Yangon Medical Network

Yangon Medical Network

Share

Aims to ensure that everyone can access healthcare in a free and equitable manner https://youtube.com/channel/UCf36SDrqeUcT0Jg82iBVi0A

05/06/2026

Happy water or Poison
စိိတ်ပျော်ဆေးလား အဆိပ်လား

စိတ်ညစ်စရာ၊စိတ်ဓါတ်ကျစရာများသောယနေ့ခေတ်တွင်လူငယ်များအကြားရေပန်းစားလာသည်။
စိတ်ပျော်ဆေး (happy water) ဟူ၍ သင်္ကြန်ပွဲနှင့် ပါတီပွဲများတွင် တရားမဝင်ရောင်းချသုံးစွဲလာကြသည်။

🤔​Happy water ဆိုတာဘာလဲ။
🧑‍⚕️​အရှေ့တောင်အာရှနိုင်ငံများရှိကလပ်များ၊ဘားများ၊KTV များ၊ပျော်ပွဲရွင်ပွဲများတွင် လူငယ်များ​အကြား​ရေပန်းစား​လာသော​အရာ​ဝတ္ထု​တစ်ခုဖြစ်သည်။
ဆေးမှုန့်​သို့မဟုတ်​အရည်ပုံစံဖြင့်လာတတ်ပြီး ရေ၊ ဆိုဒါ၊ ကော်လဂျင်သောက်ဆေးများ၊ အရက်၊ဝိုင်၊ကော့တေးနဲ့ ဖျော်ရည်များစသည်ဖြင့်ရောနှောသောက်ကြလေ့ရှိသည်။

🤔​Happy water​မှာ​ဘာတွေပါလဲ။
🧑‍⚕️​တကယ်တော့​ happy water သာပြောနေကြပေမယ့် အဆိပ်​တမျှ​အန္တရာယ်​ရှိပါတယ်။ ကီတမင်း(Ketamine) ၊အက်စ်တစ်စီ(Ecstasy, M**A) ၊မက်ဖ် အမ်ဖီတမင်း(Methamphetamine) ၊ကဖင်း​( Caffeine) နဲ့​ ဒိုင်ယာစီပင် (Diazepam) အစရှိတာတွေပါဝင်ပါတယ်။
💢​ပါဝင်ပစ္စည်းတွေကို ဘယ်လောက်ပမာဏ၊ဘယ်အချိုးအဆနဲ့ရောထားမှန်းမသိတဲ့ အတွက်​ဆိုးကျိုးပေးပုံကလည်းတစ်မျိုးနဲ့ တစ်မျိုး၊ လူတစ်ယောက်​နဲ့​တစ်ယောက်​မတူညီနိုင်ပါ။
💢​ဖျော်စပ်သူနဲ့ ဆေးအမျိုးအစားပေါ်မူတည်၍ပမာဏ​များသွားခြင်း၊အဆိပ်သင့်ခြင်း​ပမာဏဖြစ်ခြင်း၊သေစေနိုင်ခြင်းအထိ အန္တရာယ်​ရှိပါသည်။

🤔 Happy water ကြောင့်ဘာတွေဖြစ်နိုင်သလဲ။
🧑‍⚕️​ပါဝင်သည့် ပစ္စည်း ၊အချိုးအစားပမာဏ၊ရောစပ်သည့်ပစ္စည်း၊ သောက်သုံးမိသည့်ပမာဏ၊ သောက်သုံးသူအသက်အရွယ်၊ ကျားမ​၊နဂိုရောဂါအခံ စသည်​တို့​အပေါ်​မှာ​မူတည်​ပြီး​ အမျိုးမျိုးဖြစ်နိုင်ပါတယ်။
1)ကီတမင်း (Ketamine) ဆိုသည်မှာ​စစ်မြေပြင်မှာထိခိုက်ဒဏ်ရာရ၊ခြေပြတ်၊လက်ပြတ်ဖြစ်သူတွေကို နာကျင်မှုသက်သာစေရန်နှင့်၊မေ့ဆေးထုံဆေးအဖြစ်အသုံးပြုတဲ့ဆေးဖြစ်ပါသည်။ K​ ဟူ၍ အလွယ်ခေါ်ကြပါသည်။
ဘေးထွက်ဆိုးကျိုးအနေနဲ့ စိတ်ကစင့်ကလျားဖြစ်ခြင်း၊ဂယောင်ချောက်ချားဖြစ်ခြင်း၊စိတ်ရှုပ်ထွေးခြင်း၊ ခေါင်းမူးခြင်း၊ခေါင်းနောက်ခြင်း၊မျက်စိအမြင်ဝါးခြင်း၊နှလုံးခုန်​နှုန်း​မြန်ခြင်း၊ သွေး​ပေါင်ချိန်​တက်ခြင်း၊မလှုပ်မရှားနိုင်ဖြစ်ခြင်း၊သတိလစ်ခြင်း၊တက်သွားခြင်း၊အသက်​ဆုံးရှုံး​ခြင်းအထိဖြစ်နိုင်ပါသည်။

2)အက်စ်တစ်စီ(Ecstasy, M**A) ကို​ E ဟူ၍ အလွယ်ခေါ်ကြပါသည်။ စိတ်ကြွ​ရူးသွပ်​ဆေးပြား​ဟူ၍ လူသိများပါသည်။
သုံး​စွဲသူများတွင် တခဏတာပျော်ရွှင်သလိုဖြစ်ခြင်းကြောင့်ဆေးစွဲ ခြင်း၊ စိတ်ကြွ​ခြင်း၊ဂနာမငြိမ်ဖြစ်ခြင်း၊ ထင်ရောင်ထင်မှားဖြစ်ခြင်း၊ဒေါသထွက်လွယ်ခြင်း၊ ရူးသွပ်သွားခြင်း၊ပျို့အန်ခြင်း၊ ကိုယ်အပူချိန်တက်ခြင်း၊ရုတ်တရက်​နှလုံးခုန်​ရပ်​သွားခြင်း​၊အသက်​သေဆုံး​ခြင်း​စသည်တို့ဖြစ်နိုင်ပါသည်။

3)မက်ဖ် အမ်ဖီတမင်း(Methamphetamine) ကို​ ရေခဲ​(Ice) ဟူ၍ခေါ်ဆို​ကြပါသည်။
အိပ်မပျော်ခြင်း၊ စိုးရိမ်လွန်ကဲခြင်း၊အကြမ်းဖက်ခြင်း၊နှလုံး​ခုန်နှုန်းမြန်ခြင်း၊သွေးပေါင်ချိန်တက်ခြင်း၊အသက်ရှုနှုန်းမြန်ခြင်း၊ကိုယ်အပူချိန်မြင့်တက်ခြင်း၊လေဖြတ်ခြင်း၊ဦးနှောက်သွေးကြောပေါက်ခြင်း၊သတိလစ်တက်သွားခြင်း၊ အသက်​သေဆုံး​ခြင်း​စတာတွေဖြစ်နိုင်ပါသည်။

4)ကဖင်း​( Caffeine)​
ကော်ဖီတွင်အဓိကပါဝင်သောအရာဖြစ်ပါသည်။ လူတစ်ယောက်​နေ့စဉ်​သုံးစွဲသင့်သောပမာဏ​( 400 mg) ထက်ပိုလာပါကစိုးရိမ်လွန်ကဲခြင်း၊အိပ်မပျော်ခြင်း၊ နှလုံးခုန်နှုန်းမြန်ခြင်း၊ သွေး​ပေါင်ချိန်​တက်ခြင်း၊အစာမကြေခြင်း၊ ခြေတုန်လက်တုန်ခြင်း​စတာတွေဖြစ်တတ်ပါသည်။ အခြားအရာများနှင့်ရောနှောသုံးစွဲခြင်းကြောင့် ပို၍ဆိုးကျိုးဖြစ်စေပါသည်။

5) ဒိုင်ယာစီပင် (Diazepam)အပါအဝင်​ Benzodiazepines အုပ်စုတွေကိုစိတ်ငြိမ်ဆေး၊အိပ်ဆေးအဖြစ်လူသိများပြီး ဆရာဝန်​ညွှန်ကြား​ချက် မပါပဲ မရောင်းရသောဆေးဝါးဖြစ်ပါသည်။
ဦးနှောက်အတွင်း တုံ့ပြန်မှု အချက်ပေးစနစ်များကိုနှေးကွေးစေခြင်း၊အသက်ရှု​နှုန်းနှေးကွေးစေခြင်း၊ကြွက်သား​များလေးလံစေခြင်း၊လျှာလေးအာလေးဖြစ်ခြင်း၊ အရက်ဖြင့်တွဲသောက်ခြင်းဖြင့် ရုတ်တရက်​အသက်ရှု ရပ်၍သေဆုံးခြင်းစသည်တို့ဖြစ်နိုင်ပါသည်။
🚨 Happy water တွင်​ပေါင်းစပ်ပါဝင်နေသောပစ္စည်းများသည် အများပြည်သူ မသောက်သုံးသင့်သော တားမြစ်ပစ္စည်းများဖြစ်သည့်အပြင် ဆန့်ကျင်ဘက်များ ဥပမာ​ စိတ်ကြွစေသော အက်စ်တစ်စီ(Ecstasy, M**A)နှင့် မက်ဖ် အမ်ဖီတမင်း(Methamphetamine)တို့ကို​စိတ်ထိုင်းမှိုင်းစေလေးလံစေသောကီတမင်း (Ketamine)၊ဒိုင်ယာစီပင် (Diazepam)ကဲ့သို့​သော​အရာ​များ​နှင့် ပေါင်းစပ်ထားသည့်အတွက် ဦးနှောက်အတွင်း လုပ်ဆောင်ချက်များကို ကမောက်ကမဖြစ်စေနိုင်ပါသည်။
🚨​ထို့အပြင် နှလုံးခုန်နှုန်း၊အသက်ရှုနှုန်းတို့ကို ကမောက်ကမ​ ဖြစ်စေသော ကြောင့် ရုတ်တရက်​အသက်ရှုရပ်ခြင်း၊နှလုံးခုန်ရပ်ခြင်းတို့ဖြစ်စေနိုင်ပါသည်။
🚨​ထို့ကြောင့်​အလွန်​အန္တရာယ်​ရှိသော​အဆိပ်သာဖြစ်ပါသည်။

လူတိုင်း​ကျန်းမာ​ရေးကို​လက်လှမ်း မှီ စေရန်
ရည်​သန်လျက်
Yangon Medical Network

References
https://www.unodc.org/LSS/announcement/Details/0f57ddbe-01dd-481c-af78-0bc494c84a53

04/06/2026

ဆရာ၊ ဆရာမ အားလုံးမင်္ဂလာပါ

📖Yangon Medical Network မှ အခုတစ်ခေါက်စီစဥ်ထားသော course ကတော့ "Management of T2DM" ရဲ့ day 3 ဖြစ်ပါသည်။

🧩 ယခု course သည် two way discussion ဖြင့်ဆွေးနွေးသွားမည်ဖြစ်သောကြောင့် အောက်ပါ link ရှိ စာအုပ်ကိုဖတ်ထားဖို့လိုပါမည်။

https://drive.google.com/file/d/1bjDbaSEBnYJq5JUa-v7VpqII-_5W9oUA/view?usp=drivesdk

Platform : Zoom

Tentative schedule ကတော့အောက်ပါအတိုင်းဖြစ်ပါသည်။

📌 Day 1 -28.4.2026 (completed)
-Overview of the book and summary of recommendations

📌 Day 2 - 19.5.2026 (completed)
-Defining and diagnosing type 2 diabetes
-Remission of type 2 diabetes
-Preventing progression of type 2 diabetes
-Early onset type 2 diabetes
-Lifestyle interventions for the management of type 2 diabetes
-Weight management interventions for type 2 diabetes

📌 Day3 - 9.6.2026 (ygn time-11 am)
-Assessment of the person with type 2 diabetes
-Glucose monitoring
-Medical management of glycaemia
-Use of technology in type 2 diabetes management

📌 Day4 - TBA
-Complications
-Type 2 diabetes and cardiovascular risk
-Diabetes related neuropathy
-Diabetes related eye disease
-Diabetes related foot care
-Diabetes related chronic kidney disease

📌 Day5 - TBA
-Managing glycaemic emergencies
-Managing multimorbidity in people with type 2 diabetes
-Type 2 diabetes and mental health
-Type 2 diabetes, reproductive health and pregnancy
-Gestational diabetes
-Type 2 diabetes management for older people and residential aged care facilities
-Diabetes and end-of-life care
-Managing risks and other impacts of type 2 diabetes

🩺ဒီ course‌ လေးကိုတက်‌ ရောက်နိုင်ရန်အတွက်အောက်ဖော်ပြပါ Link မှာ Register လုပ်ထားနိုင်ပြီဖြစ်ပါတယ်။
စာရင်းပေးထားတဲ့ email တွေကိုသာ Zoom link ပေးပို့မှာ ဖြစ်ပါတယ်။ Limited Seat ဖြစ်တာမို့ အမြန်လေး register လုပ်ဖို့တော့ လိုမယ်နော်။

https://forms.gle/EpjqQBtaBuzJsBpT8
......................

▶️ယခင် YMN Tele-educationမှ စီစဉ်ပြုလုပ်ထားခဲ့ courseများနှင့် CME များကိုလဲ အောက်ဖော်ပြပါ YMN Tele Education YouTube channel မှာ ပြန်လည်နားထောင်နိုင်ပါတယ်ရှင်။
https://youtube.com/-education5812?si=utMP7FjeROXoHM0l

Medical personal တိုင်း
ပြည်သူလူထု ကျန်းမာရေးစောင့်ရှောက်နိုင်စေရန်
ရည်သန်လျှက်
Yangon Medical Network

03/06/2026

ငှက်ဖျားနဲ့ ဓာတ်ဆား တည့်လား ?

01/06/2026

Conditions with Flu-Like Symptoms
တုပ်​ကွေး​နှင့်​လက္ခဏာ​တူသောရောဂါများ

မိုးရာသီအစကို တုပ်ကွေးရာသီဟုဆိုကြပါတယ်။
ရာသီတုပ်ကွေးရောဂါသည်​ influenza လို့ခေါ်​တဲ့​ဗိုင်းရပ်စ်ပိုး တစ်မျိုးကြောင့်ဖြစ်တဲ့ရောဂါဖြစ်ပါတယ်။ဒါပေမယ့်​အမှန်တကယ်​ Influrenza​ဗိုင်းရပ်စ်ပိုး​ကူးစက်ခံရခြင်းကြောင့်မဟုတ်ပဲ အခြားသောအခြေအနေများကြောင့် တုပ်ကွေးရောဂါ နဲ့​တူ​သော​လက္ခဏာ​များဖြစ်တတ်ပါတယ်။

🤔​တုပ်ကွေးရောဂါနှင့် ဆင်တူတဲ့လက္ခဏာတွေကဘာတွေလဲ။
🧑‍⚕️​ အများအားဖြင့် တုပ်ကွေးရောဂါ မှာ​ဖြစ်တယ်လို့ယူဆကြတဲ့ လက္ခဏာ​တွေက
👉 ဖျားခြင်း
👉 ချမ်းတုန်​ခြင်း
👉 ကိုယ်​လက်ကိုက်ခဲခြင်း
👉 ချောင်းဆိုးခြင်း
👉​ ခေါင်းကိုက်ခြင်း
👉​ လည်ချောင်း​နာခြင်း
👉 နှာစေးခြင်း၊နှာရည်ယိုခြင်း
👉 ဝမ်းပျက်ခြင်း၊ပျို့အန် ခြင်း​(ကလေးများ​တွင်​အများအားဖြင့်ဖြစ်တတ်သည်။)
👉​ လူနုံးပြီး ပင်ပန်းလွယ်ခြင်း
စတာတွေဖြစ်ပါတယ်။
ရောဂါ​လက္ခဏာ​အားလုံး ဖြစ်တဲ့​လူနာ​ရှားပါးပြီး ၎င်းတို့အထဲမှအချို့သော ရောဂါ​လက္ခဏာ​များဖြစ်ကြပါတယ်။

🤔​တုပ်ကွေးနှင့်တူသော ရောဂါ​လက္ခဏာ တွေကို​ဖြစ်စေသော​အကြောင်း​ရင်း​တွေက​ဘာတွေလဲ။
👉​ဗိုင်းရပ်စ်ပိုး များ
🔺​အသည်းရောင်အသားဝါ​ စီ​ပိုး
🔺​ကိုဗစ် 19
🔺 HIV ရောဂါ​အစပျိုးခြင်း
🔺​Monkey pox ခေါ်​ မျောက်ကျောက်ရောဂါ
🔺 အဆုတ်​ရောင်ခြင်း (Viral pneumonia, RSV )
🔺 ဦးနှောက်အမြှေးပါးရောင်ခြင်း ( viral meningitis)
🔺 ရိုးရိုးအအေးမိခြင်း (Common cold)
👉 ဘက်တီးရီးယားပိုးများ
🔺​ဆီးကြိတ်ရောင်ခြင်း (bacterial prostatitis)
🔺 နားပြည်ယိုခြင်းမှ ဖြစ်သော​ဘက်တီးရီးယားပိုး ဝင်ခြင်း (acute mastoiditis)
🔺 အထက်လန်အောက်လျောဖြစ်ခြင်း (bacterial gastroenteritis)
🔺 ဦးနှောက်အမြှေးပါးရောင်ခြင်း ( bacterial meningitis)
🔺 ဘက်တီးရီးယားပိုး ကြောင့်​ဖြစ်သော​အဆုတ်​ရောင်ခြင်း (bacterial pneumonia)
🔺 ထိပ်ကပ်နာ​(sinusitis)
🔺 ဆီးလမ်းကြောင်းပိုးဝင်ခြင်း (UTI)
🔺 ကာလသားရောဂါ (Syphilis)
👉 တိရစ္ဆာန်​များမှ​တဆင့်ကူးစက်သောရောဂါများ
🔺​ကြက်၊ ငှက်တုပ်ကွေး ( Avian flu)
🔺 ကြောင်ကုတ်ရောဂါ ( Cat Scratch Disease)
🔺​ကြွက်ကျဥ်ငယ်ရေမှ ကူးစက်​သော​ရောဂါ​(Leptospirosis)
🔺 ခွေးရူး​ရောဂါ​ (Rabies)​
🔺 ဇီကာရောဂါ (Zika virus)
🔺 သံလုံးကောင်ရောဂါ ( Roundworm)
🔺 ကြောင်မှတဆင့်ကူးစက်သောရောဂါ (Toxoplasmosis)
👉 အခြား​အကြောင်း​အရာ​များ
🔺​ကာကွယ်ဆေး​ထိုးခြင်း
🔺​ကင်ဆာဆေးများ၏ဘေးထွက်ဆိုးကျိုးများ
🔺​မိမိကိုယ်ခံအားမှ ပြန်တိုက်သောရောဂါများ ( Autoimmune diseases)
🔺 စိတ်ဖိစီးမှုများ
အစရှိသဖြင့် ရောဂါ​တွေမှာ​တုပ်ကွေးနှင့်တူသော ရောဂါ​လက္ခဏာ​များ တွေ့ရှိရ ပါတယ်။
🧑‍⚕️​သာမန်တုပ်ကွေးရောဂါလက္ခဏာတွေဟာ ကုသသည်ဖြစ်စေ၊ မကုသသည်ဖြစ်စေ ( 7​)​ရက်မှ​ (10) ရက်အတွင်းပြန်ကောင်းသွားတတ်ပါတယ်။
👉​ရာသီ​တုပ်​ကွေး​ကာကွယ်ဆေး​ထိုး​ထား​ခြင်းဖြင့်​တုပ်ကွေးရောဂါ မဖြစ်အောင်၊ဖြစ်​လာပါ​ကလည်း​ရောဂါ​လက္ခဏာ​များ​မ​ပြင်းထန်​အောင်​ကာကွယ်နိုင်ပါတယ်။
💢​ဒါပေမယ့်​တုပ်ကွေးရောဂါ​မှန်းသေချာဖို့တော့ လိုအပ်ပါတယ်။

🤔​ဘယ်​အချိန်မှာ​ဆရာဝန်ပြဖို့လိုလာပြီလဲ။
👉 ရောဂါ​လက္ခဏာ တွေဟာ​ (10)​ရက် ထက်ပိုပြီးကြာနေခြင်း၊
👉 အဖျား​103 ဒီဂရီ ဖာရင်ဟိုက်ကျော်ခြင်း၊ (3) ရက်ထက်ပိုပြီး ​အဖျားတက်နေခြင်း
👉​ရုတ်တရက်​ပိုဆိုးလာခြင်း၊ အသက်ရှု​ကျပ်​လာခြင်း​
👉 နှုတ်ခမ်း၊လက်သည်းစသည် ပြာနှမ်းလာခြင်း
👉 ကိုယ်ဝန်​ဆောင် ဖြစ်နေခြင်း
👉​ဆီးနည်းသွားခြင်း၊ဆီးမထွက်တော့ခြင်း
👉​နဂိုရောဂါအခံများရှိခြင်း
👉 ခွဲစိတ်ပြီးခါစဖြစ်ခြင်း
👉​တုပ်ကွေးရောဂါ နှင့် မတူသောအခြား​သော​ရောဂါ​လက္ခဏာ​များပါရှိခြင်း
👉 ဂယောင်ချောက်ခြားဖြစ်ခြင်း၊တက်သွားခြင်း
👉​သတိလစ်သွားခြင်း
စတာတွေရှိပါက နီးစပ်​ရာ​ကျန်းမာရေး​ဝန်ထမ်း​များ​နှင့် စနစ်တကျ​ကုသမှု​ခံယူ​သင့်ပါတယ်။

လူတိုင်း​ကျန်းမာ​ရေးကို လက်လှမ်း မှီ စေရန်
ရည် သန်လျက်
Yangon Medical Network

References
https://my.clevelandclinic.org/health/symptoms/flu-like-symptoms
https://www.medicalnewstoday.com/articles/flu-like-symptoms -causes

30/05/2026

ရွေးရခက်🤓

29/05/2026

Parkinson's disease
ပါကင်ဆန်ရောဂါအကြောင်းသိကောင်းစရာ

🤔ပါကင်ဆန်ရောဂါဆိုတာဘာလဲ။
🧑‍⚕️​ပါကင်ဆန်ရောဂါဆိုတာ ဦးနှောက်အတွင်း အာရုံကြောများတဖြည်းဖြည်းယိုယွင်းပျက်စီးလာခြင်းကြောင့် ခန္ဓာကိုယ်မှာလှုပ်ရှားမှု​ဆိုင်ရာ​ရောဂါ​လက္ခဏာ​များဖြစ်တဲ့ ရောဂါဖြစ်ပါတယ်။ အသက်​ 80 ကျော်တွေမှာအတွေ့ရများပြီး အချို့သောအကြောင်းများကြောင့် လူနည်းစုမှာအသက်ငယ်ငယ်နဲ့ ဖြစ်တတ်ပါတယ်။

🤔​ပါကင်ဆန်ရောဂါက ဘာကြောင့်ဖြစ်တာလဲ။
🧑‍⚕️ ဦးနှောက်အတွင်း မှာရှိတဲ့​ substantia nigra လို့ခေါ်​တဲ့​အစိတ်​အပိုင်း​မှာ​ဒိုပါမင်း(Dopamine) ဟိုမုန်းတွေကိုထုတ်လုပ်ပေးတဲ့ အာရုံကြောဆဲလ် (neurons) တွေရှိပါတယ်။
အဲဒီဆဲလ်တွေက အကြောင်းတစ်ခုခုကြောင့်ဖြစ်စေ၊ အသက်ကြီး လို့​ပျက်စီးယိုယွင်းခြင်းကြောင့်ဖြစ်စေ ဒိုပါမင်းဟိုမုန်းတွေကိုကောင်းစွာ ထုတ်မပေးနိုင်တော့တဲ့အခါမှာ ပါကင်ဆန်ရောဂါဖြစ်လာရပါတယ်။ ဒိုပါမင်းဟိုမုန်းတွေဟာ လူရဲ့ ခန္ဓာကိုယ်​လှုပ်ရှား​မှုကို​ဦးနှောက်က ထိန်းချုပ်တဲ့ လုပ်ငန်းစဥ်မှာပါဝင်ပါတယ်။ တခြားအကြောင်းရင်းတွေကတော့ ပတ်ဝန်းကျင်နဲ့မျိုးရိုးဗီဇပြောင်းလဲခြင်း​ကြောင့်​ (alpha synuclein) လို့ခေါ်​တဲ့​ပရိုတင်းတစ်မျိုးဦးနှောက်အတွင်းမှာ စုပုံလာခြင်း၊ ( Lewy body) အဖြစ်သို့ပြောင်းလဲသွားခြင်းကြောင့်ဖြစ်ပါတယ်။

🤔 ပါကင်ဆန်ရောဂါကို​ဘယ်လိုအမျိုးအစားခွဲခြားနိုင်သလဲ။
🧑‍⚕️​ပါကင်ဆန်ရောဂါကို
1)အကြောင်းရင်းအတိအကျမသိသော ပါကင်ဆန်ရောဂါ
(Idiopathic Parkinson's disease)
2)မျိုးရိုးလိုက်သော ပါကင်ဆန်ရောဂါ(Familial, or genetic Parkinson's disease)
ဆိုပြီးနှစ်မျိုးခွဲခြားနိုင်ပါတယ်။

🤔​ပါကင်ဆန်ရောဂါဖြစ်ရတဲ့ အကြောင်းရင်းတွေက ဘာတွေလဲ။
👉​အကြောင်းရင်းအတိအကျမသိသော ပါကင်ဆန်ရောဂါ​(80%သော​ပါကင်ဆန်ရောဂါသည်များတွင်တွေ့ရပါတယ်။)​(Idiopathic Parkinson's disease)
👉 ဦးနှောက်သွေးကြောနှင့်ဆိုင်သောရောဂါများ၊ သွေးကြောပိတ်ခြင်း၊သွေးကြောပေါက်ခြင်း​ (Cerebrovascular disease)
👉 ဆေးများ၏ဘေးထွက်ဆိုးကျိုးကြောင့်ဖြစ်ခြင်း
🔺​အချို့သော စိတ်ရောဂါတွင် သုံးသောဆေးများ (Antipsychotic drugs)
အအန်ပျောက်ဆေး၊ခေါင်းမူးပျောက်ဆေးများ
🔺​အတက်ကျဆေးများ (Tetrabenazine, Sodium valporate)
👉​မျိုးရိုးလိုက်ခြင်း
🔺​Lewy bodies လို့ခေါ်​တဲ့​ပရိုတင်းအစုအဝေးများဦးနှောက်ထဲတွင်များလာခြင်း
🔺​ဦးနှောက်ကျုံ့လာခြင်း
🔺မွေးရာပါ Huntington's ၊ Wilson's ကဲ့သို့သောရောဂါများ
👉​အကြောင်းတစ်ခုခုကြောင့်ဦးနှောက်အတွင်း​အောက်ဆီဂျင်ဓါတ် ပြတ်လတ်သွားခြင်း​(Anoxic Brain injury)
👉 မှတ်ဉာဏ်ထိခိုက်ချို့ယွင်းသောရောဂါ (Alzheimer's disease)
👉 ပိုးသတ်ဆေး ၊ပေါင်းသတ်ဆေးများနှင့်ထိတွေ့မှုများခြင်း
👉​MPTP (methyl-phenyl-tetrahydropyridine)ပါဝင်သောတရားမဝင်စိတ်ကြွမူးရစ်ဆေးများသုံးစွဲခြင်း
စ​တာတွေ​ကြောင့် ပါကင်ဆန်ရောဂါဖြစ်နိုင်ပါတယ်။
💢​အကြောင်းရင်းအတိအကျမသိသောပါကင်ဆန်ရောဂါကို အသက်​ (70) ကျော်လူကြီးတွေမှာအတွေ့ရများပေမယ့် မွေးရာပါရောဂါများနှင့် အဆိပ်သင့်ခြင်း ကြောင့်ဖြစ်တဲ့ပါကင်ဆန်ရောဂါကိုတော့လူငယ်တွေမှာ တွေ့ရတတ်ပါတယ်။
💢​အမျိုးသားတွေဟာ အမျိုးသမီး​တွေထက်ပါကင်ဆန်ရောဂါဖြစ်နိုင်ချေပိုများပါတယ်။

🤔​ပါကင်ဆန်ရောဂါရဲ့ ရောဂါ​လက္ခဏာ​တွေက ဘာတွေလဲ။
👉​မျက်နှာအမူအရာမပြတော့ပဲအရယ်အပြုံးနည်းလာပြီးမျက်နှာသေဖြစ်လာခြင်း
👉​ခါးကုန်းလာခြင်း
👉​စကားပြောတိုးလာ၊မြန်လာ၊မသဲကွဲလာခြင်း
👉​လမ်းစလျှောက်ရခက်ခဲလာခြင်း
👉​လမ်းလျှောက်ရာတွင်လက်လွှဲခြင်းနည်းလာခြင်း
👉​ဟန်ချက်မညီတော့ခြင်း
👉​ခြေလှမ်းတိုလာ၊စိပ်လာပြီး ရှပ်တိုက်လျှောက်လာခြင်း
👉 လက်တုန်လာခြင်း(အစပထမတွင် တစ်ဖက်တည်းဖြစ်တတ်ပြီး ပုတီးစိတ်သလို ပုံစံမျိုးလည်းလက်တစ်ဖက်က လုပ်နေတတ်ပါတယ်။)​
👉​ခြေလက်များ၊အထူးသဖြင့်​လက်များတွင်တောင့်တောင့်ကြီးဖြစ်နေခြင်း
👉​လှုပ်ရှား​မှုနှေးကွေးလာခြင်း၊
👉​လက်ရေးသေးလာခြင်း၊ စာရေးရခက်လာခြင်း
👉​အင်္ကျီကြယ်သီးတပ်ရဖြုတ်ရခက်လာခြင်း
နောက်ဆက်တွဲအခြား​ရောဂါ​လက္ခဏာ​များအနေဖြင့်
👉 စိတ်ကျရောဂါ၊စိတ်ဖိစီးမှု လက္ခဏာ​များ၊
👉​စိတ်ဂယောင်ချောက်ခြားဖြစ်ခြင်း၊ထင်ရောင်ထင်မှားဖြစ်ခြင်း
👉​သတိမေ့တတ်လာခြင်း၊သူငယ်ပြန်သလိုဖြစ်လာခြင်း
👉 မူမမှန်သောအပြုအမူများပြုလုပ်ခြင်း
👉​မှန်ကန်​စွာမတွေးတောနိုင်ခြင်း၊စိတ်ရှုပ်ထွေးလာခြင်း
👉​အိပ်ချိန်မမှန်ခြင်း၊ညဘက်တွင်မအိပ်ပဲ နေ့ဘက်တွင်အိပ်လာခြင်း
👉ပင်ပန်းလွယ်ခြင်း
👉ဆီးမထိန်းနိုင်ခြင်း၊ ဆီးမကြာခဏသွားခြင်း
👉 ဝမ်းချုပ်ခြင်း
👉 သွေး​ပေါင်ချိန်​တက်လိုက်ကျလိုက်ဖြစ်ခြင်း
👉 သွားရည်ကျခြင်း
👉 အစာမျိုချခက်လာခြင်း
👉 အနံ့မရခြင်း
စတာတွေဖြစ်တတ်ပါတယ်။

🤔​ပါကင်ဆန်ရောဂါမှန်းဘယ်လိုသိနိုင်မှာလဲ။
🧑‍⚕️​ဆရာဝန်တွေက ရောဂါရာဇဝင်ကိုမေးမြန်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်းဖြင့် ပါကင်ဆန်ရောဂါဟုတ်မဟုတ် သိနိုင်ပါတယ်။
လိုအပ်ပါ​က​ခေါင်း​ကွန်ပျူတာ​ဓါတ်မှန်ရိုက်ခြင်း၊သံလိုက်​ဓါတ်​မှန်​ရိုက်​ခြင်း၊ သွေး​ဖေါက်​စစ်ဆေး​ခြင်းများ​ပြုလုပ် ရပါတယ်။ 🤔 ပါကင်ဆန်ရောဂါက ကုလို့ပျောက်နိုင်သလား။
🧑‍⚕️​လတ်တလော​မှာ​ပါကင်ဆန်ရောဂါရဲ့​ရောဂါ​လက္ခဏာ​တွေ​ကို​ သက်သာအောင်နဲ့ပိုမဆိုးအောင်ပဲကုသပေးလို့ရပါတယ်။
သောက်ဆေးများအပြင် ဦးနှောက်အတွင်း လှုံ့ဆော်ကုသခြင်း​( Deep brain stimulation) ၊ ခွဲစိတ်ကုသခြင်းစတာတွေပြုလုပ်လို့ရပါတယ်။ ဒါ့အပြင်​ တချို့လူနာတွေမှာ ဖြစ်​ရတဲ့​နောက်ခံအကြောင်းရင်းကို ဖယ်ရှားကုသဖို့လိုအပ်ပါတယ်။ (ဥပမာ​ဦးနှောက်သွေးကြောရောဂါ၊အဆိပ်သင့်ခြင်း)

🤔 ပါကင်ဆန်ရောဂါရှိကြောင်းသိရပါက ဘာလုပ်သင့်သလဲ။
🧑‍⚕️​(MPTP) ကဲ့သို့တရားမဝင်​စိတ်ကြွ​မူးယစ်ဆေးများကိုရှောင်ကြဥ်ခြင်းဖြင့်အသက်ငယ်စဥ်မှာဖြစ်တဲ့ ပါကင်ဆန်ရောဂါမဖြစ်အောင်​ကာကွယ်နိုင်ပါတယ်။
💢​ဒါပေမယ့်​မျိုးရိုးဗီဇနဲ့ အခြားအကြောင်းရင်းများကြောင့် ဖြစ်တဲ့​ပါကင်ဆန်ရောဂါများကိုတော့ မ​ဖြစ်အောင်​ကာကွယ်​လို့မရပါ။
💢​အသက်ကြီးပိုင်းမှာ ဖြစ်တဲ့​ပါကင်ဆန်ရောဂါလက္ခဏာတွေက မသိမသာနဲ့တဖြည်းဖြည်းချင်းဖြစ်လာတာဖြစ်ပါတယ်။
ဒါ​ကြောင့်​အစောပိုင်းမှာ အခြား​ရောဂါ​များနဲ့​မှားယွင်းတတ်ပါတယ်။
💢​လူနာတစ်ယောက် နဲ့​တစ်ယောက်​ဖြစ်တဲ့​ရောဂါ​လက္ခဏာ​ချင်းလည်းမတူညီတတ်ကြပါ။အများစုမှာ လက်တစ်ဖက် တုန်လာခြင်းနဲ့ စဖြစ်တတ်ပါတယ်။
💢​မကုသပဲထားရင် တဖြည်းဖြည်းပိုဆိုးသွားနိုင်ပါတယ်။
💢ပါကင်ဆန်ရောဂါမှာသောက်ရတဲ့ ဆေးတွေ​က​ပမာဏ​နည်းနည်း​မှစပေးရတာဖြစ်ပြီး ဆရာဝန်တွေက ညွှန်ကြား​မှသာ​ဖြည်းဖြည်းချင်းအတိုးအလျော့ လုပ်ရတာဖြစ်ပါတယ်။
🚫​မိမိသဘောနဲ့မိမိဆေးဖြတ်ခြင်းမလုပ်သင့်ပါ။
🚫​ပါကင်ဆန်ရောဂါကိုပိုဆိုးစေနိုင်သောဆေးများရှိသဖြင့် ဆရာဝန်တွေက မညွှန်ကြားပဲမိမိ​သဘောနဲ့ အခြားဆေးများသောက်ခြင်းမပြုလုပ်သင့်ပါ။
👉​ပါကင်ဆန်ရောဂါသည်လူနာများကိုပြုစုစောင့်ရှောက်ရသူလူနာရှင်များသည်ရောဂါသဘာဝကိုနားလည်သဘောပေါက်ရန်လေ့လာထားသင့်ပြီး စိတ်ရှည်ရန်လည်းလိုအပ်ပါတယ်။

လူတိုင်း​ကျန်းမာ​ရေးကို လက်လှမ်း မှီ စေရန်
ရည် သန်လျက်
Yangon Medical Network

References
Davidson's Principles and Practices of Medicine
https://www.mayoclinic.org/diseases-conditions/parkinsons-disease/symptoms-causes/syc-20376055
https://my.clevelandclinic.org/health/diseases/8525-parkinsons-disease-an-overview

27/05/2026

မေး။ ။မင်္ဂလာပါ ဆရာမ။ Anxiety Neurosis က စိတ်ခံစားချက်လား ရောဂါလား ရေရေရာရာ သိချင်လို့ ရှင်းပြပေးပါဦး ခင်ဗျ ။

ဖြေ။ ။🧑‍⚕️​Anxiety​ Neurosis​ ဆိုတာအလွယ်ပြောရရင် စိတ်ပူပန်ခြင်းကြောင့် ဖြစ်တဲ့​စိတ်ရောဂါတစ်မျိုးပါ။
💢​ဦးနှောက်ပိုင်းဆိုင်ရာပြဿနာ​( organic disease) မရှိပေမယ့် စိတ်ပိုင်းဆိုင်ရာမှာ ပြဿနာရှိနေပါတယ်။
💢​အရင်က​ Anxiety​ Neurosis လို့ခေါ်ကြပေမယ့် အခုနောက်ပိုင်း​မှာတော့​ Generalized Anxiety Disorder (GAD) ဆိုပြီး​တော့​ခြုံပြီးခေါ်ကြပါတယ်။
💢 Depression ဆိုတဲ့​စိတ်ကျရောဂါ​လို​ Anxiety​ Neurosis​ ဆိုတာ​လဲ​စိတ်ပူပန်မှု လွန်ကဲခြင်းကြောင့်ဖြစ်တဲ့ ရောဂါ​တစ်မျိုးဖြစ်ပြီး ကုသမှုလိုအပ်ပါတယ်။
💢​ရောဂါ​လက္ခဏာ တွေက​စိတ်ပိုင်းဆိုင်ရာနဲ့ ခန္ဓာကိုယ်​တုံ့ပြန်မှုပိုင်းဆိုင်ရာဆိုပြီးရှိပါတယ်။
👉​စိတ်ပိုင်းဆိုင်ရာအားဖြင့်
🔺​အလွန်အမင်းစိုးရိမ်ခြင်း
🔺​အန္တရာယ်​ရှိနေသလိုခံစားရခြင်း
🔺​စိတ်စုစည်းနိုင်မှုအားနည်းခြင်း
🔺​ဂနာမငြိမ်ဖြစ်ခြင်း
စ​တာတွေ​ဖြစ်တတ်ပြီး
👉​ခန္ဓာကိုယ်​တုံ့ပြန်မှု အနေနဲ့
🔺​အသက်ရှုမြန်ခြင်း
🔺​နှလုံးခုန်နှုန်းမြန်ခြင်း
🔺​လက်ကပ်ခြေကပ်ဖြစ်ခြင်း
🔺​ကြွက်သား​များတောင့်တင်းနေခြင်း
🔺 အိပ်မပျော်ခြင်း
🔺​ခေါင်းကိုက်ခြင်း
🔺​ပင်ပန်းလွယ်ခြင်း
🔺​ချွေးစီးပြန်ခြင်း
စတာတွေဖြစ်တတ်ပါတယ်။
💢​ဖြစ်ရတဲ့အကြောင်းရင်းတွေကတော့ ဦးနှောက်အတွင်း​မှ​ neurotransmitter များမညီမျှခြင်း၊မျိုးရိုးလိုက်ခြင်း၊ပြင်ပပတ်ဝန်းကျင်မှအခြေအနေ လှုံ့ဆော်မှုများ၊စိတ်ဖိစီးမှုများ၊စိတ်ဒဏ်ရာများ၊ နာတာရှည်ရောဂါများစတာတွေကြောင့်ဖြစ်ပါတယ်။
🧑‍⚕️​မပြင်းထန်​ပါက​အတွေးအခေါ်အပြုအမူပိုင်းဆိုင်ရာကုသနည်း​ (Cognitive Behavioral Therapy (CBT)) နဲ့​ကုသနိုင်ပြီးလိုအပ်ပါ​က​ဆေးဝါးများနှင့်ပါပေါင်းစပ်ကုသရပါတယ်။ အချို့သော လူနာ​များ​မှာတော့​အလွန်အမင်းစိတ်ပူပန်ရသည့်အကြောင်းရင်းကိုရှာဖွေကုသခြင်း၊နှစ်သိမ့်​ဆွေးနွေး​ပညာပေး​ခြင်းများပြုလုပ်ရပါတယ်။

25/05/2026

Rotavirus
ရိုတ ဗိုင်းရပ်စ်ပိုး

🤔ရိုတဗိုင်းရပ်စ်ပိုး ဆိုတာ​ဘာလဲ။
🧑‍⚕️​ရိုတဗိုင်းရပ်စ်ပိုး ဆိုတာ​ ကမ္ဘာ​တဝှမ်းရှိအသက်​(5) နှစ်​အောက်​ကလေးတွေမှာ​ဝမ်းပျက်​ဝမ်းလျှော ရောဂါ အဓိကဖြစ်​စေတဲ့​ဗိုင်းရပ်စ်ပိုး​တစ်မျိုးဖြစ်ပါတယ်။ လူကြီးအချို့မှာလည်းရောဂါဖြစ်တတ်ပါတယ်။

🤔​ရိုတ​ဗိုင်းရပ်စ်ပိုး က​ဘယ်လိုကူးစက်သလဲ။
🧑‍⚕️​ရိုတ​ဗိုင်းရပ်စ်ပိုး​ဟာ​ကမ္ဘာ​ပေါ်မှာ​အဖြစ်များပြီး​လူနာ​တစ်ယောက်​မှ​အခြားတစ်ယောက်ကို အလွယ်တကူ​ကူးစက်​လွယ်​တဲ့​ရောဂါဖြစ်ပါတယ်။
👉​မသန့်ရှင်းသည့် အစားအစာနှင့်ရေတို့ကိုစားသုံးမိခြင်း
👉 ရိုတ​ဗိုင်းရပ်စ်ပိုး ကူးစက်​ခံထားရသောလူနာ၏ မစင်၊ အညစ်အကြေးများကိုတိုက်ရိုက်ဖြစ်စေ၊အသုံးအဆောင်ပစ္စည်းများမှ တဆင့်သွယ်ဝိုက်၍ဖြစ်စေထိတွေ့မိခြင်း
👉​အိမ်သာများမသန့်ရှင်းခြင်း၊လက်ကိုစနစ်တကျမဆေးခြင်းမှ ဖြစ်စေ​ကူးစက်နိုင်ပါတယ်။

🤔​ရိုတ​ဗိုင်းရပ်စ်ပိုး​ရဲ့​ရောဂါ​လက္ခဏာ​တွေက​ဘာတွေ​လဲ။
🧑‍⚕️ လူကြီးများစုမှာ ရိုတ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပေမယ့် ရောဂါ​လက္ခဏာ​မပြတတ်ကြပါ။ တချို့မှာ မပြင်းထန်သော​ဝမ်းပျက်​ဝမ်းလျှော​ရောဂါဖြစ်တတ်ပါတယ်။
👉​ကလေးတွေမှာ​တော့​ဗိုင်းရပ်စ်ရောဂါပိုးနဲ့ထိတွေ့ပြီး 2 ရက်အတွင်းရောဂါလက္ခဏာပြတတ်ပါတယ်။ ရောဂါ​လက္ခဏာ အများစု​ရက်ပိုင်းအတွင်းသက်သာသွားတတ်ပေမယ့် အချို့​လူနာတွေမှာ​တော့​တစ်ပတ်လောက်အထိကြာတတ်ပါတယ်။
ရောဂါ​လက္ခဏာ​တွေကတော့
🔺​အရည်ဝမ်းများသွားခြင်း
🔺​အန်ခြင်း
🔺​ဖျားခြင်း
🔺​ဗိုက်အောင့်ခြင်း
စတာတွေဖြစ်တတ်ပါတယ်။

🤔​ဘယ်​အချိန်မှာ​ဆရာဝန်နဲ့ပြဖို့လိုလာပြီလဲ။
အသက်​(5)နှစ်အောက်ကလေးငယ်များတွင်​
🚨​24 နာရီထက်ပို၍ ဝမ်းလျှော​ဝမ်းပျက်​ဖြစ်ခြင်း
🚨​အဖျား​102 ဒီဂရီ ဖာရင်ဟိုက်ထက်ပိုခြင်း
🚨​အသက်​(3)လ​အောက်ကလေးငယ်များ တွင်​အဖျား​ (100.4) ဒီဂရီ ဖာရင်ဟိုက်ထက်ပိုခြင်း
🚨​မကြာခဏအန်ခြင်း
🚨​ဗိုက်အရမ်းအောင့်ခြင်း
🚨 ဝမ်းအမဲရောင်သွားခြင်း၊ဝမ်း တွင်​သွေး၊ အချွဲပါဝင်ခြင်း
ပြင်းထန်စွာရေဓါတ်ဆုံးရှုံးသည့်လက္ခဏာများဖြစ်သည့်
🚨 အလွန်အမင်းရေငတ်ခြင်း၊ရေ​မကြာခဏ​တောင်းခြင်း
🚨 ကလေးငယ်​များတွင်​ငိုသော်လည်း မျက်ရည်မထွက်ခြင်း
🚨 မျက်တွင်းချိုင့်လာခြင်း
🚨 ဆီးနည်းသွားခြင်း
🚨​ကလေးငယ်များတွင် ငယ်ထိပ်ချိုင့်လာခြင်း
🚨 အရေပြားကျုံ့ဆန့်အားနည်းလာခြင်း
စ​တာတွေ​ရှိပါက​အရေးကြီးပါတယ်။
💢​ရိုတ​ဗိုင်းရပ်စ်ပိုး​ဝင်ခြင်းရဲ့ နောက်ဆက်တွဲပြဿနာ အဖြစ်​ကလေးငယ်များတွင် အူခေါက်ခြင်း (Intussusception) ဖြစ်တတ်ပါတယ်။
👉​မိခင်နို့တစ်မျိုးတည်းသာတိုက်တဲ့အသက်(3)လ​အောက်ကလေးငယ်တွေမှာ ဗိုင်းရပ်စ်ပိုး ကူးစက်မှုနည်းပါတယ်။
💢​အသက်​(3)နှစ်မှ​(5)နှစ်ကြား ကလေးငယ်များတွင် အဖြစ်များပြီး နေ့ကလေးထိန်းကျောင်းများ၊မူကြိုများတွင် အစု လိုက်​ပြုံလိုက်​(outbreak) ဖြစ်ခြင်းမျိုးရှိပါတယ်။
လူကြီးတွေမှာတော့
🚨​2 ရက်ထက်ပို၍အရည်ဝမ်းသွားခြင်း
🚨​24​နာရီ​အတွင်း​ (6)​ကြိမ်ထက်ပို၍ဝမ်းသွားခြင်း
🚨​အဖျား​102​ဒီဂရီ ဖာရင်ဟိုက်ထက်ပို၍ ဖျားခြင်း
🚨​မကြာခဏအန်ခြင်း
🚨​ပြင်းထန်စွာဗိုက်အောင့်ခြင်း
🚨 ဝမ်းအမဲရောင် သွားခြင်း၊ ဝမ်း​ထဲတွင်​အချွဲနှင့်သွေးစများပါခြင်း
🚨​အလွန်အမင်းရေငတ်ခြင်း
🚨 ဆီးနည်းသွားခြင်း၊ဆီးအရောင်ရင့်ခြင်း
🚨 အလွန်နုံးခွေနေခြင်း
🚨 မိုက်ခနဲဖြစ်ခြင်း၊မူးလဲခြင်း
🚨​မျက်တွင်းချိုင့်ခြင်း၊
🚨 အရေပြားကျုံ့နိုင်ဆန့်နိုင်စွမ်းလျော့နည်းလာခြင်း
စတာတွေရှိလာပါက ဆရာဝန်နှင့်ပြသဖို့လိုအပ်ပါတယ်။

🤔​ရိုတ​ဗိုင်းရပ်စ်ပိုး​ဆိုတာ ဘယ်လိုသိနိုင်မှာလဲ။
🧑‍⚕️​လူနာ​ရဲ့​ဝမ်းနမူနာကို ဓါတ်ခွဲစမ်းသပ်ခြင်းဖြင့်သိနိုင်ပါတယ်။

🤔​ရိုတ​ဗိုင်းရပ်စ်ပိုး​က​ကာကွယ်လို့ရနိုင်သလား။
🧑‍⚕️​ အသက်​( 8​) လအောက်ကလေးများတွင်ကာကွယ်​ဆေးတိုက်ကျွေးခြင်းဖြင့် ကာကွယ်​လို့ရနိုင်ပါတယ်။
🔺​RV5 vaccine ( RotaTeq) အသက်​ 2 လ၊ 4 လ၊ နှင့်​ 6လ တွင်​ (3)ကြိမ်ပါးစပ်မှ တိုက်ခြင်း
🔺​RV1 vaccine (Rotarix) အသက်​2 လ​နှင့်​4 လတို့တွင်​ (2) ကြိမ်ပါးစပ်မှတိုက်ခြင်း
ဒါ့အပြင်
👉 အိမ်သာမှဆင်းတိုင်း၊ကလေးအနှီး၊သေးခံစသည်တို့လဲပြီးတိုင်းလက်ကိုဆပ်ပြာနဲ့ရေတို့ဖြင့် မကြာခဏဆေးကြောခြင်း
👉 အစာသန့်၊ လက်သန့်၊ပတ်ဝန်းကျင်သန့် ၊အိမ်သာသန့် ရှင်းရေး ဆောင်ရွက် ခြင်း
👉​ရေကိုကျိုချက်၍သောက်သုံးခြင်း
👉​အစားအစာ​ကိုကျက်အောင်ချက်ပြီးမှစားသုံးခြင်း
👉​ကလေးငယ်​များ၏ နို့ဗူးများ၊ အသုံးအဆောင်ပစ္စည်းများကိုစနစ်တကျ ဆေးကြောပြီးမှအသုံးပြုခြင်း
👉​အသက်​(6)လ​အောက်​ကလေးငယ်​များကိုမိခင်နို့တစ်မျိုးတည်းသာတိုက်ကျွေးခြင်း
👉​ရေဓါတ်ဆုံးရှုံးမှုကိုကာမိစေရန် အရည်များများပိုတိုက်ခြင်း
👉​ပြင်းထန်စွာရေဓါတ်ခန်းခြောက်ခြင်း၊နှင့်​အရေးကြီးသောရောဂါလက္ခဏာများရှိလာပါက နီးစပ်​ရာ​ကျန်းမာရေး​ဌာန သို့သွားရောက်ပြီးကုသမှု ခံယူ​ခြင်း​
စ​တာတွေ​ပြုလုပ်သင့်ပါတယ်။

လူတိုင်း ကျန်းမာ ရေးကို လက်လှမ်း မှီ စေရန်
ရည် သန်လျက်
Yangon Medical Network

References
Davidson's Principles and Practices of Medicine
https://www.cdc.gov/rotavirus/about/index.html
https://www.mayoclinic.org/diseases-conditions/rotavirus/symptoms-causes/syc-20351300

23/05/2026

အနို့တွေ မတပ်ရသေးဘူး ဆရာမရေ၊ ရောက်ရောက်ချင်း စက်ကြီးကောက်နှိပ်ပြီးတော့ သူ့ဘာသာ ကောက်ချက်ဆွဲနေတာ

22/05/2026

Ebola virus
အီးဘိုလာ ဗိုင်းရပ်စ်ပိုး

လတ်တလော​မြန်မာနိုင်ငံတွင်တွေ့ရှိမှု မရှိသေးသော်လည်း ကွန်ဂိုနဲ့ ယူဂန်ဒါနိုင်ငံတို့မှာ တွေ့ရှိရပြီးကူးစက်မှု နှုန်းမြင့်မားသောကြောင့် WHO က​တစ်ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး​အရေးပေါ်အခြေအနေအဖြစ်သတိပေးကြေငြာထားတဲ့​ရောဂါဖြစ်ပါတယ်။

🤔 အီးဘိုလာ ဗိုင်းရပ်စ်ပိုး ဆိုတာ​ဘာလဲ။
🧑‍⚕️​Orthoebolaviruses မျိုးနွယ်စုဝင်RNA ဗိုင်းရပ်စ်အမျိုးအစားဖြစ်ပြီး သစ်သီးစားလင်းနို့တွေက အဓိက​သယ်ဆောင်တဲ့ ဗိုင်းရပ်စ်ပိုး ဖြစ်ပါတယ်။
👉​အီးဘိုလာ​ဗိုင်းရပ်စ်ပိုး အမျိုးအစား​(5)မျိုးရှိသည့်အနက် လူတွေကိုရောဂါဖြစ်စေတတ်သော အမျိုးအစား​မှာ​ (4)မျိုးရှိပြီး​လတ်တလော​ကွန်ဂိုနဲ့ ယူဂန်ဒါနိုင်ငံတို့မှာ ဖြစ်ပွား​နေသော​ Ebola​ virus မှာ​ Bundibugyo အီးဘိုလာ ဗိုင်းရပ်စ်ပိုး အမျိုးအစားဖြစ်ပါတယ်။
👉​အီးဘိုလာ​ဗိုင်းရပ်စ်ပိုး​ကိုစတင်တွေ့ရှိခဲ့တာက 1976 ခုနှစ်​ထဲက ဖြစ်ပြီး​ကွန်ဂိုနိုင်ငံနဲ့ တောင်ပိုင်းဆူဒန်နိုင်ငံ မှာဖြစ်ပါတယ်။
👉​2014​ နဲ့​ 2016​ ခုနှစ်​တွေမှာတော့ အာဖရိကတိုက် အနောက်​ပိုင်း​မှာ​အစုလိုက်ဖြစ်ပွားမှု (outbreak)​ဖြစ်ခဲ့ပါတယ်။

🤔​အီးဘိုလာ ဗိုင်းရပ်စ်ပိုး ရဲ့ ရောဂါ လက္ခဏာ တွေက ဘာတွေ​လဲ။
🧑‍⚕️ ရောဂါ​ပျိုးချိန်မှာ ဗိုင်းရပ်စ်ပိုး နဲ့​ထိတွေ့​ပြီးနောက်​ (2) ရက်မှ​ (21) ရက်အထိဖြစ်ပြီး သေဆုံး​မှုနှုန်းမှာ (25%) မှ​ (90 %) အထိရှိပါတယ်။
အစပိုင်းမှာ တုပ်ကွေးရောဂါ လက္ခဏာ နဲ့​ဆင်တူပါတယ်။
👉​ချမ်းတုန်ခြင်း၊ဖျားခြင်း
👉 အလွန်အမင်းနုံးချိနေခြင်း
👉 အစားအသောက်​ပျက်ခြင်း
👉​ကိုယ်​လက်​ကိုက်ခဲ​ခြင်း​
👉 ခေါင်းကိုက်ခြင်း
👉​လည်ချောင်း​နာခြင်း​
စ​တာတွေ​ဖြစ်တတ်ပါတယ်။
ပြင်းထန်​တဲ့ လက္ခဏာ​တွေကတော့
💢​ဝမ်းအမဲရောင်သွားခြင်း
💢​သွေး​ထွက်​ခြင်း၊သွေးခြေဥခြင်း
💢​ဂယောင်ချောက်ခြားဖြစ်ခြင်း
💢 ဝမ်းပျက်ခြင်း၊ဝမ်းထဲတွင်သွေးစပါခြင်း
💢​အရေပြား​ပေါ်မှာ​အကွက်များ၊အနီစက်များထွက်ခြင်း
💢​မျက်လုံးနီရဲခြင်း
💢​ကော်ဖီ​ရောင်၊အညိုရောင်အန်ခြင်း
စတာတွေဖြစ်တတ်ပါတယ်။

🤔​ပြင်းထန်​အီးဘိုလာ​ဗိုင်းရပ်စ်ပိုး​ရဲ့​နောက်ဆက်တွဲပြဿနာ တွေက​ဘာတွေလဲ။
🚨​ဦးနှောက်အတွင်း ရောင်ရမ်းခြင်း
🚨​တက်သွားခြင်း၊သတိလစ်သွားခြင်း
🚨 ကျောက်ကပ်​ပျက်စီး​ခြင်း
🚨​သွေးပေါင်ချိန်ပြုတ်ကျ၍ သွေးလန့်ခြင်း
🚨 အသက်​သေဆုံး​ခြင်း
စတာတွေဖြစ်တတ်ပါတယ်။

🤔​အီးဘိုလာ​ဗိုင်းရပ်စ်ပိုး က​ဘယ်လို​ကူးစက်တတ်သလဲ။
🔺​အီးဘိုလာ​ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသော လူများ၊တိရစ္ဆာန်​များနှင့်​တိုက်ရိုက်ထိတွေ့​ခြင်း
🔺​ကူးစက်ခံရသော​လူနာ​မှ​ထွက်သည့် ဝမ်း၊ ဆီး၊သလိပ်၊တံတွေး၊ချွေး၊သုတ်ရည်၊ရေမွှာရည်၊ မိခင်နို့ရည် စသည်​တို့ကို​တိုက်ရိုက်ထိတွေ့ခြင်းဖြစ်စေ၊ အရာဝတ္ထု ပစ္စည်း​များမှ​တဆင့်ထိတွေ့ခြင်းဖြစ်စေ ကူးစက်ခြင်း
🔺​ရောဂါ​ကြောင့်သေဆုံး​သွားသော​လူနာများကိုကိုင်တွယ်မိခြင်းမှ ကူးစက်ခြင်း
🔺​ဗိုင်းရပ်စ်ပိုး​ကူးစက်ခံရသူနှင့် လိင်ဆက်ဆံခြင်းမှ ကူးစက်ခြင်း
စသည်ဖြင့်ကူးစက်နိုင်ပါတယ်။
🚨ကူးစက်ခံရသူသည် ရောဂါ​လက္ခဏာ​စပြသည့်အချိန်မှ စ၍ အခြားသူ များကို​ကူးစက်နိုင်ပါတယ်။
💢​အီးဘိုလာ ဗိုင်းရပ်စ်ပိုး ဟာ​ကိုဗစ် ဗိုင်းရပ်စ်ပိုး လိုလေထဲမှတဆင့် အသက်ရှု လမ်းကြောင်းမှတဆင့် ကူးစက်ခြင်းမရှိပါ။

🤔​အီးဘိုလာ​ဗိုင်းရပ်စ်ပိုး အတွက်​ကာကွယ်​ဆေး ရှိသလား။
🧑‍⚕️​ရောဂါ​အဖြစ်များတဲ့​ဒေသတွေမှာ အသုံးပြု​ရန်အတွက်​ ကာကွယ်ဆေး ပေါ်ပေါက်ပြီးဖြစ်ပါတယ်။

🤔​အီးဘိုလာ​ဗိုင်းရပ်စ်ပိုး အတွက်​ကုသဆေးရှိသလား။
🧑‍⚕️​ခန္ဓာကိုယ်​အတွင်းပဋိပစ္စည်းများအဖြစ် ဗိုင်းရပ်စ်ပိုး ကိုပြန်တိုက်သောကုသဆေးများ​ (ဥပမာ​ Ebanga, I maze) ပေါ်ပေါက်ပြီးဖြစ်ပါတယ်။
အများအားဖြင့်​လူတိုင်းအလွယ်တကူရရှိရန်ခက်ခဲပြီး စရိတ်စက​မြင့်မားမှုကြောင့် သေဆုံးမှုနှုန်းမြင့်မားဆဲဖြစ်ပါတယ်။
ထို့​ကြောင့်​ရောဂါဖြစ်ပွားသူများတွင် ရောဂါ​လက္ခဏာ​ကိုကုသသည့်ဆေးများ( supportive care) နှင့် တွဲပေးရန်လိုအပ်ပါတယ်။

🤔​အီးဘိုလာ ဗိုင်းရပ်စ်ပိုး ကူးစက်ခြင်းမခံရအောင်ဘယ်လိုကာကွယ်ရမလဲ။
👉​ရောဂါ​ဖြစ်ပွား​နေသော​ဒေသများသို့ ခရီးသွားခြင်းမှ ရှောင်ကြဥ်ခြင်း
👉 ကာကွယ်ဆေး ထိုးထားခြင်း
👉 သစ်သီး​စားလင်းနို့၊စသည်တောရိုင်းတိရစ္ဆာန်များနှင့် ထိတွေ့ခြင်း၊၎င်းတို့စားထားသော သစ်သီးများစားသုံးခြင်းမှ ရှောင်ကြဥ်ခြင်း
👉 ရောဂါဖြစ်ပွားသူများကိုပြုစုရာတွင် လက်အိတ်များ၊အကာအကွယ်​များ၊ PPE များဝတ်ဆင်ခြင်း
👉​ရောဂါကြောင့်သေဆုံးသွားသောလူနာများကို ကိုင်တွယ်​ရာတွင်​လည်း​PPE​အကာအကွယ်​များဝတ်ဆင်ခြင်း
စ​တာတွေ​ပြုလုပ်သင့်ပါတယ်။

လူတိုင်း​ကျန်းမာ ရေးကို လက်လှမ်း မှီ စေရန်
ရည် သန်လျက်
Yangon Medical Network

References
https://my.clevelandclinic.org/health/diseases/15606-ebola-virus-disease
https://www.gov.uk/government/publications/ebola-overview-history-origins-and-transmission/ebola-overview-history-origins-and-transmission
https://www.washingtonpost.com/world/2026/05/19/congo-ebola-deadly-virus-bundibugyo-health-emergency/1e72254c-535d-11f1-9c40-7a0a12d9e745_story.html

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon