Auto World
ကားအကြောင်းလေးတွေ တဆင့်ပြန်လည်မျှဝေပေးတာပါနော်
28/06/2025
အင်ဂျင်များ၏အဓိကအသက်သွေးကြောဖြစ်သော အင်ဂျင်ဝိုင် (Engine Oil)အကြောင်းကို ဗဟုသုတရရှိစေရန် ရည်ရွယ်၍ အကျဉ်းချုပ်ရေးသားဖော်ပြလိုက်ပါတယ်ခင်ဗျာ၊( တတ်သိနားလည်သူများအတွက်မရည်ရွယ်ပါခင်ဗျာ)
အင်ဂျင်ဝိုင် နှစ်မျိုးနှစ်စား ရှိပါတယ်
Mineral Oil နှင့် Synthetic Oilဟူ၍ဖြစ်ပါသည်
(1)Mineral Oil
တွင်းထွက် ရေနံစိမ်း(Crude Oil)မှထုတ်လုပ်ထားပါသည်
(2)Synthetic Oil
ရေနံစိမ်းမှခွဲထုတ်ထားသည့် ဟိုက်ဒရိုကာဗွန်(Hydrocarbon)အချို့အား ပြုပြင်ပြောင်းလဲ၍ ဓာတုပစ္စည်းများဖြင့်ပေါင်းစပ်ထုတ်လုပ်ထားပါသည်၊ Semi Synthetic Oil နှင့် Fully Synthetic Oilဟူ၍နှစ်မျိုးရှိပါသည်
Semi Synthetic Oilမှာ Synthetic Oil 30%ထက်မပိုဘဲ Mineral Oil နှင့်ရောစပ်ထုတ်လုပ်ထားပြီး Fully Synthetic Oilမှာ Mineral Oil နှင့်ရောစပ်ခြင်းမပြုပြီး 100% Synthetic Oil ဖြစ်ပါသည်
အင်ဂျင်ဝိုင်များကို စေးပြစ်အား(Viscosity)အလိုက် Society of Automotive Engineering (SAE)မှCode စနစ်များဖြင့်သတ်မှတ်ပေးထားပါသည်၊ SAE 30,SAE40,SAE50,....စသဖြင့်ဖော်ပြကြပါသည် ၄င်းတို့မှာ Mono Grade များဖြစ်ပြီးဖော်ပြထားသောကိန်းဂဏန်းများမှာအေးနေသောအချိန်တွရှိသည့်Viscosityဖြစ်၍ပူနေသောအချိန်တွင်Viscosityအနည်းငယ်ကျသွားပါသည် အင်ဂျင်အေးနေသောအချိန်နှင့်ရာသီဥတုအေးလွန်းသောဒေသများ၌ အဆင်မပြေပါ၊ထို့ကြောင့်အေးနေသောအချိန်တွင်ပွတ်တိုက်မှုများ၍ အပူချိန်လွန်ကဲခြင်းပွန်းစားမှုများခြင်းတို့ဖြစ်ပေါ်ပြီးအင်ဂျင်သက်တမ်းတိုးစေနိုင်ပါသည် ၊ထို့ကြောင့် Multi Grade များဖြစ်ကြသော SAE 5W 30,10W40,15w 50....စသည်ဖြင့်ပတ်ဝန်းကျင်နဲ့သင့်တော်မည့်အပူချိန်အလိုက်အမျိုးမျိုး ထုတ်လုပ်လာပါသည်၊WမှာWinterဟု အဓိပ္ပါယ်ရပြီးW ရှေ့မှ ဂဏန်းမှာအေးနေသောအချိန်တွင်ရှိသည့် Viscosity Grade ဖြစ်ပြီး W နောက်မှဂဏန်းမှာပူနေသောအချိန်တွင်ရှိသည့် Viscosity Grade ဖြစ်ပါသည်၊
Synthetic OiLတို့မှာထုတ်လုပ်မှုအမျိုးအစားအလိုက် အရည်အသွေးအမျိုးမျိုးကွာခြားကြပြီး GroupများခွဲခြားထားကာAmerican Petroleum Institute(API)မှ အရည်အသွေးအဆင့်သတ်မှတ်ပေးထားပါသည်၊ ဓာတ်ဆီအင်ဂျင်မျာအတွက်API SA,......SM,SL,SNစသည်ဖြင့် ယခုအခါ API SP ထိထုတ်လုပ်ထားပြီး ဖြစ်ပါသည်၊ ဒီဇယ်အင်ဂျင်များအတွက် API CC,.....CKထိထုတ်လုပ်ထားပြီးဖြစ်ပါသည်၊Sနှင့်C၏နောက်မှ အက္ခရာ နောက်ကျလေလေ ကောင်းမွန်ပြီးGradeမြင့်လေလေဖြစ်ပါသည် API Codeများကြည့်ပြီး ဓာတ်ဆီအင်ဂျင် ဒီဇယ်အင်ဂျင် ခွဲခြားအသုံးပြုနိုင်ပါသည်Sနှင့်စလျှင်ဓာတ်ဆီအင်ဂျင်အတွက်ဖြစ်ပြီး Cနှင့်စလျှင်ဒီဇယ်အင်ဂျင်အတွက်ဖြစ်ပါသည်၊ ဓာတ်ဆီအင်ဂျင်မီးလောင်ပေါက်ကွဲမှုဖြစ်စဉ်မှာ Spark Ignition Systemဖြစ်၍ ရှေ့စာလုံး S မှာ Spark ကိုကိုယ်စားပြုပါသည်၊ဒီဇယ်အင်ဂျင်မှာ Compression Ignition System ဖြစ်၍ ရှေ့စာလုံး C မှာ Compression ကိုကိုယ်စားပြုပါသည်၊
Mineral Oilများမှထုတ်လုပ်သော SAE 40ကဲ့သို့သော အင်ဂျင်ဝိုင်များမှာ ညီညာမှုမရှိသော မော်လီကျူးများဖြင့်ဖွဲ့စည်းထားခြင်းကြောင့် ပွတ်တိုက်မှုများပြီး အပူချိန်လွန်ကဲခြင်း ပွန်းစားမှုများခြင်း ဆီအငွေ့ပျံမှုများပြီးခမ်းခြောက်ခြင်းတို့ဖြစ်ပေါ်စေပါသည်၊Semi Synthetic Oilမှာ အသင့်အတင့်မော်လီကျူးညီညာမှုရှိပြီး Fully Synthetic Oilမှာ မော်လီကျူးများညီညာမှုရှိခြင်းကြောင့် အင်ဂျင်မှာချောမွေ့စွာလည်ပတ်နိုင်ခြင်း ပွတ်တိုက်မှုနည်းပြီး အပူချိန်လွန်ကဲမှုမရှိအောင်ထိန်းသိမ်းနိုင်ခြင်း ပွန်းစားမှုသက်သာခြင်းတို့ကြောင့် အင်ဂျင်ကိုအချိန်နာရီကြာမြင့်စွာ မရပ်မနားအသုံးပြုနိုင်ပြီးအင်ဂျင်သက်တမ်းက်ိုလည်းသက်တမ်းပြည့်သုံးစွဲနိုင်ပါသည်၊အင်ဂျင်ဝိုင်များကိုထုတ်လုပ်ရာတွင် အင်ဂျင်ဂျိုးများ၊ သံချေးတက်ခြင်းများမရှိစေရန်သော်လည်းကောင်း၊Viscosity ပြောင်းလဲမှုမရှိစေရန် စီးဆင်းမှုအားကောင်းစေရန်အမြှုပ်ထ၍အပူချိန်မလွန်ကဲစေရန် ဆီခမ်းခြောက်မှုမရှိစေရန် ပွန်းစားမှုနည်းပါးစေရန် အေးသောအခါတွင်အေးခဲမသွားစေရန် ဖိအားPressureခံနိုင်ရန် ဓာတုကွန်ပေါင်းဖြည့်စွက်စာ(Additives )များထည့်သွင်းထားပါသည်၊ မော်တော်ကားများနှင့်အခြားအင်ဂျင်များတွင် အသုံးပြုရမည့် အင်ဂျင်ဝိုင်အမျိုးအစား Gradeများကို အင်ဂျင်ခန်းအတွင်း Sticker များဖြင့်ဖော်ပြ ကပ်ထားလေ့ရှိပါသည်၊ဉပမာ SAE 5W30 API SN ဟုဖော်ပြထားသောအင်ဂျင်အား ၄င်းထက်နိမ့်သော API SMကိုအသုံးမပြုသင့်ပါ၊ဖော်ပြပါ Gradeအတိုင်းနှင့်၄င်းထက်မြင့်သောGradeများကိုသာအသုံးပြုသင့်ပါသည်၊
အထူးသဖြင့် အငှားကားပြေးဆွဲနေသူတို့မှာ အင်ဂျင်ဝိုင်အကောင်းသုံးလျှင်တွက်ခြေမကိုက်ဟုဆိုကာ အရည်အသွေးမမီသောအင်ဂျင်ဝိုင်များနှင့်အင်ဂျင်ဝိုင်စစ် လေစစ်များကိုအသုံးပြုကြပြီး သတ်မှတ် kilometer များကျော်လွန်ပြီးမှလဲလှယ်နေကြောင်းများစွာတွေ့ရှိနေရပါသည်ထို့ကြောင့်အင်ဂျင်များအလုံးလိုက်လဲရသည်အထိ များစွာတွေ့ရှိဖူးပါသည်၊၄င်းအပြင်မော်ဒယ်နိမ့်ကားများဆိုလျှင်အင်ဂျင်ဝိုင်ကောင်းကောင်းမသုံးစွဲလိုကြပေအလွန်မှားယွင်းပါသည်၊ဥပမာအသက်အရွယ်ကြီးမြင့်သူတို့အားအသက်ရှည်ကျန်းမာစေလိုလျှင်အားရှိသောအာဟာရနှင်ဖြည့်စွက်စာများတိုက်ကြွေးရန်လိုသကဲ့သို့ မော်ဒယ်နိမ့်ကားများကို ကောင်းမွန်သော Grade, Brandများသုံးစွဲရန်လိုအပ်ပါကြောင်းမေတ္တာ စေတနာရှေ့ထား၍တင်ပြလိုက်ပါသည်ခင်ဗျား၊လိုက်နာဆောင်ရွက်နိုင်ကြပါစေ
27/06/2023
အင်ဂျင်ဝိုင် အကြောင်း
_ _ _ _ _
ဘယ် တံဆိပ် (Brand) သုံးသင့်သလဲ။ ဘယ် အင်ဂျင်ဝိုင်က ကိုယ့်ကားနဲ့ အသင့်တော်ဆုံးလဲ။ ကိုယ့်ကိုကိုယ် မေးနေကျ မေးခွန်း ဖြစ်ပါလိမ့်မယ်။
