My Dhamma Study Notes
ကျနော်ဖတ်မိသော ဓမ္မ အကြောင်းများ
---
# # ပြန်လည်မွေးဖွားခြင်းနှင့် ပဋိစ္စသမုပ္ပါဒ် အကြောင်းအကျိုးဆက်စပ်ခြင်း
ဗုဒ္ဓရဲ့ဟောကြားချက်မှာ ပြန်ဝင်စားတယ်ဆိုတာ မရှိပါဘူး။ **ပြန်လည်မွေးဖွားခြင်း (Rebirth)** ပဲရှိပါတယ်။ ပြန်လည်မွေးဖွားတယ်ဆိုတာက အရင်ဘဝက စိတ်၊ အကျင့်စရိုက်၊ ရုပ်အဆင်း စသည်တို့ တစ်ခုမှမပါဝင်တော့ဘဲနဲ့ အသစ်တဖန် ပြန်လည်ပြီးမွေးဖွားလာတာပါ။ လုံးဝကို မတူတဲ့ သူတစ်ယောက်အနေနဲ့ပါ။ အဲလိုဘာလို့ ပြန်လည်မွေးဖွားရတာလဲဆိုတော့ **အရှိတရားကို မသိမှု (အဝိဇ္ဇာ)** ကြောင့် စွဲလမ်းကပ်တွယ်ပြီး၊ အဲဒီကပ်တွယ်မှုကြောင့်ပဲ ဖြစ်တည်မှုတွေ အထပ်ထပ်ဖြစ်ကာ ဘဝအသစ်တစ်ခု ပြန်လည်စတင်ပြီး သံသရာကို ရှည်လျားစေတာပါ။
---
# # ကံနှင့် အတ္တမရှိခြင်း
ဆုံးပါးသွားရင် ကိုယ့်နောက် ဘာမှမပါဘူး၊ ကုသိုလ်၊ အကုသိုလ်ပဲပါတယ်ဆိုတဲ့ မြန်မာတွေရဲ့ အပြောမျိုးဟာ သင်ပြောသလိုပဲ ဗုဒ္ဓရဲ့ဟောကြားချက်နဲ့ နည်းနည်းကွဲလွဲနေပါတယ်။ ဘာလို့လဲဆိုတော့ ဗုဒ္ဓဟောကြားသလိုဆိုရင် **"ကိုယ်" ဆိုတဲ့ အတ္တ (မရှိခြင်း) (Anatta)** မရှိလို့ပါပဲ။ အရာအားလုံးက **အနိစ္စ (မမြဲခြင်း)**၊ **ဒုက္ခ (ဆင်းရဲခြင်း)**၊ **အနတ္တ (အတ္တမရှိခြင်း/တစ်ခုတည်းမရှိခြင်း)** ဆိုတဲ့ လက္ခဏာသုံးပါး စုပေါင်းပြီးတော့ ဖြစ်တည်လာတာပါ။
စာဖတ်သူ ကိုင်ထားတဲ့ ဖုန်းလေးကို ဥပမာပေးရရင်၊ အဲဒီဖုန်းလေးကို ကြည့်လိုက်ရင် ကင်မရာပါတယ်၊ ဖန်သားမျက်နှာပြင်ပါတယ်၊ ကာဗာပါတယ်။ အဲဒီဖုန်းလေးကလည်း မမြဲဘူး၊ ကြာလာရင် ဟောင်းလာမယ်။ ဖုန်းရှိရင် ခိုးခံရမှာ၊ ပျက်မှာ စိုးရိမ်ရတယ်။ တကယ်တော့ "ဖုန်း" လို့ ပြောပေမဲ့ ခုနက ကင်မရာ၊ မျက်နှာပြင်၊ ကာဗာ စသည်တို့နဲ့ စုပေါင်းထားတာ ဖြစ်နေပြန်ရော။ ဒါဆို "ဖုန်း" ဟုတ်သေးရဲ့လား။ မဟုတ်ပြန်ဘူးနော်။ အဲလိုပဲ ဖန်သားမျက်နှာပြင်ကို ထပ်ကြည့်မယ်၊ အဲမှာ အလွှာလေးတွေပါတယ်၊ အဲဒီအလွှာလေး တစ်ထပ်ချင်းကို ထပ်ခွဲကြည့်ရင်လည်း ကြာလာရင် ဟောင်းလာမယ်၊ ရှိနေရင် ဖုန်းခိုးခံရရင် ပါသွားမယ်။ ဖန်သားတစ်ခုလားဆိုတော့လည်း မဟုတ်ပြန်ဘူး။ ဖန်မော်လီကျူးလေးတွေနဲ့ စုပေါင်းပြီး မျက်နှာပြင် ဖြစ်နေပြန်ရော။ ဒါဆို အရာအားလုံးက ခုနက **အနိစ္စ၊ ဒုက္ခ၊ အနတ္တ** တွေကို စုပေါင်းပြီး ဖြစ်တည်နေပြီး အဲဒီအပေါ်မှာ နာမည်တပ် အစွဲပြုလိုက်တာနဲ့ ကိုယ့်ဒုက္ခ ဖြစ်လာပြန်တာပါပဲ။ သတ္တဝါတွေဆိုတာက အဲဒါကို သတိမထားမိလို့ ဖြစ်တည်ပြီး အဲဒီအပေါ်မှာ ဒုက္ခတွေ ခါးစည်းပြီး ခံရတာပါ။ အဲဒါကို အမှန်အတိုင်းမြင်အောင် လုပ်ပေးနိုင်တာကတော့ ဗုဒ္ဓ ရှာဖွေတွေ့ရှိခဲ့တဲ့ **ဝိပဿနာ ကျင့်စဉ်** ပါပဲ။
---
# # ပစ္စုပ္ပန်နှင့် အနာဂတ်ကို ဖန်တီးခြင်း
လက်ရှိ **ပစ္စုပ္ပန် (Present)** ကို ဘယ်အရာတွေက ဖန်တီးသလဲဆိုတော့ **အတိတ်က ပြုခဲ့တဲ့ ကံတွေ** က ဖန်တီးပါတယ်။ **အနာဂတ် (Future)** ကိုလည်း ဘယ်သူဖန်တီးလဲဆိုတော့ **ပစ္စုပ္ပန်က ကိုယ်တိုင်ပဲ ဖန်တီးတာပါ။** အဲဒါက **ပညတ် (မှတ်သားထားခြင်း)** သဘောအရ "ကိုယ်" လို့ စာဖတ်သူအများစု ရှင်းအောင် ပြောပြရတာ တကယ်တော့ အကြောင်းတရား အမျိုးမျိုးကြောင့် အကျိုးတရား အမျိုးမျိုး စုပေါင်းဖြစ်လာခြင်းသာ ဖြစ်ပါတယ်။
ဥပမာပြောရမယ်ဆိုရင် စာဖတ်သူက အရုပ်ဆိုင်ဖွင့်ထားတယ်ဆိုပါစို့၊ အရုပ်လည်း ရောင်းတတ်တယ်ဆိုရင် အရုပ်ကြိုက်တဲ့သူတွေ၊ အရုပ်နဲ့ပတ်သက်တဲ့သူတွေက စာဖတ်သူဆီ လာဖို့ အကြောင်းအရင်း ရှိသွားပါပြီ။ ဒါကြောင့်မို့ အရုပ်ရောင်းရင်တော့ အရုပ်ကြိုက်တတ်တဲ့သူ လာမှာဖြစ်သလို၊ စာအုပ်ရောင်းရင်တော့ စာအုပ်ကြိုက်တတ်တဲ့သူက လာမှာပါပဲ။ အဲဒါကို **ကုသိုလ် (Wholesome Action)**၊ **အကုသိုလ် (Unwholesome Action)** နဲ့ တွဲပြောရရင် ကောင်းတာလုပ်တဲ့သူဘေးမှာ ကောင်းခြင်းတွေ စုပြုံလာပြီးတော့ မကောင်းတာလုပ်တဲ့သူဘေးမှာ မကောင်းခြင်းတွေဟာ တဖြည်းဖြည်းနဲ့ စုပြုံလာမှာပါ။ ကောင်းတာမကောင်းတာ လုပ်တာမှာ **စိတ် (Mind)** ဆိုတာလည်းပါတယ်။ ကောင်းတဲ့စိတ်ထားရင် ကောင်းခြင်းတွေပဲ စုပြုံလာမှာပါ၊ မကောင်းတဲ့စိတ်ထားရင်လည်း မကောင်းခြင်းတွေပဲ စုပြုံလာမှာပါ။ ဒါက **ပညတ် (မှတ်သားခြင်း)** အရ ကောင်းခြင်း၊ မကောင်းခြင်းကို ရှင်းပြတာပါ။ **ပရမတ် (အရှိတရား)** အရဆိုရင်တော့ ကိုယ်လုပ်တဲ့ ပုံစံအတိုင်းပဲ ကိုယ့်နား အဲဒီအရာတွေကို နှစ်သက်တဲ့သူတွေ ရောက်လာတာပါ၊ အဲဒါပါပဲ။
သစ္စာလေးပါး ( Four Noble Truth )
ဗုဒ္ဓဘာသာရဲ့ အနှစ်သာရ အကျဆုံးနဲ့ အခြေခံအကျဆုံး တရားတော်ကြီး လေးခုဖြစ်ပါတယ်။ ဒုက္ခသစ္စာ ၊ သမုဒယသစ္စာ ၊ နိရောဓသစ္စာ ၊ မဂ္ဂသစ္စာ တို့ဖြစ်ကြပါတယ်။
ဒုက္ခသစ္စာကိုသိမှသာလျှင် ကျန်တဲ့ သစ္စာတွေကိုသိမှာဖြစ်တဲ့အတွက်ကြောင့် အရင်ဆုံး ဗုဒ္ဓ က ဒုက္ခသစ္စာကို ဟောကြားခြင်းဖြစ်ပါတယ်။ ဒုက္ခသစ္စာဆိုတာဟာ ဆင်းရဲခြင်းကိုဆိုလိုပါတယ်။ ဒုက္ခသစ္စာဆိုတာဟာ ဘဝရဲ့ မပြည့်စုံနိုင်မှု၊ မတည်မြဲမှု၊ ဆင်းရဲခြင်းသဘောကို ဆိုလိုပါတယ်။ ရိုးရိုးလေးပြောရရင်တော့၊ လူ့ဘဝတင်မဟုတ်ပဲ ၃၁ ဘုံမှာ ရုပ်နဲ့ နာမ် ခန္ဓာတွေရှိနေသမျှကာလပတ်လုံး၊ အပြည့်အဝ ကျေနပ်အားရနိုင်ခြင်းမရှိတဲ့ မတည်မြဲတဲ့ ဆင်းရဲသဘောတွေ ကြုံတွေ့နေရမှာဖြစ်ပါတယ်။
သမုဒယသစ္စာ က ဒုက္ခ ဖြစ်ရတဲ့အကြောင်းအရင်း ကိုဆိုလိုပါတယ် ဗုဒ္ဓ က ကိလေသာတွေကြောင့် သတ္တဝါတွေဟာ ဆင်းရဲနေခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ သမုဒယသစ္စာ က ဒုက္ခတွေ ဖြစ်ပေါ်လာရတဲ့ အဓိက အကြောင်းအရင်းကို ရှင်းပြပါတယ်။ ဗုဒ္ဓက သတ္တဝါတွေဟာ ကိလေသာတွေကြောင့် ဆင်းရဲဒုက္ခရောက်နေရတာလို့ ဟောကြားခဲ့ပါတယ်။ ကိလေသာဆိုတာ ဒေါသ၊ မောဟ၊ လောဘ စတဲ့ စိတ်ရဲ့ မကောင်းတဲ့ အညစ်အကြေးတွေကို ဆိုလိုပါတယ်။ ဒီကိလေသာတွေဟာ တဏှာလို့ခေါ်တဲ့ လိုချင်တပ်မက်မှုတွေကို ဖြစ်ပေါ်စေပါတယ်။ တဏှာကြောင့် ဥပဒါန်ဆိုတဲ့ ခိုင်မာတဲ့ အစွဲအလမ်းတွေ ဖြစ်လာပြီး၊ အဲ့ဒီ အစွဲအလမ်းတွေကပဲ ဘဝသစ်တွေမှာ ဒုက္ခတွေ ဆက်လက် ဖြစ်တည်လာစေတဲ့ အကြောင်းရင်း ဖြစ်ပါတယ်။ ဒါကြောင့် ကိလေသာ၊ တဏှာ၊ ဥပဒါန်တို့ဟာ ဒုက္ခရဲ့ အဓိက အကြောင်းရင်းတွေ ဖြစ်ပါတယ်။ ဒီကြောင်းအရာကို ဗုဒ္ဓ က ပဋိစ္စသမုပ္ပါဒ် မှာ ရှင်းပြထားပါတယ်။
နိရောဓ သစ္စာ ဆိုတာက ဒုက္ခတွေ လုံးဝ ချုပ်ငြိမ်းသွားတဲ့ နိဗ္ဗာန်ကို ဆိုလိုပါတယ်။ နိဗ္ဗာန်ဟာ ဒုက္ခနဲ့ ဘဝသံသရာ စက်ဝန်းက လွတ်မြောက်တဲ့ အခြေအနေဖြစ်ပြီး၊ ကိလေသာ အားလုံးကို အပြီးတိုင် ချုပ်ငြိမ်းစေခြင်းအားဖြင့် ရရှိနိုင်တယ်လို့ ဆိုပါတယ်။
