Smart Wellness Myanmar
မိသားစု ကျန်းမာရေး စောင့်ရှောက်မှု? Better Information >>> Better Health
17/05/2024
ပူလောင်တာ ပိုခံစားရစေတဲ့ "စိုထိုင်းဆ"
လူသားတွေရဲ့ အသက်ရှင်နေထိုင်မှုမှာ သဘာဝနဲ့ သဟဇာတ ဖြစ်အောင် ခန္ဓာကိုယ်က လိုက်လျောညီထွေ ပြောင်းလဲပေးနေပါတယ်။
ပူလောင်တဲ့ ရာသီဥတုကို တုန့်ပြန်ဖို့ရာအတွက် အရေပြားက ချွေးထွက်တယ်။ ထွက်တဲ့ချွေးက အငွေ့ပျံသွားတဲ့အခါ အပူလျော့ပါးပြီး အေးမြမှုကို ဖြစ်စေပါတယ်။
ဒီဖြစ်စဉ်က ပူပြင်းခြောက်သွေ့တဲ့ ပါတ်ဝန်းကျင်မှာ ပိုသိသာပါတယ်။ ပူနွေးစွတ်စိုတဲ့နေရာမှာတော့ ဒါက အပြည့်အဝ မမှန်ပါဘူး။
လေထုက စိုထိုင်းဆ များပြီး ပြည့်ဝနေတဲ့အခါ ရေငွေ့ တွေကို ထပ်ပြီး မစုပ်ယူနိုင်တော့ဘူး။ ရလဒ်အနေနဲ့ ခန္ဓာကိုယ်ကထွက်တဲ့ ချွေးတွေ အငွေ့ပြန်ဖို့ ပိုကြာတယ်။ သဘာဝအလျှောက် အပူလျော့စေတဲ့ ဖြစ်စဉ်ကို ဟန့်တားသလို ဖြစ်စေပါတယ်။
ဒီအကြောင်းကြောင့် ပိုစွတ်စိုတဲ့ ဒေသမှာ နေသူတွေ ပိုပူတာ ခံစားရပါတယ်။
(ဥပမာ အနေနဲ့ ပုံမှာ - လှိုင်မြို့နယ်ရဲ့ Ambient temperature က 30 'C ဖြစ်နေပေမယ့် တကယ်ခံစားရတဲ့ အပူချိန်က 38 'C ဖြစ်နေတာ မျိုးပါ)
Image - The Weather Channel
07/04/2024
အပူလှိုင်းဖြတ်ရင် ဘယ်လို သတိထားနေထိုင်ရမလဲ?
28/04/2023
ကာကွယ်ဆေးနှင့် အမေးများသော မေးခွန်းများ
ပါမောက္ခ ဒေါက်တာစောဝင်း (ကလေးကျန်းမာ)
ယခု ရက်သတ္တပါတ်ဟာ ကမ္ဘာ့ကာကွယ်ဆေးထိုး ရက်သတ္တပါတ် ဖြစ်ပါတယ်။ ဒါကြောင့် ကာကွယ် ဆေးနဲ့ပတ်သက်လို့ ပြည်သူအများ သိချင်တဲ့ မေးခွန်းတွေ ဖြေပေးထားပါတယ်။
၁။ကာကွယ်ဆေးတွေက အန္တရာယ်ကင်းရဲ့လား?
ကင်းပါတယ်။ အမေရိကန်နိုင်ငံရဲ့ နှစ်ရှည်လများ စောင့်ကြည့်ခဲ့တဲ့ ကာကွယ်ဆေးများရဲ့ လုံခြုံစိတ်ချ ရမှု စောင့်ကြပ်ကြည့်ရှုရေး စနစ်အရ ကာကွယ်ဆေးတွေဟာ လုံခြုံစိတ်ချရတာ သေချာပါတယ်။ နှစ်စဉ် နှစ်တိုင်း အမေရိကန်မှာ ကလေးငယ်သန်းပေါင်းများစွာက ကာကွယ်ဆေးတွေ ရရှိခဲ့ပါတယ်။ အဖြစ်အများဆုံး မလိုလားအပ်တဲ့ အချက်ကတော့ ဆေးထိုးတဲ့နေရာမှာ အနည်းငယ် ရောင်ယမ်း နာကျင်တာပဲ ဖြစ်ပါတယ်။
၂။ကာကွယ်ဆေးတွေမှာ အကျိုးနဲ့ အပြစ် နှိုင်းယှဉ်ရင် ဘယ်လိုရှိသလဲ?
ကာကွယ်ဆေးတွေဟာ အရင်အချိန်က လူတွေကို ပြင်းပြင်းထန်ထန် ခံစား ထိခိုက် အသက်ဆုံးရှုံး စေနိုင်တဲ့ ရောဂါတွေကို ကာကွယ်ပေးပါတယ်။ (ဥပမာ - ကျောက်ကြီး၊ ပိုလီယို၊ ဝက်သက်)။ တကယ်လို့ ကာကွယ်ဆေး မထိုးထားရင် ခင်ဗျားရဲ့ကလေးက ဒီရောဂါတွေ ကူးစက်ဖြစ်ပွားပြီး ဖျားနာ နေမကောင်းရုံမက အသက်ပါ ဆုံးရှုံးနိုင်ပါတယ်။ ကာကွယ်ဆေးရဲ့ အဓိကဆိုးကျိုးက ဆေးထိုးထားတဲ့နေရာမှာ နာကျင် ရောင် ယမ်းတာပါ။ ဒါက ရက်အနည်းငယ်အတွင်း ပျောက်သွားပါတယ်။ ပြင်းထန်တဲ့ ဆေးမတည့်ခြင်း (Allergic Reaction) တွေက မရှိသလောက် နည်းပြီး ဖြစ်ရင်လည်း ကာကွယ်ဆေးထိုးပေးတဲ့ ဆရာဝန်၊ ဆရာမတွေက ကောင်းကောင်း ကုသပေးနိုင်ပါတယ်။ ဒါကြောင့် ကာကွယ်ဆေးတွေရဲ့ ရောဂါကာကွယ်နိုင်မှု အကျိုးက အနည်းငယ်သာဖြစ်တဲ့ မလိုလားအပ်တဲ့ အပြစ်ထက်စာရင် အများကြီး သာလွန်ပါတယ်။ ဒါ ကလေးအများစု အတွက် ပြောတာပါ။ နာတာရှည်ရောဂါ (ဥပမာ - ကင်ဆာရောဂါ)၊ ကိုယ်ခံအားကျဆင်းတဲ့ ရောဂါရှိတဲ့ ကလေးနဲ့ အရင် ကာကွယ်ဆေးထိုးတုန်းက ပြင်းထန်သော ဆေးမတည့်ခြင်း (Severe Allergic Reaction) ဖြစ်တဲ့ ကလေးတွေမှာတော့ တစ်မျိုး စဉ်းစားရမှာပါ။
၃။ကာကွယ်ဆေးထိုးတာနဲ့ အော့တစ်ဇင်ရောဂါနဲ့ ဆက်စပ်ပါသလား?
မဆက်စပ်ပါ။ အခုအချိန်အထိ စနစ်တကျ လုပ်ထားတဲ့ သုတေသနစာတမ်းများအရ ဆက်စပ်မှုရှိတာ မတွေ့ရပါ။
၄။မလိုလားအပ်တဲ့ အာနိသင်တွေမှာ ဘာတွေ အတွေ့များသလဲ?
တခြားဆေးဝါးတွေလိုပဲ ကာကွယ်ဆေးတွေမှာလည်း မလိုလားအပ်တဲ့ အာနိသင်တွေ ရှိပါတယ်။ ဒါပေမဲ့ မလိုလားအပ်တဲ့ အာနိသင်အများစုက အပရိကပဲ ဖြစ်ပါတယ်။ ဆေးထိုးတဲ့နေရာမှာ ရောင်ယမ်းတာ၊ နာကျင်တာနဲ့ အဖျား နည်းနည်းရှိတာတို့ပဲ ဖြစ်ပါတယ်။ ဒါတွေကလည်း လွယ်လွယ်ကူကူ ကုလို့ရပါတယ်။ ဥပမာ - ဆေးထိုးတဲ့နေရာကို ရေခဲကပ်တာ၊ ရေအေးပတ်တင်တာလိုမျိုးပါ။
၅။ကာကွယ်ဆေးတွေက ကျွန်တော့်ကလေးရဲ့ ခုခံအားစနစ်ကို ဝန်ပိစေမလား?
မမှန်ပါဘူး။ ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က နေ့စဉ် နေ့တိုင်းပဲ ထောင်နဲ့ချီတဲ့ ရောဂါပိုး တွေကို တိုက်ခိုက်နေရတာပါ။ ရောဂါပိုးတွေရဲ့ တချို့အစိတ်အပိုင်း အင်တီဂျင်တွေကို ခုခံအားစနစ်က မှတ် ထားပြီးနောက် တိုက်ဖျက်တဲ့ ပဋိပစ္စည်း (Antibody) တွေ ထုတ်ပေးပါတယ်။
ကာကွယ်ဆေးတွေမှာ သုံးတဲ့ အင်တီဂျင် (Antigen) တွေက ရောဂါပိုးတွေဆီက ရတာပါ။ ဒါပေမဲ့ ပျော့အောင် သို့မဟုတ် သေအောင်လုပ်ထားတဲ့ ရောဂါပိုးတွေဆီက ထုတ်ထားတာမို့လို့ ပြင်းထန်တဲ့ရောဂါကို မဖြစ်စေနိုင်ပါဘူး။ ရောဂါအပျော့စားလေးဖြစ်ပြီး “ရောဂါပြီးခြင်း” ကို ဖြစ်စေတာပါ။
ဒါကြောင့် ကလေးတစ်ယောက်ကို ကာကွယ်ဆေး အများကြီး တစ်ရက်တည်းထိုးတောင် သူထိတွေ့ ရင်ဆိုင်ရမဲ့ (Antigen) ကာကွယ်ဆေး အင်တီဂျင်တွေက ပတ်ဝန်းကျင်က နေ့စဉ် ထိတွေ့နေတဲ့ အင်တီဂျင် တွေထက် အများကြီး နည်းပါတယ်။ ကာကွယ်ဆေးတွေကို ထုတ်ပေးခြင်းဖြင့် ကာကွယ်ဆေးနဲ့ ကာကွယ်လို့ ရတဲ့ ရောဂါတွေရဲ့ အန္တရာယ်က ကာကွယ်ပေးမှာပါ။
၆။ဘာလို့ ကာကွယ်ဆေးတွေကို ငယ်ငယ်လေးနဲ့ ထိုးရတာလဲ?
သူတို့ကို အန္တရာယ်ရှိတဲ့ ကူးစက်ရောဂါတွေကနေ စောစောစီးစီး အကာအကွယ်ရစေချင်လို့ပါ။ ဒီ ရောဂါအများစုကလည်း ကလေးငယ်တွေမှာ ပိုပြင်းထန်တတ်လို့ပါ။
၇။ကျွန်တော့်ကလေး နေမကောင်းဖြစ်နေရင် ကာကွယ်ဆေးထိုးလို့ ရပါ့မလား?
သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်း (ဆရာဝန်၊ ဆရာမ) တွေနဲ့ တိုင်ပင်ပါ။ ယေဘူယျအားဖြင့်တော့ အနည်းငယ်ဖျားတာ၊ အအေးမိနှာစေးတာ၊ ဝမ်းပျက်တာတွေရှိရင်လည်း ကာကွယ်ဆေးထိုးလို့ရပါတယ်။
၈။ကာကွယ်ဆေးတွေ ကလေးကြီးမှ ထိုးလို့မရဘူးလား?
သက်မှတ်ထားတဲ့ သက်ဆိုင်ရာအချိန်မှာ ထိုးသင့်ပါတယ်။ ကာကွယ်ဆေးမထိုးခင်မှာ ရောဂါပိုးတွေနဲ့ ထိတွေ့ရင် ကူးစက်ပြီး ရောဂါဖြစ်မှာမို့လို့ပါ။ အန္တရာယ်ကြီးပါတယ်။ ကာကွယ်ဆေးထိုးတာကို ရွှေ့ဆိုင်းခြင်း ဖြင့် ဘာအကျိုးကျေးဇူးမှ မရှိပါဘူး။
၉။ကျွန်မ ကလေးကို မိခင်နို့တိုက်နေပါတယ်။ ကာကွယ်ဆေးတွေကို သတ်မှတ်ထားတဲ့အတိုင်းပဲ ထိုးရ မှာလား?
ထိုးရမှာပါ။ ကလေး မွေးကင်းစအချိန်မှာ ကလေးရဲ့ ခုခံအားစနစ်က အပြည့်အဝ မဖွံ့ဖြိုးသေးပါဘူး။ ဒါကြောင့် ရောဂါကူးစက်ဖို့ အန္တရာယ်အများဆုံး ရှိပါတယ်။ မိခင်နို့ဟာ ကူးစက်ရောဂါ တော်တော်များများကို ကာကွယ်ပေးတယ်ဆိုတာ မှန်ပါတယ်။ ဥပမာအားဖြင့် မိခင်နို့တိုက်တဲ့ ကလေးတွေမှာ အသက်ရှုလမ်း ကြောင်းပိုးဝင်တာ၊ နားပိုးဝင်တာ၊ ဝမ်းပျက်ဝမ်းလျှော ဖြစ်တာတွေက နို့ဗူးတိုက်တဲ့ ကလေးတွေထက် နည်း ပါတယ်။ ဒါပေမဲ့ မိခင်နို့က ရောဂါအားလုံးကို ကာကွယ်ပေးနိုင်တာတော့ မဟုတ်ပါဘူး။ ဒါကြောင့် ကူးစက် ရောဂါတွေ ကာကွယ်ဖို့အတွက် မိခင်နို့တိုက်နေရင်လည်း ကာကွယ်ဆေးတွေကို ထိုးကို ထိုးရပါမယ်။ ဒါမှ ရေရှည်ကာကွယ်မှု ရပါမယ်။
၁၀။ကလေး နေ့ကလေးထိန်းကျောင်း ပို့တဲ့အချိန်ကျမှ ထိုးရင် မရဘူးလား?
မရပါဘူး။ နေ့ကလေးထိန်းကျောင်း မပို့လည်း နေ့စဉ်ထိတွေ့နေတဲ့ မိဘ၊ ညီအစ်ကိုမောင်နှမ၊ ဧည်သည်၊ ကစားကွင်းမှာတွေ့တဲ့ ကလေး၊ လူကြီးစတဲ့ လူတွေဆီက ကာကွယ်ဆေးနဲ့ တားဆီးလို့ရတဲ့ ကူးစက်ရောဂါတွေကို ကူးနိုင်ပါသေးတယ်။ ဒီရောဂါတွေက ကလေးငယ်လေ အန္တရာယ်ကြီးလေပါပဲ။ ဒါ ကြောင့် အချို့ ကာကွယ်ဆေးထိုးစီမံချက်က သတ်မှတ်ပေးထားတဲ့ အသက်အတိုင်း ထိုးရမှာပါ။
၁၁။ကလေး ကျောင်းကြီး စတက်မှ ထိုးလို့ မရဘူးလား?
မရပါဘူး။ အသက် (၅) နှစ်အောက် ကလေးတွေရဲ့ ခုခံအားစနစ်က အပြည့်အဝ မဖွံ့ဖြိုးသေးပါဘူး။ ကျောင်းမနေခင်မှာလည်း ဒီရောဂါတွေနဲ့ ထိတွေ့နိုင်ပါတယ်။
၁၂။ဘာလို့ လူပျို အပျိုအရွယ်တွေမှာ ကာကွယ်ဆေးထိုးရမှာလဲ?
ပြင်းထန်တဲ့ရောဂါ ဖြစ်ပွားမှုကို ကာကွယ်ဖို့ ကာကွယ်ဆေးတွေက တစ်သက်တာလုံး လိုနေမှာပါ။ ငယ်ငယ်က ထိုးခဲ့တဲ့ ကာကွယ်ဆေးတွေကပေးတဲ့ ခုခံအားက အသက်အရွယ် ရလာတာနဲ့ လျော့ကျလာပါ တယ်။ ဒါကြောင့် တချို့ရောဂါတွေအတွက် အားဖြည့်ကာကွယ်ဆေး (Booster dose) တွေထိုးဖို့ လိုပါတယ်။ အဲဒီလိုပဲ ဒီအသက်အရွယ်မှာ ထိုးသင့်တဲ့ ရောဂါတွေအတွက်လည်း ဆေးအသစ်တွေ ထပ်ထိုးရပါတယ်။ (ဥပမာ - မိန်းကလေးများတွက် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး)
၁၃။ဘာလို့ ထိုးပြီးသား ကာကွယ်ဆေးတွေကို ထပ်ထပ်ပြီး ထိုးရတာလဲ?
ကာကွယ်ဆေးထိုးစီမံချက်က အကြံပြုထားတဲ့အတိုင်း ထိုးတာက အကောင်းဆုံးပါပဲ။ ထပ်ထပ်တိုးဖို့ လည်း လိုပါတယ်။ ကာကွယ်ဆေးပေါ်မှာ မူတည်ပြီး တချို့ကာကွယ်ဆေးတွေက တစ်ကြိမ်ထိုးရုံနဲ့လုံလောက် တဲ့ ခုခံအားကို မပေးနိုင်ပါဘူး။ (ဥပမာ - ငါးမျိုးစပ်) တချို့ကျတော့လည်း အချိန်ကြာလာတာနဲ့အမျှ ခုခံ ကာကွယ်နိုင်မှု စွမ်းအားက လျော့ကျလာပါတယ်။ ဒါကြောင့် အားဖြည့်ကာကွယ်ဆေး (Booster dose) တွေ ထပ်ထိုးရပါတယ်။ တချို့ကူးစက်ရောဂါ (ဥပမာ - ရာသီတုပ်ကွေးဗိုင်းရပ်စ်) လိုမျိုးက နှစ်စဉ် ဗီဇပြောင်းလဲမှု ရှိနေတော့ အသစ်ထွက်ပေါ်လာတဲ့ပိုးကို အရင်ထိုးထားတဲ့ ကာကွယ်ဆေးရဲ့ ခုခံအားက မတားဆီးနိုင်ပါဘူး။ ဒါကြောင့် နှစ်စဉ် ထိုးရတာပါ။
အရေးကြီးတာက သင့်တော်တဲ့ ကာကွယ်ဆေးကို သတ်မှတ်ထားတဲ့ အချိန်အတွင်း ထိုးပေးသင့်ပါ တယ်။ အထူးသဖြင့် ကလေးငယ်လေ အရေးကြီးလေပါပဲ။
၁၄။တစ်နှစ်အောက် ကလေးငယ်လေးတွေမှာ သဘာဝခုခံအား မရှိဘူးလား?
အမေက ခုခံအားရှိတဲ့ ရောဂါတချို့ကို မွေးကင်းစကလေးတွေရဲ့ ပထမရက်သတ္တပါတ်တွေမှာ ခံနိုင် ရည်ရှိကြပါတယ်။ ကိုယ်ဝန် တတိယပိုင်းမှာ မိခင်ဆီက ပဋိပစ္စည်းတွေက ကလေးဆီကို ရောက်လို့ပါ။ မိခင်နို့ တိုက်တာကလည်း တချို့ရောဂါတွေကို ကာကွယ်ပေးပါတယ်။ ဥပမာ - အအေးမိ၊ နှာစေး ချောင်းဆိုး။ ဒါပေမဲ့ ဒီမိခင်ဆီကရတဲ့ ကိုယ်ခံအားက ကြာကြာမခံပါဘူး။
၁၅။အမေရိကန်နိုင်ငံမှာ ဒီရောဂါတွေ ပပျောက်ကုန်ပြီ မဟုတ်လား။ ဘာလို့ ထိုးဖို့ လိုသေးသလဲ?
အမေရိကန်နိုင်ငံမှာတောင် ကာကွယ်ဆေးနဲ့ ကာကွယ်လို့ရတဲ့ ကူးစက်ရောဂါတချို့ (ဥပမာ - ကြက်ညှာချောင်းဆိုး၊ ရေကျောက်) စတာတွေက အခုအထိ အဖြစ်များတုန်းပါပဲ။ တော်တော်များများ ကူးစက် ရောဂါတွေကတော့ သိပ်မတွေ့ရတော့ဘူး။ ဒါပေမဲ့ ကာကွယ်ဆေးထိုးတာကို ရပ်လိုက်ရင် ဒီရောဂါတွေက အလျင်အမြန် ပြန်ခေါင်းထောင်ထလာမှာပါ။ ကမ္ဘာ့ရဲ့ နိုင်ငံအတော်တော်များများမှာ ဒီရောဂါတွေက ဆက်ရှိ နေသေးတယ်။ ခင်ဗျားရဲ့ မိသားစုက နိုင်ငံခြားကို ခရီးမထွက်ခဲ့တောင် အဲဒီနိုင်ငံတွေကို သွားခဲ့တဲ့ သူတွေနဲ့ ထိတွေ့နိုင်ပါသေးတယ်။ အဲဒီအခါကျတော့ ခင်ဗျားကလေးတွေမှာ ကူးစက်ရောဂါဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားရနိုင်ပြီး သူများကိုလည်း ကူးစက်နိုင်ပါတယ်။
မှတ်ချက်။။ အမေရိကန်နိုင်ငံ ဗဟိုကူးစက်ရောဂါ ထိန်းသိမ်းကာကွယ်ရေးဌာန (Centers for Disease Control and Prevention မှ Vaccines for your children) ကို မှီငြင်းပါသည်။ မိမိတို့နိုင်ငံအတွက်လည်း သင့်လျော် အသုံးဝင်ပါသည်။
ဒေါက်တာစောဝင်း (ကလေးကျန်းမာရေး)
28/04/2023
အပူဒါဏ် ကာကွယ်ရေး အကြံပြုချက်
Smart Wellness Myanmar
09/04/2023
အရမ်းပူလာပြီ၊ ဂရုစိုက်ကြပါ
Smart Wellness Myanmar
#နေပူထဲကပြန်လာပြီး_သတိလစ်သွားတယ်
#အာတွေလျာတွေ_လေးလာတယ်
#ကိုယ်တွေအရမ်းပူတယ်
#သွေးပေါင်လည်း_အရမ်းတက်နေတယ်
#အပူရှပ်တယ်_ဆိုတာ
☀️ ပြင်းထန်တဲ့ အပူရှပ်ခြင်း (Heatstroke) ဆိုတာ ဘာလဲ❓
✅ အပူရှပ်တယ်ဆိုတာ ပူလွန်းတဲ့ ပါတ်ဝန်းကျင်မှာ ကြာရှည် ထိတွေ့လိုက်မိလို့ ကိုယ်ခန္ဓာ အပူချိန်ပါ အလွန်အကျွံ လိုက်တက်လာတဲ့ အခြေအနေကို ဆိုလိုပါတယ်။
🔥 ကိုယ်အပူချိန် ၁၀၄ ဒီဂရီ ဖာရင်ဟိုက် (၄၀ ဒီဂရီ စင်တီဂရိတ်) အထိ တက်ရင်တော့ Heatstroke ခေါ်တဲ့ အပူရှပ်တာ ဖြစ်ပါပြီ။
‼️ အပူရှပ်တာ အသက်အန္တရာယ်ရှိတာမို့ အရေးပေါ် ကုသမှု ပေးဖို့လိုပါတယ်။
⚠️ အရေးပေါ် ကုသမှု မပေးနိုင်ရင်တော့ ဦးနှောက်၊ နှလုံး၊ ကျောက်ကပ် နဲ့ ကြွက်သား တွေကို လျှင်လျှင် မြန်မြန် ရောင်ရမ်း ပျက်စီး စေပါလိမ့်မယ်။
💢 ထိရောက်တဲ့ ကုသမှု ယူဖို့ ကြာလေလေ ထိခိုက်ပျက်စီးတာ ဆိုးလေလေပါပဲ။ သေဆုံးခြင်း အပါအဝင် ပြင်းထန်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ကြုံနိုင်ခြေ များလာပါတယ်။
x x x x x x x
☀️ အပူရှပ် တာရဲ့ လက္ခဏာတွေက ဘာတွေလဲ❓
💥 အဓိက ကတော့ 💥
👉 ကိုယ်အပူချိန် ၁၀၄ ဒီဂရီ ဖာရင်ဟိုက် (၄၀ ဒီဂရီ စင်တီဂရိတ်) အထိ တက်တာပါပဲ။ 💥 💥
📣နောက်ထပ် လက္ခဏာတွေ ကတော့ 📣
☑️ စိတ်မူမမှန်ရင် (စိတ်နောက်ခြင်း၊ ကနာမငြိမ်ခြင်း၊ စကားသံလေးလာခြင်း၊ ဂျီကျခြင်း၊ စိတ်ကရောင်ကတမ်းဖြစ်ခြင်း၊ တက်ခြင်း၊ သတိလစ်မေ့မြောခြင်း)
☑️ ပျို့ တာ၊ အန်တာ ဖြစ်ရင်
☑️ အရေပြား ရှိန်းတိန်းဖိန်းတိန်း ဖြစ်ရင်
☑️ အသက်ရှူ နှုန်း သိသိသာသာ မြန်လာရင်
☑️ နှလုံးခုန်နှုန်း သိသိသာသာ မြန်လာလို့ ရင်တုန်သလို ခံစားလာရရင်
☑️ ခေါင်းထိုးပြီး ကိုက်လာရင် အပူရှပ်တာ ဖြစ်နိုင်ပါတယ်။
x x x x x x x
☀️ အပူရှပ်တာရဲ့ အကြောင်းရင်းခံက ဘာလဲ❓
🔥 ပူပြင်းတဲ့ အခြေအနေမှာ 🔥🔥
👉 ပြင်းထန်တဲ့ အလုပ်၊ လေ့ကျင့်ခန်းတွေ လုပ်ဆောင်တာ၊
👉 အရက်သောက်တာ
👉 ရာသီနဲ့ မလိုက်ဖက်တဲ့ အဝတ်အစားတွေ ဝတ်တာ
👉 ရေ လုံလောက်အောင် မသောက်တာ တွေက အပူရှပ်တာ ဖြစ်စေတဲ့ အဓိက အကြောင်းရင်းခံတွေ ဖြစ်ပါတယ်။
x x x x x x x
#အပူဒါဏ်ကို_ဘယ်လို_ကာကွယ်နိုင်မလဲ 👇👇👇
https://www.facebook.com/102135465699139/posts/130737149505637/
x x x x x x x
အပူရှပ်တဲ့သူကို ဘယ်လို ရှေးဦးပြုစုပေးရမလဲ❓
‼️ အပူရှပ်တာ အရေးပေါ် အခြေအနေ ဖြစ်ပါတယ်။ ဆိုလိုတာ "အချိန်မှီ" "စနစ်တကျ" မကုသရင် သေနိုင်ပါတယ်။ ‼️
💥 အဲ့ဒီတော့ ကုသမှု မရခင် စပ်ကြား ရှေးဦးပြုစုပေးနိုင်ဖို့ အရေးကြီးပါတယ်။
(၁) လူနာကို အေးပြီး အရိပ်ရတဲ့ တနေရာရာကို ရွေ့ပါ
(၂) ခြေထောက်ကို အနည်းငယ် မြှင့်ပေးပြီး လဲလျောင်းတဲ့ အနေအထားမှာ ထားပေးပါ
(၃) ရေအေးစိမ်၊ ရေဖျန်း၊ ရေခဲဝတ် တိုက်ပေး၊ ကပ်ပေးတာ တွေ လုပ်ပေးပါ၊ အထူးသဖြင့် လည်ပင်း၊ ချိုင်းကြား နဲ့ ပေါင်ခြံ လို နေရာတွေ မှာ ကပ်ပေး တိုက်ပေးပါ။
(၄) အဲကွန်းခန်းထဲ ရွေ့တာ၊ ပန်ကာ နဲ့ မှုတ်ပေးတာလည်း လုပ်ပေးနိုင်ပါတယ်
(၅) ပါးစပ်ကဝင်မယ် သတိလစ်မနေဘူး ဆိုရင် ရေအေးလေး တိုက်ပေးနိုင်ပါတယ်
(၆) ဒါတွေ လုပ်လို့မှ လူနာ အခြေအနေ မကောင်းဘူး (ကိုယ်ပူမကျ၊ သတိလစ်၊ တက်တာ တွေ ဖြစ်လာမယ်) ဆိုရင်တော့ အရေးပေါ်ကုသမှု ဋ္ဌာနရှိတဲ့ ဆေးရုံကို နောက်မကျစေဘဲ အမြန်ဆုံးသွားဖို့သာ တိုက်တွန်း လိုက်ပါတယ်။
x x x x x
ဒေါက်တာလင်း
M.B., B.S. | D.T.M.&H. | M.C.T.M. (Thailand)
(Specialization in tropical medicine and infectious diseases)
Smart Wellness Myanmar
ကိုးကား - https://www.mayoclinic.org/diseases-conditions/heat-stroke/
#အပူရှပ် #ရှေးဦးပြုစု
04/02/2023
ချောင်းဆိုးတာ_သက်သာစေတဲ့_အိမ်တွင်းဆေးနည်းများ
#ချောင်းဆိုးတယ်ဆိုတာ
#ချောင်းဆိုးတာ_သက်သာစေတဲ့_အိမ်တွင်းဆေးနည်းများ
#ချောင်းဆိုးတယ်ဆိုတာ
🗣 အသက်ရှူလမ်းကြောင်းနဲ့ အဆုတ်ထဲမှာ မရှိရမယ့် ယားယံစေတဲ့ အမှုန်တွေ၊ ဘက်တီးရီးယား၊ ဗိုင်းရပ်၊ မှိုပိုး စတဲ့ ပိုးမွှားတွေ ဝင်ရောက်လာတဲ့အခါ ခန္ဓာကိုယ်က သဘာဝ အလျောက်တုံ့ပြန်မှု လုပ်တာ ဖြစ်ပါတယ်။
🗣 ချောင်းဆိုးတာဟာ ပြင်ပက ဝင်လာတဲ့ အသက်ရှူလမ်းကြောင်းထဲ မရှိသင့်တဲ့ အရာတွေကို အပြင်ပြန်ရောက်အောင် တွန်းထုတ်ဖို့ ကြိုးစားတာပါပဲ။
🗣 ချောင်းဆိုးတာရောဂါမဟုတ်ပါဘူး။ ရောဂါတစ်မျိုးမျိုးရဲ့ ရှေ့ပြေးလက္ခဏာသာ ဖြစ်ပါတယ်။
🗣 ချောင်းဆိုးတာ သာမာန် ကနေ အဆက်မပြတ်ဆိုးလို့ အိပ်မရတဲ့အထိလဲ ပြင်းပြင်းထန်ထန် ခံစားရတတ်ပါတယ်။
📌 ဒီဆောင်းပါးလေးမှာတော့ ချောင်းဆိုးတဲ့ လက္ခဏာ (ဝေဒနာ) ကို သက်သာစေတဲ့ အိမ်တွင်း နည်းလမ်းလေးတွေ အကြောင်း တင်ပြသွားမှာ ဖြစ်ပါတယ်။
(၁) ပျားရည် 🍯🍯🍯
🍯 ရှေးပဝေဏသီကတည်းက ပျားရည်က ချောင်းဆိုးဝေဒနာကို သက်သာစေကြောင်း ဆေးကျမ်းတွေမှာ ဖော်ပြထားကြပါတယ်။
🍯 မျက်မှောက်ကာလ ဆေးသုတေသန အချို့မှာလည်း ပျားရည် နဲ့ ချောင်းဆိုးပျောက်ဆေး တွဲပေးတာဟာ ဝေဒနာ သက်သာတာ ပိုမြန်တယ်ဆိုတာ တွေ့ရှိထားပါတယ်။
(မူရင်း ဆေးသုတေသန စာတမ်း LINK) 👇👇👇
https://jamanetwork.com/journals/jamapediatrics/fullarticle/571638
🍯 ဘယ်လို တိုက်ပေးရမလဲဆိုတော့ . . .
ပျားရည် လက်ဖက်စားဇွန်း ၂ ဇွန်းကို ရေနွေး ကြက်သီးနွေးလေး အနည်းငယ်နဲ့ ရောပါ။
ပြီးရင် ဒီလို ရောထားတာကို တစ်နေ့ တစ်ကြိမ် မှ နှစ်ကြိမ်အထိ သောက်သုံးနိုင်ပါတယ်။
🔴 ၁ နှစ်အောက်ကလေးတွေကိုတော့ ပျားရည် မတိုက်ပါနဲ့။
(၂) ဂျင်း (ချင်း)
🎯 ချင်းရဲ့ အာနိသင်က ချောင်းခြောက်ဆိုးတာကို လျော့ပါးစေပါတယ်။
🎯 ရောင်ရမ်းတာ သက်သာစေတဲ့ ဂုဏ်သတ္တိလည်း ရှိပြီး နာကျဉ်တာ၊ ပျို့တာတွေကိုလည်း သက်သာစေနိုင်ပါတယ်။
🎯 ဆေးသုတေသန တစ်ခုမှာတော့ ချင်းမှာ ပါဝင်တဲ့ အရောင်ကျစေနိုင်တဲ့ ဓါတ်ပေါင်းတွေဟာ အသက်ရှူလမ်းကြောင်းက အမြှေးပါးလေးတွေကို တည်ငြိမ်စေပြီး ချောင်းဆိုးတာ လျော့ပါးစေတယ်လို့ ဆိုပါတယ်။
(မူရင်း ဆေးသုတေသန စာတမ်း LINK) 👇👇👇
https://www.ncbi.nlm.nih.gov/pmc/articles/PMC3604064/
🎯 လက်ဖက်ရည် တစ်ခွက်စာ ရေနွေးထဲ ချင်း ၂၀-၄၀ ဂရမ် ပမာဏ ရှိတဲ့ ချင်းပြားလေးတွေ လှီးပြီးထည့် ပြုတ်ပါ။ ၁၅ မိနစ်ခန့် နှပ်ထားပါ။ ပြီးမှ သောက်ပါ။
🎯 အရသာပိုကောင်းပြီး အာနိသင် ပိုထက်အောင် ပျားရည် ဒါမှမဟုတ် ရှောက်ရည် ထပ်မံညှစ်ထည့်ပြီး သောက်သုံးနိုင်ပါသေးတယ်။
(၃) အရည် 💧💧💧
💧 ချောင်းဆိုးပြီး နေမကောင်းရင် အရည်ဓါတ် လုံလုံလောက်လောက်ရှိနေဖို့ အရေးကြီးပါတယ်။
💧 ရေဓါတ်လုံလုံလောက်လောက် ပေးနိုင်ရင် ချောင်းဆိုး/နှာစေး/ နှာရည်ယိုတာကို မြန်မြန် သက်သာဖို့ အထောက်အပံ့ပေးပါတယ်။
(မူရင်း ဆေးသုတေသန စာတမ်း LINK) 👇👇👇
https://www.ncbi.nlm.nih.gov/pubmed/19145994
💧 ဓါတ်ဆားရည်၊ ရေ၊ ရေနွေးဖြူ၊ ရေနွေးကြမ်း၊ အုန်းရည်၊ အချိုဓါတ်မကဲ တဲ့ သစ်သီးဖျော်ရည်၊ ပိုကာရီလို ရေနဲ့ ဆားဓါတ် ဖြည့်စွက်ပေးတဲ့ အရည်တွေ သောက်နိုင်ပါတယ်။
💧 အချိုဓါတ်ကဲပြီး GAS ပါတဲ့ သံဗူးအချိုရည်တွေ၊ ကိုလာ၊ စပါကလင် စတဲ့ အချိုရည်တွေ ဒီအချိန်မှာ ရှောင်သင့်ပါတယ်။ ရေခဲရေ လည်း ဖြစ်နိုင်ရင် မသောက်ပါနဲ့ဦး။
(၄) ရေနွေးငွေ့ 💨💨💨
💨 သလိပ်ပါတဲ့ ချောင်းမျိုး ဆိုးရင်တော့ ရေနွေ့ငွေ့ရှူတာက အဆုတ်ထဲက ခဲနေတဲ့ သလိပ်တွေကို အရည်ပျော်စေပြီး ဝေဒနာကို မြန်မြန် သက်သာစေနိုင်ပါတယ်။
💨 ခပ်ကြီးကြီး ရေဇလုံထဲကို ရေနွေးပွက်ပွက်ဆူထည့် တံပတ်နဲ့ ခေါင်းကို အုပ်ခြုံပြီး ၅ - ၁၀ မိနစ်လောက်ရှူပေးပါ။ ယူကလစ်ပင်ရဲ့ အရွက် (သို့) ယူကလစ်အဆီကို ရေနွေးထဲခတ်ပြီး ရှူရင် ပိုပြီး ထိရောက်ပါတယ်။
💨 ရေနွေးရဲ့ အပူရှိန်ကြောင့် အရေပြားပါပူလာရင်တော့ အရေပြားမလောင်အောင် ခဏလောက်နားပေးနိုင်ပါတယ်။
(၅) ဆားရည်
✅ ရေနွေးထဲ အိမ်သုံးဆား ခပ်ပြီး ဆားရည်နဲ့ ဂါဂါလုပ်တာက လည်ချောင်းနာတာ နဲ့ သလိပ်ပါတဲ့ ချောင်းဆိုးတာမျိုးအတွက် အရမ်းထိရောက်တဲ့ အိမ်တွင်းနည်းပါပဲ။
✅ ဆားရည်က လည်ချောင်းရဲ့ အနောက်မှာ ကပ်နေတဲ့ သလိပ်ခဲတွေ၊ အကျိအချွဲတွေကို ပျော်ဝင် လျော့ပါးစေလို့ ချောင်းဆိုးတာကို သက်သာစေပါတယ်။
✅ ရေနွေး ၁ ဖန်ခွက်ထဲကို ဆားလက်ဖက်စားဇွန်း ၂ ဇွန်းခန့် ထည့်ပါ။ ဆားခရစ်စတယ်လေးတွေ ပျော်ဝင်အောင် မွှေပေးပါ။ ပြီးရင် ဂါဂါလုပ်ဖို့ အဆင်ပြေတဲ့ အပူချိန်ရောက်အောင် အေးသွားအောင် စောင့်ပါဦး။
✅ ဆားရည်ကို မြန်မြန် ထွေးမထုတ်ဘဲ လည်ချောင်းနဲ့ ကြာကြာထိတွေ့အောင် ကြိုးစားပါ။
✅ တစ်နေ့ကို အကြိမ်ရေ များများ လုပ်နိုင်လေ ကောင်းလေပါပဲ။ အနည်းဆုံးတော့ မနက် အိပ်ရာထ တဲ့ အချိန် နဲ့ မအိပ်ခင် စုစုပေါင်း (၂) ကြိမ် လုပ်နိုင်အောင်တော့ ကြိုးစားပါ။
(၆) နာနတ်သီး အူတိုင် 🍍🍍🍍
🍍 နာနတ်သီး အူတိုင်မှာ အများဆုံးပါတဲ့ ဘရိုမလိမ်းဆိုတဲ့ အင်ဇိုင်း တစ်မျိုးဟာ ရောင်ရမ်းတာကို လျော့ပါးစေပြီး ချွဲပျော်စေတဲ့ အာနိသင် ရှိပါတယ်။
🍍 ဒီအင်ဇိုင်း အမျိုးအစားက နာနာသီး “အူတိုင်” မှာသာ အဓိကပါလို့ ချောင်းဆိုးသက်သာအောင် နာနတ်သီးကို ဖျော်သောက်ရင်တော့ လုံလောက်တဲ့ ပမာဏရမှာ မဟုတ်ပါဘူး။
(၇) စမုန်ဖြူ
📌 ဟင်းချက်တဲ့ နေရာမှာရော ဆေးကုတဲ့နေရာမှာရော အသုံးဝင်တဲ့ စမုန်ဖြူဟာ ချောင်းဆိုး၊ လည်ချောင်းနာ၊ လေပြွန်ရောင်တာတွေကို သက်သာစေတယ်လို့ ဆိုပါတယ်။
📌 ဆေးသုတေသန တစ်ခုမှာတော့ စမုန်ဖြူပါတဲ့ ချောင်းဆိုးပျောက်ဆေးအရည်တွေက ချောင်းဆိုးတာကို ပိုမြန်မြန် သက်သာစေတယ်လို့ တွေ့ထားပါတယ်။
(မူရင်း ဆေးသုတေသန စာတမ်း LINK) 👇👇👇
https://www.ncbi.nlm.nih.gov/pubmed/17063641
📌 ဒါပါတဲ့ ချောင်းဆိုးပျောက်ဆေး မရှိရင်တော့ ရေနွေးပူပူ လက်ဖက်ရည်ခွက် တစ်ခွက်စာထဲကို စမုန်ဖြူ လက်ဖက်စားဇွန်း (၂) ဇွန်းခပ် (၁၀) မိနစ်ကြာနှပ်ပြီး တစ်နေ့ သုံးကြိမ်လောက်သောက်နိုင်ရင် ကောင်းပါတယ်။
(၈) ခန္ဓာကိုယ် အကျိုးပြု ပိုးမွှားများ (PROBIOTICS)
🦠 ခန္ဓာကိုယ် အကျိုးပြု ပိုးမွှားများ တွေက ချောင်းဆိုးကို တိုက်ရိုက် မသက်သာစေပေမယ့် အူလမ်းကြောင်းထဲက ပိုးမွှားတွေကို မျှခြေဖြစ်အောင် လုပ်ပေးခြင်းဖြင့် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်ပါတယ်။
🦠 ကိုယ်ခံအားစနစ် ကောင်းမွန်နေရင် ချောင်းဆိုးတာကို ဖြစ်စေတဲ့ ပိုးဝင်တာ ဒါမှမဟုတ် ဓါတ်မတည့်တာ ဖြစ်စေတဲ့ အမှုန်တွေဝင်တာကို ကောင်းကောင်းတိုက်ခိုက်နိုင်ပါတယ်။
🦠 ဒီလိုကိုယ်ခံအားစနစ်ကို အကျိုးပြုတဲ့ ဘက်တီးရီးယားပိုးတစ်မျိုးကို လက်တိုဘက်စီးလက် လို့ခေါ်ပါတယ်။ ဒီလို PROBIOTICS တွေကို ဈေးကွက်မှာ အလွယ်ဝယ်လို့ရပါတယ်။
🦠 အကျိုးပြု ဘက်တီးရီးယားတွေပါတဲ့ သဘာဝ အစားအစာတွေကတော့ . . .
(၁) ဒိန်ချဉ်
(၂) ကင်ချိ (ကိုရီးယား)
(၃) ဂျပန်ရိုးရာ မိဆိုးဟင်းရည် စတာတွေ ဖြစ်ပါတယ်။
(မှတ်ချက် - ဒီနည်းလမ်းတွေက အိမ်တွင်းဆေးနည်းများသာ ဖြစ်ပါတယ်။ ဆရာဝန် နဲ့ တိုင်ပင်ဆွေးနွေးပြီး စနစ်တကျ ကုသမှု ခံယူတာနဲ့တော့ အစားထိုးလို့ မရနိုင်ပါဘူး။)
ဒေါက်တာလင်း
M.B., B.S. | D.T.M.&H. | M.C.T.M. (Thailand)
(Specialization in tropical infectious diseases)
Smart Wellness Myanmar
ကိုးကား - https://www.medicalnewstoday.com/
#ချောင်းဆိုး #အိမ်တွင်းဆေးနည်းများ
📌🧒🐍 သင့်ရဲ့ကလေးငယ်တွေကို မြွေအန္တရာယ်ကင်းဝေးစေဖို့ ဘာတွေသင်ပေးထားရမလဲ?
1. သင့်ရဲ့ကလေးငယ်တွေ မြွေတွေ့ခဲ့လျှင် အောက်ပါအချက်အလက်တွေကိုသင်ပေးထားပါ။
* ရပ်တန့်လိုက်ပါ မြွေကိုထိဖို့ မကြိုးစားပါနဲ့ မြွေသေဖြစ်နေခဲ့ရင်တောင် မြွေနားမကပ်ခိုင်းပါနဲ့။
* ခြေလှမ်းကျဲကျဲနဲ့နောက်ကို ဖြေးဖြေးခြင်း ၁၀လှမ်းဆုတ်ခိုင်းပါ။
* မြွေတွေ့တဲ့နေရာက ခပ်ဝေးဝေးကိုသွားခိုင်းပါ။
* မြွေတွေ့ခဲ့တဲ့အကြောင်းကို လူကြီးများအားပြန်ပြောရန် သင်ထားပေးပါ။
2. မြွေကို ပုတ်၍စနောက်ခြင်း၊ ခဲလုံးဖြင့်ပစ်ပေါက်ခြင်း၊ တခြားအရာဝတ္ထုများဖြင့်ပစ်ပေါက်ခြင်း၊ မြွေကိုဝိုင်းထားခြင်း၊ အ်ာဟစ်ပြေးလွှားခြင်း (သို့မဟုတ်) တခြားလျှင်မြန်သောလှုပ်ရှားမှုများ မပြုလုပ်ခိုင်းပါနှင့်။ မြွေနားတွင်လျှင်မြန်စွာလှုပ်ရှားခြင်းသည် မြွေများအား သူတို့ကို အန္တရာယ်ပြုသည်ဟု မှတ်ယူနိုင်သည့်အတွက် ခုခံကာကွယ်သည့်အနေဖြင့် လှမ်းကိုက်ခြင်း လှမ်းပေါက်ခြင်းများပြု လုပ်နိုင်သည်။ အတတ်နိုင်ဆုံးခြေလှမ်းကြဲကြဲဖြင့် ဖြေးဖြေးချင်းနောက်ဆုတ်ပြီး ထွက်သွားဖို့ သင်ပေးထားပါ။
သင့်၏ကလေးငယ်များအား အထက်ပါ အချက်တွေကိုကိုယ်တိုင်လေ့ကျင့်သင်ကြားပေးထားပါ။ ⬆️
3. သေချာစွာမမြင်နိုင်သောနေရာများ တွင်းခေါင်းများ ကိုလက်ဖြင့်နှိုက်ခြင်း ခြုံပုတ်ထူများအား ခြေဖြင့်တက်နင်းသွားခြင်း လုံးဝမပြုလုပ်ဖို့သင်ပေးထားပါ။ သစ်လုံးများပေါ်ချိတ်တက်ခြင်း၊ ကျောက်ဆောင်ပေါ်တက်ခြင်း၊ ကစားစရာတုတ်များထင်းများစုဆောင်းခြင်း ပြုလုပ်သည့်အခါတွင် ဂရုစိုက်ရန်သင်ကြားပေးထားပါ။
4. တောထဲသို့သွားလျှင် သတ်မှတ်ထားသော လမ်းများတိုင်းသာ သွားခိုင်းပါ။
5. ရေထဲတွင်မျောပါလာသော"တုတ်" ဟုထင်မှတ်ရသောအရာများသည် မြွေဖြစ်နိုင်သည့်အတွက် လုံးဝကောက်မကိုင်ဖို့ သင်ပေးထားပါ။
6. ညဖက်အပြင်ထွက်တိုင်း လက်နှိပ်ဓာတ်မီးအမြဲသုံးပါ။
7. အကောင်ကိုက်ခံသည်ဟုထင်လျှင် လူကြီးများအား ချက်ချင်းပြန်ပြောရန် သင်ပေးထားပါ။
Credit
of Myanmar
🐍❤️
29/11/2022
🐍မြွေနဲ့ ပတ်သတ်သည့် မှားယွင်းသည့် အယူအဆများ 📌📌 (UPDATE)
၁။ အဆိပ်ရှိသောမြွေနှင့် အဆိပ်မရှိသောမြွေတို့ ပေါင်းစပ်ပြီး မျိုးပွားလျှင် မျိုးစပ်မြွေ ဖြစ်လာနိုင်သည် ➡ မှားသည်။
၂။ အန္တရာယ်မရှိသောမြွေတို့သည် မိတ်လိုက်ရာသီအတွင်း အဆိပ်ရှိပြီး အန္တရာယ်ရှိလာနိုင်သည် ➡ မှားသည်။ အန္တရာယ်မရှိသော မြွေသည် ဘဝတစ်လျှောက်လုံး အန္တရာယ်မရှိသောမြွေသာ ဖြစ်မည်။
၃။ မြွေများသည် လူနှင့်အခြားတိရိစ္ဆာန်များကို အိပ်မွေ့ချညှို့စားတတ်သည် ➡ မှားသည်။ မြွေများသည် အိပ်မွေ့ချညှို့မစားတတ်ပါ။
၄။ တြိဂံပုံစံခေါင်းရှိသောမြွေ အကုန်လုံးသည် အဆိပ်ရှိသည် ➡ မှားသည်။ တချို့က အဆိပ်ရှိ၍ တချို့က အန္တရာယ်မပေးနိုင်ပါ။
၅။ အဆိပ်ရှိမြွေအကုန်လုံး အန္တရာယ်ရှိသည် ➡ မှားသည်။ မြန်မာနိုင်ငံအတွင်းမှ အဆိပ်ရှိမြွေတော်တော်များများသည် လူတို့အတွက် အန္တရာယ်မရှိပါ။
၆။ မြွေတို့အတွက် နွားနို့နှင့် ကြက်ဥတို့သည် ကျန်းမာသော အစားအစာများ ဖြစ်သည် ➡ မှားသည်။ မြွေများကို နို့လုံးဝ မတိုက်သင့်ပါ။ မြွေဘုရားများတွင် နို့နှင့်ကြက်ဥတိုက်ကျွေးခြင်းခံနေရသော စပါးအုံးမြွေတို့သည် အဟာရချို့တဲ့မှုဖြင့် တဖြည်းဖြည်းအသတ်ခံနေရခြင်း ဖြစ်သည်။ ဒါသည် တိရိစ္ဆာန်များအပေါ် ညှင်းပန်းနှိပ်စက်နေခြင်းဖြစ်သည်။
၇။ ဆာလ်ဖာအမှုန့်(ကန့်) နှင့် အသီးအနှံများသည် မြွေများကို ဟန့်တားနိုင်သည် ➡ မှားသည်။ မြွေကို ဟန့်တားဖို့ ဝယ်စရာ၊ စိုက်စရာ ဘာမှမရှိပါ။ မြွေကို ထိန်းချုပ်ဖို့ အကောင်းဆုံးနည်းမှာ ပိုက်ဆံမကုန်သော ကြွက်ထိန်းချုပ်ရေးသာ ဖြစ်သည်။
၈။ ဆင်ပစ်မြွေများသည် အဆိပ်အရမ်းပြင်းသည့်အတွက် ဆင်ကြီးတစ်ကောင်လုံးတောင် သတ်နိုင်သည် ➡ မှားသည်။ အမြင်အာရုံမရှိသောမြွေတို့သည် အဆိပ်မရှိသည့်အပြင် လူတို့ကို အန္တရာယ်မပေးနိုင်ပါ။ သူတို့သည် ပုရွက်ဆိတ်နှင့်ခြဥများ၊ ပိုးလောင်းများကို စားသောက်သည့်အတွက် သင့်အိမ်နားတွင် ထိုမြွေများရှိခြင်းမှာ ကောင်းသည်။
၉။ အလွန်အမင်းအဆိပ်ရှိသော မြွေတစ်ကောင်က သင့်အရိပ်ကို ကိုက်လိုက်လျှင် သင်သေဆုံးနိုင်သည် ➡ မှားသည်။
၁၀။ မြွေပွေးများသည် လူ၏ ဓာတ်မတည့်မှုနှင့် အရေပြားပြဿနာများကို ကုသနိုင်သည် ➡ မှားသည်။ ကျန်းမာရေးကောင်းကျိုးများရှိကြောင်း အထောက်အထားမရှိသေးပါ။
၁၁။ ငန်းစောင်းသည် သင်ဦးထုပ်ဆောင်းထားနေစဉ် ညနေစောင်းအချိန် ကန်စောင်းနားတွင် သင့်ကိုကိုက်လိုက်လျှင် သင်သေဆုံးနိုင်သည် ➡ မှားသည်။ ငန်းစောင်းသည် အဆိပ်လုံးဝမရှိပဲ သေးငယ်သော သွားများနှင့် အားနွဲ့သော မေးရိုးကြွက်သားများသာ ရှိသည်။ မှတ်တမ်းအရ ထိုမြွေတို့ကြောင့် သေဆုံးမှု လုံးဝမရှိသေးပါ။
၁၂။ လင်းမြွေက သင့်ကို မွန်းတည့်ချိန်တွင် ကိုက်လျှင် သင်သေနိုင်သည် ➡ မှားသည်။ လင်းမြွေသည် အဆိပ်မရှိပါ။ လင်းမြွေကိုက်ခံထိလို့ နေ့ပိုင်းကော၊ ညပိုင်းတွင်ပါ လူသေဆုံးမှု မှတ်တမ်းမရှိသေးပါ။
၁၃။ ပြဒါးမြွေ၏ အဆိပ်သည် သင့်အသားနှင့်အရိုးတို့ကို ပုပ်ပွစေသည် ➡ မှားသည်။ ပြဒါးမြွေတို့တွင် အဆိပ်လုံးဝမရှိသည့်အပြင် လူတို့ကို လုံးဝအန္တရာယ်မပေးနိုင်ပါ။
၁၄။ တိုင်းရင်းဆေးဆရာတို့၏ ဆေးဝါးများဖြင့် မြွေကိုက်မှုကို ကုသနိုင်သည် ➡ မှားသည်။ ဆေးရုံကို အမြန်ဆုံး သွားပါ။
၁၅။ မြွေများသည် သူတို့မိသားစုကို သတ်သူတို့ကို ကလဲ့စားချေတတ်သည် ➡ မှားသည်။ မြွေတို့သည် ကလဲ့စားမချေတတ်ပါ။
၁၆။ မြွေတွေရဲ့ မျက်လုံးသည် ကင်မရာနဲ့တူပါသည်။ သူ့ကို သတ်တဲ့သူ၏အရိပ်၊ပုံကို မှတ်ထားပြီး သူ့အဖော်က အဲ့ဒီမြွေကို သတ်တဲ့သူနောက်လိုက်၍ ပြန်ပေါက်သတ်ပါသည်။ ဒါကြောင့် တခြားမြွေတွေ သူ့မျက်လုံးကို မမြင်ရအောငိ သေသွားတဲ့မြွေရဲ့ ခေါင်းကို ဖြတ်ပြီး တွင်းနက်နက်တူးပြီး မြုပ်ရပါသည် ➡ မှားသည်။
၁၇။မြွေကိုက်ဒဏ်ရာကို လူရဲ့ဆီးနဲ့ ကုလို့ရပါသည် ➡ မှားသည်။ ပိုးဝင်ပြီး ဒဏ်ရာပိုဆိုးနိုင်ပါတယ်။ မြွေကိုက်ရင် ဆေစရုံကို အမြန်သွားပါ။
၁၈။ မြွေရဲ့အဆိပ်နဲ့ မြွေကိုက်ဒဏ်ရာကို ဆေးရွက်အုံပြီး ကုလို့ရပါသည် ➡ မှားသည်။ မြွေကိုက်ဒဏ်ရာပေါ်ကို ဘာမှမအုံပဲ ဆေးရုံကို အမြန်သွားပါ။
၁၉။ ဇီးဖြူသီး၊ ထုံး၊ ဆေးရွက်ကြီးတို့ က မြွေတားနိုင်ပါသည် ➡ မှားသည်။ မြွေတားနိုင်သည့် အရွက် အသီး အပင် မရှိသေးပါ။
၂၀။ မြွေကလူကို ကိုက်ရင် လူရဲ့အဆိပ်မိပြီး သေဆုံးနိုင်ပါသည် ➡ မှားသည်။ လူတွေမှာ အဆိပ်မရှိပါဘူး။
၂၁။ မြွေတွေက ကိုက်ပြီးရင် အဆိပ်တွေအကုန်သုံးလိုက်ရလို့ ပင်ပန်းပြီး မလှုပ်ရှားနိုင်တော့ပါဘူး ➡ မှားသည်။ မြွေတိုင်းအဆိပ်မရှိပါဘူး ပြီးတော့ ကိုက်ပြီးရင် မပင်ပန်းပါဘူး။ မကိုက်ခင်အချိန်နဲ့ ကိုက်ပြီးတဲ့အချိန် ပုံမှန်အတိုင်းသွားလာပါတယ်။
၂၂။ အဆိပ်ရှိတဲ့မြွေတွေက ကြက်ချေးကြိုက်ပါသည် ➡ မှားသည်။ မြွေတွေကို ကြက်ချေးစားဖို့မဟုတ်ပဲ ကြက်စားဖို့ လာတာပါ။
၂၃။ အဆိပ်ရှိတဲ့မြွေတွေရဲ့ အရိုးက အဆိပ်ရှိပါသည် ➡ မှားသည်။ မြွေရဲ့အဆိပ်က သူ့ခေါင်းထဲက အဆိပ်အိပ်ထဲမှာပဲ ရှိတာပါ။
၂၄။ ငန်းတော်ကြားတွေက မွေးကင်းစကလေးငယ်တွေ ရှိတဲ့အိမ်ကို သွားပါသည် ➡ မှားသည်။
၂၅။ ငန်းစောင်းက မိန်းကလေး မြင်ရင် အနောက်က လိုက်ပါသည် ➡ မှားသည်။ ဘယ်မြွေမှ လူနောက် တကူးတက မလိုက်ပါဘူး။ သူတို့က လူတွေအနားမှာ မနေချင်ပါဘူး။
၂၆။ ဂါထာရွတ်ရင် မြွေမလာပါဘူး ➡ မှားသည်။ မြွေတွေမှာ ဘာသာမရှိပါဘူး။
၂၇။ တက်တူတွေက အဆိပ်ရှိပြီး လူသေဆုံးစေနိုင်ပါသည် ➡ မှားသည်။ တက်တူတွေက အန္တရာယ်မရှိပါဘူး။
၂၈။ မြွေဥကို ယူလာပြီးစားရင် မြွေမက အနောက်ကနေ အနံခံပြီးလိုက်လာလိမ့်မည် ➡ မှားသည်။
၂၉။ မြွေအမြုတေက မသုံးတဲ့မြွေဆိပ်တွေကနေ အမြုတေဖြစ်သွားတာပါ ➡ မှားသည်။ အဲ့ဒါက ကျောက်တုံး၊ အသီးစေ့ ဒါမှမဟုတ် အရိုးစတခုပါ။
၃၀။ မြွေအမြုတေက မိုးစက်တွေ မြွေဟောက်ရဲ့ပါးစပ်ထဲကို ဝင်သွားတဲ့အချိန်မှာ ဖြစ်တည်ပါတယ် ➡ မှားသည်။ အဲ့ဒါက ဒီအတိုင်း ကျောက်ခဲ၊ အသီးစေ့ သို့မဟုတ် အရိုးစပါ။
၃၁။ မြွေအမြုတေက မြွေကိုက်ဒဏ်ရာတွေကို ကုသနိုင်တယ် ➡ မှားသည်။ မြွေကိုက်ခြင်းကို မြွေအဆိပ်ဖြေဆေးတွေနဲ့ပဲ ကုသနိုင်ပါတယ်။
၃၂။ မြွေကိုက်ဒဏ်ရာကို ကြက်သားနဲ့ အုပ်ရပါတယ် ➡ မှားသည်။ ဒီလို လုံးဝမလုပ်ပါနဲ့။ Salmonella ရောဂါပိုးတွေ ဝင်လာနိုင်ပါတယ်။
၃၃။ မြွေဟောက် သို့မဟုတ် တောကြီးမြွေဟောက်ဥတွေ စားပြီးရင် ပါးစပ်ကို ကြက်သွန်ဖြူ သို့မဟုတ် လက်ဖက်နဲ့ ဆေးပေးရပါသည်။ ညရောက်ရင် မြွေမက ပါးစပ်ကို လာနမ်းကြည့်ပြီး အနံမရမှသာ ထွက်သွားပါသည် ➡ မှားသည်။ မြွေတွေက တတ်နိုင်သလောက် လူနဲ့ ဝေးဝေးနေပါသည်။
၃၄။ မြွေအမြှီးက တိုပြီး တုတ်တယ်ဆိုရင် အဆိပ်ရှိတယ် ➡ မှားသည်။ အမြှီးအရွယ်အစားက မြွေအဆိပ်ရှိမရှိကို ခွဲလို့မရပါဘူး။
၃၅။ မြွေတွေက နားမကြားဘူး ➡ မှားသည်။ မြွေတွေက နားကြားပါတယ်။ လူတွေလိုမျိုး ရှင်းရှင်းလင်းလင်းမကြားရတာပါ။
၃၆။ မွန်းတည့်ချိန်မှာ မြွေကိုက်ရင် လူသေသည် (မွန်းတည့်မြွေ)➡ မှားသည်။ အန္တရာယ်မရှိတဲ့မြွေက ဘယ်အချိန်ကိုက်ကိုက် လူမသေပါဘူး။ အဆိပ်ရှိတဲ့မြွေကလည်း အဆိပ်မထုတ်ပဲ ကိုက်တဲ့အချိန်တွေ ရှိပါတယ်။
၃၇။ မြွေသည်းခြေကိုစားရင် ကင်ဆာပျောက်တယ် ➡ မှားသည်။ မြွေသည်းခြေက ကင်ဆာပျောက်တယ်ဆိုတဲ့ သုတေသန မှတ်တမ်းအချက်အလက် အတိအကျမရှိပါဘူး။
၃၈။ အဆိပ်ရှိမြွေနဲ့ အဆိပ်မရှိမြွေတွေက ပတ်ဝန်းကျင်တခုတည်းမှာ မကျက်စားဘူး ➡ မှားသည်။
၃၉။ မြွေဟောက် အဆိပ်ပြင်းမပြင်း သူ့ပါးပျဉ်းပေါ်က ပုံသဏ္ဍာန်ကို ကြည့်ပြီးသိနိုင်တယ် ➡ မှားသည်။ မြွေရဲ့ အဆိပ်ကို သူ့ပုံစံကို ကြည့်ခွဲလို့မရပါဘူး။
၄၀။ မြွေအရေခွံကို ပြာချပြီး အရေပြားကို ပွတ်ရင် အရေပြားမှိုရောဂါပျောက်တယ် ➡ မှားသည်။ အဲ့ဒီအတွက် သုတေသန မှတ်တမ်းအတိအကျမရှိပါဘူး။
၄၁။ မြွေရေကူးတဲ့အချိန် သူ့ခေါင်းကို ကြည့်ပြီး အဆိပ်ရှိမရှိ ခွဲလို့ရတယ် ➡ မှားသည်။
၄၂။ ကိုယ်ဝန်ဆောင်တွေကို မြွေကိုက်ရင် မြွေသေတယ် ➡ မှားသည်။ လူတွေမှာ အဆိပ်မရှိပါဘူး။
၄၃။ ကိုယ်ဝန်ဆောင်တွေကို မြွေကိုက်ရင် လူမသေဘူး ➡ မှားသည်။ အဆိပ်မရှိတဲ့မြွေကိုက်ရင် ဘယ်သူမှမသေပါဘူး။ အဆိပ်ရှိမြွေကိုက်ပြီး အချိန်မှီဆေးကုသမှုမခံယူရင် သေနိုင်ပါတယ်။
၄၄။ ကိုယ်၀န်ဆောင်တွေကို မြွေကိုက်ရင် ချက်ချင်းမသေပဲ ကလေးမွေးပြီးမှ သေတယ် ➡ မှားသည်။ အဆိပ်ရှိမြွေက ကိုက်လိုက်လို့ ဆေးရုံမှာ အချိန်မှီဆေးကုသမှုမခံယူရင် သေနိုင်ပါတယ်။
၄၅။ မြွေဗိုက်မှာ အမည်းစက်ရှိရင် မြွေက အဆိပ်ရှိတယ် ➡ မှားသည်။ ဒီနည်းနဲ့ အသေမှတ်လို့မရပါဘူး။
၄၆။ လင်းမြွေအမြှီးကို စားရင် ကိုယ်ဝန်ဆောင်တွေ ကလေးမွေးရပိုလွယ်တယ် ➡ မှားသည်။
၄၇။ ငန်းတော်ကျားက သူစားချင်လျင် ပါးစပ်လေး ဟပေးထားရုံနဲ့ သတ္တဝါလေးတွေက ပါးစပ်ထဲအလိုလို ဝင်ပြီးအစားခံရတယ်။ သူ့အတွက် အစာကို တခြားမြွေက မရှာပေးနိုင်လျင် အဲ့ဒိမြွေကိုယ်တိုင်က သူ့ ပါးစပ်ထဲ အစာအဖြစ် ဝင်ပြီး အသေခံသွားရတယ်။ ➡ မှားသည်။ ငန်းတော်ကျားတွေရဲ့ အဆိပ်က အာရုံကြောစနစ်ကို တိုက်ခိုက်တာမို့ ရုန်းမရပဲ အစားခံတဲ့ပုံပေါက်သွားတာပါ။
၄၈။ မြွေဆိပ်ပြီးသည့် ဆေးမင်ကြောင်များသည် မြွေဆိပ်ပြီးသည် ➡ မှားသည်။ မြွေဆိပ်ပြီးသည့် ဆေးမရှိသေးပါ။
၄၉။ ပထမအကြိမ်မြွေကိုက်ခံရသူသည် နောက်တကြိမ်မြွေကိုက်ခံရရင် မြွေဆိပ်မတက်ပါ ➡ မှားသည်။ အဆိပ်ရှိမြွေက အဆိပ်ထည့်ကိုက်လိုက်ရင် ဘယ်နှစ်ခါကိုက်ကိုက် အဆိပ်တက်ပါတယ်။
၅၀။ မြွေကိုက်ခံရသူအား ငရုတ်သီးကျွေးပြီးစပ်ရင် အဆိပ်မတက်ပါ ➡ မှားသည်။
၅၁။ မြွေမြှီးကို ဖြတ်ပြီးမြိုရင် မြွေဆိပ်တက်တာကို တားနိုင်သည် ➡ မှားသည်။ လင်းမြွေအမြှီးနဲ့ မြွေဆိပ်တက်တာနဲ့ မဆိုင်ပါဘူး။
၅၂။ လင်းမြွေရှိရင် မြွေဆိုးမလာပါ ➡ မှားသည်။
၅၃။ မြွေတွေက အရေခွံလဲရင် ပြန်နုပျိုသွားပြီး ဘယ်တော့မှမသေပါ ➡ မှားသည်။ သတ္တဝါတိုင်း သေပါတယ်။
၅၄။ မြွေက အနုကြီးရောဂါသည်ကို မကိုက်ပါ ➡ မှားသည်။ သူတို့ကို အန္တရာယ်ပြုတဲ့ သတ္တဝါတိုင်းကို ကိုက်ပါတယ်။
၅၅။ ရေအောက်မှာ သွားနေတဲ့မြွေက အဆိပ်မရှိပဲ ရေပေါ်သွားနေတဲ့မြွေက အဆိပ်ရှိသည် ➡ မှားသည်။ မြွေတိုင်း ရေပေါ်ရေအောက်ကူးနိုင်ပါတယ်။
၅၆။ မြွေပါက မြွေနိုင်တယ် ➡ မှားသည်။ မြွေနဲ့ မြွေပါ ချရင် အကောင်ကြီးပြီး ပိုလျှင်တဲ့ကောင်က နိုင်ပါတယ်။ မြွေပါတွေလည်း ခနကိုယ်ထဲကို မြွေဆိပ်အလုံအလောက်၀င်ရင်သေပါတယ်။
၅၇။ ခွေးတွေ ကြောင်တွေ လျှာမှာ မှည့်ပါရင် မြွေဆိပ်ပြီးသည် ➡ မှားသည်။ လျှာမှာ မှည့်ပါရင် မြွေနိုင်တာနဲ့ မဆိုင်ပါဘူး။ မြွေဆိပ်ပြီးတဲ့သတ္တဝါ မရှိပါဘူး။
၅၈။ ငန်းတော်ကျားအဆိပ်က ဖြေဆေးမရှိဘူး ➡ မှားသည်။ ငန်းတော်ကျားအဆိပ်ဖြေဆေးရှိပါတယ်။ မြန်မာနိုင်ငံမှာမရှိတာပါ။ ကိုက်ခံရရင် Ventilator ရှိတဲ့ဆေးရုံကို သွားရင် အသက်ရှင်နိုင်ခြေရှိပါတယ်။
၅၉။ မြွေက သခွားသီးပေါ် ဖြတ်လျှောက်ရင် အသီးခါးသွားတယ် ➡ မှားသည်။ အသီးခါးတာ မြွေနဲ့ မဆိုင်ပါဘူး။
၆၀။ မြွေပွေးနဲ့ ရခိုင်တွေ့ရင် ရခိုင်အရင်သတ်ဆိုတဲ့စကားပုံနဲ့ မြွေပွေးကို မသတ်ပဲ ရခိုင်ငှက်ပျောပင်ကို ခုတ်ပြီးရလာတဲ့အစေးနဲ့ ဒဏ်ရာကို အဆိပ်မပြန့်အောင်လုပ်ရတယ် ➡ မှားသည်။ မြွေကိုက်ဒဏ်ရာပေါ်ကို ဘာမှမလိမ်းပါနဲ့။ ရေဆေးချ ဆေးရုံကို အမြန်သွားပါ။ ငှက်ပျော်ပင်အစေးနဲ့ အဆိပ်မပြန့်အောင် တားလို့မရပါဘူး။
၆၁။ မြွေကိုက်ဒဏရာကို ပါးစပ်ဖြင့် စုပ်၍ အဆိပ်ကို အပြင်ကို ထွေးရမည် ➡ မှားသည်။ မြွေဆိပ်က ၀င်ပြီးရင် စုပ်ထုတ်လို့မရပါဘူး။ ဆေးရုံကို အမြန်သွားပါ။
၆၂။ မြွေကိုက် ဒဏ်ရာ ကို ဓားဖြင့်ခွဲရမည် ➡ မှားသည်။ မှားသည်။ မြွေဆိပ်မပြေသည့်အပြင် ဓားဒဏ်ရာ ကြောင့်အနာပို ပြင်းထန်နိုင်သည်။
၆၃။ အဆိပ်ပြင်းတဲ့မြွေကို ချက်တဲ့အခါ အိုးအဖုံးဖွင့်ထားရင် အဆိပ်ငွေ့ရိုက်ပြီး မျက်လုံးကန်းတယ် ➡ မှားသည်။ မြွေဆိပ်ကြောင့် မျက်လုံးမကန်းနိုင်ပါဘူး။ အပူငွေ့ကြောင့် (သို့) တခြားအကြောင်းအရာကြောင့် ဖြစ်နိုင်ပါတယ်။
၆၄။ မြွေသည် ထိုးသွင်းလိုက်သည့် အဆိပ်ပြန့်မပြန့်ကို ထိန်းချုပ်နိုင်သည် ➡ မှားသည်။ အဲ့ဒါက လူရဲ့ ခန္ဓာကိုယ် နဲ့ ဆိုင်ပါတယ်။ မြွေနဲ့ မဆိုင်ပါဘူး။
၆၅။ မြွေကိုက်ရင် ဆားခဲစားရတယ် ➡ မှားသည်။ မြွေဆိပ်အတွက် အထောက်အကူမဖြစ်တဲ့အပြင် သွေးတိုးစသဖြင့် တခြားရောဂါတွေပါ ပိုဆိုးလာနိုင်ပါတယ်။
၆၇။ အဆိပ်ရှိမြွေရဲ့ မျက်လုံးကို ညဖက် ဓာတ်မီးနဲ့ထိုးရင် နီတယ် ➡ မှားသည်။ အဲ့ဒီနည်းနဲ့ မှတ်လို့မရပါဘူး။
၆၈။ လေချွန်ရင် မြွေလာတယ် ပုလွေမှုတ်ရင် မြွေလာတယ်➡ မှားသည်။ မြွေတွေက ပုလွေသံ လေချွန်သံကို မကြိုက်ပါ။
၆၉။ မြွေတွေ အဆိပ်မှုတ်ရင် မျက်လုံးကန်းတယ် ➡ မှားသည်။ မြန်မာနိုင်ငံ မြွေတွေ အဆိပ်မှုတ်ရင် မျက်လုံးမကန်းပါဘူး။ မျက်လုံးကို ရေသန့်နဲ့ ၁၅ မိနစ်လောက် ဆက်တိုက်ဆေးချပေးဖို့လိုပါတယ်။ ပြီးရင် မျက်လုံးရဲ့ တခြားနေရာတွေမှာ ထိခိုက်မှုမရှိစေရန် စစ်ဖို့အတွက် ဆရာ၀န်နဲ့ သွားပြဖို့လိုပါတယ်။
၇၀။ ငန်းတော်ကျားရှိရင် မြွေဆိုးမလာဘူး ➡ မှားသည်။
၇၁။ အဆိပ်ရှိတဲ့မြွေက ခေါင်းကို ပေါက်ရင် ဆေးမမှီဘူး ➡ မှားသည်။ ဆေးရုံကို အချိန်မှီသွားရင် အသက်ရှင်နိုင်ပါတယ်။
၇၂။ တောကြီးမြွေဟောက်အထီးအမကို တကောင်သတ်ရင် နောက်တကောင်က အနံခံပြီးလာပေါက်တယ် ➡ မှားသည်။ မြွေတွေက လက်စားမချေတတ်ပါဘူး။
၇၃။ မြွေပွေးအမတွေက မွေးရင် မြွေပေါက်လေးတွေက ဗိုက်ဖောက်ထွက်ပြီး မြွေအမေတွေက အသေခံရတယ် ➡ မှားသည်။ မြွေပွေးတွေက ကလေးမွေးရင် အကောင်လိုက်မွေးတာမို့ လူတွေက အထင်မှားကြတာပါ။
၇၄။ မြွေပွေးရဲ့ အကွက်ကို ကြည့်ပြီး အဆိပ်ပြင်းမပြင်းခွဲလို့ရတယ်။ ➡ မှားသည်။ မြွေရဲ့ အကွက်ကိုကြည့်ပြီး အဆိပ်ပြင်းမပြင်း ခွဲလို့မရပါဘူး။
၇၅။ မြွေစိမ်းမြှီးခြောက်ကိုက်ရင် အဆစ်တွေ ပြုတ်ပြီးသေတယ် ➡ မှားသည်။ မြွေစိမ်းမြှီးခြောက်ကိုက်ရင် သေဆုံးနှုန်းက ၁ % ပဲရှိပါတယ်။ ဆေးရုံကို သွားရင် သေဆုံးနှုန်းက ၀ % ပါ။
၇၆။ မြွေလိုက်ရင် ပစ္စည်း တခုခုကို ပစ်ချပြီးပြေးရတယ် အဲ့ဒီကျရင် လူနောက်မလိုက်တော့ပဲ ပစ္စည်း ကိုပဲ တိုက်ခိုက်တယ် ➡ မှားသည်။ မြွေတွေက သူတို့ကို ရန်သွားစလို့ လန့်ပြီး ပြန်ခြောက်တဲ့အနေနဲ့ အနောက်က လိုက်တာပါ။ သူတို့နဲ့ ခပ်လှမ်းလှမ်းမှာနေရင် သူတို့ကို အန္တရာယ်မပေးဘူးဆိုတာ သိပြီး မလိုက်တော့ပါဘူး။
၇၇။ ငန်းတော်ကျားက နေ့ဖက်ဆိုရင် ဘာမှမလုပ်ပေမဲ့ ညဖက်ဆိုရင် အန္တရာယ်များတယ် ➡ မှားသည်။ မြွေတွေက လူတွေကို အန္တရာယ် မပေးပါဘူး။ သူတို့ကို ရန်သွားမစရင် နေ့ဖက်၊ ညဖက် အန္တရာယ် မရှိပါဘူး။
၇၈။ အဆိပ်ရှိတဲ့မြွေကိုက်ရင် သွေးမထွက်ဘူး အဆိပ်မရှိတဲ့မြွေကိုက်ရင် သွေးထွက်တယ် ➡ မှားသည်။ ဘယ်မြွေကိုက်ကိုက် အသားပေါက်ရင် သွေးထွက်မှာပါ။
၇၉။ မြွေအမြှီးနီရင် အဆိပ်ရှိတယ် ➡ မှားသည်။ အမြှီးနီပြီး အဆိပ်မရှိတဲ့မြွေတွေရှိပါတယ်။
၈၀။ မြွေတွေရဲ့ အမြှီးနဲ့ ထိုးရင် အဆိပ်မိတယ် ➡ မှားသည်။ ဘယ်မြွေမှ အမြှီးနဲ့ မထိုးပါဘူး။ မြွေတွေရဲ့ အမြှီးမှာလည်း အဆိပ်မရှိပါဘူး။
၈၁။ အပူပိုင်းဒေသက မြွေတွေက အဆိပ်ပိုပြင်းတယ် ➡ မှားသည်။ အအေးပိုင်းဒေသတွေမှာလည်း အဆိပ်ပြင်းတဲမြွေတွေရှိပါတယ်။
၈၂။ မြွေတွေက မိတ်လိုက်ရင် မြွေမျိုးစိတ်အစုံစုပြီး မိတ်လိုက်ကြတယ် ➡ မှားသည်။ မြွေတွေက မျိုးမတူရင် မိတ်မလိုက်ပါဘူး။
၈၃။ မြွေအချင်းချင်းကိုက်ရင် အဆိပ်မတက်ဘူး ➡ မှားသည်။ အဆိပ်ရှိတဲ့မြွေက နောက်မြွေတကောင်ကို ကိုက်ရင် ကိုက်ခံရတဲ့မြွေက အဆိပ်တက်ပါတယ်။
၈၄။ ဗိုက်မှာ အမည်းစက်ပါရင် အဆိပ်ပြင်းတယ် ➡ မှားသည်။ ဗိုက်မှာအမည်းစက်ပါပြီး အဆိပ်မရှိတဲ့ မြွေတွေ အများကြီးရှိပါတယ်။
၈၅။ မြွေစိမ်းမြှီးခြောက်ကိုက်လို့ သူ့အမြှီးကို ပြန်ကိုက်ရင် အဆိပ်ပြယ်တယ် ➡ မှားသည်။
၈၆။ ဘဲငန်းများမွေးထားလျှင်မြွေမလာ ➡️ မှားသည်။
၈၇။ သခွပ်ပင်အခေါက်ဖြင့်မြွေဆိပ်ဖြေနိုင်သည် ➡️ မှားသည်။
Credit
of Myanmar
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
Opening Hours
| Monday | 08:00 - 11:00 |
| 14:00 - 20:00 | |
| Tuesday | 08:00 - 11:00 |
| 14:00 - 20:00 | |
| Wednesday | 08:00 - 11:00 |
| 14:00 - 20:00 | |
| Thursday | 08:00 - 11:00 |
| 14:00 - 20:00 | |
| Friday | 08:00 - 11:00 |
| 14:00 - 20:00 | |
| Saturday | 08:00 - 11:00 |
| 14:00 - 20:00 | |
| Sunday | 08:00 - 11:00 |
| 14:00 - 20:00 |