Pyi Thu Khit
ပြည်သူ့ခေတ်သည် သတင်းဦးရရှိဖို့ထက် သတင်းမှန်များ ပြည်သူထံသို့ အမြဲ စီးဆင်းနေစေဖို့ ရည်ရွယ်သည်။
29/10/2023
၂၄နာရီအတွင်း စစ်ကောင်စီစခန်း ၄၀ကျော် နှင့်သံချပ်ကာကားကို AAနှင့်မဟာမိတ်များ သိမ်းပိုက်ရယူနိုင်ဟု ထုတ်ပြန်
▪️စစ်ဆင်ရေး ဒုတိယနေ့တွင်လည်း သံချပ်ကာယာဉ်များထားရာ တပ်စခန်းအပါအဝင် စစ်ကောင်စီတပ်စခန်းများ ထပ်မံသိမ်းပိုက်
ပြည်သူ့ခေတ်
အောက်တိုဘာ ၃၀
ကိုးကန့်တပ်မတော်(MNDAA)၊ တအာင်းတပ်မတော်(TNLA)၊ ရက္ခိုင်တပ်မတော်(AA) ညီနောင်သုံးဖွဲ့၏ '၁၀၂၇ စစ်ဆင်ရေး'စတင်ပြီး ၂၄နာရီ အတွင်း ရန်သူစစ်ကောင်စီ၏ စခန်းကြီး၊ စခန်းငယ် ၄၀ကျော်ကို သိမ်းပိုက်ရယူနိုင်ခဲ့သည်ဟု ညီနောင်သုံးဖွဲ့က အသိပေးထုတ်ပြန်သည်။
စစ်ဆင်ရေး ဒုတိယနေ့တိုက်ပွဲ သတင်းများကို အောက်တိုဘာ ၂၈ရက်၊ ည ၁၀နာရီခွဲအချိန်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
Operation 2017 (၁၀၂၇ စစ်ဆင်ရေး) ပထမနေ့တွင် မိမိတို့ ညီနောင်မဟာမိတ် (၃) ဖွဲ့အပါအဝင် နွေဦးတော်လှန်ရေးမှ ပေါက်ဖွားလာသော မိတ်ဖက်တော်လှန်ရေးအဖွဲ့များနှင့်အတူ ၁၀၂၇-စစ်ဆင်ရေးကို တစ်ပြိုင်နက်တည်း ဟန်ချက်ညီ တိုက်ပွဲဝင်နိုင်ခဲ့ကြသောကြောင် ရန့်သူ့စခန်းကြီး၊ စခန်းငယ် ၄၀ကျော်ကို တစ်ရက်တည်း ၂၄ နာရီအတွင်း သိမ်းပိုက်ရယူနိုင်ခဲ့ကြောင်း ဖော်ပြခဲ့သည်။
ရန်သူ့စခန်း ၄၀ကျော်ကို တိုက်ခိုက်သိမ်းပိုက်ရယူရာတွင် သတ္တိရှိရှိ၊ ရဲရဲဝံ့ဝံ့၊ စွန့်စွန့်စားစား တိုက်ပွဲဝင်ခဲ့ကြသော မိမိတို့ ရဲဘော်များအားလုံးနှင့် အခြားသောအဖွဲ့အစည်းအသီးသီးမှ ရဲဘော်တစ်ယောက်ချင်းစီကို လေးနက်စွာ တန်ဖိုးထားဂုဏ်ပြုကြောင်း ထုတ်ပြန်သည်။
ကိုယ်လက်အင်္ဂါ၊ အသက်၊ သွေး၊ ချွေး၊ ဘဝတို့ပေးဆပ်စွန့်လွှတ်ခဲ့ကြသော ရဲဘော်တစ်ယောက်ချင်းစီ၏ ပေးဆပ်စွန့်လွှတ်အနစ်နာခံမှုတို့ကိုလည်း မှတ်တမ်းတင်ဂုဏ်ပြုကြောင်း ဖော်ပြသည်။
စစ်ဆင်ရေးအတွင်း ကျရာနေရာနှင့် တာဝန်ပေးထားသောနေရာများမှ စစ်ဆင်ရေး တာဝန်များကို ကျေပွန်စွာဝင်ရောက်ထမ်းဆောင်ပေးခဲ့ကြသော သူများအားလုံးကိုလည်း အထူးလေးနက်စွာ ကျေးဇူးတင် ဂုဏ်ယူကြောင်း ထုတ်ပြန်ခဲ့သည်။
အောက်တိုဘာ ၂၈ရက်တွင်လည်း သတ်မှတ် ထားသော ရန်သူ့စခန်းများနှင့် ရန်သူ့ပစ်မှတ်များကို ဆက်လက် သိမ်းပိုက် ရယူနိုင်ရေးအတွက် စစ်ဆင်ရေးကို အတူတကွ ဆက်လက်ဆင်နွှဲခဲ့ကြရာ နောင်ချိုမြို့နယ် သံဘိုရွာ နတ်စင်ကုန်းစခန်း၊ မုံးကိုးဒေသ ဖောင်းဆိုင်ကျေးရွာအုပ်စု မန်ပင်စစ်ကောင်စီစခန်း၊ ကိုးကန့်၊ အထူးဒေသ (၁)၊ ရန်တော်ရှမ်းအိုင်လတွင်ရှိသော စစ်ကောင်စီတပ်စခန်း၊ ကိုးကန့်-အထူးဒေသ (၁) ၊တောင်ပိုင်းတိုက်နယ်အတွင်း (ချင်းရွှေဟော်အတွင်းရှိ) မာကျားတိပေါက်ပေါက် တောင်ကုန်းတွင် အခြေစိုက်ထားသော စစ်ကောင်စီ၏ စစ်ရေးအရ အရေးပါသော တပ်စခန်းတို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း အသိပေးသည်။
မာကျားတိပေါက်ပေါက် တောင်ကုန်းရှိ စခန်းသည် ချင်းရွှေဟော်အတွင်းရှိ ရန်သူ့စခန်းများစွာအနက်မှ နောက်ဆုံးသိမ်းပိုက်ရယူနိုင်ခဲ့သော သံချပ်ကာကားများရှိရာ စခန်းဖြစ်သည်ဟု အသိပေးထားသည်။
စစ်ကောင်စီ လက်အောက်ခံ တပ်မ (၉၉) ၊ ခမရ (၄၁၉)နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခလရ (၈၈)တို့ တပ်စွဲထားသော နောင်ချိုမြို့နယ်၊ သံဘိုကျေးရွာနတ်စင်ကုန်းစခန်းကို တိုက်ခိုက်ရာတွင် TNLAနှင့်အတူ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်(MDY PDF) လည်း ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့သည်။
ယမန်နေ့နေ့လယ်က မူဆယ်မြို့နယ်၊ ကောင်းဝိန်ကျေးရွာအနီးရှိ မန်နိမ်မှ မန်ခမ်းတံတားအနီးတွင် စစ်ကောင်စီ၏ ဒကစ၊ ခမရ (၂၆၁)နှင့် မိမိတို့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ရာ ရန်သူတပ်ဖွဲ့ဝင် အများအပြားကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း ညီနောင်သုံးဖွဲ့က ထုတ်ပြန်သည်။
