The Rangoon Post

The Rangoon Post

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from The Rangoon Post, News & Media Website, Yangon.

03/12/2025

ဖိလစ်ပိုင်ပင်လယ်တွင် အင်အားကြီး တရုတ်ရေတပ်သင်္ဘောအုပ်စုကို ထောက်လှမ်းတွေ့ရှိ

ဖိလစ်ပိုင်နိုင်ငံ၏ အရှေ့ဘက်တွင် ဩစတြေးလျစစ်တပ်က ခြေရာခံနေသည့် တရုတ်ရေတပ် အထူးရေယာဉ်အုပ်စုတွင် ရဟတ်ယာဉ်တင်သင်္ဘော၊ ဖျက်သင်္ဘော၊ ဖရီးဂိတ်သင်္ဘောနှင့် ဆီဖြည့်သင်္ဘောတို့ အပါအဝင် ပစ်ခတ်တိုက်ခိုက်နိုင်စွမ်း မြင့်မားသော သင်္ဘောများပါရှိကြောင်း ပုဂ္ဂလိက ထောက်လှမ်းရေးကုမ္ပဏီတခုက ထုတ်ဖော်ပြောကြားလိုက်သည်။

ဩစတြေးလျစစ်တပ်သည် ဖိလစ်ပိုင်ပင်လယ်အတွင်းရှိ တရုတ်ရေယာဉ်အုပ်စုကို အနီးကပ်စောင့်ကြည့်နေကြောင်း ကာကွယ်ရေးဝန်ကြီး ရစ်ချတ်မာလက်စ်က ဒီဇင်ဘာ ၁ ရက်တွင် အတည်ပြုခဲ့သော်လည်း ယင်းရေယာဉ်အုပ်စုသည် ဩစတြေးလျနိုင်ငံဘက်သို့ ဦးတည်နေခြင်း ရှိ၊ မရှိ ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း အလေးပေးပြောကြားခဲ့သည်။

ပုဂ္ဂလိကထောက်လှမ်းရေးကုမ္ပဏီ Starboard Maritime Intelligence က ၎င်းသည် ဂြိုဟ်တုနည်းပညာကို အသုံးပြု၍ တရုတ်ရေတပ် အထူးရေယာဉ်အုပ်စုကို ခြေရာခံနိုင်ခဲ့ကြောင်းနှင့် ယင်းရေယာဉ်များသည် ယခုအခါ ဖိလစ်ပိုင်နိုင်ငံ၏အရှေ့ဘက် ရေမိုင် ၂၆၀ အကွာတွင် ရောက်ရှိနေကြောင်း ပြောသည်။

အဆိုပါရေယာဉ်အုပ်စုသည် လူသားချင်းစာနာမှုဆိုင်ရာ ကူညီကယ်ဆယ်ရေးမှသည် ကမ်းတက်ခြင်းတို့အထိ စစ်ဆင်ရေး အမျိုးမျိုးကို လုပ်ဆောင်ရန် ရဟတ်ယာဉ် အစင်း ၃၀ အထိ သက်ဆင်းနိုင်ပြီး ရေတပ်တပ်ဖွဲ့ဝင် ၁,၀၀၀ ခန့်အထိ တင်ဆောင်နိုင်သော ရဟတ်ယာဉ်တင်သင်္ဘောဖြင့် “သိသိသာသာ အင်အားပြခြင်း” ဖြစ်ကြောင်း ကုမ္ပဏီက ပြောသည်။

တရုတ်စစ်တပ်မှ ဖျက်သင်္ဘောနှင့် ဖရီးဂိတ်သင်္ဘောများသည် ရေယာဉ်အုပ်စုကို အကာအကွယ်ပေးမည်ဖြစ်ပြီး ယင်းဖရီးဂိတ်သင်္ဘောသည် ရေယာဉ်အုပ်စုကို ထောက်လှမ်းစောင့်ကြည့်နေနိုင်သည့် ရေငုပ်သင်္ဘောများကို ရှာဖွေနေနိုင်ကြောင်း ရေကြောင်းထောက်လှမ်းရေးကုမ္ပဏီမှ လေ့လာသုံးသပ်သူ မာ့ခ်ဒေါက်ဂလက်စ်က ပြောသည်။

ထောက်ပို့ရေယာဉ်သည် ရွေ့လျားသယ်ယူပို့ဆောင်ရေးဌာအဖြစ် လုပ်ဆောင်လျက်ပြီး လောင်စာဆီ တန်ပေါင်း ၁၁,၀၀၀ နှင့် ရိက္ခာခြောက်များ သယ်ဆောင်လာနိုင်ကြောင်းလည်း ကုမ္ပဏီကပြောသည်။

“ယင်းကဲ့သို့ ထောက်ပံ့ပေးမှုအရ ရေယာဉ်အုပ်စုသည် ကမ်းရိုးတန်းဆိပ်ကမ်းများနှင့် ချိတ်ဆက်ရန် မလိုတော့ဘဲ ရေမိုင် ၁၀,၀၀၀ ကျော်အထိ ခုတ်မောင်းနိုင်ကာ ဆိပ်ကမ်းမကပ်ဘဲ ဩစတြေးလျကဲ့သို့ အဓိက ကုန်းမြေထုများ တဝိုက်မှ ဖြတ်သန်းသွားလာနိုင်စွမ်း ရှိလာကြောင်း” ၎င်းက ဆက်ပြောသည်။

သို့သော် ၎င်းရေယာဉ်အုပ်စုသည် ဩစတြေးလျနိုင်ငံဆီသို့ ဦးတည်နေခြင်း ရှိ၊ မရှိ မပြောနိုင်သေးကြောင်း ဒေါက်ဂလက်စ်က ပြောကြားခဲ့သည်။

“ဓာတ်ပုံကိုကြည့်ပြီး ၎င်းတို့ရဲ့ ရည်ရွယ်ချက်ကို ခန့်မှန်းဖို့ ခက်ပါတယ်။ ၎င်းတို့ဟာ အရှေ့တောင်ဘက်သို့ သွားနေတယ်ဆိုတာကိုတော့ တပ်အပ်မြင်နိုင်တယ်” ဟု ၎င်းက ABC သတင်းဌာနသို့ ပြောကြားခဲ့သည်။

ပထမကျွန်းကွင်းဆက်၏ ပြင်ပ၊ ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်းတွင် တရုတ်၏ ကုန်ရေနှစ်သွယ်သုံး အထူးရေယာဉ်အုပ်စုကို ဖြန့်ကျက်ခြင်းသည် “ရှားပါးသော” ဖြစ်စဉ်တခုဖြစ်ကြောင်း ANU တက္ကသိုလ်၊ အမျိုးသားလုံခြုံရေးကောလိပ် ကျွမ်းကျင်သူ ရေတပ်အရာရှိဟောင်း ဂျနီဖာပါကာ ပြောသည်။

“တရုတ်ရေတပ်ရဲ့ တပ်ဖြန့်မှုပုံစံဟာ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း ပြောင်းလဲသွားပါတယ်။ ဇွန် ၂၄ ရက်က အလက်စကာကမ်းလွန်မှာ တရုတ်ရေတပ်သင်္ဘောတွေကို တွေ့ရှိခဲ့ရတာနဲ့ မတ် ၂၅ ရက်တုန်းက ၏ဩစတြေးလျကို ဝိုက်ပြီးခုတ်မောင်းခဲ့တာတွေဟာ ထင်ရှားတဲ့ နမူနာတွေဖြစ်ပါတယ်။ ဒါပေမဲ့ ဒီရေယာဉ်အုပ်စုတွေထဲမှာ အကြီးစား ကမ်းတက်သင်္ဘောကြီးတွေ မပါခဲ့ဘူး” ဟု ၎င်းက ဆိုသည်။

“၎င်းတို့ဟာ ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်းကို ပိုမိုဖြန့်ကျက်လာနိုင်ပါတယ်။ ထောက်ပို့သင်္ဘောတွေ လိုက်ပါလာတဲ့အတွက် ဝေးလံတဲ့နေရာအထိ ဖြန့်ကျက်လာနိုင်ပါတယ်” ဟု ဂျနီဖာပါကာက ပြောသည်။

ကာကွယ်ရေးဝန်ကြီးရစ်ချတ်မာလက်စ်၏ ပြောရေးဆိုခွင့်ရှိသူက အဆိုပါဓာတ်ပုံနှင့်ပတ်သက်၍ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။
ဩစတြေးလျသည် ဒေသတွင်းတွင် တရုတ်ရေတပ်သင်္ဘောများ၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေကြောင်း မာလက်စ်က ပြောကြားခဲ့သော်လည်း အဆိုပါရေတပ်သင်္ဘောအုပ်စု၏ ဦးတည်ချက်ကို တိတိပပ မသိရသေးသောကြောင့် အသေးစိတ်ကောက်ချက်ချသွားမည်မဟုတ်ကြောင်း အလေးပေးပြောကြားခဲ့သည်။

ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး ပင်နီဝေါင်းကလည်း Kokoda Track Foundation ၏ အခမ်းအနားတွင် မိန့်ခွန်းပြောကြားခဲ့ရာ “တရုတ်၏ စစ်ရေးတည်ဆောက်မှုများသည် ဒေသတွင်းတွင် စိုးရိမ်မှုများကို ဖြစ်ပေါ်စေကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။

“မျှော်လင့်ထားသလို ပွင့်လင်းမြင်သာမှုမရှိတဲ့ တရုတ်ရဲ့ စစ်ရေးတည်ဆောက်မှု အရှိန်အဟုန်ဟာ ဒေသတွင်းမှာ စိုးရိမ်စရာဖြစ်တယ်လို့ မြင်ပါတယ်” ဟု ၎င်းက ပြောသည်။

“ကမ္ဘာ့နိုင်ငံတွေဟာ မိမိတို့အားလုံးသဘောတူထားတဲ့ ကတိကဝတ်တွေကို လိုက်နာခြင်းမရှိတာကြောင့် နိုင်ငံစုံစနစ်ဟာ အကျပ်အတည်းကြုံနေရပါတယ်။ သတင်းတု သတင်းမှားတွေ၊ ဝင်ရောက်စွက်ဖက်မှုတွေနဲ့ ဆိုက်ဘာတိုက်ခိုက်မှုတွေလိုမျိုး ပြဿနာသစ်တွေမှာ စည်းမျဉ်းတွေကို လျစ်လျူရှုနေကြပါတယ်” ဟု ဆိုသည်။

ဩစတြေးလျသည် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတွက် “ပစိဖိတ်ဦးစားပေး” ချဉ်းကပ်မှုကို ထောက်ခံကြောင်းနှင့် တရုတ်ကဲ့သို့ ပြင်ပနိုင်ငံများအနေဖြင့် ပစိဖိတ်နိုင်ငံများ၏ အချုပ်အခြာအာဏာနှင့် ပစိဖိတ်ဦးဆောင်သော ချဉ်းကပ်မှုများကို လေးစားသင့်ကြောင်း ပင်နီဝေါင်းက ပြောကြားခဲ့သည်။

03/12/2025

Zootopia 2 အန်နီမေးရှင်း ရုပ်ရှင် ကမ္ဘာတဝန်း လက်မှတ်ရောင်းချငွေ ဒေါ်လာ ၅၅၆ သန်း ရရှိထား

Zootopia ပထမဇာတ်ကားရဲ့ နောက်ဆက်တွဲအဖြစ် ၉ နှစ်အကြာမှာ ထပ်ထွက်လာတဲ့ Zootopia-2 အန်နီမေရှင်းရုပ်ရှင်ဟာ ကမ္ဘာတဝန်း လက်မှတ်ရောင်းရငွေ ဒေါ်လာ ၅၅၆ သန်းအထိ ရရှိထားပြီ ဖြစ်ပါတယ်။

နိုဝင်ဘာ ၂၆ ရက်က စပြီး ရုံတင်တဲ့ Walt Disney ကုမ္ပဏီထုတ် ဇာတ်ကားဟာ ကျေးဇူးတော်နေ့ ပိတ်ရက်တွေမှာ ပရိတ်သတ်အားပေးမှု များပြားခဲ့တဲ့အလျောက် အားလပ်ရက်ရာသီကို အဖွင့်လှစေခဲ့ပါတယ်။

အဲဒီရုံတင်ဝင်ငွေအားလုံးရဲ့ ထက်ဝက်နီးပါးကိုလည်း ကမ္ဘာ့ဒုတိယအကြီးဆုံး ရုပ်ရှင်စျေးကွက်ရှိရာ တရုတ်နိုင်ငံကနေ ရရှိခဲ့တာဖြစ်ပါတယ်။

အခုလိုမျိုး ဟောလိဝုဒ်ရုပ်ရှင်တွေထက် တရုတ်ပြည်တွင်းထုတ် ဇာတ်ကားတွေသာ အားပေးလေ့ရှိကြတဲ့​ အစဉ်အလာကိုပါ Zootopia-2 က ချိုးဖျက်နိုင်ခဲ့တာပါ။

ဒါကြောင့် Zootopia-2 ဟာ ဒေါ်လာ ၂၇၅ ဒသမ ၆၂ သန်း ဝင်ငွေနဲ့အတူ တရုတ်ပြည်တွင်း သမိုင်းတလျှောက် ဝင်ငွေအများဆုံး ဟောလိဝုဒ် အန်နီမေးရှင်းဇာတ်ကား ဖြစ်လာခဲ့ပါတယ်။

ဒါဟာ လက်ရှိရုံတင်ပြီး ၆ ရက်အတွင်း ရလာခဲ့တဲ့ဝင်ငွေ ဖြစ်တဲ့အပြင် ၂၀၁၆ တုန်းက ပထမဆုံး Zootopia ရုပ်ရှင်ရဲ့ စံချိန်ကိုပါ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

Zootopia-2 ဟာ တိရစ္ဆာန်မြို့ထဲက အဖြစ်အပျက်တွေကို ဟာသနှော ရိုက်ကူးထားတာဖြစ်ပြီး ရဲအရာရှိ-ယုန်မလေး “ဂျူဒီ” အဖြစ် ဂျင်နီဖာ ဂွတ်ဝင်းနဲ့ တွဲဖက်ဖြစ်တဲ့ မြေခွေးနေရာမှာ ဂျေဆန် ဘိတ်မန်း တို့က အသံသရုပ်ဆောင်ထားပါတယ်။

အခုနှစ်အတွင်း ကနေဒါနဲ့ အမေရိကန် အပါအဝင် ကမ္ဘာ့အကြီးမားဆုံး ရုပ်ရှင်စျေးကွက်ရှိရာ မြောက်အမေရိကတိုက်မှာ လက်မှတ်ရောင်းရငွေ စုစုပေါင်းဟာ ဒေါ်လာ ၇ ဒသမ ၈ ဘီလီယံအထိ ရောက်လာခဲ့ပါတယ်။

ဒါဟာ မနှစ်ကထက် ၁ ဒသမ ၂ ရာခိုင်နှုန်း တက်လာတာ ဖြစ်ပေမဲ့လည်း ၂၀၁၉ ခုနှစ်နဲ့ နှိုင်းယှဉ်ကြည့်ရင်တော့ ၂၃ ရာခိုင်နှုန်းလောက်ကို လျော့နည်းနေသေးကြောင်း သိရပါတယ်။

၂၀၁၉ တုန်းက ကိုဗစ်ကပ်ရောဂါ မဖြစ်ပွားခင် အခြေအနေကို ပြန်ရောက်ဖို့ဆိုရင်တော့ အများကြီး လိုအပ်နေသေးတယ်ဆိုပြီး Comscore အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

လာမယ့် ခရစ္စမတ်ကာလ မတိုင်ခင် ဆက်လက်ရုံတင်ပြသသွားမယ့် နာမည်ကြီး ဇာတ်ကားတွေထဲမှာ ဒါရိုက်တာ ဂျိမ်းစ် ကမ်မရွန်းရဲ့ တတိယမြောက် Avatar ရုပ်ရှင် Fire and Ash လည်း ပါဝင်လာခဲ့ပါတယ်။

03/12/2025

ဆမ်ဆောင်းက ပထမဆုံး သုံးခေါက်ချိုးဖုန်း မိတ်ဆက်

ဆမ်ဆောင်း အီလက်ထရောနစ်ကုမ္ပဏီရဲ့ ပထမဆုံး သုံးခေါက်ချိုးဖုန်း Galaxy Z TriFold ကို ဒီဇင်ဘာ ၂ ရက်မှာ စတင်မိတ်ဆက်လိုက်ပါတယ်။

တရုတ်ပြိုင်ဘက်တွေက အသာစီးရလာတဲ့ ခေါက်ဖုန်းဈေးကွက်မှာ နေရာပြန်ယူနိုင်အောင် ရည်ရွယ်ထုတ်လုပ်တာလို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

ဒါပေမဲ့ ဈေးနှုန်းကြီးမြင့်မှုနဲ့ ထုတ်လုပ်ရေး အခက်အခဲတွေကြောင့် စမတ်ခေါက်ဖုန်းဈေးကွက်ဟာ လက်ရှိအချိန်အထိ သေးငယ်နေဆဲဖြစ်ပါတယ်။

ကိုရီးယားဝမ် ၃ ဒသမ ၅၉ သန်း (အမေရိကန်ဒေါ်လာ ၂,၄၄၀) ဝန်းကျင် ကျသင့်မဲ့ ဒီဖုန်းဟာ ဖြန့်လိုက်ရင် မျက်နှာပြင် ၁၀ လက်မအထိ ရှိမှာဖြစ်ပါတယ်။

မျက်နှာပြင် သုံးခု ပါဝင်ပြီး ဆမ်ဆောင်းရဲ့ လက်ရှိ ခေါက်ဖုန်း Galaxy Z Fold 7 ထက် မျက်နှာပြင်ဧရိယာ ၂၅ ရာခိုင်နှုန်း ပိုကျယ်ပြန့်ပါတယ်။

တောင်ကိုရီးယားမှာ ထုတ်လုပ်ထားတဲ့ TriFold ဖုန်းကို ပြည်တွင်းမှာ ဒီဇင်ဘာ ၁၂ ရက်နေ့ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။

တရုတ်၊ စင်ကာပူ၊ ထိုင်ဝမ်နဲ့ ယူအေအီး နိုင်ငံတွေမှာတော့ ဒီနှစ်မကုန်ခင်ပဲ ဖြန့်ဖြူးရောင်းချဖို့ စီစဉ်ထားပါတယ်။

အမေရိကန်ဈေးကွက် အတွက်တော့ နောင်နှစ် ပထမသုံးလပတ်လောက်မှ ဖြန့်ချိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

ဒီဖုန်းမှာ ဆမ်ဆောင်းရဲ့ အကြီးဆုံးဘက်ထရီ ပါဝင်ပြီး မိနစ် ၃၀ အတွင်း ၅၀ ရာခိုင်နှုန်းအထိ အားသွင်းနိုင်တဲ့ စနစ်လည်း ပါဝင်တယ်လို့ သိရပါတယ်။

03/12/2025

ယူကရိန်းအရှေ့ပိုင်းရှိ ဗျူဟာမြောက် ပိုခရော့ဗ်မြို့ကို ရုရှားသိမ်းပိုက်

ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာကျတဲ့ ပိုခရော့ဗ်မြို့ကို သိမ်းပိုက်နိုင်ပြီ ဖြစ်တယ်လို့ ရုရှားဘက်က ကြေညာလိုက်ပြီးနောက် ဒီဇင်ဘာ ၁ ရက်မှာပဲ ရုရှားတပ်တွေ မြို့လယ်ကောင်ရောက်နေတဲ့ ဗီဒီယိုမှတ်တမ်း ထွက်ပေါ်လာခဲ့ပါတယ်။

အဲဒီမြို့ဟာ ရှေ့တန်းစစ်မျက်နှာအတွက် ထောက်ပံ့ပို့ဆောင်တဲ့နေ​ရာမှာ အရေးပါတဲ့အလျောက် ၂ နှစ်နီးပါးကြာ အဝိုင်းခံထားရတာပါ။

ယူကရိန်းဘက်က ဒါဟာ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးညှိနှိုင်းမှုကို လွှမ်းမိုးနိုင်ဖို့ မော်စကိုအနေနဲ့ ထုတ်ပြန်လိုက်တဲ့ အသံကျယ်ကျယ် ကြေညာချက်တွေသာဖြစ်တယ်ဆိုပြီး ပယ်ချလိုက်ပါတယ်​။

ရုရှားစစ်ဦးစီးချုပ် ဗယ်လာရီဂျရာစီမော့ဗ်ကတော့ ခါကိဗ်ဒေသမှာရှိတဲ့ ဗော့ချန်းစ်ခ်မြို့ကိုပါ သိမ်းပိုက်ရရှိထားကြောင်း အတည်ပြုသွားပါတယ်။

ဒါ့အပြင် သယ်ယူပို့ဆောင်ရေးအတွက် အချက်အချာကျတဲ့ မြို့အနေနဲ့ပါ ပိုခရော့ဗ်ကို ဖော်ပြထားပြီး ရုရှားသိမ်းပိုက်ထားရာ ယူကရိန်းအရှေ့ပိုင်းဒေသ ၄ ခုထဲက တခုဖြစ်တဲ့ ဒွန်နက်စ်ခ်မှာ တည်ရှိပါတယ်။

တချိန်တုန်းက လူဦးရေ ၆၀,၀၀၀ အထိ နေထိုင်ခဲ့တဲ့မြို့ကို ရက်သတ္တပတ်နဲ့ချီအောင် ရုရှားရဲ့ နည်းမျိုးစုံနဲ့ တိုက်ခိုက်မှုကြောင့် အဆောက်အအုံများစွာ ထိခိုက်ပျက်စီးနေတာ တွေ့ရပါတယ်။

တချိန်တည်းမှာ ယူကရိန်းသမ္မတ ဇလန်းစကီးကလည်း စစ်ပွဲအဆုံးသတ်ရေးအတွက် ဘယ်လိုညှိနှိုင်းရမလဲ ဆိုတာကို အမေရိကန် အပါအဝင် ဥရောပ ခေါင်းဆောင်တွေနဲ့အတူ တွေ့ဆုံဆွေးနွေးနေပါတယ်။

ယူကရိန်းဘက်က ဦးစားပေးမဲ့ အရေးကိစ္စတွေဟာ အချုပ်အခြာအာဏာကို ထိန်းသိမ်းထားနိုင်ရေးနဲ့ ခိုင်မာတဲ့ လုံခြုံရေးအာမခံချက်တွေ ရရှိဖို့ပဲ ဖြစ်ပါတယ်။

ရုရှားဘက်ကလည်း အများစုသိမ်းပိုက်ထားနိုင်တဲ့ ဒွန်ဘတ်စ်ဒေသတခုလုံးကို ယူကရိန်းအနေနဲ့ လက်လွှတ်လိုက်ဖို့အတွက် ဆက်လက်တောင်းဆိုနေပါတယ်။

ယူကရိန်းကတော့ ဒါကို ဘယ်တော့မှ လိုက်လျောမှာ မဟုတ်ဘူးဆိုပြီး ငြင်းဆန်ထားပါတယ်။ ဒါကြောင့် “ပိုင်နက်နယ်မြေကိစ္စဟာ အခက်ခဲဆုံးဖြစ်နေတယ်” ဆိုပြီး ဇလန်းစကီးက မှတ်ချက်ပြုပါတယ်။

အမေရိကန်ရဲ့ အထူးသံတမန် စတိဗ်ဝစ်ကော့ဖ်ကတော့ မော်စကိုမြို့အထိ သွားရောက်ပြီး ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို တွေ့ဆုံသွားမှာဖြစ်ပြီး အဲဒီမှာ ထရမ့်ပ်ရဲ့ အကြံပေးဖြစ်သလို သမက်လည်းဖြစ်တဲ့ ဂျဲရတ် ကက်ရှ်နာ ပူးပေါင်းပါဝင်လာဖို့ ရှိနေပါတယ်။

03/12/2025

တရုတ်နှင့် ဂျပန် ကမ်းခြေစောင့်တပ်များ အငြင်းပွားကျွန်းအနီး ထိပ်တိုက်တွေ့

အရှေ့တရုတ်ပင်လယ်အတွင်း ပထဝီနိုင်ငံရေးအရ အကဲဆတ်တဲ့ ကျွန်းစုတွေအနီးမှာ တရုတ်နဲ့ ဂျပန် ကမ်းခြေစောင့်တပ်တွေ ထိပ်တိုက်တွေ့ခဲ့ကြပြီး ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ နှစ်ဖက်ထုတ်ပြန်ချက်တွေက ကွဲလွဲနေပါတယ်။

ဂျပန်က ဆန်ကာကု၊ တရုတ်က တျောင်းယုလို့ခေါ်ပြီး အငြင်းပွားနေကြတဲ့ ဒီကျွန်းတွေကို တရုတ်က ပိုင်ဆိုင်ကြောင်း ကြေညာထားပေမဲ့ လက်ရှိမှာတော့ ဂျပန်ဘက်က စီမံအုပ်ချုပ်နေတာပါ။

ဒီဇင်ဘာ ၂ ရက်မှာတော့ အဲဒီရေပြင်ထဲကို ဂျပန်ငါးဖမ်းလှေတစင်း တရားမဝင် ဝင်ရောက်လာတယ်လို့ တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့ဘက်ကတော့ ဂျပန်ငါးဖမ်းလှေနားကို တရုတ်ကမ်းခြေစောင့် သင်္ဘော ၂ စင်း ကပ်လာတဲ့အတွက် ကြားဖြတ်ဟန့်တားပြီး မောင်းထုတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

တရုတ်က ထိုင်ဝမ်ကို တိုက်ခိုက်လာရင် ဂျပန်က စစ်ရေးအရ ပါဝင်ပတ်သက်မယ်လို့ ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိက ပြောကြားခဲ့အပြီးမှာ နှစ်နိုင်ငံဆက်ဆံရေး တင်းမာနေချိန် အခုလို ထိပ်တိုက်တွေ့မှု ဖြစ်ပွားခဲ့တာပါ။

တရုတ်ပြည်မကြီးကတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကျွန်းကို သူ့နယ်မြေအဖြစ် သတ်မှတ်ထားပြီး လိုအပ်ရင် အင်အားသုံး ပြန်လည်ပေါင်းစည်းသွားမယ်လို့ ပြောဆိုထားပါတယ်။

အခုပြဿနာဖြစ်ပွားရာ ဆန်ကာကုကျွန်းတွေဟာ ထိုင်ဝမ်ကျွန်းရဲ့ အနောက်တောင်ဘက် ကီလိုမီတာ ၁၆၀ အကွာမှာ တည်ရှိပါတယ်။

ပြီးခဲ့တဲ့နှစ်တွေအတွင်း ဒီကျွန်းစုတွေအနီးမှာ တရုတ်အစိုးရပိုင်သင်္ဘောတွေ ဖြတ်သန်းသွားလာမှု စံချိန်တင် မြင့်တက်ခဲ့ပြီး ဂျပန်ကို အကဲစမ်းတဲ့အနေနဲ့ တရုတ်ဘက်က သင်္ဘောအရေအတွက် တိုးမြှင့်စေလွှတ်လာတာလည်း ဖြစ်ပါတယ်။

02/12/2025

ကိုရီးယားသတင်းဌာနကဖော်ပြတဲ့ ကမ္ဘာ့အကြီးဆုံး မူးယစ်ဆေးဝါးလုပ်ငန်းတွေဟာ မြန်မာနိုင်ငံက ဖြစ်ပြီး နောက်ကွယ်မှာ ကြိုးကိုင်နေတဲ့ တရုတ်ကုမ္ပဏီတွေရှိကြောင်း၊ ရှမ်းပြည်နယ်မှသည် တကမ္ဘာလုံးဆီအထိ

02/12/2025

Google ရဲ့ ရုံးချုပ်မြက်ခင်းကို ရိတ်ပေးတဲ့ ဆိတ် ၂၀၀
ဓာတ်ဆီမီးခိုးမရှိ၊ ဆူညံသံမရှိ၊ မြေသြဇာပါရှိတဲ့ eco-friendly နည်းလမ်း

၂၀၀၉ ခုနှစ်တွင် Google က ကယ်လီဖိုးနီးယားပြည်နယ်၊ Mountain View ရှိ ၎င်း၏ရုံးချုပ်ဝင်းကို ထိန်းသိမ်းရာတွင် ထူးခြားပြီး သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိသော နည်းလမ်းတစ်ခုကို ကျင့်သုံးခဲ့သည်။ ဆူညံပြီး ဓာတ်ဆီသုံးမြက်ရိတ်စက်များကို အစားထိုးကာ ဆိတ် ၂၀၀ ကို ငှားရမ်းပြီး မြက်ခင်းများကို ကိုက်စားခိုင်းခဲ့ခြင်းဖြစ်သည်။ The Star သတင်းဌာန၏ ဖော်ပြချက်အရ ဆိတ်များကို California Grazing ကုမ္ပဏီမှ ယူဆောင်လာခဲ့ပြီး တစ်ပတ်ခန့်ကြာ မြက်ခင်းပြင်များကို သပ်ရပ်စွာ ကိုက်စားကာ တစ်ချိန်တည်းမှာပင် မြေဆီလွှာကို ဓာတ်မြေသြဇာပေးခဲ့သည်ဟု ဆိုသည်။
Google က ၎င်း၏ ရေရှည်တည်တံ့ခိုင်မြဲရေး (sustainability) ကြိုးပမ်းမှု၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် ဤနည်းလမ်းကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ရှင်းပြခဲ့သည်။ Unilad Tech အဆိုအရ ဆိတ်များသည် သဘာဝအတိုင်း အပင်ပေါင်းရှင်းလင်းရေးကို ကူညီပေးပြီး ညစ်ညမ်းမှုနှင့် မီးဘေးအန္တရာယ်ကို လျှော့ချကာ၊ ကမ္ဘာ့ရုံးချုပ်ဧရိယာကို တိတ်ဆိတ်ငြိမ်သက်စေခဲ့သည်ဟု ဆိုသည်။ ဝန်ထမ်းများပင် ဆိတ်များကို ပတ်ဝန်းကျင်တွင် မြင်တွေ့ရခြင်းကို နှစ်သက်ခဲ့ကြပြီး အလုပ်ခွင်အတွင်း ထူးခြားသော အငွေ့အသက်တစ်ခု ဖြစ်ပေါ်စေခဲ့သည်။ နောက်ပိုင်းနှစ်များတွင်လည်း Google က ဤနည်းကို အခါအားလျော်စွာ ဆက်လက်ကျင့်သုံးခဲ့ပြီး ရုံးချုပ်ပတ်ဝန်းကျင် အပင်ပေါင်းရှင်းလင်းရေးအတွက် ဆိတ်များကို ပြန်လည်ငှားရမ်းခဲ့သည်။

02/12/2025

သီရိလင်္ကာရေကြီးမှု သေဆုံးသူ ၃၀၀ ကျော်လာပြီး အရေးပေါ်ကြေညာ

သီရိလင်္ကာနိုင်ငံမှာ ဒိတွာ ဆိုင်ကလုန်းမုန်တိုင်းအလွန် ရေကြီးမြေပြိုမှုတွေကြောင့် သေဆုံးသူ ၃၃၀ ကျော် ရှိလာပြီး အရေးပေါ်အခြေအနေ ကြေညာထားရပါတယ်။

လူ ၂၀၀ ကျော် ပျောက်ဆုံးနေပြီး နေအိမ် ၂၀,၀၀၀ လောက် ပျက်စီးသွားတာကြောင့် လူ ၁ သိန်းကျော်ဟာ ယာယီခိုလှုံရေးစခန်းတွေမှာ နေထိုင်နေရပါတယ်။

နိုင်ငံရဲ့ သုံးပုံတပုံလောက်မှာ လျှပ်စစ်မီးနဲ့ ရေပေးဝေမှုတွေ ပြတ်တောက်နေတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

ဒါဟာ နိုင်ငံသမိုင်းမှာ အဆိုးရွားဆုံး သဘာဝဘေးအန္တရာယ်တခု ဖြစ်တယ်လို့ သမ္မတ အနူရာကူမာရာ ဒစ္စနာယာက က ပြောကြားထားပါတယ်။

ကန္ဒီနဲ့ ဘာဒူလာ ဒေသတွေမှာ သေဆုံးမှု အများဆုံးဖြစ်ပြီး သေဆုံးသူတွေထဲမှာ ဘိုးဘွားရိပ်သာတခုက သက်ကြီးရွယ်အို ၁၁ ယောက်လည်း ပါဝင်ပါတယ်။

အစိုးရက နိုင်ငံတကာအကူအညီတွေ ပေးကြဖို့ မေတ္တာရပ်ခံထားပြီး ပြည်ပရောက် သီရိလင်္ကာနိုင်ငံသားတွေကိုလည်း ငွေကြေးလှူဒါန်းကြဖို့ တိုက်တွန်းထားပါတယ်။

ဒါဟာ ၂၀၀၃ ခုနှစ်နောက်ပိုင်း သီရိလင်္ကာနိုင်ငံမှာ အဆိုးရွားဆုံး ရေကြီးမှု ဖြစ်ပါတယ်။

02/12/2025

ပါလက်စတိုင်းနိုင်ငံ ပေါ်ပေါက်ရေးသာ တခုတည်းသောအဖြေဖြစ်ဟု ပုပ်ရဟန်းမင်း မိန့်ကြား

အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခ ချုပ်ငြိမ်းရေးအတွက် တခုတည်းသော အဖြေဟာ ပါလက်စတိုင်းနိုင်ငံ ပေါ်ပေါက်ရေးသာ ဖြစ်တယ်လို့ ပုပ်ရဟန်းမင်းကြီး လီယိုက မိန့်ကြားလိုက်ပါတယ်။

“ဒီအချိန်မှာ အစ္စရေးက ဒီဖြေရှင်းနည်းကို လက်မခံဘူးလို့ အားလုံးသိထားပြီးသားပါ။ ဒါပေမဲ့ အဲဒါကပဲ တခုတည်းသော ဖြေရှင်းနည်းလို့ ကိုယ်တော်တို့ ရှုမြင်ပါတယ်” လို့ ရဟန်းမင်းက နိုဝင်ဘာ ၃၀ ရက်က မှတ်ချက်ပေးခဲ့ပါတယ်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျင်မင် နေတန်ယာဟု ကတော့ အမေရိကန်က ထောက်ခံရင်တောင် ပါလက်စတိုင်း လွတ်လပ်ရေးကို ဆန့်ကျင်မယ်လို့ ထပ်ပြောထားပါတယ်။

ပထမဆုံး အမေရိကန်နိုင်ငံသား ပုပ်ရဟန်းမင်း လီယိုက တူရကီကနေ လက်ဘနွန်ကို အသွား လေယာဉ်ပေါ်မှာ သတင်းထောက်တွေကို အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“ကိုယ်တော်တို့က အစ္စရေးနဲ့လည်း မိတ်ဆွေတွေပါ။ နှစ်ဖက်ကြားမှာ ဝင်ညှိနှိုင်းပေးတဲ့ အသံတခု ဖြစ်လာဖို့ ကြိုးပမ်းနေပါတယ်” လို့ ရဟန်းမင်းက အီတလီစကားနဲ့ မိန့်ကြားခဲ့ပါတယ်။

ပုပ်ရဟန်းမင်းဟာ တူရကီသမ္မတ တာယစ်အာဒိုဂန်နဲ့ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခ၊ ယူကရိန်း-ရုရှား ပဋိပက္ခတွေ ဆွေးနွေးခဲ့ပြီး တူရကီဟာ ဒီစစ်ပွဲနှစ်ခုစလုံး အဆုံးသတ်ရေး အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေတယ်လို့ ဆိုပါတယ်။

မွတ်စလင်အများစုနေထိုင်တဲ့ တူရကီနိုင်ငံဟာ ဘာသာရေး အတူယှဉ်တွဲနေထိုင်မှုအတွက် စံပြဖြစ်တယ်လို့လည်း ရဟန်းမင်းက ချီးကျူးခဲ့ပါတယ်။

ကမ္ဘာကြီးမှာ ပုံမှန်မဟုတ်တဲ့ သွေးထွက်သံယို ပဋိပက္ခတွေ အထူးများပြားနေတာကြောင့် လူသားမျိုးနွယ်ရဲ့ အနာဂတ်အတွက် စိုးရိမ်ရတယ်လို့ ရဟန်းမင်းက သတိပေးခဲ့သလို ဘာသာရေး အမည်ခံပြီး အကြမ်းဖက်တာတွေကိုလည်း ရှုတ်ချခဲ့ပါတယ်။

02/12/2025

ဗင်နီဇွဲလားသမ္မတ တိုင်းပြည်မှ ထွက်ပြေးရန် ထရမ့်ပ် ရာဇသံပေးထားဟု သတင်းထွက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မာဒူရို ရာထူးစွန့်ပြီးတော့ တိုင်းပြည်က ချက်ချင်းထွက်ပြေးဖို့ ရာဇသံပေးခဲ့တယ်လို့ Miami Herald သတင်းစာရဲ့ ဖော်ပြချက်ကို ကိုးကားပြီး Fox News နဲ့ တခြားသတင်းဌာနတွေက ဖော်ပြကြပါတယ်။

ဗင်နီဇွဲလား လေပိုင်နက်ကို ပိတ်ထားသင့်ကြောင်း မကြေညာမီမှာ အခုလို တိုက်တွန်းခဲ့တာလို့ ဆိုပါတယ်။

သမ္မတထရမ့်ပ် ကတော့ မာဒူရိုနဲ့ ဖုန်းပြောခဲ့တယ်ဆိုတာ မှန်ကန်ကြောင်း နိုဝင်ဘာ ၃၀ ရက်က အတည်ပြုခဲ့ပေမဲ့ ဆွေးနွေးမှု အဆိုးအကောင်းကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။

ဖုန်းပြောဆိုမှုအတွင်းမှာ မာဒူရိုသာ ချက်ချင်း ရာထူးကဆင်းမယ်ဆိုရင် သူ့ဇနီးနဲ့ သား အပါအဝင် မိသားစုလိုက် ဘေးကင်းလုံခြုံစွာ ထွက်ခွာခွင့်ပြုမယ်လို့ ကမ်းလှမ်းခဲ့ကြောင်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။

ဒါပေမဲ့ မာဒူရိုဘက်က သူတို့ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့နဲ့ စစ်တပ်ကို ဆက်လက်ထိန်းချုပ်ခွင့်ရဖို့ တောင်းဆိုခဲ့တာကို အမေရိကန်ဘက်က ပယ်ချခဲ့တယ်လို့ ဆိုပါတယ်။

ဒီဆွေးနွေးပွဲ ပျက်ပြားသွားပြီး နာရီပိုင်းအကြာမှာပဲ ထရမ့်ပ်က ဗင်နီဇွဲလားလေပိုင်နက်ကို အလုံးစုံပိတ်ပင်လိုက်ကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။

လေပိုင်နက်ပိတ်လိုက်တာဟာ ဗင်နီဇွဲလား စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေကို ဒုံးကျည်နဲ့တိုက်ခိုက်ဖို့ သတိပေးလိုက်တာဖြစ်ပြီး ကုန်းတွင်းပိုင်းစစ်ဆင်ရေးတွေပါ မကြာခင် စတင်လာနိုင်တယ်လို့ ကာကွယ်ရေးကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

လက်ရှိမှာ အမေရိကန်ရဲ့ အကြီးဆုံး လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ်ဂျရယ်ဖို့ဒ် အပါအဝင် ရေတပ်အင်အားစုတွေဟာ ကာရေဘီယံပင်လယ်ပြင်မှာ အသင့်ရှိနေပြီး ဖိအားပေးထားပါတယ်။

အမေရိကန်ပိုင် မဟုတ်တဲ့ နိုင်ငံတကာလေကြောင်းလိုင်းတွေအနေနဲ့ ဗင်နီဇွဲလားနိုင်ငံဆီ ဆက်လက်ပျံသန်းခွင့် ရှိနေဆဲဖြစ်ပေမဲ့ လုံခြုံရေးအခြေအနေ စိုးရိမ်ရတဲ့အတွက် လေကြောင်းလိုင်း အတော်များများကတော့ ခရီးစဉ်တွေကို ရပ်ဆိုင်းထားပါတယ်။

02/12/2025

ထိုင်းတောင်ပိုင်း ဟတ်ယိုင် ရေကြီးမှု မြို့တော်စည်ပင်ဝန်ကြီးအား စစ်ဆေးအရေးယူရန် တိုင်ကြား

ထိုင်းတောင်ပိုင်း ဆုန်ခလာခရိုင် ဟတ်ယိုင်မြို့မှာ ပြီးတဲ့အပတ်က ရေကြီးမှုဒဏ် ဆိုးရွားစွာခံရပြီး ကြီးမားတဲ့ သေကျေပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့တာနဲ့ ပတ်သက်လို့ ဒေသန္တရအစိုးရနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေလည်း ပြစ်တင်ဝေဖန်မှုတွေ ခံနေရပါတယ်။

ဟတ်ယိုင်မြို့မှာဆိုရင် ရေကြီးစဉ် ဖုန်းအဆက်သွယ်မရတဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ရွှေ့ပြောင်းခံထားရပြီး မြို့တော်စည်ပင်ဝန်ကြီးဖြစ်တဲ့ နိုင်းနရုန်းဖွန်း နာ့ဖတ်ထလုန်းကိုလည်း စစ်ဆေးအရေးယူဖို့၊ စစ်ဆေးစဉ်ကာလ တာဝန်မှရပ်စဲထားဖို့ တိုင်ကြားခံထားရပါတယ်။

ဟတ်ယိုင်မြို့တော်စည်ပင်ဝန်ကြီးဟာ ရာထူးရရေး မဲဆွယ်စဉ်ကာလ ဟတ်ယိုင်ရေကြီးမှုပြဿနာကို ဖြေရှင်းမယ်လို့ ပြောခဲ့တယ်၊ ဒီတကြိမ် ရေကြီးတော့ မိုးဇလဌာနက ရေကြီးမယ့်အကြောင်း ၉ ကြိမ်တိုင် ထုတ်ပြန်သတိပေးခဲ့ပေမဲ့ “ဖြေရှင်းနိုင်တယ်၊ မစိုးရိမ်ဖို့ ” ပြည်သူတွေကို ပြောကြားခဲ့လို့ အချိန်မီရွှေ့ပြောင်းခြင်းမပြုနိုင်ဘူး၊ ဒါကြောင့် သေကျေပျက်စီးဆုံးရှုံးမှုများခဲ့တယ်၊ ဒီအတွက် သူ့မှာ တာဝန်ရှိတယ်၊ စုံစမ်းစစ်ဆေးအရေးယူဖို့ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေအကြံပေးလည်းဖြစ်၊ ထိုင်းတောင်ပိုင်းဒေသဖွံ့ဖြိုးရေးကော်မတီဝင်လည်းဖြစ်တဲ့ နိုင်းဆွန်ထိယား ဆဝဒီက ဒီကနေ့ ဒီဇင်ဘာ ၁ ရက်နေ့ ဘန်ကောက် ပြည်ထဲရေးဝန်ကြီးဌာန ပြည်သူ့အသံတိုင်ကြားရေးဌာနမှာ ဝန်ကြီးချုပ်ဆီ လိပ်မူပြီး တိုင်စာပေးပို့ခဲ့ပါတယ်။

နိုင်းဆွန်ထိယားဆဝဒီက“ကျနော်ဟာ ဟတ်ယိုင် နိပွန်အထူးစီးပွားရေးကုမ္ပဏီမှာ ၅ နှစ်ကျော်လုပ်ကိုင်နေထိုင်ခဲ့လို့ ဟတ်ယိုင်ရေကြီးတဲ့ ပြဿနာ ကောင်းကောင်းသိတယ်။ ၂၀၀၀ ပြည့်နှစ် ရေကြီးတုန်းက ဆုံးရှုံးမှုတန်ဖိုး ဘတ်သန်းပေါင်း ၄,၀၀၀ ကျော်ရှိတယ်၊ ၂၀၁၀ မှာရေကြီးတာ ဘတ်သန်းပေါင်း ၁၈,၀၀၀ ဆုံးရှုံးတယ်၊ အဲဒီနှစ်က မိုးရေချိန် ၄၃၀ မီလီမီတာရှိတယ်၊ ဒီ ၂၀၂၅ ခုနှစ်မှာ မိုးရေချိန် ၆၂၀ မီလီမီတာထိရှိတယ်၊ အဲဒါတောင်မှ ပြည်သူတွေကို မစိုးရိမ်ဖို့၊ ဖြေရှင်းနိုင်တယ်လို့ ပြောခဲ့တယ်၊ ကြိုတင်ပြောင်းရွှေ့ဖို့ မပြောဘူး၊ သူလည်း ဟတ်ယိုင်က ရေကြီးတဲ့ အတွေ့အကြုံရှိတာပဲ၊ သူလို တာဝန်ရှိသူက ပြောတော့ ပြည်သူတွေကယုံကြည်တယ်၊ ရေက ၇၂ နာရီတွင်း ၃ မီတာမြင့်လာတော့ အချိန်မမီတော့ဘူး၊ ဌာနဆိုင်ရာ အဖွဲ့အစည်းချင်းကြား ချိတ်ဆက်ဆောင်ရွက်မှုလည်း အားနည်းတယ်၊ အဲဒီတော့ လူတွေရာနဲ့ချီ သေကျေရတယ်၊ ပျက်စီးဆုံးရှုံးမှု ခန့်မှန်းလို့မရအောင် အကြီးအကျယ်ဖြစ်ခဲ့တယ်၊ ဒါဟာ ရာဇသတ်ကြီးပုဒ်မနဲ့လည်း ငြိစွန်းတယ်၊ ဒီဆုံးရှုံးမှုတွေ တာဝန်ယူတဲ့ အနေနဲ့ စည်ပင်ဝန်ကြီးရာထူးက နုတ်ထွက်သင့်တယ်၊ သက်ဆိုင်ရာအနေနဲ့ သူ့ကိုစုံစမ်း စစ်ဆေးဆဲကာလမှာ တာဝန်ကနေ ရပ်နားထားဖို့ တောင်းဆိုတယ်၊ ၃ ရက်အတွင်း ဘာမှ ထူးခြားမှုမရှိရင် ဆုန်ခလာခရိုင်ဝန် နဲ့ ခရိုင်စီမံခန့်ခွဲရေးက တာဝန်ရှိသူကိုပါ အရေးယူဖို့ တိုင်တန်းရပါလိမ့်မယ်” လို့ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

Future Forward Party ပါတီ ( ပယ်ဖျက်ခံရ ) က လွှတ်တော်အမတ်ဟောင်း ချော့ကာနီကာကလည်း စည်ပင်ဝန်ကြီးဟာ ပြည်သူ့အကျိုးတကယ်လုပ်သူမဟုတ်ဘဲ ဖရန်းပချားရတ်ပါတီ လက်ရှိ လယ်ယာစိုက်ပျိုး မွေးမြူရေးဝန်ကြီး ထမနတ်ဖုန်းဖောင်ရဲ့ လူဖြစ်တယ်။ သူတို့ချင်းအချိတ်အဆက်နဲ့ ဒီရာထူးရ လာတာဖြစ်တယ်၊ ထမနတ်ဖုန်းဖောင်ဟာ သဘာဝ‌ရေဘေးပြဿနာဖြေရှင်း‌ရေးကော်မတီ ဥက္ကဋ္ဌ လည်းဖြစ်တယ၊ သူ့မှာလည်း တာဝန်ရှိတယ်၊ ဒါကြောင့် သူပါစစ်ဆေးအရေးယူခံရသင့်တယ်လို့ သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားပါတယ်။

တိုင်ကြားခံရသူ ဟတ်ယိုင်မြို့တော်စည်ပင်ဝန်ကြီး နိုင်းနရုန်းဖွန်းကတော့ ရေးဘေးကိစ္စ သူ့အနေနဲ့ အတတ်နိုင်ဆုံး ကြိုးစားဖြေရှင်းခဲ့တယ်၊ ဒါဟာ သဘာဝဘေးဖြစ်တယ်၊ သူလည်း နိုင်ငံရေး လောကကနေ အပြီးအပိုင် အနားယူတော့မယ်လို့ ပြောပါတယ်၊ လက်ရှိရာထူးမှ နုတ်ထွက်ဖို့တော့ ဘာမှ ဖြေကြားခြင်းမရှိပါဘူး။

ဘန်ကောက်ပို့စ်သတင်းမှာလည်း ထိုင်းတောင်ပိုင်း၊ ဆုန်ခလာခရိုင် ဟတ်ယိုင်မြို့နယ်နဲ့ အခြားဒေသက ရေဘေးသင့်ပြည်သူတွေအနေနဲ့ အစိုးရကို တရားစွဲဆိုဖို့ တက်ကြွလှုပ်ရှားသူ ရှေ့နေတဦးဖြစ်သူ ရွန်နာရွန် ကယောက်ဖက်ချ်က တိုက်တွန်းလိုက်ကြောင်း ဖော်ပြပါတယ်။

အစိုးရရဲ့ ကြိုတင်သတိပေးမှု နှောင့်နှေးတာ၊ စီမံခန့်ခွဲမှု ညံ့ဖျင်းတာနဲ့ အခြေခံအဆောက်အအုံ ချို့ယွင်းမှုတွေအတွက် တာဝန်ခံသင့်တယ်လို့ ရှေ့နေက ဆိုပါတယ်။

လူမှုတရားမျှတမှု ပြန်လည်ရရှိရေး လှုပ်ရှားမှုဖောင်ဒေးရှင်းရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ရွန်နာရွန်က ဒေသဆိုင်ရာ အစိုးရအရာရှိတွေရဲ့ ပေါ့ဆမှု ဒ့ါမှမဟုတ် မှားယွင်းတဲ့ လုပ်ဆောင်ချက်တွေကို သက်သေပြနိုင်ပါက ပြည်သူတွေအနေနဲ့ လျော်ကြေးတောင်းဆိုပိုင်ခွင့်ရှိတယ်လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားပါတယ်။

ဘေးအန္တရာယ်ရဲ့ ပြင်းထန်မှုကို မှားယွင်းစွာ သုံးသပ်ပြီး အချိန်မီသတိပေးချက်ထုတ်ပြန်ဖို့ ပျက်ကွက်ခဲ့တာကြောင့် ဒေသခံတွေဟာ ကြိုတင်ပြင်ဆင်ချိန်မရခဲ့သလို ဘေးလွတ်ရာကို ရွှေ့ပြောင်းနိုင်ခြင်းလည်း မရှိခဲ့ဘူးလို့ ရွန်နာရွန်က ထောက်ပြပါတယ်။

ဒီလို သတိပေးချက်တွေ နှောင့်နှေးတာ ဒါမှမဟုတ် မလုံလောက်တာကို သက်သေပြနိုင်ရင် နိုင်ငံတော်မှာ တာဝန်ရှိလာနိုင်ပြီး ပေါ့ဆမှုမြောက်နိုင်တယ်လို့ သူက ဆိုပါတယ်။

ရေဘေးကာလအတွင်း ဒေသခံတွေ သတင်းအချက်အလက်အတွက် အားကိုးခဲ့ရတဲ့ ဟတ်ယိုင်မြို့တော်စည်ပင်သာယာရေးအဖွဲ့က အစပိုင်းမှာ အခြေအနေ စိတ်ချရတယ်လို့ အာမခံခဲ့တာကြောင့် လူအများအပြားဟာ နေအိမ်တွေမှာပဲ ဆက်နေဖို့ ဒါမှမဟုတ် ပစ္စည်းတွေကို နေရာမြင့်ရွှေ့ဖို့ပဲ လုပ်ဆောင်ခဲ့ကြတယ်လို့ သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။

ရေတံခါးတွေ မှားယွင်းစွာ လည်ပတ်တာ၊ ရေနုတ်မြောင်းတွေ ပြုပြင်ထိန်းသိမ်းမှု အားနည်းတာ၊ တူးမြောင်းတွေ ပိတ်ဆို့တာ သို့မဟုတ် ရေစုပ်စက်တွေ ချို့ယွင်းတာမျိုးလို ရေစီမံခန့်ခွဲမှု ညံ့ဖျင်းမှုတွေက ရေဘေးကို ပိုဆိုးစေခဲ့ကြောင်း အထောက်အထားပြနိုင်ရင်လည်း အစိုးရကို တရားစွဲနိုင်တယ်လို့ ရွန်နာရွန်က ပြောပါတယ်။

တချိန်တည်းမှာပဲ ဘူရာဖာတက္ကသိုလ်က နိုင်ငံရေးသိပ္ပံနဲ့ ဥပဒေကထိကဖြစ်သူ တွဲဖက်ပါမောက္ခ အိုလန် သင်ဘန်တီယိုက ဟတ်ယိုင်မြို့က ရေဘေးအကျပ်အတည်းဟာ ဒေသအရာရှိ တဦးတစ်ယောက်ရဲ့ လုပ်ဆောင်ချက်ကြောင့် မဟုတ်ဘဲ အုပ်ချုပ်ရေးပိုင်းမှာ အမြစ်တွယ်နေတဲ့ ဖွဲ့စည်းပုံဆိုင်ရာ ပြဿနာကို ထင်ဟပ်နေတယ်လို့ သုံးသပ်ပါတယ်။

ဆယ်စုနှစ်များစွာ ဗဟိုချုပ်ကိုင်မှုကြီးစိုးတဲ့ ဗျူရိုကရေစီစနစ်ကြောင့် ဆုံးဖြတ်ချက်ချမှတ်မှု နှေးကွေးတာ၊ ဒေသဆိုင်ရာအေဂျင်စီတွေ အားနည်းတာနဲ့ အေဂျင်စီအချင်းချင်း ညှိနှိုင်းမှုမရှိတာတို့ ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီအချက်တွေကြောင့် ဟတ်ယိုင်မြို့ဟာ တောင်ပိုင်းဒေသရဲ့ အဓိက စီးပွားရေးအချက်အချာဖြစ်လာပေမဲ့ ဘေးအန္တရာယ်ကို ခံနိုင်ရည်မရှိ ဖြစ်နေရတယ်လို့ တွဲဖက်ပါမောက္ခ အိုလန်က ပြောပါတယ်။

"ရေတိုထောက်ပံ့မှုက လိုအပ်ပေမယ့် မလုံလောက်ပါဘူး။ ဗဟိုချုပ်ကိုင်မှု လျှော့ချတာနဲ့ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေကို တိုးတက်အောင် လုပ်တာလိုမျိုး ဖွဲ့စည်းပုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ မလုပ်ရင် ဟတ်ယိုင်လို မြို့ကြီးတွေဟာ ဘယ်သူဝန်ကြီးချုပ်ဖြစ်ဖြစ် အနာဂတ်မှာ အလားတူဘေးဒုက္ခတွေကို ထပ်ကြုံရဦးမှာပါ” လို့ ပြောကြောင်း သတင်းမှာ ဖော်ပြပါတယ်။

၂၀၂၅ နိုဝင်ဘာ ၁၉ မှ ၂၇ ရက်အထိ ထိုင်းတောင်ပိုင်း ၉ ခရိုင်မှာ ရေကြီးမှုကြောင့် လူပေါင်း ၃ သန်းနီးပါး ရေဘေးသင့်ပြီး ၁၀၀ ကျော်သေဆုံးခဲ့တယ်၊ ထိုင်းတောင်ပိုင်းရဲ့ စီးပွားရေးအချက်အချာ ဆုန်ခလာခရိုင် ဟတ်ယိုင်မြို့က အဆိုးရွားဆုံးဖြစ်ပြီး ဆုံးရှုံးမှု ဘတ်သန်းပေါင်း ထောင်နဲ့ချီရှိတယ်လို့ ဆိုပါတယ် ။

ဝန်ကြီးချုပ် နိုင်းအနုထင်း ချန်းဝီရကွန်းကလည်း သေဆုံးသူတွေအတွက် ဂရုဏာကြေး ဘတ် ၂ သန်း၊ ရေဘေးသင့် တအိမ်ထောင်လျှင် ဘတ် ၉,၀၀၀ စီထောက်ပံ့ပြီး စီးပွားရေး ပြန်လည်ထူထောင်ဖို့ ဘတ် ၁၀၀,၀၀၀ ထက်မပိုတဲ့ငွေ ထုတ်ချေးပေးမယ်လို့ ပြောပါတယ်။

ဒါ့အပြင် အဆောက်အအုံ ပြင်ဆင်စရိတ်တွေ ပံ့ပိုးကူညီမယ်၊ ဟတ်ယိုင်မြို့တော်သန့်ရှင်းရေးအတွက် ကန်ထရိုက်ငှါးရမ်းဖို့ မြို့တော်စည်ပင်ကို ခွင့်ပြုထားတယ်၊ ရေဘေးရှောင်နေရသူတွေ ၇ ရက်အတွင်း မိမိနေအိမ်မှာ ပြန်နေစေရမယ်၊ ၁၄ ရက်အတွင်း ပုံမှန်အတိုင်း ပြန်သန့်ရှင်းနေရမယ်လို့ နိုဝင်ဘာ ၃၀ ရက် ဟတ်ယိုင်မြို့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။

01/12/2025

ပိုမိုပြင်းထန်စွာ ဆန္ဒပြကြရန် တူနီးရှား အတိုက်အခံခေါင်းဆောင် တိုက်တွန်း

တူနီးရှားနိုင်ငံ မြို့တော်တူးနစ်မှာလုပ်တဲ့ ဆန္ဒပြပွဲတခုအတွင်း ထင်ရှားတဲ့ အတိုက်အခံခေါင်းဆောင် ချေမာအီဆာကို ရဲတပ်ဖွဲ့က နိုဝင်ဘာ ၂၉ ရက်မှာ ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခဲ့တယ်လို့ သူ့ရှေ့နေတွေက ပြောပါတယ်။

သမ္မတ ခိုက်ဆိုက်ကို ဖြုတ်ချဖို့ ပူးပေါင်းကြံစည်တဲ့ အတိုက်အခံခေါင်းဆောင်တွေ၊ စီးပွားရေး ခေါင်းဆောင်တွေနဲ့ ရှေ့နေတွေကို အယူခံတရားရုံးတခုက နိုဝင်ဘာ ၂၈ ရက်မှာ ထောင်ဒဏ် ၄၅ နှစ်အထိ ချမှတ်ခဲ့ပြီး ဝေဖန်သူတွေက အာဏာရှင်ဆန်တဲ့အုပ်ချုပ်မှု လက္ခဏာတရပ်လို့ ပြောခဲ့ကြပါတယ်။

အီဆာ က “ဒီနေ့ ကျမ ထောင်ထဲမှာရှိနေရင် ကျမရဲ့ သတင်းစကားက ဆန့်ကျင်ဖို့၊ ရှုတ်ချဖို့ပါ” လို့ အဖမ်းမခံရမီ ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

“လမ်းပေါ်ကပြည်သူတွေက လွတ်လပ်မှုကို အမြဲကာကွယ်ပြီး နိုင်ငံရဲ့ ပြိုလဲနေတဲ့ စီးပွားရေးကို ကာကွယ်ရမယ်” လို့လည်း သူက ဆက်ပြောပါတယ်။

စွဲချက်တွေဟာ မတရားဘဲ နိုင်ငံရေးအရ လှုံ့ဆော်မှုဖြစ်တယ်လို့လည်း အီဆာကပြောပါတယ်။

သမ္မတကို စိန်ခေါ်တဲ့ အဓိကမဟာမိတ်အဖွဲ့ဖြစ်တဲ့ အတိုက်အခံ အမျိုးသားကယ်တင်ရေးတပ်ဦးရဲ့ အကြီးအကဲ နာဂျစ်ဘ် ချက်ဘီကိုလည်း ရဲတွေက ဖမ်းလိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။

သူဟာ ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံခဲ့ရပြီး အတိုက်အခံခေါင်းဆောင် အယာချီဟမ်မာမီ လည်း ထောင်ဒဏ် ၅ နှစ် ချမှတ်ခံခဲ့ရပါတယ်။

တူနီးရှားနိုင်ငံမှာ မကြာသေးမီက သမိုင်းမှာ အကြီးမားဆုံး နိုင်ငံရေးဆိုင်ရာ တရားစွဲဆိုမှုတွေထဲက တခုဖြစ်တဲ့ အမှုမှာ လူအယောက် ၄၀ ကို တရားစွဲဆိုခဲ့ပါတယ်။

တရားစွဲဆိုခံရသူ အယောက် ၂၀ က ပြည်ပကို ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။

ရိုက်တာသတင်းဌာနက တွေ့ခဲ့တဲ့ တရားရုံးစာရွက်စာတမ်းတခုအရ ပြစ်ဒဏ်တွေဟာ ထောင်ဒဏ် ၅ နှစ်ကနေ ၄၅ နှစ်အထိ ရှိနေပါတယ်။

၂၀၂၁ ခုနှစ်မှာ သမ္မတက အထူးအာဏာတွေကို သိမ်းပိုက်ပြီးကတည်းက သဘောထားကွဲလွဲမှုတွေကို နှိမ်နင်းခဲ့ရာမှာ အခုဆုံးဖြတ်ချက်က အရှိန်မြှင့်လာတာလို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။

ပြစ်ဒဏ်တွေကို ချက်ချင်းပယ်ဖျက်ဖို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့နဲ့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့တို့က တောင်းဆိုခဲ့ကြပါတယ်။

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Culinary Team

Attire

Telephone

Website

Address

Yangon