Bohemian

Bohemian

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Bohemian, Arts & Crafts Store, Hlaing.

Photos from Bohemian's post 07/08/2022

အနုပညာနှင့် ဘိုဟီးမီးယန်းဝါဒ
----------------------------------------------------
#လင်းထိုက်
ဘိုဟီးမီးယား (Behemia)
-------------------------------------------------
ဘိုဟီးမီးယားဟာယခင်ကတိုင်းပြည်နိုင်ငံငယ်တစ်ခုဖြစ်ခဲ့ပေမယ့်သမိုင်းအဆင့်ဆင့်ကိုဖြတ်သန်းပြီးနောက်ပိုင်း၁၉၁၈ခုနှစ်မှာချက်ကိုစလိုဗက်ကီးယားနိုင်ငံနဲ့ပေါင်းစည်းလိုက်ရပြီး ချက်နိုင်ငံရဲ့ ပြည်နယ်ဒေသတစ်ခုဖြစ်လာပါတယ်။

ဘိုဟီးမီးယန်း (Bohemian)
------------------------------------------------
ဘိုဟီးမီးယန်း (Bohemian) ဟာ ပြင်သစ်စကားလုံးတစ်လုံးဖြစ်တယ်။ ဘိုဟီးမီးယားဒေသကနေအနောက်ဥရောပကိုရောက်ရှိလာတဲ့ပြင်သစ်ဂျစ်ပစီလူမျိုးတွေကိုခေါ်ဝေါ်တာဖြစ်ပါတယ်။ ဘိုဟီးမီးယားဒေသကနေမြစ်ဖျားခံခဲ့ပေမယ့်ဘိုဟီးမီးယန်းတွေလို့စတင်ခေါ်ဝေါ်တာကတော့ ပြင်သစ်နိုင်ငံက ရိုမန်နီ ( Romany ) ဂျစ်ပစီတွေကိုပဲဖြစ်တယ်။

ဘိုဟီးမီးယန်းဝါဒ (Bohemiansim)
-------------------------------------------------------
ဘိုဟီးမီးယန်းဝါဒဟာ၁၉ရာစုအစောပိုင်းကပြင်သစ်နိုင်ငံမှာစတင်ပေါ်ပေါက်ခဲ့တယ်။ ဂျစ်ပစီတွေနဲ့အနုပညာဖန်တီးရှင်တွေ တွေ့ဆုံပေါင်းသင်းမိကြပြီးပေါ်ပေါက်လာတဲ့ အယူအဆတစ်ခုဖြစ်တယ်။ သူတို့ဟာသူတို့မှာရှိတဲ့အမူအကျင့်စရိုက်လက္ခဏာတွေကို အပြန်အလှန် မျှဝြေကတယ်။ ဒါပေမဲ့ဘိုဟီးမီးယန်းတွေဟာ စာတတ်ပေတတ် အနုပညာသမားတွေ အများစု ဖြစ်နေတတ်တယ်။ ဒါကြောင့် ဘိုဟီးမီးယန်းတွေကိုတစ်နည်းအားဖြင့် စာတတ်ပေတတ် ဂျစ်ပစီတွေလို့ ခေါ်တာဖြစ်တယ်။

ဘိုဟီးမီးယန်းတွေဟာငြင်းပယ်မှုအမြောက်အမြားနဲ့ရှင်သန်နေထိုင်သူတွေဖြစ်တယ်။ သူတို့ဟာ ပုဂ္ဂလိက ပိုင်ဆိုင်မှုနဲ့ ရုပ်ဝါဒကို ငြင်းပယ်တယ်။ သူတို့မှာ အခြေတကျ နေထိုင်စရာရယ်လို့ မရှိဘူး။ လုံခြုံမှုမရှိတဲ့ ရုပ်ဝတ္တုပစ္စည်း အနည်းငယ်နဲ့သာ အသက်ဆက်တယ်။ သူတို့ဟာတင်းကျပ်လွန်းတဲ့ကိုယ်ကျင့်တရားတန်ဖိုးတွေကို ငြင်းပယ်တယ်။ ပူပန်ကြောင့်ကြမှုကင်းကင်းနေထိုင်တယ်။ လွတ်လပ်မှုကိုကိုးကွယ်သူတွေဖြစ်တဲ့အတွက် မူးယစ်စေတဲ့ အရာတွေကို သူတို့ရဲ့ အဆောင်အယောင်တစ်ခုလို သုံးစွဲကြတယ်။