လူနှစ်ဦး ကားအမျိုးအစား မော်ဒယ်အတူတူ၊ နေထိုင်တဲ့ မြို့ တူ တယ်ထားဦး ၊ ကားမောင်းတဲ့ ပုံစံအလေ့အထ၊ ကား အသုံးပြုပုံ တွေက တစ်ထပ်တည်း မတူနိုင်ပါဘူး ။ ဒါကြောင့် ကား အမျိုးအစား မော်ဒယ် ကို ကြည့်ပြီး ဘယ် အင်ဂျင်ဝိုင်သုံးသင့်တယ်လို့ပြောရခက်ပါတယ် ။ အင်ဂျင်ဝိုင် ဝယ်ဖို့ စဉ်းစားတဲ့အခါ ဘာကို အများအားဖြင့် ကြည့်လေ့ရှိသလဲဆိုတာ သုတေသန လုပ်ထားတာ ရှိပါတယ်။
-
နံပတ် ၁ ကတော့ တံဆိပ် (brand) ပါ။
ဒုတိယ အနေနဲ့ ကြည့်တာက Viscosity Grade (0W-20, 5W-30, 10W-30, 5W-40, 10W-40) စသဖြင့်။ ကားမှာ ပါလာတဲ့ owner’s manual မှာ ဖေါ်ပြထားတဲ့ Viscosity Grade ကို ရွေးချယ်ပါတယ်။ အကယ်၍ owner’s manual မှာ 5W-30 လို့ ပြောထားပေမယ့် သင် က 10W-30 သို့မဟုတ် 10W-40 ရွေးချယ်ကောင်း ရွေးပါလိမ့်မယ်။ အဲ့ဒီ ဂရိတ် က သင့်ကား အတွက် ပိုကောင်းမယ် လို့ သင့် မှာ လုံလောက်တဲ့ အကြောင်း ရှိ မှသာ ရွေးချယ်သင့်တယ်။
တတိယ အနေနဲ့ ကိုယ် ယုံ ကြည် ရ တဲ့ သူ ကို မေးမြန်းပြီး မှ သုံးကြတယ် လို့ သုတေသန မေးမြန်းချက် အရ သိရပါတယ် ။
အချို့ကတော့ specifications (engine oil) ပုံးမှာ ပါတဲ့ သို့မဟုတ် brochure / website တို့မှာ ဖေါ်ပြထားတဲ့ အသေးစိတ် အချက်အလက်တွေ ကြည့်ပြီးမှ ဝယ်သုံးတာ ဖြစ်တယ်။ အဲ့ဒါကတော့ အဖြစ်သင့် ဆုံး ရွေးချယ်မှု ပုံစံဖြစ်ပေမယ့် နောက်ဆုံး မှ ကြည့်လေ့ ရှိကြတယ်။ ကိုယ်ရွေးချယ်တာ ကိုယ်စိတ်တိုင်းကျဖို့ ဆိုရင် သင့်ကားနဲ့ ကိုက်ညီမယ့် အင်ဂျင်ဝိုင်နဲ့ပတ်သက်တဲ့ အဓိက အချက်အလက်တွေကို သိထား သင့်တယ်။
-
API (American Petroleum Institute) အမေရိကန် ရေနံဓါတုအဖွဲ့က အသိအမှတ်ပြုထားတဲ့ service category တံဆိပ်ဝိုင်း အင်ဂျင်ဝိုင်ပုံးရဲ့ အရှေ့ဘက် သို့မဟုတ် အနောက်ဘက် မှာ ပါရှိပါတယ်။ “For Gasoline Engine” လို့ ရေးထားတဲ့ ကြယ်ပွင့်တံဆိပ်လည်း ပါရှိပါမယ်။ အဲ့ဒီ အမှတ်အသား တံဆိပ်တွေက အင်ဂျင်ဝိုင်ထုတ်လုပ်တဲ့ စက်မှုကဏ္ဍ မှာ တင်းကြပ်တဲ့ စမ်းသပ်မှု၊ စစ်ဆေးမှုများ ပြုလုပ်ထားပြီးပြီလို့ ဆိုလိုတယ်။ အဲ့ဒီ API အသိအမှတ်ပြုတံဆိပ်တွေပါရင် သင်ရွေးချယ်တဲ့ အင်ဂျင်ဝိုင်ဟာ သင့် ကား အတွက် သင့်တော်လိမ့်မယ်။
-
Dexos 1, Dexos 2 – General Motor မှ GM ကားများ အတွက် (အင်ဂျင်ဝိုင်လိုအပ်ချက်) သတ်မှတ် စံနှုန်း ဖြစ်တယ်။
-
ACEA - ဥရောပ စံနှုန်းသတ်မှတ်ချက်များဖြစ်တယ်။ A3/B3, C4 စသဖြင့် သတ်မှတ်တယ်။ ဥရောပ ကားတွေ ကို ပိုင် ဆိုင်ထားရင် ဒီ စံနှုန်းသတ်မှတ်ချက်တွေကို သိထားသင့်တယ်။
-
BMW, VW, စတဲ့ ကားအမျိုးအစားတွေမှာလည်း အင်ဂျင်ဝိုင်လိုအပ်ချက် သီးခြား စံနှုန်းတွေရှိတယ်။
-
အင်ဂျင်ဝို်င် များ သတ်မှတ်တဲ့ ဂရိတ် မမီရင်၊ အင်ဂျင်ဝိုင်ပုံးပေါ်မှာ မမှန်ကန်တဲ့ အချက်များဖေါ်ပြထားရင် အမေရိက ရေနံဓါတုအရည်အသွေးအဖွဲ့ (PQIA – Petroleum Quality Institute of America) က ၄င်းရဲ ့ဝဘ်ဆိုက် မှာ ထုတ်ပြန်ကြေငြာလေ့ ရှိပါတယ်။ www.pqiamerica.com မှာ ဝင်ကြည့်နိုင်တယ်။
-
Semi-Synthetic သို့မဟုတ် Synthetic Blend အင်ဂျင်ဝိုင်
-
အင်ဂျင်ဝိုင် အကြောင်း ၄ တွင် ရေနံစိမ်းမှပြုပြင်ထုတ်လုပ်တဲ့ သဘာဝ ချောဆီ (Conventional Oil or Mineral Oils) နဲ့ ဓါတုပစ္စည်းများသက်သက်ဖြင့် ပေါင်းစပ် ထုပ်လုပ်တဲ့ ချောဆီ/ အင်ဂျင်ဝိုင် (Synthetic Oil) တို့ ခြားနားချက် အကြောင်း ပြောခဲ့ပြီး ဖြစ်တယ်။
Semi-Synthetic သို့မဟုတ် Synthetic Blend အင်ဂျင်ဝိုင်ဆိုတာကတော့ ပေးထားတဲ့ နာမည် အတိုင်း သဘာဝအခြေခံဆီ နဲ့ ဓါတုပစ္စည်းများသက်သက်ဆီ တို့ ရောစပ်ထုတ်လုပ်ထားတယ် ဖြစ်တယ်။ အရည်အသွေးကတော့ သဘာဝချောဆီန ဲ့ full synthetic oil ကြားမှာ ရှိတယ်။ full synthetic အင်ဂျင်ဝိုင် လောက် ကီလိုမီတာ အများ မသုံးပဲ ပုံမှန်အင်ဂျင်ဝိုင်လဲသုံးရင် အဆင်ပြေတဲ့ အမျိုးအစားဖြစ်တယ်။
-
High-Mileage Oils (ကီလိုများအင်ဂျင်များအတွက် အင်ဂျင်ဝိုင်)
အင်ဂျင်ဝိုင်ထုတ်လုပ်တဲ့ ကုမ္ပဏီများရဲ ့ အရေးပါတဲ့ အင်ဂျင်ဝိုင်အမျိုးအစား တစ်ခု ပါ။ ယနေ့ လမ်းပေါ်မှာ အသုံးပြုနေတဲ့ ကားတွေရဲ ့ အသုံးပြု သက်တမ်း ဟာ ပျမ်းမျှ ၁၁ နှစ် ရှိပြီ လို့ သိထားကြတယ်။ ဒါကြောင့် အဲ့ဒီ ကားအင်ဂျင်တွေဟာ အကောင်းဆုံး ၊ နည်းပညာအမြင်ျ့ဆုံး အင်ဂျင်ဝိုင် လိုအပ်နေတာ မဟုတ်ဘူး ။ အဲ့ဒီ အင်ဂျင်တွေမှာ ပွန်းစားတာ၊ အင်ဂျင်ဝိုင်လောင်ကျွမ်းတာ၊ အနည်းငယ် ယိုစိမ့်တာ ဖြစ်နေတတ်တယ်။ နှစ်ရှည်လများ အပူဒဏ်ကြောင့်၊ Gasket (ဂတ်စကစ်) နဲ့ Seals များ မာကြောလာတယ်။ ကျုံ ့နိုင် ဆန့်နိုင်အား ကျလာတယ်။ အဲ့ဒီ ပြဿနာကို အထူးဓါတ်ပစ္စည်းများ ထည့်ထား High-Mileage Oils (ကီလိုများအင်ဂျင်များအတွက် အင်ဂျင်ဝိုင်) က ဖြေရှင်းပေးနိုင်တယ်။ ကြီးမားတဲ့ စက်ပိုင်းဆိုင်ရာ ပြစ်ချက်တွေ ရှိရင်တော့ High-Mileage Oils က ဖြေရှင်းပေးနိုင်မှာ မဟုတ်ပါဘူး ဆိုတာကို တော့ လက်ခံရပါမယ်။ သင့်ကား အင်ဂျင် အသုံးပြုတာ မိုင် ၇၅၀၀၀ - ၁၀၀၀၀၀ လောက် ရှိပြီဆိုရင် High-Mileage Oils ကို သုံးဖို့ စဉ်းစား နိုင်တယ်။
-
ပြိုင်ကား သုံး အင်ဂျင်ဝိုင်လည်း ရှိပါသေးတယ် ။ အဲ့ဒီ အင်ဂျင်ဝိုင် အများစုဟာ ပြိုင်ပွဲအတွင်းသာ (အချိန်တို) သုံးရန် တီထွင်ထုတ်လုပ်ထားတာ ဖြစ်တယ်။ နေ့စဉ် သာမာန် သုံး ကားတွေမှာ သုံးရန် မဟုတ်ပါ။
-
ဘယ်လောက်ကြာရင် အင်ဂျင်ဝိုင်တစ်ခါ လဲရမလဲ
မိုင် (3000) (4850 km ခန့်) တစ်ခါ လဲတဲ့သူ ရှိသလို မိုင် (10000) (km 16000 ခန့်) မှ တစ်ခါ လဲ သူလည်း ရှိတယ်။ ဘယ်လောက်ကြာရင် အင်ဂျင်ဝိုင် လဲ ရမလဲဆိုတာသိဖို့ ပထမဆုံး owners’ manual မှာ ကြည့်ရပါမယ်။ ဒုတိယအနေနဲ့ ကိုယ့်ရဲ ့ကားမောင်းတဲ့ အလေ့ ပေါ် မူတည်ပါတယ်။ (အများအားဖြင့် ဟိုက်ဝေး မောင်းတာ ပုံမှန် အမြန်နှုန်း ဖြစ်လို့ မြို့တွင်း ရပ်လိုက် သွားလိုက် လုပ်ရတဲ့ ပုံစံထက် စာရင် km ပို အသုံး ပြုနိုင်တယ်)။ တတိယအားဖြင့် ဘယ်လို အင်ဂျင်ဝိုင်အမျိုးအစား သုံးသလဲပေါ် မူတည်တယ်။ ယေဘုယျ အားဖြင့် သဘာဝချောဆီ ထက် Synthetic Oil တွေက ပို အသုံးခံတယ်။
-
အချို့က စျေးကြီးကြီးပေးရတဲ့ အင်ဂျင်ဝိုင်တွေ ဝယ်လေ့ရှိပြီး အင်ဂျင်ဝိုင် အရောင် အနည်းငယ် ပြောင်းတာနဲ့ အင်ဂျင်ဝိုင်လဲချင်ကြတယ်။ အဲ့လို အရောင် ပြောင်းပေမယ့် အင်ဂျင်ဝိုင်ဟာ သုံးလို့ရတဲ့ အနေအထား ရှိနေ တတ်တယ်။
-
အင်ဂျင်ဝိုင်လဲရမယ့် အချိန်ကာလကို owner’s manual မှာ ဖေါ်ပြထားတဲ့ လမ်းညွှန်ချက် ကို အကြမ်း guideline အနေနဲ့ ယူပြီး သတ်မှတ်နိုင်ပါတယ်။ နောက်ဆုံး အနေနဲ့အရေးကြီးတာကတော့ အင်ဂျင်ဝိုင် ကို စနစ်တစ်ကျ လဲတာ ပဲ ဖြစ်တယ်၊ human error ဆိုတာ ရှိတတ်တာမို့ ခရီးရှည် မထွက်ခင် အနည်းဆုံး နှစ်ရက် သုံးရက်လောက် ကြို လဲ ထားတာ က ပို သေချာစေတယ်။ အင်ဂျင်ဝိုင်နဲ့ အတူ အရေးကြီးတာက အရည်အသွေး အဆင့်မီ တဲ့ အင်ဂျင်ဝိုင်စစ် (filter) ကို အသုံးပြုဖို့ပါပဲ။
Crd
17/08/2022
ကားရေမြုပ်သွားရင် လုပ်ဆောင်ရမယ့် အချက် ၆ ချက်
💧💧💧💧💧💧
☔မိမိကားကို ပါကင်ထိုးထားပြီး တစ်နေရာရာကို သွားနေချိန် မိုးရွာပြီး လမ်းရေကြီးလို့ ကားရေမြုပ်သွားရင် ဘာဆက်လုပ်မလဲ။ မိုးရေထဲ ကားမောင်းနေရင်းနဲ့ မထင်မှတ်ပဲ ကားစက်ရပ်သွားရင် ဘယ်လိုဆက်လုပ်မလဲ။ လမ်းကျပ်နေလို့ ကားကို စက်နှိုးပြီးရပ်ထားတုန်း လမ်းပေါ်ရေတွေတက်ပြီး ရုတ်တရက်ရေကြီးလာရင် ဘယ်လိုလုပ်မလဲ။
🌂၁။ မိမိကားဘယ်လောက်ထိရေမြုပ်နေသလဲဆိုတာကို စစ်ဆေးပါ။ တကယ်လို့များ ကားတံခါး အောက်ခြေထက်မပိုပဲ ရေမြုပ်နေတယ်ဆိုရင်တော့ နံပါတ် ၄ ကိုသွားပါ။
☆ တကယ်လို့ ကားရှေ့ဘောနက်ဖုံး ထိရေမြုပ်နေရင်တော့ ရေကျသွားတဲ့အထိခဏစောင့်ပါ။
☆ ပြီးရင်လေစစ်ကို စစ်ဆေးပါ။
✔ လေစစ်မှာ ရေစိုနေရင်တော့ နီးစပ်ရာ ကား၀ပ်ရှော့ဆီ ကားကိုဆွဲသွားပါ။
🌂၂။ ကားစက်နှိုးဖို့ မကြိုးစားပါနဲ့
☆ မတော်တဆ ကားအင်ဂျင်ထဲ ရေ၀င်နေရင် မိမိက ကားစက်နှိုးလိုက်တဲ့ အခါ ပြုပြင်လို့မရလောက်အောင် ကားအင်ဂျင်ပျက်စီးသွားပါလိမ့်မယ်။
☆ အောက်ပါအချက်တွေကို စစ်ဆေးပြီး အိုကေတယ်ဆိုမှ စက်နှိုးဖို့စဉ်းစားပါ။
✔ အကောင်းဆုံးကတော့ ကျွမ်းကျင်စက်ပြင်တစ်ယောက်ယောက်ကို ခေါ်ပြီး စစ်ဆေးခိုင်းပါ။
🌂၃။ အင်ဂျင်ဝိုင်ကို စစ်ဆေးပါ
☆ အင်ဂျင်ဝိုင်တိုင်းတဲ့ တုတ်တံမှာ ရေစက်တွေတွေ့နေရင် (သို့မဟုတ်) အင်ဂျင်ဝိုင်ပမာဏများလာရင် ဒါဟာ အင်ဂျင်ဝိုင်ခွက်ထဲ ရေ၀င်တဲ့လက္ခဏာပါ။
☆ လုံး၀လုံး၀ စက်မနှိုးပါနဲ့။
☆ နီးစပ်ရာ ကား၀ပ်ရှော့ဆီ ကားကိုဆွဲသွားပြီး အင်ဂျင်ဝိုင်တွေအကုန်ဖောက်ထုတ်ပါ။
☆ ပြီးရင် အင်ဂျင်ဝိုင်ခွက်၊ ပလပ်၊ စတာတွေကို သန့်ရှင်းပြီး အင်ဂျင်ထဲမှာ ရေမကျန်အောင်လုပ်ရပါမယ်။
🌂၄။ ဂီယာဝိုင်ကိုစစ်ဆေးပါ
☆ အင်ဂျင်ဝိုင်ကိုစစ်ဆေးသလိုပဲ ဂီယာဝိုင်တိုင်းတဲ့ တုတ်တံ ကို ရေရှိမရှိစစ်ဆေးပါ။
☆ တချို့ ဂီယာဘောက်စ်တွေမှာ ဂီယာဝိုင်တိုင်းတဲ့ တုတ်တံမထည့်ထားဘူး။
☆ တကယ်လို့များမိမိကားက အဲ့လိုဂီယာဘောက်စ်ပါရင် လုံး၀လုံး၀ ဂီယာထိုးခြင်း စက်နှိုးခြင်းမလုပ်ပဲ နီးစပ်ရာ ကား၀ပ်ရှော့ကို ကားဆွဲသွားလိုက်ပါ။
🌂၅။ စတီယာရင်ကို စစ်ဆေးပါ
☆ EPS (electronic power steering) ပါတဲ့ ကားတွေပြဿနာအဖြစ်များပါတယ်။ လျှပ်စစ်မော်တာသုံးပြီး ပါဝါစတီယာရင်ဖြစ်အောင်လုပ်ထားတဲ့အတွက် စတီယာရင်အုံကို (အရပ်ခေါ် စတီယာရင်ဂန်း) ရေ၀ပ်ရင်ပျက်ပါတယ်။
☆ ရိုးရိုး ဟိုက်ဒရောလစ်ဆီသုံးတဲ့ ပါဝါစတီယာရင်ဆိုရင်လည်း စတီယာရင်ဂန်းထဲ ရေစိမ့်သွားရင် အထဲက ဗားတွေ ပျက်စီးတတ်ပါတယ်။
☆ ဒါကြောင့် မိမိကားစတီယာရင်လေးလာရင် မပေ့ါပါနဲ့။
🌂၆။ လျှပ်စစ်စနစ်ကို စစ်ဆေးပါ
¤ ကားမောင်းသူတစ်ယောက်အနေနဲ့ လျှပ်စစ်ပစ္စည်းတွေအကြောင်းအသေးစိတ်မသိနိုင်ဘူး။
¤ ဒါပေမဲ့ ကြိုးပြတ်တာတွေ၊ ကြိုးလွတ်နေတာတွေ ရှိမရှိကိုတော့ စစ်ဆေးရမယ်။
¤ ရှေ့မီးကြီး၊ ကားအဲ့ယားကွန်း၊ တံခါးဂျက်၊ အတွင်းခန်းမီး စတာတွေ ကို စစ်ဆေးပါ။
¤¤¤ တစ်ခုခု မသင်္ခါရင် ပြနေကျ ကား၀ပ်ရှော့ကို သွားပြီးစစ်ဆေးခိုင်းပါ။
🚫ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ အောက်ပါအချက်တွေကို ပြုလုပ်ပါ။
♧ မိမိပြနေကျ ကား၀ပ်ရှော့ရဲ့ ဖုန်းနံပါတ်ကို မိမိလက်ကိုင်ဖုန်း နဲ့ ကားထဲမှာ မှတ်ထားပါ။
♧ အခုဖော်ပြထားတဲ့ Infographic အသေးစားကို ကားထဲမှာဖြစ်စေ၊ လက်ကိုင်ဖုန်းထဲမှာ ဖြစ်စေမှတ်သားထားပါ။
♧ ကားဆွဲတဲ့ ၀န်ဆောင်မှုပေးတဲ့ ကုမ္ပဏီဖုန်းနံပါတ်တွေကို မှတ်သားထားပါ။
♧ ဖြစ်နိုင်မယ်ဆိုရင် မိမိသွားမယ့် နေရာရဲ့ အခြေအနေကို ကြိုတင်စုံစမ်းပါ။ အခုဆို ရေဒီယိုကနေ တခါတလေ ယာဉ်ကြောအခြေအနေတွေဖော်ပြပေးတတ်ပါတယ်။
❌ကားရေမြုပ်သွားရင် ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာတွေကမနည်းဘူး။ ကားဘေးတံခါးအောက်ခြေလောက်အထိ မြုပ်သွားရင်တောင် အန္တရာယ်များတယ်။
💰 ပြန်လည်ပြုပြင်ရတဲ့ စရိတ်၊ ၀ပ်ရှော့ထိုးထားရတဲ့ အချိန်၊ စတဲ့ ဆုံးရှူံးမှုတွေက တော်တော်လေးကြီးမားတယ်။
✅✅ ဒါကြောင့် ကားအသုံးပြုသူတွေအနေနဲ့ မလိုအပ်ပဲ ကားကို ရေထဲဖြတ်မမောင်းပါနဲ့။
✔✔ ရေကြီးလေ့ကြီးထ ရှိတဲ့ လမ်းပေါ်မှာ မိုးရွာနေစဉ် ကားရပ်မထားခဲ့ပါနဲ့။
မိုးတွင်းမှာ အပျက်အစီးမရှိပဲ ကားကို အသုံးပြုနိုင်ကြပါစေဗျာ။
Crd original uploader
11/08/2022
ဓာတ်ဆီနဲ့ဒီဇယ်လောင်စာဆီမှားပြီးသင့်ကားမှာထည့်မိရင်ဘာဖြစ်နိုင်သလဲ
***********************************
သင်ဟာ ဓာတ်ဆီအင်ဂျင်ကားတစီးကို မောင်းနေတဲ့ ယာဉ်မောင်းသူတယောက်ဖြစ်ရင်ဖြစ်မယ် ၊ ဒီဇယ်အင်ဂျင်ကားကို မောင်းနေတဲ့ ယာဉ်မောင်းတယောက်ဖြစ်ရင်ဖြစ်ပါမယ် ။ သင့်ကား ဆီဖြည့်စဉ်မှာ ဆီဆိုင်က ဓာတ်ဆီကားကို ဒီဇယ်မှားထည်.လိုက်မိတယ် ၊ ဒီဇယ်ကားကို ဓာတ်ဆီမှားထည်.လိုက်မိတယ်ဆိုပါစို. ၊( ဖြစ်ခဲပေမယ့် ဖြစ်တော့ဖြစ်တတ်ပါတယ် ) ၊ သင်ကလည်း အမှုမဲ့ အမှတ်မဲ့ ဆီမှားထည်.လိုက်တာမသိဘဲ ကားစက်နှိုးလိုက်မိတယ်ဆို သင်ကားအင်ဂျင်
