Spring Doctors for Children
This is the organization of CDM pediatricians around Myanmar and main functions are to raise health
26/07/2023
မင်္ဂလာပါ ဖေဖေမေမေတို့ရေ
ဒီနေ့မှာ ကလေးလေးရဲ့ စဉ်းစားတွေးခေါ်တတ်လာနိုင်ခြင်းအကြောင်းလေးတွေကို ပြောပြပေးသွားပါမယ်။
ဖေဖေမေမေတို့ သိကြတဲ့အတိုင်းပဲ စဉ်းစားတွေးခေါ်တတ်ခြင်းဆိုတာက လူသားတွေနဲ့ တစ်ခြားသတ္တဝါတွေကို ကွဲပြားစေတဲ့ အဓိကအချက်ပါပဲ။
ဒီအချက်က ကလေးလေးအတွက်တော့ ဖေဖေမေမေတို့၊ကလေးထိန်း၊မောင်နှမတွေရှိတဲ့ သူ့ရဲ့ပတ်ဝန်းကျင်ကဆက်ဆံရေးကနေ အစပြုပါတယ်ရှင်။
တစ်ခြားလူတွေက သူတို့ရဲ့ကိုယ်ပိုင် စိတ်၊အတွေးအခေါ်တွေ၊ရည်ရွယ်ချက်တွေအတိုင်း သူတို့တွေက ပြုမူကြတယ်၊တွေးခေါ်ကြတယ် ဆိုတာကို ကလေးလေးက တဖြည်းဖြည်းနဲ့ နားလည်လာမှာဖြစ်ပါတယ်။ ဒီနားလည်လာပြီးတဲ့နောက်မှာ ကလေးလေးက တစ်ခြားလူတွေရဲ့တုံ့ပြန်မှုတွေကို ခန့်မှန်းတတ်လာပြီး သူကိုယ်တိုင်က ဘယ်လိုပြုမူရမလဲဆိုတာကိုလည်း တွေးခေါ်တတ်လာမှာဖြစ်ပါတယ်။ ဒီလိုနဲ့ပဲ ကလေးလေးက လူမှုဆက်ဆံရေးအတွက် သင်ယူတတ်မြောက်လာမှာ ဖြစ်ပါတယ်။
ကလေးလေးရဲ့ စဉ်းစားတွေးခေါ်တတ်လာခြင်းအကြောင်းကို အဆင့်နှစ်ဆင့် ခွဲခြားပြလို့ ရပါတယ်။
ပုံတစ်ပုံချင်းစီမှာ ဆက်လက်ဖတ်ပါ👇
17/07/2023
မင်္ဂလာပါ ဖေဖေမေမေတို့ရေ
ဒီနေ့မှာတော့ ဘေဘီလေးက ဖေဖေမေမေတို့နဲ့ ခွဲခွါရမှာကို ကြောက်တဲ့စိတ်တွေ ခံစားတတ်လာတဲ့အချိန်မှာ ဘယ်လိုဆောင်ရွက်ပေးသင့်လဲဆိုတဲ့ အကြောင်းတွေ ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
👶🏻 ဘေဘီလေးက ၁နှစ်သားအရွယ်အတွင်းမှာ ‘သူက ဒီမိသားစုရဲ့ မိသားစုဝင်လေးဖြစ်တယ်၊ ဖေဖေမေမေ ဘိုးဘိုးဘွားဘွားတို့က သူ့ကိုချစ်မြတ်နိုးကြတယ်၊ဂရုစိုက်ပေးကြတယ်’ ဆိုတာကို သူခံစားတတ်လာပါတယ်။ ဒါကြောင့်ပဲ သူ့ကိုချစ်ပေးကြ၊ဂရုစိုက်ပေးကြတဲ့ ဖေဖေမေမေတို့အပေါ်မှာ ယုံကြည်စိတ်နဲ့ ဖေဖေမေမေတို့ကြောင့် သူ့မှာ လုံခြုံမှုရှိတဲ့ဆိုတဲ့ စိတ်လေး သူခံစားရပါတယ်။
👶🏻 ဘေဘီလေး ၆လသားအရွယ်လောက်ဆိုရင် ဖေဖေမေမေတို့ အပြင်သွားတော့မယ့်အချိန်၊ အလုပ်သွားတော့မယ့်အချိန်မျိုးကို ဘေဘီလေးမြင်တဲ့အခါမှာ ဘေဘီလေးက ငိုတာ၊ အော်တာ၊ ခြေထောက်တွေကန်ပစ်တာ ဂျီကျတဲ့အပြုအမူလေးတွေ လုပ်တတ်လာပါတယ်။
👶🏻 ဘေဘီလေးက သူရဲ့ခံစားချက်တွေကို စကားနဲ့ထုတ်ဖော်မပြောပြတတ်သေးတဲ့အရွယ်မို့လို့ ဖေဖေမေမေတို့နဲ့ ခွဲခွါရမှာကြောက်တဲ့စိတ်ကို ဒီလိုမျိုး အပြုအမူမျိုးနဲ့ ဖော်ပြတာပဲဖြစ်ပါတယ်။
👶🏻 ဘာလို့ ဖေဖေမေမေတို့နဲ့ ခွဲခွါရမှာ ကြောက်တာလဲဆိုရင် ဘေဘီလေးက ဖေဖေမေမေတို့နဲ့အတူရှိတဲ့အချိန်မှ သူဟာ လုံခြုံမှုရှိတယ်ဆိုတဲ့စိတ်လေး ခံစားရလို့ပဲဖြစ်ပါတယ်။
👶🏻 ဖေဖေမေမေတို့နဲ့ ခွဲနေရတဲ့အချိန်မှာ ဘေးကလူတွေက သူ့ကို ချော့မြူပေးနေတာတောင်မှ ဘေဘီလေးမှာ စိတ်အလိုမကျမှုတွေ ဖြစ်နေမှာပါ။
ဒီလိုနဲ့ ဖေဖေမေမေတို့ သူ့အနားပြန်ရောက်လာတဲ့အချိန်ကျမှ ဘေဘီလေးမှာ စိတ်အားထက်သန်မှုလေးတွေပြန်ပေါ်လာပြီး ဖေဖေမေမေတို့ကို သူ့မျက်စိအောက်က အပျောက်မခံတော့ပါဘူး၊ တစ်ချို့အချိန်ကျတော့ ဖေဖေမေမေတို့ ပြန်လာတဲ့အချိန်မှာ သူ့ကို ဂရုစိုက်ပေးစေချင်တာကြောင့် ထငိုတတ်တာမျိုးလည်း ရှိတတ်ပြီး ဖေဖေမေမေတို့ သူ့အနားမှာရှိတယ်ဆိုတာ သေချာတဲ့အချိန်ကျမှ ဘေဘီလေးမှာ ကောင်းကောင်းဆော့ကစားနိုင်ပါတော့တယ်။
👶🏻 ဘေဘီလေးကို ဖေဖေမေမေတို့အပြင် ဘိုးဘိုးဘွားဘွား၊ ဦးဦးတို့ တီတီတို့နဲ့ ကလေးထိန်းပေးတဲ့သူကပါ လူအများကြီးနဲ့ အချိန်ပြည့်ဂရုစိုက်ပေးတယ်ဆိုရင်တော့ ဖေဖေမေမေတို့နဲ့ ခွဲခွါရမှာကို ကြောက်တဲ့စိတ် အများကြီးဖြစ်မှာတော့ မဟုတ်ပါဘူး။ ဒါ့ကြောင့် ဘေဘီလေးတွေက ခွဲခွါရမှာကိုကြောက်တဲ့စိတ် ဖြစ်တယ်ဆိုတာကလည်း သူ့ကို ဂရုစိုက်ပေးကြတဲ့ လူတွေအပေါ်မှာလည်း မူတည်နေပါသေးတယ်။
👶🏻 ဖေဖေမေမေတို့အပေါ်မှာ အရမ်းတွယ်တာကြတဲ့ ဘေဘီလေးတွေ အများစုက ဖေဖေမေမေတို့နဲ့ ခွဲခွါရမှာကြောက်တဲ့စိတ် ဖြစ်ပေါ်တတ်ကြပါတယ်။ ဒါက စိုးရိမ်နေရမယ့်အချက်တော့ မဟုတ်ပါဘူး ဖေဖေမေမေတို့ရေ။
👶🏻 ဘေဘီလေးရဲ့ ခွဲခွါရမှာကြောက်တဲ့စိတ်ဆိုတာက ဘေဘီလေးနဲ့ ဖေဖေမေမေတို့ကြားက ခိုင်မြဲလာတဲ့ သံယောဇဉ်နှောင်ကြိုးကြောင့် ဖြစ်ပြီး ဒီအချက်က ဘေဘီလေးရဲ့ ရှေ့လျှောက် လူမှုပတ်ဝန်းကျင်ဆက်ဆံရေးအတွက် ကောင်းမွန်တဲ့အချက်ဖြစ်သွားမှာပါ။
🌟 ဒါဆိုရင် ဘေဘီလေးက ခွဲခွါရမှာ ကြောက်တဲ့စိတ်လေးတွေ ပြလာတဲ့အချိန်မှာ ဖေဖေမေမေတို့ ဘာတွေဆောင်ရွက်ကြမလဲ???
🔹 ဘေဘီလေးရဲ့ ပတ်ဝန်းကျင်ကို ပြောင်းလဲမပစ်ပါနဲ့၊ သူ့နေနေကျပုံစံလေးအတိုင်း တတ်နိုင်သမျှထားပေးပါ။ ဥပမာအားဖြင့် ဖေဖေမေမေတို့မရှိချိန်မှာ သူနဲ့ရင်းနှီးပြီးသားသူနဲ့ အတူကျန်ခဲ့တာမျိုး၊ ငိုနေတဲ့အချိန်မှာ သူသဘောကျတဲ့အရုပ်လေး ပေးလိုက်တာမျိုးက ဘေဘီလေးအတွက် နဲနဲ စိတ်သက်သာရာရစေမှာပဲဖြစ်ပါတယ်။
🔹 ဖေဖေမေမေတို့ အနားမရှိတဲ့အချိန်မှာ ဘေဘီလေးကို ရင်းနှီးပြီးသားသူနဲ့ ထားပေးထားပါ။ ဥပမာအနေနဲ့ ဘေဘီလေး နှစ်သက်တဲ့ကစားနည်းလေးတွေ သိထားပြီး ကစားပေးတာမျိုးက ဘေဘီလေးအတွက် အဆင်ပြေစေမှာပါ။
🔹 ဘေဘီလေး ၁၅လသားအရွယ်မရောက်ခင်အထိ ညအိပ်ညနေခွဲခွါတာမျိုး မလုပ်ပါနဲ့။
နောက်တစ်ချက်က ဖေဖေမေမေတို့ရဲ့ အလုပ်သွားချိန်နဲ့ အလုပ်ပြန်ချိန်က အချိန်အတိအကျဖြစ်ရင် ပိုကောင်းပါတယ်။
🔹 ဘေဘီလေးအနားမှာ ဖေဖေ/မေမေ မရှိချိန်မှာ ဘေဘီလေးနဲ့ဖေဖေမေမေတို့အတူ ရိုက်ထားတဲ့ဓာတ်ပုံနဲ့ ဖေဖေမေမေတို့ ပုံပြင်ပြောပြပေးထားတဲ့ အသံဖိုင်တွေကို ဘေဘီလေးအတွက် ထားပေးထားပါ။ ဒါဆိုရင် ဖေဖေမေမေတို့ရဲ့အချစ်တွေကို ဘေဘီလေးက ခံစားမိနေမှာပါ။
🔹 ဖေဖေမေမေတို့အနားမှာမရှိချိန် ဘေဘီလေးကို ဂရုစိုက်ပေးနေတဲ့သူက “ဖေဖေမေမေတို့က ဘေဘီလေးကို လွမ်းနေကြမှာပဲ”၊ “ဘေဘီလေးက ဖေဖေမေမေတို့ကို လွမ်းနေလား” ဆိုတာမျိုးလေးတွေ ပြောပြပေးသင့်ပါတယ်။
🔹 အချိန်ကြာကြာခွဲခွါရတာမျိုးအတွက် ကြိုတင်ပြင်ဆင်ပါ။ ဘယ်လိုကြိုတင်ပြင်ဆင်ရမလဲဆိုရင် ဘေဘီလေးကို ဖေဖေမေမေတို့က ဘာလို့အနားမှာမရှိလဲဆိုတဲ့ အချက်ကို ရှင်းပြပါ၊ ပြန်လာမယ့်အချိန်ကိုလည်း ပြောပြပေးထားပါ၊ ဒီလိုမျိုး ပြောပြတဲ့အချိန်မှာ ဖေဖေမေမေတို့ရဲ့ အသံအနေအထားနဲ့ မျက်နှာအမူအရာကို ဂရုစိုက်ပါ။ ဒါဆိုရင် ဖေဖေမေမေတို့ရဲ့ စိုးရိမ်ပူပန်မှုကို ဘေဘီလေးကလည်း ခံစားနိုင်မှာပါ။
🔹 ဖေဖေမေမေတို့ ဘေဘီလေးအနားပြန်ရောက်လာတဲ့အချိန်မှာ ဘေဘီလေးကို ပွေ့ဖက် အာဘွားတာမျိုး လုပ်ပေးပါ။ အဲ့နောက် ဘေဘီလေးနဲ့ ကစားပေးတာမျိုး အချိန်ပေးတာမျိုး ဆက်လုပ်ပေးပါ။
🔹 ဘေဘီလေးက နေ့ကလေးထိန်းကျောင်းပို့လိို့ရမယ့်အရွယ်ရောက်ရင် နေ့ကလေးထိန်းကျောင်းပို့ပေးပါ။ ရွယ်တူတွေနဲ့ အတူတူကစားလို့မယ့် ကစားချိန်လေးတွေ ဖန်တီးပါ။
ဒါဆိုရင် ဒီအချက်လေးတွေကတော့ ဘေဘီလေးရဲ့ ခွဲခွါရမှာကြောက်တဲ့စိတ်ကို သက်သာရာရစေမယ့်အချက်လေးတွေပဲဖြစ်ပါတယ်ရှင်။
10/07/2023
မင်္ဂလာပါ ဖေဖေမေမေတို့ရေ
ဒီနေ့မှာ ဘေဘီလေးတွေက သူစိမ်းတွေကို ကြောက်တတ်လာတဲ့အခါမှာ ဖေဖေမေမေတို့ နားလည်ထားရမယ့်အချက်လေးတွေကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်ရှင်။
ဒီအကြောင်းကို မပြောပြသေးခင် ဘေဘီလေးတွေရဲ့အသက်အရွယ်နဲ့ သူတို့ရဲ့ပတ်ဝန်းကျင်အပေါ်သဘောထားလေးတွေကို အရင်ပြောပြပေးသွားမှာဖြစ်ပါတယ်။
*မွေးဖွားပြီး ၆ပတ်အတွင်း* ဒီအရွယ်မှာ ဘေဘီလေးတွေက ဂရုစိုက်ပေးတဲ့ဖေဖေမေမေတို့ကို အလိုလိုကို စိတ်ဝင်တစားနဲ့စူးစမ်းကြည့်နေကြမှာပါ။ ဘေဘီလေးတွေက မျက်လုံးပြူးကျယ်လေးတွေနဲ့ စိုက်ကြည့်နေတဲ့အချိန်ဆိုရင် သူတို့ရဲ့လောကအသစ်ကြီးကို သိချင်နေတာ၊ သူတို့ကြားရတဲ့အသံနဲ့ မြင်နေရတဲ့မြင်ကွင်းကို စိတ်ဝင်စားနေတာ၊ သူတို့စိတ်ဝင်စားတဲ့တစ်ခုခုကို စူးစမ်းနေတာ၊ မေမေတို့နဲ့ မျက်လုံးချင်းဆုံပြီး ဆက်သွယ်ချင်နေတာလို့ သဘောပေါက်ထားလိုက်ပါ မေမေတို့ရေ။
*၆ပတ်ကနေ ၇လသားအရွယ်* ဒီအရွယ်မှာ ဘေဘီလေးတွေက အခြားအရာတွေထက် လူတွေကို တော်တော်လေး စိတ်ဝင်စားလာကြပါတယ်။ ဘေဘီလေးတွေက သူတို့ကိုပွေ့ချီပေးတဲ့သူ၊ သူတို့ကို လာမြူပေးတဲ့သူကို ပြုံးပြတာမျိုး လုပ်တတ်လာကြပါပြီ။ သူတို့နှစ်သက်တဲ့အခါမှာ အပြုံးလေးတွေကနေ တစ်ခစ်ခစ်ရယ်ပြတာမျိုးလည်း လုပ်လာကြမှာပဲဖြစ်ပါတယ်။
*၇လမှ ၉လသားအရွယ်* ဒီအရွယ်မှာ ဘေဘီလေးတွေမှာ မျက်နှာတွေ၊အသံတွေ၊အပြုအမူတွေကို တွဲမှတ်တတ်တဲ့ မှတ်ဉာဏ်တွေဖွံ့ဖြိုးလာတာနဲ့အတူ သူစိမ်းတွေကို ကြောက်ရွံတတ်လာတဲ့စိတ်လည်း ပေါ်ပေါက်လာပါတယ်။ အဲ့နောက်မှာ ဖေဖေမေမေတို့နဲ့ ခွဲခွါရမှာ ကြောက်ရွံ့တဲ့စိတ်လည်း သူတို့ခံစားတတ်လာကြမှာဖြစ်ပါတယ်။
🌟 ဘေဘီလေးတွေက သူတို့ကိုလာမြူပေးတဲ့သူတွေအားလုံးကို ပြုံးပြတာ၊ တခစ်ခစ်ရယ်ပြတတ်တာမျိုးကနေ သူတို့နဲ့ ၁၀၀ရာနှုန်းပြည့်မသိတဲ့ သူစိမ်းတစ်ယောက်နဲ့တွေ့တဲ့အခါမျိုးမှာ ရှက်တာ၊ကြောက်တာ၊ထငိုတတ်တာမျိုးအဖြစ် ပြောင်းလဲသွားကြပါတယ်။ ဒီလိုမျိုးကြုံတွေ့လာရတဲ့အချိန်မှာ အများကြီး စိုးရိမ်စရာမလိုပါဘူး ဖေဖေမေမေတို့ရေ။
🌟 ဒီလိုမျိုး သူစိမ်းတွေကို ကြောက်တတ်လာတာမျိုးက ဘေဘီလေးတွေရဲ့ရှက်တတ်ကြောက်တတ်တဲ့ ပင်ကိုယ်ဗီဇဖြစ်နေတာမျိုးလည်း မဟုတ်ပါဘူးရှင်။
🌟 သူစိမ်းတွေကို ကြောက်တတ်လာတယ်ဆိုတာက ဘေဘီလေးနဲ့ဖေဖေမေမေတို့ရဲ့အကြားက ခိုင်မြဲလာတဲ့သံယောဇဉ်ကြောင့်အပြင် ဘေဘီလေးရဲ့ မျက်နှာတွေ၊အသံတွေ၊အပြုအမူတွေကို မှတ်သားတတ်လာတဲ့ ဦးနှောက်ဖွံ့ဖြိုးမှုတွေကြောင့်ပဲဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ပြောရရင် ဖေဖေမေမေတို့ရဲ့ဘေဘီလေးက ကျန်းကျန်းမာမာနဲ့ ကြီးပြင်းနေတယ်ဆိုတဲ့ သဘောတရားပဲဖြစ်ပါတယ်။
🌟 ဒီလိုအချိန်ဆိုရင် ဘေဘီလေးက သူတို့ရဲ့ကြီးပြင်းလာမှုနဲ့အတူ သူတို့ရဲ့အနီးကပ်ကမ္ဘာကြီးအပေါ် နားလည်သဘောပေါက်မှုလေးတွေ ရှိနေပြီလို့လည်း သတ်မှတ်လို့ရပါပြီ။
ဒီကနေမှ ဘေဘီလေးကြီးပြင်းလာတာနဲ့အတူ ဘေဘီလေးက တစ်ခြားလူတွေရဲ့ အပြုအမူတွေ နားလည်သိမြင်လာဖို့၊ တစ်ခြားသူတွေကို ကြောက်စရာမလိုဖို့ တဖြည်းဖြည်းရင်း သင်ယူတတ်မြောက်လာမှာပဲဖြစ်ပါတယ်။
⁃ ဘေဘီလေးက သူစိမ်းတွေကိုကြောက်ရွံ့တာမျိုးဖြစ်တဲ့အချိန်က လနည်းနည်းလောက် အချိန်တိုအပိုင်းအခြားပဲ ဖြစ်ပေါ်တာပါ။
⁃ ဒီအချိန်အတောအတွင်းမှာ ဖေဖေမေမေတို့က ဘေဘီလေးကို လူသစ်တွေနဲ့ တွေ့ပေးတာမျိုး၊ နေရာအသစ် အခြေအနေအသစ်တွေ ဖန်တီးပေးတာမျိုး မလုပ်မိဖို့ လိုအပ်ပါတယ်။
⁃ ဘေဘီလေးက သူစိမ်းကို ကြောက်နေတဲ့အချိန်မျိုးမှာ နူးညံ့တဲ့ အားပေးမှုလေးတွေ၊ စိတ်သက်သာရာရအောင် ဖန်တီးပေးတာမျိုးတွေ၊ စိတ်ရှည်ပေးတာမျိုးတွေက ဘေဘီလေးအတွက် အကောင်းဆုံးဖြစ်ပါတယ်ရှင်။
⁃ တဖြည်းဖြည်းနဲ့ ဘေဘီလေးက လူမှုပတ်ဝန်းအကြောင်း ပုံစံအမျိုးမျိုးနဲ့ လေ့လာတတ်လာတဲ့အချိန်မှာ ဒီအကြောက်တရားကို ရင်ဆိုင်ကျော်လွှားသွားနိုင်မှာဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုး ရောက်ပြီဆိုမှ ဖေဖေမေမေတို့က လူသစ်တွေနဲ့ တွေ့ပေးတာမျိုး လုပ်သင့်ပါတယ်။
⁃ ဘေဘီလေးက အသက်နဲနဲကြီးလာပြီး ကမ္ဘာကြီးထဲက အမှန်တကယ်ရှိနေတဲ့အရာတွေကို သိမြင်တတ်လာပြီးပြီဆိုရင်တော့ စိတ်ကူးယဉ်လောကကြီးထဲက သူရဲတစ္ဆေတွေ၊မကောင်းဆိုးဝါးတွေကို ဘေဘီလေးက ကြောက်တတ်လာတဲ့အချိန်မျိုးလည်း ကြုံတွေ့လာရမှာပါ ဖေဖေမေမေတို့ရေ။
⁃ နောက်တစ်ခုက ဘေဘီလေးကို နေ့ကလေးထိန်းကျောင်းပို့ရတဲ့အရွယ်ရောက်ရင် ပထမဆုံးအကြိမ်အနေနဲ့ ဘေဘီလေးတို့က သူတို့နဲ့သက်တူရွယ်တူတွေကို တွေ့ရတဲ့အခါမျိုးမှာလည်း သူတို့ရဲ့ ကြောက်တတ်တဲ့စိတ်တွေ ဖြစ်ပေါ်တာမျိုး ကြုံတွေ့လာရနိုင်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဘေဘီလေးက ကြီးပြင်းလာတာနဲ့အတူ အမီအခိုကင်းကင်းနဲ့ သူတို့ရဲ့ လူမှုဆက်ဆံရေးလောကကြီးထဲမှာ အံဝင်ခွင်ကျဖြစ်အောင် နေတတ်ထိုင်တတ်ဖို့ တဖြည်းဖြည်းလေ့လာသင်ယူသွားကြမှာပဲဖြစ်ပါတယ်။
29/06/2023
မင်္ဂလာပါရှင့်
ဒီနေ့မှာတော့ ဖေဖေမေမေတို့ ဒုတိယကလေးထပ်ယူတဲ့အခါ သားဦးလေးအတွက် ဘာတွေတွေးပေးရမလဲ ၊ သားသားမီးမီးလေးတို့အကြားက မောင်နှမသံယောဇဉ်ကို ဘယ်လိုအစပြုပျိုးထောင်ပေးကြမလဲဆိုတဲ့ အကြောင်းကို ပြောပြပေးမှာ ဖြစ်ပါတယ်။
ဖေဖေမေမေတို့ ဒုတိယကလေး ထပ်ယူကြတဲ့အခါမှာ သားသားမီးမီးလေးတွေကြားမှာ မနာလိုတာလေးတွေ၊ ပြိုင်ဆိုင်မှုလေးတွေနဲ့ ရန်ပွဲလေးတွေ ကြုံတွေ့ကြရစမြဲပါ။ “မောင်နှမတွေအကြားကဆက်ဆံရေး”ဟာ ကလေးတွေကြီးလာတဲ့အခါ သူတို့ရဲ့လူမှုဆက်ဆံရေးအတွက် အခြေခံအုတ်မြစ်ဖြစ်တာမို့ ဖေဖေမေမေတို့ရဲ့ ပြုစုပျိုးထောင်မှုက အရမ်းအရေးကြီးပါတယ်။
🌟ဖေဖေမေမေတို့က နောက်ထပ်ကလေးမမွေးခင်မှာ ဘာတွေပြင်ဆင်ထားရမလဲ???
🤰🏻မေမေတို့က ဒုတိယကလေးကိုယ်ဝန်စဆောင်ချိန်ကတည်းက အကြီးကလေးကို ကလေးလေးထပ်မွေးတော့မယ့်အကြောင်း ပြောပြပေးထားပါ။
မေမေတို့ရဲ့ ဗိုက်စူစူလေးကို ပြပြီး “မေမေ့ဗိုက်ထဲမှာ ညီမလေး၊ညီလေးရှိတယ်”ဆိုတာမျိုး မိတ်ဆက်ပေးပါ/ လမ်းမှာ ဘေဘီလေးတွေနဲ့တွေ့တဲ့အခါမျိုးမှာလည်း မေမေက ဒီလိုဘေဘီလေး ကိုယ်ဝန်ဆောင်ထားတဲ့အကြောင်း ပြောပြပါ/ မွေးလာမယ့် ဘေဘီလေးရဲ့အသုံးအဆောင်ပစ္စည်းလေးတွေကိုလည်း အကြီးကလေးကို စူးစမ်းခွင့်ပေးပါ။
🤰🏻ကလေး အိပ်ရာကိုရွှေ့ပေးရမှာမျိုးဆိုရင် မွေးလာမယ့်ဘေဘီလေးအတွက် နေရာဖယ်ပေးရတယ်ဆိုတဲ့စိတ်မျိုးမဝင်သွားရလေအောင် အကြီးကလေးအတွက် အိပ်ရာရွေးချယ်ခွင့် ပေးသင့်ပါတယ်။
🤰🏻မေမေတို့ ကလေးမွေးဖွားခါနီးရင် ကလေးမွေးဖွားတဲ့အချိန်မှာ အကြီးကလေးကို ဘယ်သူနဲ့ထားရမလဲဆိုတာကို ကြိုစဉ်းစားထားသင့်ပါတယ်။ အကြီးလေးတွေက ကလေးမွေးဖွားတာကို အရမ်းစူးစမ်းချင်ကြပါတယ်။ ဒါပေမဲ့ ကလေးမွေးဖွားတဲ့အခါ နာကျင်ခံစားရမယ့်မေမေ့ကို မမြင်တွေ့ရလေအောင် အကြီးကလေးကို အဘိုးအဘွားတွေနဲ့ဖြစ်ဖြစ် မိတ်ဆွေသူငယ်ချင်းတွေနဲ့ဖြစ်ဖြစ် ထားတာက အကောင်းဆုံးဖြစ်မှာပါ။
🌟ဒုတိယဘေဘီလေး အိမ်ကိုရောက်လာတဲ့အခါ သားဦးကလေးကို မောင်နှမနေရာ၊အကြီးနေရာအဖြစ် ကူးပြောင်းပေးတဲ့အချိန်မှာ ဖေဖေမေမေတို့အတွက် အခက်အခဲတွေ ကြုံတွေ့ကြရမှာပါ။
🌟ဖေဖေမေမေတို့က ဒုတိယဘေဘီလေးကို ဂရုစိုက်လာရတဲ့အခါမှာ အကြီးကလေးအတွက်ကတော့ အချိန်ပြည့်ဂရုစိုက်မှုကနေ နဲနဲလစ်ဟာသလိုမျိုး ခံစားလာရမှာပါ။ ဒီအတွက် ဖေဖေမေမေတို့ရဲ့ဂရုစိုက်မှုကိုလိုချင်တဲ့အခါမှာ အကြီးကလေးက ဂျီကျတာမျိုး လုပ်လာမှာပါ။
⁃ ဒီလိုဂျီကျတဲ့အပြုအမူမျိုးကို ဖေဖေမေမေတို့က အတတ်နိုင်ဆုံး ပြန်မတုန့်ပြန်ပေးဘဲ နေသင့်ပါတယ်။
အဲ့ဒီအစား
⁃ အကြီးကလေးက ဘေဘီလေးကို စိတ်ဝင်စားတဲ့အခါ၊ ကြင်နာပေးတဲ့အခါမျိုးမှာ ချီးကျူးစကားပြောပေးသင့်ပါတယ်။
⁃ ဘေဘီလေး အိပ်ပျော်နေတဲ့အချိန်မျိုးမှာ အကြီးကလေးအတွက် နှစ်ယောက်တည်း သီးသန့် အချိန်ပေး ကစားပေးတာမျိုး လုပ်ပေးသင့်ပါတယ်။
⁃ ဖေဖေမေမေတို့နဲ့ ဘိုးဘိုးဘွားဘွားတွေက သူ့ကို ချစ်နေကြတုန်းပဲဆိုတာမျိုး အကြီးကလေး သိအောင်ပြသပေးသင့်ပါတယ်။
⁃ ဒုတိယကလေးမွေးပြီးတဲ့အခါမှာ အကြီးကလေးအတွက် နေ့စဉ်ပြုမူဆောင်ရွက်ချက်လေးတွေကို မလစ်ဟင်းအောင် လုပ်ဆောင်ပေးသင့်ပါတယ်။ ဥပမာအားဖြင့်ဆိုရင် အကြီးကလေးအတွက် အိပ်ရာဝင်ပုံပြင်ပြောပြပေးရမယ့်အချိန်မှာ ဘေဘီလေးက ငိုနေလို့ သွားဂရုစိုက်ပေးပြီး အကြီးကလေးကို ပုံပြင်ပြောမပြပေးတော့တာမျိုး မလုပ်သင့်ပါဘူး။ ဒီလိုမျိုးလုပ်မိရင်တော့ အကြီးကလေးအတွက် အချစ်မခံရသလိုမျိုး ဂရုစိုက်မခံရသလိုမျိုး ဝမ်းနည်းကြေကွဲနေရမှာပါ။ ဒီအတွက် ဖေဖေမေမေတို့နှစ်ယောက်လုံးက ကလေးတွေအတွက် ဂရုစိုက်မှုမလစ်ဟင်းအောင် အချိန်ညှိနှိုင်းဆောင်ရွက်သင့်ပါတယ်။
⁃ ဘေဘီလေးဘေးနားမှ ပြုစုဂရုစိုက်တဲ့အခါမျိုးမှာဖြစ်ဖြစ် အိမ်မှုကိစ္စလေးတွေလုပ်တဲ့အခါမျိုးမှာဖြစ်ဖြစ် အကြီးကလေးကို ပါဝင်လုပ်ဆောင်ခိုင်းတာမျိုး ခွင့်ပြုပေးသင့်ပါတယ်။ ဒါဆိုရင် “ဖေဖေမေမေတို့ကို ဘေဘီလေးက မကူညီနိုင်တာကို ငါကကူညီပေးနိုင်တာပဲ”ဆိုတဲ့ စိတ်ကလေးနဲ့ အကြီးကလေးက အားတက်မှာပါ။
🌟မောင်နှမတွေအကြား ဆက်ဆံရေးလေးကို ဘယ်လိုအစပြုပေးမလဲ???
👶🏻မွေးကာစ ဘေဘီလေးက ဖေဖေမေမေတို့ရဲ့ မျက်နှာကိုပဲ မှတ်မိကြပြီး သူ့ရဲ့ ကိုကို/မမကိုတော့ သူတို့သိကြဦးမှာမဟုတ်ပါဘူး။ ဒီအခါမှာ သူရဲ့အငယ်လေးကို လပေါင်းများစွာ မျှော်လင့်စောင့်စားနေခဲ့ရတဲ့ အကြီးကလေးအတွက် ဘေဘီလေးက သူ့ကို မသိသေးတော့ စိတ်ပျက်သွားတာမျိုး ဖြစ်တတ်ပါတယ်။
👶🏻ဒါပေမဲ့လည်း မွေးပြီး ရက်သတ္တပတ်အနည်းငယ်လောက်ဆိုရင်တော့ ဘေဘီလေးက သူတို့ကိုကို/မမရဲ့ မျက်နှာနဲ့ အသံကို သိနိုင်ပါပြီ။
👶🏻ဘေဘီလေးက ၂လသားအရွယ်လောက်ဆိုရင် သူ့ပတ်ဝန်းကျင်က အရာဝတ္ထုတွေ၊အသံတွေ၊ အရုပ်လေးတွေ စိတ်ဝင်စားလာကြပြီ။ ဒီအချိန်မှာ အကြီးကလေးက ကစားပြပေးတဲ့အရုပ်ကလေးကို စိတ်ဝင်စားမှုပြပြီး သဘောကျတဲ့ရယ်သံလေးတွေနဲ့ ပြန်တုန့်ပြန်လာပါပြီ။ ဒီလိုဆိုရင် အကြီးကလေးကလည်း ဘေဘီလေးပြုံးပြတာ၊ရယ်သံလေးတွေလုပ်ပြတာကို စိတ်ပျော်ရွှင်လာမှာပါ။
👶🏻ဖေဖေမေမေတို့ကလည်း ဘေဘီလေးနဲ့အတူ ဆော့ကစားပေးနိုင်မယ့် အန္တရာယ်ကင်းတဲ့ကစားနည်းတွေကို အကြီးကလေးကို သင်ပြပေးပါ။ (ဥပမာအားဖြင့် “တူတူရေ…ဝါး”ကစားနည်း) ဒီလိုကစားနည်းလေးတွေနဲ့ဆိုရင် ဘေဘီလေးရော အကြီးကလေးရော နှစ်ယောက်သား ပျော်ရွှင်ကြပြီး မောင်နှမကြားက သံယောဇဉ်နှောင်ကြိုးလေးတွေကို ရယူသွားကြမှာပဲဖြစ်ပါတယ်။
22/06/2023
မင်္ဂလာပါ မေမေတို့ရေ 💙
ဆရာမတို့ အရင်တစ်ပတ်မှာတုန်းက မေမေတို့ သတိထားရမဲ့ မီးဖွားပြီးနောက် စိတ်ဓာတ်ကျခြင်းဆိုင်ရာ အခြေအနေများအကြောင်းကို ဖော်ပြခဲ့ပြီးပါပြီ။
https://m.facebook.com/story.php?story_fbid=566541772309475&id=100068609723221&mibextid=Nif5oz (ပြန်လည်ဖတ်ရှု့လိုပါက ဤလင့်ကိုနှိပ်ပါ။)
ဒါကြောင့် အခုတစ်ပတ်မှာတော့ အဲဒီလို စိတ်အခြေအနေတွေကနေ ကျော်လွှားနိုင်မဲ့ နည်းလမ်းလေးတွေကို တင်ဆက်ပေးသွားချင်ပါတယ်။
၁။ မိမိရဲ့ အိမ်ထောင်ဖက်ကို ဖွင့်ဟအကူအညီတောင်းခံပါ 💙
ကိုယ့်ကိုအချစ်ဆုံးလူက ကိုယ့်အကြောင်းကို အကောင်းဆုံးသိသူပါပဲတဲ့။
ဒီတော့ မေမေတို့ကို ပထမဦးဆုံး စိတ်သက်သာမှုရအောင် ပြုလုပ်ပေးနိုင်မဲ့လူက ကိုယ့်ရဲ့အိမ်ထောင်ဖက်ပဲ ဖြစ်ပါတယ်။
အမျိုးသားဖြစ်သူက ကလေးလေးကို ပြုစုပျိုးထောင်ပေးတဲ့နေရာမှာ အလုံးစုံမသိနိုင်တာမျိုးတွေ ရှိတတ်ပါတယ်။ ဥပမာ- နို့တိုက်ကျွေးတဲ့ နေရာလိုမျိုးမှာပေါ့။
ဒါပေမဲ့ သူလုပ်ပေးနိုင်တဲ့ ကိစ္စမျိုးတွေဆိုရင်တော့ ကိုယ်တိုင်လုပ်တတ်အောင် သင်ထားပေးပါ။
ကလေးလေးကို စောင့်ရှောက်တဲ့နေရာမှာ အကူအညီပေးနိုင်မဲ့ နေရာတွေဆီ ခေါ်သွားပေးဖို့လည်း သူ့ကိုတောင်းဆိုပါ။
(အကယ်၍ အိမ်ထောင်ဖက် ရှိမနေခဲ့ဘူးဆိုရင်လည်း ဘာမှအားငယ်စရာမလိုပါဘူး။
အားကိုးလို့ရနိုင်မဲ့ ဘိုးဘိုးဘွားဘွားတွေ မိတ်ဆွေသူငယ်ချင်းတွေဆီ ဖွင့်ဟအကူအညီတောင်းခံဖို့ မမေ့ပါနဲ့နော်။)
၂။ မိသားစုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ 💙
မိသားစုဆရာဝန်တွေဆိုတာ မိခင်ရော ကလေးကိုပါ အကောင်းဆုံး လမ်းညွှန်မှုတွေနဲ့ ကုသပေးနိုင်တဲ့ မိတ်ဆွေမွန်တွေပါ။
ကလေးလေးမှာ ရှိနေတဲ့ အခက်အခဲတွေပဲဖြစ်ဖြစ်၊ မေမေတို့မှာ လိုအပ်နေတဲ့ စိတ်ပိုင်းဆိုင်ရာ အကူအညီတွေပဲဖြစ်ဖြစ် ဘယ်လိုမျိုးမဆို တိုင်ပင်ဆွေးနွေးပြီး အကြံဉာဏ်ကောင်းတွေ ရယူနိုင်ပါတယ်။
၃။ ကလေးသူနာပြုဆရာမလေးများဆီက အကြံဉာဏ်ရယူပါ 💙
တစ်ခါတလေမှာ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့ အဆင်မပြေနိုင်သေးတဲ့အချိန် မေမေတို့ရဲ့ဘေးမှာ အနီးကပ်ဆုံး ရှိနေတတ်တာက ကလေးလေးကို ကူညီပြုစုထိန်းကျောင်းပေးနေတတ်တဲ့ ဆရာမလေးတွေပါပဲ။
ကလေးလေးတွေ အများကြီးနဲ့ ထိတွေ့ဆက်ဆံနေရပြီး မေမေတွေရဲ့ အခက်အခဲအမျိုးမျိုးကိုပါ နားလည်နေကြတဲ့သူတွေဖြစ်တာကြောင့် ဆရာမလေးတွေဆီကနေလည်း အကြံဉာဏ်ကောင်းတွေ ရယူနိုင်ပါတယ်။
၄။ ကလေးလေးရဲ့ ဘိုးဘိုးဘွားဘွားတွေဆီက နည်းလမ်းတောင်းခံပါ 💙
"သားအချစ် မြေးအနှစ်" ဆိုတဲ့ စကားအတိုင်း ဘိုးဘိုးဘွားဘွားတွေကို လျှော့တွက်ထားလို့လည်း မရဘူးနော်။
ကိုယ့်ကို အကောင်းဆုံးပြုစုပျိုးထောင်ပေးခဲ့ကြသလို မြေးအတွက်ဆိုလည်း ထိပ်ဆုံးကနေ အကြံဉာဏ်ကောင်းတွေ ပေးပြီး တုန်နေအောင် ဂရုစိုက်ပေးကြမဲ့သူလေးတွေပါ။
ဒါ့အပြင် သားသမီးဖြစ်တဲ့ မေမေတို့ကိုပါ ပြုစုယုယပေးကြဦးမှာမို့ မေမေတို့ပါ ကလေးလေးပြန်လုပ်လို့ရမဲ့ လျှို့ဝှက်နည်းလမ်းလေးတစ်ခုပေါ့ရှင်။
၅။ မိတ်ဆွေကောင်းတွေကိုလည်း မေ့မထားပါနဲ့ 💙
တစ်ခါတလေမှာ မိသားစုဆွေမျိုးတွေနဲ့ အဝေးကိုရောက်နေတဲ့အခါမှာ မိတ်ဆွေကောင်းတွေဆိုတာ ကိုယ့်အတွက် ဒုတိယမိသားစုလိုပါပဲ။
သားသမီးရှိတဲ့ မိတ်ဆွေတွေ ရှိမယ်ဆိုရင် သူတို့ဖြတ်ကျော်ခဲ့ရတဲ့ အတွေ့အကြုံတွေကို မေးမြန်းပြီး အားပေးကူညီမှုတွေ ရယူဖို့ မရှက်ရွံ့ပါနဲ့နော်။
၆။ အွန်လိုင်းကနေ အကြံဉာဏ်တွေ ရယူပါ 💙
အခုဆိုရင် အွန်လိုင်းပေါ်မှာ မေမေတွေချည်း တိုင်ပင်ဆွေးနွေးလို့ရအောင် ဖွဲ့ထားတဲ့ group လေးတွေ များစွာရှိလို့နေပါပြီ။
အချင်းချင်း အတွေ့အကြုံတွေ မျှဝေကြပြီး အပြန်အလှန်ကူညီကြရင်း နွေးထွေးမှုလေးတွေကို ရယူလိုက်ပါ။
ဆရာမတို့ရဲ့ Spring Doctors For Children လိုမျိုး မိခင်နှင့်ကလေးပြုစုစောင့်ရှောက်ရေးနည်းလမ်းတွေကို တင်ဆက်ပေးနေတဲ့ page တွေကနေ မျှဝေပေးတဲ့ စာလေးတွေကို သေချာဖတ်ရှု့ကြည့်ဖို့လည်း မမေ့ရဘူးနော်။
ကဲ ဒီလောက်ဆိုရင်တော့ မေမေတို့အတွက် စိတ်ခွန်အားရစေနိုင်မဲ့ နည်းလမ်းလေးတွေကို သိရှိနားလည်ကြလောက်ပြီလို့ ယူဆမိပါတယ်။
နောက်အပတ်တွေမှာလည်း စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာလေးတွေနဲ့အတူ ပြန်လာခဲ့ဦးမှာမို့ စောင့်မျှော်ဖတ်ရှု့ပေးကြပါဦးရှင်။
အားလုံးပဲ ကျန်းမာပျော်ရွှင်ကြပါစေ 💙
18/06/2023
မင်္ဂလာပါရှင့်
ဒီနေ့မှာတော့ ကလေးလေးတွေရဲ့သူတို့ကိုယ်သူတို့ သားသားလေးလား မီးမီးလေးလား ဘယ်လိုခွဲခြားတတ်လာတာလဲဆိုတဲ့အကြောင်းကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
👶🏻 ကလေးလေးက မွေးကင်းစတည်းက ယောက်ျားလေးလား မိန်းကလေးလားဆိုတာ ခွဲခြားသိမြင်နိုင်ဖို့ ထူးခြားတဲ့လက္ခဏာတွေကို စပြီးလေ့လာပါတယ်။
👶🏻ဒီလိုခွဲခြားနိုင်ဖို့ ပထမအဆင့်ကတော့ ကလေးလေးက ဖေဖေမေမေတို့ရဲ့မျက်နှာကို အရင်မှတ်သားတာပဲဖြစ်ပါတယ်။ ကလေးလေးက ယောက်ျားလေးမျက်နှာ၊ မိန်းကလေးမျက်နှာ ဆိုတာကို တစ်နှစ်သားအရွယ်မရောက်ခင်တည်းက ခွဲခြားသိမြင်တတ်နေပါပြီ။ မျက်နှာပေါ်က မျက်နှာသွင်ပြင်တွေ၊ မျက်နှာပေါ်ကအမွေးအမျှင်တွေနဲ့ ဆံစပ်ဆံစလေးတွေကို မှတ်သားထားပြီးတော့ ခွဲခြားတာပဲဖြစ်ပါတယ်။
⁃ ကလေးလေးက တစ်လသားအရွယ်လောက်ဆိုရင် အချိန်တော်တော်များများဂရုစိုက်ပေးတဲ့ မေမေရဲ့မျက်နှာနဲ့ မေမေရဲ့အသံကို တွဲမှတ်တတ်နေပါပြီ။ ဥပမာအားဖြင့် မေမေ့မျက်နှာဟာ လှပချောမွေ့ပြီးတော့ ဆံပင်အရှည်လေးနဲ့ မေမေ့အသံက အသံတုံး မြင့်မြင့်အသံပဲဆိုပြီး ကလေးလေးက တွဲမှတ်သားထားတာပဲဖြစ်ပါတယ်။
⁃ ဖေဖေကသာ ကလေးလေးကို အချိန်တော်တော်များများ အဓိကဂရုစိုက်ပေးတဲ့သူဆိုရင် ကလေးလေး ပထမဆုံးမှတ်မိမယ့်မျက်နှာကတော့ ဖေဖေတို့ရဲ့မျက်နှာပဲဖြစ်ပါမယ်။
⁃ ဒီနေရာမှာ ကလေးက သူမြင်ရတဲ့မျက်နှာနဲ့ သူကြားရတဲ့အသံကို တွဲမှတ်တတ်ဖို့ဆိုတာကလည်း အစပိုင်းမှာတော့ ကလေးအတွက် ခက်ခဲတဲ့အရာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကလေးအတွက် ဖေဖေမေမေတို့ရဲ့ မျက်နှာနဲ့အသံကို ခဏခဏတွဲမြင်အောင် ဖေဖေမေမေတို့က လုပ်ဆောင်ပေးသင့်ပါတယ်။
👶🏻ကလေးအသက် ၂နှစ်လောက်ဆိုရင် ယောကျ်ားလေး မိန်းကလေးကြားက ခန္ဓာကိုယ်ဖွဲ့စည်းပုံ ကွာခြားမှုကို သိလာပါပြီ။
👶🏻 ကလေးက အသက်၂နှစ်ခွဲကျော်လာရင်တော့ သူ့ကိုယ်သူ “သားသား၊မီးမီး”ဆိုပြီး ရည်ညွှန်းပြောဆိုတတ်လာပါပြီ။ ဒါပေမယ့်လည်း ကလေးက သူဟာ သားသားလေးလား မီးမီးလေးလား ဆိုတာကို အသက်၃နှစ်ပြည့်ပြီးလောက်ကျမှ သေချာခွဲတတ်မှာ ဖြစ်ပါတယ်။
⁃ ကလေးအသက် ၃နှစ်ပြည့်ပြီးရင် ဖေဖေမေမေတို့က ကလေးကို မေးခွန်းလေးတွေ အစမ်းမေးကြည့်သင့်ပါတယ်။ ဥပမာအနေနဲ့ပြောရရင် “သားသား/မီးမီးက ယောက်ျားလေးလား၊ မိန်းကလေးလား” ၊ “သားလေး/သမီးလေးကြီးလာရင် မေမေ့လိုဖြစ်မှာလား ဖေဖေ့လိုဖြစ်မှာလား” ၊ ဒီလိုမေးခွန်းတွေနဲ့ ကလေးက ကျားမ ခွဲခြားတတ်ပြီလားဆိုတာကို သိအောင်လုပ်လို့ရပါတယ်။
👶🏻အသက်၃နှစ်လောက်ဆိုရင် ကလေးရဲ့အပြုအမူလေးတွေ၊ ကစားတဲ့ပုံစံနဲ့ ရွေးချယ်တဲ့အရုပ်အမျိုးအစား၊ ရွေးချယ်လိုက်တဲ့ ကစားဖော် ၊ ဒါတွေကလည်း ကလေးရဲ့ သူ့ကိုယ်သူ သားသားလား မီးမီးလား ခွဲခြားသိပြီလားဆိုတာကို ဖော်ပြပေးနေပါတယ်။
⁃ ဥပမာအနေနဲ့ဆိုရင် ၃နှစ်အရွယ်လောက်ဆိုရင် မီးမီးလေးက အရုပ်မလေးတွေနဲ့ နူးနူးညံ့ညံ့ကစားနည်းကို ရွေးချယ်မှာဖြစ်ပြီး သားသားလေးကတော့ အရုပ်မလေးတွေအစား စက်ရုပ်တွေ၊ထရပ်ကားအရုပ်လေးတွေကို ရွေးချယ်ပြီး ကျွမ်းထိုးမှောက်ခုံကစားတာမျိုးကို ပိုရွေးချယ်မှာပဲဖြစ်ပါတယ်။ (ဒီအတွက် ဖေဖေမေမေတို့က ကလေးအတွက် ရွေးချယ်စရာ ကစားစရာအရုပ်အမျိုးအစားများစွာကို ထားထားပေးသင့်ပါတယ်။)
👶🏻 ဖေဖေမေမေတို့ရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးပါတယ်။ ဖေဖေမေမေတို့က နေ့စဉ်ဘယ်လိုပြုမူနေထိုင်လဲ၊ ကလေးအပေါ် ဘယ်လိုပြုမူဆက်ဆံပေးတာလဲ၊ ကလေးလုပ်လိုက်တဲ့အပြုအမူပေါ်မှာ ဖေဖေမေမေတို့က ဘယ်လိုမျိုးပြန်တုန့်ပြန်ပေးလဲ ဆိုတာတွေကို ကလေးက မှတ်သားထားမှာပဲဖြစ်ပါတယ်။
⁃ ဥပမာအနေနဲ့ဆိုရင် ကလေးနဲ့အတူကစားတဲ့အခါ ဖေဖေမေမေတို့က သားသားလေးနဲ့ဆို ဘောလုံးပစ်တမ်း ကစားပေးတာမျိုး၊ မီးမီးလေးနဲ့ဆိုရင် အရုပ်လေးတွေနဲ့ကစားပေးတာမျိုး ဒီလိုမျိုး ဖေဖေမေမေတို့ရဲ့ သူတို့အပေါ် အပြုအမူတွေပဲဖြစ်ပါတယ်။ ဒီလိုအပြုအမူတွေကြောင့် ကလေးက “ဒါဟာ ယောက်ျားလေးလုပ်ရမယ့်အရာ၊ ဒါ မိန်းကလေးလုပ်ရမယ့်အရာ”ဆိုပြီး တဖြည်းဖြည်းနဲ့ ခွဲခြားတတ်လာမှာဖြစ်ပါတယ်။
⁃ ဖေဖေမေမေတို့က ကလေးကို စာဖတ်ပြတဲ့အခါ ရုပ်ပြစာအုပ်တွေမှာပါဝင်တဲ့ လူပုံတွေကို ကျားမ ခွဲခြားနိုင်အောင် သင်ပြပေးသင့်ပါတယ်။
⁃ ဖေဖေမေမေတို့က ဆင်မြန်းပေးတဲ့ အဝတ်အစားပုံစံ၊ ဆံပင်ပုံစံနဲ့ သူ့ကို ဘယ်လိုပြုမူဆက်ဆံတာလဲ၊ ဘယ်လိုအိမ်နာမည်ခေါ်ဆိုတာလဲ ၊ ဖေဖေမေမေတို့အပြင် ပတ်ဝန်းကျင်က သူ့အပေါ် ဘယ်လိုပြုမူဆက်ဆံလဲ စတာတွေကြောင့်လည်း ကလေးက သူ့ကိုယ်သူ သားသားလေးလား မီးမီးလေးလား ခွဲခြားတတ်လာမှာဖြစ်ပါတယ်။
09/06/2023
မင်္ဂလာပါရှင့်
ဒီနေ့မှာတော့ “ကလေးက ကိုယ့်ကိုယ်ကို သိမြင်တတ်လာခြင်း နှင့် ဖေဖေမေမေတို့က ဘယ်လိုပံ့ပိုးကူညီပေးရမလဲ” ဆိုတဲ့အကြောင်းကို ပြောပြပေးသွားပါမယ်။
✔️မေမေတို့ရေ လူသားတွေရဲ့ ကိုယ်ပိုင်အတွေးအခေါ်တွေ၊ စိတ်ခံစားချက်တွေ၊ စိတ်ဆန္ဒတွေအကြောင်း နားလည်ဖို့ဆိုတာက ခက်ခဲနက်နဲလှတဲ့အကြောင်းအရာပါပဲ။ ဒီလိုကိစ္စတွေကို ကလေးလေးအတွက်ကတော့ သူရဲ့ခန္ဓာကိုယ်ကိုလေ့လာခြင်းနဲ့ မှန်ထဲကသူ့ပုံရိပ်လေးကို မှတ်မိအောင် လေ့လာခြင်းကနေ စတင်သင်ယူပါတယ်။
✔️ကလေးလေးက “ဖေဖေ၊မေမေ” ခေါ်နိုင်ဖို့၊ သူ့ကိုယ်သူ “သားသားက၊မီးမီးက” နာမ်စားသုံးဖော်ပြတတ်လာဖို့ဆိုတာက သန္ဓေသားဘဝကနေ စတင်သင်ယူလာခဲ့ပြီးမှ လမ်းလျှောက်တတ်တဲ့အရွယ်လောက်ထိကို ကြာပါတယ်။
✔️သူကိုယ်သူ သိမြင်တတ်ချင်တယ်ဆိုတဲ့စိတ်မရှိသေးပေမယ့် ကလေးလေးက မေမေတို့ရဲ့ ဗိုက်ထဲမှာတည်းက သူ့ရဲ့လက်မလေးကို အရသာခံစားကြည့်တာ၊ သူရဲ့လက်ကလေးတွေ ထိကြည့်တာ၊ ခြေထောက်လေးတွေကို ခံစားကြည့်ကြတာမျိုးလေးတွေ လုပ်ဆောင်တတ်ပါတယ်။
✔️မွေးကင်းစကလေးလေးက သူကိုယ်တိုင်နဲ့ ပတ်ဝန်းကျင်ကလူတွေ၊ အရာဝတ္ထုတွေ ဘယ်လိုကွဲပြားလဲဆိုတာ မသိနိုင်သေးပါဘူး။ မွေးဖွားပြီး ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ ကလေးလေးက သူ့ခန္ဓာကိုယ်အစိတ်အပိုင်းလေးတွေကို ဘယ်လိုလှုပ်ရှားကြည့်မလဲဆိုတာအပြင် သူ့ဦးနှောက်နဲ့ ခန္ဓာကိုယ်ရဲ့ဆက်သွယ်နေတဲ့ အာရုံခံစားမှုတွေကိုပါ ရှာတွေ့လာပါပြီ။ ဥပမာအနေနဲ့ပြောရရင် ခွေးဟောင်သံကြားလို့ ခေါင်းလေးနဲ့လှည့်ကြည့်တတ်တဲ့ အလိုအလျောက်တုံ့ပြန်မှုနဲ့ ခွေးအမြီးလှုပ်ပြတာကို မြင်ရသွားတာလိုမျိုး ဦးနှောက်အချိတ်အဆက်လေးတွေလည်း သိလာတာမျိုး ဖြစ်ပါတယ်။
✔️ဒီလိုမျိုး ခန္ဓာကိုယ်အစိတ်အပိုင်းလေးတွေနဲ့ သူ့အပြုအမူတွေကို ထိန်းချုပ်တတ်လာတဲ့အခါ သူကိုယ်တိုင်နဲ့ ပတ်ဝန်းကျင်ရဲ့ ကွဲပြားခြားနားချက်တွေကိုပါ သိမြင်လာကြတာပဲ ဖြစ်ပါတယ်။
🔸 သူ့ခန္ဓာကိုယ်အကြောင်း သိမြင်တတ်လာခြင်းဟာ ကလေးလေးရဲ့ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အများကြီးအရေးပါပါတယ်။ သူ့ကိုယ်သူ သိမြင်တတ်မှုကနေမှ တစ်ခြားသူတွေနဲ့ သူ့ကိုယ်သူ ဘယ်လိုခွဲခြားရမလဲ၊ တစ်ခြားသူတွေနဲ့ ဘယ်လိုဆက်ဆံရမလဲဆိုတာအပြင် သူ့ကိုယ်သူ ထိန်းချုပ်တတ်လာဖို့၊ သူဟာ သားသားလေးလား မီးမီးလေးလား ခွဲခြားတတ်လာနိုင်ဖို့၊ သူ့ဘာသာသူ နေတတ်လာဖို့ ဆိုတာတွေကိုပါ တတ်မြောက်လာမှာပဲ ဖြစ်ပါတယ်။
✔️ကလေးလေးက သူရဲ့ ခန္ဓာကိုယ် ဘယ်လိုအလုပ်လုပ်လဲ၊ ဘယ်လိုပုံစံလဲ၊ ဘယ်လိုခံစားရလဲ၊ ဘယ်လိုအနံ့လဲ၊ဘယ်လိုအရသာမျိုးလဲဆိုတာတွေကို ကစားခြင်း၊ စူးစမ်းလေ့လာကြည့်ခြင်းကနေလည်း သင်ယူပါတယ်။
⭐️ မေမေတို့က ကလေးကိုရေချိုးပေးတဲ့အချိန်ဟာ ကလေးလေးက သူ့ရဲ့ လက်တွေခြေထောက်တွေ၊ သူ့ရဲ့ ဗိုက်လေးနဲ့ တစ်ခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ကောင်းကောင်းလေ့လာနိုင်ဖို့ အကောင်းဆုံးအချိန်ပဲဖြစ်ပါတယ်။
ပြီးတော့ တစ်ချို့အချိန်တွေမှာ ကလေးကို အဝတ်မဝတ်ပေးသေးဘဲ ဒိုင်ပါလေးပဲ ဝတ်ပေးထားတဲ့ ခဏတာအချိန်မျိုးလေးတွေ ဖန်တီးပေးသင့်ပါတယ်။
🔸 ကလေးအတွက် သူ့ကိုယ်သူ သိမြင်တတ်လာအောင် ဖေဖေမေမေတို့က ဘယ်လိုပံ့ပိုးကူညီပေးရမလဲဆိုရင်တော့
⭐️ ကလေးကို မှန်ပြပြီး မှန်ထဲကပုံရိပ်လေးကို ကြည့်တတ်အောင် လေ့ကျင့်ပေးခြင်းပဲ ဖြစ်ပါတယ်။
ကလေး အသက် ၃လအတွင်းမှာ မှန်ထဲက ပုံရိပ်ဟာ သူ့အတွက်တော့ ဖေဖေမေမေတို့ရဲ့မျက်နှာလောက်တောင် စိတ်ဝင်စားမှုဖြစ်စေမှာ မဟုတ်ပါဘူး။ ဒီအတိုင်း သူ့ကို ပြန်ကြည့်နေတဲ့ မျက်နှာတစ်ခုဆိုတာလောက်ပဲ မြင်မှာပါ။
အသက် ၄လနဲ့ ၆လအရွယ်ဆိုရင်တော့ ကလေးက မှန်ထဲက သူ့ပုံရိပ်ကို စိတ်ဝင်စားလာပါပြီ။ တစ်ခါတလေဆို မှန်ထဲက ပုံရိပ်ကို ပြုံးပြတတ်တာမျိုးရှိပေမယ့် ဘယ်သူ့ကိုပြုံးပြလိုက်တာလဲဆိုတာ မသိသေးပါဘူး။
🔹 ကလေးအသက် ၄လမှ ၆လအရွယ်
ဖေဖေ သို့မဟုတ် မေမေက ကလေးကို ချီပွေ့ထားပြီး လက်တစ်ဖက်ကနေ ကလေးမြင်သာအောင် မှန်နဲ့ပြပေးပါ။ နောက်တစ်ယောက်က မှန်ထဲမှာ အရုပ်လေးကိုမြင်သာအောင် အနောက်ဘက်ကနေ တိုးတိုးတိတ်တိတ်လေး ပြပေးပါ။ ကလေးချီထားတဲ့ မေမေက “အရုပ်လေးကို မြင်ရလား၊အရုပ်လေးက ဘယ်မှာလဲ” ပြောပြပေးပါ။ ဒါဆို ကလေးက မှန်ထဲက အရုပ်လေးရဲ့ပုံရိပ်ကို အာရုံရောက်သွားလိမ့်ပါမယ်။ အဲ့လိုမျိုး ကလေးက စိတ်ဝင်စားလာရင် အရုပ်လေးကို အသံကြားအောင် လှုပ်ပြပြီး ဖွက်လိုက်ပါ။ ပြီးရင် ပြန်ပြီးပြပေးပါ။ ဒိီလိုမျိုးကစားပေးမယ်ဆိုရင် ကလေးလေးအတွက် မှန်ထဲက ပုံရိပ်ကို လေ့လာတဲ့နေရာမှာ အထောက်အကူဖြစ်စေမှာပါ။
🔹 ကလေးအသက် ၆လလောက်ဆိုရင် ကလေးက မှန်ထဲမှာမြင်ရတဲ့ ပုံရိပ်လေးကို ပြုံးပြတတ်လာပါပြီ။ ကလေးက မှန်ထဲကြည့်နေတဲ့အချိန်မှာ မေမေတို့က မှန်ထဲကနေ ကလေးမြင်သာအောင် “တူတူရေ ဝါး“ ကစားပေးတာမျိုး၊ မှန်ထဲက ကလေးရဲ့ပုံရိပ်ကို စကားပြောပေးတာမျိုး လုပ်ပေးရပါမယ်။
🔹 ကလေး ၁၀လသားအရွယ်ဆိုရောက်ရင် မှန်ထဲမှာ အရုပ်လေးပြပြီး ကစားပေးတာမျိုး ပြန်လုပ်ပေးပါ။ ကလေးလေးက သူ့ဘာသာသူ ထိုင်နိုင်တဲ့ အရွယ်ရောက်ပြီဆိုတော့ မှန်ထဲကို အရုပ်လေးမြင်အောင်ပြလိုက်တဲ့အခါ နောက်ကိုလှည့်ပြီး တကယ့်အရုပ်လေးကို လိုက်ကြည့်တာမျိုး လုပ်တတ်လာမှာပါ။
🔹ဖေဖေမေမေတို့ရေ ကလေးလေး တစ်နှစ်သားအရွယ်လောက်ဆိုရင်တော့ ကလေးကို မှန်မပြခင်မှာ ကလေးမျက်နှာမှာ ကလေးမသိအောင် ကလေးအိပ်ပျော်နေတဲ့အချိန်မှာဖြစ်ဖြစ် ဆေးရောင်တစ်ခုခု တို့ပေးထားလိုက်ပါ။ (ကလေးရဲ့ အသားနုနုလေးကို မထိခိုက်စေမယ့် ချွတ်ရလည်းလွယ်မယ့် ဆေးရောင်ကို ရွေးချယ်ရပါမယ်)။ ကလေးကို မှန်ပြလိုက်တဲ့အခါမှာ ကလေးက မှန်ထဲက သူ့မျက်နှာပေါ်က ဆေးရောင်ကို ညွှန်ပြလား၊ ဒါမှမဟုတ် သူ့မျက်နှာကို ပွတ်ပစ်လိုက်တာလား ဆိုတာ ကြည့်လိုက်ပါ။ ဒါဆိုရင် ကလေးက သူ့မျက်နှာကို မှတ်မိသွားပြီ၊ မှန်ထဲက မျက်နှာလေးဟာ သူ့မျက်နှာဆိုတာ သိသွားပြီ ဆိုတာ တွေ့ရမှာပါ။
နောက်တစ်နည်းကတော့ ဖေဖေမေမေတို့ရဲ့မျက်နှာမှာ ကလေးမသိအောင် စတစ်ကာ တစ်ခုခုနဲ့ ကပ်ထားပါ။ ကလေးကို မှန်ပြတဲ့အချိန်မှာ စတစ်ကာကပ်ထားတဲ့ ဖေဖေမေမေတို့ရဲ့မျက်နှာကို မှန်ထဲပေါ်အောင် ပြလိုက်ပါ။ ဒါဆိုရင် ဖေဖေမေမေတို့ရဲ့ ပုံမှန်မျက်နှာကို မှတ်ထားတဲ့ ကလေးလေးက အခုဖေဖေမေမေတို့ရဲ့ မျက်နှာကို စူးစမ်းပြီးကြည့်ပါလိမ့်မယ်။
အထက်ဖော်ပြပေးထားတဲ့ မှန်နဲ့လေ့ကျင့်ပေးတဲ့နည်းလမ်းတွေကတော့ ကလေးလေးအတွက် ကိုယ့်ကိုယ်ကို သိမြင်လာအောင် အထောက်အကူပေးမယ့် နည်းလမ်းတွေပဲဖြစ်ပါတယ်။
02/06/2023
မင်္ဂလာပါ မေမေတို့ရေ 💙
ဒီနေ့ညမှာတော့ ဆရာမက မေမေတို့အတွက် သတိထားရမဲ့ မီးဖွားပြီးနောက် စိတ်ဓာတ်ကျခြင်း အခြေအနေလေးတွေကို ဗဟုသုတအနေနဲ့ မျှဝေပေးသွားချင်ပါတယ်။
ဆရာမတို့ရဲ့ အာဂမိခင် မေမေတွေဟာ ကလေးလေးရောက်မလာခင်မှာရော မီးဖွားပြီးနောက်မှာပါ စိတ်လှုပ်ရှားမှုအများဆုံး ကြုံတွေ့ကြရတဲ့သူတွေပါ။
ကလေးလေးရောက်မလာခင်မှာတော့ အတွေးလေးတွေနဲ့ ကြိုကြည်နူးရတတ်ပေမဲ့ တကယ်တမ်း မီးဖွားပြီးတဲ့နောက်မှာတော့ ညစဉ်ရက်ဆက် အိပ်ရေးပျက်မှုဒဏ်တွေနဲ့ ပင်ပန်းမှုဒဏ်တွေကြောင့် PND (Postnatal Depression) လို့ခေါ်တဲ့ မီးဖွားပြီးနောက် စိတ်ဓာတ်ကျခြင်းအခြေအနေတွေနဲ့ ရင်ဆိုင်လာရတတ်ပါတယ်။
ဒါ့အပြင် PND အခြေအနေဟာ နေ့စဉ်ဘဝမှာပါ သက်ရောက်မှုရှိလာပြီး စိုးရိမ်သောကတွေကို တိုးလာစေတတ်ပါတယ်။
တချို့မေမေတွေဆိုရင် ကလေးလေးကို သေချာဂရုစိုက်မပေးနိုင်ဘူးလို့ ခံစားလာရတာတွေအပြင် အိမ်ကနေထွက်သွားရမှာ၊ မိတ်ဆွေတွေနဲ့ တွေ့ဆုံရမှာတွေကိုပါ စိုးရွံ့လာတတ်ပါတယ်။
အကယ်၍များ အောက်ပါလက္ခဏာတွေကို စတင်ခံစားနေရပြီဆိုရင်တော့ မိမိကိုယ်ကိုယ်သေချာဂရုစိုက်ပြီး မိသားစုဆရာဝန်နဲ့ သေချာဆွေးနွေးမှုရယူဖို့ အကြံပေးချင်ပါတယ်ရှင်။
🤱🏻 စိတ်မပျော်ရွှင်မှု
- မီးဖွားပြီးပြီးချင်း ပထမဆုံးရက်ပိုင်းတွေမှာ ကလေးလေးနဲ့ ပတ်သက်တဲ့ ခက်ခဲမှုတွေကြုံကြရတာ ဓမ္မတာပါပဲ။
ဒါပေမဲ့ မိခင်အများစုကတော့ ရက်သတ္တပတ် ၁ ပတ် (သို့) ၂ ပတ်မြောက်ပြီးတဲ့အချိန်မှာ အကောင်းမြင်စိတ်တွေ ပိုဖြစ်လာတတ်ကြပါတယ်။
PND ရှိနေတဲ့ မိခင်တွေမှာတော့ ဝမ်းနည်းမှုတွေ၊ စိတ်ဆိုးမာန်ဆိုးဖြစ်မှုတွေက ဆက်လက်ပြီး တည်ရှိနေတတ်ပါတယ်။
🤱🏻 စိတ်မဝင်စားမှု / စိတ်မပါမှု
- မေမေတို့မှာ PND ရှိနေမယ်ဆိုရင်တော့ အရာရာမှာ စိတ်ပါဝင်စားမှု လျော့နည်းလာပြီး activity တွေမှာ ပါဝင်ဖို့ ခက်ခဲလာတာတွေ၊ မိမိကိုယ်ကို motivate မလုပ်နိုင်တာတွေ ဖြစ်လာတတ်ပါတယ်။
🤱🏻 အားအင်ကုန်ခမ်းမှု
- ဟုတ်ပါတယ်။ ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ရတာ အင်မတန်မှ ပင်ပန်းရသလို ဒါဟာလည်း သာမန်ဖြစ်စဉ်တစ်ခုလို့ပဲ ပြောတတ်ကြပါတယ်။ ဒါပေမဲ့ PND အခြေအနေကလည်း အလွန်အမင်း မောပန်းနွမ်းနယ်မှုတွေ၊ အားအင်ကုန်ခမ်းမှုတွေကို ဖြစ်စေတတ်ပါတယ်။
🤱🏻 အိပ်စက်ခြင်းဆိုင်ရာပြဿနာရှိလာမှု
- မအိပ်လွယ်တဲ့ ကလေးတွေ၊ မကြာခဏ နိုးနေတတ်တဲ့ ကလေးတွေကို ကြည့်ရှု့စောင့်ရှောက်နေရတဲ့အခါ PND ကို ပိုဆိုးလာစေပါတယ်။ မေမေတို့ကိုယ်တိုင် ညဘက်တွေ အိပ်မပျော်တော့တာ အမြဲနိုးနေတတ်တာတွေ ဖြစ်လာနိုင်ပါတယ်။
🤱🏻 ယုံကြည်ချက်ပျောက်ဆုံးမှု
- PND အခြေအနေ စတင်နေပြီဆိုရင်တော့ ကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေကို မေးခွန်းထုတ်မိတာတွေ၊ အာရုံစူးစိုက်နိုင်မှု ခက်ခဲတဲ့ ပြဿနာတွေ ကြုံတွေ့လာတတ်ပါတယ်။
🤱🏻 လိပ်ပြာမလုံမှု / မိမိကိုယ်ကို အပြစ်ရှိစိတ်ခံစားရမှု
- ကလေးလေးပျော်ရွှင်ပြီး လန်းဆန်းနေတဲ့အချိန်မှာတောင် မေမေတို့အနေနဲ့ စိတ်တုန်လှုပ်မှုတွေ ဖြစ်နေပြီဆိုရင်တော့ ဒါ PND အခြေအနေတစ်ခုပါပဲ။
🤱🏻 စားသောက်မှုပုံစံ ပြောင်းလဲမှု
- အစာစားချင်စိတ် ပျောက်ဆုံးတာနဲ့ အစားအသောက်အပေါ် အာရုံမရတော့တာကလည်း PND အခြေအနေတစ်ခုပါ။
🤱🏻 အတွေးများကို ကြောက်ရွံ့မှု
- PND ရှိတဲ့ တချို့မေမေတွေမှာ ၎င်းတို့ရဲ့ ကလေးလေးတွေကို ဒါမှမဟုတ် မိမိကိုယ်ကို ထိခိုက်အောင် လုပ်ချင်တဲ့ အတွေးတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ ဒါကိုတော့ စွဲလမ်းမှုဆိုင်ရာ စားမြုံ့ပြန်အတွေးများ လို့ ခေါ်ပါတယ်။ ဒါပေမဲ့ ဒီအခြေအနေနဲ့ ကြုံတွေ့နေရပြီ ဆိုရင်တော့ မေမေတို့ကို ကူညီပေးနိုင်မဲ့ ဆရာဝန်နဲ့ သေချာပြသပြီး ကုသမှုခံယူဖို့ အကြံပေးချင်ပါတယ်ရှင်။
ဒါပေမဲ့ မကြောက်ပါနဲ့။
"အနာရှိရင် ဆေးရှိတယ်" ဆိုသလိုပါပဲ။ PND ကို သက်သာစေနိုင်တဲ့ နည်းလမ်းလေးတွေလည်း ရှိလို့နေပါတယ်။
အဲဒီနည်းလမ်းတွေကိုတော့ နောက်ရက်များမှာ ဆက်လက်ဖော်ပြပေးသွားမှာမို့ ဆက်ဆက်စောင့်ကြည့်ဖတ်ရှု့ပေးဖို့ တိုက်တွန်းချင်ပါတယ်ရှင်။
အားလုံးပဲ ကျန်းမာပျော်ရွှင်ကြပါစေ 💙
11/05/2023
မင်္ဂလာပါရှင် ❤
🧠 လူသားတွေရဲ့ စိတ်ခံစားချက်တွေကို ထိန်းချုပ်နေတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်း (၃)ပိုင်းအကြောင်းကို ရှေ့တစ်ခေါက်မှာ ပြောပြပေးခဲ့ပါပြီ။
🤔 ဒီလိုမျိုး သိပ္ပံပညာကို အလေးပေးပြီး ဦးနှောက်ဖွဲ့စည်းပုံတွေနဲ့ စိတ်ခံစားချက်တို့ကို ဆက်စပ်ဖော်ပြလိုက်တဲ့အခါ ကလေးတွေရဲ့ စိတ်ခံစားချက် တိုးတက်ဖြစ်စဥ်ပေါ်မှာ ပြင်ပ ပတ်ဝန်းကျင်ရဲ့ သက်ရောက်မှုဟာ မထင်မရှားဖြစ်သလို ဖြစ်သွားရပါတယ်။
✔ တကယ်တော့ ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်ဟာလည်း သိပ်ကိုမှ အရေးကြီးလှတဲ့ ထည့်သွင်းစဥ်းစားစရာ အကြောင်းအရာတစ်ခုပဲ ဖြစ်ပါတယ်။
☝ ကလေးလေးတွေ ပြုမူတဲ့ အပြုအမူတစ်ခုချင်းစီတိုင်းရဲ့ နောက်ကွယ်မှာ "ပတ်ဝန်းကျင်က ဖြစ်ရပ်တွေကိုမြင်ပြီး အတုမြင်၊ အတတ်သင်ခြင်း"က သိသာထင်ရှားတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတာကို တွေ့ရပါတယ်။
👉 ကလေးက တံခါးနောက်မှာပုန်းနေရင်းကနေ ဘွားခနဲပေါ်လာပြီး ခြောက်လှန့်တတ်လာတာ၊ (၄) နှစ်သား ကလေးလေးက Fly kiss လုပ်တတ်လာတာ စတဲ့ အပြုအမူလေးတွေဟာ ပတ်ဝန်းကျင်ကနေ မြင်ရတဲ့အရာတွေကို ကလေးလေးတွေ လိုက်လုပ်ကြတဲ့ သာဓကတွေပဲ ဖြစ်ပါတယ်။
💭 ကျွန်မတို့ လူသားတွေရဲ့ စိတ်ခံစားချက် အများစုဟာ အပြင်က ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို တုံ့ပြန်ရာကနေ ဖြစ်ပေါ်လာတယ်ဆိုတာ ငြင်းလို့မရပါဘူး။
👶 ဒါပေမယ့်လည်း ဘာပဲဖြစ်ဖြစ် ကလေးလေးတစ်ယောက်အတွက်တော့ တစ်ဒင်္ဂ အဖြစ်အပျက်တွေထက်စာရင် ဖေဖေမေမေတို့ ဖန်တီးပေးတဲ့ ပတ်ဝန်းကျင်လေး၊ ရပ်ဝန်းလေးဟာ ကလေးလေးရဲ့ ဦးနှောက်လုပ်ဆောင်မှုတွေအပေါ်မှာ လွှမ်းမိုးမှုပိုများပါတယ်။
ကောင်းသည်ဖြစ်စေ ⭕ ဆိုးသည်ဖြစ်စေ ❌ ဖြစ်ရပ်တစ်ခုချင်းစီကနေ ကလေးလေးတွေ့ကြုံလိုက်ရတဲ့ စိတ်ခံစားမှုတွေဟာ ကလေးလေးရဲ့ ဦးနှောက်အပေါ်မှာ တိမ်းညွှတ်မှုလေးတွေကို ဖြစ်စေပါတယ်။
🧪 ခံစားမှု အတွေ့အကြုံတိုင်းဟာ ဦးနှောက်မှာ ဓါတုဗေဒဆိုင်ရာ ပြောင်းလဲမှုလေးတွေကို ဖြစ်စေခြင်းအားဖြင့် ခြေရာလေးတွေကို ချန်ရစ်ခဲ့ကြပါတယ်။
🐾 ခံစားချက် တစ်မျိုးကို တွေ့ကြုံရတဲ့ အကြိမ်ရေ များလာလေ အဲဒီခံစားချက်က ချန်ရစ်ခဲ့တဲ့ ခြေရာနက်လာလေပဲဖြစ်ပါတယ်။
👣 တောထဲက လမ်းကြောင်းတစ်ခုကို လူတွေအလျှောက်များလာတဲ့အခါ ကြာလာရင် လမ်းကြောင်းက နက်သထက် နက်လာသလိုပဲပေါ့နော်။
➕ ဒီလိုမျိုး များပြားစုပုံလာတဲ့ အတွေ့အကြုံတွေထဲမှာ ကလေးလေးရဲ့ အပြုံးတွေ၊ အားရပါးရ ခိုးခိုးခစ်ခစ် ရယ်သံလေးတွေကို ဖြစ်ပေါ်စေတဲ့ အတွေ့အကြုံတွေက ပိုများမယ်ဆိုရင် ကလေးရဲ့ ဦးနှောက်မှာ ဖြစ်ပေါ်နေတဲ့ ပြောင်းလဲမှုတွေက အပြုသဘောဆောင်တဲ့ဘက်ကို ဦးတည်သွားမှာပါ။
➖ ထိုနည်းတူပဲ ကလေးလေးအတွက် မကောင်းတဲ့အတွေ့အကြုံတွေ များပြားလာပြီဆိုရင်တော့ ဦးနှောက်က အပျက်သဘောဆောင်တဲ့ ဦးတည်ချက်ကို ပြောင်းလဲရောက်ရှိသွားပြီး လမ်းကြောင်းမှန်ကို ပြန်ပြောင်းပေးဖို့ရာ ခဲယဥ်းသွားတော့မှာပါ။
☹ အဲဒီအခါမှာဆိုရင် ကလေးလေး ကြီးလာတဲ့အခါ လောကကြီးက သာယာကြည်လင်နေတဲ့အခါမှာတောင် မှောင်နေတဲ့ဘက်ခြမ်းကိုပဲ မြင်တတ်တဲ့သူတစ်ယောက် ဖြစ်လာနိုင်ခြေ များသွားပါတယ်။
👨👩👧 ဒါကြောင့် ဖေဖေမေမေတို့ရဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ကလေးလေးကို လုံခြုံနွေးထွေးမှု ပေးနိုင်ဖို့ဆိုတာ သိပ်ကို အရေးကြီးလှပါတယ်။
💐 ဒါမှသာ ဖေဖေမေမေတို့ဟာ မိမိတို့ရဲ့ ရင်သွေးငယ်လေးတွေကို အကောင်းမြင်တတ်ပြီး တောက်ပတဲ့သူလေးတွေ ဖြစ်လာအောင် ပျိုးထောင်ပေးနိုင်မှာပဲ ဖြစ်ပါတယ် 💐
မိဘနဲ့ရင်သွေးတို့အတွက် ဓမ္မနဲ့အတူ ရပ်တည်နေမယ့်
Spring Doctors For Children
With Caring Hands and Courageous Hearts 💝
Click here to claim your Sponsored Listing.