နောက်တစ်ခုသူတို့ငြင်းပယ်တဲ့အရာကတော့ ငွေနောက်လိုက်ခြင်းပဲ။ ပုံမှန်၀င်ငွေဟာ သူတို့နဲ့မဆိုင်တဲ့ သူစိမ်းဆန်တဲ့အရာတစ်ခုပဲ။ ဒါပေမဲ့ သူတို့ဟာစာပေအနုပညာနဲ့ပတ်သက်ရင်တော့ စက်ကွင်းတစ်ခုထဲ မိနေသလို အာရုံစူးစိုက်မှု အပြည့်ရှိတယ်။ သူတို့ရဲ့ကျိန်စာကတော့ သူတို့ရဲ့ အနုပညာဖန်တီးမှုတွေ နောက်ကို ငွေကဘယ်တော့မှလိုက်မလာခြင်းပါပဲ။ ငွေမလိုက်လာရခြင်းအကြောင်းရင်းကလည်း သူတို့ဟာ ထုံးတမ်းစဉ်လာ အနုပညာတွေကနေ သိစိတ်ရှိရှိဖြစ်စေ၊ မသိစိတ်ထဲကဖြစ်စေအမြဲတမ်းခွဲထွက်နေလို့ပဲ။ တခြားလူတွေရဲ့ထုံးတမ်းစဉ်လာ နေထိုင်မှုဘ၀ကိုတောင်မှ သူတို့ဟာ ငြင်းပယ်လိုက်တဲ့အခါ ကျော်ကြားမှုနဲ့ စည်းစိမ်ဥစ္စာဟာသူတို့နဲ့ပြဒါးတစ်လမ်း၊ သံတစ်လမ်း ဖြစ်သွားတော့တယ်။ သူတို့ရဲ့ ရိုးရှင်းမှုတစ်ခုကတော့ တင်းကျပ်တဲ့ စည်းမျဉ်းတန်ဖိုးတွေကို ငြင်းဆန်ခြင်းမှာဘာအကြောင်းပြချက်မှ မရှိတာဘဲ။

ဘိုဟီးမီးယန်းတွေဟာလူအများနားလည်တဲ့အလုပ် (Job) ဆိုတာကိုလည်း ငြင်းပယ်တယ်။ ဘိုဟီးမီးယန်းတစ်ယောက်ရဲ့အလုပ်ဟာ သူ့အနုပညာရဲ့ ပြည့်စုံမှုနောက်ကို အစဉ်ထာ၀ရ လိုက်နေခြင်းပဲ။ ဘိုဟီးမီးယန်းတစ်ယောက်ဟာသူအလုပ်မလုပ်ရခြင်းအတွက်ဒီလိုယိုးမယ်ဖွဲ့လိမ့်မယ်။

“ကျွန်တော်ကဗျာရေးတာကလွဲရင် ဘာအလုပ်မှမလုပ်ဘူးဗျ။ ကျွန်တော် ဘာအလုပ်မှ မလုပ်တဲ့အတွက် လျော်ကြေးအနေနဲ့ အခု ကဗျာတစ်ပုဒ် ကျွန်တော်ရေးနေတယ်”

နောက်ပြီး ဘိုဟီးမီးယန်းတွေဟာ စိတ်အလိုလိုက်ပြီး၊ စိတ်ခံစားမှုနောက်ကိုအမြဲတမ်းလိုက်လေ့ရှိတယ်။ ဒါကြောင့် သူတို့ရဲ့ ဆင်ခြင်တုံတရားဟာ အသုံးနည်းတဲ့ ပစ္စည်းတစ်ခုလို သူတို့ မကြာခဏ မေ့လျော့လေ့ရှိတဲ့ အရာတစ်ခုသာ ဖြစ်နေတတ်တယ်။
သူတို့ရဲ့ အင်္ကျီ၊ ဘောင်းဘီအိတ်ကပ်ကြီးတွေထဲမှာ သူတို့ပိုင်ဆိုင်သမျှအရာအားလုံးထည့်ပြီး နေရာဒေသအနှံ့ကိုခြေသလုံးအိမ်ပါ လှည့်လည်သွားလာနေတတ်တယ်။

ဆန်ဖရန်စစ်စကို ဂျာနယ်လစ်(Bret Harte)က ဘိုဟီးမီးယန်းတွေနဲ့ ပတ်သက်ပြီး
“ဘိုဟီးမီးယန်းတွေမှာ ပထဝီတည်နေရာ အတိအကျ ဘယ်တော့မှမရှိဘူး။ ဒါပေမဲ့ သူတို့ဟာ သူများတွေမမြင်သာတဲ့ သာယာတဲ့ တောင်ကြားလေးတွေ၊ အရောင်တောက်နေတဲ့တိမ်တွေ၊ ဝဲပျံနေတဲ့ တောင်ကုန်းလေးတွေကို သူများတကာထက်ပိုပြီး မြင်နိုင်တဲ့ အခွင့်အရေးရှိသူတွေဖြစ်တယ်” လို့ ကောက်ချက်ပေးတယ်။
ဘိုဟီးမီးယန်း ကလပ်ရဲ့ အဖွဲ့၀င် ကဗျာဆရာဂျော့စတာလင်ကတော့

“ဘိုဟီးမီးယန်းတွေဟာအနုပညာတစ်ခုခုကို ရူးသွပ်စွဲလမ်းနေသူတွေပဲ။ နောက်ပြီး ဆင်းရဲကြတယ်။ အနုပညာနဲ့ ဘ၀အပေါ် သမာရိုးကျ မြင်ပုံမြင်နည်းတွေကိုအမြစ်ကနေလှန်ပြီး ပြောင်းလဲပစ်ချင်သူတွေ ဖြစ်တယ်။ ဒါပေမဲ့ သူတို့ဟာ ပျော်ပျော်နေသေခဲ ဝါဒကို ဆုပ်ကိုင်ထားသူတွေလည်း ဖြစ်နေပြန်တယ်” လို့ သူ့အမြင်ကို ဖော်ပြခဲ့ပါတယ်။
ဘိုဟီးမီးယန်းကလပ်အဖွဲ့၀င်နောက်တစ်ယောက်ဖြစ်တဲ့ Gelett Burgess ရဲ့အယူအဆကလည်း စိတ်၀င်စားစရာ တစ်မျိုးကောင်းပါတယ်။

“လက်ရှိအချိန်ကိုအကောင်းဆုံးနေမယ်။ ပိုက်ဆံရတော့လည်း သုံးတာပေါ့။ ကံကြမ္မာကို ဟားတိုက်မယ်ဗျာ။ အချိန်တွေဒီအတိုင်းကုန်သွားတော့လည်း ဘာအရေးလဲ။ ချစ်ခြင်းတရားနဲ့ အနုပညာ။ ဒီနှစ်မျိုးနဲ့ကျွန်တော်နေတယ်။ ပျော်စရာပေါ့။ ပေါ့ပေါ့ပါးပါးဒဿနပဲ ဆောင်ထားတယ်။ ဒါပေမဲ့ကျွန်တော်တို့ ဘိုဟီးမီးယန်းတွေရဲ့ ရိုးရှင်းမှုနဲ့ သဘာ၀အတိုင်း နေထိုင်မှုကတော့ သိသာထင်ရှားပါတယ်ဗျာ။ ပြီးတော့ ကျွန်တော်တို့ဟာ ချစ်စရာကောင်းတဲ့ အမှားလေးတွေ|သိပ်ရုပ်မဆိုးတဲ့ မကောင်းမှုတွေနဲ့ နေထိုင်ကြတာဗျ။ ဒါပေမဲ့ အမှန်အတိုင်း ၀န်ခံရရင်တော့ ဘိုဟီးမီးယန်းတွေဟာစိတ်အလိုလိုက်၊ စိတ်ခံစားမှုနောက်ကိုသိပ်လိုက်လွန်းတယ်။ သိပ်မတွေးဘူး။ ပြီးတော့စိတ်ကူးစိတ်သန်းတွေနဲ့အချိန်ကုန်နေတတ်တယ်။ တစ်ခုခုလုပ်ဖို့ဆိုရင်အရမ်းဖင့်နှေးတာဗျ”

“ဘိုဟီးမီးယန်း အင်ပါယာကြီးဆိုတာလား” “ဘယ်လိုမှ မဖြစ်နိုင်ပါဘူးဗျာ” “ကိုယ်ထင်ရာ ကိုယ်စိုင်းနေကြတာဗျ”
“တစ်ယောက်ကလမ်းတစ်လမ်းရွေးရင် သူ့လမ်းအတိုင်း သူသွားရော၊ နောက်တစ်ယောက်ကလည်း ဒီအတိုင်းပဲ၊ ကိုယ့်လမ်းနဲ့ကိုယ်ပဲ၊ ဘိုဟီးမီးယန်း အားလုံးအတွက် လမ်းတစ်လမ်းဆိုတာ ဘယ်တော့မှ မဖြစ်နိုင်ဘူး။ လမ်းလို့ပြောရတာတောင် ခပ်ခက်ခက်ပဲ။ ဘိုဟီးမီးယန်းတွေမှာ လမ်းမရှိဘူး။ ရည်မှန်းချက်ဆိုတာလည်း မရှိဘူး။ ဒါပေမဲ့မျှော်လင့်ချက်တော့ ရှိကြတယ်”

အမေရိကန်ကောလိပ် အဘိဓာန်ကတော့ “ထုံးတမ်းစဉ်လာ အပြုအမူ စည်းမျဉ်းများကို ဂရုမမူသော အနုပညာစိတ် အခြေခံရှိသောလူ (သို့မဟုတ်) ဥာဏ်ထက်မြက်သူ” လို့ ဘိုဟီးမီးယန်းကိုအဓိပ္ပာယ်ဖွင့်ပါတယ်။ ၁၉၃၂ ခုနှစ်ထုတ် ပြင်သစ်အကယ်ဒမစ် အဘိဓာန်တစ်အုပ်မှာတော့ဘိုဟီးမီးယန်းနဲ့ပတ်သက်ပြီးဒီလိုဖွင့်ဆိုထားပါတယ်။ “သေချာခိုင်မာတဲ့ငွေကြေးအခြေအမြစ်မရှိသူ၊ တင်းကျပ်တဲ့စည်းမျဉ်းကလနားများကို မလိုက်နာဘဲ ခြေသလုံးအိမ်တိုင် လျှောက်သွားနေတဲ့ လူပေကြီးများ၊ မနက်ဖြန်ဆိုတာကိုမစိုးရိမ်မကြောင့်ကြတတ်တဲ့ အပူအပင်ကင်းသူများ” လို့ ဖွင့်ဆိုထားပါတယ်။

စာရေးဆရာတချို့ ဖွင့်ဆိုထားတဲ့ ဘိုဟီးမီးယန်း စာသားတချို့ကလည်း ထိရှလှပါတယ်။ “ဘိုဟီးမီးယန်းတွေဟာ ဘာကိုမှ မပိုင်ဆိုင်ဘူး။ ဒါပေမဲ့အဲဒီဘာမှမရှိခြင်းအပေါ်မှာပဲ သူတို့ရဲ့ဖြစ်တည်မှုကိုတည်တံ့ခိုင်မြဲအောင် သူတို့ဟာ အမြဲတမ်း ဖန်တီးကြိုးပမ်းတယ်။ မြောက်ဘက်မှာ ဆိုးရွားလှတဲ့ အေးခဲနေတဲ့ရာသီဥတု၊ အနောက်ဘက်မှာ ဆာလောင်မှု၊ တောင်ဘက်မှာ ချစ်ခြင်းတရား၊ အရှေ့ဘက်မှာကျတော့မျှော်လင့်ချက်နဲ့ဗျ။ အဲဒီလို အဆုံးအစမရှိတဲ့ အနားသတ်မျဉ်းတွေရှိတဲ့ နယ်မြေဟာ ဘိုဟီးမီးယန်းတွေရဲ့ နယ်မြေပေါ့ဗျာ”

ဘိုဟီးမီးယန်းကလပ် (Bohemian Club)
----------------------------------------------------------
၁၈၄၅ခုနှစ်မှာဘိုဟီးမီးယန်းတော်တော်များများဟာအမေရိကကိုပြောင်းရွေ့လာကြတယ်။ ဘိုဟီးမီးယန်းလှိုင်းကြီးဟာ အမေရိကမှာတော်တော်ရိုက်ခက်ခဲ့တယ်။ ၁၈၅၇ ခုနှစ်မှာတော့ နယူးယောက်မြို့က အသက် ၁၅နှစ်က ၂၀နှစ်ကြားလူငယ်ဂျာနယ်လစ်အုပ်စုတစ်စုဟာသူတို့ကိုယ်သူတို့ဘိုဟီးမီးယန်းတွေလို့တံဆိပ်ကပ်ကြေညာကြတယ်။ “ဘိုဟီးမီးယန်း” ဆိုတဲ့စကားလုံးဟာ “သတင်းရေးသားသူ” ဆိုတဲ့ စကားလုံးနဲ့ ကြောင်းတူသံကွဲစကား (Synonymous) ဖြစ်လာတဲ့အထိ ဘိုဟီးမီးယန်းစကားလုံးဟာ အမေရိကမှာ ရေပန်းစားခဲ့တယ်။ ၁၈၆၇ ခုနှစ်မှာ ကမ္ဘာကျော် စာရေးဆရာကြီးတွေဖြစ်တဲ့ Mark Twain နဲ့ Charles Waren Stoddard တို့ဟာသူတို့ကိုယ်သူတို့ဘိုဟီးမီးယန်းစာရင်းထဲ တင်သွင်းလာကြတယ်။ ၁၈၇၂ခုနှစ်မှာတော့ဂျာနယ်လစ်အုပ်စုတစ်စုနဲ့ အနုပညာရှင်တစ်စုတို့ဟာ သူတို့ရဲ့ယဉ်ကျေးမှုဆိုင်ရာလေ့လာမှုအတွက် ပုံမှန်တွေ့ဆုံမှုတွေလုပ်ဖို့ ကလပ်အသင်းတစ်ခု တည်ထောင်ဖို့ နာမည်တစ်ခု စဉ်းစားကြတဲ့အခါ အဲဒီအချိန်ကာလမှာ ရေပန်းစားနေတဲ့ ဘိုဟီးမီးယန်းဆိုတဲ့ နာမည်ကို ရွေးချယ်ခဲ့ကြတယ်။ အဲဒီမှာပဲ “ဘိုဟီးမီးယန်းကလပ်”ဆိုပြီး ပေါ်ပေါက်လာတယ်။

ဘိုဟီးမီးယန်း ၀တ္တု၊ ပြဇာတ်၊ သီချင်းများ
--------------------------------------------------------
ဘိုဟီးမီးယန်းတွေရဲ့ ဘ၀ကို ဖော်ကျူးရေးဖွဲ့ထားတဲ့ Henri Murger ရဲ့ (Scences of Bohemian Life) ပြင်သစ်၀တ္တုတို စုစည်းမှုဟာ ၁၈၄၅ ခုနှစ်မှာ ထွကရှိ်လာတယ်။ ဘိုဟီးမီးယန်းစာပေရဲ့အစောဆုံးလက်ရာလို့ ပြောလို့ရတယ်။ အဲဒီ ၀တ္တုတိုစုရဲ့ ရိုက်ခတ်မှု ဂယက်ကြောင့် ၁၈၉၆ ခုနှစ်မှာ Giacomo Puccini ရဲ့ အော်ပရာ (La boheme)ဖြစ်ထွန်းလာတယ်။ ၂၀ရာစု အဆုံးလောက်မှာ ထွက်ပေါ်လာတဲ့ “La Vie Boheme” သီချင်းကတော့ ပို့စ်မော်ဒန်ဘိုဟီးမီးယန်းယဉ်ကျေးမှုကို လှစ်ဟပြသခဲ့တယ်လို့ဆိုလို့ရပါတယ်။
အင်္ဂလန်မှာတော့ ၁၈၄၈ ခုနှစ်မှာ ထုတ်ဝေတဲ့ William Make Peace Thackeray ရဲ့ ၀တ္တု Vanity Fair ၁၈၉၄ခုနှစ်မှာပေါ်ပေါက်လာတဲ့ George du Maurier ရဲ့ ဘက်ဆဲလား ၀တ္တု Trilby တို့ဟာ ဘိုဟီးမီးယန်း ယဉ်ကျေးမှုရဲ့ အမာခံစာပေတွေ ဖြစ်ခဲ့တယ်။

ဘိုဟီးမီးယန်း သုံးမျိုး
--------------------------------------
ဘိုဟီးမီးယန်းစာပေထဲမှာအစောဆုံးလက်ရာလို့ ယူဆရတဲ့ “ဘိုဟီးမီးယန်းဘ၀ အခင်းအကျင်းများ” ၀တ္တုတိုစုကို ရေးသားခဲ့တဲ့ ဟင်နရီမားဂါး ကတော့ ဘိုဟီးမီးယန်းတွေရဲ့ ဘဝနေထိုင်မှု ပုံစံတွေကိုအုပ်စုသုံးစုခွဲပြီးဖော်ပြခဲ့ပါတယ်။

(၁) ဘိုဟီးမီးယန်း အိပ်မက်သမားများ
----------------------------------------------------------
စိတ်ကူးပေါက်မှထထလုပ်တဲ့အနုပညာအမားတွေ ဖြစ်တယ်။ စိတ်ခံစားမှုနောက်ကိုအရမ်းလိုက်လွန်းပြီးသူတို့ရဲ့အနုပညာဖန်တီးမှုတွေဟာ ကြိုကြားကြိုကြားဆိုသလိုပေါ်ပေါက်လာတတ်တယ်။ နာမည်ကြီးခြင်း၊ လူသိများခြင်းတွေရဲ့နောက်ကို မလိုက်ဘူး။ ကျော်ကြားခြင်းဟာ သူတို့ရဲ့ အနုပညာနောက်ကနေ လိုက်လာလိမ့်မယ်လို့ မျက်စိမှိတ် ယုံကြည်တဲ့'လူ့ကန့်လန့်ကြီး'တွေဖြစ်တယ်။ မားဂါးက' သူတို့ဟာ ထွက်ပေါက်မရှိတဲ့ တစ်ဖက်ပိတ်လမ်းကြားလေးထဲကို လျှောက်နေကြသူတေ'ွလို့ဆိုတယ်။ နောက်ပြန်လှည့်လို့လည်းမရဘူး။ သူတို့လျှောက်တဲ့အနုပညာလမ်းကြောင်းပေါ်ကနေ ဆင်းရဲမွဲတေခြင်းကို အဖော်ပြုပြီး ဘာမှမမြင်ရတဲ့ ရှေ့ကအမှောင်ဟင်းလင်းပြင်ကြီး ထဲကိုဆက်လျှောက်နေကြသူတွေဖြစ်တယ်။ သူတို့ရဲ့ကျော်ကြားမှုကို ရှောင်ဖယ်၊ ရှောင်ဖယ်လုပ်တတ်တဲ့ အမူအကျင့်တွေကပဲ သူတို့ရဲ့ ဘ၀ကို ပြန်လည်ဝါးမျိုသွားတယ်။

(၂) အပျော်တမ်း ဘိုဟီးမီးယန်းများ
-------------------------------------------------------
သူတို့ကတော့ စာပေအနုပညာအပေါ် သက်၀င်ယုံကြည်ခြင်းထက်ဘိုဟီးမီးယန်းစစ်စစ်တွေရဲ့ ဘဝနေထိုင်မှု ပုံစံကို အားကျမနာလိုဖြစ်နေသူတွေဖြစ်တယ်။အသက်မွေး၀မ်းကျောင်းတစ်ခုခုကနေ ပုံမှန်၀င်ငွေ ရရှိနေသူတွေဖြစ်ပြီး သူတို့ဟာ ဘိုဟီးမီးယန်းဘဝနေထိုင်မှု ပုံစံထဲကို မကြာခဏမျက်စိလည်ပြီး ရောက်ရောက်လာတတ်တယ်။ တစ်ခါတလေကျရင်လည်း တကူးတက အလည်သဘော/ အပျော်သဘောဆိုသလို ရောက်ရောက်လာတတ်တယ်။ ဒါပေမဲ့ သိပ်မကြာပါဘူး။ အိပ်မက်ကလန့်နိုးသလိုဖြစ်ပြီး သူတို့ရဲ့ ဘူဇွာလူနေမှုပုံစံခွက်(လူတန်းစေ့ဘ၀)ထဲကို ပြန်ရောက်သွားတယ်။

(၃) အမာခံနည်းလမ်းကျဘိုဟီးမီးယန်းများ
---------------------------------------------------------
အနုပညာလောကအပေါ်မှာသြဇာညောင်းတဲ့ အနုပညာရှင်တွေဖြစ်တယ်။ လူသိများတယ်။ ပိုက်ဆံတွေအများကြီးမရှာပေမယ့် သူတို့မှာ ရည်မှန်းချက်ရှိတယ်။ လမ်းရှိတယ်။ ဒါပေမဲ့သူတို့ရဲ့ရည်မှန်းချက်လမ်းဟာ အနုပညာသက်သက်ဆီကိုသာသွားနေတဲ့လမ်းဖြစ်တယ်။ အနုပညာလောကအတွက်တစ်စုံတစ်ရာ ဖန်တီးမှုပြုလုပ်ဖို့ အမြဲတမ်း အဆင်သင့်ဖြစ်နေတတ်တယ်။ စည်းကမ်းမဲ့ခြင်းနဲ့ စည်းကမ်းရှိခြင်း နှစ်မျိုးလုံးကိုနားလည်တဲ့သူတွေဖြစ်တယ်။ ဆင်းရဲမွဲတေမှုကို ခံနိုင်ရည်ရှိသလို သက်တောင့်သက်သာ ဖြစ်မှုကိုလည်း သူတို့ဟာ ရှောင်ရှားမနေဘူး။

ဘိုဟီးမီးယန်းတွေကိုအမျိုးအစားခွဲပြပြီး ဘိုဟီးမီးယန်းတွေရဲ့ ဘ၀ကို နှိုက်နှိုက်ချွတ်ချွတ်လေ့လာခဲ့တဲ့ ဘိုဟီးမီးယန်းစာပေရဲ့အစောဆုံးလက်ရာရှင် Henri Murger က “ဘိုဟီးမီးယန်းဘ၀အခင်းအကျင်းများ” ဆိုတဲ့ စာအုပ်အမှာစာမှာ

“ဘိုဟီးမီးယန်းတွေဟာ ဇာတ်နာအောင်ဇာတ်လမ်းဆင်ရေးထားတဲ့ စာရေးဆရာတွေရဲ့ စာအုပ်တွေထဲကလို သူခိုး၊ ဓားပြ၊ လူပေ၊ လူလွင့်၊ လူယုတ်မာတွေ မဟုတ်ကြပါဘူး။ ဘိုးဟီးမီးယန်းဆိုတာ အနုပညာဆန်တဲ့ ဘ၀အခြေအနေတစ်ခုပါ။ တခြားသော အသက်မွေး၀မ်းကျောင်းတစ်ခုမှမလုပ်ဘဲ အနုပညာကိုသာ ဦးတည်လုပ်တဲ့ အနုပညာသမားတချို့ဟာဘိုဟီးမီးယန်း တောအုပ်လေးဆီသွားရာလမ်းကို လျှောက်မိလျက်သားဖြစ်သွားတတ်ပါတယ်။ ဒါပေမဲ့ ရည်မှန်းချက်မရှိဘဲ နေထိုင်တဲ့ဘ၀တစ်ခုဟာလူတစ်ယောက်ကိုတတိတိတိုက်စားပျက်စီးစေတတ်တာတော့ အမှန်ပါပဲ” လို့ ရေးသားဖော်ပြခဲ့ပါတယ်။
#လင်းထိုက်
(ကဗျာ့အသံ ၁ မှာ ဖော်ပြပါရှိဖူးတဲ့ဆောင်းပါးဖြစ်ပါတယ်။)

01/08/2022

-ဘိုဟီးမီးယမ်းများ
--------------------
မောင်ဖီလာ

ငယ်တော့ ပိုပြီးမှားလို့ကောင်းတယ်
အကျီင်္ိလက်ကိုပင့်တင် …
လူမိုက်ကို ဂစ်တာနဲ့ ရိုက်ပစ်လိုက်တုန်းက
သူ့ သူရဲကောင်းဟာ တော်တီလာဖလက်ရပ်ကွက်ထဲက …
`ဒင်နီ´ …

ဘီယာအမြှုပ်တွေလို သူ့သွေးကပွက်ပွက်ဆူလို့
ခင်ဗျား အသက်အရွယ်ရောက်ရင်
ခင်ဗျားထက်ပိုကောင်းတဲ့ ပန်းချီကားတွေ ကျွန်တော်ရေးမယ်
စိတ်ထဲက `ဂေါ်ဂင်´ကို ဒီလိုကြိမ်းမိတယ်

ပျော့ညံ့ဖို့ ဘယ်ကိစ္စမှ ငါတို့ဆီ လာမသန်စွမ်းနဲ့
ငါတို့ခေါင်းထဲ အဆိပ်ပြင်းတဲ့မြွေတွေ အထွေးလိုက်ခွေလို့
ငါတို့ဆီ ဂျင်းဘောင်းဘီ
ငါတို့ဆီ စကေဘာ
ငါတို့ဆီ အရိုးခေါင်းခါးပတ်နဲ့ လာခဲ့

`ဂျွန်ဖောက်(စ်)´ဆိုတဲ့ လူတစ်ယောက်ဟာ
လူငယ်စိတ်နဲ့ မစ္စစပီမြစ်ကြီးကို ဖြတ်ကူးခဲ့တာ ငါပြောပြမယ်
ကိုချောနွယ်ဟာ လူငယ်စိတ်နဲ့
ဖျံဖမ်းသမားကဗျာကို ရေးခဲ့တဲ့အကြောင်း ငါပြောပြမယ်
လူငယ်ဆိုတာ သူပုန်စိတ်ကလေးနည်းနည်းတော့ရှိတာပဲ
ခလုတ်တိုက်ရင် တိုက်မိတဲ့အုတ်ခဲကို ဆဲထည့်လိုက်မယ်

`မက်ဒေါနား´လို အမယ်အိုကြီးကို ခေါက်ထားပြီး
`ဘရစ်တနီစပီးယား´ဆီသွားဖို့လည်း သူတို့သိတာပဲ

ဒုက္ခ၊ နေရောင်၊ အမှောင်နဲ့ ဂစ်တာကြိုး
ဇွတ်တိုးဝင်လာတဲ့ လောကဓံဆိုလည်း
ခေါင်းရှစ်စိတ်ကွဲသွားဖို့ပဲရှိတယ်

သူတို့ဆီမှာ မီးညှိပါ
သူတို့အသံကို ဆုပ်ကိုင်ပါ
သူတို့အရောင်ကို နားစွင့်ပါ
`အသက် ၄၀ ကျော်မှ ကဗျာဆရာဗျ´ဆိုလည်း
လကမ္ဘာဆိုတာ လူညံ့တွေအတွက်
အမြဲနောက်ကျတတ်တဲ့ အိပ်မက်ပဲ
လရောင်ဟာ ကင်းဗတ်စပေါ်မှာထက်
အပြင်မှာပိုပြီး ရွေ့လျားလှပါတယ် ။ ။
…
…
…
-မောင်ဖီလာ
ပိတောက်မြေ၊ ၂၀၀၄၊စက်တင်ဘာ

Website

Address


Hlaing
11051