May author
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from May author, Writer, Yangon.
05/02/2025
The Midnight Under The Moon
(လနတ်သမီးနှင့်အမှောင်မိစ္ဆာသခင်)
Chapter 17
လနတ်သမီးဆုတောင်းကျောင်းဆောင်မှာ အရင်နေ့များနှင့်မတူ လူသူထူထပ်၍နေသည်။ တိုင်းသူပြည်သားများမှာလည်း အမှောင်မိစ္ဆာအန္တရာယ်မှ ကင်းလွတ်နိုင်ရန်အဆောင်ဂါထာမန္တန်များကို လာရောက်ကာအကာအကွယ်ဖြစ်ရန် လုပ်ဆောင်လိုကြသည်။ လနတ်သမီးသည် အမှောင်သခင်စုန့်မုလိန်အား သူမအတိတ်ကြေးမုံကြည့်ခဲ့ရသော ဖြစ်ရပ်မှန်ကို ပြောပြရန်ချိန်းဆိုရမည်ဟုတွေးတောရင်း ကျောင်းဆောင်အနီးတောအုပ်ထဲရှိ ပျက်စီးနေသော သူမတို့အရင်နေထိုင်ရာဝါးလုံးအိမ်လေးဘက်သို့ လမ်းလျှောက်ထွက်လာခဲ့သည်။ အိမ်နေရာသို့ရောက်သော် မြင်ကွင်းတခုမှာသူမ၏မျက်လုံးကို အဝိုင်းသားဖြစ်သွားစေပြီး ထိတ်လန့်သွားစေသည်။ အကြောင်းမှာ ပျက်စီးနေသော သူမတို့်ဝါးတဲအိမ်လေးမှာ အရင်ပုံစံအတိုင်းရှိနေသည်ကို တွေ့လိုက်ရသောကြောင့်ဖြစ်လေသည်။ ခြံဝန်းလေးထဲသို့ လမ်းလျှောက်ဝင်ကြည့်ရင်း အိမ်ထဲမှ အမှောင်သခင်စုန့်မုလိန်ထွက်လာသည်ကို တွေ့လိုက်ရသဖြင့် အံ့ဩမှင်သက်သွားလေတော့သည်။ အမှောင်သခင်သည် လနတ်သမီးကိုတွေ့သွားပြီး သူမအား အိမ်အလုံးစုံပြင်ပြီိးမှပြသရန်စီစဉ်ထားသော်လည်း ကြိုတင်သိသွားသဖြင့်အချည်းနှီးဖြစ်သွားရကြောင်း ပေါ့ပါးသောအပြုံးလေးတို့ဖြင့် ပြောလိုက်လေသည်။ လနတ်သမီးသည် အတိတ်ကြေးမုံ၌ အမှောင်သခင်၏ ဖြစ်ရပ်မှန်အလုံးစုံကို သိရှိပြီးသည့်နောက် ယခုကဲ့သို့ ပေါ့ပါးသောအပြုံးတို့ကို မြင်လိုက်ရသဖြင့် ရင်ထဲတွင် ဝမ်းနည်းမှုများဖြစ်ပေါ်လာပြီးသူမအတွက် အရာရာဖြည့်ဆည်းပေးမှုအပေါ်တွင်လည်းကြည်နူးပီတိဖြစ်ကာ အမှောင်သခင်နှင့်ပတ်သက်၍ ခံစားနေရသော အမည်မသိဝေခွဲမရသောစိတ်တို့မှာ "ချစ်ခြင်းတရား(愛)"ဖြစ်သည်ကို သေချာသိရှိသွားလေတော့သည်။ အမှောင်သခင်သည် မျက်ရည်အဝိုင်းသားဖြင့်ရှိနေသော လနတ်သမီးကို စိုးရိမ်သွားပြီး အရှေ့သို့အလျင်အမြန်သွားလိုက်ကာ အနီးကပ်ရပ်လိုက်ပြီးသူ၏လက်ဖဝါးဖြင့် လနတ်သမီး၏မျက်နှာလေးကိုညင်သာစွာကိုင်ကာ မျက်ရည်လေးများကို သုတ်ပေးလိုက်လေသည်။ မျက်ရည်တို့ကိုသုတ်ပေးလိုက်ရင်းသူမ၏မျက်နှာကို စိုက်ကြည့်နေသည့် အမှောင်သခင်အား လနတ်သမီးလည်း မော့ကြည့်ရင်း အကြည့်ချင်းတို့စုံကာ တစ်ဦးကိုတစ်ဦးချစ်ခင်စုံမက်နေကြ
သည်ကို အတည်ပြုမိလိုက်ကြသည်။
ထိုစဉ် နှစ်ဦးသားခဏငြိမ်သက်နေကြချိန် အတိတ်ကြေးမုံအကြောင်းသတိရသွားကာ လနတ်သမီးမှာအနောက်သို့ဆုတ်ပြီး ပုံမှန်အခြေအနေအတိုင်း နေလိုက်လေသည်။ တဆက်တည်းမှာပင် အမှောင်သခင်အား ၎င်း၏အတိတ်ဖြစ်ရပ်မှန်အကြောင်းကို ပြောပြလိုက်လေသည်။ အမှောင်သခင်မှာ သူ၏ဘဝအမှန်ကို ကြားသိရပြီးနောက် ထိတ်လန့်တုန်လှုပ်သွားလေသည်။ ကြမ်းတမ်းပြီး အခက်အခဲပေါင်းများစွာကြုံရသော သူ၏ဖြစ်တည်မှုသည် သေဘေးဒုက္ခခံရန် လူ့ပြည်သို့ ခေတ္တလာရသောနတ်ဘုရား၏ ဘဝအစိတ်အပိုင်းထဲမှ တစ်ခုသာဖြစ်သည်ကို ကြားသိလိုက်ရသဖြင့် ဆောက်တည်ရာမရဖြစ်ကာထွက်သွားလေသည်။ လနတ်သမီးမှာ အဝေးသို့ရှောင်တိမ်းထွက်ပြေးသွားသော အမှောင်သခင်အားတားဆီး၍ပင်မမှီဘဲ ကျန်ရစ်နေခဲ့လေသည်။ တတိုင်းမွှေး(ယွိလန်ပန်း)ပင်ရှိရာ သုံးလောကဆုံသောနေရာ၏ အမြင့်တစ်နေရာတွင် စုန့်မုလိန်သည် အချိန်ကြာမြင့်စွာဖြင့် တိတ်ဆိတ်၍နေလေသည်။ ရာသီဥတုမှာလည်း တွန်းအားတစ်ခုအလား မိုးများသည်းထန်လျက်ရှိနေသည်။ လနတ်သမီးသည် အမှောင်သခင်ကို လိုက်ရှာရင်း နောက်ဆုံး ထိုနေရာသို့ ရောက်ရှိလာလေသည်။ အတွေးများစွာက အတွင်းအားဖြင့် ထိန်းချုပ်၍မရ
နိုင်အောင်ပင် အမှောင်သခင်အား ဝါးမြိုနေလေသည်။ မိုးများစိုရွှဲနေသော အမှောင်သခင်ပေါ်သို့ ထီးလေးမိုးပေးလိုက်သောသူကို မော့ကြည့်လိုက်ရင်း လနတ်သမီးကိုတွေ့သဖြင့် ဖြူစင်သောကလေးငယ်ကဲ့သို့ဖြစ်သွားကာ ထီးကိုင်ထားသောလက်ကိုဆွဲလိုက်ပြီး လက်နှစ်ဖက်တို့ဖြင့် လနတ်သမီးခန္ဓာကိုယ်လေးကို တင်းကြပ်စွာဖက်လိုက်လေတော့သည်။ မိုးရည်စက်များနှင့်အတူ မျက်ရည်တို့မှာလည်း ရောထွေးကာ တသွင်သွင်စီးကြလာလေတော့သည်။ အမှောင်သခင်မှာ သူမအား ဆွဲဖက်လိုက်သောကြောင့် ကိုင်ထားသော ထီးမှာ ဘေးသို့လွင့်စင်သွားပြီး နှစ်ဦးသား မိုးရည်များ စိုရွှဲကုန်လေတော့သည်။အချိန်အတော်ကြာ အားပေးနှစ်သိမ့်ကာရှိနေရင်း မိုးသားတို့မှာ တိမ်ကင်းစင်ကာ အပြာနုရောင်သို့ ပြောင်းလာလေသည်။ ထိုအခါမှ အမှောင်သခင်လည်း သတိပြန်ဝင်ကာ လနတ်သမီးအားဖက်ထားသော သူ၏လက်များကို ဖြည်လျော့လိုက်ရင်း လနတ်သမီးအား ကြည့်လိုက်လေသည်။မိုးရည်များစိုရွှဲကာ အချိန်အတော်ကြာ မိမိနှင့်အတူရှိနေပေးသောကြောင့် လနတ်သမီးမျက်နှာမှာ အားမရှိနိုင်အောင် ဖြူလျော့နေသည်ကိုတွေ့လိုက်ရပြီး စိုးရိမ်သွားလေသည်။ ထို့ကြောင့် ယခုနေရာနှင့် အနီးစပ်ဆုံးဖြစ်သော အမှောင်တိုင်းပြည်သို့ခေါ်ကာ အနားယူစေရန် တွေးမိပြီး လနတ်သမီး၏ သရုပ်အမှန်မပေါ်ရန် အမှောင်အရိပ်မန္တန်ကိုရွတ်ကာ အကာအကွယ်အနေဖြင့် ဖုံးထားလိုက်ပြီး သူ၏နန်းဆောင်သို့ ခေါ်ဆောင်သွားလေသည်။
အေးစက်ကာ အမှောင်ထုများက နေရာတိုင်းတွင်ရှိနေသောကြောင့် အတွင်းအားကောင်းမွန်ပြီး အမှောင်သခင်၏ အကာအကွယ်မန္တန်ရှိနေသော လနတ်သမီးပင်အားယုတ်နေစေသော အမှောင်တိုင်းပြည်ကိုကြည့်ရင်းစုန့်မုလိန်၏ ခက်ခဲကြမ်းတမ်းမှုကို တွေးကြည့်စရာပင်မလိုလောက်အောင် စာနာမိနေလေသည်။ ခမ်းနားကြီးကျယ်လှသော အမှောင်သခင်နန်းဆောင်မှာအထီးကျန်ဆန်မှုများကိုလည်း ခံစားရလေသည်။ အမှောင်သခင်စေခိုင်းမှုကြောင့် အစေခံများက ပြင်ဆင်ပေးသည့်အဝတ်အစားကို လနတ်သမီးလည်း လဲဝတ်လိုက်လေသည်။ အမှောင်တိုင်းပြည်အဆောင်အယောင်နှင့်တမူထူးခြားစွာ လှပနေသော လနတ်သမီးကိုကြည့်ရင်းအကြည့်တို့မှာ မခွာနိုင်အောင်ဖြစ်နေလေသည်။ အစေခံများမှာ ယခုကဲ့သို့အလှအပမျိုးကို မမြင်တွေ့ဖူးသဖြင့် ချီးမွန်းစကားများဆိုရင်း အမှောင်သခင်မအရိုက်အရာအတွက် အထူးသင့်တော်ကြောင်း တီးတိုးပြောကြလေသည်။ ထိုအခါမှ အမှောင်သခင်လည်း သတိရသွားကာ လနတ်သမီးအနေခက်မည်စိုးသဖြင့် အားလုံးကို နန်းဆောင်မှထွက်ခွာစေပြီး လနတ်သမီးအား အေးဆေးစွာအနားယူစေရန် နေရာမှထွက်ခွာလာလေသည်။ အမှောင်သခင်ထွက်သွားပြီးသည့်နောက် လနတ်သမီးသည်အတော်အသင့် အနားယူပြီးသည့်နောက်တွင် အမှောင်တိုင်းပြည်၌ အကြာကြီးနေရန် မသင့်တော်သဖြင့် ထွက်ခွာရန်ပြင်ရင်း အခန်းထောင့်၌ရှိသော လေးထောင့်စားပွဲတစ်ခုပေါ်တွင် နှစ်ပိုင်းကျိုးနေသော မဟူရာဓားကိုတွေ့လိုက်ပြီး ပြန်လည်ပြုပြင်ပေးရန် သူမတွင်ရှိသော မဟူရာကျောက်ကို ထုတ်လိုက်လေသည်။ ထို့နောက် အတွင်းအားတို့ကိုစုစည်းကာ မဟူရာကျောက်ကို ဓားသွားနှင့်အတူပေါင်းစပ်စေသည်။ အတိတ်ကြေးမုံပြင်ကြည့်ရာတွင် သုံးရသော အတွင်းအားတစ်ဝက်မှာ မပြည့်ဝသေးသည်ကတစ်ကြောင်း၊ အမှောင်တိုင်းပြည်၌ရှိသောအမှောင်ဓာတ်များ၏လွှမ်းမိုးမှုကြောင့် အတွင်းအားမှာအလုံးစုံသုံးမရဖြစ်နေသည်။ အဆက်မပြတ်အတွင်းအားတို့ဖြင့် မဟူရာကျောက်ကို ဓားသွားနှင့်အတူပေါင်းစပ်ခြင်းမှာ အောင်မြင်သွားကာ ပြီးပြည့်စုံသော ဓားတစ်ချောင်းအဖြစ် အသက်ဝင်လာလေတော့သည်။ ထိုစဉ်အတွင်းအားများစွာဆုံးရှုံးသွားသဖြင့် လနတ်သမီးမှာ သွေးများအန်ထွက်လာပြီး သွေးစက်များမှာ ဓားသွားပေါ်သို့ စင်၍သွားလေသည်။ ရုတ်တရက်ဆိုသလိုပင် မဟူရာဓားမှာ လနတ်သမီး၏ သွေးများကြောင့် မူမမှန်ကာသွေးဆာနေသကဲ့သို့ သက်ဝင်လှုပ်ရှားလာပြီး လနတ်သမီးအား တိုက်ခိုက်လေသည်။ မထင်မှတ်ဘဲ မဟူရာဓား၏ တိုက်ခိုက်လာခြင်းခံရသောကြောင့် လနတ်သမီးသည် လျင်မြန်သောအမြန်နှုန်းဖြင့် ရှောင်တိမ်းလိုက်လေသည်။ သို့ရာတွင် များစွာသောအတွင်းအားဆုံးရှုံးထားသောကြောင့် လနတ်သမီးမှာ မြေပြင်ပေါ်သို့ဟန်ချက်ပြတ်ကာ လဲကျသွားလေသည်။ လဲကျနေသောလနတ်သမီးဆီသို့ မဟူရာဓားသည် အရှိန်ပြင်းစွာဦးတည်၍လာလေသည်။ လနတ်သမီးလည်း တန်ပြန်တိုက်ခိုက်နိုင်စွမ်းတို့မရှိတော့သဖြင့် မျက်လုံးအစုံတို့မှိတ်ကာရှိနေစဉ် လေအလျင်ဖြင့် အမှောင်သခင်ရောက်ရှိလာကာ လဲကျနေသော လနတ်သမီးအား လက်ဖြင့်ပွေ့ချီလိုက်ပြီး သူ၏ရင်ခွင်ထဲသို့ထည့်ရင်း အပေါ်စီးမှအုပ်မိုးပြီး ကျန်လက်တစ်ဖက်ဖြင့် မဟူရာဓားကို ဖမ်းဆုပ်လိုက်လေသည်။ တဆက်တည်းမှာပင် ဓားသွားအား လက်ဖြင့်ဆုပ်ကိုင်လိုက်ပြီးဆွဲချလိုက်ရာ သွေးတို့မှာ စီးကျလာလေသည်။ ထိုအခါမှ မဟူရာဓားလည်း ငြိမ်သွားလေတော့သည်။
လဲလျောင်းနေသော လနတ်သမီးသည် သတိရလာရင်းမျက်လုံးဖွင့်ကြည့်လိုက်ရာ သူမတို့၏ ဝါးလုံးအိမ်လေးဖြစ်နေသောကြောင့် အံ့ဩနေသည်။ အမှောင်တိုင်းပြည်တွင် မဟူရာဓားပြုပြင်နေသည်ကို သူမနောက်ဆုံးမှတ်မိနေသည်။ လှဲနေရာမှ ထရန်ပြင်လိုက်စဉ် သူမ၏လက်အားကိုင်ထားပြီး အိပ်ပျော်နေသော ပတ်တီးဖြင့်ရှိနေသည့် အမှောင်သခင်၏လက်ကိုတွေ့ပြီး သူမအား မဟူရာဓားအန္တရာယ်မှ ကယ်တင်လိုက်ခြင်းကို သတိပြန်ရသွားလေသည်။ လှုပ်ရှားမှုကြောင့် အမှောင်သခင်လည်းနိုးသွားကာ လနတ်သမီးသတိရလာသည်ကိုမြင်ပြီးချက်ချင်းပင်ပွေ့ဖက်လိုက်ကာ မပြောမဆိုဖြင့် မဟူရာဓားအားပြုပြင်ခြင်းအပေါ်ဒေါသထွက်ကြောင်း၊ မဟူရာကျောက်အတွက်ကြောင့် နတ်သက်တမ်းတစ်ဝက်အားအသုံးပြုပြီး အတိတ်ကြေးမုံကြည့်ခဲ့ခြင်းကို နျန့်နျန့်ဆီမှသိရှိပြီးဖြစ်ကြောင်း၊ မဟူရာဓား၏သခင်
သတ်မှတ်ခြင်းမှာ ပြင်းထန်ပြီး အရိုင်းဆန်ခြင်းကြောင့်အချိန်မှီမရောက်လာပါက လနတ်သမီးအားဆုံးရှုံးရတော့ မည့်အကြောင်းကို အလွန်စိုးရိမ်သွားသည်ဟု စေတနာဒေါသစကားတို့ဖြင့်ပြောလေသည်။ သူမအားအပူတပြင်းစိုးရိမ်ကြီးစွာပြောနေသော အမှောင်သခင်၏ နှုတ်ခမ်းတို့ကိုကြည့်ရင်း လနတ်သမီးသည် ရှေ့သို့ခန္ဓာကိုယ်ကိုင်းညွန့်လိုက်ရင်း အနမ်းခြွေလိုက်လေသည်။ အမှောင်သခင်သည် ရုတ်တရက်ဆန်သော လနတ်သမီး၏ အနမ်းကို ရလိုက်သဖြင့် စကားတို့မှာ ရပ်တန့်ကာ ခေတ္တမျှ ကြောင်သွားလေသည်။ ထို့နောက် ထိန်းချုပ်ထားသော လနတ်သမီးအပေါ်အချစ်စိတ်တို့မှာပွင့်အန်ထွက်လာကာ သူ၏လက်နှစ်ဖက်တို့ဖြင့် လနတ်သမီးမျက်နှာလေးကို ကိုင်ကာ အပေါ်နှုတ်ခမ်းဖူးလေးအား နမ်းရှုံ့လိုက်လေတော့သည်။ လနတ်သမီးလည်း အမှောင်သခင်၏ ခန္ဓာကိုယ်အား သိုင်းဖက်လိုက်ရင်း အနမ်းများခြွေကာ တစ်ဦးပေါ်တစ်ဦးထားရှိသောချစ်ခြင်းတရားကို အတည်ပြုလိုက်ကြလေသည်။
Author - May
Editor - Ivis
#လနတ်သမီးနှင့်အမှောင်မိစ္ဆာသခင်
29/01/2025
The Midnight Under The Moon
(လနတ်သမီးနှင့်အမှောင်မိစ္ဆာသခင်)
Chapter 16
လနတ်သမီးသည် သူမအားကယ်တင်ရင်းကျိုးသွားသောအမှောင်သခင်၏မဟူရာဓားပြန်ပြင်ရန်အတွက် လိုအပ်သော မဟူရာကျောက်ကိုရှာရန် တောင်နတ််ဘုရားရှိရာကောင်းကင်ဘုံသို့ ပြန်လာခဲ့လေသည်။ တစ်နှစ်ပတ်လုံးဥတုတစ်ခုတည်းသာရှိကာ တမူထူးခြားစွာ တောင်နှစ်လုံးယှဉ်လျက်တည်ရှိနေပြီး တောင်အဝင်ဝ၌ပင် အေးစက်ပြီး နှင်းများမှာအဆက်မပြတ်ကျနေသော တောင်နတ်ဘုရားနေထိုင်ရာသို့ လနတ်သမီးတို့ ရောက်ရှိလာကြသည်။ နျန့်နျန့်မှာ ထိုအေးစက်လွန်းသောဒဏ်ကို မခံနိုင်ဘဲ လနတ်သမီးနန်းဆောင်သို့ပြန်ကာ အစီအစဉ်အရင်ဆွဲရန် ပြောလေသည်။ လနတ်သမီးမှာ လူ့ပြည်တွင်ဖြစ်ပေါ်နေသော ဒုက္ခဆင်းရဲမှာ အချိန်နှင့်အမျှအရေးကြီးကာသုံးလောကကပ်ဆိုးအပေါ် သက်ရောက်နိုင်သည်ကို ပြောပြပြီးလျှင် သူမတစ်ယောက်တည်းသွားပြီး နျန့်နျန့်အားစောင့်နေခိုင်းလေသည်။ နှင်းများစွာပြည့်ဖုံးနေသောတောင်နံရံကြားမှဝင်ရောက်ကာ လမ်းအဆုံးတွင် တောင်နှစ်လုံးပတ်ပတ်လည်ဝန်းရံထားသကဲ့သို့ရှိနေသော မန္တန်အစီအရင်ပြုလုပ်ထားသည့် စက်ဝိုင်းပုံမြေပြင်ပေါ်တွင် လနတ်သမီးရပ်နေလိုက်မိသည်။ ထိုစဉ် အလင်းတန်းတစ်ခုသူမအားဖြတ်သွားလိုက်ပြီး တောင်နတ်ဘုရားပေါ်လာကာ လနတ်သမီးလာရင်းအကြောင်းကို မေးလေသည်။ လနတ်သမီးသည် မဟူရာကျောက်ကိုလိုအပ်ကြောင်း လိုရင်းကိုပြောကာ တောင်နတ်ဘုရားထံ တောင်းလေသည်။ တောင်နတ်ဘုရားမှာ မဟူရာကျောက်သည် အလွန်ရှားပါးသောကျောက်မျက်ဖြစ်သည့်အားလျော်စွာ ကောင်းကင်နတ်မင်းကြီးမှလွဲ၍ မည်သူ့ကိုမှ ပေးခွင့်မရှိကြောင်းနှင့် ကောင်းကင်မင်းကြီးခွင့်ပြုမှသာလျှင် ပေးနိုင်မည်ဟုပြောကာ ပျောက်ကွယ်သွားလေတော့သည်။ တွေဝေစွာထွက်လာသောလနတ်သမီးအားနျန့်နျန့်တွေ့ပြီး စိုးရိမ်စွာမေးလေသည်။ လနတ်သမီးလည်း ဖြစ်ကြောင်းကုန်စင်ကိုပြောပြရင်း ကောင်းကင်မင်းကြီးခွင့်ပြုချက်ရရန် မည်သို့လုပ်ဆောင်ရမည်ကိုအကြပ်ရိုက်နေလေသည်။ ထိုအခါ နျန့်နျန့်သည် အတိတ်ဖြစ်ရပ်များကိုသေချာသိပါက ကောင်းကင်နတ်မင်းကြီးကို နားချနိုင်မည့်အကြောင်းအရာတစ်ခုခုကိုသိနိုင်ပြီးမဟူရာကျောက်အား ရနိုင်လောက်မည်ဟု အကြံပြုလိုက်သည်။ နျန့်နျန့်ပြောစကားကြားပြီး လနတ်သမီးလည်းအတိတ်ကြေးမုံအား ကြည့်လို့ရနိုင်သည်ကိုတွေးမိပြီး ချက်ချင်းပင်ထွက်လာခဲ့လိုက်ကြလေသည်။
အတိတ်ကြေးမုံပြင်စင်မြင့်ဆီသို့ရောက်သောအခါ လနတ်သမီးသည် စုန့်မုလိန်နှင့်ပတ်သက်သည့်အတိတ်ဖြစ်ရပ်ကိုပြသရန် တောင်းဆိုလိုက်လေသည်။ ထိုအခါကြေးမုံမှန်မျက်နှာပြင်ထက်မှအစောင့်အကြပ်၏အသံထွက်ပေါ် လာကာ အတိတ်ဖြစ်ရပ်ကိုကြည့်ရှုရာတွင် တန်ပြန်ကြေးအဖြစ် ကျင့်ကြံံထားသော အတွင်းအား နှစ်သက်တမ်းတစ်ဝက်ကိုအသုံးပြုမှသာကြည့်နိုင်မည်ဟု ပြောလိုက်လေသည်။ လနတ်သမီးသည် ထိုစကားကိုကြားပြီးလျှင်
အချိန်အတော်ကြာ သေချာစဉ်းစားလိုက်ပြီးနောက် ဆုံးဖြတ်လိုက်ကာ အတွင်းအားများကိုစုစည်းရန်ပြင်လိုက်သည်။ ထိုအရာကို နျန့်နျန့်မြင်ပြီး ထိတ်လန့်ကာအလျင်အမြန်တားလိုက်လေသည်။ ထို့နောက် လနတ်သမီးအား ထိခိုက်ဒဏ်ရာကြောင့်မသက်သာသေးသည့်အပြင်သူစိမ်းအမျိုးသားတစ်ယောက်အတွက်မိမိအတွင်းအားတစ်ဝက်ကိုအသုံးပြုပြီးပေးဆပ်ရန်မလိုကြောင်း စိုးရိမ်တကြီးပြောလေသည်။ သူမ၏ အတွင်းအားစုစည်းနေသော လက်အား တင်းကြပ်စွာဆုပ်ကိုင်ရင်း မျက်ရည်များဖြင့် တားနေသော နျန်နျန့်၏ လက်ကို ဖြေးညင်းစွာဖယ်ရင်း စုန့်မုလိန်မှာ မိမိတို့အားအကြိမ်ကြိမ် အသက်ဘေးမှကယ်ပေးသည့်အပြင် ၎င်းနှင့်ပတ်သက်သော ပဟေဠိဆန်သည့်ဖြစ်ရပ်၏
အမှန်တရားကိုလည်း သိရမည်ဖြစ်သောကြောင့် စိတ်မပူရန် ပြောလိုက်လေသည်။ ထို့နောက် အရှေ့သို့သွားကာသူမ၏အတွင်းအားတစ်ဝက်ကိုစုစည်းပြီး ကြေးမုံမှန်ကိုထိလိုက်ရာ မှန်မျက်နှာပြင်တွင် စက်ဝိုင်းသဏ္ဍာန်အလင်း
စက်ဝန်းဖြစ်ပေါ်လာပြီး ပုံရိပ်များ တဖြည်းဖြည်းပေါ်လာလေတော့သည်။
အတိတ်ကြေးမုံမြင်ကွင်း— (သုန့်ဇယ်မင်းကြီး၏ဦးရီးတော်မင်းလက်ထက်) နန်းတွင်းမိဖုရားခေါင်နန်းဆောင်တွင် မိဖုရားခေါင်ကြီးမီးဖွားနေသောကြောင့် အခြွေအရံများစွာအလုပ်ရှုပ်ရင်း ပြည့်နှက်နေသည်။ ပြည့်ဖြိုးဝင်းပသောခန္ဓာကိုယ်နှင့် သားတော်လေးတစ်ပါးဖွားမြင်လာသဖြင့် မင်းကြီးနှင့် နန်းတွင်းတစ်ခုလုံး ပျော်ရွှင်စွာရှိနေကြသည်။ ထိုအပျော်မှာ တမဟုတ်ချင်းပျောက်၍သွားလေတော့သည်။ အကြောင်းမူကား အမှောင်တိုင်းပြည်မှရင်သွေးကို လာရောက်ခေါ်ဆောင်သောကြောင့် ဖြစ်ပေသည်။ ထိုသို့သောအချက်ကြောင့် မင်းကြီးမှာ အလွန်ပင်အံဩသွားလေသည်။ အဘယ်ကြောင့်ဆိုသော် အမှောင်သခင်ကြီးမှာ မင်းကြီးနှင့် ကောင်းကင်မင်းကြီးတို့ရှေ့မှောက်တွင် ကတိကဝတ်ပြုလုပ်ခဲ့ခြင်းကြောင့်ဖြစ်သည်။ အကြောင်းမှာ အမှောင်သခင်မကြီးအတွက်လိုအပ်သော မဟူရာကျောက်မှာ ကောင်းကင်ဘုံမှမင်းကြီးနှင့် မိဖုရားခေါင်တို့အတွက် မင်္ဂလာလက်ဖွဲ့အဖြစ် ချီးမြှောက်ခဲ့ခြင်းဖြစ်သည်။ ထိုအရာကို မင်းကြီးသည် သူ၏ရင်သွေးမျိုးဆက်အန္တရာယ်ကင်းရန် အမှောင်သခင်ကြီးမှ ကောင်းကင်မင်းကြီးရှေ့မှောက်တွင် လူ့ပြည်အား အနှောင့်အယှက်တစ်စုံတစ်ရာမပေးဘဲနေထိုင်မည်ဟု ကတိပေးခိုင်းကာ မဟူရာကျောက်ကို ပေး ခဲ့ခြင်းဖြစ်သည်။ ထိုအချိန်တစ်ဆက်တည်းမှာပင် မြို့ပြင်ရှိ သာမာန်မိသားစုမှ သားယောင်္ကျားလေးတစ်ယောက် မွေးဖွားလေသည်။ ထူးခြားသည်မှာ ထိုကလေး၏လည်ပင်းတွင် ပန်းပုံစာအမှတ်ပါရှိနေပြီး မွေးကာစကပင် ငိုကြွေးခြင်းမရှိ တည်ငြိမ်လွန်းလှပေသည်။အကြောင်းမှာ ထိုကလေးသည် ရှင်သန်ခြင်းနတ်ဘုရား၏ နတ်သက်တမ်းမြင့်မားရန် လူ့ပြည်၌ သေဘေးဒုက္ခဆင်းရဲကို ခံရမည့်အတွက် မွေးဖွားလာခြင်းဖြစ်ပေသည်။ ထိုအဖြစ်မှန်ကို ကောင်းကင်နတ်မင်းကြီးမှ သိထားခြင်းဖြစ်သောကြောင့် မီးဖွားနေစဉ်အချိန်တွင်ကလေးချင်းလဲလှယ်စေလိုက်လေသည်။
ထိုသို့ ပြုလုပ်ရခြင်းအကြောင်းအရင်းမှာ သုံးလောကကပ်ဆိုးဖြစ်ချိန်ကာလတွင် လေနတ်ဘုရား၏ မိမိကိုယ်ကို စတေးခံကာ အရာအားလုံးကို ချုပ်ငြိမ်းစေခဲ့သော်လည်း အသက်ဝိညာဉ်အပိုင်းအစမှာ အမှောင်တိုင်းပြည်သို့ ကျရောက်ပြီး အမှောင်မိစ္ဆာဓာတ်များ၏ ဝါးမြိုခြင်းခံလိုက်ခြင်းကြောင့် နောင်တစ်ချိန်တွင်အင်အားကြီးမားလာနိုင်သည်ကို ကြိုတင်သိလိုက်သောကြောင့် ရှင်သန်ခြင်းနတ်ဘုရားအား အမှောင်တိုင်းပြည်သို့ရောက်စေကာ တားဆီးနိုင်ရန် ရည်ရွယ်သောကြောင့်ပင်ဖြစ်သည်။ ထို့ကြောင့် လနတ်သမီးအားသူမ၏ဖခင် လေနတ်ဘုရား၏လက်နက်ကို ပေးကာ ပြန်၍ဆက်သွယ်သောနည်းဖြင့် အလင်းအမှောင်စွမ်းအားထွက်ပေါ်လာစေရန် ရည်ရွယ်ခြင်းဖြစ်ပေတော့သည်။ လနတ်သမီးသည် ထိုဖြစ်ရပ်များကို ကြေးမုံမှန်ပြင်တွင်မြင်ပြီးသည့်နောက် ချက်ချင်းပင် ကောင်းကင်နတ်မင်းကြီးအား တွေ့ဆုံရန် ကောင်းကင်နန်းတော်သို့ ထွက်လာခဲ့လိုက်သည်။ ကောင်းကင်နတ်မင်းကြီးသည် လနတ်သမီး အတိတ်ကြေးမုံအား ကြည့်လာခဲ့သည်ကို ကြိုသိရှိနေလေသည်။ လနတ်သမီးနှင့်တွေ့ဆုံသောအခါ နတ်ဘုရားကျင့်စဉ်တို့မည်သည်ပူလောင်သော စိတ်ခံစားချက်များကို ဖယ်ရှားကာတည်ငြိမ်သော စွမ်းအားတို့ အမြစ်တွယ်ပြီး ကျင့်ကြံရသည့်အလျောက် လနတ်သမီး၏ ယခုတွင်ဖြစ်နေသောခံစားချက်တို့ကြောင့် တစ်ချိန်တွင် ကြီးမားသော
အန္တရာယ်ကျရောက်ကာ ဘဝအသစ်မရနိုင်ဘဲ နတ်သက်ပင်ကြွေနိုင်သည်ဟု သတိပေးလေသည်။ ထိုအခါ လနတ်သမီးသည် သူမအား ပေးအပ်သော တာဝန်ကိုအသက်ပင်ပဓာဏမထားဘဲ ကျေပွန်အောင် ထမ်းဆောင်မည်ဖြစ်ပြီး ယခု သူမပြုလုပ်နေသည့်အရာများမှာလည်းထိုအထဲမှတစ်ခုဖြစ်သောကြောင့် ကောင်းကင်နတ်မင်းကြီးခွင့်ပြုပေးပါရန် အရိုအသေပေးကာ တောင်းဆိုလိုက်လေသည်။ ကောင်းကင်မင်းကြီးလည်း မဟူရာကျောက်ရရှိနိုင်ရန် ခွင့်ပြုမိန့်ကို လနတ်သမီးအား ပေးလိုက်လေတော့သည်။ လနတ်သမီးသည် ကောင်းကင်နတ်မင်းကြီးအမိန့်ဖြင့် မဟူရာကျောက်ကို တောင်နတ်ဘုရားဆီမှတောင်းယူလိုက်ပြီးလျှင် စုန့်မုလိန်အားပေးရန် ကောင်းကင်ဘုံမှ ဆင်းလာခဲ့လိုက်သည်။ နှစ်လိုဖွယ်အပြုံးတို့နှင့် ပြည့်နှက်နေသော လနတ်သမီးကို ဖြစ်စဉ်တောက်လျှောက် ဘေးနားတွင်ရှိနေသော အကြောင်းစုံသိမြင်သည့် နျန့်နျန့်သည်ပင် အသက်ပင်မငဲ့ကာ ယခုကဲ့သို့ ကိုယ်ကျိုးစွန့်ကာ ကူညီပေးနေခြင်းကို နားမလည်နိုင်သောမျက်လုံးတို့နှင့်ကြည့်ရင်း အတူလိုက်ပါလာလေတော့သည်။
Author - May
Editor - Ivis
#လနတ်သမီးနှင့်အမှောင်မိစ္ဆာသခင်
Hello Readers လေးတို့ရေ ဒီနေ့အပိုင်းသစ်လေးမတင်ဖြစ်တာသတိထားမိကြလားမသိဘူးနော် ဘာလို့မတင်ပေးဖြစ်တာလဲဆိုတော့ Admin တို့တဖွဲ့လုံးနေမကောင်းဖြစ်နေကြလို့ပါရှင့် နားလည်ပေးဖို့ခွင့်တောင်းပါတယ်နော် ခုတလောလူတော်တော်များများနေမကောင်းဖြစ်နေကြတာမို့လို့ ရေလဲများများသောက်ပီးနွေးနွေးထွေးထွေးနေကြဖို့မမေ့ကြပါနဲ့နော် Readers လေးတို့ရေ ဒါဆိုနောက်အပတ်မှဘဲအပိုင်းသစ်လေးနဲ့အတူပြန်တွေ့ကြမယ်နော် 😚
15/01/2025
The Midnight Under The Moon
(လနတ်သမီးနှင့်အမှောင်မိစ္ဆာသခင်)
Chapter 15
အမှောင်သခင်အားထုရိုက်ရင်းတင်းကြပ်စွာပွေ့ဖက်ခံနေရသောလနတ်သမီး၏ဖြစ်ရပ်ကို အစားအသောက်လာပို့သောနျန့်နျန့်မှာ မြင်ပြီး အကြမ်းဖက်ခံရသည်ဟုအထင်လွဲသွားကာ လနတ်သမီးအားဖက်ထားသော အမှောင်သခင်၏လက်တို့ကို အားဖြင့်ဖယ်လိုက်သဖြင့် အမှောင်သခင်မှာ အိပ်ရာပေါ်သို့ ပြန်လဲကျသွားလေသည်။ နှုတ်မှလည်း လနတ်သမီးမှာ အသက်ပင်ပဓာနမထားဘဲ ကယ်ပေးသည့်ကျေးဇူးအား ယခုကဲ့သို့တုံ့ပြန်ရကြောင်းပြောလိုက်လေသည်။ ထိုသို့သောစကားပြောနေစဉ် လနတ်သမီးမှာ နျန့်နျန့်အား ဆက်၍မပြောရန်တားလိုက်ပြီး အမှောင်သခင်အား ပြန်လည်ကျန်းမာရန်ကိုသာဦးစားပေးရန်ပြောပြီး နှုတ်ဆက်ကာ အခန်းထဲမှထွက်လာခဲ့လိုက်သည်။ နျန့်နျန့်သည် အမှောင်သခင်အား မကျေနပ်သောအကြည့်တို့ဖြင့်ကြည့်ပြီး လနတ်သမီးအနောက်သို့ ပြေး၍လိုက်သွားလေသည်။ နျန့်နျန့်ပြောသွားသောစကားကို အမှောင်သခင်မှာ နားမလည်ဘဲရှိနေပြီး ကြီးမားသောအမှောင်စွမ်းအားဒဏ်ခံနေရသောသူ၏ခန္ဓာကိုယ်မှာ အတွင်းအားအားနည်းနေခြင်းမှလွဲပြီး တစ်စုံတစ်ရာမှမခံစားရသောကြောင့် ထူးဆန်းနေသည်။ ထိုစဉ် အခန်းထဲသို့ အထိန်းတော်ကြီးဝင်ရောက်လာပြီး အမှောင်သခင်အတွက် အတွင်းအားပြန်လည်ညှိဆေးဖော်ကာ လာရောက်ပေးလေသည်။ သမားတော်ပုံစံမပြောင်းဘဲ မူလသရုပ်မှန်အတိုင်းဝင်လာသော အထိန်းတော်ကြီးအားကြည့်ရင်း အမှောင်သခင်မှာ အရာအားလုံးကိုနားမလည်နိုင်ဘဲ ရှုပ်ထွေးနေလေတော့သည်။ အထိန်းတော်ကြီးမှာ သူမယူလာသောဆေးကိုသောက်စေပြီး အမှောင်သခင်မေ့မြောနေသည်မှာ (၁)ပတ်ကျော်ခန့်ကြာခဲ့ပြီး အဖြစ်မှန်များစွာကိုလည်း လနတ်သမီးမှာ သိရှိသွားပြီဖြစ်သည်ဟုပြောကာ စကားအစချီလိုက်လေသည်။
လွန်ခဲ့သော(၁)ပတ်ခန့်– အမှောင်သခင် လနတ်သမီးအားကယ်တင်ပြီး လဲကျသွားပြီးနောက် သူမတို့နေထိုင်ရာ သမားတော်ကြီး(အထိန်းတော်ကြီး)အိမ်သို့ ခေါ်ဆောင်လာခဲ့ကြလေသည်။ ထိုစဉ် သမားတော်ပုံစံပြောင်း
နေသော အထိန်းတော်ကြီး၏သရုပ်မှန်အတိုင်းတွေ့သွားကြပြီး လနတ်သမီးနှင့်နျန့်နျန့်တို့မှာ လန့်သွားကြလေသည်။ နျန့်နျန့်မှာ သူမဆောင်ထားသောဓားမြှောင်အားထုတ်ကာ အထိန်းတော်ကြီးလည်ပင်းသို့ထောက်လိုက်ပြီး အမှန်အတိုင်းဝန်ခံရန် ပြောလေသည်။ အထိန်းတော်ကြီးမှာ သူမသည်မကောင်းတဲ့စိတ်မရှိကြောင်းဖြစ်ကြောင်းကုန်စင်ပြောပြရန်ပြင်နေစဉ် မေ့မြောနေသောအမှောင်သခင်မှာ မည်းနက်သောမျက်လုံးအစုံတို့နှင့်အတူ အေးစက်စွာနိုးထလာပြီး ဘေးနားရှိလနတ်သမီးအား အန္တရာယ်ပြုလေသည်။ လနတ်သမီးမှာ မူမမှန်သောအမှောင်သခင်၏ပုံစံ
ကိုသတိထားမိပြီး စည်းချပ်ဂါထာရွတ်ကာ အမှောင်သခင်အား မန္တန်စက်ဝန်းဖြင့် ချုပ်ထားလိုက်လေသည်။ အမှောင်သခင်၏ယင်ယန်ဓာတ်များမှာ မျှတစွာကျင့်ကြံထားသည့်အားလျော်စွာ အမှောင်စွမ်းအားတို့သည် တစ်သားတည်းပေါင်းစည်းပြီး အမှောင်သခင်၏ဝိညာဉ်အား ဝါးမြိုနေကြလေသည်။ လနတ်သမီးမှာ ထိုဖြစ်စဉ်ကိုမြင်ပြီး အမှောင်သခင်ကို အမှောင်တိုင်းပြည်မှလူဖြစ်မှန်းသိသွားကာ အထိန်းတော်ကြီးအား အမှန်တိုင်းပြောရန် မေးလိုက်သည်။ အထိန်းတော်ကြီးလည်း အားမုမှာ အမှောင်သခင်စုန့်မုလိန်ဖြစ်ကြောင်း ပြောပြလိုက်လေသည်။ လနတ်သမီးနှင့်နျန့်နျန့်မှာ ထိုစကားကိုကြားပြီးသူမတို့ဖြေရှင်းနှိမ်နင်းရမည့် အမှောင်တိုင်းပြည်သခင်မှာ တစ်လျှောက်လုံးတွင် သူမတို့အနားတွင်ရှိနေသည့်အဖြစ်ကိုတွေးမိသွားကာ လန့်သွားကြလေသည်။
လန့်ပြီးတွေဝေနေသောလနတ်သမီးအား နျန့်နျန့်မှာ ယခုအချိန်သည် သူမတို့၏ကောင်းကင်နတ်မင်းကြီးပေးထားသောတာဝန်ကိုလုပ်ဆောင်ရန် အကောင်းဆုံးအခြေအနေဖြစ်သောကြောင့် အမှောင်သခင်အား အမြန်ဖမ်းဆီး
ရန် တိုက်တွန်းလိုက်လေသည်။ လနတ်သမီးလည်း မိစ္ဆာဖမ်းမျှော်စင်ကို စွမ်းအားဖြင့်ထုတ်ကာ အမှောင်သခင်အား စိုက်ကြည့်နေမိသည်။ အားမုမှာ ဆုံခဲ့ရသည့်ကာလတစ်လျှောက် သူမတို့အား အကြိမ်ကြိမ်ကယ်တင်ပေးသည်ကိုမြင်ယောင်ပြီး သူမသတင်းကြားထားသကဲ့သို့ သုံးလောကကိုဒုက္ခပေးနေသည့် အမှောင်သခင်ဖြစ်နေသည်ကို မယုံနိုင်ကာ တွေဝေလျက်ရှိနေသည်။ အမှောင်သခင်အား အသက်နှုတ်ယူရန်ပြင်နေသော လနတ်သမီးတို့အား အထိန်းတော်ကြီးမှ ဒူးထောက်ကာဦးညွတ်ရင်း အသက်ချမ်းသာခွင့်ပေးရန်တောင်းပန်ပြီး အမှောင်သခင်၏ ဖြစ်ရပ်မှန်အကြောင်းစုံကို ပြောပြလိုက်လေသည််။ ဖြစ်ကြောင်းကုန်စင်နားထောင်ရသည့်ညတာမှာ ခရီးရှည်ကြာဖြတ်ခဲ့ရသကဲ့သို့ပင် သန်းခေါင်ယံအချိန်သို့ ရောက်ရှိလာခဲ့လေသည်။ အမှောင်သခင်၏ ဖြစ်ကြောင်းကုန်စင်ကိုကြားသိရပြီးနောက် လနတ်သမီးသည် အခြေအနေကိုပြန်လည်သုံးသပ်ပြီးလျှင် သူမတို့အန္တရာယ်ကြုံတွေ့တိုင်းကယ်တင်ပေးသည့်သူမှာ အမှောင်သခင်ဖြစ်ပြီး အလင်းအမှောင်စွမ်းအားသည် အမှောင်သခင်အားတိုက်ခိုက်ခြင်းကိုမြင်ယောင်ကာ အရာအားလုံးမှာ အမှောင်သခင်နှင့်ဆက်စပ်နေသော်လည်း နောက်ကွယ်မှချုပ်ကိုင်နေမည့် အင်အားကြီးမားသောတစ်စုံတစ်ရာရှိနေမည်ဟု စဉ်းစားမိလေသည်။ ကောင်းကင်ယံမှ တိမ်ကင်းစင်ကာသာနေသောလမှာ ရုတ်တရက်ဆိုသလိုပင် တိမ်မည်းတို့ဖုံးလွှမ်းသွားပြီး ကောင်းကင်တစ်ခုလုံးမှောင်မိုက်သွားလေသည်။ ထိုစဉ် မန္တန်အစည်းအဝိုင်းထဲရှိအမှောင်သခင်မှာ ထိန်းချုပ်မှုကင်းမဲ့သကဲ့သို့ပြင်းထန်လာပြီး စည်းချပ်ဂါထာအား ချိုးဖျက်လိုက်လေသည်။ လနတ်သမီးသည်သူမ၏အတွင်းအားဖြင့် အမှောင်သခင်အားကုသပေးခဲ့သည်ကိုသတိရပြီး အလျင်အမြန်ဆိုသလိုပင် အမှောင်သခင်အား စိတ်ကိုထိန်းချုပ်နိုင်ပြီး အသိစိတ်ဝင်ရန်အတွက် သန့်စင်သောကျင့်စင်ဖြင့် အတွင်းအားကိုပေးလေသည်။ ခဏအတွင်းမှာပင် အမှောင်သခင်
၏ခန္ဓာကိုယ်မှာ တည်ငြိမ်သွားပြီး ရုတ်တရက်ဆိုသလို လနတ်သမီး၏အတွင်းအားကို ပြင်းထန်စွာစုပ်ယူလိုက်သဖြင့် လနတ်သမီး၏ခန္ဓာကိုယ်မှာ အမှောင်သခင်ဆီသို့ အားဖြင့်ဆွဲခေါ်ခံရသကဲ့သို့နီးကပ်သွားကာ နှုတ်ခမ်းခြင်းဖိပြီးနမ်းမိသွားလေတော့သည်။ နူးညံ့သောနှုတ်ခမ်းသားနှစ်ခုတို့ထိစပ်မှုကြောင့် လနတ်သမီးမှာ စိတ်လှုပ်ရှားသွားပြီး စွမ်းအားများပွင့်ထွက်လာကာ အလင်းဓာတ်များမှာ အမှောင်သခင်အား ဖုံးလွှမ်းသွားလေတော့သည်။ ထိုအခါမှ အမှောင်သခင်လည်း ပြန်လည်တည်ငြိမ်သွားပြီး သတိမေ့ကာ လဲကျသွားလေတော့သည်။ ဆက်လက်ပြီး လနတ်သမီးမှာ ဝိညာဉ်သွေးကြောမှ အတွင်းအားများအားလုံးကိုစုစည်းကာ အမှောင်သခင်အား ထိန်းချုပ်ရန်ကြိုးစားနေသော အမှောင်ဓာတ်များကို ဖယ်ရှားလိုက်လေသည်။ ထိုသို့သောအပြုအမူကို နျန့်နျန့်မှာတားရန်ကြိုးစားသော်လည်း မမှီလိုက်ဘဲရှိကာ လနတ်သမီးမှာ ပြင်းထန်စွာဒဏ်ရာရပြီး သွေးများအန်ကာ လဲကျသွားလေသည်။ နျန့်နျန့်မှာ လနတ်သမီး၏နတ်သက်တမ်းတစ်လျှောက် ကျင့်ကြံလာသောအတွင်းအားတစ်ဝက်ကို သူမတို့၏ရန်သူအပေါ်သုံးပေးလိုက်ခြင်းကို နားမလည်အောင်ဖြစ်ပြီး ငိုကြွေးကာ ပြောလိုက်လေသည်။ အထိန်းတော်ကြီးမှာ လနတ်သမီးအား ဦးချအရိုအသေပေးလိုက်ပြီး သူမအားယုံကြည်ကာ အမှောင်သခင်ကို ကယ်တင်ပေးလိုက်ခြင်းအတွက် ကျေးဇူးတင်ရှိကြောင်းပြောကာ တွဲထူလိုက်ပြီး နျန့်နျန့်နှင့်အတူ အခန်းသို့လိုက်ပို့ကာအနားယူစေသည်။ အထိန်းတော်ကြီးပြောပြသောအကြောင်းအရာကိုနားထောင်ပြီးနောက် အမှောင်သခင်သည် လနတ်သမီးအပေါ်တွင် အပြစ်ရှိစိတ်နှင့်အတူ ကြီးမားသောအသက်တစ်ချောင်းမှာလည်း ကျေးဇူးအကြွေးတင်သွားသဖြင့် လနတ်သမီးအပေါ်ထားသော သူ၏ခံစားချက်မှာ ပိုမိုလေးနက်လာခဲ့လေသည်။
နေရောင်တို့တဖြည်းဖြည်းတက်လာသောနံနက်ခင်းတစ်ခုတွင် မြို့ထဲသို့သွားရာလမ်းနှင့် ရွာငယ်တို့ကြားရှိ စီးဆင်းနေသောချောင်းငယ်ကိုဖြတ်ကာ တည်ရှိနေသောတံတားလေးပေါ်တွင် ရပ်နေသော လနတ်သမီးအနားသို့ အမှောင်သခင်ရောက်ရှိလာလေသည်။ လနတ်သမီးမှာ သူ၏အသက်သခင်ကျေးဇူးရှင်ဖြစ်သည့်အတွက် မည်သို့သောအခြေအနေမှာမဆို လနတ်သမီးအတွက် အသင့်ရှိနေမည်ဟု သစ္စာဆိုကာ ကတိပေးလိုက်လေသည်။ လနတ်သမီးမှာ အမှောင်သခင်အား အဓိပ္ပါယ်များစွာပါသောအကြည့်တို့ဖြင့်ကြည့်လိုက်ရာ နှစ်ဦးသားအကြည့်ချင်းစုံရင်း အချင်းချင်း၏စိတ်ခံစားချက်ကို ထိုးဖောက်သိမြင်ရလောက်အောင် အတော်ကြာစိုက်ကြည့်နေမိကြသည်။ လေပြေညင်းတို့တိုက်ခတ်သံ၊ ချောင်းထဲမှရေစီးဆင်းသံ၊ ကျေးငှက်များအသံတို့မှအပပတ်ဝန်းကျင်မှာ တည်ငြိမ်နေသည်။ စူးစိုက်ကြည့်နေမိသောအကြည့်တို့မှဖယ်သွေရင်း လနတ်သမီးမှာ အမှောင်သခင်၏သရုပ်မှန်ကိုသိရှိပြီးဖြစ်သည့်အလျောက် သူမ၏တာဝန်ကို ပြီးဆုံးအောင်ထမ်းဆောင်ရမည်ဖြစ်သည်ကို ပြောလေသည်။ အမှောင်သခင်သည် သူ၏ဘဝအမှန်ကိုသိပြီးသော်ငြား သုံးလောကအရှုပ်တော်ပုံထပ်မဖြစ်စေရန် အလင်းအမှောင်၏ဇာစ်မြစ်ကိုဖော်ထုတ်ပေးသွားမည်ဟု ပြောလေသည်။ တစ်ဆက်တည်းမှာပင် လနတ်သမီးအား နေရာတစ်ခုသို့ခေါ်သွားချင်ကြောင်းပြောကာ နှစ်ဦးသားထွက်လာကြလေသည်။ သုံးလောကကြားတောင်ခြေရင်းရှိ အရွက်ကလေးများပိုမိုထွက်လာနေသော တတိုင်းမွှေး(ယွိလန်)ပန်းပင်ဆီသို့ ရောက်ရှိလာကြသည်။ လနတ်သမီးမှာသုံးလောကကြားဖြစ်သည့်အလျောက် မြေမညီညာမှုနှင့်အမျိုးမျိုးသောအကြောင်းအရာတို့ကြောင့် မည်သို့သောအပင်မှမရှင်သန်နိုင်သည်ကိုသိထားပြီး ယခုကဲ့သို့ ကြီးမားပြီး သန်မာသောအပင်ကိုတွေ့လိုက်ရသောကြောင့် အံ့ဩနေလေသည်။ အမှောင်သခင်သည် ထိုအပင်မှာ သူနှင့်မိခင်အား ဆက်နွယ်စေသောအကြောင်းကို ပြောပြလိုက်လေသည်။ သွေးသားအရင်းမဟုတ်သော်ငြားသား သွေးသားအရင်းပမာချစ်မြတ်နိုးပေးသောမိခင်အား လနတ်သမီးနှင့်မိတ်ဆက်ပေးချင်သောကြောင့် ခေါ်ဆောင်လာရခြင်းဖြစ်သည်ဟုပြောလိုက်လေသည်။ ထိုစကားကိုကြားပြီး လနတ်သမီးမှာရှက်၍သွားလေသည်။ ထိုစဉ် အကိုင်းအခက်တစ်ခုရှိ သစ်ရွက်များကြားမှ ပန်းပွင့်ရန်အစပျိုးနေသော အဖူးလေးမှာ လှပစွာထွက်ပေါ်၍လာလေတော့သည်။
Author - May
Editor - Ivis
#လနတ်သမီးနှင့်အမှောင်မိစ္ဆာသခင်
08/01/2025
The Midnight Under The Moon
(လနတ်သမီးနှင့်အမှောင်မိစ္ဆာသခင်)
Chapter 14
အငွေ့တထောင်းထောင်းထနေသောကောက်ညှင်းဆန်အိုးကြီးထဲမှ လက်တဆုပ်စာ ကောက်ညှင်းလေးများကို
ဝါးရွက်လေးပေါ်သို့တင်လိုက်ပြီး ကောက်ညှင်းလုံးလေးကိုအလယ်ပုံစံခွက်လုပ်ကာ အသား၊ ပဲ၊ ကြက်ဥ အစရှိ
သောအဆာပလာတို့ကိုထည့်ထားသော သုံးမြှောင့်ပုံသဏ္ဍာန်အထုတ်လေးအများအပြားကို အိမ်တိုင်း ဆိုင်တိုင်းတွင် ပြုလုပ်နေကြသည်။ ယွမ်သုတိုင်းပြည်၏ အရှေ့မှအနောက်သို့ မြို့ကိုဖြတ်၍စီးဆင်းနေသောမြစ်တစ်လျှောက်တွင်လည်း နဂါးရုပ်ပုံလှေများဖြင့် ပြည့်နှက်နေသည်။ အကြောင်းမှာ နွေဦးကာလတွင်ကျရောက်မြဲဖြစ်သော နဂါးလှေပွဲတော်ကျင်းပရန်အတွက် ပြင်ဆင်နေကြခြင်းဖြစ်သည်။ နဂါးလှေပွဲတော်မှာ နတ်ဆိုးများနှင့်ကပ်ရောဂါဘေးဆိုးတို့ကိုနှိမ်နင်းရန် ဓလေ့ထုံးတမ်းများနှင့်ဆက်စပ်သည်ဟုယုံကြည်ကြပြီး နှစ်စဉ်နှစ်တိုင်း တစ်တိုင်းပြည်လုံးဆင်နွှဲကြခြင်းဖြစ်သည်။ နွေဦးလေတို့တိုက်ခတ်မှုနှင့်အတူ မြစ်တစ်လျှောက် မီးပုံးများအပြည့်ထွန်းထားသော လှေများနှင့်အတူ ယွမ်သုတိုင်းပြည်၏ညရှုခင်းမှာ ရင်သပ်ရှုမောဖွယ်လှပနေသည်။ မြို့ထဲတွင်လည်း ပွဲကျင်းပဆင်နွှဲနေသူများဖြင့် စည်ကားလျက်ရှိနေသည်။ လနတ်သမီးနှင့်နျန့်နျန့်တို့မှာလည်း ပွဲတော်အတွင်းလှည့်လည်ကြည့်ရှုနေကြသည်။ ထိုစဉ် ထူးဆန်းစွာပင် သူမတို့နောက်ယောင်ခံလိုက်ခြင်းခံရသကဲ့သို့ ခံစားရကာ မျက်ခြေဖျက်ပြီးအခြေအနေစောင့်ဖမ်းရာတွင် တပ်မှူးနှင့်သူ၏နောက်လိုက်များဖြစ်နေသည်ကိုတွေ့လိုက်ရသည်။ နျန့်နျန့်မှာ တပ်မှူးအား စိတ်ဆိုးဟန်ဖြင့် အကြောင်းအရင်းအားမေးလိုက်လေသည်။ တပ်မှူးမှာ မြို့ကိုလှည့်ပတ်စစ်ဆေးရင်း နျန့်နျန့်တို့အားတွေ့ကာအန္တရာယ်တစ်စုံတစ်ရာကြုံလာမည်စိုးရိမ်သောကြောင့် ယခုကဲ့သို့ပြုလုပ်ရကြောင်း ရှင်းပြလိုက်သည်။ ထိုအခါ လနတ်သမီးလည်း ကျေးဇူးတင်ကြောင်းပြောပြီး သူမတို့အတွက်မစိုးရိမ်ပဲ မိမိလုပ်ဆောင်ရမည့်အလုပ်ကိုသာလုပ်ရန်ပြောလိုက်သည်။ တပ်မှူးမှာ နျန့်နျန့်အား
တစ်ချက်ကြည့်လိုက်ပြီး လနတ်သမီးတို့နှင့်အတူလိုက်ပါပြီး ပွဲတော်အတူဆင်နွှဲချင်ကြောင်း ခွင့်တောင်းလေသည်။ လနတ်သမီးလည်းတချက်ပြုံးလိုက်ကာသဘောတူကြောင်းပြောပြီး နျန့်နျန့်ကိုလည်းမေးလိုက်လေသည်။ နျန့်နျန့်လည်းရှက်သွားပြီး အနီးရှိ မီးပုံးရောင်းသောဆိုင်သို့ ရှောင်ထွက်သွားလေသည်။ တပ်မှူးလည်း သူ၏နောက်လိုက်များအား မြို့အားဆက်လက်စစ်ဆေးစေပြီး သူသည် နျန့်နျန့်အနောက်သို့လိုက်သွားလေသည်။
ထိုအဖြစ်အပျက်ကိုကြည့်ပြီး လနတ်သမီးမှာ သဘောကျစွာပြုံးလျက် အနောက်မှလိုက်ရန်ပြင်နေစဥ် သူမ၏အနားသို့ လူတစ်ယောက်နီးကပ်စွာချဉ်းကပ်လာလေသည်။ အနက်ရောင်ချည်ထိုးဖြင့်အနားသတ်ပုံဖော်
ထားသောအဖြူရောင်ဝတ်ရုံနှင့်အတူ ဆံပင်တို့ကို မထုံးဖွဲ့ထားပဲ ပေါ့ပါးစွာ သာမာန်အတိုင်းချထားသော အမှောင်သခင်မှာ တမူထူးခြားစွာချောမောနေသည်။ လနတ်သမီးလည်း အမှောင်သခင်၏ပုံစံအား အံ့ဩစွာ ခေတ္တခဏငေးကြည့်မိသွားသည်။ ထို့နောက် အသိပြန်ဝင်လာပြီးဒဏ်ရာဖြင့်ပျောက်သွားရခြင်းအကြောင်းအရင်းကို မေးလိုက်လေသည်။ ဒဏ်ရာအတွက် အနားယူရန်နှင့် ကျိုးသွားသောဓားအားပြင်ရန်အတွက်ဖြစ်ကြောင်းပြောပြ
လိုက်သောအခါ လနတ်သမီးလည်း အမှောင်သခင်၏ မဟူရာဓားအကြောင်းကိုတွေးမိသွားသည်။ တောင်နတ်ဘုရားစောင့်ကြပ်သော အရှေ့တောင်ဘက်ရှိတောင်မှ မဟူရာကျောက်နှင့်လုပ်ထားသောဓားဖြစ်သဖြင့် အမှောင်သခင်၏သရုပ်မှန်ကို သိချင်စိတ်ပိုဖြစ်လာခဲ့သည်။ ထို့ကြောင့် ထိုဓားကိုမည်သည့်နေရာမှရသည်ကိုမေးလိုက်သောအခါ အမှောင်သခင်လည်း သူ၏မိခင်မသေဆုံးခင် ပြုလုပ်ကာပေးသွားခြင်းဖြစ်ကြောင်းပြောကာ စကားစဖြတ်ပြီး မီးပုံးများရောင်းသောဆိုင်ရှေ့အရောက်တွင် ပန်းပွင့်ပုံဆေးခြယ်ထားသော လေးထောင့်ပုံစံ မီးပုံးလေးတစ်ခုကို လနတ်သမီးအားပေးရန် ဝယ်လိုက်လေသည်။ ဆိုင်ပိုင်ရှင်မှ မီးပုံးတွင် စာရေးသားပြီးလက်ဆောင်ပေးခြင်းမှာ ချစ်သူစုံတွဲတို့အတွက် လက်တွဲမပျက်ဘဲ အစဉ်အမြဲအတူရှိနေနိုင်သည်ဟုပြောပြီး စုတ်တံလေးအားပေးလိုက်လေသည်။ လနတ်သမီးလည်း ရှက်သွားပြီး အရှေ့ဘက်သို့ ဆက်လျှောက်သွားလေသည်။ အမှောင်သခင်လည်း လနတ်သမီး၏ရှက်သွားသောအမူအရာလေးကို သဘောကျနှစ်သက်သွားပြီး ပြုံးရင်း စုတ်တံဖြင့် မီးပုံးလေးတွင်ချရေးလိုက်သည်။ နျန့်နျန့်တို့၏အနောက်သို့ ဆက်၍လိုက်ရန် လိုက်ရှာနေသော လနတ်သမီးနှင့် ဘေးချင်းယှဉ်လျက်လိုက်ကာ မီးပုံးလေးအား ပေးလိုက်လေသည်။ လနတ်သမီးလည်း
မီးပုံးလေးအားယူလိုက်ပြီးကြည့်လိုက်ရာ အလှဆင်ထားသောပန်းပွင့်လေးများ၏ဘေးတွင် (緣分)-ယွမ်(န်)ဖန့်ဟုရေးထားသည်ကိုတွေ့လိုက်ရသဖြင့် ပါးနှစ်ဖက်တို့မှာ ညအမှောင်မီးရောင်အောက်တွင် အထင်းသားမြင်ရအောင်ပင် ရဲတက်လာလေသည်။ "ကံကြမ္မာသည် ချစ်သူနှစ်ဦးအား တွေ့ဆုံပေါင်းစည်းစေရန် အစိတ်အပိုင်းတစ်ခုဖြစ်သည်" ဆိုသည့်အဓိပ္ပါယ်မှာ သူတို့နှစ်ဦးသားအတွက်သီးသန့်ဖြစ်ပေါ်လာသကဲ့သို့ပင် ထပ်တူကျလွန်းသည်ကိုကိုယ်စီတွေးမိကြပြီး သဘောကျရင်း အကြည့်ချင်းဆုံမိကြလေသည်။ ထိုစဉ် မြို့မျှော်စင်မှ မီးရှူးမီးပန်းတို့ဖောက်ကာ လှပသောမီးပွားလေးများထွက်လာသဖြင့် ကောင်းကင်ယံရှိမီးပန်းလေးများကို ကြည့်နေလိုက်ကြသည်။ မီးပန်းများကြည့်ရှုနေစဉ် အနောက်ဖက်မှ
ခေါ်သံကြားသဖြင့် လှည့်ကြည့်လိုက်ရာ ယုန်ပုံစံမီးပုံးလေးကိုကိုင်ပြီး သူမတို့ဆီလာနေသော နျန့်နျန့်နှင့် တပ်မှူး
တို့ကို တွေ့လိုက်ရလေသည်။ လနတ်သမီးမှာ နျန့်နျန့်ကိုတွေ့ပြီဖြစ်ပြီး အချိန်လင့်နေပြီဖြစ်သောကြောင့် နှုတ်ဆက်ကာ နေအိမ်သို့ပြန်ရန် ထွက်လာခဲ့လေသည်။ ချောင်းသို့ဖြတ်သောတံတားအနီးသို့အရောက်တွင် လနတ်သမီးဆီသို့ ဝိညာဉ်နှုတ်ယူနိုင်စွမ်းရှိသော အမှောင်စွမ်းအားတစ်ခုမှ အလစ်ဝင်တိုက်လေသည်။ ထိုစွမ်းအားကိုရိပ်မိသော လနတ်သမီးလည်း နျန့်နျန့်ကို သူမနှင့်အတူဆွဲကာ လေအလျင်ကဲ့သို့ ရှောင်တိမ်းလိုက်လေသည်။ ရုတ်တရက်ဆိုသလိုပင် ထိုအမှောင်စွမ်းအားကြီးမှာ အပိုင်းများစွာခွဲထွက်သွားပြီး သူမတို့နှစ်ဦးအားတပြိုင်နက်တိုက်ခိုက်လေတော့သည်။ လနတ်သမီးနှင့်နျန့်နျန့်တို့လည်း အသီးသီးပြန်လည်ခုခံတိုက်ခိုက်နေကြရာ နျန့်နျန့်မှာ သူမဆီသို့ဦးတည်တိုက်ခိုက်လာသော အမှောင်စွမ်းအားကို ခုခံနိုင်စွမ်းအားနည်းလာသည်ကိုမြင်ပြီး လနတ်သမီးမှာ နျန့်နျန့်အရှေ့မှနေ၍ ကာပေးလိုက်ရာလနတ်သမီး၏ခန္ဓာကိုယ်တစ်ခုလုံးကို အမှောင်စွမ်းအားများဝါးမြိုသကဲ့သို့ဖြစ်မည့်အချိန်တွင် အမှောင်သခင်ရောက်ရှိလာကာ လနတ်သမီးအားဖက်၍ သူ၏ခန္ဓာကိုယ်ဖြင့်အုပ်မိုးပြီး ကာကွယ်ပေးလိုက်သည်။ ထို့နောက်သူ၏အမှောင်စွမ်းအားဖြင့် ထိုစွမ်းအားကိုချေဖျက်ကာ ပျက်စီးသွားစေသည်။ ဝိညာဉ်ဖျက်အမှောင်စွမ်းအားမှာ အတွင်းအားမြင့်မားသူများသာကျင့်ကြံနိုင်သောစွမ်း အားဖြစ်သည့်အပြင် အလင်းအမှောင်စွမ်းအားကြောင့်ရခဲ့သည်ဒဏ်ရာများကြောင့် အမှောင်သခင်၏အတွင်းအားများမှာ မတည်ငြိမ်ဘဲရှိနေသေးရာ ယခုအခါ လနတ်သမီးအား ကာကွယ်ပေးလိုက်သဖြင့် ပြင်းထန်စွာသွေးများအန်ရင်း လနတ်သမီး၏လက်ပေါ်တွင်အရုပ်ကြိုးပြတ်သကဲ့သို့ လဲကျသွားလေတော့သည်။
ရက်သတ္တပတ်အတော်အတန်ကြာတွင် အမှောင်သခင်သည် သတိမေ့မြောနေရာမှ နိုးလာပြီး မျက်လုံးကိုဖွင့်လိုက်ရာတွင် နေ့အလင်းရောင်တို့နှင့် အတော်အတန်ကြာမထိတွေ့ရဘဲရှိခဲ့သောကြောင့် အလင်းရောင်၏စူးရှမှုကို အားတင်း၍ ဖွင့်ကြည့်လိုက်ရာ သူ၏ရင်ဘက်ပေါ်မှလက်အားစုပ်ကိုင်ရင်း အိပ်ပျော်နေသောလနတ်သမီးအားအနီးကပ်မြင်လိုက်ရလေသည်။ နက်မှောင်ကော့စင်းနေသော မျက်တောင်လေးများကြားမှ နှာတံလေးတစ်လျှောက်လုံး အကြည့်များတဖြည်းဖြည်းချင်းဆင်းသွားပြီး အဆုံးရှိ ပန်းနုရောင်သန်းနေသော နှုတ်ခမ်းဖူးဖူးလေးကိုစိုက်ကြည့်ရင်း အမှောင်သခင်၏ရင်ခုန်နှုန်းများမြန်၍လာလေသည်။ တဖြည်းဖြည်းပြင်းထန်လာသောရင်ခုန်သံမှာ ရင်ဘတ်အပြင်ဘက်ကြွက်သားများဆီသို့ရောက်ရှိသွားပြီး အဆက်မပြတ်လှုပ်ရှားနေသဖြင့် အမှောင်သခင်လက်အားစုပ်ကိုင်ထားသော လနတ်သမီးလက်ပေါ်သို့သက်ရောက်သွားပြီး လနတ်သမီးလည်း နိုးလာခဲ့သည်။ သူမနှုတ်ခမ်းလေးအား စူးစိုက်ကြည့်နေသော အမှောင်သခင်နှင့် အကြည့်ဆုံသွားကာ အသိဝင်လာပြီး အမှောင်သခင်အား စိုးရိမ်စွာဖြင့် သက်သာကြောင်းမေးလေသည်။ အမှောင်သခင်သည် လဲလျောင်းနေရာမှထလိုက်ပြီး မိမိမှာအဆင်ပြေကြောင်းနှင့် လနတ်သမီးအား တစ်စုံတစ်ရာထိခိုက်မှုရှိမရှိကိုမေးလိုက်ရာ လနတ်သမီး၏မျက်ဝန်းအစုံတို့မှာ မျက်ရည်များဝဲလာပြီး အမှောင်သခင်အား အားမပါသောလက်တို့ဖြင့် အဆက်မပြတ် ထုရိုက်လေသည်။ အမှောင်သခင်လည်း လနတ်သမီး၏ ထိုအမူအရာအားမြင်ပြီး ချစ်စိတ်တို့ပိုပြင်းပြလာကာ သူ့အားထုရိုက်နေသော သူမ၏လက်နှစ်ဖက်အားချုပ်လိုက်ပြီးလျှင် ခန္ဓာကိုယ်အားဆွဲလိုက်ပြီး တင်းကျပ်စွာဖက်ထားလိုက်လေတော့သည်။
Author - May
Editor - Ivis
#လနတ်သမီးနှင့်အမှောင်မိစ္ဆာသခင်
01/01/2025
The Midnight Under The Moon
(လနတ်သမီးနှင့်အမှောင်မိစ္ဆာသခင်)
Chapter 13
ဝါးကုတင်ထပ်ကခန္ဓာကိုယ်တစ်ခုလုံးအေးစက်ကာတောင့်ခဲနေသောစုန့်မုလိန်ကိုကြည့်ပြီးဆေးဆရာအယောင်ဆောင်အထိန်းတော်ကြီး၊ နျန့်နျန့်နှင့် လနတ်သမီးတို့မှာမည့်သို့ပြုလုပ်ရမည်မသိဖြစ်နေကြသည်။ မိစ္ဆာစွမ်းအား၏ယင်ဓာတ်များမှာ စုန့်မုလိန်၏အတွင်းအားတစ်ခုလုံးကိုဝါးမြိုရန်ကြိုးစားနေလေသည်။ အမှောင်သခင်မှာ ငယ်စဉ်အခါကပင် မိခင်၏အထူးကြပ်မတ်လေ့ကျင့်ပေးမှုကြောင့် ယင်နှင့်ယန် အတွင်းအားကိုမျှတစွာထိန်းချုပ်နိုင်သည့်တစ်ဦးတည်းသောသူဖြစ်ပေသည်။ ယခုအခါတွင် မိစ္ဆာစွမ်းအားတို့မှာ ပိုမို၍အင်အားကောင်းလာပြီး စုန့်မုလိန်အား ထိန်းချုပ်ရန်ကြိုးပမ်းနေခြင်းဖြစ်သည်။ အကြောင်းအရင်းမှာ အလင်းအမှောင်စွမ်းအားသည် သူ၏မိစ္ဆာစွမ်းအားမှတဆင့် အမှောင်သခင်စုန့်မုလိန်နှင့်တစ်သားတည်းဖြစ်စေကာ ထိန်းချုပ်လိုက်ပြီးလျှင် နောက်ဆုံးတွင် လောကတခွင်၌ အင်အားကြီးမားလာသည့် မိစ္ဆာအဖြစ်သို့ ရောက်ရှိမည်ဖြစ်သောကြောင့်ဖြစ်ပေသည်။ လနတ်သမီးသည် အမှောင်စွမ်းအားများဝါးမြိုခံနေရသောစုန့်မုလိန်အား သူမ၏အတွင်းအားဖြင့် ဖယ်ရှားပေးလေသည်။ ခေတ္တအကြာတွင် စုန့်မုလိန်၏ဖြူစုတ်နေသောမျက်နှာပြင်မှာ သွေးရောင်လေးများသန်းလာပြီး သတိရလာလေသည်။ လနတ်သမီးတို့လည်း ဝမ်းသာစွာဖြင့် ဆက်လက်၍ သူမ၏သန့်စင်သောအတွင်းအားဖြင့် ကုသပေးနေသည်။
ထိုအချိန်တွင် လနတ်သမီးသည် ရုတ်တရက်ဆိုသလို မူမမှန်မှုကို ခံစားလိုက်ရသည်။ သူမ၏အတွင်းအားများကို
သံလိုက်သဖွယ်စုပ်ယူနေသကဲ့သို့ ခံစားရကာ အားအင်များနည်းလာလေသည်။ အမှောင်သခင်လည်း သတိရကာ အသိစိတ်ဝင်လာပြီး သူ၏အတွင်းအားမှ လနတ်သမီးအတွင်းအားကို စုပ်ယူနေသည်ကိုသိပြီး အလျင်အမြန် မိမိအတွင်းအားကိုချိတ်ပိတ်လိုက်လေသည်။ ထိုအခါမှ လနတ်သမီးလည်း သူမ၏အတွင်းအားများကို ပြန်စုစည်းလိုက်နိုင်လေတော့သည်။ အမှောင်သခင်လည်း လနတ်သမီးအား အလွန်စိုးရိမ်သွားပြီး ထိန်းမရဖြစ်ကာ ယခုကဲ့သို့ပြုလုပ်ခြင်းမှာ အသက်ကိုပင်သေစေနိုင်ကြောင်း ဒေါသဖြင့်ပြောမိသွားလေသည်။ နျန့်နျန့်မှာ လနတ်သမီးလက်အားတင်းကြပ်စွာကိုင်ထားသောအမှောင်သခင်၏လက်ကိုကြားဝင်ဖြတ်ချလိုက်ပြီး တောင့်ခဲနေသောအမှောင်သခင်အား အမြန်ကယ်တင်ရန် အရေးပေါ်ပြုလုပ်ကာ ကယ်တင်ပေးသူကို ကျေးဇူးမတင်ဘဲယခုကဲ့သို့ ဒေါသထွက်ရခြင်းကို နားမလည်ကြောင်းနှင့် အပြစ်တင်ချင်ပါက မိမိအတွင်းအားမှစုပ်ယူခြင်းဖြစ်သောကြောင့် မိမိကိုယ်ကိုသာအပြစ်တင်ရန်ပြောလိုက်လေသည်။
ထိုအခါမှ အမှောင်သခင်လည်း သူ၏အတွင်းအားမှာ အခြားသူများနှင့်မတူ တမူထူးခြားပြီးကျင့်ကြံခဲ့ရခြင်းကို သတိရသွားကာ လနတ်သမီးအား အလွန်စိတ်ပူသွားရသောကြောင့် မထိန်းနိုင်ဘဲပြောလိုက်ရခြင်းဖြစ်ပြီး အသက်ကိုပင်မငဲ့ဘဲ မိမိအားကယ်တင်ပေးသည့်အတွက် မည်သို့ကျေးဇူးဆပ်ရမည်ကို အရိုအသေပေးကာမေး
လိုက်လေသည်။ လနတ်သမီးမှ အမှောင်သခင်မှာ သူမတို့အား အကြိမ်ကြိမ်ကယ်တင်ပေးသောကျေးဇူးမှာပို၍သာသည်ဖြစ်သောကြောင့် ပြန်ပေးဆပ်ရန်မလိုအပ်ကြောင်းပြောကာ ညှိုးငယ်သောမျက်ဝန်းတို့ကိုမျက်လွှာချ၍ သူမအိပ်ဆောင်သို့နျန့်နျန့်အားခေါ်ပြီးထွက်သွားလေသည်။ ဖြစ်စဉ်တစ်လျှောက်လုံးတွင်ရှိနေသော အထိန်းတော်ကြီးမှာ လနတ်သမီးအား သေချာထပ်မံတောင်းပန်ရန်ပြောပြီး သူမဖော်စပ်ထားသော အတွင်းအားပြန်လည်ထိန်းညှိပေးသောဆေးအားသောက်စေပြီးလျှင် အနားယူစေသည်။ အမှောင်သခင်သည် အလင်းအမှောင်စွမ်းအားမှာ ပိုအင်အားကြီးလာသောကြောင့် အမြန်ပြန်ထိန်းချုပ်ရမည်ကိုတွေးမိပြီး အထိန်းတော်ကြီးပေးသောဆေးခွက်အားတစ်ချက်တည်းမော့လိုက်ပြီးလျှင် လနတ်သမီးတို့အားသေချာစောင့်ရှောက်ပေးရန်မှာကြားပြီးအမှောင်တိုင်းပြည်သို့ပြန်ရန်ထွက်လာခဲ့သည်။ အထိန်းတော်ကြီးသည် အမှောင်သခင်၏နောက်ကျောအားကြည့်ရင်း ရင်မောစွာဖြင့် သက်ပြင်းရှည်ကြီးချကာ ကျန်ရစ်နေခဲ့လေတော့သည်။
အမှောင်တိုင်းပြည်၏ကမ္ဗည်းတိုင်များထားရှိသောခန်းမဆောင်တွင် စုန့်ရန်သည် ဒူးထောက်နေပြီး နှုတ်မှလည်း
သူ၏အကြံအစည်ရှုံးနိမ့်မှုအတွက် အလင်းအမှောင်စွမ်းအားအား တောင်းပန်၍နေသည်။ အလင်းအမှောင်
စွမ်းအားမှာ စုန့်ရန်အားထပ်မံ၍ရှုံးနိမ့်ပါက အသက်ပင်ပေးဆပ်ရမည်ဟုပြောပြီး ပျောက်ကွယ်သွားလေသည်။
စုန့်ရန်မှာ အလင်းအမှောင်စွမ်းအား၏ သူမတူစွမ်းအားကိုလက်ခံနိုင်ရန် မိမိတွင်အမှောင်စွမ်းအားကျင့်စင်သာရှိ
သောကြောင့် အလင်းစွမ်းအားကိုလက်ခံနိုင်စွမ်းမရှိဖြစ်နေသည်။ ထို့ကြောင့် လနတ်သမီး၏ သန့်စင်သောကျင့်စဥ်နှင့်ဝိညာဉ်စွမ်းအားကိုရယူရန်လုပ်ရာတွင် ရှုံးနိမ့်ခဲ့ခြင်းအပေါ်မချိတင်ခဲဖြစ်ကာဒေါသထွက်နေသည်။ ထိုစဉ်သူ၏အနောက်မှ အမှောင်စွမ်းအားတစ်ခု၏တိုက်ခိုက်ခြင်းကိုခံလိုက်ရပြီး ကမ္ဗည်းတိုင်များဘက်သို့လွင့်စင်သွားခဲ့သည်။ လဲကျနေရာမှပြန်တိုက်ခိုက်ရန်ထလိုက်ရာ တိုက်ခိုက်လာသူမှာ အမှောင်သခင်ဖြစ်နေသည်ကို တွေ့ပြီး အားနည်းဟန်ဆောင်ကာ ဒူးထောက်ဦးညွတ်လိုက်သည်။ အမှောင်သခင်မှာဆက်ပြီး စုန့်ရန်အား အမှောင်စွမ်းအားဖြင့်အပြစ်ပေးလိုက်သည်။ နှုတ်မှလည်း အလင်းအမှောင်စွမ်းအားထပ်မံထွက်ပေါ်လာခြင်းကို အသိမပေးသည့်အပြင် လူ့ပြည်၌ ထိုစွမ်းအားကို ခေါ်ထုတ်ပြလာခြင်းမှာ သုံးလောကစစ်ပွဲထပ်ဖြစ်ပွားရန်လမ်းကိုစတင်နေခြင်းဖြစ်နေသည်ဟုပြောလိုက်သည်။ စုန့်ရန်လည်း အမှောင်သခင်၏ခြေထောက်အောက်တွင် အရိုအသေပေးကာ အလင်းအမှောင်စွမ်းအားသည် ယခုကဲ့သို့ ကြီးမားသောစွမ်းအားဖြစ်နေခြင်းကို မသိကြောင်းနှင့် အမှောင်သခင်အားလည်း မထီမဲ့မြင်ပြုလုပ်ရခြင်းမဟုတ်ကြောင်းပြောလေသည်။ သို့သော် အလင်းအမှောင်စွမ်းအားထွက်ပေါ်လာခြင်းမှာ အမှောင်တိုင်းပြည်အတွက် သုံးလောကကိုအုပ်စိုးနိုင်မည့် တစ်ခုတည်းသောစွမ်းအားဖြစ်သောကြောင့် မည်သူ့ကိုမှ ကြောက်ရွံ့စရာမလိုတော့ကြောင်း ပြောလိုက်သည်။
အမှောင်သခင်လည်း သူ၏လက်ထက်တွင် အမှောင်တိုင်းပြည်မှာ သုံးလောကအားပေးခဲ့သောကတိအားတည်စေပြီး သူ့နေရာနှင့်သူအေးချမ်းစွာတည်ရှိနေမှုကို လိုလားသည်။ အလင်းအမှောင်စွမ်းအားဖြင့်သုံးလောကကိုအုပ်စိုးပါလိုက်ပါက ၎င်းစွမ်းအားသည် အငြိုးကြီးစွမ်းအားဖြစ်သည့်အလျောက် အမုန်းအာဃာတများမှတဆင့် မိစ္ဆာစွမ်းအားများမှာပိုမိုအားကောင်းလာပြီး သုံးလောကကိုပျက်စီးစေလိမ့်မည်ဟုပြောလိုက်လေသည်။သို့ရာတွင် ထိုအချက်မှာ စုန့်ရန်လိုလားသောအချက်ပင်ဖြစ်သည်။ စုန့်ရန်လည်း သူ၏မျက်နှာအမူအရာကိုပြင်လိုက်ပြီး အမှောင်သခင်အားဦးညွတ်လိုက်ကာ မိမိမှာအတွေးတိမ်သွားသောကြောင့်အမှားကျူးလွန်ခြင်းဖြစ်သဖြင့်အပြစ်ပေးရန်ပြောလိုက်သည်။ အမှောင်သခင်သည် စွမ်းအားချိတ်ပိတ်မန္တန်ဖြင့် စုန့်ရန်၏အတွင်းအားကိုချိတ်ပိတ်လိုက်ကာ မိစ္ဆာသခင်တို့၏ကမ္ဗည်းတိုင်ခန်းမဆောင်အတွင်းတွင် လူ့ပြည်၌အခြေအနေငြိမ်သက်သည့်အချိန်အထိ အမှားပြန်သုံးသပ်နေရန်အပြစ်ပေးလိုက်ပြီး စုန့်ရန်အပြင်မထွက်နိုင်အောင် ခန်းမဆောင်တစ်ခုလုံးကိုချိတ်ပိတ်လိုက်လေတော့သည်။
စုန့်ရန်အားအပြစ်ပေးပြီးနန်းဆောင်သို့ပြန်လာနေစဉ် မိမိနှင့်ညီဖြစ်သူတို့ဓားသိုင်းလေ့ကျင့်နေသောနေရာသို့အ ရောက် ခေတ္တရပ်ကာ အတိတ်မှဖြစ်ရပ်တို့ဆီသို့ အတွေးရောက်သွားခဲ့သည်။ ယခုကဲ့သို့အပြစ်ပေးနည်းမှာပြင်းထန်သော်လည်း အမှားကိုပြန်လည်ပြင်ဆင်စေခြင်းနှင့် သူ၏ညီအားအန္တရာယ်ကင်းစေရန်ရည်ရွယ်သောကြောင့် စုန့်ရန်အား သနားညှာတာစိတ်ကိုဖျောက်ကာ စိတ်အားတင်း၍ သူ၏နန်းဆောင်သို့ပြန်လာခဲ့လေသည်။ အမှောင်သခင်သည် နန်းဆောင်အလည်တည့်တည့်ရှိစားပွဲပေါ်သို့ နှစ်ပိုင်းကျိုးနေသောမဟူရာဓားကိုတင်လိုက်ပြီး ဝမ်းနည်းစွာဖြင့်ထိကိုင်ကြည့်နေမိသည်။ ထိုဓားမှာ အမှောင်သခင်ရာထူးဆက်ခံရာတွင် မိခင်မှအထူးပြုလုပ်ပေးထားသောဓားဖြစ်သည့်အလျောက် ပြန်ပြုပြင်ရန်ခက်ခဲလှပေသည်။ အဘယ်ကြောင့်ဆိုသော်မဟူရာဓားပြုလုပ်ရာတွင် အလွန်ရှားပါးပြီးတွေ့ရခဲသောတောင်မှရသည့် သန့်စင်လှသောမဟူရာကျောက်တစ်မျိုးပါဝင်ပေသည်။ ထိုမဟူရာကျောက်မှာ အပြုသဘောဆောင်သည့်အစွမ်းသတ္တိရှိပြီး စိတ်နှင်ကိုယ်ကိုဟန်ချက်ညီစေရန်ထိန်းညှိပေးနိုင်သည့်စွမ်းအင်ရှိသည့်ကျောက်တစ်မျိုးဖြစ်သည်။ ထို့အပြင် မဟူရာကျောက်ကိုဝတ်ဆင်ထားပါကလည်း စိတ်ဝိညာဉ်ကိုသန့်စင်စေသည်။ အမှောင်သခင်၏မိခင်မှာ သာမာန်လူဖြစ်သည့်အလျောက် အမှောင်တိုင်းပြည်၏မိစ္ဆာဓာတ်များဒဏ်ခံနိုင်ရန် အရင်အမှောင်သခင်ကြီးမှ ကောင်းကင်ဘုံတွင်ကတိကဝတ်ပြုကာယူလာပြီး ထိုကျောက်အား လက်ကောက်အဖြစ်ပြုလုပ်ကာ မိခင်အား အမြဲဝတ်ဆင်ထားစေသည်။ သို့သော် မိခင်မဆုံးပါးခင်တွင် ထိုလက်ကောက်ဖြင့် မဟူရာဓားကိုဖန်တီးစေခဲ့ပြီး ပေးခဲ့သောကြောင့်ဖြစ်ပေတော့သည်။
Author - May
Editor - Ivis
#လနတ်သမီးနှင့်အမှောင်မိစ္ဆာသခင်
Click here to claim your Sponsored Listing.