Medical Content Service by K
Offering High-Quality Content with fair prices.
13/11/2022
https://m.facebook.com/story.php?story_fbid=124619480428989&id=100086428127621
ကြက်ဥအနှစ်လေးရဲ့ အာဟာရတန်ဖိုးကို လျှော့တွက်မိနေပြီလား။
ကြက်ဥစားပြီဆိုရင် အကာကိုဘဲစားပြီး အနှစ်ကိုမစားဘဲ လွှင့်ပစ်တတ်သူတွေ ရှိကြပါသလား။
ကြက်ဥအနှစ်လေးက အဆီတက်စေလို့၊ အရသာမကြိုက်လို့ စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် ဖယ်စားလေ့ရှိကြပါတယ်။
လူတွေသတိမပြုမိကြတဲ့အချက်ကတော့ ကြက်ဥအနှစ်လေးမှာ ဗီတာမင် C တစ်မျိုးကလွဲပြီး ကျန်တဲ့ဗီတာမင်နဲ့သတ္တုဓါတ်တွေအားလုံး စုံလင်စွာပါဝင်နေတာပါ။
အနှစ်လေးထဲမှာဆိုရင် ဗီတာမင် A, D, E, K, B1, B2, B3, B6, B12, Omega-3, သံဓါတ်၊ ဇင့်ဓါတ်၊ ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်၊ ဆိုဒီယမ်၊ ပိုတက်စီယမ်၊ အိုင်အိုဒင်း၊ ပရိုတင်း စတဲ့အာဟာရဓါတ်များစွာ တစ်စုတစ်စည်းတည်း ပါဝင်နေပါတယ်။
လွှတ်ကျောင်းကြက်ဥလေးတွေမှာဆိုရင်တော့ သာမန်ကြက်ဥတွေထက် Omega-3 ၂ဆ၊ ဗီတာမင် E ၃ဆ၊ ဗီတာမင် A ၇ဆလောက် မြင့်မားစွာ ပါဝင်နေပါတယ်။ ဒါ့အပြင် ကိုလက်စထရောပါဝင်မှု သုံးပုံတစ်ပုံခန့်လျော့နည်းပြီး အဆီပါဝင်မှုလည်း လေးပုံတစ်ပုံခန့် လျော့နည်းပါတယ်။
ဟိုးအရင်ခေတ်တွေမှာတော့ ကြက်ဥအနှစ်လေးတွေမှာ ကိုလက်စထရော (ခေါ်) အဆီဓါတ်မြင့်မားစွာ ပါဝင်နေလို့ သွေးတွင်းအဆီဓါတ်များစေပြီး နှလုံးရောဂါဖြစ်စေတယ်လို့ မှားယွင်းယူဆမိခဲ့ကြပါသေးတယ်။
နောက်ဆုံးတွေ့ရှိချက်တွေအရ ကြက်ဥအနှစ်မှာ ကိုလက်စထရောပါဝင်နေတာမှန်ပေမယ့် သွေးတွင်းအဆီပမာဏကိုတော့ မြင့်တက်စေတာမဟုတ်ဘူးလို့ ဆိုပါတယ်။
အစားရှောင်ဖို့လိုတဲ့ ဆီးချိုရောဂါရှိသူတွေတောင် အာဟာရစုံစုံလင်လင်ရရှိစေဖို့ တစ်နေ့ကို ကြက်ဥတစ်လုံးမှန်မှန်စားပေးလို့ရပါတယ်။
ကြက်ဥအနှစ်လေးရဲ့ ကျန်းမာရေးကောင်းကျိုးတွေကတော့-
ကိုယ်ခံအားကောင်းမွန်စေတယ်။
ကြက်ဥအနှစ်လေးရဲ့ အပေါ်ယံအမြှေးပါးမှာပါဝင်နေတဲ့ Sulfated Glycopeptides တွေဟာ ခန္ဓာကိုယ်အတွင်း ခုခံအားဆဲလ်လေးတွေကို ပိုမိုထွက်ရှိလာစေနိုင်ပါတယ်။
နှလုံးကျန်းမာရေးကောင်းမွန်စေတယ်။
အနှစ်လေးထဲမှာဆိုရင် နှလုံးရောဂါနဲ့သွေးတိုးရောဂါ ဖြစ်လာနိုင်ခြေကို လျှော့ချပေးနိုင်တဲ့ trytophan, tyrosine စတဲ့ အမိုင်နိုအက်စစ်တွေ စုံလင်စွာပါဝင်နေပါတယ်။
အမြင်အာရုံကောင်းမွန်စေတယ်။
ကြက်ဥအနှစ် အဝါရောင်ဖြစ်နေရတဲ့ အကြောင်းအရင်းက carotenoids ပါဝင်နေလို့ဘဲ ဖြစ်ပါတယ်။ ဒီ carotenoids အပြင် lutein, zeaxanthin စတာတွေဟာ ရေတိမ်နဲ့အမြင်အာရုံချို့ယွင်းခြင်းတွေ ဖြစ်မလာအောင် ကာကွယ်ပေးနိုင်ပါတယ်။
အူလမ်းကြောင်းကျန်းမာရေးအတွက် အထောက်အပံ့ဖြစ်စေတယ်။
ကြက်ဥအနှစ်မှာပါဝင်တဲ့ phosvitin ဟာ အူလမ်းကြောင်း ကျန်းမာစေဖို့ ကူညီပေးပါတယ်။
အသားအရေချောမွေ့စေတယ်။
အရေပြားဆဲလ်လေးတွေကို ကျန်းမာစေပြီး အရေးအကြောင်းတွေကို လျှော့ချပေးနိုင်တဲ့ Ceramides, Peptides စတာတွေဟာ ကြက်ဥအနှစ်လေးထဲမှာ ပါရှိနေပါတယ်။
ဒီလိုကျန်းမာရေးကောင်းကျိုးတွေ ရရှိနိုင်တာကြောင့် ကြက်ဥစားတဲ့အခါ အကာသာမက အာဟာရတန်ဖိုးမြင့်မားတဲ့ အနှစ်လေးတွေကိုပါ တွဲပြီးစားသုံးပေးသင့်ပါတယ်နော်။
13/11/2022
https://www.facebook.com/100086428127621/posts/123264743897796/
လှဲနေရာကနေ ရုတ်တရက်ထရပ်လိုက်ရင် ဘာကြောင့်မူးဝေသွားရသလဲ?
လှဲနေရာ(သို့)ထိုင်နေရာကနေ ရုတ်တရက်မတ်တပ်ထရပ်လိုက်တဲ့အခါ ချာချာလည်မူးဝေသွားတာမျိုး ကြုံဖူးကြပါသလား?
ဒီလိုဖြစ်ပြီးချိန်မျိုးမှာ နှလုံးခုန်နှုန်းမြန်လာတာကိုရော သတိထားမိကြပါသလား?
ဒါကို postural hypotension (or) orthostatic hypotension လို့ခေါ်ပါတယ်။ ပက်လက်(သို့)ထိုင်လျက်အနေအထားမှ ရုတ်တရက်မတ်တပ်ရပ်လိုက်တဲ့အခါ ခန္ဓာကိုယ်အပေါ်ပိုင်းမှ သွေးတွေဟာ ခြေထောက်သွေးကြောတွေဆီသို့ စုပြုံကျဆင်းလာတာကြောင့် သွေးပေါင်ကျပြီး မူးဝေလာရတာဖြစ်ပါတယ်။
အချိန်အားဖြင့် စက္ကန့်အနည်းငယ်သာ ကြာမြင့်တတ်ပြီး မျက်စိမှိတ်ပြီး ခဏငြိမ်ငြိမ်နေလိုက်တဲ့အခါ ချက်ချင်းသက်သာသွားလေ့ရှိပါတယ်။
ရုတ်တရက်သွေးပေါင်ကျသွားတဲ့အခါ သွေးပေါင်ချိန်ပြန်ထိန်းနိုင်ဖို့ ခန္ဓာကိုယ်မှတုံ့ပြန်တဲ့အနေနဲ့ နှလုံးကပိုအလုပ်လုပ်ပေးရပြီး နှလုံးခုန်နှုန်းလည်း မြန်လာတတ်ပါတယ်။
▪︎ဘာတွေခံစားရလေ့ရှိလဲ။
သွေးပေါင်ကျနေစဥ်အတွင်းမှာ ခေါင်းမူးတာ၊ အမြင်အာရုံတွေ ဝေဝါးလာတာ စတာတွေအပြင် တစ်ခဏသတိလစ်သွားတာမျိုးအထိ ကြုံတွေ့ရနိုင်ပါတယ်။
▪︎ဘာကြောင့် ဒီလိုဖြစ်ရသလဲ?
အထူးသဖြင့် အသက်အရွယ်ကြီးမြင့်သူတွေ၊ ရောဂါအခံရှိသူတွေနဲ့ သွေးတိုးကျဆေးစွဲသောက်နေရသူတွေမှာ နှလုံးအားနည်းတတ်တာကြောင့် postural hypotension ကို ပိုမိုခံစားရနိုင်ပါတယ်။
လူကြီးတွေတင်မက လူငယ်တွေမှာလည်း ဖြစ်လေ့ရှိတတ်ပါတယ်။ ဘာတွေကြောင့် ဒီလိုမူးဝေရသလဲဆိုရင်-
• ရေသောက်နည်းတာ
• အားကစားပြင်းပြင်းထန်ထန်လုပ်ထားတာ
• အစာတွေအများကြီးစားထားတာ
• သွေးအားနည်းနေတာ
• နှလုံးရောဂါအခံရှိတာ
• အရက်တွေသောက်ထားတာ
စတာတွေကြောင့်ဖြစ်ပါတယ်။
▪︎ဒီလိုဖြစ်လေ့ရှိတာ စိုးရိမ်ရသလား?
တစ်ခါတရံဖြစ်တာမျိုးက စိုးရိမ်စရာမရှိတတ်ပေမယ့် ထလိုက်တိုင်း အမြဲသွေးပေါင်ကျပြီးမူးဝေနေပြီဆိုရင်တော့ ဖြစ်ရတဲ့အကြောင်းအရင်းကို သေချာစစ်ဆေးကုသနိုင်ဖို့ ဆရာဝန်နဲ့ပြသသင့်ပါတယ်။
▪︎ဘယ်လိုကာကွယ်ရမလဲ?
သွေးပေါင်ကျပြီး မူးဝေတာမျိုးမဖြစ်စေဖို့ လှဲနေရာကနေ ရုတ်တရက်မြန်မြန်ဆန်ဆန်မတ်တပ်ထရပ်ခြင်းမျိုးကိုရှောင်ရပါမယ်။ အချိန်အကြာကြီး လှဲနေ၊ ထိုင်နေပြီးတဲ့နောက်မှာ မတ်တပ်ရပ်မယ်ဆိုရင် သတိထားပြီး ဖြည်းဖြည်းချင်းထသင့်ပါတယ်။
လုပ်ငန်းခွင်မှာ မဖြစ်မနေအချိန်ကြာမြင့်စွာ မတ်တပ်ရပ်ရမယ့် အခါမျိုးမှာလည်း ခြေထောက်သွေးကြောတွေမှာ သွေးအိုင်လာတာမျိုး ဖြစ်မလာစေဖို့ ခြေထောက်ကို မကြာခဏ လှုပ်ရှားပေးနေသင့်ပါတယ်။
▪︎ဒီလိုမူးဝေတာမျိုးဟာ လူတော်တော်များများမှာ ဖြစ်တတ်တာမို့ အရမ်းကြီးစိုးရိမ်နေဖို့ မလိုပါဘူးနော်။ အပေါ်မှာပြောခဲ့သလိုဘဲ မတ်တပ်ထတော့မယ်ဆို ဖြည်းဖြည်းချင်း သတိထားပြီးရပ်တာ၊ နေ့စဥ်ရေများများသောက်ပေးတာ၊ သွေးအားနည်းတတ်တယ်ဆိုရင် သံဓါတ်အားဆေးပုံမှန်သောက်ပေးတာစတာမျိုးတွေကိုတော့ လိုက်နာပြုလုပ်ပေးသင့်ပါတယ်နော်။
13/11/2022
https://m.facebook.com/story.php?story_fbid=123133513910919&id=100086428127621
ထောပတ်သီးလေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
ထောပတ်သီးကြိုက်တဲ့သူတွေရှိကြလား?
ကျွန်တော်ကတော့ ထောပတ်သီးလေးတွေကို အလွန်ကြိုက်နှစ်သက်ပါတယ်။ အခုရာသီမှာဆိုရင် ထောပတ်သီးတွေပေါများနေတာမို့ မကြာခဏလည်းဝယ်စားဖြစ်ပါတယ်။
ထောပတ်သီးကို နို့ဆီနဲ့ဘဲတွဲစားစား၊ ဖျော်ရည်ဘဲလုပ်သောက်သောက် အလွန်အရသာရှိတယ်ဆိုတာ လူတိုင်းသိကြပေမယ့် ထောပတ်သီးလေးရဲ့ ကျန်းမာရေးတန်ဖိုးကိုတော့ သတိပြုမိသူနည်းပါတယ်။
ဒီနေ့မှာတော့ လူတွေသိပ်မသိကြသေးတဲ့ ထောပတ်သီးလေးရဲ့ ကျန်းမာရေးကောင်းကျိုးလေးတွေကို ပြောပြပေးသွားပါမယ်။
(၁) ထောပတ်သီးလေးတွေမှာ ဗီတာမင်နဲ့သတ္တုဓါတ်တွေ စုံလင်စွာပါဝင်နေတယ်။
ထောပတ်သီးလေးတွေမှာ ဗီတာမင် A, B3, B6, C, E, K, Omega-3, ဖောလစ်အက်စစ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ် စသဖြင့် စုံလင်စွာပါရှိနေပါတယ်။ အားဆေးတွေသောက်စရာမလိုဘဲ ထောပတ်သီးလေးတစ်လုံးစားရုံနဲ့ ဗီတာမင်ဓါတ်တွေ စုံစုံလင်လင်ရရှိစေမှာဖြစ်ပါတယ်။
(၂) နှလုံးကျန်းမာရေးကောင်းစေတယ်။
ထောပတ်သီးလေးတွေမှာ နှလုံးကျန်းမာရေးအတွက် အထောက်အပံ့ဖြစ်စေတဲ့ beta-sitosterol ဆိုတဲ့ဓါတ်တစ်မျိုး ပါဝင်နေပါတယ်။
(၃) အရိုးမပွစေဖို့ ကာကွယ်ပေးတယ်။
ထောပတ်သီးလေးတွေမှာ ဗီတာမင် K ပါရှိပါတယ်။ ဗီတာမင် K ဟာ အရိုးကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ကယ်စီယမ်ဓါတ်ကို စုပ်ယူနိုင်ဖို့ ကူညီထောက်ပံ့ပေးပါတယ်။
(၄) အမြင်အာရုံကောင်းမွန်စေတယ်။
ထောပတ်သီးလေးတွေမှာ ပါရှိတဲ့ lutein နဲ့ zeaxanthin ဆိုတဲ့ ဓါတ် ၂မျိုးဟာ အသက်ကြီးလာရင်ဖြစ်တတ်တဲ့ အမြင်အာရုံချို့ယွင်းတာမျိုး ဖြစ်မလာအောင် ကာကွယ်ပေးနိုင်ပါတယ်။
(၅) ကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးနိုင်တယ်။
ထောပတ်သီးတွေဟာ အမျှင်ဓါတ်နဲ့ ကျန်းမာရေးအတွက် ကောင်းမွန်စေတဲ့အဆီဓါတ်တို့ ပါဝင်နေတာကြောင့် ကိုယ်အလေးချိန်ထိန်းသိမ်းနေသူတို့ စားပေးသင့်တဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။
(၆) အယ်ဇိုင်းမားဖြစ်နိုင်ခြေကို လျှော့ချပေးတယ်။
ထောပတ်သီးမှာ ဗီတာမင် E ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ဦးနှောက်နဲ့မှတ်ဥာဏ်စွမ်းရည်ကို ကောင်းမွန်စေနိုင်ပြီး သတိမေ့လျော့တတ်တဲ့ အယ်ဇိုင်းမားရောဂါမျိုးတွေ ဖြစ်မလာစေဖို့ ကာကွယ်ပေးပါတယ်။
(၇) စိတ်ဓါတ်ကျခြင်းကို သက်သာစေနိုင်တယ်။
ဖောလစ်အက်စစ်မလုံလောက်တဲ့သူဟာ စိတ်ဓါတ်ကျနိုင်ခြေပိုများတာကို လေ့လာတွေ့ရှိရပါတယ်။ ဒါကြောင့် စိတ်ဓါတ်တွေကျနေပြီဆိုရင် ဖောလစ်အက်စစ်ဓါတ်ကြွယ်ဝတဲ့ ထောပတ်သီးလေးတွေကို စားပေးကြရအောင်နော်။
(၈) အူမကြီးကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးတယ်။
ထောပတ်သီးလေးတွေမှာ အမျှင်တွက်ကျော်ကွတဲ့အတွက် အစာကြေလွယ်ပြီးဝမ်းမချုပ်စေဖို့ ကာကွယ်ပေးနိုင်တဲ့အပြင် ဝမ်းချုပ်ခြင်းရဲ့နောက်ဆက်တွဲပြဿနာဖြစ်တဲ့ အူမကြီးကင်ဆာဖြစ်လာနိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။
(၉) အသားအရေလှပစေတယ်။
ထောပတ်သီးလေးနဲ့ မျက်နှာပေါင်းတင်ပေးမယ်ဆိုရင်တော့ အသားခြောက်ခြင်း၊ ဝက်ခြံထွက်ခြင်းတွေ ဖြစ်မလာအောင် ကာကွယ်ပေးနိုင်ပြီး မျက်နှာအသားအရေကို ချောမောတင်းရင်းလာစေမှာဖြစ်ပါတယ်။
ဒါကြောင့် စျေးနှုန်းသင့်တင့်ပြီး ကျန်းမာရေးတန်ဖိုးမြင့်မားတဲ့ ထောပတ်သီးလေးတွေကို ဒီလိုပေါများနေတဲ့ရာသီမျိုးမှာ များများဝယ်စားထားသင့်ပါတယ်နော်။
13/11/2022
https://m.facebook.com/story.php?story_fbid=122761767281427&id=100086428127621
အမျိုးသားတို့ဘာကြောင့်ထိပ်ပြောင်လာရသလဲ?
အသက်ကြီးလာတာနဲ့အမျှ အမျိုးသားတွေမှာ ထိပ်ပြောင်လာတတ်ကြတာ သဘာဝပါဘဲ။
ဒီလိုထိပ်မပြောင်လာစေဖို့ ကြိုတင်ကာကွယ်လို့ရလားဆိုတာကိုလည်း အမျိုးသားအများစု သိလိုကြမယ်ထင်ပါတယ်။
ဒါကြောင့် ဒီနေ့မှာ အမျိုးသားတို့ ထိပ်ပြောင်လာရတဲ့ အကြောင်းအရင်းနဲ့တကွ ကာကွယ်ကုသလို့ရမယ့် နည်းလမ်းတွေကို ဖော်ပြပေးသွားပါမယ်။
▪︎ဘာကြောင့်ထိပ်ပြောင်လာရသလဲ?
ထိပ်ပြောင်လာတဲ့ အမျိုးသား ၉၅ ရာခိုင်နှုန်းလောက်က ဟော်မုန်းအပြောင်းအလဲ(DHT) နဲ့ မျိုးရိုးလိုက်ခြင်းတို့ကြောင့်ဆိုတာကို လေ့လာတွေ့ရှိရပါတယ်။ ဒါကို Androgenetic alopecia လို့ခေါ်ပါတယ်။
အသက်အရွယ်ရလာတာနဲ့အမျှ အမျိုးသားတွေမှာ Dihydrotestosterone(DHT) ဆိုတဲ့ ဟော်မုန်းတစ်မျိုးဟာ ပိုမိုထွက်ရှိလာလေ့ရှိပါတယ်။
ဒီဟော်မုန်းဟာ ဦးရေပြားပေါ်ရှိ ဆံပင်ပေါက်စေတဲ့ အိတ်ငယ်လေးတွေကို ရှုံ့သွားစေနိုင်ပါတယ်။ ဒီလိုရှုံ့သွားရာမှ အချိန်ကြာလာတဲ့အခါ အိတ်ငယ်လေးတွေကနေ ဆံပင်အသစ်ထပ်မထွက်ရှိနိုင်တော့ဘဲ ထိပ်ပြောင်လာရတာဖြစ်ပါတယ်။
ဟော်မုန်းနဲ့မျိုးရိုးလိုက်တာအပြင် ထိပ်ပြောင်စေတဲ့ အခြားအကြောင်းအရင်းတွေကတော့-
• စိတ်ဖိစီးမှုပြင်းပြင်းထန်ထန်ခံစားရခြင်း
• ကိုယ့်ရဲ့ ခုခံအားဆဲလ်တွေက ဆံပင်ပေါက်စေတဲ့ အိတ်ငယ်လေးတွေကို မှားယွင်းတိုက်ခိုက်ခြင်း
• ပရိုတင်း၊ သံဓါတ်နဲ့ ဗီတာမင် D တို့ချို့တဲ့နေခြင်း စတာတွေဖြစ်ပါတယ်။
စွဲသောက်နေတဲ့ဆေးတွေရှိရင်လည်း တဖြည်းဖြည်းထိပ်ပြောင်လာစေနိုင်ပါတယ်။ ဘာဆေးတွေလဲဆိုရင်တော့-
• ကင်ဆာရောဂါကုသဆေးများ
• သွေးပေါင်ကျဆေးများ
• statin နဲ့ဆုံးတဲ့ သွေးတွင်းအဆီကျဆေး
• Heparin, warfarin ကဲ့သို့သော သွေးကြဲဆေးများ
• Isotretinoin ခေါ် ဝက်ခြံပျောက်ဆေး၊ voriconazole ကဲ့သို့သော မှိုသတ်ဆေးများ
• စိတ်ကျရောဂါကုသဆေးများ
စတာတွေကို မဖြစ်မနေစွဲသောက်ရတဲ့အခါမျိုးမှာလည်း ဆံပင်ကျဲလာပြီး ထိပ်ပြောင်လာစေနိုင်ပါတယ်။
▪︎ထိပ်ပြောင်ခြင်းသက်သာလာအောင် ကုသလို့ရလား?
ထိပ်ပြောင်ဆေးကို ကုသဖို့အတွက် finasteride နဲ့ minoxidil ဆိုတဲ့ ဆေး ၂မျိုးကို အသုံးများကြပါတယ်။
Finasteride ဟာ သောက်ဆေးဖြစ်ပြီး ဆိုးကျိုးတွေရှိစေနိုင်တာကြောင့် ဆရာဝန်ညွှန်ကြားချက်ရှိမှသာ ဝယ်ယူသောက်သုံးသင့်ပါတယ်။
Minoxidil ကတော့ ဦးရေပြားလိမ်းဆေးတစ်မျိုးဖြစ်ပါတယ်။
ဒီဆေးတွေနဲ့ကုသမယ်ဆိုရင် ဆံပင်ပြန်ပေါက်လာစေဖို့ အနည်းဆုံး ၆လခန့်အချိန်ယူရမှာဖြစ်ပါတယ်။
ဒါ့အပြင် ဆံပင်ပြန်ပေါက်စေဖို့ လေဆာပစ်တာ၊ ဆံပင်စိုက်တာမျိုးတွေလည်း ပြုလုပ်လေ့ရှိကြပါသေးတယ်။
▪︎ထိပ်မပြောင်စေဖို့ ကာကွယ်လို့ရလား?
ထိပ်ပြောင်ခြင်းဟာ မျိုးရိုးလိုက်ပြီးဖြစ်လေ့ရှိတာမို့ ကာကွယ်နိုင်ဖို့ ခဲယဥ်းပါတယ်။ သို့ပေမယ့် အချိန်မတိုင်ခင် ထိပ်မပြောင်လာစေဖို့ ကာကွယ်မယ်ဆိုရင်တော့-
• ဆေးလိပ်မသောက်ပါနဲ့။
• စိတ်ဖိစီးမှုတွေကို အတတ်နိုင်ဆုံးလျှော့ချနေထိုင်ပါ။
• ပရိုတင်း၊ သံဓါတ်နဲ့ ဗီတာမင်တွေ ကြွယ်ဝတဲ့ အစားအစာမျိုးတွေကို များများစားပေးပါ။
• ခေါင်းလျှော်စဥ်မှာ ဦးရေပြားကို နှိပ်နယ်ပေးပါ။
ထိပ်ပြောင်ခြင်းဟာ တစ်ချိန်ချိန်မှာ အမျိုးသားအများစုကြုံလာရနိုင်တဲ့ ပြဿနာတစ်ရပ်ဖြစ်ပါတယ်။ ဒါဟာ မျိုးရိုးကြောင့်ဘဲ အဖြစ်များလေ့ရှိတာမို့ စိတ်ပူစရာမလိုဘဲ ခန္ဓာကိုယ်ကျန်းမာစေဖို့အတွက်သာ အထူးဂရုပြုပေးသင့်ပါတယ်နော်။
13/11/2022
https://www.facebook.com/100086428127621/posts/121944157363188
ခါးသွယ်စေဖို့ဝတ်တဲ့ corset (ခေါ်) waist trainer တွေရဲ့ မမြင်နိုင်တဲ့အန္တရာယ်
အနောက်နိုင်ငံတွေမှာဆိုရင် ဟိုးအရင်ခေတ်ကတည်းက hourglass body shape ရစေဖို့အတွက် corset (ခေါ်) waist trainer တွေကို ဝတ်ဆင်ခဲ့ကြပါတယ်။
အခုခေတ်မှာဆိုရင်လည်း အမျိုးသမီးတို့ဟာ ခါးသွယ်ပြီး လှပတဲ့ခန္ဓာကိုယ်လိုချင်ကြတဲ့အတွက် corset တွေကို ဝတ်ဆင်လေ့ရှိကြပါတယ်။
တစ်ခါတရံအပြင်သွားလို့ fashion အနေနဲ့ ဝတ်ဆင်တာမျိုးက ပြဿနာမရှိတတ်ပေမယ့် ခါးသွယ်စေဖို့ အိမ်မှာနေရင်း အမြဲဝတ်ဆင်ထားမိပြီဆိုရင်တော့ သတိမထားမိနိုင်တဲ့ နောက်ဆက်တွဲအန္တရာယ်တွေပါ ဖြစ်ပေါ်လာစေနိုင်ပါတယ်။
ဒီလို corset တွေ ဝတ်ဆင်ထားတဲ့အချိန်မှာလည်း နေရထိုင်ရခက်ခဲတာ၊ အသက်ရှုကြပ်နေတာမျိုးတွေ၊ အစာကောင်းကောင်းမစားနိုင်တာ ခံစားဖူးကြမှာပါ။
ဒါတွေတင်မကသေးပါဘူး။ ပျိုမေတို့အနေနဲ့ Corset အမြဲဝတ်တဲ့အခါ ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးပြဿနာတွေကို သတိပြုမိထားဖို့လိုပါတယ်။ ဘယ်လိုဆိုးကျိုးတွေလဲဆိုရင်-
(၁) နံရိုးနဲ့ကိုယ်တွင်းကလီဇာတွေကို ပိမိသွားစေနိုင်တယ်။
နေ့ရောညပါ corset ကို အမြဲဝတ်ထားတာ အချိန်ကြာလာတဲ့အခါ နံရိုးတွေကို ဖိထားမိရုံသာမက ကိုယ်တွင်းကလီဇာတွေလည်း ပိမိပြီးနေရာရွေ့သွားစေနိုင်ပါတယ်။ ဒါဟာ အလွန်နာကျင်စေနိုင်သလို အန္တရာယ်လည်းရှိစေတတ်ပါတယ်။
အထူးသဖြင့် အသည်းကိုပိမိတဲ့အခါ အသည်းမှာ အချိုင့်ရာကြီးတွေတောင် ပေါ်လာတတ်ပါတယ်။ ဒါကို corset liver လို့ခေါ်ပါတယ်။ Corset liver ဘယ်လိုပုံလဲဆိုတာကို Google မှာလည်း ရှာဖွေကြည့်နိုင်ပါတယ်။
(၂) ဝမ်းဗိုက်ကြွက်သားတွေကို ကျုံ့သွားစေနိုင်တယ်။
Corset တွေဟာ အရိုးနဲ့ကလီဇာတွေသာမက ဝမ်းဗိုက်ကြွက်သားတွေကိုပါ ဖိမိထားတဲ့အတွက် ကြွက်သားတွေဟာ ကောင်းကောင်းအလုပ်မလုပ်ရတော့ဘဲ တဖြည်းဖြည်းကျုံ့လာတတ်ပါတယ်။
(၃) အစာခြေရည်တွေ ပြန်ဆန်တက်စေနိုင်တယ်။
အစာအိမ်ကို ဖိထားတဲ့အခါမှာတော့ အစာစားပြီး အစာမကြေတာ၊ ရင်ပူတာတွေအပြင် အစာခြေရည်တွေလည်း အစာရေမြိုပြွန်အတွင်းသို့ ပြန်ဆန်တက်လာစေနိုင်ပါတယ်။
(၄) အသက်ရှူကြပ်စေနိုင်တယ်။
အသက်ရှူနိုင်ဖို့အတွက် ရင်ဝမ်းခြားကြွက်သားတွေက အလုပ်လုပ်ပေးရပါတယ်။ Corset ကဖိမိထားတာကြောင့် ကြွက်သားတွေလှုပ်ရှားရခက်လာတဲ့အခါ ကောင်းကောင်းအသက်မရှုနိုင်တော့ဘဲ အသက်ရှူကြပ်ပြီး မေ့လဲသည်အထိ ဖြစ်လာစေနိုင်ပါတယ်။
(၅) ညိုမည်းစွဲတာတွေဖြစ်စေနိုင်တယ်။
Corset တွေဟာ နံရိုးနဲ့ခါးတစ်ဝိုက်ကို တအားထိန်းချုပ်ထားတာကြောင့် အချိန်ကြာလာတဲ့အခါ အရေပြားပေါ်မှာ ညိုမည်းစွဲနေတာတွေ တွေ့လာရနိုင်ပါတယ်။
(၆) အရိုးဖွံ့ဖြိုးမှုရပ်တန့်သွားစေနိုင်တယ်။
ငယ်ရွယ်သေးတဲ့မိန်းကလေးတွေမှာဆိုရင် အရိုးတွေကဖွံ့ဖြိုးနေဆဲဖြစ်တာကြောင့် corset အကြာကြီးဝတ်ထားမိခဲ့ရင် အရိုးကဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးတော့ဘဲ ရပ်တန့်သွားစေနိုင်ပါတယ်။
(၇) ခြေထောက်တွေ ထုံကျင်လာနိုင်တယ်။
ခါးမှာတအားကျပ်ပြီး စည်းထားတဲ့အတွက် ခန္ဓာကိုယ်အနှံ့သွေးစီးဆင်းမှုကို အဟန့်အတားဖြစ်စေပါတယ်။ ဒါ့အပြင် အာရုံကြောများလည်း ကောင်းစွာအလုပ်မလုပ်နိုင်တော့တဲ့အတွက် ခြေထောက်တွေ ထုံကျင်လာတာမျိုးကို ခံစားလာရပါလိမ့်မယ်။
- တစ်ခါတရံကျန်းမာရေးလိုအပ်ချက်အရ corset ဝတ်ဆင်ဖို့ လိုအပ်လာတာမျိုးလည်း ရှိတတ်ပါတယ်။ ကျန်းမာရေးရှုထောင့်အရကြည့်မယ်ဆိုရင် corset ကို သတ်မှတ်ထားတဲ့ အချိန်ပမာဏအတွင်း ဝတ်ဆင်ပေးခြင်းဖြင့်-
• နံရိုး၊ အဆစ်နဲ့ ကိုယ်နေဟန်အနေအထား ကောင်းမွန်လာစေတယ်။
• ကလေးမွေးပြီးစမေမေတို့ မှာဆို ဝမ်းဗိုက်က အရေပြား၊ ကြွက်သားနဲ့ ကိုယ်တွင်းကလီဇာတွေကို ပုံမှန်အနေအထားအတိုင်း ပြန်လည်ရောက်ရှိစေဖို့အတွက် corset ကဲ့သို့ ဗိုက်စည်းကို ဝတ်ဆင်ရလေ့ရှိပါတယ်။
ဒါကြောင့် ပျိုမေတို့အနေနဲ့ ခန္ဓာကိုယ်လှပစေဖို့အတွက် waist trainer (corset) တွေ ဝတ်ဆင်တော့မယ်ဆိုရင် လှချင်ဇောနဲ့အမြဲဝတ်ထားတာမျိုးမလုပ်ဘဲ အချိန်ကန့်သတ်ချက်နဲ့သာ ဝတ်ဆင်ပေးဖို့ သတိပြုသင့်ပါတယ်နော်။
13/11/2022
https://www.facebook.com/100086428127621/posts/121987727358831/
ဝက်ခြံထွက်ခြင်းကိုအားပေးတဲ့အစားအစာ (၇)မျိုး
ဝက်ခြံကင်းရှင်းပြီး ကြည်လင်နေတဲ့ မျက်နှာလေးကို မပိုင်ဆိုင်လိုသူဆိုတာ မရှိပါဘူး။
အလှပျက်စေတဲ့ ဝက်ခြံတွေဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်လာနိုင်ပါတယ်။ စိတ်ဖိစီးမှု၊ ရာသီဥတု၊ အစားအသောက်နဲ့ ဟော်မုန်းအပြောင်းအလဲ စတာတွေကြောင့် မကြာခဏဝက်ခြံတွေထွက်နေတဲ့အခါ အတော်လေးစိတ်ညစ်ရပါတယ်။
ဒီနေ့မှာတော့ ဝက်ခြံထွက်စေဖို့ အားပေးနေတဲ့ အစားအစာ(၇)မျိုးအကြောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်။
(၁) သကြားဓါတ်ပါဝင်တဲ့ အစားအစာတွေ
သကြားလုံး၊ အချိုရည်၊ ကိတ်မုန့်၊ ရေခဲမုန့် စတဲ့ အချိုဓါတ်များတဲ့အစားအစာတွေတင်မကဘဲ ကာဗိုဟိုက်ဒရိတ်ပါဝင်တယ့် ထမင်း၊ ခေါက်ဆွဲပေါင်မုန့် စတာတွေဟာလည်း ဝက်ခြံထွက်စေဖို့ အားပေးလေ့ရှိပါတယ်။
(၂) အဆီများတဲ့အစားအစာတွေ
အဆီများတဲ့ဟင်းတွေ၊ အသုပ်တွေ၊ အကြော်အလှော်တွေစားခြင်းကလည်း မျက်နှာအဆီပြန်ပြီး ဝက်ခြံတွေထွက်လာစေတဲ့ အကြောင်းအရင်းတစ်ချက်ဖြစ်ပါတယ်။
(၃) Fast food များ
ဟမ်ဘာဂါ၊ ကြက်ကြော်၊ အာလူးကြော်၊ ဟော့ဒေါ့၊ ပီဇာ စတဲ့ Fast food တွေ မကြာခဏစားလွန်းရင်လည်း ဝက်ခြံတွေပိုထွက်လာနိုင်ပါတယ်။
(၄) အမျှင်ဓါတ်နည်းတဲ့အစားအစာတွေ
အမျှင်ဓါတ်ပါဝင်တဲ့ ဟင်းသီးဟင်းရွက်တွေ အစားနည်းတာကြောင့် ဝမ်းချုပ်စေတတ်တာကို လူတိုင်းသိကြမှာပါ။ ဒီလိုဝမ်းပုံမှန်မသွားရတဲ့အခါ မျက်နှာမှာလည်း ဝက်ခြံတွေပိုထွက်လာစေနိုင်ပါတယ်။
(၅) နို့နဲ့နို့ထွက်ပစ္စည်းတွေ
နို့နဲ့နို့ထွက်ပစ္စည်းတွေဟာ ဝက်ခြံဖြစ်စေတဲ့ ဟော်မုန်းတွေကို ပိုမိုထွက်ရှိလာစေနိုင်ပါတယ်။
(၆) အိုင်အိုဒင်းများတဲ့ အစားအစာတွေ
ပုဇွန်၊ ရေညှိ၊ ဟင်းနုနွယ် စတာတွေမှာ အိုင်အိုဒင်းပါဝင်မှု မြင့်မားပါတယ်။ အိုင်အိုဒင်းကို တစ်နေ့ ၁၅၀ မီလီဂရမ်ထက် ပိုပြီးစားသုံးမိခဲ့ရင် မျက်နှာပေါ် ဝက်ခြံတွေအပြုံလိုက် ထွက်ရှိလာစေနိုင်ပါတယ်။
(၇) ပူစပ်လွန်းတဲ့အစားအစာတွေ
အစပ်များလွန်းတဲ့ အစားအစာတွေ အလွန်အကျွံစားခြင်းဟာ အစာအိမ်ကို ထိခိုက်စေသလို ဝက်ခြံတွေလည်း ထွက်ရှိလာစေနိုင်ပါတယ်။
သို့ပေမယ့် ဝက်ခြံဖြစ်မှာကြောက်လို့ဆိုပြီး ဒီအစားအစာတွေကို လုံးဝရှောင်နေစရာတော့ မလိုပါဘူးနော်။
အစားအစာတွေဟာ ဝက်ခြံကိုတိုက်ရိုက်ဖြစ်စေတာမျိုးမဟုတ်ဘဲ ဝက်ခြံထွက်လာစေဖို့ အားပေးတာဖြစ်ပါတယ်။ အထူးသဖြင့် နဂိုကတည်းက ဝက်ခြံထွက်တတ်တဲ့သူတွေမှာ ပိုသိသာပါတယ်။
ဥပမာ- ဝက်ခြံထွက်လေ့မရှိသူတစ်ယောက်ဆိုရင်တော့ fast food တစ်ခါလောက်စားလိုက်ရုံနဲ့ မျက်နှာပေါ်ဝက်ခြံတွေထွက်လာမှာမဟုတ်ပါဘူး။
ဝက်ခြံထွက်ရတာဟာ အစားအစာတွေကြောင့်သာမဟုတ်ဘဲ အခြားအကြောင်းအရာတွေဖြစ်တဲ့ မျိုးရိုးဗီဇ၊ ဟော်မုန်း၊ သန့်ရှင်းမှု၊ အသားအရေအခြေအနေ စတာတွေပေါ်လည်း မူတည်နေပါသေးတယ်။
ဒါကြောင့် မိမိအသားအရေက အဆီပြန်လွယ်တယ်၊ sensitive ဖြစ်တယ်၊ ဝက်ခြံထွက်လွယ်တယ် ဆိုရင်တော့ အပေါ်မှာပြောပြထားတဲ့အစားအစာတွေကို နေ့စဥ်ချင့်ချိန်ပြီး သင့်တင့်တဲ့ပမာဏအတွင်းသာ သတိပြုစားသုံးသင့်ပါတယ်နော်။
13/11/2022
https://www.facebook.com/100086428127621/posts/122860533938217/
ရှိရင်းစွဲအသက်ထက် ၁၀နှစ်လောက်ငယ်ရွယ်နုပျိုသွားစေဖို့
အသက်အရွယ်ရလာတာနဲ့အမျှ မျက်နှာမှာ အရေးအကြောင်းတွေပေါ်လာတာ၊ အရေပြားတွေလျော့တွဲလာတာ၊ တင်းတိပ်တွေဖြစ်လာတာ စတဲ့ပြဿနာတွေကို ကြုံတွေ့လာကြရပါတယ်။
အသက်ကြီးလာတာကို ရှောင်လွှဲလို့မရဘူးဆိုပေမယ့် လူတိုင်းအားကျရတဲ့ ငယ်ရွယ်နုပျိုတဲ့ မျက်နှာလေးကိုတော့ ပိုင်ဆိုင်နိုင်ပါသေးတယ်နော်။
ဒီလိုငယ်ရွယ်နုပျိုနေဖို့အတွက် ပေါ့ပေါ့တန်တန်နေလို့လည်းမရပါဘူး။ ကိုယ့်ရဲ့အသားအရေကို နေ့စဥ်သေချာဂရုတစိုက်ထိန်းသိမ်းနေရမှာဖြစ်ပါတယ်။
ကိုယ့်အသက်ထက် ၁၀နှစ်လောက်ပြန်ငယ်သွားစေမယ့် မျက်နှာအသားအရေလေးကို ပိုင်ဆိုင်လိုတယ်ဆိုရင်တော့ အောက်ပါနည်းလမ်းလေးတွေအတိုင်း လိုက်နာနေထိုင်ကြရပါမယ်နော်။
(၁) ရေများများသောက်ပါ။
အသားအရေစိုပြေနေစေဖို့ အရေးအကြီးဆုံးကတော့ ရေဓါတ်ပြည့်ဝနေဖို့ပါဘဲ။ ရေများများသောက်ပေးခြင်းဖြင့် အရေပြားဆဲလ်လေးတွေကို ကျန်းမာစေပြီး နုပျိုကြည်လင်တဲ့ အသားအရေကိုပိုင်ဆိုင်စေပါတယ်။ ရေဓါတ်မလုံလောက်တဲ့အခါ အသားခြောက်ပြီး အရေးအကြောင်းများလည်း ပေါ်လာစေနိုင်ပါတယ်။
(၂) အိပ်ရေးဝဝအိပ်ပါ။
အိပ်နေစဥ်အချိန်တွင်းမှာ ခန္ဓာကိုယ်မှ အရေပြားဆဲလ်လေးတွေ အသစ်ပြန်ဖြစ်စေတဲ့ ဟော်မုန်းတစ်မျိုးထွက်ရှိပါတယ်။ အိပ်ရေးတွေပျက်တဲ့အခါ အသားအရေလည်း ညစ်နွမ်းကာ အရေးအကြောင်းတွေ ပေါ်လာတတ်ပါတယ်။
(၃) Moisturizer လိမ်းပါ။
ရေဓါတ်ပြည့်ဝစေဖို့ ရေများများသောက်ဖို့လိုသလို မျက်နှာအသားအရေပေါ် လည်း moisturizer လိမ်းပေးဖို့ လိုအပ်ပါတယ်နော်။ အဆီပြန်တတ်တဲ့သူတွေဆိုရင်တောင် moisturizer ကို နေ့စဥ်ပုံမှန်လိမ်းပေးသင့်ပါတယ်။
(၄) လှုပ်လှုပ်ရှားရှားနေပါ။
နေ့စဥ်ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပေးခြင်းဖြင့် သွေးလည်ပတ်မှုကောင်းစေပြီး အရေပြားဆီသို့ အောက်စီဂျင်နဲ့အာဟာရဓါတ်တွေ လုံလုံလောက်လောက် ရရှိစေနိုင်ပါတယ်။
(၅) Sunscreen လိမ်းပါ။
နေပူပူ၊ မပူပူ အပြင်ထွက်မယ့်အချိန်တိုင်း Sunscreen လိမ်းသွားဖို့ အလွန်အရေးကြီးပါတယ်နော်။ Suncreen လိမ်းလေ့မရှိသူဟာ လတ်တလောမှာ မသိသာပေမယ့် အချိန်ကြာလာတဲ့အခါမှာတော့ မျက်နှာအသားအရောင်မညီတာ၊ တင်းတိပ်တွေ၊ အရေးအကြောင်းတွေပေါ်လာတာ စတာတွေဖြစ်ပေါ်လာနိုင်ပါတယ်။
(၆) ကော်ဖီနဲ့အရက်တို့ကို အလွန်အကျွံမသောက်ပါနဲ့။
ကော်ဖီ၊ အရက် စတာတွေဟာ ခန္ဓာကိုယ်မှာ ရေဓါတ်ခန်းခြောက်စေနိုင်လို့ အသားအရေကိုလည်း ခြောက်သွေ့ကာ ညစ်ထေးသွားစေနိုင်ပါတယ်။
(၇) ဟင်းသီးဟင်းရွက်များများစားပေးပါ။
ဟင်းသီးဟင်းရွက်တွေမှာ အမျှင်ဓါတ်နဲ့ ဗီတာမင်ဓါတ်တို့ ကြွယ်ဝစွာပါဝင်နေတာကြောင့် အသားအရေကို စိုပြေလှပစေနိုင်ပါတယ်။
ငယ်ရွယ်နုပျိုနေစေဖို့အတွက် ဒီလိုနေ့စဥ်အမူအကျင့်လေးတွေကို လိုက်နာဖို့လိုသလို ကိုယ့်ရဲ့အပြင်အဆင်ကိုလည်း ဂရုစိုက်ပေးနိုင်ရင် ပိုကောင်းပါတယ်။ ဥပမာ- ငယ်ရွယ်စေမယ့် ဆံပင်ပုံစံ၊ မိတ်ကပ်ပါးပါးကြည်ကြည်နဲ့ နုပျိုသွက်လက်ပုံပေါ်ပြီး သင့်တော်မယ့် အဝတ်အစားလေးတွေကိုပါ ရွေးချယ်ပြင်ဆင်သင့်ပါတယ်နော်။
02/11/2022
Content by
https://m.facebook.com/story.php?story_fbid=121048414119429&id=100086428127621
ထမင်းစားခြင်းက တကယ်ဘဲကျန်းမာရေးနဲ့ညီညွတ်စေရဲ့လား?
ကျွန်တော်ကတော့ မြန်မာလူမျိုးတစ်ယောက်အနေနဲ့ ထမင်းကိုအင်မတန်မှ နှစ်သက်ပါတယ်။
မုန့်ဟင်းခါး၊ အသုပ်တွေစားလည်း ထမင်းနဲ့မှ၊ မာလာရှမ်းကောဆိုလည်း ထမင်းပါမှ၊ ခေါက်ဆွဲပြုတ်တွေဆိုလည်း ထမင်းနဲ့တွဲစားလိုက်ရမှ ဗိုက်ဝသလို ခံစားရပါတယ်။ ဒါတင်မကသေး ထမင်းကို သရက်သီးလေးနဲ့ပါ တွဲစားမိပါသေးတယ်။
ကျွန်တော်ငယ်ငယ်က စားသောက်ဆိုင်တစ်ဆိုင်မှာ နိုင်ငံခြားသားတစ်ယောက်က ထမင်းပန်းကန်ကို အလယ်မှာထား၊ ဟင်းပန်းကန်ကို သူ့ရှေ့မှာထားပြီး အသားနဲ့အသီးအရွက်တွေပါတဲ့ဟင်းထဲထမင်းနည်းနည်းစီ ထည့်စားနေတာမြင်တော့ ထူးဆန်းတယ်ဆိုပြီး ရယ်မိပါသေးတယ်။
အခုချိန် တကယ်တမ်းပြန်တွေးကြည့်တဲ့အခါ သူစားတဲ့ပုံစံက ကျန်းမာရေးအတွက် ပိုမိုသင့်လျော်နေတယ်ဆိုတာကို သဘောပေါက်လာပါတယ်။
ကျွန်တော်တို့နေ့စဥ်မပါမဖြစ်စားသုံးနေတဲ့ ထမင်းဟာ တကယ်ဘဲ ကျန်းမာရေးအတွက်ကောင်းကျိုးများစေရဲ့လားဆိုတာကို ပြန်ပြီးစဥ်းစားစရာဖြစ်လာပါပြီ။
ကျွန်တော်တို့လူမျိုးတွေဟာ အစာစားတဲ့အခါ ထမင်းများများနဲ့ ဟင်းနည်းနည်းသာ ထည့်စားလေ့ရှိကြပါတယ်။ ဒါဟာ ကျွန်တော်တို့အတွက် အာဟာရပြည့်ပြီးကျန်းမာစေဖို့မဟုတ်ဘဲ ဗိုက်ပြည့်စေဖို့အတွက်သာ အဓိကထားသလို ဖြစ်နေပါတယ်။
ထမင်းစားခြင်းက အာဟာရလုံးဝမဖြစ်စေတာတော့ မဟုတ်ပါဘူး။ မချက်ရသေးတဲ့ ဆန်စပါးထဲမှာဆိုရင် အင်အားဖြစ်စေတဲ့ ကာဗိုဟိုက်ဒရိတ် အပြင် ပရိုတင်းဓါတ်၊ အမျှင်ဓါတ်၊ ဗီတာမင် B1၊ B2၊ B6၊ သံဓါတ်၊ ဖောလစ်အက်စစ်၊ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ် စတဲ့ဓါတ်တွေလည်း အနည်းငယ်စီပါဝင်နေပါသေးတယ်။
သို့ပေမယ့် မချက်ခင် ဆန်ကိုပွတ်ဆေးလိုက်တဲ့အခါမှာ ဆန်ရဲ့အပေါ်ယံအခွံလေးတွေပါ ပါကုန်တာကြောင့် ဗီတာမင် B1 တွေ ဆုံးရှုံးသွားတတ်ပါတယ်။ ထို့အတူ အခြားသော အာဟာရဓါတ်တွေဟာလည်း စပါးကိုအခွံချိန်၊ ဆန်ဆေးချိန် နဲ့ ထမင်းချက်ချိန်အတွင်းမှာ ဆုံးရှုံးသွားလေ့ရှိပါတယ်။
ထမင်းစားတဲ့အခါ ကျွန်တော်တို့အတွက် အဓိကရရှိစေမှာကတော့ ကာဗိုဟိုက်ဒရိတ် (သကြားဓါတ်)ဘဲ ဖြစ်ပါတယ်။ နေ့စဥ်သင့်တင့်တဲ့ပမာဏဘဲ စားမယ်ဆိုရင် ပြဿနာမရှိပေမယ့် ထမင်းများများစားတတ်သူတွေမှာတော့ ဆီးချိုရောဂါ ဖြစ်ပေါ်လာနိုင်ခြေ မြင့်မားလာစေနိုင်ပါတယ်။
ဆီးချိုရောဂါသာမက သွေးတိုးရောဂါ၊ နှလုံးရောဂါနဲ့ သွေးတွင်းအဆီများခြင်း စတဲ့ရောဂါပြဿနာတွေ ဖြစ်ပေါ်လာနိုင်ခြေလည်း မြင့်မားလာစေပါတယ်။
ဒါကြောင့် ဆီးချိုရောဂါရှိသူတွေမှာဆိုရင် ထမင်းကို အတတ်နိုင်ဆုံးလျှော့စားပေးရတာဖြစ်ပါတယ်။
ထမင်းမှာ သကြားဓါတ်နဲ့ ကယ်လိုရီများစွာပါဝင်နေတာကြောင့် ကိုယ်အလေးချိန်လျှော့ချလိုသူတွေ၊ အဆီကျလိုသူတွေအနေနဲ့ ထမင်းကို အနည်းငယ်သာစားသင့်ပြီး အသားနဲ့အရွက်တို့ကို များများစားပေးသင့်ပါတယ်။
လူသိနည်းတဲ့အချက်တစ်ချက်ကတော့ ဆန်ထဲမှာ အန္တရာယ်ရှိစေနိုင်တဲ့ အာဆင်းနစ် (Arsenic) ဓါတ်တွေ ပါဝင်နေနိုင်တာဖြစ်ပါတယ်။
▪︎ဘာကြောင့် ဆန်ထဲမှာ arsenic တွေ ပါနေရသလဲ?
Arsenic ဟာ များသောအားဖြင့် မြေကြီး၊ ရေနဲ့ ကျောက်ဆောင်တွေမှာ ရှိတတ်ပြီး တစ်နေရာနဲ့ တစ်နေရာတော့ ပမာဏကွာခြားမှုရှိနိုင်ပါတယ်။
စိုက်ပျိုးထားတဲ့စပါးတွေဟာ မြေကြီးထဲမှ Arsenic ဓါတ်တွေ စုပ်ယူနိုင်စွမ်းရှိပါတယ်။ ဒါ့အပြင် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးတွေမှာလည်း Arsenic တွေ ပါဝင်နေနိုင်ပါတယ်။
Arsenic အနည်းငယ်စီပါဝင်နေတဲ့ ဆန်စပါးတွေကို ချက်စားတာ နှစ်တွေကြာလာတဲ့အခါမှာတော့ ကျွန်တော်တို့အတွက် ကင်ဆာရောဂါဖြစ်နိုင်ခြေမြင့်မားလာခြင်း၊ သွေးကြောကျဥ်း၊ သွေးကြောပိတ်ရောဂါတွေ ဖြစ်လာနိုင်ခြင်း၊ ကလေးတွေမှာဆိုရင် ဦးနှောက်မှတ်ဥာဏ်ကို ထိခိုက်စေနိုင်ခြင်း၊ အာရုံစူးစိုက်မှု မကောင်းတော့ခြင်း စတဲ့ဆိုးကျိုးအန္တရာယ်တွေ ဖြစ်လာစေနိုင်ပါတယ်။
ဘယ်လိုဆိုကျိုးတွေဘဲရှိနေပါစေ ကျွန်တော်တို့ဟာ တစ်သက်လုံးအဓိကအစားအစာအဖြစ် စားသုံးလာခဲ့တဲ့ထမင်းကို စွန့်လွှတ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါဘဲ။
တကယ်တော့ ထမင်းကအန္တရာယ်ရှိတာကြောင့် ထမင်းလုံးဝမစားတော့ဘူးဆိုပြီး နေဖို့လည်းမလိုအပ်ပါဘူး။ ကျန်းမာရေးအတွက် အသင့်တော်ဆုံးဖြစ်စေမယ့် စားသောက်ပုံစနစ်ကိုတော့ ပြောင်းလဲကျင့်သုံးရမှာဖြစ်ပါတယ်။
ကျွန်တော်တို့ဟာ နေ့စဥ်အစာအုပ်စု ၃အုပ်စုကိုတော့ ညီညွတ်မျှတစွာ စားသုံးပေးရမှာဖြစ်ပါတယ်။
ဗိုက်ပြည့်ရုံတင်မဟုတ် အာဟာရစုံလင်ပြီး ကျန်းမာစေဖို့ နေ့စဥ်နေ့တိုင်း ထမင်းအများကြီး၊ ဟင်းနည်းနည်းနဲ့စားနေမယ့်အစား ထမင်းကိုအနည်းငယ်သာစားပြီး အသား၊ ငါး၊ ကြက်ဥနဲ့ ဟင်းသီးဟင်းရွက်တို့ကို များများထည့်စားပေးကြရပါမယ်နော်။
Content by
https://fb.watch/gwLiyg2gnG/
Content by
https://fb.watch/gwLbXCyk2u/
Content written by
https://fb.watch/gwL6c67kMU/
Content written by
https://fb.watch/gwK-_RtSoO/
Click here to claim your Sponsored Listing.
Category
Website
Address
Yangon