Four-Leaf Clover
Whatever will be, will be.
23/07/2026
- Adorable -
ချစ်ခြင်းမေတ္တာဟာ မထိခိုက်စေလိုခြင်းက စတယ်။
ထိုသူ့ဘဝရဲ့ ဘယ်ထောင့်တစ်နေရာကိုမှ မစွန်းထင်းစေလိုခြင်းက စတယ်။
ချစ်ခြင်းမေတ္တာဟာ အောက်တိုဘာမှာပွင့်တဲ့ ပန်းတစ်ပွင့်ပဲ။
ရုပ်ရှင်တွေထဲက အနှေးပြကွက်လို ရင်ခုန်သံဟာ တလျှပ်လျှပ်နဲ့။
ချစ်ခြင်းမေတ္တာဟာ သိမ်မွေ့ဖိတ်စင်ခြင်းပဲ။
အယုံအကြည်မဲ့တဲ့ လမိုက်ညတွေကို ကျော်လွှားစေနိုင်တယ်။
ချစ်ခြင်းမေတ္တာဟာ မရေရာခြင်းပဲ။
ထိုသူ့ဘဝရဲ့ ဘယ်ထောင့်တစ်နေရာကိုမှ မစွန်းထင်းစေဖို့ အဆုံးသတ်ခဲ့တယ်။
🍀
21/07/2026
- Heavenly -
မချစ်မိဖို့ ကြိုးစားရင်းနဲ့
နှလုံးသားကိုလည်း အပြစ်မရှိအပြစ်ရှာမိသေးတယ်။
သံသရာဟာ တစ်ခါပြန်လည်လာတယ်ထင်ပါတယ်။
အဝေးအရပ်က ကြယ်တွေကိုဆို
ကိုယ်သိပ်သဘောကျတတ်တယ်။
အရာရာဟာ မှောင်မှိုင်းမှိုင်းပါပဲ။
မေတ္တာတရားရဲ့ ရှေ့ရောက်တိုင်း
ကိုယ်ဟာ အမှားနဲ့အမှန်မကွဲခဲ့။
အခါခါရှောင်ပြေးလည်း
ရင်ခုန်သံဟာ ပုံစံတူနေပြန်တယ်။
မကြာမကြာချမိတဲ့ သက်ပြင်းတိုင်းမှာ
အမည်နာမလေးတစ်ခု ပါနေတယ်။
တိုးတိုးလေးပြောပြလို့ ရရင်ကောင်းမယ်။
ရှေ့မတိုးရခင် နောက်ဆုတ်မိတဲ့ပုံပြင်မှာ
သူမသိလိုက်တဲ့ လေးလံခြင်းတွေပါနေတယ်။
အတွေးတွေဟာ သိပ်မြန်တယ်။
အငွေ့အသက်တွေမှာတင်
ဦးနှောက်ဟာ ယောက်ယပ်ခတ်စမြဲ။
ဒါကတော့ဖြင့် အချစ်ဖြစ်မယ်။
ဒီလိုတော့ဖြင့် မချစ်သင့်တယ်။
ညနက်နက်ရဲ့ အတွေးတစ်ချက်တစ်ချက်မှာ
နှလုံးသားဟာ အခက်သင့်စမြဲ။
ကိုယ်...မလွတ်မြောက်တော့ဘူးလားကွယ်။
🍀
15/07/2026
Just a little 3 PM yearning.
| November's Child |
Oh, my mind, he has beautiful eyes;
He may never notice how softly they smile.
Oh, my mind, he thinks he can lie;
Little does he know I'm November's child.
A stolen glance, a quiet "hi,"
His lips may hide, but not his eyes.
A thousand words drift through the air,
In silent moments that we share.
If hearts could write instead of speak,
They'd tell the secret that we keep.
Perhaps no soul would ever know,
Except the eyes that told me so.
04/07/2026
- ဝါဆို -
မတတ်နိုင်စွာနဲ့ပဲ မင်းဆီမှာသာ အကြိမ်ကြိမ်ရှုံးရပါတယ်။
ရုန်းထွက်မရတဲ့ သံသရာလို
ရုန်းထမရတဲ့နွံမှာ ကျွံသလို
အတင့်ရဲစွာနဲ့လည်း ရုန်းမထရဲခဲ့။
ချစ်တာမှာ အပြစ်ရှာစရာမှမရှိဘဲ အချစ်ရယ်။
ရင်ခုန်သံဟာ မင်းအမည်မှာပဲ အလိုလိုတုန့်ပြန်နေပြန်တယ်။
ဘယ်ဆီပဲ ပြေးထွက်ထွက်
မင်းမှမဟုတ်ရင် မဖြစ်နိုင်တဲ့အထိ
နှလုံးသားဟာ ဆိုးကိုဆိုးရှာတယ်။
အချစ်ရေ...
ကိုယ်ကတော့ စိတ်ကို အလိုလိုက်ပါတယ်။
မင်းနဲ့မှမဟုတ်ရင် ဒီသံသရာမှာ မကျင်လည်ချင်ဘူးကွယ်။
မင်းအပေါ်မှမဟုတ်ရင် ဒဏ်ရာတွေ မစာနာချင်တော့ဘူးကွယ်။
ပျော်စရာဟာလည်း မင်းဆိုတဲ့ကမ္ဘာမှာသာ အကြိမ်ကြိမ်ရစ်နွယ်။
🍀
28/06/2026
-Two Worlds Apart-
ရင်ဘတ်တွေ မွန်းကြပ်လာရင်း
လည်ချောင်းတွေ ခြောက်ကပ်နာကျင်လာပြီး
မျက်ရည်တွေကျမိစေတာဟာ အချစ်ဆို
ကျနော်သူ့ကို ချစ်ခဲ့တယ်ထင်ပါတယ်။
အချစ်ဟာ လှပတဲ့အရာဆို
ဒါဟာလှပတဲ့ ဒဏ်ရာဖြစ်မယ်။
မသေချာပေမဲ့လို့
အနာဂတ်တစ်ခုကို နှစ်ယောက်စာ ပုံဖော်နေမိရင်
ဒါအချစ်ပဲလား။
နာကျင်နေရရင်တောင် ပျော်နေပြီး
မဖြစ်နိုင်ရင်တောင် မျှော်နေမိရင် ဒါအချစ်ပဲမလား။
အချစ်ဟာ ပုံစံအမျိုးမျိုးနဲ့ ချဥ်းကပ်လာတတ်ပြီး
ကျနော်တို့က ပုံစံအမျိုးမျိုးနဲ့ လွဲနေတော့တာပါပဲ။
ဖမ်းဆုပ်မထားမိရင်တောင်
ပိုင်ဆိုင်နေတယ်လို့ ခံစားမိတဲ့အခါ
ကျနော်တို့တကယ်ပဲ ချစ်တတ်လာပြီထင်ပါရဲ့။
အဆင်ပြေစေချင်တယ်။
နွေးထွေးစေချင်တယ်။
ကိုယ်တိုင်မပါဝင်ရရင်တောင်
သူ့ဘဝလေး တောက်ပစေချင်တယ်။
လွတ်သွားတဲ့ ရထားလေးအတွက်
ရှေ့ဆက်ရမယ့် မြို့တွေမှာလည်း
စောင့်ကြိုနေမယ့် ဘူတာရုံတွေ ရှိနေစေချင်တယ်။
ခဏလေးဖြစ်ဖြစ် ကောင်းတဲ့ အခိုက်တန့်တွေ ဖန်တီးပေးချင်မိတယ်။
🍀
28/06/2026
ဒီနှစ်တွေမှာ နေထိုင်ရတာဟာ
ဆိုးရွားလွန်းတဲ့ အိပ်မက်ရှည်ကြီးအတိုင်းပဲ။
အချစ်ရေ.....
မင်းလည်းမရှိဘူး၊ ရှင်သန်ချင်စိတ်လည်းမရှိဘူး။
🍀
19/06/2026
- Amorist -
ကိုယ့်အတွက်တော့ ချစ်မေတ္တာဆိုတာ
စေတနာတွေ အလုံးအရင်း ပြေးဝင်လာတာမျိုးပဲ။
အိပ်မက်တွေ လှစေချင်တာကစလို့...
နေ့စဉ်ဘဝထဲ စက္ကူမရှစေချင်တာကစလို့...
အအေးမမိစေချင်တာကစလို့...
တစ်ခါတလေလေးတောင် ခလုတ်မထိစေချင်တာကစလို့...
အရာရာကို ဖြည့်စည်းပေးချင်မိတာ။
ကိုယ်တတ်နိုင်တာတွေထဲက အရာရာကိုပေါ့။
အကောင်းဆုံးတွေကိုပဲ ပေးချင်မိတာ။
ကိုယ်ပိုင်တာတွေထဲ အကောင်းဆုံးတွေ သိပ်မရှိတာကိုတောင်လေ။
ကန့်သတ်ချက်တွေ သတ်မှတ်ချက်တွေသာမရှိရင်
ကိုယ်အရာရာကို ပုံပေးမိလိုက်မှာ...။
🍀
11/06/2026
Mini Diary - 65
ကိုယ်ဟာ အရူးပဲအချစ်ရေ...။
ထူးဆန်းစွာနဲ့ပဲ မင်းမရှိတော့ခြင်းမှာ
ကိုယ်ဟာ ဘယ်တုန်းကမှ နေသားမကျခဲ့...။
နေသားလည်း မကျရဲခဲ့...။
ကိုယ်မှာတော့ အရူးအမူးပါပဲ။
🍀
06/06/2026
ဘဝမှာလေ တခြားသူတွေ စိုးရိမ်သိမ်ငယ်သွားမှာစိုးလို့ ကိုယ်အဆင်ပြေနေတာတွေကို တိတ်တိတ်လေးသိမ်းထားခဲ့ဖူးလား။
တစ်ချိန်တုန်းက ကိုယ်ကတော့ ကိုယ့်ပျော်ရွှင်မှုတွေကို ဖုံးထားခဲ့ရဖူးတယ်။ ကိုယ့်ရဲ့အောင်မြင်မှုတွေ၊ ကိုယ့်ရဲ့တောက်ပမှုတွေက တခြားသူတွေရဲ့ခံစားချက်ကို ထိခိုက်သွားမှာစိုးလို့။
သူတို့အဆင်ပြေအောင် ကိုယ့်ကိုယ်ကို နှိမ့်ချပြီးရင်းနှိမ့်ချပြီး နေခဲ့ဖူးတယ်။ ကိုယ်ကိုယ်တိုင် ကသိကအောက်ဖြစ်ရတာကိုတောင် ဂရုမစိုက်မိဘဲနဲ့ပေါ့။
ဘာလို့ဆို ကိုယ်ချစ်ရတဲ့သူတွေ ဖြစ်နေလို့။ ကိုယ်ဟာ သူတို့နဲ့ တသွေးတည်းတသားတည်းပါဆိုတာကို သက်သေပြချင်ခဲ့လို့။ နောက်ပြီး ကိုယ့်ရဲ့အစိတ်အပိုင်းတချို့ကို ဝေမျှတိုင်း မလိုလားခြင်းတွေ မြင်ခဲ့ရလို့။ ကိုယ်သာ ကြီးထွားသွားရင်၊ ကိုယ်သာ ရှေ့ရောက်သွားရင် သူတို့နဲ့ ဝေးသွားမယ်လို့ ထင်ခဲ့လို့။
ကိုယ်ထင်တာက ကိုယ့်ဘက်ကသာ ဒါမျိုးတွေ မဝေမျှရင် ဒီဆက်ဆံရေးတွေကို ထိမ်းထားနိုင်မယ်လို့လေ။
ဒါပေမဲ့ အချိန်တစ်ခုရောက်လာတော့ သင်ယူလိုက်ရတာတစ်ခုရှိတယ်။ ကိုယ့်ဘဝအတွက် မှန်ကန်တဲ့သူတွေက ကိုယ့်ရဲ့အလင်းရောင်တိုင်းကို မျှခံစားပေးကြတယ်ဆိုတာပဲ။ ကိုယ့်ရဲ့အောင်မြင်မှုတိုင်းကို ထပ်တူဝမ်းသာပေးတတ်ကြတယ်။
ကိုယ်ဘာလို့ အတိအကျပြောနိုင်နေလဲဆို ကိုယ်ချစ်တဲ့လူတွေ အောင်မြင်တဲ့အခါတိုင်း ကိုယ်ကိုယ်တိုင်က ထပ်တူပျော်ရွှင်ဂုဏ်ယူတတ်လို့ပဲ။ သူတို့ရဲ့အောင်မြင်မှုက ကိုယ့်ကို သေးငယ်သွားစေတယ်လို့ တစ်ခါမှ မခံစားခဲ့ရဖူးဘူး။
ပြီးတော့ ကိုယ့်အောင်မြင်မှုကို ထပ်တူဝမ်းသာပေးပြီး ကိုယ့်ကိုယ်ကိုယ် ချိုးနှိမ်ထားစရာမလိုကြောင်း သက်သေပြနေတဲ့ လူတစ်စုကို ပိုင်ဆိုင်ထားလို့လည်းပါတယ်။
ဘဝကပြိုင်ပွဲ မဟုတ်ဘူး။ တစ်လမ်းတည်းကို လျှောက်နေကြတာ မဟုတ်ဘူး။ စမှတ်တွေကော ဆုံးမှတ်တွေပါ မတူကြဘူးလေ။ ကိုယ့်မှာတော့အချိန်အတော်ကြာ ကိုယ့်အလင်းရောင်နဲ့ကိုယ် ပိတ်မိနေခဲ့မိတာပေါ့။
ရလဒ်အနေနဲ့ အဲ့ဒီလိုလူတွေကို ဘဝထဲကနေ ဖယ်ရှားလိုက်နိုင်တဲ့အတွက် တချို့လူတွေက ကိုယ့်ကို ရက်စက်တယ်၊ ပြတ်သားလွန်းတယ်၊ ဘာမျက်နှာမှ မထောက်ထားဘူးလို့ ထင်ကြတယ်။ ဒါပေမယ့် သူတို့မမြင်တဲ့တစ်ဖက်ခြမ်းမှာ ကိုယ်အများကြီးကြိုးစားခဲ့တယ်။ ကိုယ်တိုင်သေးနုတ်သိမ်ငယ်ရင်းနဲ့ပါ သူတို့နဲ့အတူ အနိမ့်ဆုံးထိ လိုက်ဆင်းပေးခဲ့တယ်။
အဆုံးမှာတော့ ကိုယ်ရုန်းထွက်နိုင်သွားပါတယ်။ ကိုယ်သင်ယူလိုက်ရတာတွေလည်း ရှိတယ်။ မှန်ကန်တဲ့သူတွေနဲ့သာဆို ကိုယ့်ကိုယ်ကိုယ် မချိုးနှိမ်ထားလည်း ဖြစ်တယ်ဆိုတာရယ်၊ ကိုယ့်ကိုယ်ကိုယ် နောက်တစ်ခေါက် အဆုံးရှုံးခံလို့ မဖြစ်ဘူးဆိုတာရယ်။
ကိုယ်ကပင်လယ်ဆိုရင် ပင်လယ်ပဲပေါ့။
ရေမကူးတတ်တဲ့ တချို့တလေအတွက်နဲ့ ရေအိုင်လေးဖြစ်ပေးစရာမှ မလိုတာလေနော်။
🍀
28/05/2026
- Beloved -
ချစ်ခြင်းမေတ္တာဆိုတာ သဒ္ဒါတရားပဲ။
ကမ္ဘာတစ်ခြမ်းသိမ်းပေးချင်တယ်ဆိုတာ ဟာသမဟုတ်ဘူး။
ပင်လယ်တွေလက်ဆောင်ပေးချင်တာဟာလည်း ရယ်စရာမဟုတ်နေဘူး။
ချစ်လာရင် အရာရာဖန်တီးပေးချင်လာတော့တာပဲ။
ကိုယ်ကတော့ အဝါရောင်မီးသီးကလေးဖြစ်ပေးချင်မိတာ။
မြင်မိတာနဲ့ ငြိမ်းချမ်းပြီးတော့
တွေးမိတာနဲ့ နွေးထွေးစေမိတဲ့ ဖြစ်တည်မှုမျိုး ဖြစ်ပေးချင်တာ။
လိမ္မော်ခွံလေး သင်ပေးတာကစလို့
ပုခုံးတစ်ခြမ်း မိုးစိုခံတာအထိ
ချစ်မေတ္တာဖြစ်နေလို့သာ ပျော်ရွှင်ရတာပေါ့။
ကိုယ့်အတွက်တော့...
ချစ်တာဟာ သတ္တိပဲ။
ချစ်တာဟာ လောင်စာပဲ။
ချစ်မိသွားလို့သာ အရာရာဟာလွယ်ကူနေတာပါပဲ။
🍀
Click here to claim your Sponsored Listing.
Category
Website
Address
Pyinmana