ဘာတွေဖြစ်သွားနိုင်မလဲဆိုတာကို သိပ္ပံနည်းကျ လက်တွေ.ကျကျ ဆွေးနွေးတင်ပြချင်ပါတယ် ။
ဆီမှားထည်.တဲ့ ပြသနာဘာတွေဖြစ်နိုင်တယ်ဆိုတာကို မသိခင် ဓာတ်ဆီအင်ဂျင်နဲ. ဓာတ်ဆီအင်ဂျင်တို.ရဲ. မတူကွဲပြားတဲ့ အင်ဂျင်တည်ဆောက်ပုံ မီးလောင်ပုံလေးတွေကို သိထားရင်ပိုကောင်းပါတယ် ။ ကျနော်အရင်ရေးထားတဲ့ ပိုစ့်မှာ
ရှာဖွေဖတ်နိုင်ပါတယ် ။
အခုတင်ပြချင်တာက ဓာတ်ဆီနဲ. ဒီဇယ်ဆီတို.ရဲ. မတူကွဲပြားတဲ့ ဂုဏ်သတ္တိတွေကိုပါ ။
ဓာတ်ဆီ၏ ဂုဏ်သတ္တိများ
အငွေ.ပျံလွယ်သည် ၊ ပုံမှန်အပူချိန်တွင် လွယ်ကူစွာ အငွေ.ပျံသည် ။
အရောင်မရှိ ၊ ထွင်းဖောက်မြင်နိုင်သည် ၊ အနံ.အနည်းငယ်သင်းပျံ.သည် ။
မီးစတင်လောင်ကျွမ်းရန် အနိမ့်ဆုံးသော အပူချိန်လိုအပ်ချက် ( Flash Point ) = -10 to -15 ' C (or) 14 to 15 ' F
နိပ်သောသိပ်သည်းဆ (0.60 to 0.78)
ဆီနှင့်ရာဘာထဲသို. စိမ့်၀င်နိုင်သည် ။
အပူချိန်ပမာဏ ( 9500 to 10500 Kcal / Kg 0r 4300 to 4800 Kcal / lb )
အေးနေသော အင်ဂျင်ကို စတင်နိုးချိန်တွင် လေနှင့်ဆီရောနှောမှုလွယ်ကူစေရန် လွယ်ကူသော အငွေ.ပျံစွမ်းရည်ရှိသည် ။
ဒီဇယ်၏ ဂုဏ်သတ္တိများ
ဒီဇယ်ကို ရေနံစိမ်းမှ အပူချိန် 200 ' C -300 ' C (104 to 212 ' F ) ရှိသည် ။
ဒီဇယ်သည် ရေနံဆီ ဓာတ်ဆီတို.ထက် နောက်ကျပေါင်းခံထားသော လောင်စာဆီဖြစ်သည် ။
အဝါရောင်သန်းသည် ၊ သင်းပျံ.သောရနံ.ရှိသည် ။
မီးစတင်လောင်ကျွမ်းရန် အနိမ့်ဆုံးသော အပူချိန်လိုအပ်ချက် ( Flash Point ) မြင့်မားပြီး 40 to 100 ' C (or) 104 to 212 '
သိပ်သည်းဆ ( 0.82 to 0.86 )
အပူချိန်ပမာဏ အနီးစပ်ဆုံး ( 10500 ' Kcal / Kg or 4800 Kcal / lb )
နိမ့်သောအပူချိန်တွင် အရည်အဖြစ်တည်ရှိနေရမည် ။
ဒီဇယ်သည် အင်ဂျက်ရှင်းပန်. ( Injection Pump ) နှင့် နော်ဇယ် (Nozzle ) များအတွင်းချောဆီအဖြစ်ဆောက်ရွက်ရသဖြင့် စေးပျစ်ပြီး ချောဆီဂုဏ်သတ္တိရှိရမည် ။
ဆီနှစ်ခုရဲ. မတူညီတဲ့ ဂုဏ်သတ္တိနှစ်ခုကို သိပြီဆိုရင် အခု ဓာတ်ဆီအင်ဂျင်ထဲကို ဒီဇယ်ဆီမှားထည်.ကြည်.ပါမယ် ။
ဓာတ်ဆီအင်ဂျင်ထဲကို ဒီဇယ်ဆီထည်.ပြီး စက်နိုးလိုက်ရင် ဘာဖြစ်မလဲ ?
အဖြေကတော့ ဘာမှမဖြစ်ပါဘူး ။ သင့်ကားအင်ဂျင် စက်နှိုးလာမှာမဟုတ်ပါဘူးခမျာ ။ စနစ်တကျပြန်ရှင်းပြပါမယ် ။
ဓာတ်ဆီအင်ဂျင်မီးလောင်ပေါက်ကွဲပုံက ဓာတ်ဆီနှင့်လေ အရောအနှောတွေကို အင်ဂျင်ထဲထည်. ဖိသိပ်ပြီး ပလက်ကနေမီးပေါက်ပေးပြီး မီးလောင်ပေါက်ကွဲမှုဖြစ်စေတာပါ ။ ဒီလိုအင်ဂျင်လည်ပတ်မှုဖြစ်စဉ်ဖြစ်စေဖို.
ဓာတ်ဆီကိုက သူ.ဂုဏ်သတ္တိအရ လေနဲ.ရောနှောရင် အဆင်ပြေစေဖို. အငွေ.ပျံလွယ်တဲ့စွမ်းရည်သတ္တိရှိပါတယ် ။ ဒီလိုအင်ဂျင်ထဲကို အငွေ.မပျံလွယ်တဲ့ ဒီဇယ်ထည်.လိုက်တဲ့အခါ ဒီဇယ်
ဟာ အငွေ.မပျံဘဲ အရေတွေအဖြစ်နဲ.ပဲတည်ရှိနေလို. လေနဲ.အရောအနှောမှာ ပေါက်ကွဲမီး
လောင်စေဖို. ဘယ်လိုမှမလွယ်ကူစေပါဘူး ။ နောက်တချက်က ဓာတ်ဆီရဲ. မီးလောင်လွယ်နိုင်စွမ်းပမာဏက မြင့်မားပြီးသားမို. အင်ဂျင်တည်ဆောက်ပုံကိုက အပူချိန်များစေတဲ့ တမင်ဖိနှိပ်မှုများတွေမပါ၀င်ပါဘူး ။
ဒီတော့ ဒီလိုအင်ဂျင်ထဲမှာ မီးလောင်မလွယ်နိုင်တဲ့ ဒီဇယ်ဆီဟာ မီးလောင်ဖို.လိုအပ်တဲ့အပူချိန်မရရှိလို. မီးလောင်ကျွမ်းဖို.မဖြစ်နိုင်ပါဘူး ။
ဒီတော့ ဓာတ်ဆီအင်ဂျင်ထဲ ဒီဇယ်ထည်.မိပြီး စက်နှိုးလိုက်ရင် ဘာမှမဖြစ်နိုင်ပါဘူးခမျာ ။ ဓာတ်ဆီကားမောင်းသူတွေကံကောင်းပါတယ် ။ မတော်မှားထည်.မိရင် စက်နှိုးမရတာကလွဲလို. အင်ဂျင်မထိခိုက်ဘဲ
ဆီတိုင်ကီ ထဲက ၊ ပိုက်လိုင်းတွေထဲက မှားထည်.မိတဲ့ ဒီဇယ်တွေကို ကုန်အောင်ထုတ် ဓာတ်ဆီပြန်ထည်.မောင်းလို.ရပါတယ် ။ ကဲဓာတ်ဆီအင်ဂျင်ပြီးတော့ ဒီဇယ်အင်ဂျင်အလှည့်ပေါ့ ။
ဒီဇယ်အင်ဂျင်ထဲကို ဓာတ်ဆီမှားထည်.ပြီး စက်နှိုးမောင်းမိရင် ဘာဖြစ်မလဲ ?
အဖြေက ခေတ်စကားနဲ.ပြောရရင် မြွေခြောက်ကိုက်သလိုပါပဲဗျာ ။ အင်ဂျင်ရယ် ဆက်စပ်ပစ္စည်းတွေ အကုန်ဂန်.သွားနိုင်ပါတယ် ။ စနစ်တကျပြန်ရှင်းပြပါမယ် ။
ဒီဇယ်အင်ဂျင်မီးလောင်ပေါက်ကွဲမှု ဖြစ်စဉ်က ဒီဇယ်အင်ဂျင်ထဲကို လေတမျိုးထဲကိုသာ Inlet ကနေ သွင်း ၊ အဲ့လိုကိုပဲ အပူချိန်အများကြီးရအောင် Piston ဖိအားတွေနဲ. အတင်းဖိသိပ် ၊ တော်ရုံမီးမလောင်နိုင်တဲ့ ဒီဇယ်ဆီတွေ
မီးလောင်လောက်တဲ့ အပူချိန်ရောက်ပြီဆိုမှ ဒီဇယ်ဆီတွေကို နော်ဇယ်ကနေ သတ်မှတ်အတိုင်းအတာအဖြစ် အမှုန်အမွှားလေးတွေဖြန်းပေးခြင်းဖြင့်မီးလောင်တာပါ ။ အဲ့လိုအင်ဂျင်ထဲကို မီးလောင်လွယ်လွန်းတဲ့ ဓာတ်ဆီထည်.ပါပြီတဲ့
ဗျာ ။ အပူချိန် အနှုတ်ဒီဂရီမှာတောင်မီးလောင်နိုင်တဲ့ ဓာတ်ဆီဟာ မလောင်လောင်အောင် အပူချိန်နဲ.ဖိအားတွေပေးထာတဲ့ အင်ဂျင်ထဲမှာ စည်းမဲ့ကမ်းမဲ့ အထိန်းအကွပ်မဲ့ မီးလောင်ကျွမ်းမှု
( Uncontrolled Combustion ) ဖြစ်ပါတော့တယ် ။ အဲ့လိုဖြစ်တဲ့အတွက် အင်ဂျင်သံမီးလောင်မှုကို နားမထောင်တဲ့ ယာဉ်မောင်းနဲ.ဆိုရင် သတိမမူမိဘဲ အချိန်အတော်ကြာမောင်းလိုက်မယ်ဆိုရင်ပဲ
အင်ဂျင်အတွင်းက မီးလောင်ခန်းသုံး ပစ္စည်းတွေဖြစ်တဲ့ Piston , Valve , Cylinder Head , Cam Shaft အစရှိတဲ့ ဆက်စပ်ပစ္စည်းတွေအကုန်ပျက်စီးပါမယ် ၊ ၀ပ်ရှော့ပို.ပြီး အင်ဂျင်ချရမယ် ။ အတွင်းပစ္စည်းတွေအကုန်ပြုပြင်လဲလည်ရ
နိုင်ပါတယ် ။ ဒါတွင်ပဲလားဆို မဟုတ်သေးပါဘူး ။ ဒီဇယ်အင်ဂျင်မှာ သုံးနေတဲ့ နော်ဇယ်တွေ အင်ဂျက်ရှင်းပန်.တွေဟာ ဒီဇယ်ရဲ. စေးပျစ်မှု ချောဆီသဘောကို မှီခိုပြီးရပ်တည်နေပါတယ် ။ အဲ့လိုပစ္စည်းတွေထဲကို စေးပျစ်မှုမရှိတဲ့ ဓာတ်ဆီ
ထည်.လည်ပတ်လိုက်တဲ့အတွက် ချောဆီစနစ်ပျက်စီးပြီး နော်ဇယ်တွေ အင်ဂျက်ရှင်းတွေပါ အပိုလိုက်ဂန်.ပါမယ် ၊ တခြား ရာဘာစီးတွေမှာလည်း ဓာတ်ဆီဟာပျော်၀င်ကုန်တာမို. အင်ဂျင်တခုလုံးပျက်စီးမှုမျိုးစုံကြုံတွေ.ရပါမယ် ။
ဒီဇယ်အင်ဂျင်ယာဉ်မောင်းဆရာတွေ သတိပြုကြစေလိုပါတယ် ။ ဓာတ်ဆီမှားမထည်.မိဖို.ရယ် မှားထည်.မိရင်တောင် စက်နှိုးပြီးပြီးချင်သိပြီး အချိန်မှီ အခြေအနေမဆိုးခင်ရပ်တန်.ဖို.ရယ်ပါ ။