မဂ္ဂသစ္စာ ကတော့ ဒုက္ခ ချုပ်ငြိမ်းရာ နိဗ္ဗာန်ကို ရောက်ဖို့ လမ်းကြောင်းကို ညွှန်ပြပါတယ်။ ဒီလမ်းကြောင်းကို မဂ္ဂင်ရှစ်ပါးလို့ ခေါ်ပြီးတော့ မှန်ကန်တဲ့ အမြင် (သမ္မာဒိဋ္ဌိ) ၊ မှန်ကန်တဲ့ စိတ်ကူး (သမ္မာသင်္ကပ္ပ) ၊ မှန်ကန်တဲ့ စကားပြောဆိုမှု (သမ္မာဝါစာ) ၊ မှန်ကန်တဲ့ လုပ်ဆောင်မှု (သမ္မာကမ္မန္တ) ၊ မှန်ကန်တဲ့ အသက်မွေးမှု (သမ္မာအာဇီဝ) ၊ မှန်ကန်တဲ့ လုံ့လဝီရိယ (သမ္မာဝါယာမ) ၊ မှန်ကန်တဲ့ သတိ (သမ္မာသတိ) ၊ မှန်ကန်တဲ့ တည်ကြည်မှု (သမ္မာသမာဓိ) တို့ ဖြစ်ပါတယ်။ မဂ္ဂင်ရှစ်ပါးကို ကျင့်ကြံ အားထုတ်ခြင်းအားဖြင့် ကိလေသာတွေကို တဖြည်းဖြည်း ဖယ်ရှားပြီး နိဗ္ဗာန်ကို ရောက်ရှိနိုင်ပါတယ်။
# # ပြန်လည်မွေးဖွားခြင်း ( Rebirth ) Vs ပြန်လည်ဝင်စားခြင်း ( Reincarnation )
လူတစ်ယောက်သေဆုံးတဲ့အခါမှာနောက်ဘဝကိုကူပြောင်းတယ်ဆိုတာကို စာဖတ်သူတို့အများစုက ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူတွေဆိုလျှင် သေချာပေါက်ရင်းနှီးမှုရှိမှာပါ။ ဒီနေရာမှာ ကျွန်တော်အရင်က ဗုဒ္စ စာပေတွေ မဖတ်ခင်မှာ သိခဲ့တာက အရပ်ပြောစကားအရ ဝိညာဉ် ( soul, self, consciousness ) မြန်မာလိုတော့ လိပ်ပြာလို့လည်းခေါ်တာပေါ့နော် အဲ့လို soul/self ဆိုတာရှိတယ်လိုထင်ခဲ့တာပါ။ အဲ့ soul/self ကို ဟိန္ဒူဘာသာမှာတော့ atman (အတ္တမန်) လို့ခေါ်တာလို့ဖတ်ဖူးပါတယ်။ သူရဲ့အယူအဆကတော့ သတ္တဝါတစ်ခု သေဆုံးသွားတဲ့အခါမျိုးမှာ ဝိညာဉ် က နောက်ထပ် ခန္ဓာတစ်ခုမှာ အသစ်ပြန်လည်ဝင်စားပြီးတော့ သတ္တဝါ အသစ်ဖြစ်တာမျိုးပါ။ အဲ့တာကို reincarnation လို့ခေါ်တာပေါ့နော်။ soul ကတစ်ခုတည်းပဲရှိတာပေါ့ ဘယ်လိုလဲဆိုရင် တစ်ခါသေဆုံးသော်လည်း ဒီ soul ဟာ ဒီ soul ပဲဖြစ်နေပြီး ခန္ဓာ တွေကတော့ ပြောင်းလဲသွားတာပေါ့။ ဒီမှာ ပြောနေရင်း လမ်းကြုံလို့ ဟိန္ဒူ ဘာသာရဲ့ ပန်းတိုင်ကို ပြောပြသွားပါ့ဦးမယ်။
