Real Time Real Estate Service

Real Time Real Estate Service

Share

Real Estate

25/07/2024

ဂရန်ကတုံး ဖြစ်သော်လည်း အမွေဆက်ခံမည့်သူ ရှာဖွေ၍ အမည်ပြောင်းနည်း

မြေနှင့်အိမ်ဝယ်လျှင် ဝယ်သည့်မြေမှာ မိမိအမည်ပေါက်ဖြစ်ရန်လိုသည်။ သို့မှသာ အိမ်ဆောက်ရန် မြေပုံကူးယူခြင်း ၊ ခြံစည်းရိုးကာခြင်း ၊ ဘဏ်ငွေချေးခြင်း ပြုလုပ်ရန် အတွက် အိုးအိမ်/စည်ပင်မြေပုံကူးနိုင်သည်။ မြေကွက်မှာ မိမိဝယ်ထားသည်မှာ မှန်သော်လည်း ဥပဒေအရ မိမိအမည်ပေါက် မဟုတ်လျှင် အဆိုပါ ကိစ္စများလုပ်ဆောင်ခြင်း မပြုနိုင်ပါ။
သို့သော် မူလဂရန်ပိုင်ရှင် က မှတ်ပုံတင် General Power/ Special Power မိမိအားပေးထားလျှင်တော့ အထက်ပါ ကိစ္စရပ်များ ဆောင်ရွက်နိုင်ပါသည်။

မူလဂရန်ပိုင်ရှင် သေသွားလျင် ဝယ်သူအမည်ပြောင်းဖို့အဆင့်များ
===========================================
အကယ်၍ မိမိဝယ်ယူခဲ့သည့်၊ ဂရန်အမည်ပေါက် / မြေအမည်ပေါက်များက သေဆုံးသွား၍ ကျန်ရစ်သူ သားသမီးများထံမှ အမွေဆက်ခံသည့် မြေနှင့်အိမ်ကို ဝယ်ယူထားသော သူများမှာ ဥပဒေနှင့် အညီ မိမိအမည်ပေါက် ဂရန်မြေရရှိရေးအတွက် ဆောင်ရွက်ရသည့်အခါ အချိုအချောင် ဟု ထင်ခဲ့သော မြေနှင့်အိမ်မှာ သူများအပူကိုယ့်အပူဖြစ်တော့သည်။ သူများ ဒုက္ခကိုဝယ်ယူသူ ဖြစ်သွားသည်။

အိုးအိမ်ဂရန်လား ၊ စည်ပင်ဂရန်လား ခွဲခြားစုံစမ်းပါ
===========================================
အိမ်ကလည်း အသစ်ဆောက်ချင်သည်၊ ခြံစည်းရိုးကာဖို့လည်းလိုသည်။ သည်တော့ မိမိအမည်ပေါက် မြေငှါးဂရန် ရရန် ဘာတွေလုပ်ရမည်နည်း။ သက်ဆိုင်ရာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြမြေ စီမံခန့်ခွဲမှုဌါန နှင့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန မြို့မြေစာရင်းတွင် သွားရောက်စုံစမ်းရသည်။

အလာကောင်းမှ အနှောင်းသေချာဖို့ အကူအညီယူပါ
===========================================
ဂရန်ကတုံးဝယ်မိပါက မြေအမည်ပေါက် မိသားစုထံသွား၍ အကူအညီတောင်းရသည်။ သေဆုံးသူ၏ သေစာရင်းမူရင်းပြ၍ ကျန်ရစ်သူများက တရားသူကြီးထံတွင် မြေအမည်ပေါက် မိခင်/ ဖခင်သေဆုံး၍ မိမိတို့မှာ အမွေဆက်ခံပိုင်ဆိုင်သူများဖြစ်ကြောင်း၊ ကျမ်းကျိန်တင်ပြရသည်။ အိမ်နီးနားချင်းနှစ်ဦးကလည်း သေဆုံးသူများမှာ လျှောက်ထားသည့်မြေနှင့်အိမ်ကို ပိုင်ဆိုင်သူများဖြစ်ကြောင်း၊ ကျန်ရစ်သည့် သားသမီးများက အမွေဆက်ခံပိုင်ဆိုင်သည်မှာ မှန်ကန်ပါကြောင်း ဘေးက ဝိုင်းကူ၍ ကျမ်းကျိန်ပေးရသည်။

သားသမီးများက အမွေဆက်ခံပိုင်ဆိုင်ကြောင်း လျှောက်ရန်
===========================================
ကျမ်းကျိန်(၃) စောင် ဂရန်မူရင်း ၊ သေစာရင်း၊ သားသမီးများ၏ မှတ်ပုံတင်မူရင်း၊ ကြွေးကျန်ကင်းရှင်းကြောင်း ထောက်ခံချက်များယူဆောင်၍ ကျန်ရစ်သူသားသမီးများ ကိုခေါ်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ မြို့ပြမြေစီမံခန့်ခွဲမှုဌာန (သို့) မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတို့မှာ သွားရောက်ပြီး ပိုင်ဆိုင်ကြောင်း မြေပုံကူးလျှောက်ထားရသည်။ ထို့အတူ အရောင်းအဝယ်စာချုပ်ချုပ်ဆိုရန် မြေပုံ/မြေရာဇဝင်ကိုပါ တပါတည်းလျှောက်ထားရသည်။ သို့မှသာ အမွေဆက်ခံပိုင်ဆိုင်ကြောင်း စာချုပ်ချုပ်ဆိုပြီးသည့်နှင့် တဆက်တည်း မှတ်ပုံတင် အရောင်းအဝယ်စာချုပ်ကို ချုပ်ဆိုနိုင်သည်။

ပိုင်ဆိုင်သူများဖြစ်ကြောင်း သားသမီးများက မှတ်ပုံတင်ထားရမယ်
===========================================
မြို့တော်စည်ပင်မှ တစ်လခန့်ကြာပြီး မြေပုံ မြေရာဇဝင် ရလာသည်နှင့် ရန်ကုန်မြို့ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ ကျန်ရစ်သူသားသမီးများက အမွေဆက်ခံပိုင်ဆိုင်ကြောင်း စာချုပ်ချုပ်ရသည်။ နှစ်ပတ်ခန့်အကြာ စာချုပ်ရုံးက ပိုင်ဆိုင်ကြောင်း စာချုပ်ရလာသည့်အခါ မှတ်ပုံတင်အရောင်းအဝယ်စာချုပ်မချုပ်မီ၊ ရန်ကုန်တိုင်းဒေသကြီး အခွန်ဦးစီးဌာနသို့ သွားရသည်။

ဝင်ငွေခွန်ဥပဒေအရ တန်ဖိုးဖြတ်ပေးဖို့ အခွန်ရုံးကို တင်ပြရန်ပြန်
===========================================
မရွေ့မပြောင်းနိုင်တဲ့ ပစ္စည်းဖြစ်သည့်အတွက် မိမိဝယ်ယူထားသည့် မြေနှင့်အိမ်ကိုတန်ဖိုးပြပေးဖို့ ရန်ကုန်တိုင်းဒေသကြီး ကာလတန်ဖိုး စိစစ်သတ်မှတ်ရေး အဖွဲ့သို့ တင်ပြရသည်။ ယင်း ဘုတ်အဖွဲ့ကလည်း ဆက်စပ်သက်ဆိုင်သည့် စာရွက်စာတမ်းများပြည့်စုံမှ လက်ခံသည်။ ဥပမာ- ဂရန်/ စာချုပ် ပိုင်ဆိုင်ကြောင်း စာချုပ်၊ မြေပုံမြေရာဇဝင် ၊ ဝယ်သူ၏မှတ်ပုံတင် ၊ အိမ်ထောင်စုစာရင်း၊ စသည်တို့ကို (၆)စုံစီတွဲ၍တင်ပြရသည်။ ယင်းဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်အရ မြေနှင့်အိမ်တန်ဖိုးသတ်မှတ်တန်ဖိုးကို မြေနှင့်အိမ်တည်ရှိရာ မြို့နယ်အခွန်ဦးစီးဌာနတွင် သွားရောက်ပေးဆောင်ရသည်။

နှစ်ထပ်ရှိမှ မှတ်မိဆိုသလို စာချုပ်ရုံးကို သွားရပြန်ပြီ
===========================================
ရန်ကုန်တိုင်း အခွန်ရုံးမှ အခွန်တံဆိပ်ခေါင်းနှင့်ငွေသွင်းပြီး ချလန်စာရွက်များရရှိပါက အထက်တွင်ဖော်ပြခဲ့သည့် စာရွက်စာတမ်းတင်ပြ၍ အမွေဆက်ခံသူတို့နှင့် မြေဝယ်ထားသူတို့ ရန်ကုန်မြို့စာချုပ်ရုံးမှာ မှတ်ပုံတင်အရောင်းအဝယ် စာချုပ်ချုပ်ဆိုရပြန်သည်။ စာချုပ်ပြီး ချက်ခြင်းမရ။ (၁၄) ရက်ခန့်အကြာမှ မှတ်ပုံတင်စာချုပ်ထုတ်ယူ၍ရသည်။

မိမိအမည်ပြောင်းဖို့ မြို့တော်ခန်းမသို့ နောက်တစ်ခါက်
===========================================
စာချုပ်စာတမ်းရုံးမှ မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ရရှိသည်နှင့် ဝယ်သူအမည်ပေါက်ရရှိရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (၄၆)လမ်းရုံး ခန်းမ သို့သွား၍ အရောင်းအဝယ်စာချုပ် (မူရင်း) ဂရန် (မူရင်း) မှတ်ပုံတင် (မူရင်း) ကြွေးကျန်ကင်းရှင်းကြောင်းထောက်ခံချက်တို့ကို တင်ပြ၍ မြို့နယ်အလိုက် အမည်ပြောင်းခ ပေးသွင်းရသည်။ ကန့်ကွက်ရန်ရှိမရှိ မြို့ပြ မြေစီမံခန့်ခွဲမှုဌါန မှ ကွင်းဆင်းစစ်ဆေးသည်။ ကန့်ကွက်သူမရှိမှသာ တစ်လခန့်အကြာ၌ မိမိဝယ်ယူထားသည့် ဂရန်(သို့) မြေပိုင်မြေ စာချုပ်ပေါ်တွင် မိမိအမည်ပြောင်းပေးတော့သည်။

23/10/2022

အိမ်ခြံမြေအမျိုးအစားအလိုက်
စာရွက်စာတမ်း စစ်ဆေးရမည့် ပုံစံများ
အိမ်ခြံမြေဈေး ကွက်အတွင်းမှာ မြေ၊ တိုက်ခန်းရောင်းဝယ်မှုတွေမှာရောင်းမှား ဝယ်မှားမဖြစ်ပေါ်စေဖို့ မြေအမျိုးအစားအလိုက်စစ်ဆေးရမယ့် စာရွက် စာတမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
အိမ်ခြံမြေ၊တိုက်ခန်း ဝယ်ယူမယ်ဆို ရင် အိမ်ခြံမြေ၊ တိုက်ခန်းအမျိုးအစား အလိုက် လိုအပ်တဲ့ စာရွက်စာတမ်းတွေက အပြည့်အဝမတူညီနိုင်ပါဘူး။
ဒါကြောင့် အိမ်ခြံမြေ၊ တိုက်ခန်း ဝယ်ယူတဲ့အခါပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်း အပြည့်အစုံကိုတိုက်ဆိုင်စစ်ဆေးသင့်ပါတယ်။ဒါကြောင့် အိမ်ခြံမြေဝယ်ယူသူတွေ အနေနဲ့ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို သိရှိထားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
ဂရန်မြေ- ဂရန်မြေဝယ်မယ်ဆိုရင် ဂရန်အမည် ပေါက်"မှန် မမှန်၊ စစ် မစစ်" ကိုသက်ဆိုင်ရာ ရုံးမှာ သွားရောက် စစ်ဆေးရမှာ ဖြစ်ပါတယ်။ - ဂရန်မြေနဲ့ ပတ်သက်လို့ စစ်ဆေးရမယ့် စာရွက်စာ တမ်းကနည်းပါတယ်။ ဂရန်အမည်ပေါက် မှန် မမှန်ကိုသာရုံးမှာ သွားရောက် စစ်ဆေးဖို့ပဲ လိုအပ်ပါတယ်။
ပါမစ်မြေ
ပါမစ်မြေဆိုတာကတော့ မြို့သစ်ဘက်တွေမှာ ချထားပေးတဲ့မြေအမျိုးအစား ဖြစ်ပါတယ်။ - ပါမစ်မြေကို ဝယ်ယူမယ် ဆိုရင် ချ ထားပေးတဲ့ပါမစ် မှန် မမှန်၊အဆို ပါ ပါမစ်ကို အင်ထရီပြင်ထားဖို့ လိုအပ်ပါ တယ်။အင်ထရီဆိုတာက မြေနေရာ အ ကွက် ချ ပြီး ထုတ်ပေးလိုက်တဲ့ပါမစ်ကိုပြန်လည် စစ်ဆေးပြီး နေထိုင်ခွင့်ပြုတဲ့အမှတ် တံဆိပ် ဖြစ်ပါတယ်။
အင်ထရီဝင်ပြီးသား ပါမစ်ဆိုရင် နောက်ကျောဘက်မှာ လေးထောင့်တံဆိပ်တုံးလေးနဲ့ ပြန်လည်စိစစ် ပြီးဖြစ်ကြောင်း ပါရှိရမှာ ဖြစ်ပါတယ်။အင် ထရီ မဝင်ရသေးတဲ့ မြေကွက်တွေက ဈေး ကွက်အတွင်းမှာဈေးနှုန်းကွဲလွဲမှုရှိတယ် လို့ သိရတယ်။“ ဈေးနှုန်းမကွာဘူးဆိုရင်တောင် ရာ တန်အကွက်တွေမှာဈေး ငါးသိန်း၊ ၁၀ သိန်း ကွာတယ်၊ထောင်တန် အကွက်တွေမှာဆိုရင် အင်ထရီမဝင်ရသေးလို့ပွဲပျက် တာတွေတောင် ရှိတယ်”လို့မြန်မာ့ရတနာ မြေ အိမ်ခြံမြေအကျိုးဆောင်မှအမ်ဒီ ကို ဝင်းနိုင်ဦးက ဆိုပါတယ်။ - ပါမစ်မြေမှာ စာရွက်စာတမ်းလည်း မှန်ကန်မှုရှိပြီးအင်ထရီလည်း ဝင်ထား မယ်ဆိုရင်အမည်ပေါက်ပိုင်ရှင်ရဲ့ မှတ်ပုံ တင် မိတ္တူ၊သန်းခေါင်စာရင်းမိတ္တူ ပါရှိရပါမယ်။အဆိုပါ မိတ္တူတွေကိုလည်း မူရင်းနဲ့ တိုက်ဆိုင် စစ်ဆေးသင့်ပါတယ်။
လယ်မြေ
လယ်မြေ ဝယ်ယူမယ်ဆိုရင်တော့ လယ်မြေအတွက်
- အစိုးရကို အခွန်ပေးထားတဲ့ စလစ်၊လယ်ယာမြေမှတ်ပုံတင် စာအုပ်၊စလစ် up to date ဖြစ် မဖြစ် စစ် ဆေးရပါမယ်။စလစ် up to date ဆိုတာကတော့ အစိုးရကို အခွန်ငွေပေးသွင်းထား တဲ့နှစ်က အနီးဆုံးနှစ် ဖြစ်ရပါမယ်။ - လယ်ယာမြေမှာ ပိုင်ဆိုင်မှု စာရွက်စာ တမ်းဆိုတာ "လယ်ယာမြေ လက်ဝယ်ရှိသူတိုင်း" ရဲ့လက်ထဲမှာ မရှိနိုင်ပါဘူး။လယ်ယာမြေကို စိုက်ပျိုးလုပ်ကိုင်တဲ့အပေါ်အခွန် စည်းကြပ်ခံထားရတဲ့ မြေခွန် ပြေစာ သည်သာ ပိုင်ဆိုင်မှု ဖြစ်ပါတယ်။- အမှန် တကယ် လယ်ယာမြေကို လုပ်ကိုင်နေပြီးအခွန်စည်းကြပ်မှုကိုလည်း ထမ်းဆောင်ထားမယ်ဆိုရင်လယ်ယာမြေ လက်ရှိ ရှိသူအနေနဲ့ အင်္ဂ ါရပ်ညီညွတ်ပြီလို့ ဆိုနိုင်ပါ တယ်။လယ်ယာမြေလုပ်ကိုင်သူတွေကို မြေစာရင်းဌာနကအခွန်စည်းကြပ်မှု မှတ်ပုံတင်စာရင်းနဲ့ မြေပုံမှာမှတ်သားထား လေ့ရှိပါတယ်။
- တချို့လယ်ယာမြေတွေက အခွန်ပြေစာအပြင်မြေစာရင်းပုံစံ ၁၀၅ ကိုလည်း ရေးကူးရယူထားရှိနိုင်ပါတယ်။ - မြေစာရင်းပုံစံ ၁၀၅ ဆိုတာက မြေစာရင်းဌာနကမှတ် ပုံတင်စာရင်း၊ မြေပုံ စသည်တို့မှာ မှတ်သား ထားတဲ့အတိုင်း မှတ်တမ်းထိန်းသိမ်းတဲ့ မြေစာရင်းဌာန က ပုံစံတူရေးကူးပေးတဲ့ပုံစံ တစ်ခု ဖြစ်ပါတယ်။
မြေစာရင်းပုံစံ ၁၀၅ မှာ မြေကွက်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုတစုတစည်း သိရှိနိုင်ပါတယ်။ ပုံစံ ၁၀၅ မှာ ဖော်ပြချက်အရမြေကွက်တည်ရှိ တဲ့ မြို့၊ ရပ်ကွက်၊ ကျေးရွာ၊ ကွင်း၊ ဧရိယာ၊မြေအမျိုးအစား စတာတွေကို အလွယ်တကူ သိရှိနိုင်ပါတယ်။ “လယ်ယာမြေကို စလစ်တစ်ခုတည်းနဲ့ အရောင်းအဝယ်လုပ်တာတွေရှိတယ်၊ အဲ ဒါတွေက ရေရှည်မှာ အဆင်မပြေပါဘူး”လို့ကိုဝင်းနိုင်ဦးက ဆိုပါတယ်။ - ယခုအချိန်မှာ လယ်ယာမြေကို အရပ် သဘောရောင်းဝယ်နေကြပြီးစာချုပ်စာ တမ်းမှတ်ပုံတင်ရုံးမှာ လယ်ယာမြေဥပဒေ သစ်အရမှတ်ပုံတင်ပြီးမှသာ တရားဝင် ဆောင်ရွက်လို့ရမှာ ဖြစ်တယ်။
လန ၃၉ မြေ
- လန ၃၉ ဆိုတာက လယ်ယာမြေမှ တစ်ဆင့် အခြားမြေအဖြစ်ပြောင်းလဲ အ သုံးပြုခွင့် ပြုထားတဲ့ မြေအမျိုးအစားဖြစ်ပါ တယ်။ လန ၃၉ မြေ ဝယ်ယူမယ်ဆိုရင် လယ်ယာမြေကနေ အခြားမြေပြောင်းလဲ အသုံးပြုခွင့်ပြုထားတဲ့ လန ၃၉ စာရွက် ရှိ ရပါမယ်။ - ဒါမှသာ လယ်ယာမြေကို အိမ် ယာမြေ၊ စက်မှုထုတ်ကုန် တစ်ခုခုပြောင်း လဲ အသုံးပြုမယ်ဆိုရင် လန ၃၉ ချထား ပေးတဲ့ စာရွက်ရှိမှအဆင်ပြေမှာ ဖြစ်ပါ တယ်။
တိုက်ခန်းဝယ်မယ်ဆိုရင်
တိုက်ခန်း အရောင်းအဝယ် ပြုလုပ်တဲ့ အခါမှာဆက်စပ်စာချုပ်တစ်ခုရှိရုံ နဲ့ ပိုင် ဆိုင်မှု အထောက်အထားပြည့်စုံပြီလို့ မထင်မှတ်သင့်ပါဘူး။ တိုက်ခန်းအရောင်း အဝယ်ပြုလုပ်တဲ့နေရာ မှာ မရှိမဖြစ်လိုအပ်တဲ့စာရွက်စာတမ်းတွေကတော့
- ဆက်စပ် စာချုပ်၊
- BCC (လူနေထိုင်ခွင့်)
- မြေ ရှင်လက်မှတ်
- ရေမီတာ၊ မီးမီတာ စာရွက်စာတမ်းတွေ လို အပ်ပါတယ်။အဲသည် စာရွက်စာတမ်းတွေ ပါရှိရင်တော့ ပိုင်ဆိုင်မှု သေချာနိုင်တယ်လို့သိရပါတယ်။
ဘိုးဘွားပိုင်မြေ
ဘိုးဘွားပိုင်မြေ ဖြစ်ခဲ့မယ်ဆိုရင်တော့သက်ဆိုင်ရာ မြေပိုင်ဆိုင်မှုမှတ်တမ်းမှာ ပိုင်ရှင်အဖြစ်မှတ်တမ်းရှိပြီး ဖြစ်ရမှာ ဖြစ် ပါတယ်။
ပြန်လည်ကူးယူဖော်ပြပါသည်။
Credit: The kumudra journal

23/10/2022

- ဂရန်မြေကို ခွဲစိတ်မယ်ရင် သိသင့်တဲ့အချက်တွေကို ဖော်ပြပါတယ်။
ဘိုးဘွားပိုင်မြေ၊ မြေပိုင်မြေနဲ့ ဂရန်မြေတွေကို ခွဲစိတ်နိုင်ပါတယ်။
ဂရန်ခွဲစိတ်ဖို့ ဆိုရင်
(က) ခွဲစိတ်ပြီးမြေဟာ မျက်နှာစာ အနည်းဆုံးပေ (၂၀) ရှိရပါမယ်။
(ခ) ခွဲစိတ်ပြီး မြေဧရိယာ အနည်းဆုံး စတုရန်းပေ ၁၂၀၀ ရှိရပါမယ်။
(ဂ) ခွဲစိတ်ပြီး မြေကွက်အားလုံး ၀င်လမ်းထွက်လမ်း ရှိရပါမယ်
- စည်ပင်လမ်းမရှိရင် ပုဂ္ဂလိကလမ်း လျာထားရပါမယ်။လျှောက်ထားရမှာလိုအပ်တဲ့ အထောက်အထား
၁။ နိုင်ငံသားစိစစ်ရေးကတ်မိတ္ထူ
၂။ မှတ်ပုံတင်စာချုပ်စာတမ်းများ၊ တရားရုံးအမိန့် ဒီဂရီ၊ သေတမ်းစာအတည်ပြု လက်မှတ်၊ အမွေဆက်ခံခွင့်လက်မှတ်၊ ကျမ်းကျိန်လွှာ၊ မှတ်ပုံတင်ထားတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (သို့) အထွေထွေ ကိုယ်စားလှယ်လွှဲစာ မိတ္ထူများ။
၃။ မြေကွက်ရဲ့အစိတ်ပိုင်းဖြစ်ရင် ခွဲစိတ်မှုကို မြေကွက်ပူးတွဲပိုင်ရှင်ရဲ့ သဘောတူညီချက်နဲ့ သူ့ရဲ့မှတ်ပုံတင်မိတ္ထူတို့ လိုအပ်ပါတယ်။
- မြေကွက်ခွဲစိတ်ရာမှာ အောက်ပါလုပ်ငန်းတွေ ဆောင်ရွတ်ဖို့ လိုအပ်ပါတယ်။
၁။ မြေကွက်ခွဲစိတ်ဖို့ မြေပုံ မြေရာဇ၀င်လျှောက်ထားခြင်း။
၂။ မြေတိုင်းလျှောက်ထားခြင်း။
၃။ ပြင်ပလိုင်စင် အင်ဂျင်နီယာနဲ့ မိမိနှစ်သက်သည့်အတိုင်း အဆိုပါမြေပုံရေးဆွဲခြင်း။
၄။ အဆိုပါခွဲစိတ်မြေပုံသည်(က) ဂရန်မြေဖြစ်ပါက ဌာနကို အတည်ပြုချက် ရယူခြင်း၊
(ခ) မြေပိုင် မြေဖြစ်ပါက စည်ပင် အင်ဂျင်နီယာ(အဆောက်အအုံ) တင်ပြအတည်ပြုချက်လျှောက်ထားခြင်း။
၅။ မြေတိုင်းလျှောက်ထားခြင်း။
၆။ အမှားပြင်၊ မြေပုံရာဇ၀င်လျှောက်ထားခြင်း။
၇။ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် အမှားပြင်ဆင် စာချုပ်ချုပ်ဆိုခြင်း။
၈။ ဂရန်မြေဖြစ်ပါက မြေစာရင်းတွင် ဂရန်စာချုပ် ခွဲစိတ်ပေးရန်နှင့် မြေပိုင်မြေဖြစ်ပါက မြေကွက်ခွဲစိတ်ခြင်းအား မှတ်တမ်းတင်ပေးရန် လျှောက်ထားခြင်းတို့ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။စိစစ်ပြီး ပြည့်စုံမှန်ကန်ပါက လုပ်ထုံးလုပ်နည်းများနှင့် အညီတိုင်းတာပြီး မြေစာရင်းတွင် တရား၀င်ခွဲစိတ်ခွင့်ပြုပါသည်။
ဆရာကြီးဦးကြည်စိုး IC (အိမ်ဘုရင်) ၏ခွင့်ပြုချက်ရယူမျှဝေပါသည်။

22/10/2022

ပါမစ်မြေသည် စာရွက်စာတမ်းအတုပြုလုပ် ရောင်းချမှုအလွန်များသော မြေအမျိုးအစားတစ်မျိုး ပါမစ်မြေသည် စာရွက်စာတမ်းအတုပြုလုပ် ရောင်းချမှုအလွန်များသော မြေအမျိုးအစားတစ်မျိုး ဖြစ်သည်။
စာရွက်စာတမ်းများတွင် အတုအစစ်ရှိနိုင်သဖြင့် မြေချပါမစ်မှန်ကန်မှု ရှိ/မရှိ စစ်ဆေးလိုကြပေသည်။
ထို့ကြောင့် ပါမစ်မြေကွက်ကို ဝယ်ယူရန် စရန်ပေး လိုက်သည်နှင့် ရောင်းသူ၏ လက်ဝယ်ရှိ မြေချပါမစ်မှာ အစစ်အမှန်ဖြစ်ကြောင်း သက်ဆိုင်ရာ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ မြေယာဌာနနှင့် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနတို့တွင် ပြသစစ်ဆေးခြင်းများပြုကြသည်။
မြေချပါမစ်ဝယ်သူများအနေဖြင့် ယခင်က မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုး ရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးလက်မှတ်နှင့် စည်းတံဆိပ်ရိုက် နှိပ်ထုတ်ပေးသော ပါမစ်မြေနှင့် ယခု မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး လက်မှတ်နှင့်စည်းတံဆိပ်ရိုက်နှိပ်ထုတ်ပေးသော ပါမစ်မြေဟု ပုံစံနှစ်မျိုးရှိနေသောကြောင့် သတိပြုဝယ်သင့်ပေသည်။
ပါမစ်မြေကွက် (အိမ်ရာဆောက်လုပ်နေထိုင်ခွင့်လက်မှတ်မြေကွက်) သည် လွှဲပြောင်းရောင်းချပိုင်ခွင့် မရှိတာကြောင့် စာချုပ်စာတမ်းမှတ်ပုံတင်ရုံးက မှတ်ပုံတင်အရောင်းစာချုပ်ကိုချုပ်ဆိုပေးခြင်းမရှိပါဘူး။
ထို့ကြောင့် အရောင်းအဝယ်ကတိစာချုပ်အဖြစ်သာချုပ်ဆိုကြပြီး မြေဂရန်သစ်တွေ လျှောက်ထားလေ့ရှိပါတယ်။
ထို့ကြောင့် အိမ်ရာဆောက်လုပ်နေထိုင်ခွင့်လက်မှတ် ပါမစ်မြေကို ဝယ်လျှင် ဥပဒေနှင့်အညီ ပိုင်ဆိုင်ခွင့် မရသေးပါဘူး။
အရောင်းအဝယ် အရပ်ကတိစာချုပ်ချုပ်ဆိုပြီးတော့ ဂရန်သစ်လျှောက်ထားခွင့်ရှိပါတယ်။
ထိုသို့ လျှောက်ထားပြီး မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဂရန်သစ်ထုတ်ပေးသည့်အချိန်မှသာ တရားဝင် ပိုင်ဆိုင်မှုခိုင်မာမှာဖြစ်ပါသည်။
မြေချပါမစ်ဆိုသည်မှာ စည်ပင်မှုမရှိသည့် မြို့သစ်ဒေသများတွင် အိမ်ရာဆောက်လုပ်ဖို့အတွက် စည်းကမ်းချက်တွေ သတ်မှတ်များချပေးထားခြင်းဖြစ်ပါတယ်။
အိမ်ခြံမြေ အရောင်းအဝယ်ပြုကြရာတွင် ပါမစ်မြေကိုအရောင်းအဝယ် အများဆုံးပြုလုပ်ကြသည်ကို တွေ့ရသည်။
ရောင်းအားကောင်းရသည့် အကြောင်းအရင်းမှာ ပါမစ်မြေရောင်းအားကောင်းရခြင်းမှာ စရိတ်ကုန်ကျမှုနည်းခြင်းသည် အဓိကအချက်ဖြစ်သည်။
အရောင်းအဝယ်စာချုပ်ကို အရပ်ကတိစာချုပ်ဖြင့်ချုပ်ဆိုနိုင်သည်။ အဆင့်ဆင့်လွှဲပြောင်း ရောင်းချနိုင်သည်။
အရောင်းအဝယ်အဆက်အစပ် ကွင်းဆက်မပြတ် အရောင်းအဝယ်ကတိစာချုပ်များရှိရန်သာလိုသည်။
ပါမစ်မြေကို ဝယ်ယူမည်ဆိုလျှင်တော့ ဂရန်လျှောက်ထားခြင်း ပြီးဆုံးခြင်းမရှိခင်အချိန်အထိ ပိုင်ဆိုင်မှု အထောက်အထားမခိုင်မာနိုင်ပါဘူး။
သို့ပေမဲ့ ဝယ်ယူခွန်ဆောင်ရန် မလိုအပ်သည့်အတွက် ဝယ်ယူသူများပြားပြီး အဝယ်လိုက်သည့် မြေအမျိုးအစားအဖြစ် အိမ်ခြံမြေဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေခြင်းဖြစ်ပါသည်။
Credit - yuzanarland
ပြန်လည်ကူးယူဖော်ပြပါသည်။

22/10/2022

ပါမစ်မြေ ဝယ်ယူခြင်း ဆိုင်ရာ သိမှတ်ဖွယ်ရာ
ပါမစ်မြေကွက်ကို ဝယ် လျှင် တရားဝင်ပိုင်ဆိုင်ခွင့်ရပါသလား။ မှတ်ပုံတင်အရောင်းအဝယ် စာချုပ် ချုပ်ဆိုနိုင်ပါသလားဟု မေးလာသဖြင့် ဤဆောင်းပါးကို ဗဟုသုတအဖြစ် ရေးသားလိုက်ပါ သည်။
ပါမစ်မြေအကြောင်း မတင်ပြမီ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေအရ သတ်မှတ် ထားသော မြေအမျိုးအစားများကို သိထား ရန် လိုအပ်ပါသည်။
မြေအမျိုးအစား
ဥပဒေနှင့်အညီ သတ်မှတ် ထားသည့် မြေအမျိုးအစားများ မှာ-
၁။ ဘိုးဘွားပိုင်မြေ (မြေပိုင်မြေ)
၂။ မြေငှားဂရန်မြေ
၃။ စကွာတာမြေ
၄။ လိုင်စင်မြေ
၅။ ပါမစ်မြေ
၆။ ဂရန်ရှိမြေပိုင်မြေ
၇။ အခွန်လွတ်သာသနာ့ ဂရန်မြေ
၈။ သိမ်ဂရန်မြေ
၉။ ကျူးကျော်မြေနှင့်
၁ဝ။ စနစ်တကျ ကျူးလွန်ခြင်းမြေ ဟု သတ်မှတ်ခွဲခြားထားပေသည်။
အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ပတ်သက်၍ ပါမစ်မြေဆိုသည်မှာ စည်ပင်ပြန့်ပြောမှုမရှိသေးသည့် နေရာများတွင် စည်းကမ်းချက်ဖြင့် သုံးစွဲ ခွင့်ပြုထားသည့် “အိမ်ရာ ဆောက်လုပ်နေထိုင်ခွင့်”ချပေး ထားသော မြေအမျိုးအစားဖြစ် သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားပါ သည်။
ထို့ကြောင့် ဘိုးဘွားပိုင်မြေ၊ မြေငှားဂရန်မြေများကဲ့သို့ မြေပိုင်ဆိုင်မှုကို အခြေမတည်ဘဲ အိမ်ရာဆောက်လုပ်နေထိုင်ခွင့်အတွက် ချပေး ထားသော မြေအမျိုးအစား ဖြစ်သည်။
လွှဲပြောင်းရောင်းချခြင်း
မြေချပါမစ် (အိမ်ရာ ဆောက်လုပ်နေထိုင်ခွင့်လက်မှတ်)တွင် အိမ်ရာမြေကွက်ရသူသည် မြေကွက်ကို ခွဲစိတ်ခြင်း၊ တစ်ဆင့် လွှဲပြောင်း ရောင်း ချ၊ ပေါင်နှံ၊ ပေး ကမ်းခြင်း လုံးဝမပြုရဟု ဖော်ပြ ထားပါသည်။
သို့ရာတွင် ငွေအရင်းအနှီး မြှုပ်နှံလိုသူများအနေဖြင့် ဂရန် မြေအဖြစ် အမည်ပေါက်သွားပါက မြေတန်ဖိုးအဆမတန် ကွာခြား သွား သဖြင့် ပါမစ်မြေများကိုသာ သင့်တင့်စျေးပေး၍ အရောင်းအဝယ် ကတိစာချုပ် ချုပ်ဆိုကာ လွှဲ ပြောင်းရယူထားကြပေသည်။ ထို့ နောက် မှ မြေငှားဂရန်ကို လျှောက် ထားရယူလေ့ရှိကြသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက မြေငှား စာချုပ်အသစ် (မြေငှားဂရန်) ထုတ်ပေးရန်နှင့် ပတ်သက်၍ အောက်ပါ အတိုင်း သတ်မှတ်ထား ပေသည်။
မြေငှားဂရန်အသစ်ထုတ်ပေးခြင်း
မြေငှားဂရန်ထုတ်ပေး သော မြေအမျိုးအစားများမှာ လိုင်စင်မြေ၊ စကွာတာမြေနှင့် ပါမစ် မြေတို့ဖြစ်ကြောင်း သတ်မှတ်ထား ပေသည်။
ဂရန်မြေထုတ်ပေးရန်အ တွက် အောက်ပါအချက်များကို ပူး တွဲတင်ပြလျှောက်ထားရပေသည်။
၁။ လျှောက်ထားသူသည် နိုင်ငံသားဖြစ်ရပါမည်။ (နိုင်ငံသား ကတ်ပြားမိတ္တူတင်ပြရပါသည်)
၂။ ပါမစ်မြေ (အိမ်ရာ ဆောက်လုပ်နေထိုင်ခွင့်လက်မှတ်)
၃။ ပါမစ်မြေအမည်ပေါက် သို့မဟုတ် ဥပဒေနှင့်အညီ ဆက်ခံ သူမှ တရားရုံးတွင်ပြုလုပ်ခဲ့သော ကျမ်းကျိန်လွှာ
၄။ လွှဲပြောင်းထားခြင်းဖြစ်ပါက ကတိစာချုပ်များ (ဥပမာ-အ ရောင်းအဝယ်၊ ပေးကမ်း၊ စွန့်လွှတ်၊ လှူဒါန်းစသော လွှဲပြောင်းခြင်း များ)
၅။ အမှုအခင်းဖြစ်ခဲ့ပါက ပိုင် ဆိုင်ခွင့်နှင့် ပတ်သက်သည့် တရား ရုံး၏ အမိန့်ဒီကရီ။
၆။ အဆောက်အအုံရှိကြောင်း အထောက်အထားများပါရှိရပေ သည်။
ထိုကြောင့် ဤနေရာတွင် ပါမစ်မြေများကို ကတိစာချုပ်များ ဖြင့် အရောင်းအဝယ် လွှဲပြောင်း ခြင်းပြုနိုင်ကြောင်း ကို တွေ့ရှိရ မည် ဖြစ်ပေသည်။
မှတ်ပုံတင်အရောင်းအဝယ်စာချုပ် ပြုလုပ်ချုပ်ဆိုခြင်း စာချုပ်စာတမ်းမှတ်ပုံတင် အက်ဥပဒေပုဒ်မ ၁ရတွင် တန် ဖိုး ငွေ ၁ဝဝ အထက်ရှိသော မရွှေ့ မပြောင်းနိုင်သည့် ပစ္စည်း အ ရောင်း စာချုပ်သည် မှတ်ပုံမတင် က တရားမဝင်ကြောင်း ပြဋ္ဌာန်း ထားပေသည်။
ပါမစ်မြေကွက် (အိမ်ရာ ဆောက်လုပ်နေထိုင်ခွင့် လက်မှတ် မြေကွက်) သည် လွှဲပြောင်းရောင်း ချပိုင်ခွင့်မရှိသဖြင့် စာချုပ်စာ တမ်း မှတ်ပုံတင်ရုံးက မှတ်ပုံတင် အ ရောင်းစာချုပ်ကို ချုပ်ဆိုပေးခြင်း မရှိပေ။ ထို့ကြောင့်နှစ်ဘက် သဘောတူ အရောင်းအဝယ် ကတိ စာချုပ်အဖြစ်သာ ချုပ်ဆိုကြပြီး မြေဂရန်သစ်များ လျှောက်ထား လေ့ရှိပေသည်။
မြေဂရန် လျှောက်ထားရာတွင် အဆိုပါ မြေကွက်ပေါ်တွင် အဆောက်အဦး ဆောက်လုပ်ထား ပြီးဖြစ်ရန် လိုအပ်သဖြင့် အ ဆောက် အအုံ ဆောက်လုပ်ထား လေ့ရှိပေသည်။ ထို့ကြောင့်အ ရောင်းအဝယ်ပြုရာတွင် ပါမစ်မြေ နှင့် အဆောက်အအုံတွဲဖက် ရောင်းကြ သည်။ ဤတွင် အ ဆောက်အအုံ ပိုင်ဆိုင်မှုအတွက် ပါမစ်မြေ အမည်ပေါက်သူနှင့် ဝယ်သူတို့ အဆောက်အအုံ အ ရောင်းအဝယ် မှတ်ပုံတင် စာချုပ် ချုပ်ဆိုနိုင်ပေသည်။
ဤသည်နှင့် ပတ်သက်၍ “ဦးလှရွှေနှင့် ဒေါ်အုံးမြင့် ၁၉၉၂ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ ၁၃၇”တွင် ဦးလှရွှေ က ဒေါ်အုံးမြင့်အပေါ် မြေနှင့် အိမ်အပေါ်ပိုင်ဆိုင်ကြောင်း မြွက်ဟ ကြေညာမှုစွဲဆိုရာ တိုင်းတရားရုံး တော်က ပယ်ချခဲ့သဖြင့် တရားရုံး ချုပ်သို့ အယူခံဝင်လာခြင်းဖြစ်သည်။ တရားရုံးချုပ်က သုံးသပ်ဆုံးဖြတ်သည်မှာ အချင်းဖြစ်မြေသည် နိုင်ငံတော်ပိုင်မြေဖြစ် ပြီး နေ ထိုင်ခွင့်ချပေးထားချက်အရ နေ ထိုင်ခွင့်ရရှိနေကြပြီး တရားဝင် ပိုင်ဆိုင်မှုအတွက် လွှဲပြောင်းခွင့် မရှိသော မြေဖြစ်ကြောင်း အငြင်း မထွက်ပေ။ ဦးလှရွှေက အချင်း ဖြစ်မြေကို ပိုင်ဆိုင်ကြောင်းအား အခြေပြု၍ စွဲဆိုခြင်းဖြစ်ရာ မူလရုံး၏ သုံးသပ်သည့်အတိုင်း အစိုး ရ မြေကို ဦးလှရွှေက ပိုင်ဆိုင်ခွင့်မရ နိုင်ပေ။
အိမ်ကိုရောင်းချသော အိမ် အရောင်းအဝယ် စာချုပ်တွင် တန် ဖိုးငွေ ကျပ် ၃ဝဝဝ ဖြင့် အရောင်း အဝယ်ပြုကြောင်း ပေါ်ပေါက် သည်။ တန်ဖိုးငွေကျပ် ၁ဝဝ ကျော်သဖြင့် ပစ္စည်းလွှဲပြောင်းရေး အက်ဥပဒေ ပုဒ်မ ၅၄နှင့် စာချုပ် စာတမ်းမှတ်ပုံတင်အက်ဥပဒေ ပုဒ်မ၁၇ တို့နှင့်အညီ မှတ်ပုံတင်ပြုလုပ်ခဲ့ခြင်းမရှိသဖြင့် အထမြောက် သော အရောင်းအဝယ်လည်းမ ဟုတ်ပေ။ အဆိုပါ ဥပဒေများတွင် နေခွင့် လက်မှတ်အရနေထိုင်သော မြေပေါ်ရှိ အဆောက်အအုံနှင့် စပ်လျဉ်း၍ မှတ်ပုံတင်ရန်မလိုဟု ပြဋ္ဌာန်းချက်ပြုထားခြင်းမရှိပေ။
ထိုကြောင့်မူလရုံးက ဦးလှ ရွှေသည် အစိုးရပိုင်မြေကို မိမိမြေ အဖြစ်လည်းကောင်း၊ ဥပဒေ ပြဋ္ဌာန်းချက်နှင့် အညီချုပ်ဆို ထား ခြင်း မရှိသော အရပ်စာချုပ်ပေါ်တွင် အခြေပြု၍လည်းကောင်း၊ အချင်းဖြစ် မြေနှင့်အိမ်ကို မိမိပိုင်ဆိုင်ကြောင်းမြွက်ဟကြေညာမှု စွဲ ဆိုခွင့် မရှိဟု ဆုံးဖြတ်ချက်မှာ မှန် ကန်၍ အတည်ပြုကြောင်း ဆုံး ဖြတ်ခဲ့ပေသည်။
သို့ဖြစ်၍ အိမ်ရာဆောက် လုပ်နေထိုင်ခွင့်လက်မှတ် ပါမစ် မြေကိုဝယ်လျှင် ဥပဒေနှင့်အညီ ပိုင်ဆိုင်ခွင့်မရသေးပါ။ အရောင်းအဝယ် ကတိစာချုပ်ချုပ်ဆို၍ ဂရန်သစ်လျှောက်ထားခွင့်ရှိပေသည်။ သို့သော် ပါမစ်မြေပေါ်ရှိ အဆောက် အအုံအတွက် ပိုင်ဆိုင် မှုကို ဥပဒေနှင့်အညီ စာချုပ် စာ တမ်းရုံး၌ မှတ်ပုံတင်အရောင်းစာ ချုပ်ပြုလုပ်နိုင်ပါကြောင်း ဗဟုသု တအဖြစ်ရေးသားလိုက်ပါသည်။

ထီယု (ဥပဒေ အတိုင်ပင်ခံ)
Credit to: ‌ဈေးကွက်ဂျာနယ်
ပြန်လည်ကူးယူဖော်ပြပါသည်။

22/10/2022

မြေဝယ်ယူတော့မယ်ဆိုရင်
ဘာတွေလုပ်သင့်လဲ...
မြေဝယ်ယူတော့မယ်ဆိုရင် အဓိက အရေးကြီးဆုံးအချက်က ရောင်းမှား၊ ဝယ်မှားမဖြစ်ကြဖို့ပါ။ဒါကြောင့် မြေ ဝယ်ယူတော့မယ့် ပိုင်ရှင်တွေအနေနဲ့ အဘက်ဘက်ကနေ စုံစမ်းစစ်ဆေးပြီးမှ ဝယ်ကြဖို့ အလွန်အရေးကြီးပါတယ်။
ယေဘူယျအားဖြင့် အောက်မှာ ဖော်ပြပေးထားတဲ့ အချက်အလက်တွေကို လိုက်နာကြမယ်ဆိုရင်တော့ ရောင်းမှား၊ဝယ်မှားမဖြစ်ပဲ သောက ကင်းကင်းနဲ့ မြေယာတွေကို ပိုင်ဆိုင်နိုင်ကြမယ်လို့ ယုံကြည်မိပါတယ်
၁။ မြေပိုင်ဆိုင်မှု အမျိုးအစားခွဲခြားခြင်း
မြေပိုင်ဆိုင်မှုကို အမျိုးအစားခွဲပြရရင်တော့ လယ်မြေ၊ ဥယျာဉ်ခြံမြေ၊ ဂရန်မြေ၊ ရွာမြေ၊ ဘိုးဘွားပိုင်မြေ ဆိုပြီး အမျိုးအစားများစွာရှိတာကို တွေ့ရပါတယ်။ ဒီလိုမြေပိုင်ဆိုင်မှုအမျိုးအစားကို ခွဲခြားပြီး ကိုယ်ဝယ်ယူမယ့် မြေရဲ့ ဂရန် စစ်၊ မစစ်ကိုလည်း သေချာစွာ စူးစမ်းလေ့လာဖို့လိုအပ်ပါတယ်။မြေအမျိုးအစားနဲ့ နေရာဒေသပေါ် မူတည်ပြီး ဈေးနှုန်းကွာခြားချက် တွေရှိနေတာကြောင့် မိမိကိုယ်တိုင်သေချာ စုံစမ်းပြီးမှ ဝယ်သင့်ပါတယ်။
၂။ ကိုယ်ဝယ်ယူမယ့် မြေပေါက်ဈေးကို သိရန်လိုအပ်ခြင်း။
မြေဈေးကို တစ်ခါတည်း စုံစမ်းပြီး တစ်ခါတည်း တန်းဝယ်တာမျိုးမဟုတ်ပဲ နေရာပေါင်းစုံ၊ ထောင့်ပေါင်းစုံကနေ စုံစမ်းစစ်ဆေးသင့်ပါတယ်။
၃။ အထောက်အထား မှန်ကန်မှုရှိမရှိ မှန်ကန်စွာ စစ်ဆေးခြင်း
မြေယာဝယ်ယူတယ်ဆိုတာ ငွေကြေး သိန်းဂဏန်းနဲ့အထက်သုံးရတာကြောင့် အလွန်သတိထားပြီး ဝယ်ယူနိုင်မှ တော်နိုင်မှာပါ။ ဒါကြောင့် မြေပိုင်ဆိုင်မှု အထောက်အထားအမှန်ကန်မှု ရှိ၊ မရှိ စစ်ဆေးတတ်ဖို့ လိုအပ်ပါတယ်။တကယ်လို့သာ အထောက်အထားမမှန်တာမျိုးဆိုရင် သုံးလိုက်တဲ့ ငွေကြေးဆုံးရှူံးနစ်နာမှုအပြင် တရားရုံးမှာ အမှုဖွင့်ပြီး အမှုရင်ဆိုင်ရနိုင်တာကြောင့် ဒီအချက်က အရေးကြီးပါတယ်။
၄။ ပိုင်ဆိုင်မှုခိုင်မာစွာ စာချုပ် ချုပ်ဆိုခြင်း
မြေပိုင်ဆိုင်မှုလည်း ခွဲခြားသိပြီ၊ အထောက်အထားမှန် မမှန်လည်း စစ်ဆေးပြီးတဲ့နောက်မှာ မြေယာပိုင်ဆိုင်ကြောင်းစာချုပ်ကို ခိုင်မာစွာ စာချုပ်ဆိုနိုင်ဖို့ အရေးကြီးပြန်ပါတယ်။ ငွေချေပြီးမှ စာချုပ်ခိုင်မာစွာမချုပ်နိုင်လို့ အမှုအခင်းဖြစ်တာမျိုးကိုလည်း ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ မကြာခဏကြားသိနေရပါတယ်။
ဒါကြောင့် စာချုပ်ချုပ်ဆိုတဲ့ နေရာမှာ တတ်ကျွမ်းနားလည်သူများဆီ မေးမြန်း၍ သော်လည်းကောင်း၊ ရှေ့နေ့ ရှေ့မှောက်မှာ စာချုပ်ချုပ်ဆို၍ သော်လည်းကောင်းချုပ်ဆိုသင့်တဲ့အပြင် စာချုပ်အရေးအသားကို လည်း ဂျက်ကျလက်ကျ ပိုင်ပိုင်နိုင်နိုင် ချုပ်ဆိုတတ်ဖို့ အလွန်အရေးကြီးပါတယ်။
ဒီနေရာမှာ အချက်အလက်နဲ့ ငွေပေးချေမှုအဆင့်ဆင့် ရက်စွဲတွေကို တိတိကျကျ ထည့်သွင်းရေးသွင်းရပါမယ်။ ငွေပေးချေမှု အဆင့်တိုင်းမှာလဲ မည်မျှရာခိုင်နှုန်း ပေးပြီးပါက ဝယ်ယူတဲ့ပိုင်ဆိုင်မှု ပစ္စည်းရဲ့ မူရင်းအချို့လက်ဝယ်ကိုရရှိနိုင်ဖို့ ထည့်သွင်းချုပ်ဆိုနိုင်ရန် ရေးဖို့ အရေးကြီးပါတယ်။
၅။ ဝယ်ယူထားသော မြေနဲ့ပတ်သက်ပြီး သတင်းစာမှာ ကန့်ကွက်နိုင်ကြောင်းထည့်သွင်းရေးသားခြင်း
ဒီအဆင့်ကိုတော့ အလုပ်ရှုပ်တယ်လို့ မမြင်စေပဲ မိမိ ဝယ်ယူထားတဲ့ မြေနဲ့ ပတ်သက်ပြီး သတင်းစာမှာ ကန့်ကွက်နိုင်ကြောင်း ထည့်သွင်းရေးသား သင့်ကြောင်း အကြံပြုလိုပါတယ်။ ဒါမှသာ "အခုရှုပ်မှ နောင်ရှင်း" ဆိုတဲ့အတိုင်း စိတ်သောကကင်းကင်းနဲ့ အရှုပ်အရှင်းကင်းတဲ့ မြေကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

