငါတို့ဟာ အဖြေပြန်မပေးဘဲ တွဲခဲ့ကြ။
ချစ်ရင် ပြီးပြီလေ ဘာလိုသေးလို့လဲ။

ငါတို့ ချိန်းတွေ့နေကြနံရံတွေကို လက်နဲ့သပ်လိုက်ရင်
ငါတို့ ရန်ဖြစ်တဲ့စကားသံတွေကို ပြန်ကြားရမယ်။
ငါတို့ ငိုသံတွေကို ပြန်ကြားရမယ်။
ငါတို့ ရယ်သံတွေကိုလည်း ပြန်ကြားရမယ်။
ငါတို့ နမ်းရှိုက်နေတဲ့အသံတွေ။
စိုနေတဲ့လက်နှစ်စုံ။
အသက်ရှူသံ ခပ်ပြင်းပြင်းတွေ။
ဒါတွေကို နံရံတွေကကြားတယ်။ နောက်တော့ ...

အဲ့ဒီည
အဲ့ဒီညရဲ့ ကောင်းကင်အောက်မှာ ငါတို့အတူ
Beethoven ရဲ့ Moonlight Sonata part 1 ကို မဖွင့်ဘဲကြားနေရတယ်။ နားထဲကြားယောင်နေတဲ့ Piano သံတွေ။ အဲ့အသံတွေက ငါတို့နှစ်ယောက်ရဲ့ စိတ်ကိုကြွစေတယ်လေ။

Park Chan-Wook ရဲ့ Oldboy.
ဟုတ်တယ် အဲ့ဒီ Oldboy ရဲ့ အကောင်းဆုံး Plot twist တွေမလာခင် ငါတို့စိတ်ရဲ့ဆာလောင်မှုက အရင်နေရာဦးသွားတယ်။ ငါတို့ဟာ ကြင်နာမှုနဲ့ နာကျင်မှုကို တစ်ပြိုင်နက် စားသုံးခဲ့တယ်။ ခုတင်ပေါ်မှာ မောလို့ပန်းလို့ နွမ်းလို့လျလို့။

Time is relative ဆိုတာကြီးကို Einstein ထပ် ငါတို့က ပိုနားလည်တယ်။ အတူအိပ်နေတဲ့အချိန်တွေမှာဆို Relativity Theory ကို အကျယ်ဖွင့်ဆိုပြမယ်။

ရင်ခုန်သံနဲ့ချွေးတွေကို Versailles နန်းတော်ထဲက Hall of mirror ထဲကို ခဏပို့ထားလိုက်တယ်။ ရောင်ပြန်တွေဟပ်ပြီး သိပ်လှနေတာ မင်းကြည့်စမ်း မြင်ရလား။ နောက်တော့ ဥရောပတိုက်တစ်ဝက်ကို သိမ်းပြီးကာစ Napoleon ရဲ့အပြုံးနဲ့ငါ‌က ချစ်လားလို့မေးတယ်။

မင်းမျက်နှာက Josephine နဲ့တော့မတူဘူး။ ငါလည်း Napoleon လို မျက်နှာမျိုး မဟုတ်ဘူး။ အဲ့ဒီညက ငါတို့အတူတူကျဆုံးခဲ့တဲ့ Battle of Waterloo.

စေတန်ရဲ့ အစီအမံနဲ့ ပန်းသီးတစ်လုံးအတူစားပြီး အချစ်နယ်ကျွံခဲ့တဲ့ Aug 9 ပေါ့။

Art: Nelina Trubach-Moshnikova
Pinterest

01/08/2024

သစ္စာပန်းနံ့တွေ ထုံလွှမ်းနေတဲ့ August

August ဟာ အတိတ်ရဲ့မျက်နှာစာထဲကနေ အိပ်မှုန်စုံမွှားနဲ့ ထလာခဲ့ပြီ။ မလန်းဆန်းဘူး၊ ကြည်လင် ရွှင်ပျမနေဘူး။ သူ့စိတ်တွေ နောက်ကျိနေတယ်။

သေချင်းတရားနဲ့ စီးချင်းထိုးခဲ့တဲ့ ၁၂ လရာသီကို August ဟာ မထုံတက်တေးကြည့်တယ်။ ပြဿနာသောင်းခြောက်ထောင်ကို မနက်ခင်းသတင်းစာလို မနက်ဖြန် ဘာဖြစ်လာမလဲ စောင့်ဖတ်ခဲ့ရတဲ့ လတွေ။

August ဟာ ပါးလျနေတဲ့ ပုဝါလေး ၃၁ စကို တစ်လွှာချင်း တစ်ရက်ချင်း ချွတ်ချဦးမှာ။ ဒါပေမယ့် ကဗျာမဆန်ဘူး။

လူ့အဖွဲ့အစည်းကို နားလည်ဖို့ကြိုးစားနေတဲ့ August ဟာ “Pull ”လို့ ရေးထားတဲ့ မှန်တံခါးကို အတင်းတွန်းပြီး ဝင်ဖို့ကြိုးစားခဲ့တယ်။

Gladiolus အပင်တွေက မင်းကို ကိုယ်စားပြုတယ်လို့ August ကို လာပြောနေလိမ့်မယ်။ ဒါပေမယ့် သစ္စာမရှိတဲ့လူ့အဖွဲ့အစည်းထဲမှာ သစ္စာပန်းလေးတွေ ရှိနေသေးတာကို August မေ့နေရရှာပြီ။ သူမကြားတော့။

August ဟာ ယုံကြည်ချက်အပေါ် သစ္စာရှိချင်မှ ရှိလိမ့်မယ်။ သစ္စာပန်းတွေကတော့ August အပေါ်မှာ သစ္စာရှိခဲ့တယ်။

Painting: pinterest

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon