Cuddle Me to Read
We sell children books and educational toys at fair price. Sell both brand new and second hand imported English books for children.
20/11/2022
ကလေးတွေ ဘဝအောင်မြင်ရေး အတွက် မရှိမဖြစ် လိုအပ်တဲ့ Executive Function
++++++++++
အခုတလော ကလေးဉာဏ ဖွံ့ဖြိုးမှု ပညာရှင်တွေ အကြားမှ Hot ဖြစ်နေတဲ့ စကားလုံး တစ်လုံးကတော့ Executive Function ဆိုတဲ့ စကားလုံးပဲ ဖြစ်ပါတယ်။ ကလေးတစ်ယောက် ကျောင်းမှာ ဘယ်လောက် အောင်မြင်မှုရမယ် ဆိုတာကို ဒီ executive function က အဆုံးအဖြတ် ပေးသလို ဒီကလေး ဘဝမှာ ဘယ်လောက် အောင်မြင်မှု ရနိုင်မယ် ဆိုတာကိုလဲ ဒီ executive function ကပဲ အဆုံးအဖြတ် ပေးပါတယ်တဲ့။
ဒါဆို ဒီ executive function ဆိုတာဘာလဲ။ ဘယ့်အတွက်ကြောင့် ကလေးဘဝ အောင်မြင်မှုအတွက် အရေးပါ ရတာလဲ။ executigve function ကောင်းမကောင်း ဘယ်လို သိနိုင်မလဲ။ executive function ကောင်းလာအောင် ဘယ်လို လေ့ကျင့် ပေးလို့ ရမလဲ အစရှိတာတွေကို ဒီဆောင်းပါးမှာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
Executive Function ဆိုတာဘာလဲ
Executive function ဆိုတာ လူတစ်ယောက် နေ့စဉ် လုပ်ကိုင်ဆောင်ရွက် နေမှုတွေကို ထိန်းချုပ်တဲ့ တွေးခေါ်မှု စွမ်းရည် (congnitive abilities that control and regulate most of what we do day-to-day) ပဲ ဖြစ်ပါတယ်။ ဒီ Executive Function (EF) မှာ
အလုပ်တွေကို အစပြုနိုင်တဲ့ စွမ်းရည် (ဥပမာ အိမ်စာကို ဘယ်သူမှ အတင်းခိုင်းလို့ မဟုတ်ပဲ ကိုယ့်အသိနဲ့ ကိုယ် စလုပ်တာ)
လုပ်ရမယ့် အလုပ်တွေကို ဘယ်လို လုပ်မလဲ ဆိုတာ plan လုပ်နိုင်တဲ့ စွမ်းရည် (ဥပမာ အိမ်စာ လုပ်ရာမှာ ဘယ်ဘာသာကို စလုပ်မလဲ၊ ပြီးရင် ဘယ်ဘာသာတွေ ဆက်လုပ်မလဲ plan ချနိုင်တာ)
အလုပ်တွေကို အစီအစဉ်တကျ လုပ်နိုင်တဲ့ (organization) စွမ်းရည် (ဥပမာ အိမ်စာ မလုပ်မီ လိုအပ်တဲ့ စာအုပ်၊ စာရေးကိရိယာ၊ အစရှိတာတွေ ကြိုတင် ပြင်ဆင် ထားတာမျိုး)
သင့်တော်တဲ့ ရည်မှန်းချက် (goal) သတ်မှတ်နိုင်တဲ့ စွမ်းရည် – အိမ်စာ အားလုံးကို ည ၈ နာရီ မတိုင်မီ အကုန် ပြီးအောင် လုပ်မယ်လို့ goal သတ်မှတ်တာမျိုး)
ပြဿနာတွေကို ဖြေရှင်းနိုင်တဲ့ စွမ်းရည်
ဆုံးဖြတ်ချက် ချနိုင်တဲ့ စွမ်းရည်
စိတ်ခံစားမှုတွေကို ထိန်းချုပ်နိုင်တဲ့ စွမ်းရည် (ဥပမာ သင်္ချာ ပုစ္ဆာ တစ်ပုဒ်ကို ရှင်းမရရင် စိတ်တိုပြီး စာအုပ်တွေ လွှင့်ပြစ်တာမျိုး မလုပ်တာ)
မိမိရဲ့ အမူအကျင့်တွေကို စောင့်ကြည့်ပြီး ထိန်းချုပ်နိုင်တာမျိုး (ဥပမာ လူကြားထဲ အော်ကြီးဟစ်ကြယ် ရန်ဖြစ်တာမျိုးဟာ မကောင်းဘူး ဆိုတာသိပြီး ရှောင်ကျဉ်နိုင်တာမျိုး)
အစရှိတဲ့ စွမ်းရည်တွေ ပါဝင်ပါတယ်။
အထက်ပါ စွမ်းရည်တွေကို ကြည့်မယ်ဆိုရင် အားလုံးဟာ နေ့စဉ်ဘဝမှာ အရေးပါတဲ့ အခန်းက ပါဝင်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီ EF အားနည်းတဲ့ ကလေးတွေဟာ ကျောင်းစာမှာ ဖြစ်စေ၊ လူမှု ဆက်ဆံရေးမှာ ဖြစ်စေ၊ စိတ်ခံစားမှု ဆိုင်ရာမှာ ဖြစ်စေ အခက်အခဲ တွေ့ရတတ်ပါတယ်။ ဒီ EF အားနည်းမှုဟာ အသက်ငယ်ငယ် ကတဲက ရှိနိုင်ပေမယ့် ဒီအားနည်းမှုရဲ့ အကျိုးဆက် တွေကတာ့ ကလေး အလယ်တန်းလောက် ရောက်တော့မှ ပေါ်လာတတ်ပါတယ်။ ဒီအရွယ်မှာ ကလေးတွေကို မိဘက တစ်ချိန်လုံး အသေးစိတ် လိုက်ပြီး မစီမံ ပေးနိုင်တော့တဲ့ အချိန်မှာ EF အားနည်းတဲ့ ကလေးတွေဟာ အလုပ်တွေ၊ ပြဿနာတွေကို မိမိကိုယ်တိုင် စီမံလုပ်ကိုင်နိုင်စွမ်း၊ ဖြေရှင်းနိုင်စွမ်း မရှိတဲ့ အတွက် အခက်အခဲတွေ ကြုံတွေ့လာရ နိုင်ပါတယ်။
Executive Function ကောင်းမကောင်းဘယ်လိုသိနိုင်မလဲ
EF ကို တိုင်းတာနိုင်တဲ့ Special Tests တွေ ရှိပါတယ်။ ဒါပေမယ့် ဒီလို စမ်းသပ်မှုတွေ မလုပ်ပဲ EF အားနည်းတာကို ညွှန်ပြတဲ့ လက္ခဏာတွေကို ဂရုစိုက် စောင့်ကြည့်ခြင်း ဖြင့်လဲ သိနိုင်ပါတယ်။
သင့်ကလေးဟာ
သူ့အိပ်ယာ၊ အခန်း၊ စာကြည့်စားပွဲ စတာတွေကို သပ်သပ်ရပ်ရပ် ဖြစ်အောင် မထားပဲ ရှုပ်ပွ နေသလား
သူ့ကို ပေးတဲ့ ညွှန်ကြားချက်တွေကို လိုက်လံလုပ်ဆောင်ရာမှာ အခက်အခဲ ရှိလား
အခြားကလေးတွေလို တစ်နေရာထဲမှာ ငြိမ်ငြိမ်လေး ထိုင်နေရတာ အခက်အခဲ ဖြစ်သလား
သူလုပ်ရမယ့် နေ့စဉ်အလုပ်တွေ (ဥပမာ ရေချိုးတာ) ကို လုပ်ဖို့ကို ထပ်ခါထပ်ခါ ပြောနေရသလား
အိမ်စာတွေကို သူ့အသိ နဲ့သူ ပြီးအောင် မလုပ်နိုင်ပဲ အမေလုပ်သူက ဘေးကနေ ထိုင်ပြီး ပြောနေမှ လုပ်သလား
အိမ်စာတွေ ပြီးလဲ ကျောင်းမှာ အိမ်စာထပ်ဖို့ မေ့နေတာမျိုး ခနခန ဖြစ်သလား
ပစ္စည်းတွေ မကြာခန ပျောက်တာမျိုး ဖြစ်သလား
သူ့အခန်း ရှင်းခိုင်းတဲ့ အခါမျိုး၊ TV ပေးမကြည့်ပဲ စာလုပ်ခိုင်းတဲ့ အခါမျိုးဆို ထပြီး အော်ဟစ်ပေါက်ကွဲတာမျိုး
အလုပ်တွေ အချိန်မှီ ပြီးအောင် မလုပ်နိုင်တာမျိုး
တစ်ခုခု အခက်အခဲ ဖြစ်လာရင် အလွယ်တကူ စိတ်တိုတာ၊ ဒေါသထွက်တာမျိုး မကြာခန ဖြစ်သလား
အန္တရာယ် ရှိတဲ့ ကိစ္စမျိုးတွေကို မစဉ်းစားပဲ စိတ်လိုက်မာန်ပါ လုပ်တတ်သလား
အထက်ပါ အချက်တွေထဲက အချက် အတော်များများကို ဟုတ်တယ်လို့ ဖြေခဲ့ရင် သင့်ကလေးမှာ Executive Function နဲ့ ပါတ်သက်လို့ အားနည်းချက် ရှိနေနိုင်တယ် ဆိုတာကို ပြနေပါတယ်။
Executive Function ကောင်းလာအောင်ဘယ်လိုလေ့ကျင့်ပေးရမလဲ
EF ဟာ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်မှုအတွက် မရှိမဖြစ် လိုအပ်တဲ့ စွမ်းရည်ပဲ ဖြစ်ပါတယ်။ EF အားနည်းတဲ့ ကလေးတွေရဲ့ မိဘ အများစုဟာ ကလေးရဲ့ EF ဖွံ့ဖြိုးလာအောင် လေ့ကျင့်သင်ကြား ပေးရမယ့် အစား ကလေးရဲ့ ပါတ်ဝန်းကျင်ကို ကလေးရဲ့ EF အားနည်းမှုနဲ့ အဆင်ပြေအောင် ပြုပြင် ပြောင်းလဲတဲ့ နည်းလမ်းနဲ့ ဖြေရှင်းတတ်ကြပါတယ်။ ဒါဟာ ရေတိုမှာ အဆင်ပြနိုင်ပေမယ့် တကယ်ကလေးက သူ့ခြေထောက်ပေါ် သူရပ်တည်ရမယ့် အချိန်မှာ ရပ်တည်နိုင်စွမ်း မရှိတော့ပဲ အသက်ကြီးတဲ့ အထိ မိဘလုပ်သူက သားသမီးအတွက် အစစ လိုက်လုပ်ပေးနေ ရတဲ့ အဖြစ်မျိုး ရောက်သွား တတ်ပါတယ်။
EF မကောင်းဘူးဆိုရင် ကောင်းလာအောင် လေ့ကျင့်ပေးလို့ ရပါတယ်။ မိဘလုပ်သူက စိတ်ရှည်ဖို့တော့ လိုပါတယ်။ EF ဆိုတာက နေ့ချင်းညချင်း ဖွံ့ဖြိုးလာတာ မဟုတ်လို့ပါ။ EF ဖွံ့ဖြိုးဖို့ စိတ်ရှည်ရှည်နဲ့ အချိန်ယူ လေ့ကျင့်ပေးဖို့ လိုပါတယ်။
၁။ ကလေးရဲ့ အသက်နဲ့ သင့်တော်တဲ့ တာဝန်နဲ့ Activities တွေကို ပေးပါ။
EF ကောင်းလာအောင် လေ့ကျင့်ပေးရာမှာ ကလေးကို သင့်တော်တဲ့ တာဝန်နဲ့ activities တွေ သတ်မှတ်ပြီး လုပ်ဆောင်စေတာဟာ အရေးကြီးတဲ့ လေ့ကျင့်မှု အနေနဲ့ ပါဝင်ပါတယ်။ ပေးအပ်တဲ့ တာဝန်ဟာ ကလေးရဲ့ အသက်၊ ဖွံ့ဖြိုးမှု level တွေနဲ့ သင့်တော်ဖို့ လိုအပ်ပါတယ်။ ဥပမာ အသက် ၂ နှစ်ပဲ ရှိသေးတဲ့ ကလေးကို သူ့အိပ်ရာ သိမ်းခိုင်းတာ ကလေးအနေနဲ့ သေခြာ လုပ်ဆောင်နိုင်ဖို့ ခဲယဉ်းပါတယ်။ ဒါပေမယ့် ဒီအရွယ် ကလေးကို သူ့စောင် ခေါက်ခိုင်းတာမျိုးကို လေ့ကျင့်ပေးလို့ ရပါပြီ။ မနက်နိုးရင် ခေါင်းအုံးတွေ နေရာတကျ ထားခိုင်းတာမျိုး၊ သူဝတ်ထားတဲ့ ညဝတ်အင်္ကျီကို အဝတ်ဟောင်း ခြင်းထဲ ထည့်ခိုင်းတာမျိုး အစ ရှိသဖြင့် တဖြည်းဖြည်း တာဝန်ယူ လုပ်ကိုင်တတ်တဲ့ စိတ်ဓါတ် ဖွံ့ဖြိုးလာအောင် လေ့ကျင့်ပေး သွားဖို့ လိုအပ်ပါတယ်။
၂။ ပါတ်ဝန်းကျင်ကို မသိမသာ ပြောင်းပေးပါ
EF အားနဲတဲ့ ကလေးရဲ့ ပါတ်ဝန်းကျင် ကို မသိမသာ တဖြည်းဖြည်း ပြောင်းလဲ ပေးပါ။ ပါတ်ဝန်းကျင် ဆိုတာမှာ ကလေးရဲ့ ရုပ်ပိုင်းဆိုင်ရာ ပါတ်ဝန်းကျင် (Physical Environment) အပြင် လူမှုဆက်ဆံရေး ပါတ်ဝန်းကျင်လဲ (Social Environment) ပါဝင်ပါတယ်။ ဥပမာ သူလုပ်ဆောင်ဖို့ သတ်မှတ်ပေးထားတဲ့ တာဝန်တွေကို တဖြည်းဖြည်း ပြောင်းလဲ ပေးတာမျိုး (physical enviornment)၊ သူ့လုပ်ဆောင်မှုတွေနဲ့ ပါတ်သက်လို့ အခါအားလျော်စွာ အကြံပေးတာမျိုး၊ အားပေးတာမျိုး၊ သင့်တော်သလို အားပေးကူညီတာမျိုးတွေ (Social Environment) ပြုလုပ်ပေးသင့်ပါတယ်။
၃။ သင့်ကလေးရဲ့ ကိုယ်တိုင်လုပ်လိုစိတ်ကို အားပေးပါ
ကလေးတွေဟာ ငယ်ငယ်ကတဲက သူတို့ရဲ့ ကိုယ်တိုင် လုပ်ကိုင်နိုင်မှုအတွက် အစွမ်းကုန် ကြိုးစားလေ့ ရှိကြပါတယ်။ ကလေးဘဝမှာ ကျွမ်းကျင်မှု မရှိသေးတော့ အချိန်ကုန်တာ ကြောင့်ပဲ ဖြစ်ဖြစ်၊ ခက်ခက်ခဲခဲ ကြိုးစားနေတာကို မိဘလုပ်သူက သနားလို့ပဲ ဖြစ်ဖြစ် ကလေးအတွက် မိဘလုပ်သူက ဝင်လုပ်ပေးလေ့ ရှိတတ်ပါတယ်။ ဥပမာ မနက် ရေချိုးပြီး အင်္ကျီဝတ် တဲ့အခါ ကလေးက ဝတ်နေရင် ကြာနေတော့ အမေက စိတ်မရှည်ပဲ ဝတ်ပေးလိုက်ပါတယ်။ ဒါဟာ ကလေးရဲ့ မိမိကိုယ်တိုင် လုပ်လိုစိတ်နဲ့ လုပ်ကိုင်နိုင်စွမ်းကို အားမပေးပဲ ပျက်စီးစေပါတယ်။ ဒီအစား ကလေးက ကြိုးစားပြီး ဝတ်နေရင် ခန စောင့်ကြည့်ပြီး သူမရတဲ့ အခါ သူ့ကို ဘယ်လိုလေး ဝတ်ပါလား၊ လက်က ဒီလို ထည့်၊ အစရှိသဖြင့် အကြံပေးတာ၊ ကူပြီး ဝတ်ပေးတာမျိုး လုပ်ပေးပါ။ (စိတ်တော့ အတော်ရှည်ရပါတယ်)။ အချို့ကိစ္စတွေမှာ မိဘက အတင်း လုပ်ခိုင်းတာထက် သူ့ကို ရွေးချယ်ခွင့် ပေးပါ (ထမင်းအရင် စားမလား၊ ရေအရင် ချိုးမလား)။ ခက်ခဲတဲ့ တာဝန်တွေကို အစအဆုံး လုပ်ဆောင်ခိုင်းတာမျိုး ဟုတ်ပဲ သူနိုင် သလောက်က စလုပ်ခိုင်းပါ။ အဓိကက ကလေးရဲ့ ကိုယ်တိုင် တာဝန်ယူ လုပ်ကိုင်လိုစိတ်ကို ဖွံ့ဖြိုးလာအောင် လေ့ကျင့်ပေးဖို့ ဖြစ်ပါတယ်။
၄။ ကလေးရဲ့ လုပ်ကိုင်နိုင်စွမ်းနဲ့ လိုက်လျောအောင် တာဝန်တွေကို တဖြည်းဖြည်း တိုးပေးသွားပါ
ဒီနေရာမှာ တာဝန်တွေကို တဖြည်းဖြည်းချင်း တိုးပေးသွားရတဲ့ ရည်ရွယ်ချက် ကတော့ ကလေး အလုပ်လုပ်ရာမှာ အလုပ်ပြီးအောင် မလုပ်ပဲ လက်မြှောက် အရှုံးပေးချင်တဲ့ (သို့မဟုတ်) သက်သာတဲ့ / ပျော်စရာ ကောင်းတဲ့ အလုပ်တစ်ခုခုကို ပြောင်းလုပ်ချင်စိတ်ကို ချိုးနှိမ်ပြီး အလုပ်တာဝန်တွေကို ပြီးအောင် လုပ်ကိုင်လိုတဲ့ စိတ်ဓါတ်ကို လေ့ကျင့်ပေးတာပဲ ဖြစ်ပါတယ်။ ပထမ စပြီး လေ့ကျင့်တဲ့ အခါ သူအလွယ်တကူ လုပ်နိုင်တဲ့ အလုပ်ကနေ စပြီး ခိုင်းပါ။ ပြီးမြောက်အောင် လုပ်နိုင်တယ် ဆိုရင် ချက်ချင်း သူ့ကို (ငွေကြေး မဟုတ်တဲ့) ဆုချပါ။ နောက်ပိုင်းမှာ ဆုရဖို့ ကြိုးစားအားထုတ်ရမယ့် ပမာဏကို တဖြည်းဖြည်းချင်း တိုးမြှင့် သွားပါ။ ဥပမာ ပထမ စောင်ခေါက်ရင် ဆုချပေမယ့် နဲနဲ ကြာလာတဲ့ အခါ စောင်ခေါက်ရုံနဲ့ ဆုမပေးတော့ပဲ အိပ်ရာကို သေခြာ သိမ်းပြီးမှ ဆုပေးတာ မျိုးပါ။ ဒါမှ မဟုတ်လဲ အလုပ်လုပ်ရမယ့် အချိန်ကို တိုးမြှင့်ပေးသွားပါ။
၅။ သူအားနည်းတဲ့ စွမ်းရည် (Skill) တွေကို ကျွမ်းကျင်လာအောင် သင်ပေးပါ
ကလေးမှာ အားနည်းတဲ့ စွမ်းရည် (Skill) တွေ ရှိနေရင် သူ့ဟာသူ အချိန်တန်တော့ တတ်သွားလိမ့်မယ် ဆိုပြီး လွှတ်မထား ပါနဲ့။ ဒီသူအားနည်းနေတဲ့ စွမ်းရည်တွေ အားကောင်းလာအောင် ဂရုစိုက်ပြီး လေ့ကျင့်သင်ကြားပေးပါ။ သူလုပ်တဲ့ အခါ စောင့်ကြည့်ပြီး လိုအပ်သလို အကြံပေးတာ၊ သင်ပြပေးတာ ပြုလုပ်ပါ။
၆။ အလုပ်တွေ အောင်မြင်ပြီးမြောက်ဖို့ အထောက်အကူ ပေးတဲ့အခါ လိုအပ်သလောက်ပဲ ပေးပါ
မိဘအတော်များများမှာ ဖြစ်တတ်ကြတာက ကလေးကို အကူအညီ ပေးတဲ့အခါ ပေးသင့်တာထက် လျော့ပြီး ပေးတာ (သို့) အကူအညီ လွန်လွန်ကဲကဲ ပေးတာမျိုးတွေ ဖြစ်ပါတယ်။ ဒီလိုအခါမျိုးမှာ ကလေးဟာ မိမိကိုယ်တိုင် ရပ်တည်ပြီး အောင်မြင်အောင် လုပ်နိုင်တဲ့ အစွမ်း ဆုံးရှုံးသွား တတ်ပါတယ်။ လိုတာထက် ပိုပြီး အကူအညီ အပေးခံရတဲ့ အခါ ကလေးဟာ ကိုယ်တိုင် လုပ်လိုစိတ် လျော့နည်းသွားပြီး ဘယ်ကိစ္စမဆို မိဘလုပ်သူကို မှီခိုလိုစိတ် ဝင်သွားတတ်ပါတယ်။ လိုအပ်တဲ့ အားပေးကူညီမှု မရတဲမ အခါကျတော့လဲ ကလေးဟာ ခက်ခဲတဲ့ ကိစ္စမျိုးတွေမှာ အောင်မြင်အောင် မလုပ်နိုင်တော့ မိမိကိုယ်ကို ယုံကြည်မှု လျော့နည်းလာပြီး အခက်အခဲ ကြုံလာရင် အလွယ်တကူ လက်မြှောက် အရှုံးပေးလိုစိတ် ဝင်သွားတတ်ပါတယ်။ ကလေး လုပ်ကိုင်နေတာကို မသိမသာ စောင့်ကြည့်ပါ။ ကလေးအခက်အခဲ ကြုံလို့ ကြိုးစားပေမယ့် အောင်မြင်အောင် မလုပ်နိုင်တဲ့ အခါမျိုးမှာ ကလေးကို ဝင်ပြီး အကြံဉာဏ်ပေးပါ။ သတိပြုရမှာက သူလုပ်ရမယ့် အလုပ်ကို ဝင်မလုပ် ပေးပါနဲ့။ ဒီအစား အကြံဉာဏ် ပေးတာ၊ အားပေးတာ၊ သူလုပ်တတ်အောင် သင်ပြပေးတာတွေနဲ့ ကူညီပါ။
၇။ အလုပ်ပြီးမြောက်မှုအတွက် ဆုချပါ (Incentive ပေးပါ)
တချို့အလုပ်တွေဟာ အလုပ်ပြီးမြောက်အောင်မြင်အောင် လုပ်နိုင်တာနဲ့တင်ကို ကလေးအတွက် ကြေနပ်မှုရပြီး ကလေအတွက် ဆုလဘ်အနေနဲ့ ခံစားရပါတယ်။ ဒါပေမယ့် တချို့အလုပ်တာဝန်တွေကတော့ ကလေးအတွက် သိသာတဲ့ ကြေနပ်မှု စိတ်ခံစားချက်ကို မရရှိ ကြပါဘူး။ ဥပမာ နေ့စဉ်လုပ်ရတဲ့ တာဝန်မျိုးတွေပေါ့။ ဒီလိုအခါမျိုးမှာ ကလေးကို Motivate လုပ်ဖို့ သင့်တော်တဲ့ ဆုချီးမြှင့်တာမျိုး ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဆုချတယ် ဆိုရာမှာ အလုပ်ပြီးမြောက်မှု အသေးလေးတွေ အတွက် ကလေးကို ချီးမွမ်းမှုမျိုး နဲ့ ဆုချနိုင်ပါတယ် (ကလေးကို မိဘက ချီးမွမ်းခံရတာဟာ ကလေးအတွက် ကြီးမားတဲ့ ဆုလဘ်ကြီး တစ်ပါးပါ)။ နေ့စဉ်ပြီးမြောက်ရမယ့် အလုပ်မျိုးတွေ ဆိုရင်တော့ နေ့စဉ်ပြီးမြောက်မှု အတွက် အမှတ်ပေးတာ (သို့) ကြယ်ပွင့်လေးတွေ ပေးသွားပြီး အပတ်စဉ်၊ လစဉ် ရရှိတဲ့ ကြယ်ပွင့်၊ အမှတ်ပေါ် မူတည်ပြီး ဆုတစ်ခုခု သတ်မှတ် ချီးမြှင့် နိုင်ပါတယ် (ဥပမာ ကလေးကစားကွင်း ပို့ပေးတာမျိုး)။ ဒီလို ဆုချတဲ့ အတွက် ကလေးကို “Delayed Gratification” ခေါ်တဲ့ အကြိုးခံစားမှုအတွက် အပင်ပန်းခံ ကြိုးစားအားထုတ်လိုစိတ် ကိုလဲ လေ့ကျင့်ပေးရာ ရောက်ပါတယ်။ (Delayed Gratification နဲ့ ပါတ်သက်လို့ နောက်ထပ် ဆောင်းပါးသပ်သပ် ရေးပါ့မယ်)။
၈။ ကလေးကို ပေးတဲ့ အကူအညီကို ကလေက အလုပ်တာဝန်ကို ကိုယ်တိုင် အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်တဲ့ အထိ ဆက်ပေးပါ
အတော်များများ ဖြစ်တတ်တာကတော့ မိဘလုပ်သူက ကလေးကို လုပ်ရမယ့် တာဝန်တွေ ပြောပြ၊ လုပ်ရမယ့် အဆင့်တွေ ရှင်းပြ၊ တစ်ခါ နှစ်ခါလောက် ပြပေးပြီးရင် သူဟာသူ လုပ်မယ်ဆိုပြီး လွှတ်ထားလိုက် တာမျိုးပါ။ ကလေးကို တစ်ခါနှစ်ခါ ပြရုံးနဲ့ ကလေးက သူလုပ်ရမယ့် အလုပ်ကို ကျွမ်းကျွမ်းကျင်ကျင် လုပ်နိုင်ဖို့ မလွယ်ပါဘူ။ ကလေး လုပ်တာ ကို စောင့်ကြည့်၊ လိုသလို အကြံပေး သင်ပြတာကို သူ အလုပ်ကို သေခြာ ကျွမ်းကျွမ်း ကျင်ကျင် ပြုလုပ်နိုင်သည် အထိ ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။
၉။ ကလေးကို အကူအညီ ပေးနေတာကို တဖြည်းဖြည်း ချင်းစီ လျော့သွားပါ
ကလေးက သူလုပ်ရမယ့် အလုပ်တာဝန်ကို ကျွမ်းကျွမ်းကျင် ကျင် တာဝန်ယူ လုပ်ကိုင်နိုင်ပြီဆိုရင် သူ့ကို အထောက်အကူ ပေးနေတာတွေကို ချက်ခြင်း မရပ်လိုက်ပါနဲ။ အကူအညီ ပေးနေတာကို တဖြည်းဖြည်း လျှော့ချသွားရင်း ကလေးက ကိုယ့် အကူအညီ မပါပဲ သေခြာ လုပ်နိုင်၊ မလုပ်နိုင် စောင့်ကြည့်ပါ။
ကလေးရဲ့ Executive Function ဖွံ့ဖြိုးအောင် လေ့ကျင့်ပေးတာဟာ နေ့ချင်းညချင်း ပြီးသွားမယ့် ကိစ္စ မဟုတ်ပါဘူး။ နှစ်ရှည် အချိန်ယူပြီး လေ့ကျင့်ပေးရမယ့် ကစ္စမျိုး ဖြစ်ပါတယ်။ အဓိကက စိတ်ရှည်ပါ။ ပြီး ကလေးက ချက်ချင်း တိုးတက်မှု မတွေ့ရရင်လဲ မိဘလုပ်သူက စိတ်ဓါတ်မကျ၊ အားမလျော့ပဲ တစိုက်မတ်မတ် ဆက်ပြီး လေ့ကျင့် သင်ကြားပေးသွားရင် သိပ်မကြာမီမှာ မိမိရဲ့ ကလေးမှာ တိုးတက်မှုတွေ တွေ့လာရမှာပဲ ဖြစ်ပါတယ်။
နောက်ဆောင်းပါးတွေမှာ ကလေးအသက်အရွယ် အလိုက် Executive function တိုးတက်အောင် ဘယ်လို လေ့ကျင့် ပေးရမလဲ ဆိုတာတွေကို အသေးစိတ် ဆက်လက် ဆွေးနွေးပေး သွားမှာ ဖြစ်ပါတယ်။
04/08/2021
07/07/2021
✏️ Daily English: Idioms
"the apple of someone's eye"
+++++++++++++++++
the apple of someone's eye ဆိုတဲ့ အီဒီယမ်ရဲ့ အဓိပ္ပါယ် ကတော့ တစ်စုံတစ်ဦးရဲ့ အထူတလည် ချစ်ခင်ခြင်းကို ခံရတဲ့ သူလို့ ဆိုလိုတာပါ။ သမီးရီးစား လင်ချစ် မယားချစ်ကို ဆိုလိုတာ မဟုတ်ပဲ တစ်စုံတစ်ဦးရဲ့ အထူတလည် အရေးပေးခံရတဲ့ favorite person လို့ ပြောချင်တာပါ။ မိဘရဲ့ အချစ်ခံရဆုံး အရေးပေး ခံရဆုံး သားသမီး၊ အတန်းထဲမှာ ဆရာ ဆရာမရဲ့ အရေးပေး ခံရဆုံး ကျောင်းသား၊ ဒီလို လူမျိုးကို ပြောချင်တာပါ။
သမိုင်းကြောင်း။ မူရင်းစကားမှာက မျက်စေ့ရဲ့ အလယ်က မျက်ဆံကို ရည်ညွှန်းတာပါ၊ မျက်ဆံကို အရင်ခေတ် ဥရောပ တိုက်သားတွေက အမာအခဲလေး လို့ ယူဆခဲ့ ကြပါတယ်။ apple of the eye ဆိုတာက အဲ့မျက်လုံးထဲက မျက်ဆံကို ပြောချင်တာပါ။ မျက်လုံး ဆိုတာက အမြင်အာရုံကို ပေးတာ မဟုတ်လား။ ဒီတော့ မျက်လုံးဆိုတာက အလွန်အရေးပါတာပေါ့။ ဒီမျက်လုံးရဲ့ အလယ်က မျက်ဆံ ပျက်စီးသွားရင်လဲ အမြင်အာရုံ ပျက်စီးသွားနိုင်တာ ဆိုတော့ လူတစ်ဦးအတွက် မျက်စေ့မျက်ဆံက အလွန်တန်ဖိုးထား ရတဲ့ အင်္ဂါအစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။ ဒီအရေးပါတဲ့ တန်ဖိုးရှိတဲ့ အင်္ဂါအစိတ်အပိုင်းနဲ့ နှိုင်းပြီး ပြောခြင်းဖြစ်ပါတယ်။
📌 Examples:
Alice was always the apple of my father's eye.
Bob was teased for being the apple of the teacher's eye.
29/06/2021
🧮 Singapore Maths - Bar Model 🧮
📌 သင်္ချာပြဿနာများအား ဘားဖြင့် ပုံဖေါ်ခြင်း (Bar Modeling)
🏷 Grade 3 - 6
------------
သင်္ချာပြဿနာတွေကို ဘားပုံစံ တွေနဲ့ ပုံဖော်ပြီး ဖြေရှင်းတဲ့ နည်းလမ်းဟာ စင်္ကာပူ သင်္ချာသင်ကြားနည်းလမ်းရဲ့ ထူးခြားတဲ့ သင်္ချာပြဿနာ ဖြေရှင်းနည်းလမ်းပဲ ဖြစ်ပါတယ်။ ပုံမှန် အက္ခရာ သင်္ချာ (Algebric equations) တွေကို ဘားတွေနဲ့ ပုံဖေါ်ပြီး ဖြေရှင်းနည်းပဲ ဖြစ်ပါတယ်။ အက္ခရာ သင်္ချာ (Albebric problems) တွေတင် မဟုတ်ပါဘူး၊ ဒီ ဘား မိုဒယ်တွေကို အခြား သင်္ချာ သဘောတရား (maths concepts) တွေမှာလဲ အသုံးချလို့ ရပါတယ်။ ဥပမာ ပြောရရင် အပိုင်းကိန်း (fractions)၊ အချိုး (ratios)၊ ရာခိုင်နှုန်း (percentages) အစရှိတာတွေပေါ့။
လက်တွေ့သင်္ချာ ပြဿနာတွေကို ဘားပုံဆွဲပြီး ဖြေရှင်းခြင်းအားဖြင့် ကျောင်းသားငယ်တွေအတွက် ပြဿနာရဲ့ သိကိန်းနဲ့ မသိကိန်း (known and unknown) တွေကို ဆုံးဖြတ်ရတာ လွယ်ကူစေပါတယ်။ ဒီ ဘားတွေဟာ အပေါ်မှာ ပြောခဲ့တဲ့ CPA အဆင့် တွေထဲမှာ Pictorial အဆင့်ကနေ abstract အဆင့်ကို ကူးရာမှာ ပိုပြီး လွယ်ကူစေပါတယ်။ ပိုမိုရှုပ်ထွေးတဲ့ သင်္ချာပြဿနာ တွေကိုလဲ သဘောတရား နားလည်နိုင်ဖို့ အကူအညီ ပေပါတယ်။ ဒီ ဘားမိုဒယ် နည်းလမ်းကို သင်္ချာ သင်ရိုး တစ်လျှောက်မှာ မကြာခဏ အသုံးပြုခြင်းကလဲ ကျောင်းသားတွေရဲ့ သင်္ချာစွမ်းရည်ကို တိုးတက်စေတယ် ဆိုတာကို တွေ့ရှိလာကြပါတယ်။
ဘားမိုဒယ်နဲ့ သင်္ချာ ပြဿနာတွေ ဖြေရှင်းပုံကို အောက်က ဥပမာ တွေမှာ ကြည့်ရှုနိုင်ပါတယ်။
(ပုံ တစ်ပုံခြင်း အောက်မှာ ရှင်းလင်းချက်တွေကို ရေးပေးထားပါတယ်။ တစ်ပုံခြင်းကို ထောက်ပြီး ကြည့်ပေးပါ ခင်ဗျာ။)
28/06/2021
🧮 Singapore Maths စင်္ကာပူနည်းနဲ့ သင်္ချာသင်မယ် 🧮
📌 Singapore Maths သင်္ချာသင်ကြားနည်းမိတ်ဆက်
Singapore Maths စင်္ကာပူ သင်္ချာသင်ကြားနည်းကို စင်္ကာပူ ပညာရေးဌာနကနေ ရေးဆွဲတည်ထွင်ခဲ့တာ ဖြစ်ပါတယ်။ ဒီနည်းစနစ်ကို မူကလ အစိုးရ ကျောင်းတွေမှာ သင်ကြားဖို့ ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းဟာ နာမည်ကျော်လာတဲ့အတွက် အခုအခါ စင်္ကာပူက ပုဂ္ဂလိက ကျောင်းတွေတင် မကပဲ ထိုင်း၊ မလေး အစရှိတဲ့ အာစီယံ နိုင်ငံတွေက အစိုးရနဲ့ ပုဂ္ဂလိက ကျောင်းတွေ အပါအဝင် ကမ္ဘာ့ နိုင်ငံ အနှံက ကျောင်းတွေမှာပ လက်ခံသုံးစွဲ သင်ကြားနေ ကြပြီ ဖြစ်ပါတယ်။
📌 သမရိုးကျသင်္ချာသင်ကြားနည်းနဲ့ Singapore Maths စင်ကာပူနည်းနဲ့ဘာကွာလဲ
သမရိုးကျ သင်္ချာသင်ကြားနည်းမှာ ပထမ ဆရာက နမူနာ ပုဒ်စာ တစ်ပုဒ် နှစ်ပုဒ်ကို အရင် တွက်ပြမယ်။ ပြီးရင် ကျောင်းသားတွေက နမူနာ ပုဒ်စာနဲ့ အလားတူတဲ့ ပုဒ်စာတွေကို ထပ်ခါထပ်ခါ တွက်ခြင်းအားဖြင့် တွက်နည်းတွေကို မှတ်မိသွားစေတဲ့ နည်းဖြစ်ပါတယ်။ စင်္ကာပူ နည်းမှာတော့ ကျောင်းသားတွေဟာ ပုဒ်စာဖြေရှင်းနည်းကို အဓိက သင်ကြားတာ မဟုတ်ပဲ ဒီပုဒ်စာ ဖြေရှင်းဖို့ လိုအပ်တဲ့ သင်္ချာအခြေခံ concept တွေကို အရင် သင်ကြားကြရပါတယ်။ ပြီးရင် ဒီ အခြေခံ concept တွေကို အသုံးပြုပြီး ဖြေရှင်းရတဲ့ ပုစာတွေကို ဖြေရှင်းကြရတာ ဖြစ်ပါတယ်။
နောက်တစ်ခု ကွာတာကတော့ စင်္ကာပူနည်းမှာ လက်တွေ့ဘဝမှာ ကြုံတွေ့နေတတ်တဲ့ သင်္ချာ ပြဿနာတွေဖြေရှင်းဖို့နည်းကို အဓိက ဦးစားပေး သင်ကြားပေးပါတယ်။ နေ့တဒူဝ ကြုံတွေ့နေရတဲ့ သင်္ချာ ပြဿနာတွေကို သင်ယူလေ့လာထားခဲ့တဲ့ သင်္ချာ အခြေခံ concept တွေနဲ့ ဘယ်လို ဖြေရှင်းမလဲ ဆိုတာကို ဦးစားပေး သင်ပေးပါတယ်။
နောက်ပြီး စင်္ကာပူ နည်းနဲ့ သမရိုးကျ သင်ကြားနည်း ကွာသွားတာ တစ်ခုကတော့ စင်္ကာပူ နည်းမှာ သင်္ချာ ပြဿနာတွေကို Pictorial approach ခေါ်တဲ့ ပုံနဲ့ အစားထိုး ဖြေရှင်းနည်းပဲ ဖြစ်ပါတယ်။ ဒါဟာ မူလ သမရိုးကျ နည်းကနေ လုံးဝ ခွဲထွက်တဲ့ နည်းလမ်းသစ်လဲ ဖြစ်ပါတယ်။ ဒီနည်းမှာ သင်္ချာပြဿနာတွေကို algrebric equation ခေါ်တဲ့ x,y တွေနဲ့ အစားထိုး ဖြေရှင်းနည်းအစား bar model ရေးဆွဲပြီး ဖြေရှင်းနည်းပဲ ဖြစ်ပါတယ်။ (အောက်တွင်ကြည့်ရန်)။ ဒီနည်းနဲ့ အသုံးပြုပြီး grade 7 လောက်မှာ သင်လေ့ရှိတဲ့ algrebric problems တွေကို grade 4 လေးတန်း ကလေးက ဖြေရှင်းနိုင်ပါတယ်။
📌 Singapore Maths စင်္ကာပူသင်္ချာသင်နည်းစနစ်တွေကဘာတွေလဲ
စင်္ကာပူနည်းနဲ့ သင်ရာမှာ CPA approach လို့ ခေါ်တဲ့ Concrete, Pictorial, Abstract သင်ကြားရေး နည်းလမ်းကို အသုံးပြုပါတယ်။
⬇️ ဆောင်းပါးတွင် သင်္ချာသင်ကြားနည်း နှင့် တွက်ချက်နည်း ပုံများ၊ bar model ပုံများ ပါသောကြောင့် Facebook ပေါ်တွင် အသေးစိတ် ရေးပြရန် အဆင်မပြေပါဘူး ခင်ဗျာ။ ဒါ့ကြောင့် ဆောင်းပါး အပြည့်အစုံကို အောက်က လင့်မှာ ဆက်ဖတ်ပေးပါရန် မေတ္တာ ရပ်ခံ အပ်ပါတယ်။ အောက်က လင့်မှာ ဆောင်းပါးကို ပုံတွေ bar model တွေနဲ့ သေချာ အပြည့်အစုံ ရေးပေးထားပါတယ်။ ⬇️
🔗
Singapore Maths စင်္ကာပူနည်းနဲ့ သင်္ချာသင်မယ် - Cuddle Me to Read Singapore Maths သင်နည်းဟာ ကျောင်းသားတွေ သင်္ချာနဲ့ ပါတ်သက်ပြီး နားလည်ကျွမ်းကျင်အောင် သင်ကြားပေးဖို့ အကောင်းဆုံး သင်....
23/06/2021
🗺 High-Resolution World Maps ကမ္ဘာ့မြေပုံများ Download လုပ်ရန်
ကျွန်တော်တို့ page မှာ ကမ္ဘာမြေပုံ High Resolution ဘယ်မှာ ရနိုင်မလဲ ဆိုပြီး မကြာခန လာမေးကြပါတယ်။ ပညာရေး အတွက်ပဲ ဖြစ်စေ၊ အလုပ်ကိစ္စ အတွက်ပဲ ဖြစ်စေ၊ ဗဟုသုတ အတွက်ပဲ ဖြစ်စေ ကမ္ဘာ့မြေပုံ လိုချင်သူတွေအတွက် အဆင်ပြေအောင် World map မြေပုံ download လုပ်လို့ရမယ့် link တွေ စုဆောင်း ပေးထားပါတယ်။
အောက်က ပုံတွေက ကိုယ် download လုပ်မယ့် မြေပုံရဲ့ low resolution screen shot ဖြစ်ပါတယ်။ ဒီပုံတွေက resolution မကောင်းပါဘူး။ High resolution မြေပုံ တွေကတော့ ပုံတစ်ပုံခြင်း အောက်မှာ download link ချပေး ထားပါတယ်။ အဲ့ လင့်ကို ထောက်လိုက်ရင် Google Drive က ပုံကို ရောက်သွား ပါလိမ့်မယ်။ လိုချင်တဲ့ ပုံကို ကိုယ့် ကွန်ပြူတာ မှာ ဖြစ်ဖြစ်၊ ဖုန်းမှာ ဖြစ်ဖြစ် သိမ်းထားလို့ ရပါတယ်။
သတိပြု ရမှာက download လုပ်တဲ့ ပုံတွေဟာ PDF file တွေ ဖြစ်ကြတာပါ။ ဒီ PDF file တွေကို ဖုန်းထဲမှာ သိမ်းထားပြီး ကြည့်နိုင်သလို print out လဲ လုပ်လို့ ရပါတယ်။ ပုံကြီးကိုလဲ ချဲ့ကြည့်လို့ရပြီး ဒီလို ပုံကြီး ချဲ့ကြည့်တဲ့ အတွက် resolution မပျက်သွားပါဘူး။
⬇️ အောက်ကလင့်မှာ ဒေါင်းနိုင်ပါတယ် ⬇️
ကမ္ဘာမြေပုံ (High-Resolution World Map Download) - Myanmar Scientist High resolution ကမ္ဘာမြေပုံ လိုချင်သူတွေအတွက် အလွယ်တကူ download လုပ်နိုင်ဖို့ ကာလာစုံ ကမ္ဘာ့မြေပုံ တွေကို စုပေးထားတာပါ။ PDF .....
15/06/2021
ကြောင်ပြုစုရန် အခြေခံများ
😻😻😻😻
ကြောင်လေးတွေက ချစ်စရာ လေးတွေပါ။ လူတိုင်းလောက်နည်းပါး ကြောင်ချစ်တတ်ကြပါတယ်။ ဒါပေမယ့် ကြောင်ချစ်သူတိုင်းကတော့ ကြောင်လေးတွေကို ဘယ်လိုသေခြာ ပြုစုရမလဲဆိုတာ မသိကြပါဘူး။ ကြောင်လေးတွေ ပြုစုဖို့ အခြေခံ အချက်တွေကို အနှစ်ချုပ် ရေးပေးထားတဲ့ ဆောင်းပါးလေးပါ။ ကြောင်လေးတွေရဲ့ ချစ်စရာ ပုံလေးတွေနဲ့လဲ ဝေဝေဆာဆာ ရေးထားပါတယ်။
⬇️ ဆက်ဖတ်ရန် အောက်တွင် နှိပ်ပါ ⬇️
ကြောင်ပြုစုနည်း အခြေခံ - Myanmar Scientist လူတိုင်း ကြောင်လေးတွေကို ဘယ်လိုသေခြာ ပြုစုရမလဲဆိုတာ မသိကြပါဘူး။ ဒီဆောင်းပါးမှာ ကြောင်ပြုစုနည်း အခြေခံတွေ.....
12/06/2021
Singapore နည်းနဲ့ တွက်တဲ့ သင်္ချာ
➕➖✖️➗♾➕➖➗✖️💱
အိမ်ကသမီး နှစ်ယောက်ကို အိမ်မှာပဲ သင်္ချာသင်ပေးရင်းနဲ့ လိုအပ်တဲ့ စာအုပ်တွေ စုဆောင်းပြီး သင်ပေးဖြစ်သွားပါတယ်။ ကလေးတွေ သင်္ချာ သင်ကြားနည်း ပေါင်းစုံလဲ လိုက်လေ့လာ မိပါတယ်။ ဒီအခါ ဘာသွားတွေ့လဲဆိုတော့ Singapore မှာ ကလေးတွေ သင်္ချာသင်တဲ့ နည်းစနစ်ကို သွားတွေ့မိပါတယ်။ ဒီနည်းက ကျွန်တော်တို့ ငယ်ငယ်က သင်ခဲ့ရတဲ့ သင်ရိုးပုံစံနဲ့ အရမ်းကွာနေတာကို သွားတွေ့မိပါတယ်။ စင်္ကာပူ သင်္ချာသင်ရိုးဟာ ကလေးတွေကို လက်တွေ့ဘဝမှာ ကြုံရတဲ့ ပြဿနာတွေကို သင်္ချာနည်းနဲ့ ဘယ်လိုဖြေရှင်းမလဲ ဆိုတာ အဓိကထား သင်ကြားပေးတာပါ။ သင်္ချာ ပြဿနာ တွေကို ချဉ်းကပ်ပုံကလဲ နည်းဟောင်းနဲ့ အရမ်းကို ကွာသွားပါတယ်။ ဒီစနစ်သစ်နဲ့ သင်တော့ အရင် ၈ တန်းလောက်မှာ မသိကိန်း algebra နဲ့ရှင်းရတဲ့ (x,y equation) ပုဒ်စာတွေကို ၃-၄ တန်းလောက်နဲ့ နည်းသစ်သုံးပြီး ရှင်းနိုင်ပါတယ်။ ကလေးတွေလဲ ပျော်ကြပါတယ်။
အိမ်မှာကလေးတွေ သင်ရင်းနဲ့ စာအုပ်အတော်များများ စုဆောင်းမိ ထားပါတယ်။ အခုလို အချိန် ကလေးအများစု အိမ်မှာပဲ စာသင်နေကြတဲ့အချိန် အားလုံးအတွက် အကျိုးရှိအောင် စာအုပ်တွေကနေ ကောင်နိုးရာရာလေးတွေ ထုတ်နှုတ်ပြီး မြန်မာလို သင်ခန်းစာလေးတွေ ရေးနေပါတယ်။ နောက်အပါတ်ထဲလောက်တော့ ပြီးသလောက် တင်ပေးသွားပါမယ်။ အဓိကက Grade 1-5 လောက်အတွက် သင့်တော်မယ့် တွက်ပုံတွက်နည်းတွေနဲ့ သင်ခန်းစာ လေးတွေပါ။
ကျေးဇူးပြုပြီး comments မှာ စိတ်ဝင်စားမစားနဲ့ အကြံပြုချက်လေးတွေ ရေးပေးသွားပါအုံးခင်ဗျာ။ ဘယ်လိုပုံစံ သင်ခန်းစာလေးတွေ ရေးရင် မေမေတို့ အတွက် အဆင်ပြေ နိုင်မလဲ ဆိုတာလေးပါ ရေးပေးခဲ့ပါနော်။
11/06/2021
တောထဲတောင်ထဲ သွားလာနေ ရတဲ့ အခါမျိုးမှာ ရေသန့်ရဖို့ ခက်ပါတယ်။ သဘာဝ စိမ့်ရေ စမ်းရေတွေက ရေကြည်ကြည်သန့်သန့် ရနိုင်ရင်တော့ ကံကောင်းတယ် ဆိုရပေမယ့် ဒီလို စိမ့်စမ်းရေ ဆိုတာကလဲ နေရာတကာမှာ မရှိနိုင်ပါဘူး။ ဒီအခါ ရရာရေကို သောက်ရတဲ့ အခါ ရေမသန့်တဲ့ ပြဿနာ ကြုံရတတ်ပါတယ်။ အဲ့လို အခါမျိုးမှာ အလွယ်တကူ ကိုယ်တိုင်လုပ်နိုင်တဲ့ ရေစစ် ရှိမယ်ဆိုရင် ရေကြည်ကြည်သန့်သန့်လေး သောက်နိုင်တာပေါ့။
တောထဲ တောင်ထဲမှာ အလွယ်တကူ ရနိုင်တဲ့ ပစ္စည်းတွေနဲ့ အလွယ်တကူ ကိုယ်တိုင် လုပ်နိုင်တဲ့ သဘာဝ ရေစစ် လုပ်နည်းဖြစ်ပါတယ်။
DIY ရေစစ် ကိုယ်တိုင် အလွယ် လုပ်နည်း - Myanmar Scientist တောထဲတောင်ထဲ သွားလာနေရတဲ့ အချိန် ရေသန့်ဘူး ဝယ်မရလို့ ရတဲ့ရေ သောက်ရမယ်ဆို ရေစစ်ဖို့ အလွယ်တကူ လုပ်နိုင်တဲ့ DIY ....
02/06/2021
ဒီ Page ကနေ လောလောဆယ် စာအုပ်ဆက် မရောင်းဖြစ်တော့ပါဘူး။
Cuddle Me Baby Books and Toys page ကနေတော့ ကလေးစာအုပ်၊ ကစားစရာ၊ အသုံးအဆောင် အစရှိတာတွေကို ဆက်လက်ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ အဓိကကတော့ မွေးစကနေ အသက် ၃ နှစ်လောက်အထိ ကလေးတွေအတွက် ကစားစရာ၊ စာအုပ်နဲ့ အသုံးအဆောင်လေးတွေပါ။ လောလောဆယ်တော့ Import တွေ အဆင်မပြေလို့ လက်ကျန်လေးတွေပဲ ထိန်းရောင်းနေပါတယ်။
ဒီ Cuddle Me to Read စာမျက်နှာနဲ့ www.cuddlemetoread.com website တွေမှာတော့ ကလေးသူငယ် ဥာဏ်ရည် ဖွံ့ဖြိုးရေး၊ ပညာရေးနဲ့ English စာသင်ကြားရေးနဲ့ ပါတ်သက်တဲ့ ဆောင်းပါးလေးတွေ အားရင် အားသလို ရေးတင်ပေးသွားမှာ ဖြစ်ပါတယ်။ လက်ရှိလဲ ရေးထားပြီးသား ဆောင်းပါး အပုဒ် ၃၀ ကျော်ကို website မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
အားပေးကြသူများ အားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ်။
🙏🙏🙏
Cuddle Me to Read Children Book Store
Category
Website
Address
Mogaung
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 12:30 |
Alerts
Be the first to know and let us send you an email when Cuddle Me to Read posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.