John’s BA Notes

John’s BA Notes

แชร์

A Business Administration student documenting my learning journey…

21/05/2026

စီးပွါးရေးလုပ်ငန်းရှင်တိုင်းရဲ့ တူညီတဲ့ ရည်မှန်းချက်ကို ပြောပါဆိုရင် လက်ရှိအနေအထားထက် ပိုပြီး ချမ်းသာကြွယ်ဝချင်တာ ဖြစ်ပါလိမ့်မယ်။

ကိုယ့်လုပ်ငန်းကို ပိုပြီး တိုးချဲ့ချင်တယ်။ ဝင်ငွေပိုကောင်းချင်တယ်။ အမြတ်ငွေပိုရချင်တယ်။ ဒါဆိုရင်တော့ ကျွန်တော် ဒီနေ့ ပြောပြပေးမဲ့ Business Strategy တွေကို သိထားသင့်ပါတယ်။

တစ်ခုသိထားရမှာက ဒီ Strategy တွေကို ကြုံရာဆုံရာ ကောက်ပြီး အသုံးပြုတာထက် ကိုယ့်ရဲ့ goal တွေ၊ customers ရဲ့ အခြေအနေ၊ စျေးကွက်အခြေအနေတွေကို သေချာ သုံးသပ်ပြီးမှ ကိုယ်နဲ့ သင့်တော်တဲ့ Strategy ကို ရွေးချယ်သင့်ပါတယ်။

Deidre Paknad ရေးတဲ့ ဆောင်းပါးထဲက စာလေး မျှဝေပေးချင်ပါတယ်။

အောင်မြင်တဲ့ စီးပွါးရေးလုပ်ငန်းတွေဟာ

- ကိုယ့်အတွက် ပိုပြီး အကျိုးရှိတဲ့ စျေးကွက်ကို ရှာဖွေကြတယ် ( စျေးကွက်တိုင်းဟာ ကိုယ့်အတွက် မဟုတ်ဘူး)
- သေချာတဲ့ Goal နဲ့ တိကျတဲ့ ပစ်မှတ်တွေရှိတယ်။ (ပရမ်းပတာ လျှောက်မလုပ်ဘူး။ ကိုယ်က ဝင်ငွေတိုးချင်တာလား၊ အမြတ်ငွေတိုးချင်တာလား သေချာသိရမယ်။)
- အချိန်၊ ငွေနဲ့ လုပ်အားကို သေချာစီမံတတ်တယ်
- ပြဿနာတွေကို သေချာဖြေရှင်းဖို့ ကြိုးစားတယ်။

ဟုတ်ပြီ ဆက်ရအောင်။

(၁) Market Pe*******on Strategy (လက်ရှိစျေးကွက်ကိုပဲ ရောင်းအားတိုးချဲ့ခြင်း)

အခု ကိုယ်လက်ရှိ လုပ်နေတဲ့ စီးပွါးရေးလုပ်ငန်းကိုပဲ လက်ရှိစျေးကွက်မှာ ရောင်းအားကောင်းအောင် လုပ်ခြင်းပေါ့။
Promotion တွေ ပေးတာ၊ ကြော်ငြာတွေ လုပ်တာ စသည်ဖြင့်ပေါ့။

ဥပမာ… ကျွန်တော့်ရဲ့ ထမင်းဆိုင်လေး လူပိုသိအောင် Online က ကြော်ငြာတာ။
လက်ရှိ လူကြိုက်များတဲ့ celebrities တွေနဲ့ ကြော်ငြာတာမျိုးပေါ့။

Risk နည်းတယ်ဆိုပေမဲ့ competition အရမ်းများတယ်။ စျေးကွက်က တဖြည်းဖြည်း ပြိုင်ဘက်များလာမယ်။

(၂) Market Development (စျေးကွက်အသစ် ချဲ့ထွင်ခြင်း)

ကိုယ့်မှာ ရှိနေတဲ့ product နဲ့ service ကို စျေးကွက်အသစ်ကို ချဲ့ထွင်ရောင်းချတာမျိုးပေါ့။

ဥပမာ

မန္တလးက အထက်တန်းဆင့်သင်တဲ့ ကိုယ်ပိုင်ကျောင်းဟာ ရန်ကုန်မှာ campus အသစ်တိုးချဲ့သင်ကြားတာ။

ကိုယ်ရောင်းနေတဲ့ product ကို ဥရောပတို့ အမေရိကတို့ စတဲ့ စျေးကွက်အသစ်တွေကို တိုးချဲ့ရောင်းချတာ။

ကျွန်တော့် ထမင်းဆိုင်လေးမှာ ရောင်းနေတဲ့ ထမင်းဟင်းကိုပဲ Grab တို့ Food Panda တို့မှာ တင်ရောင်းတာ။

Customers များများရတယ်။ လူပိုသိတယ်။ တဖက်ကလဲ ကုန်ကျစားရိတ်များတယ်။ နိုင်ငံခြားစျေးကွက်ဆို တခြားသော cost တွေရှိတယ်လေ။

(၃) Product Development ( ကုန်ပစ္စည်းအသစ် ဖန်တီးခြင်း)

လက်ရှိကိုယ့် customer တွေအတွက် product အသစ်တွေ ဖန်တီးရောင်းချတာပေါ့။

ဝေးဝေးမကြည့်နဲ့။ Apple ကိုပဲကြည့်။ တနှစ်တမျိုး မရိုးအောင် version အသစ် ထုတ်နေတာ။

ကျွန်တော်ဆိုလဲ အိမ်က ထမင်းဆိုင်လေးမှာ ဟင်းအမယ် အသစ်တွေ ထွင်တာတို့၊ တခြား ခေါက်ဆွဲကြော်တို့ မာလာရှမ်းကောတို့ အသစ်ထွင်ရောင်းတာတို့ လုပ်လေ့ရှိတယ်။

ကျောင်းမှာ သူငယ်ချင်းတွေစုပြီး ကျောက်ကျော ရောင်းတုန်းကလဲ ဒီ Strategy ပဲ သုံးခဲ့တာ။ ဒီတပတ် စတော်ဘယ်ရီကျောက်ကျောဆို နောက်တစ်ပတ်ကျ အုန်းနို့သာကူ။

ကိုယ်တွေ့ပြောရရင် innovation ဖြစ်တယ်၊ customers တွေ ကြိုက်ကြတယ်ဆိုပေမဲ့ စမ်းသပ်စားရိတ် (R&D) တော့ တအားကုန်တယ်။

(၄) Diversification Strategy ( နယ်ပယ်အသစ်ကို ဝင်ခြင်း)

အလွယ်ကူဆုံး ဥပမာဆိုရင် မြန်မာပြည်က ကမ္ဘောဇအုပ်စုကို ကြည့်ပါ။
Banking ပိုင်း၊ Airline ၊ Insurance ပိုင်းတွေမှာ ဖြန့်ကျက်ထားတယ်။

ဦးဇော်ဇော်ရဲ့ Max Myanmar Group ဆိုရင်လဲ ဂျပန်ကား importer ဘဝကနေ အခုဆို AYA ဘဏ်တို့၊ ဟိုတယ်ပိုင်းတို့၊ energy ပိုင်းတို့မှာ ဖြန့်ကျက်နေရာယူပါတယ်။

ဒီ strategy က လုပ်ငန်းအသစ်၊ industry အသစ်ထဲ ဝင်ရတာဖြစ်လို့ risk အမြင့်ဆုံး growth strategy တွေထဲက တစ်ခုလို့ သတ်မှတ်ကြတယ်။

(၅) Horizontal Integration ( ကိုယ့်နယ်ပယ်ထဲက လုပ်ငန်းချင်း ပေါင်းစည်းခြင်း)

Facebook ကနေ သူနဲ့ နယ်ပယ်တူတဲ့ IG ကိုဝယ်ယူတာက အကောင်းဆုံးဥပမာပဲ။

ထိုင်းမှာဆို ဆက်သွယ်ရေး ကုမ္ပဏီတွေ ဖြစ်တဲ့ True နဲ့ DTAC ရဲ့ merger လုပ်ခြင်းဟာ ထင်ရှားတဲ့ ဥပမာလို့ ပြောလို့ရတယ်။

မြန်မာမှာဆိုရင် 2014 ခုနှစ်မှာ Colgate သွားတိုက်ဆေး က လေဆာသွားတိုက်ဆေးကို ဝယ်ယူလိုက်တာကလဲ ထင်ရှားတယ်။

(၆) Vertical Integration ( Supply Chain ကို ထိန်းချုပ်ခြင်း)

ကိုယ်တွေ့ဖြစ်ရပ်လေး အရင်ပြောပြချင်တယ်။ ကျွန်တော်တို့ အညာဒေသက ရေရှားပါတယ်။ အဝီစိတွင်းကို လူတိုင်း မတူးနိုင်တဲ့ အချိန်တုန်းက တူးနိုင်တဲ့ အိမ်တွေဆီကနေ နှစ်ရာဖိုး သုံးရာဖိုး ဝယ်သုံးရတယ်။

သူတို့ကို ပိုက်ဆံပေးလိုက်ရင် သူတို့က ရေဖွင့်ပေးတယ်။ ကိုယ့်အိမ်ကို ဆက်ထားတဲ့ ပိုက်ကနေ ရေရလာတယ်။

တစ်ရက်တော့ ရေပေးတဲ့ အိမ်နဲ့ ကတောက်ကဆဖြစ်ရင်း အိမ်ကို ရေမပေးတော့ဘူး လုပ်ရော။

ရေမရှိရင် အိမ်မှာ သုံးဖို့ရော ဆိုင်မှာ သုံးဖို့ရော ဘယ်လိုမှ အဆင်မပြေတော့ ကျွန်တော့်အဖွားက ရှိတဲ့ ပိုက်ဆံနဲ့ ရေတွင်းတူးပါတယ်။

အရင်က ရေကို supplier ဆီက ရပေမဲ့ အကြောင်း အမျိုးမျိုးကြောင့် ကိုယ်တိုင် ရေတွင်းတူးလိုက်ရတာ။

အခု Strategy ကလဲ ဒီလိုပဲ။ ကိုယ့်လုပ်ငန်းနဲ့ ဆက်စပ်နေတဲ့ supplier တွေ၊ distribution တွေကို ကိုယ်တိုင် ဝင်လုပ်တာမျိုးပေါ့။

ဥပမာ ကော်ဖီဆိုင်တစ်ခုဟာ ကော်ဖီစိုက်ပျိုးရေးကို ကိုယ်တိုင် ဝင်လုပ်တာမျိုး။

စက်ပစ္စည်းထုတ်တဲ့ စက်ရုံက delivery service ကို ကိုယ်တိုင်ထောင်လိုက်တာမျိုး။

ကျွန်တော်တောင် စဉ်းစားနေတာ အိမ်က ထမင်းဆိုင်အပြင် ဆန်ဆိုင်ဖွင့်မလားလို့လေ။ အိပ်မက်လေး တစ်ခု…

အခု Business Growth Strategies တွေကိုလဲ သိသင့်သမျှ သိပြီဆိုရင် idea လေးတွေ ရမယ်လို့ ယူဆပါတယ်။

အရေးအကြီးဆုံးက Market Research အရင်လုပ်ပါနော်။ ကိုယ့် customer အကြောင်း၊ စျေးကွက်အကြောင်း၊ ကိုယ့်ရဲ့ အားသာချက် အားနည်းချက်တွေကို သေချာ မသိဘဲ တွေ့ရာ Strategy ကောက်ပြီး လုပ်ရင် သံဃာစင်ပါ မှောက်ပါလိမ့်မယ်။

Business Strategyတွေ ဆိုတာ စာအုပ်ထဲက theory သက်သက် မဟုတ်ပါဘူး။ ကိုယ့်ရဲ့ နေ့စဉ်လုပ်ငန်းတွေ၊ ဆုံးဖြတ်ချက်တွေထဲမှာ တကယ်အသုံးဝင်တဲ့ အရာတစ်ခုပါ။ လေ့လာဖတ်မှတ်ပြီးရင် သုံးကြည့်ပါ။

(ကူးယူခွင့်မပြု။ share နိုင်ပါသည်)

#ဇင်ရဲနောင်

19/05/2026

“The Hidden Business Ecosystem Around Us”

711 မှာ စျေးဝယ်တိုင်း ဘာလို့ Prompt pay နဲ့ မရတာလဲလို့ စဉ်းစားဖူးတယ်။

CP ALL ကို ရောက်တုန်းကလဲ အဲ့တာကို ဆွေးနွေးဖြစ်တယ်။ “တကယ်လို့ bank payment ကိုသာ လက်ခံရင် အတော်ရောင်းအားတက်မယ်လို့”။

ဒီရက်ပိုင်း သေချာပြန်တွေးကြည့်မှ “CP က ecosystem တစ်ခု တည်ဆောက်နေတာလား” လို့ တွေးမိတယ်။

CP မှာ customers တွေ လိုတာ ဝယ်ဖို့ 711 ရှိတယ်ဗျာ။ စျေးဝယ်ရင် ပိုက်ဆံရှင်းရင် CP နဲ့ ဆိုင်တဲ့ True money ရှိတယ်ဗျာ။

စျေးဝယ်ရင်း ဝယ်ရမဲ့ စာရင်းမေ့လို့ အိမ်ကို ဖုန်းဆက်ချင်သလား သူတို့နဲ့ မကင်းတဲ့ True ရှိတယ်ဗျာ။

အိမ်နဲ့ ပတ်သက်ပြီး ကြီးကြီးမားမားတွေ ဝယ်ချင်သေးလား Makro, Lotus သူနဲ့ ဘယ်ကင်းမလိမ့်လဲ။

ဆိုတော့ ထိုင်းနိုင်ငံမှာ နေတဲ့ ပြည်သူတစ်ယောက်အနေနဲ့ နေ့စဉ်ဘဝဟာ CP ရဲ့ အသိုက်အဝန်းထဲမှာ တနည်းမဟုတ် တနည်းနဲ့ ပါဝင်ပတ်သက်နေရပါတယ်။

ဒီတော့ ကျွန်တော့်အနေနဲ့လဲ ecosystem အကြောင်း စိတ်ဝင်စားပြီး လေ့လာဖြစ်ပါတယ်။

PwC ရဲ့ ဆောင်းပါးတစ်ပုဒ်မှာ Business Ecosystem ရဲ့ အကြောင်းကို အသေးစိတ် ရှင်းပြထားပါတယ်။

Definition ကိုတော့ အတော်လေး သဘောကျမိတယ်။ “Business ecosystem ဆိုတာ အဖွဲ့အစည်းတွေဟာ customerတွေကို value တစ်ခု ဖန်တီးပေးနိုင်ဖို့ ကွန်ယက်တစ်ခု အတူတကွ တည်ဆောက်ခြင်း” တဲ့။

CP example ကိုပဲ ကြည့်ပါ။ CP ဟာ ကုမ္ပဏီအများကြီး ရှိတယ် ဆိုတာထက် ပိုပါတယ်။ CP ရဲ့ အစိတ်အပိုင်းတစ်ခုစီဟာ customers တွေကို value အတူတကွ ပေးနိုင်တဲ့ network ကြီးဆိုလဲ မမှားပါဘူး။

ပုံမှန်တွေ့နေကျ Business တွေလို ပစ္စည်းတစ်မျိုးပဲ ရောင်းတာ မဟုတ်ဘဲ ဆက်စပ်နေတဲ့ အရာတွေ ပစ္စည်းတွေ service တွေပါ ရောင်းချတာဖြစ်ပါတယ်။

နောက်ထပ်ဥပမာအရဆို Apple ပေါ့။

ပထမဆုံးအနေနဲ့ iPhone ရှိမယ်။ ကွန်ပျူတာ Mac ရှိမယ်။ ဒီ system ထဲမှာ ချိတ်ဆက်နေတဲ့ Apple Watch ရှိမယ်။ app တွေ လိုချင်လား App Store ရှိမယ်။ ဖိုင်တွေ ပုံတွေ သိမ်းချင်သလား iCloud ရှိမယ်။ သီချင်းနားထောင်မလား Apple Music ရှိတယ်။ bill payment အတွက်ဆိုလဲ Apple Pay ရှိပါတယ်။ ဆိုလိုတာက customer အတွက် ဒီအသိုက်အဝန်းကြီးကနေ မရုန်းထွက်နိုင်လောက်အောင် convenience ဖြစ်ဖြစ်ပေးထားပါတယ်။

ဟုတ်ပြီ။ ဒီ system ကြီးကို အနီးကပ်လေ့လာကြရအောင်။

Business Ecosystem ကြီးမှာ role ၂ခုပါဝင်ပါတယ်။

1. Orchestrator (ခေါင်းဆောင်)
2. Participants ( ecosystem ထဲက ကုမ္ပဏီတွေ)

Apple ဆိုပါစို့။

Apple Inc ဟာ ဒီ ecosystem ကြီးရဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။ iPhone, Mac, Apple Music စတဲ့အရာတွေကို ချုပ်ကိုင်ထားတယ်။

Participants တွေထဲမှာဆို ဒီ ecosystem နဲ့ ပတ်သက်နေတဲ့ company တွေ ပါပါတယ်။ ဥပမာဗျာ
Apple AppStore က app developers တွေ၊ supplier တွေaccessories brand တွေ ပါဝင်ပါတယ်။

ဒါဆို ecosystem ရဲ့ 3 main mechanics ကို လေ့လာကြည့်ရအောင်။

(1) Complementary products

Ecosystem ထဲက products နဲ့ services တစ်ခုချင်းစီဟာ တစ်ခုနဲ့ တစ်ခု အကျိုးပြုလျက်ရှိတယ်။ ဥပမာ IPhone ဟာ App Store, iCloud, Apple Pay စတာတွေကြောင့် ပိုပြီး Powerful ဖြစ်လာတယ်။

711 မှာ စျေးဝယ်ဖို့ သုံးရင်း True money ဟာ Prompt Pay တွေနဲ့ ယှဉ်နိုင်တဲ့ payment method တစ်ခုဖြစ်လာတယ်။

(2) Switching cost

Ecosystem ထဲ ပိုပြီး နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်မိလေလေ ရုန်းထွက်ဖို့ ခက်လေလေ။ CP ပဲ ဆိုကြပါစို့။
ဘန်ကောက်မြို့ကြီးကနေ တောင်ပေါ်က ချင်းရိုင်မြို့သေးသေးလေးအထိ 711 တွေ ရှိနေတယ်။ Lotus ရှိတယ်။ Makro ရှိတယ်။ True money နဲ့ ငွေရှင်းလို့ရတယ်။ ကဲ… ဘယ်ပြေးမလဲ။

(၃) Network effect

လူတွေက ဒီ ecosystem ကြီးထဲ ပိုရောက်လာလေလေ ဒီ ecosystem ကြီးက ပိုပြီး အကျိုးစီးပွါးဖြစ်လေလေပါပဲ။

ဥပမာဆိုကြပါစို့။

ထိုင်းနိုင်ငံ အနှံ့အပြားမှာ 711 တွေ ပိုပြီးများလာမယ်။

ပိုများလာတာနဲ့ အမျှ True money ကို သုံးတဲ့ customers တွေများလာမယ်။

True money ကို လူတွေ ပိုသုံးတော့ ပြင်ပက ကုန်သည်တွေကပါ True money ကို ပိုလက်ခံလာကြမယ်။

ရေမြင့်တော့ ကြာတင့်တာပေါ့။

အနှစ်ချုပ်ဆိုရရင် အနာဂတ်မှာတော့ business competition တွေဟာ product တစ်ခုချင်း ယှဉ်ပြိုင်တာထက် ecosystem အချင်းချင်း ယှဉ်ပြိုင်လာနိုင်ပါတယ်။

ဆိုတော့ 711 က True money ကိုပဲ Prompt Pay ထက် ဘာကြောင့် ပိုလက်ခံတာလဲဆိုတာ တွေးရင်း ဒီ စာအရှည်ကြီးကို ခင်ဗျားတို့ ဖတ်လိုက်ရပြီ :”)

(အခုနောက်ပိုင်း တချို့နေရာတွေမှာ Prompt တွေ လက်ခံနေတယ်ကြားတယ်။ အများစုတော့ လက်မခံသေးဘူးထင်တယ်)

(Share နိုင်ပါသည်။ ကူးလို့မရပါ)

12/05/2026

Luxury Brand လို့ ကြားလိုက်ရင် ကျွန်တော်တို့ စိတ်ထဲမှာ သာမာန်လူတွေ အနားမသီနိုင်တဲ့ တသီးတသန့် brand တွေ၊ စျေးကြီးတဲ့ brandတွေ ၊ ရှားပါးတဲ့ brand တွေ နဲ့ Quality ကောင်းတဲ့ brand တွေကို ပြေးမြင်ကြပါတယ်။

ချမ်းသာတဲ့ customer တွေကလဲ Luxury ပစ္စည်းတွေကို လူမှုဘဝ ချမ်းသာမှု ပြယုဂ်တည်ဆောက်ဖို့ သုံးကြတယ်။ (Sivanathan,2010)

ဒါပေမဲ့ Digital နည်းပညာတိုးတက်လာတာနဲ့ အမျှ Luxury brand လုပ်ငန်းတွေလဲ အပြောင်းလဲ တွေ စပြီး ဖြစ်လာရတယ်။

Social media နဲ့ တခြားသော digital နည်းပညာတွေဟာ customer တွေနဲ့ engagement ပိုကောင်းအောင် ကူညီပေးကြတယ်။ ကမ္ဘာ့အနှံ့ပျံ့နှံ့အောင် ကူညီပေးကြတယ်။

ဒီအခါ Luxury brands တွေအနေနဲ့ “တသီးတသန့် ဖြစ်တည်ခြင်း”ဆိုတဲ့ မူလတန်ဖိုးထားမှုနဲ့ တိုးတက်နေတဲ့ ကမ္ဘာကြီးရဲ့ “လူအများ လက်လှမ်းမှီမှု”ကြားထဲမှာ ပွတ်တိုက်မှုတွေ ရှိလာပါတယ်။ ဒါကို exclusivity paradox လို့ ခေါ်ပါတယ်။

ဒီအကြောင်းကို မပြောပြခင်မှာ J. Kernstock et al. ရေးတဲ့ စာအုပ်ထဲက ကျွန်တော် အကြိုက်ဆုံးစာသားလေးကို မျှဝေပေးချင်ပါတယ်။

As highlighted by Kapferer and Bastien (2009, p. 316) for luxury brands “being unique is what counts, not any comparison with a competitor.” တဲ့။

Luxury brand တွေဟာ ကျွန်တော်တို့သာမန်စီးပွါးရေးလုပ်ငန်းတွေလို competitor နဲ့ အပြိုင်အဆိုင် မလုပ်ပါဘူးတဲ့။ သူ့ရဲ့ မူရင်း တမူထူးခြားခြင်းကိုပဲ အာရုံစိုက်ပါသတဲ့။
သူများ ဘာလုပ်တယ်၊ ညာလုပ်တယ်ဆိုတာထက် သူ့ကိုယ်သူ ပိုပြီး ဂရုစိုက်ကြတာမျိုးပေါ့။ ဘဝအတွက် သင်ခန်းစာလေး တစ်ခုပေါ့။

ကဲ ဆက်ရအောင်!

တိုးတက်လာတဲ့ Digital နည်းပညာတွေက လူအများကို လက်လှမ်းမီစေတယ်။

Luxury brand တွေက တသီးတသန့် ဖြစ်ချင်တယ်။

ဒီနှစ်ခုကြားက တင်းအားကို Exclusivity paradox လို့ ခေါ်ကြောင်း သိခဲ့ပြီ။

ဒီအကြောင်းကို Li et al. (2025) ရေးတဲ့ “The Exclusivity Paradox: Optimizing Online Strategies for Luxury Brands” ဆိုတဲ့ စာစောင်မှာ ရှင်းလင်းထားတာ တွေ့ရပါတယ်။

အခုခေတ်မှာ Luxury brands တွေလဲ digital နည်းပညာကို သုံးတဲ့ brand ရှိသလို Bottega Veneta လို social media account အားလုံးကို ဖျက်ချပစ်တဲ့ Luxury brands တွေလဲရှိပါတယ်။ ဒီ research မှာတော့ သူက LV ရယ် Chanel ရယ် Hermes ရယ် စတဲ့ Luxury brand တွေကို လေ့လာပြီး ရှင်းပြထားတာပါ။

တွေ့ရှိချက်အရဆိုရင်

၁။ Luxury consumer တွေက brand တွေ online မှာ ရှိနေခြင်းကို လိုလားကြပါသတဲ့။

၂။ သူ့လေ့လာချက်အရဆို brand တိုင်းဟာ online ကနေသွားခြင်းဖြင့် အကျိုးရှိနိုင်ပါသတဲ့။

ဒီတော့ Luxury brands တွေ အနေနဲ့ ဘယ်လို manage လုပ်သင့်တယ် ထင်လဲ။

၁။ Storytelling ကို ဦးစားပေးသင့်တယ်။
ကိုယ့် Brand အကြောင်း၊ product အကြောင်း စတဲ့ အကြောင်းအရာတွေကို digital platforms တွေကို အသုံးပြုပြီး တင်လို့ရတယ်။

၂။ Accessibility ကို လျှော့ချရမယ်။ online မှာတော့ active ဖြစ်နေတယ်။ ဒါပေမဲ့ ဝယ်ချင်တိုင်း ဝယ်မရဘူး။ Invitation ရမှ ဝယ်လို့| ပွဲတက်လို့ ရမယ်။
Online မှာတောင် VIP customer experience တွေ ရှိနေမယ် ဆိုရင် ဒီကိစ္စက ပြေလည်ပါတယ်။

၃။ ချမ်းသာကြွယ်ဝတဲ့ customer တွေအတွက် Personalized service တွေ ပေးတာမျိုး လုပ်လို့ရတယ်။
AI recommendation တွေ၊ Private shopping experience တွေ ပေးလို့ရတယ်။

ဒီလို လုပ်ခြင်းအားဖြင့် Luxury Brand တွေအနေနဲ့ ပိုပြီး အကျိုးရှိနိုင်တယ်။ ပိုပြီးလဲ တသီးတသန့်ဆန်တယ်လို့ ထင်ခံရနိုင်တယ်။

ကဲ ဒီလောက်ဆိုရင် ကျွန်တော် သင်ခဲ့ရတဲ့ Luxury Brand အကြောင်း တစ်ချိန်စာတော့ စုံစေ့ပါပြီ။ နောက်တစ်ပတ်တွေမှာလဲ ကျွန်တော် content အသစ်တွေနဲ့ ထပ်ပြီး လာခဲ့ပါဦးမယ်။

ဇင်ရဲနောင်

(Share လို့ရပါတယ်။ ကူးယူခွင့်မပြု)

06/05/2026

Understanding Personal Branding and Corporate Branding: A Weekly Reflection

ဒီတပတ်မှာတော့ Strategic Brand Management အတန်းမှာ ကျွန်တော် သင်ယူလိုက်ရတာတွေ၊ ဖတ်ခဲ့ မှတ်ခဲ့တဲ့ စာအုပ်စာစောင်တွေထဲက Branding အကြောင်းတွေကို ကျွန်တော် reflection မျှဝေလိုက်ရပါတယ်။

အစကတော့ Branding ဆိုတာ သေချာ မသိခဲ့ပါဘူး။ စီးပွါးရေးကျောင်းသား တစ်ယောက်အနေနဲ့ သိသင့်တယ်ထင်လို့ ဒီ course ကို ယူခဲ့ပါတယ်။ ဆရာ သင်တာထက် ကိုယ်တိုင်လေ့လာရတာ သဘောကျတဲ့သူမို့ ဒီ reflection မှာ အပြင်က စာတွေ ပိုပြီး များနေပါလိမ့်မယ်။

ပထမဆုံး Branding အကြောင်း အရင်ပြောရအောင်ပါ။ Branding ကို definition တွေ အမျိုးမျိုးနဲ့ ဖွင့်ဆိုကြပေမဲ့ ကျွန်တော့်ရဲ့ ကိုယ်ပိုင် definition က “ကိုယ့်ကို (businessကို) တခြားသူတွေရဲ့ စိတ်ထဲမှာ ဘယ်လို ပုံစံနဲ့ မြင်စေချင်တာလဲ? အဲ့ပုံစံအတိုင်း မြင်ယောင်လာအောင် ကြိုးစားဖန်တီးတာ” လို့ ဆိုချင်ပါတယ်။

ဥပမာ ဆိုပါစို့

ကျောင်းသားတစ်ယောက်ဟာ အချိန်ကို အမြဲလေးစားတယ်။ စာကြိုးစားတယ်။ responsibility ရှိတယ်ဆိုရင် ဆရာဆရာမတွေ ကျောင်းသားကျောင်းသူတွေက သူ့ကို ယုံကြည်ကြမှာပဲ။

Apple products တွေ ဖြစ်တဲ့ iPhone တို့ iPad တို့ကို လူတွေက function ကြောင့်ပဲ မဟုတ်ဘူး။ သူ့ရဲ့ core branding ဖြစ်တဲ့ innovation တို့ premium quality တို့ကိုပါ စိတ်ချယုံကြည်လို့ ဝယ်ယူကြတာပါပဲ။

ဒီတော့ personal ဘဝမှာပဲ ဖြစ်ဖြစ်၊ corporate brand အနေနဲ့ ဖြစ်ဖြစ် branding ကို သေချာနားလည်ပြီး တည်ဆောက်ထားသင့်တယ်လို့ မြင်မိတယ်။

Personal branding အကြောင်း ဖတ်ရင်း သဘောကျမိတာလေး ရှိတယ်။

“If individuals don’t manage their own brand, then someone else will manage it for them (Kaputa, 2003)” တဲ့။

လူတိုင်း လူတိုင်းမှာ Personal brand ကိုယ်စီရှိကြပေမဲ့ လူအများစုက ဒါကို သတိမထားမိကြဘူး။ ကောင်းကောင်းမွန်မွန်လဲ မစီမံတတ်ကြဘူး။ (Peters, 1997), Ramparsad, 2009)

အဲ့သလို ကိုယ့်ရဲ့ personal brand ကို ကိုယ်တိုင် မတည်ဆောက်ထားရင် တခြားသူတွေက ကိုယ့်ကို သူတို့ စိတ်ကြိုက် ပုံဖော်ကြမှာပဲ။

ဥပမာ ကိုယ်က သိပ်ကို ထူးချွန်တဲ့ ကျောင်းသားတစ်ယောက် ဆိုပါစို့။
သို့ပေသိ အတန်းထဲမှာ တက်တက်ကြွကြွ မပါဝင်ဘူး။ ကိုယ်ရှိနေမှန်းတောင် မသိရတဲ့ အနေအထားဆိုရင် ဆရာတွေ အတန်းဖော်တွေရဲ့ စိတ်ထဲမှာ ကိုယ်ဟာ သာမန်ကျောင်းသားတစ်ဦးလို့ အထင်ခံရနိုင်တယ်။

နောက်တစ်ခုပြောရရင် ဝန်ထမ်းတစ်ယောက်ဟာ သိပ်တော်ပေမဲ့ မီတင်တွေမှာ စကားမပြောဘူး/ တာဝန်တွေဆို သိပ်မခံဘူးဆို တခြားသူတွေရဲ့ အမြင်မှာ confidence မရှိတဲ့သူအဖြစ် မြင်ခံရနိုင်ပါတယ်။

ဒီတော့ Personal Brand ကို ကောင်းကောင်းတည်ဆောက်ထားသင့်တယ်။ Corporate branding လဲ ဒီပုံစံပဲ။ ကိုယ့် ကုမ္ပဏီကို customer တွေ ဘယ်လို မြင်စေချင်သလဲပေါ်မှာ မူတည်ပြီး ကြိုးစားတည်ဆောက်တာပေါ့။

ဘယ် Branding ပဲ ဖြစ်ဖြစ် အရေးအကြီးဆုံးက authenticity (စစ်မှန်ခြင်း) နဲ့ consistency (သဟဇာတဖြစ်ခြင်း) ဆိုတာက အမြဲ တွေ့ရလေ့ရှိတယ်။

ကိုယ့်ရဲ့ personal brand ပဲ ဖြစ်ဖြစ် corporate brand ပဲ ဖြစ်ဖြစ် စစ်မှန်နေဖို့က သိပ်အရေးကြီးတာပဲ။ ဇွတ်အတင်း လုပ်ယူထားတာ မျိုးဟာ ရေရှည်မှာ မတည်တံ့နိုင်ဘူး။ မြန်မာစကားနဲ့ဆို “လက်က ဘုရား၊ လုပ်တော့ ကားယား” ၊ “ကြောင်သူတော် ကြွက်သူခိုး”၊ “အပြောနဲ့ အလုပ် မညီ” စတာတွေနဲ့ ကိုက်ညီမယ် ထင်တယ်။

ကိုယ် တကယ် ယုံကြည်တာက ဘာလဲ။ ကိုယ်တန်ဖိုးထားတာက ဘာလဲ။ ကိုယ့်ရဲ့ အမူအကျင့်က ဘာလဲ စတဲ့ တကယ့်စစ်မှန်ခြင်းတွေ ပေါ်မှာပဲ အခြေခံပြီး တည်ဆောက်သင့်တယ်။

ဥပမာ Patagonia ဆိုတဲ့ brand ဆိုရင် သဘာဝပတ်ဝန်းကျင်ကို ဂရုစိုက်တာနဲ့ ပတ်သက်ပြီး နာမည်ကြီးပါတယ်။

Sale ရဲ့ 1% ကို သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စတွေ အတွက် လှူဒါန်းပါတယ်။ “Worn Wear Program” ဆိုရင် customer တွေကို အဝတ်အစားအသစ်တစ်ထည် ဝယ်ယူတာထက် ရှိပြီးသားကိုပဲ ပြုပြင်ပြီး ဝတ်ဆင်တတ်အောင် အားပေးတဲ့ program ဖြစ်ပါတယ်။ သူ တကယ် ယုံကြည်တဲ့ Sustainability ပေါ်မှာ စစ်မှန်ခြင်းနဲ့ သက်သေပြနေတဲ့ brand ပေါ့။

နောက်တခါ consistency (သဟဇာတ ညီညွတ်မှု) ရှိရမယ်။ ခုတမျိုး တော်ကြာ တမျိုး မလုပ်ရဘူး။

စတွေ့ချင်းတုန်းက စိတ်ရှည်တတ်သူ အဖြစ်တွေ့ပြီးမှ တကယ်ကျတော့ ဒေါသထွက်တတ်သူ ရက်စက်ယုတ်မာတဲ့သူ အဖြစ် ထပ်တွေ့ရင် ဘယ်လိုမှ ယုံကြည်မှု တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။

စီးပွါးရေးမှာလဲ အဲ့သလိုပဲ။ လူတွေဟာ အမြဲတည်ငြိမ်တဲ့ brand တွေဆို မှတ်မိတယ်။ ယုံကြည်တယ်။

iPhone ဝယ်ရင် ဘယ်ချိန်ဝယ်ဝယ် quality ကောင်းမှာ ယုံနေတယ်။

KFC စားရင် ဘယ်ချိန်ဖြစ်ဖြစ် ဒီအရသာ ရမယ်ဆိုတာ ယုံကြည်နေတယ်။

ဒီဆိုင်သွားရင် အမြဲ ဒီ service ရမှာ သိနေတယ်ဆို ကိုယ့်အပေါ် ယုံကြည်ချက် တိုးလာစေတယ်။

စာအုပ်တစ်အုပ်မှာတော့ Personal Branding နဲ့ Corporate Branding ကို စပ်ဆက်ပြသွားတာ သိပ်သဘောကျစရာကောင်းပါတယ်။

နှစ်ပေါင်းများစွာကြာအောင် reputation ကောင်းခဲ့တဲ့ brand တစ်ခုဟာ ကိုယ့်ကုမ္ပဏီဝန်ထမ်းတွေရဲ့ people branding ကို သေသေချာချာ အာရုံမစိုက်မိရင် ပျက်စီးခြင်း ဖြစ်နိုင်ပါသတဲ့။

Employees တွေက corporate brand value တွေနဲ့ အတူတူ personal branding ကို တည်ဆောက်နိုင်မယ်ဆိုရင် လုပ်ငန်း အတွက် အကျိုးများစွာ ဖြစ်ထွန်းစေပါသတဲ့။

ကဲ… ဒီနေ့မှာတော့ Strategic Brand Management အတန်းက Personal Branding နဲ့ Corporate Branding အကြောင်းတွေကို ကျွန်တော် ရေးချင်သလောက်လေးတွေ reflect လုပ်ခဲ့ပါပြီ။ နောက်ထပ် topic တွေကိုတော့ နောက်အပတ်တွေမှာ Reflection လုပ်သွားပါ့မယ်။

ဇင်ရဲနောင်

ရှယ်လို့ရပါတယ်။ ကူးယူခွင့်မပြု။

27/04/2026

Demarketing: Less Demand, More Value

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ Marketing ဆိုတဲ့ အသုံးအနှုန်းကို လူတိုင်း ကြားဖူးနေကြမှာပါ။ ဒါပေမဲ့ ဒီတခေါက်မှာတော့ Demarketing ဆိုတဲ့ topic နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

Demarketing ဆိုတာက Marketing မှာ သုံးတဲ့ tools တွေကိုပဲ သုံးပြီး Demand နည်းအောင် တမင် လုပ်တာပါ။ (Bradley & Blythe, 2013)

၂၀ ရာစု နှောင်းပိုင်းနဲ့ ၂၁ ရာစု အစပိုင်းမှာ အလွန်အကျွံသုံးစွဲမှု (overconsumption) တွေနဲ့အလွန်အကျွံထုတ်လုပ်မှု( overproduction) တွေကြောင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေ၊ ရင်းမြစ်ဆိုင်ရာပြဿနာတွေဟာ စိတ်ဝင်စားစရာဖြစ်လာပါတယ်။

1971 မှာ Marketing နယ်ပယ်မှာ ထင်ရှားတဲ့ Philip Kotlerနဲ့ Levy တို့ဟာ ဒီ concept ကို စတင်မိတ်ဆက်ခဲ့ပါတယ်။

ဒီနေ့မှာတော့ Demarketing Strategies သုံးမျိုးကို ပြောပြပေးပါ့မယ်။

(၁) General Demarketing

ဒီ strategy ကိုတော့ လုပ်ငန်းက demand တစ်ခုလုံးကို လျှော့ချချင်တဲ့ အခါ သုံးပါတယ်။ Demarketing concept ကို မိတ်ဆက်ခဲ့တဲ့ Philip Kolter နဲ့ Levy တို့ ပေးတဲ့ ဥပမာလေးကိုပဲ အခြေခံပြီး ပေးပါရစေ။

လန်ဒန်မြို့က အသေးစား စားသောက်ဆိုင်လေး တစ်ခုပေါ့။ ဒီစားသောက်ဆိုင်မှာ စားရဖို့ လပေါင်းများစွာ booking ကြိုတင်ရတယ်။ အနီးအနားမှာလဲ လူပေါင်းများစွာက cancel လေးများရှိခဲ့ရင် ဝင်စားနိုင်ဖို့ စောင့်နေကြတာပေါ့။ ဒီအခြေအနေမှာ စားသောက်ဆိုင်အနေနဲ့ သူတို့ရဲ့ ဝန်ဆောင်မှုပေးနိုင်စွမ်းထက် အများကြီး ပိုများနေတဲ့ Demand ကို လျှော့ဖို့ General Demarketing ကို သုံးရတော့မယ်။
ဥပမာ Reserve မလုပ်ထားတဲ့သူတွေကို တားဖို့ Door man ထားတာမျိုး၊ စျေးမြှင့်လိုက်တာမျိုးပေါ့။ (Skinner,2013) (Bradley & Blythe,2013)

တခြားပိုပြီး သိသာတဲ့ ဥပမာတွေဆိုရင် အရက်၊ စီးကရက်တွေကို tax တိုးကောက်ပြီး demand လျော့အောင် လုပ်တာမျိုးပေါ့။ ပြီးတော့ ရေနဲ့ လျှပ်စစ် အလွန်အကျွံသုံးစွဲတာကို တားမြစ်တာမျိုး။

(၂) Selective Demarketing

ဒီတစ်ခုကတော့ လုပ်ငန်းဟာ customer တစ်စုကိုပဲ ဦးတည်ပြီး demand လျှော့ချတာ။ General တုန်းကလို တစ်ခုလုံး မဟုတ်ဘဲ ကိုယ့်ရဲ့ offering နဲ့ မကိုက်ညီတဲ့ customer တွေကိုပဲ အဓိက ရည်ရွယ်တာပါ။ (Kotler & Levy, 1971) ဒီလိုလုပ်ခြင်းအားဖြင့် လုပ်ငန်းတွေဟာ ကိုယ့်ရဲ့ အဓိက customers တွေဆီကို ပိုပြီး ဦးတည်နိုင်ပါလိမ့်မယ်။

ဥပမာဆိုရင် Luxury Brand တွေဟာ product availability ကို လျှော့ချတာ၊ differential pricing စတဲ့ tools တွေ သုံးပြီး သူတို့ရဲ့ အဓိက customer မဟုတ်တဲ့သူတွေကို discourage လုပ်လိုက်တာမျိုးပေါ့။ (Fripp,n.d.)

Hermes ဆို limited ability ပေးထားတာမျိုးတွေနဲ့ ကိုယ့် target မဟုတ်တဲ့ customer တွေကို discourage လုပ်ထားတာမျိုးပေါ့။ (Li et al., 2025)

(၃) Ostensible Demarketing

ဒီတစ်ခုကတော့ ထူးခြားပါတယ်။ Demand လျှော့ချတဲ့ techniques တွေ သုံးပေမဲ့ တကယ်တမ်းတော့ Demand တက်သွားတာမျိုးပါ။

ဥပမာ

ကုမ္ပဏီမှာ ပစ္စည်းအနည်းငယ်ပဲ လက်ကျန်ရှိပါတော့တယ်လို့ ဆိုပြီး ရောင်းအားတက်စေတာမျိုး၊

New Cokeရဲ့ example က Ostensible Demarketing ရဲ့ ဥပမာကောင်း တစ်ခုပါ။ (Bradley & Blythe,2013, as cited in Alsamydai, 2015)
၁၉၈၅ ခုနှစ်မှာ Coca Cola ဟာ New Coke ကို စတင်မိတ်ဆက်ခဲ့ပြီး original Coca Cola ကို ဖယ်ရှားခဲ့တယ်။ customer တွေရဲ့ ပြင်းထန်တဲ့ တုံ့ပြန်မှုရခဲ့ပြီး Original Coke ရဲ့ demand ကလဲ တက်ခဲ့တယ်။

စာလဲ အတော်ရှည်နေပြီဆိုတော့ Demarketing ရဲ့ benefit တွေအကြောင်း ပြောရင်း နိဂုံးချုပ်ချင်ပါတယ်။

1. Exclusivity ကို ထိန်းသိမ်းပေးတယ်။ luxury brand တွေ အတွက်အရေးကြီးတဲ့ exclusivity ကို Demarketing က လုပ်ပေးပါတယ်။
2. Profit တက်စေတယ်။ low margin နဲ့ cost အရမ်းဖြစ်စေတဲ့ product တွေ ဘေးကနေ ဝေးစေတဲ့ အတွက် ပိုပြီး အကျိုးအမြတ် ရနိုင်တယ်။
3. Resources တွေကို ထိန်းသိမ်းပေးတယ်။ ဥပမာ ရေနဲ့ လျှပ်စစ် အလွန်အကျွံသုံးစွဲတာကို တားမြစ်တာမျိုး။
4. ကိုယ့်ရဲ့ target market ကို ပိုပြီး အာရုံစိုက်နိုင်လာတယ်။

ကဲ ဒီတပတ်မှာတော့ exam ရှိနေလို့ practice question တွေကို နောက်မှပဲ link ချပေးတော့မယ်နော်။

(Share လို့ရပါတယ်။ ကူးခွင့်မပြုပါ)

ဇင်ရဲနောင်

11/04/2026

Grey Market: The Hidden Challenge Behind Global Pricing

နာမည်ကြီး brand တွေရဲ့ ထုတ်ကုန်တွေကို authorized store တွေထက် ပိုပြီး သက်သာတဲ့ စျေးနဲ့ ရဖူးလား။

ပစ္စည်းချင်းအတူတူ အရည်အသွေးချင်း အတူတူ တခြားနိုင်ငံတစ်ခုမှာ ဝယ်ရတာက ပိုသက်သာတယ် ခံစားရဖူးလား။

ဒီတစ်ပတ်မှာတော့ “Grey Market” (Parallel import) အကြောင်း လေ့လာကြရအောင်ပါ။

Grey Market ဆိုတာက ဒီပစ္စည်း ဒီအရည်အသွေးကိုပဲ unauthorized channel တွေဆီက ဝယ်ယူနိုင်တဲ့ စျေးကွက် လို့ ပြောလို့ရပါတယ်။

(Grey Market ဟာ generally တရားမဝင် စျေးကွက် မဟုတ်ကြောင်း အရင်ရှင်းလင်းတင်ပြလိုပါတယ်။ တရားမဝင်စျေးကွက်ကို black market လို့ ရည်ညွှန်းလေ့ရှိပြီး တရားဝင်စျေးကွက်ကို white market လို့ ဆိုကြပါတယ်။ သူတို့နှစ်ခုကြားက ကောင်က grey လို့ဆိုလို့ရတာပေါ့။ ပစ္စည်းက တရားဝင်ပေမဲ့ ethical အရ concern တွေ ရှိနေသေးတယ်။)

ဘာလို့ စျေးနှုန်းတွေက ကွဲပြားရတာလဲ?

အကြောင်းအရင်းများစွာရှိတဲ့ထဲမှာ သီအိုရီ တွေနဲ့ ဆွေးနွေးသွားပါ့မယ်။

၁။ Price Discrimination

ကုမ္ပဏီတွေဟာ ပစ္စည်းတူ အရည်သွေးတူ product တွေကို စျေးကွက်ပေါ်မှာ မူတည်ပြီး စျေးအမျိုးမျိုး သတ်မှတ်လေ့ရှိကြပါတယ်။

ဥပမာ
အမေရိကန်နိုင်ငံအတွက် ဒေါ်လာ ၈၀၀ သတ်မှတ်ပြီး

မြန်မာပြည်အတွက် ဒေါ်လာ ၆၀၀ သတ်မှတ်တာမျိုး။

နိုင်ငံတစ်နိုင်ငံမှာ ရှိတဲ့ လူတွေရဲ့ income တွေ willing to pay တွေအပေါ် မူတည်ပြီး သတ်မှတ်တာပေါ့။

၂။ Cost

နိုင်ငံတစ်ခုနဲ့ တစ်ခုမှ ဘာလို့ စျေးတွေ မတူကြတာလဲဆို ကုန်ကျစားရိတ်လဲ မတူကြလို့ပါ။

ပစ္စည်းတွေ တင်ပို့ရောင်းချကြတဲ့အခါ အခွန်တွေ၊ သယ်ယူပို့ဆောင်စားရိတ်တွေ၊ exchange rate တွေ အများကြီး ထည့်သွင်း စဉ်းစားရပါတယ်။

၃။ Arbitrage Theory

စောနက ဥပမာအရဆို လူတွေဟာစျေးပိုသက်သာတဲ့ မြန်မာပြည်ကနေ ဝယ်ယူပြီး အမေရိကန်မှာ ၇၀၀ လောက်နဲ့ ပြန်ရောင်းတဲ့အခါ ကုမ္ပဏီရဲ့ အမေရိကန်ကိုယ်စားလှယ်တော်က ငါးပါးမှောက်တော့တာပေါ့။

ဒီလိုအကြောင်းအရာတွေဖြစ်လာတဲ့အခါ

(၁) Channel Conflict

ကုမ္ပဏီရဲ့ authorized seller တွေနဲ့ unauthorized seller တွေကြား ပြဿနာတွေ ဖြစ်လာပါတယ်။

ကုမ္ပဏီက သတ်မှတ်တဲ့ စျေးတွေထက် လျှော့ရောင်းကြတော့ ကုမ္ပဏီအနေနဲ့လဲ authorized seller တွေနဲ့ အတော်လေး စကားပြောရမဲ့ ကိန်းပါ။

(၂) Free Rider Problem

Authorized Seller တွေဟာ contract တွေ marketing တွေအတွက် ပိုက်ဆံတွေ အကုန်အကျခံနေရချိန် unauthorized seller တွေက ဒူးနံ့ပြီး အမြတ်ထိုင်ယူနေကြရုံပါပဲ။ မတရားဘူးပေါ့။

(၃) Customers

Customers တွေအနေနဲ့လဲ စျေးသက်သာနဲ့ ရတယ်ဆိုပေမဲ့ warranty problem / service problem တွေကြုံရနိုင်တယ်။

(၄) Company

Company အနေနဲ့လဲ customer ဆီက ယုံကြည်မှုကို လျော့သွားနိုင်တယ်။

ဘာလို့များ authorized seller တွေက စျေးပိုများသလဲ ဆိုတဲ့ မေးခွန်းတွေ တက်လာနိုင်တယ်။

ဒီလို Grey Market ရဲ့ ပြဿနာတွေကို ကုမ္ပဏီအနေနဲ့ ဘယ်လို နည်းလမ်းတွေနဲ့ ဖြေရှင်းကြမလဲ

(က) နိုင်ငံတွေကြားက Price Gap ကို နည်းနိုင်သမျှ နည်းအောင်ထားခြင်း

(ခ) authorized sellerနဲ့ ပတ်သက်ပြီး တွေကို အထူးတင်းကြပ်သတ်မှတ်ခြင်း

(ဂ) tracking system တစ်ခုထားရှိခြင်း

(ဃ) Warrantyနဲ့ပတ်သတ်ပြီး စည်းကမ်းသေချာချထားခြင်းနဲ့

(င) Product differentiation လုပ်ခြင်း (ပလက်ပေါက် ပုံစံတွေ မတူအောင်လုပ်တာ ဘာညာ) စသည်ဖြင့် ဖြေရှင်းလို့ရပါတယ်။

ကဲ ဒီတစ်ပတ်တော့ Grey Market အကြောင်း အတူလေ့လာခဲ့ပြီးပါပြီ။

အောက်မှာ Google form လေးမှာ ကိုယ့်ရဲ့ နားလည်မှုကို စစ်ဆေးနိုင်ပါတယ်။

(လွတ်လပ်စွာ share နိုင်ပါတယ်။ ကူးယူခွင့်မပြုပါ)

ဇင်ရဲနောင်

04/04/2026

Rethinking Imports and Their Economic Benefits

စီးပွါးရေးနဲ့ အကျွမ်းတဝင်မရှိခင်က စဉ်စားဖူးတယ်။

Export (ပို့ကုန်) ဆိုတာ ကိုယ့်နိုင်ငံမှာ ထုတ်လုပ်တဲ့ ပစ္စည်း ဒါမှမဟုတ် ကိုယ့်နိုင်ငံက ရင်းမြစ်ကို တခြားနိုင်ငံကို တင်ပို့တာ။ ကိုယ်က ပိုက်ဆံတွေ အများကြီးရတာပေါ့။

Import (သွင်းကုန်) ဆိုတာ တခြားနိုင်ငံက ထုတ်ကုန် ပစ္စည်း သို့မဟုတ် တခြားနိုင်ငံက ရင်းမြစ်ကို ပိုက်ဆံပေးပြီး ဝယ်ယူတင်သွင်းရတာ။

အနီးစပ်ဆုံး ဥပမာပေးရရင် ၂၀၂၅ ခုနှစ်မှာ ထိုင်းနိုင်ငံရဲ့ Export ဟာ ဒေါ်လာ 339.64 ဘီလီယံရှိခဲ့ပြီး Import ဟာ ဒေါ်လာ 344.94 ဘီလီယံတောင် ရှိခဲ့ပါတယ်။ (The Nation Thailand, 2026)

အဲ့တော့ ငါသာဆို Export ကို များများလုပ်ပြီး Import ကို နည်းနိုင်သမျှ နည်းအောင် ဒါမှ မဟုတ် လုံးဝ မသွင်းဘဲ ကိုယ့်ဘာသာ နိုင်ငံထဲမှာ ရအောင်ထုတ်မယ်လို့ တွေးခဲ့ဖူးပါတယ်။

Business ကျောင်းသားဖြစ်လာတဲ့အခါ ကျွန်တော် တွေးခဲ့ဖူးတာတွေက ဟိုးအရင်က ရှိခဲ့ပြီးသား (Mercantilism, Autarky) သီအိုရီတွေနဲ့ နီးစပ်နေတယ်။ ဒါပေမဲ့ Import (သွင်းကုန်) တွေရဲ့ အကျိုးကျေးဇူးကို သိလာရချိန်မှာ ကျွန်တော့်ရဲ့ အတွေးအခေါ်တွေဟာ ပြောင်းလဲလာခဲ့ပါတယ်။

(ဒီစာကို ရေးဖို့ Aj စုစရီရဲ့ သင်ကြားပြသမှုတွေဟာ အထူးအထောက်အကူပြုပါတယ်။ ဆရာမကို ကျေးဇူးအထူးတင်ပါတယ်။)

၁။ Comparative Advantage Theory(David Ricardo, 1817)အရ အကျိုးပြုခြင်း

Comparative Theory အရ နိုင်ငံတစ်နိုင်ငံဟာ တခြားနိုင်ငံတွေထက် opportunity cost နည်းနည်းနဲ့ ထုတ်လုပ်နိုင်တဲ့ ကုန်ပစ္စည်းမျိုးကို ထုတ်လုပ်ကြတယ်။ ပြီးတော့ တခြားနိုင်ငံကို တင်ပို့ရောင်းချကြတယ်။

ဒီလိုပဲ သူတို့ အဲ့သလို မထုတ်လုပ်နိုင်တဲ့ ကုန်ပစ္စည်းတွေကိုကျတော့ တခြားထုတ်လုပ်နိုင်တဲ့ နိုင်ငံတွေဆီက တင်သွင်းကြတယ်။

ဒီအခြေအနေမှာ ကျွန်တော်တို့ဟာ ကိုယ့်ဆီမှာ ဇွတ်အတင်းထုတ်လုပ်တာထက် တခြားနိုင်ငံက ထုတ်လုပ်တာကို တင်သွင်းတာက ပိုပြီး ကုန်ကျစားရိတ်အရရော efficiency အရရော အကျိုးရှိနိုင်တယ်။

၂။ Resource Limitation

Autarky သီအိုရီအရဆို နိုင်ငံတစ်နိုင်ငံဟာ တခြားနိုင်ငံနဲ့ Trade ကို မမှီခိုဘဲ (complete self-sufficiency) ကိုယ်တိုင် ဖူလုံဖို့လုပ်တယ် လို့ပြောထားပေမဲ့ လက်တွေ့မှာတော့ ဖြစ်နိုင်ဖို့ ခက်ခဲပါတယ်။ သဘာဝရင်းမြစ်တွေ၊ လူသားရင်းမြစ်တွေ၊ နည်းပညာပိုင်းဆိုင်ရာ ရင်းမြစ်တွေဟာ နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူညီကြပါဘူး။

တချို့နိုင်ငံတွေမှာ ရေနံတွေ သဘာဝဓာတ်ငွေ့တွေဟာ အလွန်ပေါကြွယ်ဝပေမဲ့ တချို့နိုင်ငံတွေမှာ မရှိရှာပါဘူး။

တချို့နိုင်ငံတွေဟာ လူသားရင်းမြစ်ပေါကြွယ်ဝပြီး လုပ်ခလစာ နည်းပါးတယ်။ တချို့နိုင်ငံတွေကျ လုပ်ခလစာ မြင့်မားတယ်။

တချို့နိုင်ငံတွေဟာ ပစ္စည်းတွေကို နည်းပညာမြင့်ထုတ်လုပ်နိုင်တယ်။ တချို့နိုင်ငံတွေက နည်းပညာအားနည်းတယ်။

Factor Endowment Theory (Heckscher-Ohlin Model) အရဆို နိုင်ငံတွေဟာ
သူတို့ဆီမှာ ပေါများတဲ့ resources တွေကို သုံးပြီးထုတ်နိုင်တဲ့ အရာတွေကို တင်ပို့ပြီး
သူတို့ဆီမှာ ထုတ်ဖို့ resources ရှားပါးတဲ့အရာတွေကိုတော့ တင်သွင်းကြတယ်။

ဒီလို ကိုယ်စီအားသာချက် အားနည်းချက်တွေ ရှိကြတဲ့အခါ ကိုယ့်အတွက် efficiency ရှိမဲ့ ပစ္စည်းတွေကို ထုတ်လုပ်ပြီး opportunity cost များမဲ့ ပစ္စည်းတွေကို တင်သွင်းတာက ပိုပြီး တွက်ချေကိုက်တယ်။

၃။ လူမှုဘဝပိုပြီး သက်သောင့်သက််သာ ရှိနိုင်တယ်

တင်သွင်းကုန်တွေကြောင့် ပြည်သူလူထုဟာ ပစ္စည်းကောင်းတွေကို ပိုပြီး စုံစုံလင်လင် သုံးခွင့်စွဲခွင့်ရတယ်။

US က နာမည်ကြီး brand တွေကို ကိုယ့်နိုင်ငံက shopping mall မှာ ဝယ်ယူလို့ရတယ်။

TV ထဲက ကိုရီးယားမင်းသား စားတဲ့ ခေါက်ဆွဲကို အနီးနားက Mall မှာ သွားဝယ်လို့ရမယ်။

ပိုပြီး ခေတ်မီ ပြည့်စုံတဲ့ life style ကို ရနိုင်တယ်။

၄။ စျေးကွက်ပြိုင်ဆိုင်မှုနဲ့ တီထွင်ဆန်းသစ်မှုပိုကောင်းစေတယ်။

နိုင်ငံတကာ brand တွေက ပစ္စည်းကောင်းတွေ အပြိုင်အဆိုင် တင်သွင်းကြတော့ consumer တွေမှာ ရွေးချယ်ခွင့် (power) ပိုပြီး ရနိုင်တယ််။ ဒီအခါ ပြည်တွင်းက ထုတ်လုပ်သူတွေကလဲ ယှဉ်ပြိုင်ဖို့ ပိုပြီး ကြိုးစားတီထွင်လာရင်း အရည်အသွေးရှိတဲ့ ပစ္စည်းတွေ ပိုပြီး ရှိလာနိုင်တယ်။

ဘယ်အရာမဆို အားနည်းချက် အားသာချက်ဆိုတာ ရှိစမြဲပါပဲ။ Import တွေရဲ့ အားနည်းချက်တွေကိုလဲ ဖော်ပြချင်ပါတယ်။

၁။ Pressure on Local Industries

နိုင်ငံခြားက ပစ္စည်းတွေ စျေးချိုချိုနဲ့ တင်သွင်းလာတဲ့အခါ ပြည်တွင်းက လုပ်ငန်းတွေအနေနဲ့ တုပြိုင်ပြီး ထုတ်ဖို့ ခက်ခဲတတ်ပါတယ်။ ဒီအခါ ပြည်တွင်း လုပ်ငန်းတွေအနေနဲ့ ဖျက်သိမ်းရတာမျိုးတွေရှိလာနိုင်ပြီး အလုပ်လက်မဲ့ပြဿနာတွေ ဖြစ်လာနိုင်တယ်။ ဒါကြောင့် အစိုးရအဖွဲ့အစည်းတွေက Tariff တွေ၊ Quotesတွေနဲ့ Rules တွေချမှတ်ပြီး ကာကွယ်ကြတာပေါ့။

၂။ Geopolitical Risk

နိုင်ငံတစ်န်ိုင်ငံဟာ တခြားနိုင်ငံတစ်ခုရဲ့ ရင်းမြစ်တင်ပို့မှုကိုသာ မှီခိုနေရရင် geopolitical risk တွေ ရှိလာနိုင်တယ်။
ဥပမာ ၂၀၂၂ ခုနှစ် ရုရှားက ယူကရိန်းကို ကျူးကျော်ရန်ရှာမှု ဖြစ်တော့ ဒီနိုင်ငံတွေရဲ့ import ကို မှီခိုနေရတဲ့နိုင်ငံတွေ ဒုက္ခရောက်ကုန်ကြတာပေါ့။

ဒီတော့ Import မရှိဘဲကျလဲ မဖြစ်နိုင်သလို import ကို မှီခိုလွန်းရင်လဲ အဆင်မပြေပြန်ပါဘူး။

ကောင်းကျိုးဆိုးပြစ် နှစ်ခုကို သေချာစွာမြင်တတ်မှ ပညာရပ်တစ်ခုကို သေချာသဘောပေါက်နားလည်မယ်ထင်ပါတယ်။

(လွတ်လပ်စွာ share နိုင်ပါသည်။ ကူးယူခွင့်မပြု)

ဇင်ရဲနောင်

အောက်မှာ Google form လေးနဲ့ assessment လေးဖြည့်ရင်း ကိုယ့်ရဲ့ နားလည် သဘောပေါက်မှုကို စစ်ဆေးနိုင်ပါတယ်။

28/03/2026

“Global Supply Chain Reconfiguration”

“လူတစ်ခု ပူမှုရယ်တဲ့ ဆယ်ကုဋေ” ဆိုသလို ဒီနေ့ခေတ် ကမ္ဘာကြီးမှာ ပြဿနာပေါင်းက စုံလင်လှပါတယ်။

လူသားတစ်ယောက်အနေနဲ့ တချို့ကိစ္စတွေက ကိုယ်နဲ့ အလှမ်းဝေးသလို ထင်ရပေမဲ့ စီးပွါးရေးကျောင်းသားတွေ (ဒါမှ မဟုတ််) စီးပွါးရေးကို စိတ်ဝင်စားသူတွေ အတွက်တော့ ဒီလို ပြဿနာတွေက အင်မတန်ကို အလေးထားစရာကောင်းလှပါတယ်။

သိသာထင်ရှားတဲ့ ပြဿနာတွေဆိုလို့ရှိရင်
- COVID 19 (2021)
- Russia Ukraine စစ်ပွဲ (2022) နဲ့
- ရာသီဥတုပြောင်းလဲမှုတွေ
- အရှေ့အလယ်ပိုင်းဒေသ ပြဿနာတွေ
- သမ္မတထရမ့်ရဲ့ ကုန်သွယ်ရေး မူဝါဒတွေ စတဲ့ စတဲ့ အကြောင်းပေါင်းစုံပေါ့။

ဒီလိုပြဿနာတွေကြောင့်ပဲ ကမ္ဘာ့စီးပွါးရေးလုပ်ငန်းတွေ၊ supply chain တွေဟာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရတော့တာပေါ့။ အရင်ကတော့ ကုန်ကျစားရိတ်သက်သာဖို့၊ efficiency ရှိဖို့ စဉ်းစားကြရာကနေ အခုတော့ “အကျိုးစီးပွါး လုံခြုံမှု” တို့ “risk တွေကနေ လဲရာက ပြန်ထနိုင်ဖို့ resilience” စတဲ့ ဦးတည်ချက်တွေကို ပြောင်းလာကြပြီ။ (Rise Expo, 2026)

ဒီနေ့မှာတော့ ကျွန်တော်က Global Supply Chain Reconfiguration နဲ့ ပတ်သက်ပြီး လူသိများတဲ့ Strategy သုံးခုနဲ့ မိတ်ဆက်ပေးပါရစေ။

(ဒီ topic ကို Business Next class မှာ ထိုင်ဝမ်က ဆရာမ AnAn Chiu သင်ကြားရာကနေ ကျွန်တော် စိတ်ပါဝင်စားလို့ ဆက်လေ့လာဖြစ်တဲ့ Topic ပါ။)

ကျွန်တော် ပြောပြချင်တဲ့ Strategy သုံးခုကတော့

1. Reshoring
2. Nearshoring
3. Friend-shoring တို့ပဲ ဖြစ်ပါတယ်။

၁။ Reshoring

Reshoring ဆိုတာ ကတော့ ကိုယ့်ရဲ့ production တွေ manufacturing တွေကို ကိုယ့်ရဲ့ အမိနိုင်ငံကို ပြန်လည်ရွှေ့ပြောင်း ထုတ်လုပ်ခြင်း ဖြစ်ပါတယ်။ (Kenton,2025)

Reshoring အကြောင်း မပြောခင် Offshore အကြောင်း အရင်ပြောပါရစေ။ တခါတလေမှာပေါ့ဗျာ။ ပစ္စည်းတွေကို ကိုယ့်နိုင်ငံမှာ မထုတ်ဘဲ သူများနိုင်ငံမှာ သွားထုတ်တာက အလုပ်သမားခတွေ၊ တခြားသော ကုန်ထုတ်လုပ်မှု စားရိတ်တွေကို ပိုပြီး သက်သာစေတယ်။ ဥပမာ အမေရိကန်နိုင်ငံက အထည်ချုပ်စက်ရုံက အမေရိကန်မှာ စက်ရုံထောင်တာနဲ့ မြန်မာပြည်လို နေရာမှာ စက်ရုံထောင်တာ ဘယ်ဟာက financial benefits ရမယ်ထင်ပါသလဲ။ သေချာတာကတော့ မြန်မာပြည်မှာက ပိုပြီး လုပ်ခလစာ သက်သာတယ်။ ဒါကြောင့် လုပ်ငန်းတွေက offshore ကြတယ်။

စောနက ပြောသလို ပြဿနာတွေ တက်ပါပြီရဲ့။ ဥပမာ မြန်မာနိုင်ငံရေးပြဿနာတွေ ဖြစ်ကြပါပြီရဲ့။ ဒုက္ခများရော မဟုတ်လား။

ဒီတော့ လုပ်ငန်းရှင်တွေအနေနဲ့ ဒီလိုမျိုး risk တွေ ပြဿနာတွေကနေ ကင်းလွတ်အောင် ကိုယ့်နိုင်ငံမှာကိုယ် ပြန်လည် ထုတ်လုပ်ဖို့ ရွေးချယ်လာကြတယ်။ ဒါကို Reshoring လို့ ခေါ်ပါတယ်။ ရွှေပြည်တော်ပြန်ကြတာပေါ့လေ :”)

ဥပမာပြောရရင် Apple company ဟာ မိခင် အမေရိကန်နိုင်ငံမှာ ရင်းနှီးမြှပ်နှံမှုကို လုပ်ဆောင်ဖို့ စီစဉ်လိုက်တာပါပဲ။ (6 August 2025) ဒေါ်နယ်ထရမ့်ရဲ့ tariff စနစ်တွေ၊ ပထဝီနိုင်ငံရေးအကြောင်းအရာတွေက အဓိက အရင်းခံပေါ့လေ။ (မှတ်ချက်။ ။ Just example!!)

Reshoring ရဲ့ မကောင်းတဲ့ အချက်ထဲမှာ
- လုပ်ခလစာ ပိုများနိုင်တာ
- စားရိတ်တွေ ပိုကုန်ကျနိုင်တာ
- စျေးနှုန်းတက်နိုင်တာ စတဲ့ အရာတွေ ဖြစ်နိုင်ပါတယ်။

၂။ Near Shoring

Nearshoring ဆိုတာကတော့ ကုမ္ပဏီရဲ့ operation တွေကို ကိုယ့်နိုင်ငံနဲ့ နီးတဲ့ နိုင်ငံတွေမှာ ရွှေ့ပြောင်းလုပ်ကိုင်ခြင်းဖြစ်ပါတယ်။

အကောင်းဆုံးဥပမာအနေနဲ့ဆို အမေရိကန်နိုင်ငံက စီးပွါးရေးတွေက အနီးအနားနိုင်ငံတွေဖြစ်တဲ့ မက္ကဆီကိုနဲ့ ကနေဒါကို ပြောင်းရွှေ့လုပ်ကိုင်ခြင်းပေါ့။

ဒီလိုပြောင်းရွှေ့ခြင်းဖြင့် အမေရိကန်company တွေဘက်က
- Speed မြန်မယ် (တခြားနိုင်ငံမှာ စက်ရုံသွားဆောက်ရင် သယ်ယူတဲ့ ရက်တွေ အများကြီးကြာတာထက် အနီးအနားနိုင်ငံဆိုတော့ ရက်တိုတိုနဲ့ ရောက်နိုင်တယ်)
- တချို့နိုင်ငံ (China) ထက်စာရင် Mexicoမှာက Tariff သက်သာ(မရှိ) နိုင်တယ် (USMCA agreement)
- အထူးသဖြင့် Timezone တူညီတာပေါ့။

ဒီလိုပဲ တဖက် Mexico ဘက်မှာလဲ
- Job opportunityတွေ တက်လာမယ်
- GDP တွေ တက်လာမယ်
- Infrastructure တွေ တိုးတက်လာမယ် စသည်ဖြင့်ပေါ့။

(၃) Friend shoring

Company တွေဟာ manufacturing နဲ့ sourcing တွေကို ပထဝီနိုင်ငံရေးအရ မဟာမိတ်ဖြစ်တဲ့ (သို့) အဆင်ပြေတဲ့ နိုင်ငံတွေဆီ ပြောင်းရွှေ့လုပ်ကိုင် ရယူကြတာ ဖြစ်ပါတယ်။
အထူးသဖြင့်တော့ နိုင်ငံချင်း ဖြစ်ကြတဲ့ Geopolitics risk တွေ ၊ Sanction, tariffs နဲ့ export control ကို ရှောင်ရှားချင်လို့ပါပဲ။

အကျိုးကျေးဇူးတွေကတော့
- supply chain မှာ resilience ကို ပိုပြီး တိုးတက်စေတယ်
- လုံခြုံစိတ်ချရမှု တိုးတက်စေတယ်
- Trade relation တွေ ပိုကောင်းစေတယ်
- Sanction တွေ tariff တွေ ရှောင်နိုင်တယ်

သို့ပေမဲ့
- Cost တွေ Regulation တွေ နဲ့ Culture ကိုတော့ သေချာစူးစမ်းရမယ်။ (DCL logistics, 2025)

ဥပမာဆို Apple company ဟာ တရုတ်နိုင်ငံမှာရှိတဲ့ production တချို့ကို US နဲ့ ပိုပြီး အလွမ်းသင့်တဲ့ India ကို ပြောင်းရွှေ့တာမျိုးပေါ့။ (Reuters, 2022)

ဒီနေ့မှာတော့ Global Supply Chain reconfiguration ထဲက Reshoring , Nearshoring နဲ့ Friendshoring အကြောင်း သိခဲ့ရပြီဆိုတော့ အောက်မှာ Quiz လေး တစ်ခု စီစဉ်ထားပါတယ်။ မိမိရဲ့ သဘောပေါက်နားလည်မှုကို စစ်ကြည့်လို့ရပါတယ်။

အနှစ်ချုပ်

၁။ Reshoring- အိမ်ပြန်တဲ့ပြီး စီးပွါးရေးလုပ်
၂။ Nearshoring - နီးနီးနားနား စီးပွါးရေးလုပ်
၃။ Friendshoring - ကိုယ်နဲ့ အဆင်ပြေတဲ့သူဆီ ရွှေ့ပြီး စီးပွါးရေးလုပ် (manufacturing and sourcing)

လွတ်လပ်စွာမျှဝေနိုင်ပါတယ်။ copy ကူးခြင်း ခွင့်မပြုပါ။

ဇင်ရဲနောင်

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง บริษัท สื่อ ใน Chiang Rai?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่

Chiang Rai
57100