ဟိန္ဒူဘာသာရဲ့ ပန်းတိုင်ကတော့ Moksha လို့ခေါ်ပြီး အဓိပ္ပါယ်ကတော့ သံသရာမှလွတ်မြောက်ခြင်းဖြစ်ပါတယ် ဗုဒ္ဓဘာသာနဲ့ ကွဲပြားတဲ့အချက်ကတော့ သူကတော့ လောကကြီးကိုဖန်ဆင်းတဲ့ ဗြဟ္မာကြီးနဲ့ ပေါင်းစည်းသွားခြင်း ဘဝသံသရာကနေလွတ်မြောက်သွားခြင်းလို့ အဓိပ္ပါယ်ရတယ်လို့ဖတ်ဖူးပါတယ်။ အဲ့ထက်နက်နဲမှာတော့အသေချာပါပဲ ကျွန်တော်တော့ ဒီလောက်မျှသာသိပါတယ်။ ဟိန္ဒူဘာသာကိုတော့ သေချာမသိသေးတဲ့အတွက်မို့ဆက်လက်ရေးနေရင် အမှားများပါနိုင်တာမို့လို့ ဗုဒ္ဓစာပေ ဘက်ပဲပြန်သွားကြမယ်နော်။
တကယ်တော့ ဗုဒ္ဓရဲ့အယူအဆမှာ ဝိညာဉ် ဆိုတဲ့ soul/self ဟာ မရှိပါဘူး။ soul/self အယူအဆဟာ ဟိန္ဒူဘာသာမှာပဲ ရှိပါတယ်။ တခြားဘာသာတွေမှာလည်း soul ရှိမရှိတော့ သေချာမဖတ်ရသေးလို့မသိပါ။ ဗုဒ္ဓရဲ့အယူအဆမှာတော့ ဘယ်အရာမှာမရှိတဲ့ အနတ္တ ဆိုတာပဲရှိတာပါ။ ဘာဖြစ်လို့မရှိတာလဲဆိုတော့ ဗုဒ္ဓ ရဲ့ဟောကြားချက် အရ အရာရာတိုင်းဟာ ပုံသေ ဆိုတာ ဘယ်တော့မှမရှိလို့ပါပဲ။ အရာရာတိုင်းဟာ အမြဲတမ်းပြောင်းလဲလျက်ရှိနေတာပါ။
ပြန်လည်မွေးဖွားခြင်း ( rebirth ) ကို ဗုဒ္ဓ ရဲ့အဆုံးအမ အရ အရာရာတိုင်းဟာ အမြဲတမ်းအဆက်မပြတ်ဖြစ်ပေါ်နေတာပါ။ သေဆုံးသွားချိန်မှာတောင် ကွယ်လွန်သူရဲ့ဆက်နွယ်နေတဲ့ ကံစွမ်းအင် သို့မဟုတ် အသိစိတ်က ပျောက်ကွယ်သွားခြင်းမရှိပါဖူး။ သေဆုံးပြီးတာနဲ့ဆက်တိုက်ဆိုသလို နောက်ဘဝကို အဆက်မပြတ်ပဲ တန်းပြောင်းပါတယ်။ ဖယောင်းတိုင်လေးရဲ့မီးလေးက တစ်တိုင်ကနေငြိမ်းသွားပြီး နောက်တစ်တိုင်ကို ဆက်တိုက်ကူးသွားသလိုမျိုးပါ။ ဒီနေရာမှာ ကြုံကြိုက်တုန်းပြောရရင် ကွယ်လွန်သူဟာ ကွယ်လွန်နေတဲ့အချိန်မှာ တစ်ခုခုကို စိတ်ကအစွဲအလမ်းကြီးနေရင် အဲ့စွဲနေတဲ့ နေရာသော်လည်းကောင်း စိတ်ကိုသော်လည်းကောင်း ပုဂ္ဂိုလ်ကိုလည်းကောင်း စွဲလွန်းနေပြီး ပြိတ္တာဘုံဘဝ ကိုရောက်ရတယ်လို့လည်းဖတ်ရပါတယ်။ ပြောချင်တာက ဝိညာဉ်ဖြစ်သွားတာမဟုတ်ပဲနဲ့ ပြိတ္တာဘဝကိုရောက်သွားရတာပါ အဲ့အခါမှာ သူ့ရဲ့ စိတ်အခြေအနေ ကံအဟုန်လေးကကောင်းတဲ့အခါကျ လူပုံစံမပျက်မြင်ရခြင်းသာဖြစ်ပါတယ်။
ဖယောင်းတိုင်က မီးလျှံက ကူးပြောင်းသွားတာ မှန်ပေမယ့် နောက်တစ်တိုင်ရောက်တဲ့အချိန်မှာ မီးလောင်ပုံခြင်းဟာလည်း မတူတော့ပါဘူး။ ဒါကိုတော့ လုပ်ခဲ့တဲ့ ကံ, စိတ်အခြေအနေတွေအပေါ်မူတည်ပြီးတော့ အရင်ဘဝနဲ့ဆက်စပ်မှုရှိနေပေမယ့် ရုပ်ကော နာမ်ကော အသစ်ပြန်လည်ဖြစ်ပေါ်ခြင်းပါ။ အရင်ဘဝကနဲ့ မတူညီတဲ့ အသိစိတ်နဲ့ရုပ်တစ်ခုဖြစ်ပေါ်လာအောင် အဲ့ဒီအရင်ဘဝက လုပ်ခဲ့တဲ့ ကောင်းမှုကုသိုလ်ကံ မကောင်းမှုအကုသိုလ်ကံ တို့က အကြောင်းပြုပါတယ်။ ဒီလိုအသစ်အသစ်တွေက တစ်ခုဖြစ်လိုက်တစ်ခုပြန်ပျက်လိုက်နဲ့ ဘဝသံသရာမှာ လည်နေသမျှ ကာလပတ်လုံး အမြဲတမ်းမရပ်ပဲ ကံအရှိန်အဟုန်ပေါ်မူတည်ပြီး နိမ့်လိုက်မြင့်လိုက်နဲ့ ဆက်တိုက်ဖြစ်ပေါ်နေတာလို့ ဗုဒ္ဓက ဟောဖူးတယ်လို့ဖတ်ဖူးပါတယ်။
ကျနော့်အမြင်အရ မျက်စိနဲ့မြင်နေရတဲ့ အရာအားလုံးဟာ တကယ်တော့ အမြဲတမ်း ပြောင်းလဲနေပါတယ်။ တည်ငြိမ်နေတဲ့ သံတုံးတစ်တုံးကို ကြည့်ရင်တောင် အရင်စက္ကန့်နဲ့ အခုစက္ကန့် မတူညီတော့ပါဘူး။ ဘာလို့လဲဆိုတော့ နောက်တစ်စက္ကန့်မှာ အရင်အခြေအနေထက် သံချေးအနည်းငယ် တက်သွားလို့ပါ။ အလွှာဟာ အလွန်ပါးလွှာတဲ့အတွက် မျက်စိနဲ့ မမြင်နိုင်ပေမယ့် အမြဲတမ်း အပြောင်းအလဲ ဖြစ်နေပါတယ်။ အပြောင်းအလဲတွေဟာ အလွန်မြန်ဆန်လွန်းတာကြောင့် တည်ငြိမ်နေတယ်လို့သာ ထင်ရခြင်းဖြစ်ပါတယ်။ တစ်စက္ကန့်နဲ့ တစ်စက္ကန့်ကြားမှာ မရေတွက်နိုင်တဲ့ ပြောင်းလဲမှုတွေ ရှိနေပါတယ်။
ဆရာတော်ကြီးတွေကတော့ အနိစ္စသဘောကို ရှင်းပြရာမှာ မြစ်ရေဥပမာကို ပေးလေ့ရှိပါတယ်။ မြစ်ရေဟာ ရပ်တန့်မနေဘဲ အမြဲတမ်း စီးဆင်းပြောင်းလဲနေတဲ့ သဘောကို ပေါ်လွင်စေပါတယ်။ ရွေ့လျားနေတဲ့အရာမှာ ရွေ့လျားမှုကို မြင်ဖို့ ခက်ပေမယ့်၊ မြစ်ရေဟာ ခဏလေးတောင် မငြိမ်သက်ဘဲ အမြဲတမ်း ပြောင်းလဲနေတယ်ဆိုတာကို သတိပြုမိနိုင်ပါတယ်။ တကယ်တော့ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာရှိတဲ့ အရာအားလုံးဟာ ဒီမြစ်ရေလိုပဲ အမြဲတမ်း ပြောင်းလဲနေကြတာ ဖြစ်ပါတယ်
