Open Mind Library

Open Mind Library

Share

The Open Mind is a community library in Letpadan Township and it has 7,000 Myanmar and 1,000 English books. It was founded in 2007 by local readers.

Photos from Open Mind Library's post 30/04/2024

အခက်အခဲများကြားမှ Open Mind စာကြည့်တိုက်
ကိုထိမ်းသိမ်းစောင့်ရှောက်ခဲ့ပြီး
ကျေးလက်စာကြည့်တိုက် ၊ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကိုပါ ဆောင်ရွက်ခဲ့တဲ့
Open Mind စာကြည့်တိုက်ကော်မီတီဥက္ကဌ ဦတင်နိုင် ဧပြီလ ၂၈ ရက် ၂၀၂၄ တနလ်ာနေ့တွင်
ကွယ်လွန်အနိစ္စရောက်မှုအတွက်
မိသားစုနှင့်ထပ်တူ နှမြောတသ ဝမ်းနည်းမိပါသည်။

24/09/2022

နက်(စ်)ကော်ဖီ // နေဝင်းမြင့်

(ရွှေအမြုတေမဂ္ဂဇင်း၊ မေ၊ ၁၉၉၃)

---

(၁)

ဇီးချဉ်ကုန်းဟာ နာမည်နဲ့လိုက်အောင်ပဲ ဇီးချဉ်ပင်တွေ တောထနေတဲ့ ရွာကလေး။ အနီးဆုံးက ကျောင်းစုဆိုတဲ့ တိုက်နယ်အဆင့်ရွာနဲ့ကိုပဲ လေးမိုင်ကျော်ကျော်လောက် ဝေးတယ်။ ရေလည်း ရှား၊ နေလည်း ပူ၊ ဖုန်လည်း ထူတဲ့ ရွာတစ်ရွာလိုပါပဲ။ သိပ်တော့ မထူးဘူး။ ခေါင်တယ်၊ ဆင်းရဲတယ်၊ အိမ်ခြေနည်းတယ်။ ဇီးချဉ်ကုန်းက လူတွေဟာ ပစ္စည်း ပစ္စယလေးဝယ်ချင်လို့၊ ဥပုသ်သီတင်းလေးဆောက်တည်ဖို့ မုန့်လေး ပဲလေး၊ စားစရာ သောက်စရာလေးဝယ်ချင်ရင် ကျောင်းစုကိုပဲ သွားရတယ်။ ရွာမှာက ဈေးရှိတယ်ဆိုရုံကလေးပဲ ရှိတာကိုး။

ဒါပေမဲ့ ရွာမှ ဖြစ်လာပြီဆိုတော့လည်း စက်ဘီးပြင်ဆိုင်ကလေးတစ်ဆိုင်ရှိတယ်။ ဆံပင်ညှပ်ဆိုင်ကလေး တစ်ဆိုင်ရှိတယ်။ ရွာသားတချို့စိုက်တဲ့ ကြံခင်းတွေရှိတော့ ကြံရည်ဆိုင်ကလေး တစ်ဆိုင်ရှိတယ်။ နောက် ပျစ်ချွဲချွဲ ချိုဖန်ဖန်အရသာရှိတဲ့ အုတ်နီခဲရောင် လက်ဖက်ရည်တစ်ခွက် တစ်ဖလား ရနိုင်တဲ့ လက်ဖက်ရည်ဆိုင်ကလေးရှိတယ်။ ရွာအနောက်မှာ အကြော်ဆိုင်ကလေး၊ ထန်းရည်ခါးဆိုင်ကလေး ရှိတယ်။ ဒါပဲ။

ဇီးချဉ်ကုန်းရွာ ရောက်လာတဲ့ ဧည့်သည်ဟာ ဆံပင်ညှပ်လို့ရမယ်၊ စက်ဘီးပြင်ချင်ရင် ဖြစ်တယ်၊ ကြံရည်သောက်မယ်ဆိုရင် ငွေနှစ်ကျပ်လောက်နဲ့ ကြိုက်သလောက် သောက်နိုင်ခွင့်ရှိတယ်။ ထန်းရည်ခါးကြိုက်ရင် ကိုလုံးထန်းတဲကို သွားနိုင်တယ်။ လက်ဖက်ရည်မှ သောက်ချင်ပြီဆိုရင် ကိုအီကွန်းဆိုင်ကို သွားထိုင်ဖို့ပဲ။

အခုပြောချင်တဲ့ကိစ္စက ကိုအီကွန်းဆိုင် အကြောင်းပဲ၊ သည့်ထက် ပိုပြီးနည်းနည်းစိတ်ပြောရင် ကိုအီကွန်းဆိုင်ရဲ့ လက်ဖက်ရည်ခုံ ဘယ်ဘက်ထောင့်က ကော်ဖီမှုန့်ထုပ်ကလေး အကြောင်းပဲ။

(၂)

သည်ကော်ဖီမှုန့်ကလေးကို ကိုအီကွန်းဝယ်ထားတာကြာပြီ။ ဘယ်လောက်ကြာပြီလဲဆိုတာတောင် သူမမှတ်မိဘူး။ ကြာတော့ ကြာပြီ။ ကြာဆို ဇီးချဉ်ကုန်းမှာ ကော်ဖီသောက်တဲ့သူဟာ ပြောရင် ယုံမလားမသိဘူး။ တစ်ယောက်ပဲရှိတယ်။ အဲသည်လူနာမည်က ချန်ထွန်းအောင် လို့ခေါ်တယ်။ အရပ်ရှည်ကိုင်းကိုင်း၊ နှုတ်ခမ်းပြာပြာ၊ မုတ်ဆိတ်တွေထိုးထိုးထောင်ထောင်နဲ့၊ ကြွတ်ဆတ်ဆတ် မာကျော ကျောရုပ်မျိုး။ သူဟာမနက်တိုင်း ကိုအီကွန်း လက်ဖက်ရည်ဆိုင်ကလေးကို လာလေ့ရှိတယ်။ လာတိုင်းလည်း ကော်ဖီတစ်ခွက် မှာသောက်လေ့ရှိတယ်။ ကော်ဖီကို မက်မက်စက်စက်ကြီး ကြိုက်တယ်ဆိုတာ ချန်ထွန်းအောင်ပဲ။ ကော်ဖီတစ်ကျိုက်ကို အားရပါးရကြီး ကျိုက်ချပြီးရင် ဆင်နှစ်ကောင် ဆေးပေါ့လိပ်ကို အားရပါးရ ဖွာတော့တာပဲ။ ပြီးရင် ကော်ဖီခွက်ထဲမှာ ခပ်မည်းမည်းကျန်ရစ်ခဲ့တဲ့ ကော်ဖီနှစ်တွေကိုတောင် ရေနွေးနည်းနည်း ထပ်ထည့်ပြီး ကျိုက်ချ၊ ပြီးရင်ဆေးလိပ်ဆက်ဖွာ၊ ပြီးရင် ရေနွေးကြမ်း နှစ်ခွက်လောက်သောက်၊ ပြီးရင် ကြို့တစ်ချက်လောက် ပြင်းပြင်းထိုးပြီးမှ ထပြန်လာတဲ့လူမျိုးကိုး။ အဲ ညဘက်မှာတော့ လက်ဖက်ရည်ဆိုင်ကလေးက စောစောပိတ်တတ်တော့ ညဦးကတည်း က ကော်ဖီတစ်ခွက်ဝယ်ပြီး မသောက်သေးဘဲ နှပ်ထားတယ်။ အိပ်တော့မယ်ဆိုမှ အေးစက်နေပြီဖြစ်တဲ့ ကော်ဖီကို ကျိုက်ချ အရသာခံပြီးမှ အိပ်တယ်။ ဒါမှလည်း အိပ်ပျော်တယ်။

ခက်တာက ကိုအီကွန်းရဲ့ ဆိုင်ကလေးဟာ ဆိုင်ကြီး ကနားကြီး မဟုတ်ဘူး။ ဆိုင်းဘုတ်တောင် သင်္ဘောဆေးထဲ လက်ညှိုးနှစ်ပြီး သွပ်ပြားပေါ် လက်ညှိုးနဲ့ပဲရေးထားတဲ့ ဆိုင်ဘုတ်ကလေးနဲ့ဆိုင်မျိုးဆိုတော့ ကြည့်ပေါ့။ ဇီးချဉ်ကုန်းရွာက လူတွေဟာ လက်ဖက်ရည်ဆိုင် ထိုင်တဲ့လူတွေ မဟုတ်ဘူး။လက်ဖက်ရည်ယဉ်ကျေးမှုဟာ သူတို့ရွာကလေးနဲ့ ဘယ်လိုမှ မပတ်သက်ဘူး။ အဲသည်အချိန်က လက်ဖက်ရည်တစ်ခွက်ရဲ့ တန်ဖိုးဟာ ဘာမှမရှိပေမဲ့ ဘယ်သူမှ ဟုတ်တိပတ်တိ လက်ဖက်ရည်ဆိုင် ကျောက်ချထိုင်တာမျိုးမရှိဘူး။

မရှိဘူးဆိုပေမဲ့ တစ်ခုတော့ ပြောစရာရှိတယ်။ မရှိဘဲနဲ့ ကိုအီကွန်း ဘယ်သူ့ကို ရောင်းနေသလဲ။ မနက်ဘက် ဈေးဖွင့်ကလေးမှာ ခဏတဖြုတ် ဖြတ်သွားဖြတ်လာ မြင်းလှည်းဆရာတွေသောက်တယ်။ ဆည်မြောင်းဘက်က ဝန်ထမ်း တချို့သောက်တယ်။ ရွာထဲက နည်းနည်းပိုက်ဆံရှိတဲ့ လူတချို့ တစ်ခါတလေသောက်တယ်။ ဧည့်သည်ရောက်တဲ့အိမ်က ထွက်ဝယ်တာ ရှိတယ်။ ဒါပဲ၊ တစ်နေ့လုံးမှ ခွက်သုံးဆယ်မပြည့်ဘူးဆိုတဲ့ ဆိုင်ကလေး။

နောက်တစ်ခုက ကိုအီကွန်းဆိုင်က လက်ဖက်ရည်တစ်မျိုးတည်းမဟုတ်ဘူး။ ဖုန်တသောသောတက်နေတဲ့ ဘိလပ်ရည်လေး၊ ဂျင်ဂျာဘီယာလေး၊ ဝင်ကာနစ်ကလေးလည်း တင်ရောင်းတယ်။ တိုလီမုတ်စလေး၊ စုံစီနဖာ ရောင်းတာလည်း ရှိတယ်။ ကိုအီကွန်းက ဒါနဲ့ စားနေတာ။

ဒါပေမဲ့ ပြောခဲ့သလိုပဲ။ တစ်နေ့ခွက်သုံးဆယ်လောက်က လက်ဖက်ရည်ဖြစ်နေတတ်ပြီး ကော်ဖီသောက်တာက ချန်ထွန်းအောင်ပဲ ရှိတယ်။ ကိုအီကွန်းက တိုက်နယ်ကြီးရွာကို ကုန်သွားချိန်ရင် ကော်ဖီမှုန့် တစ်ထုပ် ဝယ်ဝယ်လာရတာ ချန်ထွန်းအောင်ဖို့ပဲ။ တစ်ခါတလေ ကော်ဖီမှုန့်ထုပ်ကလေးဟာ မှိုတောင်တက်နေလောက်တယ်။ ကြာတော့ အနံ့အရသာတောင်မဲ့နေလောက်တယ်။ တစ်ခါတစ်လေ တစ်ခါ ကော်ဖီမှုန့် ဖြစ်ခဲ့ဖူးတယ်ဆိုတဲ့ ဂုဏ်အနည်းအကျဉ်းကလွဲရင် ကော်ဖီမှုန့်ပါလို့ပြောဖို့တောင် ခက်သလောက်တဲ့ အခြေအနေမျိုး။ ဒါပေမဲ့ ရတယ်။ ချန်ထွန်းအောင်ကတော့ ရတယ်။ ကိုအီကွန်းဆိုင်မှာ ကော်ဖီတစ်ခွက်တလေရနေတာကိုပဲ ကျေးဇူးတင်နေတာ။ မနက် တစ်ခွက်၊ ညတစ်ခွက် ကိုအီကွန်းဆိုင်က ကော်ဖီရနေသရွေ့ ဘဝဟာ ပြည်စုံနေတယ်လို့ သူတွက်ထားပြီးသား။ ကိုအီကွန်းကလည်း တရုတ်နှစ်သစ်ကူးတာတောင် မပိတ်တဲ့ဆိုင်ဆိုတော့ ညံ့ခါမှသာ ညံ့ရော၊ ကော်ဖီကတော့ ရနေတာ မဟုတ်လား။ ဒီလိုနဲ့ ကိုအီကွန်းရဲ့ ခပ်ညံ့ညံ့ ကော်ဖီနဲ့ ချန်ထွန်းအောင် မိတ်ဆွေဖြစ်နေတာ နှစ်ပေါင်းများစွာ ကြာလာတယ်။

(၃)

တစ်နေ့ ချန်ထွန်းအောင်အိမ်ကို ဆည်မြောင်းက အလုပ်သမားလေးတစ်ယောက် ရောက်လာတယ်။ လက်ထဲမှာ ပလတ်စတစ်ခွက်ကလေး တစ်လုံး ပါလာတယ်။ ချန်ထွန်းအောင် မိန်းမကတော့ တစ်ဖက်ခြံက ဆည်မြောင်းဘိုတဲမှာ ထမင်းချက်တဲ့ ကောင်လေးမှန်း သိတယ်။ ကောင်လေးကဘာမှမပြောဘဲ ချန်ထွန်းအောင်ကိုပဲ ရှာတယ်။

“ဟဲ့ လာ... ၊ မင်း ဦးလေးရှိတယ်။ ဘာလဲ ပြောလေ”

“သည်မှာ ပေးခိုင်းလိုက်လို့”

“ဘာတွေလဲ”

“စားစရာပေါ့ဗျ၊ ဆည်မြောင်းဘိုကြီး မိန်းမက ပေးခိုင်းလိုက်လို့”

ဇီးချဉ်ကုန်းရွာသားများက ဆည်မြောင်းက အင်ဂျင်နီယာတွေကို ဆည်မြောင်းဘိုကြီးလို့ ခေါ်လေ့ရှိတယ်။ အင်္ဂလိပ်ခေတ်ကတည်းကရှိတဲ့ ဆည်မြောင်း အင်ဂျင်နီယာတွေနေတဲ့ ဘန်ဂလိုကို ဘိုတဲလို့လည်း ခေါ်လေ့ရှိတယ်။ ဘိုတဲနဲ့ ခြံချင်းကလည်း ကပ်နေတော့ ခိုင်းစရာရှိရင် သူတို့လင်မယားကို ခေါ်ခိုင်းလေ့ရှိတာ။ သည်လိုပဲ မကြာခဏ ဟိုဟာလေးလာပေး၊ သည်ဟာလေးလာပေး လုပ်တတ်တာရှိတယ်။ သည်တစ်ခါတော့ ခွက်ကလေးတစ်လုံးနဲ့ လာပေးတာဆိုတော့ ထူးဆန်းနေတယ်။ ဘာပါလိမ့်ပေါ့လေ။ သည်မှာတင် ချန်ထွန်းအောင်လည်း အိမ်ရှေ့ကို ထွက်လာတယ်။ ခွက်ကလေးတစ်လုံးနဲ့ ရပ်နေတဲ့ ကောင်လေးကို တွေ့သွားတယ်။

“ကာဖီလို့ ထင်တာပဲ၊ ဘိုကတော် ပေးခိုင်းလို့”

သူတို့ရွာမှာ ကော်ဖီကို ကာဖီလို့ ခေါ်လေ့ရှိတယ်။ ဘာပဲဖြစ်ဖြစ် ကော်ဖီဆိုကတည်းက ချန်ထွန်းအောင် ဘာမှပြောမနေတော့ဘူး။ ခွက်လွတ်တစ်လုံးထရှာပြီး လှယ်ယူလိုက်တယ်။ ကောင်လေးပြန်သွားတော့ အိမ်ရှေ့ကွပ်ပျစ်မှာပဲ ဘိုကတော့် ကော်ဖီကိုသောက်တယ်။

ကြည့်စမ်း ... ဒါဘာကော်ဖီလဲ၊ သည်ကော်ဖီမျိုး ဘယ်တုန်းက ပေါ်နေတာလဲဘယ်လိုလူတွေက တီထွင်ထားသလဲ၊ ဘယ်လိုလူတွေက သောက်နိုင်တာလဲ၊ သည်ကော်ဖီဟာ ဇီးချဉ်ကုန်းကို ဘယ်လိုရောက်လာတာလဲ၊ သည်ကမ္ဘာပေါ်မှာ သည်ကော်ဖီမျိုး ပေါ်နေတာကို နှစ်ပေါင်းငါးဆယ်တွင်းမှာ ဒါ သူပထမဆုံး သိလိုက်တာပဲ။ သူဟာ ကော်ဖီကို ကုန်သွားမှာစိုးတဲ့ပုံနဲ့ အာစွတ်ရုံပဲ သောက်တယ်။ နှုတ်ခမ်းလေး စိုရုံပဲ စွတ်ပြီး လျှာနဲ့ လျက်တယ်။ လျက်လိုက်တိုင်းလည်း သူ့တစ်ကိုယ်လုံးက အကြောအခြင်တွေဟာ ဖျဉ်းခနဲ ဖျဉ်းခနဲ အငွေ့တွေ ထွက်သွားသလို ခံစားနေရတယ်။ သူ့ရင်ထဲမှာ မေးခွန်းတွေ စီကာစဉ်ကာ ဖြစ်ပေါ်နေပေမဲ့ သူ့မှာအဖြေမရှိဘူး။ သူဟာ ကော်ဖီကုန်သွားတာတောင် ခွက်ကို ကိုင်ရင်း ငိုင်နေလိုက်တာ တစ်မနက်ခင်းလုံးပဲ။

ကိုအီကွန်းဆိုင်ကိုလည်း မသွားဖြစ်တော့ဘူး။ သည်မနက်တော့ သွားဖို့လည်း မလိုတော့ဘူးကိုး။ ကိုအီကွန်းဆိုင်မှာ နှစ်ပေါင်းများစွာ သောက်လာတဲ့ ကော်ဖီဟာ လက်စသတ်တော့ အင်မတန်ညံ့ဖျင်းတဲ့ ကော်ဖီပါကလား။ မနက်တစ်ခွက်၊ ညဦးတစ်ခွက် ဝတ်မပျက်သောက်လာတဲ့ သည်ကော်ဖီ ဟာ လက်စသတ်တော့ အလွန်ဆိုးရွားတဲ့ အနံ့အရသာနဲ့ အော်ဂလီဆန်ချင်စရာကောင်းတဲ့ ကော်ဖီမျိုးပါလား။

လူဆိုတာ နှိုင်းယှဉ်တတ်တဲ့ သတ္တဝါမဟုတ်လား။ ဒါပေမဲ့ လူမှာ ဆင်ခြင်တုံတရားဆိုတာ နည်းနည်းပါးပါးဖြစ်ဖြစ် ရှိတာပဲမဟုတ်လား။ ဒါပေမဲ့ ကိုအီကွန်းကို သူ အပြစ်တင်တာတော့ မဟုတ်ဘူး။ ကနေ့မနက် သောက်လိုက်ရတဲ့ ကော်ဖီ မရှိခင်က ကိုအီကွန်း ကော်ဖီဟာ ကော်ဖီပဲ မဟုတ်လား။ ကနေ့မနက် သောက်ရတဲ့ ကော်ဖီမျိုးဟာ နေ့စဉ် ဘယ်မှာရနိုင်ပါ့မလဲ။ သူတစ်ခုတော့ ဝမ်းနည်းသွားတယ်။ သည်မနက်သောက်လိုက်ရတဲ့ ကော်ဖီမျိုး နောင် သူ့ဘဝတစ်လျှောက်လုံး သောက်ရတော့မှာ မဟုတ်ပါလားဆိုတဲ့ အသိကြောင့်ပဲ။

“ငါဘိုတဲကို သွားဦးမယ်ဟေ့။ ဒါ ဘာကာဖီလဲ၊ ငါ သွားမေးဦး မယ်”

သူ့မိန်းမကိုအော်ခဲ့ပြီး ခွက်ကိုကိုင်ရင်းနဲ့ပဲ ခြံစည်းရိုးကို ခွကျော်ပြီး ဘိုတဲဘက်ကိုထွက်လာတယ်။ ဆည်မြောင်းဘိုကြီးကိုတော့ မတွေ့ရဘူး။ မြောင်းကျိုးတဲ့ဆီကို သွားစစ်နေတယ်နဲ့ တူတယ်။ ဘိုကြီးကတော်က ဧည့်သည်တွေအများကြီးနဲ့ စကားပြောနေတယ်။ အထုပ်တွေ အပိုးတွေလည်းတွေ့တယ်။

“ဘာလဲဟေ့ ချန်ထွန်းအောင်”

သူဝင်လာတာ တွေ့တော့ လှမ်းမေးတယ်။ ပထမတော့ ဧည့်သည်တွေရှိတော့ သူမေးဖို့ တွန့်သွားတယ်။ ဒါပေမဲ့ သူ မေးဖို့လာတာပဲ၊ မေးရတယ်။ ဒါဘာကော်ဖီလဲ သူ သိချင်နေတယ် မဟုတ်လား။

“ဪ အခုန ငမှုန်လာပေးတာ ဘာကာဖီလဲလို့ပါ”

“ဪ အေး မင်း ကော်ဖီကြိုက်မှန်းသိလို့ဟဲ့၊ ငါ ပို့ခိုင်းလိုက်တာ။ အဖေတို့မြို့က ပါလာတာ နက်စ်ကော်ဖီလို့ ခေါ်တယ်”

“ဗျာ ဘာခေါ်တယ်”

“နက်စ်ကော်ဖီ”

“နတ်ကာဖီ”

“အေး နတ်ကာဖီ”

ဟုတ်ပါပြီ။ နတ်ကာဖီပဲ ဖြစ်ရမှာပေါ့။ နတ်များ၊ သိကြားများ သောက်တဲ့ ကာဖီဟာ နတ်ကာဖီပေါ့။ ချန်ထွန်းအောင်ဟာ တော်တော် ပျော်သွားပုံလည်းရတယ်။ သည်ကော်ဖီတစ်ခွက်ဟာ သူ့ကိုနှစ်ပေါင်း နှစ်ဆယ်လောက် နုပျိုသွားစေတယ်။ သူဟာ ဝမ်းသာအားရ သူ့အိမ်ကလေးဆီကို ပြန်လာတယ်။

“မကြည် အခုန ငါသောက်တာ ဘာကာဖီလဲ သိလား”

“မသိဘူး”

“နတ်ကာဖီ”

ချန်ထွန်းအောင်ဟာ နတ်ကာဖီအကြောင်းကို တစ်အိမ်ချင်း လိုက်ပြောတယ်။ လမ်းမှာတွေ့တဲ့သူတိုင်းကို ပြောတယ်။ ဆံပင်ညှပ်ဆိုင်က ကိုသန်းကို ပြောတယ်။ အကြော်ဆိုင်က ဒေါ်ကြီးစိုးကို ဝင်ပြောတယ်။ ကြံရည်ဆိုင်က ဘာဘူကို ဝင်ပြောတယ်။ စက်ဘီးပြင်ဆိုင်က ဦးလေးပေါ်ကို ဝင်ပြောတယ်။ ပြောခဲ့သမျှ လူတွေဟာ စိတ်ဝင်စားဟန် မပြဘူး။ ကိုယ်မသောက်လိုက်ရတဲ့ ကော်ဖီတစ်ခွက် အကြောင်းကို ဘယ်သူက စာစာနာနာ နားလည်နိုင်ပါ့မလဲ။

နောက်ဆုံး ကိုအီကွန်းဆီကို သူဝင်တယ်။ နတ်ကာဖီအကြောင်းကို မြိန်ရေရှက်ရေ ပြောတယ်။ ကိုအီကွန်းကလည်း အင်းမလှုပ် အဲမလှုပ်ပဲ။ ကော်ဖီသာ ရောင်းနေတာ၊ ကိုအီကွန်းကိုယ်တိုင် ကော်ဖီတစ်ခွက် ဖျော်သောက်တာ မဟုတ်တာလည်း တစ်ကြောင်း၊ သည်နတ်ကာဖီဆိုတာကို သူ ကြားလည်း မကြားဖူး၊ သောက်လည်း မသောက်ဖူးတာက တစ်ကြောင်း ဆိုတော့ ချန်ထွန်းအောင် ပြောနေတာကို သူနားမလည်ဘူး။

ချန်ထွန်းအောင် ပြန်လာတော့ သူ့မိန်းမက ထမင်းခူးတယ်။ ဒါပေမဲ့သူ မစားတော့ဘူး။ သူ့ကိုယ်ထဲမှာရှိနေသေးတဲ့၊ သူ့အာရုံခံစားမှုမှာ ပျောက်ကွယ်မသွားသေးတဲ့ ကော်ဖီရဲ့ ရနံ့နဲ့ အရသာကို သူအပျောက်မခံနိုင်ဘူး။ သည်လိုနဲ့ ညရောက်လာတယ်။ သူ ကော်ဖီဝယ်ရတော့မယ်။ ကော်ဖီသောက်ရတော့မယ်။ ဘိုတဲက နက်စ်ကော်ဖီလိုမျိုး နောက်တစ်ခွက် ဘယ်မှာရနိုင်မှာတုံး။ ဇီးချဉ်ကုန်းကို ရှားရှားပါးပါး ရောက်လာတဲ့ နက်စ်ကော်ဖီဟာ ဘာနဲ့ ထည့်ထားတာလဲဆိုတာတောင် မသိတဲ့ဟာ။ နောက်တစ်ခွက် သောက်ရဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး မဟုတ်လား။ သည်တော့ သူသောက်နေကျ ကိုအီကွန်းရဲ့ ပျစ်ချွဲချွဲ ကော်ဖီတစ်ခွက်ကို သူဝယ်ရတော့မယ်။ ဝယ်ပြီးရင် သူသောက်ရတော့မယ်။ သူတော်တော် စိတ်ပျက်သွားတယ်။ ဘာပဲဖြစ်ဖြစ် သူဝယ်တာပါပဲ။ ဝယ်ပြီးတော့သူ ညဉ့်နက်တဲ့အထိ မသောက်ဖြစ်ဘူး။ သူရင်တွေ ခုန်လာတယ်၊ မျက်လုံးတွေ ကြောင်လာတယ်။ အာတွေ လျှာတွေ စိုစွတ်လာတယ်။ ဘယ်လိုမှကို မရနိုင်မှန်းသိတော့မှ သူ ကိုအီကွန်းရဲ့ ကော်ဖီကို တစ်ကျိုက် ကျိုက်ချလိုက်တယ်။

ကြည့်စမ်း နံလိုက်တာ၊ မကောင်းလိုက်တာ၊ အဝင်ဆိုးလိုက်တာ၊ အန်ချင်လိုက်တာ၊ နောက်တစ်ကျိုက်၊ မဖြစ်တော့ဘူး၊ သူ ဘယ်လိုမှကို သောက်လို့ရမှာ မဟုတ်တော့ဘူး။ သူ့မျက်လုံးထဲမှာ မနက်က ကော်ဖီခွက်ကိုပဲ မြင်နေတယ်၊ မနက်က အရသာကိုပဲ တပ်မက်နေတယ်။ သူ့လက်ထဲက ကော်ဖီခွက်ထဲမှာ ကော်ဖီတွေ အများကြီး ကျန်နေသေးတယ်။ သူ တစ်ကျိုက် ထပ်သောက်ကြည့်တယ်။ လည်ချောင်းထဲကို ဝင်သွားတဲ့ တောကော်ဖီ အေးစက်စက်ဟာ သူ့မျက်နှာတစ်ခုလုံးကို ရှုံ့မဲ့သွားစေတယ်။

အေးစက်နေတဲ့ကော်ဖီကို သောက်နေပေမဲ့ သူ့မှာချွေးတွေ ရွှဲနစ်လာတယ်။ ရင်တွေ ပူလာတယ်။ ညှီစို့စို့၊ အောက်စော်နံတဲ့ ကော်ဖီအနံ့ဟာ သူ့ကို တဆတ်ဆတ်တုန်ရီစေတယ်။ တော်တော် ညဉ့်နက်တော့မှ သူချောက်ချောက်ချားချား အိပ်ပျော်သွားတယ်။

အိပ်မက်ထဲမှာ ပြောင်ပြောင်ပြောင်ပြောင်နဲ့ နတ်သားတစ်ပါးဟာ သူ့ကိုရွှေစင်ခွက်နဲ့ ကော်ဖီတစ်ခွက်လှမ်းပေးတာကို သူသောက်ရတယ်။ သူဟာ နတ်သားပေးတဲ့ ကော်ဖီကို သောက်ရင်း ပြုံးတယ်။ ပြီးတော့ နတ်သားကို ရွှေခွက်ပြန်ပေးလိုက်တယ်။ အလို... အိပ်မက်ထဲက နတ်သားဟာ လက်စသတ်တော့ ဆည်မြောင်းက အလုပ်သမားလေး ငမှုန်ပါလား။

(၄)

နောက်တစ်နေ့ကစပြီး ချန်ထွန်းအောင် ဒုက္ခရောက်တော့တာပဲ။ နက်စ်ကော်ဖီကို သူ စွဲလမ်းနေပြီ။ ဒါမျိုးကို တစ်သက်လုံး သောက်နေရရင် ဘယ်လောက်ကောင်းမလဲ။ ခက်တာက တစ်သက်လုံးနေနေသာ သာ နောက်တစ်ခွက်သောက်ရဖို့တောင် မလွယ်ဘူးလေ။ ဒါမျိုးကော်ဖီက တိုက်နယ်အဆင့်ရွာကြီးဖြစ်တဲ့ ကျောင်းစုမှာတောင် ရှိတယ်လို့ သူ မကြားဖူးဘူး။ နောက်တစ်ခုက အဲသလိုကော်ဖီမျိုး မသောက်ရတာထား လက်ရှိ ကိုအီကွန်းကော်ဖီကို သူ ဘယ်လိုမှ သောက်မရတော့တာကလည်း ပြဿနာပဲ။ ညကတင်မဟုတ်ဘူး။ မနက်ဘက် ကိုအီကွန်းဆိုင်က ကော်ဖီကို သောက်တော့လည်း ပျို့တာပဲ။ သည်လိုနဲ့ ထမင်းပါ မစားနိုင်ဖြစ်လာတယ်။ သည်လိုနဲ့ သူဟာ ဘယ်ကော်ဖီမှ သောက်လို့မဖြစ်တဲ့အခါ ထမင်းပါမစားချင်မသောက်ချင် ဖြစ်လာတယ်။ သည်လိုနဲ့ သူဟာ အိပ်ရာထဲလဲတယ်။ ပါးစပ်က “နတ်ကာဖီ... နတ်ကာဖီ” လို့ပဲအော်နေတော့တယ်။

သူ့မိန်းမကလည်း သူ့ယောက်ျားနတ်ကာဖီကို စွဲလမ်းရင်း မစားနိုင်မသောက်နိုင်ဖြစ်နေတာ သိပေမဲ့ သည်ကာဖီမျိုး ဘယ်မှာ သွားဝယ်မလဲ ။ ဇီးချဉ်ကုန်းက တောသူတစ်ယောက်အနေနဲ့ နတ်ကာဖီဘယ်မှာ ထွက်ရှာမလဲ။ သူ တတ်နိုင်တာ တစ်ခုတော့ရှိတယ်။ ဘိုတဲသွားပြီး ဆည်မြောင်းဘိုကြီးမိန်းမကို နောက်ထပ်တစ်ခွက်လောက် တိုက်ပါဦး၊ သည်လို သည်လိုဖြစ်နေလို့ပါဆိုရင် ရနိုင်တယ်လို့ သူတွက်တယ်။ သည်လိုနဲ့ သူတစ်ဖက်ခြံကို ထွက်ခဲ့တယ်။ အကျိုးအကြောင်းလည်း ရှင်းပြတယ်။

“အစ်မ၊ နတ်ကာဖီ ရှိသေးလား”

“ဟဲ့ အဲဒါက ငါတို့ သောက်တာမဟုတ်ဘူး၊ ဧည့်သည်တွေ မြို့ကပါလာတာ။ ပုလင်းထဲမှာ နှစ်ခွက် သုံးခွက်စာတော့ ရှိဦးမယ်။ သည်လို လုပ်လေ၊ မနက်ဖြန် ဧည့်သည်တွေ ပြန်တော့မှာ။ ငါတို့ မိသားစုလည်း လိုက်သွားမှာ၊ ခြံလည်း ကြည့်လိုက်ဦးနော်။ ရော့ ပုလင်းယူသွား”

“ဘယ်လို ဖျော်ရတာလဲ အစ်မ”

“ဟဲ့ ရေနွေးတည်ပြီး ဆူရင်တစ်ခွက်စာ မှန်းပြီးဖျော်ပေါ့။ တစ်ဇွန်းခွဲလောက်ထည့်ပြီး ခလောက်ပေါ့။ အချိုကြိုက်ရင် သကြား နည်းနည်းထည့်ပေါ့”

“ဟုတ်ကဲ့ ဟုတ်ကဲ့”

ချန်ထွန်းအောင် မိန်းမဟာ အိမ်ပြန်ရောက်ရောက်ချင်း ရေနွေးတည်တယ်။ တစ်ခွက်စာဖျော်တယ်။ ချန်ထွန်းအောင်ကို တိုက်တယ်။ နှစ်ပေါင်းငါးဆယ်အတွင်းမှာ ချန်ထွန်းအောင် သူ့မိန်းမကို သည်တစ်ခါ ကျေးဇူးအတင်ဆုံးပဲ။ သိလည်း သိသာတယ်။ သူဟာ ချက်ချင်း အားအင်တွေ ပြည့်ဖြိုးလာတယ်။ လန်းဆန်းလာတယ်။ ငယ်စိတ်တွေတောင် တဖျတ်ဖျတ်ပေါ်လာတယ်။ တစ်နေ့တစ်နေ့ သည်ပုလင်းလေးကိုပဲ တကိုင်ကိုင်လုပ်ရင်း မဝတမ်း ကြည့်နေတယ်။

“ဒါမျိုးတစ်ပုလင်း မြို့ကိုမှာရင်ရမှာပဲကွ”

“ဈေးကြီးမှာပေါ့တော်၊ ပြီးတော့ ဘယ်သူ့ကို ဘယ်လိုမှာမလဲ။ မြို့ဆိုတာ အဝေးကြီး”

“ဘာပဲဖြစ်ဖြစ် မြို့တော့မှာရမှာပါပဲ။ ဒါ မသောက်ရရင် ငါမနေနိုင်တော့ဘူး”

“တော်ကလည်း တစ်သက်လုံး ကိုအီကွန်းကော်ဖီ သောက်လာတာ၊ သောက်ပါတော့လား။ ဒီနတ်ကာဖီနဲ့ ကျုပ်တို့နဲ့ မတန်ပါဘူးတော်”

“ဘာဖြစ်လို့ မတန်ရမှာလဲ။ ကိုအီကွန်းကော်ဖီကို ငါမသောက်ချင်တော့ဘူး။ သောက်လို့လည်း မရဘူး။ နတ်ကာဖီမှ ပုံမှန်မသောက်ရရင် ငါသေလိမ့်မယ်”

“သေရင်လည်းသေဖို့ပဲ ကိုရင်ရဲ့၊ ဘယ်က ရမှာတုံး။ အခုတောင် နှစ်ခွက်စာကို ဆယ်ခွက်စာလောက်ဖြစ်ရုံအနံ့ပါရုံ ဖျော်တိုက်နေတာ။ မနက်ဖြန်ဆို ကုန်ပြီ။ ချန်ထွန်းအောင် တော်တော်စိတ်ညစ်သွားတယ်။ တကယ်လည်း ပုလင်းထဲမှာကုန်တော့မယ်။ ဒါကုန်ရင် ဘယ်ကမှမရနိုင်တော့ဘူး။ ကိုအီကွန်းဖျော်ခုံ ဘယ်ဘက်ထောင့်က ကော်ဖီမှုန့် ခါးတူးတူး အောက်တောက်တောက်ကို သူပြန်သောက်ရတော့မယ်။ မသောက်နိုင်ဘူး၊ ဘယ်လိုမှမသောက်နိုင်ဘူး။ သူဟာ နက်စ်ကော်ဖီ ပုလင်းကို တအားဆုပ်ထားတယ်။ ပုလင်းအဖုံးက စွဲနေတဲ့အနံ့ကို အားပါးတရရှူတယ်။

(၅)

သည်လိုနဲ့ချန်ထွန်းအောင်ဟာ နက်စ်ကော်ဖီ ပြတ်သွားတဲ့နေ့က စပြီး အိပ်ရာထဲမှာပြန်လဲတယ်။ ပုလင်းကိုပဲပွတ်သပ်နေရင်းက အိပ်ရာထဲမှာ လူးလှိမ့်နေတာက သုံးရက်၊ ကယောင်ကတမ်း အော်နေတာ နှစ်ရက်လောက်ဖြစ်လာတော့ သူ့မိန်းမဟာ ကိုအီကွန်းဆိုင် ပြေးတယ်။ ကိုအီကွန်းကိုအကျိုးအကြောင်းပြောတယ်။ မဖြစ်ဖြစ်တဲ့နည်းနဲ့ ရှာပေးဖို့ ပြောတယ်။ တစ်သက်လုံး မပိတ်ခဲ့တဲ့ သူ့ဆိုင်ကိုပိတ်ပြီး မြို့ကို တက်ရှာမယ်လို့ သူ ကတိပေးလိုက်တယ်။ ပြီးတော့ ကော်ဖီတစ်ခွက် ကောင်းကောင်းလေးဖျော်ပြီး ချန်ထွန်းအောင်မိန်းမနဲ့ လိုက်လာခဲ့တယ်။

သူတို့နှစ်ယောက် ပြန်လာတော့ ချန်ထွန်းအောင်က သေနေပြီ။ လက်တစ်ဖက်က နက်စ်ကော်ဖီပုလင်းကို လက်ထဲမှာ ဆုပ်ကိုင်ထားရင်း သေတာ။ ချန်ထွန်းအောင်မိန်းမကတော့ ရင်ဘတ်စည်တီးပေါ့။ ကိုအီကွန်းကလည်း ပါလာတဲ့ကော်ဖီလေး ချန်ထွန်းအောင် ခေါင်းရင်းမှာပဲ ထားလိုက်ရတော့တယ်။ ပြီးတော့ သေသူ့လက်ထဲက ပုလင်းကို ဆွဲယူတယ်။ မရဘူး။ ချန်ထွန်းအောင်ရဲ့ လက်ချောင်းတွေက နက်စ် ကော်ဖီပုလင်းကို ဘယ်လိုမှမလွှတ်ဘူး။ မသေခင် ဘယ်လောက် အားနဲ့ ဆုပ်ထားသလဲ မသိဘူး။ ဘယ်လိုမှကို ခွာထုတ်လို့ မရဘူး။ လာသမျှ၊ သတင်းမေးသမျှ လူတွေလည်း ခွာကြတာပဲ။ လက်ချောင်း လက်ဆစ်တွေ ကျိုးခါမှ ကျိုးရော၊ ပုလင်းကို ခွာထုတ်လို့မရဘူး။ သည်တော့ ပုလင်းကိုဆုပ်လျက်သားနဲ့ပဲ ခေါင်းသွင်းတယ်။ သည်အတိုင်းပဲ မြေမြှုပ်သင်္ဂြိုလ်ရတော့တယ်။

(၆)

သည်ဖြစ်ရပ်ဖြစ်ပြီး နှစ်ပေါင်း နှစ်ဆယ်ကျော် ကြာခဲ့တဲ့ တစ်နေ့ ။ ဇီးချဉ်ကုန်းသင်္ချိုင်းမှာ နွားကျောင်းသားတစ်ယောက်ဟာ သင်္ချိုင်းထဲမှာ နွားကျောင်းရင်း အသားတွေမရှိတော့တဲ့ ပြုတ်ထွက်နေတဲ့ လူ့လက်ဖျံရိုးတစ်ချောင်းကို သွားတွေ့တယ်။ ထူးဆန်းတာက လက်ဖျံရိုးရဲ့အဆုံးမှာ အရိုးစုဖြစ်နေတဲ့လက်ချောင်းတွေဟာ ပုလင်းတစ်လုံးကို ဆုပ်ကိုင် ထားတာပဲ။ နွားကျောင်းသားက ပုလင်းကိုလိုချင်လို့ ဆွဲယူလိုက်ပေမဲ့ လက်ဖျံရိုးကြီး တစ်ချောင်းလုံးပါ ပါလာတယ်။ လက်ချောင်းတွေကြားထဲက ပုလင်းကိုအတင်းချွတ်ပေမဲ့ မရဘူး။ အရိုးငေါငေါလက်ချောင်းတွေဟာ ပုလင်းကို တအားညှစ်ပြီး ဆုပ်ထားတုန်းပဲ၊ မလွှတ်တမ်း ကိုင်ထားတုန်းပဲ။ သည်သတင်း ရွာထဲရောက်လာတော့ သည်လက်ဖျံရိုးဟာ ချန်ထွန်းအောင်ရဲ့ လက်ဖျံရိုးပဲဆိုတာ ရွာကသိတယ်။

(၇)

ဇီးချဉ်ကုန်းသင်္ချိုင်းမှာ ချန်ထွန်းအောင်ရဲ့ လက်ဖျံအရိုးစုဟာ နက်စ်ကော်ဖီပုလင်းကို မလွှတ်တမ်းဆုပ်ကိုင်ထားဦးမှာပဲ။ ဇီးချဉ်ကုန်းရွာထဲက ကိုအီကွန်းသားတွေရဲ့ လက်ဖက်ရည်ဆိုင်မှာ နက်စ်ကော်ဖီရနေပြီ၊ မာလ်တိုဗာရနေပြီ။ မိုင်လိုရနေပြီ။ ဟောလစ်ရနေပြီ။ တီးမစ်စ်၊ ကော်ဖီမစ်စ်တွေရနေပြီ။ ဘာသောက်ချင်သလဲ၊ အကုန်ရနေပြီ။

---

#နေဝင်းမြင့်
#နက်စ်ကော်ဖီ

Photos from Capture by Hayden's post 19/08/2022
15/08/2022

စာဖတ်နည်း
===================
(ဒေါက်တာသန်းထွန်း)

စာကို ဘာပြုလို့ ဖတ်သလဲ။ အပျင်းပြေဖို့၊ ပညာရဖို့ ဖတ်တယ်။ ငယ်ငယ်ကဆိုရင် အပျင်းပြေ ဖတ်တယ်လို့ ဘယ်မှာ ရှိမလဲ။ နောက်၊ ခြောက်နှစ်သားလောက်မှာ စာသင်ကျောင်း ရောက်တော့ အပျင်းဖြေမှာလား၊ ပညာရမှာလားလို့ ဘာသိ မှာလဲ။ ဆရာက ဖတ်၊ ကျက် ဆိုတာကို ဖတ်ရ ကျက်ရတယ်။ အဲဒီအခါက ဉာဏ်ကောင်းဖို့ လိုတယ်။ စာရဖို့ ခဏပဲ ကျက်ရတယ်ဆိုရင် ကျက်ဖို့ ဝန်မလေးဘူး။ ဉာဏ်ထိုင်းရင် စာမရနိုင်လို့ ပျင်းလာတယ်။ မကျက်ချင်ဘူး ဆိုပါတော့။ စာရရင် အစားကျွေးမယ် ဆိုတဲ့ အစ်ကို၊ အစ်မ၊ အဒေါ်၊ ဦးလေး၊ မိဘ၊ ဘိုးဘွားနဲ့ကြုံရင် ပျော်တာပေါ့။ စာရရင် ဆုရတယ် ဆိုတာနဲ့ တွဲပြီး သိလို့၊ ဘယ်စာ ကျက်ရမလဲလို့တောင် မေးလိုက်သေးတယ်။ ဆိုလိုတာက၊ "ငါ စာရလွယ်တယ်၊ မယုံရင် စမ်းကြည့်" ဆိုတဲ့စိတ် ဝင်လာသလား မသိပါ။ အသေအချာတော့ မပြောတတ်ပါ။ ဘုရားရှိခိုး ဆိုရင် ကျက်လို့ ရတာ မဟုတ်။ အဓိပ္ပါယ်လည်း မသိ။ သူများဆိုတာ ကြားရုံနဲ့ ရတာ ဖြစ်ပါတယ်။ ဒီလိုဆိုရင် စာဖတ်တာ အပျင်းဖြေဖို့လား၊ ပညာရဖို့လား ဆိုတာ ခွဲမသိပါ။ အသက် ဆယ်နှစ်ကျော်အထိ ဖြစ်ပါတယ်။

အတန်းကျောင်းမှာ နေခဲ့ရတော့၊ တစ်နှစ် တစ်ခါ နှစ်ခါ ဆိုသလို စာမေးပွဲအောင်ဖို့ လိုတယ်လို့ အသိ ရှိလာတယ်။ အဲဒီ အခါမှာလည်း စာမေးပွဲ အောင်ဖို့ပဲ စာကျက်တယ်။ ပညာရတာပါကလားလို့ ကွဲကွဲပြားပြား ခွဲခွဲခြားခြား မစဉ်းစားမိပါ။ ကိုယ်နဲ့ တစ်တန်းတည်းနေတဲ့ ကျောင်းသားတွေထဲမှာ၊ သိပ်စာတော်တဲ့လူ ပါတယ်။ အားမကျပါ။ သင်္ချာကိုလည်း သိပ် စိတ်မဝင်စားပါ။ ပထဝီဝင်ကို သဘောကျတယ်။ တစ်မျိုးပြောရရင် ဒီလို မြေအနေအထား၊ ဒီလို ရာသီဥတု၊ ဒီလိုပတ်ဝန်းကျင်နဲ့ ဒီလိုလူ အများကြိုးစားရင် တိုးတက်ကြီးပွား ချမ်းသာတယ်လို့ သိလာတယ်။ ဒါကြောင့် လက်တွေ့ လုပ်ကိုင် ဆောင်ရွက် အောင်မြင်ပုံကို နှစ်သက်တယ်။ သမိုင်းက သူများနိုင်ငံနဲ့ ယှဉ်ကြည့်ရင် တို့က ရင်ပေါင်တန်း တိုးတက် သလား၊ လိုက်မမီအောင် ကွာဟနေသလား ဆိုတာတွေ၊ သိလာတယ်။ ဒါ့ကြောင့် သမိုင်းကို စိတ်ဝင်စားတယ်၊ သမိုင်း ရယ်၊ ပထဝီဝင်ရယ် ပေါင်းစပ်ရင် ဘောဂဗေဒပညာဆိုတာ ရှိသေးတယ်။ အလားတူ စိတ်ဝင်စားစရာ ဖြစ်တယ်လို့ တွေ့လာတယ်။

တက္ကသိုလ် ရောက်တဲ့အခါ ပထဝီဝင်၊ ဘောဂဗေဒနဲ့ သမိုင်းဘာသာတွဲကို ယူလိုက်တယ်။ ထောင့်သုံးရာပြည့်ခေတ်ဆိုတော့ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားရေးဆိုတာတွေ နားထောင်ချင်လာတယ်။ နိုင်ငံရေးတရားပွဲ ဆိုရင် သွားတယ်။ ဟောတဲ့ သူကို သိပ်အထင်ကြီးတယ်။ သူ့လို တော်ချင်တယ်။ အဲဒီအခါရောက်မှ ပညာကို လိုလို့ စာဖတ်တယ် ဆိုတာ သိလာတယ်။ ပြဋ္ဌာန်းစာအုပ်ထဲမှာ စာရေးဆရာ ကောင်းကောင်း၊ သူရေးတဲ့ဝတ္ထုကောင်းကောင်းကို နားလည်လွယ်တဲ့ အင်္ဂလိပ်စာနဲ့ ရေးထားတာတွေ၊ ဖတ်ရင်း ဖတ်ရင်းနဲ့ စာဖတ်ချင်တဲ့ဝါသနာ ရလာတယ်။ စာတစ်အုပ်ကို တစ်လ ဖတ်လို့ မပြီးနိုင်တဲ့ အခြေအနေက လဝက် သီတင်းတစ်ပတ် လေးငါးရက်နဲ့ပြီးအောင် ဖတ်နိုင်လာတယ်။ ဖတ်ရင်လည်း နားလည်တယ်။ အဘိဓာန်ကို ကြည့်ဖို့ မပျင်းတော့ဘူး။ ကိုယ်က ပြန်ရေးမယ်ဆိုရင်လည်း ဘယ်ဝေါဟာရကို ဘယ်လို သုံးမြဲဖြစ်တယ် Idiom တွေနဲ့ Usage တွေကို နားလည်လာတယ်။ H.G. Wells ရဲ့ Country of the Blind, Invisible Man ဆိုတာ တွေ ဖတ်ပြီး၊ Wells ရေးသမျှ အကုန်ဖတ်မယ်။ Thomas Hardy ရဲ့ Distracted Preacher ကို ဖတ်မိပြီး Hardy ရေး သမျှ အကုန်ဖတ်မယ်။ Stories Retold ကနေ၊ မူရင်း (Classic) ကို ဖတ်ဖို့ စွန့်စားလာတယ်။ ရဲလာတယ်။ ဖတ်ရင်း ဖတ်ရင်း ပိုအားတက်လာတယ်။ အပျင်းပြေထက် အင်္ဂလိပ်စာ ရေးနည်းပညာဘက်ကို ရောက်လာတော့တယ်။ တစ်ခုနဲ့ တစ်ခု ဆက်နေတယ်။ အဲဒီအထဲမှာ အဘိဓာန်သုံးဖို့ မပျင်းရဆိုတာကို၊ ကောင်းကောင်း သဘောပေါက် နားလည်တယ်။ စာကြည့်တိုက်ကို သုံးတဲ့အခါ စာအုပ်ငှားရက် တစ်လ၊ တစ်သီတင်းဆိုသလို ကန့်သတ်ထားလို့၊ ပထမဖတ်မယ့်စာအုပ်ကို အဟောင်းဆိုင်တွေ ဝင်ရှာပြီး တစ်ထမ်းကြီး ဝယ်တယ်။ နောက် တက္ကသိုလ်စာအုပ်ဆိုင်မှာ ဝင်ပြီး စာအုပ်စင်ရှေ့မှာ ဖတ် ချင်တဲ့စာအုပ်ကို မတ်တပ်ဖတ်တယ်။ မတ်တပ်ဖတ်နေတာ တစ်နာရီ နှစ်နာရီ ကြာတဲ့အခါလည်း ရှိတယ်။ အစပထမ ကြုံကြိုက်တာက ဆိုင်ရှင်၊ J.S. Furnivall၊ နောက် သခင်ကျော်စိန်။ သူတို့က ကျွန်တော့်ကို "ဖတ်ချင်ယူသွား။ နောက် ပြန် ပေးတဲ့အခါ ဟောင်းနွမ်းမလာရင် ပြီးတာပဲ" ဆိုတဲ့အနေနဲ့ ကူညီတယ်။ ကိုယ်ကလည်း အလိုက်သိစွာ မြန်မြန် ဖတ်ရတယ်။ စာကြည့်တိုက်က စာအုပ်လည်း ကိုယ်ဖတ်ခွင့် အလှည့်ရတုန်း မြန်မြန်ဖတ်၊ နားလည်အောင် ဖတ်ဆိုတဲ့ အလေ့ အကျင့်ရတယ်။

စာအုပ်ဆိုင်မှာ၊ စာအုပ်စင်ရှေ့မှာ ဖတ်ချင်တဲ့စာအုပ်ကို ယူပြီး မတ်တပ်ဖတ်တဲ့အခါ စာအုပ် Jacket က စာရေးသူရဲ့ အတ္ထုပ္ပတ္တိအကျဉ်း၊ နိဒါန်း၊ မာတိကာ၊ အတွင်းက ဓာတ်ပုံ၊ မြေပုံနဲ့ နိဂုံးကို ကြည့်ပြီး ဒီစာအုပ်ကို ငါ ခဏ ဖတ်မယ်။ အသေးစိတ် ဖတ်မယ်။ ဖတ်ပြီးတာတောင် ကိုယ်ပိုင်ဝယ်ထားမယ် ဆိုတာမျိုးတွေ ဆုံးဖြတ်လို့ ရတယ်။ ဆုံးဖြတ်ချက် အတိုင်း လုပ်လာတယ်။ ဒါကြောင့် အပျင်းပြေ ဖတ်တယ်ဆိုတာ၊ မရှိသလောက် ဖြစ်လာပါတယ်။ စာဖတ်နည်း သိလာ တယ်။ နည်းသိလေ အဖတ်များလေ၊ ပညာတိုးလေ ဆိုတာတွေကို အသေးစိတ် ပြောဖို့ မလိုတော့ပါ။

အင်္ဂလိပ်စာအုပ် တစ်အုပ် ဖတ်လို့ ကောင်းရင်၊ မြန်မာလို ပြန်ချင်စိတ် ပေါက်တယ်။ ပြန်တယ်။ မြန်မာစာအုပ် တစ်အုပ် ဖတ်လို့ ကြိုက်ရင်၊ အင်္ဂလိပ်လို ပြန်ချင်စိတ် ပေါက်တယ်။ ပြန်တယ်။ အဲဒီမှာ ဘာအကျိုး ခံစားရသလဲလို့ မေးရင်၊ စာအုပ်တစ်အုပ်ကို ကိုယ်ဖတ်ပြီးရင် ခံစားရတဲ့ ကျေနပ်ချက်ကို ဝေငှချင်တဲ့သဘောလို့ ပြောရမယ်။ ဘုရားလောင်းစိတ် မဟုတ်ပါ နိဗ္ဗာန်ကူးတို့ မလုပ်ပါ။ ဟင်… သူပြောတော့ အလွယ်သားပါလားလို့ ထင်မယ်။ လုပ်ကြည့်ပါ။ မလွယ်တာကို သိမယ်။

#ဒေါက်တာသန်းထွန်း
(ငါ့ပြောချင်သမျှ ငါ့အကြောင်း)

10/08/2022

#မြသန်းတင့်ရဲ့မြသန်းတင့်

ဖိုသော်တာရေးတာပါ။

ကျွန်တော့ကိုမြန်မာပြည်အထက်ပိုင်း ပခုက္ကူခရိုင် မြိုင်မြို့မှာ ၁၉၂၉ မေလ ကမွေးတာပါ။ မြိုင်ဆိုတာ မြို့ငယ်လေးပါ။ အဲဒီအချိန်ကလူဦးရေ ၅၀၀၀ လောက်ပဲရှိမယ်။ ဧရာ၀တီမြစ်အနောက်ဘက်ကမ်း ၊ ရထားလမ်းနဲ့လည်းဝေး မြစ်နဲ့တောင်ဝေးတဲ့ မြို့လေးပေါ့။ အင်ဂလို - ဘိုင်နီကူလာကျောင်းတက်ခဲ့ရပြီး အင်္ဂလိပ်လိုရော မြန်မာလိုပါသင်ခဲ့ရပါတယ်။ အသက် ၇ နှစ် ၈ နှစ်လောက်ဘဲရှိဦးမယ်။

အင်္ဂလိပ်လူမျိုးဆရာတော့ဘယ်ရှိပါ့မလဲ။ မြန်မာဆရာတွေပဲပေါ့။ ကျွန်တော်ထင်တယ်။ ကျွန်တော်တို့ဟာ မြို့မှာ အင်္ဂလိပ်စာသင်ခံရတဲ့ ပထမဆုံးမျိုးဆက်ဖြစ်မယ်။ ညီအကို မောင်နှမ ၇ ယောက်ထဲမှာကျွန်တော်ကအကြီးဆုံး။ အဖေကတော့ကျွန်တော့ကို မိုက်လုံးကြီးတဲ့ကောင် လို့ဆိုလေ့ရှိတယ်။ သူကရှေ့နေလေ။ အမေကလည်းရှေ့နေသမီးဘဲ။ ပညာတတ်မျိုးရိုးကဆင်းသက်လာတယ်ဆိုပါတော့။ အဖေကသူ့အလုပ်နဲ့သက်ဆိုင်တဲ့ ဥပဒေဆိုင်ရာအင်္ဂလိပ်စာအပါအ၀င် အင်္ဂလိပ်စာကို ပုဂ္ဂလိကကျောင်းတကျောင်းမှာတက်ခဲ့ဖူးတယ်။ ကျွန်တော်လည်းဆယ်တန်းကိုပခုက္ကူမှာဘဲအောင်ပြီး ရန်ကုန်တက္ကသိုလ်ကိုလာတက်ရတယ်။ တက္ကသိုလ်လေးနှစ်တက်ပြီး ဒဿနိကဘာသာ၊ အင်္ဂလိပ်စာပေ၊ နိုင်ငံရေးသိပ္ပံ အဓိကနဲ့ ဘီအေဘွဲ့ရလာတယ်။ ဘွဲ့ရပြီးတော့ ဥပဒေတန်းထပ်တက်ပြီး ၁၉၅၅ မှာအောင်မြင်ခဲ့တယ်။

၁၉၄၂ ခုနှစ် ဒုတိယကမ္ဘာစစ်ကြီးစဖြစ်တော့ ကျွန်တော်က ၁၃ နှစ် ၊ ၁၄ နှစ်လောက်ပဲရှိသေးတယ်။ စစ်အတွင်းမှာကျောင်း သုံးနှစ်တော့နားလိုက်ရတယ်။ ဒါပေမယ့် ဘုန်းကြီးကျောင်းကစာကြည့်တိုက်ကြီးမှာ စာတွေဖတ်ရလို့ကံကောင်းတယ်လို့ဆိုရမှာဘဲ။ အဲဒီမှာ မြန်မာစာပေနဲ့ဂန္တ၀င်လက်ရာတွေဖြစ်တဲ့ ပျို့တို့၊ မော်ကွန်းတို့ကိုလေ့လာခဲ့ရတယ်။ စာကြည့်တိုက်ကြီးမှာ တကယ့်စာအုပ်ဟောင်းကြီးတွေ ၊ ပေတို့ ပုရပိုက်တို့အပြည့်ဘဲ။ နေ့တိုင်းသွားဖတ်တာဘဲ။ ဖက်ဆစ်ဆန့်ကျင်ရေးစတော့ ကျွန်တော်လည်း၀င်ပါခဲ့တယ်။ အသက်ကတော့ ၁၅ နှစ်လောက်ရှိရောပေါ့။ ဂျပန်ကင်ပေတိုင်က ကျွန်တော့လိုက်ရှာလို့ အိမ်ကနေပြေးပြီး မန္တလေးမှာအခြေစိုက်တဲ့ တော်လှန်ရေးသမားတွေဆီ လာပူးပေါင်းရတယ်။ ဒီလိုနဲ့ လက်ဝဲယိမ်းသူဖြစ်လာတာဘဲ။ အဲဒီအချိန်တုန်းက လူငယ်အတော်များများကို လက်ဝဲ၀ါဒက အတော်လွှမ်းမိုးမှုရှိတယ်။ နဂါးနီစာအုပ်တိုက်ကထုတ်တဲ့ စာအုပ်တွေကတဆင့်ပေါ့။

ဂျပန်ခေတ်မှာ ကွန်မြူနစ်တွေနဲ့ ကျွန်တော်တို့အဆက်အသွယ်ရလာတယ်။ မြန်မာပြည်အထက်ပိုင်းမှာ ဂျပန်တွေရဲ့ပထမဆုံးသားကောင်ဖြစ်ရသူ နှစ်ဦးက ကွန်မြူနစ်တွေ။ တယောက်က ကိုသိန်းဒန် တဲ့။ ဗိုလ်မှုးကြီး စောမြင့်ရဲ့ အကိုကြီးပေါ့။ နောက်တယောက်က ရေနံမြေအလုပ်သမားခေါင်းဆောင်တယောက်။ မြန်မာပြည်အထက်ပိုင်းမှာ ကွန်မြူနစ်ဆဲလ်တွေပြိုကွဲကုန်တော့ ကျွန်တော်တို့ဒေသကိုရွှေ့လာကြတယ်။ အဲဒီမှာ သူတို့နဲ့ ပထမဆုံးဆက်သွယ်မိတာဘဲ။ နောက် ကျွန်တော့ကို ဂျပန်တွေလိုက်ရှာတော့ ဗိုလ်မှုးကြီးဗထူးဦးဆောင်တဲ့ ဖက်ဆစ်ဆန့်ကျင်ရေးဌာနချုပ်ရှိရာ မန္တလေးကိုထွက်ပြေးလာရတယ်။ ၁၉၄၅ မှာအင်္ဂလိပ်စစ်တပ်၀င်လာတော့ ကပ္ပတိန်မက္ကဇီတို့ ၊ နောက်စပိန်ပြည်တွင်းစစ်မှာတိုက်ခဲ့ရတဲ့ အင်္ဂလိပ်လူကြီးလူကောင်းတဦးတို့လို အင်္ဂလိပ်လူမျိုး လက်ဝဲသမားတွေနဲ့ ကျွန်တော်တို့ဆုံခဲ့ရတယ်။( မက္ကဇီအား လက်ဝဲသမားဟု မြသန်းတင့်က ညွှန်းဆိုလေသည်)။ ဒါကျွန်တော့ရဲ့ ကနဦးနိုင်ငံရေးလှုပ်ရှားမှုဘဲ။

စစ်ကြီးပြီးတော့ တက္ကသိုလ်ပြန်တက်ရတာပေါ့။ ၁၉၄၈ ခုနှစ်၊မြန်မာပြည် လွတ်လပ်ရေးရတဲ့နှစ်ဘဲ။ အဲဒီအချိန်မှာအင်္ဂလိပ်စာကို အတော်ကျယ်ကျယ်ပြန့်ပြန့်လေ့လာဖြစ်တယ်။ ဒီတကြိမ်ကျောင်းတက်ရမှာတော့ဆရာတွေက မြန်မာတွေချည်းမဟုတ်တော့ဘူး။ ကျွန်တော်မှတ်မိသလောက်တော့ ပထမဆုံးဆရာက ဗြိတိကောင်စီကလွှတ်တဲ့ ဆရာဒေးဗစ်မော်ဂန်ဘဲ။ ဒါပေမယ့် ၁၉၅၃ ကျွန်တော်ဘွဲ့ရချိန်ထိ သူမရောက်လာသေးပါဘူး။

တက္ကသိုလ်တက်နေတုန်း ကျွန်တော်စာ စရေးဖြစ်တေယ်။ စစ်အတွင်းကအဖြစ်အပျက်တွေကိုရေးချင်တာရယ်၊ ဂျပန်ခေတ်နဲ့ဖက်ဆစ်ဆန့်ကျင်ရေးကာလတုန်းက ကျွန်တော့အတွေ့အကြုံတွေကို ဇာတ်လမ်း ဒါမှမဟုတ် ကဗျာအဖြစ်နဲ့မှတ်တမ်းတင်ထားချင်လို့ဘဲ။ ပထမဆုံးပုံနှိပ်ဖော်ပြခံရတာက ဒဂုန်တာရာစီစဉ်တဲ့ တာရာမဂ္ဂဇင်းမှာပါ။ ပထမဆုံး၀တ္ထုက ဂျပန်တွေသတ်လို့သားဖြစ်သူသေခဲ့ရတဲ့ လယ်သူမအိုကြီးတယောက်အကြောင်းပါ။ နောက်တပုဒ်ကတော့ ကရင် - ဗမာ ပြည်တွင်းစစ်တုန်းကအကြောင်း။

အဲတုန်းကပုံနှိပ်ဖော်ပြခံရဖို့သိပ်အခက်အခဲမရှိလှပါဘူး။ ဘာလို့လဲဆိုတော့ တာရာမဂ္ဂဇင်းဆိုတာ လူငယ်လက်ဝဲစာရေးသူတွေရဲ့ ဆုံရပ်လေ။ စာမူခက သိပ်ရတာတော့မဟုတ်ဘူး။ ဒါပေမယ့် ဒါကအရေးမကြီးပါဘူး။ ပုံနှိပ်ဖော်ပြခံရဖို့ အဓိကပါ။ ကျွန်တော်က သတင်းစာတစောင်မှာ လက်ထောက်အယ်ဒီတာလုပ်နေတော့ သိပ်အများကြီးမဟုတ်လှပေမယ့် ပုံမှန်၀င်ငွေလေးကရှိနေတယ်။ အိမ်ထောင်လည်း မကျသေးဘူးလေ။

ဟုတ်ပါတယ်။ ပြည်ပတကြိမ်သွားဖူးပါတယ်။၁၉၆၁ ကမ္ဘာငြိမ်းချမ်းရေးညီလာခံတက်ဖို့ စတော့ဟုမ်း၊ မော်စကိုနဲ့ ပီကင်းကိုပါ။ အဲတုန်းက ကမ္ဘာငြိမ်းချမ်းရေးကောင်စီ မြန်မာပြည်ရဲ့ အထွေထွေအတွင်းရေးမှုးက ကျွန်တော်ပါ။ အဲဒိတခေါက် မြန်မာပြည်ကိုယ်စားလှယ်အဖွဲ့က သိပ်မများလှပါဘူး။ အရင်အခေါက်က ပိုများတယ်။ ကောင်စီအဖွဲ့၀င်တွေကိုပဲဖိတ်တာမို့ ကျွန်တော်ရယ်၊ ဒဂုန်တာရာရယ်၊ ရန်ကုန်တက္ကသိုလ်သင်္ချာပါမောက္ခ ဦးအောင်လှရယ်သွားတက်ကြတယ်။ သုံးယောက်သားစတော့ဟုမ်းမှာညီလာခံတက်ကြ အဲဒီမှာ ပါမောက္ခ ဘာနယ်( Bernal )လို ထင်ရှားတဲ့ ငြိမ်းချမ်းရေးတက်ကြွလှုပ်ရှားသူတွေနဲ့ဆုံခဲ့ရတယ်။

၁၉၅၇ မှာကျွန်တော်အိမ်ထောင်ကျတယ်။ ၁၉၄၉ ကနေ ၁၉၆၀ လောက်ထိ စာရေးဆရာတပိုင်း ၊ ငြိမ်းချမ်းရေးလှုပ်ရှားသူတပိုင်းနေခဲ့တာဘဲ။ အဲတုန်းက ဆင်ဆာပြဿနာမရှိဘူးဗျ။ ကိုယ်ရေးချင်တာ ရေးလို့ရသေးတယ်။ ဆင်ဆာမရှိပေမယ့် ဥပဒေ တော့ရှိတာပေါ့လေ။ ဘယ်လိုခေါ်သလဲတော့ မမှတ်မိတော့ဘူး။ လူထုဦးလှ ၁၉၅၃ အောက်တိုဘာမှာ အထိန်းသိမ်းခံရတာ ဒီပုဒ်မနဲ့ဘဲ။ မန္တလေးကထုတ်တဲ့သူ့သတင်းစာမှာဆောင်းပါးတပုဒ်ဖော်ပြမိတယ်။ အဲဒီဆောင်းပါးဟာ အစိုးရကိုအကြည်ညိုပျက်စေတယ်ဆိုပြီး ရာဇ၀တ်ပုဒ်မ ၁၂၄ (က)နဲ့တရားစွဲဆိုတဲ့အတွက် ထောင် ၃ နှစ် ၃ လကျခံလိုက်ရတယ်။ ဒါပေမယ့် ဒါဟာဆင်ဆာကိစ္စမဟုတ်ပါဘူး။

ကျွန်တော်နိုင်ငံရေးမှာပါ၀င်ပတ်သက်မှုရှိလား..ဟုတ်။ ပါတီသီးသန့်နဲ့တော့မဟုတ်ပါဘူး။ ဒါပေမယ့် ကမ္ဘာငြိမ်းချမ်းရေးလိုအဖွဲ့အစည်းမျိုး ၊ ပ.မ.ည.တ လိုပါတီမျိုးမှာတော့အဖွဲ့၀င်အဖြစ် ၁၉၅၀ ခုနှစ်များလောက်တုန်းက ပါ၀င်လှုပ်ရှားခဲ့ဖူးပါတယ်။ ဒါဆိုရင် ဘာလို့အထိန်းသိမ်းခံရလဲ..ဟုတ်လား။ အဲဒါတော့ကျွန်တော်လည်း မသိဘူး။ ဒီနေ့ထက်ထိတိုင်အောင် မသိဘူး။ ၁၉၅၈ မှာ အိမ်စောင့်အစိုးရလို့ခေါ်တဲ့ စစ်အစိုးရကထိန်းသိမ်းတာခံရတယ်။ သူတို့က ကျွန်တော့ကို ကွန်မြူနစ်လို့ထင်ဟန်တူပါရဲ့။ တကယ်တော့ အဲဒီအချိန်မှာ ကွန်မြူနစ်ပါတီ၀င်မဟုတ်တော့ဘူးဗျ။ ဂျပန်ခေတ်ကသာ ပါတီ၀င်ဖြစ်ခဲ့တာ။ ၁၉၄၈ မတိုင်မီကတည်းက ပါတီကနေထွက်ပြီးသား။ မိတ်ဆွေတွေကလည်းတက္ကသိုလ်ပြန်တက်၊ ကျွန်တော့မိဘတွေကလည်း မြေအောက်မရောက်ဖို့၊ ကျောင်းပြန်တက်ဖို့ဖိအားတွေပေးကြတာလည်း ပါတာပေါ့။ ဒါပေမယ့် ကွန်မြူနစ်ပါတီရဲ့ အတွေးအခေါ်ကိုတော့ ယုံကြည်နေတုန်းဘဲ။ ၁၉၅၈ ကမ္ဘာ့ငြိမ်းချမ်းရေးကောင်စီမှာအထွေထွေအတွင်းရေးမှုဆိုတော့ သူတို့ကကျွန်တော့ကို ကွန်မြူနစ်လိုလားသူ၊ လက်ဝဲသမားလို့ယူဆပြီး ထောင်ထဲထည့်လိုက်တယ်ထင်တာဘဲ။

အဲဒီတုန်းက ပြည်သူ့ကာကွယ်ရေးဥပဒေဆိုတာရှိတယ်။ ဒီဥပဒေရဲ့ ပုဒ်မ ၅ အရ ကျွန်တော့ကိုထိန်းသိမ်းလိုက်တာဘဲ။ ဒီပုဒ်မက အခုလည်းရှိနေသေးတာပါဘဲ။ ထောင် ၂ နှစ်ကျတယ်။ ပထမတော့အင်းစိန်ထောင်ပေါ့။ ဘီကလပ်စ် ထားသေးတော့ကောင်းကောင်းမွန်မွန်နေရပါတယ်။ နောက် ၁၉၅၉ မေလကျတော့ ကိုကိုးကျွန်းကိုပို့လိုက်တယ်။ ဦးနုအစိုးရပြန်တက်လာပြီး ၁၉၆၀ နှစ်ကုန်ထိကျွန်တော့ကို လွှတ်မပေးသေးဘူး။ အင်းစိန်ထောင်မှာတုန်းက စာရေး စာဖတ်ခွင့်ရတယ်။ အိမ်ကိုစာရေးခွင့်တို့၊ ရေဒီယိုနားထောင်ခွင့်တို့လည်းရတယ်။ အခြားနိုင်ငံရေးအကျဉ်းသမားတွေ၊ ရာဇ၀တ်အကျဉ်းသားတွေနဲ့ လွတ်လွတ်လပ်လပ်စကားပြောခွင့်ရသေးတယ်။ စံပြထောင်ကိုး ဟိုတယ်မှာနေရသလိုဘဲ။

ဒုတိယအကြိမ် အထိန်းသိမ်းခံရတာက စစ်တပ်ကနောက်တခါအာဏာသိမ်းပြီး ၁၉၆၃ ခုနှစ်မှာဘဲ။ တော်လှန်ကောင်စီနဲ့အတိုက်အခံအဖွဲ့တွေအကြား ပြည်တွင်းငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲပျက်တော့ ကျွန်တော်တို့အားလုံးကို တရားရုံးတောင်မတင်ဘဲ အင်းစိန်ထောင်ကိုပို့လိုက်တယ်။ ဒီတကြိမ်မှာတော့ ပထမအခေါက်နဲ့အတော်ကွာခြားသွားပြီ။ ဘာစာဖတ်ခွင့်၊ စာရေးခွင့်မှမရှိတော့ဘူး။ စစ်ဆေးမေးမြန်းမှုတောင်မလုပ်ဘူး။ ၁၉၆၃ ကနေ ၁၉၆၆ ထိ တဦးတည်းအကျဉ်းချထားခံရတယ်။ တချို့ဆို ရူးသွားကြတယ်၊ တချို့ကတော့ ဆေးကုသမှုမရလို့ သေဆုံးသွားကြတယ်။ ၁၉၆၈ ရောက်တော့ ကိုကိုးကျွန်းကိုပို့လိုက်ပြန်တယ်။ ဒီတခေါက်တော့ ကျွန်းမှာသံဆူးကြိုးတွေ ဘာတွေခတ်မထားတော့ဘူး။ သွားချင်တဲ့နေရာ သွားလို့ရတယ်။ ကျွန်းပေါ်က ကျောက်ဆောင်မှန်သမျှ ကျွန်တော်အကုန်အလွတ်ရတယ်။ အာဏာပိုင်တွေကလည်း ပင်လယ်ကိုကူးဖြတ်ရဲရင် ထွက်ပြေးလို့ရတယ် ပြောတယ်။ ပင်လယ်ထဲကကျွန်းတွေမှာ ငါးမန်းတွေသိပ်ပေါတယ်လေ။ ဒါပေမယ့် ၃ ယောက်ကတော့ လှေတစင်းလုပ်ပြီး ထွက်ပြေးသွားခဲ့တယ်။ ဒါဟာ ဒါးတောင်ကိုကျော်၍မီးပင်လယ်ကိုဖြတ်မည် ရေးဖို့ကျွန်တော်စိတ်ကူးရလာတာဘဲ။ သူတို့သုံးယောက်ရဲ့ဇာတ်လမ်း။

၁၉၇၂ မှာအကျဉ်းထောင်ကလွတ်လာပြီးတော့ ၀တ္ထုတွေ စရေးတော့တာဘဲ။ ၁၉၇၂ ကျတော့ စာပေစိစစ်ရေးရှိနေပြီ။ ရေးချင်တာရေးလို့ မရတော့ဘူး။ တခါတလေ စာအုပ်ထုတ်ဝေခွင့်ပိတ်တယ်၊ တခါတလေ စာမျက်နှာတွေကို ငွေမှင်သုတ် ဆင်ဆာဖြတ်တယ်။ ပြောရမှာတော့ခက်တယ်။ ကျွန်တော်ဘာသာပြန်တာတွေတောင် ဆင်ဆာဖြတ်တယ်။ ဥပမာဆိုပါတော့၊ မောရစ်ကောလစ်ရဲ့ ဧကရီဖွားစော တို့၊ လူဝီအယ်လင်ရဲ့ မြန်မာပြည် အရှည်ကြာဆုံးစစ်ပွဲ တို့ကို ထုတ်ဝေခွင့်မပြုဘူး။ ဟုတ်ပါတယ်၊ လူဝီအယ်လင့်စာအုပ်ဆို လေးပုံတပုံလောက်က ပေဖူးလွှာမဂ္ဂဇင်းမှာ ၁၉၈၀ ခုနှစ်များလောက်က ဖော်ပြပြီးသားတွေ။ ဒါပေမယ့် လုံးချင်းအနေနဲ့ထုတ်မယ်ဆိုတော့ ဘာအကြောင်းပြချက်မှမပေးပဲ ထုတ်ဝေခွင့်မပြုဘူး။ စိစစ်ရေးအဖွဲ့ကိုမေးတော့လည်း မပြောကြဘူး။ ဒါပေမယ့် ဒီစာအုပ်ဟာ အင်္ဂလိပ်အမှတ် ၁၄ တပ်မတော်ကို ဂုဏ်တင်ထားလို့ပေးမထုတ်တာလို့ပြန်ကြားတယ်။ ဧကရီဖွားစော ဆိုလည်း စန္ဒာမဂ္ဂဇင်းမှာ လစဉ်ပါပြီးသား။ ဒါပေမယ့်စာအုပ်ထုတ်မယ်ဆိုတော့ အပိတ်ခံရတယ်။ သမိုင်းဆိုင်ရာအချက်အလက် မသေချာဘူးလို့ သူတို့ကဆိုတယ်။ ဥပမာ ဖွားစောဟာ တရုတ်နယ်စားတဦးနဲ့ရည်ငံတဲ့ဟာမျိုး ဘာညာပေါ့။ ဒါဟာအချစ်ဇာတ်လမ်းဘဲ၊ စိတ်ကူးယဉ်ဇာတ်လမ်းတပုဒ်သာဖြစ်ကြောင်း ကျွန်တော်ရှင်းပြပေမယ့် မရပါဘူး။ ပိတ်တာဘဲ။

ဘာလို့ အင်တာဗျူးတွေစလုပ်ပြီး အညတြရုပ်ပုံလွှာတွေရေးတာလဲ..ဟုတ်လား။ ကျွန်တော်တရက် အမေရိကန်စာရေးဆရာ Studs Terkel ရေးတဲ့ American Dreams: Lost and Found စာအုပ်နဲ့ Working ဆိုတဲ့စာအုပ်တွေ သွားဖတ်မိတယ်။ နှစ်အုပ်လုံးကအမေရိကန်လူ့အဖွဲ့အစည်းအကြောင်းရေးထားတာ။ အတော်နာမည်ကြီးတဲ့စာအုပ်တွေ။ အဲဒီကနေ စိတ်ကူးရတာဘဲ။ သူကလမ်းပေါ်ကလူတွေကို တွေ့ဆုံမေးမြန်းမှုတွေ လုပ်သွားတာ။ ကျွန်တော်စာပေဟောပြောပွဲတွေသွားတဲ့အခါ ဆုံတွေ့ရသူတွေကိုအင်တာဗျူးထားလိုက်တယ်။ လက်ဘက်ရည်ဆိုင်မှာတွေ့သူရော၊ ရထားပေါ်မှာတွေ့သူရော၊ အမှတ်မထင်တွေ့တာရော၊ တမင်တွေ့သူတွေရောဆိုပါတော့။ အိမ်ပြန်ရောက်တဲ့အခါ သူတို့အကြောင်းတွေချရေးတော့တာဘဲ။ ဥပမာ မနှစ်က ဗန်းမော်၊ ထီးချိုင့်၊ ကသာ၊ မြတောင် စတဲ့နယ်တွေရောက်ခဲ့တယ်။ ဟိုးအဝေးနယ်စွန်နယ်ျေားတနေရာမှာ စာသင်ဖို့တာ၀န်ကျနေတဲ့ ဗမာဆရာမလေးကိုတွေ့ခဲ့ရတယ်။

စာပေဟောပြောပွဲဆိုတာ ကျွန်တော်တို့နိုင်ငံမှာသာတွေ့ရတဲ့ ပွဲမျိုးပါ။ ၁၉၄၈ လွတ်လပ်ရေးရပြီးတဲ့အခါကျတော့ ကျွန်တော်တို့ စာရေးဆရာအသင်းကိုတည်ထောင်ကြတယ်။ နှစ်စဉ် ဒီဇင်ဘာလ စာဆိုတော်နေ့ရောက်ရင် ထင်ရှားတဲ့ ဂန္တ၀င်စာရေးဆရာကြီးတွေ့ရဲ့ ဘ၀အကြောင်း ပြဇာတ်တင်လေ့ရှိတယ်။ ၁၉၅၆ မှာ ဗမာနိုင်ငံစာရေးဆရာအသင်းက အလုပ်အမှုဆောင်တွေဟာ ရန်ကုန်မှာပြဇာတ်တွေကပြရုံနဲ့မလုံလောက်ဘူး၊ နယ်မြို့တွေကိုပါသွားပြီး သာမာန်လူထုတွေကိုလည်း စာပေအကြောင်းပြောသင့်တယ်လို့ ဆုံးဖြတ်ချက်ချလိုက်ကြတယ်။ ဒီလိုနဲ့ ၁၉၅၆ ကစပြီး စာပေဟောပြောပွဲတွေ လုပ်မိကြတယ်။ စလုပ်တုန်းက နားထောင်သူသိပ်မရှိပါဘူး။ လူ ၅၀ ၊ ၁၀၀ လောက်သာ လာနားထောင်ကြတယ်။ ကိုယ့်စားရိတ်နဲ့ကိုယ်သွားရင်သွား ဒါမှမဟုတ် တတ်နိူင်ရင်စီစဉ်တဲ့သူတွေက နည်းနည်းပါးပါးစိုက်ကြနဲ့ပေါ့။ ၆၀ ခုနှစ်တွေလောက်ကစပြီး နားထောင်တဲ့ပရိသတ်တွေများလာတာ ခုထိဆိုပါစို့။

ကျွန်တော့အင်တာဗျူးတွေဟာ ကျွန်တော်တို့နိုင်ငံက သာမာန်လူတွေရဲ့ ဘဝတွေ ၊ အတန်းအစားအသီးသီးကသူတွေရဲ့ဘဝတွေအကြောင်း မြန်မာစာဖတ်ပရိသတ်တွေ သိစေချင်လို့ပါ။ ကျွန်တော်တို့လူမှု့အဖွဲ့အစည်းက အပိတ်ကြီး။ တယောက်အကြောင်းတယောက် သေချာနားမလည်ကြဘူး။ ကျွန်တော်တို့ရန်ကုန်မြို့ကလူတွေဟာ နယ်ဘက် ကျေးဘက်ကလူတွေ ဘယ်လိုခံစားနေရတယ်၊ ဘယ်လိုပင်ပင်ပန်းပန်းလုပ်ကိုင်ရတယ် ဆိုတာမသိကြဘူး။ ဘာလို့လဲဆိုတော့ အစိုးရမီဒီယာကိုပဲ အားကိုးနေရတာကိုး။ သူတို့အကြောင်းတွေလည်း မယ်မယ်ရရပါတာမဟုတ်ဘူးလေ။ နယ်ဘက်ကျေးဘက်ကလူတွေကလည်း ရန်ကုန်တို့ ဘာတို့ မြို့ကလူတွေဘ၀ကို မသိကြဘူး။ ကျွန်တော်ရေးတာ ပြင်ပကမ္ဘာကသူတွေအတွက် မဟုတ်ပါဘူး၊ ကိုယ့်နိုင်ငံကသူတွေအတွက်ပါ။ ကျွန်တော့အင်တာဗျူးတွေကို စာဖတ်သူတွေ အထူးသဖြင့် လူငယ်တွေ သဘောကျဟန်တူပါရဲ့။ တခါတလေ သူတို့အကြောင်းရေးစေချင်လို့ စာဖတ်သူတွေက စာလှမ်းရေးကြတယ်။ တခါတလေလည်းရေးတာပေါ့၊ ဒါပေမယ့် အရင်ဆုံးတော့ သူတို့ဇာတ်လမ်းတွေကိုနားထောင်ကြည့်ပါတယ်။

အင်တာဗျူးတွေကို ခုထိလုပ်နေရတုန်းပါ။ ကျွန်တော်က ရပ်ချင်နေပြီ။ ကျွန်တော့မှာတခြားရေးစရာတွေလည်းရှိသေးတယ်လေ။ ဒါပေမယ့် ကလျာမဂ္ဂဇင်းအယ်ဒီတာက ဆက်ရေးပေးဖို့တိုက်တွန်းကြတယ်။ အခြားအကြောင်းအရာတွေကိုလည်း ကလောင်အမျိုးမျိုးနဲ့ရေးပါတယ်။ စာဖတ်ပရိသတ်က ကျွန်တော့ကလောင်အချို့ကိုသိကြပါတယ်။ ကျွန်တော့အင်တာဗျူးထဲမှာလည်း ဖြေထားတာကိုး။ ထုတ်ဝေသူ၊ အယ်ဒီတာတွေက ဘယ်ကလောင်ဟာ ကျွန်တော်ဆိုတာသိကြတယ်။ အရေးကြီးတဲ့ဆောင်းပါးတွေ ၊ ၀တ္ထုတွေဆို မြသန်းတင့်အမည်နဲ့ဘဲရေးတယ်။ တိုင်းမ်မဂ္ဂဇင်းတို့ ဘာတို့က အက်ဆေးတွေ ဆောင်းပါးတွေဆို ထက်အောင်အမည်နဲ့ဘာသာပြန်တယ်။ D – Day တို့၊ ဒုတိယကမ္ဘာစစ်အကြောင်း စတဲ့ စစ်သမိုင်းတွေကိုလည်း စောယွမ်း ကလောင်အမည်နဲ့ဘာသာပြန်ပါတယ်။ ခုတော့ ၁၉၆၀ ခုနှစ်များလောက်ကအကြောင်း ၀တ္ထုတအုပ်ရေးနေတယ်။ ဒီဘက်ခေတ်အကြောင်းတော့ မဟုတ်ပါဘူး။

ဘ၀ကို ကျွန်တော်ခုံမင်ပါတယ်။ ကျွန်တော်ဟာ ဘာသာမဲ့ဝါဒီတဦးပါ။ တမလွန်ဘ၀ကို မယုံကြည်ပါဘူး။ ဒါကြောင့် လက်ရှိလူ့ဘ၀ကို အကောင်းမြင်စိတ်နဲ့သာ ရှုမြင်နေထိုင်ပါတယ်။ ဒါလောက်ပါဘဲ။

( ဘန်ကောက်အခြေစိုက် White Orchid စာအုပ်တိုက်မှ ၁၉၉၆ ခုနှစ်တွင်ထုတ်ဝေသော On The Road To Mandalay စာအုပ်မှ စာရေးသူအကြောင်းကို ဘာသာပြန်သည် ။ မူရင်းမှာ အညတရရုပ်ပုံလွှာများ စာအုပ်ဖြစ်သည်)

ဘာသာပြန်သူ၏မှတ်ချက် ။ ။ အင်တာဗျူးထဲတွင် ဘာသာမဲ့ဝါဒီ (atheist) ဆိုသည့်စကားလုံးပါနေသဖြင့် လုံမလေးမဂ္ဂဇင်းထုတ်ဝေသူ စာရေးဆရာမ မလေးလုံက “ ဆရာက atheist မဟုတ်ပါဘူး၊ Free Thinker ပါ “ဟုထောက်ပြပြောဆိုရာ အဖေက မလေးလုံ စကားလုံး သုံးစွဲပုံမှာ ပိုမှန်ကန်ကြောင်း သူ၏နေ့စဉ်မှတ်တမ်းတွင် ရေးမှတ်ထားပါသည်။

(ဖိုးသော်တာ-၁၀ သြဂုတ် ၂၀၁၇)

(Memories ကိုရှယ်မရလို့ကော်ပီ
ကူးပြီးပြန်တင်ပြအပ်ပါသည်။)

Want your school to be the top-listed School/college in Letpadan?
Click here to claim your Sponsored Listing.

Category

Address


Open Mind Library
Letpadan
08271

Opening Hours

Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00