စစ်ကောင်စီအနေဖြင့်လည်း လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ တိုက်ပွဲဖြစ်ပွားမှုမရှိသည့် နေရာများကိုလည်း လေကြောင်းက ဗုံးကြဲလာကြောင်း အသိပေးထားသည်။
ယမန်နေ့ နေ့လယ်တွင် နမ္မတူမြို့နယ် မန်ပန်ကျေးရွာ ပတ်ဝန်းကျင်အနီးသို့ တိုက်လေယာဉ်ဖြင့် သုံးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် နမ္မတူမြို့နယ် ရွာသစ်ပါင်ဆာကျေးရွာ အတွင်းသို့လည်း တိုက်ပွဲမရှိဘဲ သုံးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား နှစ်ဦး၊ အမျိုးသမီး တစ်ဦး ဗုံးစထိမှန်ဒဏ်ရာရခဲ့ပြီး နေအိမ် ငါးလုံး ထိမှန် ပျက်စီးခဲ့သည်ဟု ထုတ်ပြန်သည်။
စစ်ကောင်စီသည် ၎င်းတို့၏ စခန်းများတစ်ခုပြီး တစ်ခု ကျဆုံးလျက်ရှိသောကြောင့် ၎င်းတို့၏ အကျင့်ဝသီဗီဇအတိုင်း ပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုများကို မိုက်ရူးရဲစွာ ကျူးလွန်လျက်ရှိသည်ဟု ထုတ်ပြန်ခဲ့သည်။
(ချင်းရွှေဟော်အတွင်းရှိ စစ်ကောင်စီ၏ အရေးပါသော မာကျားတိပေါက်ပေါက် တောင်ကုန်းစခန်းအား သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - The Kokang)
20/10/2023
ကမ္မမြို့တွင် စျေးလာဝယ်သော ရဲတစ်ဦး သေနက်နှင့်အတူ ဖမ်းဆီးရမိ
ပြည်သူ့ခေတ်
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့တွင် စျေးလာဝယ်သော ရဲတစ်ဦးအား G3 သေနက်တစ်လက်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)က သတင်းထုတ်ပြန်သည်။
ပြိီးခဲ့သည့် စက်တင်ဘာ ၂၆ ရက် နေ့လယ် ၁ နာရီခန့်က ပခုက္ကူမြို့နယ် ကျထိုးရဲစခန်းမှ ကမ္မမြို့သို့စျေးဝယ်လာသော ရဲတစ်ဦးအား လမ်းခုလပ်တစ်နေရာ၌ G3 သေနတ်တစ်လက်နှင့်အတူ အရှင်ဖမ်းဆီးရမိခဲ့ကြောင်း ပခုက္ကူ(ပကဖ)က ယနေ့ (အောက်တိုဘာ ၂၀ ရက်)တွင် အသိပေးသည်။
ပခုက္ကူ(ပကဖ)၏ တပ်သားများက ဖမ်းဆီးခံရဲအား စစ်ဝတ်စည်းကမ်းများနှင့်အညီထားရှိပြီး လိုအပ်သည့်အရေးယူဆောင်ရွက်မှုများဆက်လက်ပြုလုပ်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ထိုဖြစ်စဥ်နှင့်ပတ်သက်၍ ပခုက္ကူ(ပကဖ)အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။
ထို့ကြောင့် ရဲနှင့် စစ်သားများအနေဖြင့် နီးစပ်ရာမှတဆင့် ပြည်သူ့ရင်ခွင်ခိုလှုံ၍အမြန်ဆုံးအလင်းဝင်ရောက်ကြရန် ပခုက္ကူ(ပကဖ)က သတိပေးထားသည်။
ယမန်နေ့ (အောက်တိုဘာ ၁၉ ရက်) နံနက်ပိုင်းကလည်း စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ကံဇီးပျူစောထီးကျေးရွာမှ ထွက်လာသော ရဲနှစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့သေးသည်။
(ဖမ်းဆီးခံရသော ရဲအား ၎င်းနှင့်အတူပါလာသည့် လက်နက်ခဲယမ်းများနှင့်အတူ တွေ့ရစဥ်။ ဓာတ်ပုံ-ပခုက္ကူပကဖ)
20/10/2023
ကလေးမြို့ စက္ကန့်ရွာကို စီးနင်းပြီး လူသတ်၊ လုယက်၊ မီးရှို့နေတဲ့ စစ်အုပ်စုကို စနိုက်ပါနဲ့ ပစ်ရာ တစ်ယောက် သေ၊
ကင်းလှည့်ချိန် လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိ၊
ပြည်သူ့ခေတ်
အောက်တိုဘာ၂၀
စစ်ကိုင်းတိုင်း၊ ကလေးမြို့ တောင်ပိုင်းက အိမ်ခြေ(၉၀၀)ကျော်ရှိတဲ့ စက္ကန့်ကျေးရွာကို နှစ်ပတ်ကျော်ကြာ စီးနင်းထားပြီး လူသတ်၊ လုယက်၊ မီးရှို့ နေတဲ့ စစ်အုပ်စုကို မနေ့က စနိုက်ပါနဲ့ သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု တစ်ယောက် သေတယ်လို့ ဒေသတော်လှန်ရေး တပ်ဖွဲ့၀င်တွေက ပြောပါတယ်။
"စနိုက်ပါနဲ့ ထုတာ တစ်ယောက်တော့ သေတယ်။ တည်နေရာ သိသွားတော့ လက်နက်ကြီးနဲ့ ပြန်ပစ်လို့ ပြေးခဲ့ရတယ်" လို့ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ကလေး-PDF တပ်ဖွဲ့၀င်တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် အောက်တိုဘာ(၁၉)ရက် မနေ့က စက္ကန့်ကျေးရွာဘက်ကို ချင်းကာကွယ်ရေးတပ် - CNDF တပ်ဖွဲ့တွေ လုံခြုံရေး လှည့်ကင်း ဆောင်ရွက်စဉ် စစ်အုပ်စုရဲ့ လက်နက်ခဲယမ်း တချို့လည်း သိမ်းဆည်းရခဲ့တယ်လို့ ဒေသ တော်လှန်ရေး တပ်ဖွဲ့၀င်တွေက ပြောပါတယ်။
"တိုက်ပွဲဖြစ်တာတော့ မဟုတ်ဘူး။ ကင်းလှည့်ရင်း သိမ်းဆည်းရတာ။ ကျည်ဆံအတောင့် (၄၀၀)ကျော် ပါတယ်။ အိတ်က နှစ်လုံး။ ခွေးယူနီဖောင်းတွေ ပါတယ်" လို့ လှန်ရေးတပ်ဖွဲ့၀င်တစ်ဦးက ပြောပါတယ်။
စစ်အုပ်စုဟာ စက်တင်ဘာ လကုန်ပိုင်းက စလို့ စက္ကန့်ရွာကို စီးနင်းထားကာ အကြမ်းဖက် မီးရှို့နေတာ ဖြစ်ပါတယ်။ စစ်အုပ်စုဟာ စက္ကန့်ရွာကို စီးနင်းထားချိန်အတွင်း အသက်မပြည့်သေးသူနဲ့ အဖိုးအဖွားတွေ အပါအဝင် ဒေသခံ ငါးဦးကို သတ်ဖြတ်ခဲ့ပြီး ဖြစ်ကာ ခရစ္စယာန် တရားဟောဆရာ အပါအဝင် စက္ကန့်ရွာသား သုံးဦးလည်း နှစ်ပတ်ကျော်ကြာ အဆက်အသွယ်ပြတ် ပျောက်ဆုံးနေပါတယ်။
စစ်အုပ်စုက စက္ကန့်ရွာကိုသာမက အနီးဝန်းကျင် ကျေးရွာတွေကို စီးနင်းလုယက် မီးရှို့တာ၊ လက်နက်ကြီးနဲ့ ထုတာကြောင့် ထောင်ချီတဲ့ ပြည်သူတွေ ထွက်ပြေးနေရတာ နှစ်ပါတ်ကျော် ကြာပြီဖြစ်ပါတယ်။ ဒါ့အပြင် စစ်အုပ်စုက စက္ကန့်ရွာ အပါအဝင် ကလေးနယ် တောင်ပိုင်းကို လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့ ဖြတ်တောက်ထားလို့ ဒေသတွင်း ကုန်စျေးနှုန်း အဆမတန် ကြီးမြင့်ပြီး ပြည်သူတွေ စားသောက်နေထိုင်ရေး ကြပ်တည်းနေတယ်လို့ ဆိုပါတယ်။
မနေ့က စက္ကန့်ကျေးရွာထဲက စစ်အုပ်စု တိုက်ခိုက်ခံရသလို ကလေးမြို့ပေါ် တာဟန်းရပ်ကွက်က စစ်အုပ်စု ငွေညှစ်ဂိတ်လည်း ပစ်ခတ်ခံရတယ်လို့ သတင်းထွက်နေပြီး စစ်အုပ်စုက စမ်းမြို့၊ အောင်သစ္စာ၊ နတ်ချောင်းလမ်း၊ ကလေး၀ လမ်းတွေပေါ်မှာ ဖမ်းဆီးငွေညှစ်တာတွေ ပိုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကလေးမြို့နယ်ထဲ စစ်အုပ်စုက ကျေးရွာတွေကို စီးနင်းကာ လူသတ်၊ လုယက်၊ မီးရှို့နေတာကြောင့် ဒေသတွင်း စစ်ရေး အခြေအနေ တင်းမာနေပြီး အောက်တိုဘာ(၁၇)ရက်ကလည်း ကလေးနယ်ထဲ ရွာမီးရှို့၊ လုယက်ပြီး ပြန်လာတဲ့ စစ်အုပ်စု ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။
ကလေးမြို့နယ် စက္ကန့်ကျေးရွာအနီး ကင်းလှည့်ချိန် CNDF က သိမ်းဆည်း ရရှိခဲ့တဲ့ စစ်အုပ်စုရဲ့ လက်နက်ခဲယမ်းတချို့/Photo - ပေးပို့
20/10/2023
CNDF ထံသို့ M4 သေနတ် ၃ လက် နဲ့ ကျဥ်ဆံ ၆၀၀ တောင့်ကို အဖွဲ့အစည်း ၂ ခုမှ လှူဒါန်း
ပြည်သူ့ခေတ်
အောက်တိုဘာ ၂၀
CNDF (Chin National Defense Force
ထံသို့ M4 သေနတ် ၃ လက် နဲ့ ကျဥ်ဆံ ၆၀၀ ကို အမည်မဖော်လိုသည့် အဖွဲ့အစည်း ၂ ခုမှ လှူဒါန်းပြီး ၎င်း လက်နက်ကိုယမန်နေ့(အောက်တိုဘာလ ၁၉ ရက်) တွင် CNDF မှ လက်ခံရရှိပြီ ဖြစ်ကြောင်း DS Salai Moses Lian ထံမှ သိရပါသည်။
19/10/2023
မုံရွာအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများ၏ ဆန္ဒပြမှုကို လိုက်လျောခဲ့သော ထောင်ပိုင်ကြီးနှင့်ဝန်ထမ်းများကို ရာထူးမှ ထုတ်ပယ်၊ နိုင်ငံရေးအကျဉ်း သားများကိုလည်း ပြစ်ဒဏ်များထပ်မံ ချမှတ်
ပြည်သူ့ခေတ်
အောက်တိုဘာ ၁၉
စစ်ကိုင်းတိုင်း၊ မုံရွာအကျဉ်းထောင်တွင် စက်တင်ဘာလက ဖြစ်ပွားခဲ့သော နိုင်ငံရေးအကျဉ်းသားများ၏ အစာငတ်ခံဆန္ဒပြမှုကြောင့် စစ်ကောင်စီက နောက်ဆက်တွဲအရေးယူမှုအနေဖြင့် ထောင်အာဏာပိုင်များကို ရာထူးမှထုတ်ပယ်လိုက်ပြီး အကျဉ်းသားများကိုလည်း ပြစ်ဒဏ်များ ထပ်မံ ချမှတ်ထားကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီထံမှ သိရသည်။
၂၀၂၃ခုနှစ်၊ စက်တင်ဘာလ၈ရက်နေ့မှ ၁၁ရက်နေ့အထိ မုံရွာအကျဉ်းထောင်တွင် ဖြစ်ပွားခဲ့သော နိုင်ငံရေးအကျဉ်းသားများ၏ အစာငတ်ခံဆန္ဒပြသပိတ်ကို လိုက်လျောခဲ့မှုကြောင့် စစ်ကောင်စီက ထောင်ပိုင်ကြီး ဝင်းမင်းလတ်၊ ထောင်ပိုင်လေး ဝင်းကျော်မိုး၊ အိပ်ဆောင်မှူး ကျော်မိုး၊ အိပ်ဆောင်မှူး ညွှန့်ဝင်း၊ တိုက်တာဝန်ကျ တပ်သား အာကောကျာ် အပါအဝင် ထောင်အာဏာပိုင် ၅ဦးကို ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း၊ ကိုဝေမိုးနိုင်အပါအဝင် ဆန္ဒပြရာတွင်ဦးဆောင်သူ နိုင်ငံရေးအကျဉ်းသား ၉ ဦးတို့ကို လျှော့ရက်တစ်နှစ်ပိတ်ခြင်း၊ အခြားအကျဉ်းသား ၁၇ဦးကို ရာဇသတ်ကြီး ဥပဒေပုဒ်မ (၁၄၇)ဖြင့် အမှုဖွင့်တရားစွဲဆိုရန် ပြင်ဆင်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်တွင် စစ်ကောင်စီက အသစ်ခန့်အပ်ထားသော မုံရွာအကျဉ်းထောင် အာဏာပိုင်များက ကိုဝေမိုးနိုင်နှင့်အတူ အခြားအကျဉ်းသားတစ်ဦးကို တိုက်ပိတ်ထားပြီး ဆန္ဒပြရာတွင် ဦးဆောင်သည့် အကျဉ်းသားများကို ထောင်ဒဏ်၂နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သော ပုဒ်မ(၁၄၇)ဖြင့် မုံရွာတရားရုံးတွင် အရေးယူရန် ဆောင်ရွက်နေကြကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီမှ ကိုရှင်းသန့်က ပြောသည်။
အကြမ်းဖက်စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားများအတွက် ထောင်ဝင်စာလက်ခံခြင်းကိုလည်း ယခင်ထက် ကန့်သတ်ထားခဲ့ပြီး ထောင်အာဏာပိုင်များ အသစ်ခန့်ထား၍ အကျဉ်းသားများ၏ တော်လှန်စိတ်ဓာတ်ကို ပိုမိုဖိနှိပ်၍ လူ့အခွင့်အရေးချိုးဖောက်ရန် ကြိုးပမ်းလျက်ရှိကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်သူ ကိုလွင်မိုးသန့်က ပြောဆိုသည်။
"ပြည်ထဲရေးဝန်ထမ်းထဲမှာ အကျဉ်းဦးစီးက ကောင်တွေက အယုတ်မာဆုံးပဲ။ အခုဆို အစာငတ်ခံဆန္ဒပြတာ အောင်မြင်ခဲ့လို့ ထောင်အာဏာပိုင်အသစ်တွေခန့်ပြီး ပိုဖိနှိပ်ဖို့ ကြိုးစားနေတာပါ။ ကျနော်တို့ ပြည်သူတွေက အဖိနှိပ်ခံ နိုင်ငံရေးအကျဉ်းသားတွေအတွက် ပိုပြီး အားစိုက်ကြိုးစား တော်လှန်မှဖြစ်မယ်" ဟု ကိုလွင်မိုးသန့်က ပြောသည်။
မုံရွာအကျဉ်းထောင်တွင် ထောင်အာဏာပိုင်များ၏ မတရားသဖြင့် ဖိနှိပ်အကြမ်းဖက်မှုများကြောင့် ကိုဝေမိုးနိုင်အပါအဝင် နိုင်ငံရေးအကျဉ်းသား ၅၀ဦးက စက်တင်ဘာလ ၈ရက်မှစ၍ ၄ရက်တိုင်တိုင် အစာငတ်ခံဆန္ဒပြသပိတ်တိုက်ပွဲ ဆင်နွှဲခဲ့ကြပြီး စက်တင်ဘာလ ၁၃ရက်နေ့တွင် အကျဉ်းသားများ၏ တောင်းဆိုချက် ၄ ချက်ကို စစ်ကောင်စီက လိုက်လျောခဲ့ရကြောင်း သိရသည်။
ဓာတ်ပုံ- မုံရွာအကျဉ်းထောင်။
18/10/2023
စစ်ကိုင်း၊ မကွေး ၊ မန္တလေးတိုင်းနှင့် ရှမ်းမြောက်တွင် စက်တင်ဘာတိုက်ပွဲများ၌ စစ်ကောင်စီတပ်ထံမှ လက်နက် ၄၆လက်ရဟု NUGကာကွယ်ရေး အသိပေး
စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇၀ ကျော်သေဆုံးပြီး တော်လှန်ရေးရဲဘော် ၄၀ကျော်ကျဆုံးဟုဆို
ပြည်သူ့ခေတ်
အောက်တိုဘာ ၁၈
အမှတ်(၁) စစ်ဒေသ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် စက်တင်ဘာအတွင်း တိုက်ပွဲပေါင်း ၃၂၃ကြိမ်ဖြစ်ပွားခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
အဆိုပါတိုက်ပွဲများ၌ စစ်ကောင်စီဘက်က ၁၇၅ဦး သေဆုံးပြီး ၃၀၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ တော်လှန်ရေးရဲဘော် ၄၂ဦးကျဆုံးကာ ၂၉ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြသည်။
တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ထံမှ လက်နက်မျိုးစုံ (၄၆)လက်အပါအဝင် ခဲယမ်းမီးကျောက်အမြောက်အမြား သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။
အဆိုပါတိုက်ပွဲများကို အမှတ်(၁) စစ်ဒေသကွပ်ကဲမှုအောက်ရှိ PDF၊ ပကဖနှင့် EROs ပူးပေါင်းအဖွဲ့များက ဆင်နွှဲခဲ့ခြင်းဖြစ်သည်ဟု အသိပေးသည်။
တိုက်ပွဲပေါင်း ၃၀၀ကျော်အနက် ထိတွေ့တိုက်ပွဲ ၅၇ကြိမ်၊ မိုင်းဆွဲတိုက်ခိုက်မှု ၅၅ကြိမ်၊ တော်လှန်ရေးတပ်များက ဒရုန်းဖြင့်တိုက်ခိုက်မှု ၅၅ကြိမ်၊ တော်လှန်ရေးတပ်များက ပစ်ခတ်တိုက်ခိုက်မှု ၁၄၅ကြိမ်၊ စစ်ကောင်စီတပ်မှ လေကြောင်းမှ တိုက်ခိုက်မှု ၆ကြိမ်၊ စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် တိုက်ခိုက်မှု ၅ကြိမ်ရှိခဲ့သည်ဟု ဖော်ပြသည်။
ထို့ပြင် စစ်ကောင်စီဆေးတပ်မှ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးကိုလည်း စက်တင်ဘာလဆန်းတွင် တော်လှန်ရေးတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်။ မုံရွာရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် အမှတ်(၂) စစ်ဆေးရုံမှ ဗိုလ်ကြီး အောင်ဖြိုးသိန်းအား Black FalconGuerrilla Forces တပ်ဖွဲ့က စက်တင်ဘာ ၄ရက်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
စက်တင်ဘာတိုက်ပွဲများ၌ မကွေးတိုင်း ဂန့်ဂေါမြို့နယ် ကျောဒေသတိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှ လက်နက် ၁၅လက် သိမ်းဆည်းရရှိခဲ့သည့် တိုက်ပွဲလည်းပါဝင်သည်။
ကျောဒေသ ကန့်သတ်ရွာဘုန်းကြီးကျောင်းအနီးအခြေပြုသော စစ်ကောင်စီနှင့် ပျူစောထီး ပူးပေါင်း ဂိတ်စခန်းကို PDF ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်တွင် ဝင်ရောက်စီးနင်းခဲ့ရာ စစ်ကောင်စီတပ်သား၂ ဦးသေဆုံး၊ ၂ဦး ဒဏ်ရာရပြီး လက်နက် ၁၅လက်နှင့် ကျည်များကို သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်သည်။
(ဂန့်ဂေါမြို့နယ် ကျောဒေသတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - MOD/NUG)
18/10/2023
ဆိပ်ဖြူတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ အရာရှိ ၁ ဦးအပါအဝင် ၇ ဦးသေဆုံး၊ မလှိုင်နှင့် နွားထိုးကြီးရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်
အောက်တိုဘာ ၁၈
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ကပစ ၂၁ အနီးတွင် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ ၁ ဦးအပါအဝင် ၇ ဦးသေဆုံးခဲ့ကြောင်း Student Revolution Army – SRA တပ်ဖွဲ့ထံမှ သိရသည်။
အောက်တိုဘာလ ၁၇ ရက် မွန်းတည့် ၁၂ နာရီ ၂၅ မိနစ်ခန့်က အင်အား ၄၀ ခန့်ဖြင့် ဆိပ်ဖြူ ကပစ ၂၁ မှ ကင်းပုန်းဝပ်ရန် ထွက်လာသော အကြမ်းဖက်စစ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်များက အနီးကပ်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ မိနစ် ၂၀ ခန့် အပြန်အလှန်ပစ်ခတ်တိုက် ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်မှ အရာရှိ တစ်ဦးအပါအဝင် ၇ ဦးသေ ဆုံးပြီး ၅ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် မိနစ် ၃၀ ခန့်အကြာတွင် အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားရာနေရာကို လက်နက် ကြီးများဖြင့် ပစ်ခတ်ပြီး အင်အားအများအပြားဖြင့် ရောက်ရှိလာပြီး စစ်သား အလောင်းများကို ကောက်ယူသွားကြောင်း Student Revolution Army – SRA တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
အဆိုပါ တိုက်ခိုက်မှုကို Student Revolution Army – SRA တပ်ဖွဲ့၊ ညောင်ဦးခရိုင် တပ်ရင်း ၄ (KDF) ၊ ပခုက္ကူခရိုင် တပ်ရင်း ၄ တပ်ခွဲ ၁ နှင့် ဆိပ်ဖြူမြို့နယ် ပကဖ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် မန္တလေးတိုင်း၊ မလှိုင်မြို့နယ်နှင့် နွားထိုးကြီးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Natogyi People Defense Force မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
အောက်တိုဘာ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်၌ မလိူင်မြို့နယ်၊ သရက်ကောင်းပင်ကျေးရွာရှိ ဘုရားကျောင်း၀င်းအတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်သား ၂၀ ဦးခန့်ကို Drone ဖြင့် ဗုံးသီး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အောက်တိုဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်၌ နွားထိုးကြီးမြို့နယ်၊ ကဒေါင်း-ညောင်ဇင် လမ်းပိုင်းတွင် ယာယီတပ်စွဲ အထိုင်ချ၍ ပြည်သူများကို စစ်ဆေးနေသည့် အကြမ်းဖက် စစ်သား ၃၅ ဦးကို ဒရုန်းဖြင့် ဗုံးသီး ၁ လုံးကျဲချ တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Natogyi People Defense Force မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်းနှင့် MDDS တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
18/10/2023
ရွှေကူမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၂ ခုကို KIA/PDFပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်
▪︎လက်နက်၊ ကျည်၊ ခဲယမ်းနှင့် စစ်သုံးပစ္စည်းများစွာသိမ်းဆည်းရရှိ
▪︎“ ပစ္စည်းတွေ များတယ်။ မဖွင့်ရသေးတာတွေရှိသေးတယ်။ ကားတစ်စီး ပါသေးတယ်”-ကချင်စစ်ရေးသတင်း
ရင်းမြစ်
ပြည်သူ့ခေတ်
အောက်တိုဘာ ၁၈
ကချင်ပြည်နယ် ရွှေကူမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၂ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်ဖွဲ့ က ယနေ့ မနက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း KIO/KIA သတင်းနှင့်ပြန်ကြားရေးဌာတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကပြောသည်။
ရွှေကူ-ဗန်းမော် လမ်း ငဘတ်ကြီးကျေးရွာရှိ စစ်ကောင်စီ၏ ခမရ(၆၀၂) အထိုင်စခန်းနှင့် ခလရ(၅၆) တပ်စခန်းကို အောက်တိုဘာ ၁၈ရက်မနက်ပိုင်း၌ တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်ဟုကချင် စစ်ရေးသတင်းရင်းမြစ်ကတစ်ဦးကလည်း ပြောသည်။
“မနက် ၆နာရီခွဲမှာ ၆၀၂ စခန်းသိမ်းလိုက်တယ်။ ၁၀နာရီ ၄၀ မှာ ၅၆စခန်းကို ထပ်ပြန်သိမ်းတယ်။ ငဘတ်ကြီးမှာပဲ စခန်း ၂ခုကပ်လျပ်ရှိယ်။ စကစတွေ ရွှေကူမြို့ဘက် ဆုတ်သွားကြတယ်။ စခန်းအကုန် ငါတို့ မီးရှို့လိုက်ပြီ” ဟုအထက်ပါ ကချင်စစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။
စစ်ကောင်စီတပ်ထံမှ လက်နက်အချို့နှင့် ခဲယမ်း၊ ကျည် အများအပြား၊ စစ်အသုံးအဆောင် ပစ္စည်းအများအပြား သိမ်းဆည်းရရှိခဲ့သည်ဟု သတင်းရင်းမြစ်က ပြောသည်။
သိမ်းဆည်းရရှိသည့် ပစ္စည်းများကို ဖွင့်ဖောက်ရခြင်းမရှိသေး၍ သိမ်းဆည်းရရှိခဲ့သည့် ခဲယမ်း၊ ကျည်များ ယခုထက်ပိုများနိုင်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
“ ပစ္စည်းတွေ များတယ်။ မဖွင့်ရသေးတာတွေရှိသေးတယ်။ ကားတစ်စီး ပါသေးတယ်” ဟု၎င်းကဆက်ပြောပြောသည်။
စခန်းနှစ်ခုကိုတိုက်ခိုက်သိမ်းယူခဲ့ပြီးနောက် စခန်းအတွင်း
ရှိ အဆောက်အဦးများကို မီးရှို့ဖျက်ဆီးခဲ့သည်ဟုဗိုလ်မှူးကြီးနော်ဘူကဆပြောသည်။
ယနေ့ တိုက်ခိုက်မှုအတွင်း ပူးပေါင်းတပ်ဖွဲ့ဘက်မှ အထိ
အခိုက်မရှိကြောင်း ပြောပြသည်။
စခန်းလက်လွတ်ဆုံးရှုံးခဲ့ရသည့် စစ်ကောင်စီတပ်သည် ရွှေကူမြို့ပေါ် တပ်စွဲထားသည့်နေရာများမှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများကပြောသည်။
ကချင်ဒေသ တိုက်ပွဲများ၌ စစ်ကောင်စီတပ်က လေကြောင်း အသုံးပြု တိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသော်လည်း ယနေ့မနက် စစ်ကောင်စီတပ်စခန်း ၂ ခုကို သိမ်းပိုက်ခဲ့သည့် ဖြစ်စဉ်တွင် စစ်ကောင်စီဘက်က လေကြောင်းမှ လာရောက်ပစ်ကူပေးခြင်းမရှိဟု သတင်းရင်းမြစ်က ပြောသည်။
( စစ်ကောင်စီတပ်ထံမှ KIA /PDF တို့က သိမ်းဆည်းရရှိသောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-ပေးပို့ )
18/10/2023
ရထားလမ်း မိုင်းခွဲခံရပြီးနောက် အနီးတဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အင်အားဖြန့်ကျက်ထား
အောက်တိုဘာ ၁၈
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်မြို့တွင် ရန်ကုန်- မန္တလေး မီးရထားလမ်း မိုင်းခွဲဖျက်ဆီးခံရပြီးနောက် အနီးတဝိုက်တွင် စစ်ကောင်စီတပ်က စစ်အင်အားများ ဖြည့်တင်းကာ ဖြန့်ကျက်ထားကြောင်း ဒေသတွင်း သတင်းရင်းမြစ်နှင့် ဒေသခံများက ပြောသည်။
ထိုရထားလမ်းအနီးတဝိုက် နေရာယူထားသည့် စစ်ကောင်စီတပ်၊ ပိန်းဇလုပ်အခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၂၆၄)နှင့် တော်ဝိကျေးရွာ ဘုန်းကြီးကျောင်းအတွင်း တပ်စွဲနေသည့် စစ်ကောင်စီတပ်သားများက ကျေးရွာများဘက်သို့ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုများ ပြုလုပ်နေကြောင်းလည်း ဆိုသည်။
"ရထားလမ်းကလည်း ပျက်စီးသွားတာ များတယ်၊ မနေ့က တနေကုန် အပစ်ခံနေရ တာသာ ကြည့်တော့ပေါ့၊ မနေ့ကဆို နေ့လယ်ပိုင်း ၁၁ ခွဲက ပစ်တာ၊ ခြုံအင်းမှာ နွားနှစ်ကောင် ထပ်သေသေးတယ်" ဟု ဒေသတွင်း သတင်းရင်းမြစ်တဦးက ပြောသည်။
ယမန်နေ့ အောက်တိုဘာလ ၁၇ ရက်နေ့၊ နံနက် ၁ နာရီအချိန်တွင် ပိန်းဇလုပ်ဘူတာနှင့် တော်ဝိဘူတာအကြား ရန်ကုန်- မန္တလေး မီးရထားလမ်း မိုင်းခွဲဖျက်ဆီးခံခဲ့ရခြင်း ဖြစ်သည်။
အဆိုပါ ရထားလမ်းပိုင်းကို မည်သူတို့က ဖောက်ခွဲခဲ့သည်ကို မသိရပေ။
မိုင်းခွဲခံရမှုကြောင့် အစုန်၊ အဆန် ရထားလမ်း နှစ်ခုလုံးတွင် ရထားသံလမ်း ကွေးကောက်ပြတ်တောက်ခြင်း၊ ဇလီဖာတုံးများ ပျက်စီးခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။
"ဒီမှာတော့ အခြေအနေမကောင်းဘူး၊ စစ်ရေးအခြေအနေ တင်းမာနေပြီ၊ ပိန်းဇလုပ်ကို တင့်ကားတွေရောက်နေပြီ၊ ရထားလမ်းကိစ္စအတွက်နဲ့ပေါ့၊ အခု ရထားလမ်းတောက်လျှောက်မှာ နေရာယူထားကြတယ်” ဟု ဒေသခံတဦးကလည်း ပြောသည်။
ယနေ့ အောက်တိုဘာလ ၁၈ ရက်နေ့၊ မွန်းလွဲပိုင်းမှာ ပိန်းဇလုပ်အခြေစိုက်၊ ခလရ (၂၆၄) က ပစ်ခတ်သော လက်နက်ကြီးသည် ရေတွင်းကုန်းရွာထဲသို့ ကျရောက် ပေါက်ကွဲခဲ့ပြီး ရွာသားနှင့် လူနေအိမ်များ ထိခိုက်မှု ရှိ၊ မရှိ မသိရသေးကြောင်း ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၈ ရက်နေ့ကလည်း တောကျွဲအင်းဘူတာနှင့် ကညွတ်ကွင်းဘူတာအကြား ရန်ကုန်- မန္တလေး မီးရထားလမ်းပိုင်းတွင် အမှတ် (၉၂၄) အစုန်ကုန်တင်ရထားသွားနေချိန် မိုင်းဖောက်ခွဲမှု ဖြစ်ပွားခဲ့သေးသည်။
ထိုဖောက်ခွဲခံရမှုတွင် ရထားသံလမ်း ပျက်စီးရုံတင်မက သွားနေသော ရထားကုန်တွဲများနှင့် စက်ခေါင်းတိမ်းမှောက်ကာ ပျက်စီးမှုများပြားခဲ့ကြောင်း သိရသည်။
17/10/2023
ငါန်းဇွန်မြို့နယ် မြို့သာမြို့မရဲစခန်းကို ၄၀ မမ နဲ့ ပစ်ခတ်တိုက်ခိုက် ရဲအုပ်တစ်ဦးအပါအဝင် ရဲ ၄ ဦးသေဆုံး
အောက်တိုဘာ ၁၇
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာမြို့မရဲစခန်းကို ၄၀ မမ ဗုံးသီး ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ ရာ ရဲအုပ်တစ်ဦးအပါအဝင် ရဲ ၄ ဦးသေဆုံးခဲ့တယ်လို့ Sintkaing Revolution Force – SRF တပ်ဖွဲ့မှ သတင်းရရှိပါတယ်။
အောက်တိုဘာလ ၁၄ ရက်နေ့ နံနက် ၇ နာရီခန့်အချိန် ရဲအင်အား ၃၇ ဦးခန့်နဲ့ တပ်စွဲထားတဲ့ ငါန်းဇွန်မြို့ နယ်၊ မြို့သာမြို့မရဲစခန်းကို ၄၀ မမ ဗုံးသီး ၂ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲအရာရှိနေထိုင်တဲ့ အဆောင်ပေါ် ကျရောက်ပေါက်ကွဲခဲ့ရာ ရဲအုပ်တစ်ဦးအပါအဝင် ၄ ဦးသေဆုံးပြီး ရဲ ၂ ဦး အရေးပေါ်ကုသနေရတယ်လို့ သိရပါတယ်။
အထက်ပါတိုက်ခိုက်မှုကို Sintkaing Revolution Force-SRF ၊ မြင်းခြံခရိုင် တပ်ရင်း အမှတ် ၆ တပ်ခွဲ ၃ SPECIAL TASK FORCE -NGAZUN ၊ မြင်းခြံခရိုင် တပ်ရင်း အမှတ် ၆ တပ်ခွဲ ၂ JUSTICE RANGER FORCE-NGAZUN ၊ မြင်းခြံခရိုင် တပ်ရင်း အမှတ် ၆ တပ်ခွဲ ၁ နောင်ရိုးအထူးပြောက်ကျားတပ်ဖွဲ့၊ ကျောက် ဆည်ခရိုင် တပ်ရင်း ၂ ၊ နဘက်တိုက်နယ် ပကဖနဲ့ စဉ့်ကိုင် ပကဖတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
17/10/2023
ကိုးကန့်ဒေသတွင်း အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့တစ်ဖွဲ့သည် လုံးဝနီးပါးလောက်အမြစ်ပျက် ရှင်းလင်းခံရပြီး စစ်မြေပြင်တွင် ရုပ်အလောင်းနှင့်လက်နက်အချို့စွန့်လွတ်ကာ အထိတ်တလန့်ထွက်ပြေးခဲ့
အောက်တိုဘာ ၁၇
၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၅ရက်နေ့
အောက်တိုဘာလ ၁၄ ရက်နေ့ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့တစ်ဖွဲ့သည် ကိုးကန့်ဒေသမှာ အထိနာ ပြင်းပြင်း ထန်ထန် ပစ်ခတ်ထိခိုက်ခံရပါသည်။ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် ကိုးကန့်(MNDAA) ၏ လိုက်လံ ပစ်ခတ်မှုအောက်တွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့မှ တပ်သားအချို့ စစ်မြေပြင်မှ အထိတ် တလန့်ထွက်ပြေးပြီး ပစ်သတ်သေဆုံးသောရုပ်အလောင်းအချို့ကျန်ရှိကာ လက်နက်ခဲယမ်း အချို့လည်း စွန့်လွတ်ခဲ့ပါသည် ဟုMNDAA ကထုတ်ပြန်သည်။
သတင်းအရ ထိုနေ့ နေ့လယ်၁၂ နာရီ ၅၀မိနစ်ခန့်တွင် အာဏာသိမ်းစစ်ကောင်စီတပ်လက်အောက်ခံစကခ(၁၂) တပ်ရင်း(၃၃၅) လူအင်အား ၃၀ ကျော်သည် အရပ်သားတစ်ယောက်ကိုဖမ်းဆီးပြီး လမ်းပြအဖြင့် ကိုးကန့်(MNDAA)တပ်ရှိရာသို့ ခေါ်ဆောင်လာခဲ့သည်။ အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့သည် တပ်စခန်းသို့ ချီတက်လာပြီး ၅ မီတာအကွာရောက်သောအခါ ကိုးကန့်(MNDAA)တပ်မှ ဦးစွာပစ်ခတ်ကာ နှစ်ဦးနှစ်ဘက်မှ အပြန် အလှန်ပစ်ခတ်ပြီး တိုက်ပွဲ ညနေ ၃ နာရီ ၅မိနစ်ခန့် အထိကြာမြင့်ခဲ့သည်။
တိုက်ပွဲတွင် ကိုးကန့်(MNDAA)တပ်မှ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ကို အထိနာ ပြင်းပြင်းထန်ထန် ပစ်ခတ်တိုက်ခိုက်ပြီး အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့မှ လူ၁၆ယောက်ပစ်ခတ်ကျဆုံးပြီး ၇ယောက်ဒဏ်ရာ ရရှိ ခဲ့ပါသည်။ ထို့ပြင် ကိုးကန့်(MNDAA)ဘက်မှ သိမ်းဆည်းရရှိသောလက်နက်မှာ ရိုင်ဖယ် ၁၀ လက်၊ ၆၀ မမ ပစ်အမြောက် ၁ လက် ၊ လက်ပစ်အမြောက် ၁ လက် ၊ ကျည်ဘောက် ၁၄ ခု ၊ ကျည်ဆန် ၂၁၈ တောင့် ၊ အသံလွှင့်စက် ၁ လုံး ၊ လက်ကိုင်ဖုန်း ၁ လုံး ၊ ဂြိုလ်တုဖုန်း ၁ လုံး နှင့် အခြား ထောက်ပံ့ရေးပစ္စည်းအချို့ သိမ်းဆည်းရပါသည်။
17/10/2023
ဘုတ်ပြင်းရှိ စစ်တပ်စခန်းကုန်းကို PDFများတိုက်ခိုက်ရာ စစ်ကောင်စီ ၄ ဦး သေဆုံးသွား
အောက်တိုဘာ ၁၇
တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ စစ်ကောင်စီစခန်းကုန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦး သေဆုံးခဲ့
တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ပြည်ကြီးမဏ္ဍိုင်မြို့ရှိ စစ်ကောင်စီစခန်းကိုအောက်တိုဘာလ ၁၄ ရက်နေ့ နံနက်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ကော့သောင်းခရိုင် တပ်ရင်း(၁) နှင့် ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် Flying Stae Force တို့က ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်သည်။
"လတ်တလောရထားတဲ့ သတင်းအရတော့ စစ်ကောင်စီဘက်က လေးယောက်သေတယ်။ဒဏ်ရာရတွေလည်း ရှိတယ်။ ဒဏ်ရာရထဲမှာ အရာရှိလည်းပါတယ်လို့ သိရတယ်" ဟု တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ထိုသို့တိုက်ခိုက်နေစဉ် စခန်းထဲမှ စစ်သားများကရေကြောင်းမှတဆင့် လှေစီးထွက်ပြေးစဉ် ပြည်သူ့ကာ
ကွယ်ရေးတပ်ဖွဲ့များက တိုက်မံတိုက်ခိုက်ခဲ့သည်။ တိုက်ပွဲသည် နံနက် ၅ နာရီ ၃၀ မိနစ်မှ စတင်ပြီး နံနက် ၆ နာရီ ၃၀ မိနစ်၌ အောင်မြင်စွာ ဆုတ်ခွာခဲ့ကြောင်းတနင်္သာရီစစ်ဒေသခွဲက သတင်းထုတ်ပြန်ထားသည်။
တိုက်ပွဲတွင်စစ်ကောင်စီတပ်က အရာရှိ တစ်ဦးနှင့် ပျူစောထီး ၂ဦးတို့ ဒဏ်ရာရရှိခဲ့သည်ဟုလည်း ဘုတ်ပြင်း ပကဖ ကလည်းထုတ်ပြန်ထားသည်။
ထိုတိုက်ခိုက်မှုကို ဘုတ်ပြင်းမြို့နယ် ပကဖ နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ကော့သောင်းခရိုင် အမှတ် (၁) တပ်ရင်းတို့ကပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ဘုတ်ပြင်းမြို့နယ်အတွင်းတိုက်ပွဲများပြင်းထန်လာနိုင်၍ ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၊ ပျုစောထီးများနှင့် ရဲများတို့ရှိရာနေရာမှ ရှောင်ရှားနေထိုင်ကြရန်လည်း ဘုတ်ပြင်းမြို့နယ်ပကဖ သတိပေးထားသည်။
ထို့အပြင် အောက်တိုဘာလ ၁၄ရက်နေ့ နံနက် ၉နာရီခန့်တွင် တနင်္သာရီမြို့ ဗိုလ်ချုပ်ကြေးရုပ်အနီးတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကိုတနင်္သာရီတိုင်းစစ်ဌာန၊စစ်ဆင်ရေးဌာန၏ လက်ရုံးတပ်ဖွဲ့ (Dragon Squad)၊ပြည်သူ့ကာကွယ်ရေးတပ်မတော်၊မြိတ်ခရိုင်၊တပ်ရင်း-၂၊တပ်ခွဲ ၁ ၊၂ နှင့် တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်ခဲ့ကြသည်။ ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ သုံးဦး သေဆုံးခဲ့သည်ဟုသိရသည်။
တနင်္သာရီတိုင်းအတွင်း ခရီးသွားပြည်သူများအားလုံးသည် ပြည်ထောင်စုလမ်းပေါ်တွင် ညအချိန် ခရီးသွားလာခြင်း၊ စစ်ကောင်စီနှင့် နီးကပ်စွာနေထိုင်ခြင်း၊သွားလာခြင်းများ မပြုကြရန် နှင့် နေ့အချိန် ကားဖြင့်သွားလာပါက ကားမှန်ချပြီး ခရီးသွားလာကြရန် ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားသည်။
Click here to claim your Sponsored Listing.
Category
Contact the public figure
Address
ပြည်ကြီးတံခွန်
Mandalay