Credit-winningland

ပြန်လည်ကူးယူဖော်ပြပါသည်။

22/10/2022

စလစ်မြေဆိုတာအိမ်ဆောက်လုပ်နေထိုင်ခွင့်ရထားတဲ့ မြေအမျိုးအစားဖြစ်တယ်။

စလစ်မြေဆိုတာအိမ်ဆောက်လုပ်နေထိုင်ခွင့်ရထားတဲ့ မြေအမျိုးအစားဖြစ်တယ်။
များသောအား ဖြင့်တော့ လယ်ယာမြေဥယျာဉ်ခြံမြေတွေကို သက်ဆိုင်ရာဌာန ဒါမှမဟုတ် အစိုးရက မြေချပေးတဲ့ သဘောပါ။

ကျူးကျော်နေထိုင်သူတွေကို နေထိုင်ဖို့မြေ နေရာချပေးတာမျိုးပေါ့။ ဒဂုံမြို့သစ်တောင်၊လှိုင်သာယာ၊ နေပြည်တော်ရှိ အချို့ ရပ်ကွက်တွေမှာ မြေချစလစ်တွေရှိတယ်''

မြေချစလစ်ရှိတဲ့သူထံက စလစ် စာရွက်ရယူပြီး အရောင်းအဝယ်စာ ချုပ် ချုပ်ဆိုဝယ်ယူလို့ရတယ်။

စလစ်၊ ပါမစ်၊ ဂရန်စတဲ့ စာရွက်တွေအနေနဲ့ အမှန်တကယ်ဟုတ်မဟုတ်ကိုတော့ သက်ဆိုင်ရာ မြေစာရင်းဌာန မှာ သွားရောက်စုံစမ်းဖို့ လိုပါတယ်''

အမှန်တကယ် မြေကွက်ဟုတ် မဟုတ်။ မြေကွက် တည်နေရာကိုလည်း သွားရောက်ကြည့်ရှုရပါမယ်။ တစ်ခါတစ်ရံမှာ ရောင်းမယ်ဆိုတဲ့ မြေကွက်ထဲ အိမ်ဆောက်နေထိုင်ကျူးကျော်နေသူတွေ ရှိတတ်တယ်။ သေချာလေ့လာကြည်ရှုဖို့တော့ လိုတယ်''

''အချို့က ပြောတော့ စလစ်မြေက စိတ်မချရဘူး။ ပါမစ်မြေက ပိုသေချာတယ်လို့ ပြောကြတယ်''

''ဂရန်အဆင့်ရှိတဲ့ မြေကွက်ကတော့ အကောင်းဆုံးပေါ့ဗျာ။ ဒါပေမယ့် ဂရန်အဆင့်ရရှိထားတဲ့ မြေကွက်က တန်ဖိုးမြင့်ပြီး တရားဝင်အရောင်းအဝယ်ဖြစ်ဖို့ စာချုပ်စာတမ်းရုံးမှာ မှတ်ပုံတင် စာချုပ် ချုပ်ဆိုရတယ်။ အိမ်တန်ဖိုးဖြတ်ပေါ် မူတည်ပြီး ဝယ်ခွန်ဆောင်ကြရတယ်။ ဒါကြောင့် ဂရန်မြေက စိတ်ချရပေမယ့် အခွန်မဆောင်ချင် ကြဘူး။ စျေးသက်သာပြီး အရပ်ကတိအရောင်းအဝယ် စာချုပ်နဲ့ စလစ်မြေ ပါမစ်မြေတွေကို ရွေးချယ်ဝယ်ကြတာပဲဖြစ်ပါတယ်။

Credit - yuzanarland
ပြန်လည်ကူးယူဖော်ပြပါသည်။

22/10/2022

ပုံစံ ၁၀၅ ဆိုတာဘာလဲ ။ ပုံစံ ၁၀၅ နဲ့ မြေယာအရောင်းအဝယ် လုပ်နေကြတာ တရားဝင်ပါသလား ။ ပိုင်ဆိုင်မှုခိုင်မာပါသလား။

ပုံစံ ၁၀၅ ကို ရောထွေးတဲ့ အမြင်ရှိပါတယ်။ ပုံစံ ၁၀၅ က မြေသိမ်းလို့မရသလို မြေပိုင်ဆိုင်မှုမှတ်တမ်း လို့ လည်း ပြောလို့မရပါဘူး။

ရှင်းရှင်းပြောရရင်တော့ မြေခွန်မိတ္တူမျှသာ ဖြစ်ပါတယ်။ မြေစရင်းဌာနမှာ ရှိတဲ့ စာတမ်း တွေ ကို အပြင်မှာမိတ္တူကူးခွင့်ပေးပါတယ်။ ပေးတဲ့ အခါမှာ နှစ်မျိုးရှိပါတယ်။ သက်သေခံတဲ့ မိတ္တူနဲ့ သက်သေမခံတဲ့ မိတ္တူဆိုပြီးနှစ်မျိုးရှိပါတယ်။ သက်သေခံမိတ္တူဆိုတာက သက်ဆိုင်ရာသူတစ်ယောက်က ဒီမြေတော့ ဘယ် လောက် ကျယ်တယ်ဆိုတာသိချင်တယ်၊ လက်မှာကိုင်ထားချင်တယ် ဆိုပြီး ကိုယ်ရေးကိုယ်တာ ကိစ္စအသုံးပြုဖို့ အတွက် တောင်းလိုက်တာကို သက်သေမခံတော့ ဘဲနဲ့ထုတ်ပေးလိုက်တယ်။ အကယ်၍ ရုံးတစ်ရုံးကို တင်ပြ မယ်။ တရားရုံးတင်ရင်တင်မယ်၊ စာချုပ်စာတမ်း ချုပ်ဖို့ မှတ်ပုံတင်ရုံးကို တင်မယ်၊ မြေလွတ်မြေရိုင်းလျှောက်ဖို့ သက်ဆိုင်ရာ ရုံးကိုတင်ရမယ်၊ ဂရမ်လျှောက်ဖို့ သက်ဆိုင်တဲ့ ထွေအုပ်ကို တင်ရမယ်၊ မြေရာမှုခင်း စစ်ဖို့ လယ် စီကို တင်ရမယ်။ ဒီလို ရုံးတစ်ရုံးကို တင်ဖို့ ထုတ်ပေးတဲ့ မြေပုံကို သက်သေခံမြေပုံ လို့ခေါ်တယ်။ ဒါက ပုံစံ ၁၀၅ ပေါ့။ မုန်ကန်ကြောင်း သက်သေခံရတယ်။ ပိုင်ရှင်ကို အဓိကမဟုတ် မြေ၊ အိမ်ယာအချက်အလက်တွေ မှန်ကန် ကြောင်း သက်သေခံရတာပါ။

ဒီမှာဘာပါလဲဆိုတော့ ဘယ်သူက လျှောက်တာလဲ၊ လျှောက်တဲ့မြေကွက်က ဦးပိုင်နံပတ်ဘယ်လောက်၊ ဧရိယာ ဘယ်လောက်၊ အခွန်စည်းကြပ်ခံရတဲ့သူက ဘယ်သူလဲ၊ ပိုင်ဆိုင်ခွင့်အနေ ထားက ဘယ်သူလဲ ဒါတွေဖော်ပြ ပါတယ်။ အရေးကြီးတာက ဘာကြောင့်ရေးကူးပေးသလဲပေါ့။ သူက ပိုင်ဆိုင်မှု အတွက် လုပ်တာမဟုတ်ဘူး၊ တစ်ခုခုလျှောက်ဖို့ိုဆိုတဲ့ ကိစ္စတစ်ခုအတွက်နဲ့ပဲပေးတာပါ။ ဥပမာ စာချုပ်စာတမ်း မှတ်ပုံတင်ဖို့၊ ဂရမ်လျှောက်ဖို့၊ အိမ်ဆောက်ဖို့ ဆိုတဲ့ အကြောင်းအရာတွေ ရေးပြီးတော့ ထုတ်ပေးတဲ့မြေပုံပါ။ သူကို ဒီမြေပိုင်တယ်ဆိုတဲ့ အာမခံချက်ထုတ်ပေးထာတဲ့ မြေပုံမဟုတ်ပါဘူး၊ နောက်ကိစ္စတစ်ရပ် ဆောင်ရွက်ဖို့ အတွက်ပေးတာပါ။

ပုံစံ ၁၀၅ ပြပြီးအရောင်းအဝယ်လုပ်တယ။် ခိုင်မာလား မခိုင်မာလားဆိုတာ ၂ မျိုးရှိပါတယ်။ မြို့ကွက်တွေမှာ အိမ်ယာမြေတွေ အရောင်းဝယ်လုပ်ရင် ပုံစံ ၁၀၅ ပူးတွဲတင်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ပထမတစ်ချက် က စာချုပ်မှာပြထားတဲ့တည်နေရာ မှန်လား၊ မမှန်လားဆိုတာ ပုံစံ ၁၀၅ နဲ့ ပူးတွဲစစ်နိုင်အောင်၊ နောက်တစ်ခုက ပုံစံ ၁၀၅ မှာက လျှောက်ထားလိုက်တာနဲ့ ပိုင်ရှင်အမည်ပါတယ်။ လျှောက်ထားသူနဲ့ပိုင်ရှင်နဲ့က တူချင်မှတူတာ ဆိုတော့ လျှောက်တဲ့သူကို ပိုင်တယ်လို့ပြောလို့မရပါဘူး။ ဒါ့ကြောင့် စစ်လို့ရအောင် ပုံစံ ၁၀၅ ကိုပူးတွဲတင်ရ တာပါ။ ဒါက လယ်ယာမြေမှာတော့ အဓိကမကျပါဘူး။ လယ်ယာမြေမှာက ပုံစံ ၇ က အဓိကပါ။ ပုံစံ ၇ ကခိုင်မာပါ တယ်။ ၁၀၅ က မခိုင်မာပါဘူး။ မြို့ကွက်မှာ ကတော့ ၁၀၅ က အထောက်အထား တစ်ရပ်ဖြစ် ပါတယ် ဆိုတာ ဖြေကြားပေးချင်ပါတယ် ။

Credit : DVB Law Lab
ပြန်လည်ကူးယူဖော်ပြပါသည်။

22/10/2022

ပါမစ်မြေကို မြေငှားစာချုပ် (ဂရန်) လျှောက်ထားခြင်း
“ပါမစ်မြေ” ဆိုသည်မှာ
“ပါမစ်မြေ” ဆိုသည်မှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကသတ်မှတ်သည့် စည်းကမ်းချက် များနှင့်အညီ လူနေအိမ် သို့မဟုတ် အဆောက်အအုံဆောက်လုပ်နေထိုင်ခွင့်ပြုထားသောမြေကို ဆိုသည်။
ပါမစ်မြေကို မြေငှားစာချုပ် (ဂရန်) လျှောက်ထားနိုင်သူများ
--------------------------------------------------------
၁။ မြေချပါမစ်ချထားခြင်းခံရသူ (အမည်ပေါက်သူ)
သို့မဟုတ်
၂။ အမည်ပေါက်သူထံမှ စာချုပ်အဆက်အစပ်ဖြင့်
ဝယ်ယူထားသူ
သို့မဟုတ်
၃။ ပိုင်ဆိုင်မှုနှင့်စပ်လျဉ်းသည့် တရားရုံးဒီကရီရသူ တို့ဖြစ်သည်။
ပါမစ်မြေကို မြေငှားစာချုပ် (ဂရန်) လျှောက်ထားခြင်းလုပ်ဆောင်ပုံအဆင့်ဆင့်
--------------------------------------------------------
- ဂရန်လျှောက်ထားရန်အတွက် သက်ဆိုင်ရာစည်ပင်
သာယာရေးကော်မတီက သတ်မှတ်ထားသော
လျှောက်လွှာပုံစံဖြင့် လျှောက်ထားရပါမည်။(ဌာနမှာလျှောက်လွှာဝယ်ယူပါ)
- လျှောက်လွှာနှင့်အတူ ပါမစ်လက်မှတ်မူရင်း မိတ္တူတို့
ကို ပူးတွဲတင်ပြရပါမည်။
- လျှောက်ထားသူ၏နိုင်ငံသားစီစစ်ရေးကဒ်ပြားမိတ္တူ
(လျှောက်လွှာကိုစစ်ဆေးသည့်အခါတွင် မူရင်းကို
တင်ပြရပါမည်။)
- မူလအမည်ပေါက်သူက လျှောက်ထားခြင်းမဟုတ်ပါ
က ဥပဒေနှင့်အညီ အမွေဆက်ခံပိုင်ဆိုင်ခွင့်ရှိကြောင်း
ကျမ်းကျိန်လွှာမူရင်း ၊ ထောက်ခံကျမ်းကျိန်လွှာ (၂)
စောင် ၊ မူလအမည်ပေါက်သေဆုံးသွားပါက သေ
စာရင်းတို့ကိုပါတင်ပြရပါမည်။
- ပိုင်ဆိုင်မှုလွှဲပြောင်းထားသော ကတိစာချုပ်မိတ္တူများ
( လျှောက်လွှာကိုစီစစ်သည့်အခါ မူရင်းတင်ပြရပါ
မည်။)
- ပိုင်ဆိုင်မှုနှင့်စပ်လျဉ်း၍ ချမှတ်သော တရားရုံးအမိန့်
ဒီကရီမိတ္တူ (လိုအပ်သည့်အခါ မူရင်းတင်ပြရမည်။)
- မြေငှားခကြွေးကျန်ကင်းရှင်းကြောင်း ထောက်ခံချက်
သို့မဟုတ် မြေငှားခ နောက်ဆုံးပေးဆောင်ပြီးဖြစ်
ကြောင်း ပြေစာမိတ္တူ (စီစစ်သည့်အခါ ပြေစာမူရင်း
တင်ပြရမည်။)
- အထက်ပါ အချက်များပြည့်စုံပါက ပါမစ်မြေမှ
မြေငှားစာချုပ် (ဂရန်) လျှောက်ထားခြင်းကို
ကန့်ကွက်ရန် ရှိ မရှိ ကြော်ငြာစာကို လျှောက်ထား
သည့် ပါမစ်မြေပေါ်တွင် (၁) စောင် ၊ ရပ်ကွက်
အုပ်ချုပ်ရေးမှုးရုံးနှင့် မြို့နယ်အုပ်ချုပ်ရေးမှုးရုံးတို့တွင်
(၁) စောင်စီကို လျှောက်ထားသူမှ ဆောင်ရွက်ပေးရ
ပါမည်။
- ၎င်းနောက် ပါမစ်မြေကို ကွင်းဆင်းတိုင်းတာစစ်ဆေး
ခြင်း ကို ဆောင်ရွက်ပေးပါမည်။
- ၎င်းနောက် မြန်မာ့အလင်း သို့မဟုတ် ကြေးမုံ
သတင်းစာနှင့် ရန်ကုန်မြို့တော်တွင်ဆိုပါက မြို့တော်
သတင်းစာတို့တွင် ကန့်ကွက်ရန် ရှိ မရှိ ကြော်ငြာရပါ
မည်။
- သတင်းစာတွင် ကြော်ငြာပြီးကန့်ကွက်သူမရှိပါက
လျှောက်လွှာကို အဆင့်ဆင့်စီစစ်ပြီး ဌာနမှုး၏ခွင့်ပြု
ချက်ရယူကာ ကော်မတီအစည်းအဝေးသို့တင်ပြသွား
မည်ဖြစ်သည်။
- ကော်မတီ၏ခွင့်ပြုချက် ရရှိလာပါက သတ်မှတ်ထား
သောမြို့နယ်အလိုက် ဝန်ဆောင်ခနှုန်းထားများကို ပေး
သွင်းရပါမည်။
- ဝန်ဆောင်ခပေးသွင်းပြီးပါက ဆိုင်ရာဌာနမှ မြေငှား
စာချုပ် ဂရန်ပုံစံကို သက်ဆိုင်ရာဌာနမှ ထုတ်ယူပြီး
နောက် မြေပုံရေးဆွဲခြင်းကို ဆောင်ရွက်ပေးပါမည်။
- မြေပုံရေးဆွဲပြီးပါက မြေငှားချထားသူ ၊ မြေငှား
စာချုပ်ချခြင်းခံရသူ (လျှောက်ထားသူ) နှင့်
သက်သေများ က မြေငှားစာချုပ်ပေါ်တွင် လက်မှတ်
ရေးထိုးကြရပါမည်။
- လက်မှတ်ထိုးပြီးပါက အဆင့်ဆင့်ပြန်လည်တင်ပြပြီး
ဌာနမှ အတည်ပြုလက်မှတ်ရေးထိုးပေးပါမည်။
လက်မှတ်ထိုးပြီးလျင် ကာယကံရှင်ကို မူရင်းထုတ်ပေး
ပါမည်။
- မြေငှားစာချုပ်တွင် မြန်မာနိုင်ငံတံဆိပ်ခေါင်းခွန်
ဥပဒေအရ သတ်မှတ်ထားသော နှုန်းထားအတိုင်း
အထူး ကပ်တံဆိပ်ခေါင်း ကပ်၍ မူရင်းခွဲကိုသက်ဆိုင်
ရာအမှုတွဲ၌ တွဲထားမည်ဖြစ်ပါသည်။
ပါမစ်မြေကို မြေငှားစာချုပ် (ဂရန်) လျှောက်ထားရာတွင် ပါမစ်မစုံ လျှောက်ထားခြင်းလည်းရှိနိုင်ပါသည်။ ပါမစ်မစုံ လျှောက်ထားပါက
--------------------------------------------------------
- ပါမစ်မစုံလျှောက်ထားခြင်းအတွက် သက်ဆိုင်ရာဌာန
မှ အတည်ပြုထားသော ဓါတ်ပုံ ၊ ရွေ့ပြောင်းသူများ
၏ ရာဇဝင်အကျဉ်းချုပ်နှင့် မူရင်းနှစ်မျိုးတင်ပြခြင်း ၊
- ဓါတ်ပုံမတင်ပြနိုင်ဘဲ ကျန်ပါမစ်စာရွက် (၃) ရွက်သာ
တင်ပြနိုင်သည့် အမှုတွဲများအား ပါမစ်မစုံဖြင့်ဌာနမှ
ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။
- မြေတိုင်းကွင်းဆင်းစစ်ဆေးပြီးပါက သီးခြား
သတင်းစာတွင် ကြော်ငြာစေလျက် ကန့်ကွက်ချက် မ
ပေါ်ပေါက်ပါက ပါမစ်မူရင်းတင်ပြသည့် နှုန်းထား
အတိုင်း ကောက်ခံပြီး လုပ်ထုံးလုပ်နည်းအတိုင်း
ဆက် လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

(Credit ; ဆရာကြီး မိုးထက်)
ပြန်လည်ကူးယူဖော်ပြပါသည်။

22/10/2022

တိုက်ခန်းရောင်းဝယ်ရာမှာ အရေးကြီးဆုံးဖြစ်တဲ့ လူနေထိုင်ခွင့် ( BCC) အကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။

တချို့နေရာတွေမှာ အဆောက်အဦးဆောက်လို့ပြီးနေပေမယ့် ဘာကြောင့် လူနေထိုင်လို့ မရတာလဲ...

BCC ဆိုတာ တိုက်ခန်းရောင်း၊ဝယ် လုပ်ရင် ဘယ်လိုအရေးပါသလဲ....ဆိုတာတွေကို အိမ်ပိုင်ရှင်တွေအနေနဲ့ မဖြစ်မနေ သိထားရအောင် ပြန်လည် မျှဝေပေးလိုက်ပါတယ်....

တိုက်ခန်း ဝယ်သူတွေ မေးကြတဲ့ ဘီစီစီ(BCC) စာရွက်ဆိုတာ

************************************************

BCC စာရွက်ဆိုတာ ( Building Complete Certificate ) (လူနေထိုင်ခွင့်ပုံစံ) စာရွက်လို့ ခေါ်ဆိုပါတယ်။ အဲဒီစာရွက်လေးဟာ တိုက်ခန်းတစ်ခန်း ဝယ်ယူမယ်ဆိုရင် အခြားလိုအပ်တဲ့ စာရွက်စာတန်းတွေနဲ့ အတူ BCC စာရွက်လေး ကိုလဲ အဓိကထား စစ်ဆေးသင့်ပါတယ်။ အဆိုပါ စာရွက်ဟာ လူနေထိုင်ခွင့်ပုံစံ စာရွက်ဖြစ်သလို နောင်တစ်ချိန် အရောင်းအဝယ် ပြန်လုပ်တဲ့ အခါမှာ မရှိမဖြစ် လိုအပ်တဲ့ စာရွက်ဖြစ်ပြီး အဲ့ဒီစာရွက်မရှိပါက ရောင်းဝယ်ဖို့ ကြန့်ကြာနိုင်ပါတယ်။

ဘီစီစီစာရွက်ပါလို့ ပေးလိုက်ပေမယ့် ဘီစီစီစာရွက်လို့ မသိကြတဲ့သူတွေ ရှိ နေပါတယ်။

ဘီစီစီကို လူနေထိုင်ခွင့်လို့ လူတွေအလွယ်ပြောပါတယ် ။

အဲဒီတော့ စာရွက်ပေါ်မှာ လူနေထိုင်ခွင့်လို့ ပါနေလိမ့်မယ်လို့ မသိစိတ်က ထင်မှတ်ထားကြပါတယ် ။

ဒါပေမယ့် ဘီစီစီ(BCC) ဆိုတာ Building Completion Certificate ဆိုတဲ့ စည်ပင်ဌာနကထုတ်ပေးတဲ့ အဆောက်အဦးပြီးစီးကြောင်း အသိအမှတ်ပြုလွှာလို့ ခေါ်တာပါ။

ဘီစီစီကို လူနေခွင့်လို့ အကြမ်းဖျဉ်းသိထားတဲ့သူတွေက ဘီစီစီစာရွက်လည်း မြင်ရော “လူနေခွင့်ပြုသည်” ဆိုတဲ့ စာသားမပါလို့ဆိုပြီး ရောင်းတဲ့သူ နဲ့ အကျိူးဆောင်တွေကို မယုံမကြည် မေးတတ်ပြန်ပါတယ် ။

ဘီစီစီစာရွက်ဆိုတာ ဘယ်လိုပုံစံမျိူးလဲဆိုတာ ဝယ်သူက သေချာမသိတာပါ..။

ဒါကြောင့် ဒီလိုပြဿနာတွေ ဖြစ်နေတဲ့ အပေါ်ဘီစီစီ ဆိုတာကို နားလည်နိုင်စေဖို့ ဖြစ်ပါတယ်။

ပိုပြီးဆိုးတာက ဘုတ်စိမ်းလို့အလွယ်ခေါ်တဲ့ ဆောက်လုပ်ခွင့်ပြုမိန့်စာရွက်မှာ လူနေထိုင်ရန်ဆိုတဲ့ စာလုံးကို စာလုံးဆိုဒ်အကြီးနဲ့ မင်ခုံနဲ့ထုပြီး ပါတာကို ဘီစီစီ ထင်တာပါပဲ..။

လူနေထိုင်ရန် ဆိုတဲ့ စာလုံးအကြီးပါတဲ့စာရွက်က ဘုတ်စိမ်းစာရွက်(ဆောက်လုပ်ခွင့်ပြုတဲ့အမိန့်)စာရွက်ပါ..။

လူနေရန် ဆိုတဲ့ စာလုံးကြီးကြီးပါနေတာက လုပ်ငန်းလုပ်ရန်( Commercial) နဲ့ ခွဲခြားသတ်မှတ်ထားတာပါ..။

ဘုတ်စိမ်းစာရွက်ပါရင် တရားဝင်ဆောက်လုပ်ခွင့်ပြုမိန့်နဲ့ ဆောက်တဲ့တိုက်လို့ ဆိုလိုတာပါ..။

တရားဝင်ဆောက်လုပ်ခွင့်ပြုမိန့်နဲ့ ဆောက်လုပ်ပြီးစီးသွားရင် ဘီစီစီလျောက်ရပါတယ်..။

ဘုတ်စိမ်းစာရွက်တစ်ခုနဲ့တင် မပြီးပါဘူး..။

ဘီစီစီစာရွက်ပါ ပါရပါတယ်..။

ဘုတ်စိမ်းစာရွက်(လူနေထိုင်ရန် လို့ ပါတဲ့စာရွက်)ပဲပြနိုင်ရင် တရားဝင် ဆောက်လုပ်ခွင့်နဲ့တော့ ဆောက်ထားတယ်..။

အဆောက်အဦးပြီးစီးကြောင်း စာရွက် ဘီစီစီတော့ တင်မထားဘူးလို့ အဓိပ်ပါယ်ရပါတယ်..။

လှိုင်နဲ့ သင်္ဃန်းကျွန်း တစ်ချို့ရပ်ကွက်တွေမှာ ဘုတ်စိမ်း(ဆောက်လုပ်ခွင့်ပြုမိန့်) စာရွက်ပါပြီး..ဘီစီစီစာရွက်မပါတဲ့တိုက်တွေ တစ်ရပ်ကွက်လုံးနီးပါးရှိတဲ့ ရပ်ကွက်တစ်ချို့ရှိပါတယ်..။

ဘီစီစီစာရွက်ပါရင်တော့ ဘုတ်စိမ်းစာရွက်တောင်းဖို့ မလိုပါဘူး..။

ဘီစီစီဆိုတာ ဘုတ်စိမ်းစာရွက်ရှိမှ ရတဲ့စာရွက်မို့ပါ..။

တောင်ဥက္ကလာရဲ့ ၉၀%သောတိုက်ခန်းတွေက ဘီစီစီပါကြပါတယ်..။

တောင်ဥက္ကလာမှာ တရားမဝင်ဆောက်တဲ့တိုက်..၊ ဘီစီစီမတင်တဲ့တိုက် မရှိသလောက် နည်းပါတယ်..။(တစ်လုံးတစ်လေ ရှိပါတယ်..။)

၂၀၁၅ နှစ်လယ်ရှေ့ပိုင်းလောက်ထိ တိုက်တွေက မီတာကျပြီး အားလုံးပြီးစီးပြီဆိုမှ ဘီစီစီစာရွက် သပ်သပ်တင်ရတာပါ..။

၃ထပ်ခွဲတိုက်နဲ့ ၅ထပ်တိုက်ဆောက်တဲ့ ကန်ထရိုက် အသေးစားတွေက ဆောက်လုပ်ခွင့်(ဘုတ်စိမ်း)တင်ပြီးဆောက်ရင် မီတာလည်း အလွယ်တကူရတာမို့ ဘီစီစီတင်တာကို အလုပ်ပိုလို့ မြင်ပါတယ်..။

ဒါမို့လို့ ၃ထပ်ခွဲတိုက်နဲ့ ၅ထပ်တိုက်တွေမှာ ဘီစီစီစာရွက်မေးလိုက်ရင် လူနေထိုင်ရန်လို့ မင်အပြာနဲ့တုံးထုထားတဲ့ ဘုတ်စိမ်းစာရွက်ကို ဘီစီစီလို့ ပြောပြီးပေးတတ်တာလည်း ကြုံဖူးကြားဖူးပါတယ်..။

(မသိ နားမလည်တာကို အခွင့်အရေးယူတာပါ..။ ဒါမို့လို့ မိမိက သိအောင်လုပ်ထားရပါမယ်..။)

၂၀၁၅ နှစ်လယ်လောက်နောက်ပိုင်းကစလို့ အဆောက်အဦးတွေမှာ ဘီစီစီရမှ မီတာချပေးတော့ပါတယ်..။

အဲဒီတော့မှ ဘယ်ကန်ထရိုက်တိုက်မဆို ဘီစီစီဆိုတာ မတင်မနေရ ဖြစ်ကုန်တာပါ..။

ဘီစီစီကျပြီးတာနဲ့ ဘီစီစီစာရွက်နဲ့ မီတာ ထပ်လျောက်ရပါတယ်..။

၂၀၁၅ နှစ်လယ်နောက်ပိုင်းကတိုက်တွေတိုင်းမှာ ဘီစီစီစာရွက် ပါပါတယ်..။

(ဘီစီစီကျပြီးမှ မီတာချပေးတော့တာမို့ ဘီစီစီမတင်ပဲ ချိုချိုချောင်ချောင်ဆောက်တဲ့ ၃ထပ်ခွဲနဲ့ ၅ထပ်တိုက်တွေ ဈေးမကိုက်တော့လို့ မဆောက်ကြတော့ပါဘူး..။)

တစ်ခါတုံးက တောင်ဥက္ကလာမှာ တိုက်ခန်းတစ်ခန်းရောင်းပေးတော့ စာရွက်စာတမ်းကို ရှေ့နေနဲ့စစ်တာကို အဆောက်အဦးပြီးစီးကြောင်း စာရွက်ပဲပါပြီး လူနေထိုင်ရန် ဆိုတဲ့ လူနေထိုင်ခွင့် ဘီစီစီစာရွက် လိုသေးတယ်လို့ အပြောခံရပါတယ်..။

(စိတ်ကို တော်တော်လေသွားပါတယ်..။)

ဘီစီစီရဲ့ အင်္ဂလိပ်အရှည်က Building Completion Certificate မို့ ဘီစီစီဆိုတာ လူနေထိုင်ခွင့်လို့ ရေးထားတဲ့ စာရွက်မဟုတ်ပဲ အဆောက်အဦးပြီးစီးကြောင်း အသိအမှတ်ပြုစာရွက်သာဖြစ်ကြောင်း အထောက်အထားခိုင်လုံစွာနဲ့ ရှင်းပြမှ လက်ခံသွားပါတော့တယ်..။

တိုက်ခန်းမဝယ်ခင် ဒီစာကို

အသေးစိတ်နားလည်အောင်သေချာ

ဖတ်သွားရင် အကျိူးရှိပါတယ်။

Credit - yuzanarland

ပြန်လည်ကူးယူဖော်ပြပါသည်။

Want your business to be the top-listed Realtor/realty Service in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon
1992