HR-Family

HR-Family

Share

This page are only built up for sharing about Family Hotel Hinthada Job Announcement & Human Reso

14/03/2022

အစားအသောက်နဲ့ လေ့ကျင့်ခန်းပေါ်မူတည်ပြီး
ခန္ဓာကိုယ်ပုံစံကွာသွားသလို၊
ခေါင်းထဲထည့်တဲ့ အတွေးအခေါ်နဲ့
လုပ်ရပ်ပေါ်မူတည်ပြီး
ဘဝတွေကွာသွားတယ်။

Phyo Paing @ Derek

18/02/2022

အကြည်ဓာတ်ထိန်းဖို့
အရေးမပါတာတွေကို
အာရုံမစိုက်ဖို့ အရေးကြီးတယ်။

လူတစ်ယောက် အစိုးရတာ အာရုံပဲ။
ကိုယ့်ရဲ့ အိမ်မက်၊ သမိုင်းပေးတာဝန်၊
နေ့စဥ် တိုးတက်မှု၊ ကျန်းမာရေး
ဒီအချက်တွေက အဓိကအာရုံစိုက်ရမည့်
အပိုင်းတွေပဲ။

Phyo Paing @ Derek

15/02/2022

လူတစ်ယောက်
အလုပ်ကိုဘယ်လိုလုပ်လဲ
ကြည့်ပြီး သူ့ရဲ့အနာဂတ်ကို
ခန့်မှန်းလို့ရနိုင်တယ်တဲ့။
How you do anything is
how you do everything.

အချိန်တိကျသလား။
အလုပ်ကို လေးစားသလား။​
လုပ်မယ်ဆိုပြီး ကိုယ့်ကိုကိုယ်
ကတိပေးထားတာ ဖြစ်အောင်
လုပ်နိုင်သလား။
နေ့စဥ် သင်ယူလေ့လာပြီး
ကိုယ့်ကိုကိုယ်တိုးတက်အောင်
လုပ်နေသလား။

reason တွေပဲပေးနေသလား
result တွေရအောင်လုပ်သလား။

Phyo Paing @ Derek

07/02/2022

🔺မိမိကိုယ် မိမိ ရင်းနှီးမြှုပ်နှံခြင်း

နည်းနည်းသုံး၊ များများလုပ်၊ များများစုတဲ့ ဘဝနေထိုင်မှု ပုံစံဟာ လူငယ်တွေရဲ့ ဘဝကို တကယ်ပဲ တိုးတက် အောင်မြင်စေမလား ဆိုတာ စဉ်းစားစရာ အချက် တစ်ခု ဖြစ်ပါတယ်။ တကယ်တန်း ဖြစ်ရမှာက သင့်လျော် လျောက်ပတ်သလိုသုံး၊ များများလုပ်၊ စုသင့်သလောက် စုဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အသုံးစရိတ်ကို ခြိုးခြံ ချွေတာခြင်းက ယနေ့ခေတ်နဲ့ မသင့်လျော် ပါဘူး။

လူငယ်ဆိုတာ ရင်းနှီးရမယ့် နေရာတွေ အင်မတန်များပါတယ်။ အထူးသဖြင့် ပညာရေး ဖြစ်ပါတယ်။ ဒါ့အပြင် အခြားသော ရင်းနှီးမြှုပ်နှံစရာတွေ အများကြီးမှ အများကြီး ပါပဲ။ ဒါတွေကို မေ့ပြီးတော့ မရှိစလောက် ပိုက်ဆံကို စုနေကြတယ်။ အချို့ကျတော့ ဘာဆို ဘာမှ မစုပဲ သုံးဖြန်းနေကြ ပါတယ်။ ယင်း နှစ်ချက်စလုံးဟာ မှားယွင်းတာကြောင့် မိမိကိုယ်ကို ဘယ်လို ရင်းနှီးမြှုပ်နှံရမယ်ဆိုတာလေးကို ရေးသား မျှဝေပေးလိုက်ရ ပါတယ်။

ပညာတွင် ရင်းနှီးမြှုပ်နှံခြင်း
အားလုံး သိကြတဲ့ အတိုင်း ပညာရေး အတွက် ရင်းနှီးတော့မယ် ဆိုရင် နည်းနည်းသုံးလို့ မရတော့ ပါဘူး။ နည်းနည်းသုံးရင် စျေးသက်သာတဲ့ ပညာရေး တစ်ခုသာ ရတော့မှာ ဖြစ်တာကြောင့် စျေးသက်သာတဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေပဲ ရရှိပါတော့မယ်။ စီမံခန့်ခွဲမှု သင်တန်း အောင်လက်မှတ်၊ စီမံခန့်ခွဲမှု ဒီပလိုမာနဲ့ စီမံခန့်ခွဲမှု ဘွဲ့ တို့ရဲ့ အာနိသင်တောင်မှ တစ်ခုနဲ့ တစ်ခု မတူတာတောင် သိလိမ့်မယ်။

ဒီလို ပြောလို့ သင်တန်းတက်မှ ပညာတတ်မယ်လို့လည်း မဆိုလိုပါ။ ဒါပေမယ့် ရှောင်လွဲလို့ မရတဲ့ logic တစ်ခုက အများ အသိအမှတ်ပြု သင်တန်း သို့မဟုတ် ကျောင်း တစ်ခုခုစီကနေ ရတဲ့ စာရွက်စာတမ်းများက မိမိရဲ့ အလုပ်အကိုင် အခွင့်အလမ်းများ အတွက် အထောက်အကူ ပြုနေခြင်း ဖြစ်ပါတယ်။

သင့် တစ်လ ဝင်ငွေ ၃ သိန်း ရတယ် ဆိုပါစို့။ တစ်ရက်ကို ဘတ်စ်ကားခ သို့မဟုတ် ခရီးစရိတ် ၁,၀၀၀ နဲ့ ရက် ၃၀ စာ တွက်ရင် ၃ သောင်း ရှိပါတယ်။ ထမင်းစရိတ်က မနက်၊ နေ့လည်၊ ညစာ သုံးခုပေါင်း ၃၀,၀၀၀ ဆိုပါစို့။ ဒါတောင် နှစ်ပြန်ဆီ၊ စားအုန်းဆီနဲ့ အချို့မုန့် ရောတဲ့ စျေးသက်သာ ဟင်း၊ ထမင်းပါ။ တစ်လကို စားစရိတ်က ၁ သိန်း ရှိပါပြီ။ အဆောင် စရိတ် သို့မဟုတ် နေစရိတ်က တစ်လကို ၃ သောင်း။ ဒါတောင် သင် ရည်းစားထားရင် ကုန်မယ့် ငါးသောင်း မတွက်သေးဘူးနော်။ တစ်လ တစ်လကို ခြစ်ခြစ်ကုတ် သုံးရင် ပိုမယ့်ငွေက ၃ သောင်း ဝန်းကျင်ပဲ ရှိပါလိမ့်မယ်။ ဒါတောင် လစာ ၃ သိန်းနဲ့ တွက်တာပါ။ လစာ တစ်လ ၁သိန်းခွဲ သမားကနေ စတွက်ရင် တွက်ဝံ့စရာတောင် မရှိတော့ ပါဘူး။

ဒီအချိန်မှာ ငါ ငွေစုရမယ် ဆိုတဲ့ အတွေး ဝင်ရင် မှားတယ်လို့ မပြောချင်ပေမယ့် မှန်တယ်လို့လည်း မသက်ရောက် ပါဘူး။ ဘာလို့လဲဆို လူတွေဟာ မိမိကိုယ် မိမိ Self development (မိမိကိုယ်ကိုယ် တိုးတက်ရေး) လုပ်ရမယ် ဆိုတာကို မေ့ထားလို့ မရလို့ပဲ ဖြစ်ပါတယ်။ Self development လုပ်တဲ့ အခါ အလုပ်ကနေပဲ လုပ်သွားမှာလား တစ်ဖက်တစ်လှမ်း အားလပ် ချိန်မှာ လုပ်သွားမှာလား ဆိုတာကလည်း စဉ်းစားစရာ ဖြစ်ပါတယ်။ အလုပ်က သင်ပေးတဲ့ ပညာ ရှိတယ်။ မသင်ပေးတဲ့ ပညာရှိတယ်။ မိမိက အရောင်း ဝန်ထမ်း တစ်ယောက်ဆိုရင် စီမံခန့်ခွဲမှု ပညာကို သင်ထားသူက မိမိကိုယ် ခိုင်းပါလိမ့်မယ်။ မိမိက သူ့လို နေရာ ရောက်ချင်ရင် သူ့လို တတ်အောင်တော့ တတ်ဖို့ လိုအပ်မှာပဲ။ ဒီတော့ သင်တန်းဆိုတာ မဖြစ်မနေ ပြန်တက်ရ ပြန်ပါတယ်။ အဲ့ဒီမှာ ကုန်ကျစရိတ်က ပြန်ရှိ ပါတယ်။

တစ်ချိန်တုန်းက ဒုတိယ ကမ္ဘာစစ်ဖြစ်တော့ မြန်မာပြည်မှာ ပြည်သူတွေ ခြိုးခြံချွေတာဖို့ အတွက် ခေါင်းဆောင်တွေ မှာကြားပါတယ်။ မိမိရဲ့ အိမ်ဝိုင်းထဲမှာပဲ သီးပင် စိုက်ပျိုးဖို့ အတွက် ငရုတ်သီးတွေ၊ ငရုတ်ကောင်းတွေ အိန္ဒိယကနေ မှာမစားရစေဖုိ့ အတွက် တိုက်တွန်းပါတယ်။ ယင်းအချိန်တုန်းက မြန်မာပြည်တင်မက တစ်ကမ္ဘာလုံးက Sustainability (ရေရှည် တည်တံရေ ) ကို ဦးစားပေးခဲ့ကြရ ပါတယ်။ အကြောင်းကတော့ စစ်ဖြစ်နေတာကိုး။

ဒီခေတ်မှာတော့ ပြောင်းလဲလာပါပြီ။ ဒီခေတ်မှာက profibility (အကျိုးအမြတ် ရရှိရေး) ကို ကြည့်ရမှာ ဖြစ်ပါတယ်။ လက်ရှိ မြန်မာပြည်ရဲ့ သယံဇာတတွေဟာ ကုန်ဆုံးနေပြီပေါ့။ သစ်တောတွေ၊ အဖိုးတန် ရတနာတွေပေါ့။ အစရှိသဖြင့် ပြောဆိုနေမှုတွေ ရှိပါတယ်။ ဒါဟာလည်း မမှားပါဘူး။ သယံဇာတဆိုတာ သူ့ပမာဏ ကန့်သတ်ချက် မိုင်ကုန် တစ်ခု ရောက်ရင် ကုန်သွားမှာပါပဲ။ အဲ့ဒီလို အချိန်ခါကျရင် ဘယ်လို လုပ်ကြမလဲပေါ့။ မြန်မာပြည်ကြီး ဆင်းရဲသွားပါမလားပေါ့။ စာရေးသူ အမြင်အနေနဲ့ ဆိုရင် ဒါတွေဟာ စိုးရိမ်စရာ မဟုတ်ပါဘူး။ ဘာလို့လဲဆို Capital တွေထဲမှာ Human Capital က အရေးကြီး အချက်ကျဆုံး ဖြစ်ပါတယ်။ Resource တွေထဲမှာ Human Resource က အရေးကြီး အချက်အကျဆုံး ဖြစ်ပါတယ်။ Human ကနေပဲ material တွေကို စီမံ ခန့်ခွဲ အသုံးပြုခြင်း ဖြစ်တာကြောင့် human တစ်ခုသာ ကောင်းရင် development တစ်ခု ရရန် လုပ်ဖို့ လွယ်ကူပါတယ်။

အနီးစပ်ဆုံးအားဖြင့် စင်္ကာပူတို့လို နိုင်ငံကို ယှဉ်ပြီးတော့ လေ့လာနိုင်ပါတယ်။ ဘာ သယံဇာတမှ မရှိတဲ့ တိုင်းပြည်ကို ကမ္ဘာ့ မြို့ကြီး ဖြစ်အောင် လုပ်သွားတာ Human capital ကောင်းလို့ပါ။ ခေါင်းဆောင် လီကွန်ယု က ဦးဆောင်ပြီးတောင် တိုင်းပြည် နိုင်ငံသား အားလုံးရဲ့ လူနေမှု အဆင့်အတန်းတွေ၊ အကျင့် စရိုက်တွေ၊ ပညာတွေကို ပြုပြင် ထိန်းကျောင်း ပေးခဲ့ရာ ယနေ့ ကမ္ဘာမှာ စင်္ကာပူမှာ ရင်ကော့ ခေါင်းမော့နေရတဲ့ အဆင့်ကို ရောက်ခဲ့ ပါတယ်။ ဂျပန်နိုင်ငံကို ကြည့်ကြည့်ပါ။ ဆူနာမီငလျင် လုပ်လို့ ပြီးပြီးချင်း ပျက်ဆီးတဲ့ နေရာဒေသတွေမှာ သူအရင်ဆုံး စလုပ်တဲ့ တည်ထောင်ရေး လုပ်ငန်းစဉ်က ပညာရေးပဲ ဖြစ်ပါတယ်။ တဲတွေထိုးပြီး စာသင်ပေးပါတယ်။ Human capital/ Human resource ဟာ တိုင်းပြည်ရဲ့ ရတနာ ဖြစ်တယ်ဆိုတာကို သိထားလို့ ဖြစ်ပါတယ်။

ဒါတွေဟာ ခေါင်းဆောင်တွေ လုပ်ပေးမှ တိုင်းပြည် နိုင်ငံသားတွေ လုပ်ရမယ်လို့ မဆိုလိုပါ။ ဘယ်သူမပြု မိမိမု ဆိုသလိုသာပဲ မိမိကိုယ် မိမိ ကောင်းအောင်လုပ်မှ ရမယ့် အနေအထား တစ်ခုမှာ မိမိကိုယ်ကို ကောင်းအောင် ကြိုးပမ်း ဆောင်ရွက်ထားဖို့ လိုအပ် ပါတယ်။ မိမိကိုယ် မိမိ ရင်းနှီးမြှုပ်နှံခြင်းဆိုတာ များသောအားဖြင့် ပညာရေးမှာ အသုံးချခြင်း ပိုမို သဘော သက်ရောက် ပါတယ်။ ပညာ ဆိုတဲ့အခါ အလုပ် လုပ်ရင်းနဲ့ ရလာတဲ့ အလုပ် အတွေ့အကြုံဟာလည်း ပညာပဲ ဖြစ်သလို ကျောင်းပညာ တတ်မြောက်မှ ရတာကလည်း ပညာ ဖြစ်ပါတယ်။ Vocational knowledge (သက်မွေးမှု ဆိုင်ရာ အသိပညာ) နဲ့ Academic Knowledge (ပညာရေး ဆိုင်ရာ အသိပညာ) နှစ်ခု ပေါင်းစပ်ပါမှ ပြည့်စုံတဲ့ ပညာ ဖြစ်ပါလိမ့်မယ်။ ဒီတော့ မိမိတွေ ဒီအချိန်မှာ ငွေ အသုံးစရိတ် လျော့ပြီး ပိုက်ဆံစုဖို့ စဉ်းစားနေမယ့် အစား လိုအပ်တယ် ထင်တဲ့ ပညာမှာ ရင်းနှီးမြှုပ်နှံရပါမယ်။

အချိန်တွင် ရင်းနှီးမြှုပ်နှံခြင်း
တကယ်တန်း မိမိ ချွေတာ စုဆောင်းရမှာက အချိန်ပါ။ အချိန်ကို သေချာ ခွဲဝေ အသုံးချလိုက်နိုင်မယ်ဆိုရင် သင်တန်းတက်ဖို့ သို့တည်းမဟုတ် မိမိကိုယ်တိုင် လေ့လာဖို့ အတွက် သီးသန့် အချိန်လေးတွေ ထွက်လာပါလိမ့်မယ်။ တစ်လ ကို တက္ကဆီဖိုး တစ်သိန်းလောက် ရင်းမယ်ဆိုရင်လည်း စဉ်းစားကြည့် ဒီ တစ်သိန်း ရင်းလိုက်လို့ ငါ့အတွက် အချိန်ပို ဘယ်လောက် ထွက်မလာလဲ။ စိတ် အနှောင့့်အယှက် ဘယ်လောက် သက်သာသွားမလဲ။ ယင်း သက်သာမှုများကြောင့် ငါ့ရဲ့ လုပ်အားကို ဘယ်လောက် တိုးလာစေနိုင်သလဲ။ ငါ့ရဲ့အလုပ်အတွက် အတွေးသစ် အမြင်သစ်တွေ ထုတ်ဖို့ အတွက် အာရုံနှောက်စရာတွေ ဘယ်လောက်တောင် ကင်းသွားမလဲပေါ့။ ယင်းအချက်တွေကို balance လုပ်တဲ့အခါ တက္ကဆီဖိုး တစ်သိန်း ရင်းခြင်းက မိမိအတွက် ၂ သိန်း ပြန်ရရင် ဘာလို့ မရင်းရမှာလဲ။ ရင်းနှီးမြှုပ်နှံမှုလို့ ဆိုတဲ့ အထဲမှာ လူတွေဟာ မိမိရဲ့ အချိန်ကို ပိုရဖို့ အတွက် ငွေ ရင်းနှီးမြှုပ်နှံဖို့ မေ့နေကြပြီး တန်ဖိုး တည်ငြိမ်မှု မရှိတဲ့ ပစ္စည်းနဲ့ ပိုက်ဆံတွေကိုသာ စုပြီး ရင်းနှီးမြှုပ်နှံမိနေကြ ပါတယ်။ မကုန်သ့င်တဲ့ အချိန်တွေလည်း ပိုကုန်နေကြ ပါတယ်။

လူငယ်ရဲ့ သဘောတရားက ဒါလုပ်ရင် ဒါဖြစ်ရမှာကို ပိုလိုချင်တယ်။ ဒီနေ့ လုပ်ရင် ဒီနေ့ ချက်ချင်း အကျိုးအမြတ် ရချင်တယ်။ အချိန်တို အတွင်း ရရှိလာမယ့် အကျိုးကျေးဇူးကို ပိုလို့ လိုချင်တာ သဘာဝပါ။ အကြောင်းက သူဟာ အမြဲ ဆာလောင်နေတယ်။ ဘာကို ဆာလောင်သလဲဆို အောင်မြင်မှုတွေ၊ ဂုဏ်တွေ၊ ပညာတွေ၊ စီးပွားရေးတွေပေါ့။ တကယ်တန်းကျတော့ ယင်းအချက်တွေကို ရရှိဖို့ အတွက် ရင်းနှီးမြှုပ်နှံမှုဟာ ရည်ရှည် လုပ်ရပါတယ်။ များများရင်းရင် များများ ရသလိုပဲ အချိန်ကြာကြာ ရင်းရင် ပိုမိုကြီးမားတဲ့ ရလဒ်ကို ပြန်ရတတ် ပါတယ်။

အားကစားတွင် ရင်းနှီးမြှုပ်နှံခြင်း
စာရေးသူ အနေနဲ့ စင်္ကာပူကို ရောက်သွားတဲ့ အချိန် ဆန်တိုဆာ အပန်းဖြေကျွန်းရဲ့ ကစားကွင်းတွေထဲမှာ လူငယ်တွေ အစု အဖွဲ့လိုက် ပြေးနေတာတွေ့သလို၊ အစုလိုက် ကနေကြသူများလည်း ရှိပါတယ်။ သူတို့လေးတွေကို ရုပ်တည်တည်နဲ့ စကားသွားပြော မေးကြည့်တော့ ကုမ္ဗဏီ အသီးသီးမှာ ဂျူနီယာ အဆင့် အင်ဂျင်နီယာများ၊ မန်နေဂျာများ၊ မာကဲတင်း သမားများ ဖြစ်ပါတယ်။ အသက်အားဖြင့်က ၂၀ ကျော်ကနေ ၃၀ ကျော် ဝန်းကျင် အထိလည်း ပါဝင်ပါတယ်။ သူတို့ အနေနဲ့ ယင်းကဲ့သို့ သူငယ်ချင်းများနဲ့ စုပြီးတော့ အဖွဲ့များ ဖွဲ့ပြီး ပြေးခြင်း၊ ရေကူးခြင်း၊ ဘောလုံးကန်ခြင်း၊ ကခြင်း၊ စက်ဘီးစီးခြင်း တို့ကို လုပ်ကြခြင်း ဖြစ်ပါတယ်။ အချို့ကျတော့လည်း တစ်ဦးချင်း လုပ်ကျတာ ရှိသလို အချို့ကျတော့ မိသားစုလိုက် လုပ်ကြ ပါတယ်။ အချို့ကျတော့ ညနေ အလုပ်က ပြန်တဲ့အခါ အိမ် ပတ်ဝန်းကျင်မှာ ပြေးလွှားခြင်းတို့ ပြုလုပ်ကြ ပါတယ်။

ဒါကြောင့်မို့ စင်္ကာပူမှာ လူငယ်တွေ ကြည့်လိုက်ရင် ကျန်းမာ သန်စွမ်းပြီး စမတ်ကျ၊ လှပနေသူ များပြား ပါတယ်။ မြန်မာပြည်နဲ့ ပြန်ယှဉ်ကြည့်တဲ့ အခါ အားကစားကို လိုက်စားသူ အင်မတန် နည်းတာကို တွေ့ရ ပါတယ်။ အကြောင်းပြချက်ကို မေးလိုက်ရင် ကြက်တောင်ရိုက်ဖို့ အတွက် ဘတ်တန် မဝယ်နိုင်တာတို့၊ အချိန် မရတာတို့၊ စက်ဘီး မဝယ်နိုင်တာတို့၊ သွားဆော့စရာ နေရာ မရှိတာတို့ အစရှိသဖြင့် အကြောင်းပြချက် အမျိုးမျိုး ရှိပါတယ်။ အမှန်တော့ အားကစား လုပ်ခြင်းဟာ မိမိရဲ့ ဘဝ စွမ်းဆောင်ရည်နဲ့ ထပ်တူနီးပါး သွားကျ ပါတယ်။ အားကစား တစ်ခုကို လိုက်စား လုပ်ဆောင်နေသူ တစ်ဦးဟာ တက်ကြွ ဖြတ်လတ်မှု ရှိပြီး အလုပ်မှာလည်း Active ဖြစ်သလို၊ ပိုလည်း အလုပ် လုပ်နိုင်ကြ ပါတယ်။

မြန်မာပြည်က လူငယ်တွေကို မေးလိုက်ရင်ဖြင့် အချိန်တွေ ဘတ်စ်ကားပေါ်မှာပဲ ကုန်နေကြောင်း အချိန် မရကြောင်းက အဓိက အကြောင်းပြချက် ဖြစ်ပါလိမ့်မယ်။ အားကစားကို နေ့တိုင်း မလုပ်နိုင်ရင် လုပ်စရာ မလိုပါဘူး။ တစ်ပတ်ကို တစ်ရက် သို့မဟုတ် နှစ်ရက် အားကစားနည်း တစ်ခုခုကို ပုံမှန် လိုက်စားနေသင့် ပါတယ်။ ဒါဟာလည်း ရင်းနှီးမြှုပ်နှံမှု တစ်ခုပါ။ သူ့မှာ ရင်းနှီးမြှုပ်နှံခြင်း အကြောင်း body အပြင်ပိုင်း ကျန်းမာရေး အတွက်သာ မက စိတ်ဓာတ်ပိုင်း ဆိုင်ရာနဲ့ ဥာဏ်ရည် ဥာဏ်သွေးဆိုင်ရာတို့မှာ များစွာ အထောက်အကူ ပြုပါလိမ့်မယ်။ သွေးလည်ပတ်မှု ကောင်းနေတဲ့ လူတစ်ယောက်ဟာ ဦးနှောက်နဲ့ ကိုယ်အစိတ်အပိုင်း လုပ်ဆောင်ချက်များကို တိုက်ရိုက် ကောင်းကျိုး ပေးတာကြောင့် လုပ်ဆောင်ချက်တွေ ပိုတက်စေပါလိမ့်မယ်။

ကျန်းမာရေးတွင် ရင်းနှီးမြှုပ်နှံခြင်း
ဖွံ့ဖြိုးပြီး တိုင်းပြည်တွေမှာ တစ်နှစ်ကို ဘယ်နှစ်ကြိမ်ဆိုပြီးတော့ နိုင်ငံသားတိုင်း တစ်ကိုယ်လုံး ဆေးစစ်ခွင့် ရှိပါတယ်။ မြန်မာပြည်မှာဒါတွေ မရလို့ စိတ်မညစ်ပါနဲ့။ မိမိမှာ ရှိတဲ့ ပိုက်ဆံနဲ့ ကိုယ်တိုင် အကုန်ကျ ခံလုပ်ပါ။ ကိုယ်ကိုယ်တိုင်ကို လူ အကောင်းကြီးလို့ ထင်ကောင်း ထင်နေပေမယ့် ဆေးစစ်တဲ့ အခါမှ ဆိုးတာတွေ မြင်ရင် ဘယ်နှယ့်လုပ်မလဲ။ ကြိုသိထားရင် ကာကွယ်လို့ ရပါတယ်။ အံသွား နှုတ်သင့်သလား၊ ဘီပိုး ကာကွယ်ဆေး ထိုးသင့်သလား၊ အူအတက် အန္တရာယ် ရှိလား အစရှိသဖြင့် အားလုံး လေ့လာထားဖို့ လိုအပ် ပါတယ်။

နောက်တစ်ချက်က အစားအသောက် ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစား အသောက်တွေကို စားသုံးပေးရန် လိုအပ် ပါတယ်။ ရန်ကုန်လို မြို့မှာဆိုရင်ဖြင့် သန့်ရှင်း လတ်ဆတ်မှု မရှိတဲ့ လမ်းဘေး အစားအစာများ အင်မတန် ပေါများ ပါတယ်။ စားအုန်းဆီ၊ နှစ်ပြန်ဆီ အသုံးပြုခြင်းတို့ကြောင့် ကင်ဆာကို ဖြစ်စေပါတယ်။ အချိုမှုန့်ကြောင့် ဥာဏ်ရည် ဥာဏ်သွေး ကျစေပြီး နှလုံးရောဂါတင်မက အခြားသော ရောဂါများ ဖြစ်စေ ပါတယ်။

ရန်ကုန်မြို့ရှိ အစားအသောက် ၅၀ ရာခိုင်နှနုး လောက်က ကျန်းမာရေးနဲ့ မညီညွတ်နေပါဘူး။ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားဖို့ ကြိုးစားပြန်တော့ ကုန်ကျစရိတ်က များပြန်ပါတယ်။ ထမင်း တစ်နှပ် သုံးထောင်လည်း ဖြစ်ကောင်း ဖြစ်သွားပါလိမ့်မယ်။ အိမ်မှာ အမေ ချက်ပေးရင်တော့ ကုန်ကျစရိတ် သက်သာတာပေ့ါ။ အပြင်မှာ စားသူများ ဆိုရင်ဖြင့် ကျန်းမာရေးနဲ့ မညီညွတ်တာကို ရှောင်ကြဉ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တာတွေကိုပဲ ရွေးစားရပါမယ်။ ကုန်ကျစရိတ် များပါလိမ့်မယ်။ ဒါပေမယ့် ဒါဟာလည်း ရင်းနှီးမြှုပ်နှံမှု တစ်ခုပါ။ ယင်း ရင်းနှီးမြှုပ်နှံမှုဟာ ချက်ချင်းလည်း အကျိုးထူးသလို အသက်ကြီးတဲ့အချိန်အထိကိုလည်း အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းစေပါလိမ့်မယ်။

ဒီတော့ အနှစ်ချုပ်ရမယ်ဆိုရင် ကိုယ် ရင်းနှီးမြှုပ်နှံရမယ့် နေရာတွေက ပညာမှာ ရှိမယ်။ အချိန်မှာရှိမယ်။ အားကစားမှာ ရှိမယ်။ ကျန်းမာရေးမှာ ရှိပါမယ်။ ဒီထက်မကပဲ ကိုယ့်ဆီမှာ ငွေကြေးတွေလည်း ရှိတယ်။ ပညာလည်း စုံတယ်ဆိုရင် နောက်ထပ် ရင်းနှီးမြှုပ်နှံရမှာက ကိုယ်ပိုင် စီးပွားရေး လုပ်ငန်း ဖြစ်ပါတယ်။ မြေကွက်ဝယ်ခြင်း မဟုတ်ပါဘူး။ တိုးတက်ပြောင်းလဲလာတဲ့ နိုင်ငံမှာ စီးပွားရေးဟာ ဘက်ပေါင်းစုံကနေ တိုးတက်ဖို့ လိုအပ် ပါတယ်။ နည်းပညာ အပြင် ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေထဲကနေ တိုးတက်ရန် လိုအပ်တဲ့ နေရာများစွာ ရှိတာကြောင့် မိမိဟာ ဘာလုပ်လုပ် အင်မတန်ကောင်းတဲ့ အချိန်အခါ ဖြစ်ပါတယ်။ လူငယ်တွေ အနေနဲ့ လုပ်ငန်း အတွေ့အကြုံလည်း ရှိလာပြီ ဆိုရင် ရွေးချယ်ရမှာက ကိုယ်ပိုင် စီးပွားရေး ဖြစ်ပါတယ်။ ကိုယ်ပိုင် စီးပွားရေး ဟာလည်း ရင်းနှီးမြှုပ်နှံမှု တစ်ခုပါပဲ။ ယင်း ရင်းနှီးမြှုပ်နှံမှုကြောင့် တစ်နေ့ တစ်ချိန် အောင်မြင်လာရင် အသေးစားကနေ အလတ်စား၊ အလတ်စားကနေ အကြီးစား ဖြစ်သွား ပါလိမ့်မယ်။

မာ့ခ်ဇူကာဘတ်ဆိုရင် ဝဘ်ဆိုဒ် သေးသေးလေး စတင်ရာကနေ ကမ္ဘာလူဦးရေရဲ့ ၁ ဘီလျံမကသော လူတို့ရဲ့ အသုံးပြုရာ ဝဘ်ဆိုဒ်ဖြစ်သွားပါတယ်။ ယင်းဟာ Facebook ဖြစ်ကြောင်း လူတိုင်း သိပါလိမ့်မယ်။ ဒါကြောင့်မို့ မိမိမှာ ရင်းနှီးမြှုပ်နှံစရာ ကုန်သွားပြီး ရလဒ်တွေကလည်း ပြန်ရနေပြီ ပညာ စုံသင့်သလောက် စုံလို့ အဆင်သင့်ဖြစ်ပြီ ဆိုရင် ကိုယ်ပိုင် စီးပွားရေး ဆိုတဲ့ ရင်းနှီးမြှုပ်နှံမှုကို စတင် သင့် ပါတယ်။ အလုပ်ကို အလုပ် သဘောတောင် မထားနိုင်တော့ပဲ မိမိရဲ့ ဘဝ အစိတ်အပိုင်း တစ်ခုပမာ မြင်နေပြီ လုပ်ဆောင်မိနေပြီဆိုရင် ဒါဟာ အောင်မြင်မှုရဲ့ လမ်းစ ဖြစ်ပါတယ်။ အကြောင်းကတော့ Passion (ပြင်းပြစိတ်) ဆိုတဲ့ အရာကို သွားတွေ့လိုက်လို့ပါ။ ဒီတော့ စီးပွားရေး တစ်ခု ရင်းနှီးစတင်တဲ့အခါမှာလည်း မိမိရဲ့ Passion နဲ့တူတဲ့ အရာကို ရင်းနှီးသင့်ပါတယ်။

အထပ်ပါ အချက်များဟာ မိမိကိုယ်ကို မိမိ ရင်းနှီးမြှုပ်နှံရန် မေ့လျော့နေသူများ အတွက် ရင်းနှီးမြှုပ်နှံစရာများပဲ ဖြစ်ပါတယ်။
Credited : အောင်ခမ်း (ရိုးရာလေး)

07/02/2022

``ဒီခေတ်မှာ အားနွဲ့တယ်ဆိုတာ

ပညာမတတ်တာကို

ခေါ်တာ ဖြစ်သွားပြီ"

- ဒေါက်တာဖြိုးသီဟ

(မိန်းမဆန်ခြင်းနှင့် ခေတ်သစ်ခေါင်းဆောင်မှု
ဆောင်းပါးမှ)

07/02/2022

အလုပ်ရှာနေသူတွေ သိထားသင့်သည့်အရာများ

အခုခေတ်ကာလမှာ အလုပ်အကိုင်တွေ ရှာရဖွေရခက်ခဲ့ကြပါတယ် ဒါကြောင့် အလုပ်အကိုင်ရဖို့နဲ့ အင်တာဗျူးတဲ့အခါ ဘယ်လိုတွေသိထားရမလဲ နဲ့ ဘယ်လိုပုံစံတွေရှိလဲဆိုတာလေး အတွေ့အကြုံရှိသလောက် sharingလုပ်ပေးချင်ပါတယ်။

စစချင်း လူတစ်ယောက်ဟာ အခုမှ ဘွဲရလို့ပဲဖြစ်ဖြစ် အလုပ်ခွင်မှာစပြီး အလုပ်လုပ်ကိုင်နေလို့ပဲဖြစ်စေ မိမိကအလုပ်အသစ်ရှာဖို့အတွက် ပြင်ဆင်ကြလေ့ရှိပါတယ်။ဒီလိုပြင်ဆင်တဲ့အခါ လူတော်တော်များများဟာ certificate ၊ Diplama စသဖြင့် လက်မှတ်တစ်ခုခုရအောင် ကြိုးစားလေ့ရှိပါတယ် ဘာလို့လဲဆိုတော့ အလုပ်ခေါ်စာတွေမှာ သက်မှတ်ထားတဲ့ fieldအတွက် အနိမ့်ဆုံးဆိုရင် certificate လေးတစ်ခုခုပါရမယ်လို့ရေးထားလေ့ရှိပါတယ် ဒါကြောင့် ကိုယ်အလုပ်လျောက်ရင် အဆင်ပြေအောင် လက်မှတ်လေးတွေကြိုးစားယူကြပါတယ်။ဒါပေမယ့် ဒီနေရာမှာ ကိုယ်က တစ်ခုသတိပြုရမှာက ဒီလက်မှတ်တွေဆိုတာက interview ခေါ်ဖို့အတွက်သာ အထောက်အကူပိုဖြစ်ပါတယ် တကယ်အလုပ်ခန့်ဖို့ဆိုရင် ဒီလက်မှတ်နဲ့ မရပါဘူး ခန့်မယ်သူက intervew တဲ့အခါ ၃ခုကြည့်လေ့ရှိပါတယ် ဒါကတော့

(1) လာလျှောက်တဲ့သူက သူလုပ်မယ်field အတွက်သေချာ concept အရသိရဲ့လား ဘာလို့လဲဆိုတော့ ဘားမှမသိတဲ့သူကို ခန့်မိရင် သူသင်ပေးချင်လည်း ခက်ခက်ခဲခဲအစကနေပြီး အခြေခံကနေ သင်ပေးရမှာဖြစ်ပါတယ် နဂိုကတည်းက အသင့်အတင့်သိထားရင် သူသင်ပေးရတာ လွယ်ကူပြီးတက်မြန်သောကြောင့် ဖြစ်ပါတယ်။ဒီနေရာမှာ သိရမှာက certificate ရရှိရုံနဲ့ မရပါဘူး အင်တာဗျူးတဲ့သူက မေးအုန်းမှာပါ ဥပမာ market research တစ်ခုလုပ်ရင် ဘယ်လိုမျိုးတွေလုပ်ကြလေ့ရှိလဲ၊ productတစ်ခုကို စဖောက်ရင် ဘယ်လိုတွေစလုပ်ရင်ကောင်းလဲ ၊ marketing planတစ်ခုဆွဲရင် ဘာတွေပါရမလဲ ၊B2B နဲ့ B2C marketတွေကဘယ်လိုတွေကွာလဲ ၊ brand positioningဆိုတာ ဘယ်လိုဟာမျိုးလဲ စသဖြင့် ခန့်မယ့်ရာထူးlevelအပေါ်မှုတည်ပြီး မေးမှာဖြစ်ပါတယ် အဲ့မှာ သေချာဖြေနိုင်ရင် မေးတဲ့သူစိတ်ထဲ ဒီတစ်ယောက် မဆိုးဘူးဆိုပြီး တွေးသွားပါလိမ့်မယ် marketing သင်ထားတယ်ပြောပြီး promotion mixတောင် မသိဘူးဆို အထင်သေးခံရမှာဖြစ်ပါတယ်။ နောက်တစ်ခု

(2) အလုပ်လျှောက်မယ့်သူက အတွေ့အကြုံရှိရဲ့လား ဒီခန့်မယ့်position အတွက် ရာထူးမြင့်လေ အတွေ့အကြုံကို ပိုပြီးကြည့်ပါတယ် ဘာလို့လည်းဆိုတော့ အလုပ်ထဲရောက်ရင် ခဏလေ့လာပြီး တန်းလုပ်ခိုင်းမှာကြောင့်ဖြစ်ပါတယ် ဒီအခါမေးမယ် မေးခန်းတွေက အရင်အလုပ်မှာ sales managerလုပ်ခဲ့တယ်ဆိုရင် မေးတဲ့သူက sales targetတစ်ခု monthly targetတွေ seasonal index အရဘယ်ခွဲမလဲ ၊ sales way plan territory management ဘယ်လိုလုပ်မလဲ၊ sales reportတွေကို ဘယ်လိုတွေပြလဲ စောင့်ကြည့်လဲ ၊sales promotionတွေ ဘယ်လိုစဥ်းစားပြီးဆွဲလဲ ၊ ကိုယ်အောက်ကလူတွေကို စိတ်ဓာတ်တက်ကြွအောင် ဘယ်လို coaching လုပ်လေ့ရှိလဲ စသဖြင့် အတွေ့အကြုံရှိတဲ့ သူဆိုရင် စာတွေနဲ့ လက်တွေ့ရောပြီးမေးမှာဖြစ်ပါတယ် စသဖြင့်နောက်

(3)အလုပ်လျှောက်မယ့်သူရဲ့ behavior , attitude နဲ့personality ကိုကြည့်ပါတယ် ဘာလို့လဲဆိုတော့ ဒီလူဟာ ကိုယ့်company culture နဲ့ ကိုက်ညီရဲ့လား လက်ရှိလူတွေနဲ့ ပူပေါင်းလုပ်ဖို့အဆင်ပြေပါ့မလား တခါတလေ ပညာကော အတွေ့အကြုံတွေ အရမ်းရှိပြီး မောက်မာတက်တဲ့ လူမျိုးဆိုရင် သူက team work နဲ့ အလုပ်လုပ်ဖို့ခက်ပါတယ် သည်းခံစိတ်မရှိပဲ တခြားလူတွေနဲ့ ရန်ပဲဖြစ်နေရတာတွေ ဖြစ်တက်လို့ဖြစ်ပါတယ် စသဖြင့်ကြည့်ပြီး သူပေးနိုင်တဲ့ လစာနဲ့ အဆင်ပြေရင် အလုပ်ခန့်လေ့ရှိပါတယ်။

ဒါကြောင့် ကိုယ်က ဘာသင်တန်းပဲတက်တက် လက်မှတ်လည်းယူထားပါ နောက်သင်ထားတဲ့အကြောင်းအရာတွေကို တကယ်နက်နက်နဲနဲသိအောင် လေ့လာထားရမှာဖြစ်ပါတယ် မေးတာနဲ့ ဘာကဘယ်လိုမျိုး ဘယ်ဟာနဲ့ ဘယ်လိုချိတ်လို့ရတယ် စသဖြင့် တန်းပြီးconceptတွေနားလည်အောင် အမြဲလေ့လာနေရမှာ ဖြစ်ပါတယ် သင်တန်းတွေပြီးလည်း စာအုပ်တွေဖတ်နေရပါမယ် marketing အထူးနဲ့ MBA ယူထားပြီးရင်တောင် marketingက သင်လို့မပြီးသေးပါဘူး အများကြီး ကျယ်ပြန့်တဲ့အတွက် ဆက်လေ့လာရအုံးမှာဖြစ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။
Crd - Myint Maung Maung Tun

06/12/2021

လူတစ်ယောက်ဟာ
ပန်းချီဆွဲပြီး သူ့ရဲ့ ပန်းချီကားကို
လူတွေဘယ်လိုပြောကြမလဲဆိုတာ အရမ်းသိချင်မိတယ် ။

အဲ့ဒါနဲ့ ဈေးထိပ်တစ်‌နေရာမှာ
ပန်းချီကားချပ်ကို ချိတ်ထားပြီး
အပေါ်မှာစာတစ်ကြောင်းရေးထားလိုက် တယ် ။

ရေးတဲ့စာကတော့ ....
" #အဆင်မပြေတာတွေ့ရင်_ဝေဖန်နိုင်ပါတယ်"...ပေါ့ ။

ဈေးသွားဈေးလာလူတွေအားလုံးက
ပန်းချီကားကို ကြည့်ပြီး တစ်ယောက်တစ်မျိုး ဝေဖန်ကြတယ် ။

သူကြားသမျှကတော့ အားလုံး အပြစ်တင်တာချည်းပဲ
တစ်ခုမှ အဆင်မပြေဘူး... တဲ့ ။

ပန်းချီဆရာလည်း စိတ်ပျက်လက်ပျက်နဲ့
ပန်းချီကားကို ယူပြီး အိမ်ပြန်လာခဲ့တယ် ။

အိမ်ရောက်တော့ သူ့အဖေကိုတွေ့တယ်ဆိုရင်ပဲ
ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်တယ် ။

စိတ်ဓာတ်လည်း အတော်ကျနေရှာတယ် ။

အဖေဖြစ်သူကအကြံပေးတယ် ။
"ငါ့သား...အပေါ်ကစာကြောင်းလေး ပြောင်းရေးကြည့်ပါ."..တဲ့ ။

ဘယ်လို ရေးခိုင်းလဲဆိုတော့... ။
#အဆင်မပြေတာရှိရင်_ပြင်ဆင်ဖြည့်စွက်_ရေးဆွဲသွားကြပါ.'. ဆိုပြီး ခေါင်းစဉ်ပြောင်းချိတ်..ခိုင်းတယ်။

နောက်တနေ့ရောက်တော့ ပန်းချီဆရာလည်း
သူ့အဖေ မှာတဲ့အတိုင်း ပန်ချီကားကိုဈေးထိပ်မှာချိတ်တယ်။

ထူးထူးဆန်းဆန်းပဲ !!

ဒီတခါတော့ ဈေးသွားဈေးလာလူတွေအားလုံးက
ဘာအသံမှ မထွက်ကြတော့ဘူး..။

ဘယ်သူမှလည်း ပန်းချီကားကိုအပြစ်မပြောကြ ‌တော့ဘူး။

ကိုယ်တိုင်လည်း ဘယ်သူကမှ
ပန်ချီကားမှာ ဖြည့်စွက် ပြီး ဝင်မဆွဲကြဘူး..တဲ့

ဘာလို့လဲဆိုတော့ ....

သူတို့မှာ သူတစ်ပါးလုပ်တာကိုကြည့်ပြီး
ဝေဖန်ကြဖို့ ‌လောက်ပဲ အသိရှိကြတယ်။

ကိုယ်တိုင်က လုပ်တတ်တဲ့ အရည်အချင်း မရှိကြလို့ပဲ။

လေးစားစွာဖြင့်
Credit

04/12/2021

Hotelပိုင်းဆိုင်ရာ Customer Complain ဖြေရှင်းနည်း
-----------------------------------------------------------------------------
တနေ့မှာ ကျွန်တော့်ထံကို fbအကောင့်တခုမှ Customer Complain နဲ့ ပတ်သက်ပြီး Hotelပိုင်း Complainများအတွက် ဆောင်းပါးတပုဒ်တင်ပြပေးရန် တောင်းဆိုလာပါတယ်
အမှန်အတိုင်းဆိုရင် Tourism Industryမှာ ကာလတခုကြာ ဖြတ်သန်းခဲ့သော်လည်း Hotel နဲ့ Tourism ပိုင်းဆိုင်ရာ Customer Complainဖြေရှင်းနည်းဟာလည်း များစွာ ကျယ်၀န်းလှပါတယ်
သို့သော် စာဖတ်သူတို့အတွက် အချက်အလက်များစုဆောင်းကာ အများအကျိုးအတွက် အခုလို Customer Complain ဖြေရှင်းနည်းကို တင်ပြပေးလိုက်ရခြင်းဖြစ်ပါတယ်
Customer Complain ဖြေရှင်းဖို့ရန်အတွက် အဆင့်(၆)ဆင့်ကို ဖြတ်သန်းရပါမယ်။
အဲဒါတွေကတော့
၁။ Listen (နားထောင်ပါ)
၂။ Repeat (ပြန်မေးပါ/ အတည်ပြုပါ)
၃။ Thank (ကျေးဇူးတင်ကြောင်းပြောပါ)
၄။ Apologize (တောင်းပန်ပါ)
၅။ Action/Explain (ရှင်းပြပါ)
၆။ Follow-Up (ဆောင်ရွက်ပေးပါ)
1) Listen (နားထောင်ပါ)
-----------------------------------
ဧည့်သည်၏ အဆင်မပြေမှုများကို ပြောပြနေစဉ်အတွင်း ဂရုတစိုက်နားထောင်ပေးပါ(Eye Contact ရှိပါစေ)။
ဧည့်သည်ပြောနေစဉ်အတွင်း ကြားဖြတ်မပြောပါနှင့်။
ဧည့်သည်မှ အဆင်မပြေမှုကို ပြောကြားနေစဉ်
စိတ်ဆိုးဒေါသထွက်၍ ဆူညံကာ တခြားဧည့်သည်များ အတွက် အနှောက်အယှက် ဖြစ်လာနိုင်ပါသည်။ (တစ်ခါတစ်ရံတွင် ဆူညံမှုကြောင့် ဧည့်သည်အချင်းချင်း ပြဿနာတက်နိုင်သည်။
ဧည့်သည်၏ အယူအဆကို သဘောတူ၍ (Complain) ပိုကြီးလာခြင်းမျိုးလည်း ဖြစ်လာနိုင်သေးသည်)။
ထိုအခါမျိုးတွင် ဧည့်သည်မရှိသည့် ဧည့်ခန်း၊ ရုံးခန်းတစ်နေရာသို့ ခေါ်ဆောင်ကာ ဆက်လက်ဆွေးနွေးနိုင်ပါသည်။
2) Repeat (ပြန်မေးပါ/ အတည်ပြုပါ)
-----------------------------------------------------
ဧည့်သည် အဆင်မပြေသည်မှာ (Hotel Service) အပေါ်မှာလား၊ (Hotel Materials) များအပေါ်လား ဆိုတာ မေးပါ။
ဧည့်သည် အဆင်မပြေဖြစ်သည့် အကြောင်းအရာကိုသာ ပြောပြပါ။
ထိုပြဿနာ၏ အဖြေကိုသိနေသည့် တိုင် တန်းပြီး မပြောပြပါနှင့်။
ဧည့်သည်ပြောပြသည့် အချက်အလက်များကို ပြန်စစ်ဆေးကာ ပြန်မေးပါ။
လွဲနေလျှင် ဧည့်သည်မှ ပြန်ပြော ပြပါလိမ့်မည်။
ထို့နောက် မှတ်စုစာအုပ်တွင် ချက်ခြင်းမှတ်ပါ။
(မည်သည့်နေ့၊ မည်သည့်ရက်၊ မည်သည့်အချိန်၊ မည်သည့် နေရာ၊ မည်သည့်ဌာန တွင် ဖြစ်သွားကြောင်း)
3) Thank (ကျေးဇူးတင်ကြောင်း ပြောပါ)
---------------------------------------------------------
ယခုကဲ့သို့ အဆင်မပြေမှုများကို အရေးတယူပြုကာ သတင်းအချက်အလက်ပေးသည့်အတွက် ကျေးဇူးတင်ပါကြောင်း ပြောပြပါ။ သို့မဟုတ် လုပ်ငန်းစုအပေါ်တွင် စေတနာရှေ့ထားကာ ဝေဖန်အကြံပြုသည့်အတွက် ကျေးဇူးတင်ကြောင်းပြောကာ အသိအမှတ်ပြုပါ။
4)Apologize (တောင်းပန်ပါ)
-----------------------------------------
ယခုကဲ့သို့ ဧည့်သည်တော်ကြီး စိတ်အနှောက်အယှက် ဖြစ်ရသည့်အတွက်၊ အဆင်မပြေမှုကြုံရသည့် အတွက် ဝမ်းနည်းစိတ်မကောင်းဖြစ်ရပါကြောင်း တောင်းပန်ပါ။
5) Action/ Explain (ရှင်းပြပါ)
---------------------------------------------
ဧည်သည်တော်ကြီး၏ အဆင်မပြေမှုကို မည်သို့မည်ပုံ ဖြေရှင်းပေးမည်ဖြစ်ကြောင်းကို ရှင်းပြပါ။
(ဥပမာ အခန်းမှ ဆူညံသံကြောင့်အဆင်မပြေလျှင်၊ သို့မဟုတ် စားသောက်ဖွယ်ရာတစ်ခုခု အဆင်မပြေလျှင်)
ထိုသို့ဆောင်ရွက်ပေးမှုကို ဧည်သည်မှ သဘောတူနှစ်ခြိုက်မှုရှိ၊ မရှိနှင့် လက်ခံပေးနိုင်မှု ရှိ၊ မရှိကို တစ်ခါ တည်း မေးရမည်။
6) Follow-Up (ဆောင်ရွက်ပေးပါ)
------------------------------------------------
ဆောင်ရွက်ပေးရာတွင် (Supervisor) သို့မဟုတ် သက်ဆိုင်ရာ (Manager) တစ်ဦးဦးမှ သေချာစွာစစ်ဆေး ကြီးကြပ်ရမည်။
ဆောင်ရွက်ပေးရမည့် ကိစ္စသည် ဆယ့်ငါးမိနစ်ကြာမည်ဖြစ်သော်လည်း အပိုဆယ်မိနစ် ထပ်ဆောင်းကာ မည်မျှတော့စောင့်ပေးပါဟု ဧည့်သည်အား ရှင်းပြထားရမည်။
သတ်မှတ်ချိန်အတွင်း ပြီးစီးခဲ့လျှင် ထိုဝန်ဆောင်မှုသည် ဧည့်သည်အတွက် (Surprised) ဖြစ်ကာ ပျော်ရွှင်ဝမ်းမြောက်ပြီး အဆင်မပြေဖြစ်ခဲ့မှုကို လစ်လျူရှုနိုင်ပေလိမ့်မည်။
(PS: Complain တက်ခြင်းသည် ဧည့်သည်မှ သင့်ကို၊ သင့်လုပ်ငန်းစုကို အခွင့်အရေးပေးခြင်းဖြစ်သည်။ ဧည့်သည်မှ နောက် တစ်ကြိမ်ပြန်လာလို၍ အခွင့်အရေးတောင်းဆိုခြင်းဖြစ်သည်။
ထိုပြဿနာကို အဆင်ပြေအောင်မြင်စွာ ဖြေရှင်းလိုက်နိုင်ပြီဆိုလျှင် သင်၏လုပ်ငန်းဆိုင်ရာအရည်အသွေးတိုးတက်လာမည် ဖြစ်သလို သင်၏လုပ်ငန်းစုအတွက်လည်း ကောင်းသောစာမျက်နှာသစ်ကို ဖွင့်လှစ်နိုင်ခြင်းဖြစ်တော့သည်။)
ဟိုတယ်သုံးအင်္ဂလိပ်စကားပြောဆိုပုံလေးကိုလည်း စာဖတ်သူများဗဟုသုတ တိုးပွားစေရန် ဖော်ပြလိုက်ပါသည်
အောက်ပါစကားပြောလေးသည် ရေပူမရသဖြင့် အခန်း ပြောင်းပေးနိုင်ချိန်တွင် မေးမြန်းပုံ နမူနာ လေးသာ ဖြစ်ပါသည်။
Staff: Good evening, Reception. How may I help you?
Guest: Yes, my room is 307. It doesn't work hot-water.
Staff: Sorry Sir. Your room is 307? Ok, I'll send maintenance to your room at once.
Guest: How long he take?
Staff: About 20 minutes, Sir.
Guest: So long. I can't wait.
Staff: D' you want to room change. Same category, same view. It's not too far to your room.
Guest: Ahh… I don't want to room change. I wanna another room key for bath.
Staff: Sure Sir. I'll send bell boy to your room right away.
Guest: Thank you.
Staff: You are welcome, Sir. Thank you for your information.
Guest: Bye.
Staff: Bye-bye, Sir.
Complain တက်ခြင်းသည် သင့်ကို ပြဿနာရှာခြင်းမဟုတ်၊ ဧည့်သည်၏ အဆင်မပြေမှုကို လုပ်ငန်းစု ကိုယ်စား သင့်ကို ပြောပြခြင်းသာဖြစ်သည်။
ဒီအကြောင်းအရာလေးကတော့ Hotelပိုင်းဆိုင်ရာ Customer Complainဖြေရှင်းနည်းနဲ့ ဆိုင်တဲ့ အချက်အလက်လေးကို ပြောပြပေးခဲ့တာ ဖြစ်ပါတယ်နော်-----
စာဖတ်သူအပေါင်း စာပေဗဟုသုတများ တိုးပွားကြပါစေ....
မှတ်ချက်--- ဟိုတယ်ပိုင်းဆိုင်ရာ Customer Complainနှင့် Customer Serviceအတွက် လိုအပ်သူများ အသုံးပြုနိုင်ရန် ဒုတိယအကြိမ် တည်းဖြတ်တင်ပြပေးခြင်း ဖြစ်ပါကြောင်း---

Created by---
MYAT KHINE(SUCCESS WAY)(Second Edition)
Myat Khine Success Way Management Team
Special Thanks with Crd...
U Htoo Ag Win

04/12/2021

လုပ်ငန်းကို System ချမယ်
အခုပိုစ့်ကတော့ အလယ်အလတ်နဲ့ အကြီးစား လုပ်ငန်းတွေ အတွက် မဟုတ်ပဲ အသေးစားနဲ့ တစ်နိုင်စီးပွားရေး လုပ်ငန်းလေးတွေ အတွက် ရည်ရွယ်တဲ့ မျှဝေမှု ဖြစ်ပါတယ်။စီးပွားရေး လုပ်ငန်းတစ်ခု ကြီးထွားလာ ဖို့ဆိုရင် သင့်တော် လျောက်ပတ် တဲ့ Business System တွေ ချမှတ် ဆောင် ရွက်ဖို့လိုအပ်ပါတယ်။ System ဆိုတာကတော့ လုပ်ငန်း Process တွေကို လူပါဝင်ရမှု လျော့ချ ပြီး အမှားတွေပိုကင်း ပိုကောင်းပိုမြန်အောင် စံနှုန်းအနေနဲ့ သတ်မှတ် ထားတဲ့ နည်းပညာအရသော် လည်းကောင်း လုပ်ထုံးလုပ်နည်းတွေသော်လည်းကောင်း ဖြစ်ပါတယ်။
လုပ်ငန်းကြီးတွေမှာတော့ Business system တစ်ခု ရှိလေ့ရှိကြပြီး သက်ဆိုင်ရာ ဌာန တွေက သက်ဆိုင် ရာ Function တွေကို တာဝန်ယူလုပ်ဆောင်ကြကာ တစ်ခုနဲ့ တစ်ခုချိတ်ဆက်ပြီး လုပ်ငန်း ရဲ့ Vision ကို အကောင်အထည်ဖော် လေ့ရှိကြပါတယ်။ ဒါပေမယ့် လုပ်ငန်းငယ်လေးတွေ ကတော့ System ဆိုတဲ့ စကားနဲ့ ရင်းနှီးမှု နည်းပါးလေ့ ရှိကြပါတယ်။ ဒါ့အပြင် system ဆိုတာကြီးက စက်ကြီးတွေ ကွန်ပျူတာကြီးတွေ လူတွေ အများကြီး ဌာနတွေအများကြီးနဲ့ ဆောင်ရွက် ရ ပြီး ကုန်ကျစရိတ် တွေ များပြား လေ့ရှိတယ်လို့ ယူဆ ကြတဲ့အတွက် လုပ်ငန်းငယ်လေးတွေဟာ system လို့ ကြားလိုက်တာနဲ့ တွန့်သွားလေ့ရှိပါတယ်။ အခု လက်ရှိအတိုင်းလဲ လည်ပတ်နေနိုင်တာပဲ ဘာကြောင့် ဒါတွေ လုပ်ရမလဲ လို့ ဆိုသူတွေ လဲ ရှိနိုင်ပါတယ်။
ဘာကြောင့် System လို…
Business System ဆိုတာ လုပ်ငန်း ကို မိမိ ရဲ့ ပါဝင်နေမှု ကိုလျော့ချပေးနိုင်ပြီး Human error တွေ ကို နည်းပါးစေကာ လိုအပ်တဲ့ စံနှုန်းတွေကို ကောင်းကောင်း ရရှိစေမယ့် နည်းပညာ သော်လည်းကောင်း လုပ်ထုံးလုပ်နည်းအဆင့်ဆင့်သော်လည်းကောင်း ကိုဆိုလိုတာပါပဲ။
စီးပွားရေး လုပ်တယ်ဆိုတာ ပင်လယ်ကြီး ထဲမှာ သင်္ဘောကြီးမောင်းသလိုပါပဲ။ သင်္ဘော ရွေ့နေစေဖို့ အတွက် အင်ဂျင်စက်တွေ လည်ပတ်အောင် လဲ ဆောင်ရွက်နေရသလို သွားချင်တဲ့ ဆိပ်ကမ်းကို ရောက် ဖို့အတွက်လဲ ဦးတည်ရာလမ်းကြောင်း ရှာဖွေတာ၊ အတားအဆီးတွေ ကိုရှောင်တာ၊ စတဲ့ ပဲ့ထိန်း စနစ်ကိုလဲ လုပ်ဆောင်ရပါသေးတယ်။ စီးပွားရေးဟာလဲ လုပ်ငန်းလည်ပတ်နေအောင် Operation ကို လည်အောင် ဆောင်ရွက််ရသလို၊ လုပ်ငန်းကြီးထွားအောင် ထပ်မံတိုးချဲ့တာ၊ အခြား တွက်ခြေကိုက်မယ့် လုပ်ငန်းတွေ ဆက်လက်ထူထောင်တာ စတာတွေ လုပ်ဖို့လိုအပ်ပါတယ်။
သင်္ဘော ကြီးမှာ ကိုယ်တစ်ယောက်ထဲက အင်ဂျင် စက် ပြေးမောင်းလိုက်၊ လမ်းကြောင်းတွက် လိုက်နဲ့ လုပ်နေမယ်ဆိုရင် လစ်ဟာ မှုတွေ များစွာဖြစ်လာမှာ ပါပဲ။ ဒီလိုပါပဲ လုပ်ငန်း က ဝန်ထမ်း ၂ ယောက် ၃ ယောက်လောက်ကနေ ဆယ်ချီ ရာချီ လာတဲ့အခါ ရုံးနောက် ကျချိန်မှတ် ပြီး လစာ တွက်တာက အစ ဆိုင်အသစ် ဖွင့်တာ အဆုံး ကိုယ်တစ်ယောက် ထဲ ကလုပ်နေမယ်ဆိုရင် သိပ်ကို pressure များမှာ ပါပဲ။ ဒါ့အပြင် ငွေရှာ တယ်ဆိုတာ ငွေရဖို့အပြင် အေးအေးသက်သာ နေထိုင်နိုင်ဖို့လဲ ဖြစ်သေးတော့ လုပ်ငန်းထဲ မှာ ပဲ အကျဉ်းကျနေမယ်ဆိုရင် ဒါဟာ မထိုက်တန်တော့ပြန်ပါဘူး။ ဒီအတွက် system တွေ ချမှတ်ကြပါတယ်။
System တွေ မရှိပဲ လုပ်ငန်း က ကြီးထွားလာရင်..
ကျွန်တော်တို့ အိမ်နားမှာ ကုန်မျိုးစုံ ဆိုင်လေး တစ်ဆိုင် အသစ်လာဖွင့်ခဲ့ပါတယ်။ ကုန်မျိုးစုံအပြင် အသင့်စား မုန့်အမျိုးမျိုး နဲ့ အမွေးပွ ဝက်ဝံရုပ်လေးတွေကအစ တင်ထား တော့ အတော်ကို ပစ္စည်း စုံ တာနဲ့ လူတွေ စပြီး အားပေးလာ ပါတယ်။ customer တွေ မေးသမျှကိုလဲ မှတ်ထားပြီး ရအောင် တင်လေ့ ရှိတော့ တဖြည်းဖြည်း အားပေးတဲ့ သူ ဝယ်ယူသူများများ လာပါတော့တယ်။ ဒါပေမယ့် လုပ်ငန်း ရဲ့ စနစ်တွေ System တွေက လိုက်ပါ မြင့်တက် improveဖြစ်လာခြင်းမရှိတော့ ပြဿနာ စကြုံ ရပါတော့တယ်။
ပထမ ဆုံးကတော့ ငွေရှင်းရာမှာ စတင် ပြသနာ တက်ပါတယ်။ ဝယ်ယူသူတွေ များလာ ပေမယ့်. ငွေရှင်းကောင်တာ က တစ်ခုပဲ ရှိပြီး ပိုင်ရှင်ကိုယ်တိုင် ငွေရှင်း ပေးပါတယ်။ ဒီအခါမှာ ကုန်ပစ္စည်း အမျိုး ပေါင်း ရာနဲ့ချီ တင်ရောင်းနေတာဖြစ်ပြီး ငွေရှင်းဖို့နည်းပညာ သုံးစနစ်တစ်ခု မရှိတဲ့အခါ အချို့ ပစ္စည်း တွေကို ရောင်းစျေး ဘယ်လောက်ဆိုတာ ပြန် ပြန်တွက် နေရပါတော့တယ်။ ဒါအပြင် ဟိုပစ္စည်း ရှိသေးလား ဆိုလဲ သူပဲ ထဖြေရ၊ ဘယ်ပစ္စည်း လိုချင်တယ်ဆိုလဲ သူပဲထရှာပေးရ၊ ပစ္စည်းလာ ချတဲ့ Supplier လာရင်လဲ သူပဲ ငွေရှင်းပေးရနဲ့ ဖြစ်လာတော့ customer တွေမှာ ငွေရှင်းဖို့ကို အချိန်အကြာ ကြီးစောင့်ဆိုင်းလာရကာ complaint တွေ ဖြစ်လာပါတော့တယ်။ ငွေရှင်းရာမှာ လည်း ပစ္စည်း တစ်ခု စီကို ဂဏာန်းပေါင်းစက် နဲ့ တွက်ချက် ရတော့ Error တွေလဲ ဖြစ်လာပါတော့တယ်။
ဆိုင်ပိုင်ရှင်ရဲ့ စိတ်ထဲမှာတော့ ငွေရှင်း တာကို သူက လွဲပြီးအခြားသူလုပ်လို့ မဖြစ်နိုင်ဘူး ဖြစ်နေပါတယ်။ ဝယ်တာလဲသူ၊ စျေးကလဲ သူပဲသိ၊ ငွေရှင်းတာလဲ သူပဲ ရှင်းပေးနိုင်တော့ အခြား ဝန်ထမ်းငယ်လေးတွေ သုံးယောက်လောက်ရှိပေမယ့် သူသည်သာ အလုပ်အပိဆုံးဖြစ်နေပါတယ်။ ဒီအခြေအနေကို ဖြေရှင်းဖို့ရာ အတွက် Stock တွေကို ကွန်ပျူတာ စနစ်ထဲထည့်၊ စျေးနှုန်းသတ်မှတ် ချက်တွေ ထည့်၊ ဘားကုတ်လေးတွေ ကပ်ပြီး ငွေရှင်းကောင်တာ ရောက်တာနဲ့ scan ဖတ်လိုက်ရင် မြန်မြန်လဲပြီး ငွေတွက် ရတာလဲ မရှုပ်၊ အမှားလဲကင်းကာ ကောင်တာကို ဝန်ထမ်းတစ်ဦးနဲ့ လွဲထားလို့ ရတဲ့ အထိ သက်သာသွားစေမှာပါပဲ။
ဒါပေမယ့် နည်းပညာ နဲ့. Softwareတွေ၊ ကွန်ပျူတာတွေ ရင်းနှီးမြုပ်နှံရမှု ရှိသလို၊ Stock တွေ ကွန်ပျူတာ ထဲသွင်းတာ၊ ကုတ်တွေတပ်တာ စတာတွေ တော့ လုပ်ရမှာပါပဲ။ ဒါပေမယ့် ရေရှည်မှာ ဆိုင်ပိုင်ရှင် အတွက် သိပ်ကို အကျိုးရှိစေ မှာဖြစ်ပါတယ်။
System ဆိုတာ…
တစ်ချို့က System ဆိုတာကြီးကို အကြီးကြီး ဝုန်းခနဲ ပြောင်းလဲ ပစ်လိုက်ရမယ်ဆိုတာမျိုးလို့ ယူဆ နေ ကြပါတယ်။ ဒီလိုလဲမဟုတ်ပါဘူး။ ဒါ့အပြင် system ဆိုတာနဲ့ ရပ်ကွက်ထဲက ကုန်စုုံဆိုင်လေးက Walmart စူပါမားကတ်ကြီးလို စနစ် တွေ ချမှတ် ရမှာလဲ မဟုတ်ပါဘူး။ အလုပ်ဖြစ်နေသေးတဲ့ အရာ မှန်သမျှကို ချန်လှပ်ထားပြီး ဝန်ပိနေတဲ့ ပြသနာဖြစ်နေတဲ့ နေရာတွေကိုသာ တစ်ပိုင်းချင်း system တစ်ခု နဲ့ ထိန်းကျောင်းပြောင်းလဲ သွားရမှာ ဖြစ်ပါတယ်။ ဒီအတွက် လုပ်ငန်းတစ်ခုနဲ့ တစ်ခု ရဲ့. System တွေ ဟာလည်း တူညီမှာတော့ မဟုတ်ပါဘူး။
ဥပမာ လုပ်ငန်းကကြီးထွားလာပြီး ဝန်ထမ်းအသစ်တွေ ခန့်အပ်လာရတယ်၊အလုပ်ဝင်နှုန်း ထွက်နှုန်းကလဲ များလာတယ်ဆိုပါစို့။ ဒါဆိုရင် ကိုယ့် အနေနဲ့ ဝန်ထမ်း ရှာတဲ့ အင်တာဗျူးတဲ့ အလုပ်တွေနဲ့ ပဲ အချိန်ကုန်ကာ Business တိုးချဲ့ဖို့ဖက်ကို မလှည့်နိုင် ဖြစ်နေမယ့် အစား HR ဌာန စတင် ဖွဲ့စည်းပြီး Recruitment Process တစ်ခု သတ်မှတ် ချထား လိုက်တာ ကလဲ System ချမှတ် လိုက်တာ ပဲဖြစ်ပါတယ်။
ဝန်ထမ်းတွေ များပြားလာတဲ့အခါ အလုပ်ချိန် နောက် ကျ တဲ့ ဝန်ထမ်းတွေကို စောင့်ကြည့် မှတ်တမ်း တင်နေမယ့်အစား Finger Print စက်လေးတစ်လုံး ဝယ်လိုက်ပြီး အလုပ်ရောက်တဲ့အချိန်ကို လက်ဗွေနှိပ် မှတ်တမ်းတင်လိုက်စေတာကလဲ လူလဲသက်သာ ၊အငြင်းပွားမှုတွေလဲ မရှင်းရတော့ တဲ့ system တစ်ခု ချမှတ်လိုက်တာပါပဲ။
ဆိုင်ခွဲတစ်ခု ထပ်ပြီး တိုးချဲ့တဲ့ အခါ နှစ်ဆိုင်လုံးကို တစ်ယောက်ထဲ Operate လုပ်နေတာထက် ဆိုင်တာ ဝန်ခံ ဝန်ထမ်းတစ်ဦးခန့်အပ်ပြီး နေ့စဉ် လစဉ် ဘယ်လို report မျိုးတွေ ပေးရမယ်၊ဆိုတာ သတ်မှတ် ပြီးလူတွေကို စီမံအုပ်ချုပ်စေတာကလဲ System တစ်ခု ချမှတ်တာပါပဲ။
page messenger ကိုလာ စုံစမ်းကြတဲ့ Customer တွေကို မအားမနေ ပြန်ဖြေပေးနေရ လို့ အလုပ်ရှုပ်နေတာကို Messenger Chat Bot တစ်ခု အသုံးပြု လိုက်တာကလဲ System ချမှတ် တာ ပါပဲ။
Sale man က order ကောက်၊ sale admin ကိုတင်၊ Sale admin က Warehouse ကို သတင်းပို့၊ WH ကပြင်ဆင်ထုတ်ပိုး ပြီး Delivery ဌာန ကိုပေး၊ စတဲ့ အဆင့်ဆင့်မှာ order မှားတာ ကျန်ခဲ့တာ ၊ အချိန်ကြန့်ကြာတာလို တွေဖြစ်နေတာကို ERP software တစ်ခုသုံးပြီး saleman က tablet ထဲ order ရိုက်လိုက်တာနဲ့. Sale admin, WH, delivery.ဆီ တန်းပေါ်သွားပြီး customer က သူ့ မှာယူတဲ့ ပစ္စည်း ဘယ်နေရာ ဘယ်အဆင့်ရောက်နေပြီဆိုတာပါ တစ်ခါထဲ ကြည့်စေနိုင်တာကလဲ System ပါပဲ။
System တစ်ခုဘယ်လိုချမလဲ..
အထက်က ပြောခဲ့တဲ့အတိုင်း System ချတယ်ဆိုတာ လုပ်ငန်းရဲ့ လည်ပတ်နေတဲ့ process ကြီးတစ်ခု လုံးကို မြေလှန် ပြီး အစအဆုံး ပြောင်းလဲ ပစ်လိုက်ရတာမျိုးမဟုတ်ပါဘူး။ လုပ်ငန်းရဲ့ အချို့ Process တွေဟာ လက်ရှိအနေအထား၊ လုပ်ငန်း သဘောသဘာဝ အရ ဒီအတိုင်း ဆောင်ရွက်နေတာက အကောင်းဆုံး Results အထွက်ဆုံးလဲ ဖြစ်နေနိုင်ပါသေးတယ်။ ဆိုတော့ အလုပ်ဖြစ်နေတဲ့ အပိုင်းတွေကို ထိစရာမလိုပဲ error တွေ တက်နေတဲ့ Complaints တွေ များနေတဲ့ အပိုင်းတွေကို သာ တစ်ခု စီ ပြုပြင်ပြောင်းလဲ ပြီး. Upgrade လုပ်သွားရမှာ ဖြစ်ပါတယ်။ ဒါသည်ပင်လျှင် business system တည်ဆောက်တာ ပါပဲ။
အရေးကြီးတာ တစ်ခုကတော့ တစ်ပိုင်းစီပြင်ဆင် ချမှတ် တယ်ဆိုပေမယ့် System တွေ အားလုံး ဟာ တစ်ခု နဲ့ တစ်ခုတော့ ချိတ်ဆက်မှုရှိနေ ဖို့လိုအပ်မှာ ဖြစ်ပါတယ်။.
အဆင့်(၁) အနေနဲ့ ကတော့ ကိုယ့်လုပ်ငန်းမှာ ဘယ်လို Business Process and activity တွေ ရှိတယ်ဆိုတာ ကိုအရင် သတ်မှတ် ဖို့လိုပါတယ်။ ဥပမာ လက်လီဆိုင်တစ်ခု အနေနဲ့ဆိုရင် အရောင်း ပိုင်း၊ ပစ္စည်းမှာယူ မှု အပိုင်း၊ သိုလှောင်သိမ်းဆည်းမှု အပိုင်း၊ စတာတွေအဓိက ရှိမှာ ဖြစ်ပြီး လုပ်ငန်းပိုကြီးလာရင်တော့ ဝန်ထမ်းထိန်းသိမ်းမှုအပိုင်း၊ လူသစ် စုဆောင်းခန့်ထားရေးအပိုင်း၊ Finance and account ပိုင်း၊ Auditing အပိုင်း၊ စတာတွေ က level အလိုက်တိုးတက်လာမှာ ဖြစ်ပါတယ်။
အဆင့် (၂) အနေနဲ့ ဒီလို Business Process တွေ ပိုင်းခြားပြီး ရင် Process.တစ်ခု စီ ရဲ့ Insight တွေကို သုုံးသပ်ဖို့လိုပါတယ်။ တစ်နည်းအားဖြင့်တော့ process တစ်ခု စီရဲ့ data အချက်အလက်တွေ ကို သုံးသပ် ကြည့်ရှုတာ ပါပဲ၊ ဥပမာ အထက်ကလို ငွေရှင်း တဲ့ Process မှာ ဘယ်လို အခြေအနေတွေရှိနေ လဲ၊ customer complaint တွေ တိုးလာသလား၊ ဘယ်နေရာတွေ မှာ အချိန် ကြာနေတာလဲ စသဖြင့် သုံးသပ်ရမှာ ဖြစ်ပါတယ်။
အဆင့် (၃) ဒီလို Process ထဲက Error တွေကို သိရပြီဆိုရင်တော ့အကိုက်ညီ ဆုံးဖြစ်နိုင်မယ့် အဖြေ တစ်ခု ချမှတ်ရမှာပါပဲ။ အထက်က ငွေရှင်းတဲ့ Process ကိုပဲ ဥပမာ ပြန်ပေးရရင် ရလာတဲ့ အချက် အလက်ပေါ်မူတည်ပြီး ငွေရှင်း software တစ်ခု အသုံးပြုမလား၊ ငွေရှင်းကောင်တာ တစ်ခု အသစ် ထပ် ထားမလား၊ သက်ဆိုင်ရာ စင် အလိုက် အရောင်းဝန်ထမ်းတွေက customer ယူလိုက်တဲ့ပစ္စည်းတန်ဖိုးကို တွက်ချက်ပေးပြီး ငွေရှင်းကောင်တာကို ပို့ပေးမလား စတာတွေစဉ်း စား ရမှာ ဖြစ်ပါတယ်။
အဆင့် (၄) ကတော့ ဒီလို အသစ်ချမှတ်လိုက်တဲ့ Process မှာ ဘယ်လို နေရာတွေလွဲ မှားနိုင်သေးလဲ ဆိုတာကို ပြန်လည် သုံးသပ်ပြီး internal control တွေ သတ်မှတ်ဖို့လိုပါတယ်။ဥပမာ customer ကပေးချေ တဲ့ ငွေ ပမာဏ ကိုလွဲမှား ပြီး မယူဘယ်လိုစစ်ဆေးမလဲ၊ ပစ္စည်းမှားပြီး မပေးမိအောင် ဘယ်နေရာမှာ ဘယ်လို checklist နဲ့ စစ်မလဲ စတာတွေ လိုအပ်ပါတယ်။
အဆင့် (၅) မှာတော့ ဒီလို system ချပြီးတဲ့နောက်မှာ အရင်က Error တွေ ဘယ်လောက်ထိ ကင်းသွားကာ. Improve ဖြစ်လာသလား ဆိုတာကို KPI တွေ ချမှတ်ပြီး တိုင်းတာ စောင့်ကြည့်သုံး သပ် ဖို့ပါပဲ။ ဥပမာ ရောင်းအား ပိုပြီး တက်လာသလား၊ complaint တွေ နည်းသွားသလား စသဖြင့်ပါပဲ။
ဒီလောက်ဆိုရင်တော့ လုပ်ငန်းငယ်လေးတွေအတွက် system ချမှတ်တယ်ဆိုတာ ကို သဘောပေါက်နား လည်လောက်ပြီ လို့ ယူဆပါတယ်ခင်ဗျား။
လုံလောက်တဲ့ အသိပညာဟာ ပြင်းထန်တဲ့ အခက်အခဲတွေကို လွယ်ကူစွာကျော်ဖြတ်စေနိုင်ပါတယ်။
Crd- Kaung Hein Soe - Strategic
Business Consultant See less
Comments

Press Enter to post.

Want your business to be the top-listed Recruitment Company in Hinthada?
Click here to claim your Sponsored Listing.

Category

Telephone

Address


Hinthada