History notes
မင်းနန်သူ(သမိုင်းမှတ်စုများ)
14/04/2026
"ညွှတ်တုပ်ကော်ရော်၊
က်ိုယ်စားတော်ကို
ဗြကျော် ဗြသိန်၊
ရောင်ထိန်၀င်းဝါ
မဟာစေတီ၊
သိညီကျော်လောက်
မြို့တောင်နောက်၀ယ်၊
ရပ်စောက်ဘုရား
တောင်ဖျားအထိပ်၊
ဗြသဒိပ်ဟု
တံဆိပ်မှန်ကင်း၊
နေသို့လင်းလျက်"
ဆင်ဖြူသျှင်မယ်တော် ဖွဲ့ ဇင်းမယ်မြို့ဘွဲ့ရတု အတွင်းမှ ဗြသိန်ဘုရား အား ပူဇော်ကန်တော့ခြင်း
#မင်းနန်သူ
13/04/2026
"မင်းတပ်ညလေး ပဲ စုထားကို အတာရေဆက်ဖို့ သတိရပေတယ်"
~~~~~~~~~~~~
တခါသော် ၁၂နှစ် အရွယ် မင်းတပ်ထိပ်ခေါင်တင်မင်းသမီးလေးသည် အစ်ကိုတော်ရင်း သုံးဆယ်၊ခေါ်သန္တီ၊ပင်လယ်စသော မင်းသားကြီးများ အပါအဝင် တပါးမင်းသွေးအပေါင်းတို့ သုတ်သင်ခံခဲ့ရသည့် နန်းတွင်းသုတ်သင်ပွဲကြီးအပြီး တလကျော်အကြာတွင် ကျင်းပသည်ဖြစ်သော နှစ်ကူးအတာသဘင်ပွဲတော်၌ ထိပ်စုဖုရားဘဝမှ နန်းမတော်ကြီးဖုရားဘဝကို ခံယူပြီးစ အရှင်စုဖုရားလတ် ကြွချီလာသည်ကို လက်တွင်းမှ ရေဖလားဖြင့် မကြောက်မလန့် လှမ်းပက်ကာ အတာရေဆက်လိုက်မိသည်။
ထိုစဥ်က နန်းတွင်းသုတ်သင်ပွဲကြီးကြောင့် အနောက်ဆောင်တခုလုံး လွန်စွာလန့်ထိတ်နေကြသည့်အခါဖြစ်၍ စိတ်မြန်ဖျတ်လက်သော အသက်၁၉နှစ်အရွယ် နန်းမတော်စုဖုရား အပေါ် ယခုကဲ့သို့ ပြုမူလိုက်မိသော မင်းတပ်မင်းသမီး ၏ အပြုအမူကြောင့် စိုးရိမ်ပူပန်ဖြစ်ကုန်ကြသည်။
သို့ရာတွင် နန်းမတော်ကြီးက ညီမတော် မင်းတပ်ထိပ်ခေါင်တင်လေး၏ လုပ်ရပ်အပေါ်အမျက်မထွက်ရုံမက အားရဝမ်းသာဖြင့်
"စုဖုရားအပေါ် မင်းတပ်ညလေးတယောက်ပဲ သင်္ကြန်တော်ဆက်ဖို့ သတိရပေပါ့ကွယ်"
ဟုမိန့်တော်မူပြီး ရွှေအတိပြီးသော ငါးရုပ်နှစ်ရုပ်ကို ဆုချခဲ့ဖူးလေသည်။
#မင်းနန်သူ
13/04/2026
"အိမ်ရှေ့တော်မင်းသမီးများ ဖိနပ် ပေးကိုင်ချင်စမ်းပါရဲ့"
ရတနာပုံခေတ်မှာ မင်းတုန်းဘုရင် ရဲ့ သမီးတော်တွေနဲ့ အိမ်ရှေ့စံကနောင်မင်းရဲ့ သမီးတော်တွေဟာ နန်းမတော်ဆောင်ကို လာရောက်လို့ မိကြီးတော်စကြာဒေဝီ အလိုကျ လောကုတ္တရာစာပေများ သင်ယူကြရပါတယ်။
ဒီအခါမှာ အိမ်ရှေ့တော်ဆက် မင်းသမီးတွေဟာ နန်းတော်ကြီးပေါ်က ဘုရင့်သမီးတော်တွေထက် ဉာဏ်ကောင်းပြီး သင်ကြား သမျှကို ခဏမဆိုင်း တတ်မြောက်ကြပါတယ်။
ဒါကိုမြင်တော့ မိကြီးတော် စကြာဒေဝီဟာ ဂရုဏာဒေါသောနဲ့ နန်းတော်ကြီးပေါ်က ဘုရင့်သမီးတော်တွေကို "အိမ်ရှေ့တော်ကမင်းသမီးတွေရဲ့ ဖိနပ် ပေးကိုင်ရမယ်" လို့ ပြစ်တင်ရေရွတ်ခဲ့ပါတယ်။
ဒီအခါမှာ အိမ်ရှေ့တော်က မင်းသမီးတွေဟာ နန်းတော်ကြီးပေါ်က ဘုရင့်သမီးတော်တွေ အမျက်သိုမှာစိုးတာနဲ့
"ရွှေနန်းပေါ်က မမများမှာတော့ ဘကြီးတော်ဘုရား ဝေယျာဝစ္စများ ပြုမူဆောင်ရွက်ပေးနေရတာနဲ့ အိမ်ရှေ့တော်က ညီမတော်တို့လို အချိန်ပြည့်စာပေ မသင်အံနိုင်လို့ ဖြစ်ပါလိမ့်မယ်"
ရယ်ဆိုပြီး ကာကွယ်ပေးခဲ့ကြပါတယ်။
ဒီနေရာမှာ ထူးခြားတာကတော့ လောကီစာပေ ကဗျာလင်္ကာအရာမှာ သူမတူအောင် တတ်ကျွမ်းတဲ့ အိမ်ရှေ့ထိပ်ထား စံရာ အိမ်ရှေ့တော်က မင်းသမီးတွေဟာ မိထွေးတော်အိမ်ရှေ့မိဖုရားရဲ့ ခြေရာကို မနင်းခဲ့ကြဘဲ လောကုတ္တရာစာပေ မွေ့လျော်သူ နန်းတော်ကြီးပေါ်က မိကြီးတော်စကြာဒေဝီရဲ့ ခြေရာကိုသာ နင်းခဲ့ကြပါတယ်။
သို့ကလိုပဲ နန်းတော်ကြီးပေါ် က ဘုရင့်သမီးတော် အမြောက်အများဟာ လည်း မိကြီးတော်စကြာဒေဝီ ရဲ့ လောကုတ္တရာစာပေထက် အိမ်ရှေ့တော်က အရီးတော် အိမ်ရှေ့မိဖုရားလှိုင်ထိပ်ထားရဲ့ စာပေလင်္ကာဖွဲ့ဆိုမှုမှာ လိုက်စား ကျွမ်းဝင် ခဲ့ကြပြန်ပါတယ်။
ပုံ- အိမ်ရှေ့တော် မှ လောကုတ္တရာစာပေ တတ်ကျွမ်းဆုံးဖြစ်သည့် ထိပ်ခေါင်တင်ဟေ့ (ဝဲ) နှင့် နန်းတော်ကြီးပေါ်မှ ကဗျာလင်္ကာဖွဲ့ဆိုမှုအရာ အကျွမ်းကျင်ဆုံးသော ဟင်္ဂမော်ထိပ်ခေါင်တင် (ယာ)
#မင်းနန်သူ
12/04/2026
"နော်ရထာမင်းစော အုတ်ဂူတော်" (သို့) "ဝပ်ကူတောင်း ဘုရား"
~~~~~~~~~~~~~~~~
ဘုရင့်နောင်မင်းတြားကြီး သားတော်တွေထဲမှာ ရာဇဒေဝီရှင်မိဖုရားက မွေးဖွားခဲ့တဲ့ နော်ရထာမင်းစော ဟာ ဘုန်းကြီးခဲ့သူ ဖြစ်တာနဲ့အညီ နန်းစံရင်း ကံကုန်ခဲ့ရပါတယ်။
နော်ရထာမင်းစော နဲ့ ဆင်ဖြူရှင်မယ်တော်တို့ မောင်နှံနှစ်ဖော် အုပ်စိုးခဲ့ရတဲ့ ဇင်းမယ်ပြည်ကြီးမှာ သူတို့အငွေ့အသက်နဲ့ပတ်သက်ပြီး ပြသစရာဆိုလို့ နော်ရထာမင်းစော ရဲ့ အရိုးအိုးစေတီ တဖြစ်လည်း ဝပ်ကူတောင်း စေတီတော်ကြီး သာ ကျန်ရှိပါတော့တယ်။
#မင်းနန်သူ
11/04/2026
"ထိုလေးပါး"
မင်းတုန်းဘုရင် လက်ထက်မှာ ဘုရင် လိုက်ပါသည်မဟုတ်ဘဲ ကြည်းတပ်ရေတပ် စုံအညီဖွင့်ပြီး ကိုယ်ပိုင် ရံရွေ ခြံရံလို့ နန်းပြင်ခရီးထွက်ကြွ နိုင်ခဲ့တဲ့ အင်အားကြီး မိဖုရား လေးပါးရှိခဲ့ပါတယ်။
ထို အခြွေအရံ အင်အားကြီး မိဖုရားလေးပါးထဲက ပထမဆုံး နန်းပြင်ခရီးထွက်ကြွပြီး တပ်ဝင်းစုံအညီဖွင့်နိုင်ခဲ့သူကတော့ မင်းမယ်တော် ထားထားတော်ပဲဖြစ်ပါတယ်။
မိဖုရားကြီးဟာ သမက်တော်နန်းတက်တာနဲ့တပြိုင်နက် သမီးဖြစ်သူ နန်းမတော်ကြီးနည်းတူ ခန့်ခိုင်းစီရင်စေဖို့ မယ်တော်ဝန် ကို ရရှိခဲ့သူလည်းဖြစ်ပါတယ်။
မြောက်နန်း အလယ်နန်း အနောက်နန်း နန်းဆွယ်တွေ စုံအညီ ဝန်းရံလို့ ဒုတိယမြောက် နန်းပြင်ခရီး ထွက်ကြွနိုင်ခဲ့သူ ကတော့ နန်းမတော်စကြာဒေဝီဖြစ်ပါတယ်။
မိဖုရားကြီးဟာ အများအားဖြင့်တော့ လင်တော်မောင်ဘုရင်မင်းမြတ်နဲ့သာ တပ်ဝင်းစုံအညီဖွင့်ပြီး ထွက်ကြွတတ်ပါတယ်။ တခါက မိဖုရားကြီး ရဲ့ နန်းပြင်ခရီး တခုမှာ ရှေ့တော်ပြေးတယောက်ကနေပြီး အင်္ဂလိပ်လူမျိုး တယောက် ကို ခဲအုတ်နဲ့ပစ်ပေါက်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရဖူးပါတယ်။
အဲ့သည်ကစပြီး မိဖုရားကြီး ဟာ တပါးတည်း နန်းပြင်ခရီး ထွက်ကြွခြင်းမပြုခဲ့တော့ပါဘူး။
တတိယမြောက် တပ်ဝင်းစုံအညီဖွင့်ပြီး ညီမတော် မိဖုရားအပေါင်း ခြံရံလို့ နန်းပြင်ခရီး ထွက်ကြွနိုင်ခဲ့တဲ့ မိဖုရားကြီးကတော့ မြောက်နန်းတော်မိဖုရား ရှင်သဲပဲဖြစ်ပါတယ်။
နန်းမတော်စကြာဒေဝီ ကတော့ မြောက်နန်းမိဖုရား ကို အနေခက်မှာ စိုးတာကြောင့်နဲ့ တော်ရုံလိုက်လေ့မရှိခဲ့ပါဘူး။ ကျန်နန်းရိုးတွေကတော့ အရပ်သူဖြစ်တဲ့ မိဖုရားကြီးကို ဦးမခိုက်လိုတဲ့အတွက်ကြောင့် နေရစ်ခဲ့ကြပါတယ်။ ဒါကြောင့် မြောက်နန်းမိဖုရား ရဲ့ ခရီးစဥ် တွေဟာ ညီမတော် မိဖုရားများနဲ့သာ ရှိခဲ့ရပါတယ်။
စတုတ္ထမြောက် တပ်ဝင်းဖြန့်ကျက်လို့ နန်းပြင်ခရီး ထွက်ကြွနိုင်ခဲ့တဲ့ အထိ အင်အားကြီးခဲ့သူကတော့ အလယ်နန်းမိဖုရားကြီးဖြစ်ပါတယ်။
အရီးတော်ကြီးနဲ့ မြောက်နန်းတော် တို့ ရှိစဥ်က ငြိမ်ဝပ်နေခဲ့သလောက် ထိုနှစ်ပါး မရှိတော့တဲ့နောက်မှာ ဆောင်ရစုံအညီဖြန့်ကျက်လို့ အင်အားကြီးစွာနဲ့ အနောက်ဆောင်ကို ထိတ်လန့်စေခဲ့သူဖြစ်ပါတယ်။
အစ်မတော်စကြာဒေဝီ ရဲ့ အလိုလိုက်မှုနဲ့ နန်းမတော်ဆောင်က ရွှေပန်းအိုးများအတိုင်း တတွေမသိမ်း သူ့နန်းဆောင်မှာ ရှိစေရမယ်ဆိုပြီး အရှင်နှစ်ပါး ကို အပူကပ်နိုင်ခဲ့သူလည်းဖြစ်ပါတယ်။
အစ်မတော်စကြာဒေဝီရဲ့ အင်အားကို မယှဥ်နိုင်ပေမယ့် ဆောင်ရသုံးပါးအထိ သိမ်းသွင်းထားနိုင်ခဲ့တဲ့ အလယ်နန်းမိဖုရားကြီးရဲ့ အင်အားကတော့ မသေးခဲ့လှပါဘူး။
by yebhonekhant
#မင်းနန်သူ
09/04/2026
"ထိုမိသားစု"
~~~~~~~~~~~~
ဘုရင့်နောင်မင်းတြားကြီးရဲ့ ညီတော် အင်းဝဘုရင်ခံ သတိုးမင်းစော ဟာ နောင်တော်မင်းတြားကြီး လက်ဆက်ပေးခဲ့တဲ့ တူမတော် တဖြစ်လည်း သူ့ရဲ့ အင်းဝမိဖုရား အပေါ် အင်မတန်ချစ်ခင်ခဲ့ရှာပါတယ်။
ဒါကြောင့်လည်း တပါးကိုယ်လုပ်မယားတို့ပင် မထားရှိခဲ့ဘဲ သူ့မိဖုရားကြီး အပေါ်မှာသာ အချစ်ကို ပုံအပ်လို့ ပေးထားခဲ့ပါတယ်။ ဒီကနေ တဦးတည်းသော သမီးတော် "နတ်သျှင်မယ်တော်" ဖွားမြင်လာပြန်တော့လည်း သမီးလေး အပေါ်မှာ အကြွင်းမဲ့ ချစ်ခင်မြတ်နိုးခဲ့ရှာပြန်ပါတယ်။
ဒါကြောင့်နဲ့ အင်းဝဘုရင်ခံကြီးဟာ ဟံသာဝတီမှာ သူ့ရဲ့ သမီးတော် အိမ်ရှေ့မိဖုရား အနှိပ်စက်ခံနေရတယ် သတင်းကြားတော့ အင်မတန် သောကပွေသွားခဲ့ပါတယ်။
ဒီအထဲ အပါးကနေ သူအမြတ်နိုးရဆုံးသော မိဖုရားကြီးကလည်း တတွတ်တွတ်နဲ့ ရေရွတ်တိုက်တွန်းနေပြန်တော့ မတတ်သာတဲ့အဆုံး သမီးနဲ့ဇနီးအတွက် ဟံသာဝတီကို စစ်ခင်းဖို့ပြင်ရပါတော့တယ်။
ဒီတင်ပဲ အင်းဝဘုရင်ခံ ဟာ တူတော်နန္ဒဘုရင်နဲ့ စီးချင်းထိုး စစ်ဖြစ်ရာက အင်အားများတဲ့ ဟံသာဝတီက အနိုင်ယူသွားတာကို ခံလိုက်ရပါတော့တယ်။ ဒါကြောင့်ပဲ စစ်ရှုံးဘဝနဲ့ ဘုရင်ခံကြီးဟာ အချစ်ရဆုံးသော သမီးနဲ့ ဇနီးကို ချန်ရစ်လို့ ထွက်ပြေးတိမ်းရှောင်ရာက လမ်းခရီးတင် အနိစ္စရောက်ခဲ့ရပါတော့တယ်။
အင်းဝဘုရင်ခံကြီး ရဲ့ သမီး အပေါ်ထားရှိတဲ့ မေတ္တာတရားကနေ ဖြစ်ပေါ်ခဲ့တဲ့ ဒီစစ်ပွဲကြီးဟာ ဘုရင့်နောင်မင်းတြားကြီးရဲ့ တောင်ငူအင်ပါယာကို ပျက်စီးဖို့အကြောင်း ဖြစ်ခဲ့တယ်ဆိုတာကိုတော့ ဘုရင်ခံကြီးအနေနဲ့ သိမသွားခဲ့ရပါဘူး။
ဒါပေမယ့် ဘုရင့်နောင်မင်းတြားကြီး ရဲ့ ညီတော်ဖြစ်တဲ့ စစ်ရေးအကျွမ်းကျင်ဆုံးသော အင်းဝဘုရင်ခံကြီးကိုသာ လိမ္မာပါးနပ်စွာ လက်အောက်မှာ ထိန်းသိမ်းထားနိုင်ခဲ့ရင် တောင်ငူအင်ပါယာကြီး အလွယ်တကူ ပျက်စီးခဲ့မှာ မဟုတ်ဘူးဆိုတာကို နန္ဒဘုရင် အနေနဲ့ ဆင်ခြင်စဥ်းစား နောင်တရမိမှာ မလွဲပါဘူး။
#မင်းနန်သူ
07/04/2026
စကားမိဖုရားကြီး
(ဘိုင်ဆပ်တို့အား မရဏလမ်းပို့ခဲ့သူ)
ကုန်းဘောင်နဝမမြောက် ပုဂံမင်းလက်ထက်တွင် ပြည်သူလူထုနဲ့တကွ နန်းတွင်း မှူးမတ်မျိုးနွယ်ပါမကျန် ကြောက်လန့်တုန်လှုပ်၊ ရွံရှာခဲ့ရသော ဇေရဘာဒီ မျိုးနွယ်ဝင် ဘိုင်ဆပ်တို့လူစု တန်ခိုးထွားခဲ့ဖူးသည်။
ထိုကဲ့သို့ တန်ခိုးထွားခဲ့သော ပုဂံမင်း၏အချစ်တော် ငယ်ကျွန်ရင်း ဘိုင်ဆပ်နဲ့အပေါင်းအပါတို့ကို မည်သူမျှမထိပါးရဲသောအချိန်တွင် ပုဂံမင်း၏ မိဖုရားငယ်တပါးမှ မိမိ၏ရာထူးနှင့် အသက်ကို အလဲအထပ်ပြု စွန့်စား၍ ထိုလူတစုအား မရဏလမ်းပို့ဆောင်ခဲ့ဖူးသည်။
ထိုမိဖုရားမှာ စကားမိဖုရားကြီး ပင်ဖြစ်လေသည်။ စကားစော်ဘွား ဆက်သသည့် သမီးကညာမှ မိဖုရားအရာရောက်သည်ဖြစ်၍ စကားမိဖုရားကြီးဟု ခေါ်ဆိုခြင်း လည်းဖြစ်သည်။
ပုဂံမင်းသည် ဘုရင်အဖြစ်ကို မိမိအရည်အချင်းကြောင့်မဟုတ်ဘဲ မယ်တော်မိဖုရားကြီး၏ ကြိုးပမ်းမှုကြောင့်သာ ရရှိခဲ့ ခြင်းဖြစ်ပြီး မင်းကျင့်တရားဆယ်ပါးကိုကျင့်သုံးခြင်းထက် ငယ်စဥ်ဝါသနာဗီဇဖြစ်သော ကြက်၊ချိုး၊ခါ၊အစရှိသော သတ္တဝါများကို မွေးမြူခြင်း၌သာမွေ့လျော်ခဲ့လေသည်။
ထို့ကြောင့် ပုဂံမင်းသည် နံနက်အိပ်ရာမှထပြီဆိုသည်နှင့် အဘယ်အရပ်၌ ကြက်ပွဲများဖန်တီးထားကြောင်း၊ အဘယ်အရပ်၌ ဘယ်သတ္တဝါသည် မည်မျှ အရည်အချင်းရှိသည်ကို တွေ့ထားကြောင်း စသော ငယ်ကျွန်ရင်း ဘိုင်ဆပ်တို့ တင်လျှောက်သည့် အမှုအရေးတို့ကိုသာ လုပ်ဆောင်ရန် အာသီသရှိနေပြီး တိုင်းပြည်ရေးတို့အား ဝန်ကြီးများနှင့်အပြီးပိုင် မျက်နှာလွှဲထားခဲ့လေ့ရှိသည်။
ထိုအခါ ပုဂံမင်း၏ သည်းခြေကြိုက်ဖြစ်သော ထိုသတ္တဝါများအား ကျွေးမွေးရန်အတွက် အထူးထူးသော အစားအစာတို့ကို ငယ်ကျွန်ရင်း ဘိုင်ဆပ်တို့ မှ တာဝန်ယူ ရှာဖွေပေး ကြလေရာ ထိုအစာတို့အတွက် မြို့တော်အတွင်းနေထိုင်သော သူဋ္ဌေး၊သူကြွယ်တို့၏အိမ်ဝိုင်းများအတွင်းရှိ မြေတို့အား တူးဖော်ရှာဖွေကြသည်။
ထိုသို့ရှာဖွေရင်းမှ ခိုးရာပါပစ္စည်းတခုခုအား ဤအိမ်ဝိုင်းအတွင်း၌ တွေ့ရှိသည်ဟုဆိုကာ မတရားအမှုဆင်၍ ထို သူဋ္ဌေးသူကြွယ်တို့အား စွပ်စွဲခဲ့ပြန်ရာ ဘုရင့်အချစ်တော်ဘိုင်ဆပ်တို့အား မတုပဝံ့၍ ထိုပုဂ္ဂိုလ်တို့မှ လာဘ်ထိုးကာ ပြဿနာကို ငြိမ်းအေးစေကြရသည်။
ထိုမှတဆင့် ဘိုင်ဆပ်တို့လူစုသည် အတင့်ရဲလာကြပြန်ရာ နန်းတော်တွင်းအသိုင်းအဝိုင်းသို့ပါ ဝင်ရောက်၍ ထိုနည်းတူစွာ လည်ဆယ် ဉာဏ်ဆင်၍ အမှုဆင်ကာ လာဘ်လာဘတို့အား ရှာကြံကြပြန်သည်။
ထိုသို့အမှုဆင်ခံရသော မိဖုရားငယ်များ၊ကိုယ်လုပ်တော်များ၊မှုးမတ်များသည် မိမိတို့၌အပြစ်မရှိပါဘဲ အပြစ်ရှာသည်ကို သိပင်သိငြားသော်လည်း ဘုရင်မှ မိမိတို့အပေါ် အပြစ်တင်အမျက်ရှ မည်စိုးရိမ်၍ ဘိုင်ဆပ်တို့အား လာဘ်ထိုးကာ အမှုကိုငြိမ်းစေကြပြန်သည်။
တခါသော် စကားမိဖုရားကြီးအဆောင်တွင်ခစား ထမ်းရွက်နေသော နားခံတော်ငရွှေရ၏ သမီး အပျိုတော်မိညိုကို ရွှေဖလားခိုးယူသည်ဟုစွပ်စွဲကာ အမှုဆင်၍ ထိုအမှုအား ဘိုင်ဆပ်တို့မှ ကြိုးရှည်ရှည်နှင့်လှန်ကာ အပျိုတော်မိညို၏အရှင်သခင်မဖြစ်သော စကားမိဖုရားကြီး ထံမှ ပေးဆောင်လာမည့် လာဘ်လာဘကိုမျှော်ကိုး၍ နေကြတော့သည်။
သို့သော် စကားမိဖုရားကြီး သည် လာဘ်ထိုးရန် ထိုမြို့ဝန်ထံသို့မသွားဘဲ အနောက်ဆောင်၌နေမြဲအတိုင်းနေခဲ့သည်။ တဖက်၌လည်း အကယ်၍ ဤအမှုသည် ဘုရင့်ရွှေနားသို့ပေါက်ကြားလျှင် ငယ်ကျွန်ရင်း ဘိုင်ဆပ်၏ စကားသာ နားဝင်မည်ဖြစ်ပြီး မိမိမှာ အသက်နဲ့ကိုယ် အိုးစားကွဲမည် မုချပင်ဖြစ်သော်လည်း သမာဒေဝနတ်အပေါင်းတို့အားတိုင်တည်၍ ရင်တထိတ်ထိတ်နဲ့သာ ဖြစ်နေခဲ့ရသည်။
ဘိုင်ဆပ်မှလည်း စကားမိဖုရား၏ လာဘ်လာဘကိုစောင့်မျှော်နေရင်းဖြင့် စိတ်မရှည်ဖြစ်ကာ ယနေ့မှ မလာရောက်လျှင် မနက်ဖန်ညတွင် စကားမိဖုရားအဆောင်သို့သွားရောက်၍ ရွှေဖလားသူခိုးနဲ့တကွ ခိုးရာပါသက်သေပစ္စည်းအား ယူဆောင်ကာ ဘုရင့်ထံတိုင်ကြား၍ ထိုမိဖုရားကြီးအား တခါတည်းအပြီးအပိုင် ဖြုတ်ချပစ်မည်ဟု ကြိမ်းဝါးနေခဲ့တော့သည်။
ထိုနေ့ညတွင် ပုဂံမင်းအိပ်စက်နေရာ မှန်နန်းဆောင်ကြီးအတွင်းသို့ စစ်တောင်းစားမြို့ဝန် ဘိုးဘိုးသည်တစ်ကိုယ်လုံး ပိတ်ဖြူစင်ကြယ်များဝတ်ဆင်၍ လာရောက်ကာ ပုဂံမင်းအားနှိုး၍
"လူလေး တိုင်းပြည်ကိုကြည့်ရှုပါဦး"
ဟုပြောကြားခဲ့သည်။ ဤတွင် ပုဂံမင်းလည်း အထိတ်တလန့် ဖြင့်
"ဘိုးဘိုး ကျွန်ုပ်တိုင်းပြည်ဟာ အေးချမ်းပါတယ်ဘိုးဘိုး၊ အဘယ်ကိစ္စကြောင့် ခုလိုပြောရပါသလဲဘိုးဘိုး"
လို့ပြန်လည်မေးမြန်းလိုက်သည်။
"လူလေး အကြောင်းထူးသိချင်လျှင် မနက်ဖန်ညမှာ တောင် စမုတ်တော်တွင် ရုပ်သေးပွဲကြည့်ရှုပါ၊ အကြောင်းစုံသိရပါလိမ့်မည် လူလေး"
ထို့သို့ပြောကြားရင်း စစ်တောင်းစားဘိုးဘိုးမှာ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီး ပုဂံမင်းလည်း အိမ်မက်မှ လန့်နိုးခဲ့လေသည်။ ပုဂံမင်းအား အိမ်မက်လာပေးခဲ့သည်ဆိုသော ထိုစစ်တောင်းစားဘိုးဘိုးသည် လွန်ခဲ့သောနှစ်များကတည်းက ကံကုန်ကွယ်လွန်ပြီးဖြစ်သည်။
နောက်နေ့တွင် ပုဂံမင်းလည်း တောင်စမုတ်တော်၌ ရုပ်သေးပွဲကြည့်ရှူမည်ဖြစ်ကြောင်း အမိန့်ထုတ်ခဲ့ပြီး မိဖုရားခေါင်ကြီးအမှူး ပြုသော မိဖုရားအပေါင်းတို့နှင့် ရုပ်သေးပွဲကြည့်ရှူခဲ့လေသည်။
ထိုရုပ်သေးပွဲသို့ အမှုအတွက်ရတက်မအေးရှာသူ စကားမိဖုရားကြီး မှာ မတက်ရောက်နိုင်ခဲ့ဘဲ မိမိအစေခံများနဲ့အတူ အနောက်ဆောင်၌ နေရစ်ခဲ့သည်။
ထိုအချိန်တွင် အကြံသမားမူးယစ်ထုတ် တစုဖြစ်သော ဘိုင်ဆပ်တို့သေသောက်ကြူးများမှာ အခွင့်ကောင်းဟု ယူဆပြီး စကားမိဖုရားအဆောင်သို့ အနောက်ဝန်ခွင့်ပြုချက်မပါဘဲ အတင်းဝင်ရောက်လာကြပြီး ရွှေဖလားသူခိုးမိညိုအား တောင်းခံကြတော့သည်။
ထိုအခါ မိမိအကွက်တွင်းသို့ ထို ယစ်ထုတ်လူတစု ဝင်ရောက်လာပြီဖြစ်ကြောင်း စကားမိဖုရားမှသိရှိရသည်နှင့် ပုဂံမင်းရှိရာ တောင်စမုတ်တော်သို့ ပြေးလွှားသွားရောက်ပြီး ဘိုင်ဆပ်တို့အရက်သမားတစ်စုသည် ပုဂံရွှေနန်းရှင်မရှိခိုက် ညအချိန်မတော် အနောက်ဝန်၏ခွင့်ပြုချက်မပါဘဲ အတင်းလာရောက်၍ ဘုရားကျွန်မတို့အား စော်ကား ရိုင်းပျနေပါကြောင်း တင်လျှောက်ရာ ပုဂံမင်းလည်း မိဖုရား၏ စကားကိုအတည်ပြု၍ အမှုကိုလက်ခံကြားနာလေသည်။
ထိုအခါ ဘိုင်ဆပ်တို့၏မတရားမှုများကို ငြိမ်ခံခဲ့ရရှာသည့် နန်းတွင်း လူအုပ်ကြီးသည် စကားမိဖုရားကြီးဘက်မှ ဝိုင်းဝန်းကူညီလျှောက်ထားကြပြန်လေသည်။ ဤတွင် ပုဂံမင်းလည်း မယားထိဓားကြည့်ဟုဆိုရမည့်ပမာ ဒေါသအမျက်ချောင်းချောင်းထွက်၍ အစစ်အဆေးမရှိ ဘိုင်ဆပ်တို့အား သတ်စေ အမိန့်ထုတ်ပြီး အမှုကို ဆုံးဖြတ်ခဲ့တော့သည်။
ဤသို့ဖြင့် လူအပေါင်းတို့အား ဒုက္ခအလီလီပေးနေခဲ့သော ဘိုင်ဆပ်တို့လူစုသည်လည်း နောက်ဆုံးတွင်စကားမိဖုရား၏ အကွက်သို့ဝင်၍ မရဏလမ်းမြန်းခဲ့ရရှာတော့သည်။
ကိုးကား
ရတနာပုံနိဒါန်းနိဂုံး
ဒဂုန်ခင်ခင်လေး
#မင်းနန်သူ
06/04/2026
"ကျပင်းခေါင်ဖျား၏ နန်းမတော်ဘဝ လွန်မြောက်ချိန်"
~~~~~~~~~~~~~~~~~~~
ကျပင်းခေါင်ဖျား သည် လင်တော်မောင် သာယာဝတီမင်း ကံကုန်သည့်နောက်၌ နန်းမတော်ဘဝကို စွန့်လွှတ်၍ ဘုရင့်မယ်တော်ဘဝသို့ ဆိုက်ရောက်ခဲ့စဥ် သားတော်ပုဂံရွှေနန်းရှင်၏ ချီးမြှောက်မှုဖြင့် စံရာမိဖုရားခေါင် နန်းဆောင်မှ မထွက်ကြွရဘဲ စံမြန်းခဲ့ရပေသည်။
ထို့ကြောင့် ပုဂံရွှေနန်းရှင် ၏ မိဖုရားခေါင်ဖြစ်သော တူမတော် စုမယ်အို အတွက် အလယ်နန်းဆောင်တော်ကို ပြုပြင်၍ တောင်နန်းသမုတ်ခဲ့ရပြီး အလယ်နန်းမိဖုရားကိုမူကား နောက်သို့ဆုတ်၍ အနောက်နန်းမိဖုရား စံရာနန်းနှင့် တတန်းထဲထား စံမြန်းခွင့်ပြုခဲ့ရလေသည်။ ထိုအချိန်မှစ၍ ရတနာပုံခေတ်တိုင် အလယ်နန်းမိဖုရားတို့ ၏ နန်းဆောင်မှာ နန်းဆွယ်မိဖုရား အနောက်နန်းမိဖုရား တို့နှင့် တတန်းထဲ စံစားရလေတော့သည်။ (မင်းတုန်းဘုရင် ၏ အလယ်နန်းမိဖုရားနှင့် နန်းဆွယ် စိန်တုံးမိဖုရားတို့၏ မပြေလည်မှုမှာ ထိုသို့တတန်းထဲထား စံရသည့်အတွက်ကြောင့်ပင်)
ထိုသို့ စံစားခဲ့ရာမှ သမက်တော် မင်းတုန်းဘုရင် လက်ထက်သို့ ရောက်သည်တွင်လည်း ဘုရင့်ယောက္ခမတော်ဘဝ နှင့် စံမြဲ တောင်နန်းတော်တွင် ဆက်လက်စံစားပြီး အထူးအခွင့် တရပ်ဖြစ်သော မိဖုရားခေါင် တပါးတည်းသာ စေစားထားနိုင်သည့် အတွင်းကိုယ်ရံတော်တပ်ဖွဲ့ကို ပိုင်သခဲ့ပြန်လေသည်။
ထို့ကြောင့် မင်းမယ်တော်ကြီး ထွက်တော်မူတိုင်း အပါးတော်က လိုက်ပါစောင့်ကြပ်ရသည်ဖြစ်သော ထိုကိုယ်ရံတော် တပ်ဖွဲ့ကို မယ်တော်ဘုရားတပ်တော် ဟူ၍ ခေါ်ဝေါ်ကြရလေပြီး ထိုတပ်ဖွဲ့၌ အတွင်းဝန်မင်းများ စသဖြင့် အထင်ကရ ပုဂ္ဂိုလ်ကြီးတို့ ပါဝင်ခဲ့လေသည်။
တခါသော် သာသနာပြုဆရာတော် ပျံလွန်တော်မူသည်နှင့် မယ်တော်ဘုရားကြီး တပ်ဝန်းဖြန့်ကျက်၍ ထွက်မည်ရှိရာ ခင်းကျင်းမြဲ ရထား အချိန်မီ မရောက်သည်နှင့် မယ်တော်ဘုရားကြီး၏ ခရီးစဥ်ပျက်စီးရလေရာ အဓိကတာဝန်ရှိသော နောက်တော်ပါမြင်းဝန် အရာကျအကျဥ်းထားခံခဲ့ရလေသည်။
တချိန်သောအခါက ကျပင်းခေါင်ဖျား ၏ ဘွားမတော်ဖြစ်သော ဆင်ဖြူရှင်မင်းတြား၏ မိဖုရားခေါင်မယ်မင်းလှ သည်လည်း ထိုသို့ မိဖုရားခေါင်ဘဝ ဘုရင့်မယ်တော်ဘဝများ အသီးသီးရောက်ရှိခဲ့ရသော်ငြား မြေးမတော်ကဲ့သို့ ဘဝနေဝင်ချိန်တိုင် ကံမကောင်းခဲ့ရဘဲ အရာကျမယ်တော်ကြီးဘဝနှင့် ရွှေထီးကိုပင် အခွင့်သနားမှ ဆောင်းခွင့်ရခဲ့လေသည်။
ပုံ- သားတော်ပုဂံရွှေနန်းရှင်လက်ထက်တွင် ကျပင်းခေါင်ဖျား စံစားခဲ့သော နန်းဆောင်တော်ကြီး(စမုခ်ဆောင်၏ နောက်ဖက်မှနန်းဆောင်တော်)
#မင်းနန်သူ
04/04/2026
"ငတွန်လူဆိုး မြေခွေးမျိုးနှင့်"
ထွတ်ချာဒေဝီ နှင့် မြေဒူးမင်းသား စကားအရောအယှက်ရှိ၍ ဟူသော တင်လျှောက်ချက်ကြောင့် အလောင်းမင်းတြား၏ ပြည်ထောင်ဘက် သူရဲကောင်းဖြစ်သော ဗိုလ်တွန် မှာ သူပုန်ဘဝရောက်၍ အသက်ဆုံးရှုံးခဲ့ရသည့်တိုင် နာမည်ပျက်စာရင်းတွင်လည်း သွတ်သွင်းခံခဲ့ရလေသည်။
အလောင်းမင်းတြားကြီး ၏ နေဝင်ချိန်တွင် အနီးကပ်ရှိခဲ့ကြသည်ဖြစ်သော ထွတ်ချာဒေဝီ ၊ မြေဒူမင်းသားနှင့် ဗိုလ်တွန်တို့ တွင် မြေဒူးမင်းသား နှင့် ထွတ်ချာဒေဝီက တဖက် ဗိုလ်တွန်က တဖက်ဖြင့် အခြေအနေတင်းမာလာပြီး သဘောထားကွဲလွဲခဲ့ကြလေသည်။
မြေဒူးမင်းသား နှင့် ထွတ်ချာဒေဝီ က ဗိုလ်တွန်သည် ခမည်းတော်ဆုံးသည်နှင့် သဘောထားမမှန်တော့ဘဲ ဖောက်လွှဲဖောက်ပြန်ပြုချေပြီဟု ဆိုပြီး ယိမ်းနွဲ့ပါးဓားကို သိမ်းယူလိုက်သည်။
သည်တွင် ဗိုလ်တွန်ကလည်း ဆင်ဖြူရှင် နှင့် ထွတ်ချာဒေဝီ တို့စကားအရောအယှက်ပြု၍ မသင့်သည်ကိုကြံစည်တော့မည်ထင်ကြောင်း နောင်တော်ကြီးထံ လှမ်းပို့တင်လျှောက်လေသည်။
သည်တွင် မြေဒူးမင်းသားသည် ဗိုလ်တွန်ကို သူ့နောင်တော် ဘုရင်မင်းမြတ် နှင့် ပေးမတွေ့စေတော့ဘဲ လမ်းခရီးတွင်ပင် သူပုန်အဖြစ်သို့ရောက်အောင် ပရိယာယ်ဆောင်၍ နှိက်စက်ကလူပြုလေသည်။
သို့ဖြင့် ဗိုလ်တွန်လည်း မြေဒူးမင်းသား၏ နှိပ်စက်မှုကို မခံနိုင်သည်နှင့် ပုန်ကန်မှုကိုပြုပြီး အင်းဝကိုသိမ်းပိုက်လိုက်လေသည်။
ထို့ကြောင့် နောင်တော်ကြီးမင်း အနေနှင့် ဗိုလ်တွန်ထံမှ တင်လျှောက်လာမည့် ထွတ်ချာဒေဝီ နှင့် မြေဒူးမင်းသား တို့၏ အကြံအစည်ကို အသေအချာ မကြားနိုင်တော့ဘဲ ညီတော်မြေဒူးမင်းသား၏ စကားနှင့်သာ အင်းဝကို သိမ်းပိုက်ထားသော ဗိုလ်တွန် ကို နှိမ်နင်း၍ အဆုံးစီရင်ပစ်ခဲ့လေတော့သည်။
သို့ဖြင့် ဗိုလ်တွန်ခမျာ အလောင်းမင်းတြားကြီး တိုင်းပြည်ထူထောင်စဥ်က သက်စွန့်ကြိုးပမ်းခဲ့ရသမျှ အရာ မထင်တော့ဘဲ ကုန်းဘောင်မင်း တို့၏ မြေခွေးနှင့် ခိုင်းနှိုင်း ရှုတ်ချပြစ်တင်ခြင်းကိုသာ ခံခဲ့ရလေတော့သည်။
ထိုစဥ်က ဗိုလ်တွန်တင်လျှောက်ခဲ့သကဲ့သို့ မြေဒူးမင်းသားသည် ဆင်ဖြူရှင်အဖြစ် ထီးနန်းရချိန်တွင် သူနှင့်အရောအယှက်ရှိခဲ့ဖူးသော ထွတ်ချာဒေဝီကို မြောက်နန်းအရာ ထိ ပေးအပ်ခဲ့လေသည်။
#မင်းနန်သူ
03/04/2026
ရွှေမှန်ကင်း အစစ်က
ထင်းဖြစ်ခဲ့တာကြာပြီ
ရေစီးတခါ သြော် ရေသာတလှည့်စီ
အမိမြန်မာပြည် တိုင်းမြန်မာပြည်.........
ရှေးယခင် မြန်မာမင်းတို့ရှိစဥ်အခါက ထိုသည့်သီဟာသနရာဇပလ္လင်ပေါ်သို့ အရှင်နှစ်ပါး မှ လွဲ၍ တရားစီရင်သော အိမ်ရှေ့မင်းပင် တက်ရောက်ခွင့်မရခဲ့ပေ။
သို့ပါသော်ငြား ထီးသုဥ်းနန်းသုဥ်းမြို့သုဥ်း သုညနှင့် ကြုံခဲ့သည့်အခါတွင်ကား .......
#မင်းနန်သူ
03/04/2026
"ထွတ်ချာဒေဝီ ရှင်ရွှေဥ"
အလောင်းမင်းတြားနဲ့ ဆင်ဖြူရှင်တို့လက်ထက် အနောက်ဆောင်မှာ မျက်နှာပန်းအပွင့်ဆုံးသော မိဖုရားကိုပြပါဆိုရင် ထွတ်ချာဒေဝီ ဘွဲ့ခံ ရှင်ရွှေဥ ကို ပြရပါမယ်။
တချို့ပုဂ္ဂိုလ်တွေက ထွတ်ချာဒေဝီ ဘွဲ့ခံ ရှင်ရွှေဥ ကို သူ့ဘကြီးတော်ဖြစ်တဲ့ ဟံသာဝတီရောက်မင်းရဲ့ မိဖုရား အဖြစ်မှားယွင်းစွာ ဖော်ပြရုံမက ဟံသာဝတီရောက်မင်းနဲ့ သားသမီးနှစ်ပါးပင် ပွားစီးခဲ့တယ်လို့ဆိုကြပါတယ်။ ခုလိုမှားယွင်းစွာ ဖော်ပြကြတဲ့အကြောင်းကတော့ ဟံသာဝတီရောက်မင်းရဲ့ မိဖုရားစာရင်းထဲက ထွတ်ချာဒေဝီ ဘွဲ့ခံမိဖုရားတပါးကို ရှင်ရွှေဥ အဖြစ် သတ်မှတ်နေကြလို့ပါ။
တကယ်တော့ ရှင်ရွှေဥ ရဲ့ ထွတ်ချာဒေဝီ ဘွဲ့ဆိုတာ အလောင်းမင်းတြား လက်ထက် ရွှေဘိုနန်းတော်ကိုရောက်မှ ရရှိခဲ့ခြင်းဖြစ်ပါတယ်။ ဒီတုန်းက အလောင်းမင်းတြားရဲ့ မြောက်နန်းမိဖုရား (ခင်ယွန်းစံတူမတော်) ပင်လျှင် ဒေဝီဘွဲ့ မခံရသေးချိန်မှာ ကိုယ်လုပ်တော်ဘဝနဲ့ ရှင်ရွှေဥ ဟာ ဒေဝီဘွဲ့ခံခဲ့ရခြင်းဖြစ်ပါတယ်။
ညောင်ရမ်းမင်းသမီးတွေထဲကနေ သူတပါးထဲ အလောင်းမင်းတြားရဲ့ အမြတ်နိုးဆုံး ကိုယ်လုပ်တော်ဖြစ်လာရတဲ့ ရှင်ရွှေဥ ဟာ ကုန်းဘောင်မင်းသမီး တွေအဖို့ မျက်ခုံးလှုပ်စရာပါပဲ။
ကုန်းဘောင်မင်းသမီးတွေ မျက်ခုံးလှုပ်တဲ့အတိုင်းပဲ ထွတ်ချာဒေဝီဟာ အလောင်းမင်းတြား မရှိတဲ့နောက် ဆင်ဖြူရှင်လက်ထက်အရောက်မှာ ကမ္ဗုထီးဖြူသခင်မ ဖြစ်တဲ့ မယ်မင်းလှကို ပင် ခြိမ်းခြောက်နိုင်တဲ့ အထိ မြောက်နန်းမိဖုရားအရာ ရောက်ရှိလာပါတယ်။
ဒါပေမယ့်လည်း ရှင်ရွှေဥ ခမျာ လင်တော်မောင် ဆင်ဖြူရှင် မရှိတဲ့နောက်မှာတော့ မုဆိုးမဘဝ မြောက်နန်းဟောင်းအရာနဲ့ပဲ ဘဝနိဂုံးချုပ်ခဲ့ရပါတော့တယ်။
(ကမ္ဗု့အရှင်မ ဝတ္ထုထဲမှ အဓိက ဇာတ်ကောင်ဖြစ်သော ရှင်ရွှေဥ ခေါ် ထွတ်ချာဒေဝီ)
#မင်းနန်သူ
02/04/2026
"ကမ္ဗု့ အရှင်မ"
~~~~~~~~~~~
ကမ္ဗုထီးဖြူသည်ကား မြေနန်းတော် သီဟာသန ရာဇပလ္လင် ၏ လက်ယာမှ ပလ္လင်တော်နှင့် အနီးဆုံး တွင် စိုက်ထူထားသော ထီးဖြူကြီး ဖြစ်လေသည်။
ထိုထီးဖြူသည် မင်းယောကျ်ားတို့ နှင့်မစပ်ဆိုင်ဘဲ မင်းမိန်းမတို့တွင် တပါးတည်းသော နန်းမတောင်ညာမိဖုရားခေါင်ကြီး ပိုင်သသော ထီးဖြူကြီးဖြစ်လေသည်။
ထိုထီးဖြူကြီးသည် မိဖုရားခေါင်ကြီး ကို ကိုယ်စားပြုသည်နှင့်အညီ မိဖုရားခေါင်နဲ့ ကမ္ဗုထီးကိုလည်း ခွဲခြားထား၍မရချေ။ မိဖုရားခေါင်ကြီး ထွက်တော်မူတိုင်း လူလေးယောက်မှ စုံအညီထမ်းရွက်၍ လိုက်ပါလာကြရမြဲဖြစ်လေသည်။
သို့ဖြင့် ကမ္ဗု့အရှင်မဟု ဆိုလိုက်သည်နှင့် မင်းတဆက်တွင် တပါးတည်းသာ ပေါ်ထွန်းအပ်သော မင်းဧကရာဇ် ၏ တိုင်းပြည်ထောင်ဘက် မိဖုရားခေါင်ကြီး ကို ရည်ညွှန်းသည်ဟု အလိုလိုနားလည်အပ်ပေ၏။
*******************
"မုဆိုးဆက် မုဆိုးဆက် သင်းတို့ရွာသူကြီးအဆက်ဟာ ကံဇာတာလေး တောက်ပလို့ ထီးနန်းစိုက်ထူပြီး ရွှေဘိုအရပ်မှာ နန်းကနက်စိုက်နိုင်သည်နဲ့ပဲ သူတို့ထက်သာသူ ဇမ္ဗူမှာ မရှိပါပကောရယ်နဲ့ တယ်လည်း ရာဇမာန်ပြင်းနေကြသကိုး တယ်ရှက်ဖွယ် ကောင်းလိုက်ပါဘိ"
"တို့များ ဘိုးဘေး ညောင်ရမ်းသွေးကိုများ အဖတ်မတန်ပါသကောရယ်နဲ့ ဟိုထောင်မှူးသမီး က ကိုယ်လုပ်တော်အရာသာ ထားစေရမယ်တဲ့လား ခံပြင်းလိုက်လေရဲ့ ငါ့အရှင် ညောင်ရမ်းမင်းသမီး ရှင်ရွှေဥ အကြောင်း သိရအောင် ပြလိုက်စမ်းမဟဲ့"
ရှင်ရွှေဥ (ထွတ်ချာဒေဝီ)
ညောင်ရမ်းမင်းတြားမှ ဆင်းသက်လာသော တနင်္ဂနွေမင်း၏ မြေးမတော်ကြီး ဖြစ်လေသည်။ တနင်္ဂနွေမင်းနှင့် မိဖုရား စန္ဒာဒေဝီတို့မှ မွေးဖွားသော သားတော်သုံးပါးအနက် အကြီးဆုံးသော သားတော် သရက်မင်းသား မှာ ရှင်ရွှေဥ ၏ ဖခင်ဖြစ်လေသည်။
သရက်မင်းသားနှင့် ဖတူမိကွဲ နောင်တော် စဥ့်ကူးမင်းသားသည် နောင်အခါ၌ မဟာဓမ္မရာဇာဓိပတိဟူသော ဘွဲ့မည်ဖြင့် ညောင်ရမ်းနောက်ဆုံးမင်းဆက်အဖြစ် နန်းတက်ခဲ့ရပြီး ဟံသာဝတီတွင် ရေချစီရင်ခံခဲ့ရလေသည်။
သို့ဖြင့် အင်းဝနန်းတော်၌ စံစားခဲ့ကြသော ရှင်ရွှေဥ အပါအဝင် ညောင်ရမ်းနန်းသွေး မင်းသမီး များမှာ ဟံသာဝတီထီးနန်း ၌ ညှိုးငယ်စွာ စံနေရချိန် မုဆိုးဘိုရွာသူကြီး ဦးအောင်ဇေယျ၏ ကယ်တင်စောင်မ မှုဖြင့် အထက်ရွှေဘိုသို့ ပြန်လည်ဆိုက်ရောက်ခဲ့ရပေသည်။
သို့စဥ်က မင်းသမီးအပေါင်းတွင် အချောဆုံးအလှဆုံးဖြစ်နေသော ရှင်ရွှေဥကို မုဆိုးဘိုရွာသူကြီး ဦးအောင်ဇေယျမှ မြတ်နိုးလှသဖြင့် "ထွတ်ချာဒေဝီ"ဘွဲ့ဖြင့် မိဖုရားမြှောက်ခဲ့သည့်တိုင် မိဖုရားခေါင်ခင်ယွန်းစံ၏ ကန့်ကွက်မှုဖြင့် ကိုယ်လုပ်တော်အရာဖြင့်သာ ခစားခဲ့ရပေသည်။ သို့တိုင် ထွတ်ချာဒေဝီဘွဲ့ခံ ရှင်ရွှေဥ သည်ကား ဦးအောင်ဇေယျ၏ မြတ်နိုးမှုကို ခံယူနေရဆဲပင်ဖြစ်လေသည်။
တရားဝင်မိဖုရားအရာ ရောက်သင့်ပါလျက် ထောင်သင်းမှူးသမီး ဝင်ရောက်နှောက်ယှက်သဖြင့် မရခဲ့လေခြင်းဟု သဘောပိုက်နေသော ထွတ်ချာဒေဝီ မူကား ခင်ယွန်းစံ အပေါ် အာဃာတတို့ ရှိနေမြဲပင်တကား။
~~~~~~~~~~~~~~~
"တခါလာလည်း ညောင်ရမ်းသွေး တခါလာလည်း ညောင်ရမ်းနန်းဆက် မှန်ကင်းက ထင်းဖြစ်ရုံမက ပြာဘဝရောက်လို့ ဘယ်ဆီနေမှန်းမသိတော့ဘူး ဒီအပြောတွေနဲ့ပဲ သွေးကြီးနေတဲ့ မျိုးမစစ် ညောင်ရမ်းမတွေ"
"တို့များ ဆွေမျိုးတစု သွေးချွေး အသက်စတေးပြီး အပင်ပန်းခံလို့သာ သင်းတို့ ခုလို ပေါ်ကြော့ပြန်နေနိုင်တာကလား မဟုတ်များရင်ဖြင့် ဘယ်သောင်တင်လို့ ဘယ်ကမ်းဆိုက်နေမယ်မသိတဲ့သူတွေ"
"အရီးတော်ဖျား အကြောက်အကန် ကျားကန်ပေးထားလို့သာ တို့များ မုဆိုးဆက်မှာ ဒင်းတို့ပလွှား အခန့်သားဘဝမမြင့်နိုင်တာ ကလား အရီးတော်ဖျား ကျေးဇူးကြီးမားပါ့ဖျား"
မယ်မင်းလှ (ပဒုမာဒေဝီ)
မိဖုရားခေါင်ခင်ယွန်းစံ၏ ညီမတော်အထွေးဆုံးမှ မွေးဖွားသော သမီးတော်လတ်ဖြစ်ပြီး မောင်တော်ဝမ်းကွဲ မောင်ရွ နှင့် လက်ဆက်ထားခဲ့သူဖြစ်လေသည်။ မယ်မင်းလှတို့ ရွှေဘိုသို့ ယောက္ခမတော်ကြီး အလောင်းမင်းတြားဘွဲ့ခံ ဦးအောင်ဇေယျနှင့် သားတော်တို့ ဟံသာဝတီထီးနန်းကို သိမ်းပိုက်၍ ဟံသာဝတီဘုရင်ဆက်သသော သမီးကညာရတနာနှင့်တကွ အထက်က အင်းဝပြည်ကို အုပ်ချုပ်ခဲ့သော ညောင်ရမ်းနန်းဆက် မင်းသမီးတို့ ဆိုက်ရောက်လာသည်ဆိုစဥ်က အားရဝမ်းသာ ဆီးကြိုခဲ့ကြဖူးလေသည်။
သို့စဥ်က အလောင်းမင်းတြားကြီး၏ ဝေါတော်ပေါ်၌ အတူယှဥ်တွဲလိုက်ပါလာသော ရှင်ရွှေဥ ကို မြင်ရုံဖြင့် မယ်မင်းလှ မျက်စိစပါးမွှေးစူး ခဲ့ပေသည်။ မွန်မင်းဆက်သသည်ဆိုသော တပင်တိုင်မင်းသမီးနှင့် တပါးသော မင်းသမီးငယ်တို့လို ညှိုးငယ်စွာ သီးခြား ယာဥ်ဖြင့် မလိုက်ပါဘဲ အထူးအခွင့်အရေး ပိုယူကာဖြင့် ရွှေဘိုကို ဝင်လာပုံမှာ မျက်ပြင်းကတ်စရာ။
သည်အထဲ လင်တော်မောင်ဖြစ်သော သခင် မောင်ရွရဲ့ အကြည့်တွေကလည်း မရိုးရှင်းလှ။ ထိုနေ့က ဗိုလ်ပုံအလယ်ဝယ် ထိုရှင်ရွှေဥကို ယောက္ခမတော်အလောင်းမင်းတြားမှ ကိုယ်လုပ်တော်အရာ သိမ်းပိုက်လေသည်တွင်မှသာ ထိုရင်ထဲက အပူမီးမှာ ငြိမ်းအေးရပေသည်။
သို့ကိုယ်လုပ်တော်အရာသာဖြစ်ရသည်မှာလည်း အရီးတော်ခင်ယွန်းစံဖျား ကန့်ကွက်အရေးဆိုပေ၍သာ ဖြစ်ချေရာ မယ်မင်းလှအဖို့ အရီးတော်ဖျားကိုသာ စိတ်ထဲက ကြိတ်၍မေတ္တာပို့နေရပေသည်တကား။
~~~~~~~~~~~~~~~~
#ကမ္ဗု့အရှင်မ
#မင်းနန်သူ
Click here to claim your Sponsored Listing.
Category
Website
Address
Mandalay