23

23

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from 23, Artist, Mandalay.

20/02/2026

This is the dedication to my dearest one who has passed away 10 years ago.

I named this project as `There was a father’ to give homage to Yasujirō Ozu.

There was a father

Narration/Translation - Kyaw Htet
Editing - Han Htoo San

The project crafted by 23 .

Shot on December 2025, in Chiang Mai and Pai.

Photos from 23's post 06/01/2026

Dec, 2025 …📷

Photos from 23's post 12/09/2025

Before fall

Photos from 23's post 22/06/2025

These days 📸

18/04/2025

04/04/2025

ဘယ်လိုပဲဖြစ်ဖြစ်ပေါ့

ကိုယ်တို့ဆီမှာက ကန္တာရဆူးတွေဆိုလည်း နမ်းရတာပဲ၊ပြီးတော့ ကိုယ်ထဲမှာစီးဆင်းနေတဲ့ အသက်ဓာတ်တွေ၊အဲ့ဒါတွေစီးဆင်းနေလို့သာ ကိုယ်တို့မြို့ဟာ ရေရှင်ဖြစ်နေခဲ့တာ၊အချို့နေရာတွေဟာ ကိုယ့်ကိုမမှတ်မိတော့ဘူး၊ကိုယ်ဆိုတာကလည်း အတိတ်ကိုအံဆွဲထဲကိုထည့်မသိမ်းတတ်ဘူး၊ လေတွေတိုက်တိုင်းလိုလို အခန်းထဲမှာလွင့်နေတတ်တယ်၊စိမ်းလမ်းနေတဲ့တောင်ကုန်းအောက်ကစပါးပင်တွေတောင်ရိမ်သိမ်းကြသူမရှိဘူးတဲ့၊ကိုယ်တို့ဘယ်လောက်ကတ္တရာတွေလောင်းလောင်း လမ်းတွေက အဖြစ်အပျက်တွေကိုမေ့သွားကြမှာမဟုတ်ဘူး၊ လမ်းရဲ့သဘောက ရွေ့ခြင်းပဲ၊ လူတွေက one day ဆိုပြီးတွေးနေကြတယ်၊ ကိုယ်တွေ့တာကတော့ တိမ်တွေပြည့်နေတဲ့ ကောင်းကင်၊ ကောင်းကင်တွေအရောင်ပြောင်းတဲ့အခါ လှတယ်၊မာယာတွေရဲ့အရောင်လို့ခေါ်တာမျိုးပေါ့၊ရုတ်ချည်းပြောင်းလဲတတ်တယ်၊တစ်ခါတစ်လေဆို ငှက်လေးတွေ တိုက်ကြားထဲမှာ မိုးခိုနေတာတွေ့ဖူးမှာပေါ့၊ကိုယ်လည်းမင်းလိုပဲ ရင်ပြင်ပေါ်ကငှက်ကလေးတစ်ကောင်ဖြစ်ပြီး ကိုယ်တို့ဆုံနေကြတိုက်ကြားလေးတောင်မရှိတော့ဘူးတဲ့၊ကိုယ့်ငှက်ကလေးနဲ့ကိုယ်လည်း ဘယ်နှစ်တောလောက်ခြားနေကြလည်းမသိဘူး ခုဆို၊အရာရာဟာ လမ်းခုလတ်ရောက်နေပြီ၊ ဘယ်လမ်းဟာ ကိုယ်တို့ကိုခေါ်သွားမှာလဲ၊အခုရာသီက လေထဲမှာအဝါရောင်ပန်းတွေကြွေနေတယ်၊လေရူးတွေထဲမှာ ကြွပ်ကြွပ်အိတ်လေးတက်သွားတာတွေ့ရင် အိမ်ကိုသတိရတယ်၊ဒီမှာရော အိမ်မှာရောရတဲ့ မြေသင်းနံ့က တူတူပဲ၊နောက်ဆို လူမစုံတော့တဲ့မှတ်ညဏ်တွေက ကိုယ်တို့ဆီဧည့်သည်လိုတံခါးလာခေါက်လိမ့်မယ်

22/03/2025

First try for Poster.

11/03/2025

Daydreaming tastes like heaven.

Part 1

ဒေါင်း(Dawn)

ဒေါင်းက ဘန်ကောက်မှာ တက္ကသိုလ်တက်နေတာ၊ရောက်တာ တစ်နှစ်မပြည့်သေးဘူးပေါ့၊တက်ကြွပြီးကြင်နာတတ်တဲ့လူငယ်လေးဖြစ်ပြီး ကိုယ့်ကိုနှိမ့်ချတတ်သူလည်းဖြစ်တာကြောင့် ကျောင်းမှာလူချစ်လူခင်များတယ်၊ ဘောလုံးအသင်းမှာ ဝင်ကန်လိုက်တော့ ကျောင်းက စီနီယာတွေနဲ့ ရင်းနှီးသွားတာပေါ့၊ နောက်အဲ့ဘောလုံးအသင်းက ကိုသီဟဆိုတဲ့ အကိုတစ်ယောက်အကြံပေးမှုနဲ့ ဆိုင်ကယ်ဝယ်လိုက်တယ်၊ဆိုင်ကယ်ဝယ်တုန်းကလည်း ကိုသီဟက ထိုင်းစကားတတ်တော့ လိုက်ပြီး ပြောပေးတယ်၊သူက ဆိုင်ကယ်တစ်စီးနဲ့ လျှောက်ပတ်သွားနေတတ်တယ်၊Ari ဘက်ကို ဆိုင်ကယ်မောင်းသွားပြီး သူငယ်ချင်းတစ်ယောက်နဲ့အတူ ဖလင်တွေ သွားဆေးဖူးသေးတယ်၊
ဒီလိုနဲ့ Mid term ရာသီရောက်လာပါတယ်၊ ဒေါင်းက ကိုသီဟကိုမေးတယ်၊ ကျောင်းနားမှာ လူသိပ်မသိပဲနဲ့ လှတဲ့ ရေကန်ရှိလားလို့၊ Assignment အတွက်ဓာတ်ပုံရိုက်ချင်လို့ဆိုတော့ ကိုသီဟက ခိုင်လီကို ညွှန်းလိုက်တယ်၊ရေကန်ကြီးနဲ့ တွဲလျက် ရှိနေတဲ့ ပန်းခြံလေးလေ၊ ကျောင်းနဲ့ မိနှစ် ၂၀ လောက်တော့ ဆိုင်ကယ်မောင်းရတာပေါ့၊ ဒေါင်းက တနင်ဂနွေနေ့ညနေစောင်းမှာ ရေကန်ကို တစ်ယောက်တည်းဆိုင်ကယ်စီးပြီးတော့ရောက်လာတယ်၊၊ အိတ်ထဲမှာက ဓာတ်ပုံရိုက်ဖို့ ယူလာတဲ့ စာအုပ်သုံးအုပ်လောက်ရယ်၊ဝယ်ထားတာမကြာသေးတဲ့ 6500 ကင်မရာရယ်ကိုထည့်ပြီးတော့ပေါ့၊
ရေကန်ကို Map ကနေကြည့်ပြီးလာခဲ့တာ၊ အရမ်းတော့မခက်ပါဘူး, လမ်းမကြီးကနေ သိသာတဲ့လမ်းကြားလေးထဲကို ချိုးလိုက်ရုံပဲ၊ ရောက်တော့ ရေကန်က သူမှန်းထားသလောက် လှတယ်၊အဲ့ထက်ပိုလည်းမပိုဘူး၊လျေ့ာလည်းမ‌လျော့ဘူး၊သူ့အနေနဲ့ ကျောင်းက Project အတွက် စာအုပ်နှစ်အုပ်သုံးအုပ်ကိုထုတ်ပြီး ဓာတ်ပုံရိုက်လို့ပြီးတော့ နေလည်းစောင်းနေပြီ၊ ကောင်းကင်ရဲ့အရောင်က နီရဲနေပြီး တိမ်တွေက ဖွာနေတဲ့ စုပ်ချပ်နဲ့ တို့ခံထားရတဲ့ ကင်းဘတ်ပေါ်က ဆေးစက်အဖြူတွေလို အထွေးလိုက်ပြန့်ကျဲနေတယ်၊တိုက်နေတဲ့ လေညှင်းလေးတွေကြောင့် ကန်ဘောင်ပေါ်က သစ်ပင်အဖျားအနားတွေက ခါနေတာကို တွေ့တော့ သူမနေနိုင်တော့ဘူး၊ ကင်မရာထုတ်ပြီး Video ရိုက်တယ်၊ သူ အရမ်းလှတဲ့ ငုဝါပင်ကိုရိုက်နေတုန်း သူ့ကင်မရာမြင်ကွင်းထဲကို ဝင်လာတာက မိန်းကလေးစီး ဖိနပ်ဖြူလေး တစ်ရန်ပါ၊

ယူမီ(Umi)

ယူမီက ဘန်ကောက်ကိုရောက်ပြီးကျောင်းတတ်နေတာ တစ်နှစ်ကျော်လောက်တော့ရှိပြီ၊ စနစ်တကျနဲ့ အလုပ်လုပ်တတ်ပြီး အရာရာကိုယုံကြည်တတ်တဲ့ စိတ်နှလုံးပြည့်ဝတဲ့ ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်၊ပွင့်လင်းပြီးနွေးထွေးတဲ့ စရိုက်ကြောင့် ယူမီမှာ သူငယ်ချင်းတွေအရမ်းများတယ်၊ အဲ့ဒီထဲမှက မိုင် ဆိုတဲ့ ထိုင်းကျောင်းသူလေးက ယူမီရဲ့အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ဖြစ်ပါတယ်၊ မိုင် တို့တိုက်အောက်မှာက ရေကန်ရှိတယ်၊ ထူးထူးခြားခြားတော့ လှပမနေတဲ့ ရေကန်ပါ၊ မိုင့် ဆီ အလည်လိုက်သွားရင်းနဲ့ ယူမီက နတ်စင်တစ်ခုကို တွေ့ခဲ့ပါတယ်၊ နတ်စင်က အရမ်းကြီး မကြီးသလို မထူးဆန်းပါဘူး၊ ဒါပေမဲ့ ယူမီရဲ့ စိတ်ထဲမှာတော့ နတ်စင်ကို မြင်ရတဲ့ မြင်ကွင်းက တစ်ခါက သူကြီးပြင်းခဲ့ရာ ရှမ်းပြည်နယ်က မြို့လေးရဲ့ နတ်စင်လေးနဲ့ တူနေပါတယ်၊ သူတို့ငယ်ငယ်တုန်းကဆို သူတို့အမေတို့က အဲ့ဒီနတ်စင်လေးမှာပဲ သူတို့မိသားစုအတွက် ဆုတွေတောင်းခဲ့တာပါ၊ ယူမီတို့ မိသားစုမှာ ခုချိန်ထိ မိသားစုတွေမကြွေလွင့်သေးပါဘူး၊ အားလုံးဟာ ကျန်းမာစွာရှိပါတယ်၊ကောင်းကင်ဘုံရဲ့ ကောင်းချီးလို့ပဲ ယူကီက ယုံကြည်စွာ မှတ်ယူထားပါတယ်၊
မိုင်က အဲ့ဒီနတ်ကွန်းမှာ ဆုတောင်းတတ်တယ်၊ပြည့်လည်းပြည့်တယ်လို့ပြောပါတယ်၊
ယူကီဟာလည်း နတ်စင်မှာ ဆုတစ်ခုတောင်းလိုက်ပါတယ်၊ သူမအနေနဲ့ ယခုချိန်မှာ ဘာမှအထွေအထူးမလိုအပ်တာကြောင့်မလို့ ထီပေါက်ပါစေ၊အများကြီးမလိုပါဘူးဟု ဆုပေါ့ပေါ့ပါးပါးလေးကို ယုံကြည်စွာဆုတောင်းလိုက်ပါတယ်၊
ကံတရားက ယူကီလို ချစ်စရာမိန်းမပျိုလေးတွေကို အခွင့်အရေးအမြဲပေးလေ့ရှိပါတယ်၊ သောကြာနေ့မှာ ယူကီထိုးတဲ့ထီက ဘတ် ၁သောင်းဆုပေါက်ပါတယ်၊အမှန်ကတော့ သူမအမေကဖုန်းဆက်ပြီးထိုးခိုင်းလို့ထိုးတဲ့ထီ ပါ၊ယူကီက ထီပေါက်တဲ့အကြောင်းအိမ်ကိုမပြောပါဘူး၊သူမလိုချင်တာလေးဝယ်မှာပါ၊
ယူကီရဲ့ ဖခင်က သူတို့မြို့ရဲ့ အပျော်တမ်းဓာတ်ပုံဆရာဖြစ်ပြီးတော့ ယူကီက သူမအဖေရဲ့အမွေကိုရလိုက်ပါတယ်၊ဖလင်ကင်မရာလေးတွေစုတတ်တဲ့ ဝါသနာပါ၊
ယူကီက သူငယ်ချင်းတွေကိုလည်း မုန့်ကျွေးပါတယ်၊ လိုချင်တဲ့ ဖလင်ကင်မရာလေးလည်းတွေ့ထားပါတယ်၊မြို့ထဲကို သွားဝယ်ရမှာပါ၊ ယူကီက သူဆုတောင်းခဲ့ရာ နတ်ကွန်းကိုလည်း မမေ့ပါဘူး၊ သူမအနေနဲ့ အအေးသုံးခွက်ဝယ်လိုက်ပါတယ်၊ ကျောင်းသူတစ်ယောက်ရဲ့ ဝင်ငွေနဲ့ဆို အတော်ဈေးကြီးတဲ့ အအေးသုံးခွက်ပါ၊ သူမက သူ့အတွက် Lemon tea ကိုရွေးလိုက်ပြီး၊ ကျန်တဲ့ နှစ်ခွက်ကို ဆိုင်ရဲ့ Signature အအေးဝယ်လိုက်ပါတယ်၊ တစ်ခွက်က မိုင် အတွက်ပါ၊ တစ်ခွက်က နတ်ကွန်းမှာ ကပ်ဖို့ပါ၊ ဆိုင်ရဲ့ Signature ထဲမှာ မက်မွန်သီးအရည်အနည်းငယ်ပါဝင်ပါတယ်၊ဒါကို ယူကီကသတိမထားမိပါဘူး၊
ထူးဆန်းတဲ့ အကြောင်းအရာတွေဆိုတာ ဒီကမ္ဘာပေါ်မှာ အများကြီးရှိပါတယ်၊ အရမ်းတော်တဲ့ ပညာရှင်တွေတောင်မှ အဖြေမရှာနိုင်တဲ့ အကြောင်းတွေပေါ့၊ ယူကီဟာ မက်မွန်သီးနဲ့ မတည့်ပါဘူး၊ အရမ်းကြီးမဆိုးဝါးဘူးဆိုရင်တောင်မှ ထူးဆန်းတယ်လို့ဆိုလို့ရပါတယ်၊ ငယ်ငယ်ကတည်းက မက်မွန်သီးစားမိရင် ယူကီဟာ ၅မိနစ် ၁၀ မိနစ်လောက် အိပ်ပျော်သွားတတ်ပါတယ်၊ အိပ်မက်တွေပါမက်တတ်ပါသေးတယ်၊ နိုးလာတဲ့အခါလည်း မိုးရွာပြီးလို့ တိမ်ကင်းစင်တဲ့ ကောင်းကင်လို စိတ်ဟာကြည်လင်နေတတ်ပါတယ်၊ ဒါပေမဲ့ ယူကီဟာ မက်မွန်သီးကို မလိုလားတာတွေကို ကြိုရှောင်တဲ့ အနေနဲ့ မစားတော့ပါဘူး၊ တစ်ခါတုန်းကဆို မိုင်က သူတို့ဒေသကထွက်တဲ့ မက်မွန်သီးတွေ ကျောင်းကို ယူလာပါတယ်၊ သူငယ်ချင်းတွေ ဝိုင်းဖွဲ့စားနေပေမဲ့ ယူကီက မစားခဲ့ပါဘူး၊ ယူကီရဲ့ ထူးဆန်းတဲ့ အကြောင်းကို သူငယ်ချင်းတွေကိုပြောပြလိုက်ပါတယ်၊ နောက်တော့ သာမန်လှို့ဝှက်ချက်လေးတွေလိုပဲ အချိန်တွေကြာမြင့်လာတော့ သူငယ်ချင်းတွေလည်း မေ့မေ့ပျောက်ပျောက်ပဲ ဖြစ်သွားပါတယ်၊
ဒီလိုနဲ့ တနင်ဂနွေညနေမှာတော့ ပျော်နေတဲ့ ယူကီဟာ ခိုင်လီ ရေကန်ကို Bolt ထောက်ပြီးရောက်လာပါတယ်၊သူမဟာ ဖလင်ကင်မရာအဟောင်းလေးလည်းယူလာပါတယ်၊သူမဟာ ဆိတ်ငြိမ်တဲ့ နေရာတွေမှာ အေးအေးဆေးဆေးထိုင်နေရတာကို နှစ်သက်တဲ့ သူတစ်ဦးပါ၊မိုင်ကို ဖုန်းဆက်မထားမိဘူး၊မိုင်ကအပြင်ရောက်နေတယ် Sorry လို့ပြောတယ်၊ ယူကီက ကိစ္စမရှိပါဘူးပြောရင်း တစ်ယောက်ထဲပဲ ကောင်းကင်ကြီးအောက်မှာထိုင်နေပါတယ်၊နတ်ကွန်းနားမှာ ကားတွေရှုပ်နေတာကြောင့် သူမနတ်ကွန်းဆီမသွားဖြစ်သေးပါဘူး၊ သူမ သောကြာနေ့က ထီပေါက်ခဲ့တဲ့ အကြောင်းကိုပြန်တွေးရင်းပျော်နေပါတယ်၊သူမအရင်က ထီတစ်ခါမှမပေါက်ဖူးပါဘူး၊နေရင်းထိုင်ရင်း ဘတ် ၁ သောင်းလောက် ရမယ့်ကိစ္စကြောင့် သူမတော်တော်ပျော်နေပါတယ်၊နားကျပ်ထုတ်ပြီး သီချင်းနားထောင်ပါတယ်၊အိတ်ထဲကကင်မရာတွေ၊လက်ထဲက အအေးဗူးတွေနဲ့ သူမအရမ်းအလုပ်ရှုပ်နေပါတယ်၊ခိုင်လီရေကန်ကြီးကတော့ နေရောင်စောင်းပြီးကျလာတဲ့ ပြဒါးရည်လို ရေမျက်နှာပြင်မျိုးဖြစ်နေတယ်၊ လေညှင်းတွေ တိုက်နေပေမဲ့ လေထုဟာ အနည်းငယ်ပူပါတယ်၊ယူကီဟာ သီချင်းနားထောင်ရင်း ခြေထောက်ကိုစည်းချက်နဲ့အညီလှုပ်နေပါတယ်၊လှုပ်ရှားရလို့ မောလာပြီး တီးလုံးရောက်တဲ့အချိန်မှာ အအေးသောက်ပါတယ်၊ပြီးတော့ သီချင်းကိုပြန်လိုက်ဆိုပါတယ်၊လေဒီဂါဂါသီချင်းကို လိုက်ဆိုနေရတာဖြစ်လို့ နားချိန်သိပ်မရှိပါဘူး၊ရေကန်ဘောင်မှာလှုပ်ရမ်းနေတဲ့ ငုဝါပန်းတွေကတော့ ယူကီတစ်ယောက် အအေးဗူးမှားသောက်တာ မြင်လိုက်ပါတယ်၊သီချင်းရဲ့ တမ်ပိုအမြင့်ဆုံးရောက်တော့ ယူကီရဲ့ ခြေထောက်ကအမြှောက်လွန်သွားပြီး Slipper လေးကျွတ်ထွက်သွားပါတယ်၊ယူကီအလျင်အမြန်ကြည့်လိုက်တော့ ကောင်လေးတစ်ယောက်က သူ့ဘက်ကိုကြောင်ပြီးကြည့်နေတာကို တွေ့သွားပါတယ်၊ရှက်တဲ့စိတ်နဲ့ မျက်နှာဟာရဲတက်လာပါတယ်၊ပြီးတော့ မျက်လုံးထဲမှာ ဖြည်းဖြည်းချင်းမှောင်သွားပါတယ်၊

Part 2

ဒေါင်းဟာ အစကတော့ ကြောင်နေခဲ့ပါတယ်၊ကောင်မလေးတစ်ယောက်က သူနဲ့ စကြည့်မိတဲ့ အချိန်မှာ ဖြည်းဖြည်းချင်းထိုင်ခုံပေါ်ကိုမေ့လဲကျသွားတာကို အရင်ကသူတစ်ခါမှမမြင်ဖူးပါဘူး၊ ဒေါင်းလည်း အမြန်ပဲ ကောင်မလေးဆီသွားပါတယ်၊အနီးရောက်သွားတဲ့အခါ တွေ့လိုက်တာက ကောင်မလေးက ဖြည်းဖြည်းချင်းအသက်ရှူရင်း အိပ်ပျော်နေသလိုပါပဲ၊ပန်းခြံရဲ့ ထိုင်ခုံပေါ်မှာ မဟုတ်ပဲ အိပ်ရာထဲမှာဆို အိပ်ပျော်နေတာပဲဆိုပြီးတွေးစေလောက်မယ့် ပုံစံမျိုးပါ၊ဒေါင်းလည်း ဘာဆက်လုပ်ရမှန်းမသိပါဘူး၊အနီးနားမှာလည်း လူတွေတစ်ယောက်မှမရှိပါဘူး၊ကောင်မလေး ကို ဟေး ဟေး လို့ခေါ်ပြီးနှိုးလည်းမနိုးပါဘူး၊ဒေါင်းလည်း ကိုသီဟ ကိုဖုန်းဆက်ပြီး ခေါ်ကြည့်ပါတယ်၊ ကိုသီဟက ဖုန်းကိုင်ပြီး ရေချိုးနေတယ်လို့ပြောပါတယ်၊ဒေါင်းက ဖြစ်စဉ်ကိုပြောပြလိုက်တော့ ရေမြန်မြန်ချိုးပြီးလာခဲ့မယ်ပြောပါတယ်၊ ဘာသာစကားအခက်အခဲတွေက အရေးကြုံတဲ့အခါ စိတ်ကိုဖိစီးစေပါတယ်၊
ကောင်မလေးဟာ အခုဆိုရင် ဒေါင်း ခု ပေးထားတဲ့လွယ်အိတ်ပေါ်မှာ အသက်ရှူရင်း ရင်ဘတ်ဟာ ပိန်လိုက်ဖောင်းလိုက်ဖြစ်နေပါတယ်၊ ဒေါင်း လည်းကောင်မလေးပုံစံက အဆင်ပြေပုံပေါက်တာကြောင့် ဝမ်းသာနေပါတယ်၊လေညှင်းလေးတွေကလည်း အလိုက်တသိပဲ ညှင်ညှင်သာသာတိုက်ခက်နေပါတယ်၊ ဒေါင်းလည်း ဆေးလိပ်သောက်ရင်း စောင့်နေပါတယ်၊ ဖုန်းကြည့်ရင်း စောင့်နေပါတယ်၊ တစ်ချက်တစ်ချက်မှာ ကောင်မလေးရဲ့ အခြေအနေကိုကြည့်ရင်း ကိုသီဟ လာမှာကိုစောင့်ပါတယ်၊ ခနကြာတော့ သူဖုန်းကိုကြည့်နေတုန်း ကောင်မလေးက နိုးလာပါတယ်၊

ယူကီ နိုးလာတော့ မျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်ရတယ်၊ စောနကောင်လေးက သူ့နားမှာဖုန်းထိုင်ကြည့်နေတယ်၊ယူကီ စိတ်ထဲမှာ ပြန်ပြီး အခြေအနေကိုဖမ်းနေတယ်၊ ခနက သူ့ဖိနပ်က အဲ့ကောင်လေးဘက်ကိုရောက်သွားတာ အိပ်မက်ဖြစ်ပါစေလို့ စိတ်ထဲမှာ ဆုတောင်းနေတယ်၊ကောင်လေးက သူ့စိတ်ကိုကြားသွားလားမသိဘူး သူ့ဘက်ကိုလှည့်လာတယ်၊သူ့ကို ပြုံးပြပြီး မေးတယ်၊ Hello, How are you ? တဲ့၊ သူ့ကို ထိုင်းမဟုတ်မှန်း ဘယ်လိုသိလဲမသိဘူး၊ အိတ်ထဲများ Id တွေယူကြည့်သေးလားမသိဘူးလို့ တစ်ယောက်တည်းတွေးရင်း ပြန်လည်ပြုံးပြပြီးထရတယ်၊ထမှပဲ သတိထားမိတယ်၊ သူမခေါင်းအုံးထားတာ ကောင်လေးရဲ့ အိတ်ထင်တယ်လို့ တွေးရင်းပေါ့၊ I am good, Thank you လို့ပြန်ပြောရင်း ဘယ်လိုစမေးရမလဲ စဉ်းစားနေတယ်၊
ဒေါင်း ဆီကို ဖုန်းဝင်လာတယ်၊ ကိုသီဟဆီကပေါ့၊ သူထွက်လာနေပြီလို့ပြောတာ၊ ဒေါင်းကမလာနဲ့တော့လို့ ကောင်မလေးနိုးလာပြီလို့ ပြောလိုက်တယ်၊ပြီးတော့ ဖုန်းကျသွားတယ်၊ကိုသီဟ ဆီကလာတဲ့ဖုန်းက ခဲနေတဲ့ကန်ရေပြင်ကို ခွဲပစ်လိုက်ပြီး ပတ်ဝန်းကျင်ကိုလှုပ်ခါသွားစေတယ်၊ ယူကီက မေးတယ်၊ ဟို.. မြန်မာလား၊

ဒ - ဟုတ်တယ်ဗျ၊ကျွန်တော် စစ်စတားကို လဲသွားတာတွေ့လို့၊အဲ့ဒါ ဘာလုပ်ရမှန်းမသိလို့ ထိုင်းစကားတတ်တဲ့ အကိုတစ်ယောက်က ဒီနားမှာနေတာ၊သူ့ကို လှမ်းခေါ်နေတာ၊ ဆေးရုံတွေဘာတွေ သွားရမလားမသိလို့လေ၊
ယ -ကျေးဇူးပါရှင့်၊ ပြီးတော့ စောရီး နော်၊ကျွန်မက Allegric ရှိလို့၊
ဆိုပြီး အအေးဗူးပေါ်က စာကိုကောက်ဖတ်တယ်၊
ယ - ဒီမှာတွေ့လား၊ မက်မွန်သီးပါတယ်လို့ရေးထားတယ်၊ ကျွန်မက မက်မွန်သီးနဲ့ မတည့်ဘူး၊စားမိရင် ခန အိပ်ပျော်သွားတတ်တယ်၊ အဆိုးကြီးတော့ မဟုတ်ပါဘူး၊အအေးဗူးက မှားသောက်တာ၊ ဝယ်လာတာက ဒီဗူး၊

ဒ - ဟုတ်လား၊ ထူးဆန်းလိုက်တာ၊ ကျွန်တော်တော့ တစ်ခါမှမကြားဖူးဘူး၊အခုက အဆင်ပြေလား၊သက်သာလားဗျလို့၊
ယ - ရတယ်၊အဆင်ပြေတယ် ရှင်ံ့

နှစ်ယောက်စလုံးက ဘာဆက်ပြောရမှန်းမသိဘူး၊ သင်းဘောက ကမ်းတစ်ခုခုကိုဆိုက်ဖို့လိုနေပြီ၊ရွက်တွေကို အစွမ်းကုန်ဖွင့်ထားရမယ်၊ဒေါင်းကပဲ စပြီးမေးလိုက်တယ်၊
ဒ - ဖလင် ကင်မရာလေးလားဗျ၊
ယ - ဟုတ်တယ်၊ ကြည့်မလား၊
ဒ - တစ်ချက်လောက်နော်၊
ဒေါင်း ကင်မရာလေးကို သေချာကြည့်နေတယ်၊ မွေးပြီးတစ်ပတ်လောက်ပဲကြာသေးတဲ့ ကြောင်ပေါက်လေးကို ကိုင်ကြည့်နေသလိုမျိုးပေါ့၊ဒေါင်း ရဲ့ လက်ချောင်းရှည်ရှည်တွေကိုတော့ ယူကီတစ်ယောက်ကြည့်နေမိတယ်၊
ယ - အဖေ့ရဲ့ ကင်မရာလေ၊အခု သူ့ထဲက တောင်းလာတာ၊ ဒီဘက်ထွက်လာတော့၊
ဒ - မိုက်တယ်ဗျာ၊ ရိုက်ပြီးထွက်လာရင် လှမှာပဲ၊
ယ - ရိုက်လေ၊ ဖလင်တွေကရှိသေးတယ်၊ ဆေးပြီးရင်ပို့လိုက်မယ်၊ ဒါပေမဲ့ ကြာတော့ကြာအုံးမှာ၊ ကျွန်မ သိတဲ့ဖလင်ဆေးတဲ့ ဆိုင်တွေက သိပ်အဆင်မပြေလို့၊အသစ်ရှာနေတာဆိုတော့၊
ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက်မိတ်ဆက်မှ၊သူတို့က တစ်ကျောင်းထဲကို မေဂျာနဲ့ ရီးယားမတူတာကိုသိတာ၊ ဒေါင်းက မီဒီယာပိုင်းတက်ပြီး ယူကီက ဒီဇိုင်းပိုင်းတက်နေတာ၊
ယ - ဒီကို ဘာလာလုပ်တာလဲ၊
ဒ - Assignment အတွက် ဓာတ်ပုံရိုက်တာ၊ပြီးတော့ Chill တာလည်းပါတာပေါ့၊ ကျွန်တော်တို့မြို့မှာ ဒီလိုနေရာတစ်ခုရှိတယ်၊ရေစစ်ကန်တဲ့ ၊အဲ့မှာ ထိုင်နေကြ၊ ဟိုးတောင်ပေါ်က ကျလာတဲ့ ရေတွေက ဆည်ထဲကနေတစ်ဆင့် စောနကပြောတဲ့ကန်ထဲကိုရောက်လာတာ၊ အဲ့ဒီကန်မှာ ရေတွေကို စက်တွေနဲ့ စစ်ချပြီးမှ ကျုံးထဲကို ရေပြန်လွှတ်တာ၊ကျွန်တော်က အဲ့ဒီကန်ဘောင်ကိုသွားထိုင်နေကြ၊ ဒီလိုပဲ ဆိုင်ကယ်လေးတစ်စီးနဲ့၊
ယ -အင်း၊
ဒ - ကင်မရာလေးက အရမ်းကောင်းတယ်နော်၊ကျွန်တော်လည်း ဒါမျိုးလေး ဝယ်ရအုံးမှာ၊ဘယ်က ဝယ်တာလဲ ဟင်၊
ယ - အဖေ့ဟာ၊ ကျွန်မကိုလည်း ငယ်ငယ်က ဒါလေးနဲ့ပဲ ဓာတ်ပုံရိုက်ပေးလာခဲ့တာ၊
ဒ- အော်၊ဟုတ်သားပဲ ပြောထားပြီးသားပဲ၊
ယ - ရှင် ဝယ်ချင်ရင် မြို့ထဲမှာ Second ရောင်းတဲ့ ပလာဇာရှိတယ်၊ အဲ့ဒီမှာပေါတယ်၊ဒီမှာ ဒီနေရာလေ၊
ယူကီက ဒေါင်းဘက်ကို တိုးရင်း ဖုန်းထဲကနေပြတယ်၊ ပလာဇာရှိတဲ့နေရာကို၊ ယူကီရဲ့ ဆံပင်တွေက နို့နံလေးသင်းနေတယ်၊မွှေးလိုက်တာလို့ စိတ်ထဲမှာတွေးမိတယ်၊

ယ - ရှင်တော့မသိဘူး၊ ကျွန်မက အတိတ်အကြောင်းတွေအရမ်းတွေးတယ်၊ ကျွန်မတို့ဆီမှာက ကိုယ်ပိုင်ပင့်ကူမျှင်တွေလိုမျိုး တစ်ကြိုးပြီးတစ်ကြိုးချိတ်ဆက်နေတဲ့ Unique ဖြစ်နေတဲ့မှတ်ညဏ်လေးတွေရှိတယ်၊ Stick အဟောင်းလေးထဲက ဓာတ်ပုံလေးတွေလိုပေါ့၊ တစ်ပုံချင်းစီကိုပြန်ကြည့်လိုက်တိုင်း နောက်ခံ Story တွေက အတူတစ်ကွချိတ်ဆက်နေပေမဲ့ တစ်ချိန်ထဲမှာပဲ သီးသန့်တည်ရှိမှုကို ခံစားရတယ်၊ကျွန်မရဲ့ ကင်မရာထဲက ဓာတ်ပုံတွေက အဲ့ဒီ ငုဝါပန်းတွေလိုပဲ၊ တစ်ပင်တည်းမှာပဲ တစ်ပြိုင်တည်းပွင့်နေတဲ့ ကိုယ်စီကိုယ်င ပန်းပွင့်လေးတွေလေ၊ ရှင်သိလား၊ ဒီဘဝထဲမှာ ကျွန်မတို့အသက်ရှင်ကြတယ်ဆိုတာက ပြောင်းလဲခြင်းတွေအတွက်ပဲ၊လွန်ခဲ့တဲ့ ၁၀ နှစ်ကကျွန်မနဲ့ အခုကျွန်မကြားမှာ အသက်ရှင်ခြင်းရဲ့ အဖိုးအခအဖြစ် ကျွန်မတို့ဆုံးရှုံးလိုက်ရတာတွေအများကြီးပဲ၊ ကျွန်မတို့က ဘယ်လောက်ထိမြင့်မယ်မှန်းမသိတဲ့ တောင်ကြီးကို တက်နေတာ၊ ကျွန်မတို့အနေနဲ့ ခနလောက်ရပ်ပြီး အသက်ရှူသင့်တယ်၊ ပြီးတော့ ကိုယ်ဘယ်လောက်ထိရောက်ခဲ့ပြီလဲ အောက်ကို ပြန်ကြည့်ဖို့လိုတယ်၊ ကျွန်မအတွက်ရိုက်ပြီးသား ပုံတွေကို ပြန်ကြည့်တဲ့အချိန်က တောင်စောင်းပေါ်ကို လေအေးကလေးတိုက်လာပြီး အမောပြေသွားစေတဲ့အချိန်ပဲ၊ ကျွန်မရောက်နေတဲ့ နေရာကို ကြည့်ပါအုံး၊ အခု တိမ်တွေက လွင့်လို့၊ ကန်ဘောင်လေးမှာ၊သာယာချက်ပဲ၊

ယူကီရဲ့ အပြောအောက်မှာ မျောသွားတဲ့ ဒေါင်းက ပန်းပွင့်တွေကို လှမ်းကြည့်မိနေတယ်၊ တစ်ချိန်ထဲမှာပဲ ယူကီစကားပြောတာကိုလည်း စသဘောကျနေပြီ၊

ဒ - ကျွန်တော်က များသောအားဖြင့်တော့ တိမ်တွေကို ငေးနေတတ်တာများတယ်၊ငယ်ငယ်ကတည်းကအခုထိပဲ၊
ယူကီလိုတော့ သိပ်မပြောတတ်ဘူး၊ ဒီတိုင်းသဘောကျလို့ပါ၊

စကားဝိုင်းက ပြန်လည်တိတ်ဆိတ်သွားတယ်၊ ဒေါင်းက စကားပြန်စတယ်၊

ဒ - ဒီကို ဘာလာလုပ်တာလဲ၊
ယူကီက နတ်ကွန်းကို လက်ညှိုးထိုးပြတယ်၊
ယ - အဲ့မှာ ဆုတောင်းတာ၊ထီပေါက်လို့၊ ပြန်လာပြီး အအေးကပ်တာ၊ပြီးတော့ ဝယ်လာတဲ့ ဗူးမှားသောက်မိတာ၊
ဒ - ဟာ၊ ထီပေါက်တာက မိုက်တာပေါ့၊ ကျွန်တော်လည်း တောင်းအုံးမှပဲ၊ ဘယ်လိုဆုတောင်းတာလဲ၊ဘာဂါထာတွေဘာတွေရွတ်ရသေးလဲ၊ထိုင်းလို ဆုတောင်းတာဆို သင်ပေးပါအုံး၊
ယ - မြန်မာလိုပဲ၊ ထီပေါက်ပါစေ၊ ပေါက်ရင်မမေ့ပါဘူးလို့ စိတ်ထဲက ပြောလိုက်တာ၊
ဒ - ဟင်၊ ထိုင်း နတ်က မြန်မာလို ဆုတောင်းတာ ရတယ်ပေါ့၊
ယ- အခု ပေါက်ပြီလေ၊ ဟဟ
ဒ - ထီက ပေါက်တော့ မြို့ထဲမှာထုတ်တာလား၊ ဘယ်မှာထုတ်တာလဲ၊ ဒါမျိုးဆိုတာက မေးထားရတာ၊
နောက်လကြ သွားထုတ်မှာ ကျွန်တော်က၊
ယ - Cp စက်ရုံသိတယ်မလား၊ ကျောင်းနားက၊ အရမ်းနံတဲ့ နေရာလေ၊
ဒ - သိတယ်၊ တစ်ခါတစ်လေ မြို့ထဲက လာလို့ Bus ကားပေါ်မှာ အိပ်ပျော်နေရင်တောင်၊ ကျောင်းနားရောက်ရင်အနံ့ရလို့ နိုးလာတဲ့နေရာလေ၊
ယ- (ရယ်ရင်း) ဟုတ်တယ်၊ အဲ့ရှေ့က တံတားမှာ ဆိုင်ရှိတယ်၊ထုတ်ပေးတယ် ၁၀၀၀၀ အောက်ဆိုရင်လားမသိဘူး၊

ဒ - အိုကေ၊ ထုတ်ပြီးရင် မုန့်ဝယ်ကျွေးမယ်၊
ယ - ကျွန်မက ခုကျွေးရမှာပါ၊ စောနကတုန်းက ကျွန်မကိုစောင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊

ဒ - ဘယ်လောက်ပေါက်တာလဲ၊ ကွန်ဒိုဝယ်လိုက်တာလား၊
ယ - ဘယ်ကလာ၊ ၁၀၀၀၀ ပဲပေါက်တာ၊ ဖလင်ကင်မရာသွားဝယ်မလို့၊စောနကပြတဲ့ ဈေးကို၊
ကျောင်းရောက်ရင် မုန့်ကျွေးမယ်နော်၊

ယူကီက အရိုးသားဆုံး ပြုံးပြီးပြောတယ်၊ တစ်ကယ်ကျွေးမယ့်ပုံပဲ၊

ပတ်ဝန်းကျင်တစ်ခုလုံးဟာ သာယာလျက်ရှိပါတယ်၊ ပန်းခြံဘက်ကနေကြည့်ရင် မိုင်တို့ရဲ့ တိုက်ခန်းကို မြင်ရပါတယ်၊ ဝရန်တာမှာ အမျိုးသမီးတစ်ယောက်က အဝတ်လှန်းနေပါတယ်၊ တိုက်ခန်းရဲ့အောက်ဘက်မှာတော့ ဆိုင်ကယ် Taxi သမားတွေက ပျင်းရိစွာထိုင်နေကြပါတယ်၊ နေရောင်က ရေပြင်ပေါ်ကို တော်တော်လေးစောင်းကျနေပါပြီ၊ တစ်နေကုန် ပျံသန်းနေတဲ့ ငှက်တွေတောင်မှ မကြာခင် အိပ်တန်းတက်တော့မှာပါ၊ကန်ရဲ့ ဟိုဘက်ခြမ်းက ငါးဖမ်းသမားတွေတောင် သိမ်းနေပါပြီ၊ စက်ရုံကနေတော့
မီးခိုးတွေ တလူလူထွက်နေတုန်းပါပဲ၊ ဒေါင်းက လေထဲမှာ လွင့်နေတဲ့ ထိုင်းအလံတော်ကို ငေးနေတုန်း ယူကီကပြောပါတယ်၊
ယ - ကျွန်မ နတ်ကွန်းကိုသွားမလို့၊ ရှင်ပါ ထီပေါက်အောင် ဆုတောင်းအုံးမှာလား၊
ဒ - သွားမယ်လေ၊
လို့ပြောရင်း အိတ်တွေသယ်ပြီး နှစ်ယောက်သား လမ်းလျှောက်ကြပါတယ်၊
လမ်းမှာ ယူကီက ပြောပါတယ်၊
ယ - လူတွေက နှစ်မျိုးရှိတယ်၊သိလား ၊ယုံကြည်မှုနဲ့ ပတ်သတ်ရင်ပေါ့၊ အချို့က ဘာမှမဆိုကို ယုံကြည်လိုက်ဖို့အလွယ်လေးပဲ၊ အချို့ကျတော့လည်း ဘာကိုမှမယုံကြည်ကြတော့ဘူး၊ သူတို့ရဲ့ နှလုံးသားကိုတောင် သူတို့ကယုံကြမှာမဟုတ်ဘူး၊အပေါ်ယံအလွှာမှာက သံသယတွေနဲ့ အေးခဲနေတာ၊ဒါပေမဲ့ သူတို့အသက်ရှင်ဖို့ တစ်ခုခုကိုတော့ ပစ်ယုံဖို့လိုတယ်၊ပြောရရင်တော့ ဒီကမ္ဘာကြီးရဲ့ အူတိုင်လိုမျိုးပဲ၊ အဆက်မပြတ်ကို တစ်စုံတစ်ခုက လည်ပတ်နေတယ်၊အဲ့ဒါက အသက်ရှင်ခြင်းရဲ့ အနွေးဓာတ်ပေါ့၊ဒါပေမဲ့ သိလား နေ့စဉ်ဘဝမှာတော့ ကျွန်မတို့က အသက်ရှင်ခြင်းရဲ့ အေးစက်မှုကို နေ့တိုင်းခံစားနေရတယ်၊ ခုချိန် ကျွန်မ အိမ်မှာ မီးပိတ်ပြီးမှောင်မဲနေတဲ့ အခန်းက စောင့်ကြိုနေတယ်၊ ဒါပြီးရင် ကျွန်မ ဘာလုပ်မှာလဲ၊ mid term တွေရှိသေးလို့ လုပ်ရအုံးမယ်၊ ညစာက အသင့်စားတစ်ခုခုစားပြီးတော့၊ကျွန်မအိပ်မယ်၊ မနက်ကျရင် ကျွန်မဟာ ပုံစံခွက်ထဲက ကျွန်မလို မိန်းခလေးတွေအများကြီးထဲက တစ်ယောက်ဖြစ်သွားမယ်၊တစ်ယောက်ယောက်ရဲ့ လက်ကိုသာ သွားပြီး ဆုပ်ကြည့်လိုက်၊ အရောင်အစင်းမဲ့တဲ့ ဖွယ်တယ်တယ် အေးစက်မှုကြီးရှိတယ်၊ သိလား၊ ကျွန်မတို့ အကုန်လုံးက Summer palace ထဲက ယုဟုန်လိုပဲ အသည်းကကွဲထားပြီးသားတွေ၊

နတ်ကွန်းကိုရောက်လာတယ်၊
ဒေါင်းကတော့ ပေါ့ပေါ့တန်တန်ပဲ ဆုတောင်းလိုက်တယ်၊ယူမီကတော့ တစ်ကယ်ကို ယုံယုံကြည်ကြည်နဲ့ ဆုတောင်းတယ်၊မိန်းမတွေက ကြွက်ကလေးနဲ့ သွားလှလှလေးလဲတဲ့ မိန်းခလေးတွေအဖြစ်ရှိနေဆဲပဲလို့ ဒေါင်းကတွေးနေတယ်၊ ပြီးတော့ ယူကီ ဆုတောင်းနေတာကလည်း ကြည့်လို့ကောင်းတာတော့အမှန်ပဲ၊
ဒေါင်းက ဆိုင်ကယ်ကို သွားပြီးတွန်းယူလာလိုက်တယ်၊ယူကီရဲ့ အပြန်နေရာမေးတော့ ဒေါင်းနဲ့ တစ်လမ်းထဲပဲ၊
အပြန်လိုက်ခဲ့လေ ဆိုတော့ မငြင်းဘူး၊ ဒေါင်းက ဦးထုပ်လေးဆောင်းပေးလိုက်တယ်၊ ညစာသွားစားအုံးမလားမေးတော့ မအားဘူး၊စာလုပ်စရာရှိသေးတယ်လို့ ငြင်းတယ်၊ ဒေါင်းစိတ်ထဲ တွေးမိတာကတော့ သူပဲ စောနကကြ ညစာကို အသင့်စားတွေနဲ့ မှောင်မည်းနေတဲ့ အခန်းထဲစားရမှာဆိုပြီးတော့လို့တွေးတယ်၊

ဆိုင်ကယ်တွေက ရှုပ်တယ်၊ကားတွေက ရှုပ်တယ်၊လမ်းကို သတိထားပြီးမောင်းရတယ်၊ သူ့ရဲ့အင်ကျီကို ဆုပ်ထားတဲ့ လက်သီးလေးကို စိတ်ထဲထားရတာပေါ့၊ ယူကီတို့ တိုက်ရှေ့ရောက်တော့ စိတ်ထဲတောင်နည်းနည်း ဟာသွားသလိုပဲ၊ ဒီနေ့အတွက် ကျေးဇူးတင်ပါတယ်လို့ ယူကီက ပြောတော့မှ ဒေါင်းလည်း မေးလိုက်တယ်၊
ဖလင်ကင်မရာ ဘယ်နေ့သွားတယ်မှာလဲလို့၊ အဆင်ပြေရင် သူလိုက်ချင်လို့လို့ပြောတယ်၊
ယူကီက သူငယ်ချင်းနဲ့ သွားမလို့ သူမအားသေးလို့စောင့်နေတာလို့ပြောတယ်၊ သွားဖြစ်ရင်ပြောမယ်လေဆိုပြီး Social account တောင်းလိုက်တယ်၊ နောက်ပြီး BB ဆိုပြီး ယူမီ တိုက်ထဲကို ဝင်သွားတယ်၊ ယူမီရဲ့ မျက်နှာက ဟိုဘက်ကိုလှည့်သွားကတည်းက ပြုံးနေတာ၊ ဒေါင်းကတော့ ဒါတွေမသိဘူး မီးခြစ်ပျောက်သွားလို့ ဆေးလိပ်သောက်ဖို့ ပီက ပီက နဲ့ မီးခြစ်ငှားနေတယ်၊ ဆိုင်ကယ်ကြီး ဒေါက်ထောက်ပြီးတော့ပေါ့။.။။။။

06/01/2025

ချမ်းအေးဝင်းရဲ့ ရေတွင်းထဲကနေ ပေါ်လာတဲ့ ကိုပေါ

ကျွန်တော်တို့နေတဲ့ မန္တလေးမှာက ဝင်းတွေရှိတယ်၊ဝင်း ဆိုတာက လေးထောင့်ကွက်တစ်ခုရဲ့ ကြားထဲမှာ ရေသောက်မြစ်တွေတွေလိုမျိုးရှိနေတဲ့ လမ်းကြားလေးတွေ၊ကျွန်တော်တို့ဝင်းထဲမှာ ရေတွင်းတစ်ခုရှိတယ်၊ကျွန်တော်တို့ နွေရာသီရေရှားရင် အဲ့ဒီမှာလက်နဲ့ငင်ပြီးချိုးရတယ်၊အဲ့ဒီရေတွင်းဘေးမှာ ပိုင်ရှင်က ဂရုမစိုက်တော့တဲ့ မြေကွက်လပ်တစ်ခုရှိတယ်၊ကျွန်တော်တို့ရဲ့ကစားကွင်းပေါ့၊
ကျွန်တော့်အသက် ၇နှစ်မှာ အဲ့ဒီတွင်းထဲကနေ လူတစ်ယောက်ထွက်လာခဲ့တယ်၊ ဒါပေါ့ ခန္ဓာကိုယ်တစ်ခုလုံးတော့ ရွံတွေပေနေတာပေါ့၊ကျွန်တော်က အဲ့တုန်းက ဝင်းထဲမှာမရှိဘူး၊ဘယ်လဲမသိဘူး ခရီးသွားနေတာ၊ကြာပြီဆိုတော့ မှတ်ညဏ်တွေကဝါးကုန်ပြီ၊ကိုပေါ အကြောင်းကိုပြန်လာမှ သူများပြောမှသိခဲ့ရတာ၊သူ့ကို ရေတွင်းထဲကနေတက်လာတာတွေ့တာ၊အကုန်လုံးက နေ့ခင်းကြောင်တောင်ကြီး သရဲခြောက်တယ်ထင်ကုန်ကြတာပေါ့၊တွေ့ရတာက အသက် ၁၀နှစ်အရွယ်လောက် ကလေး တစ်ယောက်ဖြစ်ပြီး သူ့မျက်လုံးတွေက စိမ်းဖန့်နေတာ၊ရေတွင်းနံရံက ရေညှိတွေရဲ့ အရောင်မျိုး၊နောက်မှသာ သာမန်ဖြစ်သွားတာ၊ အဲ့ဒီတုန်းက အကုန်လုံး စိတ်လှုပ်ရှားနေတယ်၊ထဘိန်ကျွတ်အောင် ထွက်ပြေးတဲ့သူကပြေး၊မူးပြီး စိန်ခေါ်တဲ့ သူကခေါ်၊အဲ့ဒီတုန်းက ကိုပေါက ရွံတွေကြားကနေ သူတစ်ခါမှ မမြင်ဖူးတဲ့သူတွေကို ကြောင်ပြီး စိုက်ကြည့်နေတာ၊ကျွန်တော်တို့ကလည်း သူ့ကိုတစ်ခါမှမမြင်ဖူးဘူး၊
အဲ့ဒီကလေးကို ဘယ်သူကများ စခေါ်လိုက်လဲမသိဘူး၊ငဘောလို့၊နာမည်တွင်သွားတယ်၊နောက်ကြမှ ငပေါဖြစ်လာတယ်၊အဲ့ဒီကနေ ကိုပေါဖြစ်လာတယ်ပေါ့၊စောနကပြောခဲ့တဲ့ မြေကွက်လပ်ထဲက အုတ်တံတိုင်းဘေး၊သစ်ပင်အောက်မှာ ဂုန်နီအိတ်လေးတွေခင်းပြီး နေတယ်၊သူ ၁၆နှစ်လောက်အရွယ်မှ အိမ်ထဲမှာ စနေဖူးတာ၊အသက်၁၂နှစ်အရယ်လောက်အထိ စကားမပြောတတ်ဘူး၊အအနဲ့ လက်ညှိုးထိုးပြီးသူလိုချင်တာ တောင်းတတ်တယ်၊နောက်ကြလည်း ရက်ကွက်က သူ့ကိုလက်တိုလက်တောင်းလေးတွေခေါ်ခိုင်းပြီး မုန့်ဖိုးတွေ၊မုန့်လေးတွေပေးကြတယ်၊နောက်ကြဖြည်းဖြည်းချင်း စကားပြောတတ်လာပြီ၊ဒါပေမဲ့ အူတယ်၊အရပ်က ၅ပေလောက်ပဲရှိပြီး ထပ်တက်မလာတော့ဘူး၊ကျွန်တော်တို့က သူ့ကိုအဲ့ဒါနို့မစို့ခဲ့ရလို့လို့နောက်တယ်၊သူကရီနေတယ်၊သူ့တောက်တိုမယ်ရအလုပ်လေးတွေအားရင်တော့ ကျွန်တော်တို့အရွယ်ကလေးတွေကြားမှာဆော့တယ်၊လမ်းကြားထဲဘောလုံးကန်တဲ့အချိန်ဆိုရင် တဇောက်ကန်းဝင်တယ်၊လူတွေကိုရော၊လမ်းကြားမှာရပ်ထားတဲ့ ဆိုက်ကားတွေကိုရော၊ဖြတ်သွားတဲ့ ဆိုင်ကယ်တွေကိုရော၊ကျွန်တော်တို့ကျောင်းသွားနေတဲ့အချိန်ဆို သူကမနက်ပိုင်းဖွင့်တဲ့ရှမ်းခေါက်ဆွဲဆိုင်မှာကူလုပ်ပြီး ညနေဘက်ဆို ထမင်းဆိုင်ကို ကူပြီးသိမ်းတာမျိုး၊ပြီးတော့ ရေတွင်းမှာပဲ ရေငင်ပေးတာမျိုး၊စဉ့်အိုးတစ်အိုးကို ၂၀တို့ ၅၀တို့၊နည်းနည်းလေးလူကောင်ကြီးလာတော့ ကားဂိတ်တွေမှာ ကုန်တင်ကုန်ချလုပ်တယ်၊သာမန်ရက်ကွက်ထဲကသူတွေလိုဖြစ်လာပြီး သူ့ရဲ့ထူးဆန်းတဲ့အတိတ်အကြောင်းတွေ ဘယ်သူမှတွေးမနေတော့ဘူး၊နောက်တော့ အဲ့ဒီကားဂိတ်နားမှာရှိတဲ့ ဖိနပ်ဆိုင်ကသူတစ်ယောက်နဲ့ရတယ်၊သူ့မိန်းမက ဘယ်နယ်ကလဲတော့မသိတော့ဘူး၊ဓမ္မာရုံမှာပဲထမင်းကျွေးတယ် မဂ္ဂ်လာဆောင်ကို၊သူကပြုးဖြီးနေခဲ့တာပေါ့၊စိမ်းဖန့်တဲ့ သူ့မျက်လုံးတွေဟာလည်း အရောင်တွေနဲ့ဝင်းတောက်နေတယ်၊
ရက်ကွက်ထဲမှာလည်း သူ့ကိုလူချစ်လူခင်ပေါကြပါတယ်၊ရက်ကွက်ဆွမ်းလောင်းတဲ့ ဓမ္မာရုံမှာလည်း ထင်းတွေကိုသူချည့်ပဲခွဲတာ၊သာရေးနာရေးရှိလည်း သူကဝင်လုပ်လိုက်တာပဲ၊ကျွန်တော့်အဘိုးကဆို သူ့ကိုသဘောကျတယ်၊တစ်ခါတစ်လေ သူတို့နှစ်ယောက်တည်း လမ်းကြားထဲက ရေမြောင်းဖုံးတွေကို ညှိဖို့လုပ်နေတာ၊မနေနိုင်တဲ့သူတွေက တွေ့ရင်ဝင်လုပ်ပေးရတယ်၊များသောအားဖြင့်ကျွန်တော်ပေါ့၊ပြီးရင်တော့ အဖိုးကသူ့ကိုလက်ဖက်ရည်ဖိုးပေးတယ်၊သူကလည်း ဘဘ ဘဘနဲ့နှုတ်ဆက်တယ်၊အဘိုးနဲ့ မန်ယူအကြောင်းတွေလည်းပြောကြတယ်၊အဲ့ဒီတုန်းကသူတို့တွေ ပြုံးပြုံးပြုံးပြုံးနဲ့၊အခုတော့ အဘိုးလည်းအသက်ကြီးသွားပြီ၊ကိုပေါလည်းဆုံးသွားပြီ၊ကျွန်တော်လည်း ကစားနေတဲ့ ကလေးလေးမဟုတ်တော့ဘူး၊အချိန်ကာလတွေက စက်လှေကားတွေလိုမျိုး ကျွန်တော်တို့ကို သယ်ဆောင်သွားနေခဲ့တယ်၊ကျွန်တော်တို့ရဲ့ ပိုမိုကျဉ်းမြောင်းလာတဲ့ လူမှုရေးစက်ဝိုင်းတွေဆီကို၊
အခုထိ ကျွန်တော်က တွေးမိနေတုန်းပဲ၊ကျွန်တော်က မန္တလေးရဲ့ ဆောင်းတွင်းမနက်ပိုင်းမှာ အိမ်ထဲကို နေရာင်ကျနေပြီး ရှေ့ကိုတစ်လှမ်းတိုးတဲ့အခါ နေရာင်ထဲကိုရောက်ပြီးတဲ့နောက် အိမ်ထောင့်က အရိပ်ကျတဲ့နေရာကို လှမ်းကြည့်မိတဲ့အခါမှာ အေးစက်တဲ့ စိမ်းခြင်းအငွေ့အသက်နဲ့အတူ ပင့်ကူမျှင်တွေယက်နေတဲ့ ပိုက်ကွန်တွေလိုမျိုး တစ်ခုနဲ့တစ်ခုချိတ်ဆက်နေတဲ့ မှတ်ညဏ်တွေ။အိမ်အပေါ်ထပ်ကို လျှံကျလာတဲ့နေရောင်က နွေးနေခဲ့တာပဲ၊ခုထိမျက်စိတ်ကိုမှိတ်ပြီး အဲ့ဒီခံစားမှုတွေကို ပြန်တွေးလို့ရတယ်၊
ကျွန်တော်တို့အိမ်ကလည်း သူ့ကိုခေါ် ခိုင်း တယ်၊အဲ့တာကြောင့် ကျွန်တော်နဲ့လည်းရင်းနီးတယ်၊ငယ်ငယ်ကတည်းက ဂိုးဖမ်းတာနဲ့ ကစ်တာကို တစ်လှည့်စီဆော့ခဲ့ကြတယ်၊ကိုပေါ အကြမ်းကြီးကစ်ရင် အိမ်နဲ့ပြန်တိုင်မှာနော်လို့ ခြိမ်းခြောက်စရာမလိုဘူး၊သူကကျွန်တော့်ကိုညှာပါတယ်၊ကျွန်တော်က သူ့ကို ဒီကမ္ဘာကြီးနဲ့ ဂြိုလ်တွေ၊စကြာဝဠာကြီးက အခြားအကောင်အကြီးကြီးတစ်ကောင်ရဲ့ ကိုယ်ပေါ်မှာရှိနေကြာင်း ဥပမာ ကြောင်တွေပေါ်က သန်းတွေလိုမျိုးလို့၊ကျွန်တော်တို့နဲ့ အဲ့ဒါကြီးဆိုတာက အရမ်းကွာလွန်းလို့သာ မမြင်ရတာဖြစ်ကြောင်းရှင်းပြတယ်၊ကြောင်တွေထိုင်ထလှုပ်ရှားနေရင် ကြောင်တွေပေါ်ကသန်းတွေလည်း လှုပ်နေမှာပဲ၊ဒါပေမဲ့ပြုတ်တော့ မကျကြောင်း၊ ငလှုပ်လုပ်တာဆိုတာက အဲ့ဒီကောင်ကြီး အကြောဆန့်တာဖြစ်နိုင်ကြောင်း ရှင်းပြတယ်၊သူက ကျွန်တော်ပြောသမျှယုံတယ်၊သူကလည်း ကျွန်တော့်ကို သီချင်းတွေထဲမှာ ပေါက်ကရစာသားတွေ ဖျက်ဆိုတဲ့အကျင့်သင်ပေးသွားတယ်၊
နောက်တော့ ကျွန်တော်တို့လည်း အသက်နည်းနည်းကြီးလာကြတယ်၊ကျွန်တော်က ကျောင်းစာတွေနဲ့ အလုပ်ရှုပ်နေပြီ၊သူကလည်း လူပျိုပေါက်ဖြစ်နေပြီ၊ကျွန်တော်စားနေကြ ဝက်သားတုတ်ထိုးဆိုင်က သူတို့ဂိတ်နားမှာဆိုတော့ ဆိုင်မှာတစ်ခါတစ်လေဆုံနေကြသေးတယ်၊နောက် အဲ့ဒီနှစ်တွေအတွင်းမှာ အရာရာဟာ မြန်မြန်ဆန်ဆန်ပြောင်းလဲသွားတယ်၊အနီရောင်မီးသတ်မျှော်စင်ကြီးကို အဖြူရောင်ဆေးမှုတ်လိုက်တယ်၊ ဝင်းထိပ်ကလမ်းမကြီးက ဝမ်းဝေးကနေတူးဝေးဖြစ်သွားတယ်၊ရုတ်တရက်ကြီးထပြောင်းတော့ လူတွေကကျင့်သားမရသေးပဲ ဆိုင်ကယ်တွေတိုက်တယ်၊နောက် တရုတ်ဆိုင်ကယ်တွေကို လိုင်စင်လုပ်ခွင့်ပေးလိုက်တယ်၊အဲ့ဒီနောက်ပိုင်း ဆိုင်ကယ်တွေအရမ်းပေါလာတယ်၊မန္တလေးကစက်ဘီးတွေ အညာဘက်ကရွာတွေဆီရောက်သွားတယ်၊ထီးလေးနဲ့ ခုံလေးချပြီး ပိုက်ဆံပေးပြီးပြောရတဲ့ ဖုန်းဆိုင်တွေမရှိတော့ဘူး၊၇၈လမ်းကပလာဇာအသစ်ကြီးမီးလောင်တယ်၊သူ့နောက်မှာအသစ်ထပ်ဆောက်တဲ့ကျွန်တော်တို့နားကပလာဇာအသစ်ကြီးလည်းမီးလောင်တယ်၊တနင်လာနေ့စုဝေးကွင်းထဲမှာနိုင်ငံတော်သီချင်းဖွင့်နေတုန်းပလာဇာဘက်ကလွင့်လာတဲ့ပြာတွေကြောင့်ကျွန်တော်တို့ကျောင်းအုပ်ဆရာကြီးဆိုခေါင်းငုံပြီးအလေးမပြုနိုင်ဘူး၊ခေါင်းမော့ပြီးကြည့်နေတယ်၊ကာယဆရာဆိုခေါင်မိုးပေါ်ထိတက်ကြည့်ပြီးမီးသတင်းကိုပြောတယ်၊ဆရာမတွေတောင်စုရုံးစုရုံးနဲ့စာသင်ဖို့မေ့နေခဲ့ကြတယ်၊ အဲ့ဒါတွေပြီးတော့ကျွန်တော်တို့ရက်ကွက်ဘုရားပွဲမှာ လူသတ်မှုဖြစ်တယ်၊ဆူနာမီတွေ ၉/၁၁တွေ၊နောက် ၈ပေစလောင်းတွေ၊ကိုရီးယားဇာတ်လမ်းတွဲ၊ရွှေဝါရောင်နှစ်ကာလတွေ။
နောက်မန်ယူကနေဖာဂူဆန်နားတယ်၊အဘိုးက ဘောလုံးပွဲမကြည့်တော့ဘူး၊ကျွန်တော်တက္ကသိုလ်တက်တော့ ကိုပေါကမိန်းမရနေပြီ၊ကျွန်တော်တို့ဟာတစ်ရက်ကွက်ထဲနေပြီးတစ်လမ်းထဲကိုတူတူသုံးနေပေမဲ့ ကျွန်တော်တို့ရဲ့မတူညီတဲ့ကိုယ်ပိုင်ရေစီးကြောင်းတွေထဲမှာစတင်မျောပါနေခဲ့ပြီ၊ကိုယ်စီကိုယ်ငှရဲ့ သီးခြားနယ်နမိတ်တွေဆီ၊
ကျွန်တော်အလုပ်လုပ်တော့ ကိုပေါကအရက်သောက်နေပြီ၊ကျွန်တော်တို့ရက်ကွက်ထဲမှာ ကိုပေါလိုလူတွေအများကြီးပဲ၊အရွယ်ရလာတဲ့အခါမှာ ညိုနေတဲ့မျက်နှာပေါ်မှာ တွေ့ရတာကမနက်ဖြန်ဆိုတာဟာလည်း ပင်ပမ်းဆင်းရဲမှုတွေနဲ့ စောင့်ကြိုနေတဲ့တံခါးဆိုတာကိုသိသွားတဲ့နောက်အထူးတလည်မကြိုဆိုပဲ အရက်သောက်ရင်းပဲလွင့်နေခဲ့ကြတယ်၊နှစ်ပေါင်းများစွာ ဝတ်လာခဲ့တဲ့ ဘောင်းဘီတွေကို လျှော်ဖွတ်ပြီးနေရောင်ထဲလှမ်းထားပါစေ ပြန်လည်ချွတ်မရတဲ့ အစွန်းတွေနဲ့အတူ လေတိုက်တိုင်းလွှင့်ခါနေတဲ့ဘဝတွေပေါ့၊နောက်တော့ ကိုဗစ်တွေဖြစ်ပြီး စီးပွားရေးတွေပိုကြပ်လာခဲ့တယ်၊ကိုပေါတို့လိုလူတန်းစားအတွက်ကတော့ မြေနိမ့်ရာ လှံစိုက်တာပေါ့၊ငယ်ငယ်ကလို ကျွန်တော့်ကိုတွေ့ရင် ပြုံးပြတုန်းပဲ၊ဒါပေမဲ့ အဲ့ဒီအပြုံးကိုဝင်းစေခဲ့တဲ့ အသက်ရှင်ခြင်းကို တစ်စုံတစ်ခုက ဝါ နိုင်ငံတော်ကပေါ်တင်ပဲခိုးယူသွားပြီ၊ကျွန်တော်အနေနဲ့လည်း အလုပ်တစ်ဖက်နဲ့ဆိုတော့ ရက်ကွက်ထဲနဲ့ သိပ်အဆက်အစပ်မရှိတော့ဘူး၊တစ်ခါတစ်လေတော့ သူနဲ့ညဘက်တွေတွေ့ရင် ကျွန်တော့်ဆီက အရက်ဖိုးနည်းနည်းတောင်းတယ်၊ကျွန်တော်လည်းအဆင်ပြေရင်တော့ပေးတယ်၊နောက်ပိုင်းအခြေအနေတွေပိုပိုဆိုးလာတယ်၊ကိုပေါက နေ့ဘက်တွေလည်းသောက်နေပြီ၊တစ်ခါတစ်လေ ရက်ကွက်လမ်းကြားထဲမှာ ပုဆိုးခြုံပြီးအိပ်ပျော်နေတယ်၊သူ့မိန်းမနဲ့လည်းအဆင်မပြေတော့ဘူးကြားတယ်၊
တစ်ညမှာ ကျွန်တော်က ရက်ကွက်လမ်းကြားထဲမှာ ဝိသောက်ဖို့ဆင်းလာခဲ့တယ်၊အိမ်မှာသောက်ရင်အနံ့ရပြီး အိမ်ကပြောနေမှာစိုးလို့၊ လမ်းကြားထဲမှာ ကိုပေါက မူးပြီးအိပ်နေတယ်၊ကျွန်တော်လည်း ဘေးကအုတ်ခုံပေါ်ထိုင်ရင်း ရှို့နေတယ်၊ တစ်ဝက်လောက်ရောက်တော့ ကိုပေါနိုးလာတယ်၊ ကျွန်တော့်ကိုအိပ်ချင်မူးတူးနဲ့ပြုံးပြပြီး ၂၀၀၀လောက်တောင်းတယ်၊ကျွန်တော်ပေးလိုက်တော့ သူက စက်ဘီးလေးနဲ့ထွက်သွားတယ်၊ပြန်ရောက်လာတော့ ရေသန့်ဘူးလေးနဲ့၊အထဲကတော့ ရေတွေမဟုတ်ဘူး၊အရက်တွေပေါ့၊သူလည်းသူ့ဟာသူ ဆက်သောက်တယ်၊ကျွန်တော်လည်း လိုင်းသုံးရင်း ကျန်နေတဲ့တစ်ဝက်ကိုဆက်သောက်တယ်၊သူက ဘောလုံးပွဲသတင်းတွေကျွန်တော့်ကိုမေးတယ်၊အဲ့ဒီနေ့က အဲ့လမ်းထဲမှာ ကျွန်တော်တို့ပဲရှိတယ်၊ကျန်တဲ့သူတွေက မီးလာတုန်းလေး မီးသုံးနေကြတယ်၊ကျွန်တော်လည်း ကုန်သွားလို့ ပြန်တော့မယ်ဆိုပြီး ကိုပေါကို နှုတ်ဆက်ဖို့လုပ်တော့ သူကသောက်ရင်းငိုနေတယ်၊ခါတိုင်းက သူငိုတာမမြင်ဖူးပါဘူး၊သူ့ကိုဂရုစိုက်မယ့်သူ ဘယ်သူမှမရှိတော့ မငိုဖြစ်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်၊
ကျွန်တော်က ဘာလို့လဲမေးတော့ ကျွန်တော့်ကို ဖြေတယ်၊ ငါ့မိန်းမက ဝင်းအောင်နဲ့အိပ်နေတာတဲ့၊ ငါမိသွားလို့မေးလိုက်တော့ ဆန်ဖိုးမရှိလို့ လို့ပြောတယ်တဲ့၊ပြီးတော့ သူကကြိတ်ပြီး ဆက်ငိုနေတယ်၊ကျွန်တော်လည်း ဘာပြန်ပြောရမှန်းမသိလို့ သူ့ဘက်ကရှိပါတယ်ဆိုတဲ့ သဘော သူ့အတွက်သက်ပြင်းချလိုက်တယ်၊အဆင်ပြေသွားမှာလည်း ပြောလို့မရဘူး၊အမဲရောင်အမှောင်ထုကြီးက သူ့ဆီမှာရှိနေပြီး သူ့ကိုဝါးမြိုသွားမှာကို နှစ်ယောက်စလုံးက မပြောလည်း သိနေပြီ၊နောက်တော့ သူကကျွန်တော့်ကို ပြန်တော့မှာမလားလို့ ပြောပြီး အိမ်ထဲဝင်ခိုင်းလိုက်တယ်၊ကျွန်တော်လည်း မွန်းကြပ်နေလို့ သူ့ကိုနှုတ်ဆက်ပြီး အိမ်ထဲပြန်ဝင်လိုက်တော့တယ်။
နောက်နှစ်လလောက်နေတော့ ကိုပေါ ဆုံးသွားတယ်၊ကျွန်တော့်ကိုသူ့ကိစ္စပြောပြီးရက်နည်းနည်းနေတော့ သူ့မိန်းမက ရွာပြန်သွားတယ်၊ကျွန်တော်က သူဆုံးတုန်းက အလုပ်ကိစ္စနဲ့ ကလောဘက်ရောက်နေတော့ ပြန်လာမှ နာရေးသတင်းကိုသိတယ်၊ သူ့နာရေးကိုသူ့မိန်းမလည်းမလာဘူး၊ငိုတဲ့သူလည်းတစ်ယောက်မှမရှိဘူး၊ဘီယာဆိုင်မှာ ကိုပေါအကြောင်းပြောဖြစ်တော့ သူနဲ့သောက်ဖော်သောက်ဖက်တစ်ယောက်က ကိုပေါရဲ့နောက်ဆုံးဆန္ဒကိုပြောတယ်၊သူ့ရဲ့ပြာတွေကို သူလာခဲ့တဲ့ရေတွင်းထဲကို ကြဲစေချင်တာပါတဲ့၊ဒါပေမဲ့ ရက်ကွက်ကလုပ်မပေးပါဘူး၊ ဒါက ဗမာထုံးစံလည်းမဟုတ်ဘူး၊နာရေးတောင် ရက်ကွက်ကလုပ်ပေးရတာကို၊ရက်လည်အထိ ဖဲဝိုင်းလုပ်ပြီးတဲ့နောက် အကောက်ရတာတွေနဲ့ ရက်ကွက်ဆွမ်းလောင်းတဲ့အခါ အလှူငွေထည့်လိုက်တယ်၊ကိုပေါတစ်ယောက် ကောင်းရာမွန်ရာရောက်ပါစေပေါ့၊
နောက်ကြလည်း ကွယ်လွန်သူကို စကားစပ်ဆက်မိတဲ့အခါကြမှပဲ သတိရကြတော့တယ်၊ကျွန်တော်တို့ ကိုပေါအကြောင်းပြောဖြစ်တာက မက်ဆီ ကမ္ဘာ့ဖလားရတဲ့အခါပဲ၊ဘာလို့လဲဆိုတော့ သူကအရပ်ပုတော့ ဘောလုံးကန်တဲ့အခါ သူ့ကိုယ်သူမက်ဆီလို့ပြောရင်း သူကမက်ဆီဖန်ဖြစ်သွားတာ၊ ၂၀၁၄ မှာ မက်ဆီတို့ ဗိုလ်လဲပွဲမှာ ရှုံးတော့ ကိုပေါမှာ တောက်တွေတစ်ခေါက်ခေါက်နဲ့ အာဂျင်တီးနားတစ်သင်းလုံးကိုဆဲနေခဲ့တာကိုး၊
ခုတော့ မက်ဆီ ကမ္ဘာ့ဖလားရတာကို ကိုပေါမတွေ့လိုက်ရဘူးပေါ့၊


ကျွန်တော်က Yi Yi ဆိုတဲ့ ထိုင်ဝမ်ကားကိုကြည့်နေပြီးကြိုက်နေတာ၊ပြီးတော့ ရိုက်လာတဲ့ ဓာတ်ပုံတစ်ပုံကို ပြင်နေတာ၊ပြင်ရင်းနဲ့ Yi Yi ကိုပြန်တွေးမိတာ၊အဲ့ဒီကနေမှ ကျွန်တော့်အဘိုးအကြောင်းတွေးမိတာ၊ကျွန်တော့်အတွက် အချို့ဇာတ်ကားတွေ စာအုပ်တွေက ကိုယ်မေ့နေတဲ့ အကြောင်းတွေကိုပြန်ပြီး သော့ဖွင့်ပေးတတ်တယ်၊အဘိုးအကြောင်းကနေမှ ကိုပေါက ဆောင်းမနက်ခင်းတွေမှာ အဘိုးကို သူမေးနေကြအတိုင်းမေးနေတာကို ပြန်သတိရသွားစေတယ်၊ သူမေးလေ့ရှိတာက ဒီလို၊ ဘဘ ညကမန်ယူနိုင်သွားလားဆိုပြီး၊ဘိုးဘိုးက သူ့ရေဒီယိုကို နားထောင်နေတာ ရပ်ပြီးပြန်ပြောတယ်။

03/10/2024

သင့်အတွက် မနက်ဖြန် (၂)

ကော်ဖီတွေ လေးခွက်လောက်သောက်ပြီးမှ တန်အောင်လို့ စာတွေတွန်းရေးရတယ်၊ ဘယ်တော့မဆို ဒုတိယစာကြောင်းတွေကခက်ခဲတာကြည့်ပဲ၊အနက်ရှိုင်းဆုံး အိပ်မက်တွေ၊ ပြီးတော့ မသိစိတ်ထဲ ထိုးဝင်နေတဲ့ သံချောင်းတွေ၊အားလုံးလိုလိုဟာ စကားလုံးတွေဆီက ရယူထားတဲ့ မျက်ရည်ခြောက်တွေ၊သင်တို့အားလုံးလည်း တစ်ချိန်မှာ ချက်ချင်စိတ်ပဲရှိပြီး စားချင်စိတ်မရှိတဲ့ ကာလဆီရောက်ရမှာ၊ဘဝဆိုတာ ဖြုန်းတီးပစ်မှတန်မယ်ဆိုတာကို သင့်ရဲ့ ပုရောဖတ်က ဟောမှာ၊အမှောင်ထဲက မျက်လုံးတွေအတွက် သင်ဟာ သင့်ရဲ့ ခွန်အားနဲ့ လဲရမှာ၊ဒီခေတ်ကြီးထဲမှာ အားလုံးဟာ ရေသူမကျွန်းသားတွေဖြစ်နေမှာ၊ရောက်ရှိလာမဲ့ သင်းဘောသားတွေကို သင်တို့ ဆွဲဆောင်စားသုံးပစ်မှာ၊သင်မွေးဖွားတဲ့နယ်စပ်မြို့လေးရဲ့ အဝေးမှာ သင်ဟာ ညစာတစ်ယောက်တည်းစားရမှာ၊သင့်မိတ်ဆွေတွေမရှိတဲ့ ခရစ်စမတ်ကို သင်ဖြတ်သန်းရမှာ၊ ဒိုးနတ်တွေ လေးငါးခုကို အားရပါးရစားတဲ့ အမေရိကန်ရဲကြီးက သင့်ကိုလည်ပင်းညှစ်မှာ၊သင်ဟာ သူရဲကောင်းဖြစ်သွားမှာ၊သင်ဝတ်ထားတဲ့ ဝတ်စုံအောက်က အရိုးခြောက်တစ်စုံဟာ ဇာတ်တော်ထဲက ဓာတ်တော်တွေလို ကိုးကွယ်ခံရမှာ၊နေရောင်ခြည်က သင့်ခန္ဓာကို ဖြတ်သန်းသွားမှာ၊သင်ဟာ မိုးအုံ့တိုင်း ကိုက်ခဲနေတဲ့ ခြေတွေလက်တွေကိုဖြတ်ပစ်မှာ၊ပြီးတော့ အရာအားလုံး ထာဝရတည်မြဲနေမယ်လို့ ထင်ရတဲ့ နိဗ္ဗန်ဇာတ်တော်ကြီးထဲမှာ သင့်လက်ဟာသွေးစွန်းမှာ၊ ထာဝရဘုရားကို သတ်ပြီးမှ ထာဝရ နောင်တရမဲ့ အမိုက်အမဲဟာ သင့်လက်ဖျံရိုးထဲ ပုန်းနေတဲ့ သင့်သားဖြစ်လာမှာ၊ပန်းပွင့်တွေရဲ့ ရနံ့ကို သင်ဟာ အမြဲရှူသွင်းနေရမှာ၊သင့်လက်ထဲမှာ တစ်ကျဉ်ကျဉ်တုန်နေတဲ့ ဗိုင်ဘရေတာကို သင်ဆုပ်ကိုင်ထားမိခဲ့မှာ၊သင်တည်ဆောက်တဲ့ အဓိပ္ပာယ်ဟာ လေထဲက ဖုန်မှုန့်လို လူမသိသူမသိပျောက်ကွယ်သွားမှာ၊သင်ကိုးကွယ်တဲ့ အနုပညာပစ္စည်းတွေဟာ ငွေကြေးခဝါချဖို့ အသုံးချခံဖြစ်လာခဲ့မှာ၊ သင့်ရဲ့ ပန်းချီဟာ ဗိုင်းရပ်တွေဖြစ်လာမှာ၊သင့်တေးသွားတွေဟာလေထုထဲ ပျံလွ့င်လာလို့ လူတိုင်းနားကြပ်တပ်တဲ့ခေတ်ကြီးဖြစ်မှာ၊သင်ထိုင်နေတဲ့ ဝရန်တာက ခုံပုဟာ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် သံပုလ္လင်ဖြစ်လာမှာ၊ပြီးတော့ သင့်ဖင်ကို ပြန်ရှမှာ၊ သွေးနံ့ကြောင့် ကုန်းပေါ်တက်လာတဲ့ ငမန်းစစ်သည်တွေကို သင်မသေခင်နောက်ဆုံးတွေ့ရမှာ၊သင့်ကိုရေချလိုက်မှာ၊ သင်ဟာမျောပါသွားတဲ့ ပွင့်ဖတ်တစ်ချပ်အဖြစ် အလှပဆုံးပြောင်းလဲသွားမှာ၊နောက်ဆုံးတော့ သင့်လိုပွင့်ချပ်တွေမျောနေတဲ့ ပင်လယ်ကြီးကို တစ်စုံတစ်ယောက်က တစ်ခုခုအော်ပြောမှာ၊

25/08/2024

ဟင်းသာတို့ရဲ့ နန်းတော်ရှေ့

ကိုယ်လေ
နန်းရှ့အကြောင်းတွေးနေတယ် ဒီနေ့
ကိုယ်တို့ဆိုင်ကယ်တွေရဲ့ ဘီးရာတွေထင်နေတဲ့ လမ်း
ရေတွေ မုန့်ဆိုင်တွေ
လမ်းကြားလေးတွေ မီးရထားလမ်းလေး

ဒါတွေမတိုင်ခင်ကပေါ့
ကိုယ်ထင်ခဲ့တာတွေက
ကိုယ်တို့တွေက ထိုးဖောက်ဝင်ရောက်လာကြတယ်
လူမှူနေထိုင်မှုဘဝသစ်ထဲကို။
ပြောင်းလဲခြင်းအသစ်ကိုယူဆောင်လာပေးသူမှန်သမျှကတော့
ဘုရားသခင်လို ဆက်ဆံမခံရပါဘူး
သူစိမ်းတို့ရဲ့မြေမှာ တိုက်နေတဲ့
အေးစက်စက်လေထုကြားမှာ ကိုယ်က မတုန်မလှုပ်ပါပဲ
အနွေးဓာတ်ကိုတော့ မျှော်လင့်ခဲ့ပါတယ်
ခုန်လာတဲ့ရင်တွေ ကြုံလာခဲ့ရင် ထရိုဂျန်မြင်းရဲ့ အသားကိုလှီးပြီး ရေခဲနဲ့မြိုပစ်မယ်
ဘူတန်မှာဖြစ်ဖြစ် ရှမ်းဘဲလားဖြစ်ဖြစ်

ရှမ်းမမနဲ့ တူတဲ့ဆိုင်လေးမှာ ကိုယ်ညစာစားနေတယ်
ပြီးရင် ကိုယ်မြို့ထဲ ပတ်လှည့်ကြည့်မယ်,
ဝံပုလွေတွေရဲံ သီချင်းသံလည်း ကိုယ်ကြားတယ်
ယုန်တွေ ဒရယ်တွေရဲ့ အသံတွေရော
ကိုယ့်မျက်လုံးတွေကို ကိုယ်ဖောက်စားနေတဲ့
မျိုးစိတ်တွေလည်း ကိုယ်ကြုံပြီးပြီ
ကိုယ်သိတဲ့အချို့တောင် စွဲကပ်ခံရပြီးပြီ
ကိုယ်ဆို သူတို့ရှေ့မှာ ကိုယ့်ရွေးချယ်ချက်တွေရဲ့အတိမ်အနက်တွေကိုမပြောဘူး
ဖြစ်ချင်ရာဖြစ်နေတတ်တဲ့ ဗဟိုခွာအားတွေကြောင့်
နာမီ ရဲ့ Tempo တောင်ကြောင်နေခဲံတယ်
အဲ့ဒီနေ့က မေလ ၃၁
ကိုယ်တို့လေထဲကတိုက်အိမ်ဆို တော်တော်လေးဝှေ့ယမ်းခံရပြီးပြီ

တနေ့နေ့မှာပြန်ဆုံကောင်းဆုံမှာပေါ့၊
အရာရာဟာ တကယ်လှပနေရင်လည်းနေမှာပေါ့
ဝံပုလွေတွေက သက်သက်လွတ်ဘီယာတွေနဲ့တင် ရောင့်ရဲမှာပေါ့
အဲံဒါဆို ယုန်ပေါက်လေးတွေ ရှက်ရှက်နဲ့ ကရင်ကနေမှာပေါ့
ခြင်သေ့မကြီးကလည်း သူ့သမီးတွေကို တောမီးလောင်တဲ့နေရာဆီကနေ အချိန်မှီခေါ်လာနိုင်မှာပေါ့
ကျန်းမာရေး ဂရုစိုက်ဖို့ စာပို့ခိုတွေဆီကနေ လှမ်းပို့တယ်
ကိုယ်တ်ု့ဟာ ရေမကူးတတ်တဲ့ ပင်လယ်ဓါးပြတွေ
မေမေ့ရဲ့ နာကျင်လေသော နှလုံးသားက ကျောက်ဆောင်တွေပေါ်မှာ နားနေတာ ကိုယ်တို့တွေ့တယ်

Want your public figure to be the top-listed Public Figure in Mandalay?
Click here to claim your Sponsored Listing.

Category

Website

Address


Mandalay