The Knowledge Vault

The Knowledge Vault

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from The Knowledge Vault, Blogger, Yangon.

08/03/2026

နေချင်တဲ့ အိမ်မက်မြို့ငယ်လေး

စိတ်ကူးယဉ်ကြည့်ရအောင် သူငယ်ချင်းတို့
သူငယ်ချင်းတို့ စိတ်ကြိုက်နေရာ တစ်ခုမှာ နေထိုင်ပြီး ဘဝကို ဖြတ်သန်းခွင့် ရှိမယ်ဆိုရင် ဘယ်နေရာကို ရွေးချယ်ကြမလဲ။
ခေတ်မှီတိုးတတ်ပြီးစည်ကားနေတဲ့မြို့ကြီးလား၊ တောင်ပေါ်မြို့လေးလား၊ ဒါမဟုတ် ကျွန်းလေးပေါ်မှာ တစ်ယောက်ထဲနေမလား။
ကျွန်တော်ကတော့ ရွေးချယ်ခွင့်ရှိမယ်ဆိုရင် ပင်လယ်ဆိပ်ကမ်းမြို့လေးတစ်မြို့မှာရှိတဲ့ ခြံလေးသေးသေးလေးမှာ အိမ်လေးတစ်အိမ်ဆောက်ပြီးနေချင်မိပါတယ်။
ကျွန်တော်တို့ငယ်ငယ်က စိုက်ပျိုးရေးဂိမ်း လို့သိကြတဲ့ Harvest Moon Back to Nature ဂိမ်းထဲက Mineral Town လိုမြို့လေးပေါ့။
တောင်တန်းတွေနဲ့ ဝန်းရံထားပြီး မြစ်လေးတစ်စင်းနဲ့ ရေပူစမ်းတွေလဲရှိမယ်။ နေ့စဉ်သုံးပစ္စည်းတွေ ဝယ်ဖို့ ကုန်စုံဆိုင်လေးတစ်ဆိုင်နဲ့ ဘားဆိုင်လေးတစ်ဆိုင်လဲရှိမယ်။
ခြံထဲက မြေကွတ်လပ်လေးမှာ သီးပင်စားပင်လေးတွေစိုက်မယ်။ မနက်တိုင်းကြက်ဥ စားရအောင် ကြက်ကလေးတွေလဲ မွေးထားမယ်။
ညနေခင်းကို ပင်လယ်လေလေး ခံရင်းကမ်းခြေမှာလမ်းလျှောက်မယ်။ အပြန်ဘားဆိုင်ဝင်ပြီး အမောပြေ ဘီယာလေးသောက်ရင်း မြို့ထဲက အတင်းတွေနားထောင်မယ်။
မြို့ငယ်လေးမှာ နေရတဲ့ ဘဝဟာ မြို့ကြီးမှာ နေရတာထက် ပိုအေးချမ်းပြီး စိတ်ဖိစီးမှုလဲနည်းပါတယ်။
ဒါကတော့ ကျွန်တော်ရဲ့ စိတ်ကူးထဲကမြို့လေးပေါ့ဗျာ။ သူငယ်ချင်းတို့ရော ဘယ်လိုနေရာမျိုးမှာ နေချင်လဲဆိုတာ မျှဝေပေးပါအုံးလို့ ပြောရင်း စာလေးကို အဆုံးသတ်လိုက်ရပါတယ်။

