AD - Secret Diary

AD - Secret Diary

แชร์

published 4 bestselling books 📚
Jan16 Capricorn ♑️

21/06/2026

လက်ရှိ ကိုယ့်ဘေးနားက သူငယ်ချင်းဟာ
Toxic friend ဟုတ် မဟုတ် သိဖို့လိုအပ်ပါတယ် 🥀

True Friend နဲ့ Toxic Friend ရဲ့ ကွာခြားမှုတွေကတော့

1. 🥀

True Friend တွေဟာ လူချင်းမတွေ့ရရင်တောင် သတိရတိုင်း သတိရတိုင်း ကိုယ့်ကို ဆက်သွယ်ပါတယ်။ ဘယ်လောက်ဝေးဝေး၊ ရင်ထဲအမြဲနီးနေတဲ့ သူငယ်ချင်းမျိုး ဖြစ်ပါတယ်။ သူလိုအပ်တိုင်း ကိုယ်ရှိသလို ကိုယ်လိုအပ်တိုင်း သူရှိနေတတ်ပါတယ်။

Toxic Friend တွေကတော့ လိုအပ်တဲ့အခါမှသာ ကိုယ့်ကို အဆက်အသွယ်လုပ်မှာဖြစ်ပြီး ကျန်တဲ့အချိန်တိုင်းမှာ ပျောက်ကွယ်နေမှာ ဖြစ်ပါတယ်။ ကိုယ်လိုအပ်တဲ့အချိန်မှာလည်း ဆက်သွယ်လို့မရသလို သူတို့က ကိုယ့်အကူအညီမလိုတဲ့အခါမှာလည်း ဆက်သွယ်လို့ရမှာ မဟုတ်ပါဘူး။

2. 🥀

True Friend တွေဟာ ကိုယ့်ရဲ့ ဖြစ်တည်မှု၊ အကြိုက်၊ မူရင်းပုံစံနဲ့ စိတ်သဘောထားတွေကို လက်ခံထားပြီးဖြစ်သလို သဘောလည်းကျပါတယ်။ မဖြစ်မနေ လိုအပ်တာလောက်သာ ပြုပြင်ဖို့ အကြံပေးပါတယ်။ ဒါကြောင့် သူတို့ရှေ့မှာ ဟန်ဆောင်မှုကင်းကင်းနဲ့ လွတ်လပ်စွာ နေနိုင်ပါတယ်။

Toxic Friend တွေကတော့ ကိုယ့်ကို ထိန်းချုပ်ချင်ကြပြီး ကိုယ့်ရဲ့ ဖြစ်တည်မှု၊ အကြိုက်၊ ပုံစံ၊ စိတ်သဘောထား အားလုံးကို သူတို့ဖြစ်စေချင်တဲ့အတိုင်း ပြောင်းလဲပစ်ချင်ကြပါတယ်။ မပြောင်းလဲနိုင်သရွေ့ စိတ်ဒုက္ခပေးတတ်ကြပါတယ်။ ဘာလို့လဲလို့ မေးမယ်ဆိုရင် "ကောင်းစေချင်လို့ပါ" လို့ ဖြေပြပါလိမ့်မယ်။

3. 🥀

True Friend တွေဟာ ကိုယ့်ရဲ့အောင်မြင်မှုတိုင်းကို ကိုယ်နဲ့ထပ်တူ ဝမ်းသာပျော်ရွှင်ပေးပါတယ်။ အောင်မြင်တဲ့အချိန်တိုင်းမှာလည်း သူတို့ရှိပါတယ်။ အောင်မြင်မှုတင် မဟုတ်ပါဘူး။ ကျရှုံးမှုဖြစ်လာတဲ့အခါလည်း အတူရှိပေးပြီး အားပေးတတ်ပါတယ်။

Toxic Friend တွေကတော့ ကိုယ့်ရဲ့အောင်မြင်မှု သေးသေးလေးကအစ မနာလို ဖြစ်တတ်ပါတယ်။ စိတ်လိုလက်ရ ဂုဏ်ပြုပေးနိုင်ခြင်း မရှိပါဘူး။ သိသိသာသာကို မကျေမနပ်ဖြစ်နေတတ်ပါတယ်။ အကယ်၍ ကျရှုံးခဲ့ရင်တော့ အားပေးကောင်း ပေးပါလိမ့်မယ်။ နောက်ကွယ်မှာတော့ အဝမ်းသာကြီး ဝမ်းသာနေတတ်သူတွေ ဖြစ်ပါတယ်။

4. 🥀

True Friend တွေဟာ ငြင်းခုန်စရာကိစ္စနဲ့ ကြုံလာလို့ ငြင်းကြမယ်ဆိုရင် အချိန်တစ်ခုရောက်တဲ့အခါ ဆွေးနွေးခြင်းဘက်ကို ပြောင်းလဲတတ်ကြပါတယ်။ ငြင်းခုန်မှုဟာ ပျော်ပျော်ရွှင်ရွှင်ပဲ ပြီးဆုံးသွားပြီး နှစ်ဦးသားလက်ခံနိုင်တဲ့ အဖြေလည်း ရရှိပါတယ်။

Toxic Friend တွေကတော့ အငြင်းသန်ပါတယ်။ သူတို့မှန်တဲ့အခါ မှန်ကြောင်းကို အသည်းအသန် သက်သေထူပြီး သူတို့မှားတဲ့အခါ အမှားကိုလက်မခံဘဲ ကိုယ်လက်လျော့တဲ့အထိ အချိန်ဘယ်လောက်ကြာကြာ ငြင်းခုန်တတ်ပါတယ်။ အနိုင်လိုချင်စိတ်ဟာ ကိစ္စသေးသေးလေးတွေမှာတောင် ကြီးစိုးနေတတ်သူတွေ ဖြစ်ပါတယ်။

5. 🥀

True Friend တွေဟာ ကိုယ်ပိုင်အချိန်ကို လေးစားမှုပေးပါတယ်။ လွမ်းတဲ့အခါတိုင်း မဖြစ်ဖြစ်အောင် တွေ့ကြပေမယ့် ကိုယ်မအားလပ်တဲ့အခါလည်း နားလည်ပေးပါတယ်။

Toxic Friend တွေကတော့ သူတို့ကိုယ့်ကို လိုအပ်နေတဲ့အခါ ကိုယ်အားလား၊ မအားဘူးလားဆိုတာကို ဂရုမစိုက်ဘဲ ကိုယ့်ရဲ့အချိန်တွေကို သူတို့နဲ့ ကုန်နေစေပါတယ်။ ကိုယ့်ကို မလိုအပ်နေဘူးဆိုရင်တော့ အကြာကြီး ပစ်ထားတတ်ပါတယ်။

6. 🥀

True Friend တွေဟာ ကိုယ့်မှာ တခြားသူငယ်ချင်းတွေ ရှိနေတဲ့အခါ လက်ခံပေးပါတယ်။ သူငယ်ချင်းရဲ့ သူငယ်ချင်းမို့ သူငယ်ချင်းတွေလို့ သတ်မှတ်နိုင်ပါတယ်။ သူငယ်ချင်းကိစ္စနဲ့ ပတ်သက်ရင် ကိုယ့်ကို အကျပ်အတည်းထဲရောက်အောင် မလုပ်ဘဲ နားလည်ပေးတတ်ပါတယ်။

Toxic Friend တွေကတော့ ကိုယ့်မှာ တခြားသူငယ်ချင်းရှိလာတဲ့အခါ လုံးဝ မကြည်ဖြူပါဘူး။ ဖြူစင်တဲ့ သဝန်တိုမှုမျိုး မဟုတ်ဘဲ ကိုယ်ဟာ သူ့အပိုင်ဖြစ်ရမယ်၊ သူတို့ကြိုးဆွဲရာပဲ က ရမယ်လို့ စိတ်ထဲ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

7. 🥀

True Friend တွေဟာ empathetic ဖြစ်ပါတယ်။ ကိုယ့်ကို နားလည်မှုတွေ ပေးနိုင်ပါတယ်။ မျှဝေခံစားပေးနိုင်ပါတယ်။ ကိုယ်က 100 နာကျင်နေရင် သူတို့က 50 ကို မျှပြီးခံစားပေးကာ အနာသက်သာစေပါတယ်။

Toxic Friend တွေကတော့ hurtful ဖြစ်ပါတယ်။ ကိုယ့်ကို နားမလည်ပေးနိုင်သလို အနာပေါ် ထပ်နာအောင် လုပ်တတ်ပါတယ်။ ကိုယ်က 100 နာကျင်နေရင် သူတို့က 200 ထိနာအောင် ပြုလုပ်တတ်ပါတယ်။

8. 🥀

True Friend တွေဟာ ကိုယ့်ကိုလေးစားမှုပေးသလို သူတို့ကိုယ် သူတို့လည်း လေးစားပါတယ်။ သည်းခံပေးပါတယ်။ ချစ်တာက ချစ်တာ သက်သက်၊ ထားရှိရမယ့် စည်းတွေ၊ ဘောင်တွေ ရှိတာက သက်သက် ဆိုတာကို နားလည်ကြပါတယ်။

Toxic Friend တွေကတော့ အချင်းချင်းလေးစားမှုဆိုတာ မရှိပါဘူး။ စိတ်ခံစားချက်တွေကို ခပ်မြန်မြန် ခပ်လွယ်လွယ် ထုတ်ပြတတ်ပါတယ်။ စည်းတွေ၊ ဘောင်တွေလည်း မရှိပါဘူး။ သူတို့နဲ့ ပတ်သက်မိတိုင်း စိတ်မော၊ လူမော ဖြစ်ရပါတယ်။

🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀

ဒီအချက်လေးတွေအရ လက်ရှိပေါင်းသင်းနေတဲ့သူဟာ
Toxic Friend ဖြစ်နေမှန်း သေချာပြီဆိုတာနဲ့
သူ့ကို လက်လွှတ်ရပါမယ်။ စွန့်ခွာရပါတယ်။
သူ့အစား ကိုယ့်ဘေးမှာ True Friend တွေ
ပိုပြီးရှိလာစေဖို့ ဂရုစိုက်ရပါမယ်။

ပိုအရေးကြီးတာက ကိုယ်ကိုယ်တိုင်ကလည်း
True Friend တစ်ဦးဖြစ်အောင် နေထိုင်တတ်ရပါမယ်။
သူများအပေါ် Toxic Friend မဖြစ်စေရပါဘူး။
အဲ့လိုနေထိုင်မှသာ ကိုယ့်ဘဝမှာ ပျော်ရွှင်အေးချမ်းမှုတွေ
ဆထက် ဆထက် တိုးပွါးလာမှာ ဖြစ်ပါတယ်။

မမေ့ပါနဲ့ …
ကိုယ့်ကိုယ်ကိုယ် ပိုချစ်နိုင်ဖို့
အဆိပ်ရှိတဲ့သံယောစဉ်တွေကို ဖြတ်တောက်ရမယ်နော်။

⚠️ စာစုများကို ကူးယူဖော်ပြခြင်း ခွင့်မပြုပါ ⚠️
လွတ်လပ်စွာ ဝေမျှနိုင်ပါသည်။
ယခုစာစုကတော့ thank u Ex စာအုပ်မှ ဖြစ်ပါတယ်။
ကျွန်တော့်ရဲ့ ထုတ်ဝေပြီးစာအုပ် ၅ အုပ်လုံးကို
chat box မှာ order မှာယူနိုင်ပါတယ်။

AD
June 21, 2022 (repost)

your secret friend
your smart guy

08/06/2026

ကိုယ့်ရဲ့ လက်ရှိ အချစ်ဆုံးသူငယ်ချင်းကို mention ခေါ်ပါ။
ဒီနေ့က အားလုံးအတွက် Best Friend Day နော်။

သူငယ်ချင်းဆိုတာ ကျွန်တော်တို့ဘဝအတွက်
အရေးပါတဲ့ လူသားတွေဖြစ်ပြီး
ကျွန်တော်တို့ဘဝကို ပုံဖော်ထုဆစ်တဲ့နေရာမှာ
အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။
ကျွန်တော့်ဘဝရဲ့ အတွေ့အကြုံတွေအရ
ဘဝအတွက် အကောင်းဆုံးသူငယ်ချင်းပုံစံ
၁၀ မျိုးရှိပါတယ်။

1. သစ္စာကြီးတဲ့ သူငယ်ချင်း
ကိုယ်နဲ့ စပြီးခင်မင်ကတည်းက အခုအထိ သစ္စာမပျက်တဲ့ သူငယ်ချင်းမျိုးက အကောင်းဆုံးသူငယ်ချင်းပါ။ မှားမှား၊ မှန်မှန် အမြဲတမ်း ကိုယ့်ဘက်မှာ ရပ်တည်ပေးတတ်တဲ့သူမျိုး၊ ကိုယ့်မကောင်းကြောင်းဆို ဘယ်တော့မှ မပြောတဲ့သူမျိုး၊ ကိုယ့်အပေါ် မပြောင်းမလဲ အမြဲခင်မင်တဲ့သူမျိုးတွေ ဖြစ်ပါတယ်။

2. စိတ်တူ ကိုယ်တူ ဝါသနာတူ သူငယ်ချင်း
ကိုယ်နဲ့ အကြိုက်တူ၊ စရိုက်တူ၊ ပုံစံတူတဲ့ သူငယ်ချင်းတွေကလည်း သူငယ်ချင်းကောင်းပါ။ ကိုယ့်အတွေးတွေက သူ့အတွေးတွေနဲ့ ထပ်တူကျနေတတ်တာ များပါတယ်။ သူနဲ့ကိုယ်နဲ့ကြားမှာ မတူညီတဲ့အချက် သိပ်မရှိပါဘူး။ ကိုယ့်စိတ်ကို နားလည်အပေးနိုင်ဆုံး သူငယ်ချင်းတွေလည်း ဖြစ်ပါတယ်။

3. အားပေးတတ်တဲ့ သူငယ်ချင်း
လူတိုင်းရဲ့ဘဝမှာ အဆင်မပြေတဲ့အခြေအနေတွေ အများကြီးရှိပါတယ်။ စိတ်ညစ်စရာကိစ္စတွေလည်း နေ့စဉ်နဲ့အမျှ ရှိကြတာပေါ့။ ဒီလိုအချိန်တွေမှာ အားပေးဖော်သူငယ်ချင်းတွေက အကောင်းဆုံးပါပဲ။ ကိုယ့်ရဲ့ ရင်ဖွင့်သံကို နားထောင်ပေးပြီး အခက်အခဲက ရုန်းထွက်နိုင်မယ့် အကြံဉာဏ်တွေ၊ စိတ်ခွန်အား ပြန်လည်ရရှိစေမယ့် အားပေးစကားတွေကို ပြောပြပေးနိုင်တဲ့ သူတွေဖြစ်ပါတယ်။

4. ဆရာလို သူငယ်ချင်း
ကိုယ့်ကို ဆုံးမသွန်သင်ပေးနိုင်ပြီး ကိုယ့်ရဲ့အားနည်းချက်၊ အားသာချက်တွေကို သေချာဖော်ထုတ်ပေးတတ်တဲ့ သူငယ်ချင်းမျိုးက ဆရာနဲ့တူတဲ့ သူငယ်ချင်းကောင်းတွေဖြစ်ပါတယ်။ ဗဟုသုတနဲ့ အတွေ့အကြုံတွေ ကြွယ်ဝပြီး ကိုယ့်အတွက် အကောင်းဆုံးအကြံဉာဏ်တွေပေးနိုင်လို့ သူတို့က အဖိုးတန်သူငယ်ချင်းကောင်းတွေ ဖြစ်ပါတယ်။

5. မျှဝေခံစားပေးတတ်တဲ့ သူငယ်ချင်း
ပျော်စရာပဲဖြစ်ဖြစ်၊ ဝမ်းနည်းစရာပဲဖြစ်ဖြစ် မျှဝေပေးတတ်တဲ့ သူငယ်ချင်းတွေကလည်း သူငယ်ချင်းကောင်း ဖြစ်ပါတယ်။ ကိုယ့်အပေါ် မနာလိုစိတ်၊ ဝန်တိုစိတ်၊ မကောင်းမြင်စိတ် ဘယ်တော့မှမရှိဘဲ ပျော်စရာဆို အတူပျော်တယ်၊ ငိုစရာဆို အတူငိုပေးတဲ့ သူငယ်ချင်းမျိုးပါ။

6. ရယ်ရတဲ့ သူငယ်ချင်း
သူနဲ့တွေ့တိုင်း ပါးစပ်မစေ့ ရယ်ရအောင် ဟာသတွေပြောတတ်တဲ့ သူငယ်ချင်းတွေကလည်း တကယ်ကို တန်ဖိုးရှိပါတယ်။ ရယ်စရာပြောတတ်တဲ့သူအများစုက ခင်မင်ရင်းနှီးဖို့ကောင်းပြီး မကောင်းမြင်စိတ်လည်း နည်းကြပါတယ်။ ကိုယ့်ကိုလည်း ပျော်စရာတွေပဲ အမြဲပေးတတ်ကြတဲ့ သူငယ်ချင်းကောင်းတွေ ဖြစ်ကြပါတယ်။

7. တိုင်ပင်ဖော် သူငယ်ချင်း
တစ်ခုခုဆို ပြေးပြီးတိုင်ပင်လို့ရတဲ့ သူငယ်ချင်းမျိုးကလည်း ဘဝမှာလိုအပ်ပါတယ်။ ကိုယ့်အနေနဲ့ ရွေးချယ်စရာတွေရှိလာတဲ့အခါ ပြတ်ပြတ်သားသားရွေးချယ်နိုင်အောင် အကြံပေးတတ်တဲ့ သူငယ်ချင်းတွေလည်း ဖြစ်ပါတယ်။ သူတို့က အချိန်တိုင်း ကိုယ့်အနားမှာ ရှိနေတတ်သူတွေပါ။

8. အိမ်နီးနားချင်း သူငယ်ချင်း
တစ်ချို့ကျတော့ သူငယ်ချင်းလည်းဟုတ်၊ အိမ်နီးနားချင်းဆိုလည်း ဟုတ်တယ်။ မိသားစုနှစ်ခုက ရင်းနှီးနေကြတယ်။ ကလေးဘဝကတည်းက အိမ်နီးနားချင်း သူငယ်ချင်းရှိရင် ပိုတောင်ကောင်းသေးတယ်။ အိမ်နီးနားချင်း သူငယ်ချင်းတိုင်းက မကောင်းကြပေမယ့် ကောင်းတဲ့သူဆိုရင်လည်း တကယ်ကို အဖိုးတန်ပါတယ်။

9. မကောင်းတဲ့လမ်းမရောက်အောင် တားနိုင်တဲ့ သူငယ်ချင်း
သူငယ်ချင်းဆိုတိုင်း ခင်နေရုံနဲ့မပြီးပါဘူး။ ကိုယ့်ကို မကောင်းတဲ့လမ်းကို မညွှန်ပြဖို့၊ ကိုယ့်က မကောင်းတဲ့လမ်းကို သွားနေရင်လည်း တားဖို့ လိုအပ်ပါတယ်။ မကောင်းမှုကို တားနိုင်တဲ့ သူငယ်ချင်းမျိုးရှိရင် ကိုယ့်ဘဝက အမြင့်ကိုရောက်ဖို့ အခွင့်အရေးများပါတယ်။ တန်ဖိုးရှိတဲ့ သူငယ်ချင်းမျိုး ဖြစ်ပါတယ်။

10. အကို၊ အမလို သူငယ်ချင်း
ကိုယ့်ကို အမြဲဂရုစိုက်ပေးပြီး အငယ်လိုဆက်ဆံတတ်တဲ့ အကို၊ အမလို သူငယ်ချင်းတွေလည်း ရှိပါတယ်။ ဘယ်အရာမဆို ကိုယ့်ကို ဦးစားပေးတယ်။ ကိုယ့်ဘက်ကပဲ အမြဲရပ်တည်ပေးတယ်။ သူတို့က ကိုယ့်ကို ဆူစရာရှိရင်လည်း အားမနာတမ်း ဆူတတ်ပါတယ်။

တချို့သူငယ်ချင်းတွေဆိုရင်
ဒီလိုအချက်တွေ တစ်ချက်ထက်မက ရှိပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်သူငယ်ချင်းက
ဒီအမျိုးအစား ၁၀ မျိုးထဲမှာ ပါဝင်နေတယ်ဆိုရင်
တန်ဖိုးထားပါ။ အကြာကြီးပေါင်းပါ။
Long-Time Friend ဒါမှမဟုတ်
Lifelong Best Friend ဖြစ်တဲ့အထိ ပေါင်းပါနော်။

ဒီနေ့ကတော့ Best Friend Day ဖြစ်ပါတယ်။
UK က အစပြုခဲ့တဲ့ national day တစ်ခုဟာ
နောက်ပိုင်း ကမ္ဘာအနှံ့ သတိပြုမိကြတဲ့ နေ့တစ်နေ့ ဖြစ်ခဲ့ပါတယ်။
နေ့စွဲအတွက် ထူးထူးခြားခြား ဘာမှတော့ မရှိပေမယ့်
သူငယ်ချင်းတွေအချင်းချင်း ဒီနေ့မှာ မဖြစ်မနေ
စာပို့၊ ဖုန်းဆက်ကြတာမျိုး လုပ်ကြပါတယ်။
ကျွန်တော်ကတော့ ဒီစာလေး အမှတ်တရ တင်ပေးပါတယ်။

အားလုံး Happy Best Friend Day ပါဗျ။

စာစုများကို ကူးယူဖော်ပြခြင်း ခွင့်မပြုပါ ⚠️
လွတ်လပ်စွာ ဝေမျှနိုင်ပါသည်။
ကျွန်တော့်ရဲ့ ထုတ်ဝေပြီးစာအုပ် ၅ အုပ်လုံးကို
chat box မှာ order မှာယူနိုင်ပါတယ်။

AD
June 08, 2021 (repost)

your secret friend
your smart guy

06/06/2026

လောကကြီးမှာ တစ်ခါလုပ်ပြီးသွားရင်
Undo ပြန်လုပ်လို့မရတဲ့
အရေးအကြီးဆုံးအရာ ၃ ခုရှိပါတယ်။

Undo ဆိုတာ ပြန်လည်ပြင်ဆင်ခြင်းဆိုတဲ့
computer function တစ်ခုပါ။
စာရေးမှားသွားရင် undo လုပ်ပြီး ပြန်ပြင်လို့ရတယ်။
ပုံဆွဲမှားသွားရင် undo လုပ်ပြီး ပြန်ပြင်လို့ရတယ်။

ဒါပေမယ့် လောကကြီးမှာ undo ပြန်လုပ်လို့မရတဲ့အရာ
တစ်ခါပြုလုပ်ပြီးသွားရင် ပြန်ပြင်လို့မရတဲ့အရာ
၃ ခု ရှိပါတယ်။
English poem တစ်ခုထဲက လေ့လာခဲ့ရတာဖြစ်ပြီး
ကျွန်တော်က reminder အနေနဲ့ share ပေးပါရစေ။

💬 Word after it’s said - စကား
စကားကျွံရင် နှုတ်မရဘူး ဆိုသလိုပါပဲ။ နှုတ်ဖျားက တစ်ချက်ထွက်လိုက်တဲ့ စကားဟာ ဘယ်လိုနည်းနဲ့မှ undo လို့ မရပါဘူး။ စကားဆိုတာ အရှိန်ပြင်းပါတယ်။ အင်အားကြီးပါတယ်။ လွှတ်ခနဲပြောမိတဲ့စကားတစ်ခွန်းဟာ တစ်ဖက်သူကို အင်မတန် နာကျင်ရစေတာ၊ သေမတတ် ခံစားရစေတာမျိုး ရှိပါတယ်။ ဒါကြောင့် မကောင်းတဲ့စကားတွေကို သေချာလေး ထိန်းရပါမယ်။ မပြောခင် စဉ်းစားတတ်တဲ့အကျင့်ကို မွေးရပါမယ်။

⏳ Time after it’s gone - အချိန်
အချိန်တွေဟာ ပြန်မရပါဘူး။ အချိန်တွေဟာ မစောင့်ပါဘူး။ သေချာတွေးကြည့်မယ်ဆို လူတွေဟာ အသက်ရှင်ရတာ အချိန် limit နဲ့ ဖြစ်ပါတယ်။ အချိန်ပြည့်တဲ့အခါ ဒီဘဝကနေ စွန့်ခွါရမှာပါ။ ဒါကြောင့် အချိန်ဟာ အသက်နဲ့ အတူတူပါပဲ။ အချိန်ဖြုန်းတာဟာ အသက်ကို ဖြုန်းတီးခြင်းပဲ ဖြစ်ပါတယ်။ အချိန်တွေကို တန်ဖိုးထားပါ။ အချိန်တွေကို လေးစားပါ။

🥀 Trust after it’s lost - ယုံကြည်မှု
ယုံကြည်မှုဟာလည်း တစ်ခါပျက်ပြယ်ပြီးရင် ပြန်မရနိုင်ပါဘူး။ တောင်းပန်လို့ ခွင့်လွှတ်ပြီးရင်တောင် 100% လုံးဝ ပြန်မရနိုင်ပါဘူး။ သူငယ်ချင်း friendship ၊ ချစ်သူရည်းစား relationship အားလုံးဟာ trust နဲ့ ဖွဲ့စည်းထားပါတယ်။ ဖောက်ပြန်တာ၊ သစ္စာဖောက်တာတွေ ဖြစ်လာတဲ့အခါ ခံရသူဟာ အဆုံးအစွန်နာကျင်ရပြီး trust ဟာလည်း ထာဝရ ပျက်စီးသွားပါလိမ့်မယ်။ စီးပွါးရေး၊ လူမှုရေးတွေဟာလည်း trust နဲ့ တည်ဆောက်ထားပါတယ်။ ကတိမတည်တဲ့သူ၊ လိမ်လည်တဲ့သူတွေဟာ စီးပွါးရေးရော၊ လူမှုရေးမှာပါ ကျဆုံးပါလိမ့်မယ်။ ယုံကြည်မှုတွေကို ကိုယ့်အတ္တ၊ ကိုယ့်လောဘတွေနဲ့ မဖျက်ဆီးကြပါနဲ့။

Undo ပြန်လုပ်လို့မရတဲ့ ဒီ ၃ ချက်ကို သတိရပြီး
လောကကြီးမှာ သတိနဲ့ ရှင်သန်ကြပါနော်။

⚠️ စာစုများကို ကူးယူဖော်ပြခြင်း ခွင့်မပြုပါ ⚠️
လွတ်လပ်စွာ ဝေမျှနိုင်ပါသည်။
ယခုစာစုကတော့ After 20 စာအုပ်မှ ဖြစ်ပါတယ်။
ကျွန်တော့်ရဲ့ ထုတ်ဝေပြီးစာအုပ် ၅ အုပ်လုံးကို
chat box မှာ order မှာယူနိုင်ပါတယ်။

AD
June 06, 2023 (repost)

your secret friend
your smart guy

05/06/2026

ကိုယ့်ကို စွန့်ပစ်ခဲ့တဲ့သူတွေကို အမှတ်ရှိပါ။

ကိုယ့်ကို အပိုလူတစ်ဦးလို ဆက်ဆံခဲ့တဲ့သူတွေကို အမှတ်ရှိပါ။

ကိုယ့်အတွက် အမြဲလိုလို အချိန်မရှိခဲ့တဲ့သူတွေကို အမှတ်ရှိပါ။

အကြောင်းပြချက်မရှိ ကိုယ့်ကို အဆက်ဖြတ်သွားတဲ့သူတွေကို အမှတ်ရှိပါ။

ခက်ခဲပင်ပန်းနေချိန် ကိုယ့်အနားမှာမရှိနေတော့ဘဲ ကိုယ်ရောင်ဖျောက်သွားခဲ့တဲ့သူတွေကို အမှတ်ရှိပါ။

သူတို့လိုအပ်လာတဲ့အခါမှ ကိုယ့်ရှေ့မှာ ပြန်ပေါ်လာခဲ့တဲ့သူတွေကို အမှတ်ရှိပါ။

ကိုယ့်အရှေ့မှာ အပြုံးနဲ့ချိုသာပြီး နောက်ကွယ်မှာ မကောင်းသတင်း အပုပ်ချခဲ့တဲ့သူတွေကို အမှတ်ရှိပါ။

ကိုယ့်ရဲ့အိပ်မက်တွေအတွက် အားပေးကူညီမယ့်အစား လှောင်ပြောင်၊ အထင်သေးခဲ့တဲ့သူတွေကို အမှတ်ရှိပါ။

ကိုယ့်ရဲ့ကြိုးစားမှုတွေအပေါ် မဟုတ်မှန်တဲ့အပြစ်တွေရှာပြီး ကဲ့ရဲ့ခဲ့တဲ့သူတွေကို အမှတ်ရှိပါ။

လူအများရှေ့မှာ ကိုယ့်အပေါ် အရှက်ခွဲခဲ့တဲ့သူတွေကို အမှတ်ရှိပါ။

သူတို့လုပ်ခဲ့တာတွေကို ပြောင်းပြန်လှန် ကိုယ့်အပေါ် အပြစ်ပုံချတဲ့သူတွေကို အမှတ်ရှိပါ။

ကိုယ်ရှိလို့ ရှိမှန်းမသိ၊ တန်ဖိုးထားမဆက်ဆံခဲ့တဲ့သူတွေကို အမှတ်ရှိပါ။

သူတို့လိုအင်အတွက် ကိုယ့်ကို အသုံးချခဲ့တဲ့သူတွေကို အမှတ်ရှိပါ။

ခြုံပြောရရင်တော့
ကိုယ့်အပေါ် တစ်နည်းတစ်ဖုံ နာကျင်စေခဲ့တဲ့သူတိုင်းကို
အမှတ်ရှိပါ။

အမှတ်ရှိတာဟာ
မုန်းတီးနေဖို့အတွက် မဟုတ်ဘူး။
လက်စားချေဖို့အတွက် မဟုတ်ဘူး။

ဘဝသင်ခန်းစာတွေကို မမေ့တဲ့သဘော ဖြစ်ပါတယ်။
လူတွေနဲ့ပတ်သက်ပြီး ဆင်တူ မနာကျင်စေဖို့ ဖြစ်ပါတယ်။
ကိုယ့်ဘဝဟာ သူတို့မရှိဘဲ ပိုကောင်းစေဖို့ ဖြစ်ပါတယ်။
ကိုယ့်နှလုံးသားတွေ သန်မာစေဖို့ ဖြစ်ပါတယ်။

ကိုယ်ဟာ ကိုယ့်ဘဝအတွက် Idol ဖြစ်လို့
လူတွေပေးတဲ့ နာကျင်မှုတွေကနေ
ပိုပြီး ရင့်ကျက်လာတဲ့ Idol
ပိုပြီး သန်မာလာတဲ့ Idol
ပိုပြီး အဆင်ပြေလာတဲ့ Idol ဖြစ်လာနိုင်ရပါမယ်။

အမှတ်ရှိနိုင်ပြီလား ???

⚠️ စာစုများကို ကူးယူဖော်ပြခြင်း ခွင့်မပြုပါ ⚠️
လွတ်လပ်စွာ ဝေမျှနိုင်ပါသည်။
ကျွန်တော့်ရဲ့ ထုတ်ဝေပြီးစာအုပ် ၅ အုပ်လုံးကို
chat box မှာ order မှာယူနိုင်ပါတယ်။

AD
May 24, 2025 (repost)

your secret friend
your smart guy

18/05/2026

စိတ်အကောင်းလွန်တာက ဘာနဲ့တူသလဲဆိုရင်
ကိုယ့်ကိုယ်ကိုမီးရှို့ပြီး သူများကို လင်းစေ နွေးစေတာနဲ့
တူပါတယ်။

သူများအတွက်ပဲ တွေးပြီး
ကိုယ့်ကိုယ်ကိုယ် မတွေးပေးတာ ဖြစ်ပါတယ်။
သူများ အဆင်ပြေဖို့အတွက်
ကိုယ့်ကိုယ်ကိုယ် ဒုက္ခပေးတာ ဖြစ်ပါတယ်။
စိတ်အကောင်းလွန်တယ်ဆိုတာ တကယ်တော့
Self-Love ကင်းမဲ့တာ ဖြစ်ပါတယ်။
လူဆိုတာ သူများကို ကောင်းပေးရမှာ ဖြစ်သလို
ကိုယ့်ကိုယ်ကိုယ်လည်း ကောင်းပေးရမယ် မဟုတ်ပါလား။

စိတ်အကောင်းလွန်တယ်ဆိုတာ

1. ခွင့်လွှတ်ပေးဖို့ သိပ်ကို လွယ်ကူပါတယ်။ လူတစ်ယောက်က ကိုယ့်ကို ထပ်ခါထပ်ခါ နာကျင်နေစေတာတောင် သူ့ကိုနားလည်ပေးနိုင်ပြီး တောင်းပန်တိုင်း ခွင့်လွှတ်ပေးနိုင်တာ ဖြစ်ပါတယ်။

2. လူတစ်ယောက်က ကိုယ့်ကို မချစ်တော့၊ မနှစ်သက်တော့တဲ့အတွက် အမှားမရှိတဲ့ ကိုယ့်အပေါ် သက်သက်ကြီး နာကျင်စေနေတာတောင် သူ့စိတ်ပြန်လည်လာစေဖို့ပဲ ကြိုးစားပါတယ်။

3. လူတစ်ယောက်က ကိုယ့်အပေါ် မကောင်းဘူးဆိုတာ သိသိနဲ့တောင် သူတို့တစ်နေ့ကောင်းလာမှာပဲလို့ ဇွတ်ယုံကြည်ပါတယ်။ သူစိတ်ကျေနပ်စေဖို့၊ အကောင်းမြင်လာစေဖို့ ကြိုးစားပါတယ်။

4. ကိုယ့်ရဲ့ပုံစံနဲ့ ဖြစ်တည်မှုတွေကို ကိုယ်တိုင် လက်မခံပေးဘဲ သူများလက်မခံဘူးဆိုတိုင်း ပြောင်းလဲတတ်ပါတယ်။ သူများရဲ့ဘောင်ထဲမှာပဲဝင်အောင် အပင်ပန်းခံ နေထိုင်တတ်ပါတယ်။

5. လူတစ်ယောက်ကြောင့် အဆင်မပြေဖြစ်နေလည်း သူ့ကို ကြိတ်မှိတ်သည်းခံပါတယ်။ အဆင်ပြေတာကို ထုတ်ပြောဖို့ နေနေသာသာ သူတို့စိတ်သက်သာရာရစေဖို့ "အဆင်ပြေပါတယ်" လို့တောင် လိမ်ပြောတတ်ပါသေးတယ်။

6. အဆင်မပြေတာတွေ၊ မကူညီနိုင်တာတွေဆို ငြင်းဖို့၊ No လုပ်ဖို့ ဘယ်တော့မှ မကြိုးစားပါဘူး။ ဘယ်သူက ဘာပဲတောင်းဆိုဆို Yes လုပ်ပါတယ်။ ကိုယ့်အတွက် ဘာပဲထိခိုက်သွားပါစေ Yes လုပ်ပါတယ်။

7. "တစ်ကိုယ်ကောင်းမဆန်ရဘူး" ဆိုတဲ့အသိကို ခေါင်းထဲအမြဲထည့်ထားပြီး "မိမိကိုယ်ကို ချစ်တတ်ခြင်း" ဆိုတဲ့အပိုင်းဟာ ပျောက်ဆုံးသွားပါတယ်။ သူများရဲ့စိတ်တွေအတိုင်း ကြိုးစားနေထိုင်ကာ ကိုယ့်ရဲ့အမှန်တရားတွေ ပျက်စီးသွားပါတယ်။

Being nice စိတ်ကောင်းတာဟာ
Being kind ကြင်နာတတ်တာဟာ
is good ကောင်းပါတယ်။

But ဒါပေမယ့်
being too nice စိတ်အကောင်းလွန်တာ
being too kind အကြင်နာလွန်တာကတော့
is totally not good လုံးဝ မကောင်းပါဘူးတဲ့။
ပညာရှိတွေတိုင်း ဒီလို ပြောခဲ့ကြပါတယ်။

လူ့လောကဆိုတာဟာ
အကောင်းအဆိုးမျှတရာနေရာ
အကျိုးအပြစ်မျှတရာနေရာ ဖြစ်ပါတယ်။

စိတ်ကောင်းထားတာ၊ ကြင်နာတတ်တာက
ဖြစ်သင့်ဖြစ်ထိုက်တယ် ဆိုပေမယ့်
အလွန်ဖြစ်လာတဲ့အခါ

ကိုယ်ဟာ တုံးအတဲ့သူတစ်ဦးလို့ သတ်မှတ်ခံရပါမယ်။
လူတွေရဲ့ အထင်အမြင်သေးခြင်းကို ခံစားရပါမယ်။
ကိုယ်ရသင့်တဲ့ respect တွေ မရရှိနိုင်ပါဘူး။
အကြိမ်ကြိမ် သစ္စာဖောက်ခံရနိုင်ပါတယ်။
မဆုံးရှုံးသင့်တာတွေ ဆုံးရှုံးရပါမယ်။
ဒီ့အပြင် အများကြီး ထိခိုက်ရပါဦးမယ်။

ကိုယ်ဟာ စိတ်အကောင်းလွန်နေတဲ့သူလား
ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ပါ။
ပြီးရင် balance ပြန်လုပ်ပါ။

Selfish တစ်ကိုယ်ကောင်းဆန်ခြင်းနဲ့
Self-Neglect ကိုယ့်ကိုယ်ကို ပစ်ပယ်ခြင်း
ဒီအစွန်းနှစ်ဖက်ရဲ့ အလယ်တည့်တည့်က
Self-Love ကိုယ့်ကိုယ်ကိုချစ်ခြင်းကို
ပြန်လည်ရှာဖွေကြည့်ပါ။

စိတ်ပုပ်စိတ်ယုတ်လည်း မထားနဲ့။
စိတ်ကောင်းလည်း မလွန်နဲ့။
Balance ဖြစ်စွာ ရှင်သန်ပါနော်။

⚠️ စာစုများကို ကူးယူဖော်ပြခြင်း ခွင့်မပြုပါ ⚠️
လွတ်လပ်စွာ ဝေမျှနိုင်ပါသည်။
ယခုစာစုကတော့ After 20 စာအုပ်မှ ဖြစ်ပါတယ်။
ကျွန်တော့်ရဲ့ ထုတ်ဝေပြီးစာအုပ် ၅ အုပ်လုံးကို
chat box မှာ order မှာယူနိုင်ပါတယ်။

AD
May 18, 2023 (repost)

your secret friend
your smart guy

14/05/2026

Long-Time Friend တစ်ယောက်လောက် ရှိပြီလား ?

ကျွန်တော်တို့ဘဝထဲကို
ဝင်လာတဲ့ သူငယ်ချင်းတွေ အများကြီးရှိသလို
ထွက်သွားတဲ့ သူငယ်ချင်းတွေလည်း ရှိပါတယ်။ ဘယ်လိုအကြောင်းမျိုးနဲ့ပဲ ထွက်သွား ထွက်သွားကိုယ့်ဆီမှာမရှိတော့ဘူးဆိုရင်တော့
ဒါဟာ ကိုယ့်သူငယ်ချင်းမဟုတ်တော့ပါဘူး။

တွေ့ ကြုံ ဆုံ ကွဲ လောကကြီးမှာ
တချို့သူငယ်ချင်းတွေဟာ
ကိုယ့်ဘဝထဲ ၅ နှစ်ထက်ပိုပြီး ရှိနေကြပါတယ်။
သူတို့တွေကို "Long-Time Friend" လို့ ခေါ်ပါတယ်။

လူတိုင်းမှာ မကောင်းတဲ့အချက်တွေ ရှိကြပါတယ်။
ကျွန်တော့်မှာလည်း ရှိသလို စာဖတ်သူတို့မှာလည်း ရှိပါတယ်။
အဲ့လို မကောင်းတဲ့အချက်တွေကို
တစ်ယောက်နဲ့တစ်ယောက် လက်ခံနိုင်တယ်ဆိုမှ
Long-Time Friendship တစ်ခု ဖြစ်လာမှာပါ။
Long-Time Friend တစ်ယောက်လောက်ပဲရှိရင်တောင်
ကျွန်တော်တို့ဘဝအတွက် အင်မတန် ကောင်းပါတယ်။

1. သူက ကိုယ့်အကြောင်းကို တစ်ခါတစ်လေမှာ ကိုယ့်ထက်တောင် ပိုသိနေတတ်ပါတယ်။

2. သူက မိသားစုဝင်တစ်ယောက်လို ဖြစ်နေပါတယ်။

3. ကိုယ့်မကောင်းကြောင်းကို ရည်ရွယ်ချက်ရှိရှိ ဘယ်တော့မှ ပြောမယ့်လူ မဟုတ်ပါဘူး။

4. ကိုယ်တကယ်နာကျင်နေတဲ့အခါ ဖြေသိမ့်ပေးနိုင်စွမ်း ရှိပါတယ်။

5. ကိုယ့်ကို ဆူပူနိုင်ပေမယ့် သေချာတာကတော့ ကောင်းစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဖြစ်ပါတယ်။

6. ကိုယ့်ရဲ့ ဖြစ်တည်မှုကိုပဲ သူက ခင်တွယ်ပါတယ်။

7. ကိုယ်နဲ့ သူနဲ့ဆုံတိုင်း ရယ်နေရတာ များပါတယ်။

8. ရန်ဖြစ်တတ်ပေမယ့် သိပ်မကြာခင် ပြန်အဆင်ပြေတတ်ပါတယ်။

9. နာအောင်စနောက်သည့်တိုင် ဘယ်တော့မှ စိတ်မဆိုးကြပါဘူး။

10. ကောင်းအတူ၊ ဆိုးအတူ အမြဲ အတူတူရှိခဲ့သူ ဖြစ်ပါတယ်။

တချို့လူတွေက သူငယ်ချင်းများလေ ကောင်းလေလို့ ထင်ကြတယ်။
ဒါဟာ လုံးဝအမှားပါ။
သူငယ်ချင်းဆိုတာ တစ်ယောက်ပဲရှိလည်း
ကိုယ့်အတွက် တကယ်ကို အဖိုးတန်တဲ့သူ၊
ကိုယ့်ကို positive effect ရစေနိုင်တဲ့သူပဲ ဖြစ်သင့်ပါတယ်။

အယောင်ဆောင်သူငယ်ချင်း ၁၀ ယောက်ထက်
Long-Time Friend တစ်ယောက်က
အဆပေါင်းများစွာ ပိုတန်ဖိုးကြီးပါတယ်။
သူငယ်ချင်းဆိုတာ Quantity အရေအတွက်ထက်
Quality အရည်အသွေးက အရေးကြီးတာကိုး။

Long-Time Friend ရဖို့ကလည်း တကယ်မလွယ်ကူပါဘူး။
ကိုယ့်အနားမှာ ၅ နှစ်ကျော်လောက် ရှိနေနိုင်ဖို့ဆိုတာ
ထင်သလောက် မရိုးရှင်းဘူး။
ပေါင်းသင်းလာရင်း အဆင်မပြေတဲ့အခါ
ကိုယ့်ဘဝထဲက ထွက်သွားကြတဲ့၊
ဒါမှမဟုတ် ကိုယ့်ဘဝထဲက ထုတ်လိုက်ရတဲ့
သူငယ်ချင်းတွေ ရှိပါတယ်။

ဒါကြောင့် အခုအချိန် ကျွန်တော်တို့မှာ
Long-Time Friend တစ်ဦးရှိနေတယ်ဆိုရင်
သူ့ကို တန်ဖိုးထားရပါမယ်။

ကျွန်တော်တို့ဘေးမှာ ၅ နှစ်ထက် မက
၁၀ နှစ်ကျော်တဲ့အထိ အတူရှိနေတဲ့သူငယ်ချင်းကိုတော့
Lifelong Best Friend လို့ ခေါ်ပါတယ်။

Long-Time Friend ရှိပြီလား။
Lifelong Best Friend ရော ရှိပြီလား။
ရှိတယ်ဆိုရင် အမှတ်တရဖြစ်အောင်
ဒီ post လေးမှာ mention ပြီး အသိပေးလိုက်ပါဦး။
တန်ဖိုးကြီးသူငယ်ချင်းအမျိုးအစားမို့
လူအများကြီး mention လို့တော့ မရဘူးနော်။

⚠️ စာစုများကို ကူးယူဖော်ပြခြင်း ခွင့်မပြုပါ ⚠️
လွတ်လပ်စွာ ဝေမျှနိုင်ပါသည်။
ယခုစာစုကတော့ thank u Ex စာအုပ်မှ ဖြစ်ပါတယ်။
ကျွန်တော့်ရဲ့ ထုတ်ဝေပြီးစာအုပ် ၅ အုပ်လုံးကို
chat box မှာ order မှာယူနိုင်ပါတယ်။

AD
May 14, 2020 (repost)

your secret friend
your smart guy

Photos from AD - Secret Diary's post 06/05/2026

The Devil Wears Prada

20/04/2026

Taken - ချစ်သူရှိဖို့လည်း မကြိုးစားပါနဲ့။
Single - တစ်ကိုယ်တည်းနေဖို့လည်း မကြိုးစားပါနဲ့။
Enjoy Life ဖြစ်ဖို့သာ ကြိုးစားပါ။
Enjoy Life ဖြစ်နေရင် ရပါပြီ။

ဆိုလိုချင်တာကတော့
ကိုယ်ဟာ ဘယ်လိုအခြေအနေမှာပဲရှိရှိ
ဘဝမှာ နေပျော်နေဖို့သာ လိုအပ်တယ် ဆိုတာပါပဲ။

ရည်းစားမရှိတဲ့ Single တစ်ဦးက
ရည်းစားရဖို့ ကြိုးစားနေစရာ မလိုပါဘူး။
တစ်ကိုယ်တည်းဘဝကို
အကောင်းဆုံး၊ အလှပဆုံး၊ အအောင်မြင်ဆုံး
ဖြတ်သန်းနိုင်ပါတယ်။
ချစ်ရတဲ့ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့
အထီးမကျန် ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ပါတယ်။
ကိုယ်ပိုင်စိတ်ကူး၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေနဲ့
လွတ်လွတ်လပ်လပ် ဖြတ်သန်းနိုင်ပါတယ်။

တစ်ကိုယ်တည်းနေတဲ့ Single တစ်ဦးဟာလည်း
Single ဘဝမှာ ပျော်နေတယ်ဆိုတိုင်း
ကိုယ့်ဆီရောက်လာတဲ့ အချစ်ရေးတိုင်းကို
ငြင်းပယ်နေစရာ မလိုပါဘူး။
ဒီလူကို ကိုယ်က ချစ်နိုင်တယ်ဆိုရင်
သူက ကိုယ့်အပေါ် ကောင်းနေတယ်ဆိုရင်
စမ်းတွဲကြည့်တာမျိုး ဖြစ်ခွင့်ရှိပါတယ်။
ကိုယ်က လုံးဝကို ချစ်သူမထားချင်တာဆိုရင်လည်း
ကြိုက်သလောက် ငြင်းပယ်ခွင့် ရှိပါတယ်။

ရည်းစားရှိပြီးသား Taken တစ်ဦးကတော့
ကိုယ့်ရည်းစားကြောင့် ပျော်ရွှင်ရဖို့ လိုပါတယ်။
တစ်ယောက်တည်းလည်း
အဆင်ပြေရမယ်၊ ပျော်ရွှင်ရမယ်၊ အောင်မြင်ရမယ်။
နှစ်ယောက်ဆိုရင်
ပိုအဆင်ပြေရမယ်၊ ပိုပျော်ရွှင်ရမယ်၊ ပိုအောင်မြင်ရမယ်။

ဒါပေမယ့်
ကိုယ့်အပေါ် မကောင်းတော့တဲ့ ရည်းစား
ကိုယ့်အပေါ် မချစ်တော့တဲ့ ရည်းစားကို
ကိုယ်က တွယ်ကပ်နေရင်း
ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေနဲ့ ကောင်းသော energy တွေကို
ဖြုန်းတီးနေလို့လည်း မရပါဘူး။
စွန့်လွှတ်သင့်တဲ့သူကို စွန့်လွှတ်ရပါမယ်။

အများကြီး မတွေးပါနဲ့။
လက်ရှိ ကိုယ့်ရဲ့ status ကို
ကိုယ်ကျေနပ်နေလား
ကိုယ်ပျော်ရွှင်ရသလား
ဒါပဲစဉ်းစားပေးပါ။

ကျေနပ်နေရတယ်၊ ပျော်ရွှင်နေရတယ် ဆိုရင်
Enjoy Life ဖြစ်တာပါပဲ။
Single ဖြစ်စေ၊ Taken ဖြစ်စေ၊
ကိုယ့်ဘဝကို ကိုယ်သာ ပိုင်ပါစေနော်။

⚠️ စာစုများကို ကူးယူဖော်ပြခြင်း ခွင့်မပြုပါ ⚠️
လွတ်လပ်စွာ ဝေမျှနိုင်ပါသည်။
ယခုစာစုကတော့ After 20 စာအုပ်မှ ဖြစ်ပါတယ်။
ကျွန်တော့်ရဲ့ ထုတ်ဝေပြီးစာအုပ် ၅ အုပ်လုံးကို
chat box မှာ order မှာယူနိုင်ပါတယ်။

AD
April 20, 2023 (repost)

your secret friend
your smart guy

31/03/2026

လူအများစုက ရုပ်ရည်အပေါ် ချစ်စိတ်ဖြစ်တယ်။
Aesthetisexual လို့ ခေါ်ပါတယ်။
ရုပ်ရည်လှပသူဟာ Face Card ရှိသူ ဖြစ်ပါတယ်။

လူတချို့ကတော့ ဉာဏ်ရည်အပေါ် ချစ်စိတ်ဖြစ်တယ်။
Sapiosexual တဲ့။
ဉာဏ်ရည်ကောင်းမွန်သူဟာ Brain Card ရှိသူ ဖြစ်ပါတယ်။

လူတချို့က စိတ်ထားနဲ့ စရိုက်အပေါ် ချစ်စိတ်ဖြစ်တယ်။
Demisexual လို့ ခေါ်ပါတယ်။
စိတ်ထားနဲ့ စရိုက်ကောင်းသူဟာ Personality Card ရှိသူပေါ့။

လူတချို့က ခန္ဓာကိုယ်အပေါ် ချစ်စိတ်ဖြစ်တယ်။
Physicosexual လို့ ခေါ်ပါတယ်။
ခန္ဓာကိုယ်လှပသူဟာ Body Card ရှိသူ ဖြစ်ပါတယ်။

လူတချို့က ငွေကြေးအပေါ် ချစ်စိတ်ဖြစ်တယ်။
Locosexual တဲ့။
ငွေကြေးချမ်းသာသူဟာ Money Card ရှိသူ ဖြစ်ပါတယ်။

လူတချို့က ပါဝါနဲ့ ဂုဏ်သိက္ခာအပေါ် ချစ်စိတ်ဖြစ်တယ်။
Powersexual လို့ ခေါ်ပါတယ်။
ပါဝါနဲ့ ဂုဏ်သိက္ခာကြီးမားသူဟာ Power Card ရှိသူပါ။

လူတချို့ကတော့ အရည်အသွေးအပေါ် ချစ်စိတ်ဖြစ်တယ်။
Skillsexual တဲ့။
အရည်အသွေးတစ်ခုခုရှိသူဟာ Talent Card ရှိသူ ဖြစ်ပါတယ်။

အရင်ဆုံး ဒါလေး ရွေးပေးပါ။

1. ကိုယ်ဟာ ဘာ sexual အပေါ် ချစ်စိတ်ဖြစ်တာလဲ။
၂ ခု ရွေးပေးပါ။

2. ကိုယ်ကရော ဘာ card ပိုင်ဆိုင်ထားတဲ့သူလဲ။
၂ ခု ရွေးပေးပါ။

လူတစ်ယောက်ရဲ့ အချစ်ကိုရဖို့ဆိုတာ
ကိုယ့်မှာ card တစ်ခုခု ရှိနေရင် ရပါတယ်။
ကိုယ့်ရဲ့ card နဲ့ သူ့ရဲ့ sexual နဲ့ ကိုက်ညီရင်
ချစ်လို့ရပါပြီ။

အချစ်တစ်ခု စတင်ဖို့အတွက် အားကောင်းတဲ့ကဒ်ဟာ
Face Card နဲ့ Body Card ဖြစ်ပါတယ်။
လူဆိုတာ အမြင်နဲ့ ချစ်စိတ်ဖြစ်တာ များတဲ့အတွက်
ရုပ်ချောတဲ့ Face Card ရှိသူတွေ၊
ခန္ဓာကိုယ်လှတဲ့ Body Card ရှိသူတွေဟာ
အချစ်ရေးတစ်ခု စတင်ဖို့ သူများထက် မြန်နိုင်ပါတယ်။

ဒါပေမယ့် ပြဿနာက အချစ်ရေး ရေရှည်တည်မြဲမှုပါ။
Face Card တစ်ခုတည်း ဖြစ်စေ၊
Body Card တစ်ခုတည်း ဖြစ်စေ၊
Face Card နဲ့ Body Card နှစ်ခု ဖြစ်စေ ပိုင်ဆိုင်ထားပေမယ့်
တခြား card တစ်ခုခု မရှိဘူးဆိုရင်
သူ့ရဲ့ အချစ်ရေးဟာ ရေရှည်မြဲမြံဖို့ ခက်ခဲပါလိမ့်မယ်။

အလှအပတွေဟာ ပျက်စီးတတ်တယ်။
မြင်တာကြာရင် ရိုးလာတတ်တယ်။
ဉာဏ်ကောင်းတဲ့ Brain Card ဖြစ်စေ၊
စရိုက်ကောင်းတဲ့ Personality Card ဖြစ်စေ၊
အရည်အချင်းရှိတဲ့ Talent Card ဖြစ်စေ
တစ်ခုခု ထပ်ပြီး ပိုင်ဆိုင်ထားကာမှ
အချစ်ရေးဟာ ရေရှည်မြဲမြံဖို့ ပိုသေချာပါတယ်။

Money Card နဲ့ Power Card ကတော့
ဒီမှာ ထည့်မဆွေးနွေးချင်ပါဘူး။
သူတို့က စစ်မှန်တဲ့အချစ်ရေးဆိုတာထက်
ငွေမက်လို့၊ ဂုဏ်မက်လို့ ရောက်လာတဲ့အချစ်ရေးတွေ
ပိုများနိုင်တဲ့ card တွေ ဖြစ်နေလို့ပါ။

ဒါဆို Face Card နဲ့ Body Card မရှိတဲ့သူတွေ ကျတော့ရော ?
သူတို့ကတော့ အချစ်ရေးတစ်ခုစတင်ဖို့ အချိန်ယူရမှာပါ။
Sapiosexual ၊ Demisexual နဲ့ Skillsexual ဖြစ်တဲ့သူဆိုတာ
မပေါများလှပါဘူး။

ဒါပေမယ့် ချစ်ပြီးရင် ရေရှည်မြဲမြံမှု ပိုရှိပါတယ်။
ဉာဏ်ကောင်းလို့ ချစ်တဲ့သူ၊
စရိုက်ကောင်းလို့ ချစ်တဲ့သူ၊
အရည်အသွေးကောင်းလို့ ချစ်တဲ့သူတွေဟာ
ကိုယ်အသက်ရှိသရွေ့ ပျက်စီးမလွယ်တာတွေကို ချစ်တာမို့
ရေရှည်တည်တံ့မြဲမြံရတာ ဖြစ်ပါတယ်။

Anyhow ကျွန်တော်ကတော့ card တွေ စုစေချင်တယ်။
အချစ်ရေးအတွက်ဆိုတာထက် ဘဝအတွက်ပါ။
Card များလေလေ၊ ဘဝက လှလေလေ၊
တစ်ခါတည်း အချစ်ရေး အားကောင်းလေလေ ဖြစ်ပါတယ်။

ရုပ်ချောတဲ့သူတွေက ခန္ဓာကိုယ်လှအောင်လုပ်၊
အရည်အချင်းတစ်ခုခု ဖြည့်စွက်ပြီး
Face Card + Body Card + Talent Card စုမလား။
စိတ်ထားနဲ့ စရိုက်ကို ကောင်းမွန်အောင်ထားပြီး
Face Card + Body Card + Personality Card စုမလား။

ဉာဏ်ကောင်းတဲ့သူတွေက စိတ်ကောင်းအောင်ထား၊
ငွေအများကြီးရှာဖွေပြီး
Brain Card + Personality Card + Money Card စုမလား။
အရည်အချင်းတွေ ပိုထုတ်ပြပြီး
Brain Card + Personality Card + Talent Card စုမလား။

ချမ်းသာပြီးသားသူတွေက
Money Card + Personality Card + Body Card စုမလား။
Money Card + Face Card + Power Card စုမလား။

အရည်အချင်းရှိပြီးသားသူတွေက
Talent Card + Brain Card + Money Card စုမလား။
Talent Card + Body Card + Power Card စုမလား။

Card တွေကို ၃ ခု၊ ၄ ခု ရသလောက် စုကြစေချင်ပါတယ်။
ဖြစ်လည်း ဖြစ်နိုင်ပါတယ်။
Card တွေ စုတယ်လို့ သဘောထားတာက moti လည်း ရစေတယ်။

ကိုယ်ဟာ ကိုယ့်ဘဝရဲ့ idol ပါပဲ။
Card တွေကို ရနိုင်သမျှ စုဆောင်းထားပြီး
အလှပဆုံးသော ဘဝနဲ့
အလှပဆုံးသော အချစ်ရေးကို
ကိုယ်တိုင် ရယူပိုင်ဆိုင်လိုက်ပါ။
ကျွန်တော်လည်း ကြိုးစားစုဆောင်းနေပါတယ်။

⚠️ စာစုများကို ကူးယူဖော်ပြခြင်း ခွင့်မပြုပါ ⚠️
လွတ်လပ်စွာ ဝေမျှနိုင်ပါသည်။
ကျွန်တော့်ရဲ့ ထုတ်ဝေပြီးစာအုပ် ၅ အုပ်လုံးကို
chat box မှာ order မှာယူနိုင်ပါတယ်။

AD
March 30, 2026

your secret friend
your smart guy

25/03/2026

သူငယ်ချင်းအရင်းကြီးလည်း မနာလိုဖြစ်တတ်တယ်။
လုပ်ဖော်ကိုင်ဖက်အချင်းချင်းလည်း မနာလိုဖြစ်တတ်တယ်။
နောက်ဆုံး မောင်နှမအရင်းတောင် မနာလိုဖြစ်တတ်ပါတယ်။

သူစိမ်းတစ်ဦးထက် ကိုယ့်အနားမှာရှိတဲ့သူက
ကိုယ့်အပေါ် မနာလိုဖို့ ရာခိုင်နှုန်း ပိုများတယ်။

ဘေးနားကလူ မနာလိုဖြစ်တဲ့အခါ သိပ်အန္တရာယ်များပါတယ်။
လူရင်းတစ်ဦးရဲ့ မနာလိုခြင်းက ထိခိုက်မှုလည်း ကြီးတတ်တယ်။

ပြီးတော့ မနာလိုခြင်းက stage နဲ့ ဒုက္ခပေးတတ်ပါတယ်။
အစကတော့ ဒီအတိုင်း မနာလိုတာပဲပေါ့။
ဒီလိုကနေ နောက်ကွယ်က တိုက်ခိုက်လာမယ်။
မဟုတ်တဲ့သတင်းတွေ ဖြန့်တာမျိုး၊
မကောင်းအတင်းတွေ သူများကို လိုက်ပြောတာမျိုး၊
ဂုန်းတိုက်တာ၊ သွေးခွဲတာမျိုးတွေ လုပ်နိုင်တယ်။
တဖြည်းဖြည်းနဲ့ သူ့ရဲ့မနာလိုစိတ်ဟာ ဖုံးဖိမရတော့တဲ့အခါ
ပေါ်တင်တိုက်ခိုက်တဲ့အထိ ဖြစ်လာနိုင်ပါတယ်။

လူရင်းဖြစ်တဲ့အတွက်
ကိုယ့်အချက်အလက်တွေဟာ သူ့ဆီမှာ အများကြီးရှိနေနိုင်တယ်။
ကိုယ့်အကြောင်း သူ့စကားတွေကို လူတိုင်းက ယုံနိုင်တယ်။
အစီအစဉ်တကျ အကွက်ချ ဒုက္ခပေးဖို့လည်း လွယ်ပါတယ်။

တကယ်တော့ မနာလိုစိတ်ဟာ
မွေးကတည်းက လူတိုင်းမှာ ပါလာပြီးသားပါ၊
သူဟာ လူ့သဘာဝ၊ လူ့ဗီဇ ဖြစ်တယ်။
ကျွန်တော်တို့အားလုံးမှာ မနာလိုစိတ်ရှိကြတာပါပဲ။

ဒါပေမယ့်
မိဘရဲ့ သွန်သင်ဆုံးမမှုတွေ ရှိတဲ့အခါ …
ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင် ကောင်းတဲ့အခါ …
ကိုယ့်မှာလည်း ကောင်းမွန်တဲ့စိတ်က ပိုများတဲ့အခါ …
ဆင်ခြင်တုံတရားတွေ ပြည့်နေတဲ့အခါ …
အဲ့ဒီလူဟာ မနာလိုတတ်တဲ့စိတ်ကို ချိုးနှိမ်ထားနိုင်ပါတယ်။
မနာလိုစိတ်ကနေ သူများကို ဒုက္ခမပေးမိအောင် နေနိုင်ပါတယ်။

Anyhow မနာလိုသူဟာ သူ့လမ်းသူ သွားပါလိမ့်မယ်။
မကောင်းတဲ့ စိတ်ဆိုးစိတ်ညစ်ကို ဖြစ်တည်စေတဲ့အတွက်
မကောင်းတဲ့ လမ်းဆိုးလမ်းမှားကို လျှောက်ရပါလိမ့်မယ်။
ဘဝရဲ့ ပူလောင်ခြင်းတွေ၊ အဆင်မပြေခြင်းတွေကို
တစ်နည်းမဟုတ်တစ်နည်း ပိုင်ဆိုင်ရပါလိမ့်မယ်။

သူများရဲ့ မနာလိုမှုတွေ၊ သူများရဲ့ တိုက်ခိုက်မှုတွေ ကြုံတိုင်း
စိတ်ပင်ပန်းခံနေစရာ မလိုပါဘူး။
သူ့ကြောင့် ကိုယ်ဒုက္ခရောက်ရလည်း ခဏပေါ့။
အချိန်တန်ရင် အမှန်တရားဆိုတာ ပေါ်ပါတယ်။
အချိန်တန်ရင် ကောင်းတဲ့သူဟာ ကောင်းကျိုးရပါတယ်။

ကိုယ်ချစ်ရတဲ့သူက ကိုယ့်အပေါ် မနာလိုတာ သိရလို့လည်း
စိတ်ဆင်းရဲနေစရာ မလိုပါဘူး။
မနာလိုသူကို ကိုယ်နားကရော၊ စိတ်ထဲကပါ ဖယ်ထုတ်ပါ။
သူ့ရဲ့ တိုက်ခိုက်မှုတွေကို ရင်ဆိုင်ပါ။
လိပ်ပြာသန့်သန့်နဲ့ ရှေ့ဆက်သွားပါ။

အောင်မြင်လာလေလေ၊ မနာလိုသူတွေများလာလေလေမို့
မနာလိုခြင်းတွေနဲ့ကြုံလာတိုင်း စိတ်ထဲမထားဘဲ
ကိုယ်လုပ်စရာရှိတာတွေကို ဆက်လုပ်ပါ။

Swifties တွေရဲ့ Idol Taylor Swift နဲ့
Katycats တွေရဲ့ Idol Katy Perry ပြောဖူးသလိုပေါ့။
မနာလိုသူတွေ ပစ်ပေါက်တဲ့ ကျောက်တုံးလေးတွေနဲ့
ရဲတိုက်ကြီးတောင် ဆောက်လို့ရသွားပြီတဲ့။

ကိုယ်ဟာလည်း ကိုယ့်ဘဝရဲ့ Idol ပါပဲ။
ကိုယ့်ကိုယ်ကို focus ထားရင်း
မနာလိုခြင်းတွေကို ကျော်လွှားပြီး
အောင်မြင်တဲ့သူများ ဖြစ်ကြရအောင်နော်။

⚠️ စာစုများကို ကူးယူဖော်ပြခြင်း ခွင့်မပြုပါ ⚠️
လွတ်လပ်စွာ ဝေမျှနိုင်ပါသည်။
ကျွန်တော့်ရဲ့ ထုတ်ဝေပြီးစာအုပ် ၅ အုပ်လုံးကို
chat box မှာ order မှာယူနိုင်ပါတယ်။

AD
March 25, 2026

your secret friend
your smart guy

ต้องการให้ธุรกิจของคุณ บุคคลสาธารณะ ขึ้นเป็นอันดับหนึ่ง บุคคลสาธารณะ ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่

Bangkok