The July Chapter

The July Chapter

Share

ဇူလိုင်ရဲ့ စာမျက်နှာများထက်ကစိတ်ကူးယဥ်ပုံပြင်ကမ္ဘာ

24/05/2026

အမုန်းရဲ့နောက်ကွယ်

​အပိုင်း ၆

​သူမ စိတ်တွေ အရမ်းကို နာကျင်နေခဲ့ရသည်။ ဤမျှ စိတ်ဒဏ်ရာ ပေးလွန်းလှသော ဤကျောင်းတော်ကြီးသို့ သူမ ဘယ်လိုမှ ဆက်ပြီး မတက်ချင်တော့ပါ။

​မြေကြီးပေါ်တွင် ပြန့်ကျဲနေသည့် ထမင်းဘူးလေးကို လိုက်ကောက်နေရင်း... သူမ၏ အမြင်အာရုံတို့သည် တဖြည်းဖြည်း ဝေဝါးလာခဲ့ပြီး မြေပြင်ပေါ်သို့ လဲကျသွားလေတော့သည်။

အသိစိတ် မပျောက်ခင် မိမိအနားသို့ အပြေးအလွှား တိုးကပ်လာသည့် ခြေသံအချို့ကို ဝေဝေဝါးဝါး ကြားလိုက်ရပြီးနောက်တွင်တော့... သူမ၏ ကမ္ဘာလေးသည် အမှောင်ကျသွားခဲ့ရရှာသည်။

​လဝန်းချို သတိရလာပြီးနောက် မျက်စိ ဖွင့်ဖွင့်ချင်း ပထမဦးဆုံး မြင်လိုက်ရသည်က... စိုးရိမ်ပူပန်စိတ်များဖြင့် ကြည့်နေရှာသည့် မေမေ့မျက်နှာလေး ဖြစ်သည်။ သူမ ရင်ထဲက ဝမ်းနည်းမှုများကို ဘယ်လိုမှ မထိန်းနိုင်တော့ဘဲ မေမေ့ကို အတင်းဖက်ကာ ငိုချပစ်လိုက်မိသည်။ ဒေါ်အိအိခင်ကလည်း သမီးလေးကို ရင်ခွင်ထဲ ထည့်ကာ ဖက်ပေးထားရင်း နှစ်သိမ့်ပေးနေရှာသည်။ ငိုလို့ဝသွားသည့် အချိန်ကျမှ လဝန်းချိုက ရှိုက်သံလေးဖြင့် အားငယ်စွာ ပြောရှာသည်။

​"မေမေ... သမီး... သမီး ကျောင်းမတက်ချင်တော့ဘူး... ဟင့်..."

​ဒေါ်အိအိခင် သမီးဖြစ်သူ၏ မျက်နှာလေးကို ဆွဲယူကာ ပါးပြင်ပေါ်က မျက်ရည်လေးတွေကို သုတ်ပေးရင်း...

​"ဘာလို့လဲ သမီးလေးရယ်... သမီး ဘာတွေများ ခံစားနေရလို့လဲ၊ ကျောင်းမှာ ဘာတွေ တွေ့ကြုံနေရလို့လဲဟင်"

​"သမီးကို... ကျောင်းပြောင်းပေးပါနော် မေမေ။ သမီး ကျောင်းကလူတွေနဲ့... အဆင်မပြေလို့ပါ"
​သမီးလေး၏ ကြောက်ရွံ့တုန်လှုပ်နေသည့် ပုံစံကို ကြည့်ပြီး ဒေါ်အိအိခင် ရင်ကွဲမတတ် ခံစားလိုက်ရသည်။

ထို့ကြောင့် နောက်ထပ် အတင်းအကျပ် မမေးမြန်းတော့ဘဲ သမီးလေး စိတ်ချမ်းသာဖို့ကသာ ပထမဖြစ်သည်မို့...

​"အင်းပါ... သမီးလေးရယ်၊ မေမေ သမီးလေး စိတ်ချမ်းသာအောင် လုပ်ပေးပါ့မယ်နော်" ဟုသာ ချော့မော့ရင်း ကတိပေးလိုက်ရတော့သည်။

​ပြိုလဲနေသည့် သမီးလေးကို ရင်ခွင်ထဲ ထည့်ထားရင်း ဒေါ်အိအိခင် ရင်ထဲ၌ နောင်တတရားတို့က တိုးဝင်ခံစားလာခဲ့ရသည်။

သူမ၏ သမီးလေးမှာ မိခင်ဖြစ်သူ ပျော်ရွှင်ဖို့အတွက်ဆိုလျှင် အရွယ်နှင့်မမျှအောင် သိတတ်လိမ္မာလွန်းလှသည့် ကလေးလေး ဖြစ်သည်။

သူမ နောက်အိမ်ထောင်ပြုမည် ဆိုစဉ်ကလည်း သမီးလေးသည် ဘာတစ်ခုမျှ မတားမြစ်ခဲ့ဘဲ အရာရာကို အမေ့သဘောအတိုင်း ခွင့်ပြုပေးခဲ့ရှာသည်။

​ထိုမျှ အဖိုးတန်ပြီး လိမ္မာသည့် သမီးလေးကိုမှ... မိမိက နောက်အိမ်ထောင်နှင့် အိမ်ထောင်သစ် အပူအပင်တွေကြားထဲ၌ ဂရုမစိုက်မိဘဲ ပစ်ထားမိသလို ဖြစ်ခဲ့ရသည်။

သမီးလေး ကျောင်းမှာ ဘယ်လိုအခြေအနေတွေ ကြုံခဲ့ရသလဲ၊ ဘယ်လောက်တောင် နာကျင်စရာကောင်းသည့် ကိစ္စမျိုးတွေ ကြုံတွေ့ခံစားနေရသည်ကို အမေတစ်ယောက်ဖြစ်ပြီး ဘာမှ ကြိုတင်မရိပ်မိ၊ မသိရှိခဲ့ရလေခြင်း...။

ရင်ခွင်ထဲက သမီးလေး၏ ကျောပြင်လေးကို ပွတ်သပ်ပေးရင်း ဒေါ်အိအိခင်၏ မျက်ရည်တို့သည်လည်း အဆက်မပြတ် ဆင်းသက်လာခဲ့ကာ ရင်ထဲတွင် နင့်နေအောင် ခံစားနေရတော့သည်။

​လဝန်းချို ကျောင်းပြောင်းသွားပြီး အချိန်ကာလများစွာ ကုန်လွန်ပြီးသည့်နောက်... အမွှာညီအစ်ကိုနှစ်ယောက်လုံးအတွက် ကျောင်းပညာရေး၏ အရေးကြီးဆုံး မှတ်တိုင်ဖြစ်သော တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုရမည့်အချိန်သို့ နီးကပ်စွာ ရောက်ရှိလာခဲ့ကြပြီ ဖြစ်သည်။

နှစ်ယောက်လုံးသည် မိမိတို့၏ ရည်မှန်းချက်ကိုယ်စီဖြင့် စာကို ကြိုးစားကြသည်။ ဖခင်ဖြစ်သူကလည်း သားနှစ်ယောက် ပညာရေးထူးချွန်အောင်မြင်စေရန်အတွက် အဖက်ဖက်က ပံ့ပိုးပေးခဲ့သည်။

​တစ်ဖက်တွင်လည်း... ဒေါ်အိအိခင်သည် လဝန်းချိုကို အရင်တစ်ခေါက်ကလို နာကျင်စရာ ဖြစ်ရပ်မျိုး၊ စိတ်ဒဏ်ရာမျိုး ထပ်မရစေရန်အတွက် အသေးစိတ်ကို သေသေချာချာ ဂရုစိုက် ကာစောင့်ကြည့်နေသည်။

အခြားတစ်ဖက်ကလည်းနေလင်းသိုက်တို့ ညီအစ်ကိုနှစ်ယောက် မိမိအပေါ် ကြည်ဖြူလာစေရန် စိတ်ရင်းအမှန်ဖြင့် မေတ္တာထားကာ အစစအရာရာ ကြိုးစားပြုစုပေးရှာသည်။

​အမွှာညီအစ်ကိုနှစ်ယောက်လုံးမှာ အိမ်သို့ စတင်ရောက်ရှိစကကဲ့သို့ သူမအပေါ် ရွဲ့တာ၊ နှောက်ယှက်တာမျိုးတွေ မလုပ်ကြတော့သော်လည်း၊ သူမ၏ မေတ္တာတွေကိုတော့ အသိအမှတ်မပြုသေးပေ။

အထူးသဖြင့် စာမေးပွဲနီးလာ၍ ညဉ့်နက်သန်းခေါင်အထိ စာကြည့်နေရသည့် ရက်များတွင် သူတို့ ညီအစ်ကိုနှစ်ယောက် အာဟာရဖြစ်စေမည့် အစားအစာများ စီမံပေးတတ်သည်။

​"သားလေးတို့... စာလုပ်ရတာ ပင်ပန်းနေပြီ၊ ဒါလေးစားလိုက်ဦးနော်။ ဒါလေး သောက်လိုက်ဦး..."
​သူမက စေတနာအပြည့်နှင့် အစားအသောက်များကို သေသေချာချာ ပြင်ဆင်ပြီး အခန်းထဲအထိ ကိုယ်တိုင်လာပို့ပေးသော်လည်း... သူတို့ ညီအစ်ကိုဆီကနေ အဖက်လုပ်ကာ စကားပြောခြင်းကိုမူ မခံရရှာချေ။

ဘယ်လောက်ပဲ စိတ်ရင်းနှင့် လုပ်ပေးပါစေ အသိအမှတ်ပြုမခံရချေ။

​ဆယ်တန်းစာမေးပွဲကြီး ပြီးဆုံး၍ ရလဒ်များ ထွက်ပေါ်လာချိန်တွင်တော့ တစ်အိမ်လုံး ဝမ်းသာစရာဖြစ်ပေါ်ခဲ့လေသည်။

နေလင်းသိုက်နှင့် နေမင်းသိုက် ညီအစ်ကိုနှစ်ယောက်လုံး ဂုဏ်ထူးများဖြင့် ထူးထူးချွန်ချွန် အောင်မြင်ခဲ့ကြသည်။ နေလင်းသိုက်က ဂုဏ်ထူး ၅ ဘာသာဖြင့် အောင်မြင်ခဲ့ပြီး၊ နေမင်းသိုက်ကတော့ တစ်မိသားစုလုံး ဂုဏ်ယူရလောက်အောင် ဂုဏ်ထူး ၆ ဘာသာ ဖြင့် ထိပ်တန်းက အောင်မြင်ခဲ့လေသည်။
​အစ်ကိုဖြစ်သူ နေလင်းသိုက်သည် စီးပွားရေးလောကကို စိတ်ဝင်စားသူ ဖြစ်သည်။ သူသည် နောင်တစ်ချိန်တွင် ဖခင်ဖြစ်သူ၏ စီးပွားရေးလုပ်ငန်းကို လွှဲပြောင်းလုပ်ကိုင်ရန် ရည်ရွယ်ချက်ရှိသည်။

ထို့ကြောင့် နိုင်ငံခြားသို့ သွားရောက်ကာ စီးပွားရေးပညာရပ်များကို အဆင့်မြင့်မြင့် ဆက်လက်သင်ယူရန် ဆုံးဖြတ်လိုက်တော့သည်။

ဂုဏ်ထူး ၆ ဘာသာ ရရှိခဲ့သည့် နေမင်းသိုက်ကမူ စီးပွားရေးကို စိတ်မဝင်စားဘဲ ဆေးတက္ကသိုလ်သို့ တက်ရောက်ရန် ဆုံးဖြတ်ချက်ချလိုက်တော့သည်။ သူသည် တဇွတ်ထိုးဆန်တတ်ပြီး ဘုဘောက်ပြောတတ်သော်လည်း ဆေးကုသပေးရခြင်းကိုမူ အလွန်ဝါသနာပါလှသူ ဖြစ်သည်။

​သူတို့ ညီအစ်ကိုနှစ်ယောက်လုံးသည် မိမိတို့ စိတ်ကြိုက်ရွေးချယ်ခဲ့သည့် လမ်းအတိုင်း ဆက်လက်လျှောက်လှမ်းခဲ့ကြရာမှ......

​ယခုဆိုလျှင်... နေလင်းသိုက် နိုင်ငံခြားသို့ ထွက်ခွာသွားခဲ့သည်မှာ ၃ နှစ်တိုင်တိုင် ရှိခဲ့လေပြီ။

နေမင်းသိုက်သည်လည်း ဆေးတက္ကသိုလ်တွင် ပညာသင်ကြားရင်း ထူးချွန်ထက်မြက်သည့် ဆေးကျောင်းသားကြီး တစ်ဦး ဖြစ်နေခဲ့ပြီဖြစ်သည်။ လဝန်းချိုသည်ပင် ဆယ်တန်းနှစ်သို့ ရောက်ရှိလို့လာခဲ့လေပြီ။

​ထို ၃ နှစ်တာ ကာလအတွင်း နေမင်းသိုက် မှာ ဒေါ်အိအိခင်အပေါ်တွင်တော့ အရင်အတိုင်းပင် အေးစက်စက် သာနေသော်လည်း... ၊ လဝန်းချိုကိုမူ အနည်းနဲ့အများ ခေါ်ပြောဆက်ဆံတတ်လာသည်။

အမှန်တော့... သူ၏ ရင်ထဲတွင် နောင်တရနေခဲ့သည့် အတိတ်က ကိစ္စတစ်ခု ရှိခဲ့သည်။

​တစ်ကျောင်းလုံး ဝိုင်းပယ်ခြင်း ခံခဲ့ရသည့် ထိုနာရီပျောက်မှု ကိစ္စတွင်လည်း လဝန်းချို လုံးဝခိုးယူမည် မဟုတ်မှန်း သူကောင်းကောင်းကြီး သိနေခဲ့သည်။

​လဝန်းချို ကျောင်းပြောင်းမသွားခင် နောက်ဆုံးရက်၌ သူမ၏ မျက်ရည်များကို မြင်တွေ့ခဲ့ရပါလျက်နှင့်... သူကိုယ်တိုင် လျစ်လျူရှုကာ ကျောခိုင်းခဲ့မိသည့်အတွက် ရင်ထဲ၌ အမြဲတစေ စိတ်မကောင်းဖြစ်လျက် အပြစ်မကင်းသလို ခံစားခဲ့ရသည်။

ထို့ကြောင့်ပင် လဝန်းချိုအပေါ် အလိုလို ကြည်ဖြူပေးလာခဲ့သည်။သို့သော် လွယ်လွယ် ကြည်ဖြူပေးခဲ့သည် တော့မဟုတ်။

​လဝန်းချိုကလည်း အရာရာကို အလိုက်တသိဖြင့် အောက်ကျခံ နေထိုင်ခဲ့ရှာသည်။ သူမကို ဘာပဲခိုင်းခိုင်း စိတ်ပါလက်ပါ လုပ်ပေးခဲ့သည့် သူမ၏ လိမ္မာသိတတ်မှုများက ခေါင်းမာလှပါသည်ဆိုသော သူ၏ စိတ်ကို တဖြည်းဖြည်း အရည်ပျော်ကျစေခဲ့သည်။

သူမဘက်က စာမေးစရာရှိလို့ လာမေးလျှင်တော့ ဘုဘောက်ပြန်ပြောတတ်သော်လည်း မေးသမျှကိုတော့ သေချာရှင်းပြတတ်သည်။

​တစ်ရက်တွင်တော့... လဝန်းချိုတစ်ယောက် အဖြေမရှာတတ်တော့သည့် ပုစ္ဆာတစ်ပုဒ်ကို မေးမြန်းရန်အတွက် စာကြည့်နေသည့် ကိုငယ်အနားသို့ သွားလိုက်သည်။

သူမ ကိုလင်းအကြောင်းကိုလည်း မေးချင်နေတာကြောင့် စာအုပ်ကို ပိုက်ရင်းလှမ်းခေါ်လိုက်မိသည်။

​"ကိုငယ်..."

​"ဘာလဲ..."

​ကိုငယ်က ထိုင်နေရာကနေ စိတ်မရှည်တဲ့လေသံနဲ့ ထူးသည်။

​"လဝန်း ဒါလေး မေးချင်လို့..."

​ထိုအခါမှ ကိုငယ်က နာရီကို တစ်ချက်ကြည့်ရင်း အလိုမကျသလို ပြောတော့သည်။

​"မြန်မြန်မေး၊ ငါ မအားဘူး... သွားစရာရှိ တယ်"

မအားဘူးဟု အကြောင်းပြချက်တွေ ပေးနေသော်လည်း... လဝန်းချို မေးလာသမျှကိုတော့ သေသေချာချာ ရှင်းပြပေးရှာသည်။

လဝန်းချိုက ကိုငယ် ရှင်းပြတာကို သေချာနားထောင်ပြီးမှ ရင်ထဲက မေးချင်နေတဲ့ မေးခွန်းကိုပါ မေးလိုက်သည်။

​"ဟိုလေ... ကိုငယ်... ကိုလင်းဆီကော ဖုန်းရသေးလားဟင်၊ သူ နေကောင်းရဲ့လား"

​လဝန်းချိုရဲ့ အမေးကြောင့် ကိုငယ်က စာအုပ်ကို ပြန်ပိတ်လိုက်ရင်း...

​"ဟိုတစ်ပတ်ကတော့ ဖုန်းလာသေးတယ်၊ သူ နေကောင်းပါတယ်။ နင်က ဘာလို့ ငါ့အစ်ကိုအကြောင်း မေးနေတာလဲ... လဝန်းချို"

​"မဟုတ်ပါဘူး ကိုငယ်ရဲ့၊ လဝန်းက နေကောင်းရဲ့လား သိချင်ရုံတင်ပါ..."

​" ဘာလဲ နင်က စာမလုပ်ချင်လို့ တခြားစကားတွေ လျှောက်ပြောပြီး အချိန်ဆွဲနေတာမလား။ စာကိုပဲ အာရုံစိုက်စမ်း... ငါ အပြင်သွားတော့မယ်"

​ကိုငယ်က စာအုပ်ကို ချပေးပြီး အပြင်သွားရန် ထထွက်သွားလေတော့သည်။

အမှန်တော့... ကိုလင်း နိုင်ငံခြားသို့ ကျောင်းသွားတက်မည်ဆိုစဉ်က လဝန်းချို အများကြီး ဝမ်းနည်းခဲ့ရဖူးသည်။

ဒီအိမ်အသစ်ကြီးသို့ စတင်ရောက်ရှိစကတည်းက... ကိုလင်းမှာ သူမအပေါ် နွေးထွေးစွာ ဆက်ဆံပေးခဲ့သည်လေ။

ကိုလင်း နိုင်ငံခြားရောက်သွားပြီးနောက်တွင်လည်း သူမအနေဖြင့် ကိုလင်းနှင့် တိုက်ရိုက်အဆက်အသွယ်လုပ်ရန် အခွင့်အရေးမရှိခဲ့ချေ။ ကိုလင်းဆီက ဖုန်းလာလျှင်လည်း ကိုငယ် သို့မဟုတ် လူကြီးများနှင့်သာ ပြောဖြစ်ကြသည်မို့ လဝန်းချိုမှာ အဝေးကနေသာ သတိရခြင်းများစွာဖြင့် ကြားသိနေရရှာသည်။

​သို့သော်လည်း အန်ကယ်ဦးနေရောင်ရဲ့ "လဝန်းချိုရော... အဆင်ပြေရဲ့လား" ဟု သူမအကြောင်းကို သတိတရ မေးမြန်းတတ်သည်ဟူသော စကားလေးတစ်ခွန်းကပင်... လဝန်းချို၏စိတ်ကို ကျေနပ် စေခဲ့ရသည်။

​ကိုငယ်ကလည်း သူမအပေါ် အရင်ကလိုမဟုတ်တော့ လူမြင်ရင် မျက်နှာတင်းတင်းနဲ့ ဘုဘောက်ပြောတတ်ဆဲဖြစ်သော်လည်း ဒီ ၃ နှစ်တာ ကာလအတွင်း သူမအပေါ် ပြောဆိုဆက်ဆံတာ လေးတွေကတော့ အတော်လေးကို ပြောင်းလဲလာခဲ့ရှာပြီ ဖြစ်သည်။

ထိုပြောင်းလဲမှုလေးကပင် လဝန်းချိုအတွက်တော့ ပျော်ရွှင်စရာလေး ဖြစ်နေခဲ့ရလေတော့သည်။

ဆက်ရန်

22/05/2026

#အချစ်ရှာပုံတော်
#ဒီပါယံ+ခြူးနွယ်

21/05/2026

❤️‍🩹 အမုန်းရဲ့နောက်ကွယ်❤️‍🩹

​အပိုင်း ၅

​ကျောင်းတက်ခါစ အစပိုင်းရက်တွေမှာတော့ လဝန်းချို သူငယ်ချင်းအသစ်တွေ ရလာတာကြောင့် ပျော်ရွှင်ခဲ့ရ ပါသည်။

သို့သော်လည်း သူမ ဘဝမှာ ဘယ်တော့မှ ပြန်မမှတ်မိချင်လောက်အောင် စိတ်ဒဏ်ရာရစေမည့် နာကျင်ကြေကွဲစရာ ဖြစ်ရပ်ဆိုးကြီးတစ်ခုက သူမကို စောင့်ကြိုနေခဲ့လေသည်။

​ကျောင်းဖွင့်ရက်တစ်ရက်တွင်... နေ့လည်စာစားချိန်ပြီး၍ အတန်းပြန်တက်ခါနီးအချိန်ဆူညံသံများနှင့်အတူ အတန်းထဲက ကျောင်းသူ ဖြူနှင်းမိုး၏ ထိတ်လန့်တကြား အော်ဟစ်သံကြီး ထွက်ပေါ်လာခဲ့သည်။

​"ဟာ... ငါ့လက်ပတ်နာရီလေး ပျောက်သွားပြီ။ အဖေ နိုင်ငံခြားကပြန်လာတုန်းက ဝယ်ပေးထားတာ... နာရီက အကောင်းစားကြီး။ အိတ်ထဲမှာ မရှိတော့ဘူး။ တစ်ယောက်ယောက် ယူသွားတာပဲ ဖြစ်ရမယ်။"

​သူတို့ ကျောင်းသားဘဝတွင် နိုင်ငံခြားဖြစ် လက်ပတ်နာရီဆိုသည်မှာ ဝတ်နိုင်သူ နည်းပြီး တန်ဖိုးကြီးသည့် ပစ္စည်းဖြစ်သဖြင့် အတန်းပိုင်ဆရာမ သတင်းကြားကြားချင်း ရောက်လာ လေတော့သည်။ ဆရာမက မျက်နှာမာထန်နေလျက်ဖြင့် အတန်းရှေ့တွင် ရပ်ကာ...

​"ဖြူနှင်းမိုးရဲ့ နာရီကို ယူထားတဲ့သူ ရှိရင် ဆရာမကို အခုချက်ချင်း ပြန်ပေးနော်။ ဆရာမ ခွင့်လွှတ်ပေးမယ်။ ကဲ... အားလုံး မျက်စိမှိတ်ထားကြစမ်း၊ ဘယ်သူမှ ဖွင့်မကြည့်ရဘူး။ ယူထားတဲ့သူ ဆရာမဆီ လာပေး။ ခုလာမပေးပဲ ဝန်မခံနောက်မှ မိခဲ့ရင် အပြစ်ပိုကြီး မယ်နော်" ဟု ပြောကာ အချိန်အနည်းငယ် ပေးလိုက် လေသည်။

​သို့သော်လည်း အတန်းထဲက မည်သူမျှ ထွက်မပေးကြသဖြင့် ဆရာမက စိတ်မရှည်တော့ဘဲ ဒေါသတကြီးဖြင့်...

"ဘယ်သူမှ ထုတ်မပေးရင်တော့ တရားခံပေါ်တဲ့အထိ ရှာရလိမ့်မယ်။ အားလုံးပဲ... ကိုယ့်လွယ်အိတ်တွေကို စားပွဲခုံပေါ် တင်ပြီး၊ ထိုင်ခုံပေါ် မတ်တပ်ရပ်နေကြစမ်း။" ဟု အမိန့်ပေးလိုက်တော့သည်။

​အတန်းထဲက ကျောင်းသား၊ ကျောင်းသူအားလုံး လန့်ကုန်ကာ မိမိတို့၏ လွယ်အိတ်များကို ခုံပေါ်တင်လိုက်ကြပြီး ခုံပေါ်သို့ တက်ကာ ရင်တမမဖြင့် မတ်တပ်ရပ် နေကြရသည်။

လဝန်းချိုလည်း သူမ၏ လွယ်အိတ်လေးကို ခုံပေါ်တင်ကာ ကြောက်ကြောက်လန့်လန့်ဖြင့် ရပ်နေမိသည်။

​ဆရာမသည် အတန်းခေါင်းဆောင်ကို ခေါ်ကာ ရှေ့ဆုံးတန်းမှစ၍ တစ်ယောက်ချင်းစီ၏ လွယ်အိတ်များကို သေချာစွာ ရှာဖွေနေရင်းအတန်းအလယ်နားရှိ လဝန်းချို၏ ခုံအလှည့်သို့ ရောက်ရှိလာခဲ့သည်။

အတန်းခေါင်းဆောင်က လဝန်းချို၏ လွယ်အိတ်လေးကို ဖွင့်ကာ အထဲက စာအုပ်များကို ဖယ်ပြီး နှိုက်ရှာလိုက်စဉ်... လှပသည့် လက်ပတ်နာရီလေးတစ်ခု အိတ်ထဲမှ ထွက်ကျလာလေတော့သည်။

​"ဘုတ်..."

​"ဟယ်..." "ဟာ..." "ဟင်..."

တစ်အတန်းလုံး၏ အသံများ ပွက်လောရိုက်ကာ ဆူညံသွားကြတော့သည်။

​"ဟာ... ဆရာမ၊ အဲဒါ သမီးနာရီလေး"

ဖြူနှင်းမိုးကနာရီလေးကိုတွေ့တော့ လှမ်းအော်လိုက်သည်။

"ဟယ်... ဟိုမှာ၊ လဝန်းချိုအိတ်ထဲက နာရီ ထွက်လာပြီ"

​အတန်းထဲက ကျောင်းသားများအားလုံး လဝန်းချိုကို သူခိုးတစ်ယောက်လို သံသယမျက်လုံးများဖြင့် ဝိုင်းကြည့်ကြတော့သည်။

​"သမီး... သမီး မယူပါဘူး ဆရာမ။ သမီး တကယ်မယူပါဘူး"

​လဝန်းချိုလေးခမျာ မျက်နှာလေး အတော်ဖြူလျော့သွားကာ လက်ကလေးနှစ်ဖက်ကို ခါယမ်းရင်း အသည်းအသန် ငိုယိုပြီး သူမ မယူကြောင်းငြင်းရှာသည်။

သို့သော်လည်း လက်ပူးလက်ကျပ် မိနေသည့် သက်သေကြောင့် ဆရာမကလည်း ...

​"သက်သေက လက်ထဲမှာ ရှိနေတာတောင် ငြင်းချင်သေးတာလား လဝန်းချို။ နင် ဒီလို အကျင့်မျိုး ရှိလိမ့်မယ်လို့ ငါမထင်ထားဘူး။ အခုချက်ချင်း ရုံးခန်းကိုလိုက်ခဲ့... နင့်မိဘတွေကိုပါ ခေါ်ရမယ်"

​"မခေါ်ပါနဲ့ ဆရာမရယ်။ သမီး တကယ်မသိတာပါ။ သမီးအိတ်ထဲကို ဘယ်သူထည့်လိုက်လဲ မသိပါဘူး... အဟင့်ဟင့်"

​လဝန်းချိုလေး မျက်ရည်များ အဆက်မပြတ် စီးကျကာ တစ်ကိုယ်လုံး တုန်ရင်နေအောင် ငိုရှိုက်ရင်း ရုံးခန်းထဲသို့ ပါသွားရှာသည်။

မိဘများကို ခေါ်မည်ဆိုပါက မေမေ ဒေါ်အိအိခင်ပါ သိက္ခာကျတော့မည်ကို သူမ အလွန်ကြောက်ရွံ့နေမိသည်။

​ရုံးခန်းထဲတွင် လဝန်းချိုလေး အကြောက်အကန် ငြင်းပြီး ငိုနေစဉ်...ရုံးခန်းတံခါးပွင့်သွားပြီး ကျောင်းသားတစ်ယောက် ဝင်လာခဲ့သည်။

ထိုသူမှာ အခြားသူမဟုတ်... ကျောင်း၏ ဂုဏ်ဆောင်ကျောင်းသားကြီးဖြစ်သူ နေလင်းသိုက် ဖြစ်သည်။

​နေလင်းသိုက်က ဆရာမ၏ ရှေ့တွင်ရပ်ကာ...

"ဆရာမခင်ဗျာ... ကျွန်တော့် ညီမလေးက အဲလို အကျင့်မျိုး ရှိတဲ့ကလေး မဟုတ်ပါဘူး။ သူ တကယ်မယူလောက်ပါဘူးဗျာ... တစ်ခုခု မှားယွင်းတာ ဖြစ်ပါလိမ့်မယ်"

​"ဒါပေမဲ့ နေလင်းသိုက်... သူ့အိတ်ထဲမှာ ပစ္စည်းက အထင်အရှား တွေ့ရတာလေ" ဆရာမက လေသံမာလျက် ပြန်ပြောသည်။

​နေလင်းသိုက်က တုန်လှုပ်နေသည့် လဝန်းချိုလေးကို ကြင်နာတတ်သော မျက်ဝန်းများဖြင့်ကြည့်ကာ...

"မငိုနဲ့တော့နော် ညီမလေး... ကိုကို ရှိတယ်နော်။"

" ဆရာမခင်ဗျာ... မိဘတွေတော့ အသိမပေးပါနဲ့ဗျာ။ ညီမလေးက ကလေးပဲ ရှိသေးတော့ သူ စိတ်ဒဏ်ရာ ရသွားမှာ စိုးလို့ပါဗျာ။ နောက်ဒီလို ကိစ္စတွေ ထပ်မဖြစ်အောင် ကျွန်တော် တာဝန်ယူပါတယ်ဗျာ"

ဟု အစ်ကိုကြီးတစ်ယောက်အနေဖြင့် တောင်းဆိုလိုက်သည်။

​ဆရာမလည်း ကျောင်းတွင် စာတော်ပြီး အကျင့်စာရိတ္တကောင်းသည့် နေလင်းသိုက်က ကြားထဲက အာမခံကာ တောင်းပန်နေသဖြင့် မိဘများကို အကြောင်းမကြားတော့ဘဲ၊ နောက်ထပ်မဖြစ်စေရန် ကတိတောင်းကာ ယခုကိစ္စကို ကျေအေးပေးလိုက်လေသည်။

​"ကိုကို့ကို ကျေးဇူးတင်ပါတယ် ကိုကို... ဒါပေမဲ့ လဝန်း တကယ်မခိုးပါဘူးနော်"

​"အင်းပါ... ကိုကို ယုံပါတယ်။ ကဲ... မျက်ရည်သုတ်။ ကိုကို အတန်းထဲ ပြန်လိုက်ပို့ပေးမယ်နော်"

"လဝန်း မပြန်ရဲဘူး... ရှက်တယ် ကိုကို။

အကုန်လုံးက လဝန်းခိုး တယ် ထင်နေကြတာ။လဝန်းအဲလိုအကျင့်မရှိပါဘူး ။ လဝန်း ကျိန်ဆို ကျိန်ရဲပါတယ်။"

"ကိုကိုသိပါတယ် လဝန်း... ဆရာမက လဝန်းမလုပ်ကြောင်း တစ်တန်းလုံးကို ပြောပြပါလိမ့်မယ်။ အဆင်ပြေသွားလိမ့်မယ်နော်"

​လဝန်းချိုမှာ ကျောင်းသားတွေ ဝိုင်းကြည့်မည့်ဒဏ်ကို ကြောက်ရွံ့သဖြင့် အတန်းထဲမပြန်ရဲဘဲ ငိုနေရှာတော့ နေလင်းသိုက်မှာ သူမကို ချော့မော့ရင်း အတန်းထဲသို့ သေချာ ပြန်ပို့ ပေးခဲ့လိုက်သည်။

​သူမကို ပြန်ပို့ပေးပြီး သူ့အတန်းသို့ ပြန်လာသည့် လမ်းတွင်တော့... နာရီပိုင်ရှင်ဖြစ်သူ ကျောင်းသူလေး ဖြူနှင်းမိုးနှင့် မျက်နှာချင်းဆိုင် ဆုံမိကြလေသည်။ နေလင်းသိုက်နှင့် ဖြူနှင်းမိုးသည် တစ်ယောက်နှင့်တစ်ယောက် အဓိပ္ပာယ်ပါသော အကြည့်ဖြင့် ကြည့်ပြီး ပြုံးလိုက်ကြကာ မိမိလမ်းကိုမိမိ ဆက်လျှောက်သွားတော့သည်။

​ဟုတ်ပေသည်။ လဝန်းချိုကို သူခိုးအဖြစ် အစွပ်စွဲခံရအောင် ဖြူနှင်းမိုးကို ကွယ်ရာကနေ ခိုင်းစေခဲ့သူမှာ အခြားသူမဟုတ်... နူးညံ့သည့် အစ်ကိုအဖြစ် မျက်နှာဖုံးတပ်ထားသည့် နေလင်းသိုက်ပင် ဖြစ်ပေတော့သည်။

သူသည် သူ့ကို အမြဲတစေ လာကပ်နေတတ်သည့် ဖြူနှင်းမိုးကို အသုံးချကာ ဤအကွက်ကို ဆင်ခဲ့ခြင်း ဖြစ်သည်။

​'ငါ့အမေကို တစ်သက်လုံး စိတ်ဆင်းရဲအောင် လုပ်ခဲ့တဲ့သူတွေကို... တစ်သက်လုံး လူရာမဝင်အောင် ငါလုပ်ပစ်မယ်။'

​သူသည် ဖခင်ဖြစ်သူနှင့် မိထွေးသားအမိကို နာကျည်းလွန်းသဖြင့် လဝန်းချိုလေး၏ ဘဝကို စိတ်ဒဏ်ရာများရအောင် ကြံစည်ခဲ့သည်။ သူမ ခံစားရလျှင် သူမအမေလည်း နာကျင်ရမည်လေ။ ထို့ကြောင့် လူငယ်ပီပီ ဘာမှမစဉ်းစားဘဲ သူ့ပစ်မှတ်ကို ဘာအပြစ်မှမရှိသော လဝန်းချိုအပေါ် ရက်ရက်စက်စက် ချထားမိခြင်း ဖြစ်သည်။


​ထိုနေ့က ဖြစ်ရပ်ဆိုးကြီး ပြီးဆုံးသွားခဲ့ကတည်းက လဝန်းချို၏ ကျောင်းတက်ရက်တွေက အလွန်မွန်းကျပ် လွန်းလှလေတော့သည်။

နာရီပျောက်မှုသတင်းကြီးက တစ်ကျောင်းလုံးကို အလျင်အမြန် ပျံ့နှံ့သွားခဲ့ပြီးနောက် လဝန်းချိုတစ်ယောက် ကျောင်းတက်ရမှာကိုပင် အလွန်အမင်း ကြောက်ရွံ့ထိတ်လန့်နေမိသည်။

ကျောင်းဝင်းထဲသို့ ခြေချလိုက်သည်နှင့် ဘေးပတ်ဝန်းကျင်မှ တိုးတိုးတိုးတိုးဖြင့် အတင်းပြောသံများကိုသူမ မကြားချင်မှအဆုံး...။

"ဟိုမှာ... လာပြီ။ နင်တို့ပစ္စည်းတွေ သေချာသိမ်းထားကြဦး။"

​"သူ့အမေကလည်း ငွေမက်ခဲ့တာဆိုတော့ သမီးကလည်း ဒီအတိုင်းပဲ ဖြစ်မှာပေါ့။ ဗီဇကိုက မကောင်းတာ... ငါတော့ နေလင်းသိုက်တို့ ညီအစ်ကိုကို သနားလိုက်တာ။"

​ကျောင်းသူ၊ ကျောင်းသားများက သူမကို မြင်လျှင် ဝေးဝေးကနေ ရှောင်ဖယ်သွားကြသည်။

အတန်းထဲတွင်လည်း သူမနှင့် မည်သူမျှ အဖက်လုပ်ကာ စကားမပြောကြတော့ဘဲ ဝိုင်းပယ်ထားကြသဖြင့် လဝန်းချိုလေးခမျာ စာသင်ခုံလေးတွင် တစ်ယောက်တည်း မျက်ရည်များဖြင့် ဖြတ်သန်းနေရရှာသည်။

အစ်ကိုနှစ်ယောက်နှင့် ပျော်ပျော်ရွှင်ရွှင် တက်ရမည်ဟု ထင်မှတ်ခဲ့ဖူးသော ကျောင်းတော်ကြီးသည် ယခုတော့ သူမအတွက် အသက်ရှူကျပ်စရာ ဖြစ်နေခဲ့လေပြီ။

တစ်ရက်တွင်တော့... လဝန်းချို ကျောင်းဝင်းထဲသို့ လမ်းလျှောက်ဝင်လာနေတုန်း အနောက်ဘက်မှ ကျောင်းသားတစ်ယောက် စီးလာသည့် စက်ဘီးတစ်စီးက သူမရှိရာတည့်တည့်သို့ အရှိန်ဖြင့် မောင်းနှင်လာခဲ့သည်။

"ဟေ့... ဖယ်... ဖယ်... လမ်းဘေးဖယ်စမ်း။"

လဝန်းချို လန့်သွားကာ ဘေးသို့ အလန့်တကြား ရှောင်ရှားလိုက်မိစဉ် ခြေခေါက်ကာ မြေပြင်ပေါ်သို့ လဲကျသွားခဲ့လေတော့သည်။

မြေပြင်ပေါ် လဲကျသွားသည့် အရှိန်ကြောင့် သူမ လက်ထဲတွင် ကိုင်ထားသည့် အိမ်က ထည့်ပေးလိုက်သော ထမင်းချိုင့်လေးပါ မြေကြီးပေါ်သို့ မှောက်သွားခဲ့ရရှာသည်။

ခြေထောက်လည်း ထိခိုက်နာကျင်၊ ထမင်းချိုင့်လည်း မှောက်သွားသဖြင့် လဝန်းချိုလေးမှာ ထိုင်လျက်သားလေး အားငယ်ကာ မျက်ရည်များကျလျက် ငိုရှာတော့သည်။

သို့သော်လည်း... ပတ်ဝန်းကျင်က ကျောင်းသား၊ ကျောင်းသူများကတော့ သူမကိုကူညီဖို့ နေနေသာသာ... ဝိုင်းအုံကြည့်ရှုရင်း လှောင်ပြောင်နေကြလေသည်။

​"ကြည့်စမ်း၊ ထမင်းချိုင့်မှောက်သွားပြီ။ အပြစ်ပေးခံရတာနေမှာပေါ့။ သူနဲ့ ဝေးဝေးနေကြဟေ့... ဘယ်သူမှ သွားမထူနဲ့။"


​ထိုအချိန်တွင် သူမ လဲနေသည့် နားသို့ ကျောင်းသားတစ်စု ဖြတ်လျှောက်လာခဲ့ကြသည်။ ထိုအထဲတွင် သူငယ်ချင်းများခြံရံကာ ပါလာသူမှာ အခြားသူမဟုတ်... ကိုငယ် နေမင်းသိုက်ပင် ဖြစ်ပေတော့သည်။

​ထိုအခိုက်အတန့်တွင် လဝန်းချိုလေး ရင်ထဲ၌ မျှော်လင့်ချက်အလင်းရောင်လေး သန်းလာကာ... မျက်ရည်များကြားမှ နေမင်းသိုက်ကို အားကိုးတကြီးဖြင့် မော့ကာ လှမ်းကြည့်မိရှာသည်။

​'ကိုငယ်... သမီးကို ကူညီပါဦး... သမီး တကယ်ထလို့မရလို့ပါ...'

​ဟု စိတ်ထဲမှပြောကာ တောင်းပန်နေသည့် မျက်ဝန်းလေးများဖြင့် ကြည့်နေမိသည်။

တစ်အိမ်တည်းနေသည့် အစ်ကိုတစ်ယောက်အနေဖြင့် ဤမျှလှောင်ပြောင်ခြင်း ခံနေရသည့် အခြေအနေဆိုးကြီးကြားမှ သူမကို ဆွဲထူကာ ကယ်တင်ပေးလိမ့်မည်ဟု မျှော်လင့်နေမိသည်။

​သို့သော်လည်း... နေမင်းသိုက်သည် မြေပြင်ပေါ်တွင် သနားစဖွယ် လဲကျနေသည့် လဝန်းချိုကို တစ်ချက်သာ စိုက်ကြည့်လိုက်ပြီး ဘာစကားတစ်ခွန်းမျှ မဆိုဘဲ ကျောခိုင်းကာ သူ့လမ်းသူ အေးအေးဆေးဆေးပင် ဆက်လက်ထွက်ခွာသွားလေတော့သည်။

​"ကိုငယ်..."

​လဝန်းချိုလေးခမျာ နေမင်းသိုက်၏ ကျောပြင်ကြီးကို ကြည့်ရင်း ရင်ထဲတွင် အားကိုးရာမဲ့စွာဖြင့် ပို၍ ဝမ်းနည်းပက်လက် ဖြစ်ကာ ငိုကြွေးနေမိ တော့လေသည်။

နေလင်းသိုက်နှင့် နေမင်းသိုက် ညီအစ်ကိုနှစ်ယောက်၏ အမုန်းများအောက်တွင် လဝန်းချို၏ ဖြူစင်သောနှလုံးသားလေးမှာ စိတ်ဒဏ်ရာအထပ်ထပ် ရလာခဲ့ရသည်။

ထိုစိတ်ဒဏ်ရာများသည် တဖြည်းဖြည်းနှင့် ပိုမိုနက်ရှိုင်းလာကာ ဘယ်လိုမှ ကုစား၍မရနိုင်တော့သည့် အမာရွတ်ကြီးအဖြစ် အမြစ်တွယ်သွားခဲ့ပြီ ဖြစ်လေတော့သည်။

ဆက်ရန်

19/05/2026

အမုန့်ရဲ့နောက်ကွယ်

​အပိုင်း ၄

​ထိုနေ့ကစပြီးကတည်းက နေမင်းသိုက်သည် သူ့ဖခင်အပါအဝင် ဒေါ်အိအိခင်တို့ သားအမိနှင့် ထိပ်တိုက်မတွေ့အောင်နေသည်။

အစ်ကိုဖြစ်သူ နေလင်းသိုက်ကလည်း ညီဖြစ်သူ၏ စိတ်ဒဏ်ရာကို နားလည်ပေးသည့်ပုံစံဖြင့် ညီလေးအဖော်ရအောင်ဆိုကာ ညီအစ်ကိုနှစ်ယောက် အတူတူ သီးသန့်စားသောက်ကြလေသည်။

အငယ်ကောင် ၏ အမုန်းတရားများကို မြင်နေရသည့် ဒေါ်အိအိခင်ခမျာ ရင်ထဲတွင် မကောင်းသော်လည်း စိတ်ပျက်အားလျှော့မသွားခဲ့ပါ။

​'သူ့ဘက်ကကြည့်ရင်လည်း ချက်ချင်းကြီး မိမိကို လက်ခံဖို့ဆိုတာ လွယ်သည့်အရာမှမဟုတ်တာလေ။ တဖြည်းဖြည်းနဲ့ ငါ့ရဲ့ မေတ္တာအစစ်အမှန်ကို သူနားလည်လာတဲ့တစ်နေ့အသိအမှတ်ပြုလာမှာပါ'

ဟုသာ ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်ရင်း အဆင်ပြေဖို့သာ အကောင်းဆုံး ကြိုးစား နေထိုင်ရှာသည်။

လဝန်းချိုမှာမူ ကိုငယ်နှင့် ထိပ်တိုက်မတွေ့မိစေရန် အတတ်နိုင်ဆုံး သတိထားပြီး ရှောင်ရှားနေခဲ့သည်။ ကိုကိုငယ် အိမ်ပေါ်တွင် ရှိနေမည့်အချိန်မျိုးဆိုလျှင် သူမက အခန်းထဲကအပြင်ပင် မထွက်ရဲရှာပေ။

​တစ်ရက်တွင်တော့...

​ညနေခင်း လေအေးလေးများ တိုက်ခတ်နေသဖြင့် လဝန်းချိုတစ်ယောက် ခြံထဲသို့ ခဏဆင်းလာခဲ့သည်။ ခြံထောင့်ရှိ ပန်းပင်လေးများကို စိတ်ပါလက်ပါ ငေးစိုက်ကြည့်ကာ လျှောက်လာခဲ့ရာမှ... တစ်နေရာအရောက်တွင် အော်ဟစ်ဆူညံသံများကို ကြားလိုက်ရသည်။

သူမ ခြေလှမ်းများ ရပ်သွားကာ ကြည့်လိုက်မိတော့... အင်္ကျီလက်ပြတ်နှင့် ချွေးများရွှဲစိုနေကာသူငယ်ချင်းများနှင့် ပျော်ပျော်ပါးပါး ဘောလုံးကန်နေသော နေမင်းသိုက်ကို တွေ့လိုက်ရသည်။

ပုံမှန်တွေ့ရလေ့ရှိသည့် မျက်နှာထားမျိုးမဟုတ်ဘဲ၊ လွတ်လပ်ပေါ့ပါးနေသည့် ကိုငယ်၏ ပုံစံကို လဝန်းချို ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။

သူမ ငေးကြည့်နေရင်းမှ ချက်ချင်းဆိုသလို ကိုငယ် ပြောခဲ့သည့် စကားကို သတိရသွားသည်။

​'ငါ့မျက်စိရှေ့ကို ဘယ်တော့မှ ရောက်မလာစေနဲ့...'

​သူမ လန့်ကာ ထိုနေရာမှ အမြန်ဆုံး လှည့်ထွက်ရန် ပြင်လိုက်စဉ်မှာပင်...

​"ဟေ့.... ခဏရပ်ဦး"

​လဝန်းချိုလေး ရင်ထဲတွင် ဒိန်းကနဲ ထိတ်လန့်တုန်လှုပ်သွားရပြီး သူမ ရင်တမမဖြင့် နောက်သို့ ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်ရသည့်အခါ... နေမင်းသိုက်က ချွေးတရွှဲရွှဲဖြင့် အမောတကော ဖြစ်နေသည့်ကြားမှပင် သူမကို စိုက်ကြည့်ရင်း ခြံထောင့် ဆူးချုံပုတ်နားသို့ ဝေးဝေးလွင့်သွားသည့် ဘောလုံးကို လက်ညှိုးထိုးပြလိုက်သည်။

​"အဲဒီမှာ... ဘောလုံး အဝေးကြီး လွင့်သွားတာ မြင်တယ်မလား။ သွားကောက်ခဲ့စမ်း"

​သူငယ်ချင်းများ၏ ရှေ့တွင် အမိန့်ပေးသံခပ်မာမာဖြင့် ခိုင်းစေလိုက်သည်။

လဝန်းချိုလေးခမျာ လန့်သွားရသော်လည်း ကိုကိုငယ်ကို မလွန်ဆန်ရဲသဖြင့် မျက်လွှာလေးချကာ ကြောက်ကြောက်လန့်လန့်ဖြင့်ပင် ချုံပုတ်ရှိရာသို့သွား ကောက်ရှာသည်။

ဆူးအချို့က ခြေထောက်ကို ခြစ်မိသော်လည်း နာကျင်မှုကိုပင် ဂရုမစိုက်နိုင်ဘဲ ဘောလုံးကို အမြန်ကောက်ယူကာ နေမင်းသိုက်တို့ ရှိရာသို့ ပြန်ယူလာပေးခဲ့သည်။

​"ရ... ရပါပြီ ကိုငယ်..."

​သူမ ဘောလုံးလေးကို ကမ်းပေးရင်း အိမ်ထဲသို့ အမြန်ဆုံး လှည့်ပြန်ရန် ပြင်လိုက်စဉ်မှာပင်...

​"ဘယ်သူက ပြန်ခွင့်ပေးလို့လဲ။ ဒီမှာနေဦး"

​"ဟင်..."

​"နားမလည်ဘူးလား။ ငါတို့ ကစားလို့ ပြီးတဲ့အထိ ဘောလုံး ကောက်ပေးဖို့ အဲဒီမှာတင် ရပ်စောင့်နေလို့ ပြောတာ"

​နေမင်းသိုက်၏ စကားကြောင့် လဝန်းချိုလေး မျက်နှာလေး ငယ်သွားရတော့သည်။

ကိုကိုငယ်၏ သူငယ်ချင်းများကလည်း သူမကို စပ်စုသည့် မျက်လုံးများ၊ အထင်သေးသည့်အကြည့်များဖြင့် ကြည့်နေကြသဖြင့် လဝန်းချိုတစ်ယောက် ကြောက်လည်း ကြောက်၊ တစ်ဖက်တွင်လည်းရှက်ရလွန်းသဖြင့် ခေါင်းလေးကိုသာ ငုံ့ထားမိရှာသည်။

​ထိုစဉ် နေမင်းသိုက်က သူငယ်ချင်းတစ်ယောက် ကန်ပေးလိုက်သည့် ဘောလုံးကို ခြေဖြင့်ထိန်းကာ လဝန်းချို ရှိရာဘက်သို့ အရှိန်ပြင်းပြင်းဖြင့် ကန်ထည့်လိုက်လေသည်။

​"ဘုန်း...."

​"အား..."

​နေမင်းသိုက် အားအပြည့်ဖြင့် ကန်လိုက်သည့် ဘောလုံးကိုသူမ မရှောင်တိမ်းလိုက်နိုင်။သူမ၏ နုနယ်လှသော မျက်နှာတည့်တည့်သို့ အရှိန်ဖြင့် လာမှန်လေတော့သည်။

ပြင်းထန်လှသည့် နာကျင်မှုကြောင့် လဝန်းချိုလေး အော်ဟစ်ညည်းတွားရင်း မြက်ခင်းပြင်ပေါ်သို့ ထိုင်ကျသွားရရှာသည်။ သူမ၏ နှာခေါင်းမှ သွေးအချို့ စီးကျလာပြီး မျက်နှာလေးတစ်ခုလုံး နီမြန်းကာ မျက်ရည်များ ဝိုင်းစက်လာခဲ့သည်။

​လဝန်းချိုလေးခမျာ နာကျင်လွန်း၍ ခံစားနေရစဉ် နေမင်းသိုက်၏ သူငယ်ချင်းများမှာမူ အခြေအနေကို ကြည့်ပြီး လန့်ဖျပ်သွားကြကာ အချင်းချင်း တီးတိုးပြောဆိုပြီး ကြောက်လန့်ကုန်ကြတော့သည်။

​"ဟာ... နေမင်း မင်း ကန်တာ ပြင်းသွားပြီ ထင်တယ်။ စနောက်တာ လွန်သွားပြီ ထင်တယ်ကွာ"

​"ဟုတ်ပ၊ ဒဏ်ရာ အတော်ရသွားလား မသိဘူး။ သနားပါတယ်ဟ။ သွားကြည့်လိုက်ကြစို့။ ညီမလေး အဆင်ပြေရဲ့လား"

​လဝန်းမှာ သူတို့ဝိုင်းမေးနေကြသည့်ကြားမှ ဘာမှပြန်မပြောဘဲ ပိုဝမ်းနည်းလာပြီး မျက်ရည်များ ကျလာခဲ့ရတော့သည်။

သို့သော်လည်း ထိုဖြစ်ရပ်ကို အစပျိုးခဲ့သည့် နေမင်းသိုက်ကမူ လဲကျနေသည့် လဝန်းချိုကို အေးစက်သော မျက်လုံးများဖြင့်သာ စိုက်ကြည့်နေဆဲ...။

​ထိုမြင်ကွင်းတစ်ခုလုံးကို... အိမ်ကြီး၏ ဝရံတာမှနေ၍ အပေါ်စီးကနေ သေချာ စောင့်ကြည့်နေသူတစ်ဦး ရှိခဲ့သည်။ ထိုသူမှာ အခြားသူမဟုတ်... နေလင်းသိုက် ပင် ဖြစ်သည်။

သူသည် ညီဖြစ်သူ၏ ရက်စက်မှုကြောင့် ငိုနေသည့် လဝန်းချိုလေး၏ သနားစဖွယ် ပုံရိပ်ကို ကြည့်ရင်း... စိတ်ကျေနပ်စွာ ပြုံးလျက် ငေးမောကြည့်ရှုနေလေတော့သည်။

​နေမင်းသိုက်မှာ ငိုရှိုက်နေသည့် လဝန်းချိုကို ကြည့်ပြီး သနားဂရုဏာ သက်ရမည့်အစား မြင်ပြင်းကပ်လာလေသည်။

​"ဟေ့ကောင်တွေ... သွားပြီး ဝိုင်းသနားမနေကြနဲ့။ ဘာမှ ဖြစ်တာ မဟုတ်ဘူး"

​သူသည် လဝန်းချို၏ ရှေ့သို့ လျှောက်လာပြီး စကားဆိုလိုက်ပြန်သည်။

​"ဘယ်ဘဝက လာတာမို့လို့များ... ဘာလို့ အဲလောက်တောင် နုဖတ်ပြနေရတာလဲ။ ဒီလောက် ဘောလုံးလေး အရှိန်ပါသွားတာကို သေမလို လာဟန်ဆောင်မနေနဲ့။ နင့်အမေရဲ့ မူယာမာယာတွေကို အတုခိုးပြီး ငါ့ရှေ့မှာ လာမျက်ရည်မပြနဲ့... ရွံဖို့ကောင်းတယ်"

​ကိုငယ်၏ စကားလုံးများက ဘောလုံးမှန်တာထက်ပင် ပို၍ နာကျင်ခံစားရစေခဲ့သည်။

​"ဟေ့ကောင်တွေ... ဒီနေ့ ဆက်ကန်ဖို့ စိတ်မပါတော့ဘူးကွာ။ ငါအထဲဝင်တော့မယ်။ ကဲ... နင်လည်းဖယ်စမ်း။ စိတ်ပျက်ဖို့ကောင်းတယ်"

​နေမင်းသိုက်က ပြောဆိုပြီး အဝတ်အစားများမှ ဖုန်ကို ခါကာ အိမ်ထဲသို့ ဝင်သွားလေတော့သည်။

သူငယ်ချင်းဖြစ်သူများလည်း ထိုအခြေအနေကို ကြည့်ပြီး နေမင်းသိုက်နောက်သို့ ဆက်မလိုက်တော့ဘဲ "ငါတို့လည်း ပြန်ကြစို့... ပြန်ကြစို့" ဟု တီးတိုးပြောကာ ခြံထဲမှ အသီးသီး အမြန် ပြန်သွားကြတော့သည်။

​လူအကုန်ထွက်သွားပြီး ခြံထဲမှာ တစ်ယောက်တည်း ကျန်ရစ်ကာ ဝမ်းနည်းပက်လက် ငိုနေရှာသည့် လဝန်းချို...။

ထိုစဉ် သူမဘေးနားတွင် တစ်စုံတစ်ယောက် လာရပ်သဖြင့် မော့ကြည့်လိုက်ရာ နေလင်းသိုက်၏ ကြင်နာတတ်သော မျက်ဝန်းများနှင့် ငုံ့ကြည့်နေသည်ကို တွေ့လိုက်ရသည်။

​နေလင်းသိုက်က အရမ်းဝမ်းနည်းပြီး ငိုနေသည့် လဝန်းချိုလေး၏ နှာခေါင်းမှ သွေးများကို သူယူလာသည့် အဝတ်စလေးဖြင့် အသာအယာ သုတ်ပေးပြီး အိမ်ထဲသို့ တွဲခေါ်လာခဲ့သည်။

​အိမ်ထဲရောက်တော့ ဒေါ်အိအိခင်နှင့် ထိပ်တိုက်တွေ့လေသည်။ ဒေါ်အိအိခင်လည်း သမီးဖြစ်သူ၏ အခြေအနေကို မြင်ပြီး ထိတ်လန့်တုန်လှုပ်ကာ စိုးရိမ်တကြီး မေးရှာသည်။

​"သမီးလေး... ဘာဖြစ်လာတာလဲ။ မျက်နှာကလည်း သွေးတွေနဲ့"

​နေလင်းသိုက်က တစ်ခုခု ပြောရန် ပြင်လိုက်စဉ်မှာပင် လဝန်းချိုက အခြေအနေများ ပိုဆိုးသွားမည်ကို စိုးရိမ်သဖြင့် အမြန်ပင် ကြားဖြတ်ပြောလိုက်သည်။

​"သမီး... ခြံထဲမှာ အရှိန်လွန်ပြီး ချော်လဲရုံလေးပါ မေမေ... ဘာမှမဖြစ်ပါဘူး"

​"အယ်... သမီးရယ်။ သတိထားမှပေါ့။ လာလာ... မေမေ ဆေးထည့်ပေးမယ်" ဟု ပြောကာ သမီးဖြစ်သူကို အခန်းထဲ ခေါ်သွားလေသည်။

​မဝင်ခင် ဒေါ်အိအိခင်က နေလင်းသိုက်ဘက်လှည့်ကာ သမီးလေးကို ကူညီပြီး တွဲခေါ်လာပေးသည့်အတွက် ကျေးဇူးတင်စကား ဆိုရှာသည်။

​"သား နေလင်း... ညီမလေးကို ကူညီပေးလို့ အန်တီ ကျေးဇူးအများကြီး တင်ပါတယ်ကွယ်"

​နေလင်းသိုက်က ဘာမှပြန်မပြောဘဲ နှုတ်ခမ်းအစုံကို ဟန်ပါပါ တွန့်ရုံမျှ ပြုံးပြလိုက်လေသည်။ ထိုအပြုံးနောက်ကွယ်တွင် မည်သည့် လှည့်ကွက်များ ရှိနေမည်ကိုတော့ မည်သူမျှ မသိနိုင်ခဲ့ပေ...

❤️‍🩹❤️‍🩹❤️‍🩹❤️‍🩹🌹🌹🌹🌹♥️♥️♥️♥️♥️

စာသင်နှစ်သစ်တစ်ခု၏ ကျောင်းဖွင့်ရာသီသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

​ယခုနှစ်တွင် နေလင်းသိုက်နှင့် နေမင်းသိုက် ညီအစ်ကိုနှစ်ယောက်လုံးက တက္ကသိုလ်ဝင်တန်း သို့ တက်ရောက်ကြရမည်ဖြစ်ပြီး၊ လဝန်းချိုလေးကတော့ သတ္တမတန်း တက်ရောက်ရမည် ဖြစ်လေသည်။

​ဖခင် ဖြစ်သူ ဦးနေရောင်မှာ ကလေးသုံးယောက်လုံး ကျောင်းအတူတူ သွားနိုင်ရန် ကားတစ်စီး စီစဉ်ပေးသော်လည်း နေမင်းသိုက်ကတော့ စက်ဘီးဖြင့်သာ သွားရန် ပြင်ဆင်နေခဲ့သည်။

​"ညီ... လာပါကွာ၊ စက်ဘီးစီးတာ အန္တရာယ်များတယ်"

​အစ်ကိုဖြစ်သူ နေလင်းသိုက်က ကားတံခါးဝမှနေ၍ လှမ်းတားရှာသည်။ သို့သော် နေမင်းသိုက်က ကားနားတွင် ရပ်နေသည့် လဝန်းချိုကို တစ်ချက်စိုက်ကြည့်ပြီး...

​"လင်း... ငါ အဲဒီမိထွေးသမီးနဲ့ ကားအတူမစီးနိုင်ဘူး။ ရွံတယ်။သနတယ်။ မင်းပဲစီး... ငါကတော့ စက်ဘီးနဲ့ပဲ သွားမယ်"

​ဟု လဝန်းချို၏ ရှေ့တွင်တင် ဗြောင်ပင် ရက်စက်စွာ ပြောဆိုကာ စက်ဘီးကို နင်းထွက်သွားလေတော့သည်။ လူကြီးများနှင့် နေလင်းသိုက်လည်း ဘယ်လိုမှ ပြောမရသည့်အဆုံး ထိုအတိုင်းပဲ လွှတ်ထားလိုက်ရတော့သည်။

​ကိုကိုငယ်၏ စကားကြောင့် လဝန်းချိုလေးမှာ မျက်နှာငယ်လေးဖြင့် ကျန်ရစ်ခဲ့ရရှာသော်လည်း... ကျောင်းအသစ်သို့ ရောက်သည့်အခါတွင်တော့ အခြေအနေက အတော်လေး အဆင်ပြေနေခဲ့သည်။

​ကိုကိုနေလင်းသိုက်က ကျောင်းအခန်းရှာ ပေးသည့်ကိစ္စများမှစ၍ အစစအရာရာ လိုက်လံလုပ်ဆောင်ပေးပြီး၊ သူမအပေါ် အမြဲ နွေးထွေးကြင်နာစွာဖြင့် ဂရုစိုက်ပေးလေသည်။

ထို့ကြောင့်ပင် လဝန်းချိုလေးအတွက်တော့ ဤအိမ်ကြီးတွင် နေလင်းသိုက်ကသာ အားကိုးစရာ အစ်ကိုကြီးတစ်ယောက် ဖြစ်နေခဲ့လေတော့သည်။

ဆက်ရန်

19/05/2026

#ကူတီး # ရော့ကီး #

18/05/2026

🎉 I earned the emerging talent badge this week, recognizing me for creating engaging content that sparks an interest among my fans!

18/05/2026

❤️‍🩹 အမုန်းရဲ့နောက်ကွယ် ❤️‍🩹

အပိုင်း ၃

​လှေကားခြေရင်းတွင် ရပ်နေသည့် အစ်ကိုနှစ်ယောက်ကို မြင်လိုက်ရသည့်အခါ...

အထူးသဖြင့် မိမိကို ကြောက်စရာကောင်းသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည့် ကိုကိုအသစ်ကို မြင်လိုက်ရသဖြင့် လဝန်းချိုလေး လှေကားထစ်ပေါ်တွင်တင် ခြေလှမ်းများ ရပ်တန့်သွားရရှာလေတော့သည်။

​"အော်... ဒါဒယ်ဒီပြောတဲ့ မိထွေးရဲ့ သမီးလေးပေါ့လေ..."

​နေမင်းသိုက်က နှုတ်ခမ်းတစ်ဖက်ကို တွန့်ရုံမျှ သရော်ပြုံး ပြုံးလိုက်ရင်း ပြောလိုက်သည်။ ထိုအကြည့်နှင့် စကားသံကြောင့် လဝန်းချိုတစ်ယောက် အရမ်းကို ကြောက်လန့်သွားရရှာသည်။

​"အဲဒီမှာ... ဘာရပ်လုပ်နေတာလဲ။ အောက်ကို ဆင်းလာခဲ့"

​"ဟင်..."

​လဝန်းချို လန့်ဖျပ်ကာ ရေရွတ်မိစဉ်မှာပင် နေမင်းသိုက်၏ အသံက ပို၍ မာထန်လာခဲ့၏။

​"နင့်ကို လာလို့ ပြောနေတာ မကြားဘူးလား။ နင်နားမပါဘူးလား။ ဘာလို့ ခုထိ ကြောင်စီစီနဲ့ ရပ်နေတာလဲ"

​"မ... မဟုတ်ပါဘူး၊ လဝန်းက..."

​သူမ ကြောက်ကြောက်လန့်လန့်ဖြင့် ငြင်းဆန်ရန် ကြိုးစားသော်လည်း စကားလုံးများက အပြင်ကို ထွက်မလာခဲ့။

​"ခုမှ ကြောက်သလိုလို အပြစ်ကင်းပြီး ဖြူစင်သလို လာဟန်ဆောင်မနေနဲ့။ နင်တို့ သားအမိတွေ ငွေမက်လို့ ဒီအိမ်ပေါ်အထိ ရောက်အောင် တက်လာကြတာ မဟုတ်ဘူးလား"

​"ညီ... တော်ပါတော့ကွာ"

​နေလင်းသိုက်က ညီဖြစ်သူ၏ လက်ကို လှမ်းကိုင်ကာ ဝင်တားလိုက်သည်။

​လဝန်းချိုမှာမူ ရင်ထဲတွင် ထိတ်လန့်နေပြီး

'ဒီ အစ်ကို က ကြောက်ဖို့ကောင်းလိုက်တာ...။ ကိုကိုနေလင်း လို မဟုတ်ဘူး၊ လဝန်းကို နည်းနည်းမှ မကြည်ဖြူဘူးပဲ' ဟု တွေးနေရင်း အောက်သို့ ကြောက်ကြောက်ဖြင့် ဆင်းလာခဲ့ရသည်။

​သူမ အနားသို့ ရောက်လာသည်နှင့် နေမင်းသိုက်မှာ လက်ညှိုး ငေါက်ငေါက်ထိုးရင်း ...

​"နင့်ကို ငါ သတိပေးလိုက်မယ်...။ ဒီအိမ်မှာ ဆက်နေချင်ရင် ငါ့မျက်စိရှေ့ကို ဘယ်တော့မှ ရောက်မလာစေနဲ့။ အနေအထိုင် ဆင်ခြင်... ကြားလား ငါပြောတာ"
​"ရှင်...."

​"ငါပြောနေတာ ရှင်းရှင်းလေးကို နားမလည်ဘူးလား။ နင် နာချင်နေပြီလား"

​"ဟုတ်..ဟုတ်၊ ကြားပါတယ်..."

​"အေး... ကြားရင် သတိထားနေ ။ တစ်ခုခုအချိုးမပြေတာနဲ့ နင်နာမယ် ။ အဲကျမှ ငါ့မဆိုးမဆိုနဲ့ နင်။ ဖယ်စမ်း..။

​ဟုပြောပြီးသည်နှင့် လဝန်းချို၏ ပုခုံးကို ခပ်ကြမ်းကြမ်း ဝင်တိုက်ကာ အိမ်ပေါ်သို့ တက်သွားလေတော့သည်။

​ကိုယ်လုံးလေး ယိုင်သွားပြီး မျက်ရည်ဝဲကာ ကျန်ရစ်ခဲ့ရရှာသည့် လဝန်းချိုလေးကို ကြည့်ရင်း နေလင်းသိုက်က အနားသို့ တိုးလာကာ နွေးထွေးစွာဖြင့် နှစ်သိမ့်လေသည်။

​"ကဲပါ... လဝန်းရယ်၊ မကြောက်ပါနဲ့နော်။ နေမင်းက တကယ်တော့ သဘောကောင်းပါတယ်၊ သူက နည်းနည်း စိတ်ဆတ်လို့ပါ။ ဟုတ်ပြီလား..."

​"ဟုတ်ကဲ့... ကိုကိုနေလင်း..."

​ကိုကိုနေလင်းသိုက်၏ ကြင်နာတတ်သော စကားလုံးများကြောင့် လဝန်းချိုလေး ရင်ထဲတွင် အနည်းငယ်တော့ စိတ်သက်သာရာ ရသွားခဲ့ရသည်။

​သူမသည် ဝဲတက်လာသည့် မျက်ရည်စများကို သုတ်လိုက်ရင်း....

​'ဘာပဲဖြစ်ဖြစ်လေ... အစ်ကိုနှစ်ယောက်လုံးက
ငါ့ အစ်ကို တွေပဲဟာ။ နောက်ဆိုရင် လဝန်းကို အားလုံး လက်ခံလာအောင်၊ ချစ်လာအောင် လဝန်း အတတ်နိုင်ဆုံး ကြိုးစားသွားမှာပါ...'

ထိုနေ့ ညဘက် ညစာစားချိန်မှာတော့ ဦးနေရောင်က မိသားစုအသစ် စုံစုံလင်လင်ဖြင့် ပထမဆုံးအကြိမ် ညစာအတူတူ စားရန်အတွက် ဖွယ်ဖွယ်ရာရာများပြင်ဆင်စေခဲ့ပြီး သားနှစ်ယောက်လုံးကို ထမင်းစားပွဲသို့ မပျက်မကွက် ဆင်းလာခဲ့ကြဖို့ ပြောခဲ့သည်။

​ထမင်းစားပွဲကြီး၏ အလယ်တွင် ဦးနေရောင် ထိုင်နေပြီး၊ ဘေးတစ်ဖက်တွင် ဒေါ်အိအိခင်နှင့် လဝန်းချို၊ မျက်နှာချင်းဆိုင်ဘက်တွင်မူ နေလင်းသိုက်နှင့် နေမင်းသိုက်တို့ ညီအစ်ကိုနှစ်ယောက် ထိုင်နေကြသည်။

ကြီးကြီး ဒေါ်ကြာဖြူခင်ကတော့ အခြေအနေကို အကဲခတ်ရင်း ဦးနေရောင်နားမှာ ထိုင်နေ၏။

နေလင်းသိုက်မှာ ထုံးစံအတိုင်း တည်ငြိမ်ပြီး ယဉ်ကျေးသည့် အမူအရာဖြင့်သာ ထိုင်နေသော်လည်း၊ နေမင်းသိုက်၏ မျက်နှာကမူ မကျေမနပ်ဖြစ်မှုများနှင့်အတူ တင်းမာနေခဲ့သည်။

​ကြီးကြီး ဒေါ်ကြာဖြူခင်က အရိပ်အခြေကို ကြည့်ပြီး တူနှစ်ယောက်ကို ပြေပြေလည်လည်ဖြစ်အောင် စကားစလိုက်သည်။

​"သားတို့ ကြိုက်တတ်တာတွေကိုပဲ ကြီးကြီး သေချာလေး စီစဉ်ထားတယ်၊ များများစားကြနော်။ သမီးလေး လဝန်းလည်းစား..."

​ဦးနေရောင်ကလည်း သားအဖတွေကြား၊ မိသားစုအသစ်ကြားထဲတွင် ညစာစားပွဲကိုသက်သောင့်သက်သာ ဖြစ်စေချင်သဖြင့် မျက်နှာချင်းဆိုင်က သားနှစ်ယောက်ကို ကြည့်ကာ......

​"ကဲ... အိနဲ့ သမီးလေး လဝန်း၊ ဟင်းတွေ ထည့်စားကြနော်။ သားတို့လည်း စားကြ..." ဟုဆိုကာ
လဝန်းချိုတို့ သားအမိကို ဂရုတစိုက်ဖြင့် ဟင်းတွေလှမ်းထည့်ပေးနေလေသည်။

​ထိုအပြုအမူကို ကြည့်နေရင်း နေမင်းသိုက်ရင်ထဲက ဒေါသတွေ ထွက်လာခဲ့ရတော့သည်။

အမေဖြစ်သူ ရှိစဥ်ကထဲက ဒယ်ဒီ့ဆီကနေ မရရှိခဲ့သည့် ဂရုစိုက်မှုမျိုး၊ နွေးထွေးမှုမျိုးကို ယခုမှ ရောက်လာသည့် မိထွေးနှင့် သမီးဖြစ်သူက ရရှိနေသည်ကို သူ ဘယ်လိုမှ မခံစားနိုင်တော့ချေ။

မိခင်အတွက် မခံချင်စိတ်၊ ဒယ်ဒီ့အပေါ် စိတ်နာစိတ်တွေက ရင်ထဲတွင် တရိပ်ရိပ် တက်လာသည်။

​"ဂွက်..."

​နေမင်းသိုက်က လက်ထဲက ဇွန်းနှင့် ခက်ရင်းကို စားပွဲပေါ်သို့ တမင်တကာ အသံအကျယ်ကြီးမြည်အောင် ဆောင့်ချလိုက်သဖြင့် ထမင်းဝိုင်းမှ လူများအားလုံး ငြိမ်သွားရသည်။

လဝန်းချိုလေးမှာလည်း လန့်သွားပြီး လက်ထဲက ဇွန်းပင် လွတ်ကျလုမတတ် ဖြစ်သွားရရှာ လေတော့သည်။

​"သားငယ်...ဘာလုပ်တာလဲ... လူကြီးတွေ ရှိနေတာကို ရိုင်းလိုက်တာ"

​ဦးနေရောင်က မျက်မှောင်ကြုတ်လျက် လှမ်းဟောက်သည်။ နေမင်းသိုက်က သူ့အဖေကို ပြန်စိုက်ကြည့် နေပြီး ထိုအကြည့်ကို ဒေါ်အိအိခင်ဘက်သို့ လွှဲကာ ရွဲ့တဲ့တဲ့နှင့် သရော်တော်တော်အသံဖြင့် စကားဆိုလိုက်၏။

​"ဒယ်ဒီ... သားနှာခေါင်းထဲမှာအမှိုက်အနံ့တွေ ရနေလို့ စားရတာ အဆင်မပြေဖြစ်နေတာပါ။ အခုလည်း အဲအနံ့ကြောင့် စားချင်စိတ်ပါ လုံးဝပျောက်နေလို့"

" သားငယ်...."

​"ဘာလဲ ဒယ်ဒီ... သားပြောတာ မဟုတ်လို့လား။ ဒယ်ဒီ ဘေးကသူတွေ အိမ်ပေါ်ရောက်လာကတည်းက တစ်အိမ်လုံး ညစ်ပတ်သွားသလိုပဲ"

​"တောက်... နေမင်းသိုက်.... မင်း တော်တော့်ကို လွန်လာပြီနော်။ ဘာစကားတွေ ပြောနေတာလဲ။"

​ဦးနေရောင်က ဒေါသ ထွက်လာပြီး ထမင်းစားပွဲကို လက်ဝါးဖြင့် ပြင်းပြင်းရိုက်ချလိုက်သည်။

ဒေါ်ကြည်ဖြူခင်က

" သားငယ် .... ဘာတွေပြောနေတာလဲသားရယ်။ မဟုတ်တာတွေကို ။ နေရောင် မင်းလည်းစိတ်လျှော့ ။ ကလေးကို နားလည် လာအောင် ဖြည်းဖြည်းချင်းပဲ ဆုံးမ ။ "

မမ ဒီကောင်အချိုးတွေ့လား ရိုင်းနေတာလေ...

"သားကို လာ စိတ်တိုမနေနဲ့နဲ့ ဒယ်ဒီ။ ဒယ်ဒီက အခုမှ ရောက်လာတဲ့ လူတွေကို ဦးစားပေးပြီး သားတို့ကိုတောင် အပြစ်မြင်နေပြီပေါ့။ "

​" ကိုနေရောင် ကျွန်မတို့ကြောင့် သားအဖတွေ ရန်မဖြစ်ကြပါနဲ့နော်"

​ဒေါ်အိအိခင်က မျက်ရည်ဝဲလျက် သားနေမင်းသိုက်ဘက်သို့ လှည့်ကာ....

​"အန်တီကြောင့် သား စိတ်အနှောင့်အယှက်ဖြစ်ရရင် တောင်းပန်ပါတယ်နော်..."

​ဒယ်ဒီ့ရဲ့ အော်သံနဲ့ မိထွေးဖြစ်သူရဲ့ မူယာမာယာ တောင်းပန်စကားတွေက နေမင်းသိုက်ရဲ့ ဒေါသကို ပိုပြီး ဆွလိုက်သလို ဖြစ်သွားရသည်။

သူက ထိုင်နေရာမှ ထရပ်လိုက်ပြီး ဒယ်ဒီ့ကို ပြန်အော်လေတော့သည်။

​" ဒီမှာ အဒေါ်ကြီး ဟန်ဆောင်မျက်ရည်တွေ လာကျပြ မနေနဲ့။ ဒယ်ဒီကိုပဲ လုပ်လို့ရမယ် ။ ကျွန်တော်တို့က မသနားတတ်ဘူး။ ရှင်းလား။ တော်ပြီ ထမင်းစားချင်စိတ်ကိုမရှိတော့ဘူး။စိတ်ကုန်တယ်။"

​"မင်း... မင်း တော်တော်ရိုင်းတဲ့ကောင်ပဲ ။ ပြောလေဆိုးလေပါလားကွ။"

​နေမင်းသိုက် ဆက်မစားတော့ပဲ ထမင်းစားပွဲမှ ထ၍ အပေါ်ထပ်သို့ ခြေသံပြင်းပြင်းဖြင့် တက်သွားလေတော့သည်။

​"စိတ်လျှော့ပါ ဒယ်ဒီ... ညီက ငယ်သေးလို့ စိတ်လိုက်မာန်ပါ ဖြစ်သွားတာပါ။ သားလိုက် သွားကြည့်လိုက်ပါ့မယ်"

​နေလင်းသိုက်က အလိုက်သင့် ဝင်ရောက်ဖျန်ဖြေရင်း ထရပ်ကာ ညီဖြစ်သူနောက်သို့လိုက်သွားခဲ့သည်။

​ထမင်းစားပွဲတွင်တော့ အသံတိတ် ငိုရှိုက်နေသည့် လဝန်းချိုလေးနှင့် မျက်နှာပျက်နေသည့် လူကြီးများသာ ကျန်ရစ်ခဲ့ရရှာတော့သည်။

လဝန်းချိုလေး၏ ရင်ထဲတွင်မူ ပထမဆုံးနေ့ ညစာစားပွဲမှာတင် ရရှိခဲ့သည့် ဒဏ်ရာနှင့် ထိတ်လန့်မှုတွေကြောင့် ဤအိမ်ကြီးတွင် ဆက်နေရမည့် ရက်များကို ကြိုတွေးကာ ထိတ်လန့်နေမိလေတော့သည်။

ဆက်ရန်

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon