Flat Note

Flat Note

Share

Simple Note for One Day

08/07/2025

“လုပ်နိုင်တယ်၊ ဖြစ်နိုင်တယ်၊ လုပ်သင့်တယ်… ဒါပေမယ့် မလုပ်ခဲ့ကြဘူး”

Jack Brabham ဆိုတာက သြစတြေးလျနိုင်ငံသား ပြိုင်ကားမောင်းသမား။
(၁၉၅၉)ခုနှစ် Sebring Grand Prix ကားပြိုင်ပွဲကြီးရဲ့ ဖိုင်နယ်ပွဲမှာ ရှေ့ဆုံးကနေ သူဦးဆောင်ခဲ့တယ်။
နောက်ဆုံးအခေါက်ကျမှ ပတ်နေတုန်း ကားကဆီကုန်သွားပါလေရော။
ကားက ဆက်မောင်းလို့မရဘဲ ရပ်သွားတယ်။
တခြားပြိုင်ကားသမားတွေဆိုရင် ကားထဲကထွက်၊ ဦးထုပ်ကို ကိုင်ပေါက်၊ ဆူဆဲဒေါသထွက်နေကြတာ များတယ်။
‌ဒါပေမယ့် Jack Brabhamက အဲ့လိုမလုပ်ဘူး။
ပြိုင်ပွဲကလူတွေတခါမှ မမြင်ဖူးတာကို သူလုပ်ခဲ့တယ်။
ကားပေါ်ကဆင်းပြီး စတွန်းတော့တာပဲ။
ဘေးကပြိုင်ဖက်ကားတွေ တ၀ူး၀ူးနဲ့ကြားထဲ တန်ချိန်တစ်၀က်လောက်လေးတဲ့ကားကို ပေ(၁၃၀၀)လောက်၀ေးတဲ့ ပန်းတိုင်ထိ သူတွန်းခဲ့တယ်။
ပန်းတိုင်လည်းရောက်၊ သူလည်းပစ်လဲကျတော့တာပဲ။
သူပြန်သတိရတော့မှ စတုတ္ထဆုရတယ်ဆိုတာ သိရတယ်။
ဒီဆုကလည်း ကမ္ဘာ့ချန်ပီယံစာရင်း၀င်ပါပဲ။
အကောင်းဆုံးပြိုင်ကားကို အကျွမ်းကျင်ဆုံးမောင်းခဲ့တာကြောင့် ရခဲ့တာမဟုတ်ဘူး။
အရှုံးမပေးတဲ့ စိတ်ကြောင့်ရတာ။
သူ့ကိုယ့်သူလည်း သနားမနေဘူး၊ တလွဲတွေဖြစ်နေတဲ့ ကံကိုလည်း ထိုင်ဆဲမနေဘူး။
ဘယ်သူ့မှ မလုပ်မယ့် မလုပ်ရဲတဲ့အရာကို လုပ်ပြီးအနိုင်ယူခဲ့တယ်။
တခြားလူဆို ဒါမျိုးတွေးမိမှာတောင် မဟုတ်ဘူး။
ပြိုင်ပွဲရဲ့စည်းကမ်းချက်က ရှင်းရှင်းလေး။ လူရော၊ ကားရော ပန်းတိုင်ရောက်ရင် နိုင်ပြီ။
လူက ကားထဲထိုင်နေရမယ်လို့ မဆိုထားဘူး။
ပြဌာန်းချက်စည်းကမ်းနဲ့အညီ ကွက်ကျော်ရိုက်ပြီး ကမ္ဘာ့ချန်ပီယံဖြစ်သွားတယ်။
နောက်နှစ်လည်း ကမ္ဘာ့ချန်ပီယံဆု ထပ်ရခဲ့ပါတယ်။
ကမ္ဘာ့အကောင်းဆုံး ပြိုင်ကားမောင်းသမား Stirling Mossက ပြိုင်ပွဲတစ်ခုမှာ သူ့ကား၀င်ရိုးကျိုးသွားလို့ စပြိုင်ဖို့အခက်တွေ့ခဲ့ဖူးတယ်။
Stirling Mossဟာ သူ့ထက်သာတဲ့ ပြိုင်ကားမောင်းသမားမှန်းသိပေမယ့် Jack Brabhamက သူ့အရံကားက ၀င်ရိုးကိုပေးပြီး ကူညီဖူးတယ်။
ပြိုင်ပွဲထဲမှာတော့ Jack Brabhamက ရှေ့ကနှာတစ်ဖျားသာအောင်မောင်းတယ်။ ပြီးတော့ လမ်းကကျောက်စရစ်ခဲစတွေကို ကားဘီးနဲ့ Stirling Mossရဲ့ ကားဆီပက်ပြီး မောင်းရခက်အောင်လုပ်တယ်။ Brabham နိုင်ခဲ့တယ်။
“သူက အပြင်မှာဆိုရင်တော့ တကယ့်လူကြီးလူကောင်းပဲ၊ ပြိုင်ပွဲထဲမှာတော့ တော်တော်အကျင့်ယုတ်တဲ့ ဘဲ”လို့ Mossက ပြောတယ်။
တခြားကားတွေထက် ပိုကောင်းတဲ့ ပြိုင်ကားကို သူ့ဘာသာထွင်နိုင်တယ်လို့ Jack Brabhamပြောခဲ့ဖူးတယ်။
လူတိုင်း ဒီစကားပြောဖူးပေမယ့် သူကတော့တကယ်လုပ်ခဲ့တယ်။
(၁၉၆၆)ခုနှစ် ဒုတိယအကြိမ်ကမ္ဘာ့ချန်ပီယံဆုရခဲ့တာ သူကိုယ်တိုင်ထွင်ထားတဲ့ကားနဲ့ပဲ။
တခြားပြိုင်ကားသမားတွေကို အနိုင်ယူခဲ့တာချည်းမဟုတ်ဘဲ တခြားကားကုမ္ပဏီတွေကိုပါ အနိုင်ယူခဲ့တာ။
အခုချိန်ထိ ဘယ်သူမှ သူ့လိုမလုပ်နိုင်ဘူး။
နောက်နှစ်ကျတော့ သူက Constructors’ Championship မှာ အနိုင်ရပြန်တယ်။
အဲ့နှစ်မှာ လူတွေကသူ့ကို ပြိုင်ကားမောင်းဖို့ တော်တော်အသက်ကြီးနေပြီဆိုပြီး ၀ေဖန်ကြတယ်။
Zandvoort Grand Prix ပြိုင်ပွဲလည်းကျရော သူက မုတ်ဆိတ်တုကြီးတပ်၊ တုတ်ကောက်ကြီးနဲ့ ကားဆီတုံချိတုံချိ လမ်းလျှောက်ပြတယ်။ ပြီးတော့မှ ကမ္ဘာ့အကောင်းဆုံးဆိုတဲ့ ပြိုင်ကားသမားတွေကို လှလှကြီးအနိုင်ယူပြလိုက်တယ်။ အဲ့ဒါ သူ့ရဲ့တတိယမြောက် ကမ္ဘာ့ချန်ပီယံဆုရခဲ့တာပဲ။
သုံးကြိမ်ဆုရတယ်၊ နှစ်ကြိမ်က တခြားကားကုမ္ပဏီထုတ် ကားတွေကို ဖဲ့တယ်။
“ကိုယ်လိုချင်တာကို ဖြစ်အောင်လုပ်လို့ရတယ်၊ မဟုတ်ရင်တော့ ဆင်ခြေတွေပေးပြီး အရှုံးခံလိုက်ပေါ့”တဲ့။ အကြိုက်ဆုံး Jack Brabhamရဲ့စကားလေး။
Jack Brabhamကတော့ ကိုယ့်ကိုယ်ကို ဆင်ခြေတွေပေးနေတာကို မရွေးခဲ့ဘူး။

ဆင်ခြေတွေပေးမနေဘဲ ဖြစ်အောင်သူလုပ်ပြခဲ့တယ်။

"One + One = Three: A Masterclass in Creative Thinking" by Dave Trott
(မှီငြမ်းဘာသာပြန်-ဝေလင်း)

17/06/2025

“ပုံတူကူး လိုက်တွေးခြင်း”
သြဂုတ်လ (၂၅)ရက်၊ (၂၀၁၀)ခုနှစ်တုန်းက အာဖရိကမှာ လေယာဉ်တစ်စီးပျက်ကျခဲ့တယ်။
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံရဲ့ မြို့တော် ကင်ရှာဆာကနေ ဘန်ဒွန်ဒူလေဆိပ်ကိုသွားတဲ့ ပြည်တွင်းခရီးစဉ်မှာ လေယာဉ်ဆင်းခါနီး ပျက်ကျခဲ့တာ။ လေယာဉ်မှူး( ၂)ဦးအပါ စုစုပေါင်း အယောက်(၂၀) သေဆုံးခဲ့တယ်။ အသက်ရှင်ကျန်တဲ့လူ တစ်ယောက်ပဲရှိတယ်။ သူ့ကို ချက်ချင်းဆေးရုံပို့ခဲ့ကြတယ်။
ဘာလို့ လေယာဉ်ပျက်ကျခဲ့လဲဆိုတာ အဖြေရှာမရခဲ့ကြဘူး။
အဲ့ချိန်တုန်းက ခေါတ်အမီဆုံး လေယာဉ်ပဲ။ ချက်ကားထုတ် Let-410 အင်ဂျင်နှစ်လုံးထိုးနဲ့ တာဘိုပရော့ လေယာဉ်။
ရာသီဥတုနဲ့ မြင်ကွင်း အားလုံးလည်း ကြည်ကြည်လင်လင်ပဲ။
လေယာဉ်မှူး နှစ်ဦးကလည်း အင်္ဂလန်က Chris Wilsonနဲ့ ဘယ်လ်ဂျီယမ်က Danny Philemotte တို့။ လိုင်စင်ရ အတွေ့အကြုံရှိ ကျွမ်းကျင်သူတွေ။
ပျက်ကျတဲ့လေယာဉ်ကို စစ်ကြည့်တော့လည်း စက်ပိုင်းဆိုင်ရာ အားလုံးကောင်းနေတယ်။
ပြစ်ချက်တစ်ခုမှ ရှာမတွေ့ကြဘူး။
ဆေးရုံက အသက်ရှင်တဲ့ တစ်ယောက်ကို သွားမေးတော့မှ ဖြစ်ကြောင်းကုန်စင်သိရတာ။
ဘယ်သူမှ မထင်ထားတဲ့ကိစ္စ။
ခရီးသည်တစ်ယောက်က သူ့ခရီးဆောင်အိတ်ထဲ မိကျောင်းပေါက်လေးတစ်ကောင် ခိုးသယ်လာတယ်။
ခရီးသည်အားလုံးရဲ့ ခရီးဆောင်အိတ်တွေကို လေယာဉ်အနောက်ဘက်မှပဲ စုပုံထားတယ်။
လေယာဉ်လည်း ဆင်းရော အဲ့မိကျောင်းသကောင့်သားလေးက ခရီးဆောင်အိတ်ထဲက လွတ်လာပါလေရော။ ဒါကိုသိသွားတဲ့ လေယာဉ်မယ်က လေယာဉ်မှူးတွေဆီ ပြောဖို့ အမြန်ပြေးတယ်။
မိကျောင်းဆီက ထွက်ပြေးနေတဲ့ လေယာဉ်မယ်ကိုမြင်တော့ ခရီးသည်တွေလည်း လန့်ဖြန့်ပြီး သူ့နောက်လိုက်ပြေးကြတယ်။ ဆိုတော့ လေယာဉ်ရဲ့ အလေးချိန်က ခေါင်းဖက်မှစုပြီး လေယာဉ်က ထိုးဆင်းတော့တာပေါ့။ လေယာဉ်မှူးက အားလုံးကိုနောက်ပြန်သွားခိုင်းပြီး လေယာဉ်ကိုထိန်းပေမယ့် ပြန်တက်မရတော့။ မြေပေါ်ကို လုံးလုံးကြီး ထိုးစိုက်ပျက်ကျသွားတော့တယ်။ လူ(၂၀)သေတယ်။
ဒါပေမယ့် အဲ့မိကျောင်းပေါက် ငတလေးက အသက်ရှင်သဗျ။ ဘာလို့လဲဆိုတော့ သူက လေယာဉ်အနောက်ဖက်မှ ရှိနေခဲ့လို့။ လေယာဉ်ပျက်ကျပြီးတော့ သူကတောထဲပြေးဖို့လုပ်တာ။ ဒေသခံတစ်ယောက်ကတွေ့ပြီး လေယာဉ်ပေါ်က မိကျောင်းမှန်းမသိဘဲ ဓါးနဲ့ခုတ်သတ်လိုက်တယ်။
တကယ်လို့သာ အသက်ရှင်ကျန်တဲ့သူမရှိရင် ဘာလို့ လေယာဉ်ပျက်ကျခဲ့မှန်းတောင် သိကြမှာမဟုတ်ဘူး။ မိကျောင်းပေါက်လေးတစ်ကောင်ကြောင့် လေယာဉ်ပျက်ကျခဲ့တယ်လို့ ဘယ်သူမှထင်မှာမဟုတ်။
ဒီကိစ္စမှာ အဓိကတရားခံက အကျိုးအကြောင်းမဆင်ခြင်ဘဲ အထိတ်တလန့်ဖြစ်ကြတာကြောင့်။
မိကျောင်းက လူကိုစားနိုင်လောက်တဲ့ ပေ (၂၀) မိကျောင်းကြီးလည်းမဟုတ်။ ခရီးဆောင်အိတ်ထဲ ထည့်သယ်လို့ရတဲ့ အကောင်သေးလေး။ အများဆုံး ဒုက္ခပေးနိုင်ရင် ကိုက်တာဖဲ့တာလောက်ရှိမှာ။ ဒါတောင် သူ့သွားစမိမှ၊ မဟုတ်ရင် သူ့ဘာသာအေးဆေးနေတာ။ ဒါပေမယ့် ဘယ်သူမှ အဲ့လိုမတွေးခဲ့ကြဘူး။ တခြားလူတွေ ပြေးနေပြီဆိုတာနဲ့ လိုက်ပြေးတော့တာ။ စဉ်းစားဆင်ခြင်တာကို အရင်မလုပ်ဘဲ တခြားလူလုပ်သလို အလွယ်တကူပဲ လိုက်လုပ်လိုက်ကြတယ်။
ပုံတူကူးပြီး လိုက်တွေး၊ လိုက်လုပ်တတ်တာက လူသားတွေအပေါ် လွှမ်းမိုးမှုကြီးတဲ့ အလေ့အကျင့်ဆိုးကြီး တစ်ခုပါပဲ။
ယုတ္တိရှိမှု၊ စူးစမ်းလေ့လာမှုနဲ့ ဆင်ခြင်တုံတရားအသိဉာဏ်တွေကိုပါ လွှမ်းမိုးသွားစေတယ်။
ဒါက မကောင်းတဲ့ဖက်ကိုပဲ ဦးတည်တတ်တယ်ဆိုတာ သိပေမယ့် လူတိုင်းလိုလိုက လိုက်လုပ်မိနေတတ်ကြတယ်။
ဘာလို့လဲဆိုတော့ ကျန်ခဲ့မှာ၊ ချန်ခဲ့မှာကြောက်လို့။
လူအများစုရဲ့ ဖယ်ကျဉ်ခံရမှာကို စိုးရိမ်တာ။
ဒါကြောင့် သတိထား ဆင်ခြေတွေးတောတတ်တာကိုမေ့ပြီး သူတို့နဲ့အတူ လိုက်လုပ်မိနေတတ်ကြတာ။
ကိုယ်က အပြင်လူဖြစ်နေရတာကလည်း ခံရခက်ခက်ကိုး။
ဒါပေမယ့် လိုက်မလုပ်မိခင်မှာ စဉ်းစားဆင်ခြင်ကြည့်သင့်တယ်။
လိုက်လုပ်ပြီးသွားမှဆိုရင်တော့ နောက်ကျသွားပါပြီ။

"One + One = Three: A Masterclass in Creative Thinking" by Dave Trott
(မှီငြမ်းဘာသာပြန်-ဝေလင်း)

10/06/2025

“အဲ့လိုလုပ်ရင် အဆင်ပြေသွားမှာလား”
အဖမ်းခံထားရတဲ့ ရုရှားစပိုင် ရုဒေါ့ဖ်အေဘယ် (Rudolf Abel)က သူ့ရဲ့ရှေ့နေဖြစ်သူ ဂျိမ်းဒိုနိုဗမ် (James Donovan)ကို မေးလိုက်တယ်။
ရုဒေါ့ဖ်အေဘယ်ဆိုသူက အမေရိကားနိုင်ငံထဲမှာ စပိုင်အဖြစ် (၁၉၄၈)ခုနှစ်ကနေ (၁၉၅၇)ထိ (၉)နှစ်တာလုံးလုံး လျို့၀ှက်စွာနေနိုင်ခဲ့သူပါ။ (၁၉၅၇)ခုနှစ်ကြမှ သူရဲ့ အဖော် ရေနိုဟေနာနမ်ရဲ့ သတင်းပေးမှုကြောင့် အဖမ်းခံခဲ့ရတယ်။ အေဘယ်ရဲ့ ထူးခြားချက်က အင်မတန် အေးဆေးတည်ငြိမ်တာပါ။
အစိုးရပိုင်းကရော အမေရိကားတစ်နိုင်ငံလုံးကရော သူ့ကိုအမှုန့်ကြိတ်ချင်နေတဲ့အချိန်မှာ သူ့ပုံစံက အေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်ပဲ။
ဆိုတော့ သူ့ရှေ့နေက အံ့သြပြီးမေးတယ်။
“မင်းစိတ်မပူဘူးလား”တဲ့..
အေဘယ်ပြန်ဖြေခဲ့တာက “အဲ့လိုလုပ်နေရင် အဆင်ပြေသွားမှာလား”။
နောက်တစ်ခါ တရားရုံးက သူ့ကိုအပြစ်ရှိ‌ကြောင်း အတည်ပြုတဲ့အခါမှာလည်း
ဒိုနိုဗမ်က “မင်းကြည့်ရတာ စိုးရိမ်နေတဲ့ပုံမပေါက်ဘူး”ဆိုတော့လည်း..
“အဲ့လိုလုပ်နေရင် အဆင်ပြေသွားမှာလား”။
နောက်ဆုံး ရုရှားတွေလက်ထဲ အေဘယ်ကိုပြန်အပ်တော့...
“မင်းပြန်ရောက်ရင် သူတို့ဘာလုပ်မလဲဆိုတာ မကြောက်ဘူးလား”..
“အဲ့လိုလုပ်နေရင် အဆင်ပြေသွားမှာလား” (Would it help?)
ဒါက Bridge of Spies ဆိုတဲ့ ဇာတ်ကားထဲမှာ အေဘယ်ရဲ့ တကယ့်အေးဆေးတဲ့ ပုံရိပ်ကို ထင်ဟပ်ပြသနိုင်ခဲ့တဲ့ စကားလုံးလေးပါပဲ။
လက်တွေ့ဘ၀မှာ မစိုးရိမ်သင့်တာ၊ ‌ဒေါသမဖြစ်သင့်တာ၊ မလိုအပ်ဘဲ အရှည်ကြီးတွေ လျှောက်စဉ်းစားမိတတ်ကြတာက လူ့သဘာ၀ပါ။ ဒါကို ဘရိတ်အုပ်ရမယ့် စကားလုံးလေးက..
“အဲ့လိုလုပ်နေရင် အဆင်ပြေသွားမှာလား”
Creative Thinking တခုကို အစပျိုးတဲ့အချိန်မှာပဲဖြစ်ဖြစ်၊ Brainstorming session မှာပဲဖြစ်ဖြစ်၊ နောက်ဆုံး Ex*****on planရောက်တဲ့အထိ မလိုအပ်တဲ့အရာတွေ၊ ကိစ္စတွေနောက်လျှောက်လိုက်ရင်း ကျနော်တို့ အကြမ်းဖျင်းစဉ်းစားကြည့်သင့်တာ..
Would it help? ပါပဲ။

ခင်မင်လျက်,
ဝေလင်း

03/06/2025

Balloonfest '86 (သန်းချီတဲ့အိပ်မက်တွေ မိုးကောင်းကင်က ပြိုကျတဲ့နေ့)

“ကြည့်ရှုအားပေးနေကြတဲ့ လူကြီးမင်းများခင်ဗျာ..
အမေရိကန်၊ ကလီဗလန်းမြို့ကနေ တိုက်ရိုက်ထုတ်လွင့်တင်ဆက်နေပါတယ်။ အခုဆိုရင် ကျွန်တော်တို့ဟာ အကြီးမားဆုံး အစီအစဉ်ကြီးတစ်ခုရဲ့ရှေ့မှာရောက်ရှိနေတာပဲ ဖြစ်ပါတယ်”
ဒါကတော့ (၁၉၈၆)ခုနှစ် စက်တင်ဘာလ (၂၇)ရက်နေ့မှာ အစီအစဉ်တင်ဆက်သူ Big Chuck နဲ့ Lou တို့ရဲ့ စိတ်လှုပ်ရှားဖွယ် စကားသံတွေပါပဲ။ လူပေါင်း တစ်သိန်းကျော်က အားပေးဖို့ စု၀ေးစောင့်မျှော်နေကြတယ်။
ကျောင်းသားကျောင်းသူ (၂၅၀၀)ကျော် ပူးပေါင်းပါ၀င်လုပ်ဆောင်ခဲ့တဲ့ ဒီဖန်တီးမှုကို စတင်ခဲ့တာက United Way of Cleveland ဆိုတဲ့ လူမှုကူညီရေးအသင်း။
(၈၀)ခုနှစ်၀န်းကျင်တုန်းက ကလီဗလန်းမြို့က ပြဿနာပေါင်းသောင်းခြောက်ထောင်နဲ့။ စက်မှုလုပ်ငန်းကို အဓိကအားထားတဲ့မြို့တော်မှာ စက်ရုံတွေပိတ်သိမ်း၊ အလုပ်လက်မဲ့တွေကများ၊ ဆင်းရဲဘေးစိုက်ပြီး လူတွေစိတ်ဓါတ်ကျနေကြတယ်။ ဒါတွေပြုပြင်ပြောင်းလဲဖို့ ဒီ public stunt အစီအစဉ်ကို လုပ်ခဲ့တာ။
မြို့ရဲ့အချက်အချာကျတဲ့နေရာမှာ ပေ(၁၅၀)လောက်မြင့်တဲ့ ပိုက်ကွန်ကြီးဆောက်လိုက်တယ်။ ပြီးရင် သန်းနဲ့ချီတဲ့ ဟီလီယမ်ဓာတ်ငွေ့ထည့်ထားတဲ့ လေပူဖောင်းတွေကို အဲ့ပိုက်ကွန်ထဲ ပစ်တင်မယ်။ ပြီးမှ ပွဲချိန်ကြရင် ကောင်းကင်ထဲလွတ်တင်မယ်ပေါ့။ ဒီလိုလုပ်ဖို့အတွက်လည်း ပူဖောင်းဖန်တီးမှုနဲ့ ပွဲစီစဉ်တာ ကျွမ်းကျင်တဲ့ပညာရှင် Treb Heiningကို လော့အန်ဂျလိစ်ကနေ ငှားရမ်းခဲ့တယ်။ ရည်ရွယ်ချက်ရော၊ Idea ရောကကောင်းတယ်။ ဆိုးဆိုးရွားရွားတွေ မဖြစ်ခင်ထိပေါ့။
အဲ့နေ့မနက်စောစောထဲက ကျောင်းသား(၂၅၀၀)နဲ့ လေပူဖောင်းတွေ စလုပ်ကြတယ်။ ပိုက်ကွန်ထဲက များများလာတဲ့ ရောင်စုံပူဖောင်းတွေကိုကြည့်ပြီး လူတွေပျော်ရွှင်မြူးတူးနေကြတယ်။ အဲ့အချိန်မှာပဲ ပွဲစီစဉ်တဲ့သူတွေက ရာသီဉတုအခြေအနေကို သတိထားမိလာတယ်။ အဲ့ရက်မှာ မိုးသက်လေပြင်းကျနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်ကို အရင်ထဲကကြိုသိထားပေမယ့် စိုးရိမ်စရာမရှိဘူးလို့ ထင်ထားကြတာ။ ဘယ်လိုသက်ရောက်မှုရှိနိုင်တယ်ဆိုတာကိုလည်း မလေ့လာခဲ့ကြဘူး။ အချိန်တန်ရင် ပူဖောင်းတွေ လေထဲရောက်သွားပြီး ဟိုးအမြင့်ရောက်မှ လေလျော့ပြီး ပင်လယ်ထဲပြန်ကျလာမယ်ပဲ သိထားတယ်။ ညနေပိုင်းလောက် မိုးသက်လေပြင်းကျမယ်ဆိုတာ သိတော့မှ နေ့လည် (၁)နာရီခွဲမှာ ကြိုလွတ်လိုက်ကြတယ်။ လူထုရဲ့ အော်ဟစ်အားပေးသံတွေနဲ့အတူ ရောင်စုံပူဖောင်းတွေ ကောင်းကင်ထဲကို စတက်သွားတယ်။ ဒါပေမယ့် သိပ်မကြာဘူး။ အပေါ်က လေထုထဲမှာရှိနေတဲ့ စိုစွတ်တဲ့အအေးဓါတ်ကြောင့် ဟီလီယမ်ဓာတ်ငွေ့တွေ ကျုံ့သွားပြီး ပူဖောင်းတွေရဲ့ မြောက်အားက လျော့သွားတယ်။ မိုးရေတွေကြောင့် ပူဖောင်းတွေက လေးလံလာတယ်။ ပုံမှန်ဆိုရင် အမြင့်ကြီးပျံတက်နိုင်တဲ့ ပူဖောင်းတွေဟာ အနိမ့်မှာပဲလွင့်ပြီး မြို့ပေါ်နဲ့ Erie ရေကန်ဖက် ပြန်ကျကုန်တော့တယ်။ လမ်းတွေပေါ်ပြုတ်ကျကုန်တာကြောင့် ယာဉ်တိုက်မှုတွေ ဖြစ်ကုန်တယ်။ လေဆိပ်ပြေးလမ်းတွေလည်း ပိတ်ကုန်လို့ လေယာဉ်ဆင်းသက်မှုတွေ ရပ်ရတယ်။ ဖြစ်ချင်တော့ ပူဖောင်းတွေ ကန်ရေပြင်ပေါ်ရှုပ်ပွနေလို့ Erie ရေကန်ဖက်မှာ လူ(၂)ယောက်ပျောက်နေခဲ့တာကို အချိန်မှီမကယ်တင်နိုင်ဘဲ အသက်သေဆုံးခဲ့ကြရတယ်။ ပတ်ဝန်းကျင်ထိခိုက်မှု၊ လူမှုရေးနှင့် ဥပဒေရေးရာပြဿနာတွေနဲ့ United Way of Clevelandတရားစွဲခံရပြီး လျော်ကြေးတွေပေးခဲ့ရတယ်။ အဲ့နောက်ပိုင်းမှာ ပူဖောင်းလွတ်တင်ပွဲတွေ တင်းကျပ်စွာ တားမြစ်ခံခဲ့ရတယ်။
Creative Thinking တစ်ခုစဉ်းစားတဲ့အခါ ESG Sustainability (Environmental, Social, and Governance)ကို ပေါ့ပျက်ပျက်ပဲ ထားတတ်ကြတယ်။ ဒီအထဲက ထိပ်ဆုံးနဲ့ အရေးအကြီးဆုံးဖြစ်တဲ့ Environmental (ပတ်ဝန်းကျင်ဆိုင်ရာ)က မဖြစ်မနေထည့်သွင်းစဉ်းစားရမှာပါ။ ဒါမှ “Better (Responsible) Ideas” ဆိုတာဖြစ်လာမှာပါ။ မဟုတ်ရင် “Better Ideas”အဆင့်ပဲ ရှိပါသေးတယ်။

ခင်မင်လျက်,
ဝေလင်း

24/03/2025

"I ♥ NY"
(၁၉၇၀)ခုနှစ်လောက်တုန်းက New Yorkဟာ မှုခင်းဖြစ်နှုန်းအမြင့်ဆုံး၊ မြို့ထဲမှာလည်း စည်းမဲ့ကမ်းမဲ့ နေထိုင်မှုပုံစံတွေနဲ့ သမိုင်းတစ်လျှောက် အခက်ခဲဆုံးကာလဖြစ်ခဲ့တယ်။ ဒါကိုဟန်ချက်ညီအောင်၊ မြို့ခံတွေရဲ့ စိတ်ထားတိုးတက်ပြောင်းလဲလာအောင် ရည်ရွယ်ပြီး Wells Rich Greene ဆိုတဲ့ advertising agency ကနေ “I Love New York” marketing campaign တစ်ခုကို ဖန်တီးလိုက်တယ်။ အဲ့အတွက် logoလုပ်ဖို့ လိုလာတယ်။ ဆိုတော့ ပြည်နယ်စီးပွါးရေးဌာနက William S Doyleက နာမည်ကျော် ဒီဇိုင်နာ Milton Glaserကို သွားအပ်တယ်။ အဲ့အချိန် Glaser က New York မှာ သူ့ကိုယ်ပိုင် စတူဒီယိုထောင်ဖို့လုပ်နေတဲ့အချိန်။ ဒီဘဲကမခေဘူး။ Bob Dylan ရဲ့ Greatest Hits album cover လုပ်ပေးဖူးတယ်။ (၁၉၆၈)ခုနှစ်ထိ New York magazineရဲ့ခေါင်းစီး logo/title ဒီဇိုင်းတွေလုပ်တဲ့သူ။ အချိန်တစ်ပတ်ယူပြီး သူဆွဲပေးလိုက်တယ်။ တခါတည်း approvedဖြစ်တယ်။ အဆင်ပြေပြီပေါ့။
ဒါပေမယ့် တစ်ပတ်လောက်ကြာတော့ သူTaxiပေါ်မှာ စာရွက်အစုတ်နဲ့ ဟိုခြစ် ဒီခြစ်လုပ်ရင်း idea အသစ်တစ်ခုရလာတယ်။ ချက်ချင်း Doyle ဆီ ဖုန်းဆက်ပြီး “ကျနော်ပိုကောင်းတဲ့ ideaတစ်ခုရထားတယ်”လို့ပြောတယ်။ ဟိုဘဲက “မဟုတ်ဘူး ထားလိုက်တော့။ ဒီဖက်မှာ approvement တစ်ခုရဖို့ဆိုတာ ဘယ်လောက်ခက်တယ်ဆိုတာ မင်းမသိပါဘူးကွာ”တဲ့။ “အရင်ကြည့်ကြည့်ပါဦး” ဆိုပြီး အတင်းခေါ်တော့မှ လာကြည့်တယ်။ အားချင်းမီတင်လုပ် တင်ပြလိုက်တော့မှ အဆင်ပြေသွားတယ်။ အဲ့ဒါအခု I ♥ NY ရဲ့ logoပဲ။
Glaserက ဒီ​ဒုတိယlogoကို ဆယ်စက္ကန့်လောက်ပဲ အချိန်ယူဆွဲခဲ့တာ။ သစ်ပင်မှာ သမီးရည်းစားတွေ အမှတ်တရထွင်းထားလေ့ရှိတဲ့ စာလုံးပုံစံတွေကနေ ရခဲ့တာလို့ သူပြောပြတယ်။ အသည်းကိုစိုက်နေတဲ့ မြားတွေဘာတွေတော့ ဖြုတ်လိုက်တယ်ပေါ့။ အခုဆိုရင် ဒီlogoက New Yorkရဲ့ သမိုင်း၀င်အထင်ကရ သင်္ကေတတစ်ခုဖြစ်နေပြီ။ ဒါပေမယ့် ဒီ​logoကို အခုလောက်ထိ အောင်မြင်မှုရလိမ့်မယ်လို့ ဘယ်သူမှ မထင်ထားသလို Glaser ကိုယ်တိုင်လည်းမသိခဲ့ဘူး။ ခရီးသွားဧည့်သည်တွေကြားထဲ ရေပန်းစားပြီး ဒါမျိုးပုံစံတူတွေ တခြားနိုင်ငံ၊ မြို့နာမည်တွေနဲ့ အများကြီးထွက်လာနေတယ်။ "I ♥ NY" လောက် ထိရောက်မှု မရှိသလို ခံစားရတယ်။ အဲ့ဒီအစား “Clean Yangon”လို campaignမျိုးက ပိုထိရောက်ပါတယ်။

ခင်မင်လျက်,
ဝေလင်း

Ref;
-Creative Review: I♥NY (1975)-Milton Glaser
-Milton Glaser and I [heart] New York by Dr.Lilly Tuttle and Emily Chapin

17/03/2025

No “Best”
Product တစ်ခုကို "အကောင်းဆုံး" လို့ ပြောလိုက်တာက အရမ်းလွယ်လွန်းပြီး အသုံးများနေတဲ့စကားလုံးပဲ။
Product အကုန်လုံးကသာ "အကောင်းဆုံး"လို့ပြောနေရင် ဘယ်လိုလုပ်ကြမလဲ။ စဉ်းစားကြည့်ပါ။ အင်္ဂလိပ်စကားရဲ့ အမြင့်ဆုံး ဒီစကားလုံး သုံးလိုက်တာက Productတွေရဲ့ ကွဲပြားဆန်းသစ်မှုတွေကို ဖျက်ဆီးလိုက်သလိုတောင် ဖြစ်သွားတယ်။
Grey Gooseက Beverage Testing Instituteရဲ့ နံပါတ်တစ်အဆင့်သတ်မှတ်ချက်ရခဲ့ပြီး "ကမ္ဘာ့အရသာ အကောင်းဆုံး ဗော့ဒ်ကာ"လို့ပြောခဲ့တယ်။ အဲ့လိုသက်သေမပြနိုင်ဘဲနဲ့ ဒီစကားလုံးကို မသုံးသင့်ပါဘူး။
အဲ့ဒီအစား Productတစ်ခုဟာ…
ဘာကြောင့် ကောင်းတယ်..
ဒါမှမဟုတ် တခြား Productတွေထက် ဘာပို‌ကောင်းတယ်ဆိုတာ သေချာဖိပြောသင့်တယ်။
Grey Gooseတောင်မှ သူ့အရသာကိုပဲအဓိကထားပြီး "အကောင်းဆုံး"လို့ ဆိုတယ်။
စိတ်မကောင်းစရာတစ်ခုက ဒီ "အကောင်းဆုံး"ဆိုတဲ့ စကားလုံးဟာ အတည်ပြုချက်မလိုဘဲ ကြော်ငြာလောကထဲကို ခဏခဏရောက်လာတတ်တယ်။ အမေရိကားမှာဆို ပိုဆိုးပေါ့။ ဗြိတိန်က ကြော်ငြာစိစစ်ရေးအဖွဲ့ကတော့ ဒီစကားလုံးကို သုံးဖို့ တခါတလေပဲခွင့်ပြုပေးတယ်။
Gillette ရဲ့ "The best a man can get" (အမျိုးသားတယောက်အတွက် အကောင်းဆုံးရယူနိုင်မှု) လို့ ပေါပေါပဲပဲစာသားကို ဘယ်သူမှ မေ့မှာမဟုတ်ပါဘူး။
ဒါပေမယ့် "အကောင်းဆုံး" ဆိုတဲ့ စကားလုံးကို ဆိုးဆိုးရွားရွား သုံးခဲ့ဖူးတာကတော့..
(၁၉၈၅) ခုနှစ်က Coke ရဲ့ ပျင်းစရာကောင်းတဲ့ စာသား "The best just got better" (ပိုကောင်းလာတဲ့ အကောင်းဆုံး)။ အဲ့နှစ်မှာပဲ တခါတည်းရပ်သွားရော။
"အကောင်းဆုံး"ဆိုတဲ့ စကားလုံးကို သူတို့ကိုယ်သူတို့ ကြော်ငြာရေးနိုင်တယ်လို့ ထင်တဲ့သူတွေပဲ ခဏခဏသုံးလေ့ရှိတယ်။ အမေရိကန် စားသောက်ဆိုင်တွေနဲ့ ပီဇာဆိုင်ပိုင်ရှင်တွေလိုပေါ့။ Will Ferrell ပါဝင်တဲ့ "Elf" ရုပ်ရှင်ထဲက ဇာတ်ကွက်တစ်ခုကို ဥပမာထားပြီး ကျနော်အမြဲပြောပြလေ့ရှိတယ်။ နီယွန်ဆိုင်းဘုတ်က "ကမ္ဘာ့အကောင်းဆုံး ကော်ဖီတခွက်" လို့ဆိုတဲ့ စားသောက်ဆိုင်ကို ရိုးသားပြီး ကလေးဆန်တဲ့ ဇာတ်လိုက်က အားရပါရချီးမွန်းနေတယ်။
တကယ်တော့ "အကောင်းဆုံး"(best) ဆိုတဲ့ စကားလုံးကို..
"ပိုကောင်းတဲ့" (better) ဒါမှမဟုတ်..
"ကောင်းတဲ့" (good) ဆိုတာနဲ့ မရောထွေးသင့်ဘူး။
Philips ရဲ့ "Let’s make things better" (အရာရာကို ပိုကောင်းအောင် လုပ်ကြစို့) ဆိုတဲ့ စကားလုံးဟာ ကြီးမားပြီး အားကောင်းတဲ့ messageတစ်ခုဖြစ်ပါတယ်။ "ပိုကောင်းအောင် " ဆိုတဲ့စကားလုံးက ဒီmessageတခုလုံးရဲ့ သင်္ကေတကြီးဖြစ်နေတာ။ British Telecom အတွက် David Abbott ရဲ့ "it's good to talk" (စကားစမြည်ပြောတာ ကောင်းပါတယ်) ဆိုတဲ့ ရိုးရိုးရှင်းရှင်း စာသားလိုမျိုး..
ဒါမှမဟုတ် "Good food costs less at Sainsbury's" (Sainsbury's မှာ ကောင်းတဲ့အစားအစာက စျေးပိုနည်းတယ်) လိုမျိုး..
နောက်ပြီး TV commercial တွေမှာသုံးတတ်တဲ့ "there is a better way to..." (အဲ့ဒါအတွက်ပိုကောင်းတဲ့ နည်းလမ်းကတော့..) လိုမျိုး စာသားတွေက ကွဲပြားထိရောက်မှုရှိတဲ့ အောင်မြင်မှုပုံစံတွေပဲ။
"ကောင်းတဲ့"ဆိုတဲ့ စကားလုံးရဲ့ နောက်ဥပမာတစ်ခုကတော့…
Guinnessရဲ့ "Good things come to those who wait" (စောင့်တဲ့သူအတွက် ကောင်းတဲ့အရာတွေ ရောက်လာမယ်)
သူ့ရဲ့ Original conceptက “ပြီးပြည့်စုံတဲ့ ဘီယာခွက်ကြီးတစ်ခွက်ကို ငဲ့ဖို့ (၁၁၉) စက္ကန့် ကြာတယ်”ဆိုတာကနေလာတာ။ ထပ်ပြောရရင် "ကောင်းမွန်တယ်" ဆိုတဲ့ စကားလုံးက အရာရာတိုင်းမှာ ရောင့်ရဲသည်းခံခြင်းဟာ အသက်ပါပဲဆိုတဲ့ ပိုကြီးမားတဲ့ideaရဲ့တစ်စိတ်တစ်ပိုင်းပဲ။
"The Advertising Concept Book" by Pete Barry
(ဘာသာပြန်-ဝေလင်း)

10/03/2025

KISS: Keep It Simple, Stupid!
ဒီစကားလုံးက ကြော်ငြာလောကမှာ အသုံးအများဆုံးပါ။ ဒါက benefits (အကျိုးဆက်ရလဒ်)တွေရဲ့ တစ်စိတ်တစ်ပိုင်းနဲ့ သက်ဆိုင်နေသလို၊ အဲ့benefitsရရှိဖို့ ဖန်တီးလိုက်တဲ့ concept or idea နဲ့လည်း တစ်စိတ်တစ်ပိုင်းသက်ဆိုင်ပါတယ်။ “Keep It Simple” (ရိုးရိုးရှင်းရှင်းထားပါ)ဆိုတာ အောင်မြင်တဲ့ ကြော်ငြာတစ်ခုကို ဖန်တီးဖို့ ပထမဆုံးအဆင့်ပါ။ "Stupid" ဆိုတာက သိပ်မထင်ထားတဲ့ စကားလုံး၊ ဒါပေမယ့် ဒါက ၀ါရင့်ဖန်တီးသူတွေတောင် ဒီGolden Ruleကို ခဏခဏ မေ့တတ်တယ်ဆိုတဲ့ အချက်ကို ဆိုလိုတာ။ တစ်ချို့က “KIS” နဲ့တင် ရပြီလေလို့ငြင်းတတ်ကြတယ်။
“KISS”လိုပဲ ကြော်ငြာလောကနဲ့မဆိုင်ဘဲ နာမည်ကြီးစကားတစ်ခုက Shakespeareရဲ့ “To be or not to be” (ဖြစ်မလား မဖြစ်မလား)ပါ။ စကားလေး (၆)လုံးနဲ့ မယုံနိုင်လောက်အောင် နက်ရှိုင်းတဲ့ အဓိပ္ပာယ်ပါ။
တစ်ခါက မိုဟာမက်အလီကို Harvard တက္ကသိုလ်ဘွဲ့နှင်းသဘင်မှာ မိန့်ခွန်းပြောဖို့ ဖိတ်ကြားခဲ့တယ်။ အားတက်ဖွယ်မိန့်ခွန်းအဆုံးမှာ တစ်ယောက်က "ကဗျာတစ်ပုဒ် ရွတ်ပြပါ" လို့ အော်လိုက်တယ်။ သူက ခဏရပ်ပြီး၊ "Me. We." ဆိုတဲ့ အင်္ဂလိပ်စကားလုံးထဲက အတိုဆုံး(၂)လုံးနဲ့ ဟော‌ပြောပွဲကို အဆုံးသတ်လိုက်တယ်။
“ရိုးရှင်းမှု”ကို နောက်တစ်မျိုးဆိုရရင် “အဓိကအချက်ကို ချပြပါ”။ ကြော်ငြာဆိုတာက လူတွေရဲ့ ဘဝထဲ ဝင်စွက်ဖက်နေတယ်ဆိုတာ မှတ်ထားရမှာပါ။ ဥပမာ-သတင်းစာထဲက ကြော်ငြာတစ်ခုဟာ လူတွေ သတင်းတွေဖတ်ချင်နေတဲ့အရင်းခံစိတ်နဲ့ လိုက်ပြိုင်နေရတာ။ အလားတူပဲ လူတစ်ယောက်က ကြော်ငြာတွေကြောင့် မဂ္ဂဇင်းဝယ်တာဟာ ရှားပါတယ်။
Ed McCable က ပြောဖူးတယ် . . .
သင့်ကြော်ငြာကို Manhattanလမ်းက ညနေခင်း လူစည်ကားနေချိန် မီးခြစ်ရှာနေတဲ့ ဆေးလိပ်သောက်သူတစ်ယောက်လို့ တွေးကြည့်ပါ။
"ခဏလေးပါအကို၊ ခင်ဗျားဆီမှာ မီးခြစ်လေးများပါခဲ့မလားဗျာ"လို့ မေးမလား၊
ဒါမှမဟုတ် ရိုးရိုးတန်းတန်းပဲ "မီးခြစ်ပါလားဗျာ"လို့ မေးမလား။
ဒီနှစ်မျိုးထဲက ဘယ်နည်းက အာရုံစိုက်ခံရမလဲ?

There’s Good-Simple . . . and There’s Bad-Simple
ကောင်းတဲ့-ရိုးရှင်းမှု ရှိသလို၊ ဆိုးရွားတဲ့-ရိုးရှင်းမှုလည်း ရှိတယ်။
အတန်းထဲကကျောင်းသားတွေဟာ ရိုးရှင်းတဲ့ကြော်ငြာတစ်ခုကို ဖန်တီးတတ်ကြတယ်။ ဒါပေမယ့် အဲ့ဒါပဲပါလာတယ်။ ရိုးရှင်းနေရုံနဲ့ မလုံလောက်ဘူးလေ။
အေးခဲနေတဲ့ နှင်းတောထဲ ရပ်ထားတဲ့ကားပုံရဲ့ ဘေးနားမှာ “အချိန်တိုင်း စတင်လိုက်ပါ” ဆိုတဲ့စာ‌ကြောင်းကို ရေးထားပြီး လိုရင်းကို ထိမိအောင်ပြနိုင်ပေမယ့်...ပျင်းစရာကြီးလေ! ဒါကို Bad-Simple (ဆိုးရွားတဲ့-ရိုးရှင်းမှု) လို့ ခေါ်ပါတယ်။
David Ogilvy ပြောဖူးသလိုပဲ "လူတွေကို ပျင်းလာအောင်လုပ်ပြီး သင့်productကို ဝယ်ခိုင်းလို့ မရဘူး။" ကြော်ငြာဆိုတာ ပါးရေနပ်ရေရှိရမယ်၊ လူတွေမထင်ထားတဲ့ ပုံစံဖြစ်နေရမယ်၊ productနဲ့ရော target audienceနဲ့ရော ကိုက်ညီနေရမယ်။
"ဆီးနှင်းရှင်းတဲ့ကားဆီကို ကားမောင်းတဲ့သူက ဘယ်လိုကားမောင်းပြီး ရောက်လာခဲ့လဲ စဉ်းစားဖူးလား" ဆိုတဲ့ စာကြောင်းမျိုးဟာ . . .
ရိုးရှင်းနေပေမယ့် ပထမစာကြောင်းနဲ့မတူဘဲ ထိရောက်မှုရှိတဲ့ သာဓကပဲ။
ဒါကြောင့် "ဆိုးရွားတဲ့-ရိုးရှင်းမှု"ထက် "ကောင်းတဲ့-ရိုးရှင်းမှု"ကိုပဲ အမြဲတွေးပါ။
John Hegarty အကောင်းဆုံးပြောခဲ့တာက . . .
"ရိုးရှင်းတာကို ဇာတ်လမ်းဆန်ဆန်လေး ပြောပါ။"တဲ့

From "The Advertising Concept Book" by Pete Barry
(ဘာသာပြန်-ဝေလင်း)

03/03/2025

The Role of Advertising

Stephen Leacock (စတီဗင်လီကော့)က “ကြော်ငြာဆိုတာ လူတွေရဲ့အာရုံကို ခဏလောက်ဖမ်းစားပြီး ပိုက်ဆံရှာဖို့ သိပ္ပံနည်းကျဖန်တီးထားတဲ့ ပညာရပ်လို့ ဆိုလို့ရတယ်”လို့ရေးဖူးတယ်။ ကျနော့်အိမ်နီးနားချင်းက ကြော်ငြာတွေကို သာမာန်ထက်မုန်းတီးနေတာ ထူးဆန်းနေပေမယ့် အမှန်အတိုင်းပြောရရင် လူတော်တော်များများက ကြော်ငြာတွေကို ဂရုကိုမစိုက်ကြတာပါ။ ဒါကနားလည်လက်ခံရမယ့်ကိစ္စ။ လူတွေမှာက ကြော်ငြာတွေထက်စာရင် ပိုအရေးကြီးတဲ့ ကြည့်ရ၊ ဖတ်ရ၊ စိုးရိမ်ရမယ့်အရာတွေရှိနေတယ်။ ဦးလေး(Bob)တစ်ခါကပြောဖူးတယ် . .
“TV မှာ ကြော်ငြာတွေဝင်တဲ့အချိန်က လူရွှင်တော်တစ်ကောင် အိမ်ရှေ့တံခါးကို ၁၅မိနစ်တိုင်း လာလာခေါက်နေသလိုပဲ၊ ပထမဆုံးအကြိမ် သူကအိမ်ထဲဝင်ပြီး တင်ဆက်ကပြဖို့မေးရင် မင်းက မဝင်ပါနဲ့လို့ ပြောမယ်။ ဒါပေမယ့် တကယ်စိတ်ပျက်စရာကောင်းတာက ၁၅မိနစ်တိုင်း သူက ဆက်တောင်းဆိုနေတာပဲ။ မင်းတံခါးကို သွားဖွင့်ကြည့်နေဦးမှာလား? ဘယ်လုပ်တော့မှာလဲ။ အဲ့ဒါကြောင့် ငါကတော့ ကြော်ငြာစဝင်ပြီဆို TVပိတ်လိုက်တယ်။”
အဲ့ဒါ စိန်ခေါ်မှုတွေ ဖြစ်တည်လာတာပဲ။
လူတွေ သတိထားမိဖို့၊ အမှတ်ရနေစေဖို့ဆိုရင် အဲ့ဒီကြော်ငြာက အရမ်းကောင်းနေရမယ်။ သူတပါး အိမ်တခါးကိုခေါက်ဖို့ တစ်ကြိမ်ပဲ အခွင့်အရေးရှိသလိုမျိုးပဲ။ အရမ်းကောင်းတဲ့ကြော်ငြာဆိုတာက အရမ်းကောင်းတဲ့ Strategic Thinking (နည်းဗျုဟာကျစဉ်းစားတွေးခေါ်မှု)ကနေ လာတယ်။ တကယ်တမ်းတော့ ကြော်ငြာဆိုတာ အုတ်နံရံကြီးတစ်ခုလုံးရဲ့ အုတ်တစ်ချပ်ပဲ။ ထိပ်ဆုံးကဒီအုတ်ချပ်လေးက အောက်ဖက်မှာရှိတဲ့ ပိရမစ်ကြီးတစ်ခုလုံးရဲ့ ဆိုလိုရင်းအချုပ်ကို ဖော်ပြပေးနေတာပါ။
ဒီထဲမှာ အဓိကကျတဲ့ အပိုင်း(၃)ပိုင်းရှိပါတယ်။ နားလည်လွယ်အောင် ပြောရမယ်ဆိုရင် ရေခဲတောင်တစ်ခုလိုမြင်ကြည့်ပါ။
-Business Plan/Idea (ရေအောက်မှာရှိနေတဲ့အပိုင်း)ရယ်၊
-The Campaign/Advertising Idea and Ex*****ons (ရေမျက်နှာပြင်ပေါ်မှာ မြင်နေရတဲ့အပိုင်း)ရယ်၊
အဲ့ (၂)ခုကြားမှာ..
-Advertising Strategy (ရေပြင်ညီနားကအပိုင်း) ရှိပါတယ်။
ဒါပေမယ့် စားသုံးသူ(consumers)တွေမြင်ရတဲ့ တခုတည်းသော အပိုင်းကတော့ Ex*****ons ပဲ။

"The Advertising Concept Book" by Pete Barry
(ဘာသာပြန်-ဝေလင်း)

24/02/2025

“ထုတ်ဝေပါ မဟုတ်ရင် ရှုံးနိမ့်ခြင်းခံရမယ်"
(၁၉၆၃) ခုနှစ်မှာ ဂျွန်ကနေဒီတူးလ်က A Confederacy of Dunces ကို ရေးသားခဲ့တယ်။
ဒါက သာမာန်စာအုပ်မဟုတ်ပါဘူး။
သူက သူသဘောကျတဲ့ Simon & Schusterဆိုတဲ့ စာအုပ်ထုတ်ဝေရေးတိုက်ဆီ ပို့ခဲ့တယ်။
တာဝန်ခံအယ်ဒီတာက ဒီစာမူကို တော်တော်လေး ပြင်စရာတွေရှိနေတယ်လို့ ထင်တယ်။ သူက တူးလ်ဆီစာရေးတယ်။
“အများကြီးလုပ်ဖို့လိုပါသေးတယ်။ အကြောင်းအရာတွေက အချိတ်အဆက် အားကောင်းပြီး အဓိပ္ပါယ်ရှိရပါမယ်။ အခန်းဆက်ချည်း သက်သက်မဟုတ်ဘဲ ပါးပါးနပ်နပ်နဲ့ ဆွဲဆောင်ထားနိုင်ရမယ်။
တနည်းဆိုရရင် စာအုပ်ထဲမှာပါတဲ့ အကြောင်းအရာတိုင်းက အဓိပ္ပာယ်ရှိရမယ်၊ ရယ်စရာကောင်းနေရုံ သက်သက်မဟုတ်ဘဲ တကယ့်အဓိပ္ပာယ်ရှိရမယ်။”
ဂျွန်ကနေဒီတူးလ်ကလည်း အဲ့ဒါတွေပြင်ဖို့ကြိုးစားခဲ့တယ်။
ထုတ်ဝေသူတွေ ကျေနပ်အောင် ကြိုးစားပြီး (၂)နှစ်အတွင်း ပြန်ပြင်ရေးခဲ့ပေမယ့် သူလုပ်သမျှက သဲထဲရေသွန်ပဲ။ အဆုံးမှာ ထုတ်ဝေသူက သူဆီစာပို့တယ်။
"ပြဿနာနောက်တစ်ခုရှိနေတယ်၊ စာအုပ်က ထူးခြားပေမယ့် စာအုပ်ပါအကြောင်းအရာတွေက အဓိပ္ပါယ်ရှိမနေဘူး။ ထူးခြားပြောင်မြောက်အောင် ဖန်တီးနိုင်တယ်ဆိုပေမယ့် တကယ့်ရည်ရွယ်ချက်ကြ မဲ့နေတယ်။ ဆိုတော့ ဒါကို ဘယ်သူကမှလည်း ဝင်လုပ်ပေးလို့ မရတဲ့ကိစ္စ ဖြစ်နေပါတယ်။"
ဒါက ထုတ်ဝေသူတွေရဲ့ အဆုံးသတ်ဝေဖန်မှုပဲ။
ဂျွန်ကနေဒီတူးလ်ဟာ စိတ်ဓါတ်တွေကျပြီး အရက်အလွန်အကျွံ စသောက်တော့တာပဲ။
ဘယ်သူမှ A Confederacy of Duncesကို ထုတ်ဝေမှာ မဟုတ်တော့ဘူး။
(၁၉၆၉)ခုနှစ်၊ အသက်(၃၁)နှစ်အရွယ်မှာ သူကိုယ်သူသတ်သေခဲ့တယ်။
နှစ်ပေါင်းများစွာကြာတဲ့အခါ သူ့အိပ်ခန်းထဲက ဘီရိုပေါ်မှာ လွင့်ပစ်ထားတဲ့ ဒီစာမူကို သူ့အမေက တွေ့ခဲ့တယ်။ သူ့အမေက သူ့သားဆန္ဒအတိုင်း ဒီစာအုပ်ကို ထုတ်ဝေမယ်လို့ ဆုံးဖြတ်လိုက်တယ်။ (၅)နှစ်အတွင်း ဒါကို ပုံနှိပ်တိုက် (၇)ခုဆီ ပို့ခဲ့တယ်။ ပုံနှိပ်တိုက်တိုင်းက ထုတ်ဖို့ငြင်းခဲ့ကြတယ်။
ဘယ်သူမှ A Confederacy of Duncesကို ထုတ်ဝေမပေးဘူး။
အဆုံးကြတော့ ဒေသခံတက္ကသိုလ်ကျောင်းမှာ စာသင်ပေးနေတဲ့ စာရေးဆရာ တစ်ယောက်ကို (၁၉၇၆)ခုနှစ်လောက်မှာ သူ့အမေက ရှာတွေ့ခဲ့တယ်။ သူ့နာမည်က ဝေါ်ကားပါဆီ (Walker Percy)။ စာအုပ်ကိုဖတ်ကြည့်ပေးဖို့ သူ့အမေပြောတာကို သူကငြင်းတယ်။ တောင်းပန်ပြီးပြောလည်း ငြင်းတာပဲ။ နောက်ဆုံးကြတော့ တချိန်လုံးလိုက်ပြောနေတာကို ပြီးပါစေတော့ဆိုပြီး စာအုပ်ကိုဖတ်ပေးဖို့ သဘောတူလိုက်ရတော့တယ်။ သူမှန်းထားတာက ဒီစာမူက တော်တော်ဆိုးမှာဆိုတော့ ဖတ်ပြီးတစ်မျက်နှာလောက်နဲ့တင် ရပ်သွားမယ်ပေါ့။ ဒါပေမယ့် အဲ့လိုမဟုတ်ခဲ့ဘူး။
"စပြီးဖတ်လိုက်ထဲက ဆက်တိုက်ဖတ်မိတယ်၊ ရပ်ပစ်ဖို့အထိ မလုံလောက်သေးဘူးဆိုတဲ့ ခံစားချက်က ပထမဆုံးအနေနဲ့ ငါ့ကိုဆွဲဆောင်ထားတယ်။ ပြီးတော့ စိတ်ဝင်စားစရာတွေ တိုးလာတယ်။ အဲ့ကတဆင့် စိတ်လှုပ်ရှားစရာတွေ ပိုပိုများလာတယ်။ အဆုံးပိုင်းဆိုရင် မယုံနိုင်စရာပဲ။ ဒီစာအုပ်က အဲ့လောက်ထိကောင်းလိမ့်မယ်လို့ မထင်ထားမိခဲ့ဘူး"
ဒီစာအုပ်က တကယ်ထူးခြားတယ်ဆိုတာ သူနားလည်သွားတယ်။
ဒီစာအုပ်ကို ပုံနှိပ်ထုတ်ဝေသင့်တယ်ဆိုတာ အခုတော့ ဝေါ်ကားပါဆီ ခံစားမိသွားပါပြီ။
နောက်ထပ်သုံးနှစ်အတွင်း သူသိသမျှသူတွေဆီ စာတွေပို့၊ ဖုန်းတွေဆက်၊ လူချင်းပါတွေ့ပြီး တဂျီဂျီလုပ်တော့တာပါပဲ။ လူတိုင်းကလည်း သူ့ကိုငြင်းတာပဲ။
ဘယ်သူမှ A Confederacy of Duncesကို ထုတ်ဝေမပေးဘူး။
နောက်ဆုံး (၁၉၈၀)ခုနှစ်၊ ဒီစာမူကိုစရေးပြီး (၁၇)နှစ်ကျော်ကြာတဲ့အချိန်ကျမှ ဒေသခံပုံနှိပ်တိုက် သေးသေးလေးကနေ စာအုပ်(၂၀၀၀)ပုံနှိပ်ပြီးထုတ်ဝေပေးဖို့ နားပူနားဆာလုပ်လို့ရသွားတယ်။
စာအုပ်နည်းနည်းပဲ ထုတ်ဝေခဲ့တယ်ဆိုပေမယ့် လူတွေစဖတ်ကြတယ်။
နောက်နှစ် (၁၉၈၁)ခုနှစ်မှာ A Confederacy of Duncesက ပူလစ်ဆာဆု (Pulitzer Prize)ကို ရရှိခဲ့တယ်။
စာအုပ်တစ်အုပ်ရဲ့ အမြင့်ဆုံးရနိုင်တဲ့ဆုပဲ။ ဂျွန်ကနေဒီတူးလ်ရဲ့နာမည်ဟာ အခုဆိုရင် အခြားပူလစ်ဆာဆုရှင်တွေဖြစ်တဲ့ ဂျွန်စတိန်းဘတ်၊ အားနက်စ်ဟဲမင်းဝေး၊ ဝီလီယမ်ဖော့နာ၊ ဟာပါလီ၊ ဆိုးလ်ဘဲလို၊ နော်မာန်မေလာ၊ ဖိလစ်ရော့သ်၊ ဂျွန်လပ်ဒိုက်တို့နဲ့အတူ ရှိနေပြီ။
A Confederacy of Duncesကို စတင်ထုတ်ဝေတဲ့အချိန်ကနေ စာအုပ်ပေါင်း (၂)သန်းကျော်ရောင်းခဲ့ရတယ်။ ပြီးတော့ ဘာသာပေါင်း (၁၈)ခုထိ ပြန်ဆိုခဲ့ကြတယ်။ တကယ့် Masterpiece စာအုပ်အဖြစ် အသိအမှတ်ပြုခြင်းခံရတယ်။
ဒါပေမယ့် ဒီဇာတ်လမ်းရဲ့ တကယ့်အကောင်းဆုံးနဲ့ အထူးခြားဆုံးအပိုင်းက ဒီစာအုပ်ရဲ့ခေါင်းစဉ်ကလာတာ။
ဂျွန်ကနေဒီတူးလ်ဟာ ဒီခေါင်းစဉ်ကို လွန်ခဲ့တဲ့ နှစ်(၂၀၀)ကျော်က ဂျွန်နသန်ဆွစ်ရဲ့ အက်ဆေးစာတမ်းထဲကယူခဲ့တာ။

"စစ်မှန်တဲ့ ပါရမီရှင်တစ်ဦး ပေါ်ထွက်လာတော့မှာကို ဖြစ်ရပ်တခုထဲနဲ့တင် သိနိုင်တယ်။ အဲ့ဒါကတော့ အဲ့ပါရမီရှင်ကို တိုက်ခိုက်ဖို့ လူမိုက်အားလုံးက ပေါင်းစည်းနေတတ်ကြတာပါပဲ"

"One + One = Three: A Masterclass in Creative Thinking" by Dave Trott
(ဘာသာပြန်-ဝေလင်း)

17/02/2025

“လွဲနေတဲ့ စီးပွားရေးအယူအဆ”
(၁၇၅၀)ခုနှစ်ကနေ (၁၈၁၀)ခုနှစ်အတွင်း လန်ဒန်မြို့မှာ လူဦးရေ ၇သိန်းခွဲကနေ ၁သန်းခွဲအထိ နှစ်ဆတိုးလာခဲ့တယ်။ ဒါဟာ ကမ္ဘာ့အကြီးမားဆုံးနဲ့ လူအထူထပ်ဆုံးမြို့ဖြစ်ခဲ့တာပါ။ စနစ်တကျ စီစဉ်ထားတာမျိုးမဟုတ်ဘဲ ဒီအတိုင်းပွားလာခဲ့တာ။ အကျိုးဆက်အနေနဲ့ အခြေခံဖွဲ့စည်းပုံစနစ်က ဒီလောက်များတဲ့လူဦးရေအတွက် ပြင်ဆင်ထားတာမဟုတ်ဘူး။ လူတွေကအဆင်ပြေသလို၊ဖြစ်သလို နေကြရတယ်။ အဲ့အချိန်တုန်းက ရေဆိုးမြောင်းစနစ်မရှိသေးဘဲ အိမ်တိုင်းမှာ မိလ္လာကန်ထားကြတယ်။ ဆိုလိုတာက လန်ဒန်တစ်ဝန်းမှာ မိလ္လာကန် ၂သိန်းကျော်ရှိတယ်။ ပြီးတော့ အဲ့မိလ္လာကန်တွေတော်တော်များများက ပြည့်လျှံပြီး နောက်ဖေးလမ်းကြားတွေ၊ လမ်းမတွေကတဆင့် အိမ်တွေထဲ ပြန်စီးဝင်လာတယ်။ နံရံတစ်လျှောက်စီးပြီး ဆင်းရဲသားတွေအိပ်တဲ့ မြေအောက်ခန်းတွေထဲထိရောက်တယ်။ အမြန်ဆုံးဖြေရှင်းနည်းကတော့ မိလ္လာစီးကြောင်းတွေကို လမ်းဘေးရေမြောင်းတွေထဲ လမ်းကြောင်းပြောင်းပေးလိုက်တာပဲ။ အဲ့ရေမြောင်းတွေက မိုးရေတွေကို တမ်းစ်မြစ်ထဲစီးဖို့ လုပ်ထားတာ။ တမ်းစ်မြစ်ဆိုတာက ရေကုမ္ပဏီတွေ သောက်သုံးရေအတွက် စုပ်ယူတဲ့နေရာ။
ဆိုတော့ ကာလဝမ်းရောဂါကြီး နှစ်ကြိမ်ဖြစ်ပြီး လူပေါင်းသောင်းချီသေခဲ့တယ်။ ဒါပေမယ့် (၁၈၅၈)ခုနှစ် “Big Stink” (အနံ့ဆိုးကြီး) အဖြစ်အပျက် မတိုင်ခင်အထိ အာဏာပိုင်တွေက ဒါကိုသတိမထားမိကြဘူး။ တမ်းစ်မြစ်က ပါလီမန်အဆောက်အအုံနားမှာ စီးဆင်းပြီး အဲ့စွန့်ပစ်မိလ္လာအနံ့တွေက ပြင်းလွန်းတော့ အောက်လွတ်တော်မှာရှိတဲ့ လိုက်ကာကြီးတွေဆို ထုံးနဲ့စိမ်ပြီးသုံးရတယ်။ ဒါပေမယ့် ဒီနည်းကလည်း “Big Stink”အနံ့တွေကို မဖုံးနိုင်ခဲ့ဘူး။ ဒါကြောင့် Metropolitan Board of Worksရဲ့ မြို့ပြအင်ဂျင်နီယာချုပ်ဖြစ်တဲ့ ဂျိုးစက်ဘဲဇယ်ဂျစ်က ပထမဆုံး ရေဆိုးမြောင်းစနစ်ကို ဒီဇိုင်းဆွဲပြီး တည်ဆောက်ခဲ့တယ်။ အုတ်နဲ့ပဲတည်ဆောက်မယ့် စီမံကိန်းကြီး။ မိုင် (၁၀၀၀)ကျော်ရှည်တဲ့ ရေဆိုးမြောင်းတွေကဆင့် မိုင်(၈၀)ရှည်တဲ့ ပင်မရေဆိုးမြောင်းကြီးထဲ စွန့်ပစ်စီးဆင်းသွားမယ်။ အားလုံးက မြေအောက်ကနေသွားမှာ။ လူတွေရဲ့အညစ်အကြေးတွေ အကုန်လုံးကို လန်ဒန်မြို့ပြင်ထိ သယ်ထုတ်သွားမယ်။ အဲ့အပြင် ဂျိုးစက်ဘဲဇယ်ဂျစ်ရဲ့ ရေဆိုးမြောင်းစနစ်အတွက် ဒီဇိုင်းဆွဲသွားပုံက လေးစားစရာ အကောင်းဆုံးအပိုင်းပဲ။ သူက လန်ဒန်မှာ နေထိုင်တဲ့သူတွေအားလုံးကို ထည့်သွင်းစဉ်းစားခဲ့တယ်။ လူတိုင်းရဲ့ စွန့်ပစ်ပစ္စည်းတွေကို ရေဆိုးမြောင်းကဖြေရှင်းနိုင်ဖို့ လိုအပ်တဲ့အကျယ်အဝန်းထက် ပိုအောင်လုပ်လိုက်တယ်။ ပြီးတော့ လူတိုင်းမစဉ်းစားဝံ့တဲ့ အရာတစ်ခုကို သူလုပ်လိုက်တယ်။ အဲ့အကျယ်ကို နှစ်ဆလုပ်လိုက်တယ်။
ထပ်ပြောပါရစေ။
လိုအပ်နိုင်မယ့် အများဆုံးပမာဏကို တွက်ချက်တယ်။ ပြီးတော့ အဲ့ဒါကို နှစ်ဆလုပ်လိုက်တယ်။
“ငါတို့ ဒီလိုလုပ်ဖို့ ဒီတစ်ကြိမ်ပဲရှိတယ်။ မမျှော်လင့်ထားတဲ့ အခြေအနေတွေအတွက်ပါ ကြိုပြင်ဆင်ထားသင့်တယ်”လို့ ဘဲဇယ်ဂျစ်က ပြောခဲ့တယ်။ လူတိုင်း အဲ့လိုဆင်ခြင်ဉာဏ်ရှိခဲ့ရင်ကောင်းမှာ။ မမျှော်လင့်ထားတာတွေအတွက် ကြိုပြင်ထားဖို့။ ဘဲဇယ်ဂျစ်ရဲ့ ရေဆိုးမြောင်းတည်ဆောက်တုန်းက ဘယ်သူမှမမျှော်လင့်ထားခဲ့တဲ့ကိစ္စက နောင်အနာဂါတ် နှစ်(၁၀၀)မှာဖြစ်တော့တာပါပဲ။ (၁၉၆၀)ခုနှစ်မှာ မြူနီစပယ်က ကြီးမားတဲ့ အထပ်မြင့်တိုက်ကြီးတွေ တည်ဆောက်ခဲ့တယ်။ နေရာတိုင်း အထပ်မြင့်တိုက်တွေပေါ်လာပြီး အဲ့တိုက်တွေက စွန့်ပစ်ပစ္စည်းတွေကို နှစ်ပေါင်း(၁၀၀)ကျော်သက်တမ်းရှိတဲ့ ဗစ်တိုးရီးယားခေတ်က ရေဆိုးမြောင်းတွေထဲ စွန့်ထုတ်ခဲ့ကြတယ်။ တကယ်လို့ ဘဲဇယ်ဂျစ်က လိုအပ်သလောက်ပဲ ဆောက်ခဲ့မယ်ဆိုရင် ရေဆိုးမြောင်းထပ်ပြည့်လျှံပြီး လမ်းတွေပေါ်ရောက်လာမယ်။ ဒါပေမယ့် ခုတော့ ရောက်မလာခဲ့ဘူး။ ဘာလို့လဲဆိုတော့ ဘဲဇယ်ဂျစ်က လူတော်တော်များများ လုပ်နေကြအတိုင်း လုံလောက်ရုံလေး မလုပ်ခဲ့တာကြောင့်။ လူတိုင်းက အကုန်အကျသက်သက်သာသာနဲ့ လုပ်ဖို့ပဲ ကြိုးစားတတ်ကြတယ်။ တတ်နိုင်သမျှ ဘတ်ဂျက်နည်းနည်းနဲ့ ဖိအလုပ်လုပ်ကြတယ်။ ချွေတာနိုင်မှ ထိရောက်တယ်လို့မှတ်ကြတယ်။ အလုပ်ကိုစနစ်တကျလုပ်ပြသွားတဲ့ ဘဲဇယ်ဂျစ်ဆီကနေ ကျနော်တို့သင်ယူဖို့လိုတယ်။

လိုတာထက် လျော့တွေးတာကိုရပ်ပြီး ပိုတွေးမှရမယ်။

"One + One = Three: A Masterclass in Creative Thinking" by Dave Trott
(ဘာသာပြန်-ဝေလင်း)

10/02/2025

“ဓါးသွားထက် မင်သွားက ပိုအင်အားကြီးတယ်”
ခရစ်ယာန်တို့ရဲ့ မြင့်မြတ်တဲ့နယ်မြေတွေကို ကာကွယ်ဖို့ရာ ခရစ်ယာန်စစ်သည်တွေက ကြီးမားတဲ့ ရဲတိုက်ကြီးတွေကို အများအပြားတည်ဆောက်ခဲ့ကြတယ်။ အဲ့ထဲကမှ ထရစ်ပိုလီမှာရှိတဲ့ Krak des Chevaliers ရဲတိုက်ကြီးက အခိုင်ခန့်ဆုံးပဲ။ ထောင်ချီတဲ့ ကမ္ဘာ့အတော်ဆုံး အထက်ဆုံး လက်ရွေးစင်စစ်သည်တွေနဲ့ ဖွဲ့စည်းထားတဲ့ Knights Hospitallerတပ်ဖွဲ့က ကြီးကြပ်ခဲ့တာ။ ဒီရဲတိုက်ကြီးကို နှစ်ပေါင်းရာနဲ့ချီတည်ဆောက်ခဲ့ရတာပါ။ အဲ့ကနေ ဒေသတစ်ခုလုံးကို ထိန်းချုပ်ထားခဲ့တာ။ အဲ့ဒီ့အချိန်တုန်းက အင်အားအကြီးဆုံးဖြစ်တဲ့ စစ်ခေါင်းဆောင် ဆာလာဒင်တောင်မှ ဒီရဲတိုက်ကြီးကို မသိမ်းပိုက်နိုင်ခဲ့ဘူး။ Krak des Chevaliers ရဲတိုက်ကြီးကို “ခရစ်ယာန်မြေရဲ့ သော့”လို့တောင် တင်စားကြတယ်။
(၁၂၆၀)ခုနှစ်မှာ စူလ်တန် ဘိုင်ဘာဟာ အင်အားကြီးလာခဲ့ပါတယ်။ သူက ဆာရီးယားနဲ့အီဂျစ်လို့ အခုခေါ်နေတဲ့ နိုင်ငံတွေကိုစုစည်းပြီး Krak des Chevaliers ဆီ (၁၂၇၁)ခုနှစ်မှာ စစ်ချီလာခဲ့တယ်။ ရဲတိုက်ခံတပ်ကို ဝိုင်းတိုက်ပြီး အပြင်ဖက်နံရံအထိ ထိုးဖောက်ဝင်ရောက်ခဲ့တယ်။ သူ့ရဲ့တပ်တွေက အပြင်နံရံကနေတိုးဝင်ပြီးတာနဲ့ အနိုင်ရသွားပြီထင်ခဲ့ကြတယ်။ တကယ်က အဲ့ကြမှ ရဲတိုက်ခံတပ်အစစ်နဲ့ တိုက်ရတော့တာ။ Krak des Chevaliers ရဲတိုက်ကြီးရဲ့ အဓိကကြတဲ့ အပိုင်းကို အပြင်နံရံရဲ့အတွင်းဖက်မှာ တည်ဆောက်ထားခဲ့ကြတာ။ စစချင်း ကျုံးရှိတယ်။
အရမ်းနက်တော့ အဲ့အောက်ကနေ လမ်းကြောင်းဖောက်ပြီး ဝင်လို့မရနိုင်ဘူး။
အရမ်းလည်းကျယ်တော့ တိုက်ခိုက်ရေး ပစ္စည်းတွေကို ဖြတ်သယ်သွားဖို့ကလည်း မရ။
ပြီးရင် ရဲတိုက်ရဲ့နံရံတွေ၊ အရမ်းထူတော့ ဖောက်ဝင်ဖို့ ဘယ်လိုမှမဖြစ်နိုင်။
နောက်ပြီး အစောင်းတွေဖြစ်နေတော့ တာဝါတွေဆောက်လို့ကလည်း မရပြန်။
စူလ်တန် ဘိုင်ဘာရဲ့တပ်တွေ အကြပ်တွေ့နေတုန်းမှာ ခံတပ်က ကျုးကျော်သူတွေကို အေးအေးဆေးဆေးထိုင်သတ်နေခဲ့တယ်။ အဲ့အချိန် Knights Hospitallerတပ်ဖွဲ့အတွက်က စစ်ကူတွေရောက်လာမယ့်အချိန်ကို အေးဆေးထိုင်စောင့်နေရုံပဲ။ ထရစ်ပိုလီမှာရှိတဲ့ Knights Hospitallerရဲ့ အရာရှိချုပ်ကြီးဆီကို လျို့ဝှက်စာလည်း ပို့ထားပြီးသား။ ဆိုတော့ သူတို့ထိုင်စောင့်နေရုံပဲ။ အခြေအနေက ဆိုးလာနေတယ်ဆိုပေမယ့် ကျူးကျော်သူတွေအတွက်က Krak des Chevaliersရဲတိုက်ကို ဖောက်ဝင်ဖို့မျှော်လင့်ချက်က မဲ့နေပြီ။ နောက်ဆုံးမှာ ရဲတိုက်ဆီကို ပြန်စာတိတ်တဆိတ်ရောက်လာတယ်။ အရာရှိချုပ်ဆီမှာ ဘာစစ်ကူမှလွတ်ဖို့မရှိဘူး၊ သူတို့ကိုကယ်ဖို့ ဘယ်သူ့မှလာမှာမဟုတ်ဘူး။ ဒါပေမယ့် အရာရှိချုပ်က သူတို့ရင်ဆိုင်နေရတဲ့ အခြေအနေကိုနားလည်ပေးပြီး လက်နက်ချညှိနှိုင်းဖို့ ခွင့်ပြုပေးလိုက်တယ်။ Knights Hospitallerတပ်ဖွဲ့ကလည်း အဲ့အတိုင်းလုပ်ခဲ့တယ်။ ရဲတိုက်ကြီးကိုထားခဲ့ပြီး အထဲကလူအကုန်လုံး စိတ်ချရတဲ့လမ်းကြောင်းကနေတဆင့် ပြန်လာခဲ့ကြတယ်။ Krak des Chevaliersရဲတိုက်ကြီးကို စူလ်တန် ဘိုင်ဘာနဲ့ သူ့တပ်တွေနဲ့ပဲ စွန့်ပစ်ထားခဲ့ကြတယ်။ “ခရစ်ယာန်မြေရဲ့ သော့”က ပြိုလဲကျခဲ့ပြီပေါ့။ သူတို့ရဲ့အဓိကကျတဲ့ ပင်မခံတပ်ကြီးပြိုကျသွားပြီးတဲ့နောက် ခရစ်ယာန်စစ်သည်တွေဟာ အရှေ့အလယ်ပိုင်းကနေ ဆုတ်ခွာပေးလိုက်ရပါတော့တယ်။ မပြိုလဲနိုင်သော Krak des Chevaliersရဲတိုက်ကြီးရဲ့ ကျရှုံးမှုဖြစ်ရပ်ဟာ လူအားလုံးကို အများကြီးအံ့အားသင့်စေခဲ့တယ်။
ဘာလို့လဲဆိုတော့..
ဒီဖြစ်ရပ်ရဲ့ အကြိုက်ဆုံးအပိုင်းက အခုမှလာမှာပါ..
စစ်ကူလွတ်ဖို့စာ အရာရှိချုပ် မရခဲ့ပါဘူး။
အဲ့စာကို စူလ်တန် ဘိုင်ဘာရဲ့တပ်က ကြားဖြတ်ဖမ်းစီးမိခဲ့တယ်။ ပြီးတော့ ခံတပ်အဖွဲ့ကို လက်နက်ချခွင့်ပေးကြောင်း ဘိုင်ဘာကိုယ်တိုင်ရေးပြီး စာပြန်ပို့ပေးခဲ့တာပါ။ အဲ့ဒီလုပ်ရပ်က လပေါင်းများစွာ အကျိုးမဲ့တိုက်ခိုက်နေရမှာရယ်၊ ထောင်နဲ့ချီတဲ့အသက်တွေရယ်ကို ကယ်တင်နိုင်ခဲ့တယ်။
အဲ့ကတဆင့် ခရစ်ယာန်စစ်အင်အား အားလုံးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ကိုယ်မဖြေရှင်းနိုင်တဲ့ပြဿနာကို ဖြေရှင်းလို့ရတဲ့ပုံစံပြောင်းသွားအောင် ဘယ်လိုလုပ်မလဲ?

"One + One = Three: A Masterclass in Creative Thinking" by Dave Trott
(ဘာသာပြန်-ဝေလင်း)

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

No. 1276, Padauk Myaing 3rd Street, 34 Division, North Dagon
Yangon
11421