# # နိဗ္ဗာန် ( Nirvana )
နိဗ္ဗာန် ဆိုတာဟာ ပါဠိ စကားလုံးတစ်လုံးဖြစ်ပြီးတော့ မြန်မာလို အဓိပ္ပါယ်ကတော့ ချုပ်ငြိမ်းခြင်း လို့ဖတ်ဖူးပါတယ်။ နိဗ္ဗာန်ဆိုတာဟာ ဗုဒ္ဓဘာသာမှာ ဗုဒ္ဓရဲ့ အဆုံးအများကို နာယူသူတိုင်းရရှိဖို့ကြိုးစားကြတဲ့ အမြင့်မြတ်ဆုံးပန်းတိုင်ဖြစ်ပါတယ်။ ချုပ်ငြိမ်းခြင်းလို့ ဘာကြောင့်ခေါ်တာလဲဆိုတော့ နိဗ္ဗာန်ဆိုတာဟာ မီးလောင်မြိုက်နေသကဲ့သို့ပူလောင်နေတဲ့ လောဘ (လိုချင်တပ်မက်မှု) ၊ ဒေါသ (အမျက်ထွက်မှု) ၊ မောဟ (အမှန်ကိုမမြင်နိုင်ပဲတွေဝေနေမှု) တို့ကို အပြီးတိုင် မီးစာကုန်ပြီး ငြိမ်းချုပ်သွားခြင်းကိုဆိုလိုပါတယ်။ နိဗ္ဗာန်မှာ နှစ်မျိုးရှိတယ်လို့ဖတ်ဖူးပါတယ်။
၁. ဥပါဒိသေသနိဗ္ဗာန် (နိဗ္ဗာန်)
၂. အနုပါဒိသေသနိဗ္ဗာန် (ပဋိနိဗ္ဗာန်)
၂ မျိုးစလုံးကတော့ အဓိပ္ပါယ်က ဆင်းရဲမှု ဒုက္ခ အပေါင်း ချုပ်ငြိမ်းသွားခြင်းကိုဆိုလိုတာခြင်းတူညီပါတယ်။
ဥပါဒိသေသနိဗ္ဗာန် (နိဗ္ဗာန်)
---
နိဗ္ဗာန် လို့ခေါ်တဲ့ ဥပါဒိသေသနိဗ္ဗာန် ဆိုတာဟာ ရဟန္တာ ပုဂ္ဂိုလ် က ကိလေသာတွေဖြစ်တဲ့ လောဘ၊ဒေါသ၊မောဟ အကုန် ကုန်စင်ပြီး ဘဝ သံသရာမှလွတ်မြောက်ပြီးဖြစ်ပါတယ်။ ဒါပေမယ့်သူ့မှာ ကိလေသာများကနေလွတ်မြောက်ပေမယ့် ခန္ဓာငါးပါးဆိုတဲ့
၁. ရုပ် (ရူပ) - မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်
၂. ဝေဒနာ (ခံစားမှု) - သုခဝေဒနာ (ပျော်ရွှင်မှု) ၊ ဒုက္ခဝေဒနာ (ဆင်းရဲမှု) ၊ ဥပေက္ခာဝေဒနာ (ပျော်လည်းမပျော်ရွှင် ဆင်းလည်းမဆင်းရဲသော ခံစားမှု)
၃. သညာ (မှတ်သားမှု) - မြင်ဖူးသောအရာများ ကြားဖူးသောအရာများ ကြုံဖူးသောအရာများကိုမှတ်မိခြင်း
၄. သင်္ခါရ(စိတ်ရဲ့ ပြုပြင်စီရင်မှု) - စေတနာ, ကံ, စိတ်ဆန္ဒ အစရှိသည်
၅. ဝိညာဏ်(အာရုံများကိုသိမှု) - မြင်သိမှု၊ ကြားသိမှု၊ အနံ့သိမှု၊ ထိတွေ့မှု၊ စိတ်ဖြင့်သိမှု စသည့်အာရုံခံစားမှုများ
စသည်တို့ကျန်နေတာသေးတာပေါ့နော်။ ခန္ဓာငါးပါးကလည်း စက္ကန့်နဲ့အမျှ တရစပ်ပြောင်းလဲနေလျက်ရှိကြတယ်လို့ဖတ်မိပါတယ်။ အခု ဥပါဒိသေသနိဗ္ဗာန် မှာက ကိလေသာတွေအကုန်ကင်းစင်သွားပေမယ့် အဲ့တာတွေတော့ ကျန်သေးတာပေါ့နော်။
အနုပါဒိသေသနိဗ္ဗာန် (ပဋိနိဗ္ဗာန်)
---
ပဋိနိဗ္ဗာန် ဆိုတဲ့ ဒီစကားလုံးကိုတော့လူတော်တော်များများက ရင်းနှီးကြပါတယ်။ သံဃာတော်ဆရာတော်ကြီးတွေ ပျံလွန်တော်မူတဲ့ အခါမှာ ပဋိနိဗ္ဗာန် စံတော်မူတယ်လို့ သုံးကြပါတယ်။ ဒီ ပဋိနိဗ္ဗာန်ဆိုတာကတော့ ခုနက ဥပါဒိသေသနိဗ္ဗာန် မှာကျန်နေတဲ့ ခန္ဓာငါးပါးပါကုန်လွန်ပြီး ရုပ်နာမ်ခန္ဓာတွေပါ အလုံးစုံချုပ်ငြိမ်းသွားတဲ့အတွက် ရုပ်နာမ်ခန္ဓာနှင့်တကွ ဆင်းရဲဒုက္ခအားလုံး အပြီးတိုင်ချုပ်ငြိမ်းသွားခြင်းပါတယ်လို့ ဖတ်မိပါတယ်။ အနုပါဒိသေသနိဗ္ဗာန်သည် နိဗ္ဗာန်၏ အထွဋ်အထိပ်ပန်းတိုင်သို့ စုံလင်စွာရောက်ရှိခြင်းဖြစ်ပြီး ဥပါဒိသေသနိဗ္ဗာန်သည် ထိုပန်းတိုင်သို့ စတင်ခြေချဝင်ရောက်ခါစ အခြေအနေမျိုးဖြစ်ပါတယ်။
ဆရာတော်ကြီးတွေက နိဗ္ဗာန်ကို ဥပမာပေးကြတာက မီးစာကုန်ပြီး မီးတိုင်လေးမီးငြိမ်းသွားသလိုပဲလို့ဟောကြပါတယ်။
ကျွန်တော့်အနေနဲ့ မဂ္ဂသစ္စာ (နိဗ္ဗာန်သို့ရောက်အောင် ကျင့်သောအကျင့်များ သို့မဟုတ် မဂ္ဂင်ရှစ်ပါး) ကို ဖန်ခွက်ငယ်လေးတစ်ခုအဖြစ် မြင်ယောင်မိပါတယ်။ တောက်တောက်လောင်နေတဲ့ ဖယောင်းတိုင်လေး (ဘဝ) ကို အဲ့ဒီဖန်ခွက်နဲ့ ဖုံးအုပ်လိုက်သလိုပါပဲ။ ဖန်ခွက်ထဲမှာ လောင်ကျွမ်းဖို့ တွန်းအားပေးနေတဲ့ အောက်ဆီဂျင် (လောဘ၊ ဒေါသ၊ မောဟ) တွေ အားလုံး ကုန်လောင်သွားတဲ့အခါ နောက်ဖယောင်းတိုင်လေးအသစ်တစ်ခု(ဘဝသစ်တစ်ခု) ကိုမရောက်တော့ဘဲ မီးစာကုန်ပြီး မီးငြိမ်းသွားသလို ဘဝသံသရာလည်း အဆုံးသတ်သွားတယ်လို့ တွေးမိပါတယ်။
အားလုံးပဲ စိတ်၏ချမ်းသားခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပြီး ဒုက္ခချုပ်ငြိမ်းရာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တဲ့သူများဖြစ်ကြပါစေကုန်သတည်း…
ကျွန်တော် ဖတ်မိသော ဗုဒ္ဓဘာသာ အကြောင်းကို ဝေမျှရင်း အမှတ်မှားခဲ့သည်ရှိသော် သိနိုင်အောင်နဲ့ ဓမ္မအသိတိုးပွါးလာစေရန်ရည်ရွယ်ပြီး ဆောင်းပါးသဖွယ် ရေးသားခြင်းမျိုးသာဖြစ်ပါတယ်။
အမှားများပါခဲ့သည် လိုအပ်ချက်များရှိခဲ့သော် ပြင်ဆင်ပေးစေလိုပါတယ်။
အားလုံးပဲစိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေ။
Category
Website
Address
Mandalay
05064
Alerts
Be the first to know and let us send you an email when My Dhamma Study Notes posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.