Max's sharing

Max's sharing

Share

Space for your learning with me🤲
"Loving learning is a wisdom of Education "📚

26/04/2025

“It was the human activity that encroached upon the animal’s range, creating conditions for conflict,” Udoto said.

🐅ကင်ညာနိုင်ငံမှာ တောရိုင်းတိရစ္ဆာန်‌တွေ ကြောင့် လူတွေ သေဆုံးခဲ့ရတာကို ဖော်ပြထားတဲ့ အကြောင်းကို CNN သတင်းမှာ ရေးထားတဲ့ စာကြောင်းဖြစ်ပါတယ်။
"လူသား တွေရဲ့ လုပ်ရပ်တွေက တိရိစ္ဆာန်တွေရဲ့ နေထိုင်ရာ ကို ကျူးကျော်သလိုဖြစ်တာကြောင့် လူနဲ့ တိရစ္ဆာန်ကြား ရန်လိုမှုတွေ ဖြစ်ပေါ်စေပါတယ်"လို့ ဆိုပါတယ်။
ကျူးကျော် ဝင်ရောက်တယ်၊ ချင်းနင်းဝင်ရောက်တာကို
🔹encroach (verb)အနေနဲ့ သုံးပါတယ်
Example sentences
👉 The growing town soon encroached on the surrounding countryside.

🔹တစ်စုံတစ်ယောက်ရဲ့ ဘဝ၊ အချိန်၊ အခွင့်အရေးတွေ ကို ဝင်ရောက်စွက်ဖက်တာကိုလည်း encroach လို့ သုံးနိုင်ပါတယ်။
To begin to affect or use up too much of somebody's time, rights, personal life.(Ref; Oxford dictionary)
👉I won't encroach on your time any longer.
👉 Gradually the negative feelings encroached into her work.
Max's sharing

13/04/2025

အင်္ဂလိပ်စာလေ့လာတဲ့အခါ Grammar Pattern တွေ အလွတ်ကျက်ပြီး မှတ်နေရတုန်းဆိုရင် 👇
◽ သင်လိုက်တဲ့ grammar တွေ အများကြီးပေမယ့် ပုံစံများလာတဲ့အခါ ရော‌ လာတတ်ပါတယ်။ တခါတ‌ လေ ပုံစံ တွေကြီးပဲ့ မှတ်ပြီး သူရဲ့ အသုံးပြုတဲ့ အနေအထားတွေ ကို နားမလည်တဲ့အခါ grammar က ရှုပ်
နေ မှာ ဖြစ်ပါတယ်။
◽ဘာသာစကား လေ့လာတဲ့ပညာရှင် တွေ အကြံပြုထားတဲ့အချက်တွေကို ကျွန်တာ်နဲ့အတူ လေ့လာရအောင်...🎉

နံပါတ်(၁) ပုံမှန် စာဖတ်ခြင်း
◽ အင်္ဂလိပ် ပုံပြင်၊ ဝတ္တု၊ ဆောင်းပါး၊ မဂ္ဂဇင်း အစရှိတဲ့ အင်္ဂလိပ်လို ရေးသားထားတဲ့ စာ တွေနဲ့ ရင်နှီးမှုရှိလာအောင် စာဖတ်ရပါမယ်။ ကိုယ့် ရဲ့ အင်္ဂလိပ်စာ အဆင့်နဲ့ ကိုက်ညီတဲ့ စာကို ဦး‌‌စားပေးဖတ်သင့်ပါတယ်။ စာဖတ်ရာမှ တစ်ဆင့် မိမိသင်ယူထားတဲ့ grammar ကို ဝါကျတွေထဲမှာ ဘယ်လို သုံးထားလဲဆိုတာ နားလည်သ ဘော‌ေပါက်လာမှာ ဖြစ်ပါတယ်။

နံပါတ်(၂) အ‌ ခြေခံ သဒ္ဒါ ပိုင် အောင် လုပ်ခြင်း
◽အင်္ဂလိပ် grammar ရဲ့အ ခြေခံ စည်းမျဉ်းများ ကို ခြေခိုင် အောင်လုပ်ခြင်း ဖြစ်ပါတယ်။ အထူးသဖြင့် နေ့စဉ် ဆက်သွယ်‌ေပြာဆိုရေးသားနေ သော ဘာသာစကားများဟာ basic level ရာခိုင်နှုန်းများစွာ ပါဝင်လျက်ရှိပါတယ်။
Dr. Soe Than ရေးသားထားတဲ့ "English Grammar ဘယ်လောက်တတ်ဖို့လိုလဲ"ဆောင်းပါးမှာ ဖတ်နိုင်ပါတယ်👇
https://www.facebook.com/share/p/158kh77jNx/

နံပါတ်(၃) မှတ်စုစာအုပ်ထားခြင်း
◽ Self-study လုပ်နေတဲ့သူများအတွက် စာဖတ် နေရင်း မသိနားမလည်‌ေသာ grammar ပုံစံများ ပါလာ ပါက online မှာ တစ်ဆင့် Cambridge grammar, British Council, Grammarlyစတဲ့ website တွေကနေ grammar patternရဲ့ အသုံးပြုမှု နဲ့ ပုံစံကို လေ့လာပြီး မိမိနားလည်သလို မှတ်စုမှတ်ထားခြင်းဖြစ်ပါတယ်။
လိုအပ်ပါက ပြန်လည် ကြည့်နိုင်ပြီး review ထပ်ခါ ထပ်ခါ လုပ်နိုင်ပါတယ်။

နံပါတ်(၄) ဒိုင်ယာရီ ရေးခြင်း
◽ လေ့လာထားတဲ့ Grammar ပုံစံ ကို မိမိရဲ့ နေ့စဉ် diary ထဲတွင် သုံးပြုပြီး စာရေးကြည့်ပါ။ စိတ်ခံစားချက်တွေ၊ရည်မှန်းချက်တွေ၊ အဖြစ်အပျက် တွေ ကို ရေးနိုင်ပါတယ်။
ဥပမာ- ဖြစ်ပျက်ထားတဲ့ဟာတွကို ရေးတဲ့အခါ past tense တွေကို သုံးပြုပြီး ရေးနိုင်ပါတယ်။

နံပတ်(၅) Quizzes
◽ လေ့လာပြီးတဲ့ grammar တွေကို Ai သုံးပြီး မေးခွန်း မေးခိုင်းခြင်းဖြစ်ပါတယ်။
Google ကနေ တစ်ဆင့်လည်း English quiz website များမှလည်း ပျော်ရွှင်စရာဂိမ်းတွေ ကစားပြီး လေ့လာနိုင်ပါတယ်။

Max's sharing
Never late to start!

13/04/2025

English Grammar ဘယ်လောက်တတ်ဖို့လိုသလဲ

ဆရာကြီး Dr.Soe Than ရေးသားထားတဲ့ ဆောင်းပါး ကို လေးစားစွာဖြင့် ပြန်လည်မျှဝေလိုက်ပါတယ်

(ပထမဦးဆုံး မေတ္တာရပ်ခံချင်တာက ဒီဆောင်းပါးလေးဟာ ကျောင်းသားလူငယ်လေးတွေကို Language awareness raising exercise အနေနဲ့ မျက်လုံးဖွင့်ပေးချင်၍ ရေးလိုက်ခြင်းဖြစ်ပါတယ်။ Grammar ruels တွေကို အကုန်သိမ်းကျုံး၍ရှင်းပြရန် ကြိုးစားထားခြင်းမဟုတ်ပါ။ ဒီလိုဆောင်းပါးတိုတိုလေးမှာလည်း လုပ်လို့မရနိုင်တဲ့ ကိစ္စပါ။ မေတ္တာဖြင့်ရေးသည့်စာကို မေတ္တာဖြင့်သာဖတ်စေချင်ပါတယ်။ one sentence in isolation ကို screen shot ရိုက်ယူကာ "Grammar ကို ဒီလောက်လေးတောင်ပြည့်စုံအောင် မရေးပေးတတ်တာ များစွာစိတ်အနှောင့်အယှက်ဖြစ်ရပါတယ်...." စသည်ဖြင့် ဝေဖန်ဖို့စောင့်နေတဲ့ grammar police တွေရှိတာကို သိတာပေါ့။ English grammar နဲ့ပတ်သက်လို့ ဘယ်အကြောင်းအရာတွေကို အဓိကဇောင်းပေးလေ့လာသင့်တယ်ဆိုတာကို ညွှန်ပြခြင်းသာဖြစ်ပြီး Grammar reference မဟုတ်ကြောင်း နားလည်ပေးပါလို့ မေတ္တာရပ်ခံပါရစေ။)
-----------------------------------------------------------

ခဏ ခဏမေးခံရတဲ့မေးခွန်းပါ။ ဆရာ ကျွန်တော် Grammar ညံ့လို့ ဘာတွေဖတ်ရမလဲ။ ဘယ်လိုလေ့လာရမလဲ။ ဆရာ ကျွန်မ စာရေးရင် Grammar အမှားတွေ အများကြီးပဲ။ Grammar ကောင်းအောင် ဘယ်လိုလုပ်ရမလဲတဲ့။
အဖြေကရှင်းနေတာပဲ။ Grammar ကိုသေသေချာချာတတ်ဖို့လိုတယ်လို့ထင်ရင် Grammar စာအုပ်ကောင်းကောင်းတစ်အုပ်ကို ကြေညက်အောင်ဖတ်၊ သို့မဟုတ် Grammar ဆရာကောင်းကောင်း သင်တန်းရှာပြီး သင်တန်းကို ပြီးဆုံးတဲ့အထိတက်ရမှာပေါ့။

ဒီအကြောင်းအရာနဲ့ပတ်သက်လို့ ကျွန်တော့်စာသင်အတွေ့အကြုံ နှစ်၂၀ကျော်အတွင်းမှာ တွေ့ကြုံခဲ့ရတဲ့ ကျောင်းသားတွေရဲ့ Grammar ပြဿနာတွေ၊ Grammar ကိုမနိုင်လို့ တွေ့ကြရတဲ့ အခက်အခဲတွေကိုအခြေခံပြီး Grammar ကောင်းအောင် ဘာတွေအပိုင်သိထားရမယ်ဆိုတာကို အခန်း ၉ခန်းခွဲပြီး နမူနာလေးတွေနဲ့ ညွှန်ပြချင်ပါတယ်။

ကျွန်တော်သင်ကြားပေးရတဲ့ ကျောင်းသားတွေဟာ တက္ကသိုလ် အငယ်တန်းကျောင်းသားတွေ University freshman students တွေ၊ Master တန်းကျောင်းသားတွေနဲ့ Ph.D. ကျောင်းသားကြီးတွေပါ။ သို့သော် သတိပြုမိတာလေးတစ်ခု ဥပမာပေးရရင် ဘယ်အတန်း ဘယ်အဆင့်ပဲရောက်နေနေ အခြေခံ Grammar မပိုင်ခဲ့တဲ့သူဟာ BBA အတန်းမှာလည်း Tenses ကိုမှား၊ MBA ရောက်တော့လည်း Tenses တွေမှားတုန်း၊ Ph.D. လုပ်လို့ ကျမ်းပြု Thesis/Dissertation ရေးတော့လည်း Tenses အမှားတွေပါနေတာပဲ။

ဘာ့ကြောင့်လဲ။ အခြေခံကိုတကယ်ပိုင်နိုင်အောင် အားမထုတ်ခဲ့လို့၊ သိသလိုလို နားလည်သလိုလို.... သလိုလိုတွေများနေပြီး သေချာအောင်မကြိုးစားခဲ့လို့၊ အင်္ဂလိပ်စာကို အတန်းထဲမှာ ဆရာစာသင်နေချိန်မှာသာ ကျောင်းသင်ခန်းစာလို့ သဘောထားသင်ယူခဲ့ပြီး၊ အတန်းပြီးရင် စာတွေအဝေးပျံထွက်သွား၊ လက်တွေ့နေ့စဉ်ဘဝမှာ အင်္ဂလိပ်စာနဲ့စကားကို အသုံးချမနေကြလို့၊ ဒီလ သင်ပေးလိုက်တာ သိတယ်၊ နားလည်တယ်၊ သို့သော် နောက်လ စာမေးပွဲလည်းပြီးသွားရော သိထားတာလေးတွေအကုန်ပြန်မေ့သွားရောဖြစ်ကြတာပေါ့။ ဒါ့ကြောင့် တချို့ အတန်းတွေသာကြီးလာတာ English grammar ကို အစမှ ပြန်စ ပြန်ရှင်းပြနေရတာပေါ့။ First year တုန်းကမှားခဲ့တဲ့ Grammar အမှားတွေ Ph.D. Thesis ရေးတော့လည်း ဒီအမှားတွေပဲပြန်လုပ်နေတတ်ကြတာပေါ့။

အဲဒီဘဝမျိုး အမှားသံသရာမျိုးမှ လွတ်စေချင်လို့ ကျွန်တော့်သင်ကြားရေးအတွေ့အကြုံအရ မသိမဖြစ် အပိုင်သိထားရမယ့် Grammar topics တွေ၊ Grammar area လေးတွေကို ဒီဆောင်းပါးမှာ မီးမောင်းထိုးပြချင်ပါတယ်။ ကဲ....ဆိုတော့ကာ ကျောင်းသားဘဝမှာရော လုပ်ငန်းခွင်မှာပါ အောင်မြင်နိုင်ဖို့ အင်္ဂလိပ်သဒ္ဒါဘယ်လောက်တတ်ထားသင့်သလဲ၊ In order to survive and thrive academically and professionally, how much English grammar one should know? ဆိုတဲ့မေးခွန်းကို ကြိုးစားဖြေကြည့်ပါရစေ။

❤️1. 8 Parts of Speech လို့ခေါ်တဲ့ ဝါစင်္ဂ ၈ပါးကို ကွဲကွဲပြားပြားသိထားဖို့ အရေးကြီးပါတယ်။

English Grammar စာအုပ်တွေကို စဖွင့်လိုက်တာနဲ့ တွေ့ရမှာ Parts of speech ဆိုတာပဲ။ အခြေခံအကျဆုံး အရေးကြီးဆုံးမို့လို့ ဒါနဲ့ပဲစကြရတာဖြစ်မှာပါ။ Parts of speech ကို နာမည်တွေသိထားရမယ့်အပြင် သူတို့တစ်ခုစီရဲ့ ဝါကျထဲမှာ ယူထားတဲ့တာဝန်ကိုပါသိနားလည်အောင်လေ့လာထားရမှာပါ။

8 Parts of Speech ဆိုတာ ဘာတွေလဲ
1. Noun
2. Pronoun
3. Verb
4. Adjective
5. Adverb
6. Preposition
7. Conjunction
8. Interjection/Exclamation စတာတွေပေါ့။
တချို့ Grammr စာအုပ်တွေမှာ article (a, an, the) ကိုပါထည့်သွင်းပြီး 9 Parts of speech ဆိုကာ တင်ပြတတ်တယ်။

Parts of speech ကို နမူနာပြချင်လို့ လုပ်ကြံရေးလိုက်တဲ့ အောက်ကဝါကျလေးကိုကြည့်ပါ။

A young boy saw an elephant walking slowly while he was sitting in the park.
လူကလေး ပန်းခြံထဲမှာထိုင်နေစဉ် ဖြေးဖြေးချင်းလျှောက်သွားတဲ့ ဆင်တစ်ကောင်ကိုတွေ့တယ်။

ဒီလို English sentence တစ်ခုကိုတွေ့တာနဲ့
A ဟာ article (a, an, the)
young ဟာ Adjective
boy ဟာ Noun
saw ဟာ Verb ဖြစ်တယ်။ simple past tense သုံးထားတယ်။
elephant ဟာ Noun
slowly ဟာ Adverb
while ဟာ Conjunction
in ဟာ preposition ဖြစ်တယ်ဆိုတာကို ခွဲခြားနိုင်အောင် Parts of speech ကိုသိနေရမှာပါ။ Noun ကို ယေဘူယျ Subject နေရာနဲ့ Object နေရာတို့မှာသုံးရတယ်။ Adjective ကို Verb to be နောက်မှာ၊ Noun ရဲ့ရှေ့မှာထားရတယ်။ Verb နဲ့ Adverb တွဲသုံးတယ် စတဲ့ အခြေခံအသုံးလေးတွေကိုနောကြေနေဖို့လိုပါတယ်။

နောက်အရမ်းအရေးကြီးတဲ့တစ်ခုကတော့ အင်္ဂလိပ်ဝေါဟာရကိုမှတ်သားရာမှာ Vocabulary word တစ်ခုချင်းရဲ့ Word Forms တွေကိုသိဖို့လိုပါတယ်။
ဥပမာ၊
interest ဟာ စိတ်ဝင်စားမှု (Noun) ဆိုတာကိုသိပြီးရင် သူ့ရဲ့ Verb, Adjective နဲ့ Adverb တို့ကိုပါ တပါတည်းသိအောင်အားထုတ်ပါ။
interest (Noun)
interest (Verb)
interesting/interested (Adjective)
interestingly (Adverb) စသည်ဖြင့်ပေါ့။
ဒါမှသာ လက်တွေ့ အင်္ဂလိပ်လို အပြောနဲ့ အရေးမှာ ဝါကျထဲမှာ ထည့်သုံးရမဲ့ နေရာ position ကိုမူတည်ပြီး noun သုံးရမလား၊ adjective သုံးဖို့လိုသလား မှန်ကန်အောင်ဆုံးဖြတ်ပြီး သုံးနိုင်မှာဖြစ်တယ်။ ကျောင်းသားအများစုရဲ့အားနည်းချက်က happy တော့သိတယ်၊ သူ့ရဲ့ noun 'happiness' ကိုမသိတာမျိုး၊ sad ဟာ ဝမ်းနည်းသော adjective ဆိုတာသိပေမဲ့ သူ့မှာ sadden ဆိုတဲ့ verb ရှိတာ မသိကြတာမျိုးတွေပေါ့။ ဒါလေးတွေမသိဘဲ အင်္ဂလိပ်စာ အရေး အပြောကို fluent ဖြစ်ဖို့မလွယ်ပါဘူး။

❤️ 2. Basic sentence structures တွေကို sentence pattern ဝါကျအထားအသိုပုံစံ သိထားရမယ်။

အင်္ဂလိပ်စာမှာ
- Simple sentence
- Compound sentence
- Complex sentence
ဆိုပြီး အခြေခံဝါကျပုံစံ သုံးမျိုးရှိတာကို သိထားရမယ်။ အဲဒီပုံစံသုံးမျိုးကိုပိုင်ရင် ဝါကျပေါင်းမြောက်များစွာ လှည့်ပတ်ရေးလို့ ပြောလို့ရပြီပေါ့။ ဥပမာပြရရင်

- Simple sentence ဆိုတာ Subject နဲ့ Verb ပါပြီး ပြီးပြည့်စုံတဲ့အဓိပ္ပါယ် a complete thought ကိုဖေါ်ပြတာ။
Bo Bo waited for the bus for one hour.
Ko Ko and Ma Ma are in the classroom.
I want to drink some water. ဒါလေးတွေဟာ Simple sentence တွေပါ။

- Compound sentence ကတော့ independent clause ၂ခု သို့မဟုတ် ဝါကျတို၂ခုကို and, but, or, so စသည့် Coordinating conjunction တစ်ခုကို အလယ်မှာထားပြီးဆက်ထားတဲ့ ဝါကျအရှည်ပါ။
Bo Bo waited for the bus for one hour, but the bus did not come.
Ko Ko and Ma Ma are in the classroom, and they need to go back home early today.
I want to drink some water, so I open the fridge.
ဒီလိုနည်းနည်းရှည်လာတဲ့ ဝါကျလေးတွေကတော့ Compound sentence တွေပေါ့။

- Complex sentence ကတော့ အမည်နဲ့လိုက်အောင် နည်းနည်းလေးပိုရှုပ်ထွေးလာပြီ။ independent clause တစ်ခုကို although, unless, while စတဲ့ Subordinating conjunction တစ်ခုနဲ့စထားတဲ့ dependent clause နဲ့ပေါင်းပေးထားတဲ့ ဝါကျအရှည်ပါ။
- Bo Bo is not happy although he can get whatever he wants in life.
- Students were told that they could not go home unless they completed the task.
- While I was sipping my coffee at the coffee shop, I realized that I had forgotten my wallet at home. ဒီလိုပိုရှည် ပိုရှုပ်ထွေးလာတဲ့ဝါကျတွေဟာ complex sentence တွေပေါ့။

ဒါဟာ မသိမဖြစ်သိထားရမဲ့၊ ရေးတတ်နေရမဲ့ အခြေခံဝါကျပုံစံ သုံးခုပါ။ အမြည်းသဘော အကြမ်းဖျင်းသာ ဒီမှာပြောပြနိုင်တာ။ အများကြီးကျယ်ပြန့်ပါတယ်။ Grammar စာအုပ်ဖတ်ပြီး လေ့ကျင့်ခန်းဝါကျတွေရေးကြည့် လုပ်ကြည့်မှ အပိုင်ရမှာပေါ့။

❤️ 3. Verb Tenses နဲ့ Voice ကိုနားလည် မှန်ကန်စွာအသုံးချနိုင်ရမယ်။

ကျောင်းသားတွေများ Tense ဘယ်နှစ်ခုရှိသလဲလို့မေးလိုက်ရင် 12 tenses ရှိပါတယ်ဆိုပြီး tense တွေရဲ့နာမည်ကို ရွတ်ပြတာ Grammar ကို ဆရာထက်တောင်ပိုသိကြသလိုလို။ ဟုတ်ရဲ့လားကွာ .... ဆရာသိတာတော့ Present, Past နဲ့ Futue ဆိုပြီး tense သုံးခုပဲရှိတာပါ လို့ပြောလိုက်ရင် ပြုံးစိစိလေးတွေဖြစ်သွားကြရော။ မင်းတို့တွေ Tense နာမည်တွေအကုန်သိပြီး တကယ်ချရေးတော့ ဘာ့ကြောင့် Tense ကိုဝါကျတွေထဲ မှန်အောင်မသုံးနိုင်ကြတာလဲ လို့လည်းမကြာခဏမေးမိတယ်။ ဟုတ်ပါတယ်၊ grammar ကို rules တွေသာအမိအရမှတ်ပြီး သူ့ရဲ့ usage၊ သူ့ရဲ့ အဓိပ္ပါယ်ကို နားမလည်လို့ပေါ့။

ဥပမာ Present Perfect Tense ကိုကြည့်ပါ။ သူ့ရဲ့နာမည်မှာ Present နဲ့စထားလို့ ကျောင်းသားတော်တော်များများက ဒါဟာ present tense တစ်မျိုးလို့ ထင်နေတတ်ကြတယ်။ မဟုတ်ပါဘူး။ သူ့ရဲ့ အသုံးနဲ့ အဓိပ္ပါယ်ကိုသိနားလည်ထားရင် Present Perfect Tense ဟာ Past tense တစ်မျိုးဖြစ်တယ်ဆိုတာကို သိမှာပါ။
I have seen the new movie.
ငါ ရုပ်ရှင်အသစ်ကိုကြည့်ပြီးပြီ။
I have been to China many times.
ငါ တရုတ်ပြည်ကို အကြိမ်ကြိမ်ရောက်ဖူးတယ်။
ဒီဝါကျတွေကို ကြည့်လိုက်ရင် Present Perfect ကို past experience ကိုဖေါ်ပြချင်ရင် သုံးတယ်ဆိုတာ မြင်သာပါတယ်။ past experience ကိုဖေါ်ပြရင် ဘာ့ကြောင့် Simple Past ကိုမသုံးတာလဲလို့လည်း မေးခွန်းထုတ်သင့်တာပေါ့။ ဒီလို မေးခွန်းမေးတတ်တဲ့အကျင့်ကောင်းရှိမှ Grammar ကို သေသေချာချာတတ်မှာကိုး။ အတိတ် ဘယ်အချိန်မှာ လုပ်ခဲ့တယ်၊ ဖြစ်ခဲ့တယ်ဆိုတာ ဖေါ်ပြရင်တော့ Simple Past သုံးရတာပေါ့။
I saw the new movie last night.
I went to China many times last year.

ဆိုလိုတာက Tenses တွေကို rules တွေသိရုံအဆင့်မှာ ရပ်မနေဘဲ တကယ်လက်တွေ့မှာ ဘယ်လိုအသုံးချရတယ်ဆိုတဲ့ အဆင့်အထိ တက်လေ့လာရမယ်။ Past Continuous နဲ့ Past Perfect တို့ဟာလည်း ကျောင်းသားတွေကို တော်တော်လေး ဒုက္ခပေးတဲ့ tenses တွေဖြစ်တယ်။
I was sleeping last night.
I had done my homework.
ဒီလိုဝါကျတွေဟာ grammar အမှား မပါသော်လည်း stand-alone, out of context ကြည့်မယ်ဆိုရင် သဘာဝမကျတဲ့ဝါကျတွေဖြစ်နေလို့ပါ။
While I was sleeping last night, my friend came to my home.
After I had done my homework, I went to bed.
စသည်ဖြင့် Past Continuous နဲ့ Past Perfect တို့ကို Simple Past နဲ့အတူတွဲပြီး ဝါကျထဲမှာ ထည့်သုံးရတာကို သိအောင် တတ်အောင် လေ့ကျင့်ထားဖို့လိုပါတယ်။

Verb Tenses တွေပြီးရင် နောက်အရေးကြီးတာတစ်ခုကတော့ Voice နဲ့ mood ပါ။

Active voice
Passive voice
Subjunctive mood စတာတွေကို အထက်တန်းကျောင်းမှာ အားလုံးသင်ခဲ့ကြရတယ်။ တက္ကသိုလ်ရောက်တော့လည်း grammar ဒါတွေပဲ ပြန်သင်ကြရတာပဲ။ အထူးသဖြင့် Passive voice ဟာ formal, academic writing မှာရော ရုံးလုပ်ငန်းခွင်သုံး official English မှာပါ အလွန်အသုံးများလို့ ပိုင်နိုုင်ထားဖို့လိုပါတယ်။

❤️ 4. Relative pronouns တွေ မှန်အောင်သုံးတတ်ဖို့အရေးကြီးပါတယ်။

သေးသေးလေးတွေပါ၊ who, whom, whose စသည်ဖြင့်ပေါ့။ ဒါပေမဲ့ ဝါကျထဲမှာ ထည့်ပြီး မွှတ်နေအောင် သုံးတတ်ပြီလား ကိုယ့်ကိုယ်ကိုယ်ပြန်မေးကြည့်ပါ။
Relative pronoun တွေကို တစ်ခုချင်း သူတို့ရဲ့ အသုံးချမှု၊ အဓိပ္ပါယ်ကို သိရမယ်။
- who ကို Subject နေရာရှိ လူအကြောင်းပြောရင်
- whom ကို Object နေရာရှိ လူအကြောင်းပြောရင်
- whose ကို လူတစ်ယောက်ရဲ့ possession ပိုင်ဆိုင်မှုကိုပြောရင်
- which/that ကို တိရစ္ဆာန်၊ အရာဝတ္ထု၊ သက်မဲ့တွေကိုညွှန်းရင်
- where ကို နေရာ ကိုညွှန်းရင် (အဲဒီနေရာမှာ တစ်ခုခုလုပ်၊ တစ်ခုခုဖြစ်မယ်)
- when ကို အချိန်တစ်ခုကို ညွှန်းရင် သုံးတယ်လို့ အဓိပ္ပါယ်သိထားပါ။

ပြီးရင် ထပ်သဘောပေါက်ရမှာက လက်တွေ့မှာ The teacher who teaches me English is ..... စတဲ့ဝါကျမျိုး ကျွန်တော်တို့ ဘာကြောင့်ပြောကြသလဲဆိုတာကို သိထားဖို့လိုပါတယ်။ Relative pronoun ကို the same noun ရဲ့ အကြောင်း ဝါကျ တစ်ခုထဲမှာ ၂ မျိုး၊ ၂ ခုပြောပြချင်လို့ သုံးတယ်လို့ အကြမ်းမှတ်ထားလိုက်ရင် နားလည်လွယ်သွားပါတယ်။

The teacher who teaches me English is from Australia.
ဒီဝါကျမှာ the same teacher အကြောင်း ၂ခုပြောထားတယ်။ He teaches me English. He is from Australia. ပေါ့။

"where" ဟာလည်း ခပ်ပေါ့ပေါ့ ဂရုမစိုက်တဲ့ ကျောင်းသားတွေ မှားတတ်ကြတဲ့ Relative pronoun ပါ။ နေရာတစ်ခုအကြောင်းပြောချင်ရင် where ကိုသုံးတယ်လို့ ခပ်ပေါ့ပေါ့မှတ်ထားတတ်ကြလို့ပေါ့။ အောက်က ဝါကျ ၂ကြောင်းကိုကြည့်ပါ။

A. Tourists like Bangkok, ___________ is the capital city of Thailand.
B. Tourists like Bangkok ___________ they can shop on the cheap.

ဒီဝါကျ ၂ခုစလုံးဟာ Bangkok ဆိုတဲ့နေရာအကြောင်းပဲ၊ ပထမဝါကျရဲ့ အဖြေက which ဖြစ်ပြီး၊ ဒုတိယဝါကျရဲ့အဖြေဟာ where ဖြစ်တာကို သိတယ်ဆိုရင် ဒီ relative pronoun ကိုတကယ်နားလည်လို့ပေါ့။

❤️ 5. If clauses/Conditional sentences ဝါကျပုံစံ မသိမဖြစ်သိထားရမယ်။

If clause ဟာ စကားပြောမှာရော အရေးမှာပါ နေ့စဉ်သုံးနေကြရတာ။ မှန်အောင်သုံးတတ်ရဲ့လား ပြန်ဆန်းစစ်ကြည့်ပါ။ Zero conditional အပါအဝင် Conditional type 1 to type 3 အထိ ဝါကျပုံစံလေးမျိုးရှိတယ်။ Grammar rules တွေ၊ Verb forms တွေသိတဲ့အပြင် Conditional type တစ်ခုစီရဲ့ အဓိပ္ပါယ်ဟာ ဘာလဲ၊ ဘယ်လို situation မှာသုံးရတာလဲဆိုတာကို သိထားရမှာဖြစ်ပါတယ်။ ဆိုပါစို့...

1. If V1 ......, will V1 (လုပ်ရင်ဖြစ်နိုင်တယ်၊ ဖြစ်လိမ့်မယ်)
If you study hard, you will pass the exam. (ကြိုးစားရင် စာမေးပွဲအောင်လိမ့်မယ်)
2. If V2....., would V1 (တကယ်မဟုတ်၊ စိတ်ကူးယဉ်ကြည့်တာ)
If I had a lot of money, I would buy you a new car. (ပိုက်ဆံမရှိလို့ တကယ်မဝယ်ပေးနိုင်)
3. If had V3....., would have V3 (အတိတ်ကဖြစ်ခဲ့တာ ပြန်တွေး နောင်တရ)
If I had studied harder, I would have got a seat at a better university. (မကြိုးစားမိခဲ့လို့ ကျောင်းကောင်းတက်ခွင့်မရတာ)

ဒီလိုမျိုး If clauses တွေရဲ့ လက်တွေ့အသုံးချပုံ အဓိပ္ပါယ်ကို သိထားရင် ဝါကျပေါင်းများစွာ ရေးလို့ ပြောလို့ရတာပေါ့။

❤️ 6. Direct - Indirect (Reported) speech ဟာလည်း နေ့စဉ် အပြောနဲ့ အရေးမှာ မရှိမဖြစ်လိုအပ်ပါတယ်။

ဆိုကြပါစို့ ကျွန်တော်ဟာ ကျောင်းသားတစ်ယောက်၊ မနေ့က ကျောင်းပျက်လို့ ဒီနေ့ အတန်းဖော်သူငယ်ချင်းကို မေးကြည့်တာ......

I: Hey, what did the teacher say about me yesterday?
Friend: He asked me where you were. I told him that you were sick. He told me to remind you not to forget the deadline for our last assignment.

Friend သူငယ်ချင်းဖြစ်သူက ပြန်ပြောတဲ့ ဝါကျတွေကို ကြည့်လိုက်ရင် Reported speech ဟာ လက်တွေ့အသုံးချ အင်္ဂလိပ်စာမှာ ဘယ်လောက်အရေးကြီးကြောင်း မြင်သာလောက်ရောပေါ့။ Writing အရေးမှာလည်း အသုံးချရတာပဲမို့ သေသေချာချာ Grammar စာအုပ်ပြန်ဖတ်ပြီး လေ့လာထားရမှာပါ။

❤️ 7. Participle clauses တွေ formal, academic writing အတွက် အသုံးဝင်လို့ တတ်အောင်လေ့ကျင့်ပါ။

Present participle (Ving) , Past participle (V3) နဲ့ Perfect participle (having + V3) နဲ့စတဲ့ clause တွေကိုပြောတာပါ။

အသုံးအများဆုံးကတော့ Present participle clause ပဲ။ အကြောင်းပြချက်ကိုပြချင်ရင်၊ တစ်ချိန်တည်းမှာ အလုပ်နှစ်ခုကို လုပ်တာမျိုးကို ပြချင်ရင် သုံးတဲ့ Present participle clause တွေ ရေးတတ်ရမယ်။ ဥပမာ....
Knowing that the teacher would give a test, he prepared for it.
Being poor, he can't spend money on clothes.
Singing his favorite song, he ran upstairs.

- Shouting loudly, Bo Bo came back home. (ဘိုဘိုဟာ အော်ဟစ်လာတာ) Present participle
- Shouted at loudly, Bo Bo came back home. (သူများအော်တာကို ဘိုဘိုခံလိုက်ရတာ) Past participle
- Having heard the bad news, Bo Bo ran back home. (သတင်းဆိုးကြားရပြီးမှ အိမ်ပြန်ပြေးတာ) Perfect participle
ဒီမှာတော့ awareness raising exercise သဘောဖြစ်လို့ဒီလောက်ပဲရေးပြနိုင်ပါတယ်။ အသေးစိတ်တတ်ချင်ရင် Grammar စာအုပ်ဖွင့်လေ့လာပါတော့။

❤️ 8. Conjunctions နဲ့ Linking words တွေကို ဝါကျထဲမှာ ထည့်သုံးနိုင်ဖို့လိုပါတယ်။

ဝါကျရှည်ရှည်ရေးရာမှာ conjunctions လို့ခေါ်တဲ့ cohesive devices တွေဟာအရေးပါပါတယ်။ Comparison and contrast essay ရေးမလား၊ on the other hand, while, similarly, likewise စသည့် sentence connectors တွေကို သုံးတတ်မှရေးလို့ရမယ်။ ဒါ့ကြောင့် Grammar စာအုပ်ကောင်းကောင်းတစ်ခုကို သုံးပါ။ Conjunctions တွေကို အဓိပ္ပါယ်အလိုက် အုပ်စုလေးတွေခွဲပြီး နမူနာဝါကျတွေနဲ့ ရှင်းပြထားတာတွေ့ရလိမ့်မယ်။ အပိုင်ရအောင်လေ့လာပါလေ။ Advanced level, academic writing မှာ မရှိမဖြစ်လိုတာလေးတွေပါ။ စာကို အခန့်ပုံစံရေးရမှာဆိုတော့....
"and" သုံးမဲ့အစား
besides, furthermore, moreover ကိုသုံးတတ်ရင်၊
"but" သုံးမဲ့အစား
however, nevertheless, nonetheless ကိုသုံးတတ်ရင်၊
"so" သုံးမဲ့အစား
therefore, accordingly, hence, thus စသည်ဖြင့် ဆီလျှော်အောင်သုံးတတ်ရင် formal writing ရေးဖို့နီးစပ်ပြီပေါ့နော်။

❤️ 9. Punctuation marks သေးသေးလေးတွေဟာ စာရေးရာမှာ မှန်အောင်သုံးတတ်ဖို့အရေးကြီးတယ်။

, comma
: colon
; semicolon
? questioin mark
"-----" quotation marks full stop
___ dash နဲ့ _ hyphen လည်းရှိသေးတယ်။ ဒါတွေအားလုံးထဲမှာ စာရေးရာမှာ , comma ကိုမှန်အောင်သုံးတတ်ဖို့ အရေးကြီးပါတယ်။ , comma လေး နေရာမှားထည့်လိုက်မိတာနဲ့ မရည်ရွယ်ဘဲနဲ့ ပြောချင်တဲ့ အဓိပ္ပါယ် လုံးဝပြောင်းသွားတဲ့ သာဓကတွေအများကြီးရှိပါတယ်။ မှတ်မိနေတာလေး တစ်ခုပြောပြမယ်။
တစ်နေ့မှာ အင်္ဂလိပ်စာဆရာက အောက်ပါဝါကျကို punctuation marks တွေလိုအပ်တဲ့နေရာတွေမှာထည့်ပါလို့ အတန်းထဲမှာ ခိုင်းလိုက်သတဲ့။

A woman without her man is nothing. ဆိုတဲ့ဝါက်။

မိန်းကလေးတွေစုထိုင်နေတဲ့အဖွဲ့က ဒီဝါကျကို ဒီလို punctuate လုပ်သတဲ့။
A woman, without her, man is nothing.
မိန်းမဆိုသည်မှာ သူမရှိလျှင် ယောက်ျားသည် ဘာကောင်မှမဟုတ်ပေ။

ယောက်ျားလေးတွေအဖွဲ့ကတော့ ဒီဝါကျကို အောက်ပါအတိုင်း punctuate လုပ်တယ်တဲ့။
A woman, without her man, is nothing.
မိန်းမဟူသည် သူ့ယောက်ျားမရှိဘဲ မရပ်တည်နိုင်ပေ။
, comma လေးကို နေရာရွှေ့လိုက်တာနဲ့ point of view ရော ဆိုလိုရင်းပါ ပြောင်းသွားလို့ punctuation marks လေးတွေဟာ အရေးကြီးတယ်ဆိုတာကိုပြောပြတာပါ။

အလားတူပဲ : colon နဲ့ ; semicolon ကိုကွဲပြားအောင်သုံးတတ်ရဲ့လား မိမိကိုယ်မိမိ ပြန်မေးကြည့်ပေါ့။ မသေချာရင် ပြန်လေ့လာသင့်တာပေါ့နော်။

ဒါဆိုရင် Grammar နဲ့ ပတ်သက်လို့ ဘာတွေကို အဓိကထားပြီး ပိုင်အောင်လေ့လာရမယ်ဆိုတာ သိလောက်ပါပြီ။ Grammar ဘယ်စာအုပ်ကောင်းသလဲ ဆရာ၊ ညွှန်းပါဦးလို့မေးကြမယ်ဆိုတာ သိပါတယ်။ မမေးပါနဲ့။ စာအုပ် အားလုံးကောင်းပါတယ်။ Different strokes for different folks. ဆိုတဲ့စကားလိုပေါ့၊ ကိုယ့်အင်္ဂလိပ်စာ level နဲ့ လိုက်ဖက်မဲ့ စာအုပ်ကို ကိုယ်တိုင်ရွေးရမှာပါ။ ကျွန်တော် အကြိုက်ဆုံး ၂ အုပ်ကတော့ Wren and Martin ရဲ့ High School English Grammar and Composition နဲ့ Michael Swan ရဲ့ Practical English Usage တို့ပါ။ These classic texts are my all-time favourites. Wren and Martin ရဲ့ စာမျက်နှာ ၉၀၀ ကျော်ပါတဲ့ grammar စာအုပ်ကို ကျွန်တော့်ရဲ့ ဖခင်ကြီးထံမှ အမွေဆက်ခံရခဲ့ပြီး ကျောင်းသားဘဝမှာ အကျိုးကျေးဇူးအများကြီးပေးခဲ့တဲ့ စာအုပ်ကောင်းတစ်အုပ်ပါ။ Michael Swan ရဲ့ Practical English Grammar ကတော့ ကျွန်တော်တို့တက္ကသိုလ်မှာ စာသင်ပေးနေကြတဲ့ Native speaking teachers တွေကိုတောင် ဒါကို prescribed reading အနေနဲ့ ပြဌာန်းပေးထားရလောက်အောင် အားကိုးရတဲ့ ခေတ်မီလက်တွေ့ကျတဲ့ စာအုပ်ကောင်းတစ်အုပ်ပါလို့ ပြောရင်း နိဂုံးချုပ်လိုက်ပါတယ်။

With love,
Dr. Soe Than
August 22, 2018
FB account
https://www.facebook.com/share/1KEp5LqA5x/

12/04/2025

🫧🌊သင်္ကြန်မှာ အင်္ဂလိပ်စာ လေ့လာမယ် အစီစဉ်က နေ ကြိုဆိုပါတယ်
စိန်ခေါ်မှု မရှိဘဲ တိုးတက်နိုင်ပါမလား။
Self study လုပ်နေတဲ့သူတွေအတွက် သင့်တော်တဲ့ အစီစဉ် လေး ဖြစ်ပါတယ်။
◽Writing skillအတွက် အဓိကထားပြီး တီထွင်ဖန်တီးနိုင်စွမ်းရည်နဲ့ ဝေါဟာရစကားလုံး ကြွယ်ဝတိုးတက်လာမှာ ဖြစ်ပါတယ်။
◽ပါဝင်တဲ့ သူများ အနေနဲ့

နံပါတ်(၁) ပေးထားတဲ့ အင်္ဂလိပ်စာ ဆောင်းပါး တွေ ကို တစ်နေ့တစ်ပုဒ် ဖတ်ရမှာ ဖြစ်ပါတယ်

နံပါတ်(၂) ဖတ်နေရင်း စကားလုံးသစ်များကို မှတ်စုစာအုပ်ထဲ တွင် ရေးမှတ်ရပါမယ်။

နံပါတ်(၃) စကားလုံးကို ရေးမှတ်တဲ့အခါ သူရဲ့ ကိုယ်ပိုင်အဓိပ္ပာယ် နဲ့ ဉပမာ စာကြောင်းများကို ရေးရပါမယ်။ ထိုသို့ ရေးတဲ့အခါ Oxford, Cambridgeနဲ့ longman dictionary များကို ကိုးကားနိုင်ပါတယ်။ အင်္ဂလိပ်-မြန်မာ dictionary ကိုလည်း သုံးပြုနိုင်ပါတယ်။

နံပါတ်(၄) စကားလုံးသစ် တွေကို သုံးပြုပြီး ကိုယ်ကိုယ်တိုင် story တစ်ခုခု ကို ဖန်တီးရေးသားရမှာ ဖြစ်ပါတယ်။

ဒီ challenge လေး ကို join ချင်တယ်ဆိုရင် Edulab telegram channel ကို join ထားနိုင်ပါတယ်။
https://t.me/max_sharing

Challenge လေးကို လုပ်နိုင်ပါက English speaking လေ့ကျင့်ကြမယ့် အစီအစဉ်ကို join လို့ ရနိုင်ပါတယ် ခင်ဗျား🎉💯။

25/03/2025

တခါတလေ ကိုယ်နေတဲ့ဝန်းကျင်မှာပဲ့ဖြစ်ဖြစ်၊ သူငယ်ချင်းတွေကြားထဲ ဒါမှမဟုတ် မိသားစုထဲမှာပဲ့ဖြစ်ဖြစ်
တစ်ခုခု လုပ်နေတဲ့အခါ သူတို့ရဲ့ အကူအညီမပါဘဲနဲ့ လုပ်လိုက်ရတဲ့အခြေအနေတွေ ကြုံရတတ်ပါတယ်။ ဒီလိုမျိုး " လက်ကလေးတစ်ချောင်းတောင် ပင့်ဖော်မရဘူး" ဆိုတာကို အင်္ဂလိပ်ဘာသာစကားမှာတော့
" Never lift a finger" လို့ သုံးပါတယ်။
◾Meaning
To do nothing to help ( ဘာမှမကူညီဘူး)

Example sentences

- She never lifted a finger around the house.
( အိမ်မှာလေ နည်းနည်းလေးမှ ကူညီဖော်မရဘူး)

-They will not lift a finger to help their country.
( တိုင်းပြည်တာဝန်ကို ထမ်းမှာလည်းမဟုတ်ပါဘူး)

-I know you're watching TV, but can you perhaps lift a finger and help me bring in these grocery bags?
(Tvကြည့်နေတာ ငါသိပါတယ်၊ ဒါမယ့် ဖြစ်နိုင်ရင် အထုတ်လေးတွေ တစ်ချက်ကူပေးလို့ရလား)

🔗Now! Make your own sentence
🔗 Stay active and follow
Max's sharing

31/12/2024

Word of the year 🎆

🔸 English dictionary တွေဖြစ်ကြတဲ့ Oxford dictionary, Cambridge dictionary, Merriam-Webster, Collins dictionary စတဲ့ dictionary တွေက နှစ်တစ်နှစ် ကုန်ဆုံးတဲ့အခါ အသုံးများဆုံးဖြစ်ပြီး ရှာဖွေမှုအများဆုံး၊ နှစ်တစ်နှစ်ရဲ့ အခြေနေ ပေါ် မူတည်ပြီး စကားလုံးတစ်လုံးကို ရွေးချယ်ဖော်ပြလေ့ရှိပါတယ်။

🤔2024ရဲ့ words of the year တွေက ဘယ်စကားလုံးတွေဖြစ်ကြမလဲ

🏛️Oxford dictionary

🔸Brain rot (noun)
- consuming large amount of low value internet content ( အင်တာနက်ပေါ်မှာ အရည်အသွေး မရှိတဲ့ video တွေ၊ စာတွေကို အများကြီး သုံးခြင်းကို ဆိုလိုပါတယ်၊ ဒါကြောင့် သုံးစွဲသူရဲ့ စိတ်ပိုင်းဆိုင်ရာ၊ဉာဏ်ရည်ပိုင်းဆိုင်ရာ ပျက်စီးလာခြင်းကို ဆိုပါတယ်။)

E.g.
- If you have been scrolling too long on social media, you might be suffering from brain rot.
( ဆိုရှယ်မီဒီယာ အကြာကြီး သုံးနေမယ်ဆို သင်ရဲ့ စိတ်ပိုင်းဆိုင်ရာ ပျက်စီးလာနိုင်ပါတယ်)

- The endless cycle of easy entertainment is contributing to the widespread brain rot of today's society.( လွယ်တကူ ကြည့်လို့ရနိုင်တဲ့ ဖျော်ဖြေမှုတွေက ယခုလူမှုဖွဲ့စည်းရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာကို အဓိကဖြစ်စေလျက်ရှိတယ်)

🏛️Cambridge dictionary

🔸Manifest (verb)
- to imagine achieving something you want, in the belief that doing so will make it more likely to happen
( ဖြစ်ချင်တဲ့အရာတစ်ခုကို စိတ်ကူးထဲ ပုံဖော်ဖန်တီးတယ်လို့ ဆိုပါတယ်။ စိတ်ကူးထဲကနေ တကယ်လက်တွေ့ဘဝကို ဖြစ်လာစေရန် အထောက်အကူပြုစေပါတယ်)

E.g.
- The swimmer says she manifested her first gold medal at the Paralympic.( မသန်စွမ်းအိုလံပစ်မှာ ရွှေတံဆိပ်ရဖို့အတွက် စိတ်ကူးထဲ ပုံဖော်ယူခဲ့တယ်)
- I speak to myself tenderly when I used to manifest.( စိတ်ကူးထဲ ပုံဖော်တဲ့အခါ ကိုယ့်ကိုယ်ကို ညင်ညင်သာသာပြောတယ်)

🏛️ Merriam-Webster

🔸Polarization
- division into two sharply distinct opposite; especially, a state in which the opinions, beliefs, or interests of a group or society
( အယူဝါဒတွေကြောင့် အုပ်စုနှစ်စုကွဲသွားခြင်း/ တစ်ဖက်နဲ့တစ်ဖက် မတည်တော့ခြင်း ကို ဆိုပါတယ်)

E.g.
- Our goal is lively discussion, not polarization.( ငါတို့ရဲ့ ရည်ရွယ်ချက်က တွေ့ဆုံဆွေးနွေးဖို့ဖြစ်တယ်၊ နှစ်ခြမ်းကွဲသွားဖို့မဟုတ်ဘူး)

- The polarization of society into rich and poor can clearly be seen in urban area.( ဆင်းရဲတဲ့လူတန်းစာနဲ့ ချမ်းသာတဲ့လူတန်းစာတွေ ကို မြို့ပြဒေသတွေမှာ သိသိသာသာ တွေ့မြင်နိုင်တယ်)

🏛️ Collins dictionary

🔸Brat
- ယေဘုယျ အဓိပ္ပာယ်ကတော့ " ‌an immature person or an unruly child" ကောင်ဆိုးလေးလို့ အဓိပ္ပာယ်ရပါတယ်။နောက်ထပ် အဓိပ္ပာယ်ကတော့ adjective အဖြစ်သုံးပြီး
ယုံကြည်မှုရှိသော၊ လွတ်လပ်သော၊ ပျော်ရွှင်မှုကို ရှာဖွေသော စသဖြင့် ရပါတယ်။ အထူးသဖြင့် attitude နဲ့ ပတ်သက်တဲ့ စကားလုံးဖြစ်ပါတယ်။
E.g.
Kamala is brat( အမေရိကန်ရွေးခံကောက်ခံသမ္မတ Kamala က ယုံကြည်မှုရှိတယ်)

👉Tips for you
- Let's use these words in your sentences
- practice using these words in speaking

ပျော်ရွှင်စရာနှစ်သစ်လေး ဖြစ်ပါစေ
Let's learn and grow 💫
Max's sharing

09/11/2024

"ဝလာလိုက်တာ(You are fat)" ကို ယဉ်ယဉ်ကျေးကျေး ဘယ်စကားလုံးကို သုံးနိုင်သေးလဲ။

English language မှာ fat (adj) ဝသော စကားလုံး သည် နည်းနည်းလေး မယဉ်ကျေးသလို သက်ရောက်မှုရှိပါတယ်။
ဘယ်လိုစကားလုံးတွေက တစ်ဖက်သူအပေါ် နာဝင်ချိုစေသလဲ။

🔸plump
- having a pleasantly soft, rounded body or shape.

E.g. He's got rather plump since I last saw him.
( နောက်ဆုံးတွေ့ခဲ့တုန်းကထက် ဝလို့လှလို့ ဖြစ်လာတယ်‌)
* Get rather plump ( နည်းနည်းလေး ဝလာတယ်)

🔸 stout
- fat and solid-looking, especially around the waist.
(တုတ်တုတ်လေးနဲ့ ဝနေတာမျိုးပေါ့)

Mrs Blower was the stout lady with the glasses.
( Mrs Blower က မျက်မှန်လေးနဲ့ ဝဝကစ်ကစ်လေး...)

🔸a bit overweight ( နည်းနည်းလေး ဝိတ်တက်နေတာ-ကျန်မားရေးအရ)

I have got a bit overweight because I ate high protein food for building muscle.( အသားဓါတ်ပါတဲ့အစားစာတွေ စားတာကြောင့် ဝိတ်တက်နေတာ)

🔸Plump
🔸 Stout
🔸A bit overweight

Learn new words with me ✅
Max's sharing

07/11/2024

🗣️"မျက်နှာမှာ တင်းတိပ်၊ မှဲ့ပေါက်နေတာကို အင်္ဂလိပ်လို ဘယ်လို ခေါ်ရမလဲ"

✅Freckle (noun)

🔸 a small, pale brown spot on the skin, usually on the face

Example

- He has red hair and freckles.
( ဆံပင်နီနီနဲ့ မှဲ့တွေရော ရှိတယ်)

-My face and back are covered with freckles.
( မျက်နှာနဲ့ နောက်ကြောတစ်ပြင်လုံး မှဲ့တွေနဲ့ ပြည့်နေတာ)

🔸Adjective အနေနဲ့ Freckled မှဲ့၊တင်းတိပ်ရှိသော လို့ ဆိုနိုင်ပါတယ်။
a freckled nose- တင်းတိပ်တွေရှိနေတဲ့နှာခေါင်း

🔸 freckle-faced (adj)
တင်းတိပ်တွေ ထူပေါသော မျက်နှာ

Ref: Cambridge dictionary
Learning new words with me
Max's sharing

29/07/2024

Hello 🔓👋
🌐 UNESCO နဲ့ 🏛️Handong Global University ကနေဖွင့်လှစ်တဲ့ online free course လေးတွေ 2024 Fall Semester အတွက် လျှောက်ထားလို့ရပါပြီ။

📌Course 16 ခုဖွင့်လှစ်ပေးတာဖြစ်ပြီးတော့ ကျောင်းသားတစ်ယောက်ကို စိတ်ဝင်စားတဲ့ course 3 ခုအထိတက်လို့ရပါတယ်။
📌Credit လည်းရတဲ့ program ဖြစ်လို့ တကယ်စိတ်ဝင်စားတဲ့ course တွေကိုပဲ လျှောက်စေချင်ပါတယ်။ ဘာ course တွေလဲဆိုတာကတော့ ပုံမှာပါပါတယ်။

📌Video lesson တွေကို အဓိကလေ့လာရပြီး exam ကတော့ multiple choice တွေကို အချိန်နဲ့ဖြေရပါတယ်။

📌Course တစ်ခုစီကို 16 weeks လောက်သင်ခန်းစာတွေလေ့လာရမှာဖြစ်ပြီးတော့ လာမယ့် Aug 26 မှာ အတန်းလေးတွေစပါလိမ့်မယ်။

Registration link ပါ
https://forms.gle/Awi43cvZbyhcFVyGA

📌📌
Application: July 22nd - August 4th

Notice for Acceptance: August 19th (Successful applicants will be notified individually by email)
Start of Semester: August 26th
End of Semester: December 13th

Max's sharing
Ref: social media and UNITWN website
🌿You can share freely no need to credit post.

26/07/2024

မည်သူကမျှ သူလောက် ကံဆိုးပြီး မွေးဖွားလာမည်မဟုတ်၊ မိရင်းဖရင်း က မည်သူလဲဆိုတာလည်း သိခွင့်မရ၊ ဘယ်ခုနှစ်က မွေးဖွားလာလဲဆိုတာကိုလည်း မသိခဲ့ပါ။
တောင်နဲ့ မြောက် စစ်ပွဲကြားကနေ အညတရ လူမည်းအကျွန်မိသားစုကနေ ကမ္ဘာကြီးကို လှုပ်ကိုင်နိုင်ခဲ့သူ။
အဲဒီအချိန်က မစ်ဆူရီပြည်နယ်၊ ဒိုင်းမွန်းဂရို့ဗ်ဒေသ မှာ ဆူပူသောင်းကျန်းသူပုန်တွေလက်ထဲကနေ အိမ်ရှင်ဖြစ်တဲ့ မိုးဇက်ကာဗာ နဲ့ ဆူဇန်တို့ အကူညီဖြင့် အသက်ဘေးမှ လွှတ်မြောက်လာခဲ့သူပင်ဖြစ်ပါတယ်။
မွေးကတည်းက ကျန်းမာရေး အလွန်ချူချာပြီး မောဆို့တတ်တာကြောင့် စကားကိုပင် ပီသအောင် မပြောနိုင်ခဲ့ပါ။ လူမည်းကျွန်တွေဟာ နေ့စဉ်နေ့တိုင်း ခွေးတွေနဲ့ တန်းတူတူတယ်ဆိုတဲ့ အတွေးကို ရိုက်သွင်းခံခဲ့ရပါတယ်။
အပြင်လောကကြီးက ကာဗာအတွက် မှောင်နေသလိုဆိုပေမဲ့ အမြဲတမ်း မျှော်လင့်ချက်ရောင်ခြည်က ရှိနေမြဲဖြစ်ပါတယ်။ မိုးက ဘာဖြစ်လို့ရွာလဲ၊ သစ်ပင်တွေက ဘာလို့ သေတာလဲ၊ ပင်တွေ ကြီးထွားမြန်အောင်လာလုပ်ရမလဲ၊ နေကြာပန်းပွင့်တွေက ဘာလို့ အပွင့်ကြီးကြီးတွေ ဖြစ်နေတာလဲ စတဲ့ သူမသိတဲ့အရာတွေကို အမြဲမေး၊ အမြဲသိချင်နေတဲ့ ကလေးတစ်ယောက်ဖြစ်ပါတယ်။ သိချင်တာတွေက ကျောင်းမှာ ရှိနေနိုင်တာကြောင့် ကျောင်းသွားဖို့ ပူဆာပါတော့တယ်။
ကျောင်းနေအရွယ်မှာ လူမည်းဖြစ်တာကြောင့် ကျောင်းနေခွင့်မရဘဲ ရွာနဲ့ မိုင်များစွာဝေးတဲ့ မြို့မှာ ‌လူမည်းတွေအတွက် သင်ပေးနေတဲ့ ကျောင်းကို တစ်ဦးတည်း ထွက်လာခဲ့ပါတယ်။ ကြုံရာ အိပ်ပြီး ကြုံရာအလုပ်လုပ်တတ်တာ‌ကြောင့် အခွင့်အရေးတွေက သူအတွက် ကြိုဆိုလျက်ရှိပါတယ်။ သူတို့လူမျိုး မိသားစုရဲ့ အကူအညီနဲ့ အိမ်အကူ လုပ်ရင်း ကျောင်းတက်ခွင့်ရခဲ့ပါတယ်။ သူကျောင်းတက်ခဲ့တဲ့ ဘဝတစ်လျှောက်လုံး အိမ်အကူ၊ အိမ်သာသန့်ရှင်းရေး၊ အဝတ်လျှော်၊ သစ်ပင်စိုက်၊ ဟင်းချက်၊ ဆေးသုတ်၊ မီးပူတိုက်(အမျိုးသမီး အတွင်းခံက အစ ) စတဲ့အလုပ်တွေ လုပ်ရင်း ကျောင်းလခရှာပြီး ပင်ပန်းစွာတက်ခဲ့ရပါတယ်။
မီးစကလေးဟာလည်း ကြာလာတဲ့နဲ့အမျှ မီးတောက်ကြီးအဖြစ် တောက်ပလာနိုင်ပါတယ်။ ‌‌ေကျာင်းတက်ရင်းကူညီတတ်တဲ့ ဆရာ ကောင်းတွေကြောင့် သူ့ဘဝအတွက် သင့်တော်တဲ့ ဘဝလမ်းကြောင်းကို သိလာခဲ့ရပါတယ်။ သစ်ပင်ပန်းပင်တွေနဲ့နေရရင် ဘဝဟာ အေးချမ်းနေပြီး သိလိုစိတ်တွေကြောင့် တက္ကသိုလ် ဆက်တက်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ကျောင်းသားတွေရဲ့ တန်းတူဆက်ဆံခြင်းကိုမခံရဘဲ ဒုက္ခတွေကြား မီးပူတိုက်၊အဝတ်လျှော်တဲ့ အလုပ်ကိုလည်း လုပ် ကျောင်းစာကိုလည်း အပတ်တကုတ်ကြိုးစားပြီး ထူးချွန်တဲ့ကျောင်းသားတစ်ယောက်ဖြစ်လာခဲ့တယ်။ အသီးအရွက်ထဲမှာ မှော်ပညာဆန်တဲ့ ဓာတုဗေဒဆိုင်ရာ လျှို့ဝှက်ချက်တွေကို သူ့လောက် ဘယ်သူမှမသိ ပိုကောင်းတဲ့ နည်းလမ်းတွေကို ရှာဖွေတွေ့ရှိသူဖြစ်ပါတယ်။ သူ့ဘဝကို စိတ်ဓာတ်ခွန်အား ပြည့်ဝသူအဖြစ်လည်းကောင်း၊ အနုပညာရှင်အဖြစ်လည်းကောင်း၊ စိုက်ပျိုးရေး သိပ္ပံပညာရှင်အဖြစ်လည်းကောင်း ပြီးပြည့်စုံစွာ ပုံဖော်တည်ဆောက်ခဲ့သူဖြစ်ပါတယ်။ လူမည်းတွေအတွက် တန်းတူညီမျှမှုရရှိဖို့ သူရဲ့ ရရှိခဲ့တဲ့ ပညာဂုဏ်ကို မထောက်ဘဲ လူအဖွဲ့အစည်းကို အကျိုးပြုပေးနိုင်ခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးပင်ဖြစ်ပါတယ်။ ပညာရေးကသာလျှင် လူမည်းတို့ရဲ့ အဆင့်အတန်းကို မြင့်မားစေနိုင်တဲ့ အကောင်းဆုံးအင်အားဖြစ်တယ်လို့ ယုံကြည်ခဲ့ပါတယ်။
သူရဲ့သုတေသန ‌တီထွင်ဖန်တီးမှုများစွာဟာ အမေရိကန် လူမည်းတွေကိုသာမက လူဖြူများအတွက်လည်း အထောက်အကူပြုခဲ့ပါတယ်။ သမ္မတ ရုစဗဲ့ က ချီးမြှင့်ခဲ့သော ဆုတံဆိပ်တွင်
"ဘုရားသင်ခင်ရဲ့ လမ်းညွှန်မှုကို ရိုသေလေးစားစွာ လိုက်နာတဲ့ သိပ္ပံပညာရှင်အား ဒီ ဆုတံဆိပ်ကို ချီးမြှင့်လိုက်ပါတယ်။ လူမည်းသာမက လူဖြူတွေကိုပါ လွတ်မြောက်စေခဲ့သူ ဖြစ်တယ်" လို့ ရေးထိုးထားခဲ့ပါတယ်။ ဆင်းရဲနွမ်းပါးမှုနဲ့ဘဆာလောင်ငတ်မွတ်မှုမှ ရုန်းမထွက်နိုင်တဲ့ လယ်သမားများ၊ လူမျိုးရေးခွဲခြားခံရမှုနဲ့ ဖိနှိပ်မှုကြောင့် ဒုက္ခရောက်နေတဲ့ လူမည်း မျိုးနွယ်များအတွက် ကယ်တင်ရှင် မိတ်ဆွေကောင်းဖြစ်ခဲ့ပါတယ်။ လူမည်း ဆိုပြီး မိမိကို အထင်သေးနှိမ့်ချစွာ ဆက်ဆံခဲ့တဲ့ လူဖြူတွေကို မမုန်းတီးခဲ့သူ၊ မိမိရဲ့ နိမ့်ကျတဲ့ အဆင့်အတန်းကို လုံးဝစိတ်ပျက်ခြင်းမရှိတဲ့သူ၊ မိမိမှာ ရှိတဲ့ အရည်အချင်းတွေနဲ့ လူသားတွေကို ပြန်လည် အကျိုးပြုနိုင်တဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်တယ်လို့ အမေရိကန်ပြည်သူတွေရဲ့ ရင်ထဲမှာ မှတ်ကျောက်တင်နိုင်ခဲ့ပါတယ်။

ကိုးကား: မြေပဲပါရဂူ ဂျော့ခ်ျဝါရှင်တန်ကာဗာ( ဘာသာပြန်စာရေးသူ- ခင်စုစုစံ၊ မြနှင်းရည်ရှိန်)
George Washington Carver by Lawrence Elliott

Max's sharing

Want your school to be the top-listed School/college in Dawei?
Click here to claim your Sponsored Listing.

Category

Website

Address

Dawei
14011