ဒီလောက်ဆို ဆီမှားထည်.တဲ့ ပြသနာကနေ အင်ဂျင်တွေဘာဖြစ်နိုင်တယ်ဆိုတာ ကွဲကွဲပြားပြားသိလောက်ပါပြီ ။
ဒီဇယ်အင်ဂျင်ထဲ ဓာတ်ဆီ လုံး၀ (လုံး၀)ထည့်မောင်းလို့မရပါဗျ
စာဖတ်သူမိတ်ဆွေများအားလုံး နည်းပညာဗဟုသုတ ဖွံ.ဖြိုးတိုးတက်ကြပါစေ ။
Crd original uploader
02/08/2022
Toyota Harrier / Lexus RX အကြောင်းသိကောင်းစရာ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဒီကနေ့ တိုယိုတာရဲ့ Mid-Luxury crossover SUV ကို စတင်မိတ်ဆက်ခဲ့တာကတော့ December 1997 ခုနှစ်မှာပါ။ Toyota ကနေ ဒီဇိုင်းတူ / မော်ဒယ်တူ ပြီး နာမည် နှစ်မျိုးနဲ့ ထုတ်ခဲ့ပါတယ်။
Harrier နဲ့ Lexus RX ဆိုပြိးထုတ်ဖို့ ဒီဇိုင်းဆွဲခဲ့တာကတော့ ဂျပန် ဒီဇိုင်းနာ Makoto Oshima ပဲဖြစ်ပါတယ်။
Harrier ကို တော့ ဂျပန်ပြည်တွင်း သုံးအဖြစ်ထုတ်လုပ်ရောင်းချခဲ့ပြီး Lexus RX ကိုတော့ ကမ္ဘာနဲ့ အဝှမ်း တင်ပို့ရောင်းချခဲ့ပါတယ်။
ထူးခြားချက်အနေနဲ့ harrier ဟာ unibody ရဲ့ ရှေးအကျဆုံး ကားတည်ဆောက်ခြင်းခံရတာပါ။ Unibody ဆိုတာကတော့ ကားရဲ့ frame မှာ မျိုးစုံလာရောက်တွဲဆက်တဲ့ ဒီဇိုင်းပါ။ 1990 ဝန်းကျင်မှာ ကား အားလုံးဟာ body သတ်သတ် frame သတ်သတ် တည်ဆောက်လေ့ ရှိပြီး၊ နောပ်ဆုံးမှာ တွဲဆက်လိုက်တာ မျိုးပါ။ Harrier ကတော့ အစိတ်အပိုင်းအားလုံး တတွဲစပ်တည်း ပွဲထွက်လာတဲ့ Unibody စနစ်ပါ။ လက်ရှိ အချိန်ထိ မျိုးဆက် လေးဆက်တိုင်ခဲ့ပြီ ဖြစ်တဲ့ Harrier အကြောင်း အောက်မှာ ရှင်းပြထားပ်တယ်။
First Generation ( 1997-2003)
First generation မှာတင် အဆင့်နှစ်ဆင့် ခွဲခြားလို့ ရနိုင်ပါသေးတယ်။ 2000 နောက်ပိုင်း မော်ဒယ်တွေ မှာ facelift လုပ်ခဲ့ပြီး မီးခွက်ဒီဇိုင်းတွေ ပြောင်းတဲ့ အပြင် chassis ပါ ပြောင်းခဲ့ပေမယ့် Generation အနေနဲ့ တော့ မပြောင်းပါဘူးလို့ တိုယိုတာ ကိုယ်တိုင် ထုတ်ပြန်ထားတာပါ။
မြန်မာပြည်အနှံ့ တွေ့မြင်နေရလေ့ ရှိတဲ့ ဒီပထမ မျိုးဆက်ရဲ့ engine တွေကတော့ ၃ မျိုး အထိ ရှိပါတယ်။
2.2L 5S-FE I4 ( 130 hp, 4400 rpm)
2.4L 2AZ-FE I4 ( 160 hp, 5600 rpm)
3.0L 1MZ-FE V6 ( 194 hp, 5200 rpm)
ဆိုပြီး တပ်ဆင်ပေးလေ့ရှိပါတယ်။ 2.4L အင်ဂျင်ကတော့ 2000 နောက်ပိုင်း မော်ဒယ်မှာသာ တွေ့ရမှာပါ။ 2.2 L အင်ဂျင် line-up ကို အစားထိုးလိုက်တာ ဆိုရင်လည်း မမှားပါဘူး။ 5S-FE အင်ဂျင် တွေကို 1999 နောက်ပိုင်း ထပ်မံထုတ်လုပ်ခြင်း မရှိတော့ပါဘူး။
ကားရဲ့ အရွယ်အစားတွေ ကတော့
Wheel base = 2619 mm
Length = 4575 mm
Width = 1816 mm
Height = 1669 mm
အသီးသီး ရှိနိုင်ပြီးတော့ Lexus မော်ဒယ်မှာ ကားအမြင့်ဟာ ပိုနိုင်ပါတယ်။
ဂရိတ် အနေနဲ့တော့ S နဲ့ G လို့ အကြမ်းဖျင်း သတ်မှတ်နိုင်ပြီး ဂရိတ်ပျောက်လည်း ရှိပါတယ်။ S ဂရိတ်မှာတော့ S PACKAGE , G ဂရိတ်မှာတော့ G PACKAGE လို့ ကားနောက်ဖုံးမှာ ရေးလေ့ရှိပြီး , 4WD ဆိုရင်တော့ FOUR ဆ်ုတာလေး ပါဝင်လာပါလိမ့်မယ်။
Chassis အနေနဲ့ ကတော့ အင်ဂျက်ပါဝါပေါ်မူတည်ပြီး နှစ်မျိုးသာ ကွဲပြားပါမယ်။
2.2L မှာ GF-SXU10W
3.0L မှာ GF-MCU10W
ဖြစ်ပြီးတော့ 4WD ဆိုရင်တော့ 10W နေရာမှာ 15W နဲ့ ဆုံးပါတယ်။
2000 နောက်ပိုင်း မှာတော့ 2.2L ပျောက်သွားပြီး 2.4 နဲ့ 3.0 သာ ထုတ်ပါတော့တယ်။ Chassis အနေနဲ့ကတော့ ပြောင်းသွားပြီး 2.4L မှာ TA-ACU10W နဲ့ 3.0L မှာ TA-MCU10W ဖြစ်ပြီး၊ 4WD ဆိုရင်တော့ 15W နဲ့ ဆုံးတဲ့ chassis ပါပဲ။
ဂရိတ်အနေနဲ့ ခွဲရရင်တော့
PRIME SELECTION
IR VERSION
G
ဆိုပြီး သုံးမျိုး ခွဲနိုင်ပါတယ်။
Second Generation ( 2003-2008 )
မြန်မာတွေ ခေါ်လေ့ရှိတဲ့ ဇွန်ကြီး ဆိုတဲ့ second generation ကတော့ ထူးထူးခြားခြား ကားနောက်ပိုင်းက လုံးထွက်နေတာလေး မှတ်မိကြမှာပါ။ ပိုပြီးကျဟ်လစ်တဲ့ ဒီဇိုင်း, LED taillight , Golden bird's eye maple တွေအပြင် အတွင်းခန်း အဆင့်မြင့်တင်ထားတဲ့ storage area တွေ ကဆွဲဆောင်မှု အားကောင်းလွန်းလှပါတယ်။ တိုယိုတာရဲ့ K platform ထဲကို ဆွဲသွင်းခြင်းခံရတဲ့ ထိ အောင်မြင်တဲ့ ဒီမော်ဒယ်ဟာ ရှုတ်ထွေးတဲ့ chassis တွေ နဲ့ ပွဲထွက်လာပြီး အင်ဂျင်အနေနဲ့ နှစ်မျိုးသာ ရှိပါတယ်။
2.4L 2AZ-FE I4 ( 160hp, 5600 rpm)
3.0L 1MZ-FE V6 ( 194hp, 5200 rpm)
ဆိုပေမယ့် Lexus RX အတွက်မှာတော့
3.5L 2GR-FE V6 ( 268hp, 6200 rpm)
ကို သီးသန့် မှာယူနိုင်ပါသေးတယ်။
အင်ဂျင်အားလုံးဟာ Dual VVT-i version နဲ့သာလာပါတယ်။
စာကြွင်း ။ ။ Toyota K platform ဆိုတာ တိုယိုတာရဲ့ အကောင်းဆုံး ကားတည်ဆောက်မှု နည်းပညာတွေ ပေါင်းစပ်ထားခြင်း ဖြစ်ပါတယ်။ Avalon, Camry, Highlander, Sienna, Venza, Lexus RX, Lexus ES တွေအပြင် အခြား နာမည်ကြီး တိုယိုတာ ကား အများစု အတွက် အသုံးပြုပါတယ်။
ဒီဒုတိယ မျိုးဆက်မှာ ဂရိတ်/ Chassis အနေနဲ့ကတော့
240G
(UA-ACU30W-AWPGK)
240G L PACKAGE
(UA-ACU30W-AWPGKA)
240G Premium L PACKAGE
(UA-ACU30W-AWPGKB)
AIRS
(UA-MCU31W-AWAGK)
300G
(UA-MCU30W-AWAGK)
300G L PACKAGE
(UA-MCU30W-AWAGKA)
300G Premium L PACKAGE
(UA-MCU30W-AWAGKB)
ဆိုပြီးတော့ ရှိပြီး 4WD ဆိုရင်တော့ FOUR ပါဝင်လာပြီး chassis မှာတော့ 30W အစား 35W ဖြစ်လာပါလိမ့်မယ်။
3.5 L အင်ဂျင်တပ် Lexus RX မှာတော့ RX350G လို့ ရေးလေ့ရှိပါတယ်။
အင်ဂျင်ပါဝါ မြင့်လာလေလေ ဂရိတ်စုံလာလေလေ ပါဝင်ပစ္စည်းများလာလေလေ ဆိုတာကတော့ ဂျပန်တွေရဲ့ စံချိန်လို့တောင် ပြောရမလိုပါပဲ။
ဂရိတ်အနေနဲ့ အတူတူပေမယ့် Chassis အနေနဲ့ အပြောင်းအလဲ ဖြစ်လာခဲ့ပါသေးတယ်။ 2004 မှာ UA ကနေ CBA ပြောင်းတယ် ( နောက်ကကျန်တာတူ) ။ 3.5L အင်ဂျင်တပ်ရင်တော့ DBA နဲ့ စပါလိမ့်မယ်။
Third Generation ( 2008-2012 )
တတိယမျိုးဆက်ကတော့ ဒုတိယမျိုးဆက်လောက် အောင်မြင်မှု သိပ်မရပေမယ့် အရှိန်အဝါကိုတော့ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်ပါတယ်။ အင်ဂျင်ပါဝါအနေနဲ့ကတော့ ဒုတိယမျိုးဆက်နဲ့ အတူတူပေမယ့် ဂရိတ်ခွဲများစွာ မထုတ်တော့ပဲ နှစ်မျိုးသာ ထုတ်ပေးပါတယ်။
2.4L နဲ့ 3.5L နှစ်မျိုးပါပဲ။ ဂျပန်ကားဟောင်းသာ အတွေ့ရများတဲ့ မြန်မာပြည်မှာတော့ ဒီမျိုးဆက်ရဲ့ 3.5L ဟာ ရှားပါး နေအုံးမှာပါ။ ဂျပန်မှာ 2.4L သာ အသုံးများတာကြောင့်ပါ။
ဒီမော်ဒယ်မှာ စတင် အသုံးပြုလာတာက တိုယိုတာရဲ့ hybird စနစ်ပါ။ နောက်ထပ်ထူးခြားချက်အနေနဲ့ကတော့ harrier ကို mid-crossover SUV အနေနဲ့ထားခဲ့ပြီး Lexus ကိုတော့ Full size SUV အဖြစ်ခွဲထုတ်လိုက်တာ တွေ့ရပါတယ်။
Harrier မှာ
2.4L 2AZ-FE ကိုပဲ အနည်းငယ် ပြုပြင်ပေးထား တဲ့ ဗားရှင်းအသစ် ကို ထည့်သွင်းပြီး ဂျပန်မှာ ရောင်းချပါတယ်။ 3.5L အင်ဂျင်မှာတော့ build in hybird system ထည့်သွင်းပေးထားပေမယ့် ဂျပန်မှာ အစီးရေ အနည်းငယ်သာ ရောင်းချခဲ့ရပါတယ်။
Lexus RX မှာတော့
2.7L 1AR-FE I4 ( 182 hp, 4200rpm)
3.5L 2GR-FE V6 ( 268 hp, 6200rpm)
3.5L 2GR-FXE (292 hp ) D-4S system
ဖြစ်သွားပြီး Lexus RX450h လို့ခေါ်ကြပါတယ်။
Fourth Generation ( 2012-Present)
လက်ရှိ နောက်ဆုံး ထုတ်လုပ်ရောင်းချနေတဲ့ မော်းယ်ကတော့ ထူးထူးခြားခြား ဒီဇိုင်းအပြင် ရုပ်ထွက်က ဆွဲဆောင်မှု အပြည့် နဲ့ မြင်သူငေးကြတဲ့ အမျိုးအစားပါပဲ။
နောက်ထပ်ထူးခြားမှု တစ်ခုကတော့ လူတွေ အဓိက စဉ်းစားတဲ့ ဆီစားသက်သာမှုကို ထပ်ပေါင်း လိုက်တော့ အလွန့်အလွန်ရွေးချယ်သင့်တဲ့ အမျိုးအစား အဖြစ်ပွဲထွက်လာတာပါပဲ။
ဒီမျိုးဆက်မှာတော့ အင်ဂျင်တစ်မျိုးသာ သုံးပါတယ်။ ဒီအင်ဂျင်ကတော့ တိုယိုတာရဲ့ နောက်ဆုံပေါ် အင်ဂျင် စီရီး ဖြစ်တဲ့ ZR စီးရီးထဲက 3ZR-FAE I4 , 2.0L အင်ဂျင်ပါပဲ။
193 Nm / 3800 rpm ရှိတဲ့ ဒီ အင်ဂျင်ဟာ တိုယိုတာရဲ့ နောက်ဆုံးပေါ် ကား အများစုမှာ တပ်ဆင်ပေးထားပါတယ်။
ဂရိတ်/ Chassis အနေနဲ့ကတော့
PREMIUM
( DBA-ZSU60W-ANXGP )
PREMIUM ADVANCED PACKAGE
( DBA-ZSU60W-ANXGP(A) )
GRAND
( DBA-ZSU60W-ANXXP )
ELEGANCE
( DBA-ZSU60W-ANXMP )
ဆိုပြီး လာပါတယ်။ 4WD မော်ဒယ်မှာတော့ FOUR ဆိုတဲ့ စာလေး နဲ့ 60W ကနေ 65W လို့ ပါဝင်မှာကတော့ သက်တမ်းတစ်လျောက် မပြောင်းလဲတဲ့ DNA အသေးစားလေးပေါ့။ ဒီမျိုးဆက်မှာ ကွဲပြားထွက်လာတာကတော့ ဂီယာဘောက်ကြောင့်လည်း ထူးခြားလာပါတယ်။ CVT ဂီယာဘောက်ကြောင့် engine ရဲ့ efficiency ပိုကောင်းလာတာကြောင့် အင်ဂျင်ပါဝါသေးသွားပေမယ့်လည်း အဆွဲအရုန်းဟာ ပိုတောင်သွက်လက်လာပါသေးတယ်။ Third Generation အထိ တောက်လျောက် harrier မှာ 4AT/ 5AT စတဲ့ အော်တိုဂီယာဘောက်တွေသာ သုံးစွဲခဲ့တာပါ။
ဒီလောက်ဆိုရင်တော့ တိုယိုတာရဲ့ Harrier အကြောင်း အနည်းငယ်သိရှိလောက်ပါပြီ။
crd
01/08/2022
Wish အကြောင်းသိကောင်းစရာ.....
Toyota WISH ဆိုတာ ၂၀၀၃ခုနှစ်က စတင်ပြီး ယနေ့တိုင် တိုယိုတာတို့ ထုတ်လုပ်ရောင်းချလျက်ရှိတဲ့ Compact MPV ကားဖြစ်ပါတယ်။
MPV ဆိုတာ Multi- Purposed Vechile (စွယ်စုံသုံးကား) လို့ အမည်ရပါတယ်။ နာမည်ပေးဖြစ်ပုံကလည်း ဆန်းပါတယ်။ ဂျပန် R&B အဆိုတော်မလေး Hikaru Utada ရဲ့ တေးစီးရီးသစ်မိတ်ဆက်ပွဲကာလမှာ Toyota ရဲ့ ယင်း MPU ကားကိုပါ ပူးတွဲ Promote လုပ်ခဲ့ပြီး သူမရဲ့ သီချင်းခေါင်းစဉ်- မျော်လျင့်ချက်ဖြစ်တည်လာ (Wish Comes True) ကိုအစွဲပြုပြီး မျော်လင့်ချက် (Wish) ဆိုတဲ့အမည်နဲ့ထည့်သွင်းပေးလိုက်တာ ဖြစ်ပါတယ်။
ဒါကြောင့် ယင်းကားကို ယနေ့တိုင် တိုယိုတာ ဝစ်ခ်ျလို့ လူသိများနေရတာ ဖြစ်ပါတယ်။
2003 နှစ်ဦးပိုင်းမှာ စတင်ထုပ်လုပ်ခဲ့တဲ့ Wish ရဲ့ ထူးခြားချက်ကတော့ ထိုင်ခုံ (၃)တန်းပါ၀င်တာ ဖြစ်ပါတယ်။ မိသားစုနဲ့ စီးဖို့ သင့်တော်တဲ့ ကားအမျိုးအစားပါ။ အင်ဂျင်ပါဝါလည်း အရမ်းမများလှဘဲ 1800cc နဲ့ ရှိသလို 2000cc နဲ့လည်း ရှိပါတယ်။ 1800cc မှာ 2WD နဲ့ 4WD ဆိုပြီး (၂)မျိုးကွဲပြီး 2000cc မှာတော့ 2WD တစ်မျိုးတည်းသာ ရှိပါတယ်။
ဂရိတ်ခွဲတွေအနေနဲ့ 1800cc မှာဆို X E, X, X S ဆိုပြီး ကွဲပြားပါတယ်။ ဂရိတ်အမြင့် XS ဆိုရင်တော့ Xenon headlight နဲ့ဖြစ်သွားမှာ ဖြစ်သလို ရှေ့ဘန်ဘာမှာလည်း skirt အသေးလေး ပါ၀င်ပါလာလိမ့်မယ်။ Original TV နဲ့ဆိုရင်တော့ အနောက်ကင်မရာအပြင် အရှေ့ကင်မရာပါ ပါ၀င်လာပါလိမ့်မယ်။ Original TV ဖြစ်၊ မဖြစ်က ဂရိတ်ခွဲတွေ၊ အင်ဂျင်ပါဝါတွေနဲ့ မသက်ဆိုင်ဘဲ ကားတစ်စီးချင်းစီမှာ optional အနေနဲ့ ပါ၀င်နိုင်ပါတယ်။
2000cc မှာတော့ G နဲ့ Z ဆိုပြီး ဂရိတ်ကွဲပါတယ်။ ထူးခြားတာက Z တစ်မျိုးတည်းသာ ၆ယောက်စီးအဖြစ်ရနိုင်ပြီး ဒုတိယထိုင်ခုံ အလယ်အလွတ်နဲ့ လျှောက်လမ်း ပါ၀င်လာမှာ ဖြစ်ပါတယ်။ ဒုတိယတန်းမှာ လျှောက်လမ်းနဲ့မို့ တတိယတန်းက လူအတက်အဆင်းလုပ်တဲ့အခါ ဒုတိယတန်းကလူ ဖယ်ပေးဖို့ မလိုတော့ပါဘူး။ တခြားဂရိတ်တွေမှာဆို ကားဘီးရဲ့ အရွယ်ဟာ 15" ဖြစ်ပေမယ့် Z ဆိုရင်တော့ ကားဘီး 17" ဖြစ်သွားပါလိမ့်မယ်။ Z ဂရိတ်ဖြစ်မှပဲ (ပုံထဲကလို) ဘေးဖောင်းလိုင်း ပတ်လည် ပါ၀င်လာမှာမို့ ကားရဲ့ ဘေးဖောင်းလိုင်း ပါမပါကို ကြည့်ရုံနဲ့ပဲ Z ဂရိတ်ဖြစ် မဖြစ် က လွယ်လွယ်ကူကူ ခွဲခြားနိုင်ပါတယ်။
နိုင်ငံတော်အခွန်အရ 1800cc က အခွန်သက်သာတာမို့ 1800cc ကို ရွေးချယ်ရင် ရွေးချယ်၊ 1800cc မဟုတ်ဘူးဆိုရင်တော့ 2000cc ထဲက Z ဂရိတ်ကိုသာ ရွေးချယ်လေ့ရှိကြပါတယ်။ 2000cc ဖြစ်ပြီး 18000cc နဲ့ ထူးထူးခြားခြား မကွာတဲ့ G ဂရိတ်ကိုတော့ ရွေးချယ်တင်သွင်းလေ့ နည်းပါတယ်။
Chassis အနေနဲ့ကတော့
ZNE10G (1800cc, 2WD)
ZNE14G (1800cc, 4WD)
ANE10G (2000cc, 2WD)
ANE11W (2000cc, 2WD)
ANE10G က G ဂရိတ်ရဲ့ chassis ဖြစ်ပြီး ANE11W ကတော့ Z ဂရိတ်ရဲ့ chassis ဖြစ်ပါတယ်။ ကားအများစုမှာ အင်ဂျင်တူ၊ Drivetrain (2wd/4wd) တူရင် chassis ချင်းတူတတ်ပေမယ့် Wish 2000cc မှာတော့ ဂရိတ်ပေါ်လိုက်ပြီး chassis ပါကွဲသွားပါတယ်
Crd
19/07/2022
၁၉ ဂျူလိုင် မမေ့နိုင်
15/07/2022
Electronic Throttle Control System
မြန်မာတွေက ကားကိုအရှိန်တင်တဲ့ Accelerator pedal ကို လီဗာလို့ အလွယ်ခေါ်ကြပါတယ်။ ကားကို စက်နှိုးပြီး လီဗာကို ဘာမှမထိရင် ကားအင်ဂျင်က 800 rpm လောက်နဲ့လည်နေပါလိမ့်မယ်။ အဲ့ဒါကို idle လို့ခေါ်ပါတယ်။ အရှိန်တင်ချင်ရင် လီဗာကို နင်းရပါမည်။ လီဗာက အရင်တုန်းက ကားအဟောင်းတွေမှာ Mechanical နည်းနဲ့ဆက်ပြီး စက်ဘီးဘရိတ်ကြိုးလို အလုပ်လုပ်ပါတယ်။ ဓာတ်ဆီအင်ဂျင်မှာ အင်ဂျင်ပါဝါကို Throttle valve နဲ့ထိန်းပါတယ်။ အင်ဂျင်ပါဝါများများလိုချင်ရင် throttle ဗားကို များများဖွင့်ပေးရပါတယ်။ ဒီဇယ်အင်ဂျင်မှာကျတော့ အင်ဂျင်ပါဝါကို Diesel lnjection pump ကနေ ထိန်းချုပ်ပါတယ်။ အဲ့ဒီနည်းတွေက အရင်တုန်းက သုံးခဲ့တာပါ။ အခုလည်း လက်ကျန်ကားတွေနဲ့ နေရာတော်တော်များများမှာ သုံးနေဆဲပါ။
ခေတ်မီကားတွေမှာတော့ စက်မှုနည်းမသုံးတော့ပဲ အီလက်ထရောနစ်နည်းကို အသုံးပြုလာပါတယ်။ လီဗာအောက်မှာ Accelerator pedal position sensor တပ်ဆင်ပြီး ကားမောင်းသူက ဘယ်လောက်နင်းသလဲ ဆန့်လုပ်ကာ ကားကွန်ပျူတာဆီကို သတင်းပို့ပါတယ်။ Throttle valve မှာလည်း Throttle positon sensor ကိုတပ်ဆင်ပြီး ဘယ်လောက်ပွင့်နေသလဲ ဆန့်လုပ်ကာ ကားကွန်ပျူတာဆီကို သတင်းပို့ပါတယ်။ Throttle valve ကို ဆာဗိုမော်တာက မောင်းနှင်ပါတယ်။ ကားကွန်ပျူတာက Input sensors တွေဆီက သတင်းရယူပြီး Output ထွက်ကာ ဆာဗိုမော်တာကို တိတိကျကျဖွင့်ပိတ်စေပါတယ်။ အဲ့ဒါကြောင့် အီလက်ထရောနစ်နည်းက တိကျခြင်း၊ ဆီစားသက်သာခြင်း၊ အဖွင့်အပိတ်မြန်ဆန်ခြင်း၊ ပြုပြင်ထိန်းသိမ်းရတာ သက်သာခြင်း၊ ပျက်ပါက အပြစ်ရှာရလွယ်ကူခြင်း စသည်ကောင်းကျိုးတွေ ရှိပါတယ်။
Credit
15/07/2022
Model 2023 Toyota Crown
Technical Data တွေဖတ်ကြည့်ပြီးတဲ့အခါ နည်းပညာပိုင်းတော့ ထုံးစံအတိုင်းမြင့်လာတာပါပဲ။
မြန်မာတွေပြောကြတဲ့ Grade ခွဲကတော့ 𝙓𝙇𝙀,𝙇𝙞𝙢𝙞𝙩𝙚𝙙နဲ့ 𝙋𝙡𝙖𝙩𝙞𝙣𝙪𝙢 ဆိုပြီး (3)မျိုးရမယ်။
𝙃𝙮𝙗𝙧𝙞𝙙နဲ့လဲ ရမှာဖြစ်ပြီး သူ့အတွက် 𝙃𝙮𝙗𝙧𝙞𝙙 𝙈𝙖𝙭 (𝙤𝙧) 𝙁𝙤𝙪𝙧𝙩𝙝 𝙂𝙚𝙣𝙚𝙧𝙖𝙩𝙞𝙤𝙣 𝙏𝙤𝙮𝙤𝙩𝙖 𝙃𝙮𝙗𝙧𝙞𝙙 𝙎𝙮𝙨𝙩𝙚𝙢-𝙏𝙃𝙎ဆိုတဲ့ စနစ်2မျိုးနဲ့ရမယ်။
အင်ဂျင်ကတော့ 2.4L inline 4နဲ့ 2.5L inline 4 ဓာတ်ဆီအင်ဂျင်တွေနဲ့ပဲဖြစ်မယ်၊ Transmission ကတော့ 6Speed Auto ပါ။
𝙏𝙤𝙮𝙤𝙩𝙖 ရဲ့အသစ်စက်စက် 𝙂𝘼-𝙆 𝙋𝙡𝙖𝙩𝙛𝙤𝙧𝙢 ပေါ်အထိုင်ချတည်ဆောက်ထားတယ်။
ကားရုပ်ကတော့ ဘယ်လိုမှအဆင်မပြေ ၊ 𝘾𝙧𝙤𝙬𝙣 လို အစဉ်အလာကြီးတဲ့ E Segment တစ်စီးရဲ့ ဂန္တဝင်ဆန်မှုတွေပျောက်ပျက်ကုန်သလိုခံစားရတယ်။
ဘယ်မောင်းပုံတွေပါလာတော့ ဒီတစ်ခါ နိုင်ငံတကာဈေးကွက်ပြန်တင်မယ့်သဘောရှိတယ်။
Crd
14/07/2022
Don’t
14/07/2022
Hybrid နည်းပညာ ဆိုသည်မှာ
မော်တော်ယာဉ်မူဝါဒ ပြောင်းလဲခြင်းများနှင့်အတူ မော်ဒယ်လ်မြင့်ကားများ ဝင်ရောက်လာခဲ့သည်။ Hybrid ကားများကို ယနေ့ရန်ကုန်မြို့ နေရာအနှံ့အပြားတွင် မြင်တွေ့နိုင်ကြပါပြီ။ သာမာန်ကားများထက် နည်းပညာမြင့်မားပြီး ဆီစားနှုန်း အထူးသက်သာသော၊ ပြင်ဆင်စရိတ် နည်းပါးသော အားသာချက်များသည် ဟိုက်ဘရစ်ကားများကို နာမည်ကျော် လူကြိုက်များစေခြင်းဖြစ်သည်။ ထို့ ပြင် ဟိုက်ဘရစ်ကားသည် Emission ထုတ်လွှတ်မှု အနည်းဆုံးဖြစ်ပြီး လေထုညစ်ညမ်းမှု အသက်သာဆုံးကားဖြစ်သည်။
Hybrid ကားဆိုသည်မှာ I.C. E အင်ဂျင် အသေးတစ်လုံးနှင့် လျှပ်စစ်မော်တာတစ်လုံး ပူးတွဲပါဝင်ပြီး ပါဝါစွမ်းအားကို နည်းလမ်း (၂) မျိုးဖြင့် အမြင့်မားဆုံး ရရှိစေသော ကားအမျိုးအစားဖြစ်သည်။ Hybrid ကား၏ထူးခြားချက်မှာ လောင်စာဆီ စားနှုန်း သက်သာသဖြင့် Fuel Economy ဖြစ်သည်။ ဖန်လုံအိမ် အာနိသင်ကို ဖြစ်ပေါ်စေသော ကာဗွန်ထုတ်လွှတ်မှု သိသာစွာ လျော့နည်းသွားပြီး သဘာဝပတ်ဝန်းကျင်အတွက် မိတ်ဖက်ဖြစ်သော Green Car ဖြစ်သည်။
ဟိုက်ဘရစ်ကား၏ မူလအစ
ပထမဆုံး Hybrid လျှပ်စစ်ကားကို ဒီဇိုင်းပြုလုပ်၍ စိတ်ကူး အကောင်အထည်ဖော်ခဲ့သူမှာ သြစတြေးလျနိုင်ငံသား ထင်ပေါ်ကျော်ကြားသူ (Ferdinand Porsche) ဖာဒီနန်ပေါ့ချေးဖြစ်သည်။ (၁၉ဝ၁) ခု နှစ်မှ (၁၉ဝ၅) အတွင်းကြိုးပမ်းတီထွင်ခဲ့သည်။ အကြောင်းအမျိုးမျိုး ကြောင့် ဟိုက်ဘရစ်ကားများ ဆက်ဆက်မရှင်သန်ခဲ့ဘဲ (၂ဝ) ရာစု ကုန်ခါနီးမှ ခေတ်သစ် ဟိုက်ဘရစ်ကား များပေါ်ပေါက်လာသည်။
အမေရိကန် အင်ဂျင်နီယာတစ်ဦးဖြစ်သူ Victor Wouk ဆိုသူ စမ်းသပ်သုတေသနပြုလုပ်၍ ကွန်ပျူတာ စနစ်ပါသော ခေတ်သစ်ဟိုက်ဘရစ် ကားကိုမွေးဖွားပေးခဲ့သည်။ ထို့ကြောင့် Victor Wouk ကို ခေတ်သစ် ဟိုက်ဘရစ်ကား၏ ဖခင် (The Godfather of the Hybrid) ဟုလူသိများလာသည်။ (၁၉၈၉) ခုနှစ်တွင် Audi 100 Avant Duo ကားသည် ပထမဆုံးခေတ်သစ် ဟိုက်ဘရစ်ကား ဖြစ်လာသည်။
(၁၉၉၇) ခုနှစ်တွင် Toyota က Prius မော်ဒယ်လ်ကားဖြင့် ခေတ်သစ် Hybrid ကားကို မိတ်ဆက်ပြသခဲ့သည်။ Honda ကားကုမ္ပဏီကလည်း (၁၉၉၉) ခုနှစ်တွင် ၎င်းင်း၏ Honda Insight (99 Model) ကားဖြင့် Hybrid နည်းပညာကို ပြသခဲ့သည်။ (၂၁)ရာစု၏ ပထမ (၁ဝ) စုနှစ်များ တွင် Hybrid နည်းပညာရပ်များ တစ်ရှိန်ထိုး တိုးတက်ဖွံ့ဖြိုးလာခဲ့သည်။
ရေနံဈေးနှုန်းများ တဖြည်းဖြည်း မြင့်တက်လာခြင်း၊ ဖန်လုံအိမ် အာနိသင်ကြောင့် ကမ္ဘာကြီးပိုမိုပူနွေးလာခြင်း၊ ကာဗွန်ထုတ်လွှတ်မှု လျော့ချရေးနှင့် လေထုညစ်ညမ်းမှု လျော့ချရေး အသံများ ပိုမိုကျယ်လောင်လာခြင်း၊ ဆီစားနှုန်းသက် သာသော Fuel Economy ဖြစ်သော ကားများထုတ်လုပ်ရေးကို ပိုမို တွန်းအားပေးသော အချိန်အခါ ဖြစ်လာခြင်းစသော အကြောင်းများကြောင့် မျက်မှောက်ကာလတွင် Hybrid နည်း ပညာသုံးကားများ ပိုမိုရေပန်းစား လူကြိုက်ပိုများလာသည်။
ဟိုက်ဘရစ်ကား
ဟိုက်ဘရစ်ကား ဆိုသည်မှာ ဓာတ်ဆီအင်ဂျင်နှင့် လျှပ်စစ်မော်တာ (၂) မျိုးကို ပေါင်းစပ်ထားသောကား ဟုအကြမ်းအားဖြင့် ပြောနိုင်ပါသည်။ ဟိုက်ဘရစ်ကားတွင် တပ်ဆင်ထားသော အင်ဂျင်မှာ သာမန်ဓာတ်ဆီ၊ ဒီဇယ်ကားများတွင်ပါသော အင်ဂျင်အရွယ်အစားထက် သေးငယ်ခြင်းဖြစ်သည်။ မြေပြင်ညီလမ်းကောင်း တစ်ခုပေါ်တွင် ရွေ့လျားမောင်းနှင်နေသော ကားတစ်စီးအတွက် ပါဝါစွမ်းအင်လို အပ်ချက်မှာ မြင်းကောင်ရေ (၁ဝ) မှ (၂ဝ) အတွင်းသာဖြစ်သည်။
သို့သော် ကားအင်ဂျင်အများစုသည် မြင်းကောင်ရေစွမ်းအား (၈ဝ) မှ (၂ဝဝ) အထိ တပ်ဆင်သုံးစွဲကြသည်။ စတင်ထွက်ခွာခြင်း၊ အရှိန်မြှင့်တင်ခြင်း၊ တောင်တက်လမ်း၊ တောင်ပေါ်လမ်းများတွင် ရုန်းတက်ရခြင်း၊ ကားကျော်တက်ခြင်း စသော အခြေအနေများ၌သာ အင်ဂျင်မြင်းကောင်ရေစွမ်းအားများစွာ လိုအပ်ပြီး ပုံမှန် Speed ဖြင့် မောင်းနေသော အချိန်တွင် မြင်းကောင်ရေစွမ်းအား အနည်းငယ်သာ လိုအပ်သည်။
သာမာန်အခြေအနေတွင် ပုံမှန် Speed တစ်ခုဖြင့် (80 km/hr – 100 km/hr) သာမောင်းနှင်ရန်အတွက် အင်ဂျင်မြင်းကောင်ရေ ကြီးမားနေ ခြင်းသည် စွမ်းအင်ဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်။ အင်ဂျင်စွမ်းအား လေလွင့် ဆုံးရှုံးခြင်းသည် လောင်စာလေလွင့် ဆုံးရှုံးခြင်း ဖြစ်သည်။ ဤအချက်ကို ဟိုက်ဘရစ်ကားတွင် ဖြေရှင်းထားသည်။ စတင်ထွက်ခွာခြင်း၊ အရှိန်မြှင့်တင်ခြင်း၊ ကုန်းတက်လမ်းတွင် မောင်းနေခြင်းများအတွက် အင်ဂျင်စွမ်းအားအပြင် လျှပ်စစ်မော်တာကပါ ပူးပေါင်း ကူညီပေးသည်။ မလိုအပ်သော အခြေအနေတွင် အင်ဂျင်စွမ်းအားကို မသုံးတော့ဘဲ လျှပ်စစ်မော်တာ လှည့်အားဖြင့် ကားကိုဆက်မောင်းစေသည်။
ထို့ကြောင့် လောင်စာဆီချွေတာနိုင်သည်။ ဟိုက်ဘရစ်ကားများ သည်သာမန်ဓာတ်ဆီကားများထက် သိသာစွာ လောင်စာဆီစားနှုန်း သက်သာကြသည်။ ဟိုက်ဘရစ်ကားတွင် သုံးသော လျှပ်စစ်မော်တာအတွက် လျှပ်စစ်စွမ်းအင်များများ သိုလှောင် နိုင်သော High Voltage ဘက်ထရီ သီးသန့်တပ်ဆင်ထားသည်။ ဟိုက်ဘရစ်ကားမှ လျှပ်စစ်မော်တာသည် Generator အဖြစ်လည်း အသုံးပြုသည်။ ကားအရှိန်လျှော့သောအချိန်၊ ဘရိတ်နင်းသောအချိန်၊ ကားစက်မသတ်ဘဲ စက်နှိုး၍ရပ်ထားသော အချိန်များတွင် Generator မှ High Voltage ဘက်ထရီကို အားပြန်သွင်း ပေးနေသည်။
ထို့ကြောင့် ဟိုက်ဘရစ်ကားများသည် လျှပ်စစ်ကားတစ်ပိုင်းဖြစ်သည်။ ဟိုက်ဘရစ်ကားတွင် တပ်ဆင်ထားသော အင်ဂျင်သည် သေးငယ်သော်လည်း ခရီးဝေးမိုင်ပေါင်းများစွာ သွားနိုင်ခြင်းသည် ဟိုက်ဘရစ်ကား၏ အဓိကဝိသေသ လက္ခဏာဖြစ်သည်။
ဟိုက်ဘရစ်ကား အမျိုးအစားကို Parellel Hybrid, Series Hybrid, Series-parallel Hybridနှင့် Plug-in Hybrid ဟူ၍ အတန်းအစားအမျိုးမျိုးခွဲခြား ထုတ်လုပ်သည်။
ဓာတ်ဆီ-လျှပ်စစ် ဟိုက်ဘရစ်ကားတွင် အဓိကပါဝင်သော အစိတ်အပိုင်းများ
(၁) ဓာတ်ဆီအင်ဂျင် – သာမန် ဓာတ်ဆီကားအင်ဂျင်ထက် ပိုမိုသေးငယ်သည်။ အဆင့်မြင့်နည်းပညာများ ကို အသုံးချထား၍ ဆီစားသက်သာ ပြီး Emission ထုတ်လွှတ်မှုနည်းသည်။
(၂) Fuel Tank- ဓာတ်ဆီအင် ဂျင်အတွက် ဆီသိုလှောင်ကန်ဖြစ်သည်။ ဓာတ်ဆီသည် ဘက်ထရီထက် စွမ်းအင်သိပ်သည်းဆ ပိုများသည်။
(၃) Electric Motor – ဟိုက် ဘရစ်ကားမှ လျှပ်စစ်မော်တာသည် ဆန်းပြားရှုပ်ထွေးသည်။ မော်တာထိန်းချုပ်မှုကို ကွန်ပျူတာက ဆောင်ရွက်သည်။
(၄) Batteries – ဟိုက်ဘရစ် ကားသုံး ဘက်ထရီသည် လျှပ်စစ်စွမ်း အင်ပမာဏများများ သိုလှောင်နိုင်ရမည်။
(၅) Transmission- ဟိုက်ဘရစ်ကားသုံး Transmission စနစ်သည် သာမန်ကားများ ကဲ့သို့ဖြစ်သည်။ တချို့သော ဟိုက်ဘရစ်အမျိုးအစား ကားများသည် သာမန်ထက်ထူးခြား စွာတည်ဆောက်ထားသည်။
ဟိုက်ဘရစ်ကားများ၏ အားသာချက်များ
ဟိုက်ဘရစ်ကားများ၏ ကောင်းမွန်သော အကျိုးကျေးဇူးများ ကြောင့်နှစ်စဉ်နှစ်တိုင်း လူကြိုက်ပိုများလာသည်။ နောက်ဆုံးပေါ် Hybrid ကားများသည် နည်းပညာ ပိုမိုမြင့်မားလာသဖြင့် လောင်စာဆီ ကုန်ကျစရိတ် အလွန်သက်သာပြီး ပြုပြင်ထိန်းသိမ်းမှု စရိတ်ကလည်း နည်းပါးသည်။ ရေဖြင့်ပင်မောင်းနိုင်သော Water Hybrid ကားများ ပင်ပေါ်ပေါက်နေပါပြီ။ ရေကိုပြိုကွဲစေလျှင် ရေဓာတ်ငွေ့ HHO ထွက်သည်။ ပြိုကွဲသွားသော ရေသည် ဟိုက်ဒဂြိုဂျင်နှင့် အောက်ဆီဂျင် ဓာတ်ငွေ့သာဖြစ်သည်။ ဟိုက်ဒြိုဂျင်ကို ဓာတ်ဆီနှင့်တွဲဖက်၍ အင်ဂျင်လည်ပတ်ရန် လောင်စာအဖြစ် အသုံးပြုနိုင်သည်။
(က) ပတ်ဝန်းကျင်ထိခိုက်မှု နည်းပါးခြင်း
ဟိုက်ဘရစ်ကားများသည် မီးခိုးမြူများ ထုတ်လွှတ်မှုနည်းပါးသဖြင့် လေထုညစ်ညမ်းမှုလျော့ချနိုင်သည်။ အမေရိကန်ပတ်ဝန်းကျင်ထိန်း သိမ်းရေးအေဂျင်စီ (EPA) က ဟိုက်ဘရစ်ကားများကို လေထုညစ်ညမ်းမှု အနည်းဆုံးအတွက် အမြင့်ဆုံး Score အမှတ် (၁ဝ) တွင် (၉) မှတ်ပေးထားသည်။
(ခ) ဆီစားနှုန်း သက်သာခြင်း
ဟိုက်ဘရစ်ကားတွင် စွမ်းအင် လေလွှင့်ဆုံးရှုံးမှု နည်းပါး၍ ဆီတစ်ဂါလန်မိုင်နှုန်း မြင့်မားသည်။
(ဂ) သန့်ရှင်းသောလောင်စာ သုံးစွဲနိုင်ခြင်း
ဟိုက်ဒြိုဂျင် ဟိုက်ဘရစ်ကား များသည် Fuel Cell ကားများကဲ့သို့ သန့်ရှင်းသော ဟိုက်ဒြိုဂျင်လောင်စာ ကိုသုံးနိုင်သည်။
(ဃ) ပြုပြင်ထိန်းသိမ်းစရိတ် နည်းပါးခြင်း
ပြင်ဆင်စရိတ်သက်သာ၍ ကားပိုင်ရှင်များသဘောကျသည်။
(င) စွမ်းဆောင်ရည်မြင့်မားခြင်း
ဟိုက်ဘရစ်ကားများ၏ စွမ်းဆောင်ချက် (Performance) သည် Level တူ အခြားကားများထက် သာလွန်သည်။ တောင်တက်လမ်းများ တွင် ဟိုက်ဘရစ်ကားက ပို၍ကောင်းသည်။
ဖွံ့ဖြိုးပြီးနိုင်ငံများတွင် မော်တော်ကားများ၏ ဆီစားနှုန်းသက်သာရေးကို မူဝါဒချမှတ်၍ ဦးစားပေး ဆောင်ရွက်လျက်ရှိသည်။ ကမ္ဘာကြီးပူနွေးလာမှုနှင့် လေထုညစ်ညမ်းမှု ကာကွယ်ရေးအတွက် လျှပ်စစ်ကားများ၊ ဆိုလာကားများ၊ ဟိုက်ဘရစ်ကားများ တိုးပွားလာရေးအတွက် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းစီမံ ဆောင်ရွက်လျက် ရှိနေပါသည်
Credit
နောက်ထပ်လဲကားအကြောင်းတွေလေ့လာလို့ရအောင်တင်ပေးပါအုံးမယ် ယခုpostလေးကို
Like & share လေးပြုလုပ်ပေးကြပါ
လို့တောင်းဆိုပါတယ်
ကျန်းမာချမ်းသာကြပါစေ🙏🙏🙏
Click here to claim your Sponsored Listing.
Category
Website
Address
North Dagon
Yangon
11422