#အိမ်မက်မြို့ #စိတ်ကူးယဉ်

08/06/2025

အလာစကာ (သို့မဟုတ်) အမေရိကန်ပြည်ထောင်စု၏ မြောက်ဘက်စွန်းရှိ သဘာဝအလှမြေ

အလာစကာ ဟာအမေရိကန်ပြည်ထောင်စုရဲ့ အနောက်မြောက်ဘက်စွန်းမှာ တည်ရှိတဲ့ ပြည်နယ်တစ်ခုဖြစ်ပြီး၊ ဧရိယာအားဖြင့် အကြီးဆုံးပြည်နယ်လည်း ဖြစ်ပါတယ်။
စတုရန်းမိုင် ၆၆၃,၂၆၈ ကျယ်ဝန်းပြီး၊ လူဦးရေကတော့ ၇၃၀,၀၀၀ (၂၀၂၅ ခုနှစ်ခန့်မှန်းချက်) ဝန်းကျင်ပဲ ရှိပါတယ်။
အလာစကာ ဆိုတဲ့အမည်မှာ “Alyeska” ဆိုတဲ့ ဌာနေတိုင်းရင်းသားတွေရဲ့ Aleut ဘာသာစကားကနေ ဆင်းသက်လာတာဖြစ်ပြီး၊ “ကြီးမားတဲ့နယ်မြေ” လို့ အဓိပ္ပါယ် ရပါတယ်။
အလာစကာ ပြည်နယ်ဟာ သဘာဝအလှတရားတွေနဲ့ ပြည့်နှက်နေတဲ့ နယ်မြေတစ်ခုဖြစ်ပါတယ်။ မြင့်မားသောတောင်တန်းကြီးတွေ၊ ဧရာမရေခဲမြစ်တွေ၊ ကျယ်ပြန့်တဲ့ သစ်တောတွေနဲ့ ရေကန်ပေါင်း သုံးထောင်ကျော် တည်ရှိပါတယ်။ Denali အမျိုးသားဥယျာဉ်ထဲက Mount Denali (၂၀,၃၁၀ ပေ) ဟာမြောက်အမေရိကရဲ့ အမြင့်ဆုံးတောင် ဖြစ်ပါတယ်။ အလာစကာ ဒေသဟာ သဘာဝချစ်သူတွေအတွက် အိပ်မက်နယ်မြေတစ်ခုလို့ ဆိုနိုင်ပါတယ်။
အလာစကာရဲ့ သမိုင်းကြောင်းဟာ ထူးခြားပြီး စိတ်ဝင်စားဖွယ်ကောင်းပါတယ်။ ဥရောပသား နယ်မြေသစ်ရှာဖွေသူများ မရောက်လာမီက အလာစကာ ဒေသတွင် Iñupiat၊ Yupik၊ Aleut၊ Tlingit၊ Haida နှင့် Athabaskan လူမျိုးစုများအပါအဝင် ဌာနေတိုင်းရင်းသားအုပ်စုများစွာနေထိုင်ခဲ့ပါတယ်။ အလာစကာ ကိုပထမဦးဆုံး စူးစမ်းရှာဖွေခဲ့သော ဥရောပသားမှာ ၁၈ ရာစု အစောပိုင်းတွင် ရောက်ရှိခဲ့သော ရုရှားလူမျိုး သားမွှေးကုန်သည်များ ဖြစ်ပါတယ်။
၁၈၆၇ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုသည် ရုရှားထံမှ အလာစကာကို ဒေါ်လာ 7.2 သန်းဖြင့် ဝယ်ယူခဲ့ပါတယ်။ ၁၉၅၉ ခုနှစ် ဇန်နဝါရီ ၃ ရက်တွင် အလာစကာသည် အမေရိကန်ပြည်ထောင်စု၏ ၄၉ ခုမြောက် ပြည်နယ် ဖြစ်လာခဲ့ပါတယ်။
အလာစကာ၏ အဓိက စီးပွားရေးလုပ်ငန်းများမှာ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ငါးဖမ်းခြင်း၊ သစ်ထုတ်လုပ်ခြင်းနှင့် ခရီးသွားလုပ်ငန်းတို့ဖြစ်ပါတယ်။ အလာစကာပြည်နယ်သည် ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် သတ္တုများကြွယ်ဝပြီး အထူးသဖြင့် Prudhoe Bay ရေနံမြေဟာ အမေရိကန်ရဲ့ အကြီးဆုံး ရေနံထွက်ရှိတဲ့ နေရာတွေထဲက တစ်ခုဖြစ်ပါတယ်။ ငါးဖမ်းခြင်းသည် အဓိက စီးပွါးရေးလုပ်ငန်းဖြစ်ပြီး၊ အလာစကာသည် အမေရိကန်ပြည်ထောင်စု၏ ပင်လယ်စာထွက်ကုန် အများစုကို ပံ့ပိုးပေးပါတယ်။ ခရီးသွားလုပ်ငန်းသည်လည်း အရေးပါသော စီးပွါးရေး ဖြစ်ပြီး ဝေလငါးကြည့်ရှုရန်၊ တောင်တက်ရန်နှင့် ရေခဲမြစ်များကို လေ့လာရန် နှစ်စဉ် ခရီးသွားသန်းချီ လာရောက်လည်ပတ် ကြပါတယ်။
အလာစကာပြည်နယ်သည် အမေရိကန်ပြည်ထောင်စုတွင် ထူးခြားပြီး စိတ်ဝင်စားဖွယ်ကောင်းသော ပြည်နယ်တစ်ခု ဖြစ်ပါတယ်။

31/01/2025

ဂရင်းလန် (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးကျွန်း

ဂရင်းလန်ကျွန်းသည် ကမ္ဘာ့အကြီးဆုံးကျွန်းဖြစ်ပြီး မြောက်အမေရိကတိုက်၏ အရှေ့မြောက်ဘက်တွင် တည်ရှိပါတယ်။ ဒိန်းမတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော်လည်း ပထဝီဝင်အနေအထားအရ မြောက်အမေရိကနှင့် ပိုမိုနီးစပ်ပါတယ်။ ဂရင်းလန်ကျွန်းသည် ကျယ်ပြန့်သောရေခဲပြင်များ၏ သဘာဝအလှတရားများကြောင့်ထင်ရှားပြီး ကမ္ဘာ့အအေးဆုံးနေရာများထဲမှ တစ်ခုအပါအဝင်ဖြစ်ပါတယ်။
ဂရင်းလန်ကျွန်း၏ ဧရိယာသည် ၂.၁၆ သန်း စတုရန်းကီလိုမီတာကျယ်ဝန်းပါတယ်။ ကျွန်း၏ ၈၀% ခန့်သည် ရေခဲပြင်များဖြင့် ဖုံးလွှမ်းနေပါတယ်။ ဂရင်းလန်ကျွန်း၏ အမြင့်ဆုံးတောင်မှာ Gunnbjorn Fjeld ဖြစ်ပြီး ၃,၇၀၀ မီတာမြင့်ပါတယ်။
ဂရင်းလန်ကျွန်း၏ ရာသီဥတုသည် အလွန်အေးပြီး ဆောင်းရာသီတွင် အပူချိန်သည် အနုတ်၅၀ ဒီဂရီစင်တီဂရိတ်အထိ ကျဆင်းနိုင်ပါတယ်။ နွေရာသီတွင်မူ နေရောင်ခြည်ရရှိပြီး အပူချိန်သည် ၁၀ ဒီဂရီစင်တီဂရိတ်ခန့်သာ ရှိပြီး ကျွန်း၏ တောင်ပိုင်းဒေသများတွင် ရေခဲများ အရည်ပျော်လေ့ရှိပါတယ်။
ဂရင်းလန်းကျွန်းသည်အေးမြတဲ့ရာသီဥတုရှိပေမယ့် နွေရာသီတွင် မြက်ပင်၊ မှော်ပင်နဲ့ ချုံပုတ်ပင် အချို့ကို တွေ့နိုင်ပါတယ်။။ ဒါ့အပြင် ဝင်ရိုးစွန်းဝက်ဝံ၊ ဖျံ၊ ဝေလငါးနဲ့ အာတိတ်မြေခွေးတွေလို တိရစ္ဆာန်တွေလည်း ရှိပါတယ်။
ဂရင်းလန်ကျွန်း၏ လူဦးရေသည် ၅၆,၀၀၀ ခန့်သာရှိပြီး အများစုမှာ ကျွန်းတွင် နှစ်ပေါင်း ထောင်ချီကာ နေထိုင်ခဲ့သော ဌာနေတိုင်းရင်းသား Inuit
လူမျိုးများဖြစ်ပြီး ကမ်းရိုးတန်းဒေသများတွင် နေထိုင်ကြပါတယ်။ Nuuk မြို့သည် ဂရင်းလန်ကျွန်း၏ မြို့တော်ဖြစ်ပြီး အကြီးဆုံးမြို့လည်းဖြစ်ပါတယ်။ဂရင်းလန်းကျွန်းတွင် မြို့ရွာများကို ကားလမ်းမီးရထားလမ်းများ ဖြင့်ဆက်သွယ်ထားခြင်း မရှိပါ။ ထိုသို့မရှိခြင်းမှာ မြေမျက်နှာသွင်ပြင်ကြမ်းတမ်းသောကြောင့် ဖြစ်ပါတယ်။ ခရီးသွားလာမှုကို အများအားဖြင့် လှေ၊ လေယာဉ် သို့မဟုတ် ခွေးစွတ်ဖားလှည်း ဖြင့်ပြုလုပ်ကြပါတယ်။
ဂရင်းလန်းကျွန်းသားများတွင် ထူးခြားသော ယဉ်ကျေးမှုများ ပိုင်ဆိုင်ကြပါတယ်။ အများစုမှာ ငါးဖမ်းခြင်း၊ အမဲလိုက်ခြင်းကဲ့သို့သော ရိုးရာလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်နေကြပါတယ်။ ရုံးသုံးဘာသာစကားများမှာ ဂရင်းလန်းဘာသာနှင့် ဒိန်းမတ်ဘာသာဖြစ်သော်လည်း အင်္ဂလိပ်ဘာသာစကားကိုလည်း ပြောဆိုနိုင်ကြပါတယ်။
ဂရင်းလန်ကျွန်း၏ စီးပွားရေးသည် ငါးဖမ်းလုပ်ငန်း၊ သတ္တုတူးဖော်ရေးနှင့် ခရီးသွားလုပ်ငန်းတို့အပေါ် အဓိကမှီခိုနေပါတယ်။ ဂရင်းလန်းကျွန်း၏ ရေခဲမြစ်များ၊ ရေခဲတောင်များနှင့် သဘာဝတောရိုင်းတိရစ္ဆာန်များကို ကြည့်ရှုလိုကြသော ခရီးသွားများကြောင့် ကျွန်း၏ခရီးသွားလုပ်ငန်းမှာ တိုးတက်နေပါတယ်။
ဂရင်းလန်ကျွန်းသည် သဘာဝအလှနှင့် ထူးခြားသော ယဉ်ကျေးမှုတို့ဖြင့် ပြည့်နှက်နေသော ဒေသဖြစ်ပါတယ်။ သို့သော် ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများကြောင့် ဂရင်းလန်ကျွန်း၏ အနာဂတ်မှာ စိန်ခေါ်မှုများလည်း ရင်ဆိုင်နေရပါတယ်။

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon